ခက်နွယ်
မြိုင်ဟေဝန်လယ်
မနက်ခင်း၏ အလင်းရောင်ခြည်သည် ညဉ့်၏ အမှောင်ကို တစ်စထက်တစ်စ အနိုင်ယူ လွှမ်းမိုး လာနေသည်။
ပဲခူးရိုးမတောင်တန်းကြီးသည် အအေးကြောင့် နှင်းငွေ့တလူလူ ထွက်နေ၏။
ပဲခူးရိုးမ သစ်တောကြီးနယ်မြေအတွင်း ပေါက်ရောက်လျက်ရှိကြသော သစ်ပင်ပန်းမန်အပေါင်းတို့သည်လည်း နှင်းမြူ၏ နှိပ်စက်ကလူ ပြုမှုကြောင့် ငြိမ်ကုပ်တုံ့ဆိုင်းနေရရှာလေသည်။
“မောင်ခက်ရေ … နေမထွက်ခင် တို့ ခရီးတွင်အောင် သွားကြမှကွ။ နေထွက်ယင် ချွေးလွန်ပြီး လူနုံးတယ်”
ဦးကြီးရွှေမိုးသည် ရှေ့က ဦးဆောင်သွားနေရာမှ ကျွန်တော့်ဘက် ခေါင်းငဲ့၍ ပြောသည်။ ဦးကြီးရွှေမိုး အပြောကို ကျွန်တော် ခေါင်းညိတ်ပြကာ သူ့ခြေလှမ်းအား မီအောင် မနည်းလိုက်နေရသည်။
ဆောင်း၏ မနက်ခင်းပင် ဖြစ်သော်လည်း ကျွန်တော့် ခန္ဓာကိုယ်၌ ချွေးများ ရွှဲနစ်နေ၏။
သို့သော် မောရမှန်းတော့ မသိပါ။ မမောအောင်လည်း တောသဘာဝ ကျေးငှက်ကလေးတွေက သာယာ ညှင်းသွယ့်သည့် အသံသာကလေးတွေဖြင့် ခရီးဦးကြိုပြု ကြိုဆိုနေသည်နှယ် ထင်ရ၏။
ကျွန်တော်တို့သည် ပဲခူးရိုးမ နယ်မြေအတွင်းရှိ ချောင်းဖျား ၊ မြေစပ်တို့မှ သဘာဝအတိုင်း ဖြစ်ပေါ် နေတတ်သော ရွှေမှုန် ရွှေစကလေးများကို ကျင်ယူကြရန် လာခဲ့ကြခြင်း ဖြစ်ပါသည်။
နေရောင်ခြည်သည် သစ်ပင်သစ်ခက်တို့အကြားမှ မြေပြင်ပေါ်သို့ ထိုးဆင်ကြဲဖြန့်လာ၏။
မနက်အရုဏ်မတက်မီကပင် တောအတွင်းသို့ ဝင်ခဲ့ကြသည့် ကျွန်တော်တို့၏ခြေလှမ်းများသည် တဖြည်းဖြည်း နှေးကွေးတုံ့ဆိုင်းလာသည်ဟု ထင်ရသည်။
ပခုံးပေါ်၌ တောထဲတွင် စားရန် ရိက္ခာပစ္စည်းများ၊ တူရွင်းပေါက်ပြားတစ်လက်စီ၊ အချမ်းဒဏ်ကို ကာကွယ်ဖို့ စောင်နှင့် အနွေးထည်များ၊ ရွှေကို စုစည်းနိုင်မည့် ပြဒါးပုလင်းနှင့် ကျွန်းသားကို ရှမ်းခမောက်သဏ္ဌာန် အချင်း (၉) လက်မ၊ အထူ (၄) လက်မ ပြုလုပ်၍ သစ်စေးသုတ်ထားသော ဒယ်အိုး သို့မဟုတ် ကျင်ခွက် တစ်ချပ်စီကိုလည်း တကူးတက သယ်ဆောင်လာခဲ့ရသေးသည် မဟုတ်လား။
X X X X
ကျွန်တော် အိပ်ရာကနိုးတော့ မိုးမလင်းသေး။
ညက ဘေးကင်းရန်ကင်းဆို၍ သင်္ကန်းပင်ကြီးပေါ်တွင် ဖြစ်သလို အိပ်ကြရသဖြင့် အိပ်ရေးမဝ။ အိပ်ချင်စိတ်ကြောင့် မျက်စိနှစ်ကွင်းက ကျိမ်းစပ်နေသည်။
“မောင်ခက်ရေ … ဒီကို လာခဲ့။ ဦးကြီး မီးတောက်တောက် ထည့်လိုက်မယ်”
သစ်ပင်ရင်းနှင့် မကွာမလှမ်းနေရာမှ ဦးကြီးရွှေမိုး ကျွန်တော့်ကို လှမ်းခေါ်သည်။ ဦးကြီးရွှေမိုးသည် ဘယ်အချိန်က ထနေလေသည် မသိ။ မီးဖိုလှုံနေသည်ပင် တစ်ဖို ကျနေပြီ။
မီးရောင်ကြောင့်ထင့် … အနီးတဝိုက် သစ်ပင်များဆီမှ ကျေးငှက်ကလေးများ၏ တွန်ကျူးသံကို မကြားရ။
မီးဖိုဆီကို ကျွန်တော် တန်းသွားလိုက်သည်။ မသွားလို့မဖြစ်၊ တောရိပ်ကြောင့် ချမ်းအေးနေသည်မှာ အလွန်ပင်။ မီးဖိုတွင် ကပ်လိုက်သည်နှင့် ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပူနွေးလာသည်။
“အဆင်သင့်ပဲကွ၊ မီးတောက်ကောင်းတာနဲ့ ဦးကြီး ရေနွေးအိုးလည်း ကျိုရင်း ဒါကိုလဲ ကျိုထားလိုက်တယ်”
ဦးကြီးရွှေမိုး ပြော၍ ပြသည်ကို ကျွန်တော် ကြည့်လိုက်သည်။ ဝါးဆစ်တွင် ပွက်ပွက်ဆူနေသည့် မည်းညစ်ညစ် အရည်များ။
“တစ်ခါတည်း သောက်လိုက် … ဟုတ်လား”
ဦးကြီး ရွှေမိုးသည် ထိုဝါးဆစ်အတွင်းမှ အရည်များကို ခပ်ကာ ကျွန်တော့်ကို ပေးသည်။ ကျွန်တော် ယူသောက်လိုက်၏။
“အော့”
ပါးစပ်မှ ယောင်ယမ်း၍ပင် အသံထွက်လျက် အော့အံတော့မတတ် ဖြစ်သွားသည်။ ခါးလိုက်သည်မှာ ပြောစရာမရှိ။ ပါးစပ်အတွင်း ရောက်ပြီးသား အရည်များကို ပြန်လည်ထွေးမထုတ်မိအောင်ပင် မနည်း အားတင်းထားလိုက်ရသည်။
“ဟား … ဟား … ဟား ဆေးခါးကြီးပဲကွာ၊ ခါးပေမပေါ့။ အဲဒီ ဆေးခါးကြီးပင်ဟာ ဒီလို တောထဲတောင်ထဲမှာ အလွယ်တကူ တွေ့ရတက်သကွ။ အမည်နဲ့ လိုက်အောင်လဲ ခါးတာပဲ။ ခါးတဲ့အလျောက်လဲ ဖြစ်တတ်တဲ့ ငှက်ဖျားကို ကာကွယ်ပေးတယ်”
အခါးဒဏ်က ကျွန်တော်ခံတွင်း၌ ကြာရှည်စွာ နှိပ်စက်မြဲ ရှိနေလေသည်။
X X X X
တော၏ နက်ရှိုင်းသောနေရာ ဖြစ်လိမ့်မည်ထင်သည်။ သစ်ပင်ဝါးပင်ကြီးများကို အစုလိုက် အပြုံလိုက် မြင်တွေ့ရ၏။ သစ်ပင်ပင်စည်ကြီးတွေတွင် နွယ်၍ ရှစ်၍ လိမ်ပတ်တက်လျက် ရှိကြကုန်သော နွယ်စိမ်းပင်ကြီးတို့ကလည်း ကြောက်မက် ဖွယ်ရာ တုတ်တုတ်ခိုင်ခိုင်။
သည်နွယ်ပင်ကြီးတွေကြား၌ အရောင်အသွေးအမျိုးမျိုးဖြင့် အလှဆင် ဖူးပွင့်နေကြသည့် သစ်ခွပန်းတွေက စီစီရီရီ။
ထို သစ်ပင်အပေါင်းတို့မှ ကြွေကျလျက်ရှိသည့် သစ်ရွက်ခြောက်တို့သည် မြေပြင်၌ အထပ်ထပ်
အပုံပုံ။
သစ်ပင် ဝါးပင်ကြီးတွေပေါ်မှ သဘာဝအတိုင်းပျော်ရွှင်မြူးတူးနေကြသော မျောက်အုပ်၊ ကျေးငှက် ပေါင်းစုံနှင့် ရှဉ့်တို့သည် ကျွန်တော်တို့ကို မြင်သည်နှင့် လန့်ဖြန့် ပြေးသွားကြကုန်လေသည်။
“မောင်ခက်ရေ … တောင်ခြေတော့ ရောက်ပြီကွ။ တောင်ခြေက စီးဆင်းတဲ့ ချောင်းငယ် မြောင်းငယ်တွေကို တို့ ဂရုစိုက် ရှာရမယ်”
“ဟုတ်ကဲ့”
ဦးကြီးရွှေမိုးသည် အားတက်သရောပြောကာ ချောင်းမြေပြင်ကို တစိုက်မတ်မတ် ရှာဖွေနေလေသည်။ ကျွန်တော်တို့ ရောက်ရှိနေသော ဒေသတစ်ဝိုက်တွင် ပဲခူးရိုးမတောင်ခြေမှ အနောက်ဘက် ဧရာဝတီမြစ်သို့တိုင် ဖြတ်သန်းစီးဆင်းသွားမည့် တောင်ညိုချောင်း၏ ချောင်းဖျားများဖြစ်သော ချောင်းငယ် မြောင်းငယ်များ များစွာရှိသည်။
ထို ချောင်းငယ် မြောင်းငယ်များကို သစ်တောဥပဒေအရ ကသစ်ချောင်း၊ မီးယပ်ချောင်း၊ ကျွဲမအိုင်ချောင်း စသည်ဖြင့် အမည်အမျိုးမျိုးတပ်ကာ သတ်မှတ်ထားသည်။
ချောင်းငယ် မြောင်းငယ် အားလုံးသည် သစ်တောကြီး နယ်မြေအတွင်းရှိ သဲနုံးမြေ၊ ဂဝံမြေ၊ ကျောက်မြေ၊ အင်တိုင်းမြေတို့ကို အသီးသီး ဖြတ်ကျော်စီးဆင်းကြရ၏။ သည်မြေတွေကို လေ့လာကာ ကျွန်တော်တို့ အခြေချ အလုပ်လုပ်ကြရမည် ဖြစ်သည်။
တစ်ခုသော မြောင်းသွယ်လေးအရောက် ဦးကြီးရွှေမိုးသည် မြေကို အသေအချာ စစ်ဆေးကြည့်လျက်မှ ခေါင်းတစ်ချက် ညိတ်လိုက်သည်ကို သတိထားလိုက်မိပါသည်။
X X X X
အခြေချစခန်းကို ဝါးချွန်များ ကာရံလျက် အပြင်မှ တောင်ဒညင်းဆူးကိုင်းများ ဝိုင်းချထားလိုက်သည်။ သားရဲတိရစ္ဆာန်တို့၏ ဘေးရန်က စိတ်ချရပြီ။
သည်ည အေးအေးလူလူ အနားယူပြီး မနက်ဖြန်တွင် ရွှေရှိသော မြေများကို တူးဆွ၍ ကျင်ယူကြရတော့မည်။
ဦးကြီးရွှေမိုးသည် သူအလွန်နှစ်သက်သည့် လက်ဖက်ရည်ကြမ်းခါးခါးကို ဒန်အိုးတွင်ထည့်၍ ဝါးဆစ်ခွက်ဖြင့် ခပ်ကာ ခပ်ကာ သောက်ရင်း အလုပ်အတွက် စိတ်ကူးနေပုံရသည်။
ကျွန်တော် ဦးကြီးရွှေမိုး အနားတွင် လှဲလျောင်း၍နေရာမှ သိလိုသည်ကို မေးရသည်။
“ဦးကြီး … ခု ကျွန်တော်တို့ ကျင်ယူရမယ့် ရွှေက ဒီချောင်းစပ်မှာ အကုန်ရှိလားဟင်”
“ရှိတော့ ရှိတာပေါ့ကွ။ ဒါပေမယ့် ပိုပြီး တွေ့နိုင်တဲ့ ကျောက်ပြာသဲနက်ကို တမင်ရှာပြီး တူးကြရဦးမယ်”
ဦးကြီးရွှေမိုးသည် ပြောလည်းပြော လက်ဖက် ရည်ကြမ်းကိုလည်း တစ်ကျိုက် မော့လိုက်၏။
“ဒီလိုဆို ကျွန်တော်တို့ ဒီမြေမှာချည့် မရနိုင်ဘူးပေါ့”
“မရဘူးတော့ မဟုတ်ဘူးလေ။ ရွှေဆိုတာ ဘယ်မြေ ဘယ်ကျောက်တွေမှာမဆို ရှိတတ်တာပဲ။ အများအပြား ထုတ်ယူဖို့အထိ မရနိုင်လို့သာ။
တို့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာပဲ ကြည့်။ ဧရာဝတီ မြစ်ရိုးမှာရှိတဲ့ မြစ်ကြီးနားကနေ ဗန်းမော်အထက် တပိန်မြစ်ဝအထိ မြစ်ကမ်းဘေးက သဲ ကျောက်စရစ်တွေကို ကျင်ယူကြရတာပဲ။ ရွှေကူမြို့အထက်နဲ့ ပြည်၊ ရွှေတောင် တစ်ဝိုက်ရယ်၊ မိုးကောင်းမြစ်ရဲ့ လက်တက် နမ်းဆိုင်ခ မြစ်ရယ်မှာကျတော့ ကျောက်စရစ်မှုန့်တွေကို ကျင်ယူရပြန်တယ်”
ကျွန်တော် ခေါင်းညိတ်ကာ ဦးကြီး ရွှေမိုး၏ သောက်လက်စချထားသည့် ခွက်ထဲသို့ လက်ဖက် ရည် ဖြည့်ထည့်ပေးလိုက်သည်။ ဦးကြီး ရွှေမိုး စကားဆက်သည်။
“ချင်းတွင်းမြစ် ကျတော့ အလုံနဲ့ ကနီ ဒေသမှာ ရွှေကို သဲမှုန်က ကျင်ယူရပါတယ်။ ကျောက်ကတက်ရွာနဲ့ သုံးမိုင်ကွာတဲ့ ဖက်ထုပ်နဲ့ ရွှေကျင်မြောင်းရယ်၊ ရွှေဘိုနယ်အတွင်းမှာရှိတဲ့ ကျောက်နဂါးကျိုင်းနဲ့ တဲအုံချောင်းရယ်၊ အောက် ချင်းတွင်းဒေသ ယမ-ရဲ၀- မြိုင် ချောင်းတွေနဲ့ ပေါက်ကင်းချောင်း၊ ပေါက်တိပ်၊ သမင်သက်၊ ဇီးပင်တွင်း၊ ညောင်ပင်လဲ ဆိုတဲ့ ရွာတွေကျတော့ သဲကျောက်တွေကို ကျင်ယူရတယ်ကွ”
“တခြား နေရာတွေကျတော့ကော ဦးကြီး”
“အေး … ရွှေထွက်တဲ့ တခြားဒေသတွေက ဥရုမြစ်ဖျားနဲ့ ဟူးကောင်းတောင်ကြားမှာရှိတဲ့ တနိုင်းခ မြစ်ချောင်းတွေ၊ ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ်အတွင်း စီးဝင်တဲ့ ချောင်းတွေမှာ ရွှေဟာ ကျောက်စရစ်က ရတယ်။
