• June 26, 2025
  • admin
  • 0

ဗိုလ်လုံ
မြေမနင်းသား

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း သုံးထောင်ကျော်မြင့်သည့် ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ်ရှိ ညောင်ကျိုးစခန်းသို့ ကျွန်တော်တို့ မုဆိုးအဖွဲ့သည် အမဲပစ်ရန် ယမန်နေ့ညကတည်းက ရောက်ရှိနေကြခြင်းဖြစ်သည်။

စခန်းသည် ရခိုင်ရိုးမပေါ်တွင် တည်ရှိပြီး ကားလမ်း ဝဲဘက် အမြင့်ပိုင်းတွင် တည်ရှိသဖြင့် ပတ်ဝန်းကျင် မြင်ကွင်းရှုကွင်း အလွန်ကောင်းပါသည်။

ဆောက်လုပ်ရေးမှ ဦးစောဒေးဗစ် တီထွင်ပြုလုပ်ပေးခဲ့သည့် ရေဆက်သွယ်ရေးလုပ်ငန်းသည် စခန်းအတွက် အလွန် တန်ဖိုးရှိပါသည်။ စခန်း၏အထက် ပေတစ်ရာကျော်အမြင့်ရှိသည့် ရေထွက်စခန်းမှ ရေကို သံပိုက်များဖြင့် သွယ်ယူပြီး အုတ်ကန်ကြီးထဲသို့ ထည့်သွင်းပေးထားခြင်း ဖြစ်ပါသည်။ ရေသည် အမြဲတမ်း လျှံကျနေပါသည်။

ညောင်ကျိုးစခန်းသည် အလွန်သာယာသောကြောင့် နွေရာသီတွင် ပြည်မြို့နှင့် ပန်းတောင်းမြို့မှ မြို့နယ်အင်ဂျင်နီယာ (သို့မဟုတ်) ပြည်မြို့မှ ခရိုင်အင်ဂျင်နီယာ၏ ထောက်ခံစာပါလျှင် ညောင်ကျိုးစခန်းတွင် အခမဲ့ တည်းခိုနိုင်ပါသည်။

စခန်းရှိ ပင်မအဆောက်အဦးမှာ ပျဉ်းကတိုးသစ်၊ ကျွန်းသစ်တို့ဖြင့် ဆောက်လုပ်ထားသည့် လေးပင်ပတ်လည် နှစ်ထပ် ဖြစ်ပါသည်။

စခန်းစောင့်ကြီး ဦးကျော်စိန်အား အကူအညီတောင်းလျှင် ရှိသည့်တောကောင်များဖြင့် မုဆိုးချက် ချက်ပေးလေ့ရှိပါသည်။

ရိုးမ မုဆိုးကြီး ဦးဘိုစ ရှိနေသောကြောင့် တောကောင်သားများဖြစ်သည့် ဂျီသား၊ ဆတ်သား၊ တောဝက်သား စသည့် တောကောင်သားများသည် စခန်းတွင် ပြတ်လှသည်ဟု မရှိလှပါ။ အနည်းဆုံး အခြောက်အခြမ်းတော့ ရှိတတ်ပါသည်။

ကျွန်တော်ကဲ့သို့သော အပျော်တမ်းမုဆိုးကြီးအတွက် စခန်းသို့ အချိန်မရွေး ဝင်ထွက်နိုင်ပါသည်။

ဦးဘိုးစ၊ ဦးကျော်စိန် စသူများနှင့် ခင်မင်ရင်းနှီးနေသည့်အပြင် သူတို့၏ အထက်အရာရှိများနှင့်လည်း ခင်မင်နေပါသည်။ ကျွန်တော်သည် ညောင်ကျိုးသို့လာတိုင်း သူတို့အတွက် အာမီရမ်စပြီး ရိက္ခာခြောက်တော်တော်များများ ယူလာလေ့ရှိပါသည်။

သူတို့ကလည်း ကျွန်တော့်အား လိုလိုလားလား မျှော်လင့်လေ့ ရှိကြပါသည်။ သူတို့ မျှော်နေကြခြင်းသည် ကျွန်တော်၏ ရိက္ခာများကြောင့် မဟုတ်ပါ။ မုဆိုးအချင်းချင်း ကူညီရိုင်းပင်းပြီး အမဲကောင်ကြီးများပစ်ရန် ကူညီရိုင်းပင်းလိုကြခြင်း ဖြစ်ပါသည်။

ဦးဘိုးစသည် သူ၏ အတွေ့အကြုံများကိုလည်း ကျွန်တော့်အား ပြောပြလိုခြင်းလည်း ဖြစ်ပါသည်။

ယမန်နေ့ ညနေကတည်းက ရောက်ရှိနေသည့် ကျွန်တော်တို့ မုဆိုးအဖွဲ့သည် ယနေ့ နေလယ်ပိုင်း၊ နေ့လယ်စာစားပြီးသည့် အချိန်အထိ အမဲလိုက်ခြင်း မလုပ်နိုင်သေးပါ။

အကြောင်းကတော့ ကျွန်တော်တို့စခန်းသို့ ရောက်သည့်အချိန်မှစပြီး မိုးသည် သည်းထန်စွာရွာနေရာ ယခုအချိန်အထိ မစဲသေးပါ။

စခန်းမရောက်မီ သုံးမိုင်ခန့်အလိုတွင် စစ်သုံးရိုင်ဖယ်တစ်လက်နှင့် ကျည်ဆယ်တောင့်ဖြင့် ချထားပေးခဲ့သည့် မုဆိုးကျော်စိန်ညိုသည် ကျွန်တော်တို့စခန်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ဂျီတစ်ကောင်အား ထမ်းပြီး စခန်းသို့ ရောက်ရှိလာပါသည်။

စိန်ညိုသည် ဤ လျှို့ဝှက်ပစ်ကွင်းဖြစ်သည့် ကားလမ်း၏ညာဘက်ချောက်ထဲမှ အမြဲတမ်းလိုလို ဂျီ တစ်ကောင်ကို ပစ်နိုင်ခဲ့သည်။ စိန်ညိုသည် တစ်ရွာတည်းသားဖြစ်သူ ရိုးမမုဆိုးကြီး ဦးဘိုးစနှင့် ပန်းတောင်း-တောင်ကုတ်လမ်း လုပ်ငန်းကိုပါ လုပ်ကိုင် ရင်း အမဲပစ်လေ့ရှိရာ ဦးဘိုးစ၏ လက်ထပ်သင်ပေးချက်အရ ဝါရင့်မုဆိုးကြီး ဖြစ်လာပါသည်။

စိန်ညို အမဲပစ်တိုင်း ကျည်ဆံတစ်တောင့်လျှင် အမဲတစ်ကောင် ရရှိလေ့ရှိပါသည်။

သူသည် မျက်စိရှင်ရှင် ခြေသံလုံလုံဖြင့် ဖိနပ်မစီးဘဲ အမဲကောင်၏ အနားသို့ ကိုက်နှစ်ဆယ်ခန့် ရောက်သည့်အထိ လေစုန်မှ ချည်းကပ်သွားပြီး ချက်ကောင်းကိုရွေးပြီး အပိုင်ပစ်ချလေ့ ရှိပါသည်။

ဗိုလ်ကြီးအောင်ခင် တပ်ဆွယ်မှူးတာဝန် ထမ်းစဉ်က ညောင်ကျိုးသို့လာ၍ အမဲပစ်ရင်း စိန်ညိုအား တွေ့သွားပြီး ဆင်တဲတပ်ဆွယ်တွင် စက်ကြီးမောင်းသမားအဖြစ် ခန့်ထားခဲ့ပါသည်။

ယခုအခါတွင် စိန်ညိုသည် မြေထိုး၊ မြေညှိစက်ကြီးများကို ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်နိုင်နေပြီ ဖြစ်ပါသည်။

