ဖျာပုံလှမိုးနွယ်
မြိုင်ရိပ်စခန်း
“မိုးရေ … သဲသဲ၊ မိုးရေ … သဲသဲ”
ကံကြီးတို့ညီအကိုသည် လမုပင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ တောင်ပံအမွှေးများစိမ်း၍ ကြီးမားသော နှုတ်သီးဝါဝါနှင့် ဓညင်းငှက်ကြီးသည် လမုပင်ကိုင်း၌ နားရင်း ဆွဲဆွဲငင်ငင်အော်နေသည်။
“ဒီငှက်နာ မိုးရွာခိုင်းနေပြန်ပြီ”
ခွေးပုသည် ငါးများကြိုးကို လက်မှ တင်းလိုက် လျှော့လိုက်လုပ်ရင်း စိတ်တိုစွာရေရွတ်လိုက်၏။
သူတို့ မိုးရွာမှာ စိုးရိမ်ပါသည်။ ဆောင်းစရာပါသော်လည်း သူတို့ကိုယ်မှာ ဗလာဖြစ်နေပါသည်။ သူတို့ဝတ်ထားသော လုံချည်ကလေးများမှာ အ ဖာရာ အချုပ်ရာများထပ်၍ ဟောင်းနွမ်းလှပါသည်။ အကွက်အဆင်မှာလည်း ခပ်ဝါးဝါးသာ မြင်နိုင်ပါတော့၏။
သူတို့လုံချည်ကလေးများ စိုသွားလျှင် ထပ်၍ လဲစရာမရှိတော့ပါ။ ဗောင်းဗီတိုကလေးများသာ တဲမှာကျန်ရစ်ခဲ့သည်။ ညအိပ်ရာတွင်လည်း ဗောင်းဗီတိုကလေးများမှာ အအေးမလုံပါ။ သို့ကြောင့် မိုးရွာမှာ စိုးရိမ်မိပါသည်။
“မိုးရေ… သဲသဲ ၊ မိုးရေ… သဲသဲ”
“တောက်… ဒီဓညင်းဝါတော့ ငှက်မသာဖြစ်ချင်ပြီနဲ့တူ တယ်။ ခွေးပု ပေးစမ်းကွာ သရေခွ။ တီးထည့်လိုက်စမ်းမယ်”
ကံကြီးက လက်ထဲမှ ငါးမျှားကြိုးကို ခြေမတွင် နှစ်ပတ် သုံးပတ် ရစ်လိုက်ပြီး လှေဦးကခွေးပုဆီ သရေခွ လှမ်းတောင်းလိုက်၏။
သူ့သည် ဓညင်းဝါကြီးကို အသေအချာချိန်၍ လောက်စာလုံးကို လွှတ်လိုက်သည်။ လမုပင်က အတော်လှမ်း၍ မှန်းရာမရောက်ပဲ လောက်စာလုံးသည် ဓညင်းဝါကြီးအနီးမှ သစ်ရွက်များကို မှန်ကာ ပွတ်သွား၏။ ဓညင်းဝါကြီးသည် “သဲသဲ…” ဟု အော်ရင်း ပျံသွား၏။
စိမ်းစိုမြင့်မားသော ကနစိုပင်ကြီးများနှင့် လမု၊ သမဲ့၊ ဗြူးပင် ထူထပ်သော တောကြီးမှာ ဓညင်းဝါကြီးအသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
တကိုင်းမှတကိုင်း တပင်မှတပင်သို့ ကူးသန်းနေကြသော တကိုယ်လုံး နီကျင်ကျင်အမွှေးများနှင့် မြီးဆံဖွားဖွားကြီးများရှိသော ရှဉ့်များကလည်း လန့်ဖြန့် ကာ အသိုက်အအုံများကြားသို့ ပြေးလွှားပုန်းခိုကြသည်။
ချောင်းပေါ် ကိုင်းကျနေသော သစ်ခြောက်ကိုင်း တခု၌ စီတန်းနားနေကြသော ပျံလွှားငှက်ကလေးများလည်း လန့်၍ ပျံကြသည်။ မြင့်မားသော ကနစိုပင်တပင်ပေါ်မှ မျောက်တကောင်မှာ ပြေးလွှားရင်းနှင့် သစ်ကိုင်းခြောက်တခုနှင့် ပြုတ်ကျရာ မိရာကိုင်းကို တွဲလဲခို၍ အခြားသစ်ပင်တပင်ပေါ်သို့ ပြေး တက်သွားသည်။
“ဟ ဆွဲတယ်ကွ”
ကံကြီးသည် လက်ထဲမှ ငမျှားကို ဆတ်၍ ဆောင့်ဆွဲလိုက်သည်။ သူလှုပ်ရှားသော အရှိန်ကြောင့် လှေကလေးသည် ဗယ်ညာလူးသွား၏။
ခွေးပုက လှေကိုထိမ်းရင်း ဒစ်ပါသောမှိန်းကြီးကို အသင့်ကိုင်ထားလိုက်သည်။ ကံကြီးသည် ငမျှားကြိုးကို ခပ်သုတ်သုတ်ဆွဲတင်နေ၏။
“အတော်ကြီးသလား အကို၊ မှိန်းနဲ့ ထိုးရမလား”
“မထိုးရပါဘူးကွာ။ သိပ်မကြီးဘူးကွ”
ကံကြီးက သူကြိုးကို လျှော့ပေးလိုက် ဆွဲတင်လိုက်နှင့် လုပ်ရင်းပြောသည်။
ရေထဲမှငါးသည် လှေအနီးသို့ ရောက်သောအခါ တအားဆောင့်ရုန်းလိုက်သည်။ ကံကြီးက လျှော့ပေးလိုက်ပြီး ပြန်ဆွဲတင်လိုက်ရာ ငါးကြီးသည် ရုန်းကန်ရင်း လှေပေါ်ပါလာ၏။ နှုတ်ခမ်းမွှေးကြီးကားကားနှင့် ပင်လယ်ငါးခူကြီးတစ်ကောင် ဖြစ်သည်။ တပိဿာထက်မနည်း အလေးချိန်စီးသောငါးဖြစ်သည်။
ညီအကိုနှစ်ယောက်မှာ ဝမ်းသာသွားသည်။ ညနေစာအတွက် ပင်လယ်ငါးခူသားဖြင့် စားကြရတော့မည်။ သူတို့သားစုအတွက် နှစ်နပ်စာတော့ လုံလောက်ပြီပြင်ပါသည်။
“ဟင်းစားရပြီ… သွားကြစို့၊ အဖေတို့ဆီ သွားကူရ အောင်”
ကံကြီးက ငါးပါးစပ်ထဲမှ ငမျှားကို ဖြုတ်လိုက်သည်။ ငခူကြီးကို လှေကပ်နှင့်ဖိထားလိုက်၏။ သေရတော့မည်ကိုသိသော ငါးကြီးက တချက်နှစ်ချက်ခုန်ပြီး ငြိမ်သွား၏။
သူတို့သည် ဦးတချက် ပဲ့တချက် လမုကိုင်းတွင်ချည်ထား ကြိုးကိုဖြတ်၍ ချောင်းရိုးအတိုင်း လှော်ခဲ့ကြသည်။
ချောင်းရေသည် ညိုနေ၏။ ရေတက်လျှင် တောအနှံ့လျှံတက်၍ သစ်ပုပ်သစ်ဆွေးနှင့် သစ်စေးများသည် ရေထဲ၌ မျောပါကြသည်။ ထိုအခါ ရေသည် ညိုသွား၏။ တောချောင်းရေသည် အမြဲညိုနေတတ်ပါသည်။
ကျယ်၍ ရေစီးသန်သော ချောင်းထဲ၌ လှေသမ္ဗန်များ အသွားအလာ အလွန်နည်းပါသည်။ မြို့မှ ထင်းခုတ် လာကြသော လှေသမ္ဗန်များနှင့် သစ်လုံးများ ဖောင်ဖွဲ့ မျှောတတ်သော သစ်ဖောင်ကြီးများသာ တခါတရံ ရေအစုံနှင့် ဆင်းသွားကြပါသည်။
ဦးတတက် ပဲ့တတက် မှန်မှန်လှော်လာသော ကံကြီးတို့လှေကလေးသည် ရေကိုဆန်၍ တက်ခဲ့ကြပါသည်။ သူတို့သည် ခေါင်းပေါ်တွင် အဝတ်ဦးထုပ်များ ဆောင်းထားကြပါသည်။ ကိုယ်ပေါ်တွင် အင်္ကျီမရှိကြပါ။ သူတို့ကိုယ်မှာ အသားများ ညိုနေကြပါသည်။
မကြာခင် ချောင်းပေါက်ကလေးတခုသို့ ရောက်ကြပါသည်။ ချောင်းကလေးမှာ ကျဉ်းလှပါသည်။ လှေနှစ်စင်း ယှဉ်သွား၍ပင် မရပါ။ ညီအကိုနှစ်ယောက်သည် ချောင်းကလေးထဲသို့ လှေကိုလှော်ဝင်ခဲ့ကြသည်။
သစ်ပင်များက သူတို့အပေါ်တွင် အုပ်မိုးနေပါသည်။ လှေလှော်ဝင်လာသော အရှိန်ကြောင့် ချောင်းထဲမှရေသည် လှုပ်ရှားနေသည်။ ချောင်းကလေးထည်း ကျိုးကျနေသော သစ်ကိုင်းတခုပေါ်သို့ ရေညှိရောင်တောက်နေသော ပင်လယ်ကဏန်းကြီးတကောင် တွယ် တက်နေပါသည်။
ကံကြီးတို့က ပင်လယ်ကဏန်းကြီးကိုတချက် သာကြည့်ပြီး ဆက်လှော်သွားကြသည်။ သူတို့ ကဏန်းမစားကြပါ။ ကဏန်းမှာ ဗိုက်နာတတ်ပါသည်။ ကဏန်းသားကို မစားချင်အောင်လည်း မုန်းနေကြပါသည်။ ငါးမျှားရန်အတွက်သာ ကဏန်းကိုဖမ်းကြပါ။
ချောင်းကလေးထဲသို့ အတန်ကြာဝင်မိသောအခါ လွှဖြတ်သံကို သူတို့ကြားရသည်။ တောသံနှင့် လွှဖြတ်သံ ခပ်အုပ်အုပ်ထွက်ပေါ်နေပါသည်။
တနေရာအရောက်တွင် လှေခပ်ကြီးကြီးတစင်း ကမ်းတွင် ဆိုက်ကပ်ထားသည်ကို တွေ့ကြပါသည်။ သူတို့လှေကိုလည်း လှေကြီးနဘေး၌ တွဲချည်လိုက်ကြသည်။
ထို့နောက် သူတို့သည် ဓားတချောင်းစီကိုကိုင်ကာ ခုတ်ထွင်ဖောက်လုပ်ထားသော ခြေသွားလမ်းကလေးအတိုင်း တက်ခဲ့ကြပါသည်။ တုတ်များ သစ်တုံးများကို ကလန့်၍ ခင်းထားသော လမ်းဘေး ဝဲယာ၌ ချွန်မြသော ကနစိုငုတ်များသည် အသဲယားဖွယ် ပြည့်နေကြသည်။ သူတို့သည် ခြေတဖဝါးစာ ခင်းထားသော သစ်ချောင်း သစ်တုံးများပေါ်တွင် ဂရုစိုက်လှမ်းနေကြရသည်။
“ဝူး.. ဝူး…”
ခွေးပုက ကျယ်လောင်စွာ ပစပ်မှ အသံပြုလိုက်သည်။ လွှတိုက်သံ ခပ်မှန်မှန်ထွက်နေသော နေရာမှ တုန့်ပြန်သော အသံထွက်လာသည်။
“ဝူး.. ဝူး…”
အတော်ကလေးလျှောက်မိမှ ဖခင် ကိုပြားနှင့် မိခင် မအေး ကို တွေ့ရသည်။
လူကြီးတဖက်စာမျှ ကြီးမားသော ကနစိုပင်ကြီးသည် အရင်းမှ တိတိပြတ်လျက် လဲကျနေသည်။ သစ်ပင်ကြီးအောက်မှ တုံးအတိုအစများကို ခု၍ သပ်ရိုက်ထားသဖြင့် သစ်ပင်ကြီးသည် မြေကြီးနှင့် လွတ်နေပါသည်။
ကိုပြားနှင့် မအေးသည် သစ်ပင်ကြီးကို ငါးမန်းစွယ်ခေါ် သောလွှနှင့် အနေတော်တုံးများဖြစ်အောင် ပိုင်းနေကြပါသည်။
သစ်ပင်ကြီးမှာ ပင်စည်ဖြောင့်ဖြူး၏။ အကိုင်းငယ်များကို ဓားနှင့် ချိုင်ဖြတ်ထားကြသည်။ ထင်းတုံး အတော်များများ ကျနေပြီ ဖြစ်သည်။
“ဘာဟင်းလျာ ရခဲ့လဲဟေ့”
ကိုပြားက နဖူးမှ ချွေးများကို သပ်ချရင်း ခါးဆန့်ရပ်၍ မေးသည်။ မအေးမှာ အနီးတွင် သစ်ဆွေးခြမ်းတခုဖြင့် ဖိုထားသော မီးဖိုကို ထင်းကလေးများဖြည့်၍ ကုန်းမှုတ်နေ၏။ မီးခိုးများသည် သူတို့ ပတ်ဝန်းကျင်၌ ပျံ့လွင့်နေ၏။ ဤသို့ မီးခိုး ထည့်ထားမှ ဖြုတ်ကောင်များ အနားမကပ်နိုင်ပဲ ရှိမည်ဖြစ်ပါသည်။
“ပင်လယ်ငခူတကောင်မိတယ် အဖေရဲ့၊ တပိဿာထက် မအောက်ဖူးဗျ”
ခွေးပုက ဝမ်းသာအားရ ပြောလိုက်သည်။
“ညစာနဲ့ မနက်စာတော့ စားလောက်တယ်ဟေ့”
မအေးသည် ထမီရင်လျှားကိုပြင်ဝတ်၍ ကျေနပ်စွာပြုံးရင်း ပြောသည်။ ဖခင် ကိုပြားကလည်း ဝမ်းသာနေသည်။ သူတို့ တာဝန်ကျေခဲ့ပြီဖြစ်သော ကံကြီးနှင့် ခွေးပုကလည်း ရွှင်လန်းအားတက်နေကြပါသည်။
“ကဲ မင်းတို့သားအမိ ဆွဲကြအုံး၊ ငါ တုံးတွေ ထမ်းချလိုက်အုံးမယ်”
ဖခင်၏ စကားအဆုံးတွင် ကံကြီးသည် လွှတဖက်ကို လှမ်းယူလိုက်၏။ တညီတည်းဖြစ်ရန် အတိုင်းနှင့် ထစ်မှတ်ထားသော နေရာတွင် လွှသွားကိုတင်၍ သားအမိနှစ်ယောက် ခပ်ဖြည်းဖြည်း ဆွဲလိုက်သည်။ လွှသွားကြီး သစ်တုံးထဲသို့ တစ တစ နစ်ဝင်သွားသည်နှင့် သူတို့သည် ခပ်မှန်မှန် ဆွဲဖြတ်ကြသည်။
ကိုပြားသည် အဖျားတွင် နှစ်ခွပါသော တုတ်တချောင်းကို တောင်ဝှေးလုပ်၍ ထင်းတုံးကြီးများကို ကျောနှင့်ပိုးကာ လှေဆိုက်ထားသည့် ကမ်းသို့ ထမ်းချသည်။
ခွေးပုက မီးဖိုထဲသို့ လွှစာမှုန့်များ စုထည့်ပေးပြီး ခြုံများအောက်တွင် ဟိုနေရာတစု သည်နေရာတစု ရှိတတ်သော သစ်ဆွေးမြေ့များ၌ ပေါက်နေသည့် တောဆိပ်ဖူးပင်နုနုများကို လိုက်နှုတ်နေ၏။
တာဝန်ကိုယ်စီနှင့် လုပ်ကိုင်နေကြသော သူတို့တတွေသည် အလင်းရောင်အတော်မှိန်မှ လှေနှင့်ထွက်ခဲ့ကြ၏။ ထင်းတုံး ၃၀ ကျော်ကို လှေနှစ်စင်းတွင် မျှတင်လျက် လှော်ခဲ့ကြ၏။ လှေနှစ်စင်းလုံးပင် ရေပေါ်၌ လက်လေးလုံးခန့်ပေါ်နေတော့သည်။
နေရောင်မှိန်သောအခါ စိမ်းစိုသော သစ်ပင်ခြုံနွယ်များသည် ညိုလာသည်ဟု ထင်ရသည်။ အိပ်တန်းတက်သော ငှက်ကလေးများ၏ အသံနှင့် တောသည် ဆူညံနေ၏။ ချောင်းထဲ၌ ရေပြည့်လျှံနေပြီ။
တောအောက်ခြေတွင် ရေများလွှမ်းနေ၏။
“ဝူး … ဝူး … ဝူး”
“အဖေတို့ပြန်လာပြီ၊ အဖေတို့ပြန်လာပြီ”
တဲကိုလှမ်းမြင်သည်နှင့် လှေဦးမှ ခွေးပုသည် အူ၍ အသံပြုလိုက်၏။ တဲထဲမှ ငါးနှစ်ရွယ် တာတူးလေးက ဝမ်းသာအားရ အော်ရင်း ကိုယ်တုံးလုံးချွတ်နှင့် တန်တားဦးသို့ ပြေးထွက်လာသည်။ သူ့နောက်မှ ခွေးကလေးဂုတ်ကြားနှင့် သန်းကြည်မကလည်း ပြေးထွက်ကြို၏။
သန်းကြည်မမှာ အသက် ၁၂ နှစ်ရှိပြီဖြစ်၏။ သူမသည် ကိုပြားနှင့် မအေးတို့၏ အကြီးဆုံးသမီး ဖြစ်သည်။
“ဟေ့ အမ နင် ငရုတ်သီးထောင်းထားရဲ့လား။ ဒို့ ပင်လယ်ငါးခူတကောင် ရလာတယ်။ အကြီးကြီးဟေ့၊ ဒီမှာတွေ့လား။ ဆူလိုက်တဲ့ကောင်ကြီး၊ စားယင်နှုတ်ခမ်းတောင် အဆီတက်မယ်”
“အေးဟယ် ကြီးလိုက်တာကြီး၊ ဟန်ကျတာဘဲဟေ့”
လှေဦးမှ ခွေးပုက ကျယ်လောင်ကျယ်လောင်နှင့် ပြောရင်း ပင်လယ်ငခူကြီးကို ပဟက်မှကိုင်၍ မ ပြသည်။ သန်းကြည်မ ဝမ်းသာသွားသည်။
သူမသည် လိုရမယ်ရ ငရုတ်သီးထောင်းထားသည်။
တန်တားဦးသို့ လှေဦးထိုးကပ်သည်နှင့် သန်းကြည် မသည် ငါးကိုလှမ်းယူလိုက်သည်။ သူမသည် ချက်ချင်း ဓားတချောင်းနှင့် ပြန်ထွက်လာပြီး တစက်မြိတ်ရှိ ရေအိုးနဘေးမှ တုံးပေါ်တွင် ငါးကိုခုတ်ထစ်သည်။
လှေနှစ်စင်းပေါ်မှ ထင်းတုံးများကို မိသားစုလေးယောက်သည် တဲရှေ့ကွက်လပ်မြေပြင်ပေါ်သို့ တင်နေကြသည်။ ရေပြည့် လျှံနေ၍ အလွယ်တကူနှင့် တင်နိုင်ကြသည်။ ကံကြီးနှင့် ခွေးပု တို့သည် ကိုပြား ပစ်ချပေးသော ထင်းတုံးကြီးများကို လှိမ့်ယူ၍ တနေရာတည်းစုပုံကြသည်။ မကြာမီ ထင်းတုံးအားလုံး ကမ်းပေါ်ရောက်သွား၏။
ကံကြီးနှင့် ခွေးပုတို့သည် တန်တားဦးတွင် ရေချိုးကြသည်။
သမီးကြီး သန်းကြည်မ အသင့်တယ်၍ နှပ်ထားသော လက်ဘက်ရည်ကြမ်းအိုးဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် တခွက်ပြီးတခွက် မှုတ်သောက်လိုက်သည်။ ဟာနေသော ဝမ်းထဲတွင် လက်ဘက်ရည်ကြမ်းများ ပြည့်သွားမှ ထရံဘေး၌ သီးသန့်ထားသော သူ့လက်စွဲတော်ပုဆိန်ကိုဆွဲလျက် တဲရှေ့ဆင်းလာသည်။
သန်းကြည်မ၏ ငခူသား ငါးဟင်းအိုးသည် မီးတောက်များနေသော မီးဖိုပေါ်သို့ ရောက်နေပြီဖြစ်သည်။
ကိုပြား၏ ဆံပင်သည် နားရွက်ဖုံးအောင် ရှည်နေသည်။ ပုဆိန်ကို အားပြုပေါက်ချလိုက်တိုင်း သူ့ကိုယ်ကြီးသည် ရှေ့သို့ ကိုင်း၍ကိုင်း၍ ညွှတ်သွား၏။ သူ့ဆံပင်ရှည်များသည် တဖွားဖွားလှုပ်ရှားနေကြသည်။ သူ့ကိုယ်မှ ကြွက်သားအပြိုင်းပြိုင်းသည် ချွေးနှင့် ဖုထစ်တောက်ပြောင်နေသည်။
လက်မှန်း လက်ဆ ကျင့်သားရပြီး ခွန်အားကောင်းလှသော ကိုပြား၏ ထင်းပေါက်သံသည် နေရောင်မပျောက်တပျောက်ထိ အုံးမောင်းကြီးခေါက်သံလို တောလှိုင်သံနှင့် ညံနေသည်။ ထင်းခြမ်းအတော်များများရနေလေပြီ။ သူ၏ ထင်းခြမ်းများကို မှာယူထားသော သမ္ဗန်ရောက်လျှင် တင်ပေးရမည်။ ထိုအခါ ငွေအချို့နှင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူးအပြင် အဝတ်အထည်များပင် ရပေမည်။
သို့ကြောင့် သူသည် ထင်းခြမ်းများကို ခပ်ဝါးဝါးမြင်နိုင်သေးသည့်အထိ ဆက်ပေါက်နေ၏။
တဲထဲမှ ငါးဟင်းအိုးနံ့သည် သူ့ထံသို့ ပျံ့လွင့်လာသည်။ ကိုပြား၏ ဝမ်းထဲမှ တဂွီဂွီပင် မြည်သွား၏။ ဆက်မပေါက်ချင်တော့အောင် ဆာလောင်နေပါသည်။
“ကိုပြား စားကြစို့”
မအေးက ထမင်းပွဲအသင့်ပြင်ပြီး၍ လှမ်းခေါ်သည်။
“အေး စားမယ်”
ကိုပြားသည် တဝက်တပျက်ကျန်နေသေးသော ထင်းတုံးကို ထားခဲ့ကာ ပုဆိန်ကို ကပြင်ပေါ်ပစ်တင်၍ တန်တားဦးသို့ ထွက်ခဲ့သည်။ လှေနံကိုကိုင်၍ ရေထဲသို့ ဗုံးကနဲခုန်ဆင်းပြီး ကိုယ်ကို တချက်နှစ်ချက် ပွတ်သပ်လျက် ပြန်တက်ခဲ့သည်။
တဲကပြင် မအေး အသင့်ပေးထားသော သစ်ခေါက်ဆိုးလုံချည်ဟောင်းကို ခပ်သွက်သွက်လဲဝတ်၍ ရေစိုနှင့်ပင် ကိုယ်ကိုသုတ်ပြီး ထမင်းပွဲဝင်ထိုင်လိုက်၏။ ကြိုင်မွှေးသော ငါးဟင်းနံ့ကို သူသည် အားပါးတရ ရှူမိသည်။ မီးဇာအားကောင်းသော ရေနံဆီမီးခွက်ကြီးက ထမင်းပွဲနံဘေး၌ ထွန်းလင်းနေ၏။
“အားပါး… ဟင်းက တယ်ကောင်းကွာ”
ကိုပြား သည်မျှသာ ပြောနိုင်သည်။
ဟင်းစားရှာဖွေပေးရမည့် တာဝန်ကို ကျေပြွန်ခဲ့သော သားနှစ်ယောက်နှင့် မအေး လက်ထပ်သင်ထား၍ ထမင်းချက် ဟင်းချက်ကောင်းသော သမီးကြီးကို လှိုက်လှဲစွာ ချီးမွမ်းချင်သော်လည်း သူ့ခမျာ ပါးစပ် မအားရှာပါ။
သူ့နည်းတူ မည်သူမှလည်း စကားမပြောနိုင်ကြ သေးပါ။ မိသားစုအားလုံးသည် ဒူးတဖက်ထောင် တဖက်လှဲဖြင့် မျောသားများခင်းထားသော ကြမ်းပြင်ပေါ်တွင် အလယ်၌ချထားသော ဟင်းဇလုံ ငပိရေခွက် တို့စရာပန်းကန်တို့နှင့် နီးနိုင်သမျှနီးအောင် တိုးတိုးကျိတ်ကျိတ် ထိုင်ကြရင်း လောင်မြည်ကြွေးနေသော ဝမ်းကို ဖြည့်သွင်းနေကြပါ၏။
ငါးဟင်းနံ့ တောဆိပ်ဖူးနံ့တို့သည် သူတို့အဖို့ အရသာပြည့်ဝသော အာဟာရများ၏ ရနံ့ပင်ဖြစ်သည်။ ။
– ပြီး –
စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