• June 22, 2025
  • admin
  • 0

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
မြွေပွေး ပိုးထိခံရခြင်း

နေရောင်ခြည်များက ဟိုတကွက် ဒီတကွက်နှင့် တောတွင်းသို့ ကျဆင်းလျက်။

မျှော်လေတိုင်း မြင်မဆုံးစေသော တောင်တန်းနှင့် တောပြင်ကို ကျွန်တော်က မသိမသာကြည့်ရင်း ခရီးပြင်း ချီတက်ခဲ့ကြသည်။

လှမ်းလိုက်တိုင်းပင် ခရီးပြင်း ချီတက်ခဲ့မှုကြောင့် ချွေးသီးချွေးပေါက်များမှာ ဒလဟော ယိုဆင်းနေတော့သည်။

ဝှီးကနဲ အသံကြီးဖြင့် ရစ်တကောင်၏ အလန့်တကြား ပျံသန်းလိုက်မှုကြောင့် ကျွန်တော်တို့ မုဆိုး အားလုံးက ပတ်ဝန်းကျင်တဝိုက်ကို အရေးတကြီး အကဲခပ် ကြည့်ရှုလိုက်မိ၏။

ဦးဘိုးဟန်သည် အသင့်ပစ်ရန် အနေအထားနှင့် ကိုင်ထားသော .၅ဝဝ ဘို့ နှစ်လုံးပြူးရိုင်ဖယ်ကို အသာပြန်၍ ချလိုက်ပြီး “ဘာမှ မဟုတ်ပါဘူး” ဟူသော အဓိပ္ပာယ်နှင့် ခေါင်းကို ခါယမ်း၍ ပြသလိုက်၏။

ကျွန်တော်ကလည်း ခွေးသုံးကောင်၏ အမူအရာကို တချက် အကဲခပ်လိုက်ပြီးမှ တစုံကရာထူးခြားမှု မတွေ့ရသည်ကြောင့် .၅၇၇ နှစ်လုံးပြူးရိုင်ဖယ်ကို ပခုံးပေါ်သို့ ပြန်၍ ထမ်းလိုက်ရပေ၏။

“ဒီအကောင်ကြီးကို တွေ့ရင်တော့ကွာ အသားအစိမ်း စားပစ်မယ်ဟေ့”

တပ်ကြပ်ကြီး သန်းထွန်းသည် ခရီးပန်းလာသည့်အလျောက် ကျွန်တော် အစဉ်တစိုက် လိုက်နေသည့် ရန်သူကောင်ကြီးကို ပြစ်တင်ကြိမ်းဝါးလိုက်တော့သည်။

မှန်ပေသည်။

ထိုနေ့နံနက် အရုဏ်တက်က စတင်ကာ မွန်းတည့်ချိန်အထိ တချက်ကလေးမှပင် မနားတမ်း ခြေရာခံခဲ့ရသော အန္တရာယ်ကောင်ကြီး၏ အရိပ်အခြည်မှပင် မတွေ့ရသည်မှာ တကယ်ပင် မကျေနပ်စရာပင်။

ပျဉ်းမနား အနောက်နယ်၊ ငါးလိုက်ချောင်း အထက်ဖျားမှစ၍ မိုးစွေနှင့် တိုက်မအကြားရှိ ဒေသ တလျှောက်တွင် လွန်ခဲ့သော သုံးလေးရက်က အရပ် ပျက်ခမန်း သောင်းကျန်း မွှေနှောက်သွားခဲ့သော “စွယ်ကား” အမည်ပေးထားသည့် မုန်ယိုနေသည့် တောဆင်ပေါက်ကြီးကို ကျွန်တော်တို့ မုဆိုးအဖွဲ့က သုတ်သင်ပစ်ခတ်ရန် မနားမနေ ရှာဖွေရင်း ခရီးပြင်း ချီတက်နေကြပါသည်။

ပျဉ်းမနားရုံးများသို့ အကြောင်းကိစ္စ ရှိကြသဖြင့် လာရောက်ခဲ့ကြသည့် ရွာသူရွာသားများ၊ ဈေးလိုက်သူများ၊ ဈေးလှည်းများနှင့်တကွ သစ်ခုတ် ဝါးခုတ်သူများကို ယခင်ကာလများအဘို့၌ မလွတ်တမ်း တွေ့ခဲ့ရသလောက် “စွယ်ကား”၏ သောင်းကျန်းမှုကြောင့် လူဆက်ပြတ်ကာ လူသံတိတ်လျက် တွေ့ရပေ​၏။