“ဗိုလ်ကြီး မိုးတော့စဲသွားပြီ။ အမဲပစ်ချင်ရင် စခန်းအနီး အထက်ဘက်တောင်ကျောပေါ်မှာ အမဲတွေ့နိုင်တယ်။ ကျွန်တော်လိုက်ပြမယ်”

ဟု စိန်ညိုမှ လာရောက်သတင်းပို့ပါသည်။ ကျွန်တော်သည် စခန်းအဆောက်အဦး၏ ဆင်ဝင်ပေါ်မှ တောတောင်ရူခင်းများကို ငေးမျှော်ကြည့်ရင်း အတွေးနယ်ချဲ့နေရာမှ ရုတ်တရက် အိပ်မက်မှနိုးလာသကဲ့သို့ ဖြစ်သွားပါသည်။

“အေး … ပစ်ဖို့လာတာ ပစ်မှာပေါ့ကွာ။ ကိုလှမြင့်နဲ့ သန်းဝင်းတို့ကော ဘာလုပ်နေကြလဲ”

ဟု ပြန်မေးလိုက်ပါသည်။

“သူတို့ အိပ်မောကျနေကြတယ်။ ဦးဘိုးစလည်း အလုပ်ဆင်းသွားတယ် ဗိုလ်ကြီး”

ဟု ပြန်ဖြေလိုက်ပါသည်။

“ဒီလိုဆိုလဲ သူတို့ကို မနှိုးနဲ့တော့။ တို့နှစ်ယောက်ပဲ သွားကြတာပေါ့”

ဟု ပြောပြောဆိုဆို အမဲလိုက်ယူနီဖောင်းများ ဝတ်ဆင်လိုက်ပါသည်။

အမဲလိုက်ယူနီဖောင်းဆိုသည်မှာ ထိုခေတ်က စစ်သုံးယူနီဖောင်းပင် ဖြစ်ပါသည်။ အင်္ကျီသည် “ဘွတ်ရှ်ကုတ်” ဖြစ်ပြီး ယခုခေတ် ဆာဖာရီကုတ်နှင့် တူပါသည်။ အောက်အိတ်ထောင်နှစ်ခုထဲတွင် ကျည်ဆံများ ထည့်နိုင်ပါသည်။ ခြောက်လုံးပူးဓားမြှောင်နှင့် ရေဘူးများ တပ်ဆင်ထားသည့် စစ်သုံးခါးပတ်ကြီးကို ပတ်လိုက်ပါသည်။

စိန်ညိုသည် ရှေ့မှ ရိုင်ဖယ်ကိုထမ်းကာ ခပ်သွက်သွက် တောင်ပေါ် သို့ တက်သွားပါသည်။ သူတက်နေသည့် တောင်ပေါ်လမ်းသည် အဆင်ပြေသည့် လမ်းမဟုတ်ဘဲ ရည်မှန်းချက်သို့ အမြန်ရောက်ရန် အတက်ကြမ်းသည့် ဖြတ်လမ်းဖြစ်ပါသည်။

အချိန်မရှိတော့သည်က တစ်ကြောင်းနှင့် သူ၏ အကျင့်ဝါသနာအတိုင်း ဖြတ်လမ်းကို သုံးတတ်သည့်က တစ်ကြောင်းတို့ကြောင့် ဤကဲ့သို့ အဆင်းအတက်ကြမ်းသည့် လမ်းကို သုံးနေခြင်း ဖြစ်သည်ဟု ကျွန်တော် သဘောပေါက်လိုက်ပါသည်။

နာရီဝက်ခန့် ကြာသည့်အခါ အတော်ပြတ်ကျန်နေသဖြင့် စိန်ညိုသည် ကျွန်တော့်အား စောင့်ပြီး ခေါ်နေပါသည်။ ထိုစဉ်က ကျွန်တော်၏အသက်မှ နှစ်ဆယ့် ခြောက်နှစ်မျှသာရှိပြီး စိန်ညို၏အသက်မှာ ကျွန်တော့်ထက် တစ်နှစ်ခန့် ငယ်ပါသည်။ ကျွန်တော်သည် အားကစားသမားတစ်ယောက် ဖြစ်သော်လည်း အပြေးသမားမဟုတ်ဘဲ ကာယဗလသမား ဖြစ်နေခြင်းကြောင့် အတော်လေးနေပါသည်။

နောက်ထပ် တစ်ဆယ့်ငါးမိနစ်ခန့် သွားမိသည့်အခါတွင် ရည်မှန်းချက် တောင်ကျောပေါ်သို့ ရောက်ရှိသွားပါသည်။ ကျွန်တော်သည် သစ်ပင်ကြီးတစ်ပင်၏ ခြေရင်းတွင် မှီထိုင်လိုက်ပြီး ရေဘူးမှ ရေအနည်းငယ်ကို သောက်ပြီး အနားယူလိုက်ပါသည်။

စိန်ညိုကတော့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပါသည်။

ခဏကြာလျှင် စိန်ညို ရောက်ရှိလာပြီး ကျွန်တော့်အား သတင်းပို့ပါသည်။

“ဗိုလ်ကြီး … တောကောင်ခြေရာတွေကတော့ စုံနေတာပဲ။ လတ်လတ်ဆတ်ဆတ်တွေပဲ။ ပြောင်၊ ဆတ်၊ ဂျီ၊ တောဝက်ခြေရာတွေပဲ။ တစ်ကောင်တော့ ပစ်ရမှာပဲ”

စိန်ညိုသည် ရှေ့မှနေပြီး မျက်စိရှင်ရှင် ခြေသံလုံလုံဖြင့် သေနတ်ကို အသင့်အနေအထားဖြင့် ဖြည်းညင်းစွာ သွားနေပါသည်။

ကျွန်တော်သည် စိန်ညို၏နောက် ဆယ်ပေခန့်အကွာမှာ ဆီမီးအော်တို အမဲပစ်ရိုင်ဖယ်ကြီး “သာတီးအိုစစ်” ကို အသင့်ကိုင်ဆောင်ပြီး လိုက်နေပါသည်။ ရိုင်ဖယ်၏ ပြောင်းဝကျယ်မှာ “ဒသမ သုညသုညခြောက်” လက်မ ရှိပါသည်။ ယမ်းအားမှာ အတော်ပြင်းပါသည်။ ကျည်ငါးတောင့်ကို တစ်ချက်ခြင်း ကျည်မထိုးဘဲ ဆက်တိုက်ပစ်နိုင်ပါသည်။

အချိန်မှာ (၁၉၆၂)ခုနှစ် မိုးတွင်းပိုင်းကာလ ဖြစ်ပါသည်။ မိုးတွင်းကာလတွင် အမဲလိုက်ရသည်မှာ အမောခံနိုင်ပြီး ခြေသံလုံကာ သားကောင်များ၏ ခြေရာများကိုလည်း အလွယ်တကူ ကောက်ယူနိုင်သဖြင့် အလွန်အဆင်ပြေပါသည်။

သစ်ပင်ကြီးများပေါက်သည့် တောင်ကြားမြေပြန့် ကြီးမှာ အတော်လေးကျယ်ပြန့်ပြီး သစ်တောသည် အထက်ရှုပ်အောက်ရှင်း ဖြစ်သဖြင့် မြင်ကွင်းအတော်ကောင်းပါသည်။

ကျွန်တော်သည် ကျည်ဆံများကို ထိပ်ဖူးအပျော့နှင့်အမာကို တစ်ခုခြား ထည့်ထားပါသည်။ ပြောင်းထဲရှိသည့် ကျည်ဆံမှာ ထိပ်ဖူးအပျော့ ဖြစ်ပါသည်။ ထိပ်ဖူးအချွန်ကိုတော့ လုံးဝ ထည့်မထားပါ။

သစ်ပင်အမျိုး အတော်များသော်လည်း ကျွန်တော်သည် ကျွန်းပင်နှင့် ပျဉ်းကတိုးပင်သာ သိပါသည်။

နာရီဝက်ခန့်သွားကြပြီး ရှေ့မှ စိန်ညိုသည် ပျဉ်းကတိုးပင်ကြီးအကွယ်မှ ရပ်တန့်ပြီး ကျွန်တော်အား လက်ပြ၍ ခေါ်လိုက်ပါသည်။

ကွက်လပ်ကလေး၏တစ်ဖက် ကိုက်တစ်ရာခန့် အကွာရှိ သစ်ပင်တစ်ပင်၏ အခြေတွင် ရပ်နေ့သည့် ဆတ်တစ်ကောင်ကို လက်ညှိုးထိုးပြပြီး ကျွန်တော့် အား ပစ်ရန် အချက်ပေးလိုက်ပါသည်။

ဆတ်သည် ကန့်လန့်ငြိမ်သက်စွာ ရပ်နေပြီး ဦးခေါင်းပိုင်းကို သစ်ရွက်များ ဖုံးကွယ်ထားသဖြင့် ဂျိုကိုတော့ မမြင်ရပါ။ ဆတ်ထီးကြီးဟုပင် ယူဆလိုက်ပါသည်။

ကိုက်တစ်ရာခန့် အကွာအဝေးသည် စိန်ညိုအဖို့ အတော်ဝေးနေသည် ဖြစ်သော်လည်း ကျွန်တော့်အဖို့ကတော့ အတော်နီးနေပါသည်။ ရရှိထားသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ရှေ့လက်ပြင်ကို ချိန်ပြီး ပစ်ချလိုက်ပါသည်။

“ဒိုင်း”

ဆိုသော သာတီးဖိုးစစ် ကျည်ဆံကြီး၏ မြည်ဟီးသံသည် တစ်တောလုံး ညံသွားပါသည်။

စိန်ညိုသည် သားကောင်ရှိရာသို့ အပြေးလိုက်သွားရာ ကျွန်တော်သည် သူ့နောက်မှ ပြေးလိုက်သွားပါသည်။ ကျည်ဆံသည် ထိချက်ကောင်းပြီး ထိအားပြင်းသဖြင့် တစ်ချက်တည်းနှင့်ပင် ကိစ္စပြီးပါသည်။

ဆတ်ကြီးသည် မူလရပ်နေသည့် နေရာမှ ဆယ်ပေခန့်ဝေးသည့် နေရာသို့ လွင့်သွားပါသည်။

ထိပ်ဖူးအပျော့ကျည်သည် သားကောင်၏ တစ်ဖက်မှ ဖောက်ထွက်သွားခြင်းမရှိဘဲ အထဲမှာပင် အစိပ်စိပ်ကွဲပြီး သားကောင်အား တွန်းပစ်လိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ထို့ကြောင့် ထိချက်သည် အလွန်ပြင်းထန်ပါသည်။

ဆတ်ကြီးမှာ ကျွန်တော်ထင်သကဲ့သို့ အထီးကြီး မဟုတ်ဘဲ အမကြီး ဖြစ်နေပါသည်။

“ပွတာပဲ ဗိုလ်ကြီး … ကျွန်တော်တို့တော့ မြေမနင်းသား စားရတော့မယ်”

ဟု စိန်ညိုမှ ဝမ်းသာအားရပြောလိုက်ရာ ခံစားချက်ရှိသည့် ကျွန်တော်မှ …

“ဘာ မြေမနင်းသားလဲကွ”

ဟု ကျွန်တော်မှ ခပ်ဆတ်ဆတ်ပင် ပြောလိုက်ပါသည်။

မြေမနင်းသားဆိုသည့် မုဆိုးတို့၏ စကားကို ကျွန်တော် နားလည်ပါသည်။ ဇီးရှိနေသည့် မိခင်သားကောင်ကြီး၏ ဗိုက်ထဲမှ သားကောင်ငယ်အား ဆေးပင် ဆေးရွက် ဆေးခေါက်များဖြင့် စီမံပြီး ချက်ပြုတ်ထားသည့် အသားပင်ဖြစ်ပါသည်။ ထို မြေမနင်းသားသည် ဆေးဘက်ဝင်သည်ဟုလည်း ဆိုကြပါသည်။

အချိန်မှာ သုံးနာရီကျော်ကျော်ခန့်သာ ရှိသေးသဖြင့် ဆတ်မကြီးကို အကောင်လိုက် လူအားဖြင့် သယ်ယူရန် အကြံဖြင့် နေရာကို မှတ်သားထားပြီး ဖြတ်လမ်းမှပင် ဆင်းခဲ့ကြပါသည်။

အသွားတွင် တစ်နာရီခန့်သွားရသည့် ခရီးသည် အပြန်တွင် နာရီဝက်ခန့်သာ ကြာပါသည်။

သေနတ်သံကြားလိုက်ရသည့် သန်းဝင်းနှင့် ကိုလှမြင့်တို့သည် ကားဖြင့် ဦးဘိုးစနှင့် အလုပ်သမားများကို သွားခေါ်ကြပြီး စခန်းမှ ကျွန်တော်တို့ပြန်အလာကို စောင့်နေကြပါသည်။

စိန်ညိုသည် နှစ်လုံးပူးကိုင်သည့် ကိုလှမြင့်အား အလုပ်သမား ဆယ်ယောက်ခန့်နှင့်အတူ ကားဖြင့်ခေါ်သွားပြီး အမဲကောင်နှင့် အနီးဆုံးနေရာတွင် ကားကိုရပ်ထားခဲ့ပြီး တောင်ပေါ်သို့ တက်သွားပါသည်။

အဝတ်အစားများလဲပြီး ကိုယ်လက်သန့်စင်ရေးလုပ်ကာ ဆင်ဝင်ခန်းတွင် ထိုင်ပြီး အာမီရမ်နှင့် ဂျီသားနှပ်ကိုမြည်းလျှက် စဉ်းစားခန်း ဝင်ပြန်ပါသည်။

လူကြီး ဦးအေးမောင် ပြောပြသည့် ပြည်မြို့မှ “ဒေါက်တာသာမိုး” အမဲပစ်ပုံကို သွားပြီး သတိရမိပါသည်။

ဒေါက်တာသာမိုးသည် အပျော်တန်း အမဲလိုက်မုဆိုးဖြစ်သဖြင့် သူ့မှာ ပွိုင့်တူးတူးသေနတ်တစ်လက်၊ နှစ်လုံးပူး သေနတ်တစ်လက်နှင့် ဒသမသုံးရာခုနှစ်ဆယ့်ငါး (မက်ခ်နမ်) အမဲလိုက်ရိုင်ဖယ်ကြီး သေနတ်တစ်လက် ပါရှိသည်။

သူတို့အဖွဲ့သည် တစ်ညတွင် အောင်လံဘက်သို့ ကားဖြင့် မီးဆလိုက်ထိုးပြီး အမဲလိုက်ကြပါသည်။

ကြောင်တစ်ကောင် တွေ့သဖြင့် ဒေါက်တာသာမိုးက နှစ်လုံးပူး စရိတ်ကျည်ဖြင့် ပစ်လိုက်သည်။ ကြောင်မကြီးတွင် “ဇီး” အရင့်အမာနှင့် ဖြစ်ပါသည်။ ဒေါက်တာသာမိုးသည် ကြောင်သေကောင်ကြီးအား အိမ်သို့ ချက်ချင်းသယ်ဆောင်သွားပြီး ဗိုက်ကိုခွဲလိုက်ရာ ကြောင်ကလေးငါးကောင် ကျန်းကျန်းမာမာဖြင့် ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ထွက်လာပါသည်။

ဒေါက်တာသာမိုးသည် ကြောင်ကလေးများကို နို့တိုက်မွေးမြူပြီး အတော်ကြီးလာသည့် အချိန်တွင် ရန်ကုန်တိရစ္ဆာန်ရုံသို့ ပေးပို့လှူဒါန်းလိုက်ကြောင်း သိရပါသည်။ ထိုအချိန်မှစပြီး ဒေါက်တာသာမိုးသည် အမဲလိုက်ခြင်းအလုပ်ကို စွန့်လွှတ်လိုက်ကြောင်းလည်း သိရပါသည်။

စိန်ညိုတို့အဖွဲ့ကတော့ မြေမနင်းသားကို ကောင်းစွာချက်ပြုတ်စားကြပါသည်။ ကျွန်တော်ကတော့ မြေမနင်းသားလည်း မစား၊ ဆတ်သားလည်း မစားပါ။

စခန်းမှ အလုပ်သမားများကို ဟင်းစားပေးပြီး ဆင်တဲသို့ ဆင်းသွားကြပါသည်။ ဆတ်တဲတပ်ဆွယ်မှ တပည့်များကိုလည်း ဟင်းစား အနည်းငယ်ပေးကာ ညတွင်းချင်း ပြည်ဘက်သို့ ပဲ့ချိတ်ရေယာဉ်ဖြင့် ကူးသွားကြပါသည်။

ပြည်ဘက်ကမ်းရှိ မိတ်ဆွေများကိုလည်း ဟင်းစား အနည်းငယ် ပေးလိုက်ပါသည်။

ဂျစ်ကားနောက်တွဲယာဉ်ဖြင့် တိုင်းပြီး ပြုလုပ်ထားသည့် သေတ္တာကြီးထဲတွင် ဆတ်သားများကို ပလပ်စတစ်အိတ်များထဲတွင်ထည့်ကာ ဖိထားလိုက်ပါသည်။ နောက်နေ့ နံနက်စောစော ပြည်မှ ထွက်လာရာ ကိုးမိုင်ရှိတပ်ခွဲသို့ ရုံးချိန်အမီ ရောက်ရှိလာပါသည်။

တပ်ခွဲသို့ ရောက်ချိန်တွင် အရာရှိများမှစပြီး အားလုံးသော ဆတ်သားများကို ဝေငှပေးရန် တပည့်ကျော် သန်းဝင်းအား အမိန့်ပေးလိုက်ပါသည်။

သန်းဝင်းက …

“ဗိုလ်ကြီးအိမ်အတွက် မချန်တော့ဘူးလား”

ဟု မေးရာ ကျွန်တော်

“ငါ့အိမ်အတွက် ယုန်ကင်နှစ်ကောင် ရရင်ပြီးတာပါပဲ။ အရာခံဗိုလ် သန်းစိန်အတွက်ကော တောကြောင်ကင်တစ်ကင် ပါတယ်မဟုတ်လား”

ဟု မေးရာ သန်းဝင်းမှ ပါကြောင်း ပြန်ဖြေပါသည်။

“လက်နက်လိုင်စင်ပုံစံနံပါတ် ၁၆” စာအုပ်ငယ်တွင် အမများကို ဆတ်မှအထက် တောကောင်ကြီးများကို လုံးဝအမဲမလိုက်ရဟု ထားမြစ်ထားပါသည်။ အထီးများကိုလည်း အမဲမလိုက်ရသည့်အချိန် ကန့်သတ် ထားပါသည်။ ဆင်နှင့် ကြံ့များကိုတော့ လုံးဝ အမဲမလိုက်ရပါ။

အမှန်တော့ မုဆိုးများအားလုံးလိုလိုသည် ဤဥပဒေကို လိုက်နာခြင်းမရှိကြပါ။

ဤသည်မှာ ကျွန်တော်၏ “အကုသိုလ်လုပ်ပြီး ကုသိုလ်ဒါန” ပြုသည့် အလုပ်ပင်ဖြစ်ပါသည်။ ကုသိုလ်က များမည်ဟု ယူဆရပါသည်။

လျှို့ဝှက်ဆန်းကြယ်၊ တွဲ ၄၊ အမှတ် ၆၊ မတ်၊ ၂၀၀၁

– ပြီး –

စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *