မောင်စိုးနွေ(သုံးဆယ်)
မြှုံး

“အောက် … အီး အီး အွတ်”

အတောင်ကို တဖန်းဖန်းရိုက်ပြီး ကျယ်လောင်စွာ တွန်လိုက်သော ကြက်တွန်သံကြောင့် ဖိုးထွန်း အိပ်ရာမှ ဖျတ်ခနဲ နိုးလာသည်။ မိုးလင်းပေတော့မည်။ သည်နေ့ သူ ဘကြီးမြ လယ်ကို ပျိုးနှုတ်လိုက်ရမည်ဆိုသောအသိက သူ့ရင်ကို စိုးမိုးလာ၏။

ပြီးတော့ ပျိုးနှုတ်မသွားခင် ခါတိုင်း ဆောင်ရွက်နေကျ သူ့လုပ်ငန်းလေးကိုတော့ ပြီးစီးအောင် လုပ်ခဲ့ရဦးမည်။

ထိုလုပ်ငန်းက တခြားတော့ မဟုတ်။ မနေ့ ညနေက ထောင်ထားခဲ့သော သူ့ မြှုံးများကို ဖော်ယူရန်ပင် ဖြစ်၏။

အမေကတော့ နိုးသေးဟန်မတူ။ ကိစ္စမရှိ၊ သူပြန်ရောက်ချိန်တွင် အမေ နိုးနေတတ်ပြီး သူ့အတွက် ရေနွေးကြမ်းနှင့် ထမင်းကြော် စားစရာတစ်ခုခုကို စီစဉ်ပေးထားမြဲ မဟုတ်လား။

အပြင်တွင် အမှောင်ထုက မပျောက်ချင်သေး။ မနက်ခင်းက မိုးနှင်းများနှင့် အေးစိမ့်နေသည်။

အရှေ့ဘက်မှ ရောင်နီပျို့လာပေပြီ။

သူသည် ရွာလမ်းမမှတစ်ဆင့် ရွာပြင်လယ်ကွင်းဘက် ထွက်လာ၏။ အေးမြလတ်ဆတ်သော မနက်ခင်းလေက သူ့ကို တိုးဝှေ့တိုက်ခတ်သွားသည်။

ပျိုးပင်များ၊ ကောက်ပင်များဖြင့် စိမ်းလန်းနေသော လယ်ကွင်းပြင်ကြီးက တစ်မျှော်တစ်ခေါ်။ တိတ်ဆိတ်ငြိမ်သက်မှုနှင့်အတူ ဝိုးတဝါးအမှောင်ထုအောက်ဝယ် အိပ်မောကျနေတုန်းပင်။

သူသည် လယ်ကန်သင်းများပေါ်မှ ခပ်သုတ်သုတ် လျှောက်လာသည်။

သူ့ရှေ့ တစ်ခေါ်သာသာတွင်တော့ ပျဉ်းမပင်ကြီး အုပ်ဆိုင်းနေသော ရိုးချောင်းကလေး။ ထို ရိုးချောင်း ကလေး၌ သူ မနေ့ညနေက ထောင်ထားခဲ့သော မြှုံးများ ရှိနေ၏။ ယခု သူ ထိုပစ္စည်းများကို ပြန်ဖော်ရမည်။

သူ့လုပ်ငန်းက သည်တစ်ရက်ထဲ မဟုတ်။ မိုးကျသည်နှင့် အစပျိုးခဲ့သည့် လုပ်ငန်းဖြစ်သည်။

မိုး မကုန် မချင်း ရှာပေရော့…။

တကယ်တော့ သူက ကျပန်းအလုပ်သမားတစ်ယောက်။ ကြုံရာ ကျရာ အလုပ်မျိုးစုံကို လုပ်သူ။ ထိုလုပ်ငန်းကလေးများမှ ရသော မဖြစ်စလောက် ငွေကြေးလေးများနှင့် သားအမိနှစ်ယောက် ဘဝရပ်တည်ရေးကို မနည်းကြိုးစားနေရသည်။

ခုလို မိုးတွင်းဆို သူ အလုပ်ပိုများသည်။ စာရင်းငှားလျှင်ငှား၊ မငှားလျှင် လယ်ထွန် ပျိုးနှုတ် အငှားလိုက်။

