စိုးယဉ်ထွန်း
မြေတူးမီးဖုတ်ထမင်း
တောတောင်ဆိုသည်က နေရာဒေသအလိုက် ကွဲပြားမှုတွေ ရှိနေတာကို နေရာဒေသအနှံ့ ရောက်ဖူးခဲ့ဖူးတော့ ကိုယ်တိုင်ကြုံတွေ့ရတာတွေက မျိုးစုံပါပဲ။
ပဲခူးရိုးမတောထဲကိုရောက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဟာ မမေ့စရာဖြစ်နေပါတယ်။
ကိုသန်းရွှေ၊ ကိုသန်းကြွယ်တို့နှင့်ကျွန်ုပ်၏တပည့်လေးနှစ်ယောက်ဖြစ်သည့် ထော်မဲခမ်း၊ ထန်မိုလျန်တို့နှင့် ကျွန်ုပ်အပါအဝင် ငါးယောက်၊ ပဲခူးရိုးမထဲကို အတော်ခရီးပေါက်ပြီး ရောက်သွားတဲ့အခါကပါ။
အနီးအပါးတွင် တောလိုက်ကြတုန်းက ထမင်းထုပ် ဒါမှမဟုတ် အိုးခွက်တို့ကိုယူဆောင်ကာ သွားရောက်သည့်နေရာတွင် ရေရှာပြီး ထမင်းချက်၊ ပစ်၍ရသမျှအကောင်အသားတို့ကို ချက်ပြုတ်ကင် ပြီး စားခဲ့ကြတာတွေဟာလည်း မမေ့စရာပါ။
ဇောင်းချောက်၊ လက်ပံချေဆိုသည့်ရွာများက ပဲခူးရိုးမ၏ တောစပ်တောင်ခြေအနား ကပ်လွန်းသောရွာများ ဖြစ်သည်။ တောကောင်များဝင်ရောက်၍ အန္တရာယ်ပေးမှုများကြောင့် ခြေတံရှည်အိမ်များတည်ဆောက်ကြပြီး နွား၊ ကျွဲ၊ ဆိတ်၊ ဝက်တို့ကို လည်ပင်းတွင် ခလောက်များ၊ ခြူများကို ဆွဲပေးထားကြသည်။
ထို့ကြောင့် ညအချိန်ဆိုပါလျှင် ပိုးပုရစ်တို့၏ အော်မြည်သံနှင့် ခြူသံ၊ ခလောက်သံတို့ကပါ အသံထွက်နေကြသည်။
ဟင်းကောင်နှင့် ဝံနီကြီးတစ်ကောင်တို့၏ရန်ကြောင့် ကိုသန်းရွှေက လူကြုံပါး၍ မှာလိုက်ရာ ကျွန်ုပ်နှင့် တပည့်လေးနှစ်ယောက်က ခရီးထွက်ပြီး အပြန်တွင် ခဏဝင်ရောက်သည်နှင့် ကြုံသွားလေသည်။
“ဟာ- အစ်ကိုရာမင်းရေ အတော်ပဲဗျာ။ ကျွန်တော် လူကြုံမှာလိုက်တယ်။ တော်ပါသေးရဲ့၊ ရွာကို ဆိုက်ဆိုက်မြိုက် မြိုက်ရောက်လာလို့”
“ဘာတွေများဖြစ်နေလို့လဲ ကိုသန်းရွှေရေ”
ဝံနီတစ်ကောင်နှင့် ဟင်းကောင်ကြီးတို့ ည ည ရွာနားကပ်ပြီး ဒုက္ခပေးမှုကြောင့် ကိုသန်းကြွယ်၏ညီဖြစ်သူ ဖိုးပိန်တစ်ယောက် အလောင်းကို တစ်ပိုင်းတစ်စပဲ ပြန်ရကြောင်းကို ကိုသန်းကြွယ်ကိုယ်တိုင်ရော၊ ကိုသန်းရွှေကပါ ပြောပြသည်။
ဖိုးပိန်၏မိန်းမ ခင်ပုကလည်း-
“ဆရာရယ် … ဆရာ့တပည့်အဖြစ်က သေတာတောင် အင်္ဂါမစုံပဲ သင်္ဂြိုဟ်လိုက်ရတယ် ဆရာရဲ့ “
ပြောလည်းပြော၊ ငိုလည်းငိုလေသည်။
“ကဲ … ကဲ မခင်ပု စိတ်ကို ဖြေပါဟာ။ ရွာအတွက်၊ ဖိုးပိန်အတွက် ဆရာ ကြွေးကျေအောင် လုပ်ပေးခဲ့ပါ့မယ်။ အားလုံးတော့ အကောင်းအတိုင်း ပြန်ဖြစ်လာမှာတော့ မဟုတ်ဘူးပေါ့”
ပူဆွေးတမ်းတ၊ နှမြောကြသူတို့ကို ကျွန်ုပ်က တတ်သလောက် မှတ်သလောက်နှင့်ပဲ ဖျောင်းဖျလိုက်သည်။
စကားပြောကြ၊ ညစာစားကြပြီး အစီအစဉ်ဆွဲ၍ အိပ်ရာဝင်လိုက်ကြသည်။
နောက်တစ်နေ့ နံနက်လင်းသည်နှင့် ကိုကြွက်၊ ဖိုးထီးကော်၊ ကျွန်ုပ်နှင့် ထော်မဲခမ်း၊ ထန်မိုလျန်တို့ ငါးယောက်သား ပစ္စည်းကိရိယာအစုံအလင်နှင့် ခရီးထွက်ခဲ့ကြသည်။ ရွာမှထွက်ပြီး နေ့လယ်(၁၂)နာရီတွင် အတော်ပင်ခရီးပေါက်ခဲ့သည်။ တစ်နာရီထိုးပြီးမှ နားကြပြီး မနက်စာကို စားကြသည်။
ကျွန်ုပ်တို့ထမင်းစားကြသောနေရာ၏အနီးတွင်ဂွေးချဉ်ပင်ကြီးတစ်ပင်က အကိုင်းအခက် အုံ့ဆိုင်း၍ အသီးများ ပြွတ်သိပ်စွာ ပေါက်နေသည်။ အပင်ကြီးပေါ်တွင် မျောက်တစ်အုပ်က ဆူညံစွာ အသီးများ ခူးစားနေရင်းမှ ကျွန်ုပ်တို့ကိုလည်း အထူးအဆန်းအဖြစ် ကြည့်ကြသည်။
“ကွိ-ကွ-ကွတ်-“
“ဝေါ-ဖရော”
“ကွစ်-ကွိ-ကွိ”
ဟုအော်ဟစ်၍ မျောက်တွေမှာ ပြေးလွှားပျောက်ကွယ်သွားကြသည်။
ထော်မဲခမ်းနှင့် ထန်မိုလျန်တို့က ဒူးလေးများကို အသင့်ပြင်ပြီး ရှေ့ခပ်လှမ်းလှမ်းမှ ချုံနားကို ကပ်လိုက်ကြသည်။ ကျွန်ုပ်ကလည်း လက်စွဲတော် (၀၃.၃ဝ)စပရင်းဖီး(လ်) သေနတ်ကိုမောင်းတင်၍ အသင့်ကိုင်ပြီး ဂွေးချဉ်ပင်ကြီးအနားမှာ ကိုကြွက်နှင့် ဖိုးတီးကော်ကို ကပ်နေရန် လက်ပြလိုက်သည်။
ချထားသောအထုပ်အပိုးများကို ထားခဲ့ရန်ပါ လက်ပြလိုက်သည်။
ချုံ၏တစ်ဖက်ကို ကျွန်ုပ် ဖြည်းညင်းစွာကပ်၍ ကြည့်လိုက်ရာ အမွေးအမှင် ညိုမည်းမည်းနှင့် ခြေကားယား၊ လက်ကားယားနှင့် ပိန္နဲပင်ကြီးပေါ်မှာ ပျားအုံကြီးကို မော့ကြည့်ပြီး သွားနှင့်အစွယ်ဖွေးဖွေးကြီးများပေါ်အောင် ပါးစပ်ကြီး ဖြဲထားသည်။
ပစ်ကွင်းကောင်း၊ အနေအထားကောင်းဖြစ်သည်။
ကျွန်ုပ်နှင့် ထော်မဲခမ်း၊ ထန်မိုလျန်တို့သုံးယောက်က အသင့်။
“ဖရော … ကွိ … ကွစ် … ကွစ်”
“ခရော … ဂွစ် … ဖြောင်း … ဖြောင်း”
“ဟာ … တောက်”
ကျွန်ုပ်တို့သုံးယောက်၏နှုတ်မှ တစ်ပြိုင်တည်း အသံပါ ထွက်သွားကြရသည်။ ဂွေးချဉ်ပင်ပေါ်မှ မျောက်သားအမိသုံးကောင်က ပုန်းခိုနေသော သစ်ပင်ကိုင်းမှ တစ်ဖက်အကိုင်းကို လှမ်းကူလိုက်ရာ ဂွေးချဉ်သီးတချို့က ကြွေ၍ ဝံနီကြီးအပေါ်ကို ကျသွားသည်။ ဝံနီကြီးက လန့်၍ ခုန်ပြီး ပြေးထွက်သွားသောကြောင့်ပင်ဖြစ်သည်။
“အေးကွာ – ဒီမျောက်သားအမိကလဲ”
“ဆရာရေ – ကျွန်တော်တို့ဆက်လိုက်မယ်။ ဆရာတို့နေခဲ့မလား၊ ဖြည်းဖြည်းလိုက်ခဲ့မလား”
“တောထဲရောက်မှတော့ လိုက်ခဲ့မှာပေါ့ကွာ။ ကဲ-ကိုကြွက်နဲ့ ဖိုးတီးကော်တို့ အထုပ်အပိုးတွေယူ – သွားမယ်”
“ဟုတ်ကဲ့ – ဆရာ”
ရှေ့မှ ထော်မဲခမ်းနှင့် ထန်မိုလျန်တို့ ထွက်သွားရာကို မျက်ခြည်မပြတ် ကြည့်၍ လိုက်ခဲ့ကြသည်။ ဝံနီကြီးက အတော်ဝေးဝေးရောက်သွားပြီဖြစ်သည်။
ညနေပင် စောင်းသွားပြီဖြစ်သည်။ တောကြောင့် အမှောင်က မြန်သည်။
“ဟေ့ … ဟေ့ တို့ ဒီမှာပဲ စခန်းချမယ်ကွာ။ ညစာအတွက်လည်း လုပ်ကြ။ ဒီကောင်ကြီးက အတော်နပ်တယ်။ ကိုကြွက် ရွာနားကိုကပ်တာ ဒီကောင်ကြီးလား”
ကျွန်ုပ်ကဘေးဘယ်ညာကိုကြည့်ပြီး ကိုကြွက်ကိုမေးလိုက်သည်။
“ဟုတ်နိုင်တယ် ဆရာ ရာမင်း ရေ။ ကျွန်တော်တို့ တုတ်၊ ကျစ်စာခဲ၊ လေးခွနဲ့ ဝိုင်းပစ်ကြ၊ အော်ဟစ်ကြ၊ ဝါးဆစ်ခေါက်သံပုံးတီးသံပေးမှ ထွက်ပြေးသွားတယ်။
ဟင်းကောင်ကြီးက ပထမနေ့က ဖိုးပိန် နွားစာရိတ်နေတုန်းမှာ ဝင်ဆွဲတာ။ ကိုတွက်က ထင်းစီးနဲ့အပြန် တွေ့ပြီး ထင်းစီးချပြီး ပြေးလာပြောလို့ ရွာသားတွေစုပြီး ထွက်လိုက်လို့ တစ်ဝက်တစ်ပျက် ပြန်ရတာ။
နောက်တစ်နေ့ကျတော့ ဒီဝံနီကောင်ကြီးက ရွာနားကပ်လာတာပဲ ဆရာရေ”
“အင်း … အင်း”
ကျွန်ုပ်ပြောသည့်နေရာမှာပင် ချည်နှောင်ထုပ်ပိုးထားသည့်အထဲမှ ရွက်ဖျဉ်များ ထုတ်ယူကြပြီး ဝါးခုတ်ဝသစ်ခုတ်ကြပြီး ယာယီတဲ ထိုးလိုက်ကြသည်။
“မီးဖိုအတွက် လုပ်ဦးကွာ”
“ဟုတ်ကဲ့ ဆရာ”
ကိုကြွက်နှင့် ဖိုးတီးကော်တို့ ထင်းရှာကြပြီး မီးပုံလုပ်ကိုင်ကြစဉ် ထော်မဲခမ်းက ဖိုးတီးကော်ကိုခေါ်၍ ရေသွားရှာကြသည်။ အပြန်တွင် တောကြက်တစ်ကောင်၊ ရှဉ့်နီတစ်ကောင် ပါလာသည်။
“ဟ မီးပုံကို တောကြက်နဲ့ ဖွင့်တာပေါ့ ဟုတ်လား”
ကိုကြွက်၏စကားကြောင့် ထန်မိုလျန်နဲ့ ဖိုးတီးကော်၊ ထော်မဲခမ်းတို့က သဘောကျပြီး ပြုံးကြသည်။ ညစာစားပြီး နားလိုက်ကြသည်။
နံနက်မိုးလင်းသည်တွင် ယာယီတဲကိုဖြုတ်၍ ခရီးဆက်ကြသည်။
ထော်မဲခမ်းက-
“ဆရာ ဝံနီကောင် ဟိုပျားအုံနေရာကို ပြန်လာမလား ဆရာ”
ဟုတ်ပါသည်။ ဝံတို့က ပျားအုံတွေ့လျှင် ရအောင်လုပ်တတ်ကြသည်။ ပျားရည်နှင့် ပျားသလက်ကို အလွန်မှ ကြိုက်ကြသည်။
“အေးကွ- ထော်မဲခမ်း။ အဲဒီ့ဘက်ကို ပြန်လှည့်မယ်”
ကျွန်ုပ်တို့အားလုံး ပြန်လှည့်လိုက်ကြစဉ်-
“ဖျော – ဖရော – ဖရာ – ဟမ်း”
အနောက်ဘက်ချုံ၏ အလွန်မှ ဟင်းကောင်၏အသံ၊ ကျွန်ုပ်တို့အားလုံး နေရာတွင် ငြိမ်ပြီး ထော်မဲခမ်းနှင့် ထန်မိုလျန်တို့က ဘေးနှစ်ဖက်ကို လှည့်ကြည့်၍ သတိထားနေကြသည်။
အတန်ကြာသည်၊ မထူးခြားပဲ ငြိမ်နေ၍ ကျွန်ုပ်နှင့် ထော်မဲခမ်းနှင့် ထန်မိုလျန်တို့က သတိနှင့် ရှေ့ကိုတိုးပြီး လျှောက်လိုက်ကြသည်။ ဂွေးချဉ်ပင်အောက်ကို ပြန်ရောက်ကြပြီး –
“တို့ တဲမထိုးနဲ့ကွာ။ ဒီဂွေးချဉ်ပင်မှာပဲ လင့်ထိုးမယ်။ မီးပုံကြီးကြီးဖို၊ အခုနဟင်းကောင်က အစာချောင်းတာ။ အစာပျောက်သွားလို့ အသံပေးပြီး ထွက်သွားတာ။ ဒီဝန်းကျင်မှာပဲရှိမယ်။ ဝံနီကလည်း ဒီကိုပြန်လာမယ်”
“ဟုတ်ကဲ့ ဆရာ”
ကျွန်ုပ်က ပစ္စည်းများနှင့်နေပြီး ဘေးကို သတိထား၍ ကြည့်မိသည်။ အတော်ကြာမှ လင့်စင်ပြီးသွားသည်။ မီးပုံလည်း ပြီးကြ၍ ကိုကြွက်နှင့် ဖိုးတီးကော်ကို ထားခဲ့ပြီး ကျွန်ုပ်တို့ ဆရာတပည့်သုံးယောက် ထွက်လာခဲ့သည်။
သိပ်မသွားကြပဲ တောဝက်ပေါက်တစ်ကောင် အချိန်တစ်ဆယ် မပြည့်သေးသည်ကို ရလိုက်၍ ပြန်လှည့်လိုက်ကြပြီး စခန်းတွင် နေလိုက်၏။
ကိုကြွက်နှင့် ဖိုးတီးကော်က တောဝက်ကိုဖျက်၍ တံစို့ထိုးပြီး ကင်လိုက်ကြသည်။ ဒန်ချိုင့်ကြီးနှင့် ထမင်းချက်ပြီး ပြန်လှယ်၍ ဝက်ဝမ်းတွင်းသားများကို ချက်ကြသည်။ တောချက်ဟင်းနှင့် တောတွင်းမနက်စာ ပြီးသွားကြသည်။
တောတွင်း၌ လူအုပ်နှင့် စခန်းချပြီး လူအင်အားများလျှင် အိုးခွက်သယ်ယူမှ ထမင်းချက်စားနိုင်သည်။ ဒါမှမဟုတ် ဝါးခုတ် ဝါးကျည်ထောက်ထမင်း၊ ခဲတံကျည်တောက်၊ ကောက်ညှင်းကျည်တောက်ချက်ရသည်။
ကျွန်ုပ်တို့က လူနည်းပီး ရေနွေးအတွက် ဒန်ချိုင့်ပါလာသဖြင့် ရေနွေးတည်၊ ထမင်းချက်၍ ရသည်။
တစ်နေ့လုံးပင် ဝံနီနှင့် ဟင်းကောင်ကို စောင့်၍ချောင်းကြသော်လည်း တစ်ကောင်မှ အရိပ်အရောင်ပင် မမြင်ရပေ။
ဂျီ(ချေ)တစ်ကောင် ထပ်၍ရသဖြင့် တောဝက်ဝမ်းတွင်းသားဟင်း၊ ဂျီ(ချေ)သားကင်နှင့် ဝမ်းတွင်းသား ပြုတ်များက ထမင်းစားကောင်းခဲ့သည်။
လင့်စင်ထိုးထားပေမယ့် အောက်တွင် မီးဖိုနှစ်ဖို ပုံလိုက်သည်။ ဝံနီကို ဂရုစိုက်ရပေမည်။ ဝံနီ(ဝက်ဝံ)တို့က သစ်ပင်တက်နိုင်ကြသည်။
တစ်ခါက ဥက္ကံမှ ကိုထွန်းရှင်ဆိုသော ပျားဖွပ်သူကို ဝံနီတစ်ကောင်က သစ်ပင်ပေါ်တက်၍ နပန်းလုံးခဲ့သည်။
လင့်စင်ထိုးထားသော ဂွေးချဉ်ပင်ပေါ်တွင် ပျားအုံကြီးကလည်း ရှိနေသည်။ ညစာစားပြီး ခဏအကြာတွင် ကင်ထားသော မီးဖိုဘေးမှ အသားများကို လင့်စင်ပေါ်တင်ပြီး အဝတ်နှင့်အုပ်ထားခိုင်း၍ အားလုံး နားလိုက်ကြသည်။
ပုရစ်အော်သံ၊ မျောက်သံ၊ ရှဉ့်နီကလေးများ၏ သံစုံဖြင့်၊ တောကြက်တွန်သံက ညကို အဆုံးသတ်ပေးလိုက်သည်။
အိပ်ရာမှနိုးသည်တွင် အောက်ကိုဆင်းကြပြီး ရေနွေးတည်၊ ကော်ဖီနှင့် မုန့်များ စားကြသည်။ ကိုကြွက်ကတံစို့ထိုးထားသော ဂျီ(ချေ)နှင့် တောဝက်သားတို့ကို ယူချပေးရာ ဖိုးတီးကော်က မီးပုံတွင် ပြန်တင်လိုက်သည်။
ထို အချိန်တွင်မှာ အနောက်ချုံစပ်မှ သစ်ကိုင်းကျိုးသံ၊ ချုံတိုးသံတို့ကို ကြားလိုက်ရသည်။ ကျွန်ုပ်နှင့် ထော်မဲခမ်း၊ ထန်မိုလျန်တို့က လက်ထဲတွင်ရှိကြ သော(ဝ၃.ဝ၃)စပရိမ်ဖီး(လ်)နှင့် ဒူးလေးနှစ်လက်ကအသင့်ချိန်ပြီးသား ဖြစ်သွားသည်။ ထန်မိုလျန်ကို မီးပုံနားတွင် နေခိုင်းလိုက်ပြီး ကျွန်ုပ်နှင့် ထော်မဲခမ်းတို့က ချုံကို ဘေးနှစ်ဖက်မှ ပတ်ကြည့်လိုက်သည်။
“ဟမ်း-ဂျစ်-ဂျစ်-ဖရော-ဖရော”
ဟုအသံမြည်၍ချုံစပ်များက လှုပ်ပြီးကျန်ခဲ့သည်။
ဟင်းကောင်ကြီးက လှစ်ခနဲဆို ပျောက်သွားသည်။
ကျွန်ုပ်နှင့် ထော်မဲခမ်းတို့က ဆက်၍ လိုက်သွားပေမယ့် ဟင်းကောင်ကြီးကို အစအနပင် မတွေ့လိုက်ရပါ။ နောက်ကြောင်းပြန်လှည့်ပြီး ချုံကို သေချာစွာကြည့်ရာ ဟင်းကောင်ကြီးက ကျွန်ုပ်တို့ကို အလစ်ချောင်းခြင်းဖြစ်သည်။
ရှေ့ကို လောကြီးလိုက်သဖြင့် သစ်ကိုင်းကျိုးသံ ပေါ်ထွက်လာခြင်းဖြစ်၍သာ ကျွန်ုပ်တို့ သိလိုက်ရခြင်းဖြစ်သည်။ လူသားစားဖူးထားသော ဟင်းကောင်က အစာကို မက်မောလိုက်၍ပဲ ဖြစ်သည်။
ကျွန်ုပ်တို့ ပြန်ရောက်တော့ မီးပုံတစ်ပုံကဖရိုဖရဲဖြစ်ပြီး ရေနွေးတည်သော ဒန်ချိုင့်မှာ ပိန်လိမ်ပေါက်ပြဲ၍ ထန်မိုလျန်နှင့် ကိုကြွက်ရော၊ ဖိုးတီးကော်ကိုပါ မတွေ့ရပါ။
ကျွန်ုပ်နှင့် ထော်မဲခမ်းက စိုးရိမ်စွာဖြင့် သေချာကြည့်ရာ တောကောင်တစ်ကောင် ဝင်ရောက်မွှေနှောက်သည့်ပုံမျိုး။
“ဆရာ – မိုလျန်နဲ့ ရွာသားနှစ်ယောက် ဘာဖြစ်လဲမသိဘူး”
“တို့လူတွေ ဘာမှမဖြစ်ဘူး။ ဟင်းကောင်နောက်ကိုတို့လိုက်နေတုန်းမှာ ဒီကို အကောင်ကြီးကြီးတစ်ကောင်ဝင်မွှေလို့။ အဲဒီနောက်ကို လိုက်နေကြတာဖြစ်မယ်။ ဘာအန္တရာယ်မှတော့ မရှိဘူးကွ”
ကျွန်ုပ်က စိတ်ပူပင်တတ်သော ထော်မဲခမ်းကို ရှင်းပြလိုက်သည်။ မီးဖိုကို ပြန်စု၍ အောက်ကျနေသော အသားတံစို့များကိုပါ ပြန်တင်လိုက်သည်။ ထော်မဲခမ်းက ကျွန်ုပ်ဘက်ကိုလှည့်ပြီး သတိထားဟု ဟန်ပြလိုက်သည်။ ဘေးတွင် ချထားသောသေနတ်ကို ကောက်၍ ရင်ဘတ်နှင့်ကပ်လိုက်သည်။
ဒူးလေးကိုကိုင်၍ အသင့်ပြင်လိုက်သော ထော်မဲခမ်း၊ အနောက်ဘက်ကို ဂရုစိုက်၍ ကြည့်နေသည်။
ထန်မိုလျန်နှင့် ကိုကြွက်၊ ဖိုးတီးကော်တို့သုံးယောက်သား အနောက်ဘက်ချုံစပ်မှ ထွက်လာကြသည်ကိုမြင်လိုက်ရသည်။ လက်ထဲမှအသင့်ကိုင်ထားသော ဒူးလေးကို ထော်မဲခမ်းက ပြန်ချလိုက်ပြီး –
“ဝူး-တော်သေးတာပေါ့ … ဘာလဲလို့ကွ”
“အေးပါ – ထော်မဲရာ။ နင်နဲ့ဆရာ ထွက်သွားပြီး တို့မှာကွာ- ဟိုကောင်ကြီး ရောက်လာလို့ကွ”
ဟု ထန်မိုလျန်က ဝင်ထိုင်ရင်းမှ ဆက်ပြောပြသည်။ ကိုကြွက်နှင့် ဖိုးတီးကော်တို့ကလည်း လက်ထဲမှ လှံတိုနှင့် ဓားရှည်ကိုချပြီး ဝင်ထိုင်လိုက်ကြသည်။
ကျွန်ုပ်နှင့် ထော်မဲခမ်းတို့ ဟင်းကောင်ကြီး၏နောက်ကို လိုက်သွားစဉ် ထန်မိုလျန်က တစ်ဖက်ချုံတွင်း အလေးသွားရာ ဝံနီကြီးရောက်လာပြီး ကိုကြွက်နှင့် ဖိုးတီးကော်တို့ကို တိုက်ခိုက်ရာ လှံတိုနှင့် ဓားတို့က တစ်နေရာ ဖြစ်နေ၍ တစ်ယောက်က မီးဖိုမှ ထင်းစများနှင့်ပစ်ပြီး ကျန်တစ်ယောက်က ရေနွေးတည်ထားသောဒန်ချိုင့်နှင့်ပစ်ပေါက်သဖြင့်ဝံနီမှာအော်ပြီးထွက်ပြေးရာ ထန်မိုလျန်ကပါ ချုံစပ်မှထွက်၍ ဒူးလေးနှင့်ပစ်လိုက်ခြင်းဖြစ်သည်။
အထိမနာသော ဝံနီက အပူရှိန်ကြောင့် တစ်ချိုးတည်းပြေးသွားရာ လိုက်မမီဘဲ ပြန်ခဲ့ရသည်ဟု ပြောပြသည်။
“ဟ ဒါဆိုရင် မိုလျန် – မင်း တောထိုင်ပြီး ဒီအတိုင်းပဲ ဝံနီကိုလိုက်တာ … ညစ်ပတ်ပါလေကွာ”
“ဟား-ဟား- ဟား”
ကိုကြွက်နှင့် ဖိုးတီးကော်တို့က သဘောကျစွာ ရယ်ကြပြီး ထော်မဲခမ်းကပါ သူ့စကားကို သူ့ဟာသူသဘောကျပြီး ရယ်လိုက်သည်။ ကျွန်ုပ်ကား ကြည့်နေလိုက်သည်။ ထန်မိုလျန်က –
“ရှီး-ထော်မဲ-နင်ပြောမှပဲ ငါ လူညစ်ပတ်ဖြစ်ရတယ်ကွ”
အလွန်ရိုးသား၍ ချစ်စရာကောင်းသော တိုင်းရင်းသားများဖြစ်သည့် ကျွန်ုပ်၏တပည့်နှစ်ယောက်ကိုကြည့်ပြီး ကျွန်ုပ်မှာ သဘောကျမိသည်။
“ကဲ-ကဲ ထားပါတော့ကွာ။ အခု တို့ ညစာကို မုန့်နဲ့ အသားကင်နဲ့ပဲ ပြီးရတော့မှာပေါ့”
“အေး- ဟုတ်ပါ့ကွာ။ မိုလျန် ငါတို့ထမင်းချက်တဲ့ဒန်ချိုင့်က သုံးမရတော့ – ဘာနဲ့ချက်မလဲကွာ”
ငြိမ်နေသောကိုကြွက်က-
“အဲ-ဝါး-ဝါးနဲ့ ဟို … ခဲလံကျည်တောက်(ကောက်ညှင်းကျည်တောက်) လုပ်သလို ချက်မယ်လေ”
“ဟာ- ကိုကြွက်ရယ် ဒီမှာက ဝါးလုံးကြီးမရှိဘူး။ ဒီဝါးလုံးသေးသေးလေးဆိုရင် အများကြီးချက်ရမယ်”
ကိုကြွက်တို့၊ ဖိုးတီးကော်တို့ပြောတာကို နားထောင်ပြီး ကျွန်ုပ်က –
“ကဲပါကွာ – ဆန်ကို အဝတ်ထဲထည့်၊ ရေဆေး၊ အဲဒီအဝတ်နဲ့ပဲ ပြန်ထုပ်ယူခဲ့။ တစ်ယောက်က မြေကျင်းတူးလိုက်၊ မီးပုံနားမှာပဲ တူးကွာ”
ကျွန်ုပ် စကားဆုံးသည်နှင့် ကိုကြွက်က ဓားမတိုနှင့် မြေကြီးကို တူးဆွသည်။ ဖိုးတီးကော်က အဝတ်ထဲကို ဆန်များထည့်ပြီး ရေဆေးရန်ယူသည်။ မြေကျင်းတူးပြီးတော့ ဖိုးတီးကော် ပြန်ရောက်လာသည်။ ရေစိုနေသော အဝတ်ထဲမှ ဆန်ကိုပင် အဝတ်ကို အစထုံး၍ ကျင်းထဲထည့်လိုက်ပြီး မြေဖို့ခိုင်း၍ အပေါ်မှ သစ်ကိုင်းခြောက်များ တင်ခိုင်းပြီး မီးဖိုဖြစ်အောင် လုပ်လိုက်သည်။
တော်တော်ကြာမှ မီးကိုဖယ်ပစ်ခိုင်းလိုက်သည်။ ခဏနေမှမြေကြီးများကိုပါတူး၍ ဖယ်ခိုင်းလိုက်ရာ အငွေ့ထွက်နေသော အဝတ်ထုပ် ပေါ်လာပြီး အပြင်ကို ထုတ်ယူခိုင်းလိုက်သည်။
အငွေ့အနည်းငယ် သေသွားမှ ဖက်များပေါ်ကို အဝတ်ထုပ်ကိုဖြေ၍ ထည့်လိုက်သည်။
အငွေ့ရှိနေသော ထမင်းက ဖက်များပေါ်တွင် အိုးနှင့် ချက်၍ ခူးခပ်ထည့်လိုက်သော ထမင်းအတိုင်း ဖြစ်နေသည့်အပြင် မြေသင်းနံ့ သင်းနေသည်။
ထော်မဲခမ်းနှင့် ထန်မိုလျန်အပါအဝင် ကိုကြွက်၊ ဖိုးတီးကော်ပါ တအံ့တသြ ကြည့်နေကြသည်။
“ဆရာ-ဟို-အဲဒါ”
ထော်မဲခမ်းက မေးရန် စကားစလိုက်သည့်အတွက် ကျွန်ုပ်ကပင်-
“အေး ဒီလိုကွာ-တောထဲတောင်ပေါ်မှာ အိုးခွက်မပါပဲ ဆန်ပါရင် ထမင်းချက်စားလို့ရတဲ့နည်းက ဝါးပိုးဝါးကို အဆစ်ပိတ်ဖြတ်ပြီး ဆန်ဆေးပြီး ထည့်ချက်တာရယ်(ကောက်ညှင်းကျည်တောက်) ဝါးဆစ်ပိတ်ထဲကို ဆန်ကို ရေဆေးပြီးထည့်၊ အပေါ်ကအစို့ပိတ်နဲ့ မီးထဲမှာထည့်ဖုတ်တဲ့နည်းရယ်၊ ဆန်ကို ရေဆေးပြီး အဝတ်ကိုပါ ရေစွပ်ပြီး မြေကျင်းတူးပြီး အပေါ်ကမီးပုံလုပ်ချက်တဲ့နည်းနဲ့ ချက်လို့ရတယ်။ အခုက အဲဒီ့နည်းပဲပေါ့ကွာ”
ကျွန်ုပ်ကရှင်းပြလိုက်သဖြင့်အားလုံးသဘောပေါက်သွားသည်။ ညစာကို မြေတူးမီးဖုတ်ထမင်းနှင့် မြိန်ရှက်စွာ စားလိုက်ကြသည်။ ခဏနားပြီး မီးပုံများထဲကို ထင်းများထည့်ပြီး အားလုံး အပေါ်ကို တက်လိုက်ကြသည်။
ညအမှောင်သည် တောထဲမှ သစ်ပင်သစ်ရိပ်ကြောင့် ပို၍အမှောင်သိပ်သည်းစေသည်။
ည၏ အေးစိမ့်မှု၊ ခြင်ရိုင်းများ၊ ဆူညံနေသော ပိုးပုရစ်တို့ကြောင့် ရုတ်တရက် အိပ်မပျော်ကြပေ။ စကားပြော၍မရသဖြင့် ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေကြသည်။
ကျွန်ုပ်ဆိုပါလျှင် တောတွင်းကိုရောက်သည့်အချိန်မှစပြီး ယခုအချိန်ထိ စီးကရက်မသောက်ရသဖြင့် ပါးစပ်ထဲတွင် အမည်မဖော်နိုင်သော ဝေဒနာတစ်မျိုး ခံစားနေရသည်။ (တချို့က ခံတွင်းချဉ်သည်ဟု ပြောကြသည်။)
“ဖရော- ရှပ်ရှပ် – ဖရူး – ဖတ် – ဖတ်-ဝေါ-ဝေါ-ဟီး”
ဆိုသည့် လှုပ်ရှားသံများကြောင့် အားလုံးမှာ ခေါင်းထောင်၍ ကြည့်မိကြသည်။ မီးအရှိန်ရပြီး တောက်နေသောမီးပုံကြောင့် အနည်းငယ် အလှမ်းဝေးသည့်နေရာကို မြင်ရသည်။
သစ်ပင်ပေါ်မှ ငှက်ကလေးများ၊ ချုံထဲမှ တောကြက်များ လန့်၍ ပျံထွက်သံနှင့် ကျွန်ုပ်တို့ရှိရာကို ချဉ်းကပ်လာသံများပဲ ဖြစ်သည်။
အပင်ငယ်ကို တိုးဝှေ့နင်းလာသံက ပို၍နီးကပ်လာသည်။ အတော်ပင် နီးလာသည်။ လူပုံဟန် ယိမ်းယိမ်းယိုင်ယိုင်လျှောက်လာသူ။ မီးပုံနှင့် နှစ်လံကျော်အကွာလောက်တွင် ရပ်၍ ကျွန်ုပ်တို့ရှိရာ လင့်စင်ပေါ်ကို မော့၍ကြည့်ပြီး-
“ဟေ့ ငကြွက် ဖိုးတီးကော် ငါပါကွ။ ဖိုးပိန်လေ…
ရွာပြန်ချင်လို့။ ငါ့မှာ မပြန်ရဲဘူးကွာ။ မင်းတို့နဲ့ လိုက်ပါရစေ”
“ဟင် ဖိုးပိန် – ဟာ … ဒီကောင်က ရွာနားမှာသေပြီပဲ”
အောက်မှ ဖိုးပိန်ဟုပြောသူကိုကြည့်ပြီး ကိုကြွက်နှင့် ဖိုးတီးကော်က အသံကျယ်ကျယ်ပြောလိုက်ရာ အောက်မှ ဖိုးပိန်ဟုပြောသူက-
“ငါ ဖိုးပိန်ပါကွာ … ဖိုးပိန်ပါ။ ခင်ပုနဲ့ ကလေးကို အောက်မေ့လို့ပါ။ ငါ့ကို ခေါ်ပါကွာ”
ဖိုးပိန်ဟု ပြောသူကိုကြည့်ပြီး ကိုကြွက်နှင့် ဖိုးတီးကော်တို့က ခေါင်းခါပြီး –
“မဟုတ်ဘူးကွာ – ဖိုးပိန်ကသေပြီ”
အောက်မှရပ်၍ ပြောနေသူ ကသည်အချိန်၊ သည်နေရာတွင် ဘာကြောင့်ရှိနေသည်၊ ဘာကြောင့်ရောက်နေရသည်တို့ကိုမပြောပဲ ကျွန်ုပ်တို့ကိုသာ စူးစူးစိုက်စိုက်ကြည့်၍ပြောနေပြီး ယိမ်းယိုင်ခြင်း၊ ခြေလှမ်းပျက်ခြင်းမရှိပဲ စုံရပ်၍ပြောနေသည်။ သူ့နောက်မှ မည်းမည်းထွားထွားကျိုင်းကျိုင်း တောင့်တောင့်ကြီးနှင့်လက်နှစ်ဖက်ကို ဆန့်တန်းလျှောက်လာသည်ကိုအားလုံးက မြင်ကြရာ –
“ဟာ- မည်းမည်းကြီး- ဘာကြီးလဲ – ဆရာ။ ပစ် – ပစ် – ပါ”
ကိုကြွက်ကကြောက်လန့်သံနှင့် ပြောရာ ကျွန်ုပ်က ပခုံးကိုကိုင်၍ ငြိမ်ရန် ထိန်းလိုက်သည်။ ထန်မိုလျန်ကလည်း ဖိုးတီးကော်ကို ပခုံးကိုင်ပြီး ထိန်းထား သည်။ နောက်မှရောက်လာသော မည်းမည်းထွားထွားကြီးက ရှေ့တွင်ရပ်နေသော ဖိုးပိန်ဟုပြောသူကိုပြေးဝင်ဖက်လိုက်သည်
“ဂီး – ဂရား – ဂျစ် – ဂျစ် “
“ဝေါင်း- ဟမ်း- “
“ဖုန်း- ဖုန်း – အမ်း – ဖရော – – ဖရော”
ဖိုးပိန်နှင့်မည်းမည်းကြီးတို့လုံးထွေးသွားပြီး ဟင်းကောင်ကြီး၏အသံနှင့် ဝံနီ(ဝက်ဝံသံ)တို့ ထွက်ပေါ်လာသည်။
ထော်မဲခမ်းက ဖြည်းညင်းစွာ အိတ်ထဲမှနှိုင်ယူပေးသော တော့စလိုက်ကို ကျွန်ုပ်၏ခေါင်းတွင်စွပ်၍ မျက်လုံးကြည့်ရာကို တည့်မတ်စွာထားပြီး မီးခလုတ်ကို ဖွင့်လိုက်သည်။
တစ်ပြိုင်တည်းပင် လက်ထဲမှ (၀၃.ဝ၃)စပရိမ်ဖီးလ်သေနတ်မှ ကျည်ဆန်က ထွက်သွားပြီး နှစ်ချက်ဆင့်၍ မြည်သွားသည်။ ဒူးလေးနှစ်လက်မှ လည်းမြားတံနှစ်ချောင်း ပြေးထွက်သွားသည်။
“ဂရား- ဂီး- ဂစ်”
“အမ်- အစ်”
ဟင်းကောင်နှင့် ဝံနီတို့မှ ထိခိုက်နာကျင်သံများ ထွက်ပေါ်လာပြီး လဲပြိုကျသံပါ ပေါ်လာသည်။ မီးရောင်နှင့် ကျွန်ုပ်သေနတ်ကို ခလုတ်ထပ်ဆွဲလိုက် ရာ-
“ဒိုင်း – ဒိုင်း “
“ဝှစ် – ဝှစ်”
“ဖရော-ဖရာ – ဝေါ”
ဆိုသည့် အသံများနှင့် အကောင်ငယ်ကလေးများပြေးလွှားသံများကြားရပြီး ပြန်၍ ငြိမ်သက်သွားသည်မှာ တောနှင့်လည်းတူ၏။ ညနှင့်လည်းတူ၏။
ကျွန်ုပ်က အင်္ကျီအိတ်ထဲမှ မီးခြစ်နှင့်စီးကရက်ဘူးကိုထုတ်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
တောကြက်တို့၏ တွန်သံနှင့် ငှက်ကလေးများ၏အော်သံက အလင်းရောင်ဖျော့ဖျော့တို့သည် ညက ဘာမှမဖြစ်သည့်အတိုင်း တော၏သဘာဝကို ပြနေသည်။
ကျွန်ုပ်တို့အားလုံး လင့်စင်ပေါ်မှ ဆင်းကြပြီး အတော်လှမ်းလှမ်းတွင်လဲပြိုနေသော တောကောင်နှစ်ကောင်ကိုကြည့်ကြရာ ဟင်းကောင်ကြီးနှင့် ဝံနီကြီးကို ငြိမ်သက်၍ လုံးဝမလှုပ်နိုင်တော့သည်ကို မြင်ရသည်။
“ဆရာ – ဖိုးပိန်ဆိုပြီး ဘယ်နှယ့်ဟင်းကောင်ကြီးဖြစ်နေတာလဲ။ ဝက်ဝံကြီးကလည်း မည်းမည်းကြီးဆိုတော့ ကျွန်တော်တို့က မကောင်းဆိုးဝါးတွေမှတ်ပြီးလန့်နေတာပေါ့”
ဟု ကိုကြွက်နှင့် ဖိုးတီးကော်တို့က တစ်ပြိုင်တည်းမေးရာ –
“အေး ကိုကြွက်ရော ဖိုးတီးကော်ရောမှတ်။ တောဆိုတာကပရိယာယ်များတယ်။ အန္တရာယ်လည်းကြီးတယ်။ စိတ်ကိုနိုင်မှ၊ ဖိုးပိန်သေတာကို ကိုကြွက်နဲ့ ဖိုးတီးကော်တို့က သိနေလို့ပေါ့။ မသိတဲ့သူဆိုရင် ဖိုးပိန်ကို ဆင်းခေါ်ရင်”
“ဟုတ်တယ် ဆရာ။ ဟင်းကောင်ကြီးရဲ့အစာ ဖြစ်သွားမှာပေါ့”
“အင်း ဆရာရယ် ကျွန်တော်တို့အတွက်က မြေတူးမီးဖုတ်ထမင်းနဲ့ ဟင်းကောင်ကြီးရော၊ ဝံနီကြီးကိုပါမမေ့နိုင်အောင် ဖြစ်နေမှာပါ”
ကျည်ဆန်ရာနှစ်ချက်၊ ဒူးလေးမြားနှစ်ချောင်းစီ စိုက်နေသော ဟင်းကောင်ကြီးနှင့် ဝံနီကြီးတို့ကို ထော်မဲခမ်း၊ ထန်မိုလျန်နှင့် ကိုကြွက် ဖိုးတီးကော်တို့ ရွာကိုရောက်အောင် ထမ်းကြရပေဦးမည်။
ဇောင်းချောက်နှင့် လက်ပံချေရွာနှစ်ရွာက ဝံနီ(ဝက်ဝံနှင့် ကျားတစ်ကောင်) ဟင်းကောင်တို့ကို မြင်ကြလျှင် ဝမ်းသာသူနှင့် ကြောက်ရွံ့သူများ တအံ့တသြဖြစ်ကြပေလိမ့်မည်ဖြစ်သည်ကို တွေးလိုက်မိတော့သည်။
– ပြီး –
စာရေးသူ – စိုးယဉ်ထွန်း