တောက်ထိန်
မြွေငန်းအန္တရာယ်
(ယခု ရေးသားဖော်ပြသည့် အဖြစ်အပျက်မှာ တောတောင်အတွင်း အမှန်တကယ်ကြုံခဲ့ဖူးသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။)
ထိုစဉ်က ကျွန်တော်သည် မြန်မာနိုင်ငံအလယ်ပိုင်းမကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင်နေထိုင်ပါသည်။
ဖခင်မှာလမ်းလုပ်ငန်းဌာနမှအရာရှိ(လမ်းဗိုလ်ကြီးဟုခေါ်ကြပါသည်) တစ်ဦးဖြစ်၍ ကျွန်တော်မှတ်မိသမျှ မြို့ပေါ်ရုံးတွင် နေရသည့်ရက် နည်းပါးပြီး လမ်းသစ်ဖောက်လုပ်သည့် လမ်းသစ်ဖောက်လုပ်သည့် လမ်းစခန်းများတွင် အလုပ်သမားများ ယာဉ်နှင့် ယန္တရားများကိုကြီးကြပ်၍ ရွက်ထည်တဲထိုး စခန်းချနေထိုင်လေ့ရှိပါသည်။
တောတွင်းနှင့်မိုးရာသီတွင် ရာသီဥတုဆိုးဝါးခြင်း တောင်ကျချောင်းများရေကြီးရေလျှံ၍ ဆက်သွယ်မှု ပြတ်တောက်ခြင်းတို့ကြောင့် မိုးရာသီတွင် လုပ်ငန်းကို ခေတ္တရပ်နားထားရပြီး ပွင့်လင်းရာသီ ဆောင်းနှင့် နွေအခါမှ လမ်းအလုပ်စခန်းများ ပြန်လည်လုပ်ကိုင်သည်။ လုပ်ငန်းလိုအပ်ချက်အရ တဲစခန်းများကို တစ်နေရာပြီး တစ်နေရာပြောင်းရွှေ့လုပ်ကိုင်ပါ သည်။
ထိုအခါက တောတွင်းလုပ်ကိုင်သည့် လမ်းခင်းအလုပ်သမားများ၊ သူတို့ကို ကြီးကြပ်သူများ၊ ယာဉ်၊ ယန္တရားမောင်းသူနှင့် သူတို့၏ နောက်လိုက်များ၊ စက်ပြင်သူများ၊ လုပ်သားတချို့၏ မိသားစုများ စသည်ဖြင့် ရာနှင့်ချီသောဝန်ထမ်းများအတွက် အခြေခံရိက္ခာ ဆန်၊ ပဲ၊ ဆီ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ငါးပိစိမ်းစားစသည်များကိုလည်း တစ်ပါတည်းယူဆောင်သွားပြီး တောတွင်းမှာပင် ချက်ပြုတ်စားသောက်၍ လုပ်ငန်းများ ဆောင်ရွက်ကြရပါသည်။
ကျွန်တော်သည် ထိုစဉ်က (၈)တန်းကျောင်းသားဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ချိန်တွင် ဖခင်နှင့်အတူတောတွင်းအလုပ်စခန်းများသို့ လိုက်ပါနေထိုင်၍ လမ်းခင်းလုပ်သားများ၊ ယာဉ်၊ ယန္တရားမောင်းသူများ၊ သူတို့ မိသားစုများနှင့် ခင်မင်ရင်းနှီးခဲ့ပါသည်။
ထိုကာလက ကျွန်တော့်ဖခင် ကြီးကြပ်ဆောင်ရွက်သည့် လမ်းဖောက်လုပ်ငန်းမှာ တောင်တွင်းကြီးအပိုင် ချောင်းနက်ကျေးရွာမှ အရှေ့ဘက် ပဲခူးရိုးမသို့တက်၍ ကင်ပွန်းတောင်ဆည်အနီး သရက်စမ်းကျေးရွာမှ ပျဉ်းမနားမြို့နယ်၊ မိုးစွေကျေးရွာအထိ လမ်းကြမ်းဖောက်ခြင်း၊ ကိုးလက်မကျောက်ခင်းခြင်း၊ အချို့ကျောက်ကြီးခင်း၍ အသားကျပြီးသော လမ်းပိုင်းများတွင် နှစ်လက်မခွဲကျောက်ခင်းခြင်း လိုအပ်သော နေရာများတွင် ရေမြောင်းတူး, ရေပြွန်ချခြင်းနှင့် တံတားခင်းခြင်း၊ လမ်းပခုံးဖို့ခြင်း၊ ရေဆင်းမြောင်းဖော်ခြင်းတို့ကို လူအား၊ စက်အားတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီးလုပ်ကိုင်နေကြရာ ကျွန်တော့်အဖို့ ပျော်စရာကြီးဟု ထင်ခဲ့ပါသည်။
ကျွန်တော့်ဖခင်လက်အောက်တွင် ဖော်ပြပါအတိုင်း ဝန်ထမ်းများရှိကြရာတွင် ဝန်ထမ်းတစ်ဦးမှာ ချင်းအမျိုးသား ဦးဇော်ကြီးဆိုသူဖြစ်၏။ ဒေသခံ မုဆိုးတစ်ဦးလည်း ဖြစ်ပါသည်။
ဦးဇော်ကြီး၏ လုပ်ငန်းတာဝန်မှာ တောကျွမ်းသူဖြစ်၍ လမ်းအူကြောင်း ရှာဖွေပေးခြင်းဟု အကြမ်းဖျင်းသိရ၍ မည်ကဲ့သို့ အင်အားပြခန့်ထားကြောင်း ကျွန်တော်မသိပါ။
လမ်းအူကြောင်းမှာ အမြဲရှာပေးနေရသော လုပ်ငန်းမဟုတ်သဖြင့် လိုအပ်ချက်ရှိသောအချိန်တွင် ထိုလုပ်ငန်းကို ဆောင်ရွက်ပြီး ကျန်သောအချိန်များတွင် ဦးလေးကြီးသည် ဒူးလေးတစ်လက်နှင့် အမဲပစ် အမဲရှာ ထွက်လေ့ရှိပါသည်။
တစ်ခါတစ်ရံတော့ စခန်းမှာချက်ပြီး ထမင်းများဟင်းများကို စခန်းမှ သုံးလေးမိုင်အကွာတွင် အလုပ်လုပ်ရသည့် ယန္တရားမောင်းသူနှင့် ဝန်ထမ်းအချို့အတွက်(စက်ကြီးအဖွဲ့ဟု ခေါ်သည်)ထမင်းပို့ခြင်း အလုပ်ကိုလည်း တာဝန်ယူဆောင်ရွက်ပေးပါသည်။
ဦးဇော်ကြီးအဖို့ ထမင်းပို့သွားသည့်အခါ ခရီးသွား ဟန်လွှဲကြုံရသည့် တောတောင်ကို သူ့လက်စွဲတော် ဒူးလေးနှင့် ပစ်ခတ်ရရှိလေ့ရှိပြီး အတန်ငယ်အသက်ကြီးသော်လည်း(အသက်၅ဝ)မုဆိုးပီပီ ကျန်းမာသန်စွမ်းဖြတ်လတ်ခြင်း၊ တောတွင်း ဖြတ်လမ်းများသိခြင်းတို့ကြောင့် လမ်းရိုးကသာ သွားတတ်သည့် ကျွန်တော့်တို့ထက် လျင်မြန်စောစီးစွာ လိုရာသို့ ရောက်လေ့ရှိပါသည်။