တောင်ပိုင်းရှမ်းပြည်ဘက်ကျတော့ လွိုင်ကောင်တောင်တန်း မြောက်ဘက် ချောင်းတွေမှာ၊ မိုင်ထုံဒေသမှာရှိတဲ့ နန်းခချောင်းမှာလဲ ကျောက်စရစ်ကိုပဲ ကျင်ယူရတာပဲ။
အဲ ဝနယ်မှာရှိတဲ့ ချောင်းတွေ၊ တောင်ငူမြို့ရဲ့ အရှေဘက်မှာရှိတဲ့ မျက်နုန်းချောင်း၊ ရွှေကျင်ဒေသ စစ်တောင်းမြစ်ထဲမှာလဲ ကျောက်စရစ်ကိုပဲ ကျင်ယူ ရတာပဲ။
ထားဝယ်နယ်ဘက်ကျတော့ ရေးမြစ်အတွင်းမှာရယ်၊ ဟန်ဇီချိုင့်ဝှမ်းနဲ့ တနင်္သာရီကမ်းရိုးတန်း မြစ်ချောင်းတွေရယ်၊ ထားဝယ်မြို့အနီးမှာရှိတဲ့ စပါးတောင်ရယ်ကျတော့ သလင်းကျောကြီးတွေကို တူးဆွပြီးတော့ ကျင်ယူကြရတယ်ကွ”
ဦးကြီးရွှေမိုးသည် ကျွန်တော် မသိသည်တို့ကို စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။
ကျွန်တော် ဆက်မေးရပြန်သည်။
“ဒါဖြင့် ဘယ်ကထွက်တဲ့ ရွှေဖြစ်ဖြစ် အမျိုးအစားကျတော့ တစ်မျိုးထဲ သတ်မှတ်လို့ ရနိုင်ပါ့လား”
“ဘယ်ရမလဲ။ ရွှေကို ဋီကာအမရ ကောသကျမ်းနဲ့ အဘိဓာန် စာကိုတို့၍ အဆိုအရ ဂီဝါရွှေ၊ နီတုံရွှေ၊ ဇမ္ဗူရာဇ်ရွှေ၊ သိင်္ဂီနိတ်ရွှေရယ်လို့ လေးမျိုးလေးစား ပြထားတာကို တွေ့ရတယ်။ ဒါပေမယ်လို့ ကမ္ဘာသုံးကျတော့ ရွှေအစစ်နဲ သတ္တုရောရွှေဆိုပြီး ရွှေစင် ကိုးရာတစ်ဆယ့်ခြောက် ဒသမ ခြောက်ပုံမှာ ကြေးဟာ ရှစ်ဆယ့်သုံး ဒသမ လေး ရောထားတဲ့ ရွှေကို တွေ့ရတယ်။
မြန်မာ ရွှေကုန်သည်တွေရဲ့ အသုံးကျတော့ ရွှေကို ငွေနဲ့စပ်တာများယင် ငံ့တယ်၊ ကြေးနဲ့ စပ်တာများယင် ဖန်တယ်လို့ ပြောကြတယ်။ အရောင်ကြည့်ပြီး ဆုံးဖြတ်နိုင်တယ်ပေါ့ကွာ။ တို့ ခုရမယ့် ရွှေဟာလဲ အဖိုးထိုက်တဲ့ရွှေ ဖြစ်ပါစေလို့ ဆုတောင်းရတာပဲ”
ဦးကြီးရွှေမိုးသည်ပြောရင်း မီးဖိုမှ မီးတောက်ကျနေသော ထင်းတုံးကို မီးတောက်မပြတ်အောင် လှည့်ပေးစဉ် ကျွန်တော် အိပ်ရန် ပြင်လိုက်ရပါတော့သည်။
X X X X
“ထမ်းရမယ့် ထမ်းပိုးပဲ ဦးကြီးရယ်၊ အဖျားကို ချွန်နေဖို့ မလိုပါဘူး”
ကျွန်တော် နှုတ်က ဦးကြီးရွှေမိုးကို မကျေမနပ် ပြောဖြစ်လိုက်၏။
ဦးကြီးရွှေမိုး စိတ်မဆိုး၊ ရယ်နေလျက်…..
“ငါ ပြောသလိုသာ လုပ်စမ်းပါကွာ။ မင်း အတွက်ပါ”
မကျေမနပ်နှင့်ပင် ကျွန်တော် ဦးကြီးရွှေမိုး အပါးက ခွာလိုက်သည်။ ဘယ်မှာကော ကျေနပ်နိုင်ပါမည်နည်း။
ကြည့်ဦး … မြေတောင်းနှစ်လုံးကို ထမ်းဖို့ ဝါးနက်ဝါးကို ထမ်းပိုးအဖြစ် အလယ်ကခွဲ၍ ပြုလုပ်ထားပါလျက် ရှည်ရှည်ခိုင်ခိုင် ပြန်လုပ်ခိုင်း၍ အဖျားနှစ်ဘက်ကိုပင် ချွန်ထားခိုင်းပြန်သည်။ အဓိပ္ပာယ်မရှိ။
ကျွန်တော်သည် ဦးကြီးရွှေမိုး သတ်မှတ်ပေးသည့် ချောင်းငယ်အတွင်း နေရာမှ သဲမြေကို သယ်ယူ၍ လောင်းစင်ရှိရာ ပို့ပေးရသည်။
လောင်းစင်သည် ရေ အဆင်သင့်သော နေရာ၌ အလျား ၄ ပေ၊ အနံ ၃ ပေခွဲခန့်ရှိ အလယ်တွင် လေးကိုင်းပုံသဏ္ဌာန် ခွက်သော တစ်ဘက်လျှော စင်ဖြစ်၍ အမြင့် ၂ ပေ ရှိသည်။
ခွက်သော နေရာတစ်လျှောက်၌ ငှက်ပျောရွက်နုကို အနု ခွာ၍ ခင်းထားသည်။
ကျွန်တော် သယ်ယူပေးသော မြေကို ဦးကြီးရွှေမိုးက ရေဖြင့် ဖြည်းဖြည်း လောင်းချသည်တွင် ရေနောက်သို့ မြေမှုန်များ ပါသွားပြီး ရွှေမှုန်ကလေးများက ငှက်ပျောဖက်တွင် တင်ကျန်ရစ်ခဲ့သည်။
ဤသို့သော မြေမှုန်ကို ဖြစ်သလို ထမ်းယူ၍ ရပါလျက် ဝါးထမ်းပိုးကို ချွန်ခိုင်းသည့်အတွက် မကျေနပ်နိုင်ခြင်းလည်း ဖြစ်ပါသည်။
ဝါးထမ်းပိုးကို ချွန်ထားရသည့်အတွက်ကြောင့် လမ်းတစ်လျှောက် ချုံနွယ်များနှင့် ငြိသည့်အခါ ငြိသည်။ သွားလာသည့်အခါ ကိုးရိုးကားရား ဖြစ်သည့်အခါ ဖြစ်သည်။
စိတ်တိုင်းကျ ထမ်းရလျှင် သည်ထက်ပင် ခေါက်ရေ ပိုပေလိမ့်ဦးမည် ထင်သည်။
ဘာတတ်နိုင်မည်နည်း။ ကျွန်တော့်ဘဝက ဦးကြီးရွှေမိုး နောက်သို့ တစ်နေ့လျှင် ငါးကျပ်နှုန်းဖြင့် အလုပ်သင် ထမင်းကျွေး လိုက်လုပ်နေရသည့် အလုပ်သမား မဟုတ်လား။
X X X X
နေ့သည် တဖြည်းဖြည်း မြင့်တက်လာ၏။ တစ် နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း မြေသယ်နေရ သည်မှာလည်း ဝေးသည်ထက် ဝေးလာ၏။ သည်တစ်ခါ ကျွန်တော် သယ်ရသည်မှာ ချောင်းငယ်ကလေးများမှ ကျော်၍ ပြိုပျက်လုနီးနေသော ကျောက်ဂူလိုဏ်ခေါင်းပေါက်ဝ ဖြစ်သည်။
“ဟာ”
ကျွန်တော် လန့်အော်လိုက်မိသည်။
လိုဏ်ပေါက်ဝသို့ ရောက်သည်နှင့် လိုဏ်အတွင်းမှ ရုတ်တရက် ပြေးထွက်လာကြသော အကောင်များ။
ရှေ့မှ အကောင်သည် အမြင့် ၃ ပေလောက်သာ ရှိလိမ့်မည် ထင်ရသော်လည်း နောက်က ပြေးလိုက်လာသည့် အကောင်တွေက ၃ ပေကျော်မည်။ အားလုံး စုစုပေါင်း ဆယ့်ငါးကောင်ထက်မနည်း ရှိပြီး အနီရောင် အကောင်နှင့် အနက်ရောင် အကောင်တွေချည့်။
စိတ် မရဲတရဲနှင့်ပင် မြေပြင်ပေါ်သို့ တောင်းနှင့် ပေါက်ပြား ချလိုက်သည်။
“ဝူး … ရှဲ”
ကျွန်တော် လန့်သွားရပြန်၏။ အသံလာရာသို့ ကြည့်လိုက်မိရာ အနီးရှိ မှိုက်ပင်ကြီးပေါ်မှ အကိုင်း လုံးထက်တွင် အဝါရောင်အကွက်များ တစ်ကိုယ် လုံး အပြည့်နှင့် အကောင်။
အကောင်ကြီးသည် ကျွန်တော့်ကို မာန်ဖီကာ စားတော့ ဝါးတော့မည့်ပုံ ဖြစ်လာသည်။
ပြီး ရုက်တရက် လျင်မြန်စွာဖြင့် ကျွန်တော့် ကိုယ်ပေါ်သို့ ခုန်ချလိုက်သည်။
“အောင်မယ်လေး”
ကျွန်တော် ငယ်သံပါအောင် အော်လိုက်ရသည်မှအပ ဘာမှ မတတ်နိုင်။ မြေပြင်ပေါ် သို့သာ စိတ်ကိုလျှော့လျက် လှဲချလိုက်ရပါတော့သည်။
တစ်ပြိုင်တည်းပင် ကျွန်တော့်ကိုယ်သည် လေထဲ၌ လွင့်ပါသွားသည် ထင်လိုက်ရပြီး တစ်ဘက်မှ “ဘုန်း” ဟူသော အသံကြီးနှင့်အတူ အေးစက်သော ခံစားမှုကို ထိလိုက်ရပါတော့သည်။
ကျွန်တော် မျက်စိဖွင့်ကြည့်လိုက်တော့ ဦးကြီးရွှေမိုးသည် ကျွန်တော့်ကို နွေးထွေးစွာ ထွေးပိုက်ထားပြီး မနီးမဝေးနေရာတွင် အစောပိုင်းက ကျွန်တော့်အပေါ် ခုန်ချလိုက်သော အကောင်ကြီးသည် မလှုပ်မယှက် အသက်ပျောက်နေပြီ။
သည်မှာ အဖြစ်အပျက်ကို ဦးကြီးရွှေမိုးက ရှင်းပြ သည်။
“တကယ်တော့ ဂူလိုဏ်ခေါင်းထဲမှာ တောဆိတ်အုပ် ရှိနေတာကွ။ တောဆိတ်အုပ်ဟာ မိတ်လိုက်ချိန်ဖြစ်တော့ သွားရင်းလာရင်း လိုဏ်ပေါက်ထဲကို ရောက်နေကြတယ်။
အဲဒီအချိန်မှာ လိုဏ်ပေါက်ဆီ မင်းက သွားတော့ မင်းကိုမြင်ပြီး လွတ်ရာကို ပြေးကြဘယ်။ ဒါကို စောစောတည်းက မှိုက်ပင်ပေါ်မှာ မှိုက်သီးစားရင်း ချောင်းနေတဲ့ ကျားကွက် (ကျားသစ်) ဟာ မင်းကြောင့် သူ့အစာ တောဆိတ်တွေ လွတ်သွားရတဲ့အတွက် မကျေမနပ်နဲ့ မင်းကို ရန်မူတာပဲ။
မင်းက ကြောက်ပြီး မြေပြင်ပေါ်ကို လှဲချလိုက်ပေမယ့် မင်းပခုံးပေါ်က ထမ်းပိုးကတော့ ထောင်လျက် သား ရှိနေတယ်။ ခုန်အုပ်လိုက်တဲ့ ကျားကွက် လက်နက်ဖြစ်သွားကာပေါ့။ ကျားကွက် ထမ်းပိုးချွန်စူးပြီး တစ်ဘက်ကိုကျတော့ မင်းခန္ဓာကိုယ်ကို ကော်ပြီး အဝေး လွှင့်ပစ်လိုက်သလို ဖြစ်တယ်။ မင်းအော်သံကြောင့် အပြေးရောက်လာတဲ့ ငါက ပွေ့ယူပြီး မင်းကို ဒီနေရာမှာ ပြုစုထားရတာပဲ”
“ခု ကျားကွက်ကြီး အခြေအနေက”
ကြောက်ကြောက်ရွှံ့ရွှံနှင့်ပင် ဦးကြီးရွှေမိုး အပြောကို ကျွန်တော် ဆက်မေးလိုက်ရသည်။
“စိတ်ချရပါပြီကွာ။ မင်း ထမ်းပိုးက လက်နှစ်ဘက် ကြားကနေ လည်ချောင်းကို ဖြတ်စူးဝင်သွားတယ်။ တစ်ခါတည်းပဲ ဇီဝိန်ချုပ်သွားတယ် ပြောပါတော့”
ဦးကြီးရွှေမိုး အပြောကြောင့် လှဲနေရာက ကျွန်တော် ထထိုင်ပစ်လိုက်သည်။ ပြီးတော့ ဦးကြီးရွှေမိုး ဘာကြောင့် ထမ်းပိုးကို ချွန်ခိုင်းသည်ကိုလည်း သဘောပေါက်သည်။ ဘုန်းတော်ကြီးကျောင်း ပညာရေးသာ သင်ခဲ့ဖူးသော်လည်း စာမပြတ်ဖတ်၍ ဗဟုသုတစုံသည်။ တောတောင်များ၌ ကိုယ်တွေ့ကြုံထားသဖြင့် အခြေအနေကို နားလည်၍ အမြော်အမြင်ရှိသော ဦးကြီးရွှေမိုးကို ကျွန်တော် စိတ်က လေးစားမှု ပိုသွားမိသည်။
“ပိုအဆင်ပြေတာပေါ့ကွာ။ အလုပ်လုပ်ရင်း စားဖို့ ရိက္ခာအတွက် ကျားကွက်တစ်ကောင် တိုးလာတယ် ဆိုတော့”
ကျွန်တော် အလိုလို ပြုံးလိုက်မိပါသည်။ ကျွန်တော့် အပြုံးကို ဦးကြီးရွှေမိုး အပြုံးက ထပ်ဆင့်ဖြည့်လိုက်သည်။
တောတောင်သည် ပို၍ သာယာနေလျက် ကျွန်တော့်ခန္ဓာကိုယ်သည် ပို၍ တက်ကြွလန်းဆန်းနေလျက်….။
စံပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉ဂဂ ခုနှစ်၊ မေလ၊
စာအုပ်အမှတ် ( ၄၅ )
– ပြီး –
စာရေးသူ – ခက်နွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized