မောင်မောင်ချစ်ဦး(မုံရွာ)
“အားညယ်. . . ကောင်းလိုက်တဲ့ အဆိပ် “
တောင်ပေါ်သား “အချန်ဖုန်” သည် ညက်စပြုနေပြီ ဖြစ်သော “ဖလာ” (မြန်မာအခေါ် -အဆိပ်) အနီကိုကြည့်၍ အားပါးတရ ရေရွတ်လိုက်သည်။
ဤ “ဖလာအနီ” သည် အချန်ဖုန်တို့လို ကချင်ပြည်နယ် ပူတာအိုဒေသနေ “ရဝမ်” “လရှီ” “လီဆူး” တိုင်းရင်းသားတို့၏ မရှိမဖြစ် မသုံးမဖြစ်သော အဖိုးတန်သော ပစ္စည်းလေးပင် ဖြစ်ပါသည်။
ဤ “ဖလာအနီ” (အဆိပ်) ကို မြားတံတွင် သုတ်လိမ်း၍ ရေခဲတောင်ပေါ်တွင် သွားလာကျက်စားကြသော ကတိုးကောင်များ၊ တာကင် (သားမင်း)များ၊ တောင်ဆိတ်များအပြင် တောတောင်ထဲရှိ တောဝက်များ၊ စိုင်၊ ဆတ်၊ စပါးကြီးမြွေများကို ပစ်ခတ်ဖမ်းဆီးကြရသည်။
ဤသို့သော မုဆိုးလုပ်ငန်းသည် အချန်ဖုန်တို့၏ နှစ်စဉ်လုပ်နေကျ လုပ်ငန်း၊ တစ်နည်းအားဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းပင် ဖြစ်ပါသည်။
မုဆိုးလုပ်ငန်းနှင့် တွဲဖက်ကာ “ခန်းတောက်မြစ်” နှင့် “မချစ်ဥ”များကိုလည်း ရှာဖွေတူးကြရပါသည်။ ခန်းတောက်မြစ်”နှင့် “မချစ်ဥ” မှာ အဖိုးတန်သော ရေခဲတောင်ထွက် ဆေးရွက် ဆေးဥများပင် ဖြစ်ပါသည်။
“အားကြီးကောင်းတဲ့ အဆိပ်”
အချန်ဖုန် ထပ်မံရေရွတ်လိုက်တော့ ဂျပ်ခုတ် (မြန်မာလို – ရက်ကန်းခတ်) နေသော မိန်းမဖြစ်သူ (မထီဆယ်) က မျက်စောင်းထိုးလိုက်သည်။ မည်သို့မျှတော့ မပြောပေ။
ယခုလို့ အချန်ဖုန်သည် ဒူးလေး၊ မြားတံ၊ ဖလာများကို စစ်ဆေးနေခြင်းသည် တောင်ပေါ်သို့တက်ရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။ ထိုသို့ပြင်ဆင်နေရင်းမှ မိမိ၏ ဖလာကို သဘောကျနေခြင်းပင် ဖြစ်ပါသည်။
ရေခဲတောင်ပေါ်သို့ တက်ရောက်ရန်အတွက် ခပ်မြန်မြန် ခပ်သုတ်သုတ် တောင်ပေါ်သို့ တက်နိုင်ပါမှ သားကောင် မြန်မြန်ရမည်ဖြစ်သည်။ သားကောင်နှင့် ဆေးရွက်၊ ဆေးဥများရမှ မကြာမီ ရောက်ရှိလာကြတော့မည့် လော်ပန်များတွင် ပါလာမည့် မီးဖိုချောင်သုံးပစ္စည်းများနှင့် လဲလှယ်နိုင်မည် ဖြစ်ပါသည်။
တစ်နေ့ကပင်လျှင် အချန်ဖုန်၏ မိန်းမဖြစ်သူ မထီဆယ်က ရေခဲတောင်ပေါ်သို့ မြန်မြန်တက်ရန် ပြောခဲ့သေးသည်။ ရေခဲတောင်ပေါ်တက်မှ ရေခဲပျော် သားကောင်များ၊ ရေခဲတောင်ပေါ်တွင် ပေါက်ရောက်သည့် ခန်းတောက်မြစ်နှင့် မချစ်ဥများ ရမည်ဖြစ်၍ သွားရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အေးကွာ … ပစ္စည်းပြင်ပြီးရင် တက်မယ်။ ပစ္စည်း ပြင်လိုက်အုံးမယ်”
ထိုသို့ပြောပြီး ပစ္စည်းပြင်နေခြင်း ဖြစ်ပါသည်။
+ + + + + + + + +
“အချန်ဖုန် ဘယ်နေ့ ရေခဲတောင်ပေါ် တက်မလဲ…”
အချန်ဖုန် ပစ္စည်းပြင်ဆင်နေသည်ကို မြင်ရသော မထီဆယ်က အချန်ဖုန် ရေခဲတောင်ပေါ် တက်မည့်နေ့ကို တိတိကျကျ သိရှိရန်အတွက် လှမ်းမေးလိုက်သည်။
“ငါ တစ်ရက် … နှစ်ရက်အတွင်း တက်မယ်ဟေ့ …”
“ရော် … အားညယ် ၊ ရိက္ခာအတွက် ဘယ်လိုလုပ်ရမလဲ … ခက်ပြီကော”
“ဘာခက်သလဲ … ညယ်၊ ခါတိုင်းလို ပြင်ပေးပါ”
“အေး … အေး … နင်သွားတဲ့အချိန် ရမယ်ပါ့”
အချန်ဖုန်သည် မိန်းမဖြစ်သူ မထီဆယ်နှင့် စကားပြောရင်းမှ မီးဖိုအပေါ်တည့်တည့်ရှိ အိမ်ခေါင်မိုးတွင် ဆိုင်းကြိုးဖြင့်ဆွဲ၍ ကျပ်တင်ထားသော “ဒူးလေးကိုင်း” ကို ကြည့်လိုက်သည်။
ဒူးလေးကိုင်းသည် အလျား ၅-ပေခန့်၊ ဗြက် ၅- လက်မခန့်ရှိ ပျဉ်ပြားချပ်ပင် ဖြစ်ပါသည်။ ခိုင်ခံ့စေရန်အတွက် တစ်နှစ်ပတ်လုံး မီးဖိုကြီးပေါ်တွင် ကြိုး ဖြင့် ဆွဲထားခြင်း ဖြစ်ပါသည်။
ဒူးလေးကိုင်းသာ ထိုသို့ ဆွဲထားသည်မ ဟုတ်ပါ။ ဒူးလေးကြိုးကိုလည်း လက်သန်းခန့်တုက်သည့် ကြိုး ရအောင်ကျစ်ထားရသည်။ ကြိုးကို သစ်ရွက်စိမ်းအရောင်ဖြင့် သုတ်လိမ်း၍ တင်းနေ၊ ဖြောင့်နေအောင် ကျောက်တုံးဖြင့် ဆွဲထားရသည်။ သို့မှသာ ခိုင်ခံ့သော ဒူးလေးကြိုးအဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ဤသို့သော ပစ္စည်းပြင်ဆင်မှု ပြုလုပ်ခြင်းမှာ အချန်ဖုန် တစ်ယောက်တည်းသာ မဟုတ်ပါ။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မြောက်ဖျားစွန်းရှိ ကျေးရွာ များမှ ရွာသားတိုင်းလိုလို ပြင်ဆင်နေကြခြင်းပင် ဖြစ်ပါသည်။ ရေခဲပျော်မုဆိုးများပင် ဖြစ်ကြသည်။
“အချန်ဖုန် … ရေခဲတောင်ပေါ်ကနေ မြန်မြန်ပြန်ဆင်းခဲ့နော်။ တော်ကြာ လော်ပန်တွေ လာကြတော့မယ်လို့ ငါကြားရတယ်ကော”
“အားညယ် … ငါတောင် ရေခဲတောင်ပေါ် မတက်ရသေးဘူး၊ နင်ကဆင်းခိုင်းနေပြီ။ နင် ကြားသလို ငါလည်း ကြားတာပါ့ညယ်…”
ဟုတ်ပါသည်။
မကြာမီတွင် လော်ပန်များ၊ ကုန်သည်ပွဲစားများ ဤဒေသသို့ ရောက်ရှိလာကြတော့မည် ဖြစ်သည်။ ၎င်းတို့ထံတွင် ပါရှိလာသော ဆား၊ ငါးပိ၊ အနွေး ထည်၊ ဖိနပ်နှင့် အခြားအခြားသော အသုံးအဆောင် ပစ္စည်းများနှင့် ရေခဲတောင်ထွက် သားကောင်များ ဆေးမြစ်များနှင့် လဲလှယ်ကြမည် ဖြစ်ပါသည်။
ထိုသို့ လော်ပန်များ လာရောက်ချိန်နှင့် အံကိုက်ဖြစ်စေရန် မထီဆယ်မှ အချန်ဖုန်ကို လောဆော်နေခြင်းပင် ဖြစ်ပါသည်။
“အချန်ဖုန် … လော်ပန်တွေလာရင် ဆားတွေ၊ ငါးပိတွေ ရအောင်လုပ်အုံးနော်။ အဲ့ဒါတွေဟာ အားကြီးအရေးကြီးတယ်ကောညယ် . . . ”
မထီဆယ်က ဂျပ်ခုတ် (ရက်ကန်းခတ်) နေရင်းမှ လှမ်းပြောသည်။ လော်ပန်များထံ ပါရှိလာမည့် ပစ္စည်းများ မရလိုက်မှာ စိုးရိမ်ပူပန်နေခြင်း ဖြစ်ပါသည်။ အကယ်၍ မရလိုက်ပါက တောတောင် များကို ခြေကျင်ဖြတ်ကာ ပူတာအိုမြို့အထိသို့ သွားဝယ်ယူရမည် ဖြစ်ပါသည်။
ထိုကဲ့သို့ မဖြစ်စေရေးအတွက် မထီဆယ်က သတိပေးနေရခြင်းပင် ဖြစ်ပါသည်။
“ငါ သိပါတယ်ကွာ … ရအောင်တော့ ဦးရမှာပေါ့။ ဒါပေမဲ့ နင်မပူပါနဲ့ ၊ လော်ပန်တွေဟာ အားကြီးလောဘကြီးတယ်။ ပစ္စည်းတွေ အများကြီးကို ယူလာကြမှာပါ”
မှန်ပါသည်။ အချန်ဖုန် ပြောသလိုပင် လော်ပန်ဆိုသူများသည် ကုန်သည်များပီပီ လွန်စွာမှပင် လောဘကြီးကြပါသည်။ ဖြူစင်ရိုးသားလှသော အချန်ဖုန်တို့လို တောင်ပေါ်သားများကို မတရား ခေါင်းပုံဖြတ်၍ မတန်တဆ ဈေးနှိမ်ကာ ပစ္စည်းခြင်း လဲလှယ်ရောင်းချခဲ့ကြပါသည်။
အချန်ဖုန်တို့ စွန့်စွန့်စားစား ရေခဲတောင်ပေါ်တက်၍ ရရှိလာကြသော ခန်းတောက်မြစ်၊ မချစ်ဥ၊ မရှော့ရွက်နှင့် သားကောင်များဖြစ်သည့် တောင်ဆိတ်၊ တာကင် (သားမင်း)၊ ကတိုးကောင်များကို အလကားနီးပါးမျှ လိုချင်ကြသည်။ ဈေးနှိမ်ကြသည်။ မလိုချင်သလိုလို၊ မဝယ်ချင်သလိုလို ဟန်ဆောင်ကြသည်။
သို့သော် သူတို့ယူလာကြသော့ ဆား၊ ငါးပိနှင့် အသုံးအဆောင်ပစ္စည်းများကျတော့ ဈေးကို အစွမ်းကုန်တင်ထားကြသည်။ အစွမ်းကုန် မြှင့်ထားကြသည်။ ပစ္စည်းချင်း လဲလှယ်ကြတော့လည်း မတန်တဆပင် ဖြစ်သည်။
ဒါတွေကို အချန်ဖုန်တို့တစ်တွေ သိရှိကြသော်လည်း ဘာမျှမတတ်နိုင်ပါ။ သူတို့နှင့်မျှ ပစ္စည်းချင်း မလဲလျှင် အခြားလဲမည့်သူ အဖွဲ့များ မရှိကြပါ။ ဒီတော့လည်း ခေါင်းပုံဖြတ်မှန်းသိလျက်နှင့် ငုံ့ခံနေကြရတော့သည်။ ဘာများ တတ်နိုင်မှာလဲလေ။
ဟုတ်ပါသည်။ မည်သို့မျှ မတတ်နိုင်ကြပါ။
သို့သော်လည်း အချန်ဖုန်တို့လို တောင်ပေါ် သားများအတွက် အင်မတန်မှ အဖိုးတန်လှသော ဆား၊ ငါးပိ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကို အိမ်တိုင်ရာရောက် လာရောက်ပို့ပေးသည့်အတွက် ကျေးဇူးပင်တင်စရာ ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ လော်ပန်များထံမှ ပစ္စည်းများကို မရရှိလိုက်ပါက အချန်ဖုန်တို့မှာ ဒုက္ခပင်။
အကြောင်းမှာ ဆား၊ ငါးပိ၊ အဝတ်အထည်များမှာ အချန်ဖုန်တို့အတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများပင် ဖြစ်သည်။ အဆိုပါ ပစ္စည်းများအတွက် တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ မြောင်းအသွယ်သွယ် ဖြတ်ကျော်ကာ ဝေးကွာလှသော ‘မချမ်းဘော’ နှင့် ‘ပူတာအို’ မြို့များအထိ သွားရောက်ဝယ်ယူရမည်သာ ဖြစ်ပါသည်။ အချိန်ကုန်မည်။ လူ ပင်ပန်းမည်သာ ဖြစ်ပါသည်။
ယခုတော့ အချန်ဖုန်တို့ ပင်ပင်ပန်းပန်း သွားရောက်၍ ဝယ်ယူရမည့် ပစ္စည်းများကို “ကိုလော်ပန်” တို့က အိမ်အထိ လာရောက်ပို့ပေးခဲ့သည့်အတွက် မတရားမှန်း၊ ခေါင်းပုံဖြတ်မှန်း၊ အမြတ်ကြီးစားမှန်း သိပင် သိငြားသော်လည်း သူတို့ကို ကျေးဇူးများပင် ပြန်၍တင်ရပါသေးသည်။
“မင်းတို့က ဒီပစ္စည်းတွေကို ရေခဲတောင်ပေါ်က အလကားရနေတာပဲ။ တို့ပစ္စည်းတွေလောက် အဖိုးမတန်ပါဘူးကွာ။ တို့က စေတနာနဲ့ ဒီပစ္စည်းတွေကို လာပို့ရတာ။ တို့ကို ကျေးဇူးတင်ဖို့ သိပ်ကောင်းတယ်နော်”
အပြောကောင်းသည့် ကိုရွှေလော်ပန်များပင်။
အချန်ဖုန်တို့ ရသည့် ပစ္စည်းများကို ရေခဲတောင်ပေါ်မှ အလကားရသည်တဲ့။ ပြောလည်း ပြောတတ်ပါပေ့။ အချန်ဖုန် ရယ်ချင်နေပါသည်။
အချန်ဖုန်တို့ ရေခဲပျော်မုဆိုးများသည် ရေခဲတောင်ပေါ်သို့ တက်၍ ဆေးဥ၊ ဆေးမြစ်များ ရှာဖွေတူးဖော်ခြင်း၊ အမဲလိုက်ခြင်းလုပ်ငန်းများသည် လွယ်ကူသော လုပ်ငန်းများ မဟုတ်သလို လော်ပန်များပြောသလို အလကားရသော ပစ္စည်းများလည်း မဟုတ်ပေ။
သက်စွန့်ဆံဖျား လုပ်ရသော အန္တရာယ်အလွန်များသော အလုပ်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ သားကောင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းများ၊ ရေခဲတောင်အရည်ပျော်၍ ပြိုကျကာ သေဆုံးရခြင်းများလည်း ရှိခဲ့ပါသည်။
ပြောရလျှင် ဤရေခဲတောင်သည် အချန်ဖုန်တို့ တောင်ပေါ် သားများအတွက် စားနပ်ရိက္ခာကို ဖြည့်ဆည်းပေးသော ကျေးဇူးရှင်ကြီး ဖြစ်သလို အန္တရာယ်ဖြစ်စေသော အသက်များယူတတ်သော သင်္ချိုင်းလည်း ဖြစ်ပါသည်။ လှပသော်လည်း ကြောက်စရာကောင်းသော နေရာဖြစ်သည်။
ဤသို့ အသက်နှင့်ရင်း၍ ရယူခဲ့ရသော ပစ္စည်းများကိုမှ “အလကားရနေတာပဲ” ဟု ပြောလာ၍ အချန်ဖုန် ရယ်ချင်သွားခြင်းပင် ဖြစ်ပါသည်။
ထိုသို့ အချန်ဖုန်တို့ အသက်စွန့် ၍ ရယူခဲ့ကြသော ပစ္စည်းများကို အလကားနီးပါးမျှ လိုချင်ကြသော လော်ပန်များ၊ ကုန်သည်ပွဲစားများကို လောဘ၏ သားကောင်များ ဖြစ်သည်ဟု ပြောရမည်လား မပြောတတ်ပါပေ။
သို့သော် ဘာမျှ မတတ်နိုင်ပါပေ။
+ + + + + + + + +
အချန်ဖုန်သည် “ဖလာ” အဆိပ်စေးများကို မြားတံတွင် သုတ်လိမ်းပြီးသည်နှင့် ဝါးကျည်တောက် အတွင်းသို့ စနစ်တကျ ထည့်လိုက်သည်။
ပလိုင်းထဲတွင် ထည့်ထားသော ပစ္စည်းရိက္ခာများကို ထပ်မံစစ်ဆေးလိုက်သည်။ ယခုလို အစစအရာရာ သေချာပြင်ဆင်ပြီးမှသာ ရေခဲတောင်ပေါ် သို့ တက်ကြရပါသည်။
မသေချာပါက ရေခဲတောင်ပေါ်သို့ ပင်ပင်ပန်းပန်းတက်ရောက်ရပြီး တောကောင်မရ၊ ဆေးမြစ်၊ ဆေးဥမရဘဲ ပြန်လာရမည်ဖြစ်ပါသည်။ မတော်ပါက အသက်အန္တရာယ်ပင် ဆုံးရှုံးစေနိုင်ပါသည်။
ထို့ကြောင့်လည်း အချန်ဖုန်သည် သေချာအောင် ပစ္စည်းများကို စစ်ဆေးနေခြင်းပင် ဖြစ်ပါသည်။
“ရိက္ခာ ပြည့်စုံတယ် မဟုတ်လား”
“ရိက္ခာ တစ်ပတ်စာတော့ နင်လောက်အောင် ငါထည့်ပေးထားတယ်ကော”
မထီဆယ်က ဂျပ်ခုတ်နေရင်းမှ လှမ်းပြောသည်။
အချန်ဖုန်သည် အစစအရာရာ ပြည့်စုံသေချာသည် နှင့် ပစ္စည်းနှင့်ရိက္ခာများ ထည့်ထားသော ပလိုင်းကိုကောက်လွယ်လိုက်သည်။ ထို့နောက် မြားကျည် တောက်လွယ်ကာ ဒူးလေးကို ဘယ်လက်ဖြင့်ကိုင်လိုက်ပါသည်။
“ငါ ရေခဲတောင်ပေါ် တက်တော့မယ်။ ငါ ပြန်မလာခင် လော်ပန်တွေ လာရင်လည်း နင် ပစ္စည်းတွေယူထားလိုက်။ ငါတောကောင်တွေ၊ ဆေးမြစ်တွေ ရအောင်လုပ်ခဲ့မယ်လေ့”
ပြောပြောဆိုဆို အချန်ဖုန်သည် ရေခဲတောင်သို့ဦးတည်ကာ ထွက်ခွာသွားပါသည်။
မထီဆယ်ကတော့ လုပ်နေကျအတိုင်း ဂျပ်ခုတ်မပျက် ခုတ်နေသည်။
မထီဆယ်အဖို့တော့ ရိုးနေပေပြီ။
ယခုလို ရာသီဥတုရောက်တိုင်း အချန်ဖုန်တို့လို ယောက်ျားသားများက ရေခဲတောင်ပေါ်သို့ တက်ကာ အမဲလိုက်နေကျ၊ ဆေးမြစ်၊ ဆေးဥများ တူးဖော်နေကျဖြစ်သည်။
မရိုးနိုင်သော လုပ်ရိုးလုပ်စဉ်တစ်ခုသာလျှင် ဖြစ်ပါသည်။ မြင်နေ၊ တွေ့နေကျ မြင်ကွင်းသာလျှင် ဖြစ်ပါသည်။
သို့သော် မလီဆယ်သည် ဂျပ်ခုတ်နေရင်းမှ အဝေးတွင် လှမ်း၍ မြင်တွေ့နေရသော ကျေးဇူးရှင် ရေခဲတောင်ကြီးကိုကြည့်၍ ဘုရားသခင်ထံတွင်-
“အချန်ဖုန်တစ်ယောက် သားကောင်များများရပါစေ။ ဆေးဥ၊ ဆေးမြစ် များများရပါစေ”
ဟု တိုးတိုးတိတ်တိတ် ဆုတောင်း၍ နေမိပါတော့သည်။
(ကချင်ပြည်နယ်သို့ အလွမ်းပြေ)
ငွေတာရီမဂ္ဂဇင်း
အမှတ် ၄၉၈
ဇန်နဝါရီလ ၊ ၂၀၀၂
– ပြီး –