ကျွန်တော်က နွေရာသီများတွင် ဖခင်နှင့် တောအတွင်းလိုက်ပါနေထိုင်ဖန်များ၍ အလုပ်သမားတော်တော်များများနှင့် ရင်းနှီးပြီး တောတွင် ဆော့ ကစား(ငှက်ပစ်၊ ဖွတ်လိုက်၊ ပုတတ်ရှာ၊ ငါးမျှားစသည်ဖြင့်) နေထိုင်ရသည်ကို သဘောကျ နှစ်ခြိုက်ပါသည်။
မုဆိုး ဦးဇော်ကြီးနှင့်လည်း ခင်မင်နေပြီးဖြစ် ပါသည်။ ဦးဇော်ကြီးသည် စခန်းတွင် နေထိုင်သည့်အခါ ကျွန်တော် သူ့ထံ သွားလည်သည်ကို လက်ခံသော်လည်း သူတောလိုက်ထွက်သည့်အခါ အန္တရာယ်ရှိသည်ဟု အကြောင်းပြ၍ ကျွန်တော့်ကို သူနှင့်လိုက်ခွင့်မပြုပါ။ (မုဆိုးစည်းကမ်းများ နားမလည်၍ ကျွန်တော်က သူ့အတွက် အနှောက်အယှက်ဖြစ်စေတာလည်းပါလိမ့်မည်)
သူက ကျွမ်းကျင်သောမုဆိုးကြီးဖြစ်၍ တောလည်ထွက်လျှင် မျောက်အစ ချေအဆုံး တစ်ကောင်မဟုတ် တစ်ကောင်တော့ ရလာသည်သာဖြစ်၍ သူ့ဆရာ(ကျွန်တော့်အဖေ)ကို ခွဲဝေပေးခြင်းကြောင့် ကျွန်တော်တို့မှာ သဘာဝတောကောင်ဟင်းဖြင့် အူစိုကြရပါသည်။
ပိုလျှံသည်များကို ကျပ်တင်အခြောက်လှန်း ရောင်းချခြင်းဖြင့် ဦးဇော်ကြီးမှာ သူများထက် ငွေပိုငွေလျှံသုံးနိုင်ပါသည်။ သူသည် တစ်ကိုယ်တည်းနေထိုင်၍ အိမ်ထောင်ရှိသလား၊ လူပျိုကြီးလား၊ မုဆိုးဖိုလား၊ တစ်ခုလတ်လား ကျွန်တော်မသိပါ။
ထိုစဉ်က သူ့အသက် ၅ဝ ခန့်ဖြစ်သော်လည်း ကျန်းမာသန်စွမ်းပါသည်။ အသားဖြူဖြူ၊ အရပ်ပုပျပ်ပျပ်နှင့် တစ်ကိုယ်လုံးအပြည့် ထိုးကွင်းမင်ကြောင်များထိုးထားပြီး ဆံပင်ရှည်ထား၍ ညာဘက်နဖူးထိပ်မှာလက်သီးဆုပ်ခန့် ဆံထုံးကလေး ထုံးထားသည်။
စွပ်ကျယ်လက်စက နှင့် ဘောင်းဘီတို ဒူးကျပွပွကြီး တစ်ထည်းပေါ်က ချည်ပုဆိုး(လုံကွင်း) တစ်ထည် ထပ်ဝတ်ထားပါသည်။ ပုဆိုးကို ဝတ်ထားသည်ကနည်းပြီး ကွင်းသိုင်း၍ ခြုံထားတာများပါသည်။
သူ့အထက်အရာရှိ (ကျွန်တော့်အဖေ)နှင့် တွေ့ဖို့လာသောအခါများသာ ရိုသေသမှုဖြင့် ပုဆိုးကိုခါးမှာစည်းပါသည်။ ကျန်အချိန်များကတော့ ပုဆိုးကွင်းသိုင်းနှင့်ပင် နေလေ့ရှိသည်။
တောစခန်းသို့ အလည်လိုက်လာသော ကျွန်တော့်အဖို့ကား ဘာတာဝန်မှမရှိ။ စားပြီး အိပ်၊ အိပ်ပြီးဆော့ကစား (လေသေနတ်တစ်လက်နှင့် တော လည်၍ ပုတတ်ရှာ၊ ဖွတ်ရှာ)။
ချောင်းတွေ့လျှင် ရေဆင်းကူး၊ ငါးမျှား၊ မုဆိုး ဦးဇော်ကြီးထံမှရသော တောကောင်သားအမျိုးမျိုးကို ဖခင်၏ ထမင်းချက် ကိုစိန်အား အကြော်အလှော်အမျိုးမျိုးလုပ်ခိုင်း၊ အလုပ်သမားများ၏ ညဘက် ကက်ဝိုင်းတွင် ဝင်ထိုင်၊ အကောက်ကောက်၊ ကျွန်တော်နှင့် ပါလာသော လက်တောက်ခုံကို အောက်လင်းဓာတ်မီးတစ်လုံးနှင့် ဝိုင်းဖွဲ့ ဇယ်တောက် ကစားခြင်းစသည်တို့ဖြင့် ဘဝတစ်သက်တာတွင် အပူအပင် အကြောင့်ကြအကင်းဆုံး အပျော်ဆုံးအချိန်များ ဖြစ်ခဲ့ပါသည်။
ကျွန်တော်သည် တောစခန်းတွင် ပျော်သလိုနေခဲ့ရာမှ ဘယ်ဟာက ပိုပျော်သည်ဟုပင် မမှတ်မိပါ။
အလုပ်သမားများနှင့် ညအချိန် ဇယ်ဝိုင်း၊ ကက်ဝိုင်းများတွင် တဟီးဟီးတဟားဟား နေခဲ့ခြင်းသည်လည်းကောင်း၊ တောထဲတွင် အဖော်တစ်ယောက်နှင့် ပုတတ်လိုက်ခြင်း၊ ဖွတ်ပစ်ခြင်း၊ ရစ်ထောင်ခြင်းသည်လည်းကောင်း၊ တောင်ပေါ်ချောင်းရေစပ်စပ်တွင် ငါးမျှားခြင်း၊ ငါးပက်ခြင်းသည်လည်းကောင်း၊ တစ်ခါတစ်ရံ တောထဲသို့ ရောက်လာတတ်သည့် ဝါးခုတ်သူ၊လျှော်ခွာသူများနှင့် လိုက်သွား၍ သူတို့နှင့်အတူ စားရသောက်ရခြင်း၊ ပျားဖွပ်သူများနှင့် လိုက်၍ ကူညီပြီး သူတို့ဘဝ လုပ်ပုံကိုင်ပုံများကို စပ်စုရခြင်း သည်လည်းကောင်း ပျော်စရာ့ ပျော်စရာတွေချည်းသာ ဖြစ်ပါသည်။
ထိုပျော်စရာတွေထဲမှာ အမှတ်ထင်ထင်နှင့် ပျော်စရာ၏ ဟိုဘက်ဘူတာကိုလွန်ပြီး ကံကောင်းလို့ မသေ ကြုံခဲ့ဖူးသည့် အဖြစ်အပျက်တစ်ခုကို ဖော်ပြလိုပါသည်။
တစ်နေ့သောအခါ ကျွန်တော်သည် ယန္တရားမောင်းသောအဖွဲ့နှင့် လိုက်သွားခဲ့ပါသည်။ သူတို့တာဝန်က လမ်းကြမ်းတစ်နေရာတွင် လမ်းခင်းရန်မလွယ်သော သစ်ပင်များနှင့် မညီမညာဖြစ်နေသော တောင်စောင်းဖြိုချ အချောကိုင်ရန် ဖြစ်လေရာ တောင်ဖြို မြေညှိတာက ပြဿနာမရှိသော်လည်း သစ်ပင်ကြီးများကို ဘူဒိုဇာစက်ကြီးဖြင့် ထိုးလှန်ရသည့်အခါ သစ်ပင်ပိ သစ်ကိုင်းရိုက်နိုင်သည့်အန္တရာယ်ရှိ၍ သစ်ပင်လှဲသည့်အခါ စက်ကြီးပေါ်မှာ မနေဘဲ လွတ်ရာမှာနေရန် ဖခင်ဖြစ်သူက မှာကြားပါသည်။
စက်မောင်းသမားများက“ရက်ဆား”လုပ်ကြ၍ ကျွန်တော်ကလည်း အဖေမှာတာ လိုက်နာမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသည်။
စက်မောင်းသမားများက ကျွန်တော် သူတို့နှင့် လိုက်တာကို သဘောကျသည်။ ကျွန်တော်က ကျွန်တော့်ဖို့အပြင် သူတို့အတွက်ပါ ရိက္ခာအပိုများ၊ တစ်ခါတစ်ရံ ဦးဇော်ကြီးထံမှရသည့် အသားခြောက်များကို ထည့်ယူလာတတ်၍ သူတို့က သဘောကျကြပါသည်။
ကျွန်တော်က စက်ကြီးအဖွဲ့နှင့် လိုက်လိုခြင်းမှာ တစ်ခါတစ်ရံ တွန်းလှဲရသော သစ်ပင်ကြီးများတွင် ကြက်တူရွေး၊ သာလိကာသစ်ခေါင်းများ ပါတတ်၍ သစ်ခေါင်းထဲမှာ သာလိကာပေါက်စကလေး၊ ကြက်တူရွေးပေါက်စကလေးများ နှိုက်ယူမွေးမြူခြင်း။
တစ်ခါတစ်ရံ ဖွတ်ကြီးများ ခိုအောင်းနေသည့် သစ်ပင်ကို လှဲမိ၍ ကြောက်လန့်တကြား ဆင်းပြေးသော ဖွတ်ကြီးကို အလုပ်သမားများနှင့် ဝိုင်းလိုက်ပြီး ချက်စားရခြင်း(ဖွတ်သားကို ကျွန်တော် စားတတ်နေခဲ့ပြီ)
တောဥသျှစ်သီးပင်များလှဲလျှင် ဥသျှစ်သီးခူးခြင်း(လက်သီးဆုပ်ခန့်သာကြီးသော်လည်း တောဥသျှစ်သီးမှည့်က အလွန်ချိုပါသည်)
တောထဲအပင်တိုင်းမှာလိုလိုရှိနေတတ်သည့် သစ်ခွပင်များကို လဲကျသော သစ်ပင်မှ ခွာယူပြီး မြို့ပေါ်ပို့ပေးခြင်း(အလွန်မျက်နှာပွင့်သည်)တို့အတွက် ဖြစ်ပါသည်။
ထိုနေ့တွင် စက်ကြီးသမားများ ထုံးစံအတိုင်း နံနက်စောစာကို စခန်းတွင်စား၍ စက်စောင့်အိပ်သူ(၂)ယောက်အတွက် ရိက္ခာထုပ်ယူပြီး ဝေလီ ဝေလင်းခေါ်ရမည့်အချိန်မှာပင် စခန်းမှ သုံးလေးမိုင်ခန့်ကွာမည့် နေရာကို စက်ကြီးမောင်းသူနှင့် သူ၏လက်ထောက်၊ ကျွန်တော်ပါ (၃)ဦးသား ထွက်ခဲ့ပါသည်။
(ယန္တရားစက်ကြီးကို အလုပ်သွား အလုပ်ပြန် အမြဲတမ်း စခန်းသို့ မောင်းယူလာခြင်းမပြုပါ။ လုပ်ငန်းလက်စသတ်မည့်နေရာတွင် ညစောင့်ထား၍ ရပ်ထားခဲ့ပြီး စက်မောင်းက စခန်းပြန်အိပ်လေ့ရှိသည်။)
အလုပ်ခွင်နေရာတွင် ယမန်နေ့က ကျွန်တော့်ဖခင် ညွှန်ကြားထားပြီးဖြစ်သော မလွတ်မလပ် သစ်ပင်များကို ဘူဒိုဇာစက်ဖြင့် တွန်းလှဲခြင်း, မညီမညာဖြစ်နေသည့် တောင်စောင်းကို ထိုးညှိခြင်းများ လုပ်နေစဉ် ကျွန်တော်က အနီးပတ်ဝန်းကျင် ဝါးရုံများတွင် လေသေနတ်ဖြင့် ငှက်ပစ်၍ ရလာသော ငှက်နှစ်ကောင်ကို အမွေးနုတ် သုတ်သင်ကာ မီးမွှေး၍ ဖုတ်ကင်ပါသည်။
တစ်ဆက်တည်း စက်မောင်းဆရာများအတွက် ရေနွေးကြိုပါသည်။ ထိုနေ့လယ် ထိုနေ့အဖို့ လှဲချထားသော သစ်ပင်မှ သစ်ခွပန်းများကို အုံလိုက်ခွာယူခြင်း၊ လျှော်ကြိုးများဖြင့် စုစည်းချည်နှောင်ခြင်းတို့ဖြင့် တစ်ယောက်ထဲ အလုပ်များနေသည်။
ယန္တရားစက်မောင်းများနှင့် နောက်လိုက်များ နံနက်ပိုင်း သူတို့လုပ်ငန်း လက်စသတ်သောအခါ နံနက် ၁၁ နာရီခန့် ရှိပြီး ခဏကြာလျှင် မုဆိုးဦးဇော်ကြီး ထမင်းပို့လာတော့မည်မို့ အလုပ်သမားများ စက်ကိုရပ်နားပြီး ခြေလက်ဆေးကြော၊ ဆေးလိပ်ကိုယ်စီဖွာ၍ ထမင်းမျှော်ရင်း အနားယူနေကြပါသည်။
ကျွန်တော်လည်း ပစ်၍ရရှိသော ဝါးယောင်းငှက် နှစ်ကောင် မီးဖုတ်၍ ဖဲ့ရွဲ့စားပြီးနောက် မတင်းတိမ်နိုင်သေး။ ထမင်းလည်းဆာပြီမို့ မုဆိုးဦးဇော်ကြီးကို မျှော်ရင်း အလုပ်သမားများဘေးမှ သစ်မြစ်ဆုံတစ် ခုကိုမှီ၍ လဲလျောင်းနေမိပါသည်။ ခဏကြာတော့ ငိုက်မြည်းလာပြီး လှစ်ခနဲ အိပ်ပျော်သွားမိသည်။
မည်မျှကြာသည်မသိ နားထဲမှာ ဆူညံသောအော် ဟစ်သံများ “ပြေးဟေ့… ပြေးဟ” ဟူသော အော်သံများကြောင့် လန့်နိုးလာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကျွနတော့်နားတွင် ဘယ် သူမျှ မရှိတော့။
တော်တော်လှမ်းလှမ်းတောစပ်လေးဆီမှ “ဝူး… ဝူး… ဝါး… ဝါး” ငယ်သံပါအောင် အော်သံများကြားရပြီးစက်ကြီးမောင်းသမားနှင့် သူ၏ လက်ထောက်မှာ ဘူဒိုဇာစက်ကြီးပေါ်သို့ ကုပ်တွယ်၍တက်နေတာ မြင်ရသည်။
အလုပ်သမားတစ်ယောက်က အနီးရှိ ပိတောက်ပင်ကြီးကို ဖက်တက်နေသည်။ (တောထဲရှိ သစ်ပင်ကြီးများမှာ အောက်အခြေတွင်ကိုင်းဖြာလေ့မရှိ၊ ထောင်မတ်တက်သွားပြီး အပေါ်အမြင့်ရောက်မှ ကိုင်းဖြာလေ့ရှိသည်။)
စက်ကြီးပေါ်ရောက်သွားသော ဘူဒိုဇာစက်မောင်းက
“ဟ ကောင်လေး … ပြေးဟ … ပြေးဟ”
ဟု ကျွန်တော့်ကို လှမ်းအော်နေစဉ် မှ “ဝူး… ဝူး… ဝါး… ဝါး” အော်သံကြားရသော တောစပ်မှ လူတစ်ယောက် ကဆုန်ပေါက် ပြေးထွက်လာသည်။
သေသေချာချာကြည့်တော့ မုဆိုးဦးဇော်ကြီးဖြစ်နေ သည်။ သူ့ကိုယ်ပေါ်မှာ ကွင်းသိုင်းထားနေကျ ပုဆိုး၊ လုံကွင်း ပါမလာတော့ဘဲ အတွင်းခံဘောင်းဘီနှင့်သာ ပြေးလာသော ဦးဇော်ကြီးမှာ ခါတိုင်းပါလာ နေကျ ဒူးလေးနှင့် ဆွဲလာနေကျနှင့် ထမင်းချိုင့် ထမင်းတောင်းများလည်း မပါတော့ပါ။
သူထွက်လာသည့်နေရာမှာ ချောင်းစပ်သဲပြင်ဖြစ်၍ သဲပေါ် တွင် ဦးဇော်ကြီးမှာ ယက်ကန်ယက်ကန်နှင့် ပြေးနှုန်းနှေးသွားစဉ် သူ့နောက်ဘက် ဝါးတစ်ရိုက်ခန့်တွင် အစင်လိုက်လျှောဆင်းလာသော နှစ်လံကျော် နီးပါးအရှည် မြွေကြီးတစ်ကောင်ကို ကျွန်တော်တို့က ကုန်းမြင့်ပေါ်ကမို့ အထင်းသား မြင်လိုက်ရသည်။
ကံကောင်းသည်မှာ သဲပေါ်တွင် ဦးဇော်ကြီး ပြေးနှုန်းလျော့သွားသကဲ့သို့ သူနောက်က မြွေကြီးမှာလည်း သဲပေါ်တွင် အမြန်မသွားနိုင်ဘဲ ခပ်နှေးနှေးဖြစ်သွားပါသည်။
သို့သော် ဦးဇော်ကြီးနောက်ကို သဲသဲမဲမဲ လိုက်နေတတော့ သေချာသည်။
ကျွန်တော်တို့အားလုံး အဖြစ်အပျက်ကို အထင်းသားတွေ့နေရသော်လည်း ဘယ်သူက ဘာလုပ်ရမှန်းမသိပါ။ အားလုံးပင် ကြောင်တောင်တောင် ဖြစ်နေကြပါသည်။
အသံထွက်နိုင်တာဆိုလို့ ဦးဇော်ကြီးတစ်ယောက်သာ တဝူးဝါးဝါးအော်လည်းအော် ပြေးလည်းပြေးနေပါသည်။
ထိုအချိန်တွင် စက်မောင်းဆရာသည် စက်ကြီးပေါ်ရောက်နေပြီး သူအားကိုးသည့် ဘူဒိုဇာစက်ဖြင့် ကဆုန်စိုင်း၍ ပြေးရန်ကြံလေသလားမသိ။ သူ၏ ဘူဒိုဇာစက်ကြီးကို နှိုးလိုက်ပါသည်။
ဘူဒိုဇာအင်ဂျင်ကြီးများမှာ မြင်းကောင်ရေကြီးမားလှ၍ စက်နှိုးမော်တာများ အလွန်သန်မာလှသည်ဖြစ်ရာ ဘက်ထရီအားဖြည့်၍ စတပ်တာခလုတ်ကို နှိပ်လိုက်လျှင်ပင် တဒေါင်းဒေါင်းမြည်သော မော်တာစက်သံနှင့် တဝုန်းဝုန်းမြည်သော အင်ဂျင်သံက တောထဲတောင်ထဲမှာ ဆူညံမြည်ဟိန်းသွားပါတော့သည်။
ထိုအသံသည် ကျွန်တော်တို့အားလုံး၏ အသက်ကို
ကယ်လိုက်ခြင်းဖြစ်တော့သည်။
အမှန်တော့ ဘူဒိုဇာစက်မောင်းဆရာသည် သူ့စက်သံဖြင့် မြွေကို ခြောက်လှန့်မည်ဟူသော ရည်ရွယ်ချက်မရှိဘဲ လုပ်မိလုပ်ရာ စက်ကိုနှိုးလိုက်ခြင်းဖြစ်သော်လည်း ထိုဆူညံလှသောအသံကပင် မုဆိုးဦးဇော်ကြီးနောက်သို့ သဲသဲမဲမဲလိုက်နေသော ငန်းမြွေကြီးကို ခြောက်လှန့်လိုက်သလို ဖြစ်သွားရပါသည်။
ကျွန်တော်တို့ ကြည့်လိုက်သောအခါ မြွေကြီးမှာ ဘယ်ဆီရောက်သွားပြီးမသိ။ ဦးဇော်ကြီးနောက်မှာ မရှိတော့ပါ။ ကျွန်တော်တို့မှာတော့ အောက်ပိုင်းမလုံကြတော့ဘဲ ဘူဒိုဇာစက်ကြီးပေါ် စုပြုံတတ်ကြပါသည်။
အမောဆို့နေသော မုဆိုးကြီးကိုလည်း စက်ပေါ်ဆွဲ တင်၍ နှာနှပ်ပေးကြရပါသည်။
စောစောက ဘယ်ရောက်သွားမှန်း မသိရသော စက်ညစောင့်အလုပ်သမားလည်း တောထဲဝင်ပြေးရာက ပြန်ထွက်ပြီး စက်ပေါ်ရောက်လာပါသည်။
သူက အကြောက်လွန်ပြီး ရှူးရှူးတွေထွက်ကျကာ ပုဆိုးတစ်ထည်လုံးရွှဲနေ၍ ရယ်အားသန်ရသေးသည်။
အားလုံးအမောပြေ၍ ဦးဇော်ကြီးပြောပြသည်မှာ ထိုနေ့တွင် ထမင်းဟင်းများ ခူးခပ်ထည့်ပြီး ဒူးလေးတစ်လက်နှင့် တောတွင်းဖြတ်လမ်းမှ ကျွန်တော်တို့အဖွဲ့ထံ လာခဲ့ကြောင်း၊ ခါတိုင်းလာနေကျလမ်းအတိုင်း လာရာမှ ချောင်းရိုးတစ်ခုအဖြတ်တွင် တောဝက်ခြေရာကလေးများတွေ့၍ ပစ်လို့ရလိုရငြား လမ်းရိုးမှဖဲ့ပြီး ရိုးချောက်ကလေးအတိုင်း အထက်သို့ ဆန်သွား စဉ် ချောင်းစပ်တစ်နေရာမှ ယခု ငန်းမြွေကြီး ထွက်လာပြီး တစ်ရှိန်ထိုးလိုက်ကြောင်း၊
သာမန်အားဖြင့် မြွေများသည် သူတို့အစာအကောင်ငယ်လေးများမှအပ သားကောင်ကြီးများနှင့် လူကို ရင်မဆိုင်ဘဲ ရှောင်သွားလေ့ရှိကြောင်း၊ ယခုမြွေကြီးမှာ ဝပ်ကျင်းနှင့် သားပေါက်ခါနီး မြွေမကြီးဖြစ်၍ ထိုအချိန်တွင် မဲမဲမြင်ရာကို ရန်မူလေ့ကြောင်း၊ အဆိပ်ပြင်းလှသော မြွေငန်းကြီးများဖြစ်၍ အကိုက်ခံရလျှင် ဆေးမမီနိုင်ကြောင်း၊
မိမိမှာ အန္တရာယ်ကို ချက်ချင်း အကဲခတ်နိုင်ပြီး အပြေးကောင်းသောကြောင့် လက်မတင်ကလေး လွတ်လာကြောင်း၊ ခြုံနေကျ ပုဆိုး၊ ကိုင်နေကျ ဒူးလေးနှင့် ထမင်းချိုင့်၊ ဟင်းချိုင့်များလည်း ဘယ်မှာကျခဲ့သည်ကို မသိတော့ကြောင်း ပြောပြပါသည်။
ထိုနေ့အဖို့ ကျွန်တော်တို့ အားလုံးစက်ပေါ်မှ ဘယ်သူမှ မဆင်းရဲ။ နေ့လယ်စာ ထမင်းလဲငတ်၍ ပင်မအလုပ်စခန်းသို့ အားလုံးပြန်လာခဲ့ကြပြီး ညနေစောင်းမှပင် နေ့လယ်စာ စားရပါသည်။
ပဲခူးရိုးမတောတွင်း မြွေလိုက်ခံရခြင်းအဖြစ်အပျက်ကို အမှတ်တရ ပြန်လည်ရေးသားဖော်ပြလိုက်ပါ ကြောင်း။
– ပြီး –
စာရေးသူ – တောက်ထိန်