မြွေဆို တွင်းကြီး 

ဗေဒင် ကျားအို
(စာရေး- ကျားအို၊ အသံထွက်- ကျအို)

ဆေး မှန်ချို
(စာရေး- မှန်ချို၊ အသံထွက်- မဂျို)

မြွေဆို တွင်းကြီး ဟူသော

အညာဒေသ၌ ထင်ပေါ်ကျော်ကြားသော စာချိုးလေး ရှိခဲ့ဖူးပါသည်။ အချို့က အညာဒေသ ကျေးလက်တောရွာ မှန်ချိုကို ဒေသအသံထွက် မရင်းနှီးဘဲ မျက်နှာစိမ်းနေ၍ မှန်ချိုကို မှန်ချိုဟုသာ ခေါ်ဝေါ် နေကြပါသည်။

ကျားအိုသည် မြောင်မြို့နယ် အနောက်ဖျား ချင်းတွင်းမြစ်ဘေး၌ ရှိသည်။ ဆရာတော်ကြီးမှာ ဗေဒင်ပညာအရာ၌ မေးဖူးသူတိုင်း လက်ဖျားခါ အံ့သြရလောက်အောင် အစွမ်းထက်သည်။

မှန်ချိုသည် ချောင်းဦးမြို့နယ် အတွင်းရှိပြီး ချောင်းဦးမြို့နှင့် ရွာတော်လေး ကျေးရွာသာ ခြားသော တစ်တိုင်ကျော်ကျော်ခန့် (၂ မိုင်) ဝေးသော ရွာဖြစ်သည်။

တွင်းကြီးသည် မြောင်မြို့နယ် အနောက်ဖျား၌ရှိပြီး ကျားအိုအရှေ့ဘက် တစ်တိုင် (၂ မိုင်) အဝေး၌ ရှိသည်။ ကျားအို၊ တွင်းကြီး၊ မှန်ချိုတို့မှာ သုံးပွင့်ဆိုင်ဟု ပြောလျှင်လည်းရရှိသည်။

မြွေဆိုတွင်းကြီး ဝတ္ထု၌ ဖော်ပြမည့် ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်မှာ နှစ်ပေါင်း လေးဆယ်ဝန်းကျင် ရှိခဲ့ပါပြီ။ ဆရာ တော်၏ တပည့် ဦးပဉ္စင်းလေး ပျံလွန်တော်မူခဲ့သည်မှာ နှစ်ပေါင်း ငါးဆယ် ဝန်းကျင် ရှိခဲ့ပါပြီ။

ဝတ္ထု၌ ပါဝင်သော ဦးလွန်း (ကိုရင်ငလွန်း) နှင့် ဦးထွန်းခင် (ကိုရင် ထွန်းခင်) တို့ ကွယ်လွန်ခဲ့သည်မှာလည်း ဆယ်စု နှစ်စုနီးပါး ရှိခဲ့ပါပြီ။ သက်ရှိ ထင်ရှားရှိနေသောသူမှာ ဦးဘိုစိန် (ဘိုစိန်) ဖြစ်ပါသည်။ သူပင်လျှင် အသက် ၇ဝ ဝန်းကျင် ရှိနေပါပြီ။

စာရေးသူအနေဖြင့် ထိတွေ့ သိမီ မေးမြန်းခဲ့ရသည်မှာ ဦးလွန်း၊ ဦးထွန်းခင်နှင့် ဦးဘိုစိန်တို့ ဖြစ်ပါသည်။ ဆရာတော်ကြီးမှာ စာရေးသူ ထိတွေ့ လျှောက်ထားနိုင်ချိန်၌ လောကုတ္တရာ အလုပ်မှအပ ကျန် လောကီ ကိစ္စမှန်သမျှ ဥပေက္ခာ ပြုထားသော အချိန်ဖြစ်ရာ ခရေစေ့တွင်းကျ မမေးလျှောက်ဝံ့ပါ။ အထူးဝမ်းနည်းမိသည်မှာ ဤမျှကျော်ကြားသော မြွေပညာ ရှင် တစ်ဦး၏ မြွေပညာကို မည်သည့် တပည့်မျှ ဆက်ခံ ထူးချွန်နိုင်ခြင်း မရှိသော လက်တွေ့ဘဝ ပညာအမွေခံ ဆုံးရှုံးမှု ဖြစ်ပါသည်။ မြန်မာ့ရိုးရာ မြွေနိုင်ပညာ ဆုံးရှုံးခြင်းသည် မြန်မာလူမျိုးတို့ ဆုံးရှုံးမှုဟုယူဆ၍ မှတ်တမ်းတင် ဤဝတ္ထုကို ရေးသားပါသည်။

မြန်မာ့ မြွေနိုင်ပညာတို့ ထွန်းကားသော ဒေသများ ရှိနိုင်ပါသေးသည်။ တွင်းကြီးမှာကဲ့သို့ မြန်မာ့မြွေနိုင်ပညာ အစဉ်အဆက် မျိုးဆက်ပြတ်မသွားဘဲ ပါရမီ ရှိသူက ဆက်ခံ ထိန်းသိမ်းကြစေလိုပါသည်။

ဝတ္ထု၌ အမည်ရင်း မဖော်ပြသင့်သော နေရာ၌ အမည်ကို ချန်လှပ် ခဲ့ပါသည်။ ကျန်ရစ်သူ ဆွေမျိုးစုတို့ စိတ်အနှောင့်အယှက် မဖြစ်စေရန်ဖြစ်ပါသည်။ ဖြစ်ရပ်မှန်များပါ အကြောင်းအရာတို့ကို သိမီလိုက်သူများစွာ ရှိပါသည်။ မီးတောက်မြွေနှင့် အမောက်ပါသော မြွေနဂါး အကြောင်းကို ဝတ္ထုမရှည်စေရန် ချန်လှပ်ထားခဲ့ပါကြောင်း။

တွင်းကြီးဝမ်းမောင် (မှတ်တမ်းတင်သူ)

တွင်းကြီးကျေးရွာအုပ်စု၌ ရွာခွဲလေးရွာရှိသည်။

ဒဟတ်ချောင်၊ ခံတော(ယခု ကံတော)၊ ရွာမ(ယခင် ရွာလေး) နှင့် မယ်ဇလီကုန်း။

ဘုန်းကြီးကျောင်းက ၇ ကျောင်း ရှိသည်။

ဗောဓိကျောင်း။

မယ်ဇလီကုန်းရွာ အနောက်ဘက်၌ရှိသောကျောင်း၊ ထောင့်၌ရှိသောကြောင့် ထောင့်(ဒေါင့်)ကျောင်းဟုလည်း ခေါ်ဝေါ်ကြသည်။

ပဓာနနာယက ကျောင်းထိုင်ဆရာတော်မှာ ထိုစဉ်က ဆရာတော်ကြီး ဘဒ္ဒန္တကုသလ။ လောကုတ္တရာ စာပေတတ်၊ လောကီပညာ မြွေနိုင် ဆရာတော်ဟု အလွန်သတင်းကြီးသည်။ ဆရာတော်ကြီးကို ဦးကုသလဟု ခေါ်သူနည်းသည်။ ဘုန်းကြီးကု၊ ဘုန်းကြီးကုကျောင်းဟု ရိုသေမြတ်နိုး ကြည်ညိုစွာ ခေါ်ဝေါ်ကြသည်။

ဘုန်းကြီးကုသည် တွင်းကြီးရွာဇာတိမဟုတ်။

ချောင်းဦးမြို့နယ် ကုန်းကြီးကျေးရွာဇာတိ မြေရှင်ယာရှင် တောသူဌေးမျိုးဖြစ်ပြီး ရဟန်းဒါယကာကြီး ကုန်းကြီးဦးဘရင်(လူပျိုကြီး)နှင့် တူမ မဌေးလှိုင် (ယခုထိ သက်ရှိထင်ရှားရှိဆဲ) တို့၏ ဦးကြီး တော်စပ်၏။ထိုခေတ် ထိုကာလက တွင်းကြီးမှာ ကျောင်းထိုင် လိုအပ်၍ ဆရာတော်ကို သွားရောက်ပင့်ဆောင်ရာမှ သာသနာပြု ရောက်ရှိခဲ့သည်။

ဆရာတော်ဥပဓိရုပ်မှာ အသားဖြူဖြူ၊ အရပ်အမောင်း ကောင်းကောင်း၊ ပိန်ပိန်ပါးပါး၊ မျက်စိအစုံက စူးရှထက်မြက်သည်။ အနီးကပ်ကြည့်ပါက ဆေးနီဆေးနက် ထိုးထားသော အစက်အပြောက်များ၊ အကွက်များ မြင်တွေ့ ရသည်။

တစ်နေ့သော နံနက်ခင်းတွင် ကျောင်းဝင်းအတွင်းသို့ နွားလှည်းတစ်စီး ဒုန်းမောင်းဝင်လာသည်။

လှည်းပေါ်မှာ တုံးလုံးလဲပါလာသူက ဆရာတော်၏ တပည့်ဟောင်း ကိုရင်လူထွက် ဘိုစိန်။ ကျောင်းနှင့် ဘိုစိန်အိမ်မှာ လှည်းလမ်းကြောင်း ရေးစီးကြောင်းသာ ခြားသည်။ ဘိုစိန်ကလည်း တပည့်ဟောင်း။ ဘိုစိန် မိဘအုပ်စုတို့မှာလည်း ဆရာတော်၏ ပစ္စည်းလေးပါးဒကာများ။ ပြောဝံ့ လျှောက်ဝံ့ရင်းရင်းနှီးနှီး။

လှည်းပေါ်မှ ဘိုစိန် ဘာဖြစ်လာသလဲ။

တွင်းကြီးစာဆိုအတိုင်း မျက်ဖြူဆိုက်လာသည်။

တွင်းကြီးစာဆိုက “ကြက်ကြီးတိုက်၊ မြွေကြီးကိုက်၊ မျက်ဖြူဆိုက်” တဲ့။

ဘိုစိန်ကို ပြောင်းရိုးစင်ဖျက်ရင်း မြွေကြီးကိုက်သည်။ ကိုက်သည့် မြွေက မြွေပွေးစစ်စစ်။ အမြီးခြောက်၊ ပုတုတ်တိုသော်လည်း တစ်ပိဿာ ကျော်ထိ ကြီးသည့်မြွေ။ သည်မြွေကြီးက ပြောင်းရိုးစင်ပေါ် စင်ဖျက်နေသော ဘိုစိန်အား ကိုက်ချရာ ဘိုစိန်သာမက မြွေကြီးပါ စင်ထက်မှ ကျလာသည်။ အောက်ကျလာသည်အထိ မြွေကြီးအစွယ်က ဖြုတ်မရသေး။ ဘိုစိန့် ခြေထောက်မှာ တွဲလောင်းကြီး။ မြွေရိုက်သတ်၊ ပါးစပ်ထိုး ကန့်လန့်ဖြုတ်၊ သတိမေ့သွားသော လူကို လှည်းပေါ်ပွေ့တင်ကာ ဘုန်းကြီးကု ရှိရာ ကျောင်းသို့ ပြေးလာကြရသည်။

“လောကဓာတ်ပညာနဲ့ ကုသချင်ရင် ဆေးရုံကို သွားကြလေ။ ဆရာတော် ဆေးလည်း တိုက်ပေးလိုက်မယ်။ ဒကာတို့ သဘောပဲ”

“သေသေ ရှင်ရှင်၊ ဆရာတော့်တပည့် ဆရာတော်ကို အပ်ပါတယ် ဘုရား”

“လူနာကို ကြည့်ပါဦးမယ်လေ”

ဘိုစိန်မှာ သတိ လုံးဝ မရရုံမျှမက ပါးစပ်မှ သွေးများ၊ စအိုမှ သွေးများ၊ ဆီးယောင်ယမ်းပေါက်ရာ၌ သွေးများ နီနီရဲရဲ။ ဘုန်းကြီးကုသည် အမျိုးမျိုး စမ်းသပ်ကြည့်သည်။ သူ့နေရာ ပြန်ထိုင်ပြီး ကျောက်သင်ပုန်းနှင့် ဟိုတွက် သည်တွက် တွက်သည်။ သူ့ဆေးကွမ်းအစ်ထဲက ဓာတ်လုံးယူ၍ သွေးတိုက်ခိုင်းလိုက်၊ အင်းချပ်ကို ရေစိမ် တိုက်ခိုင်းလိုက်၊ ပုလင်းဖြူထဲမှ အမှုန့်ကြိတ်ထားသော ဆေးမှုန့်များ တိုက်ခိုင်းလိုက်နှင့် ရဟန်းဖြစ်စ သူ့တပည့် ဦးသုမနနှင့် အလုပ်ရှုပ်နေသည်။

ဆေးတိုက်ပြီး ခဏအကြာ၌ လူနာဇက်ကျိုးကျကာ မျက်ဖြူလန်၍ ဆန့်ငင်ဆန့်ငင် ခြေကြောလက်ကြော ထောင့်တန်းဆွဲသည်။

“ကယ်တော်မူပါဦးဘုရား။ တပည့်တော်သားလေး ရေတိမ်နစ်တော့ မှာပါ ဘုရား”

ဘုန်းကြီးကုက ခပ်ပြုံးပြုံး သူ့နေရာသူ ပြန်ထိုင်ကာ ကွမ်းတစ်ယာ ယာ ဝါးသည်။ အတော်ကြာမှ ထလာပြီး မြွေကိုက်ရာအပေါ် ကွမ်းသွေးနှင့် ထွေးလိုက်သည်။

“ကဲ… စိတ်အေးအေးထား ပြန်ကြပေရော့။ ဆေးတိုက်ချိန်၊ စုတ်ထိုးချိန်မှာ ဦးပဉ္စင်းဦးသုမန ကြွလာလိမ့်မယ်။ ကျောင်းကို အခြေအနေ ခဏ ခဏ လာမလျှောက်ကြနဲ့။ လျှောက်စရာ ရှိတာမှန်သမျှ မောင်သုမန ကြွလာမှ လျှောက်ကြ။ မသေဘူးနော်။ စိတ်သာချနေကြ။ ကဲ လူနာကို အိမ်ပြန်တိုက်သွားကြ”

ဘုန်းကြီးကုက မသေဘူး ပြောသော်လည်း လူနာမှာ ဇက်ကျိုးကျ၍ပျော့ခွေကာ သတိမရတော့ဘဲ အသေကြီးလို ဖြစ်နေ၏။ အိမ်သို့ လှည်းနှင့် ပြန်တိုက်ခဲ့ရာ လူသေချသလို အိပ်ရာပေါ် မချလည်း ဘာမှမသိ။

ဘုန်းကြီးကု လက်ထောက် ဦးသုမနက တစ်နေ့သုံးကြိမ် ပါးစပ်ဖြဲ၍ ဆေးတိုက်သော်လည်း လူနာမှာ သတိမရ၊ မည်း၍ မည်း၍ လိမ်ခြောက် လာသည်။

ပထမတစ်နေ့လုံးနှင့် တစ်ညလုံး မထူးခြား၊ ဒုတိယနေ့ နံနက်ပိုင်းတွင် ထူးခြားလာသည်။

ဆေးတိုက်သွားသော ဦးသုမန ပြန်ပြေးလာသည်။

“ဆရာတော်ဘုရား… ဆရာတော်ဘုရား… လူနာ သတိလစ်ပြီး မေ့မျောသွားပါပြီဘုရား၊ တပည့်တော် ဘာမှ မလုပ်တတ်လို့ ပြန်ပြေးလာတာပါဘုရား ဘာဆက်လုပ်ရမလဲ ဘုရား”

“မသေပါဘူး သုမနရာ၊ မြွေကိုက်တာ မြွေဆေးတိုက်ရမှာပေါ့ ငါ့တပည့်ရ၊ ဟောဒီ ဆေးမှုန့်လေးတွေ ယူသွား၊ နှာခေါင်းထဲ စက္ကူလိပ်နဲ့ မှုတ်သွင်း၊ မင်းကိုယ်တိုင်လုပ်”

အော်၍ အော်၍ ငိုယိုနေသော ပရိသတ်သည် ဦးသုမန တစ်ဖန် ပြန်ကြွလာသောအခါ ဝိုင်းအုံငိုယိုနေရာမှ ဘေးဖယ်ပေးကြသည်။ ဦးသုမနက နှာခေါင်းထဲသို့ ဘုန်းကြီးကုပေးသောဆေးကို မှုတ်သွင်းလိုက်သည်။

သတိမေ့မျောနေသော လူနာသည် အင်း…ခနဲ၊ အင်း..ခနဲ ညည်းကာ မျက်လုံးပြန်ဖွင့်၍ လက်များ ဟိုဟိုသည်သည် လှုပ်လှုပ်ယမ်းယမ်း။

“ဟာ.. မသေသေးဘူးဟေ့.. သတိပြန်ရလာပြီ၊ မငိုကြနဲ့၊ မငိုကြနဲ့”

ဆေးအစွမ်း ထူးခြားမှုက သည်မျှထက်မပို၊ သတိမလစ်တော့သော်လည်း သူမှန်း၊ ငါမှန်း မကွဲ၊ သစ်တုံးချထားသလို မလှုပ်မယှက်။

ဒုတိယနေ့ တစ်နေ့လုံးလည်း ထို့အတူ။ ဒုတိယနေ့ ည၌လည်း ထူးမခြားနား။ တရှူးရှူး အသံပေး၍ အိပ်မောကျနေသကဲ့သို့ ရှိနေ၍ လှုပ်လှည့်ကြည့်လည်း မထူး။

ဘုန်းကြီးကု ဘာပြောပြော လူမမာရှင်တို့ အားခပ်လျော့လျော့၊ မီးသင်္ဂြိုဟ်ရန် ထင်းဝယ်ခြင်း၊ ခေါင်းစပ်ရန် ပျဉ်ဝယ်ခြင်း၊ ဓာတ်စက် (အသံချဲ့စက်)ကို တီးတိုးငှားထားခြင်း၊ ရပ်ဝေးမှ ဆွေမျိုးများအား ကြိုတင် မှာကြားခြင်းဖြင့် အသုဘကိစ္စ ရှေ့ပြေး ပြုလုပ်နေကြသည်။

နှစ်နေ့ နှစ်ည လွန်မြောက်၍ သုံးရက်ဘက် အကူး၌ ဘုန်းကြီးကုထံသို့ ဘိုစိန့်ဦးလေး ရောက်ရှိလာပြီး လျှောက်ထားသည်။

“အခြေအနေ မထူးဘူးဘုရား၊ အိပ်ရာပေါ်မှာ တုံးလုံးကြီးပဲ၊ ဒီလို ဒီလိုပါပဲ ဘုရား”

“ဟ.. ငါက ချက်ချင်းထပြီး နပန်းကိုင်နိုင်မယ်၊ လက်ဝှေ့ထိုးနိုင်မယ်၊ ခြင်းခတ်နိုင်မယ်လို့ ပြောခဲ့သလားကွ၊ ငါပြောခဲ့တာက မြွေကိုက်ခံရတဲ့လူ မသေဘူးပဲ။ မြွေပွေးကြီးလို့ လူ့ကိုယ်လုံးလောက်ရှိရှိ၊ မြွေပွေးစစ်ရုံမက နဂါးနဲ့စပ်စပ် မသေဘူးဆို မသေဘူးပဲ၊ မင်းတို့ မြွေသတ်လာလို့ ။ သတ်မလာရင် ငါ ခေါ်ပြတယ်၊ မင်း မျက်စိပါသားပဲ၊ ဘယ်လောက် စစ်တယ်၊ ဘယ်လောက်ကြီးတယ်ဆိုတာ မင်းအသိ၊ အဲလောက်စစ်၊ အဲလောက်ကြီးတဲ့ မြွေပွေးကြီး ကိုက်တာကို ငါက ယင်ကောင်ကိုက်သလို၊ ခြင်ကောင် ကိုက်သလို၊ ပုရွက်ဆိတ်ကိုက်သလို ချက်ချင်း ပျောက်အောင် လုပ်လို့ရပါ့မလား။ မြွေဆိပ်ဒဏ်ကြောင့် မင်းတို့ လူမမာ မည်းမည်း ခြောက်ခြောက် လာတယ် မဟုတ်လား၊ အဲဒါကို ပကတိအတိုင်း ဖြစ်အောင် ငါက ဆေးနဲ့ ပြင်ပြင်ပေးနေရတယ်၊ မင်းတို့ အသုဘကိစ္စအတွက် ပြင်ဆင်နေတာ ငါသိတယ်၊ အကုန်ဖျက်ပစ်၊ ညနေ ငါ့မောင်ပဉ္စင်း လာလိမ့်မယ်။ သွား… မြန်မြန်ပြန်”

လာလျှောက်သူမှာ အမြန်လစ်သည်၊ အသုဘကိစ္စ စီစဉ်ခြင်းမှာ ဆရာတော်စကား မယုံကြည်ရာ ရောက်ခြင်း၊ စော်ကားရာရောက်ခြင်း သဘောမို့ သူ့စိတ်ကို သူမလုံသဖြင့် အမြန်လစ်ခြင်းပင်။

ညနေ၌ ဦးသုမန ဆေးလာတိုက်သည်။

“ဆရာတော်က သန်းခေါင်အထိ နေခဲ့ရမယ်တဲ့၊ သန်းခေါင်ကျော်လို့မှ မထူးခြားရင် သူကိုယ်တိုင် ကြွလာမယ်တဲ့”

ဦးသုမန ဆေးတိုက်ပြီး ခေတ္တမျှသာ ကြာသည်။

လူနာသည် သစ်တုံးကြီးကို ချထားသလို နေရာမှ တအင်အင် ညည်းညူလာသည်။ ညည်းညူရာမှ ဘယ်လူးညာလူး ဘယ်လှိမ့်ညာလှိမ့် လှိမ့်သည်။

ခြုံပေးထားသော စောင်များလည်း ဘေးလွင့်စဉ်ကျသည်။ ငရံ့ပြာလူးဖြစ်ကာ အီးအီးအားအား အော်သံပေးလာပြီး အစွမ်းကုန် လူးလူး လိမ့်လိမ့်။

ဘေးမှလူများက လူနာကို ခုတင်ပေါ်မှ လွင့်စဉ်မကျစေရန် ဝိုင်းဝန်း ထိမ်းသိမ်းနေကြသည့်တိုင် လူနာကို လွယ်လွယ်ကူကူ ထိန်းသိမ်းမရ။

ဆန့်ဆန့်ရုန်းနေသဖြင့် နောက်ဆုံး ဖိထားသော်လည်း လူနာမငြိမ်။

“ချေးယိုချင်တာ၊ သေးပေါက်ချင်တာ၊ အန်ချင်တာ”

လူနာစကားပြော၍မှ မဆုံးသေး။ ဝေါခနဲ ဝေါခနဲ ထိုးအန်သည်။

တဘီးဘီး တရွှီးရွှီးဖြင့် ကျင်ကြီးကျင်ငယ်စွန့်ရာ အဝတ်အစားများ ပေပွကုန်သည်။ လူနာကို ချိုင်းမှမ အဝတ်အစားလဲ၊ အိပ်ရာခင်း လဲပေး၍ အကဲခတ် နေကြသည်။

လူနာသည် လူးလှိမ့် ကျင်ကြီး ကျင်ငယ် စွန့်ပြီးနောက် ချွေးသီး ချွေးပေါက်များ ဒလဟော ကျလာ၍ ဝိုင်းဝန်းသုတ်သင်ပေးရသည်။ လူနာနှင့် ပြုစုသူများ အလုပ်ရှုပ်နေခိုက် ဘုန်းကြီးကု ကြွလာသည်။

“ကျင်ကြီးကျင်ငယ် စွန့်ပြီးပြီလား၊ ချွေးတွေ အများကြီး ကျပြီးပြီလား”

“အခုမှပဲ ပြီးသွားပါတယ် ဘုရား၊ ညည်းညူ လူးလှိမ့်နေပါတယ်”

“အိမ်း.. အိမ်း၊ ခဏကြာရင် ရေတောင်းလိမ့်မယ်။ ရေထဲကို ဒီ ဆေးမှုန့်လေး ခတ်တိုက်၊ ရုပ်ပြောင်းဆေးပေါ့၊ ကောင်းလာလိမ့်မယ်”

ဘုန်းကြီးကုက ခေတ္တမျှနေပြီး ပြန်ကြွသွားသည်။

လူနာက ရေ စတင်တောင်းသည်။

နာရီဝက်ခန့် အကြာ၌ ရေလည်းထပ်တောင်းသည်၊ ကွမ်းယာဝါးလိုကြောင်း ပြောကြားလာသည်။

တစ်နာရီခန့် အကြာ၌ ကျောပူ၍ ထူမပါ၊ ထိုင်လိုသည်ဟု ဆိုလာသည်။ ဦးသုမန ပြန်ကြွချိန်၌ သက်ကြီးခေါင်းချ ကြက်တွန်ချိန်မျှသာ ရှိသေးသည်။ လူနာက အာလေးလျှာလေးဖြင့် စကားပြောစ ပြုလာပြီ။

တစ်လခန့်မျှအကြာတွင် ဘုန်းကြီးကုကို ဝတ်ပြုနေသော ဘိုစိန်ကို လူကောင်းပကတိအတိုင်း မြင်တွေ့ ရသည်။

“ဒကာလား၊ မြွေမျိုးနွယ်ဆိုရင် နဂါးထိဖမ်းမယ်ဆိုတဲ့မြွေအလမ္မာယ် ဆရာ။ မြွေဖမ်းအောင် ပြသသူကို ငွေတစ်ဆယ် ပေးမယ် ဆိုတာ အဟုတ်လား

ကွမ်းသွေးကို ထွေးခံထဲသို့ထွေးထည့်၍ မြွေအလမ္မာယ် ဆရာအား ဘုန်းကြီးကုက မေးသည်။

ဖြစ်ရပုံမှာ ဘုန်းကြီးကု၏ကျောင်းမှ ကိုရင်ကြီးများက ဆွမ်းခံသွားရင်း မြွေအလမ္မာယ်ပြပွဲ ဝင်ကြည့်သည်။

မြွေပွေးနှင့် ငန်းပုပ်မြွေတစ်ကောင်ဖမ်းရန် ပြသလျှင် ငွေတစ်ဆယ်ပေးမည်။ နဂါးအထိဖမ်းမည်ဟု အာပေါင်အာရင်း သန်သန်ပြောသည်။ ဝက်သားတစ်ပိဿာ တစ်တွဲမှ တစ်ကျပ်၊ အမဲသားတစ်ပိဿာ တစ်တွဲမှ တစ်ကျပ် ပေးရသော အချိန်ဖြစ်ရာ ငွေတစ်ဆယ်ကို ကိုရင်ကြီးတို့ လိုချင်သည်။

သူတို့ကျောင်း ရေတွင်းကြီးထဲမှာ မြွေပွေးကြီးတစ်ကောင် ကျနေသည်။ ထိုမြွေပွေးကြီးကို ပြသရပါက ငွေတစ်ဆယ်ရမည်။

ဖမ်းခွင့်ပြုဖို့ ဘုန်းကြီးကုကို ဘယ်သူလျှောက်ဝံ့သလဲ။

ခဏခဏ အခေါက်ခံရ၊ အငေါက်ခံရသော ကိုရင်ကြီး ငလွန်း (ဦးလွန်း၊ အဘ ဦးမိုးကောင်း၊ မြောင်နယ် သရက်တောရွာ ဒေါ်မိနှင့်အိမ်ထောင်ကျ၊ မကြည်စိန်၊ ဦးမြသောင်းတို့၏ အဖေ၊ ယခုကွယ်လွန်) ကို
ကျန် ကိုရင်ကြီးသုံးပါးက ဝိုင်းမြှောက်ပေးသည်။
လေးပါး ငွေတစ်ဆယ် ဝေစုခွဲရာ၌ ငလွန့်က တစ်ကျပ်ခွဲ
ပိုယူဟု ခွဲတန်းမြှင့်ပေးရာ ကိုရင်ငလွန်းက ရူးပေါပေါဖြင့် ဘုန်းကြီးကုအား ဇွတ်ဝင်လျှောက်သည်။

ကိုရင်ငလွန်းခေါင်းကို ဘုန်းကြီးကုက သနားကြင်နာစွာ ပွတ်သည်။

“ငလွန်းရယ်၊ ငါ စိတ်တိုနေတုန်းဆိုရင် နင် အရိုက်ခံရမှာပေါ့။ ဒီလောက် နင် ငွေလိုချင်လည်းဟယ် သွားခေါ်ပေါ့ဟဲ့”

ဟု ပြောလိုက်ရာ ပြေးခေါ်ရာက မြွေဆရာရောက်လာသည်။ မြွေဆရာက ပညာမာနသံအပြည့်ဖြင့်

“မြွေမှန်ရင် တပည့်တော် အကုန်နိုင်ပါတယ် ဘုရား။ တပည့်တော်က မြွေမှော်အောင်ပြီးသားပါ။ ပကတိမြွေ၊ တိုက်မြွေ၊ နတ်မြွေ၊ နာနာဘာဝမြွေ၊ ဝိနာဘာဝမြွေ၊ နဂါးမြွေ မြွေမှန်သမျှ တပည့်တော်နိုင်လို့ မြွေအလမ္မာယ် ပြစားနေတာပါ ဘုရား”

“ဪ…. ဪ၊ ဆရာတော်လည်း မြွေပညာဝါသနာ ပါပါရဲ့ကွယ်။ ဒကာရဲ့ ပညာကို ဆရာတော် ကြည့်ပါရစေ။ ဖမ်းပြစမ်းပါဦး”

ရေတွင်းမှာ ဘုန်းကြီးကုကျောင်းဝင်းအတွင်း ရေဘုံပိုင် တပ်ထားသော ယခုရေတွင်းသာဖြစ်၏။ သို့ရာတွင် ထိုစဉ်က ဘုံပိုင်မတပ်ရသေး။ မောင်းလက် (မောင်းတက်) ဝါးကို ရှားသားနှစ်အမာ ကန့်လန့်ခံ၍ ရေပုံးကြီးဆင်ကာ ငင်သည်။

မြွေဆရာသည် ခါးတောင်းကျိုက်ပြီး မောင်းလက်ဝါးထိပ်ရှိ ရှားသားကန့်လန့်ပေါ် မတ်တတ်ရပ်၍ ရေတွင်းထဲ ဆင်းသည်။ ကိုရင်ငလွန်းအပါအဝင် ကိုရင်ကြီးလေးပါးက မောင်းလက်ဝါးကို တဖြည်းဖြည်း နှိမ့်နှိမ့်ပေး၍ ရေတွင်းထဲ ဆင်းသူကို ချပေးသည်။

မြွေဆရာ ရေတွင်းထဲသို့ မောင်းလက်ဖြင့် ဆင်းလာကတည်းက ရေတွင်းထဲရှိ မြွေကြီးသည် အငြိမ်မနေတော့။ ရန်သူနှင့် ဖက်ပြိုင်တိုက်ပွဲဝင်သကဲ့သို့ ဒေါသတကြီးဖြစ်ကာ တရွှီးရွှီး တဖြီးဖြီး။

ဒေါသကြီးလာသော မြွေကြီးသည် ရေပေါ် တစ်တောင်လောက် မြောက် မြောက်လာအောင် ခုန်ခုန်ဆန့်ပြီး ရွှီးခနဲ ရွှီးခနဲ အသံပေး၍ လေထဲမှာပင် ဖမ်း ဖမ်းကိုက်သည်။ ရေပေါ်ပြန်ကျလိုက်၊ ထပ်ခုန်လိုက်၊ ပေါ်လာလိုက်၊ မာန်သွင်းအော်ဟစ်လိုက်နှင့် တဝုန်းဝုန်း တဗြုန်းဗြုန်း တရုန်းရုန်း တရှုံးရှုံး။

အောက်ကိုငုံ့ကြည့်ရင်း ကြည့်ရင်း မြွေဆရာ ကြောက်လာဟန်ပြသည်။

“ဆရာတော်ဘုရား၊ ဒီမြွေကို ရေတွင်းထဲမှာ တပည့်တော် မဖမ်းဝံ့ပါ ဘုရား၊ ကုန်းပေါ်မှာလို ရှောင်တိမ်း ဖမ်းခွင့်မသာပါဘုရား၊ တပည့်တော်အား ရေတွင်းပေါ် ပြန်တင်တော်မူပါ”

မြွေဆရာဆီက ငွေကျပ်တစ်ဆယ်လိုချင်၍ ဘုန်းကြီး ရိုက်ခါမှရိုက်၊ ခေါက်ခါမှခေါက်ဟု ရင်တထိတ်ထိတ်ဖြင့် စွန့်စားကာ လျှောက်ခဲ့ရသည်။ ခုတော့ ပြန်တင်ပါတဲ့။ မြွေမဖမ်းရ၍ ငွေတစ်ဆယ်မပေးပါက သူတို့လုပ်သမျှ ဒုက္ခဖြစ်တော့မည်။ မြွေဆရာဆီက ငွေတစ်ဆယ် လေးပါးခွဲယူမည်ဟု တိုင်ပင်ထားသော ကိုရင်ကြီးများက မြွေမဖမ်းပါက သူတို့ ငွေတစ်ဆယ် မရမည်စိုးသဖြင့် မဖြစ်မနေ ဖမ်းစေရန် မြွေဆရာကို မောင်းလက်ဖြင့် ရေတွင်းထဲ ချမြဲချသည်။

မြွေကြီးက မြွေဆရာကိုမြင်သောအခါ အစွမ်းကုန်ကြမ်းသည်။ ရေထဲ တဗွမ်းဗွမ်းမြည်အောင် အော်ဟစ် ကူးခတ် ခုန်ခုန် ကိုက်နေရာ တဝုန်းဝုန်း တဗြုန်းဗြုန်း တရွှီးရွှီး တဖြီးဖြီး၊ မြွေနှင့် မြွေဆရာတို့ မကြာမီ ကျားနှင့်ဆင် လယ်ပြင်တွေ့ တွေ့ ကြတော့မည်။

“ကိုရင် ကိုရင်တို့ဘုရား၊ မြွေ ဖမ်းရ ဖမ်းရ၊ မဖမ်းရ မဖမ်းရ ငွေတစ်ဆယ် ပေးပါ့မယ်ဘုရား၊ တပည့်တော်ကို သနားရင် ပြန်ပြီးအထက်တင်ကြပါ”

ဘုန်းကြီးကု ခွင်(ဂွင်) မဟုတ်၍ ဘုန်းကြီးကုက ဝင်မပြော။

ကိုရင်ကြီးများ ခွင်ဖြစ်ရာ ခွင်တည့်လာပြီ။ ကိုရင်ကြီး ငလွန်းက လူရိုးတစ်ပေါက်တိုးသမားပီပီ တည့်တည့် မေးသည်။

“ခင်ဗျား ငွေ အဟုတ်ပေးမှာလား။ မပေးရင် မြွေဆီ တည့်တည့် ချမယ်။ ပေးမှဖြင့် ကျယ်ကျယ်လေး အော်ပြော”

“ပေးမှာပါ ဘုရား၊ မြန်မြန်သာ တင်ကြပါ။ မြွေကြီးက ပိုကြမ်း လာပြီ”

ဘုန်းကြီးကုက ရယ်နေသည်။ သူ့ ကိုရင်ကြီးများ၏ လူရိုးတထစ်ချ စိတ်ဓာတ်ကိုကြည့်၍ ပြုံးနေသည်။ မြွေဆရာ တွင်းပေါ်ရာက်၍ အောက်ပြန် ငုံ့ကြည့်ချိန်အထိ မြွေကြီးက ဒေါသတကြီး တရွှီးရွှီး လုပ်နေဆဲ။

“ဘာလို့ မဖမ်းသလဲ ဒကာရဲ့၊ နဂါးတောင် ဖမ်းဝံ့တယ်ဆို”

“မြေပြင်ပေါ်မှာလို အရှောင်အတိမ်း မလွယ်လို့ပါ ဘုရား”

“မြေပြင်ပေါ်ဆိုရင်ကော ဒီမြွေကြီးကို အဟုတ်ဖမ်းဝံ့သလား”

“ဘယ်ရှောင်လိမ့်မလဲ ဘုရား၊ ရဲရဲကြီး ဖမ်းတာပေါ့”

“ဒကာရဲ့ မြွေပညာကို ဆရာတော် ကြည့်ရတာပေါ့၊
ဟဲ့… ငလွန်း၊ မောင်းတက်ကို ရေပုံးပြန်ချိတ်၊
တွင်းထဲချ မြွေဖမ်းမယ်”

မြွေဆရာက ကြောင်ကြည့်နေခိုက်မှာပင် မောင်းတက် ကန့်လန့်၌ ရေပုံးပြန်ဆင်သည်။ ဘုန်းကြီးကုက ရေပုံးထဲ ကွမ်းသွေးထွေးထည့်၏။

“ငါဆရာခေါ်သည်။ ရေတွင်းထဲမှ မြွေပွေးကြီး
ယခု ရေပုံးထဲ တက်ခွေ၍ အပေါ် ပြန်လိုက်ခဲ့ရမည်။
ငါဆရာ့ အမိန့်”

ဘုန်းကြီးကုသည် ဤမျှသာ အမိန့်ပေးပြီး ရေတွင်းထဲ ရေပုံးချလိုက်သည်။ ရေပုံးနစ်စပြုချိန်တွင် မြွေပွေးကြီးသည် ရေပုံးထဲ စတင်ဝင်သည်။ ထို့နောက် ပုံးထဲသို့ခွေရာ ကိုရင်ငလွန်းတို့က ပုံးကို အပေါ်ပြန်တင်သည်။

အပေါ်ရောက်သောအခါ ဘုန်းကြီးကုရှေ့သို့ ရေပုံးရော ရေရော မြွေကြီးကိုပါ သွန်ပေးသည်။ မြွေကြီးက ကြေးနီရောင် မြွေပွေး။ လက်ကောက်ဝတ် ခပ်တုတ်တုတ်လောက် ရှိသည်။ ကြီးမှကြီး။ ရေတွင်းထဲ ဒေါသကြီးသလောက် ဘုန်းကြီးကုရှေ့ ရောက်သောအခါ ညင်သာ အေးဆေးစွာ ရပ်တန့်နေသည်။

“ဖမ်းဝံ့သေးရဲ့လား ဒကာ၊ မြွေမှော်အောင်ထားတာဆို”

မြွေအလမ္မာယ်ဆရာ လောဘက မလျှော့၊
မာနက မလျှော့၊ ဟန် ကိုယ့်ဖို့။

“ကုန်းပေါ်ဆိုရင် တပည့်တော် ဖမ်းဝံ့ပါတယ်ဘုရား”

ဘုန်းကြီးကုက မြွေကြီးကိုပတ်၍ လေးဖက်လေးတန် တုတ်ခြစ် စည်းဝိုင်းဝိုင်းပေးသည်။

“စည်းခြစ်မပေးရင် ဒကာ သေသွားနိုင်တာမို့ သနားပြီး စည်းတားပေးတာ၊ ကိုယ်ဖမ်းလို့ မနိုင်လောက်ဘူးထင်ရင် စည်းကို ခုန်ကျော်လိုက်၊ စည်းအပြင်ထိ လိုက်မကိုက်ဖို့ ဆရာတော် တာဝန်ယူတယ်”

ဘုန်းကြီးကုက စည်းဝိုင်းအပြင် ထွက်ပေးလိုက်ရာ မြွေကြီးနှင့် အလမ္မာယ်ဆရာသာ ကျန်တော့ရာ ရုတ်တရက်ပင် မြွေကြီးက တရွှီးရွှီး မြည်တွန်ကာ ဒေါသတကြီး ဖြစ်လာသည်။

မြွေဆရာ လှမ်းလာသည်ကို ဒေါသတကြီး စောင့်၍ မီလောက်သည်နှင့် တစ်ပြိုင်နက် လှမ်းပေါက်သည်။ မြွေဆရာကလည်း မြွေဖမ်းဝါရင့်ပီပီ လွတ်ရုံမျှ ရှောင်တိမ်းပြီး ဖမ်းရန်အကွက်ချောင်းသည်။ မြွေကြီးက တရကြမ်း လိုက်ပေါက် လိုက်ကိုက်၊ မြွေဆရာက ကျွမ်းကျွမ်းကျင်ကျင် ခုန်ရှောင်ပေး၊ ရှေ့တိုးပြေး၊ နောက်ဆုတ်ပြေး၊ ဘေးအကွက်ရွှေ့ရာ မြွေကြီးကလည်း မိအောင် မကိုက်နိုင်၊ မြွေဆရာကလည်း ဖမ်းခွင့်မသာ၊ မြွေကြီးသည် အစက ပေါက်ရုံ၊ ကိုက်ရုံ နောက်ပိုင်း၌ ဒေါသတကြီးဖြစ်ကာ ခွေးရူးဆွဲ ဆွဲသည်။ မြွေဆရာက ပတ်ရှောင်ပြေးရာမှ ပွဲကြမ်းလာသည်။ မြွေဆရာက အားလွန် မြွေကို ဇက်နောက် ဖမ်းဆုပ်ရန်အလုပ်၌ မြွေကြီးက ပက်လက်လှန်ပြီး နောက်ပြန်ပစ်ကိုက်ရာ ဟာခနဲ ဖြစ်သွားကြသည်။ မြွေအလမ္မာယ် ပြနေကျ၊ ရှောင်တိမ်း ဖမ်းနေကျ လူဖြစ်၍သာ လက် အနုတ်အသိမ်း အရုပ်မြန်သည်။ သာမန်လူသာဆိုပါက တည့်တည့်ပေါက်မိမည်။ မြွေဆရာပင်လျှင် ပွတ်ကာသီကာ လွတ်သည်ဆိုရုံ လွတ်သွားသည်။ ပက်လက်လှန် နောက်ပြန်ပေါက်ရာမှ ပေါက်ချက် မမိသောမြွေကြီးသည် ဒေါသတကြီးဖြင့် ကိုက်ရန်ပြေးလာသည်။

“ကယ်တော်မူပါ ဘုရား၊ တပည့်တော် မနိုင်တော့ပါ ဘုရား”

“သတိမမေ့နဲ့လေ၊ စည်းကျော်အောင် ခုချက်ချင်း ခုန်လိုက်”

ဘုန်းကြီးကုက သတိပေးမှ လက်တစ်ကမ်းကွာရှိ စည်းကို ခုန်ကျော်လိုက်သည်။ မီလုမီခင်မြွေကြီးသည် စည်းအနီး ရောက်သောအခါ ရပ်တန့်သွားသည်။ ရှေ့မတိုး။

စည်းခုန်ကျော်ရာမှ မှောက်လဲသွားသော မြွေဆရာက ကုန်းကျုံးထသည်။ မြွေကြီးနှင့် သူ့အကွာအဝေးမှာ လက်တစ်လံမျှသာရှိမည်။ စည်းတားမပေးပါက…။

“မြွေမှော် အောင်သေးလား ဒကာရဲ့”

“တပည့်တော်မှာ ဆရာတော်ပေးတဲ့ အသက်ပဲရှိပါတယ်ဘုရား။ တပည့်တော်ဆရာနဲ့ တပည့်တော်တော့ မြွေမှော် အောင်ခဲ့ပါတယ် ဘုရား၊ တပည့်တော်အား မြွေပညာသင်ပေးတော်မူပါ”

“ဆရာတော်တို့လမ်းက မေတ္တာလမ်း၊ ဒကာတို့လမ်းက
နှိပ်စက်ညှဉ်းပန်းတဲ့လမ်း၊ လမ်းမတူတော့ သင်မပေးနိုင်ဘူး ဒကာ”

ဘုန်းကြီးကုသည် သင်္ကန်းစုတ်တစ်ထည်ကို ယူခိုင်းပြီး ကိုရင်ကြီးငလွန်း၏ ငယ်ထိပ်ကို သုံးချက်ပုတ်ခြင်း၊ လက်ဝါးချင်း ခေတ္တအပ်ခြင်းပြုကာ မြွေကြီးကို ဖမ်းစေသည်။ ကိုရင်ငလွန်းလည်း သူ့ရှေ့၌ မြွေဆရာကို အသေအလဲလိုက်ထားကိုက်ထားသော မြွေဟု ကြောက်ရွံ့ ကြောက်ရွံ့ မနေ၊ ဆရာခိုင်းသည့်အတိုင်း မြွေကြီးကို ဖမ်းပြီး သင်္ကန်းစုတ်နှင့် ထုပ်သည်။ မြွေကြီးက ကိုက်ရန် လိုက်ရန် ဝေးလေစွ၊ အေးအေးဆေးဆေး ကြည်ကြည်လင်လင် အဖမ်းခံ၍ ငြိမ်ငြိမ်သက်သက်။ ဘုန်းကြီးကုရှေ့သို့ ကိုရင်ငလွန်းက မြွေထုပ်ကြီး ယူလာသည်။ ဘုန်းကြီးကုက

“ငါဆရာသည် သင့်အသက်ကို ကယ်ခဲ့သည်။ သင့်ကို ရေတွင်းထဲကျကျချင်း ငါဆရာဆယ်ယူလွှတ်ပါက သင်နေထိုင်ရာနေရာ၌ အသုဘကျင်းလာတူးသူများ၊ ဧည့်ပရိသတ်များနှင့် ကြုံတွေ့၍ သင်သေလိမ့်မည်။ ယခု သင်နေရာ ငါပြန်ပို့မည်။ ကောင်းစွာနေ၊ လူကိုရှောင်ရှား၊ ငါဆရာ့ အမိန့်၊ ကိုရင်ငလွန်းက သင်္ချိုင်းကုန်း အလယ်တည့်တည့် သွားလွှတ်ခဲ့၊ ဒီမြွေကြီးက သင်္ချိုင်းကုန်းက မြွေ”

သင်္ချိုင်းကုန်းဆိုမှ အားလုံး မျက်လုံးပြူးသွားကြသည်။

“အရှင်ဘုရား တပည့်တော်ကို မိန့်ကြားခဲ့တဲ့ အချက် မှန်မှမှန်ပါ့ မလား ဘုရား”

ဦးပဉ္စင်း ဦးသုမနက ဘုန်းကြီးကုအား လျှောက်ထားသည်။

“ဟဲ့.. ဘယ်အချက်လဲ မောင်ပဉ္စင်းရဲ့”

“ဟို… မြွေကိုက်တဲ့ ပိုးထိလူမမာ အလွန်ဆုံးခံလှ ရက်သုံးဆယ် ဆိုတဲ့ အချက်ပါဘုရား”

ဘုန်းကြီးကုက ထိုင်နေရာမှ ထသည်။ ကျောက်သင်ပုန်းပေါ်ကို ဟိုခြစ် သည်ခြစ် ခြစ်၍ တွက်ကြည့်သည်။ ပြီးမှ ကြေးနီ ပုရပိုက်ကြီးကို ကြည့်သည်။ ကြေးနီပုရပိုက်ကြီးကို ကြည့်၍ အားရမှာ မတ်တတ်ရပ်လျက် တစ်စုံတစ်ရာကို နှုတ်မှတီးတိုးရွတ်ဆိုကာ အာရုံပြုဟန် ငြိမ်ငြိမ်သက်သက်။ အတော်ကြာမှ စကားပြောသည်။

“ဒီမြွေ၊ ဒီနေ့၊ ဒီအချိန်၊ ဒီနာမ်၊ ဒီလူရဲ့ ဂြိုဟ်စီးဂြိုဟ်နင်း၊ ကိုက်တဲ့ အရပ် အလိုအရတော့ ခံလှရင် ရက်သုံးဆယ်ပဲ မောင်ပဉ္စင်း၊ ခု ရက်ဘယ် လောက် ရသွားပြီလဲ။ ကိုက်တဲ့နေ့က စရေ”

“နှစ်ဆယ့်ခြောက်ရက်ပါ ဘုရား”

“ဆရာတော် သိသမျှ တတ်သမျှကတော့ ရက်သုံးဆယ့်ခံရင် တော် သေးတယ်လို့ သိရတာပဲ”

တွင်းကြီးကျေးရွာ × × × ရွာခွဲမှ တောင်သူကြီး ဦး× × မြွေကိုက် လာသည်။ ကိုက်သည့် မြွေက ဘာမှမကြီး။ ခဲတံလုံး လေးပုံတစ်ပုံအရွယ်။ အရှည်က တစ်ထွာသာသာ ကျော်ရုံမျှသာ။

မြွေကိုက်သော်လည်း အခြေအနေ မထူးခြား၍ အကိုက်ခံရသူက မြွေကိုသတ်၊ နွားစာပြောင်းကို ပြီးအောင်ရိတ်၊ ပြီးမှ မြွေသေပါ ယူကာ လှည်းဖြင့် ကျောင်းကို တိုက်ရိုက် မောင်းဝင်လာသည်။ သူကိုယ်တိုင် လှည်း ချွတ်ကာ မြွေသေလေး အမြီးမှ ဆွဲ၍ ဘုန်းကြီးကုထံ ဝင်လာသည်။

မြွေကို ပြကတည်းက ဘုန်းကြီးကု မျက်စိမျက်နှာပျက်သည်။ ဖြစ်ခဲလှသော မျက်မိမျက်နှာပျက်မှုကို ကြုံတောင့်ကြုံခဲ ကြုံရသော ဦးသုမန ရင် တထိတ်ထိတ်။ မြွေကိုက်လူနာက ရယ်ကာမောကာ အကြောင်းစုံ လျှောက်ထားပြီး ဆေးသောက်ပြီး အိမ်ကို ပြန်သွားသည့်တိုင် ဘုန်းကြီးကု မသိမသာ မျက်နှာပျက်ဆဲ။

“တပည့်တော် တွေ့ဖူးသမျှ ဆရာတော် မျက်စိမျက်နှာပျက်တာ မရှိသလောက် ရှားရှားပါးပါးပါပဲ ဘုရား။ အခုမှ တွေ့ ဖူးသလောက်ပါပဲ ဘုရား။ ဘာအကြောင်းထူးလို့ ခုလို မျက်စိမျက်နှာ ပျက်ရပါသလဲ။ မြွေကိုက်ခံရတဲ့လူက ရယ်ကာမောကာနဲ့ ဘာမှမဖြစ်သလို အကောင်းပကတိပါ ဘုရား”

“အင်း… အင်း၊ ဆရာတော်တတ်တဲ့ မြွေပညာ မမှားဘူးဆိုရင်တော့ သင်း လူ့ပြည်မှာနေရလှ လွန်ရော ကျွံရော ရက်သုံးဆယ်ပဲ။ ဒါ မြန်မာ့မြွေပညာအရ အကဲဖြတ်နော်။ ခေတ်ပေါ် လောကဓာတ်နည်းနဲ့ ကုသတဲ့ ဆေးရုံကြီးတွေဟာ မြွေဆိပ်ကိုအလွန် နိုင်တယ်လို့ ဆရာတော် ကြားဖူးတယ်။ ကုသလို့ ရလိုရငြား အနေနဲ့ လောကဓာတ်ဆေးရုံတွေတက်ဖို့
နားချပါ။ ဟောပါ။ ပြောပါ။ ဆရာတော့် ပညာကတော့ သူ့အသက်ကို မကယ်နိုင်တော့ဘူး။ ဆေးရုံတက်ဖို့ငြင်းရင် ဘဝကူးကောင်းအောင် သမထ၊ ဝိပဿနာ လုပ်ခိုင်းပါ။ ပုတီးစိပ်ခိုင်းပါ။ ကုသိုလ်ကောင်းမှု လုပ်ခိုင်းပါ။ နေ့စဉ် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏသဘော၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ဟောပေးပါ”

“ဘာမြွေများမို့လို့လဲ ဘုရား”

“ယတြာလွတ်မြွေ၊ ဆေးမရှိမြွေလို့ လွယ်လွယ်ပြောရမယ် သုမန”

“အဓိပ်ပာယျက…”

“အဓိပ္ပာယ်က အဲလို မြွေမျိုးကိုက်ရင် ယတြာ မချေနဲ့၊ ဆေးမတိုက်နဲ့၊ သူ့အဆိပ်ဒဏ်က တစ်ကိုယ်လုံးကို တစိမ့်စိမ့်နဲ့ လှိုက်စားလာမှာပဲ ဘုရား… ဘုရား…ဘုရား…”

ဆရာက ဘုရား တ,သောအခါ တပည့် ဦးပဉ္စင်းကလေး အနေဖြင့် ပေါ့ပေါ့ဆဆမနေ။ ညနေ၌ လူနာအိမ်ကြွပြီး ဗြောင်ဖွင့်မပြောရုံသာ ရှိသည်အထိ သွယ်ဝိုက်ပြောဆိုကာ ဆေးရုံတက်ရေး ဟောပြောသည်။ အခက်အခဲက လူမမာ အော်ဟစ်နေရလျှင်၊ လူးလှိမ့်နေရလျှင် အောင်မြင်နိုင်သည်။ ယခု အနေအထားက လူနာသည် တဝါးဝါး တဟား ဟား၊ အရယ်အမောမပျက်၊ အစားအသောက် အအိပ်မပျက်။ လူနာ လာမေးသူများနှင့် တဝုန်းဝုန်း တရုန်းရုန်း။ ဦးသုမနစကား မထိရောက်တော့။

တစ်စတစ်စနှင့် သူ့ရေသူ ငင်ချိုးသည်။ ဘေးအိမ်များ အလည်အပတ် ထွက်သည်။ တောသို့ ယာခင်းကြည့် သွားသည်အထိ အခြေအနေ ကောင်းမွန်နေသည်။ ရက်နှစ်ဆယ်ကျော်တွင် သူကိုယ်တိုင် ယာထွန်၊ ထယ်ထိုး၊ နွားကျောင်း၊ လူကောင်း ပကတိအတိုင်း လုပ်ငန်းခွင်ဝင်သည်။ ထို့ကြောင့် ဦးသုမနက လျှောက်နေသည်။

“ပကတိ လူကောင်းအတိုင်းပဲ။ စားဟယ် သောက်ဟယ်၊ လုပ်ဟယ် ကိုင်ဟယ်၊ သွားဟယ် လာဟယ် ဖြစ်နေပါပြီဘုရား။ ထင်းပေါက် သစ်ပင်တက်ချိုင် လုပ်နေတာ မြင်ခဲ့တယ်”

“ဟေ အဲလိုဟုတ်စ၊ မောင်ပဉ္စင်း”

“တပည့်တော် မျက်မြင်ပါဘုရား။ ဒါကြောင့် ဆရာတော့်စကား လွဲများ လွဲနေမလားလို့ လျှောက်ရတာပါ ဘုရား။ ဆရာတော်နဲ့ တပည့် တော်သာ သိတဲ့ စကားဆိုတော့ မျက်ခြည်မပြတ် ခေါင်းထဲထည့်၊ နေ့စဉ် သတိထား ကြည့်နေလို့ပါ”

“မောင်ပဉ္စင်းရဲ့ လွဲလေကောင်းလေပေါ့ကွယ်။ မနုဿတ္တဘာဝေါ ဒုလ္လဘောပါကလား။ ဒါပေမဲ့ သာမန်လူတွေသိတာက ငန်း၊ မြွေပွေး၊မြွေဟောက်၊ လင်းမြွေ ဘာမြွေ ညာမြွေပေါ့။ ကြီး၊ သေး အဆိပ်ပြင်း၊ မပြင်း တွေ့ဖူးသလောက် သိတာကိုး။ မြေအောက်မြွေ၊ မြေပေါ်မြွေ၊ ရေထဲမြွေ၊ ရေပေါ်မြွေ၊ အာကာသမြွေ၊ မြေမှီမြွေ၊ ရေမှီမြွေ၊ အာကာသမှီမြွေ ဒါတွေအထိ သိခဲလှပါတယ်၊ အခုလူနာ ကိုက်တဲ့မြွေကိုသာ မြွေဘယ်အဆက်အနွှယ်ဆိုတာ ဆရာတော် အတိအကျ သိတယ်”

“ဘာမြွေမျိုးပါလဲ ဘုရား”

“အမည်တပ် မပြောကောင်းဘူး။ မြွေဆိုတာ နီ၊ နက်၊ ဝါ၊ ဖြူ၊ စိမ်း၊ အစုံ ရှိတာ။ အစက် ပါတာ မပါတာ၊ အကွက် ဆက်တာ မဆက်တာ၊ လည်ရစ် ပါတာ မပါတာ၊ နည်းနည်း နည်းနည်းလေးသာ ရုပ်ဆင်းသွင်ပြင် လက္ခဏာ ကွဲပြားပေမဲ့ အဆိပ်အင်အားကျ အလွန်ကွာတယ် မောင်ပဉ္စင်း။ ဒါကို ဆရာတော်က အမည်တပ် ပြောလိုက်ရင် တရားသေ မှတ်ထားပြီး သဏ္ဌာန်တူ၊ လက္ခဏာတူကို ဒီမြွေလို့ ယူဆမှားယွင်း အကဲဖြတ်ရင် ဥပါဒါန်ကြောင့် ဥပဒ်ရောက်ကုန်မယ်။ ဒါကြောင့် ယတြာလွတ်မြွေလို့ တင်စားပြောခဲ့တာ။ မောင်ပဉ္စင်း သစ်ဆွေးဝါးဆွေးကို သတိပြု ကြည့်ဖူး လား”

“ကြည့်ဖူးကြောင်းပါ ဘုရား”

“သစ်ဆွေး ဝါးဆွေးများဟာ အပေါ်ယံက ကြည့်ရင်တော့ အကာမာနေတော့ အကောင်းပကတိပေါ့ကွယ်။ အတွင်းသားကတော့ ရိရာကနွမ်း၊ နွမ်းရာကကျွမ်း၊ ကျွမ်းရာက ဆွေးပြတ်ကျတတ်တာပါကလား။ ဆရာတော်က ကျောင်းသားဘဝ၊ ကိုရင်ဘဝ ကတည်းက မြွေပညာသင်ယူ ပြီးမြောက်ခဲ့တယ်။ ဆရာတော့်စကား လွဲချင်လွဲပါစေ။ လူတစ်ယောက် အသက်ချမ်းသာရရင် ဝမ်းသာလှပါပြီ။ ဆရာတော်စကား လွဲခဲ့ရင် မြန်မာ့မြွေနိုင်ပညာ မြွေအမျိုးအစား တိတ္ထိကျမ်းထွက်မှာ ဖြည့်စွက်စရာလိုသေး တယ်လို့သတ်မှတ်ပြီး နှောင်းလူတို့ ဆက်လေ့လာကြပေါ့။ ဆရာတော်ကတော့ ဒီနှစ်သင်္ကြန်ပြီးရင် လောကီကိစ္စ ပတ်သက်ရာရာကို အပြီးစွန့်လွှတ်လို့ လောကုတ္တရာလုပ်ငန်း ပဋိပတ်ကိုပဲ စောက်ချလုပ်တော့မယ်။ လောကီတစ်အိုးစာ တစ်နပ်စာထက် လောကုတ္တရာ ချမ်းသာရရှိဖို့ ပဋိပတ်စခန်း လှည့်တော့မယ် မောင်သုမန”

ဘုန်းကြီးကု စကား လုံးဝမလွဲ။

ရက်သုံးဆယ်မြောက် နံနက်ပိုင်းတွင် ရေနွေးကြမ်း ဘုဉ်းပေးနေသော ဘုန်းကြီးကုနှင့် ဦးပဉ္စင်းဦးသုမနကို အသုဘရှု လာပင့်သည်။ လာပင့်သူက

“ဆရာတော်တို့ ကုသလို့ ပျောက်သွားပါပြီဘုရား။ အစား မဆင်ခြင်၊ အသွား မဆင်ခြင်တော့ မြွေဓာတ်နဲ့ မတည့်တဲ့ ဖားစိမ်းငါးစိမ်း ချက်စားသတဲ့ ဘုရား။ မြွေကိုက်တဲ့နေရာက အနာမြုံနေတာ သိလျက်နဲ့ သစ်ရွက်မီး၊ နွားချေးမီး ကိုယ်တိုင်ရှို့သတဲ့ဘုရား။ တစ်လပြည့်ရက်ကူးတဲ့ ကနေ့ မနက် လေးနာရီလောက်မှာ ငါ့ရင်ထဲက ဘာဖြစ်မှန်းမသိဘူး။ မျက်လုံးတွေလည်း မမြင်ရတော့ဘူး၊ နားတွေလည်း မကြားရတော့ဘူးနဲ့ အိမ်သားတွေ နှိုးပြောရာက ဝေါခနဲ ဝေါခနဲ ထိုးအန်တာ သုံးလေးခါ ဘုရား။ နောက်တော့ အသက်ပါသွားတာပဲ၊ ပေါ့ဆတာ ဘုရား”

ဦးသုမန ကိုယ်တော်လေးက လာပင့်သူပြန်သွားမှ လက်အုပ်ချီ လျှောက်ထားသည်။

“ဆရာတော်ဘုရား၊ နောက်နောင်မှာ သိသလောက် မမိန့်ကြားတော် မူပါနဲ့ ဘုရား”

ဘုန်းကြီးကု ပဋိပတ်စခန်းမဝင်မီ တစ်ခုသောဆောင်းရာသီ ဆွမ်းခံထွက်ချိန်။

တွင်းကြီးဘုန်းကြီးကုသည် ကျောင်းမကြီးနှင့်
ကျောင်းမြောက်ဘေး ချုံစည်းတန်းအကြား
မြေကွက်လပ်၌ နေ့စဉ်ကဲ့သို့ပင် နေပူဆာလှုံနေ၏။

ကိုရင်ကြီးငလွန်း (အဘ ဦးစိုးကောင်း) နှင့် ကိုရင်ကြီးထွန်းခင် (အဖေ ဦးစိန်ချို)၊ ယခုကျောင်းဆရာ ဦးကြည်ဝင်း၊ အစ်မဒေါ်ညွန့်မြိုင်၊ ဒေါ်ကြည်ဌေး တို့၏ဖခင် (ကွယ်လွန်) တို့သည် အလှည့်ကျသော နေ့တိုင်းပြုဝတ်ဖြစ်သည့် လာရောက်လှူဒါန်းသူတို့ ထိုင်ရန် သင်ဖျာသုံးချပ်ခင်းခြင်း၊ ပက်လက်ကုလားထိုင်နှင့် ရေနွေးကြမ်းအိုး၊ ကွမ်းအစ်ချပေးခြင်း ပြုလုပ်ပြီး ဘုန်းကြီးကုအမိန့်အတိုင်း မနီးမဝေး၌ အမှိုက်လှည်းလျက် ရှိသည်။

ထိုစဉ် သျှောင်တစ်စောင်းထုံးနှင့် လူကြီးတစ်ယောက်နှင့် လူရွယ်တစ်ယောက်တို့သည် လှူဒါန်းဖွယ်ရာများကို ယူဆောင်လာပြီး ဘုန်းကြီးကုအား ဝတ်ပြုခြင်း၊ ဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်နေမှုကို ကိုရင်ကြီး နှစ်ပါးက မြင်နေရသည်။

ဘုန်းကြီးကုက လက်ခံဆုပေး နှုတ်ဆက်စကား ပြောကြားသည်။

“သာဓု၊ သာဓု၊ သာဓု ဒကာကြီး၊ ဒကာကြီးတို့ ဘယ်ရပ် ဘယ်ရွာကပါလဲ”

“တပည့်တော်တို့ ဆရာတပည့် နှစ်ဦးဟာ မအူပင်မြို့နယ်၊ ရေလဲလေးအနီးက ဒေါင်းမြူးရွာကပါ ဘုရား”

“အောက်ပြည်အောက်ရွာကပေါ့၊ ဆရာတော် ဘာများ အကူအညီပေးစရာ လိုပါသလဲ”

“တပည့်တော်က အောက်ပြည်အောက်ရွာမွေး ဖြစ်သော်လည်း၊ တပည့်တော်ဖခင်ဟာ တွင်းကြီးနဲ့
၁ တိုင် (၂ မိုင်) သာ ဝေးတဲ့ ကျီးဘုတ်ရွာသားပါ ဘုရား၊ အညာဆွေမျိုးများ အောက်ပြည်အောက်ရွာလာတိုင်း ဆရာတော်ရဲ့ မြွေပညာဂုဏ်သတင်း ပြောကြားပါတယ်ဘုရား၊ တပည့်တော် ကိုယ်တိုင်လည်း အောက်ပြည်အောက်ရွာမှာ မြွေဆရာကြီးပါဘုရား”

“အဲဒီတော့”

“တပည့်တော်ရဲ့ တပည့်တစ်ယောက်ကို ဆရာတော်က အသက်ကယ်ခဲ့ပါတယ် ဘုရား။ သူ့ကို ဆရာတော် မှတ်မိပါသလား”

ဘုန်းကြီးကုက စေ့စေ့စပ်စပ်ကြည့်၍ ဖြေသည်။

“မြင်တော့ မြင်ဖူးသလိုလိုပဲ၊ အတိအကျ မသိဘူး ဒကာကြီး”

“အရှင်ဘုရားကျောင်းထဲက ရေတွင်းမြွေကို ဖမ်းခဲ့ဖူးသူပါ ဘုရား”

“ဪ… ဒီဒကာလား ဟုတ်ပြီ.. ဟုတ်ပြီ”

“သူက လက်တွေ့ပြောပြလာတဲ့အခါ ဆရာတော့်ကို အထူးသဖြင့် ဖူးတွေ့လိုပါတယ် ဘုရား၊ မြွေပညာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနှီးနှောလိုပါတယ် ဘုရား”

“အိမ်း… အိမ်း၊ ကျောင်းမှာ ထမင်းစားသွားကြ၊ ညအိပ် ညနေ တည်းခိုလိုက တည်းခိုကြ၊ ဒကာကြီးရဲ့ မြွေပညာကို ဆရာတော်အရင်သိပါရစေ”

“တပည့်တော်ပညာက မြွေတွေ့ပါက ပြသနိုင်ကြောင်းပါ ဘုရား”

ထိုသို့ လျှောက်ထားဆဲ၌ပင် ဘုန်းကြီးကုက လက်ကာပြသည်။ ဘုန်းကြီးကုတို့ နေဆာလှုံနေသော မြောက်ဘေး ကျောင်းစည်းရိုးတန်း ချုံထဲမှ မြွေတွန်သံ ရွှီခနဲ၊ ရွှီခနဲ စတင်ကြားသည်။

“ဒကာကြီး ပါရမီ ပြည့်တော့မယ်ထင်တယ်၊ ရွှီခနဲ ရွီခနဲအသံ ကြားလား၊ အဲဒါ မြွေဟောက်ဖိုက အသံပေးတာ၊ သူ ထွက်ခဲ့တော့မယ်ဆိုတဲ့ သဘောပဲ
နားထောင်”

ကိုရင်ငလွန်းနှင့် ကိုရင်ထွန်းခင်တို့ အမှိုက်လှည်းနေသော သဂျမ်းပင်အောက်ရှိ တောင်ပို့ထဲမှ မြွေတွန်သံ ရွှီခနဲ၊ ရွှီခနဲ ကြားရပြန်သည်။

“အဲ… အဲ… ထွက်ခဲ့တော့လို့ မြွေဟောက်မက ပြန်အသံပေးတာ ၊ ကြည့်… ကြည့်နေ မြောက်ဘက်ကမြွေဟောက်ဖိုက တောင်ဘက်ကမြွေဟောက်မရှိရာ သွားဖို့ ထွက်လာလိမ့်မယ်”

ငါးမိနစ်ကျော်ကျော်ခန့်မျှသာ ကြာလိမ့်မည်။ ဘုန်းကြီးကုပြောသကဲ့သို့ပင် မြောက်ဘေးချုံတန်းထဲမှ မြွေဟောက်ကြီးတစ်ကောင် ထွက်လာပြီး ဘုန်းကြီးကုတို့နှင့် မနီးမဝေးမှဖြတ်၍ တောင်အရပ်သွားရန် ဦးတည်နေ၏။ ဘုန်းကြီးကုသည် ပက်လက်ကုလားထိုင်ပေါ်မှ မထဘဲ မိန့်ကြား၏။

“ကဲ.. မြွေကတော့ ထွက်လာပြီ။ ဒကာကြီး ပညာပြမလား”

“ရပါတယ် ဘုရား၊ ဆရာတော်ကြည့်လိုတာ သိလိုတာ အမိန့်ရှိပါ”

“သွားနေတဲ့မြွေကို ရပ်ခိုင်းပြပါ၊ ရပ်ရာက ခွေခိုင်းပြပါ၊ ခွေရာက သွားခိုင်းပြပါ၊ ဒီအဆင့်အထိ ဒကာကြီးပညာအဆင့်မီပြီလား”

“မီပါတယ် ဘုရား၊ ကြည့်တော်မူပါ”

သျှောင်ကြီးရှင်သည် လွယ်အိတ်ထဲမှ တစ်စုံတစ်ခုကိုထုတ်ပြီး မြွေဟောက်ကြီးရှေ့ကြိုသွားသည်။
သူ့လက်ထဲမှ မြွေနိုင်စမကိုပြ၍

“ရပ်.. ရပ်… ရပ်”

ဟု အမိန့်ပေးရာ မြွေကြီးက ညင်ညင်သာသာ ရပ်ပေး၏။ ရပ်ပေးနေသော မြွေကြီးကို

“ခွေ… ခွေ.. ခွေ”

ဟု အင်းစမကိုပြသ၍ ဝိုင်းဝိုင်းဝေ့ဝေ့ ဝဲဝဲခိုင်းရာ မြွေကြီးက တဖြည်းဖြည်းခွေသည်။
အတော်အတန် ကြာမှ

“အခွေဖြေ သွား.. သွား… သွား”

ဟု အင်းစမဝေ့ကာဝဲကာ အမိန့်ပေးရာ မြွေကြီး အခွေဖြေ၍ တောင်ပို့ရှိရာသွားပြီး တောင်ပို့ထဲ
ဝင်သည်။ မြွေဆရာက ထိုအချိန်မှ ဘုန်းကြီးကုထံ ပြန်လာ၏။

“တပည့်တော်၏ မြွေပညာကို ဆရာတော် လက်တွေ့ သိမြင်ရပါပြီ ဘုရား၊ တပည့်တော်အား ငဲ့ညှာပြသသောအားဖြင့် ဆရာတော်မြွေပညာ လက်တွေ့ ပြသတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား”

“အိမ်း.. အိမ်း… အောက်ပြည်အောက်ရွာမှ တကူးတက လာရောက်ဖူးမြော်ကန်တော့ခြင်း၊ အတူပါလာသူ ဒကာကြီးတပည့် မြွေအလမ္မာယ်ဆရာလေးကဲ့သို့ မပြည့်သည့်အိုး ဘောင်ဘင်ခတ်သဘောမျိုး ဒကာကြီး၌မရှိဘဲ ပညာမာနမထားခြင်း၊ ငါ့စကားနွားရ မပြောခြင်းတို့ကြောင့် ဆရာတော် ပညာ နည်းနည်း ပြသရတာပေါ့၊
ဟဲ့ ကိုရင်နှစ်ပါးတံမျက်စည်းချ လာခဲ့ကြစမ်း”

ကိုရင်ကြီးနှစ်ပါး အနီးသို့ ရောက်သောအခါ

“ထွန်းခင်က ကန်တော့ပစ္စည်းတွေသိမ်း၊ ကျောင်းပေါ်ပို့၊ ဧည့်သည်တွေဖို့ ရေနွေး အမြည်းပွဲပြင်ယူခဲ့၊ ဆွမ်းစားပြီးရင် ဧည့်သည်တွေ ကျောင်းကထမင်းကျွေးမယ်။ ငလွန်းက ငါ့ဆီလာခဲ့”

ဘုန်းကြီးကုသည် သူ့ကွမ်းအစ်မှ ကွမ်းတစ်ရွက် ထုတ်သည်။ လက်ဖြင့်အင်းချသလို ကွမ်းရွက်ပေါ် ရေးသည်။ သူ့ဝါးလက်စ ကွမ်းသွေးကိုလည်း ကွမ်းရွက်ထဲ ထွေးထည့်ကာ ကွမ်းရွက်ကို ကွမ်းယာလိပ်သကဲ့သို့ လိပ်ခေါက်ပြီး ကိုရင်ငလွန်းအား လှမ်းပေးလျက် အမိန့်ရှိ၏။

“ငလွန်း”
“ဘုရား”
“အဲဒီ ကွမ်းရွက်ကို ခဲလုံးလေးသေးသေးထည့်၊ တောင်ပို့ထဲဝင်အောင်ချ၊ ပါးစပ်ကကလည်း သုံးခါပြော၊ မြွေဟောက်ကြီးနှစ်ကောင်စလုံး ဆရာတော်ဆီ ထွက်ခဲ့ရမည်။ ဆရာတော်အမိန့်လို့ သုံးခါပြော
ပြီးရင် မင်း လွတ်အောင်ဖယ်၊ ကျောင်းပေါ်သွားပြီး ထွန်းခင်နဲ့ လက်ဖက်ရည်ပွဲကူပြင် ဟုတ်ပြီလား”

“တင်ပါ့ဘုရား”

ကိုရင်ငလွန်းသည် ဘုန်းကြီးကု အမိန့်အတိုင်း တိတိကျကျ ဆောင်ရွက်သည်။ သုံးကြိမ်သုံးခါပြောအပြီး ဘေးလွတ်အောင် ရှောင်ကာ ကျောင်းဆီသွားသည်။

မြွေဟောက်ကြီးနှစ်ကောင် ခေါင်းထောင်၍ အလျင်ထွက်လာသည်။ တောင်ပို့အပြင် ရောက်အောင် ဖြည်းဖြည်းညင်ညင်ထွက်လာပြီး ဘုန်းကြီးကုတို့ ရှိရာသို့ ဣန္ဒြေရရ နှစ်ကောင်တွဲယှဉ်လာသည်။ မြွေဆရာနှစ်ဦးနှင့် မလှမ်းမကမ်းရောက်ရှိချိန်၌ ဘုန်းကြီးကုက ထိုင်ရာမရ လက်ညှိုးထိုးအမိန့်ပေးသည်။

“ရပ်ကြ၊ ရပ်ကြ၊ ငါ့တပည့်များ၊ အောက်ပြည်အောက်ရွာက မြွေဆရာကြီးကို သင်တို့ကန်တော့ရမည် ။ သုံးကြိမ်သုံးခါ ကန်တော့စေ”

ဘုန်းကြီးကုက လက်ညှိုးထောင်လိုက်ရာ မြွေကြီးနှစ်ကောင်စလုံး ပါးပျဉ်းများထောင်ပြီး လူတစ်ထိုင်နီးပါးအထိ ကိုယ်ကိုမြှင့်တင်ကြသည်။

ဘုန်းကြီးကုက လက်ညှိုးအောက်စိုက်ပြရာ မြွေကြီးနှစ်ကောင်စလုံး ပါးပျဉ်းများကို မြေအထိချကာ ကန်တော့သကဲ့သို့ ပြုလုပ်သည်။

သုံးကြိမ်သုံးခါအထိ ပါးပျဉ်းထောင်လိုက်၊ မြေထိ ပြန်ချလိုက်ဖြင့် ကန်တော့နေသော မြွေဟောက်ကြီး နှစ်ကောင်ကို သျှောင်ဆရာကြီးနှင့် သူ့တပည့်တို့က တအံ့တသြကြည့်နေသည်မှာ မျက်တောင်မခတ်။

သုံးကြိမ်သုံးခါ ကန်တော့ပြီးသော မြွေဟောက်ကြီး နှစ်ကောင်သည် ဆရာတော့်အမိန့်ကို စောင့်ဟန်ဖြင့် တည်တည်ငြိမ်ငြိမ်။

“ကိုယ့်နေရာကို ကိုယ်ပြန်နိုင်ပြီ ငါ့တပည့်များ
ကျန်းမာချမ်းသာကြပါစေ”

ဆရာတော့်အမိန့်ရသောအခါ လာစဉ်ကကဲ့သို့မဟုတ်၊ ဝမ်းမြောက်ရွှင်လန်းစွာ အားကုန်ပြန်ပြေးပြီး တောင်ပို့အတွင်းဝင်ပြေးကြသည်။

မြွေဆရာနှစ်ဦးသည် ဆရာတော်ကို ပြိုင်တူရှိခိုးဦးချ ကန်တော့နေကြသည်။

(ဆရာတော်ကြီးဦးကုသလသည် နောက်ပိုင်းတွင် ပဋိပတ်အလုပ်ကိုသာ လုပ်ပါတော့သည်။ လောကီပညာ မှန်သမျှ စွန့်လွှတ်ခဲ့ပါသည်။ ဦးပဉ္စင်းလေး ဦးသုမနမှာ ဆရာတော်ကြီးအလျင် ပျံလွန်တော်မူခဲ့ပါသည်။ဆရာတော်ကြီးမြွေပညာကို အဆင့်မီမီ မည်သူမှ မရရှိခဲ့ပါ။ ကျောင်းစောင့်ငအုံးက အမည်မသိဆေးကို ဆရာတော်ကြီးမသိအောင် ခိုးထိုးရာ အရိုက်အနှက်ခံနိုင်သောဆေးမှန်း နောက်ပိုင်းမှ
လက်တွေ့ သိရပါသည်။ မည်သူမှ ထိုးပေးမသွားပါ။)

(သူရဇ္ဇမဂ္ဂဇင်း အတွဲ ၁ဝ၊ အမှတ် ၆၊
၂၀၁၀ ပြည့်နှစ် ဇွန်လ)

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