သူအလုပ်အားချိန်လေးများတွင်တော့ စီးပွားရေးအဖြစ် ငါးရှာ၊ ဖားရှာ။ ရှာဖွေရသမျှ ငါး ဖားများကို မိခင်ဖြစ်သူက ရွာထဲတွင် လှည့်လည်ရောင်းချ။ သိပ်ပြီး အဆင်ပြေလှသည် မဟုတ်သော်လည်း သုံးဖို့ စွဲဖို့ ငွေပို ငွေလျှံလေးတော့ ရနေခဲ့သည်။

မိုးကျသည်နှင့် လုပ်ငန်းစပြီ။ တစ်နွေလုံး တစ်ဆောင်းလုံး မီးဖိုချောင်တွင် ကျပ်ခိုးတင်ထားသော လက်တစ်ဖက်ခန့်ရှိ မြှုံးကြီးသုံးလုံးက အရေးပါလာ၏။ ကျပ်ခိုးဝနေသော မြှုံးကြီးများက မဲပြောင်နေသည်။ တယုတယ သိမ်းထားသည်မို့ ဂရုစိုက် ရသည်။ ပျက်စီးသွားလျှင် သူလည်း မလုပ်တတ်။
မြှုံးယက်ပေးသူ ကိုသာမြလည်း မရှိတော့ပြီ။

မြှုံးများသာမဟုတ်။ ဝါးနှင့်ယက်လုပ်ထားသော “ပိုင်” ဟု ခေါ်သည့် ငရှဉ့်ထောင်ကိရိယာလည်း ရှိသေး၏။ မြှုံးနှင့် ပိုင် ဆိုသည်က တူညီသော ပစ္စည်း များတော့ မဟုတ်။ မြှုံးက ရေထဲမြှုပ်ကာ ငါးထောင်ခြင်းဖြစ်၍ ပိုင်က လယ်ကွက်ကြားတွင်ချကာ ငရှဉ့်ထောင်သည့် ပစ္စည်းမျိုး ဖြစ်သည်။

ထူးခြားသည်မှာ မြှုံးက အရွယ်အစားကြီးမားသည်။ နှစ်တောင်ခန့် အမြင့်ရှိပြီး ဖါးတံသေးသေးလေးတွေကို စိပ်စိပ်စီကာ ယက်လုပ်ထားခြင်းဖြစ်၏။ ငါးများပြန်မထွက်နိုင်ရန် ထိပ်ဝဘက်တွင် ချွန်မြသော ဝါးတံထိပ်များဖြင့် အခင်လုပ်ထားသည်။ မိသော ငါးများကို ထုတ်ယူရန် အောက်ခံအခြေတွင် အဖွင့်အပိတ်နှင့် … ။

သူ ရိုးချောင်းကိုရောက်တော့ မိုးစင်စင် မလင်းသေး။ တစ်မျှော်တစ်ခေါ် လယ်ကွင်းပြင်ကြီးတွင် သက်ရှိလူသားဆို၍ သူတစ်ယောက်တည်းသာ ရှိသည်။

ပျဉ်းမပင်ကြီးနှင့် မနီးမဝေး တစ်နေရာတွင် သူ ရပ် လိုက်သည်။ ရိုးချောင်းရေက တည်ငြိမ်အေးဆေးစွာ စီးနေ၏။

ရိုးချောင်းစပ် ဆောက်ပြာခြုံများအနီးတွင် သူအမှတ်အသားပြု ထောင်ထားသော မြှုံးတစ်လုံး ရှိနေသည်။

ရေထဲကိုဆင်းလိုက်တော့ ရိုးချောင်းရေ၏ အေးစက် မှုကို ခံစားရသည်။ မြှုံးကိုတွေ့တော့ လက်ရာခြေရာ မပျက်။ သစ်ရွက်ကလေးတွေကို ဘေးဖယ်ပြီး မြှုံးကိုဖော်ကြည့်တော့ မြုံးထဲတွင် ငါးအတော်များများ ၀င်နေသည်ကို တွေ့ရ၏။ ဆယ်ပြီး ကမ်းပေါ်တင်သည်။

မလှမ်းမကမ်းတွင် ထောင်ထားသော မြှုံးများကိုလည်း ဆယ်ယူကာ ဖော်ကြည့်သည်။ အားလုံး ငါးတွေ မိကြသည်။ ငါးကြီးများပင် ပါ၏။ သည်နေ့တော့ တွက်ခြေကိုက်ပြီထင်သည်။

သူ ကျေနပ်အားရစွာ ပြုံးလိုက်သည်။ မြှုံးကြီးသုံးလုံးကို ထမ်းပြီး ရိုးချောင်းဘေးလမ်းအတိုင်း ပြန်လာခဲ့၏။ ရိုးချောင်းဘေး လျှောက်လာရင်းမှ မထင်မှတ် မမျှော်လင့်သော အရာဝတ္ထုကို တွေ့လိုက်ရသဖြင့် သူ့ခြေလှမ်းများ အလိုလို တုန့်ဆွဲရပ်တန့်သွားတော့သည်။

မြှုံးများကို ထမ်းထားရင်းမှ မသင်္ကာသော စိတ်များနှင့်အတူ အသေအချာ ကြည့်မိပြန်သည်။

သူ မျက်စိမှားခြင်းတော့ မဟုတ်ပါ။ သူ့ရှေ့ တွင် တွေ့နေရသည့်အရာများက ရိုးချောင်းအစပ် တစ်နေရာတွင် ငရံ့ပြေးပေါ်နေသော ကျွန်းလုံးကြီး နှစ်လုံးပင်တည်း။

ဟုတ်ပါသည်။ နိုင်ငံတော်ပိုင် ကြယ်ပွင့်တံဆိပ်များ ရိုက်နှိပ်ထားသော ကြီးမားလှသည့် ကျွန်းလုံးကြီးနှစ်လုံး။ ထို သစ်လုံးများက မိုးအခါ ချောင်းရေကျသည်နှင့် အထက်ရိုးမရှိ သစ်ထုတ်လုပ်ရေးစခန်းမှ မျှောချလိုက်သည့် သစ်လုံးများပင်။
သူတို့နေသော ရေလဲကြီးရွာနှင့် နှစ်မိုင်ကျော်ဝေးသော ဖိုးခေါင်မြစ်ဝ၌ သစ်စခန်းတစ်ခု ဖွင့်ထား သည်။ ရိုးမသစ်စခန်းမှ မြစ်ဝသို့ ချောင်းရိုးအတိုင်း မျှောချခြင်းက စရိတ်ကုန်သက်သာပြီး အချိန်မီလည်း ရောက်ရှိသည်မဟုတ်လား။

ယခု သည်သစ်လုံးများက ချောင်းရိုးဆီမှ ဖြတ်ခိုးပြီး တောစပ်တွင် လာရောက်ဝှက်ထားခြင်း ဖြစ်ဟန်တူသည်။

သူ ဘေးဘီဝဲယာသို့ ကြည့်လိုက်မိ၏။ ရွှံ့မြေပေါ်တွင် နွားခြေရာများ၊ စွပ်ကြောင်းရာများက အထင်းသား ပေါ်နေသည်။

ဟုတ်ပြီ … တစ်စုံတစ်ယောက်သည် နွားများကိုသုံးကာ သစ်လုံးများကို ဆွဲယူလာခြင်းပင် ဖြစ်မည်။ အနီးအနား၌ လူဆို၍ တစ်ယောက်မျှပင်မတွေ့။

မိုးလင်းတော့မည်မို့ အလင်းရောင်က စိုးမိုးလာသည်။ သူ ထိုနေရာမှ ပြန်လည်ထွက်လာခဲ့၏။ စိတ်ထဲမှာတော့ အတွေးမျှင်များက မပြတ်။ သည်သစ်လုံးတွေ ကို ဘယ်သူ လာရောက်ဝှက်ထားပါလိမ့်။

ရွာထဲမှာလည်း လက်စောင်းထက်သည့်သူ သိပ်မရှိ။ ထိုအလုပ်မျိုးလည်း မည်သူမျှ စိတ်မကူးခဲ့ကြ။ ခုတော့ တစ်ယောက်ယောက်က အချီကြီး အပိုင်ကြံလိုက်ဟန်တူ၏။

သည်အကြောင်းကို သူ ဘယ်သူ့ကိုမှ မပြောရန် ဆုံးဖြတ်ရင်း ရိုးချောင်းဆီမှ ပြန်လာခဲ့တော့သည်။

xxx xxx xxx

“အမေ… ကျွန်တော် ဘကြီးမြ လယ်ထဲ သွားရမယ် နော်”

သူ အိမ်ပြန်ရောက်တော့ အမေ နိုးနေပေပြီ။ ရေနွေးကြမ်းအိုးပင် အဆင်သင့် ဖြစ်နေ၏။

“သား …. ရေနွေးကြမ်းသောက်အုံးလေ။ ဘယ့်နှယ့်လဲ … ဒီနေ့ကော ငါးရရဲ့လား”

“ခါတိုင်းလိုပေါ့ အမေရာ။ ကျွန်တော် ရေနွေးမသောက်တော့ဘူး။ သူတို့ ကောက်ညှင်းပေါင်းကျွေးမယ်လို့ ပြောတယ်”

သူ မြှုံးထဲမှ ငါးများကို ထုတ်ပေးပြီး အိမ်မှ ထွက်လာခဲ့သည်။ ခုလောက်ဆို ဘကြီးမြ လယ်ထဲ၌ လူစုံပြီထင်၏။ လယ်ထွန်အဖွဲ့၊ ကောက်စိုက်အဖွဲ့၊ ပျိုးနှုတ်အဖွဲ့ အားလုံး လာကြမည်။

ဘကြီးမြက ရွာမှာ သြဇာဘိက္ကမ ရှိသူတစ်ယောက်၊
။ အသက်က ခုနှစ်ဆယ်ကျော်ပြီ။ လယ်ကို ကောင်းစွာ မလုပ်နိုင်တော့ တစ်ရွာလုံးက ခင်မင်လေးစားသဖြင့် ဘကြီးမြအတွက်ဆို ဝိုင်းဝန်းကူညီကြသည်။

ခုလည်း ရွာရှိ လူငယ်အားလုံး ပါဝင်ကြမည်ဖြစ်​၏။

လူငယ်အားလုံးဆိုတော့ သူ အေးသာကို သတိရမိ၏။ အေးသာတစ်ယောက် ကောက်စိုက်မအဖွဲ့နှင့် ပါလာပေတော့မည်။ အေးသာက ရွာမှာ အချောအလှ ကွမ်းတောင်ကိုင်မလေး တစ်ယောက်။

အေးသာကို သတိရသည်နှင့်လှဦးကိုပါ မြင်ယောင်လာမိ၏။ သူနှင့် လှဦးက အေးသာကို အပြိုင်ပိုးနေကြသည် မဟုတ်လား။ အပြိုင်ဆိုသော်လည်း သူ့အနေနှင့် လှဦးကို မယှဉ်နိုင်ခဲ့။ လှဦးက ပိုက်ဆံရှိသည်။ ငွေကို ရေလို ဖြုန်းနိုင်သည်။ အရောင်းအဝယ် စီးပွားရေးသမားတစ်ယောက်မို့ မြို့နှင့် ရွာကို အိမ်ဦးနှင့်ကြမ်းပြင် ကူးနေသည်။

ဖိုးထွန်းက လက်လုပ်လက်စား ဆင်းရဲသားတစ်ယောက်။ မိခင်ကြီးကို လုပ်ကျွေးနေရသဖြင့် လောလောဆယ် အိမ်ထောင်ရေးကို စိတ်မဝင်စားနိုင်။ သို့ပေမယ့် လှဦးထံမှ အေးသာကို တောင်းရမ်းယူတော့မည်ဆိုသော လေသံ ကြားသည်နှင့် သူ ဝေဒနာကို ခံစားရတော့သည်။

နှလုံးသားရေးရာနှင့် ပတ်သက်၍ သူ တစ်ခါမှ ရင်မခုန်ဖူးခဲ့၊ မခံစားဖူးခဲ့။ ခုတော့ အေးသာအတွက်နှင့် သူ ရင်ခုန်ရပြီ၊ ခံစားရပြီ။ သူနှင့် အေးသာက တစ်ကျောင်းတည်း တစ်တန်းတည်း အတူနေခဲ့ သည့်အပြင် ခင်မင်မှုသံယောဇဉ်ကြိုးက ရစ်နှောင်ထားပြီး ဖြစ်၏။

သူ့အနေနှင့် အေးသာကို ဟိုးတုန်းကတည်းက သံယောဇဉ် ရှိခဲ့သည်။ အရွယ်ရောက်ပြီး အချော အလှဖြစ်လာတော့ သူ ပို၍ စွဲလမ်းခဲ့သည်။ ထိုစွဲလမ်းမှုက သူ့နှလုံးသားကို ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်နိုင်စေသည့် ခွန်အားတစ်ရပ်လည်း ဖြစ်ပေသည်။

သို့ ဖြင့် သူ အေးသာကို တစ်နေ့တွင် ဖွင့်ဟချစ်ရေးဆိုခဲ့သည်။ အေးသာထံမှ စဉ်းစားပါရစေဆိုသည့် မျှော်လင့်စရာ အဖြေကိုရတော့ သူ ဝမ်းသာပျော်မြူးခဲ့ရသည်။ သူ့ရင်ထဲတွင် ပီတိ လွှမ်းခဲ့ရသည်။

ထိုအတောအတွင်းမှာပင် လှဦးက သူတို့ဇာတ်လမ်းထဲသို့ ဝင်လာသည်။ စင်စစ် အေးသာတို့မိသားစုက ဆင်းရဲသည်။ ဖခင်ဖြစ်သူကလည်း အရက်သမား၊ အလုပ်မလုပ်။ မိခင်က ရောဂါသည်။ ကလေးနှစ် ယောက်ကလည်း လူမမယ်တွေ။ မိသားစု ပါးစပ်ပေါက် ငါးခုအတွက် အေးသာကိုယ်တိုင် အလုပ်ထွက်လုပ်သည်။ ယုတ်စွအဆုံး ကောက်လိုက်စိုက်သည်။

လှဦးတို့က သည်အကွက်ကို အပိုင်ကြံသည်။ အေးသာ ဖခင်ဖြစ်သူကို တစ်ဖက်လှည့်ပေါင်းသည်။ လိုသမျှငွေ ထုတ်ချေးသည်။ ထိုငွေများက အိမ်သို့ အနည်းငယ်သာ ရောက်သည်။ အရက်ချည်းသောက်ပစ်ခဲ့၏။

နောက်ဆုံး ကြွေးက များလာတော့ ပြန်မဆပ်နိုင်။ သည်တော့မှ အေးသာကို လှဦးနှင့် ပေးစားပါဟု ဆိုလာကြသည်။ မိဘများက ဘာမှ မငြင်းသာတော့ လက်ခံလိုက်ကြရတော့သည်။

အေးသာကိုယ်တိုင် မချစ်မနှစ်သက်သော်လည်း မိဘများ စိတ်ချမ်းသာစေရန်အတွက် သဘောတူလိုက်ရသည်။

သည်အကြောင်းတွေကို တွေးမိတိုင်း ဖိုးထွန်း ရင်နာရ သည်။

ခုလည်း အေးသာနှင့် ဆုံရပေဦးမည်။ သူ့ခြေလှမ်းများက စောစောကလို မသွက်တော့။ နှေးကွေးလေးလံလွန်းလှသည်။

xxx xxx xxx

လယ်ကွင်းများတွင် လယ်သမားများနှင့် လှုပ်ရှားနေ ကြပေပြီ။ မနက်တုန်းက အခြေအနေနှင့် ဘာမျှမဆိုင်တော့။ ထယ်ထိုးသူ၊ လယ်ထွန်သူ၊ ပျိုးနှုတ်သူ၊ ကောက်စိုက်သူများနှင့် စည်ကားနေပြီဖြစ်၏။
ငှက်ခါးတောင်ကောင်းကင်သည် မိုးသားတိမ်စိုင်များဖြင့် မှိုင်းညို့နေသည်။ မိုးသက်နံ့ပါသော လေပွေလေရူးက တစ်ချီတစ်ချီ ဝှေ့ယမ်းတိုက်ခတ်သွားသည်။ သူ့ရင်ထဲက အလွမ်းမိုးကလည်း ညို့နေဆဲပါတကား။

သူ ဘကြီးမြ၏ လယ်ထဲရောက်တော့ ရွာထဲက အပေါင်းအသင်းတွေ တွေ့လိုက်ရသည်။

အေးသာတို့ ကောက်စိုက်အဖွဲပဝင် ကောက်များ စိုက်နေကြပေပြီ။

“ဟေး ဖိုးထွန်း … နောက်ကျလှချေလားကွ”

ပျိုးနှုတ်နေသောအဖွဲ့မှ ကိုအောင်သိန်းက လှမ်းအော်သည်။

“အေးဗျာ … အလုပ်ကလေးတွေရှိလို့ နောက်ကျသွား တယ်”

“သူက ဒီပွဲကို မလာလို့ ဘယ်ဖြစ်ပါ့မလဲဗျာ။ မလာရင် မောသွားမှာပေါ့ … မဟုတ်ဘူးလား”

တစ်ယောက်က နောက်လိုက်သည်။သူ့အပေါင်းအသင်းများက သူနှင့် အေးသာတို့အကြောင်း သိနေသဖြင့် အချင်းချင်း နောက်ကြသည်။ ဘာပဲဖြစ်ဖြစ် သူ စိတ်မဆိုးပါ။ အပြုံးဖြင့်သာ တုံ့ပြန်သည်။

“ဖိုးထွန်း … လာကွယ် ဒီကို။ ကောက်ညှင်းပေါင်းနဲ့ ရေနွေးကြမ်း ချလိုက်အုံး။ ပြီးတော့မှ အလုပ်လုပ်”

ကန်သင်းဆုံမှ ဘကြီးမြက လှမ်းခေါ်သည်။

ထိုစဉ်မှာပင် ကောက်စိုက်အဖွဲ့မှ ရယ်သံများ ပျံ့လွင့်လာသည်။

“ကိုဖိုးထွန်းရေ … ဒီမှာ ပျိုးလက်တွေ ကုန်နေလို့ ပျိုးစည်း လာပေးပါအုံး”

ကောက်စိုက်ခေါင်းဆောင် ဒေါ်ဖွား၏ အသံစာစာကို ကြားလိုက်ရသည်။

“ဟော … တွေ့လား ဖိုးထွန်း၊ အဲဒါ မင်းကို ပွဲတောင်း နေတာကွ။ သွား … သွား … ပြီးတော့မှ ရေနွေးသောက်။ မင်း ကောင်မလေးနဲ့ စကားပြောချင် ပြောအုံး။ ဒါ အခွင့်အရေးကွ …. သိလား”

“ဟာကွာ … မလုပ်ပါနဲ့။ သူ့မှာ စေ့စပ်ပြီးသား ရှိနေပါပြီ”

“အဲဒါ မင်း ခက်တာပေါ့ကွ။ စစ်နဲ့ အချစ်မှာ မတရား တာ မရှိဘူးတဲ့။ သူကိုယ်တိုင်က စိတ်မပါဘဲနဲ့ မိဘ စိတ်ချမ်းသာအောင် ခေါင်းညိတ်လိုက်တာ မင်းလဲသိနေတာကွာ။ မင်းအပေါ် ကို သံယောဇဉ် ရှိသေးတယ်ကွ … သိလား”

ဖိုးထွန်းက သက်ပြင်းကို ရင်မောစွာ ချသည်။ အေးသာက ဒီနေ့မှ သနပ်ခါးဘဲကြားနှင့် အသည်းယားအောင် လှနေသည်။ ပန်းတစ်ပွင့်ပမာ အလှသွေးကြွယ်လွန်းလှသည့် မိန်းကလေးကို တစ်ပါးသူရင်ခွင်ထဲ ထည့်ရမှာ သူ နှမြောနေမိသည်။

ကောက်စိုက်မလေးများဆီမှ အချင်းချင်း နောက်ပြောင်ရယ်မောသံများက သူ့နားထဲသို့ အခံရခက်စွာ ဝင်ရောက်လာ၏။

သူ လှမ်းကြည့်လိုက်တော့ အေးသာ၏ ရွှန်းစိုဝိုင်းစက်သော မျက်လုံးအစုံနှင့် အကြည့်ချင်းဆုံသွားသည်။ ထို အကြည့်များထဲတွင်တော့ ဖော်ပြနိုင်စွမ်းမရှိသော ဝေဒနာခံစားမှုတွေ ပြည့်နေမည် ထင်၏။

အေးသာက မျက်လွှာချသွားပေမယ့် သူ့ရင်ထဲမှာတော့ တဒိန်းဒိန်းနှင့်….။

xxx xxx xxx

ညနေစောင်းသည်နှင့် သူ မြုံးထောင်ရန်အတွက် ပြင်ဆင်ရပြန်သည်။ မြှုံးကြီးသုံးလုံးကို ယူကာ အသေအချာ စစ်ဆေးရသည်။ အကျိုးအပဲ့ အပေါက်အပြဲ ရှာရသည်။ မြှုံးတစ်နေရာတွင် ကျိုးပဲ့ပေါက်ပြဲနေပါက ထိုနေရာမှ ငါးတွေ လွတ်ထွက်တတ်သည် မဟုတ်လား။

စစ်ဆေးပြီး စိတ်ချရတော့မှ မြုံးထဲသို့ ဖွဲနုဆုပ်လုံးလေးတွေ ထည့်သည်။ ဖွဲနုဆုပ်က လောက်စလုံးလိုမာကျစ်ပါမှ၊ သို့မဟုတ်လျှင် ရေထဲ၌ အရည်ပျော်သွားမည်။

မြှုံးထဲမှာ အစာမရှိတော့ ဘယ်ငါးမှ ဝင်မည်မဟုတ်။ ခုရက်ပိုင်း သူ့မြှုံးမှာ ငါးတွေ မိနေသည်။ သည်လိုသာ တစ်လလောက် မိနေပါက သူ့လက်ထဲမှာ အတော်အတန် စုမိဆောင်းမိ ရှိပေတော့မည်။

မိုးကုန်လျှင်တော့ ယိုင်နဲ့ပျက်စီးနေပြီဖြစ်သော အိမ်ကလေးကိုတော့ အသစ်ပြန်ဆောက်နိုင်ပြီ ဖြစ်၏။

သူ မြှုံးများကိုထမ်း၍ လယ်ကွင်းဘက် ထွက်လာချိန်တွင်တော့ ညနေစောင်းနေပေပြီ။

မိုးက ဖွဲဖွဲရွာနေ၏။ ခပ်လှမ်းလှမ်းမှ ကောက်စိုက်မ တစ်စု ပြန်လာသည့်အထဲတွင် အေးသာများ ပါလေမလားဟု မျှော်ကြည့်မိသည်။ အေးသာတို့အဖွဲ့ မဟုတ်မှန်း သိမှ ရင်ထဲတွင် ပေါ့ပါးသွားမိ၏။

လှဦးလို ပိုက်ဆံရှိပြီး သုံးနိုင်ဖြုန်းနိုင် ဝတ်နိုင်စားနိုင်သူအဆင့်နှင့် ရွှံ့ထဲရေထဲတွင် လယ်ထွန်ပျိုးနှုတ်လိုက်ပြီး ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည့်
ဆင်းရဲသားတစ်ယောက် ဘယ်လိုမှ မတူညီနိုင်သည့် ဘဝနှစ်ခု။ အစစ သိမ်ငယ်လွန်းလှသည့် သူ့အခြေအနေကို အားမလို အားမရ ဖြစ်နေမိသည်။

ထိုစဉ် မိုးက တဝေါဝေါ ရွာချလာသည်။ သူ့တွင် ဆောင်းစရာ ဘာမျှမပါ။ မိုးထဲ ရေထဲ အစိုခံရသည်။

ရိုးချောင်းနားရောက်တော့ မနေ့ကနေရာ မဟုတ်သည့် ငါးခိုအောင်းနိုင်သည့် နေရာများတွင် မြုံးကို မြှုပ်
သည်။ နေရာထပ်ချ၍ မရ။

ငါးဆိုသည့် သတ္တဝါက ရေထဲမှာဆိုလျှင် ပါးနပ်လိမ္မာလွန်းလှသည်။ သူ့အန္တရာယ်ကို ကြိုသိတတ်သည်။ တစ်နေရာတည်း ထောင်ဖမ်းပါက ငါးတွေက မလာတတ်တော့ မြှုံးတွေထောင်ပြီး ရေပေါ်မှာ မှတ်မိစေရန် ကမ်းစပ်မှ ဆောက်ပြာကိုင်းလေးတွေ ချိုး၍ အမှတ်အသား ပြုလုပ်ထားရသည်။

မြှုံးတွေ ချပြီးတော့ မနက်က သူတွေ့ခဲ့ရသည့် သစ် လုံးနေရာကို သွားကြည့်မိ၏။ သစ်လုံးနှစ်လုံးက ပုံစံမပျက် ရှိနေတုန်း။

သည်သစ်လုံးတွေကို ဘယ်သူတွေကခိုးပြီး လာဝှက် ထားတာပါလိမ့်။ သူ့အတွေးထဲတွင် စဉ်းစားမရသော ပုစ္ဆာတစ်ခုက ရှုပ်ထွေးလာပြန်သည်။

ရိုးချောင်းက သူတို့ရွာနှင့်သာ နီးသည်မို့ တခြားရွာမှ မဖြစ်နိုင်။ ဒီတော့ သူတို့ရွာထဲမှ လူများပင် ဖြစ်မည်။

ခုတလော ညိုကြီးတစ်ယောက်တော့ ရွာလယ်က ထွန်းဝ အရက်ဆိုင်မှာ အဝင်အထွက် များနေသည်ကိုတော့ သူ သတိထားမိသည်။

ရုတ်တရက် သူ့ ခေါင်းထဲသို့ အကြံတစ်ခု ဝင်ရောက်လာသည်။
သူက မြှုံးသမား မဟုတ်လား…။

သူ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ တစ်ဆက်တည်းပင် ရိုးချောင်းဆီမှ သွက်လက်စွာ ပြန်လာခဲ့တော့သည်။

xxx xxx xxx

ညက မှောင်မိုက်နေ၏။ မိုးက သည်းသည်းမည် မည်း ရွာသွန်းလျက်။

ဖိုးထွန်းကတော့ သည်ညမှ ရင်တွေခုန်လွန်းလှသည်။
တစ်ညလုံး အိပ်၍ပင် မရ။ သူ့အတွေးထဲတွင် အေးသာက စိုးမိုးလျက်။

သည်မိန်းကလေးနှင့် ပတ်သက်ပြီး တွေးရလေတိုင်း သူ့ရင်တွေ အခုန်မြန်ခဲ့ရသည်။ ပြီးတော့ သူ့ကို ဟားတိုက်လှောင် ပြောင်နေသည့် လှဦး၏ မျက်နှာ။

ဇွတ်မှိတ်ပြီး အတွေးစတွေကို ဖြတ်သည်။ ဘယ်လိုဖြတ်ဖြတ် သူချစ်ရသည့် အေးသာ၏ မျက်နှာလေးက တရစ်ဝဲဝဲပင်…။

အပြင်တွင် လေနှင့်မိုးက အငြိုးကြီးလှ၏။ ဒီလောက် မိုးသည်းနေမှ သူ့မြှုံးတွေထဲမှာ ငါးမိပါဦးမည်လား။

တစ်ညလုံး အိပ်မပျော်ဘဲ မိုးလင်းကာနီးမှ မှေးကနဲ တစ်ချက် အိပ်ပျော်သွား၏။

ခါတိုင်းတော့ မိုးလင်းကာနီးလျှင် မြှုံးဖော်ဖို့ အိမ်က ထွက်ရစမြဲ။ ဒီနေ့တော့ သူ မိုးလင်းအောင် စောင့်နေမိသည်။ မိုးလင်းမှ မြှုံး သွားဖော်မည်။

မနေ့ညနေက သူ့လုပ်ဆောင်ချက် အောင်မြင်မှု ရှိ မရှိကို စုံစမ်းရဦးမည် မဟုတ်ပါလား။

“လှဦးတို့လူစု ညက အဖမ်းခံရတယ်တဲ့ဟေ့”

ထင်သည့်အတိုင်းပင် မိုးလင်းသည်နှင့် သတင်းတစ်ခုက ပျံ့လွင့်လာသည်။ တစ်စုံတစ်ယောက်က ရွာလယ်လမ်းမမှ အော်ပြောသွားခြင်း ဖြစ်၏။

“ဘာလဲ … ဘာဖြစ်လို့ အဖမ်းခံရတာလဲ”

“ချောင်းထဲက သစ်လုံးတွေ ခိုးပြီး ရောင်းလို့တဲ့။ မိတဲ့အချိန်ကလဲ ည သန်းခေါင်ကျော် ရိုးချောင်းက ပျဉ်းမပင်ကြီးနားမှာ ရဲတွေကိုယ်တိုင် သတင်းရလို့ လာပြီး စောင့်ဖမ်းတာတဲ့ဟေ့”

သူ့လုပ်ဆောင်ချက် အောင်မြင်ပြီ။ သူ ထောင်ထားသော မြှုံးထောင်ချောက်ထဲသို့ သားကောင်က တည့်တည့်မတ်မတ် ဝင်ခဲ့ပြီလေ။

သူ သက်ပြင်းချလိုက်မိသည်။ ခုမှ သူ့ရင်သည် ပေါ့ ပါးသွားသည် ထင်၏။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။

မထင်မှတ်ဘဲ မမျှော်လင့်ဘဲ သူ့မြှုံးထဲသို့ ဝင်လာသူက သူ့အချစ်ကို အနိုင်ယူသွားသူ ဖြစ်နေခဲ့သည်။

ခုတော့လည်း တရားဥပဒေက အနိုင်ယူသွားခဲ့ပြီဖြစ်၏။

မည်သို့ပင်ဖြစ်စေ…။

စစ်ပြန်မဂ္ဂဇင်း
ဇန်နဝါရီလ ၊ ၁၉၉၇

– ပြီး –

စာရေးသူ – မောင်စိုးနွေ (သုံးဆယ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0