ကျွန်တော်တို့ တမင်ကလာ ခေါ်ယူခဲ့သည့် အမဲလိုက်ခွေးသုံးကောင်သည် အနံ့ခံရာ၌ ပထမတန်း ကောင်းသလို အခြားသော အမဲလိုက်ခွေးများကဲ့သို ဆူညံစွာ မဟောင်ကြဘဲ ခြေရာစဉ် ခြေရာခံရင်း အနံ့ကို ခံယူလျက် ကျွန်တော်တို့ရှေ့မှ လမ်းပြခေါ်ဆောင် တတ်သော ကျွန်တော်တို့စိတ်ကြိုက် ခွေးသုံးကောင်ပင် ဖြစ်သည်။

နောက်ဆုံးမှ ထမင်းထုပ်ထမ်းရင်း အကူအညီအဖြစ် လိုက်ပါလာသူ မိုးစွေရွာသားလေးဦးအနက် ဦးထွန်းဝေဆိုသူက……

“ခဏလောက်နားပြီး ရေလေးဘာလေး ရှာကြရ အောင်ဗျို့။ ကြောတွေလဲ ပူလာပြီဗျ”

လေသံနှင့်ပင် ဦးဘိုးဟန်ထံ ခွင့်တောင်းလိုက်ရာ…

“ကောင်းသားဘဲ။ ခင်ဗျားတို့ကြိုက်တဲ့ စခန်းမှာ ရပ်ဗျာ”

ဆင်ကြီးက တက်တက်စင် ခရီးလွန်နေပြီမို့ ဦးဘိုးဟန်က ပြန်လည်ဖြေကြားလိုက်သည်။

တဖာလုံခန့် အရောက်တွင် မြေနိမ့်ဆင်းသွားပြီး စမ်းဖြစ်နေသော ထွေးတောတခုဆီသို့ ကျွန်တော်ကို အားလုံး ဆိုက်ရောက်ခဲ့သည်။

“ကဲ… ဒီမှာ နားကြရအောင်။ ထမင်းစားဘို့လဲ ရေကအဆင်သင့်…”

ကိုလှဆောင် ဆိုသူက ပါလာသည့် လွယ်အိတ်ကြီးကို ကိုယ်ပေါ်မှ ဖြုတ်ချလိုက်ပြီး ပတ်ဝန်းကျင်တဝိုက်ကို ကြည့်ရှုလိုက်သည်။

“ရေလားဟေ့… ဟောဒီ အနိမ့်ပိုင်းမှာ ရှိလိမ့်မယ်ဟေ့….”

လမ်းပြ ဦးအေးက ဓားမဦးနှင့် ညွှန်ပြလိုက်ရာ ကိုလှဆောင်သည် ဓားမကိုဆွဲ၍ ရေရှာထွက်လိုက်သည်တွင်

“မုဆိုးတယောက်ကို ခေါ်သွားပါလား မောင်လှဆောင် … ”

ဦးဘိုးဟန်သည် နဖူးပြင်မှ ချွေးများကို မျက်နှာသုတ်ပုဝါဖြင့် သုတ်ရင်းက သတိပေးလိုက်ရာ……

“ဟာ… ဒီအနားဘဲ ဆရာဟန်။ ကိစ္စမရှိပါဘူး”

ပြောလိုက်သည်။

ခွေးနှစ်ကောင်သည် ဝပ်နေရာမှ ထ၍ ရေသွားခပ်သူ ကိုလှဆောင်နောက်သို့ လိုက်ပါသွားသည်။

ရဲဘော်ကျော်လှိုင်သည် ကျွန်တော်ရှေ့တွင် ထမင်း စားသောက်ကြရန်အတွက် ဖက်ရွက်များကို ရှင်းလင်းလိုက်ရင်းမှ

“ပင်ပန်းလိုက်တာ လွန်ပါရောဗျာ။ ဒီနေ့ ဘာကောင်မှ မတွေ့ရဘူး။ တချက်မှလဲ မဆော်လိုက်ရဘူး”

တဖြစ်တောက်တောက် ပြောဆိုလိုက်ရာ….

“အမဲကြီးနောက်ကိုလိုက်ရင် ဒီလိုဘဲကွ။ မတွေ့သမျှတော့ ပင်ပန်းတာဘဲ”

ဦးနုသည် ကွမ်းကို မြုံဝါးရင်းက သူ၏ .၄၇၅ မဂ္ဂဇင်းရိုင်ဖယ်ကို သစ်ပင်တွင် ကပ်၍ ထောင်လိုက်​၏။

ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်အားလုံးသည် တော ဆင်ဆိုးကြီးနောက်သို့ လိုက်ပါသူများ ဖြစ်ကြသည့်အလျောက် ဆင်ပစ်ရိုင်ဖယ်များကိုသာ ရွေးချယ်ယူဆောင်ခဲ့ကြသည်။ အပေါ့စားရိုင်ဖယ်များကိုမူ စခန်းတွင် ချန်ထားခဲ့ပြီး တချက်ပစ် တချက်အထိ နာစေသည့် .၄၀၄ ပြောင်းဝအကျယ်မှစ၍ အထက်သို့ ပြောင်းဝအကျယ်ရှိ ရိုင်ဖယ်များကို ကိုင်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

မိုးစွေရွာသားများက ထင်းခြောက်များကို စုဝေးပြီး မီးဖိုသူကဖိုလျက် ဝါးအစိုတလုံးကို ခုတ်သူကခုတ်၊ လဘက်ရည်ကြမ်းအိုးအဖြစ် အရေးပေါ်တည်ရန် စိုင်းပြင်းလုပ်ဆောင်နေကြသည်။

“ဆင်ကြီးကို ဒီနေ့မတွေ့လဲ နက်ဖန်ဆိုရင် ညှိနိုင်ပါ တယ်ဗျာ။ ဒီအကောင်ကြီး ခြေရာခြေကြောင်းတွေ ဒင်းခေါင်းပေါ်ရွက်ပြီး ခြေရာဖျောက်ပြီး မပြေးနိုင်ပါဘူး”

ဦးဘိုးဟန်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရဖွာရင်းက “စွယ်ကားကြီး” အတွက် ကြိုတင်၍ ဝေဖန်ပြောဆိုလိုက်သည်။

အောင်လောင်ငှက်ကြီးတအုပ်သည် တရှဲရှဲ တော သံပေးကာ စမ်းအတိုင်း ပျံသန်းနေကြသည်။

xxx xxx xxx

ရှစ်မိနစ်ခန့် ရှိခဲ့ပေပြီ။

“ဟေ့ … ရေခပ်တဲ့လူလဲ ဘယ်လိုတုန်းကွ။ ကြာလိုက်တာ”

ဦးထွန်းဝေက လဘက်ရည်ကြမ်းတည်ရန် စောင့်နေရာက စိတ်မရှည်သည့်လေသံဖြင့် မေးလိုက်သည်။

“ရေရှာ မတွေ့တာလားကွာ။ ဒီအကောင်နှယ် … ညံ့ ရန်ကော”

တယောက်က အမှတ်မထင် ပြောလိုက်ပြန်၏။

သို့ရာတွင် ကျွန်တော်တို့ အနားယူရာသို့ ခပ်သုတ် သုတ် ပြန်လာသူမှာ ဦးထွန်းဝေတို့ မြှော်လင့်နေသည့် ရေခပ်သူ ကိုလှဆောင် မဟုတ်ပါ။ အမဲလိုက်ခွေးနှစ် ကောင်သာ ဖြစ်ပါသည်။

ထူးထူးခြားခြားပင် ခွေးနှစ်ကောင်စလုံး အမြီးများ ကုပ်ကာ ဖင်ကြားညှပ်လျက်နှင့် တုန်တုန်ယင်ယင် အခြေအနေမှာ တွေ့ရသလို ခွေးတကောင်၏ တင်ပါးတွင် လေးလက်မခန့် သားရေချပ်လန်လျက် သွေးသံရဲရဲနှင့် တွေလိုက်ရသည်တွင်…

“ဟ… ဒါက ဘာသဘောလဲဟေ့”

ဦးဘိုးဟန်သည် သုတ်ကနဲ ထ၍ရပ်လိုက်ရင်းက အရေးတကြီး ပြောလိုက်ပြီး သူ၏ .၅၀၀ ဘို့ ရိုင်ဖယ်ကို ဆွဲယူကာ ရိုင်ဖယ်၏ခါးကို ချိုး၍ ပြောင်းဝနှစ်ပေါက်အတွင်း၌ ကျည်ဆံရှိ မရှိကို အမြန်ဆုံး စစ်ဆေးပြီး နှစ်လုံးပူးရိုင်ဖယ်၏ ခါးကို ချက်ကနဲ အသံဖြင့် ပြန်စေ့ချလိုက်ရင်း…

“လာကြကွ … မြန်မြန်”

ကျွန်တော်တို့ ခေါ်ငင်လိုက်ရာ ကျွန်တော်က .၅၇၇ နှစ်လုံးပူးရိုင်ဖယ်ကို လှမ်း၍ ဆွဲလိုက်ပြီးနောက် ဦးဘိုးဟန်နှင့်အတူ ခွေးနှစ်ကောင် သုတ်ခြေတင်၍ ပြန်လာရာဘက်သို့ တဟုန်တည်း ထွက်သည်။

ကျွန်တော့်ခြေရင်းတွင် ဝပ်နေခဲ့သော “မိုက်ခဲ” အမည်ရှိ ခွေးနက်ကြီးသည် ကျွန်တော့်ရှေ့မှ တပါတည်း ပြေးတက်ခဲ့သည်တွင် ကျန်ခွေးနှစ်ကောင်ကပါ ကျွန်တော်တို့နှင့်အတူ ပြန်လည်၍ လိုက်ပါခဲ့သည်။

တပ်ကြပ်ကြီးသန်းထွန်းနှင့် မုဆိုးအဖွဲ့ ဝင်များသည် ပွဲတိုးဘူးသော အတွေအကြုံများစွာ ရှိခဲ့ကြသည့် မုဆိုးဟောင်းများဖြစ်ကြသည့်အလျောက် ကျွန် တော်တို့နောက် မလှမ်းမကမ်းမှပင် လိုက်ပါလာကြ လေပြီတကား။

ကျွန်တော်တို့နှစ်ဦးသည် ကိုလှဆောင်၏ ခြေရာ စဉ်အတိုင်းလိုက်ခဲ့သလို ခွေးသုံးကောင်ကလည်း တအားတက်ကာ နှာခေါင်းတမော့်မော့်နှင့် ကျွန် တော်တို့ရှေ့မှ ကပ်၍ တက်ခဲ့ကြသည်။

ကြိမ်ပင်နှင့် ရေမစီးကြမ်းပင်၊ တောငှက်ပျောပင် များပေါက်လျက် စိမ်းလန်းစိုပြေနေသော ရေစပ်စပ် ပြေးနေဆဲ စမ်းချောင်းကလေးကို တတောင်ဆစ်ချိုး အကွေ့တွင် တွေ့လိုက်ရသည်။

ဂရုတစိုက် ကြည့်ရှုနေကြသော ကျွန်တော်တိုမျက်လုံးများက စမ်းချောင်းတဖက် ကြိမ်ပင်အောက်တွင် ပက်လက်လန်ကာ ကျနေရစ်ခဲ့သော ကိုလှဆောင်၏ ဝါးဖတ်ဦးထုပ် အဝါရောင်ကို တွေ့မိသည်တွင် ဦးဘိုးဟန်က

“အကျိုးနဲပြီဗျို့။ ပြောရက် သတိပေးရက်နဲ့ဗျာ”

တုန်လှုပ်နေသော အသံကြီးဖြင့် ပြောလိုက်ရင်း စမ်းချောင်းတဖက်၌ ရှိနေသည့် ရှုပ်ထွေးရစ်ခွေနေသော ထွေးတောအတွင်းသို့ ကမန်းကတန်း ရှာဖွေကြည့်ရှုလိုက်သည်။

“လာဗျို့ … အဘိုးကြီး။ ကျုပ်တို့နှစ်ယောက် ရင်ဘောင်တန်းဝင်ပြီး တိုးကြရအောင်။ လက်မြန်ဘို့ သိပ်အရေးကြီးတယ်”

ကျွန်တော်သည် သတိပေးစကား ပြောလိုက်ပြီး နှစ်လုံးပူးရိုင်ဖယ်၏ တွတ်ပီကို ရှေ့သို့ လက်မနှင့် တွန်းကာ တင်လိုက်ခြင်းဖြင့် ပစ်ရန်အသင့် မောင်းတင်လိုက်ရင်း စမ်းချောင်းကို ဖြတ်၍ကူးကာ စူးစူး စိုက်စိုက် မျက်လုံးများနှင့် ထွေးတောအတွင်းသို့ ရှာဖွေကြည့်ရှုရင်း တလှမ်းချင်း ဝင်လိုက်သည်။

စိတ်အနည်းငယ် တုန်လှုပ်စေခဲ့သည့် မြင်ကွင်းများဖြစ်သည့် ရှေ့ပိုင်းမှ ဖုခွက်ကလေး လေးခွက်နှင့် နောက်ပိုင်းမှ အခွက်ကြီးတခွက် ပါဝင်သည့် အကျယ်အဝန်း ခုနစ်လက်မခန့်ရှိ ကျားခြေရာသစ်များနှင့် တစုံတရာကို ကိုက်ချီဆွဲယူသွားသည့် ဆွဲကြောင်း စွပ်ကြောင်း အရာကြီးကြောင့် ကျွန်တော်သည် မျက်စိနှင့် နားနှစ်ပေါက်တို့ကို အစွမ်းကုန်ဖွင့်ကာ လှုပ်ရှားမှုနှင့် မြင်ကွင်းများကို အသေးစိတ် အကဲခပ်နေမိပါသည်။

ဦးဘိုးဟန်သည် ကျွန်တော်၏ ဘယ်ဖက်ဘေး ဆယ်လှမ်းကွာမှ ရင်ဘောင်တန်းလျက် ရောက်ရှိလာ သလို ရှုပ်ထွေးလှသော ထွေးတောအတွင်းသို့ ဂရု တစိုက် ကြည့်ရှုလိုက်ပြီး-

“ကိုင်း… တိုးသာ တိုးဗျို့။ ဒီအကောင် သိပ်မဝေးဘူး”

ပြောလိုက်ပြီး နှစ်ယောက်သားကျိတ်၍ ထွေးတောအတွင်းသို့ တလှမ်းချင်း ဝင်ခဲ့ပါသည်။

ကျွန်တော်တို့ နှစ်ယောက်၏ ယခုကဲ့သို လုပ်ဆောင်ချက်မှာ မုဆိုးလုပ်ငန်းတွင် အင်မတန် ခက်ခဲစေသလို အသက်စွန့်၍လုပ်ရသော “ရင်ဆိုင်တိုက်ပွဲ”၊ “ရင်ဆိုင်ပစ်ခတ်ပွဲ” အဖြစ် ဖြစ်ပေါ်စေသော တောနင်းခြင်း၊ ရှာဖွေခြင်းလုပ်ငန်း ဖြစ်ပါသည်။

အထူးသဖြင့် မုဆိုးအဖို့ ပိုမို၍ အန္တရာယ်ကြီးမားစေသလို တဖက်က လူသတ်ကောင် သားရဲအဖို့ ကြိုတင်၍ နေရာယူ ပုန်းကွယ်နိုင်သလို တပန်းသာနေသော အခက်ခဲဆုံး လုပ်ငန်းပင် ဖြစ်ပါတော့သည်။

xxx xxx xxx

ခက်ခဲရှုပ်ထွေးနေသော ထွေးတောအတွင်းသို့ ကျွန်တော်တို့နှစ်ယောက်သား ဆယ်ပေခန့် ဝင်ရောက်ခဲ့နိုင်သည်။

တလှမ်းချင်းပင် နင်း၍ ကျွန်တော်တို့၏ ဘိနပ်ရှည် ကို ကြိမ်နွယ်မရစ်ပတ်မိစေရန် သတိနှင့် နင်းခဲ့ရသလို မျက်စိနှစ်လုံးကလည်း ပစ်ကွင်းကို မနားမနေ ရှာဖွေခဲ့ရသည်ကြောင့် တကြောင်း၊ တကယ်ရင်ဆိုင်ရမည့် အဓိကပစ်ကွင်းမှာ အပုန်းအကွယ် အချောင်းအမြောင်း ကောင်းလှသလို အင်မတန် လျင်မြန်လှ၍ မြန်လှ၍ ခွန်အားအရာ၌ အကောင်နှင့်မလိုက်အောင် ခွန်အားဗလ ကောင်းလှသည့် အာရှတိုက်၏ “တောဘုရင်” ဖြစ်သူ ကျားကို လက်ဦးမခံရလေအောင် အလစ်မပေးတမ်း နားမျက်စိတို့ကို အသုံးပြုခဲ့ရခြင်းဒဏ်ချက်များကြောင့် ကျွန်တော်သည် တမိနစ်ကို တနာရီကဲ့သို့ပင် ကြာညောင်းခဲ့သည်ဟု ထင်မှတ်မိပါသည်။

ကျွန်တော်က ရှေ့သို့ တလှမ်းတက်၍ နင်းရန် အားထုတ်ကာ ဘယ်ခြေကို မ,လိုက်သည့် တခဏ၌ ကျွန်တော်၏ရှေ့ ခပ်လှမ်းလှမ်းဆီမှ “ဟဲ”ခနဲ မြေတုန် ဟည်းရိုက်ခတ်စေသည့် ကျားတကောင်၏ မာန်သွင်း၍ ဟိန်းသံရှည်ကြီး ထွက်ပေါ်လာတော့သည်။

ကျွန်တော်သည် ရိုင်ဖယ်ကိုမလျက် အသံဆိုးကြီး ရုတ်တရက် ထွက်ပေါ်လာသည့် ပေသုံးဆယ်ခန့် အကွာအဝေး ထွေးတောဆီသို ထိုးချိန် ချိန်လိုက်သည်။

ဦးဘိုးဟန်ကလည်း ခပ်သုတ်သုတ်အမူအရာနှင့် ရှေ့ သို့ဖဲ့၍ တက်နေတော့၏။

ဆိတ်ဖူးရွက်များနှင့် တောငှက်ပျောပင် ခါးလောက်မြင့်သည့် တောအတွင်းမှပင် မတ်ကနဲ လှုပ်လိုက်သလို စက္ကန့်ပိုင်းအတွင်း၌ ပြောက်ပြောက်ကျားကျား အစင်းအကွက်များဖြင့် ကြီးမားလှသော ကျားကြီးတကောင်၏ ခေါင်းပိုင်းကို ရှေးဦးစွာ တွေ့လိုက်ရသည်။

ဝင်းဝင်းတောက်ခမန်း အစာမာန်တက်ကာ ဒေါသထွက်နေသော ကျားကြီး၏ မျက်လုံးနှစ်လုံးက ကျွန် တော့်ဆီသို့ တလျှပ်လျှပ် အရောင်များထွက်ရင်း ကြည့်လိုက်သည်တွင် ကျားကြီး၏ ညာဘက်ချုံအတွင်းမှ တဟင်းဟင်း မာန်သွင်းလျက် ရှေ့သို့တက်လာသည့် ခွေးတကောင်၏ အရိပ်ကို တွေ့လိုက်ရသည်။

ကျားကြီးသည် ကျွန်တော်အား တချက် မာန်သွင်း၍ ကြည့်နေရာမှ သူ့ဆီသို့ စားတော့ဝါးတော့ခမန်း ရဲတင်းစွာ တက်လာသော ခွေးနက်ကြီးကို ဖျပ်ကနဲ လှမ်း၍ ညာလက်ဖြင့် ပုတ်လိုက်တော့သည်။

မိုက်ခဲ သို့မဟုတ် ခွေးနက်ကြီးသည် ကျားကြီး၏ လက်သည်းရှည်ကြီးများအောက်မှ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်ပြီး သူ၏ ပါးစပ်ကလည်း ကျားကြီး၏ လက်ကောက်ဝတ်ကို တချီ မိမိရရ ခုန်ဟပ်ကာ နောက်သို့ လွှားကနဲ ဆုတ်ခွာလိုက်သည်။

မုဆိုးကို အကြီးဆုံး အန္တရာယ်ပြုစေသည့် ကျားကဲ့ သို့ ကြီးငါးကြီး အပါအဝင် သတ္တဝါများကို ချက် ကောင်းကို တမင်တကာရွေး၍ ပစ်ခတ်ရန်အတွက် အသင့်စောင့်နေသော ကျွန်တော်သည် ဆင်နှင့် ဆိတ် ကဲ့သို့ ကိုယ်လုံးချင်းကွာခြားလှသည့် ခွေးတကောင်၏ အကိုက်ခံလိုက်ရသည့် ကျားကြီး၏ လှုပ်ရှားနေသည့် ပစ်ကွင်းကြောင့် ရုတ်တရက် မပစ်ခတ်သေးဘဲ လိုက်၍ ချိန်ရွယ်နေရာမှပင် ကျားကြီး၏ လှုပ်ရှားမှုတရပ်ကို တဆင့် တွေ့လိုက်ရပေ၏။

ကျားကြီးသည် အေးဆေးစွာ ဝပ်နေရာမှ လေး ဘက်ညီညီ ထ၍ ရပ်လိုက်ရင်း ခွေးနက်ကြီးအား အလွတ်မပေးစတမ်းသဘောဖြင့် သုတ်သင်ရန် ပါးစပ်ကြီးကို တအားဖြဲကာ တဟဲဟဲ ဒေါသသံကြီးကို ထွက်ပေါ် လာပြန်ပါသည်။

ကျွန်တော်၏ .၅၇၇- ရိုင်ဖယ် ရှေ့ချိန်သီးကလေးက ကျားကြီး၏ လက်ပြင်ကို နေရာယူထားရာမှ ညာဘက်လက်ညှိုးသည် ရိုင်ဖယ်၏ ရှေ့မောင်းကွင်းကို ညင်သာစွာ ဆွဲချလိုက်သည်။

“ဒိုင်း” ဟူသော မြေတုန်ရိုက်ခတ်သံကြီးနှင့် အတူ ကျားကြီးသည် ဘယ်ဘက်သို့ ပစ်ကျသွားသလို တတောလုံး တတောင်လုံးပင် ကျားဟိန်းသံကြီးက မင်းမူစိုးမိုးသွားပါသည်။

တောငှက်ပျောရွက်များ အကြား၌ လူးလှိမ့်ရုန်း ကန်ကာ ထ၍ ရပ်နိုင်ရန် ကြိုးစားနေသော ကျားကြီး ဆီသို့ မိုက်ခဲအပါအဝင် ခွေးသုံးကောင်က ဝိုင်းရံလာ ကြပြီး တဝုတ်ဝုတ်နှင့် ဟောင်လိုက်ကြသည်။

ကျွန်တော်၏ ဘယ်ပြောင်းဝသည် ဒုတိယအကြိမ် သေနတ်သံအဖြစ် မီးပွင့်ထွက်သွားပြီး ကျားကြီး၏ နဖူးထိပ်ကို ဖောက်ထွင်းချလိုက်ခြင်းဖြင့် စခန်းသိမ်း ပစ်ခတ်လိုက်ရပေ၏။

ကျွန်တော့်အား ကျားကြီးက မဲတင်းချိန်ဝယ် သတ္တိရှိလှသော မိုက်ခဲက အတင်းဝင်၍ ဒုတိယ စစ်မျက်နှာ ဖွင့်လိုက်ခြင်းကြောင့် ကျားကြီးက ကျွန်တော့်ကို ဂရု စိုက်ရာမှ မိုက်ခဲဆီသို့ စစ်မျက်နှာ ပြောင်းလိုက်သည်ကို ကျွန်တော်က အခွင့်ကောင်းကို လှလှပပကြီးယူကာ သုတ်သင်ခြင်းသာ ဖြစ်ပေ၏။

ကျားနှင့်တွေ့သော ရင်ဆိုင်နိုင်သော ခွေးကား တရာတွင် တကောင် မတွေ့ခဲ့ရသော်လည်း ခွေးနက်ကြီး မိုက်ခဲကား မတထောင် တကောင်ဘွား၊ ရှာမှရှားသော သတ္တိခဲ့ပင် ဖြစ်ပေ၏။

ရင်ဆိုင်ဝံ့ရုံမက မိမိရရ ပြန်၍တိုက်ခိုက်ကာ တချက် ကိုက်ခဲနိုင်ပေ၏။ ထို့ကြောင့် သူ့ကို မိုက်ခဲအစား “သတ္တိခဲ” ဟူ၍ နာမည်ပြောင်း၍ ခေါ်ရပေမည်တကား။

ဦးဘိုးဟန်သည် ကျားကြီး၏ အခြေအနေကို နှစ် လုံးပြူးရိုင်ဖယ်နှင့်ချိန်ရင်း အကဲခပ်နေသည်။

ကျွန်တော်က ပစ်ပြီးသော ရိုင်ဖယ်ပြောင်းဝ နှစ်ပေါက်အတွင်းသို့ ကျည်ဆံအသစ်နှစ်တောင့် သွင်းကာ ကျွန်တော်၏ နဖူးပြင်မှ စိမ့်ထွက်နေသော ဇောချွေး ပေါက်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး-

“ကိစ္စချောပါပြီ ဦးဘိုးဟန်။ ရုတ်တရက် ချိန်သား မကောင်းတာနဲ့ ရွေးနေတုန်း မိုက်ခဲရောက်လာပြီး မဲတင်းမှ တကယ့် ပစ်ကွင်းကောင်းကို ပစ်ရတယ်ဗျို့”

တလုံးချင်း ပြောလိုက်ရာ-

“ကျုပ်လဲ ငှက်ပျောဖက်တွေ ကွယ်နေလို့ ကောင်းကောင်းမမြင်ရလို့ မပစ်လိုက်ရဘူး ဗိုလ်မှူး။ နာလိုက် တာဗျာ။ ဒါနဲ့ ကိုလှဆောင်ကို အမြန်ရှာဖို့လိုတယ်။ အသက်မှ မှီပါ့မလားဗျာ။ ကျားကလဲ တကယ့်ကျား ပါဘဲ။ ကျားအိုကြီးဗျ။ ကြည့်ပါလား … ဖောင်းဝတ် ရောင်အမွေးတွေ သန်းနေတာကိုး”

ခေါင်းငိုက်ဆိုက်ကျရင်း သွေးအိုင်ထဲတွင် အသက်ပျောက်နေသော လူသတ်ကောင် ကျားကြီး ဆီသို့ တလှမ်းချင်း နှစ်ယောက်သား တက်ခဲ့ရင်း ဦး ဘိုးဟန်က မှတ်ချက်ချလိုက်သည်။

“ဝေး … ဟေး”

ဟူ၍ တပ်ကြပ်ကြီးသန်းထွန်းတို့ လူစု ၏ အသံပြုလိုက်သည်ကြောင့် ကျွန်တော်က ပြန်၍ အသံပေးလိုက်သည်။ ခွေးသုံးကောင်အနက် မိုက်ခဲတကောင်သာ ကျွန်တော်တို့နှင့်အတူ ကျားကြီးဆီသို့ ချဉ်းကပ်ခဲ့ပြီး နီးနီးကပ်ကပ် လေ့လာကြည့်ရှုရာမှ မိုက်ခဲ သည် ကျားသေကြီး၏ လည်ဂုတ်ကို ဆတ်ကနဲ ကုန်း၍ ခဲလိုက်ပြီးမှ တဖြည်းဖြည်း လွှတ်လိုက်ပြီးနောက် အမြီးနန့်ကာကျွန်တော့်ခြေရင်း၌ ကပ်၍ ရပ်လိုက်သည်။

မကြာမီ နောက်ပါ လူစုများနှင့်အတူ ထွေးတော နင်း၍ ရှာဖွေလိုက်ကြသည်။

ကျားသေကြီးနှင့် ဆယ်လှမ်းကွာ ရေမစီးကြမ်းပင်များအောက်၌ မှောက်ခုန်မှောက်လျက် အသက်ပျောက်နေသော ကိုလှဆောင်၏ အလောင်းကို တွေ့လိုက်ရပေ၏။

လည်ဂုတ်ကျိုးကာ လည်မျိုတွင် ကျပ်ပြားခန့်ကျယ်ဝန်းသော ကျားစွယ်ရာကြီးများကို တွေလိုက်ရသည်။

“တောက်… နာတယ်ကွာ။ မြွေပွေး ပိုးထိတယ်ဆိုတာ မျိုးလို မုဆိုး ကျားကိုက်ခံရတယ်”

ဦးနုသည် အံကြိတ်ထားသော ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်သည်။

ကျွန်တော်သည် တပ်ကြပ်ကြီးသန်းထွန်းနှင့် ရွာသားနှစ်ယောက်ကို မိုးစွေရွာသို့ ပြန်လွှတ်လိုက်ပြီး ရွာလူ ကြီးနဲ့ တောင်ညိုရဲဌာနသို့ လူသေမှုတိုင်ကြားရန် စီစဉ်လိုက်ရပေ၏။

“သတိပေးရက်နဲ့ ခံရတာ ပိုနာတယ်ဟေ့”

ဦးဘိုးဟန်က မျက်နှာနီကြီးဖြင့် ပြောလိုက်ပြီး

“တခုတော့ စိတ်ဖြေလိုက်ရတယ်။ တို့မုဆိုးအဖွဲ့ဝင်ကို ကိုက်တဲ့ကျားကို တို့အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကိုယ်တိုင် သုတ်သင်ပစ်ခတ်နိုင်တာကို ကျေနပ်ရမယ်”

ဝမ်းနည်းဒေါသထွက်သော အသံဖြင့် မှတ်ချက်ချလိုက်သည်။

ကျွန်တော်ကမူ သတ္တိပြောင်မြောက်လှသော ခွေး နက်ကြီး မိုက်ခဲကို ကျွန်တော်စားသုံးရန် ယူလာခဲ့သည့် မုန့်ခြောက်တချပ်ကို ထုတ်၍ ကျွေးမွေးဂုဏ်ပြု နေသလို ကျားကုတ်ခံရ၍ တင်ပါးပြဲနေသော ခွေးတကောင်ကိုမူ ရဲဘော်မောင်တင်နှင့် ကျော်လှိုင်တို့က ကိုင်တွယ်ကာ အမ်ဘီဆေးမှုန့်များထည့်ကာ အပ်တချောင်းနှင့် အနာကို ချုပ်ကိုင်ပေးနေသည်ကို သဘောကျစွာဖြင့် ကြည့်ရှုနေမိပါသည်။

ငွေတာရီမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၁၉၇၂

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *