အပိုင်း – ၁
အပိုင်း တစ်
၁
ခရီးဟူသည် အစရှိလျှင် အဆုံး ရှိမြဲတည်း။ အစ်ကိုထွန်း၏ ခရီးကား ပြီးဆုံးချေပြီ။ ခရီးတလျှောက်ပင်ပန်းနွမ်းနယ်ခဲ့ရမှုများ၊ လှုပ်ရှား ရုန်းကန်ခဲ့ရခြင်းများ၊ ပျော်ရွှင်ကြည်နူးခြင်းနှင့် ဝမ်းနည်းနာကျည်းခြင်းများသည်လည်း ပြီးပျောက်ကုန်ဆုံးခြင်းသို့ ရောက်ခဲ့ရလေပြီ။
ဆင်းရဲခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းတို့သည်လည်း သူ့အတွက် ဘာမျှ အဓိပ္ပာယ်မရှိတော့ပြီ။ ချစ်ခြင်းနှင့် မုန်းခြင်း ခံစားချက်တို့သည်လည်း သူ့ကို ငြိတွယ်နိုင်စွမ်း မရှိပြီ။ ဆာလောင်မွတ်သိပ်ခြင်း ဒုက္ခကိုလည်း မခံစားရတော့။ စိုးရိမ်ကြောင့်ကြမှု သောကကိုလည်း မထားရှိရတော့။ သံယောဇဉ် အနှောင်အဖွဲ့မှလည်း ရုန်းထွက်နေရန် မလိုတော့။ နောက်ဆုံး သူ့အတွက် ပူဆွေးသောကရောက်နေရသည် တို့ကိုပင် မမြင် မကြားရတော့။ သူသည် ဘာဆိုဘာမျှ မသိတော့။ ဘဝတခုလုံး၏ အဆုံးစွန်သော နေရာတနေရာတွင် သူ နားနေပေလိမ့်မည်။
သူ့ဝိညာဉ်သည် ပျံဝဲနေမည်လား၊ လွင့်ပါးနေမည်လား၊ ဘဝတပါးတွင် ခိုလှုံနေမည်လား၊ ဝိညာဉ်လောကသည် တကယ်ရှိသည်လား၊ မည်သူမျှမသိနိုင်ပြီ။ လောလောဆယ်တွင်မူ သူသည် ဒုက္ခအပေါင်းမှကင်းစွာ လဲလျောင်း နားနေရပြီဖြစ်လေသည်။ ခရီးဆက်ရမည့်သူမှာ မမြအေးပင်ဖြစ်၏။ သောက ပရိဒေဝ တို့ဖြင့် လောင်မြိုက်ပူဆွေးနေသူမှာလည်း မမြအေးပင် ဖြစ်သည်။ ရှေ့တွင်ဆက်၍ ပူပန်ခြင်း၊ လှုပ်ရှားရုန်းကန်ခြင်း၊ မျှော်လင့်ခြင်း၊ အားတက်ခြင်း၊ စိတ်ပျက်ရခြင်းတို့ဖြင့် ခံစားမှုအစုံကို ရင်ဝယ်ပိုက်ကာ ခရီးမဆုံးမချင်း ဆက်လက်လျှောက်လှမ်းရမည့်သူမှာ မမြအေးပင် ဖြစ်လေသည်။
သုဿာန်သို့သွားရာ လမ်းမ တလျှောက်တွင် ဖုန်တို့သည် တသောသောထနေကြ၏။ ကြေးစည်သံသည် ရှေ့ဆုံးမှနေ၍ မှန်မှန် မြည်ဟည်းနေသည်။ နောက်ဆုံးလှည်းပေါ်မှ ဗျိုင်းတောင်တီးသံသည် စည်းဝါးမှန်မှန်ဖြင့် လိုက်လာ၏။ သေသေချာချာနားထောင်လျှင် သာယာနာပျော်ဖွယ်ပင် ကောင်းသေးတော့သလိုလို။ ကုန်းကြောင်း လျှောက်လာသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့သည် ဝမ်းနည်းသော အမူအရာကိုဆောင်လျက် ပူပြင်းသောနေရောင်အောက်တွင် ခပ်သုတ်သုတ် လှမ်းလာကြသည်။ သူတို့အဖို့ကား ရှေ့မှ အလောင်းစင်ကြီးကို သုဿာန်သို့ အလျင်အမြန် ရောက်သွားစေလိုသောဆန္ဒ အားလုံးလိုလိုတွင် ရှိကြလေသည်။ မြန်မြန်ရောက်၍ မြန်မြန်မြေကျ၊ ကိုယ် လိုရာသို့ သွားကြရမည်။ ဝတ္တရားကျေ ပို့ဆောင်ပြီးလျှင် ကိုယ့်အမှု ကိုယ့်ကိစ္စ အသီးသီးတွင် ဟန်မပျက် ပြန်လည်လှုပ်ရှားကြရပေဦးမည်။
မမြအေးကို ခင်မင်ရင်းနှီးသူ မိတ်ဆွေ အမျိုးသမီးနှစ်ဦးက တဖက်တချက်မှနေ၍ တွဲထားသည်။ သူမ ခေါင်းတွင် မျက်နှာသုတ်ပဝါတထည်ကို ပေါင်း၍ထား၏။ ပူပြင်းသောနေရောင်သည် သူမ မျက်နှာကို လာရောက်ရိုက်ခတ်နေသည်။ ဘေးမှမိုးပေးသောထီးရိပ်သည် သူမကို လုံအောင် ဖုံးမပေးနိုင်။ သူမသည် ခေါင်းကိုငုံ့ကာ တသိမ့်သိမ့် ငိုရှိုက်လျက်ရှိလေသည်။
သားသမီးတသိုက်သည် နောက်တွင်လိုက်ပါလာကြသည်။ သားအကြီးဆုံး မျိုးထွန်းသည်မူ ရှေ့ဆုံး အလောင်းစင်နောက်မှ ပါသွား၏။ မမြအေး၏နောက်တွင် သမီးကြီး မခင်ကြိုင် လိုက်ပါလာ သည်။ သူမသည် သူငယ်ချင်းနှစ်ယောက် ချုပ်ကိုင်ထားသည့်ကြားမှပင် ခုန်ပေါက် အော်ဟစ်ကာ ငိုကြွေးလျက်ရှိသည်။ သားငယ်အောင်တိုး သည် အိန္ဒြေပျက်လောက်အောင် မငိုသော်လည်း မျက်လုံးကြီးများ နီလျက် အံကိုကြိတ်ထားသည်။ သမီးထွေး မိသက်ကိုမူ အိမ်တွင် ချော့မော့ကာ ထားခဲ့ရ၏။ အသုဘပို့သည့် လူတန်းကြီးသည် သုဿာန်နား ရောက်ကာနီးလေ ပို၍ ခြေလှမ်းသွက်လာကြလေသည်။
ရန်ကုန် မန္တ လေး ကားလမ်းမကြီးကိုဖြတ်၍ ဆင်းခဲ့ကြ၏။ လမ်းသည် သေးသွယ်ကျဉ်းမြောင်းသွားကာ ဖုထစ်ချိုင့်ဝှမ်းများဖြင့် ပြည့်နှက်နေသည်။ ဝဲယာ တဘက်တချက်တို့တွင် ချုံနွယ်ပိတ်ပေါင်း တို့ဖြင့် ထွေးရှုပ်နေ၏။ ခပ်ဝေးဝေးတွင် လယ်ကွင်းပြင်များကိုလှမ်းမြင်ရသည်။
သုဿာန်ဇရပ် မရောက်မီ တံတားငယ်တခုကို ဖြတ်ကြရ လေသည်။ တံတားမှလွန်လျှင်ပင် ရှေ့နားမှ ရုတ်ရုတ်သဲသဲအသံများကို ကြားကြရ၏။ အသုဘရုပ်ကလာပ်ကို ထမ်းလာသူများက အလောင်း ကစားကြခြင်းဖြစ်သည်။ နောက်မှဆိုင်းကလည်း သွက်သွက်လှိုင်လှိုင် တီးပေးသည်။ ဇရပ်ရှေ့ ဇီးပင်အထက်မှ လူငယ်အချို့က အလောင်း ဆီသို့ ခဲများဖြင့်လှမ်းပစ်ကာ “နောက်လာဦးမလား”ဟု ဆိုကြ၏။ ဆိုင်းသံရပ်မှ အလောင်းကိုမြေသို့ချသည်။ ခင်ကြိုင်သည် သူငယ်ချင်း များ လက်မှ ရုန်းထွက်ကာ အလောင်းနားသို့ ပြေးသွားလေသည်။ “အဖေရေ အဖေရဲ့”ဟုလည်း သံကုန်ဟစ်၍ အော်လိုက်လေသည်။
မမြအေး၏ ခေါင်းထဲတွင်မူ ဆူဝေနောက်ကျိ၍ နေလေသည်။ ငိုရန်လည်း အားမရှိတော့၊။ အသံလည်း မထွက်တော့။ မျက်ရည်များပင် ခန်းခြောက်ကုန်ပြီထင်၏။ နှုတ်ခမ်းများသည်သာ တဆတ်ဆတ် တုန်လျက် မျက်စိအစုံသည် မှုန်ရီဝေဝါး၍ နေလေသည်။
“ငိုချင်ရင်လဲ ငိုချလိုက်ပါလား မယ်မြရယ်၊ ချုပ်တည်းထားတာ မကောင်းဘူး”
တကယ်တော့ ငိုချင်စိတ်ကိုချုပ်တည်းထားခြင်းမဟုတ်။ ငို၍ မရတော့ခြင်းပင်ဖြစ်၏။ ရင်ထဲမှမူ
တလှိုက်လှိုက်တက်ကာ ချွေးစေး များ ပြန်လာသည်။
“မယ်မြ မယ်မြ၊ တချက်လောက် အားရပါးရ အော်လိုက်စမ်းပါအေ၊ အော်ငိုလိုက်စမ်းပါ”
ဘေးမှ စိုးရိမ်တကြီး သတိပေးသံများကို ကြားရလေသည်။ အသုဘခေါင်းကို ကြိုးများဖြတ်၍ မြေတွင်းထဲချလိုက်သည်ကိုမြင်ရ၏။ မြေကြီးများကို တယောက်တဆုပ် ပစ်ထည့်နေကြသည်ကိုလည်း တွေ့နေရသည်။ ခင်ကြိုင်တယောက် မြေကြီးတွင် မျက်နှာအပ်လျက် ကန်တော့နေသည်ကိုလည်း ဝိုးတဝါး မြင်လိုက်၏။ နောက်ဆုံးတော့ အများတိုက်တွန်းသလိုပင် ရင်ထဲ ပေါ့သွားလို ပေါ့သွားငြား အားပါး တရ အော်ဟစ်ပစ်လိုက်လေသည်။
“အို ကိုအောင်ထွန်းရဲ့၊ ရှင်ကတော့ ဝဋ်ကျွတ်သွားပြီပေါ့”
+ + +
ခက်သည်က အောင်စိုး။ မျိုးထွန်းသည် သူ့ကို မျက်စောင်းတခဲခဲဖြစ် နေသည်။ အောင်စိုးကမူ မသိကျိုးကျွံပြုကာ ဖဲဝိုင်းဆီသို့သာ သဲသဲမဲမဲအာရုံစူးစိုက်နေသည်။ သည်တခါ တယောက် လျော့သွားလျှင် သူ တအိမ်ဝင်ရန် ဟန်ပြင်နေသည်။
မျိုးထွန်းသည် ညီဖြစ်သူကို စိတ်ပျက် အော့နှလုံးနာသော မျက်နှာဖြင့် လှမ်းကြည့်နေသည်။ အောင်စိုးကမူတဘက်သို့ နည်းနည်းမျှ လှည့်မကြည့်။ လှည့်ကြည့်ရန် မလိုတော့ဟုလည်း စိတ်ပိုင်းဖြတ် ထားပုံရ၏။ ဖခင်အလောင်းကို မြေချပြီးသည့်ညမှာပင် ညီအစ်ကို နှစ်ယောက် သတ်မယ် ပုတ်မယ် ဖြစ်ကြသေးသည်။
အောင်စိုးကလည်း အောင်စိုး။ အသုဘချသည့်နေ့က တနေ့လုံး ပျောက်၍နေသည်။ ညနေပိုင်းရောက်မှ ပြန်လာ၏။ သူ့ကို ငွေလို၍ ရှမ်းစုမှ ဘကြီးခက်ဆီ လွှတ်လိုက်သည်။ အသုဘမချမီ တရက်ကဖြစ်၏။ သို့သော် အောင်စိုးသည် ထိုညက ပြန်မလာ။ နောက်နေ့မနက်အထိလည်း ပေါ်မလာ။ ညနေကျမှ ရောက်လာသည်။ သည်မှာ အလောင်းမြေကျဖို့ ကိစ္စကို အတော်ပင် ကသီလင်တ ဖြစ်သွားရသည်။ ဘကြီးခက်ဆီက လိုသောငွေကို ရခဲ့ပါလျက် အောင်စိုးတယောက် ထုံးစံအတိုင်း ဗွေဖောက်ခြင်းဖြစ်၏။ ရှမ်းစုမှ အိမ်ကို တန်းတန်းမတ်မတ်မပြန်ဘဲ ထန်းတောတွင် ဝင်ခို၏။ ထိုအခါ လူလည်း အိမ်ပြန်မရောက်။ ငွေ လည်း လျော့၍လာလေသည်။ ခင်ပွန်းသည်အလောင်း မြေကျစဉ်က ငိုမရခဲ့သော မမြအေးသည် သားဆိုး သားမိုက်ကို မြင်သောအခါမှ ခင်ပွန်းအမည်ကို တ၍ ငိုလေ၏။
ယခုလည်း အောင်စိုးသည် ဖဲဝိုင်းနားတွင်သာ ရစ်ဝဲ၍နေလေ သည်။ သူတကာတွေ စားပွဲ ကုလားထိုင် ရွှေ့ရာ သယ်ရာတွင်လည်း သူမပါ။ အိုးခွက်ပန်းကန်ငှားရာပြုရာတွင်လည်း မကူညီ။ အုန်းသီး တလုံးကိုသော်မှ ဝင်ခြစ်ဖော်မရ။ လမ်းတွင် ကန့်လန့်ခံနေသော ဖျာစကိုပင် ခလုတ်တိုက်၍သွား၏။ ဧည့်ခံရန်ထားသော ဆေးပေါ့လိပ်ကို တလိပ်ပြီး တလိပ် ယူ သောက်၏။ “အဖေတယောက်လုံး သေနေတာ ကိုယ့်အဖေ မသာမှာ ဖဲဝင်ရိုက်ဖို့တော့ မကောင်းပါဘူး”ဟု ခင်ကြိုင် တား၍သာ သူ မကစားဘဲနေရသည်။ ညီမ ဖြစ်သူမို့ တထစ်လျှော့၏။ ညီအစ်ကိုချင်းဆိုလျှင် အရွဲ့တိုက်၍ပင် ကစား ဦးမည်။ ဒါတောင် “သေတဲ့လူက သေပြီးမှပဲ ဘာထူးလို့လဲ”ဟု ပြောသေး၏။ ယခုတော့ မိန်းမဖော်များနှင့် ငါးအရိုးထွင်နေသော ခင်ကြိုင့်ဆီကို သူ လှည့်မကြည့်တော့။ ဝိုင်းထဲရောက်၍နေလေပြီ။
အောင်တိုးသည် ထောင့်တထောင့်တွင်ထိုင်ကာ အပေါင်းအသင်းတစုနှင့်ဝိုင်းဖွဲ့နေ၏။ သူတို့သည် ဖြေဆိုပြီးသောတက္ကသိုလ်ဝင် စာမေးပွဲအကြောင်းနှင့် ဟယ်ရီတန်အရေးကြောင့် ခုနစ်တန်းကို ပြည်လုံး ကျွတ် အအောင်ပေးသည့်ကိစ္စကို ပြောနေကြလေသည်။ တချက် တချက်တွင်မူ ခင်ကြိုင့်နားတွင်ထိုင်ကာ ကြက်သွန်လှီးနေသော မြို့ပိုင်သမီး ခင်ခင်ဦးဆီသို့ မျက်လုံးက ရောက်ရောက်သွားလေသည်။ ခင်ခင်ဦး၏ ဖခင်သည် ဒိုက်ဦးမြို့ကို ပြောင်းလာရသည်မှာ မကြာသေး။ ကျောင်းပြောင်းလာသော ခင်ခင်ဦးကို ခင်ကြိုင်က အစစအရာရာ ကူညီပေးရသည်မှ စပြီး မိန်းကလေးနှစ်ဦး ခင်မင်သွားကြသည်။ ခင်ခင်ဦးကလည်း မာနကင်း၍ အိမ်တွင် အဝင်အထွက်ရှိ၏။ ကျောင်းသူအသစ်ဆိုလျှင် စိတ်ဝင်စားတတ်ကြသော ကျောင်းသားတို့ အလယ်တွင် ချစ်ဖွယ်ကောင်းသော ခင်ခင်ဦးတယောက် ပေါ်ပြူလာ ဖြစ်လာ၍ ကျောင်းသူအချို့က မနာလိုဖြစ်ကာ ခပ်ဖယ်ဖယ်နေကြသည်။ ခင်ကြိုင့်ကိုလည်း မြို့ပိုင်သမီးမို့ အရောဝင်သည်ဟု စွပ်စွဲကြသည်။ သို့သော် သူတို့နှစ်ဦးကား အခင်အမင်မပျက်။
နောက်တခုက ခင်ကြိုင်နှင့် ခင်ခင်ဦးသည် နှစ်ယောက်စလုံး အလှစာရင်းဝင်များဖြစ်နေကြလေသည်။ ဒိုက်ဦးမြို့ကို သမ္မတကြီးလာလျှင် ပန်းဆက် ကြိုဆိုရန် အရွေးခံထားရသူများ ဖြစ်လေသည်။
မိသက်သည် မျက်နှာငယ်လေးဖြင့် လူအားလုံး၏ မျက်နှာများကို လိုက်လံငေးမောနေ၏။ ဖခင်၏ အချစ်ဆုံးသမီးထွေးမို့ မိသက် သည် သနားစရာ ဖြစ်၍နေသည်။ တကယ်တော့ မိသက်ကို မလိုချင်ဘဲနှင့် ရခဲ့ခြင်းဖြစ်၏။ အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျပြီး တနှစ်ခြား နှစ်နှစ်ခြားဆိုသလို သားသမီးတွေ တယောက်ပြီး တယောက် မွေးခဲ့ရသဖြင့် မမြအေးတယောက် စိတ်ပန်းလူပန်းဖြစ်ခဲ့ ရသည်။ အောင်တိုးကို မွေးအပြီးတွင် ကျွမ်းကျင်လှပါသည်ဆိုသော လက်သည် တဦးဆီတွင် တိတ်တခိုး အနှိပ်ခံခဲ့၏။ မမြအေး တယောက် သားသမီးဝေးသွားသဖြင့် ဆွေမျိုးများက အံသြနေဆဲ၊ လေးနှစ်ခြားပြီးမှ မိသက်ကို မထင်မှတ်ဘဲ ရလိုက်သည်။ ဖခင်ကတော့ သမီးမိန်းကလေးနည်းသူမို့ အထွေးဆုံး မိသက်ကို သဲသဲမဲမဲချစ်၏။ နယ်လှည့်၍ စပါးအဝယ်ဆင်းရာတွင် သမီးထွေးကို ခေါ်၍သွားတတ်သည်။ အရက်သောက်လျှင် ဘေးမှာထား၏။ ဖဲရိုက်နေလျှင် ပေါင်ပေါ်မှာသိပ်၏။ ခရီးကြမ်းလျှင် ပခုံးပေါ်ထမ်းသွားသည်။ နောက်ဆုံး ကျောင်းပျက်လွန်းသဖြင့် မမြအေးက ဆူပူတားမြစ်မှ သမီးထွေးကို ထားရစ်သည်။
မိသက်သည် ခြစ်ပြီးသားအုန်းသီးခွံအတွင်းမှ အုန်းသီးအသားကျန်များကို ဓားဖြင့်ခြစ်၍စားရင်း ငေးငိုင်နေလေသည်။ သားကြီးမျိုးထွန်းသည် ညီဖြစ်သူ အောင်စိုးကို မကျေမနပ် လှမ်းကြည့်ရင်း လူကြီးဝိုင်းတွင်ထိုင်ကာ စကားပြောနေသည်။ အောင်စိုး က သူ့ကို ဂရုမစိုက်ဘဲ ဖဲဝိုင်းတွင်ထိုင်သွားသောအခါ အောင်စိုးကို လှည့်မကြည့်တော့။ ဖဲဝိုင်းဘက်ကို ကျောပေးကာ လူကြီးများ၏ လက်ဖက်ရည်အကြမ်းဝိုင်းဘက် လုံးဝ မျက်နှာလှည့်လိုက်သည်။
မျိုးထွန်းသည် ငယ်စဉ်ကပင် စိတ်ကြီး၏။ စကားနည်း၏။ မျိုသိပ်တတ်၏။ သည်းခံ၏။ အငယ်များကို ညှာတာတတ်၏။ သို့သော် သူဒေါသဖြစ်ပြီဆိုလျှင် ကြောက်စရာကောင်းသည်။ အနစ်နာ ခံတတ်သည်နှင့်အမျှ စိတ်လည်း နာကျည်းတတ်သည်။ ထိုအခါ မျိုးတွင် မျက်စိရှေ့မှမြင်မြင်ကရာကို ကိုင်ပေါက်လွှင့်ပစ်တတ်သည်။ သို့မဟုတ် က သူ့ခေါင်းကို တိုင်နှင့် ပြင်းပြင်းဆောင့်ပစ်တတ်သည်။ သူသည် အဖေကိုလည်း အထင်ကြီးသူမဟုတ်၊ ညီများကိုလည်းအားရကျေနပ်သည် မရှိလှ။ ညီမကိုလည်းကြည့်မရ ဖြစ်နေတတ်သည်။ ညီမထွေးနှင့် အမေကိုမူ ဘာမျှမပြော။ ထာဝစဉ်အားလုံးအတွက် ပူပန်နေတတ် သည်။ ခုနစ်တန်းအောင်ပြီးကတည်းက ဖခင်တားသည့်ကြားကပင် ကျောင်းမှ ဇွတ်အတင်းထွက်ကာ ကားမောင်းသည်။ စက်ပြင်သင်တန်း တက်သည်။ ဒိုက်ဦးမှ ရန်ကုန်၊ မန္တ လေး၊ တခါတရံ ရှမ်းပြည် အထိ ကုန်တင်ကားကြီးများကို အငှားလိုက်မောင်းရင်း ပါသွားတတ် သည်။ တပတ်တခါ အိမ်ပြန်ရောက်တိုင်း မိခင်လက်ကို ငွေအပ်၏။ နယ်လှည့်အလုပ် လုပ်ရင်း သောက်စားလာတတ်သော ဖခင်ထက်ပင် သူက ငွေပိုပါတတ်သေးသည်။
ယခုတော့ ဖခင်လည်းမရှိပြီ။ သူ့တွင် တာဝန်လုံးလုံးကျရောက် ပြီဟု ယုံကြည်လိုက်ပုံသည် သူ့မျက်နှာ၌ အထင်းသားပေါ်လွင်နေ၏။ မမြအေးအနေဖြင့်မူ သားကြီးကို ဤမျှ ဒုက္ခမခံစေလို။ စိတ်ကိုလည်း သည်မျှ တင်းမထားစေလို။ အနစ်နာခံသည်နှင့်မျှ ကျေနပ်အားရနိုင်ခြင်း မရှိသည့်စိတ်၊ အရာရာကို ပူပန်ချုပ်ချယ်လိုသည့်စိတ်၊ ညီအစ်ကို မောင်နှမတွေနှင့် ကင်းကင်းကွာကွာနေလိုသည့်စိတ်တို့သည် သူ့ကိုယ် ကို ပြန်လည်နှိပ်စက် ညှဉ်းပန်းမိမည်ကို စိုး၏။ ထာဝစဉ်တင်းမာနေသော သူ့မျက်နှာထားကြောင့် မောင်နှမများက သူ့ကိုရှောင်ကြသည်။သူ့ရှေ့တွင် သတိထား၍နေသည်။ သတိထားပြောသည်။ သတိထား၍ စားသည်။ သူ မရှိလျှင် ပေါ့ပါးသွားသလို၊ လွတ်လပ်သွားသလို ခံစားကြရသည်။ ဖခင်ထက် သူ့ကို ပို၍ ကြောက်နေကြရသည်။ သို့ဖြင့် သူသည် မိသားစုကို အလုပ်အကျွေးပြုရင်း မိသားစုထဲမှ ကင်းကွာနေသည်။
သားသမီးတွေ၏ မျက်နှာကို တလှည့်စီကြည့်ရှုရင်း မမြအေး တယောက် ရင်လေးစွာ ပင့်သက်ချမိ၏။ သည်သား သည်သမီး တွေနှင့် ရှေ့ဆက်ပြီး ခရီးသွားရဦးမှာပါလား။ သူတို့တတွေ၏ အနာဂတ်သည် ဖြောင့်ဖြူးပါမည်လား။ အစ်ကိုထွန်း ရှိနေလျှင်မူ ဘာပဲပြောပြော အိမ်ထောင်ဦးစီးတယောက်အနေဖြင့် သူ့တွင် တာဝန်အရှိဆုံးဖြစ်ပေ မည်။ အစ်ကိုထွန်းသည် ရောက်ရာအရပ်တွင် ပျော်ပျော်နေတတ်တာ၊ အသောက်အစားဖက်တာ၊ အပေါင်းအသင်းကို ခင်တွယ်တတ်တာတွေသာ အပြစ်ဆိုစရာရှိသည်။ သားမယားကိုတော့ ချစ်တတ်၏။ ထွန်းထွန်းပေါက်ပေါက်ဖြစ်စေချင်သော ဆန္ဒရှိ၏။ သားကြီးဖြစ်သူက အမြဲတစေ မကျေနပ်သောမျက်နှာဖြင့် သုန်မှုန် နေတတ်သော်လည်း၊ သူ့ကို စကားကောင်းကောင်းမပြောသော်လည်း သားကြီး ခရီးထွက်သွားလျှင် သူက အမြဲစိတ်ပူနေတတ်၏။ နယ်လှည့် စပါးဝယ်ရာမှ ပြန်ရောက်လာတိုင်း “ဟိုကောင်ကြီး ပြန်လာသေးလား၊ ခုတခေါက် ဘယ်ဘက်သွားရသလဲ”ဟု ဦးစွာမေးတတ်သည်။
အစ်ကိုထွန်းကို အရက်က ဖျက်ဆီးနေခြင်းသာဖြစ်သည်။ မမြအေးနှင့် လက်ထပ်ကာစကမူ အစ်ကိုထွန်းသည် အရက်သမား တယောက် မဖြစ်သေး။ မမြအေးနှင့်တွေ့စက အစ်ကိုထွန်းသည် စပါးအဝယ်တော်ပေါက်စ။ မိဘမရှိသော တကောင်ကြွက် မမြအေးကို အစ်ကိုထွန်းက ဦးကြီး၊ အဒေါ်များဆီမှ တောင်းယူလက်ထပ်ခဲ့သည်။
မမြအေားသည် အစ်ကိုထွန်းကို ကယ်တင်ရှင် ကျေးဇူးရှင်အဖြစ် အားကိုးခဲ့၏။ ချစ်ကြောက်ရိုသေခဲ့၏။ အစ်ကိုထွန်းတယောက်
တစတစနှင့် တိုးတက်လာသောအခါ၊ အပေါင်းအသင်းများက ချီးမြှင့် မြှောက်စားလာသောအခါ အားနာတတ်သော အစ်ကိုထွန်းသည် အရက်ကို မိတ်ဖြစ်ဆွေဖြစ် သောက်သည်။ နောက်တော့ ထုံးစံအတိုင်း နှစ်နှစ်ခြိုက်ခြိုက် သောက်သည်။ စွဲစွဲလမ်းလမ်း သောက်သည်။ အိမ်တွင် မဆူမပူ မကြိမ်းမမောင်းဘဲ အရက်သောက်လာသော အစ်ကိုထွန်းကို ငယ်ကြောက် မမြအေးသည် မတားသာခဲ့။ သားသမီး တွေ ကြီးလာချိန်တွင် အစ်ကိုထွန်းသည် အရက်သမားကြီးလုံးလုံး ဖြစ်ခဲ့ပြီ။ သူ့တွင် သားသမီးများကို တိုးတက်ကြီးပွားစေချင်သော စိတ်၊ ဖြစ်မြောက်အောင်မြင်စေချင်သော ဆန္ဒ ရှိသော်လည်း သူ့ သြဇာသည် ကျဆင်းခဲ့ပေပြီ။ ထို့အတူ သူ၏ခန္ဓာကိုယ်သည်လည်း အရက်ကြောင့် လောင်ကျွမ်းခဲ့ချေပြီ။ သတိတရားဖြင့် ပြန်လည် ထိန်းချုပ်သည့်တိုင် လွန်ခဲ့လေပြီ။ နောက်ဆုံးတော့ သူသည် အရှုံး ပေးသွားရလေသည်။
ယခုတော့ ဒုက္ခအားလုံးသည် မမြအေးအပေါ်တွင် ပုံ၍ ကျန်ရစ်ခဲ့လေ၏။ ချစ်တီးကုလားများဆီမှ ဈေးပေါပေါဖြင့်ရထားသော တိုက်တလုံးမှလွဲ၍ မည်သည့်အထုပ်အထည်မျှလည်း မကျန်ခဲ့။ သားသမီးများကို အားကိုးရအောင်ကလည်း မျိုးထွန်းတယောက်သာ အလုပ်အကိုင်ရှိသည်။ သားကြီးကို အားကိုးပြု၍ ဘဝခရီးကိုဆက်ရ ပေမည်။ အစ်ကိုထွန်းနှင့်လက်ထပ်စဉ်က မမြအေး အသက် ၁၈နှစ်။ အစ်ကိုထွန်းနှင့် ၁၁ နှစ်ကွာ၏။ ယခုမှ အသက် ၄ဝ ကျော်။ ဘဝကို အစက ပြန်ပျိုးရဦးမှာပါလား။
* * *
J
“မိသက်တို့အိမ်ကြီးကို ရောင်းပစ်မယ် ဟုတ်လား အမေ၊ ဒီလိုဆို မိသက်တို့ ဘယ်မှာသွားနေရမှာလဲလို့”
အားလုံး၏ ဟန်ဆောင်ထားသော မျက်နှာများသည် ရုတ်တရက် ပျက်သွားကြလေသည်။ မျိုးထွန်းသည် တစုံတရာ ပြောမည်ပြုပြီးမှ မပြောတော့ဘဲနေ၏။ အားလုံးတွင် ခင်ကြိုင်သည် မျက်နှာအပျက်ဆုံး ဖြစ်နေလေသည်။ အောင်တိုးကမူ ဘာမျှအရေးမကြီး သလို ဟန်ဆောင်၍နေ၏။ သို့သော် မျက်နှာကမူ မကြည်လင်လှ။ တကယ်တမ်း ဘာဆို ဘာမျှ မထိခိုက်သည့် အမူအရာဖြင့် နေနိုင်သူက အောင်စိုးသာလျှင် ဖြစ်ပေသည်။ တကယ်လည်း သူ့ စိတ်ကို မည်သို့မျှ ထိခိုက်ဟန်မတူ။ သူသည် အေးအေးဆေးဆေး ဆေးပေါ့လိပ် တလိပ်ကို ဖွာနေလေသည်။
အမေသည် မျက်တောင်ကို တချက်နှစ်ချက် မြန်မြန်ခတ်လိုက်ကာ သမီးထွေးကို ကြုံး၍ဖက်လိုက်၏။ ဖွာရရာကြဲနေသော နဖူးပေါ်မှဆံပင်များကို လက်ဖြင့် သပ်တင်ပေးလိုက်သည်။ မိသက်သည် မျက်လုံးပြူးကလေးများဖြင့် အမေကို မော့ကြည့်၏။ ယခုတလော မိသက်တို့အိမ်တွင် အပြောင်းအလဲတွေချည်းတွေ့ နေရသည်။ ပထမဆုံးအဖြစ်က အဖေ အိမ်သို့ပြန်မလာခြင်းဖြစ်၏။ ခါတိုင်းလို အလုပ်သွားလုပ်ပြီး အချိန်တန်လျှင် ပြန်လာမည်ဟုသာ ထင်နေခဲ့၏။ သို့သော် အဖေသည် တော်တော်နှင့်ပြန်မလာ။ နောက်တော့ အဖေ နေမကောင်း၊ ဆေးရုံတက်နေသည်ဟု ကြားရသည်။ မိသက်တို့ အဖေ့ကို မမြင်ရ။ အဖေက အရက်တွေ အရမ်းသောက်ပြီး မူးလဲ နေလို့တဲ့။ အဖေ့ကို တွေ့တဲ့လူတွေက ဆေးရုံတင်ပေးရတယ်တဲ့။ နောက်တော့လည်း အဖေသည် အိမ်ကိုပြန်မလာတော့။ လာမယ့်လာ တော့လည်း အသက်မရှိတော့သော အဖေ့ အလောင်းကြီးသာ ရောက်လာခဲ့သည်။ မိသက်ကို အချစ်ဆုံး၊ အလိုလိုက်ဆုံး အဖေတယောက် သေသွားပြီဆို၍ မိသက် ဝမ်းနည်းရသည်။ ငိုရသည်။ နောက်တော့လည်း အိမ်တွင် လူတွေစည်ကားလာပြီး ချက်ကြ ပြုတ်ကြ၊ စားကြ သောက်ကြနှင့်မို့ အဖေ့ကိုမေ့ကာ ပျော်သလိုလို ဖြစ်လာသည်။ ယခုတော့ မိသက်တို့ အိမ်သားတွေကလွဲ၍ မည်သူမျှ မရှိတော့။
မိသက်တို့နေသောအိမ်ကြီးကို ရောင်းပစ်မည်ဟု အမေတို့က ပြောနေကြသည်။ မိသက် ဝမ်းနည်းရပြန်သည်။ မိသက်တို့ အိမ်ကြီး သည် ကျယ်လည်းကျယ်ဝန်း၏။ ရှည်လည်း ရှည်လျား၏။ မိသက် အိမ်ရှေ့မှာရှိလျှင် နောက်ဖေးမှလှမ်းခေါ်သော အမေ့အသံကို မကြားရ။ တော်ရုံကြားလျှင်လည်း မကြားချင်ယောင်ဆောင်နေ၍ ရ၏။ ယုတ္တိရှိ၏။ အိမ်ရှေ့ခန်းကြီးသည် စက်ဘီးပတ်၍စီးနိုင်အောင် ကျယ် ဝန်း၏။ အိပ်ခန်းနှစ်ခန်း ပြီးလျှင် ရေချိုးခန်းနှစ်ခန်း ရှိသည်။ အိမ်သာရှိသည်။ နောက်တွင် အခန်းကျယ်ကြီးတခန်း ရှိသေးသည်။
ပြီးမှ မီးဖိုခန်း၊ ရေတွင်း၊ မိသက်တို့အိမ်မှ ရေတွင်းကို အိမ်နီးနားဝန်းကျင်တို့က အားကိုးရသည်။ ခြံထဲတွင် မန်ကျည်းပင်နှစ်ပင် ရှိသည်။မိသက် ကောင်းကောင်း တက်တတ်နေပြီ။ မန်ကျည်းပင်ခွကြားတွင်ထိုင်၍ မန်ကျည်းရွက် နုနုလေးများကိုခူးကာ ဆားဖြင့်တို့စားရသည်မှာ ပျော်စရာကောင်း၏။ မာလကာပင်ကြီးကိုမူ လမ်းထဲမှကလေးများကို ဖိတ်ခေါ်ရာရောက်သည်ဆိုကာ အဖေက ခုတ်ပစ်၏။
ကင်ပွန်းချဉ်ပင်ကတော့ အမေ့ အချစ်တော်။ အခက်လေးနည်းနည်းထိုးထိုးထောင်ထောင်ဖြစ်လာလျှင် ကတ်ကြေးတချောင်းဖြင့် အမေညှိနေတော့သည်။ ကင်ပွန်းချဉ်ပင်သည် အစဉ်လို အခက်အလက်များညီညာစွာဝေနေပြီး အညွန့်နီနီလေးများဖြင့် စိုပြည်နေတတ်သည်။
သည်အိမ်ကြီးကို မိသက်ချစ်၏။ မိသက်သူငယ်ချင်းများကလည်း ချစ်၏။ စုစုတို့၊ မအေးမြင့်တို့ဆိုလျှင် မိသက်တို့အိမ်ကိုလာလည်ရလျှင် ပျော်နေတတ်သည်။ နောက်ဖေး ခြံထဲတွင်ဆင်းကာစက်ဘီးစီးသင်ရ၊ မန်ကျည်းပင်တက်ရသည်ကို သူ တို့လည်းနှစ်ခြိုက်၏။
ယခု သည်အိမ်ကြီးကိုရောင်းမည်ဟု ပြောနေကြသည်။ ဘာကြောင့်နည်း။ သည်အိမ်ကြီးကို မိသက်ချစ်သလို အမေတို့၊ မခင်ကြိုင် တို့က မချစ်ဘူးထင်သည်။ အစ်ကိုအောင်စိုးကတော့ ထားပါတော့။ သူက အိမ်မှာမှ မနေချင်တာ။ အစ်ကိုကြီးမျိုးထွန်းတို့၊ အစ်ကိုအောင်တိုး တို့ကတော့ မရောင်းဖို့ ပြောသင့်သည်။ သို့သော် မည်သူကမျှ မပြောကြ။
“ရောင်းမှဖြစ်မယ့်ကိစ္စ ရောင်းပေါ့ အမေရာ၊ ဘာတတ်နိုင်တာမှတ်လို့”
မျိုးထွန်းက တခွန်းသာပြောပြီး နေရာမှ ထသွားသည်။
“သူတို့က ဘယ်လောက်ပေးမှာတဲ့လဲ”
“ ခုနစ်ထောင်”
အောင်စိုးက တစုံတခုကို တွက်ချက်နေသည်။
“တသောင်းအတိတောင်းလိုက်ပေါ့ အမေရဲ့၊ အမေ ဈေးရောင်းဖို့ အရင်းအနှီးချန်၊ ငတိုးတို့၊ ခင်ကြိုင်တို့ ကျောင်းစရိတ်ဖယ်၊ ကျွန်တော့်ကို တထောင်ပေး”
“မင်းက ဘာလုပ်ဖို့”
“ကျွန်တော် ဘဲမွေးမယ်”
အောင်တိုးက အောင်စိုးကို မယုံသလိုကြည့်သည်။ အောင်စိုးက ဘုကြည့်ပြန်ကြည့်သောအခါ အောင်တိုး မျက်နှာလွှဲသွား၏။ အရေးထဲ မှာ သူ ဖြုန်းရအောင် ဖန်ပြန်ပြီဟု အောင်တိုးစိတ်တွင်းမှ ထင်သော် လည်း မပြောရဲ။ ထိုစဉ် မျိုးထွန်းက လှည့်လာသည်။ ခင်ကြိုင်နှင့် အောင်တိုးက အစ်ကိုကြီးဖြစ်သူကို အားကိုးစွာ လှမ်းကြည့်သည်။ အမေကမူ မျက်နှာလွှဲနေ၏။
“မင်း ခုနဘာပြောတာလဲ အောင်စိုး”
“ကျုပ် ဘဲမွေးဖို့ ငွေတထောင် ထုတ်ပေးဖို့ ပြောတာ”
အောင်စိုးက မျိုးထွန်းကို မကြည့်ဘဲပြောသည်။
“ဘာလဲ မင်းက အမွေခွဲတဲ့ သဘောလား”
အောင်စိုးမျက်နှာ ရဲခနဲဖြစ်သွားသည်။
“ကျုပ် အလုပ်လုပ်ဖို့ပြောတာ၊ ကျုပ်အတွက်လုပ်မှာ မဟုတ် ဘူး၊ အားလုံးအတွက်လုပ်ပေးမှာ၊ ခင်ဗျားတို့မယုံရင် မပေးနဲ့ပေါ့၊ ကျုပ်ဘာသာ ကြံဖန်လုပ်မှာပဲ၊ ခြံအတွက်တောင် ကိုသာမြတို့နဲ့ တိုင်ပင်ပြီးပြီ’
မျိုးထွန်းက စဉ်းစားဟန် ပြုနေလေသည်။ အောင်စိုးသည် ပေတတ်တေတတ်သော်လည်း အလုပ်တခုကိုတော့ ဇွဲနဘဲနှင့်လုပ်မည် ဟု မျှော်လင့်ရ၏။ တခုပဲရှိသည်။ အပေါင်းအသင်းကို ခင်တွယ်ကာ အဖော်ကောင်းလျှင် တလွဲတချော် ဖြစ်သွားနိုင်သည်။ သို့သော် သူ့ အစွမ်းအစကိုသိရန် စမ်းကြည့်သင့်သည်ဟု ထင်လေသည်။
“မင်းလုပ်ချင်ရင် လုပ်ကြည့်ပေါ့၊ ငွေကို လုံးခနဲ ယူမသွားနဲ့၊ ဝယ်စရာရှိသလောက် ထုတ်ယူ၊ မင်းကိုမယုံလို့မဟုတ်ဘူး၊ အလုပ် လုပ်စမှာ ငွေခေါင်းကွဲသွားမှာစိုးလို့”
အောင်စိုး ဘာမျှမပြောတော့။ ဆေးပေါ့လိပ်တိုကိုပြာခွက်ထဲ ထိုးချေကာ နေရာမှ ထသွားသည်။ အမေက သက်ပြင်းတချက်ကို ချလိုက်သည်။
“ဈေးတည့်ရင် သူတို့က အိမ်ကို လကုန်အပြီး ပြောင်းချင်တာတဲ့၊ အမေတို့နေဖို့ အိမ်ရှာရဦးမယ်”
အမေက သားကြီးကိုကြည့်ကာ ပြောလိုက်သည်။
“တောင်ပိုင်းက ရုပ်ရှင်ရုံနားမှာ ဘကြီးဒွေးတို့အိမ် ငှားဖို့ရှိတယ် ဆို၊ အဲဒီပဲပြောင်းကြတာပေါ့၊ ဘယ်တတ်နိုင်မလဲ၊ ဈေးထဲက ဆိုင်နေရာလဲ မြန်မြန်ရှာရမယ်၊ ငွေက လက်ထဲမှာကြာကြာကိုင်ထားလို့ မဖြစ်ဘူး”
မျိုးထွန်းက စီမံခန့်ခွဲလိုက်သည်။ ခင်ကြိုင့်မျက်နှာကမူ ငယ်သထက် ငယ်၍သွား၏။ တောင်ပိုင်းရုပ်ရှင်ရုံနားမှ ရပ်ကွက်ကို သူ ရောက်ဖူးသည်။ တဲအိမ်ငယ်များ ပြွတ်ကျပ်နေ၏။ ခင်ကြိုင်တို့ နေရမည့်အိမ်သည် အလွန်ဆုံး ပျဉ်ထောင် သွပ်မိုးထက် မသာနိုင်။ ဝါးကြမ်းခင်း၍ ဓနိမိုးဖြစ်မည်က သေချာသလောက်ဖြစ်၏။ ယခု ခင်ကြိုင်တို့နေသည့် တိုက်ကြီးမှာ ဒိုက်ဦးမြို့တွင် နာမည်ကြီးသော အိမ်ကြီးအိမ်ကောင်းများစာရင်းတွင် ပါဝင်၏။
ငွေကို ဖောဖောသီသီမသုံးနိုင်သည့်တိုင် ကောင်းကောင်းမွန်မွန်နေထိုင်ခဲ့၍ ခင်ကြိုင် မျက်နှာ မငယ်ခဲ့။ ယခုတော့ ခင်ကြိုင်တို့ အခြေအနေသည် ဘွားဘွားကြီး ပေါ်ပေပြီ။ အိမ်သေးအိမ်ငယ်ကို ပြောင်းရွှေ့ရမှာ ခင်ကြိုင်ရှက်ရွံ့နေ သည်။ သိမ်ငယ်နေသည်။ ခင်ခင်ဦးလို သူငယ်ချင်းမျိုးကပင် အဝင် အထွက် ပြုပါတော့မလားဟု အားငယ်နေ၏။ အောင်တိုးသည် အမေနှင့် နှမကိုကြည့်ကာ ငိုင်နေလေသည်။
အောင်တိုးအဖို့ကား ဘယ်နေရာမှာ နေရနေရ အကြောင်းမဟုတ်။ အမေသည် အိမ်ကို အလကားသက်သက် ရောင်းပစ်ခြင်းမဟုတ်။ ဈေးဆိုင်ဖွင့်ရန် အရင်းအနှီးလိုသည်။ သူရော ခင်ကြိုင်ပါ သည်နှစ် ဆယ်တန်းအောင်လျှင် ကျောင်းဆက်တက်ရန် ငွေလိုသည်။ ကျောင်း ဆက်မတက်နိုင်လျှင် အိမ်ရောင်းပစ်ရသည်ထက် အခြေအနေဆိုးမည်။ ဘာပဲပြောပြော ကျောင်းကိုဆက်နေချင်၏။ အဖေရှိစဉ်ကပင် စာတော် သော သူ့ကို အဖေက မျှော်လင့်သည်။ သားယောက်ျားလေးများအနက် သူတယောက်သာ ပညာရေးကိုစိတ်ဝင်စားသည်။ သူ့အပေါင်းအသင်း များကလည်း သူလိုပင် ပညာတတ်လူငယ်များ ဖြစ်လာရေးကို အလေးပေး၏။
သူတို့ မြို့ပေါ်တွင် ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်သူတွေ ရှိသော်လည်း ဆရာဝန်လိုင်းလိုက်သူ၊ အင်ဂျင်နီယာ ဖြစ်သူက နည်းသေးသည်။ အထူးသဖြင့် မြို့ပေါ်မှ တရုတ်သူဌေးသား များသာ ထွန်းထွန်းပေါက်ပေါက် ဖြစ်နေကြ၏။ သူတို့သာ စာတော် သည်၊ ထက်မြက်သည်ဟု အများက အထင်ရှိကြ၏။ ဤသည်ကို အောင်တိုး မခံချင်။ ပြီးတော့ အောင်တိုးသည် ကုန်သည် လယ်သမား ပေါများသော မြို့ပေါ်တွင် ဖခင်မှာ အစိုးရအမှုထမ်းတယောက်ဖြစ်၍ အမှုထမ်းလောကကိုလည်း အထင်ကြီးသည်။ အဖေသည် လိုင်စင်ရ သေနတ်ကိုကိုင်ဆောင်ကာ နယ်တကာလှည့်နေရသည်ကို သူ ဂုဏ်ယူလေသည်။ သူ့စိတ်ထဲတွင် တခုပဲစိုးရိမ်နေသည်။ အိမ်ရောင်းရသည့် ငွေကို အောင်စိုးတယောက် တ’စ တ’စ သုံးဖြုန်းပစ်မည်ကိုသာ ဖြစ်သည်။ ထို့ကြောင့် အမေ့ကို ဈေးဆိုင်မြန်မြန်တည်စေ့ချင်သည်။ သူ တို့ကျောင်းတွေ မြန်မြန်ဖွင့်စေချင်သည်။ အနာဂတ်ကို စောစီးစွာ ကြိုဆိုမျှော်လင့်နေမိသည်။
အမေသည် ခင်ကြိုင့်ကိုနှစ်သိမ့်ရန် စကားရှာနေသော်လည်း ဘာပြောရမှန်းမသိချေ။ ခင်ကြိုင်တယောက် မျက်နှာပျက်နေသည် ကိုလည်း မနှစ်သက်လှ။ သည်ကလေးမလေးဟာ လူ့ဘဝဆိုတာ နားမလည်ရှာသေးဘူးဟု ကရုဏာသက်မိသည်။ သမီးမိန်းကလေး ဆိုသည်မှာ မိခင်တွင် ပို၍တာဝန်ကြီး၏။ ခင်ကြိုင်တယောက် အသိပညာပြည့်ဝရန်၊ အမြော်အမြင်ကြီးလာစေရန် များစွာ ကြိုးစားရဦး မည်။ ခင်ကြိုင်သည် အလှအပမက်၏။ ကြွားချင် ဝါချင်စိတ်လေးရှိ၏။ သည့်အတွက် ဘဝမှန်လာအောင် သင်ပေးရဦးမည်။ မခံချင်စိတ်၊ ကြိုးစားချင်စိတ်၊ မာနစိတ်လေးဝင်လာအောင်ညွှန်ပြရဦးမည်။
အမေသည် သားသမီးများ၏ အနာဂတ်ကိုတွေးရင်းဖြည်းလေး စွာ ထလာသည်။ အိမ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို သိမ်းဆည်းရန် ဟန်ပြင်နေသည်။ ရှေ့အပတ်ဆိုလျှင် သည်အိမ်ကို တရုတ် သူဌေးများလက်သို့ အပ်ရမည်။ ပြည်တော်ပြန်သွားသော ချစ်တီး ကုလားများဆီမှ အလကားလိုလို ရလိုက်သောအိမ်မို့ အရှုံးထဲမှ အမြတ်ရသည်ပင် ဖြစ်၏။ သည်အတိုင်း ထိုင်နေသည်ထက်စာလျှင် တခုခုလုပ်မှဖြစ်မည်ဟု အမေ နားလည်သည်။
သားသမီးများ၏အနာဂတ်အတွက် ဦးဆောင် ရုန်းကန်ရမည့် သူမှာ မိမိပင် ဖြစ်၏။ လက်ထဲရောက်ရှိလာမည့်ငွေကို ဉာဏ်၊ဝီရိယ စိုက်ထုတ်၍ အသုံးချရပေမည်။ သားကြီးမျိုးထွန်းကို အားကိုး သလို၊ သားငယ် အောင်စိုးကိုလည်း မျှော်လင့်မိသေး၏။ အောင်စိုး တယောက် တကယ်ပင်အလုပ်လုပ်ချင်လာပါစေ၊ ဖြစ်ဖြစ် မြောက်မြောက် လုပ်ပါစေဟု ဆုတောင်းမိသည်။ အိမ်ထောင်သက်တမ်း တလျှောက် အေးအေးလူလူနေကာ ရှိသမျှနှင့် ရောင့်ရဲလာခဲ့သူ၊ သားရေး သမီးရေးမှန်သမျှ ခင်ပွန်းဖြစ်သူကိုသာ တိုင်တမ်းညည်းတွား တတ်ခဲ့သူ မမြအေးတယောက် ယခုမှပင် လူ့ဘဝခရီးကို ရေဆန် လှော်ခတ်ရပေတော့မည်။
အမေ့မှာ မမျှော်လင့်သော ခွန်အား သတ္တိများကို ရရှိခဲ့ပြီး ဖြစ်လေသည်။
* * *
၃
ခုနစ်တန်း စာမေးပွဲကျစဉ်ကလည်း သည်မျှ ဝမ်းမနည်းခဲ့။ မြို့ကို သူပုန်တွေဝင်စဉ်က ပစ်ဟယ် ခတ်ဟယ်၊ မီးရှို့ဟယ် ဖြစ်ကြ၍ သိမ်းဆည်း ထုပ်ပိုးကြရစဉ်ကလည်း သည်မျှ စိတ်မလှုပ်ရှားခဲ့။ ယခုအကြိမ် ပစ္စည်းများကို သိမ်းဆည်းနေရသည်မှာ ခင်ကြိုင့်ရင်ထဲတွင် အလိုလို ပူနေ၏။ တလှပ်လှပ် လှုပ်ရှားနေ၏။ ဝမ်းနည်းပက်လက် ဖြစ်နေ၏။ ထိန်းထားသည့်ကြားမှပင် မျက်ရည်စများ ပါးပြင်ပေါ် လှိမ့်ဆင်းလာကြလေသည်။
“ပစ္စည်း သင်္ခါရ၊ လူ သင်္ခါရပါအေ၊ ဒါလောက်လဲ စိတ်ထိခိုက် မနေပါနဲ့၊ တနေ့ ကိုယ့်ဘဝကိုယ် ထူထောင်နိုင်ဖို့အရေးကြီးပါတယ်၊ ပညာတတ်အောင်သင်၊ ကိုယ့်ပညာနဲ့လုပ်စား လူ့အောက်မကျပါဘူး အေ့”
အမေသည် သမီးဖြစ်သူကိုနှစ်သိမ့်ရင်း အိုးခွက်ပန်းကန်များကို စုစည်းထည့်သိုနေသည်။ ပြောသာပြောရသည်၊ သူကိုယ်တိုင်လည်း အစ်ကိုထွန်းနှင့် သားသမီးတွေနှင့် ကျယ်ကျယ်ဝန်းဝန်း နေခဲ့ရသောသည်အိမ်ကြီးကို စွန့်ခွာခဲ့ရမှာ အလိုလို ဝမ်းနည်းနေသည်။ သို့သော် ဘာမျှမဖြစ်သလို နေပြခဲ့သည်။ သားများက သိမ်းဆည်းပြီးသော ပစ္စည်းများကို လှည်းပေါ်သို့တင်နေသည်။ ပစ္စည်းသယ်ရန်ဝင်လာသော အောင်စိုးသည် ခင်ကြိုင် မျက်ရည်ကျနေသည်ကို မြင်သောအခါ နားမလည်သလို စူးစူးဝါးဝါး ကြည့်သည်။
“ဘာလဲ၊ ဒီကောင်မလေးက ဘာဖြစ်နေတာလဲ၊ တိုက်ကြီးကို မစွန့်နိုင်ဘူးလား ဟုတ်လား၊ ဒီကောင်မလေးဟာ မြို့ပိုင်သမီးတွေ သူဌေးသမီးတွေနဲ့ ပေါင်းပြီး အခြောက်တိုက် ဘဝင်မြင့်နေတာ”
မျက်ရည်ကျနေသော ခင်ကြိုင်က ဆတ်ခနဲ လှည့်ကြည့်သည်။ အောင်စိုးနှင့် ခင်ကြိုင်သည် အထက်အောက်ဖြစ်၍ နှစ်နှစ်သာကွာသည်။ ယောက်ျားလေးနှစ်ယောက် မွေးပြီးမှ သမီးမိန်းကလေး မွေးသဖြင့် ခင်ကြိုင့်ကို အလိုလိုက်ခဲ့ကြသည်။ အစ်ကိုများကလည်း ချစ်ခဲ့ကြသည်။ ခင်ကြိုင်သည်လည်း ယောက်ျားလေးများနှင့် တန်းတူဆော့ကာ အစ်ကိုတွေကို ကြောက်ရကောင်းမှန်း မသိခဲ့။ အထူးသဖြင့် အောင်စိုးကို ဆိုလျှင် ရွယ်တူလိုပင် သဘောထားသည်။
“ဘာ ဘဝင်မြင့်ရမှာလဲ၊ ငါ့သူငယ်ချင်းတွေမို့လို့ ငါပေါင်းတာ ဘာဖြစ်လဲ၊ နင်သာ အရက်သမား ဖဲသမားတွေနဲ့ပေါင်းပြီး အိမ်ကို ဒုက္ခပေးနေ၊ သူကတော့ အိမ်ရောင်းတာ ဝမ်းသာမှာပေါ့ ဟင်း”
ခင်ကြိုင်သည် တဖက်မှ ချုပ်တည်းထားရသော ဝမ်းနည်း အားငယ်စိတ်ကို အောင်စိုးအပေါ်မဲ၍ ပုံချလိုက်သည်။ အောင်စိုးသည် ခင်ကြိုင့်စကားကို ဆတ်ဆတ်ခါနာသွားသည်။ သူ ဖြုတ်သိမ်းနေသော သူတို့တတွေ ငယ်စဉ်က ကိုရင်ဝတ်ဖြင့်ရိုက်ထားသည့် ဓာတ်ပုံကြီးကို ဂွပ်ခနဲ လွှတ်ချလိုက်သည်။
“ဘာပြောတယ်၊ ငါက အရက်သမား ဖဲသမား ဟုတ်လား၊ အေး ထားပါတော့၊ ငါက ပေတတ်တေတတ်ပေမယ့် နင်တို့လိုတော့ မဖောက်ပြန်ဘူးဟေ့၊ နင်သာ အရေးဆိုရင် တအိမ်လုံးကို ဖိနင်း ကျော်လွှားသွားမှာ၊ အိမ်ရောင်းတာ ဘယ်သူ့အတွက်ဆိုတာ အမေ သိတယ်၊ တနေ့ကျ နင်တို့၊
ငတိုးတို့ပဲ ကြီးပွားမှာ နားလည်လား”
အောင်စိုးစကားကြောင့် အဖေ့ဖိုင်တွဲဟောင်းများကို သိမ်းနေ သော အောင်တိုးကလည်း လှည့်ကြည့်သည်။ ရောင်းပစ်မည့် စားပွဲ ကုလားထိုင်အပိုများကို ရွေးနေသော မျိုးထွန်းကလည်း လှည့်ကြည့်သည်။
“ကျွန်တော်တို့ကြီးပွားရင်လဲ အားလုံးကြီးပွားရမှာပေါ့ အစ်ကို ရာ၊ ကျွန်တော်တို့ပညာသင်တာ
တကိုယ်ကောင်းဆန်လို့ မဟုတ်ပါဘူး”
အောင်တိုးက အောင်စိုးကို စေ့စေ့ကြည့်၍ ပြောသည်။
“ဟင်း ကြည့်သေးတာပေါ့”
အောင်စိုးက မေးငေါ့၍ ပြောသည်။ ခင်ကြိုင်က နှုတ်ခမ်းကို စူပစ်သည်။ မျိုးထွန်းက အောင်စိုးကို သေသေချာချာ ကြည့်နေသည်။
“ဒီမှာ အောင်စိုး၊ လူဆိုတာ ဘာမှ မျှော်လင့်မထားရဘူးကွ၊ ကိုယ်က အနာခံသင့်တယ်ဆိုရင် အနာခံ၊ အဲ အဲဒီအတွက် ဘာမှတော့ ပြန်မမျှော်လင့်နဲ့”
မျိုးထွန်းက အောင်စိုးကို တရားချသလိုနှင့်
သူ့အဘိဓမ္မာကို သူ ဖွင့်သည်။ အမေကတော့ သားသမီးများကိုကြည့်ကာ ထုံးစံအတိုင်း သက်ပြင်းကိုသာ အခါခါချနေလေသည်။
ပစ္စည်းတွေအားလုံး နောက်ဆုံးအခေါက် လှည်းပေါ်တင်ပြီးမှ ခင်ခင်ဦးတယောက် အပြေးကလေးရောက်လာသည်။ အောင်တိုးသည် တောင်းတခုကို မ’သွားရာမှ ခင်ခင်ဦးနှင့် တိုက်မိမလို ဖြစ်သွားသည်။
“အို ပစ္စည်းတွေတော့ သယ်လို့ကုန်ခါနီးပြီကိုး၊ ပေးလေ ကိုအောင်တိုး၊ ခင်ခင် ဝိုင်းသယ်ပေးမယ်”
“ဟာ မဟုတ်တာ အလေးကြီးရယ်၊ ဟိုမှာ ခင်ကြိုင်စိတ်ကောက် နေတယ်၊ သူ့ဆီသွား”
ခင်ခင်ဦးကိုမြင်ကာမှ ခင်ကြိုင်က ငိုချလိုက်တော့မလို ဖြစ်သွား လေသည်။
“ဆောရီးပဲ ယောက်မရယ်၊ ဖေဖေက ဧည့်သည်တွေနဲ့ စကား ပြောနေတာနဲ့ ထွက်လို့မရဘူး၊ ဘာတွေ သိမ်းစရာရှိသေးလဲဟင်၊ ပေး အဲဒါတွေ ခင်ခင့်ကိုပေး”
ခင်ခင်ဦးက သူ အလာနောက်ကျ၍ ခင်ကြိုင် စိတ်ကောက် နေသည်ထင်ကာ ပစ္စည်းများကို လုယူသည်။
“နေပါစေ သူငယ်ချင်းရယ်၊ သိမ်းလို့ပြီးပါပြီ၊ နောက်ဆို ခင်ကြိုင်တို့အိမ် လာလည်ချင်မှာ မဟုတ်တော့ဘူးနော်”
“မဟုတ်တာဘဲကွာ၊ ကိုယ်က မင်းကို တကယ်ခင်တာပါ၊ ဘယ်မှာနေနေ ကိုယ်လာမှာပေါ့”
လှည်းပေါ်သို့ ပစ္စည်းအားလုံးရောက်သွားသည်။ ကျန်ပစ္စည်း အချို့ကို လက်မှဆွဲ၍ လမ်းလျှောက် လိုက်သွားကြရုံသာ ရှိတော့သည်။ အောင်တိုး သူငယ်ချင်းများက ပြောင်းမည့်အိမ်သို့ သွားနှင့်ကာ ပစ္စည်းများကို နေရာချနေသည်။
“ကဲ သမီး ပြီးရင်သွားကြစို့၊ သမီး ခင်ခင်ကော လိုက်ဦးမလား”
“အို လိုက်မှာပေါ့၊ လိုက်ခဲ့မှာပါ”
ခင်ခင်ဦးက ခင်ကြိုင့်ကိုကြည့်၍ ဖြေသည်။ အမေက ပစ္စည်းများ ကျန် မကျန် စစ်ဆေးသည့်အနေဖြင့် အိမ်ကို တပတ်လှည့်၍ ကြည့်လိုက်သည်။ သူမ နေထိုင်ခဲ့ရာ အိမ်ကြီးကို နောက်ဆုံးနှုတ်ဆက် ကြည့် ကြည့်သည်နှင့်လည်း တူလေသည်။ အိမ်ရှေ့တွင် အိမ်ဝယ်သည့် သူဌေး၏သားကလေးက အိမ်ကို သော့ခတ်ရန် စောင့်နေလေသည်။
+ + +
ခင်ကြိုင်တယောက် ဒုတိယအကြိမ် ငိုပွဲဆင်ရပြန်လေပြီ။ မက်ထရစ် (တက္ကသိုလ်ဝင်) စာမေးပွဲ အောင်စာရင်းတွင် ခင်ကြိုင်ပါမလာခဲ့။ သူ့ နောက်မှ ကျောင်းနေပြီး သူ့ကိုမီလာသော အောင်တိုးက အောင်သွားသည်။ ခင်ခင်ဦးက တက္ကသိုလ်ဝင် အောင်စာရင်းထဲ မပါဘဲ တန်းမြင့် ကျောင်းထွက် အောင်စာရင်းတွင်သာ ပါသည်။ သည်တော့လည်း တနှစ် ပြန်နေကာ ပြန်ဖြေရဦးမည်။ ဒိုက်ဦး တမြို့လုံးတွင်မှ တက္ကသိုလ်ဝင်ခွင့်ရသူ နှစ်ယောက်တည်းရှိသည်။ တက္ကသိုလ် ကျောင်းသူကြီးတွေဖြစ်ရန် အားခဲထားသော ခင်ကြိုင်တို့ နှစ်ယောက်မှာ ခဲလေသမျှ သဲရေကျ ဖြစ်ကြရလေ၏။
သူတို့ကို ပိုးချင် ပန်းချင်၊ စချင် ပြောင်ချင်ကြသော ကောင်လေးတွေက မထိ တထိ စကြ ပြောင်ကြသည်။ ခင်ခင်ဦးက မျက်နှာထားတင်းတင်းဖြင့် မသိဟန်ဆောင် နေတတ်သော်လည်း ခင်ကြိုင်က ဆတ်ဆတ်ထိမခံ။ “နင်တို့ကမှ ကျောင်းမှာ တစ္ဆေဖြစ်မယ့်ကောင်တွေ”ဟု ပြန်ရန်တွေ့ သည်။ ကောင်လေးတွေကလည်း သူတို့ မျက်စောင်းနှင့် သူတို့ ရန်တွေ့သံကို လိုလိုလားလား တောင့်တကြလေသည်။
ခင်ကြိုင် စိတ်ကူးယဉ်၍ စုဆောင်းထားသော ခြင်ထောင်၊ အိပ်ရာ စသည်တို့မှာ အောင်တိုးအတွက်ဖြစ်သွားလေသည်။ ခင်ကြိုင် သည် သူ့ထက် တနှစ်ငယ်သော အောင်တိုးကိုမူ ချစ်၏။ သူတို့ နှစ်ယောက်က ရည်ရွယ်ချက်ချင်းလဲ တူသည်။ ကြိုးစားတာချင်းလဲ ညီသည်။ သို့သော် အောင်တိုးက ပို၍ ဉာဏ်ကောင်း၏။ ခင်ကြိုင်သည် စာကြိုးစားသော်လည်း တဘက်က လှချင် ပချင်၊ ကြွားချင် ဝါချင် စိတ်ရှိနေသည်။ အောင်တိုး စာမေးပွဲအောင်သည့်အတွက် ဝမ်းအသာ ဆုံးမှာ အောင်စိုးဖြစ်နေလေသည်။ အောင်စာရင်းထွက်သည့်နေ့က အောင်စိုးသည် သတင်းကြားကြားချင်း သူ့ခြံထဲမှ ပြေး၍ လာသည်။
“ငတိုး မင်းတော့ လူဖြစ်သွားပြီကွ၊ ကြိုးစားလိုက်စမ်းကွာ၊ အဖေသာရှိရင် သိပ်ဝမ်းသာမှာ၊ အဖေက မင်းကို သိပ်ချစ်တာ’
အောင်စိုး၏ စကားသည် အားရဝမ်းသာရှိသည်နှင့်အမျှ အဓိပ္ပာယ်ကလည်း တမျိုးထွက်နေသည်။ သူ့ဘဝကတော့ လူမဖြစ်တော့ဘူးလိုလို၊ အဖေကပဲ သူ့ကို မချစ်ဘူးလိုလို။ အောင်စိုး၏ ကိုယ်သည် ဘဲချေး ဝက်ချေးစော် နံနေသည်။ ချွေးရဲရဲ သံရဲရဲဖြစ်၍ နေသည်။ သူ့အလိုကျ ဘဲအကောင် ၂ဝဝ နှင့် ခြံတခြံကို သံတံတားချောင်းဘေးတွင် ဝယ်ပေးခဲ့သည်။ ဖြစ်ထွန်းသည် မဖြစ်ထွန်းသည်တော့ မသိ။ အောင်စိုး ကြိုးစားသည်က အမှန်ပင်ဖြစ်၏။ သည်အတွက် အမေဖြစ်သူကလည်း ကျေနပ်သည်။ ပိုက်ဆံရသည် မရသည်က ထားတော့။ တကယ်လည်း ဒီနေ့အထိ ပိုက်ဆံ တပြားတချပ်မျှ ပြန်မရသေး။ လုပ်ငန်းကလည်း စကာရှိသေးသည်။
တခုတော့ စိုးရိမ်ရသည်။ အောင်စိုးသည် သူ့အဖေကဲ့သို့ပင် အပေါင်းအသင်းနှင့် ပျော်ချင် ပါးချင်၊ သောက်ချင် စားချင်သည့် အကျင့်ကို မဖျောက်ခြင်းပေတည်း။ သူ့မှာ ငွေရှိတော့ အဖေ့ထက်ပိုပျက်စီးသည်။ ထန်းရည်ကို ကြုံရာမှာ သောက်သည်။ အဖြူကို တွေ့ရာမှာ မော့သည်။
အောင်တိုးသည် အစ်ကိုဖြစ်သူကို ပြန်ပြောရန် စကားရှာမရ ဖြစ်နေလေသည်။
“ငါ့ဘဲတွေ ဥတက်မှာနဲ့ မင်းကျောင်းဖွင့်မှာနဲ့ အတော်ပါပဲကွာ၊ မင်းကို ငါ ငွေပို့ပေးမယ်ကွ”
အောင်စိုး၏ စကားမှာ မစားရ ဝခမန်းတည်း။ အမေက ပြုံး၍နေသည်။
“အစ်ကို့ဘဲတွေက အုနေပြီလား”
“အခုတော့ အစာမှကောင်းကောင်းမကျွေးနိုင်သေးတာဘဲကွာ၊ အမေပေးတဲ့ပိုက်ဆံလဲ ခြံကာရတာနဲ့ကုန်ပါရော၊ ဝက်ပေါက်နှစ်ကောင်လဲ ဝယ်လိုက်သေးတယ်လေ၊ ဒီကောင်တွေ ပုစွန်ဖွဲ နိုင်နိုင်ကျွေးနိုင်ရင် ဥတက်လာမှာကွ၊ ခုတော့ ဗေဒါနဲ့ပဲ ပြီးနေရတာ”
အောင်စိုးက အမေ့ကိုမကြည့်ဘဲ ဖြေ၏။ အမေ့လက်သည် ဘော်လီအိတ်ကပ်ဆီသို့ အလိုလိုရောက်သွားလေသည်။ ဟိုတလောကပင် အောင်စိုးက ဘဲစာဝယ်ချင်သည်ဆိုကာ ငွေထပ်တောင်းသေး သည်။ အမေ့မှာ ဆိုင်တည်စ ဖြစ်၍ ငွေမပိုသေး။ ဈေးထဲမှာ ကုန်ခြောက်ဆိုင်တဆိုင် ဝယ်သည်။ ငရုတ်၊ ကြက်သွန် တင်ရသည်။ ဇလား ခွက်ယောက်ဝယ်ရသည်။ ပြီးတော့ အစဆိုတော့ ဈေးခေါ်နိုင်မှ ရောင်းပန်းလှမှ။ ထို့ကြောင့် ရောင်းရသည် မရောင်းရသည် အပထား၊ ပစ္စည်းစုံအောင်၊ ပြည့်မောက်အောင် တင်ထားရသည်။
“အစာကျွေးလိုက်ရင် မင့်ဘဲတွေက အုရောလား”
အမေက စိတ်မချသလို၊ စိတ်သက်သာရာလည်း ရလိုဟန်ဖြင့် မေးလိုက်သေးသည်။
“ကောင်းကောင်းအုတာပေါ့ အမေရ၊ သာမြတို့ ခြံဆိုရင် ဥနှစ်ရာ သုံးရာလောက် ရနေပြီ”
ခါးရှည်ဘော်လီ အင်္ကျီအိတ်ထဲမှ ပြန်ထွက်လာသော အမေ့ လက်ထဲတွင် ငါးဆယ်တန်နှစ်ရွက် ပါလာလေသည်။
“အလုပ်အကိုင် အခြေမကျသေးခင် အသောက်အစားတော့ လျှော့နော်”
အောင်စိုးသည် အမေ့ လက်ထဲမှငွေကို လှမ်းယူကာ ခါးပုံစကြား တွင် လိမ်ထားလိုက်သည်။ ပြီးတော့ အောင်တိုးဘက်လှည့်၍ ပြောလိုက်သေးသည်။
“ငတိုး မင်း ကျောင်းသွားတက်ရင် ငါ့ပုဆိုးတွေယူသွားကွ သိလား၊ ငါက ပေပေတေတေနဲ့ ပုဆိုးအကောင်းမလိုဘူး”
အောင်စိုးသည် မီးဖိုချောင်သို့ဝင်ကာ ရှိသမျှ ထမင်း ဟင်းများကို လှန်လှောစားသောက်ပြီး ပြန်သွားသည်။ အမေသည် သားဖြစ်သူကို ခေါင်းတညိတ်ညိတ်ဖြင့် ကြည့်နေလေသည်။
“ဟင်း အမေတို့ကတော့ သူ့သား နှစ်ခါ မချွဲရဘူး ကျသွားတာပဲ၊ အမေ့သား ဘဲစာပဲဝယ်မလား၊ အဖြူပဲ ဝင်မော့သွားမလား မသိဘူး”
အောင်တိုးက သူ့အမေကိုကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
“ဟဲ့ နင်လဲငါ့သားပဲ၊ သူလဲငါ့သားပဲ၊ ငါ့သားတွေ ကောင်းစားဖို့ ဆိုရင် တတ်နိုင်သမျှကြိုးစားရမှာပဲ၊ ခုလဲ သူ အလုပ်လုပ်ချင်အောင်အသာချော့ပြီး ကြည့်နေရတာ”
အမေက တခွန်းသာပြောပြီး နေရာမှထသွားသည်။ ဆိုးသည့် သားကို မိခင်များက ပိုချစ်သည်ဟု ဆိုစမှတ်ရှိကြသည် မဟုတ်လား။ အမေကမူ သားသမီးအားလုံးကို လူတော် လူကောင်းတွေချည်း ဖြစ်စေချင်သည့်ဆန္ဒ ရှိလေသည်။
အောင်စိုးသည် မျိုးထွန်းနှင့် မရှေးမနှောင်းပင် ကျောင်းမှထွက်ခဲ့ ရသူဖြစ်၏။ သို့သော် သူကျောင်းထွက်ရပုံက တမျိုး။ ကျောင်းတက်ချိန်များတွင် အောင်စိုးသည် သူငယ်ချင်းတစုနှင့် မြို့အရှေ့ဘက်မှ ပြည်လုံးချမ်းသာဘုရားပေါ် ရောက်နေတတ်သည်။ ဖဲတထုပ်နှင့် ဝိုင်းဖွဲ့နေတတ်သည်။
တခါတရံ သံတံတားချောင်းတွင် ရေကူး နေတတ်သည်။ တခါတလေ ဖောင်ဝဲရွာဘက်သွားကာ ထန်းရည် မော့နေတတ်သည်။ ဖခင်ဖြစ်သူကလည်း အရက်ကြောင့် အိမ်ကို လျစ်လျူရှုလာစဉ် သားသမီးများက ထင်ရာစိုင်းကြသည်။ မျိုးထွန်း တယောက် သူ့သဘောနှင့်သူ ကျောင်းမှထွက်ကာ အဝေးပြေး လော်ရီကားနှင့် လိုက်သွားစဉ် အောင်စိုးလည်း ကျောင်းမှ အထုတ်ခံရ သည်။ အသက်ငယ်သေးသော ခင်ကြိုင်နှင့် အောင်တိုးသာ ကျောင်း တွင် စာကို အပတ်တကုတ်ကြိုးစားခဲ့ကြ၏။ ယခု ဖခင်လည်း မရှိပြီ။ သူတို့ကို လက်ရှိအခြေအနေမှ ဆက်လက်၍ပဲ့ကိုင်ထိန်းကျောင်းသွားရ မည်မှာ လွယ်သည်တော့မဟုတ်။ သို့သော် အမေသည် ခေါင်းကိုအေးအေးထားကာ အစီအစဉ်ချ၍ နေလေသည်။
အမေသည် ခေတ်ပညာတတ်တယောက်မဟုတ်။ ထို့အတူ လူချမ်းသာ သားသမီးလည်း မဖြစ်ခဲ့။ ခင်ပွန်းဖြစ်သူကို တမျက်နှာ တရွာထင်ကာ ခိုကိုးခဲ့ပြီး လှုပ်ရှားရုန်းကန်ခြင်းကင်းမဲ့စွာ နေခဲ့သူ ဖြစ်၏။ သို့သော် ကျရောက်လာသော အခြေအနေသည် မိန်းမတို့၏ ပင်ကိုသတ္တိနှင့် ဇွဲကို ဖော်ထုတ်ပေးခဲ့လေပြီ။ “မမြအေး”သည် တဘဝ ပြောင်းခဲ့လေပြီ။ သူမသည် ကိုအောင်ထွန်းဇနီး မမြအေး မဟုတ်တော့။ သားသုံးယောက်၊ သမီးနှစ်ယောက်၏ အားထားရာ “အမေ”ဖြစ်ခဲ့ပြီ။ သူသည် အေးဆေးငြိမ်သက်စွာ သွားလာလှုပ်ရှားရင်း အပူတပြင်း အလုပ်လုပ်လျက် ရှိလေသည်။
ရှမ်းပြည်မှပြန်ဆင်းလာခဲ့သော မျိုးထွန်းသည် ကားကို လမ်းဆုံ မှာ ထားရစ်ကာ အိမ်ကို အချိန်လု၍ပြေးလာသည်။ ဖြူသောသူ့အသား သည် နေလောင်၍ နီရောင်သန်းနေ၏။ သူ့ကိုယ်တွင်လည်း စက်ဆီများ ပေကျံလျက်ရှိသည်။ အမေသည် သားကိုတွေ့ တွေ့ချင်း နှုတ်မဆက်ခင် ထမင်းအိုးကို အရင်ပြေးဖွင့်၏။
“ဘဲဥတခြမ်းတော့ ကျန်သေးတယ်၊ ဇလုံထဲ ထည့်နယ်ခဲ့ရမလား’
“မထည့်နဲ့အမေ၊ မစားတော့ဘူး၊ ရန်ကုန်ကို ဒီညအရောက် မောင်းရမှာ၊ မက်ထရစ်အောင်စာရင်းထွက်ပြီဆို၊ အဲဒါသိချင်လို့”
“ငတိုးတော့ အောင်လေရဲ့၊ ခင်ကြိုင်တော့ ကျတယ်”
“သူတို့ကော တယောက်မှ မတွေ့ပါလား”
“ခင်ကြိုင် ရှိပါတယ်၊ အခန်းအောင်းနေတယ်၊ ငတိုးက သူငယ်ချင်းတွေနဲ့ ထွက်သွားတယ်”
“ဘာလဲ၊ ခင်ကြိုင် ငိုနေသလား၊ နောက်နှစ် အောင်အောင် ကြိုးစားပေါ့၊ ဒါနဲ့ အမေ့သားကော”
သူတို့အားလုံးက အောင်စိုးကို“အမေ့သား”ဟု ခပ်ငေါ့ငေါ့လေး ခေါ်တတ်ကြသည်။ အမေကလည်း သားအကြောင်း ပြောသည်နှင့် အလိုလိုပြုံးလာသည်။
“အောင်စိုးလား၊ သူ့ညီ စာမေးပွဲအောင်တယ်ကြားလို့ ပြေးလာသေးတယ်လေ၊ သူလဲ သူ့ဘဲတွေနဲ့ လုံးနေတာပဲ”
အမေက သားဖြစ်သူဘက်မှ ခပ်သာသာလေးပြောလိုက်သည်။ ငွေတရာထပ်ပေးလိုက်ရသည့်အကြောင်းကိုမူ မပြောတော့။ မျိုးထွန်း သည် သူ့ရှပ်အင်္ကျီအိတ်ထဲမှ ငွေ ၁၅ဝ ကို ထုတ်ပေးသည်။
“မင်းသုံးဖို့ ပြန်ယူသွားဦးလေ”
အမေက ထုံးစံအတိုင်း ပြောသေးသည်။ မျိုးထွန်းကလည်း ထုံးစံအတိုင်း ခေါင်းခါသည်။
“ကျွန်တော် သွားတော့မယ်”
“ဒီအပတ် မနားဘူးလား”
“မနားတော့ဘူး၊ ရန်ကုန်ကပြန်ရင် ရှမ်းပြည်ကို ဒါရိုက် ပြန်တက်ရမယ်၊ နောက်တခေါက်မှ”
မျိုးထွန်းသည် အိမ်ထဲသို့တချက်ငဲ့ကြည့်ကာ ပြန်ထွက်သွား လေသည်။ အမေက သားကြီးကိုကြည့်ကာ ခေါင်းကို တဆတ်ဆတ် ညိတ်နေပြန်လေသည်။
အပိုင်း – ၂
၄
ယခုတလော ခင်ကြိုင့်ကိုကြည့်ရသည်မှာ အကဲမရလှ။စာမေးပွဲကျပြီးမှ ခင်ကြိုင် စိတ်လေနေသလားမသိ။ ယခင်ကထက်ပို၍ အလှပြင်၏။ စာကျက်လျှင် စာအုပ်ကိုကြည့်ကာ မျက်လုံးများက အဝေး
တနေရာ ရောက်နေတတ်သည်။ တခါတရံ မှန်ရှေ့တွင် အကြာကြီးထိုင်၏။ ရေချိုးလျှင် ရေတွင်းတွင် ဇိမ်ဖြင့်ထိုင်ကာ အဝတ်လျှော်နေတတ်သည်။
ယခုပြောင်းလာသော ရပ်ကွက်မှာ ယခင်နေရာလောက် လူနေမသန့်။ အိမ်များက တအိမ်နှင့်တအိမ် ပူးကပ်နေသည်။ ရေတွင်း တတွင်းတွင် ၁၅ အိမ်မျှ လာရောက် လျှော်ဖွပ် ရေချိုးကြသည်။ ကာလသားလေးတွေကလည်း ပြောင်ချော်ချော် ရွှတ်နောက်နောက်။ ခင်ကြိုင်ကလည်း မထီတရီ။
အမေသည် ဆိုင်ထွက်နေရသဖြင့် သမီးဖြစ်သူကို မျက်ခြည် မပြတ် မကြည့်အားပေ။ ခင်ကြိုင်ကျောင်းမသွားခင် အိမ်မှထွက်ရသည်။ ခင်ကြိုင်နှင့် မိသက် ကျောင်းမှ ပြန်ရောက်ပြီးမှ ဆိုင်သိမ်းရသည်။ မိသက်က ကျောင်းဆင်းလျှင် ဈေးသို့ဝင်ကာ ဆိုင်ကူသိမ်းသည်။ခင်ကြိုင်ကအိမ်ပြန်နှင့်ကာ ထမင်းချက်ထားရသည်။ ပြီးတော့ အိမ်တွင် ယောက်ျားသနာဟူ၍ မရှိတော့။
အောင်တိုး ရန်ကုန်တက္ကသိုလ် ဆက်တက်ခွင့်ရ၍ အိမ်တွင် မိန်းမသားချည်းကျန်ရစ်သည်။ အောင်စိုး က တခါတရံမှ လာသည်။ မျိုးထွန်းက တလမှာ နှစ်ခေါက်လောက် ပြန်လာတတ်ပြီး တရက်နှစ်ရက်သာ နားသည်။ အိမ်တွင်အနေအများဆုံးမှာ ခင်ကြိုင်သာ ဖြစ်၏။ မြို့နှင့်ဝေးသွားသဖြင့် ခင်ခင်ဦးပင် အရောက်အပေါက်နည်းသွားသည်။ ယခုတော့ ခင်ကြိုင်သည် ခင်ခင်ဦး အကြောင်းလည်း ယခင်ကလောက် မပြောတော့။ သူ့ဘာသာသူ တွေးကာငေးကာ သဘောကျကာဖြင့် ဖြစ်နေသည်။ တန်တော့ ခင်ကြိုင် ရည်းစားတွေ့ပြီ ထင်၏။ သည့်အတွက် အမေ့ရင်မှာ မအေးနိုင်။
အမေတို့ငယ်စဉ်ကတော့ မိဘအုပ်ထိန်းမှုကင်းမဲ့ခဲ့၍ ကိုယ့်ကိုယ်ကို ထိန်းကျောင်းနေထိုင်ခဲ့ရသည်။ ဦးလေးများ အဒေါ်များ မငြိုငြင်အောင် သတိပြု ဆင်ခြင်ခဲ့ရသည်။ အချိန်တန်၍ လူကြီးများက သည်လူနှင့် သင့်တော်သည်ဟု ညွှန်ပြလာသောအခါ မဆိုင်းမတွ ခေါင်းညိတ်ခဲ့၏။ သမီး ခင်ကြိုင်တို့ကမူ သည်သို့ မဟုတ်တော့။ ကိုယ်ပိုင်ပညာရှိ၏။ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အသုံးချတတ်၏။ ကိုယ့်စိတ်ကူးကိုလည်း ကိုယ့်ဘာသာ အကောင်အထည်ဖော်လိုသော ဆန္ဒရှိကြ၏။ မိမိတို့ ဘဝနှင့် သမီးတို့ဘဝ အယူအဆ၊ အတွေးအခေါ် ချင်း မတူတော့။ အသိဉာဏ်ချင်း၊ ဆုံးဖြတ်ပုံချင်းလည်း မတူတော့။ သည်တော့ ခင်ကြိုင့်ကိစ္စကို မည်သို့စူးစမ်း အရေးယူရမည်ကို တွေးရ လေသည်။
စာအုပ်တွင်အပ်ထားသော ခင်ကြိုင့် မျက်နှာကို ကြည့်သည်။ မျက်လုံးများက မတည်ငြိမ်ချေ။ ဝါကျင်ကျင် မီးလုံးအောက်တွင် စာကျက်ဟန်ဆောင်ရင်း စိတ်ကစားနေသော ခင်ကြိုင့် အနားသို့ အမေမသိမသာ ကပ်သွားသည်။ ခင်ကြိုင်သည် ရုတ်တရက် လန့်သွားဟန်ဖြင့် မော့ကြည့်လေသည်။
“ဘာတွေစဉ်းစားနေလဲ သမီး’
ခင်ကြိုင်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။
“ဘာမှ မစဉ်းစားပါဘူးအမေ၊ ဂဏန်းတပုဒ်တွက်မရလို့ စဉ်းစားနေတာပါ”
အမေက ပြုံးလိုက်သည်။ ခင်ကြိုင်တို့လို အတန်းကျောင်းမှာ မနေခဲ့ရပေမင့်၊ ဘုန်းကြီးကျောင်းစာလောက်နှင့် ကျောင်းထွက်ခဲ့ရပေမင့် သည်မျှတော့ အမေနားလည်သည်။ ခင်ကြိုင့်ရှေ့ချထားသော စာအုပ်သည် ဂဏန်းစာအုပ်မဟုတ်။
“သိပ်အခက်အခဲဖြစ်နေရင်လဲ ကျောင်းကျမှ ဆရာ ဆရာမတွေ၊ သူငယ်ချင်းတွေကို မေးပေါ့၊ ဒီနှစ်တော့ အောင်အောင်ကြိုးစားနော်”
“ဟုတ်ကဲ့”
ခင်ကြိုင်သည် စာအုပ်ကို မသိမသာပိတ်လိုက်လေသည်။
“စာမေးပွဲတနှစ်ကျတယ်ဆိုရင် စာတွေက သိပြီးသားလိုလိုနဲ့ ကျက်လို့မရဘဲဖြစ်နေတတ်တယ်၊ စိတ်လဲလေတတ်တယ်၊ စိတ်အလိုတော့ မလိုက်မိစေနဲ့၊ ပညာသင်တဲ့အချိန်မှာ စိတ်က တခြားရောက်သွား ရင်လဲ ကိုယ့်ရည်ရွယ်ချက် မအောင်မြင်ဘဲနေမယ် သိလား’
ခင်ကြိုင်သည် အမေ ဘာကိုဆိုလိုမှန်း ကောင်းစွာသိပေသည်။ အနားမှ တွေ့ရာစာအုပ်တအုပ်ကိုဆွဲ၍ မျက်နှာအပ်လိုက်သည်။ ဂဏန်းသင်္ချာစာအုပ် ဖြစ်နေလေသည်။ အမေက မသိမသာအကဲ ခတ်ရင်း နေရာမှထလာသည်။
“ဒါနဲ့ ဒီနေ့ အောင်စိုးအိမ်ဝင်သေးလား”
အောင်စိုးသည် သူ့ဘဲခြံမှ ဘဲဥများကိုရောင်းရန် အိမ်ရှေ့မှ ဖြတ်သွားတိုင်း အိမ်ကို ဝင်တတ်သည်။
“မဝင်ဘူး အမေ”
“နက်ဖန်လာရင် ဝယ်ထားတဲ့ ပုဆိုးကြမ်းတထည်ပေးလိုက်၊ သူ့လုံချည်တွေ ငတိုးကိုပေးလိုက်တာ သူ့မှာ ဝတ်စရာမရှိတော့ဘူး၊ ငါ မနက်ဖြန်ဈေးပိတ်တုန်း ရှမ်းစုသွားဦးမယ်”
အမေက ခင်ကြိုင့်အနားမှထွက်လာကာ ကြက်သွန်အိတ်ထဲမှ ကြက်သွန်များကို သွန်ပြီးရွေးနေသည်။ မိသက်သည် စာကျက်ရင်း အိပ်ပျော်နေပေပြီ။ သမီးနှစ်ယောက်အတွက် ခြင်ထောင်ကို အဆင်သင့် ထောင်ပေးပြီးမှ ဘုရားဝတ်ပြုသည်။ ပထမဆုံး သွားလေသူ ခင်ပွန်းသည်ကို အမျှဝေသည်။ ပြီးတော့ ခရီးထွက်နေသော သားကြီး အတွက် ဆုတောင်းရသည်။ ထို့နောက် သားငယ် အောင်တိုး၊ အားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ပညာတွေတတ်ပါစေဟု ဆုတွေ တသီကြီးတောင်းပြီးမှ အိပ်ရာဝင်သည်။
စာအုပ်များကို သိမ်းဆည်း နေသော ခင်ကြိုင့်အသံ ကြားနေရသည်။ အမေ ထင်သည့်အတိုင်းပင် ခင်ကြိုင်သည် သူတယောက်တည်း လွတ်လွတ်လပ်လပ် နေခဲ့ရသည့်အချိန်ကို ကောင်းကောင်းအသုံးချခဲ့လေသည်။
နောက်နေ့မနက် အမေက ရှမ်းစုကိုသွားပြီး ခါတိုင်းလိုမိုးချုပ်အောင်မနေဘဲ စောစောပြန်လာသည်။ လမ်းပေါ်တွင် ကလေးဖော်များနှင့် ဆော့နေသော မိသက်ကို မြင်ရလေသည်။ အိမ်ပေါ်ကို ခြေဖော့၍ တက်လာခဲ့သည်။ ခင်ကြိုင့် လှုပ်ရှားသံကို မကြားရ။အိပ်ခန်းထဲကို ကဲကြည့်သည်။ ခင်ကြိုင့်ကို မတွေ့ရ နောက်ဖေးကိုထွက်လိုက်မှ ခင်ကြိုင့်ကို ဘွားခနဲ တွေ့ရသည်။ ခင်ကြိုင်သည်ခြံစည်းရိုးနားတွင် ရပ်ကာ တဖက်ခြံမှ ကောင်လေးနှင့် စကားပြောနေလေသည်။ သူတို့အိမ်သည် ကြမ်းခင်း ဓနိမိုးဖြစ်၍ တထပ်သာ ရှိသည်။ တဖက်အိမ်က သွပ်မိုးအိမ် ခပ်မြင့်မြင့်၊ အိမ်ချင်းက တပေခန့်သာ ကွာသည်။ ပုဏ္ဍရိုက်ပင်များဖြင့် စည်းရိုးခတ်ထား သည်။ တဖက်က ငွေကြေးချောင်လည်သော ရုပ်ရှင်ရုံပိုင်ရှင်အိမ် ဖြစ်သည်။ အမေကတော့ ထိုအိမ်မှ သူငယ်လေးကို ကြည့်မရလှ။ ပုံက ဆောင့်ကြွားကြွား၊ သူဌေးသားဂိုက် ဖမ်းနေသည်။ ခင်ကြိုင် အမေဖြစ်သူကို မမြင်ချေ။ သူ့လက်ထဲမှ စာအုပ် တအုပ်ကို လှမ်းပေးသည်။ တဖက်ကကောင်လေးကလည်း စာအုပ် တအုပ်လှမ်းပေးသည်။ စာအုပ်ကိုပိတ်၍ အဖုံးကို
တချက်နှစ်ချက် ပုတ်ပြသည်။ ခင်ကြိုင်က သဘောကျသလို ရယ်နေသည်။
“အဟင်း”
အမေက ချောင်းဟန့်လိုက်သည်။ နှစ်ယောက်လုံးလှမ်းကြည့် ကြသည်။ခင်ကြိုင်သည် မျက်နှာပျက်သွားသော်လည်း ချက်ချင်းဣန္ဒြေ ဆည်လိုက်လေသည်။ ကောင်လေးက အိမ်ထဲကို လှစ်ခနဲဝင်သွားသည်။ ခင်ကြိုင်သည် ဘာမျှမဖြစ်သလို လျှောက်လာလေသည်။
“အမေ အစောကြီးပြန်လာတယ်လား”
အသံကမူ မသိမသာ တုန်နေသည်။
“ညည်းလက်ထဲက ဘာစာအုပ်လဲ”
အမေ့အသံကလည်း တုန်ချင်ချင်။
“ဟိုလေ သမိုင်းစာအုပ်ပါ၊ အတန်းထဲမှာ လိုက်မမီတာတွေကူးဖို့၊ ဟို ဟိုဘက်အိမ်က ကိုကျော်စိုးဆီက ခနငှားတာ”
ခင်ကြိုင်က စာအုပ်ကို ရင်တွင်ပိုက်ကာ အမေ့ရှေ့မှ ခေါင်းငုံ့ကာ ထွက်သည်။ အမေက စာအုပ်ကိုဆတ်ခနဲ ဆွဲယူလိုက်သည်။ ခင်ကြိုင် လိုက်မဆွဲနိုင်မီ စာအုပ်ကြားထဲမှ စာသည် အမေ့လက်ထဲရောက် သွားသည်။
“ညည်းကို ငါ အကဲခတ်နေတာကြာပြီ”
အမေသည် တုန်ယင်သော လက်များဖြင့် စာကို ဖွင့်ဖတ်လေ သည်။ ခင်ကြိုင်သည် နေရာတွင်ပင် ထိုင်ချလိုက်ကာ ခေါင်းကို ငုံ့ထားသည်။
“အလိုလေး စာတွေကလဲမဖတ်ဝံ့စရာ၊ ညည်းတယ်မိုက်ပါလား အေ၊ အစ်ကိုတွေ မအေတွေကွယ်ရာမှာ ဒီလိုပဲ တွေ့ကရာလုပ်နေ သလား အမိုက်မ၊ ငါကတော့ ညည်းတို့ ကောင်းကောင်းမွန်မွန် ပညာသင်နိုင်အောင် ဈေးထွက်ရောင်းရတယ်၊ အစ်ကိုတွေက အလုပ် ထွက်လုပ်နေတယ်၊ ညည်းကတော့ ကွယ်ရာမှာ ကမြင်းကြောထ”
အမေသည် ပြောရင်းမှ စိတ်ထွက်လာကာ ခင်ကြိုင့် နားရင်းကို နှစ်ချက်မျှ ဆင့်ရိုက်လိုက်မိလေသည်။ ခင်ကြိုင်သည် ငိုရှိုက်ရင်း အခန်းထဲပြေးဝင်သွားသည်။ အမေ တဘက်သို့လှည့်လိုက်သည်တွင် ထမ်းပိုးတချောင်းကိုလက်မှကိုင်ရင်း ချွေးသံရွှဲရွှဲဖြင့် ဝင်လာသော အောင်စိုးကို တွေ့ရလေသည်။
“ဘယ်မလဲ၊ ဟို ကမြင်းမလေး၊ သူ့ ရိုက်မလို့ ထမ်းပိုးသွားယူတာ”
အောင်စိုးသည် သားအမိနှစ်ယောက်အဖြစ်ကို မြင်တွေ့သွားပြီး ဖြစ်လေသည်။ အိမ်ရှေ့တွင် ဘဲဥတောင်းနှစ်တောင်းကို ချထားသည်။ သူသည် ဘဲဥတောင်းကိုထမ်းရင်း မောမောပန်းပန်းနှင့် ရေဝင် သောက်ခြင်း ဖြစ်မည်။ ခင်ကြိုင့်အဖြစ်ကိုမြင်၍ ဒေါသတကြီး ဖြစ်နေသည်။ သူသည် ထမ်းပိုးကို မကာ အခန်းထဲဝင်တော့မည့်ဟန် ပြင်နေသည်။
“ဟဲ့ အောင်စိုး မလုပ်နဲ့ မလုပ်နဲ့၊ ငါ ပြောနေတယ်နော်”
အမေသည် အောင်စိုးကို အတင်းဆွဲထားရလေသည်။
“ကောင်းတယ်၊ အစ်ကိုတွေကတော့ နွားလို ရုန်းနေ၊ သင်းတို့က ပညာသင်တာ ကောင်းကောင်းမသင်ချင်ဘူး၊ ဒါကြောင့်စာမေးပွဲ ကျတာ၊ အကျတောင်နည်းသေး”
“အမယ် စာမေးပွဲကျတာ မဆိုင်ပါဘူး၊ ကျောင်းနေတာကော နင့်ပိုက်ဆံပေးရလို့လား၊ အိမ်ရောင်းလို့ရတဲ့ပိုက်ဆံနဲ့နေတာ”
ခင်ကြိုင်သည် အောင်စိုးကို ငယ်နိုင်ပီပီ တခွန်းမခံ လှမ်းအော် လိုက်လေသည်။
“ကြည့်စမ်း လူဝါးဝလိုက်တာ၊ ငါ့ကို ခံအော်တယ်၊ နင်က ဘာအားကိုးရှိလို့လဲ၊ နင့်ကို သတ်ပစ်မယ်”
“ရိုက်ရဲရိုက်ကြည့်ပါလား၊ အမေရိုက်တာပဲခံမယ်၊ နင့်အရိုက် တော့ မခံဘူး”
ခင်ကြိုင်သည် အခန်းထဲမှ တိုးထွက်လာလေသည်။ အမေက သားနှင့် သမီးကြားသို့ တိုးဝင်လိုက်သည်။
“ကဲ သတ်ကြစမ်း၊ ငါ့ကို သတ်ကြ”
အောင်စိုးသည် လက်ထဲမှ ထမ်းပိုးကိုပစ်ချလိုက်သည်။ သူ့ မျက်နှာသည် အငယ်က သူ့ကို မရိုသေသဖြင့် အခံရခက်ခြင်း၊ နာကျည်းခြင်းတို့ဖြင့် ခက်ထန်မာကြောနေသည်။ အမေက သားဖြစ်သူ ကို အိမ်ရှေ့သို့ တွန်းလွှတ်လိုက်သည်။ ခင်ကြိုင့်ကို အခန်းထဲဆွဲသွင်း ခဲ့သည်။
“ဒီမှာ မိခင်ကြိုင်၊ ညည်းဟာ ပညာတွေသင်ပြီး အတော်အသိဉာဏ် နည်းပါလား၊ ဘာလဲ ညည်းကျောင်းနေတာ ညည်းအဖေအိမ် ရောင်းပြီး နေတာလို့ ထင်နေသလား၊ လောကမှာ ဘယ်လိုနေပြီး ဘယ်လိုစားရတယ်၊ ဘယ်လို ရှာရဖွေရတယ်ဆိုတာ ညည်းမသိသေးဘူး၊ လွယ်လွယ်ပဲမှတ်နေ၊ ညည်းတော့ ခက်ဦးမယ်”
အမေသည် ခင်ကြိုင့်အတွက် အတော်ပင် ရင်လေးသွားလေ သည်။ ခင်ကြိုင်တယောက် အတွေးအခေါ်လွဲမှားနေပြီကို အမေ သိ၏။ သို့သော် ဘယ်လို အမည်တပ်ရမည်ကိုမူ အမေ နားမလည်။ တကယ်တော့ အမေ့သားသမီးများတွင် လူတန်းစားနှစ်ရပ်သည် ကွဲပြားလျက်ရှိလေပြီ။ ဤသည်ကို အမေ မတွေးတတ်။ သူ့စိတ်ကမူ သားကြီးနှစ်ယောက်ဘက်မှ အလေးကဲနေသည်ကား အမှန်။ သူတို့ အားလုံးကို တစိတ်တဝမ်းတည်း၊ တလုံး တစည်းတည်းရှိအောင် ကြိုးစားရမည်ကို နားလည်ပေသည်။
“ငွေတို့ ပစ္စည်းတို့ဆိုတာ အမြဲထာဝရ တည်နေတာတွေမဟုတ်ဘူး၊ အသက်ရှင်နေနိုင်ဖို့၊ စားဖို့ သောက်ဖို့ဆိုတာက လူက အလုပ် လုပ်နေမှရတာ၊ ညည်းတို့ အခုပညာသင်နေတာလဲ တနေ့ အလုပ် လုပ်ဖို့ပဲ၊ သက်သက်သာသာလုပ်နိုင်ဖို့၊ အဆင့်အတန်းမြင့်မြင့်နေနိုင်ဖို့ သင်ပေးနေတာ၊ ကိုယ်ရတဲ့ အခွင့်အရေးကို ကိုယ်နားလည်”
အမေသည် အတတ်နိုင်ဆုံး ကြိုးစား၍ ရှင်းပြလေသည်။ သမီး ဖြစ်သူကား နားမှလည်ပါ၏လားမသိ။ ရင်လေးစွာ ပင့်သက်ကို ချမိသည်။ အရွယ်ရောက်သည့် သားသမီးကို ထိန်းကျောင်းရသည်မှာ ပိုခက်ပါလား။
အောင်စိုးသည် ဒေါသတကြီးဖြင့်ပင် ဘဲဥတောင်းနှစ်တောင်းကို ထမ်းသွားလေသည်။ တကယ်တော့ မောင်နှမအားလုံးတွင် ညီမ ခင်ကြိုင်ကို သူအချစ်ဆုံး ဖြစ်လေသည်။ အထက်အောက်ဆိုပေမင့် သူကပင် ခင်ကြိုင့်ကို မနိုင့်တနိုင် ချီပိုးချော့ထိန်းခဲ့သူဖြစ်သည်။ သူ ဆိုးခဲ့၊ ပေခဲ့သည်ကား မှန်ပါ၏။ သို့သော် သူ့တွင် ညီတွေ ညီမတွေ ကောင်းစားစေချင်သောဆန္ဒ ရှိသည်မှာလည်း အမှန်ပင်။ သို့သော် သူ့မှာ အကောင်အထည် မဖော်နိုင်သေး။ သို့အတွက်သူ့ကို ညီနှင့် ညီမက အထင်သေးလျက် ရှိသည်ကို သူ သိ၏။ သူတို့သည် ပညာတော်သူများပီပီ ပညာမသင်သော သူ့ ကို အထင် သေးကြပြန်သည်။ တနေ့မှာတော့ သူ့စေတနာကို ပြနိုင်မည်ဟု အားတင်းထားလေသည်။
ဘဲဥများရောင်းရမည့်တိုက်သို့ ရောက်သောအခါ သူသည် ချွေး ဒီးဒီးကျလျက်ရှိပြီး စိတ်ကလည်း တိုလျက်ရှိ၏။ တိုက်ပိုင်ရှင်သူဌေး သည် ဘဲဥများကို ငါးလုံးတပြူးစီယူကာ ထင်းရှူးသေတ္တာထဲသို့ ရေတွက်ထည့်လျက်ရှိသည်။
“၉၄ လုံး၊ ခြောက်လုံးကွဲတယ်”
ခြံမှ ၁ဝဝ ထည့်ခဲ့သော်လည်း လမ်းတွင် ခြောက်လုံးကွဲသွားသည်။ အပြန်တွင် အမေ့ကို ဟင်းချက်ဖို့ပေးခဲ့ရမည်။ သို့သော် ခင်ကြိုင့်မျက်နှာကိုပြန်မြင်ကာ ဝင်မပေးတော့ပါဘူးဟုဆုံးဖြတ်လိုက် ပြန်သည်။ တရုတ်သူဌေးက စာရင်းစာအုပ်ထဲတွင် ရေးမှတ်ပြီး စာအုပ်ကို ပိတ်လိုက်သည်။ သူ့တွင် ဘဲစာဖိုးများပေးရန် ရှိသဖြင့် ငွေကို ရှင်းမပေးတော့။
သူက မရဲတရဲကြည့်ကာ ပြောရသည်။
“ကျွန်တော့် ၅ဝ လောက်တော့ ပေးလိုက်ပါဦးဗျာ၊ ကျန်တာ မှတ်ယူထားပါ”
သူဌေးက သူ့ကို မော့ကြည့်ပြီး ဘာမျှမပြောတော့။ ငွေ ၅ဝ ထုတ်ပေးလိုက်သည်။ တောင်းလွတ်များကိုထမ်း၍ သူပြန်လာ၏။ လမ်းထိပ်နားမှ အရက်ဖြူဆိုင်ရှေ့အရောက်တွင် သူ့ခြေထောက်က အလိုလို တုံ့သွားသည်။ တချက်လှည့်ကြည့်ပြီး ရှေ့ဆက်သွားမည် ပြုသည်။ သို့သော် ခြေထောက်များက ဆိုင်ထဲသို့အလိုလိုရောက်သွား လေသည်။
ပူပူပြင်းပြင်းတခွက်ကို မော့ချလိုက်သောအခါ မောပန်းခြင်း၊ ဒေါသဖြစ်ခြင်း၊ နာကျည်းခြင်းများ ပျောက်သွားလေသည်။
+ + +
ကျောင်းသွားတက်စကတော့ အောင်တိုးဆီမှ
တပတ်တခါ စာမှန်မှန် ရခဲ့၏။ ရက်ကြာညောင်းလာသည်နှင့်အမျှ အောင်တိုးဆီမှ စာများ လည်း အလာကျဲသွားသည်။ စာတို့သည်လည်း တိုသည်ထက်တို၍ လာ၏။ လကုန်၍ ငွေမပို့နိုင်သေးသည့်အခါမျိုးတွင် အောင်တိုးက စာကိုရှည်ရှည်ရေးသည်။ အမေမုဆိုးမကို သနားကြောင်း၊ သူစာကြိုးစား ကြောင်း၊ အင်ဂျင်နီယာဖြစ်လိုကြောင်း၊ သူစာမေးပွဲအောင်၍ အလုပ် ရလျှင် ခင်ကြိုင်နှင့် မိသက်တို့တာဝန်ကို ယူမည်ဖြစ်ကြောင်း ရွှန်းရွှန်းဝေ နေလေသည်။ ထိုအခါမျိုးတွင် သား၏ စာကိုဖတ်ကာ အမေ တယောက် ပြုံး၍နေတတ်သည်။ ပြီးလျှင် ငွေကို ပိုပိုမိုမိုလေး ပို့ပေးလိုက်မြဲ ဖြစ်သည်။
အောင်တိုးကလည်း ပါးသည်။ သူလိုချင်တာရှိလျှင် စာကို အမေ့အကြိုက် လိုက်ရေးသည်။ ပြီးလျှင် စာဆုံးကာနီးမှ ဒီအပတ်တော့ စာအုပ်ဝယ်စရာရှိလို့၊ ကျောင်းလခသွင်းစရာရှိလို့၊ အဆောင်မှာ ထမင်းစားမကောင်းလို့ဆိုကာ ငွေကို ပိုမှာတတ်သည်။ အမေသည် ရှိသမျှငွေကို ဆိုင်ထဲတွင်အရင်းထည့်ပြီး ဈေးရောင်းရသမျှကို သားသမီးများအတွက် ခွဲခြမ်းပေးနေလေသည်။ သားကြီးမျိုးထွန်းဆီမှ ငွေကိုမှန်မှန်ရသော်လည်း အောင်စိုးဆီကမူ တပြားတချပ်မျှမရ။ သူ့လုပ်ငန်းကို ချဲ့ချင်သည်ဆိုကာ တတိတတိ ထုတ်ပေးခဲ့ရသည်မှာ မနည်းတော့။ သို့သော် အမေသည် အခြားသားသမီးများရှေ့တွင်မူ အောင်စိုးဆီမှ ငွေရလေဟန် ယောင်ဝါးဝါးလုပ်ထားသည်။ သူမတွင် အားနည်းရာဘက်မှ ဖေးမလိုသော ဆန္ဒရှိနေလေသည်။
ခင်ကြိုင်သည် မိခင်ဖြစ်သူက တင်းတင်းကျပ်ကျပ်ချုပ်ချယ်ထား သည်ကို မကျေမနပ်ဖြစ်နေလေသည်။ မနက်မိုးလင်းလျှင် အမေနှင့် တခါတည်း ဈေးသို့လိုက်ရသည်။ ဆိုင်ကူဖွင့်ရသည်။ ညနေ ကျောင်းဆင်းလျှင် ဈေးကိုဝင်၍ ဆိုင်ကူသိမ်းရသည်။ အမေကပါ ဆိုင်စောစောသိမ်းပြီး အိမ်သို့ပြန်သည်။ အတူတူ ထမင်းဟင်းချက် သည်။ သည်တော့ ခင်ကြိုင့်အတွက် အခွင့်အလမ်းက နည်းသွားသည်။ တဘက်အိမ်မှ ကျော်စိုးကို သူ စိတ်ဝင်စား၍နေလေသည်။ ကျော်စိုးသည် သူနှင့် အတန်းတူ ဖြစ်သည်။ သို့သော် တန်းခွဲချင်း မတူချေ။ ကျော်စိုးက မနှစ်ကတည်းက သူ့ကို လိုက်နေသူဖြစ်သည်။ သို့သော် ခင်ခင်ဦးနှင့်တွဲကာ မျက်နှာထားတည်တည်နေပြတတ်သော ခင်ကြိုင့်ကို စ’ရမှာ ကြောက်နေလေသည်။ ယခုတော့ အိမ်ချင်းနီးသွားပြီး တွေ့ဖန် များလာ၍ ခင်ကြိုင်ကလည်း သူ့ကို စိတ်ဝင်စားလာသည်။ ကျော်စိုးတို့ အဖေသည် ရုပ်ရှင်ရုံပိုင်ရှင်တဦးဖြစ်၍ အခြေအနေမဆိုးလှ။ ကျော်စိုး က စာအုပ်ငှားသလိုလိုနှင့် စာထည့်ထည့်ပေးသည်မှာ လေး ငါးခါပင် ရှိပြီ။ ခင်ကြိုင်သည် အဖေလည်းဆုံး၊ အိမ်လည်းရောင်းပစ်ရ၊ စာမေးပွဲ လည်း ကျသဖြင့် စိတ်ဓာတ်ကျဆင်းလျက်ရှိလေသည်။
အမေသည် သမီးဖြစ်သူ၏အကဲကို အမြဲလိုစောင့်ကြည့်နေရသည်။ သားယောက်ျားလေးကို ဒေါင်ကျကျ ပြားကျကျ သူစိတ်ချသော်လည်း သမီးမိန်းကလေးကိုမူ သူလွှတ်မထားရဲ။ ဖခင်အုပ်ထိန်းမှု ကင်းမဲ့ကာမှ ပရမ်းပတာဖြစ်ရသည်ဆိုလျှင် သူ့တာဝန်သာဖြစ်ပေမည်။ ထို့ကြောင့် ခင်ကြိုင်နောက်ဖေးဝင်လျှင် နောက်ဖေး၊ အိမ်ရှေ့ထွက်လျှင် အိမ်ရှေ့၊ သူသည် မျက်ခြည်မပြတ် လိုက်ကြည့်နေမိလေသည်။
နောက်ဆုံး ခင်ကြိုင့်တကိုယ်လုံး ရှေ့မှာရှိသည့်တိုင် မျက်လုံးက ဘယ်ရောက်နေသည်ကအစ သူ အကဲခတ်နေမိသည်။ တနေ့တနေ့ ဈေးရောင်းရသည်ထက် ခင်ကြိုင့်ကို ထိန်းသိမ်းရသည်က ပို၍ ရင်မောနေလေသည်။
ခင်ကြိုင်သည် အမေ့ရှေ့မှာနေရသည်ကို တနေ့တခြား ကျဉ်းကျပ်၍လာသည်။ အမေ့ကိုလည်း ချုပ်ချယ်လွန်းသည်ဟု ထင်မိ သည်။ မိမိဆုံးဖြတ်ချက်ဟူသမျှ မှန်ကန်သည်ဟုထင်တတ်သော လူငယ်တို့၏ စိတ်အတိုင်း သူ ကျော်စိုးကို စိတ်ဝင်စားခြင်းသည် မမှားဟု ထင်လာသည်။ လူငယ်တို့၏ ချစ်ခြင်းမေတ္တာကို လူကြီးများက ဖျက်ဆီးပစ်တတ်သည်ဟုလည်း ယုံကြည်လာသည်။ လူကြီးများနှင့် ပတ်ဝန်းကျင်သည် ချစ်သူတို့၏ အနှောင့်အယှက် ဆူးညှောင့်ခလုတ် များသာဖြစ်သည်ဟု စွပ်စွဲလာလေသည်။ ထို့ကြောင့်လည်း သူသည် ကျော်စိုးနှင့် လူချင်းမတွေ့ရသည့်အတွက် စာချင်း တုံ့ပြန်ဆက်သွယ် လေသည်။
စာပြန်ရသည်က လွယ်ပါသည်။ ကျောင်းတွင် တွေ့နေကြရ သည်ပဲ။ စာအုပ်ကို အဖုံးထူထူဖုံးကာ အဖုံးကြားမှာ စာထည့်ထား သည်။ ပြီးတော့ တယောက်နှင့်တယောက် စာအုပ်ငှားဟန်ဖြင့် ဣန္ဒြေရရပေးလိုက်သည်။ စကားတော့ ကြာကြာပြော၍မဖြစ်ချေ။ ဆရာ ဆရာမများ တွေ့လျှင် ရိပ်မိပေမည်။
“အိမ်ကသိသွားပြီ ကိုကျော်စိုးရဲ့”
“ဟုတ်လား”
သူတို့အတွက် ဧရာမ အချစ်သူရဲကောင်းကြီးများဟု ကိုယ့် ကိုယ်ကို အထင်ရောက်နေလေသည်။
“ညီမကို ရိုက်သေးသလား’
ဘာမျှ မတော်စပ်သော ယောက်ျားလေးတယောက်က ပထမဆုံးအကြိမ် ညီမဟု ခေါ်လိုက်သဖြင့် ခင်ကြိုင့်ရင်မှာ နွေးထွေး သွားလေသည်။
‘ရိုက်တော့ မရိုက်ပါဘူး ဆူတာပေါ့၊ အစ်ကိုက ရိုက်မယ် လုပ်သေးတယ်၊ အမေက ဆွဲထားလို့”
ကျော်စိုးသည် ခင်ကြိုင့်ကို ကရုဏာသက်စွာ ကြည့်နေလေ သည်။ သည့်အတွက်လည်း ခင်ကြိုင်က ကြည်နူးမိပြန်သည်။
“ဒါပဲနော်၊ အဲဒီမှာစာရေးထားတယ်၊ အိမ်မှာ ခါတိုင်းလို မလွယ်တော့ဘူး၊ အတင့်မရဲနဲ့ သိလား”
ခင်ကြိုင်က ပြောပြောဆိုဆိုလှေကားကွေ့နားမှ ပြန်လှည့်လာကာ အတန်းတွင်း ဝင်ခဲ့၏။ ဆရာစာသင်သည်ကို နားထောင်နေရ သော်လည်း သူ့ရင်သည် ခုန်၍ နေလေသည်။ စာများသည်သိပြီးသား လိုလိုနှင့်မို့ နားထဲမဝင်လှပေ။ မနှစ်က စာဟောင်းများ ပြန်ကျက်နေ ရသည်ကိုလည်း ငြီးငွေ့လှသည်။
ညနေကျောင်းဆင်းတော့ ဈေးထဲရှိ အမေ့ဆိုင်ကိုဝင်ရသည်။ အမေသည် ဈေးဝယ်ကျချိန်ဖြစ်၍ ချွေးပေါက်ပေါက်ကျအောင် အလုပ် များနေလေသည်။ ခင်ကြိုင်ကမူ ဆိုင်ကို စောစောသိမ်းစေချင်ပြီ။ ဈေးဝယ်သူပါးသွားသည်အထိ စောင့်ရသည်ကိုပင် စိတ်မရှည်လှ။ ပြီးတော့ ဆိုင်သိမ်းရသည်မှာ လက်ဝင်လှသည်။ အမြင်လှအောင် တခုစီဖြန့်ချထားသော ငရုတ်၊ ကြက်သွန်၊ ပဲနီလေးစသည်တို့ကို သူ့တောင်းနှင့်သူ၊ သူ့အိတ်နှင့်သူ ပြန်ထည့်ရသည်။ မဆလာ၊ နနွင်းမှုန့် စသည့် တို့လို့တွဲလဲ ဆွဲထားသော အထုပ်ကလေးများကိုလည်း သိမ်းရသည်။ ငါးပိငံပြာရည်အိုးတွေကလည်း နံသေးသည်။ အားလုံးသိမ်းပြီးပြန်သော် ဆိုင်တံခါး ပျဉ်ချပ်များကို အစီအစဉ် မမှားစေဘဲ အသားကျအောင် ပိတ်ရပြန်လေသည်။
အိမ်ပြန်ရောက်သည်နှင့် အမေသည် ဈေးမှဝယ်လာသော ဟင်းချက်စရာများကို ထုထောင်း ချက်ပြုတ်နေလေသည်။ အမေ့ လက်က မြန်လှသဖြင့် ခင်ကြိုင်တို့ မိသက်တို့ လိုက်မမီ။ ဟိုဟာ ကိုင်ရနိုး၊ သည်ဟာ ကူရနိုးနှင့် သူတို့နှစ်ယောက်သည် ယောင်ချာချာဖြင့် ပြီးသွားရသည်သာ ဖြစ်သည်။ အားလုံး ချက်ပြုတ်ပြီးမှ အမေသည် ရေမိုးချိုးကာ ဆေးလိပ်ကို ကိုင်အားတော့သည်။ ခင်ကြိုင်တို့ ညီအစ်မက အဝတ်လျှော်ရင်း ရေချိုးကြရသည်။ အမေက မှာထား၍ပင်လားမသိ၊ မိသက်သည် ခင်ကြိုင်ရေချိုးလျှင်လည်း ရေတွင်းရှိရာသို့၊ အိမ်သာတက် လျှင်လည်း အိမ်သာသို့ အရိပ်ပမာ လိုက်၍နေလေသည်။ ခင်ကြိုင်သည် ကျော်စိုးနှင့် ဆုံလျှင်သော်မျှ မျက်လုံးဝင့်၍ မကြည့်သာပြီ။ သို့သော် သူသည် အိမ်ဘက်မှ လှုပ်ရှားသမျှကို ကျော်စိုးသည် သူတို့အိမ်မှနေ၍ စောင့်ကြည့်နေတတ်သည်ကို ခင်ကြိုင့် စိတ်က အလိုလိုသိနေသည်။ ခင်ကြိုင် သွားလာလှုပ်ရှားသမျှသည်လည်း ပင်ကိုအတိုင်းမဟုတ်တော့ဘဲ တခုခုကို သတိထား၍ လှုပ်ရှားနေသည့်ဟန်၊ ရင်တွင်းမှ မတည်ငြိမ်မှုကို ဟန်ဆောင်ဖုံးကွယ်ထားဟန်တို့သည် ပေါ်လွင်၍နေလေသည်။
အမေသည် ခင်ကြိုင့်အရေးကို အေးအေးဆေးဆေးတွေး၍မရပေ။ သမီးတယောက် သူ ဖြစ်မြောက်စေချင်သောဘဝသို့မရောက်မီ တိမ်းချော်သွားမှာ စိုးရိမ်ပူပန်မိသည်။ သို့သော် အမေ့ရင်တွင်းမှ ပူပန်မှုအတိုင်းအဆကို ခင်ကြိုင် နားမလည်။ သူ နားလည်သည်မှာ လူငယ်တို့၏ အချစ်၊ လူငယ်တို့၏မေတ္တာသည် စွဲမြဲခိုင်ခံ့၍ ကျန်အခြေအနေအားလုံးသည် ချစ်ခြင်းမေတ္တာ၏ ဆူးငြောင့် ခလုတ်များသာ ဟူသော အယူအဆပင် ဖြစ်လေသည်။
အိပ်ရာမဝင်မီ အမေ၏ ဘုရားဝတ်ပြုသံကို ကြားရသည်။ ခင်ကြိုင်သည် အိပ်ခန်းတွင်းဝင်ခဲ့သည်။ မိသက်သည် ဖတ်လက်စ ကျောင်းစာအုပ်ကိုဘေးချကာ အိပ်မောကျ၍နေလေပြီ။ ခင်ကြိုင်က မိသက်ကို အိပ်ရာပေါ်သို့ရွှေ့ပေးပြီး ပြတင်းပေါက်မှနေ၍ တဖက်အိမ်သို့ မျှော်ကြည့်လိုက်သည်။ ကျော်စိုးသည် အပေါ်ထပ် ပြတင်းမှ နေ၍ သူ့ကို ကြည့်နေလေသည်။ ခင်ကြိုင်က သူတို့အဖြစ်ကို နီးလျက်နှင့်ဝေးကြရသည့် သနားစရာ ချစ်သူများအဖြစ် မြင်နေသည်။ အမေ့ ဘုရားရှိခိုးသံဆုံးလျှင် ခင်ကြိုင်က ပြတင်းပေါက်ကို ကမန်း ကတန်း ပိတ်လိုက်သည်။ အမေသည် ခြေသံမကြားအောင် အခန်းဝသို့ လျှောက်လာလေသည်။
“ခင်ကြိုင် အိပ်ပလား”
“ဟုတ်ကဲ့ အမေ”
တကယ်တော့ အမေသည် သမီးဖြစ်သူအတွက် စိတ်မချသဖြင့် ဘုရားရှိခိုးပြီး အမျှအတန်းပင် မဝေခဲ့မိပေ။ အခန်းထဲသို့ ကဲကြည့်လိုက်ပြီး တံခါးအသေအချာ ပိတ်ထားသည်ကိုမြင်ရမှ လှည့်ထွက် ခဲ့သည်။ သက်ပြင်းရှည်တခုကို ချလိုက်မိလေသည်။
+ + +
အောင်တိုးကျောင်းပိတ်၍ အိမ်ပြန်ရောက်လာခြင်းအတွက် အိမ်သည် အနည်းငယ်စိုပြည်၍လာသည်။ ပြီးတော့ မျိုးထွန်းကလည်း နားသည့် အလှည့်နှင့် ကြုံသဖြင့် လူစုံ၍လာ၏။ အောင်စိုးသည် ဘဲဥထမ်းပို့ရင်း နေ့စဉ် အိမ်သို့ဝင်သည်။ အမေသည် သားများပြန်ရောက်နေသဖြင့် ဈေးရောင်းရသည်ကိုပင် စိတ်က မဖြောင့်တော့။ ခင်ကြိုင်ကလည်း ကျောင်းပိတ်၍ ဆိုင်တွင် ကူထိုင်ရသည်။ သားအမိနှစ်ယောက် ဈေးကို စောစောသိမ်းကာ အိမ်သို့ပြန်ကြသည်။ အမေက သားများ ရှိသည့်အတွက် တအားတက်သော်လည်း ခင်ကြိုင်ကမူ အနေအထိုင် ကျုံ့သွားသဖြင့် သိပ်မကျေနပ်လှ။ ညီမဖြစ်သူ၏အကဲကို အစ်ကိုများက ဘဝင်မကျသော်လည်း ဖွင့်မပြောကြပေ။ အောင်တိုးက ကျောင်း အကြောင်း၊ အပေါင်းအသင်းအသစ်တွေအကြောင်း အားပါးတရပြောသော်လည်း ခင်ကြိုင်က သိပ်တက်တက်ကြွကြွမရှိလှသည်ကို မျိုးထွန်း က သတိထားမိသည်။ သို့သော် မျိုးထွန်းသည် အိမ်သားများနှင့် ဝေးဝေးကင်းကင်း နေတတ်လေ့ရှိသည့်အတိုင်း အဝေးမှသာ အကဲခတ် နေလေသည်။
“ခင်ကြိုင် နင့်သူငယ်ချင်းကော မလာတော့ဘူးလားဟ၊ ငါ ပြန်ရောက်ပြီလို့ ပြောလိုက်ပါဦး”
အောင်တိုးက ခင်ခင်ဦးကိုရည်ရွယ်ကာ လှမ်း၍နောက်လိုက်သည့်တိုင် ခင်ကြိုင်က ယခင်ကလို ဟက်ဟက်ပက်ပက်မရှိ။
“ဘာလဲ၊ နင်နဲ့ ခင်ခင်ဦးနဲ့ စိတ်ကောက်နေပြန်ပြီလား”
“မကောက်ပါဘူး၊ ဒါပေမယ့် အတန်းချင်းမှမတူတော့တာ”
“နင့်ကြည့်ရတာလဲ မှိုင်တိမှိုင်တိုင်နဲ့ ဘာဖြစ်နေသလဲ၊ နင် တက္ကသိုလ်မရောက်လို့ စိတ်ပျက်နေသလား၊ ဒီနှစ်အောင်မှာပေါ့ဟ”
ခင်ကြိုင် အနည်းငယ်မျက်နှာပျက်သွားလေသည်။
“သူလား ဒီနှစ်အောင်ဖို့ အနိုင်နိုင်”
အမေ့နှုတ်မှ လွှတ်ခနဲထွက်သွားပြီးမှ မျိုးထွန်းကိုလှမ်းကြည့်ကာ စကားရပ်သွားသည်။ ဤသည်ကို အကင်းပါးသော မျိုးထွန်းကလည်းရိပ်မိသည်။ ခင်ကြိုင်ကလည်း သူ့အစ်ကိုကြီးကို ရှက်ရွံ့စွာ လှမ်းကြည့် လိုက်မိသည်။ မျိုးထွန်းသည် မျက်နှာထားတည်တည်ဖြင့် လက်ကိုပိုက်ကာ သူတို့ရှေ့သို့ လျှောက်လာလေသည်။ ပြီးတော့ ခေါက်တုံ့ ခေါက်ပြန်လျှောက်ကာ သူ့ ထုံးစံအတိုင်း သူ့အဘိဓမ္မာကို ဖွင့်သည်။
“လူဆိုတာ ကိုယ်ရတဲ့ အခွင့်အရေးတန်ဖိုးကို ကိုယ်နားလည်ရတယ်၊ ပညာသင်ခွင့်ရတဲ့အခါ ပညာရဲ့တန်ဖိုးကို နားလည်ရတယ်၊ ကိုယ့်အခွင့်အရေးကို ကိုယ်နားမလည်ဘဲ အောင်မြင်အောင်မကြိုးစားဘဲ အခြားဟာတွေစိတ်ဝင်စားမယ်ဆိုရင်တော့ ရလာတဲ့အခွင့်အရေး ဆုံးရှုံး မှာပဲ၊ အဲဒီတော့မှ ပြန်လိုချင်တယ်ဆိုရင် မရတော့ဘူး၊ ဒါကို ခင်ကြိုင်ရော အောင်တိုးရော နားလည်ကြ”
မျိုးထွန်းက စကားဆုံးသော် အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ကာ သူ့ဟန်အတိုင်း ခပ်တွေးတွေး ခပ်ငေးငေးနေသည်။ ခင်ကြိုင့်နားတွင်ကား အစ်ကိုကြီး၏ စကားများကို မကြားတချက် ကြားတချက် တည်း။ အစ်ကိုကြီးသည် သူ့ဝါသနာအရ စကားကိုတန်ဆာဆင်၍ ပြောသည်ဟုသာ ထင်လေသည်။ သို့သော် သူ့အကြောင်းကို အမေက တိုင်ပြောလိုက်မည်ကိုတော့ အလွန်ကြောက်သည်။ မျိုးထွန်းသည် အောင်စိုးလိုမဟုတ်။ သူတကယ်ဒေါသဖြစ်လာလျှင် ချုပ်တည်းမရဘဲ တကယ်တမ်းရိုက်ပစ်မည်သာ ဖြစ်သည်။ ခင်ကြိုင်သည် အရိုက်ခံရမည်ကိုတော့ ကြောက်လေသည်။
အိမ်မှာနေလျှင်တော့ ခင်ကြိုင်က သတိထား၍ ဆင်ခြင်နေ သည်။ တဖက်အိမ်ကို ငဲ့မကြည့်မိအောင် သတိထားသည်။ ရေတွင်း တွင် ကျော်စိုးနှင့် မဆုံမိရန် ဂရုစိုက်သည်။ သို့သော် ကျော်စိုးက ဂဏှာမငြိမ်။ ခင်ကြိုင်တို့ အိမ်ဘက်ကိုသာ အရိပ်တကြည့်ကြည့် ဖြစ်၍နေသည်။ ကျောင်းပိတ်ရက်ဖြစ်၍ သူတို့ချင်း စာအဆက်အသွယ် ပြတ်နေကြလေသည်။
တနေ့တွင်တော့ ကျော်စိုးက ခင်ကြိုင်ဈေးထွက်ရာသို့လိုက်၍ လာလေသည်။ အမေက ကုန်ခြောက်များကို ပွဲရုံတွင်သွားယူနေသဖြင့် ဆိုင်တွင်မရှိ။ ကျော်စိုးသည် အရိပ်အခြည်ကိုကြည့်ကာ ဆိုင်ထဲဝင်၍ လာလေသည်။
“ကိုကျော်စိုး ဝယ်စရာရှိလို့လား”
ခင်ကြိုင်က ဘေးဘီကိုကြည့်ကာ အသံတုန်တုန်ဖြင့် မေးသည်။
“မရှိပါဘူး၊ မတွေ့ရတာကြာလှပြီ၊ စာကော ဘာလို့မပြန် တာလဲ”
“အို ကိုကျော်စိုးကလဲ၊ အိမ်မှာ အစ်ကိုတို့ရောက်နေတာ မတွေ့ ဘူးလား၊ စာဘယ်လိုလုပ်ပြန်မလဲ၊ ပြီးတော့ ကိုကျော်စိုး ဆိုင်ကိုမလာ ပါနဲ့၊ တော်ကြာ အမေပြန်လာတော့မှာ”
“လာ လာပေါ့ဟာ၊ စာပြန်ချင်ရင်လွယ်ပါတယ်၊ နောက်ဖေးက ခြံစည်းရိုးကြားမှာ ညှပ်ထား၊ ဒီမှာ စာတစောင်ရေးထားတယ် ရော့ ရော့”
ကျော်စိုးက သူရေးလာသောစာကို ခင်ကြိုင့်လက်ထဲ ကမန်း ကတန်း ထည့်လိုက်သည်။ ခင်ကြိုင်သည် ဘေးဆိုင်များကို မသိမသာ ကြည့်ရင်း စာကို လုံချည်ကြားထဲသို့ ထိုးထည့်လိုက်သည်။
“အတင့်မရဲပါနဲ့ ကိုကျော်စိုးရယ်၊ ကျောင်းဖွင့်ရင်တွေ့ရမှာပဲ၊ သွားတော့နော်”
ခင်ကြိုင်က တောင်းပန်၍ လွှတ်သည်။ ကျော်စိုးကမူ ဇွတ် ပေကပ်၍နေသည်။ ခင်ကြိုင့်ကိုလည်း ရွှန်းရွှန်းစားစားကြည့်၍နေသည်။ တဘက်ဆိုင်မှ အဒေါ်ကြီးက သူတို့ကို အကဲခတ်၍နေလေသည်။
“ကိုကျော်စိုးရယ် ပြန်ပါတော့”
“ဟင့်အင်း မပြန်ချင်သေးဘူး၊ ကိုယ် ခင်ကြိုင်နဲ့ နှစ်ယောက်ချင်း တွေ့ချင်တယ်”
ခင်ကြိုင့်ရင်သည် တဒိတ်ဒိတ် ခုန်၍ လာလေသည်။ မျက်နှာသည်လည်း ရှက်သွေးကြောင့် နီရဲ၍လာလေသည်။ ကျော်စိုး၏ မျက်လုံးများသည်လည်း ထူးထူးခြားခြားအရောင်တောက်နေသည်ဟု ထင်ရသည်။
“ဘယ်ဖြစ်မှာလဲ ကိုကျော်စိုးရယ်”
“ဖြစ်ပါတယ်ဟာ၊ ကိုယ့်သူငယ်ချင်းတယောက်အိမ်ကို လာခဲ့ပါ၊ ခဏဖြစ်ဖြစ်ပေါ့၊ စကားပြောချင်လို့”
“မဖြစ်ပါဘူး ကိုကျော်စိုးရယ်၊ ဟောဟိုမှာ အောင်တိုးလာနေပြီ၊ ပြန်ပါတော့နော်”
ကျော်စိုးက ခပ်အေးအေးပင်လှည့်ကြည့်သည်။ အောင်တိုး သည် သူငယ်ချင်းနှစ်ယောက်နှင့်အတူ ဈေးဝမှ ဝင်၍လာသည်။ အောင်တိုးသည် ကျော်စိုးတို့နှင့် အုပ်စုချင်းမတူပေ။ ကျော်စိုးတို့က မြို့ပေါ်မှ မျက်နှာကြီး ကုန်သည် သူဌေးသားများနှင့် ပေါင်းသည်။ အောင်တိုးကား ကျောင်းအုပ်ကြီးသား၊ ရုံပိုင်ကြီးသားများနှင့်ပေါင်း သည်။ စာကြိုးစား၍ တက္ကသိုလ်ရောက်ရန် အားခဲနေကြသော အောင်တိုးတို့အုပ်စုကို ကျော်စိုးတို့က ဘုန်းကြီးကျောင်းသားများ၊ ဂန်ဒူးများဟု သမုတ်သည်။ အောင်တိုးတို့ကလည်း ကျော်စိုးတို့ကို မိဘအရှိန်ဖြင့်ဆောင့်ကြွားကြွားနေကြသော ထောင့်မကျိုးသည့် လူဆိုး ကြမ်းပိုးများဟုသာ သတ်မှတ်သည်။
အောင်တိုးသည် ကျော်စိုးကို စေ့စေ့ကြည့်ကာ ဆိုင်ထဲဝင်လာ လေသည်။ ဆိုင်ထဲဆိုသော်လည်း ဆိုင်ရှေ့တံစက်မြိတ်အောက်သာ ဖြစ်သည်။ ကျော်စိုးသည် ဆိုင်ပေါ်သို့ ကိုယ်တစောင်းတင်ကာ ထိုင်လျက်ဖြစ်နေသည်။ ခင်ကြိုင် မျက်နှာပျက်နေသည်ကိုကြည့်ကာ ကျော်စိုးက ဆိုင်အောက်သို့ဆင်းလိုက်သည်။ အောင်တိုး သူငယ်ချင်း နှစ်ယောက်သည် ဆိုင်အပြင်တွင် မတ်တတ်ရပ်နေကြလေသည်။
“ခင်ကြိုင်၊ အမေကော”
အောင်တိုးက ကျော်စိုးကိုမကြည့်ဘဲ မျက်နှာနီလျက် မေးသည်။
“ပွဲရုံသွားတယ်”
“နင် ဘာလုပ်နေတာလဲ
တကယ်တော့ အောင်တိုးက ဆိုင်ထဲက မထွက်သေးသော ကျော်စိုးကို စောင်း၍ မေးလိုက်ခြင်းဖြစ်သည်။
“ဈေးရောင်းနေတာပေါ့”
ခင်ကြိုင်သည် အောင်တိုးက သူ့ထက်အငယ်ဖြစ်၍ ကြောက်လည်း မကြောက်ချင်။ သို့သော် အပြစ်ရှိနေ၍ ကြောက်လည်း ကြောက်နေသည်။
“နင် ဈေးရောင်းတာကလဲ ဗရုတ်သုတ်ခ”
ကျော်စိုးသည် ဆိုင်အပြင်ထွက်မည်လုပ်ရာမှ
တချက်ငဲ့ ကြည့်လေသည်။ သူ့အကြည့်က မကျေနပ်သည့်ပုံ။ သို့သော် ဘာမျှ မပြောဘဲ ထွက်သွားသည်။ ဆိုင်ရှေ့မှ အောင်တိုး သူငယ်ချင်း နှစ်ယောက်ကို ဘေးစောင်းတိုက်သွားသည်။
“တောက်”
အောင်တိုးက တက်တချက် ပြင်းပြင်းခေါက်လိုက်သည်။ ခင်ကြိုင် ခေါင်းကို ငုံ့ထားလေသည်။ အမေသည် ငရုတ်သီးအိတ်တအိတ်ကို ထမ်းလာသော အလုပ်သမားတယောက်ကို ရှေ့ဆောင် ၍ ပြန်လာလေသည်။
“အမေ၊ အမေ့သမီးကို ဈေးမရောင်းခိုင်းနဲ့”
မောမောပန်းပန်းနှင့် ပြန်လာသော အမေသည် မောင်နှမ နှစ်ယောက် မျက်နှာကိုကြည့်ကာ အထိတ်တလန့် ဖြစ်သွားလေသည်။
“ဟဲ့ ဘာဖြစ်လို့လဲ၊ ဘာဖြစ်နေတာလဲ”
“ဘာမှမဖြစ်ပါဘူး၊ အလကား”
ခင်ကြိုင်က ဝင်ပြောသည်။
‘ဘာ အလကားလဲ’
အောင်တိုးသည် ထိုမျှသာပြောပြီး ဆိုင်ထဲမှ ပြန်ထွက်သွား ကာ သူငယ်ချင်းများနှင့် လိုက်သွားလေသည်။ အမေက ငရုတ်သီး များကို တောင်းတလုံးထဲ သွန်ထည့်ရင်း ခင်ကြိုင့်ကိုကြည့်ကာ ညည်းသည်။
“ခက်ပါတယ်အေ ညည်းကြောင့်၊ ငါ အလုပ်လုပ်ရတာ မမောဘူး၊ ညည်းကိုထိန်းရတာ မောတယ်၊ အိမ်မှာလဲ စိတ်မချရ၊ ဆိုင်မှာလဲ စိတ်မချရ၊ ခုနက ဟိုကောင်လေးကို ငါ ဈေးဝမှာ မြင်ခဲ့ ပါတယ်၊ အနားပတ်ဝန်းကျင်က ဘာပြောမလဲအေ”
အမေသည် ငရုတ်သီး ဖလန်ဖြူများကို ဆန်ကော
တခုထဲ ရွေးထည့်နေသည်။ ခင်ကြိုင်သည် ထဘီကြားမှ စာခေါက်ကို ထွက် မကျစေရန် သတိထားရင်း အမေ့ကို ငရုတ်သီး ကူရွေးပေးရသည်။ အမေ့ စကားကို နားထောင်နေရသော်လည်း ကျော်စိုးနှင့် စကားပြော နေစဉ်က ခုန်ရသည့်ရင်မှာ ခုတိုင် မတည်ငြိမ်သေး။
“မုဆိုးမသမီးမို့ လက်လွတ်စပယ် ဖြစ်တယ်ဆိုရင် မအေတွေ၊ အစ်ကိုတွေ သောက်သုံးမကျ ဖြစ်မယ်ဟဲ့၊ ငါက လူ့အောက်မကျရအောင် ညည်းတို့ကို ပညာတတ်စေချင်တာ၊ ထူးချွန်စေချင်တာ”
အမေသည် စကားပြောရင်း ငိုသံပါလာလေသည်။ သည်လို တော့လည်း ခင်ကြိုင် စိတ်မကောင်းဖြစ်ရသည်။ အဖေ ဆုံးပြီး ကတည်းက အမေသည် အခြားမိန်းမများလို ပူဆွေးသောက ရောက် မနေပေ။ သူ့ စီမံကိန်းနှင့် သူ၊ သူ့ အစီအစဉ်နှင့် သူ လုပ်စရာရှိ သည်ကို လုပ်ခဲ့လေသည်။ အဖေရှိစဉ်က နကန်းတလုံးမျှ မသိ နားမလည်၊ ပကတိ တည်ငြိမ်အေးဆေးဟန် နေခဲ့သော်လည်း ဘဝက ပေးလာသောအခါ အရာရာကို ရင်ဆိုင်ရန် အမေ အသင့် ဖြစ်နေသည်မှာ အံ့သြဖွယ် ကောင်းလေသည်။
တဒင်္ဂအားဖြင့်တော့ ခင်ကြိုင် နောင်တရသွားလေသည်။ အမေ့ကို သနားလည်း သနားသွားသည်။ သို့သော် သူ့ရင်ကို လှုပ်ရှားစေသော ရည်းစားထားကာစ မိန်းမရွယ်တို့၏ မတည်ငြိမ် စိတ်ကလေးကို ထိန်းချုပ်၍မရသေး။ ရဲတင်းစူးရှသော ကျော်စိုး၏ ဟန်ပန်နှင့် မျက်လုံးများကို တွေးမိတိုင်း ရင်ဖိုနေလေသည်။ ဤသည်ကိုပင် စကြဝဠာထုနှင့် နှိုင်းမရသောအချစ်၊ လူငယ်တို့၏ တည်ကြည် စွဲမြဲသော အချစ်ဟု သူယုံနေသည်။ ထို့ကြောင့် အမေ့ကို သနားသော်လည်း နောက်ဆုတ်ရန် သူ မကြိုးစားမိ။
အိမ်တွင် အစ်ကိုတွေ မောင်တွေ ရှိနေစဉ်တော့ ခင်ကြိုင်သည် သတိထား၍ ဣန္ဒြေရရ နေလေသည်။ အောင်တိုးသည် ကျောင်း ပိတ်ရက် တလျှောက်လုံး အပေါင်းအသင်းများနှင့် အပြင်ထွက်ကာ ဆံပင်ညှပ်ဆိုင်တွင် ထိုင်ကာ၊ လက်ဖက်ရည်ဆိုင်တွင် ဝိုင်းဖွဲ့ကာဖြင့် အချိန်ကုန်နေ၏။ မျိုးထွန်းသည် ညီနှင့်ညီမကို သဘောမကျလှသော်လည်း သူ့ထုံးစံအတိုင်း ဘာမျှမပြောပေ။ သူက ပြောလျှင် ရှည်ရှည် လျားလျား အဘိဓမ္မာဆန်ဆန် ပြောချင်သူဖြစ်သည်။
အမေကမူ သားသမီးတွေအားလုံးကို ကြက်မကြီးလို ရင်ခွင် အောက်တွင် ထွေးပိုက်ထားလိုသည်။ လိုအပ်သမျှ အစားအစာကိုတယောက်တည်း ရှာဖွေကျွေးမွေးချင်သည်။ သို့သော် သားသမီးများ သည် ကိုယ့်အစီအစဉ်နှင့် ကိုယ် ခွဲထွက်စပြုနေကြကာ စုစည်းလို့ မရပေ။ ခင်ကြိုင့်ကို ထိန်းချုပ်၍မရသဖြင့် စိတ်ညစ်ရသလို၊ အောင်စိုး တယောက် ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသည် ကိုလည်း အမေ စိတ်မချမ်းသာပေ။ “ဟဲ့ နင်တို့အစ်ကိုဆီ တခေါက်လောက် သွားပြီး လည်ကြပြုကြပါဦးလား”ဟုလည်း ကျန်သားသမီး များကို ပြောတတ်သည်။ သားတယောက်ကို အခြားသားသမီးများ နှင့် အဆင့်အတန်းချင်း၊ အနေအထိုင်ချင်း သိပ်ကွာသွားမှာ အမေက စိုးလေသည်။
အောင်တိုးကမူ အမေ့တိုက်တွန်းချက်ဖြင့် သူငယ်ချင်းများ စုကာ အောင်စိုး ဘဲခြံကို
တခေါက်ရောက်၏။ သူကတော့ ဘာရယ်မဟုတ်။ သူငယ်ချင်းများနှင့် အပျော်သွားလည်ကြခြင်းပင်။ အောင်စိုးကမူ သူ့ဆီ အရေးတယူလာသည်ကို အလွန် ဝမ်းသာသွား လေသည်။ အောင်စိုး၏ အသားသည် ညိုရုံမက အမည်းဘက်သို့ပင် လုနေပြီ။ လူကလည်း ယခင်ကထက်ပို၍ ဝလာကာ လက်မောင်း ကြွက်သားများ ပြည့်ဖြိုးနေ၏။ အပေါ်အင်္ကျီမရှိသဖြင့် ချွေးတို့ဖြင့် ပြောင်လက်နေသော ကျောပြင်ကြီးတွင် ညှင်းပျောက်များ ထင်နေ သည်။ သူသည် အောင်တိုးတို့ကို မြင်လျှင်ပင် သစ်သားခွက်တခုထဲတွင် ပုစွန်ဖွဲနှင့် ရေကိုရော၍ လက်ဖြင့် အားပါးတရ ဖျစ်ညှစ် နယ်ဖတ်နေရာမှ ချက်ချင်း ထလာလေသည်။
“မင်းတို့ လာမယ်ဆိုရင် ပြောထားရောပေါ့ကွာ၊ ငါ ဘဲသား ကောင်းကောင်းချက်ထားတယ်၊ ခုလဲ မီပါသေးတယ်လေ၊ ထိုင်ကြကွ”
အောင်စိုးသည် စဉ့်အိုးထဲမှ ရေတမှုတ်ခပ်ကာ လက်မောင်း ရင်းမှနေ၍ လောင်းချလိုက်ပြီး ဝါးအိပ်စင်ပေါ်မှ အကွက်မပေါ်သောပုဆိုးတထည်ဖြင့် သုတ်လိုက်သည်။ ပြီးစလွယ် ရေလောင်းလိုက် ခြင်းဖြစ်၍ ပုစွန်ဖွဲဖတ်များ မစင်လှပေ။ ထိုပုဆိုးနှင့်ပင် အိပ်စင်ကို ခါပေးလိုက်ပြီး သူတို့ကို ထိုင်စေသည်။ ဘဲများထားရာဘက်မှ အသံများ ဆူညံနေသည်။ အစာကျွေးချိန်ဖြစ်၍ တကောင်နှင့် တကောင် တိုးဝှေ့ကာ အော်နေကြလေသည်။
“အစ်ကို လုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော်တို့ ရေကူးမလို့’ မိုးအခါဖြစ်၍ သံတံတားချောင်းတွင် ရေပြည့်နေသည်။ ဝါညို သော တောင်ကျရေကိုပင် အပျော်သဘောမျိုးဖြင့် ရေကူးကြရလေ သည်။ အောင်တိုးတို့ သူငယ်ချင်းတသိုက်က အင်္ကျီများ ချွတ်ပုံ ထားခဲ့ကြပြီး ချောင်းထဲတွင် ရေဆင်းကူးကြသည်။ အောင်စိုးသည် ရေနွေးအိုးတလုံးကိုတည်ကာ ဘဲတကောင်ကို ပေါ်လေပြီ။ တဲနားနီးချင်းများထံမှ ဆန်အနည်းငယ်ချေးပြီး ချက်သည်။ အောင်တိုးတို့ ရေကူးပြီး ပြန်တက်လာသောအခါ ငရုတ်သီး မညက်တညက်နှင့် ဘဲသားဟင်း၊ ဘဲဥကြော်တို့ကို စားချင်စဖွယ် တွေ့ကြရသည်။
“ဟန်ကျတာပဲကွာ၊ ဗိုက်ကဆာလာတာနဲ့’
သူငယ်ချင်းများက ဝမ်းသာအားရ ဆိုကြသည်။ ဘဲချေးနံ့ သင်းသော မြေကြီးပေါ်တွင် ဖျာကြမ်းခင်းကာ ပြင်ဆင်ထားသည့် ထမင်းဝိုင်းမှာ တကယ်ပင် စားချင်စဖွယ် ဖြစ်လေသည်။
“မင်းတို့ ချမ်းလာကြတယ်၊ တောင်ကျရေတွေ ဖျားတတ်တယ် ကွ၊ ရော့ နည်းနည်းစီမော့လိုက်”
အောင်စိုးက သူ့လက်စွဲတော် ပုလင်းတလုံးကို ချပေးသည်။ ယခုတော့ အောင်တိုးသည် ဘာမျှ မပြောတော့ပေ။ မျက်နှာကို ရှုံ့မဲ့ကာ အဖြူကို
တကျိုက်စီမော့ပြီး ထမင်းစားကြသည်။ အောင်စိုးဧည့်ခံသော ထမင်းဝိုင်းသည် စား၍မြိန်လိုက်သည်မှာ သူတို့ သူငယ်ချင်း တတွေ ပြောမဆုံးတော့။
အောင်စိုးကလည်း သူ့ညီနှင့် အပေါင်းအသင်းများက သူ့ထံ လာရောက်ချီးမြှင့်သည့်အတွက် အနားပါးနီးမှ လူများကို ကြွား၍ မဆုံးတော့။
“ကျွန်တော့်ညီ အငယ်ဆုံးလေဗျာ၊ ခု ကောလိပ်မှာဗျ၊ စာ သိပ်တော်တာ ဒီကောင်က”
ချွေးများ၊ ဘဲစာများဖြင့်လူးကာ ရေမချိုးရသေးသော အောင်စိုး ၏ မျက်နှာကြီးမှာ ပြောင်တင်း၍ ဝင်းလက်နေလေသည်။
+ + +
မျိုးထွန်းနှင့် အောင်တိုးတို့ အိမ်တွင် မရှိသောအခါ ခင်ကြိုင်, ပို၍ လွတ်လပ်လာပြန်သည်။ အမေသည် သမီးတကောင် နွားတထောင် ဆိုသည့်အတိုင်းပင် ခင်ကြိုင့်ကို တယောက်တည်း ထိန်း၍ မနိုင်တော့ပေ။ ခင်ကြိုင့် စိတ်ကို ငြိမ်အောင်မထိန်းနိုင်၍ လူကိုလည်း ငြိမ်အောင် ထိန်း၍ မရတော့။ သမီးဖြစ်သူကို ၂၄ နာရီ ပတ်လုံး စောင့်ကြည့်ရန် အမေ မစွမ်းနိုင်တော့ပေ။ စာမေးပွဲကြီးနီးလာ၍ အရေးကြီးသည်ဆိုကာ ခင်ကြိုင် ဈေးလိုက်မရောင်းတော့ပေ။
ခင်ကြိုင်နှင့် ကျော်စိုးသည် စာအဆက်အသွယ် ပို၍ များလာ လေသည်။ ပြီးတော့ ကျော်စိုးသည် သူ လိုချင်သော အခွင့်အရေးကို လည်း မရမက တောင်းလေသည်။
“ခဏလေးဖြစ်ဖြစ် တွေ့ချင်လို့ပါ ညီမရယ်၊ ညဘက် ခြံထဲ ခဏဆင်းလာလို့ မရဘူးလား”
ကျောင်းဆင်းချိန်တွင် ကျော်စိုးသည် ခင်ကြိုင့်ဘေးမှ ကပ်ကာ စကားလိုက်ပြောနေသည်။ ကျောင်းသားအချို့ပင် ခင်ကြိုင်တို့ နှစ်ယောက်အကြောင်းကို သိနေကြပြီ။
“မဖြစ်ပါဘူး ကိုကျော်စိုးရယ်၊ ဒီတခါ အမေသိသွားရင်ရိုက်မှာ”
“ခဏလေးပါဟာ နော်၊ ညကိုးနာရီလောက်ဆို ညီမတို့အမေ အိပ်ပါပြီ၊ နောက်ဖေး ဇလပ်ပင်နားက စောင့်နေမယ်၊ နော် နော်”
လမ်းသွားလမ်းလာတွေ ရိပ်မိမည်စိုး၍ ခင်ကြိုင့် မျက်နှာ ရှက်ရွံ့ထူအမ်းနေသည်။ ကျော်စိုး မြန်မြန်ထွက်သွားရန် ခေါင်းကို ညိတ်ပြလိုက်သည်။ ကျော်စိုး ကျောပြင်ကို လှမ်းကြည့်ကာ ရင်ခုန်၍ နေလေသည်။ သူ ပြောသည့်အတိုင်း သွားတွေ့ရမည်ကို တွေးလိုက်သောအခါ ရင်ထဲတွင် နွေးခနဲ စိမ့်ခနဲ ဖြစ်သွားပြန်သည်။
ခင်ကြိုင်တို့ခြံက ကျယ်ဝန်းလှသည် မဟုတ်။ နောက်ဖေးတွင် နှစ်ပေသုံးပေခန့်သာ မြေပိုရှိသည်။ ကျော်စိုးတို့အိမ်နှင့် ကပ်လျက် ဝင်းထရံတွင် ပုဏ္ဍရိက်ပင်တန်းရှိသည်။ နောက်ဘက်တွင် ဇလပ်ပင်နှင့် ခရမ်းကစော့ပင်ငယ်တို့ဖြင့် အဆုံးသတ်သည်။ သစ်သားဝင်း ခပ်နိမ့်နိမ့် ရံထားသော်လည်း ပျက်စီး၍ နေပေပြီ။
ယနေ့ည ခင်ကြိုင်သည် အမေအိပ်ပျော်သည်အထိ စောင့်နေရ လေသည်။ အမေသည် ပင်ပန်းသဖြင့် ရှစ်နာရီကျော်လျှင် အိပ်ရာ ဝင်လေ့ရှိလေသည်။ ခင်ကြိုင်က စာမေးပွဲနီး၍ ညဉ့်နက်ခံ စာကျက်ဟန် ပြုကာ အခန်းထဲတွင် မီးဖွင့်ထားရသည်။ အမေ့ခြေသံကို သူနားစွင့် နေလေသည်။ အမေ့ ဘုရားရှိခိုးသံ ကြားရသောအခါ အမေအိပ်တော့ မည်ကို သိသည်။ မကြာခင် အမေသည် နောက်ဖေးနောက်ဖီထွက်ကာ တံခါးကို အသေအချာပိတ်ပြီး အိမ်ရှေ့ခန်းတွင် အိပ်လေသည်။
အမေ မအိပ်ခင် ခင်ကြိုင်က နောက်ဖေးတခေါက်ထွက်သည်။ ပြီးတော့ တံခါးကို ကန့်လန့် သေသေချာချာမထိုးဘဲ ထားခဲ့သည်။ သည်တော့မှ နောက်တခေါက် အထွက်ရလွယ်မည်။ ခင်ကြိုင်က စာအုပ်ကို မျက်နှာအပ်ကာ အမေ အိပ်ပျော်အောင် စောင့်ရသည်။ မကြာခင် အမေ့ အိပ်ရာဆီမှ ဟောက်သံကြားရလေသည်။
အခန်းထဲမှမီးကို မပိတ်ဘဲထားခဲ့ကာ ခင်ကြိုင် နောက်ဖေးသို့ ထွက်ခဲ့သည်။ သို့မှသာ စာကျက်ရင်း အပြင်ခဏထွက်သည်ဟု ထင်ရမည်။ တတ်နိုင်သမျှ ခြေသံမမြည်စေရန် ဂရုစိုက်လေသည်၊ နောက်ဖေးရေစင်ပေါ်မှ ဆင်းလိုက်သည်နှင့် ဇလပ်ပင်နားရောက်သွား သည်။ ကျော်စိုးသည် ဇလပ်ပင်ရင်းတွင် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။ ခင်ကြိုင်သည် တုန်ယင်သောရင်အစုံဖြင့် ကျော်စိုးကို ရင်ဆိုင်လေသည်။
“ပြောစရာရှိရင် မြန်မြန်ပြောနော်၊ ကျွန်မ ကြောက်တယ်”
“ညီမကလဲကွာ၊ တွေ့မယ်မှ မကြံသေးဘူး၊ နေပါဦး”
ကျော်စိုးသည် ဇလပ်ပင်ကြားမှနေ၍ ထွက်ရန်ဟန်ပြင်လိုက် သည်။
“အို မလုပ်ပါနဲ့ ကိုကျော်စိုးရယ်၊ ဒီဘက် ကူးမလာပါနဲ့၊ ကျွန်မ ကြောက်လွန်းလို့ပါ၊ ရှိကြီးခိုးပါရဲ့”
ခင်ကြိုင်သည် တကယ်ပင် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ကျော်စိုး ကို အတင်းတွန်းလွှတ်သည်။ ကျော်စိုးသည် ခင်ကြိုင့် လက်နှစ်ဘက်ကို ဆီး၍ ဖမ်းဆုပ်လိုက်သည်။ ခင်ကြိုင့် တကိုယ်လုံး တုန်ယင်လာလေသည်။
“ကိုကျော်စိုး ပြောစရာရှိလို့ဆို၊ ပြောစရာမရှိရင် သွားတော့မယ်”
“နေပါဦးဟယ်၊ ပြောမှာပေါ့”
သို့သော် ကျော်စိုးသည် ဘာမျှမပြောပေ။ ခင်ကြိုင့်ကိုသာ စူးစူးရဲရဲကြည့်၍ နေလေသည်။ တကယ်တမ်းလည်း သူတို့မှာ ဘာမျှ ပြောစရာမရှိ။ ပြောစရာအကြောင်းတွေက စာထဲမှာပင် အပ်ကြောင်းထပ်ခဲ့ပြီ။ ကျော်စိုးက ဇလပ်ပင်ဘေးမှကျော်၍ ခင်ကြိုင့် ပါးကို ရုတ်တရက်လှမ်းပြီး နမ်းလိုက်သည်။
“အို ကိုကျော်စိုး မကောင်းဘူး၊ ကျွန်မ သွားတော့မယ်”
ခင်ကြိုင်တယောက် အတင်းရုန်းထွက်ကာ အိမ်ထဲသို့ ပြန်ဝင် ပြေးခဲ့သည်။ အခန်းထဲရောက်သည်အထိ သူ့ရင်သည် တလှပ်လှပ်ခုန် နေဆဲ။ မိသက်သည် ခြေပစ်လက်ပစ် အိပ်မောကျနေသည်။ ခင်ကြိုင် က မီးကို အသာမှိတ်လိုက်သည်။ မှောင်ထဲတွင် သူ့ပါးပြင်ကို သူ ပြန်စမ်းမိသည်။ ရင်ထဲတွင် နွေးခနဲ ဖြစ်သွားရပြန်သည်။ အိမ်ရှေ့ခန်းတွင်တော့ အမေသည် မှန်မှန်ဟောက်နေဆဲ။
+ + +
အမေ အလုပ်လုပ်ရသည်က ပင်ပန်းလှသည်။ မနက်ငါးနာရီမထိုးမီ အိပ်ရာမှ ထသည်။ ခင်ကြိုင် ညဘက်စာကျက်ရသည်ဆိုကာ မနှိုးဘဲ ထားသည်။ အမေကိုယ်တိုင် ထမင်းဟင်းကို ချက်ထားနှင့်သည်။ ပြီးလျှင် ခုနစ်နာရီမထိုးမီ ဆိုင်ပြေးဖွင့်လေသည်။ အမေ့ဆိုင်သည် အစ ပထမပိုင်းတွင် တွက်ခြေ သိပ်မကိုက်ခဲ့။ မကျွမ်းကျင်သေး၍အလေအလွင့်များသည်။ ဈေးချိန်ရာတွင် ရက်ရောသဖြင့် ကိုယ့်အတွက် သိပ်မကျန်။ နောက်ပိုင်း သူများတကာထံမှ နည်းယူကာ အမေ ကျွမ်းကျင်လာသည်။ ကုန်သည် ပွဲစားများထံမှ ဖောက်သည်ဈေးဖြင့် ကြိုယူသည်။ ရောင်းပြီးမှ ဆပ်သည်။ နောက်ထပ်ယူသည်။ အားလုံးနှင့် အဆင်ပြေအောင် ပေါင်းရသည်။ တိုက်ရိုက်ဆက်ဆံရသောအခါ တဆင့်ခံရောင်းသည်ထက် တွက်ခြေကိုက်လာသည်။
နေ့လည်နေ့ခင်းတွင် ဘေးဘီကို ဆိုင်အပ်ကာ အမေ တခေါက်ထွက်ရလေသည်။ ပူပြင်းသောနေရောင်တွင် တခါတရံ အလုပ်သမားမငှားဘဲ ကိုယ်တိုင်သယ်ပိုးလာတတ်သော အမေ့ကို အပင်ပန်းမခံဖို့ ဆိုင်နားနီးချင်းများက ပြောကြသည်။ သို့သော် အမေသည် ကျန်းမာဖျတ်လတ်ဆဲဖြစ်သော သူ့ကိုယ်သူ အားကိုး ယုံကြည်ဆဲပင် ဖြစ်လေသည်။ အမေ့တွင် အားမာန်အပြည့်ရှိနေလေ သည်။ ရည်ရွယ်ချက်၊ မျှော်လင့်ချက်တို့ဖြင့် စိတ်အားထက်သန် နေသည်။ သားသမီးများ၏ အနာဂတ်သည် အမေ့ဘဝ၏ ပန်းတိုင်ပင် ဖြစ်လေသည်။
“မျိုးထွန်းအတွက်တော့ မပူရပါဘူး၊ သူက စဉ်းစားဉာဏ်ရှိ တယ်၊ အမြော်အမြင်ရှိတယ်၊ အောင်စိုးကတော့ ပင်ပန်းဆင်းရဲရှာတယ်၊ သူ့ကို ဒီထက်ဟန်ကျလာအောင် ပံ့ပိုးရမှာပဲ၊ အောင်တိုးလဲ ပညာတတ် တယောက်ဖြစ်လာမှာ၊ မိသက်က ငယ်ပါသေးတယ်လေ၊ ခက်တာက ခင်ကြိုင် ခင်ကြိုင်၊ မိခင်ကြိုင်”
ခင်ကြိုင်တယောက် ပညာဆုံးခန်းမတိုင်မီ လင်ရသွားမှာ၊ ဒုက္ခရောက်သွားမှာ အမေ အလွန်ပူသည်။ သို့သော် ခင်ကြိုင့် စိတ်ဆင်ရိုင်းကို မည်သို့ ချွန်းအုပ်ရမည်ကို အမေ မတွေးတတ်တော့။ ခင်ကြိုင့်ကို ဆယ်တန်း မြန်မြန်အောင်စေချင်သည်။ ကောလိပ်ကို ပို့လိုက်ချင်သည်။ ဘာပဲပြောပြော ဒီထက် အသိပညာကြွယ်ဝပြီးမှ ဒုက္ခရောက်လျှင်တော်ဦးမည်။ ပညာ စကောစကနှင့်ဆိုလျှင် ပိုခက်မည်။
အမေ မည်မျှ သန်စွမ်းကျန်းမာသည် ဆိုသော်လည်း ငွေရလိုသော လောဘ၊ စိုးရိမ်ပူပန်ရသော သောကတို့ဖြင့် အမေသည် အရွယ် သိသိသာသာကျလာခဲ့သည်။ သို့သော် အမေ့လက်များ သည်ကား သွက်လက်စွာလှုပ်ရှားဆဲတည်း။
ခင်ကြိုင်တို့ ညီအစ်မသည် ကျောင်းအဆင်းတွင် ဆိုင်သို့ဝင်ကာ ဟင်းချက်စရာများကို ယူသွားနှင့်လေသည်။ အမေသည် ဈေးဝယ် ကျချိန်ဖြစ်၍ လက်မလည်အောင် ချိန်တွယ်ရောင်းချရင်း သမီး နှစ်ယောက်ကို မျက်စိတဆုံး လိုက်ကြည့်သေးသည်။ သမီးတွေကွယ် သွားမှ သူ စျေးကိုဖြောင့်အောင် ရောင်းနိုင်သည်။
ဈေးကွဲချိန်တွင် အမေ့ဝမ်းသည် တကြုတ်ကြုတ်မြည်အောင် ဆာနေပေသည်။ မနက်က ချိုင့်နှင့်ထည့်လာသော ထမင်းသည်လည်း အပြင်ထွက်လိုက်၊ ဈေးရောင်းလိုက်၊ အပြေးအလွှားစားလိုက်နှင့်မို့ ပြီးပြီးပျောက်ပျောက်သာ။ ဆိုင်သိမ်းပြီး အိမ်ပြန်လာသောအခါ မှောင်စပျိုး၍ နေလေပြီ။ အမေသည် လမ်းလျှောက်ရင်းပင် ခေါင်းထဲ တွင် အလုပ်လုပ်၍ လာလေသည်။
“စပါးပေါ်ချိန်လေး ဈေးရောင်းကောင်းတုန်း ဖိရောင်းထားမှ၊ အောင်စိုးကိုလဲ နည်းနည်းပါးပါးပေးရဦးမယ်၊ ဟိုကောင် ငတိုးကောစာမေးပွဲနီးပြီ၊ ငွေထပ်ပို့ဦးမှ၊ တမြို့တရွာမှာ ဒုက္ခရောက်နေရှာမယ်၊ ခင်ကြိုင် စာမေးပွဲအောင်ရင် သူပူဆာတဲ့ ကျောက်ကြိုးလေးတကုံး တော့ လုပ်ပေးလိုက်ပါဦးမယ်လေ”
အိမ်ပြန်ရောက်တော့လည်း အမေ့လက်သည် အနားမနေ။ သမီးများက ပြီးစလွယ် ချက်ပြုတ်လုပ်ကိုင်ထားသည်များကို နေသား တကျဖြစ်အောင် ဆေးကြောသုတ်သင်သည်။ မနက်ဈေးထွက်ရန် အသင့် ပြင်သင့်သည်ကို ပြင်သည်။ ထမင်းစားပြီးလျှင်တော့ ဆေးပေါ့လိပ်ကို ခဏခဲဖြစ်၏။ သမီးများ စာကျက်ချိန်တွင် ဘုရား ရှိခိုးပြီး အိပ်ရာဝင်လေသည်။ အိပ်ပျော်သွားပြီဆိုတော့လည်း ဘာဆို ဘာမျှ ခေါင်းထဲတွင်မရှိတော့ပေ။ မောမောနှင့်
တရှိန်ထိုး အိပ်မောကျ သွားလေတော့သည်။
အကယ်၍များ ခင်ကြိုင့်အဖြစ်ကို သိပါလျှင် အမေ့တွင် အိပ်ချိန်ဟူ၍ပင် ရှိတော့မည် မဟုတ်ပါချေ။
အပိုင်း – ၃
၅
မျိုးထွန်းသည် အီစူဇူးကားကြီးကို ရန်ကုန်-မန္တ လေးကားလမ်းမတလျှောက် မှန်မှန်မောင်းလျက်ရှိသည်။ လုပ်သက်ကြာလာပြီဖြစ်၍သူကားမောင်းကျွမ်းကျင်နေပြီ။ ကုန်မည်မျှပင် အပြည့်အသိပ် ပါလာသည်ဖြစ်စေ သူ့အတွက်မူ ပေါ့ပါးလှ၏။ ငယ်စဉ်ကတည်းကပင်သူ ကားမောင်းဝါသနာပါခဲ့သည်။ ကားလေးများနှင့် ကစားရလျှင် သူပျော်သည်။ အဖေကတော့ သားကြီးဖြစ်သူကို သူ့လိုပင် အစိုးရအမှုထမ်း အရာရှိ ဖြစ်စေချင်သည်။ အမေကမူ ခင်ပွန်းအလိုကလွဲ၍ဘာမျှ ပြောတတ်ခဲ့သူ မဟုတ်။ လုပ်တတ်ခဲ့သူမဟုတ်။
မျိုးထွန်းအနေဖြင့်မူ ကျောင်းပညာသည် အခြေခံအားဖြင့် တတ်သင့်သောအရာတခုမျှသာ သဘောထားသည်။ တကယ်တမ်း လူ့ဘဝကိုဝင်ရောက်၍ အသုံးချရပ်တည်နိုင်သော ပညာဟူ၍ မယုံကြည်ခဲ့။လူ့ဘဝ၏ အခက်အခဲ။ ဖြစ်ခြင်း ပျက်ခြင်းတို့ကို ကျောင်းပညာဖြင့်ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်ခဲ့။ ထို့ကြောင့်လည်း အသက်မွေးဝမ်းကျောင်းပညာအနေဖြင့် ကျောင်းပညာကို အသုံးမချရခြင်းအတွက် သူ ဂရုမစိုက်။ အရေးကြီးသည်မှာ ကိုယ်ပိုင်စွမ်းရည်နှင့် အတွေးအခေါ် ဟုသာ သူ ယုံကြည်လေသည်။
သူ ကျောင်းမှထွက်ပြီး ကားမာင်းစက်ပြင်သင်ခဲ့သည့်အတွက် အဖေနှင့် အမေက အလွန်အံ့သြလေသည်။ သူ့ကို စာတော်လိမ့်မည်၊ ထူးချွန်လိမ့်မည်ဟု သူတို့က ထင်ခဲ့သည့်အလျောက် နှမြောတသ ဖြစ်လိုက်ကြသေးသည်။ တားဟယ် ဆီးဟယ်၊ ဆူဟယ် ပူဟယ် ဖြစ်ကြသေးသည်။ သို့သော် တကယ်တမ်း သူလုပ်ချင်ပြီဆိုလျှင် တားမရသည့်အဖြစ်ကိုသိ၍ သူ့ကို ခွင့်လွှတ်လိုက်ကြရသည်။
သူကတော့ သူ့ကိုယ်သူ ကျေနပ်ခဲ့သည်။ သူသည် သူ့ဘဝ၏ နှစ်ဦးပိုင်းများကို အလဟဿ မကုန်လွန်စေဘဲ စောစီးစွာ အသုံးချခဲ့သဖြင့် ယခုဆိုလျှင် သူ့မိသားစုအတွက် ပို၍ပင် အဆင်ပြေနေပြီ မဟုတ်ပါလော။ အဖေဆုံးသွားပြီးသည်၏နောက်၌ အမေနှင့်တကွ ညီအစ်ကို မောင်နှမများအတွက် သူ့မှာ အထူး ပြင်ဆင်စရာ မလိုတော့ဘဲ အလိုအလျောက် ရပ်တည်ပြီးသားဖြစ်၍ နေချေပြီ။ အားလုံး အတွက် အနစ်နာခံရခြင်းကို သူ များစွာကျေနပ်လေသည်။ သို့သော် သူ အနစ်နာခံရကျိုးမနပ်မှာကိုတော့ စိုးရိမ်မိသည်။ အောင်စိုးအတွက်တော့ သူ မစဉ်းစားတော့။ ကျန် ညီနှင့် ညီမများသည် ပညာသင်ဖို့က လွဲ၍ အခြားဘာမျှ လုပ်တတ်မည်မဟုတ်။ လုပ်လည်း လုပ်ဝံ့မည် မဟုတ်။ သို့သော် ထိုပညာသင်သည့်အလုပ်ကိုပင် ပြီးမြောက်အောင် ကြိုးစားကြပါမည်လား။
မန္တလေး ကားလမ်းမကြီးကား ကျဉ်းမြောင်းလှ၏။ ရှေ့မှ ကားတစီးလာနေသဖြင့် သူသည် အတွေးကိုရပ်ကာ ကားကို လမ်းဘေးသို့အနည်းငယ်ချပေးလိုက်ရသည်။ ပစ္စည်းအပြည့်အသိပ်ပါလာသော ကားကြီးသည် စောင်းသွားလေသည်။ တဖက်မှ ကားသည်လည်း လော်ရီကားတစင်းပင်ဖြစ်၏။ သို့သော် ပစ္စည်း သိပ်မပါ။ သို့ပါလျက် အောက်မချဘဲမောင်းသွားသဖြင့် သူ့နှုတ်မှ ဆဲဆိုသံထွက်သွားသည်။ ဆဲလိုက်ရမှလည်း ရင်ထဲပေါ့သွားသည်။ ကားမောင်းသူကိုလည်း ကားချင်းဖြတ်စဉ် မြင်ရခိုက် လှမ်း၍ အံကြိတ်ကာ မျက်စောင်းထိုးပစ်လိုက်သေးသည်။
သူ ကားကို ဆက်မောင်းခဲ့၏။ သည်ည မန္တ လေးကိုအရောက် မောင်းရပေမည်။ မန္တလေးရောက်လျှင် ကုန်များကိုချကာ ရှမ်းပြည်သို့ တင်မည့်ကုန်ကို စောင့်ရမည်။ အဆင်ပြေလျှင် နေ့ချင်းရမည်သာ။ ပြီးလျှင် ရှမ်းပြည်တက်ရမည်။ တကယ်တော့ ရှမ်းပြည်မတက်ဘဲ မန္တလေးမှပင် အညာကုန်ကိုတင်ကာ ပြန်လာလျှင်လည်းဖြစ်သည်သာ။ ပဲခူးမှ ကားပိုင်ရှင်ဖြစ်သူကလည်း သူ့ကို အစစအရာရာ ယုံကြည် စိတ်ချစွာ လွှဲထားပြီးဖြစ်သည်။ သို့သော် သူရှမ်းပြည်မတက်ရလျှင် မနေနိုင်။ သူ့တွင် အကြောင်းရှိပေသည်။ ရှမ်းပြည်တက်မှသာ သူ နန်းစိန်ပွင့်နှင့် တွေ့ရမည်မဟုတ်လား။
နန်းစိန်ပွင့်သည် ရှမ်းမလေးစစ်စစ်တော့ မဟုတ်ပေ။ ရှမ်းသွေး အနည်းငယ်သာပါသော ဗမာမလေးသာ ဖြစ်သည်။ အသားဖြူ၍ မျက်နှာဝိုင်းဝိုင်းလေးမို့ တွေ့စက သူ့ကို ရှမ်းမလေးဟုပင် ထင်ခဲ့သည်။ နောက်တော့လည်း သူ့ကို ရှမ်းမလေးအဖြစ်ပင် အသိအမှတ်ပြုကာ သူ့နာမည် မစိန်ပွင့်ကိုလည်း နန်းစိန်ပွင့်ဟု ပြောင်းပေးလိုက်သည်။ နန်းစိန်ပွင့်သည် ယင်းမာပင်ရှိ အဒေါ်ဖြစ်သူ၏ ထမင်းဆိုင်တွင် ကူရောင်းပေးရသော ကောင်မလေးတယောက်သာဖြစ်၏။ ကား သမားနှင့် ထမင်းဆိုင်ဆိုတော့လည်း မဟာမိတ်တွေဘဲမဟုတ်လား။ နန်းစိန်ပွင့်၏ ရိုးသားသောမျက်နှာနှင့် ပွင့်လင်းသော ဆက်ဆံပြုစုပုံကလေးတွေကို သူသဘောကျမိလေသည်။ ထို့ကြောင့်လည်း သူသည် မန္တ လေးရောက်လျှင် ရန်ကုန်ကို လွယ်လွယ်နှင့်ပြန်ဆင်းနိုင်သည့် ကုန်များကို ရှောင်ကာ ရှမ်းပြည်ကုန်ကို စောင့်တင်တတ်သည်။ သူ့ အတွက် ခရီးထောက်သော်လည်း ငွေပိုရတတ်သဖြင့် ပိုင်ရှင်ကလည်း ကျေနပ်သည်။ အပြန် ကုန်ရဖို့ကလည်း လွယ်သည်။
မျိုးထွန်းသည် အတွေးနှင့် ကြည်နူးလာပြန်သည်။ အကယ်၍ သူသည် မိသားစုတာဝန်နှင့်ကင်းသော တနေ့တွင် သူ့ဘဝအတွက် အခြေချရမည်ဆိုပါက ရှမ်းပြည်တွင်သာ အခြေချပေမည်။ အေးချမ်း ဆိတ်ငြိမ်သောသဘာဝကို သူ နှစ်သက်သည်။ သို့သော် မိသားစု တာဝန်နှင့် ကင်းမည့်နေ့သည် မည်သည့်နေ့နည်း။ ခင်ကြိုင်၊ အောင်တိုး နှင့် မိသက်တို့၏ မျက်နှာများကို မြင်ယောင်လာသည်။ ခင်ကြိုင်တို့ အောင်တိုးတို့သာလိမ္မာလျှင်တော့ အကြောင်းမဟုတ်။ သူတို့နှစ်ယောက် တာဝန်သိလျှင် မိသက် ပညာရေးကို ပူစရာမလိုတော့။ ထိုအခါ
သူလည်း သူ့ဘဝအတွက် အခြေချနိုင်တော့မည်။ ပူအိုက်၍ ငြီးငွေ့ဖွယ်ကောင်းလှသော ခရီးရှည်ကြီးကို သူနှင်ခဲ့ ပေသည်။ သို့သော် သူ့တွင် အနာဂတ်၏ရောင်ခြည် မျှော်လင့်ချက် အားမာန်တို့ဖြင့် ခရီးဆက်လျက်ရှိလေသည်။
+ + +
နန်းစိန်ပွင့်ကို မြင်ရသောအခါ သူ ခရီးပန်းလာမှုကို မေ့သွားသည်။ ဆိုင်ရှေ့တွင်မမြင်ရ၍ ဆိုင်နောက်ဘက်သို့ဝင်လာသောအခါ နန်းစိန်ပွင့် ကို ပန်းကန်ဆေးလျက် တွေ့ရလေသည်။
“ဟော အစ်ကို၊ ဒီတပတ် ကြာလိုက်တာနော်”
နန်းစိန်ပွင့်သည် သူ့ကိုမြင်သည်နှင့် မျက်နှာလေး ကြည်လင် ဝင်းပသွားလေသည်။ များသောအားဖြင့်တော့ နန်းစိန်ပွင့်၏ မျက်နှာ လေးက အစဉ်လို ညှိုးငယ်နေတတ်သည်။
“အစ်ကို ဒီတပတ်နားမယ်လို့ ပြောသွားတာကော”
အိမ်သားတွေနှင့်ပင် စကားဟဟ ပြောခဲသောသူသည် နန်းစိန်ပွင့်နှင့်ဆိုလျှင် အလိုလို ကရုဏာစကားတွေ ပိုတတ်သည်။
“အင်း ဟုတ်သားပဲနော်၊ အစ်ကို ထမင်းစားတော့မလား၊ဘာဟင်းနဲ့စားမလဲ၊ ဝက်သချဉ်လဲရှိတယ်”
“ဖြည်းဖြည်းပေါ့ဟယ်၊ နင့်မျက်နှာမြင်ရတာနဲ့ ကျေနပ်သွားပါပြီ”
“အစ်ကိုကလဲ”
နန်းစိန်ပွင့်သည် ဆိုင်ရှေ့ကိုလိုက်လာကာ သူ့အတွက် ထမင်းကို ခူးပေးလေသည်။ ရေနွေးကြမ်းအိုးကိုလည်း အသစ်လဲပေးသည်။ သူကြိုက်တတ်သော ဆားနှင့် ငရုတ်သီးစိမ်းကိုလည်း ပုံပေးရန်မမေ့ပေ။ ထမင်းဟင်း လိုက်ပေးရင်း သူ့နားတွင် တဝဲလည်လည်နေတတ်သော နန်းစိန်ပွင့်ကိုကြည့်ကာ သူ ထမင်းစားလေသည်။ နန်းစိန်ပွင့် ပြုစု ယုယပုံကိုလည်း အတွေးဖြင့် ကျေနပ်ကာ စိတ်ကူးယဉ်မိသည်။
တကယ်တော့ မျိုးထွန်းသည် မိသားစုတွင် အကြီးဆုံးဖြစ်သည် နှင့်အညီ ပြုစုယုယမှုကိုလည်း မခံခဲ့ရ။ သူ့ကိုမွေးပြီး နှစ်နှစ်အကြာမှာ အောင်စိုးကို မွေးသည်။ သူ တနှစ်သားခန့်မှာ အမေက နောက်ထပ် ကိုယ်ဝန်လွယ်ရသည်ဆိုတော့ မျိုးထွန်းသည် အမေ့နို့ကိုပင် ဝအောင် မစို့ခဲ့ရ။ အောင်စိုးကို မွေးပြီးတော့လည်း အောင်စိုးက အမေ့နားကပ်ကာ ဂျီကျလှသဖြင့် သူ အမေနား ကပ်ခွင့်မရခဲ့။ နောက်တော့လည်း အငယ်တွေ ဆက်တိုက်မွေးကာ သူသည် ကလေးငယ်များကို ကူထိန်းပေးရင်း ကြီးပြင်းခဲ့ရလေသည်။ ထို့ကြောင့်လည်း သူသည် အနစ်နာ ခံစိတ်၊ မနာလိုဝန်တိုစိတ်၊ ငတ်မွတ်စိတ်၊ နာကျည်းစိတ်၊ သည်းခံစိတ် စသည်တို့ကို တပြိုင်နက်တည်း မွေးမြူခံစားခဲ့ရလေ သည်။ သူ့အသက် ၂ဝ ကျော်လာသည်အထိ နှလုံးသားနှင့် ပတ်သက်သည့် ခံစားမှုမျိုးလည်း မရှိခဲ့။ သူ့ဘဝသည် ကားနှင့် စက်ဆီများကြားတွင် ကုန်ဆုံးခဲ့သည်။ ကားသမားတို့၏ ကြမ်းတမ်းသော အဆဲအဆိုများ၊ တွေ့ကရာအိပ် တွေ့ကရာစားသော အလေ့များကြားတွင် ပျော်မွေ့ခဲ့ ရသည်။ အိမ်ပြန်ရောက်သခိုက်တွင် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း ပြန်တွေ့ရသော်လည်း သူတို့အားလုံးနှင့် သူသည် အသွင်ခြား၍ နေခဲ့ပြီ။ ထို့ကြောင့်လည်း မိသားစုတာဝန်ကို ထမ်းပိုးရမည်ဟူသော အသိကလွဲ၍ မိသားစုနှင့် သူ့ဘဝကို အတူတကွ ကုန်ဆုံးစေရန် သူတခါမှ စိတ်မကူးခဲ့။
နန်းစိန်ပွင့်ကို တွေ့ရခြင်းအတွက် သူ ကံကောင်းသည်ဟု ထင်မိသည်။ ရိုးသား၍ဖော်ရွေသော နန်းစိန်ပွင့်ကို သူ နှစ်သက်သည်။ ဖြူဆွတ်ဝိုင်းစက်သော နန်းစိန်ပွင့်၏ မျက်နှာလေးတွင်လည်း သူ့ကို ခင်မင်တွယ်တာခြင်း အရိပ်အယောင်များကို တွေ့ရသည်သာ။ နန်းစိန်ပွင့်သည် အသက် ၂ဝ ပြည့်ရုံမျှ ရှိဦးမည်။ သို့သော် သူ့ညီမ ခင်ကြိုင်ထက် ပို၍ ဣန္ဒြေရပေသည်။ ခေတ်ပညာမတတ်သော်လည်း လူမှုရေးရာ နားလည်ပေသည်။ စဉ်းစားတွေးခေါ်တတ်သော အသိ ဉာဏ်လည်း ရှိပုံပေါ်လေသည်။ သူ့အတွက်ကတော့ လူတယောက်တွင် တွေးခေါ်မြော်မြင်မှုမြင့်နေလျှင် ကျန်တာကို လျစ်လျူရှုနိုင်သည်။ နန်းစိန်ပွင့်ကို သူနှင့် တန်းတူထားနိုင်သော အရည်အချင်းရှိသူအဖြစ် သတ်မှတ်သည်။
“မောင်မျိုးထွန်း စားကွယ့်၊ မင်းနှမက ဒီတပတ် မင်း အလာနောက်ကျလို့ မျှော်နေတာ’
နန်းစိန်ပွင့်၏ အဒေါ်က ထမင်းဝိုင်းကို ငဲ့ကြည့်ကာ ပြောလိုက် သည်။ နန်စိန်ပွင့်သည် သူ့စားပွဲနားမှ မသိမသာခွာကာ အခြားဝိုင်း များဆီ လှည့်သွားသည်။ အဒေါ်ဖြစ်သူကိုတော့ မျိုးထွန်း မနှစ်သက် လှပေ။ မိန်းမကြီး၏ ပြောပုံ ဆိုပုံမှာ ဆိုင်ရောင်းပန်းလှအောင် တူမ နှင့် ဗန်းပြ မြှူဆွယ်နေသည်နှင့် တူလှသည်။ နန်းစိန်ပွင့်ကိုတော့ သူ လုံးဝစိတ်ချလေသည်။
“ဟုတ်ကဲ့၊ ကျွန်တော် နည်းနည်းကြာသွားတယ်” သူက အလိုက်သင့်ပင် ပြန်ပြောရသည်။
“မင်းနှမကတော့ မင်းကို အတော့်ကို သံယောဇဉ်ရှိရှာတာကွယ်၊ သူ့ခမျာလဲ ငယ်ငယ်ကတည်းက မအေဆုံးသွားပြီး အဒေါ့်လက်ပေါ် ကြီးလာရတာ၊ အစစအရာရာ အားကိုးရပါတယ်၊ မတော်တာတွေ့လဲ မင်းတို့က ဆုံးမနော်၊ အဒေါ်တို့မှာ ဈေးဆိုင်ဆိုတော့ လူစုံတယ်ကွယ့်”
သည်တခါတော့ အဒေါ်ကြီးက အတည်ပြောနေပုံရသည်။ မျိုးထွန်းသည် ထမင်းလုတ်ကို ရပ်ကာ “ဟုတ်ကဲ့ စိတ်ချပါ ဒေါ်ဒေါ်”ဟု စိတ်ပါလက်ပါ ပြောလိုက်မိသည်။ ဘာကြောင့်မှန်းမသိ၊ အဒေါ်ကြီး ပြောကာမှ နန်းစိန်ပွင့်အတွက် သူ စိတ်ပူသွားမိသည်။ ဘာများဖြစ်လို့ ပါလိမ့်ဟုလည်း သိချင်လာသည်။
“တူမကတော့ လိမ္မာပါတယ်လေ၊ အနေအထိုင်လဲ တတ်ပါ တယ်၊ ဒါပေမယ့် လူတွေက ခက်သားလားကွယ်’
မျိုးထွန်းသည် လက်ဆေးဇလုံထဲသို့ လက်ကို နှစ်လိုက်လေသည်။ ထမင်းစေ့များ ကုန်စင်အောင်ကျမသွားမီ လက်ကိုပြန်နုတ်ကာ လက်သုတ်ပဝါပြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ နန်းစိန်ပွင့်ကို လှမ်းကြည့်ရင်း ရေနွေးပူပူကို မော့လိုက်မိသဖြင့် သူ့ရင်မှာ ပူသွား လေသည်။
“ဘယ်သူတွေက မစိန်ပွင့်ကို စော်ကားသလဲ ဒေါ်ဒေါ်၊ ကားသမား လောကမှာ ကျွန်တော် မသိတဲ့ကောင် မရှိဘူး’
သူသည် မအောင့်နိုင်ဘဲ တဲ့တိုးပင် မေးချလိုက်သည်။ အဒေါ်ဖြစ်သူပင် မျက်လုံးပြူးသွားသည်။
“အို၊ အဲ ဘယ်သူကမှ မစော်ကားဝံ့ပါဘူးကွယ်၊
ဒါပေမယ့် လူတွေက ခက်တာပြောတာပါ၊ အဒေါ့်ဆိုင်က သူများထက်လဲ ရောင်းကောင်းတယ် မဟုတ်လား၊ မလိုသူတွေ ရှိတာပေါ့ကွယ်”
အဒေါ်ကြီးစကားကို သူ မရှင်းလှပေ။ သူသည် လူတွေ၏ ကွေ့ကောက်သော ပရိယာယ်စကားများကို နားမလည်ပေ။ အဒေါ်ကြီး ထသွား၍ နန်းစိန်ပွင့် သူ့နား ရောက်လာသောအခါ သူ့မျက်နှာသည် သုန်မှုန်၍ နေလေသည်။
“အစ်ကို၊ ဒီနေ့ ထမင်းစားနည်းလှချည်လား၊ ဘာဖြစ်လို့လဲ၊ အဒေါ်က ဘာတွေပြောသွားလဲ”
မျိုးထွန်းသည် ရေနွေးသောက်ပြီးသည်ကို မေ့ကာ နောက် တခွက် ထပ်၍ မော့ချလိုက်သည်။ ရင်ထဲမှာ ပူသွားပြန်သည်။
“ဘာတွေမှန်းလဲ မသိပါဘူးဟာ၊ နင်ဘာဖြစ်သလဲ၊ ဘယ်သူတွေက ဘာပြောသလဲ၊ ပြောစမ်းပါဦး”
နန်းစိန်ပွင့်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားလေသည်။
“ဘာမှ မဖြစ်ပါဘူး အစ်ကိုရယ်၊ ဘေးဆိုင်က လူတွေကသွားပုတ်လေလွင့် ပြောကြတာပါ၊ ကျွန်မတို့ကပဲ လူတွေကို မြူဆွယ်ပြီး ထမင်းရောင်းစား နေသလိုလို”
နန်းစိန်ပွင့်သည် ပြောပြီး မျက်နှာလေးကို အောက်သို့ငုံ့ကာ ပန်းကန်များ သိမ်းနေသည်။
“နင်ကလဲ အနေအထိုင် ဆင်ခြင်ပေါ့ဟာ”
ပြောပြီးကာမှ နန်းစိန်ပွင့်မျက်နှာလေး ညှိုးငယ်သွားသည်ကို ကြည့်ကာ အားနာသွားလေသည်။
“ကျွန်မတို့က ဈေးသည်ပါ အစ်ကို၊ အားလုံးကို အလိုက်အထိုက်တော့ ဆက်ဆံရပါတယ်”
နန်းစိန်ပွင့်သည် ပန်းကန်များကိုဆေးပြီး ရေစစ်ထားလိုက် သည်။ ဆိုင်တွင် လူပါး၍သွားပေပြီ။ နန်းစိန်ပွင့်က နောက်ဖေးသို့ ထွက်ကာ တံစက်မြိတ်အောက်မှ ခုံတန်းလျားလေးတွင်ထိုင်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်စလေးများ ရစ်ဝဲနေသည်။
“နင် ဒီမှာလုပ်ရတာ မပျော်ဘူး မဟုတ်လား”
မျိုးထွန်းက သူ့ဘေးတွင်ထိုင်ကာ မေးသည်။
“ဒါပေမယ့် တသက်လုံးနေခဲ့တာပဲ မပျော်ဘူးလို့လဲ မဟုတ်ပါဘူး”
“ငါနဲ့တခါတည်းပဲ လိုက်ခဲ့တော့ဟာ၊ နင့်ကို ငါ စိတ်မချ တော့ဘူး”
မျိုးထွန်းသည် တကယ်ပင် ရုတ်တရက်ဆုံးဖြတ်ကာ ပြောချ လိုက်မိလေသည်။ နန်းစိန်ပွင့်က သူ့ကို မျက်နှာငယ်လေးဖြင့် မော့ ကြည့်သည်။
“မဟုတ်တာ အစ်ကိုရယ်၊ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ အစ်ကို့မှာ ညီလေး ညီမလေးတွေကို ပညာသင်ပေးဖို့တာဝန် ရှိသေးတယ်ဆို အစ်ကိုက ကျွန်မကို ဘယ်ခေါ်သွားမှာလဲ”
ပြောရင်းကပင် နန်းစိန်ပွင့် မျက်နှာလေးက ပြုံးလာသည်။ သည်လိုတော့လည်း ကလေးငယ်တယောက်သဖွယ် ချစ်စရာပင်။
“ငါ့အိမ် ခေါ်သွားမှာပေါ့”
ပြောသာပြောရသည်။ သူသည် မိန်းမယူပြီး အိမ်ခေါ်သွားရန် တခါမှ စိတ်မကူးခဲ့ပေ။ ယခုမှပင် သူသာ မိန်းမယူသွားလျှင် ဘယ်လိုနေမည်လဲဟု စဉ်းစားမိသည်။ တကယ်တမ်း သူယူသွား လျှင်လည်း အမေက ခွင့်လွှတ်မည်ပင်။ အိမ်အတွက် သူ အလုပ်လုပ်ခဲ့ သည်မှာ ကြာပြီ။ သို့သော် သူ့တာဝန် ပြီးဆုံးပြီဟူ၍ကား မမှတ်ယူ သေးပေ။ နန်းစိန်ပွင့် ပြောသလိုပင် သူ့တွင် ညီတွေ ညီမတွေကို ပညာသင်ပေးရဦးမည်။
နန်းစိန်ပွင့်ကို သူ ချစ်လေသည်။ ထို့ကြောင့်လည်း နန်းစိန်ပွင့်ကို သူ စိတ်မချတော့။ ရုတ်တရက်ဆိုသလို သူ့တာဝန်တွေ ဝတ္တရားတွေကို မေ့သွားသည်။ နန်းစိန်ပွင့်သည် မျက်နှာဝိုင်းလေးဖြင့် သူ့ကိုပြုံးကြည့်နေလေသည်။
“အစ်ကို့အိမ်ကို ခေါ်သွားမယ် ဟုတ်လား၊ အရင်ကပြောတော့ ရှမ်းပြည်မှာ အခြေချမှာဆို”
“အေးဟယ်၊ ငါဘာလုပ်ရမှန်းတောင် မသိတော့ဘူး၊ နင်တို့ တူဝရီးကလဲ ဘယ်လိုဖြစ်နေမှန်းမှ မသိတာ”
“ဘယ်လိုမှ မဖြစ်ပါဘူး အစ်ကိုရဲ့၊ အဒေါ်က ဒီလိုပဲ အရေး မကြီးတာပေမယ့် အရေးတကြီးလုပ်ချင်လုပ်နေတာ၊ အရေးကြီးတာ ကျတော့လဲ ဂရုစိုက်ချင်မှ စိုက်တာ၊ ကျွန်မကို စိတ်ချပါ”
မျိုးထွန်းသည် သက်ပြင်းကိုချလိုက်လေသည်။ တကယ်တမ်း ဘာအစီအစဉ်မှ မရှိဘဲ မိန်းမတယောက်ကို သူ ကောက်မယူချင် သေးပေ။ ပြီးစလွယ်ထူတောင်သော အိမ်ထောင်ရေးမျိုးကိုလည်း သူ သဘောမကျပေ။ အိမ်ထောင်ထူထောင်ကြပြီဆိုလျှင် တကယ့် အိမ်ထောင်နှင့်တူအောင် အစီအစဉ်တကျ တည်ဆောက်ချင်သည်။
ထိုအတွက် သူ့မှာ အချိန်ယူရဦးမည်။ ယခုအချိန်သည် သူ့အတွက် မဟုတ်သေး။ သူ့အတွက် ရောက်လာမည့်အချိန်ကို သူ စောင့်ရပေ ဦးမည်။
“ဟော အစ်ကို၊ ဘာတွေ စဉ်းစားနေလဲ၊ ဒီတခေါက် တောင်ကြီးအထိ တက်မှာလား၊ဟိုမှာ ကိုလှအေးလေးတောင် စောင့် နေပြီ”
မောင်လှအေးသည် သူ့ကားမှ စပယ်ယာလေးဖြစ်သည်။
“ငါ သွားမယ်ဟာ၊ နောက်တခေါက်မနားဘူး၊ ငါ ပြန်လာခဲ့မယ်”
သူသည် ထိုမျှသာပြောပြီး နန်းစိန်ပွင့်၏ လက်ကလေးကို ဖျစ်ညှစ်နှုတ်ဆက်ကာ ထွက်ခဲ့လေသည်။ ဆိုင်ရှေ့တွင် အခြားကား များပင် ဆိုက်ထားကြပြီ။ သူသည် ဒရိုင်ဘာအခန်းတွင် နေရာတကျ ဝင်ထိုင်ပြီးမှ တစုံတခုကို သတိရသည်။
“လှအေးရေ၊ ဒီသနပ်ခါးတုံးတွေ မစိန်ပွင့်ကို သွားပေးလိုက်ပါဦး”
မန္တလေးမှ ဝယ်လာသော သနပ်ခါးတုံး တစည်းကို လှအေး ကိုပင် ပေးခိုင်းလိုက်ရသည်။ ဆိုင်ရှေ့မှထွက်ကာ သူ့ကိုကြည့်နေသော နန်းစိန်ပွင့်သည် ပြုံးလျက်သားဖြင့် သနပ်ခါးတုံးများကို လှမ်းယူနေ သည်ကို မြင်လိုက်ရသည်။
တောင်ပေါ် မတက်ရသေးဘဲနှင့် သူ့ခေါင်းသည် ရီဝေ၍ နေလေသည်။
+ + +
အောင်တိုးသည် တက္ကသိုလ်နယ်မြေတွင် တစထက်တစ ပျော်၍ လာလေသည်။ ပျော်စရာများကိုလည်း သူ ရှာဖွေတတ်နေပြီ ဖြစ်သည်။ ရောက်စကတော့ သူသည် ဘွဲ့တခုခုရဖို့၊ ဖြစ်နိုင်လျှင် ဆရာဝန်ဘွဲ့ ဖြစ်စေ၊ အင်ဂျင်နီယာဘွဲ့ ဖြစ်စေ ယူနိုင်ဖို့သာ သူ အားသန်ခဲ့သည်။ ယခုတော့လည်း ကျောင်းနေရသည်ဆိုသည်မှာ ဘွဲ့ရဖို့ချည်းမဟုတ်၊ လူငယ်တို့၏ လွတ်လပ်ပျော်ရွှင်ဖွယ် ဘဝမျိုးကို ရခွင့်ကြုံခိုက် ရယူထားဖို့လည်း လိုသေးသည်ဟု တွေးတောသည်။
ယခုတော့ သူသည် ဘင်တန်နှင့် အင်းလျားသို့လည်း ခြေဦး လှည့်တတ်ပြီ။ ဆန်းဒေးမောနင်းရှိုးကိုလည်း မှန်မှန်ကြည့်တတ်ပြီ၊ အဆောင်တွင်းမှာလည်း အပျင်းပြေ ဖဲကစားတတ်ပြီ။ တခါတရံ ကြုံလျှင် အပေါင်းအသင်းများနှင့် နည်းနည်းမော့မလား၊ မော့တတ်ပြီ၊ အချိန်တန်တော့ ဘွဲ့တခုခုရရင် ပြီးတာပဲဟု သူအောက်မေ့လေသည်။ ဆရာဝန်၊ အင်ဂျင်နီယာလဲ မဖြစ်ချင်နေပစေ။ ဘီအေ၊ ဘီအက်စီ အောင်ပြီး အရာရှိလေးတယောက်ဖြစ်ရင်လဲ လုံလောက်တာပါပဲဟု ဝီရိယကိုလည်း လျှော့ပစ်သည်။
အမေပို့သော ငွေသည် သူ့အတွက် လောက်ငသည်ဟူ၍ မရှိတော့ပေ။ ထို့ကြောင့်လည်း အကြောင်းအမျိုးမျိုးပြကာ အမေ့ထံမှ ငွေမှာရလေသည်။ ငရုတ်နံ့၊ ကြက်သွန်နံ့သင်းသော အမေ့ချွေးနှဲစာ ငွေကို သူလက်လွတ်စပယ်သုံးလိုက်ပြီးတိုင်း နောင်တတော့ ရတတ် သည်။ သို့သော်လည်း သူအလုပ်လုပ်နိုင်သည့် တနေ့တွင် ကျေးဇူးဆပ်မည်ဟု စိတ်ကို ဖြေလိုက်သည်။ ပညာဆည်းပူးခိုက်တွင် သားသမီးတို့၏ လိုဘကို ဖြည့်စွမ်းရန်မှာ မိဘတိုင်း၏ တာဝန်သာ ဟူလည်း လိုရာဆွဲ၍ တွေးပစ်သည်။ ပြီးတော့ တနေ့တွင် သူသာ လျှင် တအိမ်လုံး၏ ကယ်တင်ရှင်ဖြစ်လိမ့်မည်ဟု မှတ်ထင်ထားလေသည်။ အစ်ကို နှစ်ယောက်ကိုတော့ သူ အထင်မကြီးလှပေ။ သူတို့သည် ပညာမသင်သော၊ ပညာကို အထင်မကြီးသော သာမန် အလုပ်သမားတွေပင် မဟုတ်လား။ သူကတော့ ကြိုးစားလိုစိတ် မရှိသည့်တိုင် တက္ကသိုလ်မှ အထက်တန်းပညာကို အထင်တကြီး အမြတ်တနိုးရှိဆဲပင်။
သူ့ပတ်ဝန်းကျင်မှ အပေါင်းအသင်းများသည် ငွေကို ဖောဖော သီသီ သုံးနိုင်သော အထက်တန်းလွှာ သားသမီးများဖြစ်နေခြင်းကလည်း သူ့အတွေးအခေါ်များကို ကျဉ်းမြောင်းစေသည်။ နိုင်ငံရေးကိုလည်း သူ စိတ်မဝင်စား။ ပညာရေးကိုလည်း တက်တက်ကြွကြွ မထားတော့။ အချိန်တန်၍ ဘွဲ့တခုရလျှင် ရရာအလုပ်တခု ဝင်လုပ်ဖို့သာ အာသီသရှိတော့သည်။ သည်တော့လည်း သူသည် သာမန်ကျောင်းသားများထဲမှ ချွန်၍ ထွက်မလာ။
မျိုးထွန်းက ကွေ့ကောက်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးများထက်တွင် ကားစတီယာရင်ကို ဂရုတစိုက်ကိုင်ကာ စိတ်ပန်း လူပန်းအောင် သတိကြီးစွာ မောင်းနေဆဲ၊ အောင်စိုးက နောက်ကျိ အေးစက်နေသော ရေထဲတွင် အင်္ကျီဗလာသော ခန္ဓာကိုယ်ဖြင့် ထန်းလက်ကိုကိုင်ကာ ဘဲများကို မောင်းနေဆဲ၊ အောင်တိုးသည် လူ့ဘဝကို အလေးအနက်မထားသော အပေါင်းအသင်းတစုနှင့် ရုပ်ရှင်ရုံအောက်တွင် နိုင်ငံခြားရုပ်ရှင် ပိုစတာများကို မျက်စိကစား၍ နေလေသည်။
“ကိုတိုး၊ ခင်ဗျားအိမ်က မနေ့က ငွေလာတယ် မဟုတ်လား၊ ဒီပွဲတော့ ခင်ဗျား ဒကာခံဗျာ’
အောင်တိုးက သူ့အိတ်ကပ်ကို မသိမသာ လက်ဝါးဖြင့် ဖိလိုက်သည်။ ကျောင်းလခ မသွင်းသည်မှာ သုံးလရှိပြီ။ စာမေးပွဲနီးပြီဆိုတော့ ကြွေးကျေအောင် သွင်းရတော့မည်။ တယောက်တည်း ရုပ်ရှင်ကြည့်ရန် ထွက်ခဲ့သော်လည်း မျက်စိလျင်သော အပေါင်းအသင်း များက နောက်မှပါလာသည်။
“ပြဆိုရင်တော့ ပြမယ်၊ ဒါပေမယ့် မင်းတို့ ပြန်ပေးရမယ်”
“မင်းကလဲ ယောက်ျားလေး အချင်းချင်းပဲဟာ ပိုက်ဆံစကား မပြောပါနဲ့ကွ”
“ငါ့အမေက မုဆိုးမကွ”
“ဒါပေမယ့် သူဌေးမဟုတ်လား”
“မဟုတ်ပါဘူးကွ”
အောင်တိုးက သူဌေးသား အမည်မခံသော်လည်း ဆင်းရဲ သည်ဟုတော့ အထင်မခံချင်ပေ။
“ကဲပါကွာ ပြန်ပေးဆိုလဲ ပေးပါ့မယ် ပြစမ်းပါ”
သူငယ်ချင်းများအတွက်ပါ လက်မှတ်သုံးစောင် ဆုတ်ရသည်။ အပြန် ဘတ်စ်ကားခကိုလည်း သူပဲ ပေးရသည်။ ကျန်ငွေကိုတော့ သေတ္တာထဲမှာ တရိုတသေ သော့ခတ်သိမ်းလိုက်သည်။ ဒါတောင် နောက်နေ့ အင်းလျားမှာ မိန်းကလေး သူငယ်ချင်းတယောက်နှင့် အကြော်စားဖို့ချန်ရသေးသည်။ သည်အထိတော့ အဆင်ပြေနေသေး သည်။
ညကျတော့ မန္တလေးသား အေးမောင်က စဖောက်သည်။ သူကလည်း အိမ်က ငွေရောက်ကာစ ဖင်တကြွကြွ ဖြစ်နေသည်။ ကိုးနာရီလောက်ကျမှ သူ့ခြင်ထောင်ကို လာမပြီး မရမက ခေါ်သည်။
“လာပါကွ၊ နောက်ဆို စာမေးပွဲနီးပြီ၊ ကစားရမှာ မဟုတ် တော့ဘူး၊ တနာရီလောက်ပါ”
“ဟာ မဖြစ်ဘူးကွ၊ ငါ့ငွေ အလျော့မခံနိုင်ဘူး၊ စာမေးပွဲကြေး ကော ကျောင်းလခတွေပါ သွင်းရမယ်၊ သုံးဖို့တောင် မကျန်ချင်တော့ ဘူး”
“ငါးပြား ဆယ်ပြားကြေးပါကွ၊ မင်းကလဲ”
နောက်ဆုံးတော့ ငွေအနည်းငယ်ဖြင့်ဆိုကာ ခဏတဖြုတ် ထိုင် ဖြစ်သည်။ ကစားရင်းဖြင့် စိတ်ပါလာတော့ ငါးပြားဆယ်ပြားမှသည် တမတ် ငါးမူး ဖြစ်လာသည်။ အိတ်ထဲမှ ငွေနည်းနည်းပါသွားသည် ဆိုလျှင်ပင် စိတ်ကမခံချင်။ သေတ္တာကို ပြေးဖွင့်မိသည်။ တိုးတိုး ကြိတ်ကြိတ် ကစားကြသည့်ကြားက ဝိုင်းက ဇွဲကောင်းလှသည်။ နံနက်လင်းကာနီးမှ သိမ်းဖြစ်သည်။ ငွေလည်း ၃ဝ ခန့် လျော့ သွားသည်။ အမေ့ဆီထပ်မှာလို့လည်း မဖြစ်တော့။ အောင်စိုးပေးလိုက်သည့် ပုဆိုးလတ်လတ်တွေလည်း မရှိတော့။ ယခင်လကပင် အဟောင်း ဈေးကို ရောက်ကုန်ပြီ။
စာမေးပွဲနီးတော့ အောင်တိုး မနေသာ။ တော်ကြာ ကြွေးကျန် ရှိ၍ အောင်စာရင်းမထွက်လျှင် အိမ်ကို ပြောရခက်ပေမည်။ ကျောင်းပိတ်ကာနီးမှ အမေ့ဆီ အရေးတကြီး ငွေထပ်မှာရသည်။ ထုံးစံအတိုင်း စာကိုရှည်ရှည်ရေးသည်။ စာမေးပွဲနီးလို့ အရေးကြီးတဲ့ စာအုပ်တချို့ ထပ်ဝယ်ရတယ်၊ အဆောင်မှာ ဟင်းမကောင်းလို့ အပြင်မှာစားတာ အကုန်အကျ နည်းနည်းများသွားတယ် အမေရယ်၊ အပြန်စားရိတ်လဲလိုသေးတာမို့ ငွေ ၅ဝ လောက် ထပ်ပို့ပေးပါဦးနော်၊ စသည်ဖြင့် စာကို အဆုံးသတ်လေသည်။
တနေ့ကျရင် အမေ့ကို ငါကောင်းကောင်း ကျေးဇူးဆပ်နိုင်မှာပါဟုလည်း ဖြေသိမ့်တွေး တွေးကာ သူ့ကိုယ်သူ အပြစ်တင်လိုသည့် စိတ်ကို ဖျောက်ပစ်လိုက်လေသည်။
+ + +
အမေကတော့ သူ့သားသမီးများထဲတွင် အောင်တိုးသည် ပညာအတော်ဆုံး ဖြစ်သည့်အတိုင်း ထူးချွန်ပြောင်မြောက်သည့် ပုဂ္ဂိုလ် ဖြစ်လာမည်ဟု မျှော်လင့်နေဆဲပင်။ ထို့ကြောင့်လည်း အောင်တိုးက ငွေမှာသည့်အခါ သူမှာသည့် အရေအတွက်ထက်တော့ အမြဲပို၍ ပို့စမြဲပင်။ သို့အတွက် အမေ့မှာ ငွေကို ကုန်း၍ရှာရပြန်သည်။
စီးပွားရေးနယ်မြေတွင် မလည်မဝယ်ခြေချလာသော အမေ သည် ယခုတော့ ငွေရမည့်အကွက်ဆိုလျှင် လက်မလွတ်စတမ်းဖြစ်၍ လာခဲ့ပြီ။ အမေ့ ဈေးရောင်းဈေးဝယ်လုပ်ငန်းသည် ဒိုက်ဦးဈေးထဲ တွင်သာမက ရှမ်းစု၊ ဖောင်တော်သီအထိ၊ ဗျက်ကြီး၊ သုံးခွတို့အထိ ကျယ်ပြန့်၍ လာခဲ့ပြီ။ ဆိုင်မထိုင်ရသည့်နေ့များတွင် အမေ့ခြေများသည် ရွာစဉ်
တလျှောက် လျှောက်ရင်းဖြင့် ကုန်ဆုံးရပြန်သည်။ အမေ့ချွေး တို့သည် သားသမီးတို့အတွက် မျှော်လင့်ချက်ရောင်ခြည်အောက်တွင် စီးဆင်းကုန်ကြလေသည်။
“အပင်ပန်းခံလှချည်လား မယ်မြရယ်၊ တရက်တလေ နားနေ ပါဦးလား၊ နင့်မလဲ”
ဈေးပိတ်ရက်တွင် အပြေးအလွှား ရောက်၍လာသော နှမဖြစ်သူကို ဘကြီးခက်က မသက်မသာကြည့်ကာ ဆိုသည်။ အမေသည် ခေါင်းပေါ်တွင် လျော့ရဲရဲ ခေါက်၍တင်လာသော မျက်နှာသုတ်ပဝါကို ဖြေချကာ နဖူးနှင့် လည်ပင်းတဝိုက်ကို သုတ်ပစ်လိုက်သည်။ မျက်နှာသုတ်ပဝါပေါ်တွင် သနပ်ခါးဝါဝါများက ညိုညစ်ညစ်အသွင် ပြောင်းကာ စွန်းထင်းကုန်သည်။
“မလာလို့မဖြစ်ဘူး အစ်ကိုကြီး၊ ကျွန်မကို ငွေသုံးရာလောက် လှည့်ပါဦး’
အမေက ဘကြီးခက်ကို မရဲတရဲကြည့်ရင်း ပြောလိုက်သည်။
ဘကြီးခက်သည် အစ်ကိုအရင်းတော့ မဟုတ်ပေ။ အဒေါ်များ၏ အိမ်တွင် အတူတကွနေခဲ့ရ၍ မောင်နှမရင်းချာလို အားကိုးခဲ့ရသူသာ ဖြစ်သည်။
“ဟေ အရင်တလောကပဲ နင် ငွေနှစ်ရာယူသွားတာ ပြန်မပေါ် သေးဘူးလား”
ဘကြီးခက်က ဝါးကွပ်ပျစ်ပေါ်မှနေ၍ ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးလိုက်ကာ ပြောသည်။
“မိုးတွင်း မဟုတ်လား အစ်ကိုကြီးရဲ့၊ သီတင်းကျွတ်ရင် အစ်ကိုကြီးငွေတွေ အတိုးရော အရင်းပါ လုံးခနဲရမှာပါ၊ အောင်စိုးဆီ ကလဲ ငွေပြန်မလာဘူးလေ၊ ပြီးတော့ ငတိုးဆီလဲ’
အမေ ရုတ်တရက် နှုတ်ပိတ်သွားသည်။သားဖြစ်သူဆီ ငွေမကြာ မကြာ ပို့ရသည်ကို ဘကြီးခက် မသိစေလိုပေ။ သို့သော် ဘကြီးခက်က ရိပ်မိသွားသည်။
“ပညာသင်တာလဲ သင်တာပေါ့ မယ်မြရယ်၊ ဒါပေမယ့် အသုံးနဲ့ အဖြုန်းတော့ ကွဲပစေနော်၊ နင့်မှာ အိမ်တလုံးသာဆုံးရော ဘာမှ ဟုတ္တိပတ္တိ ဖြစ်မြောက်သေးတာ မဟုတ်ဘူး၊ သားသမီးချည်း အားမကိုးနဲ့၊ ကိုယ့်ဖို့လဲချန်ဦး”
အမေက ဆံပင်ဖြူစပြုနေသော ဘကြီးခက်ကို ငေးကြည့်လိုက် သည်။ ဘကြီးခက်က သူ့အရင် အိမ်ထောင်ကျသွားသည်။ ဇနီးဖြစ်သူ မှာလည်း လယ်သမားသမီးမို့ ဘကြီးခက် လယ်ယာကိုင်းကျွန်းလုပ်ရင်း အသက်မွေးသည်။ သူတို့တွင် သားတယောက် ထွန်းကားသော်လည်း သူ့လိုပင် လယ်သမားသမီးနှင့် အိမ်ထောင်ကျကာ လယ်လုပ်စေသည်။ ရသမျှငွေကို ကျစ်ကျစ်လျစ်လျစ် သုံးစွဲ၍ ဇနီးသည်မရှိတော့သည့်တိုင် သူဒုက္ခမရောက်သေး။ သားကို အားမကိုးဘဲ တယောက်တည်းပဲ ဆိုကာ ကြံပင်၊ အုန်းပင်၊ ငှက်ပျောပင်တို့ စိုက်ကာ အေးအေးလူလူ နေသည်။
အမေ့မှာတော့ အရာရှိ အရာခံနှင့် အိမ်ထောင်ကျခဲ့သော်လည်း အိမ်ထောင်ဘက် ဆုံးပါးတော့ အမေ့လက်ထဲတွင် ငွေတပြားမျှ မရှိ။ အိမ်ရောင်း၍ရသော ငွေမှာလည်း ခွဲကာခြမ်းကာဖြင့် ဆိုင် တလုံးပင် အနိုင်နိုင်။ ဈေးက ရောင်းကောင်းသည့်အခါ ကောင်း သော်လည်း တယောက်တည်းမို့ ထင်တိုင်းမပေါက်။ ပညာသင်ဆဲ သားသမီးများကို ထောက်ပံ့ရသည်နှင့်ပင် အမေရှာဆဲ – ငွေမှာ လောက်ငသည်ဆိုရုံသာ ရှိသည်။ တခါတရံ အဆင်သင့်ခိုက် ကျဈေးနှင့်ရသော ကုန်ကိုပင် ဆိုင်ပေါ် တင်ထားနိုင်အောင် ငွေက မလည်ပတ်လှချေ။ အသက် ၄ဝ ကျော်သာရှိသေးသော အမေ့ရုပ်သွင်မှာ ရင့်ရော်စပြုပြီ။ တောက်ပရွှန်းလဲ့ခဲ့သော မျက်ဝန်းအစုံကမူ အားမာန် အပြည့် ဆောင်ဆဲပင်။
“အားမကိုးရလဲ ကိုယ့်ကုသိုလ်ပေါ့ အစ်ကိုကြီးရယ်၊ ကျွန်မတော့ သူ့အဖေ မရှိပေမယ့် သူ့အဖေလိုပဲ ပညာတတ်တွေ ဖြစ်စေချင်တယ်၊ အကြီးနှစ်ယောက်ကို လက်လွှတ်လိုက်ရပေမယ့် အငယ်တွေကိုတော့ မျှော်လင့်ချင်သေးတယ်”
“အင်း နင်ကလဲ အရာရှိမယားပီပီ မင်းလခစားကို အထင်ကြီး သကိုး ဟဲ့’
“ဒီလိုလဲ မဟုတ်ပါဘူး အစ်ကိုကြီးရယ်”
“ကဲ ကဲ ပိုက်ဆံယူသွား၊ ဒါပေသိ စပါးပေါ်ရင်တော့ လုံးခနဲ ပြန်ရပစေ၊ ငါက ငွေပြန်မြင်မှ ကျေနပ်တာ၊ နောက်မှ ပြန်ယူချင်ယူ၊ အတိုးမလိုပါဘူး၊ ငါ စပါးပေး ပေးရင် အရသားဆိုတာ နင် သိမှာ ပေါ့”
“ဟုတ်ပါတယ် အစ်ကိုကြီးရယ်၊ ကျေးဇူးများလှပါပြီ”
အမေက ဘကြီးခက်ပေးသော ငွေ ၃၀ဝ ကို တုန်တုန်ယင်ယင် လှမ်းယူလိုက်ရသည်။ ဘာပဲ ပြောပြော သည်တခါ ဈေးရောင်း ကောင်းချိန်မှာ မှတ်မှတ်ရရ ပြန်ဆပ်ရမည်။ ဘကြီးခက်သည် ရက်ရောသော်လည်း စည်းကမ်းကြီးသူ ဖြစ်သည်။
ကားလမ်းတလျှောက် လမ်းလျှောက်ရင်း အမေ့စိတ်ထဲမှ ဈေးတွက် တွက်လာသည်။
“ပွဲရုံက ပဲတအိတ်ကို ဈေးကျတုန်းဆွဲထားလိုက်မယ်၊ ဆိုင်မှာ ဆီပြတ်တော့မယ်၊ ထပ်ဖြည့်ထားရမယ်၊ ဟိုကောင်မ ခင်ကြိုင်က သူတပါးမြို့ရွာမှာ စာမေးပွဲသွားဖြေရမှာဆိုတော့ လုံချည်အသစ်လေး ချုပ်ပေးဦးမှ၊ ဒီအတိုင်းဆို ငွေမှ ပိုပါ့မလား၊ ငတိုး ငတိုး မှာတဲ့ငွေ ပို့ရဦးမယ်၊ အင်း ပို့ရဦးမယ်”
အပိုင်း – ၄
ခင်ကြိုင် တက္ကသိုလ်ဝင်တန်း အောင်ခြင်းအတွက် တအိမ်လုံးက ဝမ်းသာကြသော်လည်း ခင်ကြိုင့်မှာတော့ အပြည့်အဝ ဝမ်းမသာနိုင်။ ကျော်စိုး မအောင်သောကြောင့် ဖြစ်လေသည်။ သည်အချိန်မှာတော့ ခင်ကြိုင့်တွင် အချစ်ထက် ပိုမိုလေးနက်သော၊ အရေးကြီးသော အရာဟူ၍ လောကတွင် မရှိပြီ။ ဆယ်တန်းအောင်၍ သူ တက္ကသိုလ် သွားရလျှင်လည်း ကျော်စိုးမပါ၍ သူ မပျော်နိုင်။ ခွဲခွာရမည့်အတွက် စိတ်ပင် ညစ်ရဦးမည်။
ခင်ကြိုင့်နှလုံးကို ပို၍ ထိခိုက်စေရသည်မှာ ကျော်စိုးက သူ့ကို ရှောင်၍ နေခြင်းပင်။ အောင်စာရင်းထွက်ပြီးသည့် နောက်ပိုင်းမှစ၍ သူ့ကို အိမ်ရှေ့ကလည်း မကြည့်တော့။ နောက်ဖေးကလည်း မချောင်းတော့၊ လောကကို အလွန် စိတ်ပျက်လက်လျှော့သည့် မျက်နှာဖြင့် ခပ်တွေတွေ နေနေလေသည်။ ခင်ကြိုင် သူ့ကို အားပေး နှစ်သိမ့်လိုလှသည်။ ကိုယ့်ချစ်သူ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရချိန်ဝယ် သူ့ဘက်မှ ရပ်တည်အားပေးဖို့လိုသည် မဟုတ်လား။ ထို့ကြောင့်လည်း သည်တခါတော့ ခင်ကြိုင် ကိုယ်တိုင်ကပင် နှစ်ယောက်ချင်းတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ သူစိတ်ပျက် အားငယ်နေသည့်အခါမှာ သူ့အလိုကို လိုက်ရပေမည်။ သူငယ်ချင်းတယောက်မှ တဆင့် စာရေးပေး လိုက်ပြီး တွေ့ရမည့်ရက် မရောက်မီက ခင်ကြိုင် ရင်ခုန်နေလေသည်။
ကျော်စိုးနှင့် တွေ့ဖို့ကိစ္စအတွက် ခင်ခင်ဦးနှင့် သဘောချင်း ကွဲလွဲကြရသေးသည်။ ခင်ခင်ဦးနှင့် တိုင်ပင်တော့ ခင်ခင်ဦးက သူ့ကို အံ့သြစွာကြည့်ရင်း တားမြစ်သည်။
“ယောက်မရယ် အတင့်မရဲပါနဲ့၊ မိန်းကလေးဆိုတာ ယောက်ျားလေးနဲ့ ဆိတ်ကွယ်ရာမှာ မတွေ့အပ်ဘူးတဲ့”
စည်းစနစ်ကြီးသော ဖခင်၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းရသူပီပီ ခင်ခင်ဦးက လူကြီးဆန်စွာ သတိပေးသည်။ ဤသည်ကို အချစ်ကို မခံစားတတ်သေးလို့သာဟု ခင်ကြိုင် ယူဆသည်။ သူလဲ ချစ်သူရှိလာသည့် တနေ့တွင် အချစ်ထက် အရေးကြီးတာ ဘာမျှမရှိသည်ကို သဘောပေါက်ပေမည်။
“စကားပြောရုံလေးပါ၊ ငါ သူ့ကို အားပေးချင်လို့သက်သက်ပဲ”
အချင်းချင်းပေမည့် အထင်သေးမည်စိုး၍ မလုံမလဲကာကွယ် လိုက်သေးသည်။ ခင်ခင်ဦးကတော့ သူ့ထက် အမြော်အမြင်ကြီးသူ ပီပီ ဆုံးစအထိ မြင်သည်။
“ဘာပဲဖြစ်ဖြစ် ခင်ကြိုင်ရယ်၊ ကိုယ်တော့ မတွေ့စေချင်ဘူး၊ မိန်းကလေးဆိုတာ ဆူးနဲ့ ဖက်လိုပဲတဲ့”
“အေးလေ၊ ငါ စဉ်းစားဦးမယ်”
တကယ်တော့ စဉ်းစားဦးမည်ဆိုသော်လည်း ခင်ကြိုင့်စိတ်ကမူ တွေ့ဖို့ စဉ်းစားပြီးသား၊ ဆုံးဖြတ်ပြီးသားသာ ဖြစ်သည်။ ထို့ကြောင့် လည်း ခင်ခင်ဦးပါ မသိအောင် ချိန်းလိုက်သည်။
အိမ်ကိုတော့ စာမေးပွဲအောင်သည့် အထိမ်းအမှတ်အဖြစ် သူငယ်ချင်းတွေနှင့် ရုပ်ရှင်ကြည့်မည်ဟု ပြောခဲ့သည်။ မြို့၏ မြောက်ဘက်မှ ဘိုင်းဒါးချောင်းနားအထိ တယောက်တည်း လျှောက်လာခဲ့သည်။ ရင်က ခုန်လှသည်။ ခြေထောက်တို့သည်ပင် မခိုင်ချင်တော့။ တံတားထိပ်မှ ကျော်စိုးက ရပ်စောင့်နှင့်သည်။ ရွာတန်းရှည်မှ သူငယ်ချင်းတယောက်ဆီ သူတို့ သွားကြမည်။ အဝေးပြေးကားလမ်းမ တလျှောက် သူတို့နှစ်ယောက် လမ်းလျှောက်ခဲ့ကြသည်။ ကျော်စိုးက သူ့လက်တဖက်ကို ဆုပ်ထားလေသည်။ စကားမပြောဖြစ်ကြသေး။
ရွာရောက်တော့ သူငယ်ချင်းအိမ်ကို ဝင်သည်။ ကြိုတင်စီစဉ်ထားသည့်အတိုင်း အိမ်တွင် မည်သူမျှမရှိ။ သူငယ်ချင်းက သူတို့ ရောက်တော့ အပြင်ထွက်သွားသည်။ အချစ်ဟူသည်မှာ ရင်ခုန်ခြင်း ပေပဲဟု ခင်ကြိုင်မှတ်ယူရတော့မလို ဖြစ်နေလေသည်။ ခင်ကြိုင်ကတော့ နဂိုကတည်းကရှိသော စေတနာရိုးအတိုင်း ကျော်စိုးကို အားပေးဖို့ စကားစရှာသည်။
“ကိုကျော်စိုး စာမေးပွဲမအောင်လို့ သိပ်စိတ်ညစ်နေသလားဟင်၊ ခင်ကြိုင့်ကို တွေ့ရင်တောင် မမြင်ချင်ယောင် ဆောင်နေတယ် မဟုတ်လား၊ သိပါတယ်’
ကျော်စိုးကမူ ခင်ကြိုင်ပြောသောစကားများထက် ခင်ကြိုင့် မျက်နှာကိုသာ စူးစူးဝါးဝါး ကြည့်နေသည်။
ဓနိမိုးထရံကာ အိမ်လေးထဲတွင် သူ့စိတ်များ ပူလောင်ဆူဝေ နေသည်။ ခင်ကြိုင်ကမူ ကျားရှေ့ရောက်နေသော သမင်ငယ်လို ဘဝကိုမေ့ကာ ချစ်သူမျက်နှာကို တစိမ့်စိမ့်ကြည့်နေသည်။
“ကိုကျော်စိုး မအောင်ပေမယ့် ခင်ကြိုင် စိတ်မပျက်ပါဘူး၊ နောက်နှစ်အောင်မှာပဲ၊ ခင်ကြိုင် စောင့်နေမှာ”
ကျော်စိုးက သူ့ပခုံးလေးများကို ပိုင်စိုးပိုင်နင်း ကိုင်ထားသည် အထိလည်း ခင်ကြိုင် မျက်နှာမပျက်။
“တတ်နိုင်ရင် ခင်ကြိုင်က ဒီနှစ်တောင်မသွားသေးဘဲ ကိုကျော်စိုး ကို စောင့်ချင်တာ”
“မလိုပါဘူး ခင်ကြိုင်ရယ်”
“ကိုကျော်စိုးကလဲ ခင်ကြိုင်ပြောတာ စိတ်မဝင်စားသလိုပဲ”
“စိတ်ဝင်စားပါတယ်”
“စိတ်ဝင်စားရင်လဲ စကားလေးဘာလေး ပြန်ပြောပါဦး၊ တကတည်း လူကိုပဲ စားတော့ ဝါးတော့မလို ကြည့်နေတာပဲ”
ကျော်စိုးက ခင်ကြိုင့် လက်မောင်းအိုးလေးကို အားမလို အားမရ ဖျစ်ညှစ်လိုက်သည်။
“ပြောစရာစကားတွေ မေ့ကုန်ပြီ”
ကျော်စိုးမျက်နှာကို ကြည့်ကာ ခင်ကြိုင် ကြောက်သလိုလို ဖြစ်လာလေသည်။ ခင်ခင်ဦးပြောသော စကားများကိုလည်း သတိရ လာသည်။ ကျော်စိုးကလည်း အမူအရာက ပျက်လာသည်။ သည်တော့ ခင်ကြိုင်လည်း အခြေအနေကို အထိတ်တလန့် ဖြစ်ရသည်။
“ကိုကျော်စိုးရယ်၊ တခါတလေ တွေ့ တောင့်တွေ့ခဲ စွန့်စွန့် စားစား တွေ့ ရတာကို ပြောစရာရှိတာ အားရအောင်ပြောထားပေါ့”
ကျော်စိုးကမူ သူ့ကို တိုး၍ပင် ဖက်လိုက်သည်။
“ကိုယ် ဘာမှ မပြောချင်ဘူး ညီမရယ်”
“ဒီလိုဆိုလဲ ပြန်ကြရအောင်လေ”
ကျော်စိုးက ခေါင်းကို ခါပြသည်။ ခင်ကြိုင့် နှုတ်ခမ်းများလည်း တစစ ငြိမ်သက်ကာ စကားမပြောဖြစ်တော့။ အဆုံးစွန်သော အခြေအနေကို
မရောက်ရန် ခင်ကြိုင် ကာကွယ်နေရသည်။ နောက်ဆုံးတော့ ကျော်စိုးကို သူ တောင်းပန်ရတော့သည်။
“ခင်ကြိုင့်ကို သနားပါ ကိုကျော်စိုးရယ်၊ အမေတို့ အစ်ကိုတို့ သိရင် ခင်ကြိုင့်ကို သတ်မှာ၊ အခုလောက် လိုက်လျောတာတောင် လွန်လှပါပြီ”
“ဟင့်အင်း၊ ခင်ကြိုင့်ကို ပြန်မလွှတ်ချင်တော့ဘူး”
“အို ဘယ်ဖြစ်မလဲ ကိုကျော်စိုးရယ်”
“ကိုယ်တို့ တခါတည်း ယူလိုက်ကြရအောင် ညီမရယ်”
“အို မဖြစ်နိုင်တာ၊ ပြန်ကြရအောင်”
ခင်ကြိုင် ထိတ်ထိတ်ပျာပျာ ဖြစ်ရလေပြီ။ ကျော်စိုးကမူ ခင်ကြိုင့်ကို တကယ်ပင် ပြန်မလွှတ်ချင်တော့ဟန်ဖြင့် အလွတ်မပေးတော့။
“မပြန်ပါနဲ့တော့၊ ဒီမှာပဲနေပြီး ရုံးမှာ လက်မှတ်ထိုးပြီး ယူလိုက်ကြမယ်လေ”
တကယ်တမ်း ပြောလာသောအခါ ခင်ကြိုင် တကယ်မယူချင်သေး။ တကယ်တော့ သူ့စိတ်က လှုပ်ရှားခဲ့ခြင်းသာပဲ။ သူက စိတ်ကူးယဉ်၍ စိတ်လှုပ်ရှားနေရသည်ကိုသာ အရသာခံလိုခြင်း ဖြစ်သည်။ အိမ်ထောင်သားမွေး ပြုလိုစိတ်မူ သူ့တွင် မရှိသေး။ ကျော်စိုးက တကယ်ပြန်မလွှတ်မှာကို သူကြောက်၍ လာလေသည်။
“ခင်ကြိုင် တက္ကသိုလ်ရောက်ရင် ကိုယ့်ကို မေ့သွားမှာပါ၊ ပြီးတော့ ခင်ကြိုင်က ခုသာ ကိုယ့်ကိုချစ်တာ၊ တကယ်တမ်းကျတော့ ခင်ကြိုင် အနစ်နာ မခံနိုင်ပါဘူး၊ ခင်ကြိုင်က မာနသိပ်ကြီးခဲ့တာ ကိုယ်သိသားပဲ”
ကျော်စိုး၏ မျက်နှာသည် တစတစ ရဲတင်း ပိုင်စိုး၍ လာလေသည်။ ခင်ကြိုင် မျှော်လင့်သလို ချစ်သူမျက်နှာသည် ရင်ခုန် လှိုက်မောဖွယ်ရာ၊ အေးချမ်းဆိတ်ငြိမ်ရာသက်သက် မဟုတ်တော့ပါပေ။ ပိုင်ဆိုင်လိုခြင်း၊ အနိုင်ကျင့်လိုခြင်း၊ သွေးသားတောင့်တခြင်းတို့ဖြင့် ကြောက်မက်ဖွယ်၊ စက်ဆုပ်ဖွယ်ရာများ ပေါင်းစည်းနေဟန်ကို မြင်ရ လေသည်။ ရင်ခုန်ရသည်ထက် ကြောက်ရွံ့ ရ၍ ခင်ကြိုင် အသားများ တဆတ်ဆတ် တုန်လာခဲ့သည်။
“ခင်ကြိုင် မာနမကြီးလို့ ကိုကျော်စိုးအချစ်ကိုလက်ခံခဲ့တာပဲ၊ အခုတော့ ပြန်လွှတ်ပါ အစ်ကိုရယ်၊ ခင်ကြိုင်တို့ ပညာပြည့်စုံရင် လက်ထပ်ကြတာပေါ့နော်”
ယခုတော့ ခင်ကြိုင်ကပင် အမြော်အမြင်ကြီးစွာ ပြောပြ တောင်းပန်နေရသည်။ ကျော်စိုးသည် အားကိုး အထင်ကြီးထိုက်သော လူငယ်တယောက်ဟု ထင်ခဲ့မိသည့် အမှားကိုလည်း နောင်တရမိ သည်။ စိတ်လှုပ်ရှားစွာ အချစ်ကို ယုံမှားခဲ့သော်လည်း တကယ်တမ်း သူ့ဘဝ အဆုံးရှုံး အနစ်နာခံရမည်ကို မလိုလားပေ။ ပညာသင်ချင်စိတ်၊ အဆင့်အတန်းမြင့်ချင်စိတ် ဟူသော အလိုဆန္ဒလေးများက ခင်ကြိုင့် အသိတရားကို လာရောက်ရိုက်ခတ်လေသည်။
ကျော်စိုးကမူ မစားရသည့်အမဲ သဲနှင့်ပက်မည့်ပုံတည်း။ မင်းသားမျက်နှာဖုံးသည် ကွာကျခဲ့လေပြီ။ ကျော်စိုးက ခင်ကြိုင့်ကို တကယ်ပင် ပြန်မလွှတ်တော့ရန် ဆုံးဖြတ်ထားဟန်တူသည်။
အမှောင်သည် တစတစ စိုးမိုးလာ၏။ ခင်ကြိုင့်မှာလည်း တောင်းပန် တိုးလျှိုးရ၊ ငြင်းဆန်ချော့မော့ရ၍ မောလှပြီ။ သည်တခါ အဆုံးအဖြတ်မှားခြင်းသည် ဘဝတခုလုံး ပြောင်းလဲသွားနိုင်သည်ကို ခင်ကြိုင် သိနေသေးခြင်းသည် ကံကောင်းခြင်းပင် ဖြစ်သည်ဟု ဆိုရပေမည်။
နောက်ဆုံးတော့ ကျော်စိုးကို ခင်ကြိုင်က ဗြောင်ငြင်းပစ်ရသည်။
“ခုချိန်မှာတော့ ကျွန်မ ဘယ်နည်းနဲ့မှ ယောက်ျား မယူနိုင်သေးဘူး ကိုကျော်စိုး၊ ကျွန်မ ရှင့်ကို ချစ်သလို အထင်လဲကြီးခဲ့လို့ ခုလို နှစ်ယောက်ချင်းတွေ့ခဲ့တာ၊ တကယ်တော့ ကျွန်မ ပညာသင်ချင်သေးတယ်၊ ကျွန်မကို ချစ်ရင် စာနာဖို့ ကောင်းပါတယ် ကိုကျော်စိုးရယ်၊ ခုတော့ ကိုကျော်စိုးသဘောထားက
မမှန်ကန်ပါလား၊ အပြင်မှာသိပ်မှောင်နေပြီ၊ ကျွန်မ ပြန်ပါရစေ”
မိန်းကလေးတယောက်က သည်မျှ ငြင်းဆန်နေပြီဆိုတော့ ကျော်စိုးသူငယ်ချင်းကလည်း မနေသာတော့။
“သူမနေချင် ပြန်ပို့လိုက်ပါကွာ၊ တော်ကြာ အိမ်က လူကြီးတွေ ပြန်လာရင်လဲ မကောင်းဘူး၊ အစကတော့ မင်းတို့ နှစ်ဦးသဘောတူတခါတည်း ယူကြမယ်ဆိုလို့ ငါခေါ်ခဲ့တာ”
ကျော်စိုး မျက်နှာပျက်ရပြီ။ ခင်ကြိုင့်ကိုလည်း ဟန်မဆောင်နိုင်ဘဲ ဒေါသဖြင့်ကြည့်လေသည်။
“ငါ မင်းအချစ်ကိုယုံခဲ့လို့ အရှက်ကွဲရတာ၊ ငါ မလိုက်တော့ဘူး၊ မင်းဟာမင်း ပြန်တော့”
“ဟေ့၊ မင်းဒီလိုတော့ မလုပ်နဲ့၊ သူ့မှာ အစ်ကိုတွေ မောင်တွေ ရှိသေးတယ်၊ မင်းလိုက်မပို့ရင် ငါ ပြန်ပို့ရမယ့်ဝတ္တရားရှိတယ်”
သူငယ်ချင်းနှစ်ယောက်ပင် တင်းမာစ ပြုလာသည်။
“ဘယ်ကောင်မှ ငါဂရုမစိုက်ဘူး၊ ငါ သူ့ကိုလည်း စော်ကားတာ မဟုတ်သေးဘူး၊ လက်ထပ်ကြရအောင် တောင်းပန်နေတာ သူ့ကို ချစ်လို့”
“တော်တော့ကွာ”
ခင်ကြိုင်သည် မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ သူ့အမှားအတွက် အရှက်ကြီးစွာ ငိုချလိုက်လေသည်။ သူ့ အတွေးကတော့ ချစ်သူနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံပြီး အချိန်တန်လျှင် အိမ်ပြန်ဖို့ပင်။ ရင်ခုန်ဖွယ်အချိန်ကလေးကို ပျော်ရွှင်စွာ အဆုံးသတ်ဖို့ပင်။ ဤသို့လျှင် အကျပ်ကိုင်တောင်းဆိုခြင်း ခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
“သူ လိုက်မပို့လဲနေပါစေ၊ ကျွန်မ ပြန်ရဲပါတယ်၊ ခုချိန်ဆို အမေက စိတ်ပူနေမှာ၊ သူနဲ့ ပြန်သွားတာမြင်ရင်လဲ ကျွန်မကို သတ်လိမ့်မယ်”
“ဟာ တယောက်တည်း ဘယ်ဖြစ်မလဲ၊ ကျွန်တော် အဖော် ထည့်လိုက်မယ်”
ခင်ကြိုင့်မှာ ကံကောင်းထောက်မ၍ စောစီးစွာ အိမ်ထောင် မကျဖြစ်ဘဲ ပြန်လာခွင့်ရခဲ့သည်။ ကျော်စိုး မျက်နှာကို သူလှည့်မကြည့်ဝံ့တော့။ ကြည့်လည်း မကြည့်ချင်တော့။ အချစ်ကို အေးချမ်းလိမ့်မည်ဟု ထင်ခဲ့ရာမှ ပူလောင်သော အလိုရမ္မက်များကို မြင်ရ၍ သူမ စိတ်က နာကျည်းသွားသည်။
မြို့ထဲရောက်တော့ လမ်းမီးများပင် လင်းစပြုနေလေပြီ။
+ + +
ခင်ကြိုင်၊ မိခင်ကြိုင် ဒုက္ခပေးလှသည်။ ဒီကောင်မလေး ဒီလောက် မိုက်မည်ဟု မထင်ခဲ့။ ဒီလောက် အစဉ်းစားဉာဏ်နည်းလိမ့်မည်ဟု မထင်ခဲ့။ ဒီလောက် မအေကို ဒုက္ခပေးလိမ့်မည်ဟု မထင်ခဲ့။
သူ စာမေးပွဲအောင်တော့ အမေ့မှာ ဝမ်းသာလိုက်ရသည့် ဖြစ်ခြင်း။ အစ်ကိုတွေ မောင်တွေကလည်း ဝမ်းသာကြသည်မှာ မပြောနှင့်။ မိန်းကလေးမို့ ပညာသင်စရာမလိုဟူသော အတွေးမျိုး အမေတို့တွင် မရှိ။ မိန်းကလေးပဲ ကြိုးစားလျှင် ထူးချွန်သည်သာ။ ရှားရှားပါးပါး သမီးမိန်းကလေး ဆရာဝန်မကြီး ဖြစ်သွားလျှင် အမေ ဂုဏ်ယူမဆုံး ဖြစ်ရဦးမည်။ ယခုတော့ အမြော်အမြင် နည်းလှသည့် မိန်းကလေးပေပဲ။
သူငယ်ချင်းတွေနှင့် ရုပ်ရှင်သွားကြည့်မည်ဆိုကာ ဆိုင်တွင်ဝင်၍ ပိုက်ဆံတောင်းသွားသေးသည်။
တခါတရံ ပျော်ရွှင်ပါစေဟူသော သဘောဖြင့် စောစောပြန်လာဖို့ပင် မမှာလိုက်မိ။ အမေ ဈေးသိမ်း၍ ပြန်လာတော့ သူပြန်မရောက်သေး။ စိတ်ကတော့ အထင့်လိုက်မိသား။ တစထက်တစ မှောင်စပျိုးလာသည်နှင့်အမျှ စိုးရိမ်စိတ် များက အမေ့တွင် လျှံတက်လာသည်။ သမီးမိန်းကလေး တယောက် အနေနှင့် အမှောင်ထု စိုးမိုးချိန်မှာ အိမ်ပြန်မရောက်သေးခြင်းသည် စိုးရိမ်ဖွယ်ပင်။ ပြီးတော့ အမေ့စိတ်က မဖြစ်ပါစေနှင့်ဟု ဆုတောင်း မိသည့်ကြားက ခြေရင်းအိမ်ကို ကဲ၍ ကြည့်မိသေးသည်။ ဟိုသူငယ်လေးကော အိမ်တွင် ရှိရဲ့လားမသိ။
အမေတို့မှာ ဈေးရောင်းစားရသည့်မုဆိုးမအိမ်မို့ တဖက်က အနည်းငယ် တင်စီးချင်သည်။ ထို့ကြောင့်အမေက အဆက်အဆံ သိပ်မလုပ်ချေ။ မေးထူးခေါ်ပြောလောက်သာရှိသည်။ ပြီးတော့ ကျော်စိုးဆိုသည့် ကောင်လေးကိုလည်း ကြည့်မရလှချေ။ ယခုတော့ အမေသည် သမီးအတွက် ရတက်မအေးသောစိတ်ဖြင့် တဖက်အိမ်ကို မသိမသာ အကဲခတ်ကာ စောင်းငဲ့ကြည့် ရသည်။ မိသက်ကိုခေါ်၍လည်း တိုးတိုးကြိတ်ကြိတ်မေးရသည်။
“နင့်အစ်မ ဘာပြောသွားလဲ မိသက်”
အမေ မျက်နှာပျက်နေသည်ကို ကြည့်၍ မိသက်လည်းရောယောင်ကာ ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။
“ဘာမှ မပြောဘူး၊ ဘာဖြစ်လို့လဲဟင် အမေ”
“ဘာမှ မဖြစ်ပါဘူး၊ ဒါနဲ့ညည်း ဟိုဘက်အိမ်ကကောင်လေးကို သိလား၊ ကျော်စိုးဆိုတာ”
မိသက်က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သေးသည်။
“မမခင်ကြိုင့် ရည်းစားလားဟင်”
အမေ မျက်လုံးပြူးသွားသည်။
“အမယ် ညည်းက ဘယ်လိုလုပ်သိ”
“မမခင်ကြိုင့်ဆီမှာ စာတွေရှိတယ် မေမေရဲ့”
အမေ သတိရသွားသည်။ ခင်ကြိုင်တို့ညီအစ်မ အခန်းထဲဝင်ကာ စာတွေကို ရှာသည်။ သမီးမိန်းကလေး၏ တာဝန် မည်မျှကြီးမား ကြောင်း၊ ယခုလို စိတ်ကစားတတ်သည့် အရွယ်မှာ မျက်ခြည် မပြတ်သင့်ကြောင်းကို အမေနားလည်သော်လည်း အမေ့မှာ စီးပွားရေးကို တဖက်က လုံးပန်းရသေး၍ မအားနိုင်။ ဂရုမစိုက်နိုင်။ ခင်ကြိုင့် သေတ္တာထဲမှ စာများကိုရှာရင်း အမေ့ရင်က တဆတ်ဆတ် ခုန်လာသည်။ “သမီးတော့ ချစ်သူနဲ့ ခိုးရာလိုက်သွားပါပြီ” ဟူသော စာမျိုးဖတ်ရမှာ ရင်ထိတ်လှသည်။ သို့သော် ခင်ကြိုင့်သေတ္တာထဲမှာ မည်သည့်စာမျှ မတွေ့။ လုံလုံခြုံခြုံ သိမ်းထားပေမည်။ အခန်းထဲက ထွက်လာပြီးမှ သတိရကာ အခန်းထဲပြန်ဝင်လာပြီး အဝတ်အစားတွေစစ်ကြည့်သေးသည်။ လက်ရာပျက်သည်ကို မတွေ့ရ။ လင်နောက်လိုက်သွားတာတော့ မဟုတ်တန်ရာပါဘူးဟု စိတ်ထဲက ဖြေလိုက်ရသည်။
ဘာကြောင့်များ ဒီအချိန်အထိ ပြန်မလာတာပါလိမ့်။ သူငယ်ချင်း တွေနှင့် စကားပြောနေ၍ပဲလား၊ ခင်ခင်ဦးဆီများ ရောက်နေမလား။
“မိသက် အိမ်မှာခဏနေခဲ့၊ ကောင်းကောင်းနေနော်၊ ငါ ခင်ကြိုင့် သူငယ်ချင်း ခင်ခင်ဦးဆီ သွားလိုက်ဦးမယ်”
“မမခင်ကြိုင် ဘာဖြစ်လို့လဲ အမေ”
“ဘာမှ မဖြစ်ပါဘူး၊ သွားတာကြာလို့ လိုက်ခေါ်မလို့”
သုတ်သီးသုတ်ပျာဖြင့် အမေထွက်ခဲ့ရပြန်သည်။
တနေကုန် ဈေးရောင်း၍ ချွေး မကျခဲ့သော အမေသည် သမီးဇောကြောင့် ချွေးစေးများပြန်လာသည်။ အမေ့ခြေလှမ်းတို့သည်လည်း မြေပေါ် မကျတော့။ ခင်ခင်ဦးဆီ ရောက်ပြန်တော့ မြို့ပိုင်အိမ်မို့ ရုတ်တရက် မဝင်ရဲ။ ဧည့်သည်များနှင့် စကားပြောနေသော ခင်ခင်ဦး အဖေက အပေါက်ဝတွင် ရပ်နေသော အမေ့ကို ရုတ်တရက် မြင်သွားသည်။
“ဘာကိစ္စလဲ အဒေါ်ကြီး’
“ဟို ကျွန်မ ဒီကသမီး ခင်ခင်ဦးနဲ့ တွေ့ချင်လို့ပါ”
“ခင်ခင်ဦးနဲ့ တွေ့ချင်လို့၊ ဘာကိစ္စလဲဗျ”
“ဟိုလေ၊ ကျွန်မသမီးလေး အဲ ခင်ခင်ဦးသူငယ်ချင်း မခင်ကြိုင်လာသလားလို့ပါ”
“ဪ ဪ၊ မခင်ကြိုင်လေး အမေလား၊ ထိုင်ပါ ထိုင်ပါ၊ သမီးရေ’
မိခင်ကြိုင်တို့ကြောင့် သူများအိမ်မှာ ဘယ်လောက် မျက်နှာ ငယ်ရသလဲဟု တွေးကာ အမေ ဒေါပွမိပြန်သည်။ ခင်ခင်ဦးကအမေ့ကိုမြင်တော့ မျက်စိမျက်နှာ ပျက်သွားသည်။ အမေကလည်း ပို၍ စိုးရိမ်စိတ်ဝင်သွားသည်။
“လာ အမေ လာလာ’
ခင်ခင်ဦးက သူ့အဖေ မမြင်သာသော နေရာသို့ ခေါ်သွားသည်။
“ဘာဖြစ်လို့လဲ အမေ”
“မိခင်ကြိုင်လေ အိမ်ပြန်မရောက်သေးလို့၊ ဒီကို မလာဘူးလား၊ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်မယ် ပြောတာပဲ”
“ဟင့်အင်း၊ မလာဘူး အမေ၊ ရုပ်ရှင်လဲ မကြည့်ကြဘူး၊ သူ့ အတန်းဖော်တွေနဲ့များ ကြည့်မလားတော့ မသိဘူး”
ပြောသာပြောရသည်၊ ခင်ကြိုင် ကျော်စိုးနှင့် သွားတွေ့ပြီကို ခင်ခင်ဦး တွေးလိုက်မိပြီ။ ဒီအချိန်အထိ ပြန်မလာတာတော့ ဘာကြောင့်ရယ်မသိ။ သည်လောက်တော့လည်း မိုက်မဲမည်မထင်။ သို့သော် မပြောနိုင်။ ခင်ကြိုင်က လုပ်မိရင် တဇွတ်ထိုး။
“မသိပါဘူး သမီးရယ်၊ သူဘာများ ပြောဖူးသေးလဲ၊ ဟိုကောင် လေးဟာ”
သူ့သမီးနှင့် ရွယ်တူ ရှေ့တွင်ပင် သမီးမိုက်အကြောင်း ပြောရသည်ကို ရှက်မိသေးသည်။
ခင်ခင်ဦးကလည်း ပြန်ပြောသင့် မပြောသင့် စဉ်းစားနေသည်။ ခင်ခင်ဦး စဉ်းစားနေသည်ကို မြင်ရမှ အမေ့ရင်က ပို၍ ပူသွားပြန်သည်။
“ပြောစမ်းပါကွယ်၊ အမေ့ရင်မှာ ပူလှပြီ၊ ဒီကောင်မလေး ဘာတွေ လျှောက်လုပ်သွားပြီလဲ”
“ဟို ဘာမှတော့ လုပ်မယ်မထင်ပါဘူး ဒါပေမယ့် သူတခုတော့ ပြောဖူးတယ် အမေ”
“ဘာပြောလဲ”
“ကိုကျော်စိုးနဲ့ ချိန်းတွေ့မလို့တဲ့”
“မြတ်စွာဘုရား ဖြစ်မှ ဖြစ်ရလေ”
အမေက ရင်ကို ဖိလိုက်သည်။ ငယ်ထိပ်ကို မြွေပေါက်သလို ဟူသော ခံစားမှုမျိုးကိုလည်း ခံစားလိုက်ရသည်။ မျက်စိများပင် ဝေလာသည်။
“ဘယ်မှာ သွားချိန်းတွေ့သတဲ့လဲ”
“အဲဒါတော့ ခင်ခင် မသိဘူး၊ ခင်ခင်က မတွေ့သင့်ဘူးလို့ ပြောလိုက်လို့ မတွေ့တော့ဘူးဆိုပြီး ပြောတာပဲ”
“အင်း ခက်ပါတယ်ကွယ်၊ ဘယ်လိုက်ရမှန်းမသိ၊ ကဲ ကဲ သမီး မိဘတွေလဲ တမျိုးထင်နေမယ်၊ သွားတော့မယ်ကွယ်”
“ဟုတ်ကဲ့ အမေ ဟုတ်ကဲ့၊ မနက်ကျရင် ခင်ခင်လာခဲ့ပါ ဦးမယ်”
အမေ့ရင်မှာ ပူလောင်စွာဖြင့် ပြန်လာခဲ့ရသည်။ မိန်းကလေးတယောက် အိမ်ထောင်သားမွေးပြုသည်မှာမဆန်း။ သို့သော် အရွယ် မရောက်ခင် အညွန့်တလူလူတက်ဆဲမှာ ဦးကျိုးသွားမည့်အရေးကို တွေးပူမိသည်။ အမေတို့မှာ ပညာသင်ခွင့်မကြုံ၍ ဘဝဟူသည်ကို မိန်းမတို့၏ အိမ်မှုဆောင်တာ အမှုကိစ္စများတွင် မြှုပ်နှံခဲ့ရသည်။ လင်ယောက်ျားကို ပြုစုခြင်းနှင့် သားသမီးမွေးမြူခြင်းကိုသာ ရေးကြီး ခွင်ကျယ် ပြုခဲ့ရသည်။ သမီး ခင်ကြိုင်တို့ကို သည်အဖြစ်မျိုးမှ ခွဲထွက်နိုင်အောင် လမ်းကြောင်းပေးခဲ့ပါလျက် မိုက်မဲလေခြင်း။ နောက်မှကြုံရမည့် ဒုက္ခကို ဒင်းဘာကြောင့်များ အလျင်စလို ကြုံချင်ရပါလိမ့်။
နီကျင်ကျင် လမ်းဓာတ်မီးတိုင်အောက်တွင် အဆီပြန်သော မျက်နှာဖြင့် အမေ ပြန်ခဲ့ရသည်။ ခင်ကြိုင် သည်ည ပြန်မလာလျှင် ဘာမျှ မတတ်နိုင်တော့။ မိန်းမဆိုတာ အိုသွားလျှင် ပြန်ပျိုလာနိုင်တော့သည် မဟုတ်။ တညတာ အိမ်မှပျောက်သွားသော မိန်းကလေးတယောက်၏ တန်ဖိုးကို မည်သည့်အတိုင်းအတာနှင့် ပြန်ဆယ်ယူ နိုင်ပါမည်နည်း။
အိမ်ရှေ့ကပြင်ပေါ်သို့ မောဟိုက်စွာ တက်လိုက်သည်။ ဖိနပ် တစုံကို မြင်လိုက်ရ၍ ရင်တွင် ဒိန်းခနဲဖြစ်သွားသည်။ အမေ အိမ်ပေါ် အပြေးတပိုင်းတက်လိုက်သည်။ အခန်းထဲတွင် ခင်ကြိုင် ရောက်နေပြီ။
“ဟဲ့ သမီး မိခင်ကြိုင်၊ အမယ်လေး ညည်းဘယ်သွားနေတာလဲ”
အမေ့အသံက ငိုသံပါနေသည်။ အမေ့မျက်နှာသည်လည်း မမြင်ဖူးလောက်အောင် စိတ်၏ ပင်ပန်းခြင်း၊ လူ၏ ပင်ပန်းခြင်းတို့ ခံစားနေရပုံကို ခင်ကြိုင် မြင်လိုက်ရသည်။ ခင်ကြိုင့်ရင်မှာ နင့်သွားသည်။ အမေ့ကို ပြေးဖက်ကာ ငိုချလိုက်သည်။
“ဒုက္ခပေးလှချည့်လား မိခင်ကြိုင်ရယ်၊ ငါ့ရင်ထဲမှာ နေဆယ်စင်းလို ပူရတယ်ဟဲ့”
အမေကပါ မချုပ်တည်းနိုင်ဘဲ ငိုချလိုက်လေသည်။
+ + +
သံတံတားချောင်းသည် တဝေါဝေါစီးဆင်းလျက်ရှိသည်။ ညိုညစ်သော တောင်ကျရေများသည် ကမ်းပေါ်သို့ လျှံတက်စပြုနေပြီ။ သည်နှစ် ရေကြီးဦးမည်။
အောင်စိုး မျှော်လင့်သလိုပင် သည်မိုးမှာ သူ့ဘဲတွေ ဥတက် လာသည်။ ရေနှင့် အစာနိုင်၍ ဥတွေကလည်း ကြီးသည်။ ငွေပေါ် တုန်းမှာ နောက်ထပ် ဝက်ပေါက်လေးနှစ်ကောင်လောက် ဝယ်ထားချင်သည်။ ခေါင်မိုးပေါ်တင်ထားသော ဘူးကလည်း ဖြစ်ထွန်းသည်။ သရက်ပင်ကတော့ ပိုးအနည်းငယ်ကျနေသည်။ အားလုံးခြုံလိုက်လျှင် အခြေအနေမဆိုး။ အမေ့ဆီမှ တတိတတိနှင့်ယူထားသော ငွေကလည်း မနည်းတော့ပြီ။ အမေ့ကို ငွေနည်းနည်း ပြန်ပေးမည်။ တဲကို ဓနိ ထပ်မိုးဖို့ကိစ္စ ရွှေ့လက်စနှင့် ရွှေ့ရတော့မည်။ ယိုင်နဲ့နေသော တိုင် အချို့တို့သာ မလဲမဖြစ် လဲရမည်။ ပြီးတော့ အကွက်မပေါ်တော့ဘဲ နံစော်လှပြီဖြစ်သော ပုဆိုးနှစ်ထည်ကို စွန့်ပစ်ကာ အသစ်တတည် လောက်တော့ ဝယ်ရမည်။
မြို့ထဲထွက်၍ ဘဲဥသွားသွင်းလျှင်တော့ ဝတ်စရာရှိမှ ဖြစ်မည် မဟုတ်လား။
တဝေါဝေါစီးဆင်းနေသော ချောင်းရေထဲတွင် ဘဲများ ရွှင်မြူးစွာ ကူးလူးနေကြသည်။ ရှည်လျားသော ဝါးလုံးထိပ်တွင် အဝတ်စချည်ကာ တရှဲရှဲ မောင်းပေးနေရသည်။ သူတဦးတည်း လွတ်လွတ်လပ်လပ် ရှိနိုင်မည့်အချိန်ကို ရွေးလာသည့်တိုင် သူ့ဘဲတွေချပြီး ခဏအကြာမှာ တဖက်ခြံမှ ကြင်တိတ်ဘဲတွေ ချလာသည်။ ဒီကောင် သက်သက် ညစ်တာပဲ။ ပြီးလျှင် ဘဲချင်းရောပစ်မည်။ ပြန်တင်သည့်အခါ ဒီက ကောင်တွေ သူ့ဘက် တကောင်စ နှစ်ကောင်စ ပါသွားလည်း မနည်းဟူသော အကြံနှင့်။ ဘဲချင်းတူပေမည့် အောင်စိုးဘဲက အစာ ကောင်းကောင်းကျွေးထား၍ တက်နေသည့် ကောင်ကြီးတွေ။ ကြင်တိတ် ဘဲတွေက ကျစပြုနေပြီ။ ဒီကောင် သိပ်လူပါးဝသည့် အကောင်။
ဈေးကွက်ကျတော့လည်း အကြံစုတ်ပဲ့သေးသည်။ အောင်စိုးက တရုတ်တန်း ဘဲဥတိုက်မှ ဘဲစာယူသည်။ ကြင်တိတ်က မင်းလမ်း တိုက်မှ ယူသည်။ ဘဲဥကို ကိုယ်ယူထားသည့်တိုက် ကိုယ်ပြန်သွင်း ရသည်။ တိုက်များကသာ တက်ဈေး ကျဈေး ညှိပြီးသား။ ပြဿနာမရှိ။ သို့သော် ကြင်တိတ်က ညာသည်။ ရှစ်ကျပ်ဈေးရသော်လည်း ရှစ်ကျပ်ခွဲရသည်ဟု ဖြီးသည်။ အောင်စိုးက မခံချင်၍ သူ့သူဌေးကို ပြောတော့ သူဌေးက မဖြစ်နိုင်ဘူးဟု ငြင်းသည်။ အောင်စိုးက သူဌေးကို မယုံ။ ဘဝတူချင်း ပြောသည်ကိုသာ ယုံသည်။ ထို့ကြောင့် သပိတ်မှောက်ပြီး သူ့ဘဲဥတွေ မသွင်းဘဲ စုထားသည်။ ကြင်တိတ်က သူ့တိုက်မှာသွင်းပေးမည်ဟု ယူသွားပြီးမှ “ဒီနေ့မှ ကျဈေးမိသွားတယ် ကွာ”ဟု ဆိုကာ အမှန်အတိုင်း ရှင်းပေးလေသည်။ အောင်စိုးမှာ သူ့တိုက်က ငြိုငြင်၍ ဘဲစာအကြွေးမပေးဘဲထားသည်ကိုသာ ခံလိုက်ရ တော့သည်။
ပြီးတော့ ဘဝတူအချင်းချင်း အမျိုးမျိုး အနိုင်ကျင့်သေးသည်။ ဘဲစာချေးပြီး ပြန်မပေးဘဲ နေပေါင်းများပြီ။ တခါကလည်း ဝက်ပေါက်မတကောင်ကို ဈေးချောင်ချောင်နှင့်ရမည်ဆိုကာ ငွေယူ သွားပြီး သူက လှည့်သုံးနေသည်။ နောက်မှ သူများဦးသွားပြီဟုဆိုကာ ငွေပြန် ပေးလေသည်။
အောင်စိုးအလှည့်ကျတော့ သူက မကူချင်။ အောင်စိုး တဲကို တိုင်များလဲချင်နေသည်။ ဝါးဈေးကောင်းနေ၍ ကျဈေး စောင့်နေရ သည်။ ကြင်တိတ်ဆီမှာ ဝါး ၂ဝ ခန့်တွေ့၍ ခဏလှည့်ပါဆိုသော်လည်း ဟိုလိုသည်လိုနှင့် ယောင်ဝါးဝါး လုပ်နေသည်။
အောင်စိုးက ကြင်တိတ်ဘဲတွေနှင့် အရောမခံနိုင်၍ သူ့ဘဲတွေကို စောစောသိမ်းကာ တက်ခဲ့သည်။ ခြံဝတွင် မကြူးနှင့် တွေ့ရလေသည်။ မကြူးသည် သူ့သားလေးကို လက်ဆွဲကာ ချောင်းစပ်မှ ကျောက်ပြားပေါ်သို့ အဝတ်ဟောင်းတထုပ်နှင့် ရောက်လာသည်။ မကြူးက သူ့ကို နှစ်လိုသောအသွင်ဖြင့် ပြုံးပြသည်။ ပုဆိုးတိုတိုအောက်မှသူ့ခြေသလုံးတုတ်တုတ်များကိုလည်း မျက်စိကစား၍ ကြည့်လိုက် သေးသည်။
‘သိမ်းပြီလား ကိုစိုးရဲ့”
‘အေးဟ’
အောင်စိုးက မဝံ့မရဲပြန်ကြည့်ကာ မပွင့်တပွင့် ပြုံးပြလိုက်သည်။ မကြူးသည် ထဘီရင်လျားထားသဖြင့် ရော့ရဲသော အထက်ဆင်ပေါ် တွင် မို့မို့ဝန်းဝန်း တစုံကို မြင်နေရသည်။
“အဝတ်ဟောင်းတွေရှိရင် ပေးလေ၊ တလက်စတည်း လျှော်လိုက်မယ်”
“နေပါ့စေဟာ၊ နင်အအေးမိနေပါ့မယ်”
ပြောသာ ပြောရသည် အောင်စိုးမျက်နှာက ကျေနပ်ခြင်း အသွင်ကို မဖုံးဖိနိုင်။ မကြူးသည် မုဆိုးမလေး ဖြစ်လေသည်။ သူ့ယောက်ျားက မနှစ်က ပိုးထိ၍ ဆုံးသွားသည်။ သုံးနှစ်သား ယောက်ျားလေးတယောက် ကျန်ခဲ့သည်။ ခြံကလေးကို ဦးလေး တယောက်ဆီရောင်းပြီး နောက်ဖေးတွင်တဲထိုး၍ ကပ်နေရသည်။ သံတံတားထွက် ဟင်းသီးဟင်းရွက်လေးများကို ယူကာ မြို့ထဲမှ ဂုံးဈေးတွင် ရောင်းသည်။
“ပေးပါတော်၊ တော့ပုဆိုးတွေများ မြင်မကောင်းတော့ဘူး”
“အေးဟာ နောက်မှ ငါ့ဟာငါ လျှော်ပါ့မယ်၊ ဟေ့ချာတိတ် ဘဲဥစားချင် လိုက်ခဲ့ကွာ”
တကယ်တော့ အောင်စိုးတွင် လဲစရာ ပုဆိုးမရှိတော့ပေ။ အောင်စိုးက မကြူး၏သားလေးကို ထိပ်ပုတ်၍ ခေါ်လိုက်သည်။ သူ့အမေက “ဟဲ့ လိုက်သွားလေ”ဟု ပြောလိုက်သဖြင့် ကောင်လေးက ဘဲအုပ်နောက်မှ မောင်းသွင်းရင်းလိုက်သွားသည်။ တဲထဲတွင် ချေးနံ့၊ သေးနံ့၊ ပုစွန်ဖွဲနံ့တို့ဖြင့် အနံ့မျိုးစုံထွက်ကာ လှောင်၍နေသည်။
ညနေဘက်တွင် မိုးသည်းထန်စွာရွာလေသည်။ မိုးအေးအေးတွင် စိတ်ကူးယဉ်ကာ အောင်စိုး အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် သူစုထားသော ငွေပိုလေးများကို ကိုင်ကာ အမေ့ကို ကန်တော့နေသည်။ ခင်ကြိုင့်ကို အင်္ကျီစတစနှင့် မိသက်ဖို့ ကျောင်းလုံချည်တထည်လည်း ပါသည်။ ပြီးတော့ မကြူးလည်း ပါသေးသည်။ မကြူးသည် မိုးရွာထဲတွင် အဝတ်များကို တဘုံးဘုံး ရိုက်လျှော်နေသည်။ သေသေ ချာချာ ကြည့်လိုက်တော့ သူ့ပုဆိုးတွေဖြစ်နေသည်။ သူက မလျှော်ဖို့ တားမြစ်ရင်း မကြူးလက်ထဲမှ ပုဆိုးတွေကို လုယူသည်။ မကြူးကလည်း ပြန်လုသည်။ သူတို့နှစ်ယောက် ချောင်းထဲကျသွားကြသည်။
ဝုန်းခနဲမြည်သော အသံကြီးကြောင့် အောင်စိုး အိပ်ရာမှ လန့်နိုးသွားသည်။ သူ့အိပ်စင်သည် သိမ့်ခနဲခါသွားပြီး ခေါင်းပေါ်မှ အမိုးကြီး အိကျလာသည်။ ဘဲတွေဆူညံစွာ အော်ကြသည်။ သူ နေရာမှထပြီး ပြေးသွားလေသည်။ လမ်းခုလတ်တွင် သူ့ခြေများ ရပ်သွားပြီး သူ့ပတ်ဝန်းကျင်သို့ လေးလံသော အရာဝတ္ထုများ အဆက်မပြတ် ကျလာကြလေသည်။
အောင်စိုး၏ စိတ်ကူးယဉ်ကမ္ဘာသည် ပြိုကျလာသောတဲကြီးနှင့် အတူ ပိပြား မှုန်ဝါး၍ သွားကြလေသည်။
အပိုင်း – ၅
၆
ခင်ကြိုင့်ကိုပါ တက္ကသိုလ် ထပ်ပို့ရသည့်အတွက် အမေ့မှာ ငွေပို၍ရှာရလေသည်။ စျေးရောင်းကောင်းစဉ်က စုထားသော ငွေလေးများမှာအကြွေးဆပ်ရ၊ ကုန်ထပ်ဖြည့်ရသည်နှင့်ပင် အတော်လျော့သွားပြီ။ခင်ကြိုင် တက္ကသိုလ်ဆက်တက်ဖို့အတွက် အင်္ကျီ၊ လုံချည်၊ ဖိနပ်ကအစဝယ်ပေးရသည်။ သည်ကိစ္စအတွက် ဘကြီးခက်ကပင် တားမြစ်သေးသည်။ “မိန်းကလေးပဲဟာ တော်ရောပေါ့၊ ဆယ်တန်းအောင်ပြီပဲ၊ဆရာမလေး ဘာလေး လုပ်ခိုင်းပါလား” ဟုဆိုသည်။ အမေကမူ နောင်တတရား ရကာ ဣန္ဒြေရနေသော ခင်ကြိုင်ကို ပညာရေးတွင်ပိုမိုတိုးတက်လာ မည်ဟု မျှော်လင့်လေသည်။
ပြီးတော့ အမေ့စိတ်တွင် သားသမီး လုပ်စာကို မျှော်ကိုးလိုစိတ် မရှိသေး။ သားကြီးမျိုးထွန်းပေးသော ငွေများကိုပင် တတ်နိုင်သမျှ ဖယ်ထားတတ်သည်။ သူ့အတွက် သပ်သပ် စုပေးချင်သည်။ သို့သော် ငွေဆိုသည်မှာလည်း အဆင်သင့်ရှိတော့ လှည့်သုံးမိသည်သာ။ သုံးပြီးတော့လည်း ပြန်ပြည့်နိုင်ဖို့က ခဲယဉ်းသွားပြန်သည်။
အောင်စိုးအတွက်လည်း အမေ့မှာ ရင်မောရသည်။ အောင်စိုး တယောက် အလုပ်ကို အပတ်တကုတ် ကြိုးပမ်းလုပ်ကိုင်တာ မြင်ရတော့ ကျေနပ်သည်နှင့်အမျှ သနားရသည်။ သူ့ကံကလည်း ဆိုးရှာသည်။ သူမျှော်လင့်သလို အဆင်ပြေလာချိန်မှာမှ ဘဲတဲပြိုကျ၍ အတော်လေး ထိခိုက်ပျက်စီးသွားသည်။ ထိုနေ့က သတင်းကြား၍ အမေလိုက်သွားတော့ အောင်စိုး၏ မျက်နှာကို မြင်ရသည်မှာ စိတ် ထိခိုက်ဖို့ပင် ကောင်းသေးတော့သည်။ သူ့ကို အနည်းငယ် ပွန်းပဲ့ ဒဏ်ရာရသွားသည်ကို ဂရုမစိုက်အား။ အနာတရဖြစ်ကာ အချို့ သေကုန်သော သူ့ဘဲတွေကိုသာ ပွေ့ကာချီကာ စုပ်သပ်ကာဖြင့် မျက်ရည်ပင် ကျတော့မတတ် ဖြစ်နေသည်။ အံကို တင်းတင်း ထားသည်မှာ မေးကြောကြီးများပင် ထောင်နေသည်။ ဘဲတကောင်ချင်းကို ကောက်ယူနေသော သူ့လက် မည်းမည်းတုတ်တုတ်ကြီးများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
အမေက မနေသာ၍ ငွေ ၁ဝဝ ထုတ်ပေးတော့ မျက်ရည်ဝဲ လျက်က သူခေါင်းခါသည်။ တကယ်တော့ သူ့လုပ်ငန်းကို နောက်ထပ် နာလန်ထူလာအောင် အတော်ကြိုးစားရဦးမည်ကို အမေ သိလေသည်။ သို့သော် သည်တခါ အောင်စိုး၏ မာနကို အမေ သဘောကျသည်။ ဖြစ်လာသည့် ဆုံးရှုံးမှုအတွက်လည်း လည်စင်းခံပြီး ဆုထမ်းပိုး ထပ်မံကြိုးစားလိုစိတ်ကို အမေ ချီးကျူးသည်။ အောင်စိုးသည် အဆိုးဆုံးသား ဖြစ်သော်လည်း အရိုးဖြောင့်ဆုံးနှင့် စိတ်အကြံ့ခိုင်ဆုံး ဖြစ်သည်ဟု အမေ လက်ခံထားလေသည်။
အခြေအနေအားလုံးသည် အဖေ ဆုံးပြီးကာထက်စာလျှင် အနည် ထိုင်စ ပြုပေပြီ။ သူတို့ အိမ်ထောင်စုလေးကို ရုတ်တရက် ယိုင်လဲ မသွားစေဘဲ ပြန်လည် မတ်ထူနိုင်ခဲ့သည့်အတွက် အမေ ကျေနပ်သည်။ လက်ရှိအခြေအနေသည် အားရလောက်ဖွယ် မရှိသေးသော်လည်း အားတက်ဖွယ် အနာဂတ်ရောင်ခြည်တို့ဖြင့် ထွန်းလင်းလျက်ရှိပြီဟု အမေ့စိတ်က ယုံကြည်ထားလေသည်။
* * *
အပိုင်း နှစ်
၁
အလုပ်က ရှားပါးလှသည်။ ငွေရှင်ကြေးရှင် လုပ်ငန်းရှင်များ ကြီးပွားချမ်းသာနေကြသည်။ ဘွဲ့တခုရခဲ့သော်လည်း အောင်တိုး မျှော်လင့်သလို အလုပ်တခုရဖို့က မလွယ်။ အောင်တိုးကလည်း သာမန် စာရေးစာချီမျှနှင့်တော့ မလုပ်ချင်။ ကုန်သည်ပွဲစားလုပ်ဖို့ ကိုလည်း ငွေမည်မျှရမည်ဆိုစေ သူမလုပ်ချင်။ သူ့စိတ်က အရာရှိ အရာခံ ဖြစ်လိုစိတ်၊ ထိုအလုပ်မျိုးနှင့် ဂုဏ်ယူလိုစိတ်သာ ရှိလေသည်။
အောင်တိုး အစိုးရအရာရှိ ဖြစ်လိုသည့် အချက်ထဲတွင် အကြောင်းတခုလည်း ပါသေးသည်။ ၎င်းမှာ ခင်ခင်ဦးနှင့် သူတို့ ချစ်နေကြခြင်းပင် ဖြစ်လေသည်။ ခင်ခင်ဦးက ကျောင်းမှာတုန်းက ယောက်ျားလေးများကို ဂရုမစိုက်သော မာနခဲ။ သူ့ညီမ ခင်ကြိုင်နှင့် ပတ်သက်၍သာ သူနှင့်ရင်းနှီးခွင့်ရသည်။ ခင်ခင်ဦး တက္ကသိုလ် ရောက်လာတော့ သူပထမဆုံး သွားတွေ့လေသည်။ ခင်ကြိုင်က အင်းလျားဆောင်မှာနေရပြီး ခင်ခင်ဦးက ဘင်တန်ဟော(သီရိဆောင်) မှာနေသည်။ သူသည် အင်းလျားဘက်ကို တခါတလေမှ ရောက်သော်လည်း သီရိဘက်ကို ညနေတိုင်း မှန်မှန်ရောက်လေသည်။
သုံးနှစ်သုံးမိုး ပိုးခဲ့ရသည့်တိုင် အမြော်အမြင်ကြီးလှသော ခင်ခင်ဦးက သူ ဘွဲ့ ရမှအဖြေပေးလေသည်။ သူကလည်း ရှားပါးသည့် အချစ်ကိုမှ တန်ဖိုးထားချစ်ခဲ့သည်။ ယခုတော့ ခင်ခင်ဦးအတွက် သူကြိုးစားရဦးမည်။
“ကိုတိုး မြို့ပိုင်သင်တန်း တက်ပါလား၊ တက်ခွင့်ရအောင် ဖေဖေ့ကို ခင်ခင် ပြောပေးမယ်”
အောင်တိုး၏ မျက်နှာမှာ ဝင်းပသွားသည်။ ခင်ခင်ဦးကို သူ ချစ်ခဲ့သည့် အကြောင်းများထဲတွင် ခင်ခင်ဦး၏ မိဘအရှိန်အဝါ ကိုလည်း မက်မော၍ ဖြစ်သည်။ ထို့ကြောင့်လည်း ခင်ခင်ဦး၏ တိုက်တွန်းချက်ကို သူက မဆိုင်းမတွ လက်ခံခဲ့သည်။
ခင်ကြိုင်ကလည်း သူတို့မြို့မှ ရှားရှားပါးပါး တက္ကသိုလ် ရောက်လာရ၍ တမြို့တည်းသားချင်းကိုပင် ဂရုမစိုက်ချင်တော့။ ပြီးတော့ အမေ့ ချွေးနှဲစာငွေကို သုံးနေရသော်လည်း အမေ့သမီး အဖြစ်မူမခံယူ။ သူ့ကိုယ်သူ အရာရှိ သားသမီးဟန်ဖြင့်သာ လူတကာကို ဆက်ဆံလေသည်။
နဂိုကပင် တေချင်ပေချင်သော ခင်ကြိုင်သည် တက္ကသိုလ် နယ်မြေတွင်လည်း ရေပန်းစားလာခဲ့လေသည်။ သူ့စိတ်ကတော့ ပညာကို ဂုဏ်ရှိအောင်သင်ပြီး ယောက်ျားတယောက်ကို ခေါင်းခေါက် ယူဖို့သာ။ အမေ့ ရည်ရွယ်ချက်ကတခြား၊ သူ့မျှော်မှန်းချက်က တခြားဖြစ်လေသည်။ သူက အောင်တိုးလိုတော့ မဟုတ်။ ရာထူး မရှိလျှင်နေပါစေ၊ ငွေကြေးချမ်းသာဖို့သာ အဓိက။ သူချမ်းသာလျှင် အမေ့ကျေးဇူးကို ဆပ်နိုင်မည်ဟု သူ့နည်း သူ့ဟန်နှင့် တွေးသည်။ သူတို့ စိတ်ကူးဖြင့် ဖန်ဆင်းသော အခြေအနေများတွင် ကျင်လည်ကျက်စားရင်း အချိန်တွေ ကုန်ခဲ့သည်။
ခင်ကြိုင့်ကို ကျောင်းပို့လိုက်ရသည့် သုံးနှစ်တာ ကာလအတွင်း မှာ အမေ့ ဘဝကတော့ မပြောင်းလဲသေးပေ။ ငရုတ်အိတ်နှင့်ကြက်သွန်ခြင်းများထဲတွင် အမေ့လက်များကို မြှုပ်နှံထားရဆဲပင်။ မိသက်တယောက် အပျိုဖော်ဝင်လာ၍ အိမ်တွင် အဖော်ရသော်လည်း သမီး မိန်းကလေးကို လက်လွှတ်မထားရဲတော့သော အမေ့ စိတ္တဇကြောင့် မိသက်သည် အမေ့အနားတွင် နေရသည်က များသည်။ ကျောင်းချိန်မှလွဲလျှင် အမေနှင့်အတူ ဆိုင်ထိုင်ရသည်။ အမေနှင့် အတူဆိုင်သိမ်းရသည်။ အမေနှင့်အတူ ထမင်းချက်ရသည်။ ပြီး အမေနှင့်အတူ အိပ်ရသည်။
ခင်ကြိုင်တို့၊ မောင်တိုးတို့ဘဝ တိုးတက်လာသော်လည်း မျိုးထွန်းနှင့် အောင်စိုးတို့၏ အခြေအနေကား ဘာမျှ ပြောင်းလဲမလာ သေး။ မျိုးထွန်းမှာလည်း သူ့ကုန်တင်ကားကြီးများကို ရန်ကုန်၊ မန္တ လေး၊ ရှမ်းပြည် အစုန်အဆန်တက်ကာ ဆင်းကာနှင့် အချိန်ကုန် ရသည်။ အောင်စိုးမှာလည်း သူ့မွေးမြူရေးလုပ်ငန်းကြီး တနေ့ ကြီးပွားနိုး၊ တနေ့ဖြစ်မြောက်နိုးဖြင့် ကြိုးစားလုံးပန်းရင်း မျှော်လင့်ချက် အဆောက်အဦထဲမှာ ဝဲလှည့်နေသည်။ အောင်တိုးနှင့် ခင်ကြိုင်တို့ ပညာတတ်တွေဖြစ်ပြီး အလုပ်ရလျှင် အမေ့ဘဝ အနားယူရ တော့မည်ဟု အတွေးရှိသော်လည်း ယနေ့အထိတော့ အမေ မနားရ သေး။ မိသက်ပညာရေးကို တာဝန်ယူမည့်သူရှိလျှင် အမေနားတော့ မည်ဟု အားခဲထားလေသည်။ မျိုးထွန်းနှင့် အောင်စိုးတို့ကိုတော့ အမေ တာဝန်မပေးချင်တော့။
သားကြီးမျိုးထွန်း အနစ်နာခံလွန်းသည်။ သူ့ဘဝသူ ကိုယ်လွတ်ရုန်းဖို့ သင့်ပြီ။ အောင်စိုးကတော့ သူ့အလုပ်သူ အဆင်ပြေလျှင် ကျေနပ်ရတော့မည်။ ခင်ကြိုင်နှင့် အောင်တိုးတို့ကိုတော့ အမေ များစွာ မျှော်လင့်လေသည်။ သို့သော် အမေ့ မျှော်မှန်းချက်တို့သည် တကယ်ဖြစ်လာခဲ့သည်နှင့် ဆန့်ကျင်ဘက်တို့သာ ဖြစ်လေသည်။
* * *
၂
ကာလများသည် ရွေ့လျောလာခဲ့၏။
မျိုးထွန်း၏ အခြေအနေကား မပြောင်းလဲသေး။ ထို့အတူ မိသားစုအပေါ် ထားရှိအပ်သော သူ၏ ကြီးမားသောစေတနာသည် လည်း မပြောင်းလဲသေး။ နန်းစိန်ပွင့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာ သည်လည်း မပျက်ပြယ်သေး။ ပိုလို့သာ ခိုင်မြဲခဲ့သည်။ နန်းစိန်ပွင့်၏ သူ့အပေါ်နားလည်သောစိတ်၊ ကြင်နာသောနှလုံးသားနှင့် သည်းခံသော စေတနာတို့ကို သူ နွေးနွေးထွေးထွေးခံစားရသည်။ မိသားစုထံမှ မရရှိသော နွေးထွေးမှုကို သူရရှိခဲ့သည်။ သည်အတွက် နန်းစိန်ပွင့်ကို ထိုက်ထိုက်တန်တန် တုံ့ပြန်ပေးဆပ်ဖို့ သူ့မှာ တာဝန်ရှိသည်။
ပြောရလျှင်တော့ မကောင်း။ အောင်တိုးလုပ်ပုံကို သိပ်တော့ မကျေနပ်လှချေ။ ဘွဲ့တခုရရုံနှင့် မကျေနပ်သေး။ ရာထူးရာခံရလိုစိတ်၊ မြင့်မြင့်မားမား နေလိုစိတ်တို့ဖြင့် သူ့အတွက် သူရသမျှ အခွင့်အရေးကို ကျုံး၍ယူသည်။ ယခုထိ အိမ်ကို
တပြားတချပ်မှ မထောက်ပံ့သေး။
အိမ်က ပေးနေရဆဲ။ ဖို့နေရဆဲ။ ပြီးလျှင်ကြည့်၊ အချိန်တန်လျှင် သူ့ပညာကို သူ့အတွက်၊ သူ့ကိုယ်ကျိုးအတွက် သုံးမည်သာ။ ယခုလည်းကြည့်။ အမေ့အသက် ၅ဝ နားနီး၍ နွမ်းနယ်စ ပြုချိန်တွင် သူက သူနှင့် သူ့ချစ်သူအကျိုးအတွက် မြို့ပိုင်သင်တန်း တက်သည်။ ယနေ့ထိ သူ့ဆီမှ အိမ်ကို ပြန်လည်ထောက်ပံ့မည့်စကား တခွန်းမျှ ထွက်မလာ။
_____________
စိတ်တိုတောင်းလှစွာဖြင့် ထမင်းဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး ဆိုင်ထဲ ဝင်လာခဲ့သည်။ ဆိုင်ရှေ့တွင် နန်းစိန်ပွင့်မျက်နှာကို မမြင်ရ၍ သူ ပို၍ပင် ကျွဲမြီးတိုသွားသည်။ သူ့အဒေါ်သည် မျိုးထွန်းဝင်လာ သည်ကို တချက်မျှ မော်ကြည့်ပြီး လုပ်စရာရှိသည်ကိုသာ အရုံစူးစိုက်၍ နေသည်။ စားပွဲမှာ ခပ်ဆတ်ဆတ်ထိုင်လိုက်သည့်တိုင် မည်သူမျှ ရောက်မလာသေး။ ဆိုင်အကူမိန်းကလေး မိထွေးသာ ထွက်လာ သည်။
“မိထွေး၊ နင့်အစ်မကော”
မိထွေးက သူ့ကို ခပ်ကြောင်ကြောင်ကြည့်နေသည်။
“ဟိုလေ၊ အစ်မ ရွာပြန်သွားပြီ”
သူ့ကိုကြည့်ကာ ကြောက်ကြောက်ရွံ့ရွံ့ဖြေသော မိထွေးပုံကို ကြည့်ရသည်မှာ အားမရလှ။ သူ့အဒေါ်ကို လှမ်းကြည့်တော့လည်း ဣန္ဒြေမပျက် လက်ဆေးနေသည်။ မျိုးထွန်းက စိတ်တိုတိုဖြင့် ရေနွေးပန်းကန်ကို ဆောင့်ချလိုက်သည်။ အဒေါ်ကြီးက သူ့အနား လျှောက်လာသည်။
“မောင်မျိုးထွန်းတောင် ရောက်လာမှကိုး”
အဒေါ်ကြီး၏ လေယူလေသိမ်းကိုလည်း သူ သဘောမကျလှချေ။ သူ မစောင့်စည်းနိုင်ဘဲ မေးလိုက်သည်။
“နန်းစိန်ပွင့်ကော ဒေါ်ဒေါ်”
အဒေါ်ကြီးက အေးဆေးစွာပင် သူ့ကိုကြည့်သည်။
“သူ့အဖေမလာလို့ ကျောက်ဆည်ကို ပြန်သွားတယ်ကွယ့်’
သူ့အဖြေက ထိုမျှသာ ဖြစ်၏။ မျိုးထွန်းက အလေးအနက်ထားသမျှ သူက အေးစက်စက် လုပ်နေသည်။ ခါတိုင်းလို အရေးတယူပုံမျိုးလည်း မရှိလှချေ။
“ဘယ်တော့ပြန်လာမှာလဲ ဒေါ်ဒေါ်”
သူက တတ်နိုင်သမျှ စိတ်ရှည်ရှည်ထား၍ ချိုသာစွာမေးလိုက် ရသည်။
“ကွယ် သူ့အဖေက ပြန်လွှတ်ချင်ပုံမရလို့ အဒေါ်လဲ မပြောတော့ပါဘူး၊ သူ့အဖေနဲ့ သူ့သမီး သူတို့သဘောပေါ့ကွယ့်၊ ဟုတ်ဖူးလား”
ခက်ပြီ။ သည်အဒေါ်ကြီးက ပရိယာယ်များလှသည်။ မျိုးထွန်း မယုံချင်။
“ဒါနဲ့ သူ့အဖေက နောက်မိန်းမနဲ့ဆို”
“အေးလေကွယ်၊ ဒါပေမယ့် ခုတော့လဲမိန်းကလေးက လုပ်တတ် ကိုင်တတ်ဆိုတော့ ပြန်ခေါ်ချင်မှာပေါ့”
လမ်းစပြတ်လေပြီ။သည်တပတ် သူတလခန့်ကြာသွားသည်။ တောင်ကြီးမှ ပြန်ဆင်းသွားပြီး ကားကို ပြင်နေရသေးသည်။ ယခင်တခေါက်က ပိုင်ရှင်ကိုယ်တိုင် လိုက်လာပြီး မန္တ လေးကုန်ကိုတင်ကာ ပြန်ဆင်းသွားခဲ့သည်။ သူတယောက်တည်းသာဆိုရင်တော့ ရှမ်းပြည်ကုန်မရမချင်း မပြန်တက်ချေ။ သို့မဟုတ်ကလည်း ယင်းမာပင်အထိတော့ တက်ချင်တက်ခဲ့ဦးမည်။ သည်တလအတောအတွင်းမှာ ဘာတွေဖြစ်ကုန်သနည်း။
စိတ်ရှုပ်ထွေးလှစွာဖြင့် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။
“အို မောင်မျိုးထွန်း၊ ထမင်းမစားတော့ဘူးလားကွယ့်”
သူဘာသံမျှ မကြားတော့ပါချေ။ ကြားလည်း စိတ်မဝင်စားတော့ပါချေ။
ကလောရောက်တော့ သူသိချင်သည့် သတင်းကိုကြားသိရသည်။ လက်ဖက်ရည်ဆိုင်က ကားသမားချင်းပြောသည့် သတင်း။
“အဒေါ်ကြီးက အကွက်ချောင်းနေတာကွ၊ ဟိုကောင်က ကိုယ်ပိုင်ကားကို ဆွဲနေတာ မဟုတ်လား၊ တခါတည်း ထည့်ပေးလိုက်တာ နေမှာပေါ့”
ကြားရသည့်စကားကို မယုံချင်။ အဒေါ်ကြီးခြယ်လှယ်သည် ထားဦး၊ နန်းစိန်ပွင့်ကို သူယုံသည်။ နန်းစိန်ပွင့်သည် သူက လွဲလျှင် မည်သူ့ကိုမျှ စိတ်ဝင်စားမည်မဟုတ်။ လျှပ်ပေါ်လော်လီသည့် အစားထဲက မဟုတ်။ တကယ်ပင် နန်းစိန်ပွင့်ကို တခြားယောက်ျားနှင့် ပေးစားလိုက်သည်ဆိုပါလျှင် သူလိုက်၍ ဖြေရှင်းချင်သည်။ နန်းစိန်ပွင့် အလိုတူရဲ့လား။ ချစ်သူနှုတ်ကသာ ဘူး တလုံးငြင်းလျှင် ငနဲသား တော့ သေပေတော့။
သည်းခံခြင်း၊ အနစ်နာခံခြင်းတို့ဖြင့် ကြီးပြင်းခဲ့ရသော သူ့ စိတ်အဟုန်သည် ယခုတော့ တောင်ကမ်းပါးယံသို့ပင် ထွင်းဖောက်လု ခမန်း ရှိလေသည်။
+ + +
စိတ်ထဲက လေးလှသည်ဟုတော့ ထင်မိသား။ ဈေးသိမ်းပြီး အိမ်ပြန် ရောက်သည်နှင့် လှိုက်မောလာသောရင်ကို ငြိမ်အောင်ပြုပြီး သွေးဆေး နှင့် ရေအေးအေးကို သောက်ရသည်။ အသက်က စကားပြောလာ လေပြီ။ သည်အရွယ်သည် မိန်းမတွေ သွေးသားပြောင်းသည့်အရွယ်။ ဆေးကောင်းဝါးကောင်း မှီဝဲထားဖို့လိုသည်။ သို့သော်လည်း တိုင်းရေး ပြည်ရေး၊ သူပုန်သူကန်အရေးကြောင့် ကျဆင်းလာသောစီးပွားရေး အခြေအနေတွင် အမေ မနားနိုင်သေး။ တောနှင့်ဆက်ရသော အကြွေး တွေက ဆုံးသည်က များသည်။ ခါတိုင်းလို ဗျက်ကြီးတို့၊ သုံးခွတို့ဘက်ကိုလည်း အကြွေးမှန်မှန် သွားမတောင်းနိုင်တော့။ ဆိုင်အခြေအနေက ယိုင်နဲ့လာသည်။ ကုန်ကို ငွေရင်းစိုက်၍ အေးအေး လူလူ လှောင်ပြီး ရောင်းနိုင်သူတွေသာ အလုပ်ဖြစ်ကြသည်။
ယခုတော့ အမေ့အခြေအနေသည် ခေါင်းရွက်ဗျပ်ထိုး သာသာ ပင်။သူ စိတ်ပူသည်က အောင်စိုး။ ယခုတလော အောင်စိုးတယောက် အိမ်ကို ဝင်လာတိုင်း အရက်စော်မနံသည့်အခါဟူ၍ မရှိ။ သူ စိတ်ညစ်ပြီဆိုလျှင် အကျင့် ဟောင်းက ပြန်ပေါ်လာကာ အရက်ကို ဖိသောက်တတ်သည်။ ပြီးတော့ အောင်စိုးသည် မိုက်ရူးရဲလုပ်တတ်သူပီပီ ခြံနီးနားချင်းနှင့် မသင့်တင့်သည့် ကိစ္စကိုလည်း ပူရသေးသည်။ တော်ကြာ စိတ်မထိန်းနိုင်၍ အမှုအခင်းဖြစ်လျှင် မခက်ပါလား။
“မိသက် အိမ်မှာခဏနေ၊ ကောင်းကောင်းနေခဲ့၊ ငါ သံတံတား ခဏသွားလိုက်ဦးမယ်”
စိတ်က သွားချင်လျှင် လူက ပေါ့ပါးလှသော အမေသည် သူ့သားရှိရာကို ခပ်သုတ်သုတ် ထွက်ခဲ့သည်။ အောင်စိုးကို သူသနားလည်း သနား၊ ချစ်လည်း ချစ်သည်။ အောင်စိုး တခုခု ဖြစ်မှာ သူ စိုးသည်။
မတွေ့ရတာကြာလျှင် သူ့စိတ်က ပူလာသည်။ ရထားလမ်းတလျှောက် လျှောက်လာသော အမေ့ ခြေထောက်များတွင် ဖိနပ်မရှိ။ ဘာကြောင့် စီးမလာမိမှန်းလဲမသိတော့။ ဘာကြောင့် သူ့စိတ်က အကြောင်းမရှိဘဲ သည်မျှ ပူပန်နေမိသည်လည်း မသိတော့။ ညနေစောင်း၏ ဝင်လုဆဲနေရောင်အရှိန်ကြောင့် အမေ့မျက်နှာသည် ချွေးတို့ဖြင့် ပြောင်လက်နေသည်။
ချောင်းတွင် ရေခန်းလုပြီ။ ပူပြင်းသောနေအရှိန်ကြောင့် ဘဲတွေ ဥကျသွားသည်။ သည့်အတွက်ပင် အောင်စိုး စိတ်ဓာတ်ကျနေပြီလား။ တဲဝနားရောက်သည်အထိ တိတ်ဆိတ်လှ၍ အမေ့စိတ်က သင်္ကာမကင်း။
တိုးတိုးညင်းညင်းအသံများကြောင့် အမေ ခြေလှမ်းတုန့်သွား သည်။ ခိုးခိုးခစ်ခစ် ရယ်သံများကြောင့်လည်း ရှိန်းခနဲဖြစ်သွားသည်။
“အဟမ်း အဟမ်း၊ ဟဲ့အောင်စိုး၊ အောင်စိုးရှိသလား”
အမေ့အသံက အနည်းငယ်တုန်နေသည်။ တဲနောက်ဘက် အိပ်စင်နောက်နားမှ အောင်စိုး ထွက်လာသည်။ အမေ့ကိုမြင်တော့ မျက်နှာပျက်သွားသည်။ သူ့နောက်က မိန်းမတယောက်။ မကြူး။ သူ့ကို အမေသိသည်။ ကလေးတယောက်နှင့် မုဆိုးမ။ အမေ့မျက်လုံးထဲတော့ ကြည့်မရလှချေ။ တဖက်သားကို ချော့မြူသိမ်းသွင်းသည့် မျက်နှာပေးမျိုးဟု မိန်းမဉာဏ်ဖြင့် အမေ့စိတ်တွင်းမှ မှတ်ချက်ချဖူး သည်။ သား အောင်စိုးဆီလာ၍ ပရောပရီလုပ်တတ်တာကိုလည်း နည်းနည်းလေးမှ မကြိုက်ခဲ့။ ယခုလည်းကြည့်၊ အဝတ်အစား ဖရိုဖရဲနှင့်။ ဆံပင် စုတ်တိစုတ်ဖွားနှင့်။
“ဘာလုပ်နေကြတာလဲ ဟဲ့”
အဓိပ္ပာယ်များစွာ သက်ရောက်သော အမေ့ စကားကြောင့် မကြူးက ရှက်ရွံ့စွာ ခေါင်းငုံ့ပစ်သည်။
“ဘာမှ မလုပ်ပါဘူး၊ အမေ ဘာလာလုပ်တာလဲဟင်၊ အမေ့မလဲ ချွေးတွေ့ရွှဲလို့”
အောင်စိုးကလည်း မအေကို ဂရုစိုက်သူပီပီ စိုးရိမ်တကြီး ဖြစ်သွားသည်။
“ငါ့စိတ်ထဲ နင့်မတွေ့ရတာကြာလို့ တမျိုးဖြစ်နေလို့ လိုက်လာ၊ မင်းက ဒီမယ် အကြည်ဆိုက်နေသကိုး”
“အိုဗျာ အမေကလဲ”
မကြူး လစ်လေပြီ။
“ဘာအမေကလဲ လဲ၊ ဒီမယ် ငအောင်စိုး၊ အပျိုဒီလောက်ရှား သမို့လား၊ နင် ဒီကောင်မနဲ့ ယူရဲရင် ယူကြည့်၊ နင့် ဦးဆံပုတ် အပြုတ်ပဲသာမှတ်”
သားသမီးနှင့် ပတ်သက်လာလျှင် တဖက်သားကို ပစ်တင် ရှုတ်ချတတ်သော မိခင်တို့၏ ဓလေ့အတိုင်း အမေက အောင်စိုးကို မညှာမတာ ပြောပစ်သည်။ အရက်သောက်တာ၊ ဖဲရိုက်တာကိုပင် ရေးကြီးခွင်ကျယ် မဆူဘူးသော အမေ့ စကားကြောင့် အောင်စိုး ပင့်သက်ကိုချမိသည်။
“အပျိုမဟုတ်ပေမယ့် ယောက်ျားမှ မရှိတော့တာပဲ အမေရ’
“အမယ် နင်က စကားတတ်နေလိုက်တာ၊ ဘာပဲဖြစ်ဖြစ် ငါ သဘောမကျဘူး၊ ဒါပဲ’
“ကဲပါ အမေရာ၊ အမေ သဘောကျရင် ဘာမှ မဖြစ်စေရပါဘူး၊ အမေ လာ၊ ကျွန်တော့် ဝက်ကလေးတွေ လာကြည့်ပါဦး၊ ဝက်မကြီးကလေ အမေ့လိုပဲ သူ့သားသမီးတွေအားလုံးကို သူ့မျက်စိအောက်က အပျောက်မခံဘူး၊ ပြီးတော့ အိမ်ဖို့ ဒန့်သလွန်သီးတွေယူသွားဦး’
ခုတ်ရာတခြား ရှရာတလွဲဖြစ်နေသော အမေသည် အောင်စိုး ဆီမှ ပြန်လာပြီးမှ သူစိတ်လေးခဲ့ရသည့် အကြောင်းရင်းကို ရင်ဆိုင် ရသည်။
မှောင်စပျိုးခါမှ မျိုးထွန်း၏စပယ်ရာ မောင်လှအေးတယောက် မျက်စိမျက်နှာပျက်ကာ ရောက်လာသည်။ ဘုရားဝတ်ပြုရန် ပြင်ဆင်နေသော အမေသည် သူ့ကို မြင်ကာမျှဖြင့် ဘာသတင်းမှ မကြားခင် ကပင် ရင်ထဲမှာ လှပ်ခနဲဖြစ်သွားသည်။
“ဟဲ့ မောင်လှအေး နင့်ဆရာကော၊ မဝင်တော့ဘူးတဲ့လား”
“မဟုတ်ဘူးအမေ၊ ဆရာ ဆရာပါတယ်”
“ဘယ်မလဲ”
“ကား ကားပေါ်မှာ”
“ဘယ်ကားပေါ်မှာလဲ ဟဲ့
“ဟို ကျွန်တော်တို့ကားပေါ်မှာပဲ၊ ပေါင်မှာ ဒဏ်ရာရလာလို့၊ အဲဒါ အိပ်ရာအသင့်ပြင်ထားပါ၊ နောက်က လိုက်လာလိမ့်မယ်”
“အို ဘုရား ဘုရား”
+ + +
တောင်ပေါ်မှာကတည်းက ချောက်ကမ်းပါးထဲ ထိုးကျသွားရင် အကောင်းသား။ စိတ်လှုပ်ရှားရလွန်းသဖြင့် ကားစတီယာရင်ကို ကိုင်လိုစိတ်မရှိတော့။ အဆုံးစွန်လှည့်ချပစ်လိုက်ချင်စိတ်သာ ပေါက်လာသည်။
သူ့စိတ် သူ မနိုင်၍ အပြန်တွင် သူ ကားမမောင်းတော့။ အဖော်ပါလာသော လူတယောက်က မောင်းသည်။ သူက ဘေးလူများ တားသည့်ကြားကပင် ကားခေါင်မိုးပေါ်မှ တက်လိုက်ခဲ့သည်။ ကားထဲ မှာလည်း လက်ဖက်ခြောက်အိတ်တွေက ပြည့်နေ၍ နေစရာမရှိ။ ဒရိုင်ဘာဘေးကလည်း မလိုက်ချင်။ တွေး၍ ငေး၍ လိုက်ချင်သည်။ ကားမောင်းသူအဖို့ ဘေးလူက ငေးငိုင်လိုက်လာလျှင် အလိုလို ငိုက်ချင်လာသည်။ အဝေးပြေးကားသမားဆိုတော့ ပျင်းရိငြီးငွေ့ဖွယ်၊ လမ်းတလျှောက်မှာ အိပ်မငိုက်ဘဲ မောင်းနိုင်ဖို့လိုသည်။ ထို့ကြောင့် မောင်လှအေးကို ရှေ့ခန်းတွင်ထိုင်စေကာ အမိုးပေါ်သို့ သူတက်ခဲ့သည်။ ကောင်းကင်ကို မျက်နှာပြုကာတရိပ်ရိပ်ကျန်ခဲ့သော သြကာသလောကကြီးကို သုံးသပ်ဆင်ခြင်လာသည်။
ကုန်ဆုံးသွားသောကာလများသည် အချိန်တန်တော့ မှုန်ဝါး ပျောက်ကွယ်ရစမြဲ။ မိုးကုတ်စက်ဝိုင်းသည် ဆုံးစမရှိ။ ယနေ့တွေ့သော သစ်ပင်များသည် မနေ့က သစ်ပင်များမဟုတ်။ လယ်ကွင်းပြင်ထဲတွင် ရွှေဝါရောင် စပါးနှံတို့ ဝင်းမှည့်လုနီးပြီ။ ဖူးငုံစပါးနှံများကို စားသုံးလိုက်လျှင် ဆန်အဖြစ်သို့ ရောက်ပါဦးမည်လား။ ချောင်းရေမြောင်းရေ တို့သည် အချိန်တန်လျှင် ခန်းခြောက်ကြစမြဲ။ မိုးရွာလျှင် သစ်ပင်ပျိုတို့ ပြန်လည်လန်းဆန်းလာကြဦးမည်။ လူ့ဘဝသည် အစဉ်ပြောင်းလဲ လျက်သာတကား။
လမ်းပေါ်သို့ ညွတ်ကိုင်းကျနေသော သစ်ခက်မြင်ပါလျက် အတွေးလွန်နေသော မျိုးထွန်းသည် ခေါင်းကို မတိမ်းလိုက်မိ။ ကျွမ်းကျင်ပြီးသားမို့လည်း ကိုယ်ကို ထိန်းလိုက်သေးသည်။ သို့သော် နောက်တကိုင်းက မျက်နှာကိုလာရိုက်တော့ ရုတ်တရက် ဟန်ချက် ပျက်သွားသည်။ ကောင်းကင်ကို မျက်နှာမူနေရာမှ တပတ်လည်ကာကတ္တရာလမ်းပေါ်သို့ ကျသွားသည်။ ကားက အရှိန်ပြင်းလှသည်။ သူ့ကို ကိုက် ၅၀ ခန့် လွန်သွားသေးသည်။
ခေါင်းမကွဲဘဲ ခြေထောက်တဖက် သွက်သွက်လည်သွားသည်ကိုပင် ကျေးဇူးတင်ရဦးမည်။ တောင်ငူဆေးရုံမှာနေခဲ့ဖို့ ပြောသော်လည်း သူလက်မခံ။ အိမ်အထိပို့ပေးဖို့သာပြောသည်။ သား အကြီးဆုံးတယောက်အနေဖြင့် အမေ့ရင်ခွင်မှာ ကြာကြာမအိပ်စက်ဖူးသော်လည်း ယခုလို အားငယ်ရသည့်အခါမျိုးမှာ အမေ့အနားတွင်ပင် နေချင်မိသည်။ ကားပေါ်မှ သူ့ကိုချလာစဉ် အမေ့မျက်ရည်တွေကို မြင်ရတော့ အမေ့ကို တသက်မှာတခါ ဒုက္ခပေးမိလေပြီဟု တွေးကာ သူ စိတ်မကောင်း ဖြစ်မိလေသည်။
* * *
၃
ကျေးဇူးသိတတ်ခြင်းနှင့် အနစ်နာခံခြင်းတို့သည် မည်သို့မည်ပုံ ကွာခြားသည်ကိုတော့ အောင်တိုး မတွေးမိ။ အမေ့ ချွေးနှဲစာ၊ အစ်ကိုကြီးတို့၏ လုပ်စာဖြင့် သူ ပညာကောင်းစွာသင်ခဲ့ရသည်ကို နားလည်သည်။ အမေ့ကျေးဇူး၊ အစ်ကိုကြီး ကျေးဇူးကို ဆပ်ရမည် ဟုလည်း သူ ရိုးစင်းစွာလက်ခံထားသည်။ ကျေးဇူးကို မည်သို့ဆပ်ရမည်ကိုလည်း ရှည်ရှည်လျားလျား တွေးစရာဟု မအောက်မေ့တော့။ အမေ့ထံကို လစဉ်မှန်မှန် ငွေပို့ခြင်းသည်ပင် သူတတ်နိုင်သမျှ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခြင်းဟု အောက်မေ့လေသည်။
မည်သို့ဆိုစေ အမေကတော့ ကျေနပ်သည်။ ခြေထောက်မှ ဒဏ်ရာကြောင့် အတန်ကြာ အနားယူနေရသော မျိုးထွန်းသည်သာ စာတိုက်မှ ငွေရောက်လာတိုင်း အမျိုးအမည် မဖော်တတ်ဘဲ ကျင်ခနဲ လှိုက်ခနဲ ခံစားနေရသည်။ ငွေကလေးတကိုင်ကိုင်ဖြင့် နှစ်သိမ့်ကြည်နူး နေတတ်သော အမေ့ကိုကြည့်ကာ သူ ရှာဖွေပေးခဲ့ရစဉ်က အမေသည်မျှ ကြည်နူးပါသည်လား၊ သူ ပေးခဲ့ရသော ငွေသည် ယခုလောက်မှ တန်ဖိုးရှိပါရဲ့လားဟု နာကျင်စွာ တွေးတောမိသည်။
“ငတိုးကလည်း စာလေးတကြောင်းမှ ရေးလိုက်ဖော် မရဘူးလား အမေရဲ့”
“သူ့မလဲ မအားလို့နေမှာပေါ့လေ”
အမေက ထိုမျှသာပြောသည်။
သားဖြစ်သူ မြို့ပိုင်မင်းက သည်မျှ တာဝန်ကျေသည်ကိုပင် အမေ ကျေနပ်နေပုံရသည်။ ပြီးတော့
မကြာခင် လက်ထပ်တော့မည် ဆိုသည်ကိုလည်း
အမေက ခွင့်လွှတ်သည်။ သားသမီးဆိုတာ အချိန်တန်တော့ သူ့လမ်း သူသွားကြစမြဲတဲ့။
သူသာ ဘာကြောင့် ကိုယ့်လမ်း ကိုယ်မသွားခဲ့ပါလိမ့်ဟု တွေးကာ တွေဝေမိရသည်။ ယခုတော့လည်း ဘာမှ မတတ်နိုင်တော့။ ထောက်၍မရသေးသော ခြေတဖက်ကိုသာ နာကျည်းစွာကြည့်နေ မိသည်။
“သား ထမင်းစားတော့မလား၊ မိသက်ကို ပြင်ခိုင်းလိုက်မယ်”
“နေပေစေ၊ ကျွန်တော် မဆာသေးဘူး၊ ဒါနဲ့ အမေ့သမီးဆီ ကရော စာမလာဘူးလား”
ခင်ကြိုင်ကလည်း ဘွဲ့ရပြီး တောပြန်မလာဘဲ ရန်ကုန်မှာပင် အလုပ်ဝင်လုပ်နေသည်တဲ့။ လခကောင်းကောင်း မရသေးလို့ အိမ်ကို မပို့နိုင်သေးဘူးဟု ဆိုသည်။ မိန်းကလေးတယောက်ကို ရင်အုပ်မကွာ ထားဖို့ သင့်သော်လည်း သူတို့က ပညာတတ်မကြီးတွေ ဖြစ်နေပြီ ဆိုတော့ မတားသာတော့။
“အရင်လကတော့ လာသားပဲသားရဲ့၊ သူက ဘယ်ရုံးဆိုလဲ၊ အဲဒီမှာပဲလုပ်ချင်တာ၊ ခုတော့ အောက်တန်းစာရေးမဘဲ ရသေးတယ်လို့ ဆိုတာပဲ”
“အမေ့သမီးဆီ တခါတလေ သွားလိုက်ဦးလေ၊ ရန်ကုန်မှာ သူ့တယောက်တည်း ကြာကြာလွှတ်ထားလို့ တော်ပါ့မလား”
သည်သမီးအတွက် အမေ အတော်လေး စိတ်ဒုက္ခရောက်ခဲ့ရ သည်။ ယခုတော့လည်း သူ့အသိဉာဏ်နှင့်သူ နေပေစေတော့ဟု စိတ်လျှော့ထားလိုက်သည်။ သူတို့တွေ ဘယ်လိုနေလို့ ဘယ်လို ထိုင်သည်ကို အမေ တွေးမပူနိုင်တော့။ စိတ်ပျက်အားလျော့နေသော သားကြီးနှင့် ပင်ပန်းဆင်းရဲလှသော သားလတ်တို့အနားတွင် နေရသည်ကိုသာ အမေ ကျေနပ်သည်။ ကျန်တာတွေက ပညာတတ် တွေဆိုတော့ သူတို့ဘဝ သူတို့ဘာသာ ဆက်ကြောင်းဖို့ပဲ ရှိတော့သည်။
“သည်တခါ ဈေးထဲက မအေးရီတို့ ဈေးသွားဝယ်တာနဲ့ကြုံရင် လိုက်သွားမလို့ဘဲ၊ ဒီလောက်လဲ ပူမနေပါနဲ့လေ၊ ခေတ်ကာလ သားသမီးတွေပဲ၊ သူတို့ကိုယ် သူတို့ ထိန်းလိမ့်မပေါ့။ ဒါနဲ့ ငါ့သား ထမင်းစားတော့၊ သိပ်မိုးချုပ်သွားလိမ့်မယ်”
အမေက ပြောင်းဖူးဖက်ဆေးလိပ်ကို ပြာခွက်ထဲထိုးထည့်ကာ သားအတွက် ထမင်းပြင်ပေးဖို့ထလာသည်။ မျိုးထွန်းကတော့ အိမ်ရှေ့မှ စပယ်ပန်းရုံကို အဓိပ္ပာယ်မရှိ ငေးကြည့်ရင်း ကျန်ရစ်သည်။ မိသက်က ရေနွေးကြမ်းအိုးကို နောက်ဖေးသို့ မ သွားသည်။
အမေနှင့် ညီမက မည်မျှပင် ဂရုစိုက်စေကာမူ သူတို့ မိသားစုကြီးမှာ ပျော်ရွှင်ချမ်းမြေ့ဖွယ် မကောင်းတော့သည််ကို သူ ခံစား နေရသည်။ မိသားစု အသိုက်အမြုံ၏ အဓိပ္ပာယ်ကို သူရှာဖွေနေမိသည်။ သူ့ရင်ဝယ် ဟာ၍ တစုံတခု လိုအပ်နေသလို ခံစားနေရလေသည်။ အမေက ထမင်းဟင်းကို သူ့အကြိုက် စီစဉ်ထားသည်။ ငါးရံ့ခေါင်းချဉ်ရည်ဟင်းနှင့် ငါးပိရည် တို့စရာ။
“အမေ”
သူက ခြေထောက်ကို ညှာ၍ ဖြည်းဖြည်းထိုင်ချရင်း လက်ဆေး ဇလုံထဲ လက်မနှိုက်သေးဘဲ သူ့အမေကို ခေါ်လိုက်သည်။
“စားနှင့်လေ၊ အမေ နောက်မှ စားမယ်”
အမေက ထမင်းမစားခင် ဈေးဆိုင်အတွက် ကြက်သွန်ဖြူများကိုအကြီးအသေး ရွေးနေသည်။ မျိုးထွန်းက အမေ့ကိုကြည့်ကာ တစုံတရာ စဉ်းစားနေဆဲ။
“ကျွန်တော် အိမ်မှာမရှိတုန်းကလဲ အမေတို့ဒီလိုပဲ နေကြတာပဲ နော်”
အမေက မျိုးထွန်း ဘာတွေများ အတွေးလွန်နေပြန်ပြီလဲဟု နားထောင်ရပြန်သည်။ မျိုးထွန်းခြေထောက်တွင် ဒဏ်ရာရ၍ အလုပ်မလုပ်နိုင်တော့ကတည်းက တွေးမိတွေးရာ ငေးမိငေးရာ ဖြစ် နေသည်။ သူ အားမငယ်အောင် ဂရုစိုက်သည့်ကြားမှ စကားတွေ အလေးအနက်ဆိုကာ လူ့ဘဝကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်နေသည်။
“ဒါပေါ့သားရယ်၊ ဒီလိုပဲနေရတာပေါ့”
“အမေ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း မနေချင်ဘူးလား”
အမေက ကြက်သွန်ဗန်းကိုကြည့်ကာ ရီဝေသောမျက်လုံးများနှင့် မျိုးထွန်းကို ကြည့်သည်။ အမေ့ ဆံပင်တို့သည် တပင်စ နှစ်ပင်စ ဖြူစပြုနေပြီကို တွေ့ရသည်။
“နေချင်ပါသော်ကော၊ ဖြစ်နိုင်ရင် သားသမီးတွေလုပ်စာ တပြားမှ မစားရချင်နေပေစေ၊ အမေ့မျက်စိအောက်မှာ ထားပြီး တယောက်တည်း ရှာကျွေးချင်တယ်၊ အဲဒီ အထိ”
မျိုးထွန်းက ထမင်းကိုစိတ်မပါစွာ စားစပြုသည်။
“အမေ့ သားတွေ သမီးတွေက အမေ့ဆီ ဘာလို့ပြန်မလာချင် ကြတာလဲ၊ သူတို့က ငွေပို့ပေးရင် ကျေးဇူးကျေပြီလို့ ထင်နေကြသလား၊ ကျွန်တော် အဲဒါ နည်းနည်းမှ မကြိုက်ဘူး။ ပြီးတော့ ဒီလိုသာ သားတွေ သမီးတွေ အချိန်တန်လို့တယောက်ပြီးတယောက် ခွဲထွက်သွားရင် နောက်ဆုံးမှာ အမေဟာ ဒီလိုပဲ ဈေးရောင်းရင်း တယောက်တည်း နေခဲ့ရမှာလား”
အမေက မျိုးထွန်းကိုကြည့်ကာ ရင့်ကျက်ဟန်ဖြင့် အဓိပ္ပာယ် ပြည့်ဝသော အပြုံးကို ပြုံးလိုက်သည်။ ပြီးတော့ မျိုးထွန်းလို ပညာရှိ ဆန်ဆန် နက်နက်နဲနဲ
မတွေးရဘဲနှင့် ဘဝကပေးသော စကား တခွန်းကို ဆိုသည်။
“ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ သား၊ ဘာမှ အဆန်းတကြယ် မဟုတ်ဘူး”
မိသက်ကတော့ အမေနှင့် နီးကပ်စွာနေရသော အထွေးဆုံးသမီး ပီပီ အမေ့ရင်ခွင်ကို မှီဟန်ပြုကာ ပြုံး၍ဆိုသည်။
“အို အမေကလဲ၊ အမေတယောက်တည်း မနေရပါဘူး၊ ကျွန်မရှိသားပဲ၊ ကျွန်မနဲ့နေပေါ့”
“ဟင်း ကြည့်သေးတာပေါ့”
အမေက ကြည်နူးစွာဆိုသည်။ ဒီလိုတော့လည်း အရာရာဟာ ဘာမှ အရေးမကြီးသလိုပါပဲလားဟု မျိုးထွန်းက တွေးကာ ထမင်းကို တယောက်တည်း တိတ်ဆိတ်စွာ စားလေသည်။
+ + +
ခင်ကြိုင်ကတော့ လူဘဝကို ဘာမှ လေးလေးနက်နက် မတွေးချင်။ သူ့ခေါင်းထဲတွင် အလုပ်ကောင်းကောင်း တခုရဖို့နှင့် ကြီးပွား ချမ်းသာဖို့ပင်။ တက္ကသိုလ်ရောက်တော့လည်း သူတကာလို မဝတ်နိုင်၊ မစားနိုင်သည့်တိုင် တတ်နိုင်သမျှ သပ်သပ်ရပ်ရပ် နေထိုင်ဝတ်စားကာ သူ့ကိုယ်သူ အစဉ် ဂရုတစိုက်ရှိခဲ့သည်။ သူ့ရုပ် သူ့ရည်ကိုလည်းသူ အားကိုးသည်။ အချစ်ဟူသည်မှာ စိတ်လှုပ်ရှားမှုသက်သက် သာဟု သူ့အတွေ့အကြုံဖြင့် သူတွေးခေါ်ကာ လူ့ဘဝကို တမျိုး အဓိပ္ပာယ်ဖွင့်သည်။ လူတွေဟာ မသေခင် ကောင်းကောင်းနေဖို့စားဖို့ပဲ။ ဆင်းရဲသည့်ဒဏ်ကို သူမခံချင်။ သူ့အမေနှင့် သူ့မိသားစု ဆင်းရဲသည် ကိုလည်း သူမကြည့်ချင်။ သူ့နည်းသူ့ဟန်ဖြင့် ကယ်တင်ချင်သည်။
တက္ကသိုလ်နောက်ဆုံးနှစ်မှာ ခင်မောင်စိုးနှင့် သူတွေ့ရသည်။ တကယ်တော့ ရောင်းကုန်ကို သကာ ဈေးကွက်ကောင်းကောင်း ရှာနေသူနှင့် ငွေကိုပိုက်ကာ ပစ္စည်းကောင်းကောင်း ဝယ်ချင်သူတို့ တွေ့ကြရခြင်းပင်။ ခင်မောင်စိုးက ရာဘာ စက်ရုံပိုင်ရှင်၏သား။ သူဌေးပေါက်စလေးတယောက်ပင်။ မိဘ၏ အရှိန်အဝါကလွဲလျှင် ကိုယ်ပိုင်အရည်အချင်း ဘာမျှမရှိသော်လည်း အပေါင်းအသင်းဆံ့အောင် ဘွဲ့တခုတော့ ယူထားလိုက်သည်။ ပြီးတော့ မွေးနေ့ပွဲပါတီပွဲ တွေမှာ အမျိုးသမီးတွေ မျက်စိကျအောင် အဆင့်အတန်းမြင့်မြင့် နေထိုင် ဝတ်စားပြသည်။
ခင်ကြိုင်ကလည်း အပေါင်းအသင်းဆံ့သူ။ လူစုံမည့်ပွဲမျိုးကို ရှိသမျှဝတ်စားကာ၊ မရှိသော်လည်း ချေးငှားပြင်ဆင်ကာ ပွဲလယ်တင့် အောင် လေ့ကျင့်နေထိုင်သူ။ သူတို့နှစ်ယောက် ဧည့်ခံပွဲတခုမှာ တွေ့သည်။ နောက်တော့လည်း ထုံးစံအတိုင်း သူတို့ချင်း ချစ်သွား ကြသည် ဆိုပါစို့။
ခင်ကြိုင် ရန်ကုန်မှ မခွာနိုင်ပြီ။ ချစ်သူကိုလက်လွတ်မှာလည်း စိုးသည်။ သာမန် ကျေးလက်တောရွာတွင် ရိုးရိုးကုပ်ကုပ် လူ့ဘဝ ကုန်ဆုံးသွားမှာလည်း ကြောက်သည်။ ထို့ကြောင့် ရသမျှ အလုပ် ကလေးနှင့် ရန်ကုန်တွင် ကုပ်ကပ်နေလေသည်။ ခင်မောင်စိုးအားကိုး ဖြင့်လည်း သည့်ထက်ဝင်ငွေကောင်းသော အလုပ်တခုခုကို ရမည်ဟု မျှော်လင့်ထားသည်။ အလုပ်ကတော့ မလုပ်၍ မဖြစ်။ သူ့တွင် မိဘကချမ်းသာသူမဟုတ်၍ ငွေကြေးနှင့်ပတ်သက်လျှင် မယှဉ်နိုင်။ သူ့ဘက်က အလုပ်ကလေးရှိမှ ယောက်ျားနှင့် ယောက္ခမရှေ့မှာ မျက်နှာပန်းလှမည် မဟုတ်လား။ ယခုတော့ ခင်မောင်စိုးကလည်း ခင်ကြိုင့် ညွတ်ကွင်းမှာ မိ၍နေပြီ။
“ခင်ကြိုင်တို့ မိဘတွေက ဆင်းရဲတယ် ကိုခင်မောင်စိုးရဲ့၊ တော်ကြာ ကိုခင်မောင်စိုး မိဘတွေက သဘောမတူမှာ စိုးရတယ်’
ခင်ကြိုင်က မကြာခဏဆိုသလို သွေးတိုးစမ်း၍ ပြောဖူးသည်။ သည်အတွက်တော့ ခင်မောင်စိုးကလည်း အလေးအနက်ထားဟန်မပြ။ သူ့တွင်မောင်နှမငါးယောက်ရှိသည်။ အကြီးနှစ်ယောက်က လက်လွတ် ပြီ။ ကိုယ်ပိုင်လုပ်ငန်းအသီးသီးနှင့်။ သူ့အောက်မှာ ညီမနှစ်ယောက် ရှိသည်။ သို့သော် ကိစ္စမရှိ။ သူ့ကဏ္ဍနှင့်သူ ခွဲပြီးသား။ ခင်မောင်စိုးက လက်ရှိ သူ့အဖေလုပ်ငန်းကို ဆက်လုပ်ရမည့်သူ။ ပူစရာမရှိ။ သူက မိန်းမကိုအလှကြည့်ဖို့၊ သူ့ဝေယျာဝစ္စပြုဖို့လောက်သာ အဓိကထား သည်။
“ကိုယ့်မိဘတွေက ကိုယ့်သဘောပါ၊ မယုံရင်တခါလောက် အိမ်လိုက်ခဲ့၊ ခင်ကြိုင့်ကိုလဲ တွေ့ဖူးသွားအောင်”
ခင်ကြိုင်ကတော့ သူ့ပဏာမလုပ်ငန်းအဖြစ် ခင်မောင်စိုးတို့ အိမ်ကို တခါလောက်လိုက်သွားရန် အတော်လေး ပြင်ဆင်ရသည်။ ဝတ်ပုံစားပုံ၊ နေထိုင်ပြောဆိုပုံကအစ တဖက်သားအထင်မသေးအောင် ဂရုစိုက်ဆင်ခြင်ရသည်။ ခင်မောင်စိုးမိဘတွေက သိပ်တော့ မဆိုး။ မြို့ကြီးသူတို့ ထုံးစံအတိုင်း နှုတ်မှုကတော့ဖော်ရွေသည်။ ပြီး ခင်ကြိုင် ကလည်း သူ့ကိုယ်သူ အရေးပိုင်သမီးလိုလို ဝန်ထောက်သမီးလိုလို ပြောထားသည်။
“ငါ့သားက အရွေးတော်တယ်၊ သမီးက အချောပဲကွယ့်”
ခင်မောင်စိုးအမေက နိုင်လွန်လက်ပြတ်ကို ဘော်လီဇာဟိုက်ဖြင့် ဝတ်ကာ စီးကရက်ကို ဟန်ပါပါဖွာရင်း မှတ်ချက်ချသည်။ ခင်ကြိုင့် အတွက် ပွဲဦးထွက် အောင်ပွဲရခြင်းပင်။ ခင်မောင်စိုး အဖေကိုတော့ အလုပ်များလှသည်ဖြစ်၍ မတွေ့ခဲ့ရ။ ယောက်မများကတော့ သိပ် အရောတဝင် မရှိလှချေ။ သူ့ဝတ်ပုံစားပုံကို မသိမသာခိုး၍ အကဲခတ် ကာ ထမင်းပွဲကိုသာ ဧည့်ဝတ်ကျေအောင် ခင်းပေးသည်။ သူတို့ တွေက တက္ကသိုလ်ပညာတတ်များမဟုတ်၍ မိမိအနေဖြင့် သိမ်ငယ်စရာ မလိုဟု ခင်ကြိုင်က တွေးသည်။
“သမီးက ဘယ်သူတဲ့၊ အလုပ် လုပ်သလားကွယ့်”
“ကျွန်မနာမည် ခင်ကြိုင်ထွန်းပါ၊ ဟုတ်ကဲ့၊ မြူနီစီပါယ်ရုံးမှာ လုပ်ပါတယ်”
ခင်ကြိုင်က တက္ကသိုလ်ရောက်မှ ပြောင်းသော နာမည်ဖြင့် သူ့ကိုယ်သူ မိတ်ဆက်သည်။ နောက်ဆုံးက အဖေနာမည်ပါသည် ဆိုတော့ ခေတ်လဲမီသည်ပေါ့။ အဘွားကြီးကတော့ သားက ဒီနေ့ သူ့ရည်းစားနှင့် တွေ့စေချင်သည်ဆို၍သာ စောင့်နေရသည်။ စိတ်က သူ့အပေါင်းအသင်းများနှင့် ပိုကာကစားရန် ချိန်းထားသည့်အချိန် နီး၍ ဖင်တကြွကြွဖြစ်နေပြီ။ သူ့ မှာ ချွေးမ ကောင်းကောင်းရဖို့ကို သိပ်အာသီသ မရှိလှ။ အထူးသဖြင့် ခင်ကြိုင်တို့လို ကိုယ့်အောက်ကြို့ပြီး ဝင်လာကာ ထားရာနေမည့် မိန်းကလေးမျိုးကို ပို၍ပင် သဘောကျ သေးသည်။ ခင်ကြိုင့်ကို မြင်ရုံဖြင့် အထူးစစ်ဆေးစရာမလို။ ကိုယ် လိုချင်သည့် ပုံစံမျိုးဆိုတာကို သဘောပေါက်သည်။
“ကဲ သားတို့ အေးအေးဆေးဆေးနေကြ၊ ထမင်းစားပြီးမှ ပြန်နော်၊ မာမီ သွားစရာရှိသေးတယ်”
ခင်မောင်စိုးက “ကဲ ကိုယ်မပြောလား” ဟူသော မျက်နှာပေးဖြင့် ခင်ကြိုင့်ကိုကြည့်ကာ ပြုံး၍နေသည်။ သူတို့နှစ်ယောက် ထမင်းအတူ စားကြတော့ ကြီးမား ခမ်းနားသော ထမင်းစားခန်းကြီးထဲတွင် ထမင်းချက် အိမ်ဖော်မိန်းမကြီးကလွဲ၍ မည်သူမျှမရှိ။ ညီမနှစ်ယောက် ကလည်း ဖြီးလိမ်းဝတ်စားကာ အပြုံးလှလှဖြင့် နှုတ်ဆက်၍ အပြင် ထွက်သွားကြသည်။
ခြောက်သွေ့လှသော ထမင်းဝိုင်းကြီးကိုကြည့်ကာ အစစ အရာရာ ဂရုတစိုက်ပြင်ဆင်လာခဲ့သော ခင်ကြိုင့်စိတ်မှာ ရှက်သလိုလို ဖြစ်လာလေသည်။ သူက တကယ့်ပွဲကြီးလမ်းကြီး တွေ့ရမည်ဟု မျှော်လင့်ခဲ့သော်လည်း တကယ်တော့ သူ့ကို အရေးတယူပြုမည့်သူ မရှိပါလားဟု ခံစားလိုက်ရလေသည်။
“စားလေ အကြိုင်၊ ကိုယ်မပြောဘူးလား၊ ကိုယ့်မိဘတွေက အကြိုင့်ကို သဘောမတူဘဲနေမှာ မဟုတ်ပါဘူးလို့၊ ဒက်ဒီကဆိုရင်လဲ မာမီ့သဘောပဲ၊ နောက်တော့ အကြိုင် သိပါလိမ့်မယ်”
အစက သဘောမတူမှာကိုသာ စိုးရိမ်ခဲ့သော်လည်း ယခုတော့ သဘောမတူတာထက်ပင် ခံရခက်သေးသည်ကို တွေးမိကာ အပြောရ ခက်နေသည်။ ယခုမှတော့ မထူးတော့ပြီ။ ကိုယ့်ဇာတ်နှင့်ကိုယ် နိုင်အောင်ကဖို့သာ ရှိတော့သည် မဟုတ်လား။ အိမ်ရှင်မရှိသော ထမင်းဝိုင်းမှ လေးကန်စွာ ထခဲ့သည့်တိုင် ခင်မောင်စိုးကတော့ ဘာကိုမျှ အလေးအနက် တွေးမိပုံမပေါ်။ သူ့ဘဝကို အဆင်ပြေလှသည်ဟု တွေးနေဟန်တူသည်။ လေလေးတချွန်ချွန်ဖြင့် မြူးကြွ၍နေသည်။ ပြီးတော့ ပြောသေးသည်။
“မာမီကလေ သိပ်အေးတာ၊ အိမ်မှာဘာမှ ပူပူဆူဆူမလုပ်တတ်ဘူး၊ ပြီးတော့လေ ဒက်ဒီကလဲ သူ့အလုပ်ထဲမှာပဲနစ်နေတာ၊အိမ်ကိစ္စကို ဘာမှ ဝင်မစွက်ဘူး၊ အကြိုင်နဲ့ လက်ထပ်ပြီးရင် ကိုယ်တို့ ဒီမှာပဲနေရမှာ၊ အကြိုင် ဝမ်းမသာဘူးလား’
ခင်ကြိုင်ကတော့ ဘာပြောရမည် မသိတော့ပေ။ စိတ်ပူတတ်သော အမေ၊ အရာရာကို အလေးအနက်တွေးတတ်သော အစ်ကိုကြီး မျိုးထွန်း၊ ဆိုးသည့်ပေသည့်ကြားမှ မောင်နှမများကို သံယောဇဉ်ကြီး သော အစ်ကိုအောင်စိုး စသည်တို့ကို သတိရကာ မတူညီသော မိသားနှစ်စုကို ယှဉ်၍ တွေးနေမိလေသည်။
+ + +
အိမ်ကို အကြောင်းမကြားဘဲ သူ ရုတ်တရက် လက်ထပ်လိုက်ခြင်း အတွက် အမေ ခွင့်လွှတ်လိမ့်မည်ဟု အောင်တိုးမျှော်လင့်လေသည်။ အစ်ကိုကြီးကတော့ ထုံးစံအတိုင်း ကျေနပ်မည်မထင်။ ခင်ခင်ဦးကို တအိမ်လုံးက သိပြီးသား၊ ရင်းနှီးပြီးသားမို့ သဘောမတူစရာ အကြောင်းမရှိ။ ခင်ခင်ဦးတို့အဖေ ဒိုက်ဦးမှ ပြောင်းခဲ့သည်မှာတော့ ကြာပြီ။ ယခုတခါ ခင်ခင်ဦးတို့ တမြို့တရွာကို ပြောင်းရမည့် ဆဲဆဲတွင် လူကြီးများ သဘောတူညီချက်ဖြင့် ရုတ်တရက် စီစဉ် လိုက်ခြင်းပင်။ ခင်ခင်ဦး အဖေကလည်း “နောက်တော့ မင်းအမေကို နှစ်ယောက်သွားကန်တော့ကြပေါ့ကွာ”ဟု ဆိုသည်။
သူနှင့်ခင်ခင်ဦးက ဖြူးမှာနေကြရမည်။ အောင်တိုးကလည်း လက်ထောက်မြို့ပိုင်ဆိုတော့ သူ့ အတိုင်းအတာနှင့်သူ သြဇာညောင်း သည်သာ။ ရပ်မိရပ်ဖနှင့် အကျဉ်းချုံး လက်ထပ်လိုက်၍ အိမ်ကို ရုတ်တရက် မမှာနိုင်။ လိုက်လာလျှင်လည်း အမေတယောက်သာ လာမည်မို့ အကြောင်း မထူးဟု အောင်တိုးက တွက်သည်။ သူ့ဘက်က ဂုဏ်ဒြပ်ရှိပြီးသားမို့ မျက်နှာငယ်စရာလည်း မရှိ။
သူ့အနေဖြင့် သူမျှော်မှန်းသလို အစိုးရအရာရှိတယောက်လည်း ဖြစ်ခဲ့ပြီ။ သူ ပထမဆုံး တွေ့မြင်ချစ်ကြိုက်ခဲ့သော မိန်းကလေး နှင့်လည်း ရပြီ။
အမေတို့ကိုလည်း တလလျှင် ၁ဝဝ မျိုး၊ ၉ဝ မျိုး ဆိုသလို ဝတ္တရားမပျက်ထောက်ပံ့နိုင်ပြီ။ သည့်ထက်ပို၍ ဘာလိုဦးမည်နည်း။ သူ့ဘဝကို သူ ကျေနပ်သည်။ သူ့အလုပ်ကို သူ ဂုဏ်ယူ သည်။ လက်အောက်ငယ်သားတို့က ပျာပျာသလဲ ပြုစုနာခံသည့် အရသာကို သူ ကောင်းကောင်းတွေ့နေသည်။ ပြီးတော့ တချိန်က အဖေတို့၊ အောင်စိုးတို့ အရက်သောက်သည်ကို ရှုတ်ချခဲ့သော်လည်း ယခုတော့ သူက အပေါင်းအသင်းဆံ့အောင်ဆိုပြီး သောက်တတ် စားတတ်လာသည်။
ခင်ခင်ဦးကတော့ သမားရိုးကျ ထုံးတမ်းစဉ်လာဘောင်တွင်းမှာ ကြီးပြင်းလာသူပီပီ မိန်းမပီသခြင်း၊ အိမ်တွင်းမှုကိစ္စ နိုင်နင်းခြင်း၊ ပညာအရှိန်ဖြင့် ပွဲလယ်တင့်ခြင်းစသော ကတော်ကောင်းတို့၏ အင်္ဂါနှင့်ပြည့်စုံသည့် သာမန် မိန်းမတဦးပင်။ သည်တော့လည်း သူတို့တွင် ပြဿနာမရှိ။ သူတို့အိမ်ထောင်ရေးမှာ အတက်အဆင်း အနိမ့်အမြင့်ကင်းသော မင်းလခစားတို့၏ ငြီးငွေ့ဖွယ်အိမ်ထောင်တခုထက် ဘာမျှ မထူးခြား။
အမေကလည်း အောင်တိုးအတွက်တော့ ရတက်အေးပြီဟု စိတ်ကို တုံးတုံးချလိုက်သည်။ အတောင်အလက်စုံ၍ သူ့ရင်ခွင်ကို ပြန်မလာသော်လည်း အမေ ကျေနပ်ပြီ။ မျက်နှာကို မမြင်ရသော်လည်း သား၏သတင်း၊ ချွေးမ၏သတင်းကို နားထောင်ရရုံ၊ လူကြုံကောင်းဖြင့် မုန့်တထုပ်၊ ပိတ်တဝတ်စာ ပေးရုံမျှဖြင့် ပီတိဖြစ်၍ မဆုံးပြီ။ လိမ္မာရေးခြားရှိသည့် သား၊ မွေးရကျိုးနပ်သည့် သား။
“အမေ ကျွန်တော်တို့နဲ့အတူလာနေပါ၊ အမေ့အတွက် ဘာမှ ပူစရာမရှိပါ”ဟု စာရေးမှာသည့်အခါမျိုးတွင်လည်း မျက်ရည်လည်အောင်ပင် ကျေးဇူးတင်မိလေသည်။ သို့သော် အမေ့အိမ်က အမေ မခွာနိုင်သေး။
အမေ့မှာ ရင်ခွင်ထဲက ခွဲမထွက်နိုင်သေးသည့် သားနှစ်ယောက်ရှိ သေးသည်။ သမီးတယောက် ရှိသေးသည်။ သားကြီးတွေ ဆိုသော်လည်း သူတို့သည် အမေ့နှလုံးသားကို ပို၍ ဆွဲကိုင်လှုပ်ရှားနိုင်စွမ်း ရှိလေသည်။ အောင်တိုးတို့၊ ခင်ကြိုင်တို့ နားမလည်နိုင်သော မေတ္တာတရားကို အမေက သိရှိနားလည်စွာ ခံစားနေရသည်။ သာမန်အားဖြင့်တော့ ခင်ကြိုင်တို့၊ အောင်တိုးတို့သည် အမေ့လုပ်စာဖြင့် ပညာသင်ပြီး အမေ့ကျေးဇူးကို မမေ့မလျော့ကာမျှဖြင့် ဝတ္တရားကျေပြီဟု ယူဆကြသော်လည်း အမေကတော့ သူတို့ထက်နက်ရှိုင်းစွာ ခံစားရသည်။
အမေ့ကို တကယ်တမ်း အားသစ်မွေးနိုင်အောင် ခွန်အား စွမ်းပကားများ ပေးစွမ်းခဲ့သည်မှာ အောင်တိုးတို့၊ ခင်ကြိုင်တို့ မဟုတ်ပေ။ သူတို့သည် ပညာတတ်သောသူများပီပီ ပညာတတ် တွေးသာ တွေးသည်။ တကယ့်လူ့ဘဝ၏ အဓိပ္ပာယ်၊ အနစ်နာခံမှုနှင့် ကိုယ်ကျိုးစွန့်မှုနှင့် ကျေးဇူးတုံ့ပြန်မှုတို့ကို ပြည့်ပြည့်စုံစုံ သိရှိခံစား နားလည်သူများ မဟုတ်ဟု အမေ့စိတ်က သိလေသည်။ သို့သော် မိခင်တို့၏ ကျေနပ်ရောင့်ရဲခြင်းမျိုးဖြင့် အမေ ကျေနပ်ရောင့်ရဲသည် သာတည်း။
“အမေ့သားက နေနိုင်လိုက်တာ၊ မိန်းမယူတာ အကြောင်း မကြားနိုင်ဘူးဘဲထား၊ တခေါက်တလေ လာပြုမကန်တော့တာတော့ မလွန်လွန်းဘူးလား”ဟု အောင်စိုးက ဝမ်းနည်း နာကျည်းစွာ ဆိုသော်လည်း အမေက ခွင့်လွှတ်စွာ ပြုံးနေသည်။
‘ဒီကောင်က အစကတည်းက သူ ကြီးပွားဖို့လမ်းသာ သူ စိတ်ဝင်စားတာ၊ တခြားဘာမှ နားလည်တာ မဟုတ်ဘူး၊ လူ့ဘဝဆိုတာ ဘာလဲဆိုတာတောင် သိတာ မဟုတ်ဘူး၊ ခင်ကြိုင်လဲ ဒီအတိုင်း”ဟု မျိုးထွန်းက နက်နက်နဲနဲ ဝေဖန်သည်ကိုလည်း အမေက ခေါင်းညိတ်၍သာနေသည်။
“ဟင်း အစ်ကိုတွေ အစ်မတွေများ ကိုယ့်ညီမလေးတယောက်ရှိသေးတာတောင် သတိမရတော့ဘူး၊ ကိုယ်လွတ်ရုန်းသွားလိုက်ကြတာ’ ဟု မိသက်က ကလေးဆန်ဆန် အပြစ်တင်သည်ကိုလည်း အမေက ရယ်၍နေသည်။ နှုတ်ကမူ ဆိုးသည်ကောင်းသည်တခွန်းမျှမပြော။ သည်အထဲကပင် ချွေးမဆီက စာလေးတစောင် ရသောအခါ တရက်မှ ဈေးမထွက်ဘဲ အနားမယူဖူးသော အမေသည် ဆိုင်ကိုပစ်၍ ကောက်ကာငင်ကာ ထလိုက်သွားလေသည်။
ခင်ခင်ဦး၏ စာက တိုတိုလေးသာ ဖြစ်သည်။
“ခင်ခင်လဲ မကြာခင် မျက်နှာမြင်တော့မယ်။ အမေ့အတွက် မြေးဦးပေါ့။ ကိုတိုးက သူ့အလုပ်နဲ့ သူ မအားရလို့ အိမ်မှာ ကျွန်မ တယောက်တည်း ဖြစ်နေတယ်။ အမေတို့၊ ခင်ကြိုင်တို့သာ အနားမှာရှိရင် ခင်ခင် သိပ်အားရှိမှာပဲ။ ခင်ကြိုင်တော့ ရန်ကုန်မှာပဲ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။ အမေ ဖြစ်နိုင်ရင် ညီမလေး မိသက်ပါခေါ်ပြီး လာခဲ့ပါဦး။ ကိုတိုးကလဲ စာရေးမှာခိုင်းပါတယ်”
“ဒီကောင် အရေးရှိမှ အမေ့ကိုသတိရတာနေပေ့စေ မသွားနဲ့”ဟု သားများက တားသည့်ကြားမှ အမေ အထုပ်အပိုးပြင်သည်။ မျိုးထွန်းကို ပြုစုပေးဖို့ မိသက်ကိုထားခဲ့ကာ သူကတော့ ချွေးမ မျက်နှာမြင် အမီ အပြေးနှင်လေသည်။
ဘုရားသခင်သည် ခွင့်လွှတ်တတ်ခြင်းကို မိခင်တိုင်း၏ ရင်ခွင်တွင် ထည့်သွင်း ပေးခဲ့လေသည်တကား။
အပိုင်း – ၆
မြေးဦးကိုချီရ၍ အမေ တလောကလုံးကို မေ့နေလေသည်။ လာစဉ်က တပတ်ခန့်၊ ၁ဝ ရက်ခန့်နေမည်ဟု မှန်းခဲ့သော်လည်း သည်ရောက်တော့ တလ ကိုးသီတင်းကြာသွားသည်။ မြေးကိုလည်း ချစ်သည်။ ချွေးမကိုလည်း သနားသည်။ ခင်ခင်ဦးကား အမေထင်သည်ထက် ပိုနုနယ်၍ မိန်းမ ပီသလွန်းပေသည်။
“ငတိုး ပြန်လာချိန်က ညဉ့်နက်လှချည်လား ခင်ခင်ရယ်၊ ခါတိုင်းရော ဒီလိုပဲလား”
ခင်ခင်ဦးက မချိပြုံးဖြင့် ခေါင်းညိတ်သည်။ အပျိုဘဝက မာနတို့ ဘယ်ရောက်ကုန်ပြီနည်း။ ဖခင်၏ အရှိန်အဝါ အောက်တွင် ငြိမ်ဝပ်ပိပြားစွာနေခဲ့ရသော မိခင်၏ အငွေ့အသက်တွေ ခင်ခင်ဦးဆီမှာ ရိုက်ခတ်နေသည် ထင်သည်။ အမေကလည်း တချိန်က အဖေ့ သြဇာအောက်မှာ ကျိုးနွံစွာနေခဲ့ဖူး၍ သူ့အဖြစ်ကို နားလည်သည်။ သို့သော် ခေတ်ပညာတတ် မိန်းကလေးများဖြစ်၍ သည်သို့ ဖြစ်လိမ့်မည် မထင်ခဲ့။ မိန်းမချင်းစာနာမိပြီဆိုတော့လည်း ချွေးမဘက်က ပါရသည်။
“ကွယ် ဒီလို သွေးနုသားနု အချိန်မျိုးမှာတော့ အနားမှာရှိသင့် သပေါ့၊ ဒီကောင်တော့ ပြောရဦးမယ်”
“မပြောပါနဲ့အမေရယ်၊ ကိုတိုးဟာ ခင်ခင့် အပေါ်မှာတော့ ကောင်းပါတယ်၊ ဘာမှ ဆူဆူပူပူမလုပ်ပါဘူး၊ ဒါပေမယ့်အမေ သူ အရက်သောက်တယ်”
“အင်း သားသုံးယောက်ရှိတဲ့အထဲမှာ နှစ်ယောက်ကတော့ သူ့အဖေ အတိုင်းပဲ၊ အရက်သောက်တတ်နေပြီ၊ ဒါပေမယ့် ဟိုကောင် သောက်တာ ဘယ်သူ့မှ မထိခိုက်ဘူး၊ စီးပွားလဲ မပျက်ဘူး၊ ငတိုး ကတော့ ကိုယ့်ရာထူးဂုဏ်ရှိန်နဲ့ မသောက်သင့်ဘူးကွယ်၊ အရက်ကြောင့် ဒုက္ခရောက်နိုင်တယ်”
ပြောမည်ဆိုသော်လည်း သားဖြစ်သူပြန်လာချိန်မှာ ညဉ့်နက် လှပြီ။ ပြီးတော့ မျက်နှာငယ်ငယ်ဖြင့်မျှော်နေတတ်သော ခင်ခင်ဦးကို ကြည့်ကာ ပြောမည့်စကားလည်း ပြောမထွက်တော့။ နောက်မှ သားတယောက်တည်း အေးအေးဆေးဆေး ပြောချင်သည်။
မီးဖိုချောင် ဝင်တော့လည်း အမေ စိတ်ညစ်ညူးရသည်ပင်။ စေ့စပ်သေချာသော ခင်ခင်ဦးသည် ငွေကိုမှ ကိုင်ရပါလေစ။ ဆားအိုးထဲတွင် ဆားမရှိ။ ငါးပိအိုးထဲတွင် ငါးပိမရှိ။ ပြီးတော့ အောင်တိုး ကလည်း အိမ်မှာ ထမင်းစားသည့်ရက်က နည်းလှသည်။ သည်တော့ လည်း အမေက ချွေးမကို သမီးလိုသဘောထားကာ မေးရသည်။
“ငတိုးက ပိုက်ဆံကော မှန်မှန်အပ်ရဲ့လား”
ခင်ခင်ဦး မျက်နှာပျက်လေပြီ။ ပြောရ ခက်နေဟန်လည်း မြင်ရပြီ။ သည်တော့ အမေကလည်း ပွင့်ပွင့်လင်းလင်းပြောဖို့ အားပေးရသည်။
“မမှန်ဘူး အမေ၊ သူပေးချင်သလောက် ပေးတာပဲ၊ ခင်ခင်ကလဲ တယောက်တည်းဆိုတော့ ပူတောင့်ပူပင် မထားတော့ဘူး”
“ဟဲ့ အိမ်ကိုတော့ သူ မှန်မှန်ပို့သား၊ ဘယ်လောက်ပို့တယ် ဆိုတာကော ခင်ခင် သိရဲ့လား’
ခင်ခင်ဦး ခေါင်းငုံ့ထားသည်။
“သူကတော့ပြောတယ် အမေ၊ အမေနဲ့ ညီမလေးကို သူ ထောက်ပံ့ရမယ့်ဝတ္တရားရှိတယ်၊ ဒါကိုတော့ ဘာမှ မပြောနဲ့တဲ့၊ ခင်ခင်ကလဲ အမေတို့အခြေအနေ သိပြီးသားမို့ ဘာမှ မပြောပါဘူး”
“ဒီလိုလဲ ဘယ်ဟုတ်မလဲအေ၊ အေး ခင်ခင်သိအောင် ပြောမယ်၊ သူ အိမ်ကို ရှစ်ဆယ်လောက်တော့ မှန်မှန်ပို့တယ်၊ ကျန်တာ ဘာလုပ်ပစ်သလဲ၊ အင်း တပည့်တပန်းတွေနဲ့ သောက်စားပစ်တယ် ထင်ပါရဲ့၊ သူ့အဖေအတိုင်းပါပဲလေ”
အမေက မနေသာ၍ သားနှင့်မျက်နှာချင်းဆိုင်ရလေသည်။
“ငါ ကြာကြာနေလို့ မဖြစ်ဘူး ငတိုး၊ မျိုးထွန်းခြေထောက်က ဒဏ်ရာက ခဏခဏပြန်ဖြစ်နေတာ၊ သူ ကားပြန်မောင်းမယ်ဆိုတာ မနည်းတားထားရတယ်၊ ဆိုင်လဲ ပစ်ထားခဲ့ရတယ်၊ မိသက်ကိုလဲ စိတ်မချဘူး”
အောင်တိုးသည် အမေ့ကိုတော့ ချစ်သည်။ အမေပြန်မည် ဆိုတော့ သူ မျက်နှာမကောင်း။
“မိသက် ဒီနှစ်ဆယ်တန်းနော်”
‘အင်း”
အောင်တိုးက တွေးနေသည်။
“မိသက်ကို တက္ကသိုလ်ဆက်ထားပါ၊ အစ်ကိုမျိုးထွန်း အလုပ် ပြန်လုပ်ရင် အမေလဲ ဈေးမရောင်းနဲ့တော့၊ ကျွန်တော်တို့နဲ့လာနေပေါ့၊ အမေ့သမီး ခင်ကြိုင်လဲ အလုပ်ရနေပြီ မဟုတ်လား’
အမေ ခေါင်းခါသည်။ သူ့ဆိုင်ကို သူ မပစ်နိုင်။ သူ့သားကြီး တွေနှင့် ဝေးရာမှာလည်း သူ မနေနိုင်။ အောင်တိုးပေးသောငွေကိုလည်း သူ မလိုချင်တော့။
“အမေပြောမယ် ငတိုး၊ မိသက်အတွက်မပူနဲ့၊ ဘယ်ကမှမရလဲ ဒီတယောက်ကတော့ အမေတတ်နိုင်တယ်၊ တခုပဲ ပြောခဲ့မယ်၊ မင်း ခင်ခင်ဦးကို ပစ်မထားသင့်ဘူး၊ မိန်းမဆိုတာ ကိုယ့်လင်သား လုပ်စာကို ကိုယ်တိုင် စီမံခွဲချင်တာပဲ၊ ငါ ကိုယ်ချင်းစာလို့ပြောတာ၊ ခုလဲ မင်းတို့မှာ ကလေးတယောက်ရပြီ၊
ဒီတော့ ငါတို့ဆီ ငွေမပို့ နဲ့တော့၊ မင်းတာဝန်ကျေပါတယ်၊ အမေ ကျေနပ်တယ်၊ ဒီလောက်ဆို တော်ပြီ ဟုတ်လား”
အောင်တိုးက ခင်ခင်ဦးကို အပြစ်တင်လိုဟန်ဖြင့် ရှာသည်။ အမေက လက်ကိုကာယမ်းလိုက်သည်။
“မင်း ခင်ခင်ဦးကို အပြစ်မရှာနဲ့ ငတိုး၊ သူဘာမှ မပြောဘူး၊ ငါ့ဘာသာ အခြေအနေကိုကြည့်ပြီး ပြောတာ၊ ခင်ခင်ဦးဟာ သိပ်တော်တဲ့ မိန်းကလေး၊ ဆင်ခြင်ရမှာ မင်းပဲ၊ မင်းအဖေခြေရာကို မနင်းနဲ့၊ မင်းအဖေ အရက်ကြောင့် ဒုက္ခရောက်တာ မင်းအသိပဲ”
အောင်တိုး ငြိမ်ကျသွားသည်။ အမေ့ကိုလည်း ပို၍ လေးစားမိ သည်။ အမေသည် သားလုပ်စာ အမေသာဆိုင်သည်ဟူသော ရတတ်သမျှ လက်ဖြန့်ယူတတ်သည့် ယောက္ခမမျိုး မဟုတ်။ သူ့ဘက် ကိုယ့်ဘက် စာနာတတ်သော အမေ ဖြစ်သည်။
“မိသက်ကျောင်းလခတော့ ကျွန်တော် ပေးပါရစေဦး၊ အမေ ပြောတာလဲ ကျွန်တော် နားထောင်ပါ့မယ်”
အမေက ဆက်၍ တစုံတရာ ပြောသင့်မပြောသင့် ချိန်ဆ နေသည်။
‘ပြီးတော့ ငတိုး’
“ဘာလဲ အမေ၊ ဘာပြောမလို့လဲ”
“မင်းအိမ်ကို တခေါက်တလေ ပြန်လာသင့်တယ်၊ မျိုးထွန်းဟာ မင်းတို့အတွက် ရှေ့ဆုံးက အနစ်နာခံခဲ့တာ မင်းအသိ၊ ပြီးတော့ အောင်စိုးဟာကော ညီတွေ ညီမတွေကို သိပ်ချစ်ရှာတယ်၊ သူပေခဲ့ တေခဲ့ပေမယ့် အခု အလုပ်ကို ကောင်းကောင်းလုပ်တယ်၊ အကျိုးမပေး တာတော့ သူ့ကံပဲ”
သည်တခါတော့ အောင်တိုးက အမေနှင့် သဘောချင်း သိပ် မကိုက်ညီချင်။ သူတို့ကျောင်းနေခဲ့တာ အိမ်ရောင်းလို့ရသည့်ငွေ၊ အမေက ဈေးရောင်း၍ရသည့်ငွေနှင့် နေခဲ့ခြင်းသာဟု ထင်နေဆဲပင်။ အစ်ကိုတို့ ကျောင်းမနေခြင်းသည်လည်း သူတို့ဘာသာ မနေချင်၍ မနေတာဟုပင် မှတ်ယူသည်။ မေတ္တာစေတနာဟူသည့် သဘောကို သူကောင်းစွာ မခွဲခြားတတ်သေးပေ။ သို့သော် အမေ စိတ်ချမ်းသာ အောင် သူ ခေါင်းညိတ်သည်။
အမေပြန်မည်ဆိုတော့ ခင်ခင်ဦး မျက်ရည်ကျသည်။ အမေက တော့ ချွေးမ၏ ဘဝကိုကြည့်ကာ စာနာမိသည်။ ဘာပဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပါပဲလား။
+ + +
အောင်စိုးကျတော့ တမျိုး။
သည်ကောင်ကြီးက လူက ဆိုးသယောင် ပေသယောင်နှင့် တကယ့် တကယ်မှာဖြင့် နုံ လှ အ လှသည်။ လူတွေအကြောင်း၊ မိန်းမတွေအကြောင်း အဆိုးအကောင်းဘာမှမသိ။
မုဆိုးမချင်း ကိုယ်ချင်းမစာ၍ မဟုတ်။ မကြူးကိုတော့ အမေ့ စိတ်က နည်းနည်းမျှ မတွေ့ ပါချေ။ ဘာကြောင့်မှန်းမသိ။
သူ့ကိုစတွေ့ကတည်းက ရိုးသားသည်လို့ကို မထင်ခဲ့။ ဆင်းရဲ၍ မဝတ်နိုင်မစားနိုင်သည်ကိုလည်းအပြစ်မတင်လို။ သို့သော် တမင်ကလာ ကပိုကရိုနေသည်ဟု ထင်သည်။ ဘဝတူချင်းမို့ ကူညီသည်ကိုလည်း တလွဲမထင်သင့်။ သို့သော် အောင်စိုးကို အရောဝင်လွန်းသည်ဟုပင် ထင်သည်။ ပြီးတော့လည်း သည်လို ရုပ်လက္ခဏာမျိုးသည် သစ္စာ စောင့်သိသည့် အသွင်၊ ဖြူစင်ဖြောင့်မတ်သည့် သဘောသဘာဝ စိုးစဉ်းမျှ မရှိဟု အလိုလို ထင်မိသည်။
အောင်စိုးကတော့ ဘဲဥသွားပို့တိုင်းအိမ်ကို နေ့တိုင်းဝင်ကာ အမေနှင့်တိုး၍ ဆူလျှင် ဆဲလျှင်လည်း တဟဲဟဲနှင့် ကလေးကြီးလို ရယ်မောပစ်တတ်သည်။ မျိုးထွန်းကလည်း အမေ့လေသံ ကြားကာ မျှဖြင့် ထိုမိန်းမကို သဘောမကျ။ ဖြူစင်ရိုးသားလှပါသည်ဟု သူယုံကြည်ခဲ့သော နန်းစိန်ပွင့်ပင်လျှင် တပါးသူလက်သို့ ကောက် ကောက် ပါသွားသည် မဟုတ်ပါလား။ မိန်းမတို့၏ အတွင်းစိတ်ကို အကဲခတ်နိုင်ဖို့ ခက်လှသည်။ ပြီးတော့လည်း အမေ့ အပြောအရ ထိုမိန်းမက လည်ပုံပတ်ပုံရသည်။
သူတို့ စိုးရိမ်တားမြစ်နေသည့်ကြားကပင် အောင်စိုးက မကြူးကို ခိုးပြေးလေသည်။ အမေ့မှာ မကြုံစဖူး ယူကျုံးမရဖြစ်ကာ မျက်ရည်များပင် ကျမိသေးသည်။ သားကို သနားတာလည်းပါသည်။ သည် မိန်းမနှင့် ပေါင်းလျှင် ဒုက္ခရောက်ကာ ပိုလို့ပင် ဆင်းရဲတွင်းနက်မည်ဟု စိတ်ကထင်နေ၍လည်း ဖြစ်သည်။ အောင်စိုးကတော့ ကြာကြာ ပြေးနေစရာမလို သံတံတားမှ တရက်နှစ်ရက်လောက်ပျောက်သွားပြီး မကြူးနှင့်အတူ ပြန်လာကာ အတူနေလိုက်ကြခြင်းဖြင့် ပြဿနာ ပြီးလေသည်။ မည်သူကမျှလည်း ရေးကြီးခွင်ကျယ်မလုပ်။ မည်သူ့ကိုမျှလည်း ဖိတ်မန္တကပြုကာ အသိအမှတ်ပြုခိုင်းစရာမလို။ အမေ့မှာသာ ရင်ကွဲရသည်။
အောင်စိုးကတော့ မကြူးသည် သူ့ဘဝနှင့် အကိုက်ညီဆုံး၊ သူ့ကို ဖေးမကူညီမည့် မိန်းမအပီသဆုံးဟု ယူဆသည်။ တနေ့ တိုးတက်လာနိုး၊ တရက် ကြီးပွားလာလိမ့်နိုးဖြင့် မျှော်လင့်ကိုးစားခဲ့သော သူ့အလုပ်အတွက် တတပ်တအားပါဝင်ဖို့ အဖော်ရပြီဟု ထင်နေသည်။ သူကတော့ မကြူးနှင့် ဒူးမနာသားအတွက် အလုပ်ကို ပို၍လုပ်လေသည်။ အလုပ်က ရသမျှငွေကိုလည်း မစားရက် မသောက်ရက် ခါးပုံစတွင်လိမ်ကာ ကျစ်ကျစ်ပါအောင် စုလေသည်။
တနေ့တွင် အမေ့လက်ထဲကို “ဟောဒီမှာ ကျွန်တော် ရှာတဲ့ငွေ၊ အမေ လိုရာသုံးပါ”ဟု ပေးချင်သည့်ဆန္ဒကလည်း ပြင်းပြလှသည်။ အစကတော့လည်း မကြူးက အကောင်းသားပင်။ သူ့ကို ဂရုစိုက်သည်။ ခြံထဲမှ ဝေယျာဝစ္စအကုန်လုပ်သည်။ ဝက်စာကျိုသည်။ ဘဲစာကျွေးသည်။ ရေဖြည့်သည်။ တံမြက်လှည်းသည်။ အောက်ခြေ သိမ်း အကုန်လုပ်သည်။ ဟင်းသီးဟင်းရွက်ခူးကာ ဈေးသို့ပင် သွားရောင်းလိုက်သေးသည်။
သို့သော် လူ့အတွင်းစိတ် ဟူသည်မှာ ကြာကြာဖုံးကွယ်ဟန်ဆောင်၍ မရစကောင်း။ မကြူးသည် မိန်းမတို့ ဣန္ဒြေနှင့် ဂုဏ်သိက္ခာကို စောင့်ထိန်းရမည်မှာ ဝန်လေးသောအလုပ် ဟု မှတ်ယူတတ်သော မိန်းမစားမျိုး ဖြစ်လေသည်။ မကြူး၏ အပြောအဆို ရဲတင်းမှု၊ အနေအထိုင် ပွင့်လင်းမှုသည် အစက အောင်စိုးအတွက် နှစ်ခြိုက်မက်မောစရာ ဖြစ်ခဲ့သော်လည်း နောက်တော့မနာလို မရှုဆိတ်စရာ၊ လက်မခံနိုင်စရာ ဖြစ်လာရသည်။
တိတိလင်းလင်း စွပ်စွဲရမှာလည်းခက်သည်။ အစကတည်းက မကြူးသည် သံတံတား ချောင်းကမ်းပါးတွင် ကျင်လည်ကြီးပြင်းလာခဲ့သူ။ သေဆုံးသွားသော သူ့ယောက်ျားသည်လည်း သည်နေရာ
တဝိုက်မှာ လုပ်ကိုင်စားသောက်ကာ အားလုံးနှင့် ပေါင်းဖက်နေထိုင်ခဲ့သူ။ သည်တော့ မကြူးသည် သံတံတားချောင်းတွင် လူစိမ်းမဟုတ်။
လူရင်းသာဖြစ်သည်။ အောင်စိုးထက် အပေါင်းအသင်းများသည်။ကြင်တိတ်တို့နှင့် ဆိုလျှင်လည်း ငယ်ပေါင်းကြီးဖော်တွေဖြစ်သည်။
သည်တော့ သူက မကြူးကို ဟိုလူ့ကိုမပေါင်းနှင့်၊ ဒီလူနှင့် အရောမဝင်နှင့်ဟု ပြောရမှာ ခက်လှသည်။ အထူးသဖြင့် ကြင်တိတ်နှင့်မကြူးတို့ ရယ်မော စကားပြောဆိုနေသည်ကို အောင်စိုး တွေ့လျှင်ရင်ထဲတွင် ဘယ်လိုမှ သည်းခံ၍ မရပေ။ မကြူးကတော့ သိလျက်နှင့်မသိဟန်ဆောင်ကာ ကြင်တိတ်ကို ရောလေသည်။ အောင်စိုးတောင်းမရသော အရာကို ကြင်တိတ်ထံမှ သူတောင်းလျှင် ရသည်။ သူချေးလျှင်ကြင်တိတ်က ပေးသည်။ နောက်ဆုံး “ဒီနေ့ ဘဲဥသွားသွင်းတာတရာပြည့်ဖို့ လေးလုံးလိုနေလို့ ခဏစိုက်ထားပါ”ဆိုလျှင်လည်း ရက်ရက်ရောရောပေးသည်။ ပြီးတော့ မကြူးက “အသာနေ”ဟူသောအမူအရာဖြင့် တဖက်မှ အောင်စိုးကို မျက်စိမှိတ်ပြတတ်သေးသည်။
အောင်စိုးသည် မကြူးက ကြင်တိတ်ကို မိန်းမမာယာဖြင့် ညာစားနေသည့်ဟန်ကို မြင်ရသောအခါ ပို၍ပင် ဒေါမနဿ ဖြစ်ရလေသည်။ ကြင်တိတ်ဆိုသည့် ကောင်ကလည်း နည်းနည်းမျှကောင်းသည့် ကောင်မဟုတ်။ မကြူးက ရောမှန်းသိလေ ထိပ်ပုတ်ခေါင်းပုတ် လုပ်ချင်လေပင်။ အောင်စိုးက မျက်နှာထိ မျက်နှာထားနှင့်နေ၍ အောင်စိုးရှေ့တွင် မှန်မှန်နေသော်လည်း လစ်လျှင်လစ်သလို၊ ကွယ်လျှင် ကွယ်သလို လူချင်းပူးကာ ရိသဲ့သဲ့လုပ်ချင်သည်။ သည့်အတွက် အောင်စိုးမှာ မျက်စပ်ပိုးဝင် ဖြစ်၍နေလေသည်။
နွေရောက်လာ၍ ချောင်းရေက တစတစ ခန်းလာသည်။ သောင်ထွန်းလာသော သဲပြင်ပေါ်တွင် လူသောက်သုံးရန်တူးထားသော စမ်းတွင်းလေးများမှာပင် ရေမရှိချင်တော့။ အဝတ်လျှော်ရန်နှင့် ချိုးရန်ရေမှာလည်း ၁ဝ ပေပတ်လည်ပင် မရချင်တော့။ သည်တော့ ဘဲတွေအတွက် အခက်ကြုံရသည်။ အောင်စိုးက သူ့ဘဲတွေ ရေဝဝ ချိုးရန် သံတံတားမှ လွန်ကာ ရေအိုင်ထွန်းရာဘက်သို့ ခပ်ဝေးဝေး ကျောင်းရတော့သည်။
ကြင်တိတ်နှင့် လမ်းမှာတွေ့ တော့ သူ့ရင်က ဒိတ်ခနဲ ဖြစ်မိ သေးသည်။ တဲမှာ မကြူး ရှိနေသည်။ ကြင်တိတ်က သူ့ကို မျက်နှာချိုသွေး၍ ပြုံးပြသည်။
“တာထိပ်ထိသွားကွ၊ ရေတော်တော်များသေးတယ်”
အောင်စိုးက သူ့ဘဲများကို ကြင်တိတ်ဘဲတွေနှင့် မရောရန် သတိပြုမောင်းရင်း စိတ်ကလည်း တဲထဲမှာ ကျန်ခဲ့သော မကြူးဆီ ရောက်နေသည်။ ကြင်တိတ်က သူ့ဘဲများကို ခပ်သုတ်သုတ် မောင်းသွားသည်ကိုလည်း နောက်လှည့်၍ ကြည့်လိုက်မိသေးသည်။ မန္တလေး ကားလမ်းမကြီးနှင့် သံတံတားချောင်းဆုံရာ တာထိပ်အထိ သူ့ဘဲများကို စိတ်လေးစွာ မောင်းလာခဲ့သည်။
မကြူးနှင့်သူ ပေါင်းလာခဲ့သည်မှာ တနှစ်ကျော်ပြီ။ မျှော်လင့်ချက် အပြည့်အဝဖြင့် သူ့ဘဝကို သူပြောင်းလဲပြီး သူ ဝါသနာပါရာ လုပ်ငန်းထဲတွင် နှစ်မြှုပ်ထားခဲ့သည်မှာလည်း ငါးနှစ်နီးပါး ရှိပြီ။ သို့သော် သူ့ဘဝ၏ တိုးတက်မှု ရောင်ခြည်ကား မမြင်ရသေး။ ပြီးတော့ မကြူး။
မကြူးအပေါ် သူများစွာ မျှော်လင့်ခဲ့သည်။ အမေနှင့် မောင်နှမ များကို ဆန့်ကျင်၍ မကြူးကို သူ ယူခဲ့သည်။ မကြူးသည်သူ့ဘဝအတွက် များစွာ အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်မိသော ကြောင့်ပင်။ သို့သော် သည်တကွက်မှာလည်း သူ ထင်သလို ဖြစ်မလာပြန်ချေ။ မကြူး၏ အနေအထိုင် အပြောအဆို အပြုအမူ တို့သည် သူ့အတွက် အားတက်စရာ ဖြစ်မလာခဲ့။ စိတ်ပျက်ဖွယ်ရာသာ ဖြစ်ခဲ့တော့သည်။
ယခုလည်း စိတ်က လေးလေးနှင့် ဘဲများကို စောစောသိမ်းကာ ပြန်လာခဲ့သည်။ ဆူညံစွာ တိုးဝှေ့ပြေးလွှားနေကြသော ဘဲအုပ်ကြီး နောက်မှ ထန်းလက်ကို ဝှေ့ယမ်းရင်း စိတ်က အလိုလို တိုတောင်း နေသည်။ သူ့ခြေထောက်များက ဘဲအုပ်နောက်မှ လိုက်နေရသည့်တိုင် စိတ်က ဘဲအုပ်ကို ကျော်လွှားကာ တဲဆီသို့ ရောက်နှင့်နေသည်။ သူ့စိတ်က မကြူးနှင့် ကြင်တိတ်တို့ ကလူကျီစယ်နေမည့်ပုံကို မြင်ယောင်နေသည်။
မီးရထားလမ်း သံတံတားကြီးကိုကျော်လာတော့ သူ့မျက်လုံးများက ကြင်တိတ်၏ တဲဆီသို့ ဦးစွာဝေ့ကြည့်သည်။ ဘဲများ အစာ စားရသေးဟန်မတူ။ ဆူညံစွာ အော်ဟစ်နေကြသည်။ ကြင်တိတ်ကိုကား မတွေ့ရ။
သူ့တဲထဲကို ဝင်တော့လည်း မကြူးကို မတွေ့ရ။ ဘာမှန်းမသိရသေးဘဲနှင့် သူ့ရင်ထဲဝယ် ဒေါသမီးတို့ဖြင့် လောင်မြိုက်ဆူဝေလာသည်။ အံကို တင်းတင်းကြိတ်ကာ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဟင်း ဒီတခါတော့ တွေ့ကြသေးတာပေါ့။ ဘဲများကို အဆောတလျင် ခြံထဲသွင်းကာ ဒူးလောက်သာမြင့်သော ဝါးကပ် တံခါးလေးကို စေ့ရုံမျှ ပိတ်ထားခဲ့သည်။ ပြီးတော့ မကြူးကို ရှာသည်။ မကြူး၏ သားလေးသည် တဲနောက်ဘက် ဝက်ခြံဘေးမှာ ရွှံ့စေးများကို အရုပ်လုပ်ကာ ဆော့ကစားနေသည်။
“သံချောင်း နင့်အမေကော “
သံချောင်းက ဘူးစင်ဘက်သို့ မေးငေါ့ပြသည်။ ကြင်တိတ် တဲနှင့် ကပ်လျက် ခြံစည်းရိုးဘက်မှာ ဘူးစင်ရှိသည်။ အောင်စိုးက ခြေကိုဖွနင်း၍ တဲနောက်ဖေးတံခါးမှ ထွက်ခဲ့သည်။ စကားသံတိုးတိုး ကြားရလေသည်။
“ကိုအောင်စိုး ပြန်ရောက်နေပြီဆိုနေမှ”
မကြူး၏ အသံ..။
“နေပါဦးဟ ခဏလေး”
ကြင်တိတ်၏ အသံ။အောင်စိုး နားရွက်များ ထောင်တက်လာသည်။ မေးကြောကြီး များ တင်းလာသည်။ ခြေထောက်ကို မြက်ခနဲစူးလိုက်သော ဝါးစကို သတိမထားနိုင်။ ထိုစဉ်တဖက်မှ အပြေးတပိုင်းပြန်လှည့်လာသော မကြူးနှင့် ရင်ဆိုင်တိုးသည်။ ကြောက်မက်ဖွယ် ကောင်းလှသော အောင်စိုး၏ မျက်နှာထားကြီးကိုကြည့်ကာ မကြူး မျက်လုံးများ ဝိုင်းစက် ပြူးကျယ်သွားလေသည်။ လက်တဖက်ကလည်း လျော့ရဲ ကျနေသော အင်္ကျီခါးစကိုဆွဲဆန့်ပြီး အခြားလက်တဖက်က ဆံပင်များကို ကယောင်ကတမ်း သပ်ချနေသည်။
“နင် ဘယ်သွားနေတာလဲ”
အောင်စိုးအသံက ဟိန်း၍ထွက်လာသည်။
မကြူး၏ အညုအချွဲ များကြားဝယ် အောင်စိုး၏ ဒေါသများ ချုပ်ငြိမ်းခဲ့သည်မှာ ကြာပြီ။ မကြူးသည် ကျားတကောင်လို စရိုက်ကြမ်းသော အောင်စိုးကို ယုန်ငယ်လေးလို သိမ်မွေ့အောင် ခြယ်လှယ်နိုင်စွမ်းရှိခဲ့သည်။ ယခုတော့ အောင်စိုးသည် ခြင်္သေ့တကောင်နှယ်ပင် ကြောက်ဖွယ်ကောင်း၍ နေလေပြီ။
“ကိုအောင်စိုးကလဲ ကျွန်မ ဟိုဘက်ခြံ ခဏသွားတာကို”
မကြူးနှုတ်ခမ်းများ တုန်ယင်နေသည်။ အပြစ်မရှိဘဲနှင့် သည်မျှမလုံမလဲ ဖြစ်စရာမလိုဟု အောင်စိုး တွေးမိသည်။ ဘာပဲဖြစ်ဖြစ် သည်တခါတော့ သူ မကြိုက်တာကို ပြတ်ပြတ်သားသား ပြောရတော့ မည်။ မဟုတ်လျှင် သည်မိန်းမက သူ့ကို ပျော့အိ ပျော့အိနှင့် အနိုင် ယူသွားဦးမည်။
“ဘာကိစ္စသွားရတာလဲ”
“ဘဲစာ ဆန်ကွဲနည်းနည်းသွားချေးတာ”
မကြူးက ဟန်လုပ်ကာ အသံကို အနည်းငယ်မြှင့်၍ ဖြေသည်။ ပြီးတော့ အောင်စိုးရှေ့မှ ဖြတ်သွားမည်ပြုသည်။ အောင်စိုးက မကြူး လက်မောင်းကို တင်းတင်းဆုပ်ထားလိုက်သည်။
“နင်ဘာမှ ဒီကောင်နဲ့ရှုပ်ရှုပ်ယှက်ယှက်လုပ်စရာမလိုဘူး၊ ငါ မပြောချင်လို့ကြည့်နေတာ၊ နင့်အချိုးကို ပြင်ဦး”
မကြူးမျက်နှာက ရဲခနဲဖြစ်သွားသည်။ အောင်စိုးကို ပိုင်နိုင်စွာ ကိုင်ခဲ့နိုင်ပါလျက် ယခုမှ အလျှော့ပေးသလို ဖြစ်နေသည်။ သူ စိတ်ပြန်တင်းလိုက်သည်။ အောင်စိုးကို မထီသလိုကြည့်နေသည်။
“ကျုပ်က ဘာလုပ်နေလို့လဲ”
ယခုတော့ သူ့ဟန်ဆောင်မှုသည် အောင်စိုး၏ သဝန်တိုမှုနှင့် ဒေါသကို မချေဖျက်နိုင်တော့။
“နင်ဘာလုပ်လဲ နင့်ဘာသာနင် အသိဆုံးနေမှာပေါ့၊ နည်းနည်းမှ ဣန္ဒြေမရှိတဲ့ မိန်းမရွှင်မ”
မကြူးအသားတွေ တဆတ်ဆတ် တုန်လာသည်။ အောင်စိုးကို သူက အထင်ကြီး၍ ယူခဲ့သည် မဟုတ်။ ထို့ကြောင့်လည်း အောင်စိုး အပြောအဆိုကို သူက နည်းနည်းမှ သည်းမခံချင်။
“နင် ဘာပြောတယ်၊ ငါ့အသားကိုမထိနဲ့၊ ငါက နင့်ကို လင်ငုတ်တုတ်နဲ့ ယူခဲ့တာ မဟုတ်ဘူးဟဲ့၊ လင်သေလို့ ယူခဲ့တာ၊ ငါလိုချင်ရင် ကြိုက်တဲ့ယောက်ျားကို ခေါင်းခေါက်ယူလို့ရတယ်၊ နင် လူပါးမဝနဲ့”
အောင်စိုးက မကြူးလက်ကို မလွှတ်။ ပို၍ တင်းတင်းဆုပ်ကာ မျက်နှာကို လက်ဝါးဖြင့် ဖြတ်ရိုက်ဖို့ ရွယ်သည်။
“သိပ်အသံကောင်းဟစ်မနေနဲ့ ကောင်မ၊ နင် လူတကာနဲ့ အရောဝင်ပြီး ကမြင်းနေတာ ငါ မသိဘူးမှတ်နေသလား”
“အမယ်လေးလုပ်ပါဦး၊ ကျွန်မကို ရိုက်နေတယ်”
တဖက်ခြံက ကြင်တိတ် ပြေးလာသည်။ မကြူးကိုဝင်ဆွဲသည်။
အောင်စိုးဒေါသက ကြင်တိတ်ဆီ ကူးပြောင်းသွားသည်။ ဘဝတူချင်း နှိပ်စက်သည့်ကောင်ပဲ။ ဒင်းကို အမှုန့်ကြိတ်ပစ်လိုက် ချင်သည်။
“ဟေ့ကောင် ဖယ်၊ မင်းနဲ့မဆိုင်ဘူး”
“မင်းလွန်မယ် အောင်စိုး”
“ဘာလွန်မယ်လဲ၊ သူများမိန်းမ ကြာခိုတဲ့ကောင် သေပေတော့”
အောင်စိုးက အနီးမှ သစ်သားချောင်းတခုကိုကောက်ကာ ကြင်တိတ်၏ ခေါင်းကို အငြိုးကြီးစွာ နှစ်ချက်သုံးချက်ရိုက်ပစ်သည်။ ကြင်တိတ် ခွေကျသွားသည်။ မကြူးသည် သူ့သားငယ်ကိုဆွဲကာ တဲအပြင်သို့ထွက်သွားလေသည်။ အောင်စိုးက သစ်သားချောင်းကို ပစ်ချကာ ကြင်တိတ်ကို ငုံ့ကြည့်သည်။ မှောက်နေသောခေါင်းကို ဆွဲလှန်လိုက်သောအခါ သွေးသံရဲရဲဖြစ်နေသော မျက်နှာကို မြင်ရသည်။ အောင်စိုး တုန်လှုပ်သွားသည်။ သည်ကောင် အသက်မှ ရှိသေးရဲ့လား။
တဲအတွင်းမှ ကတုန်ကယင်ဖြင့်ထွက်လာခဲ့သည်။ ဒေါသတို့ အဆုံးစွန် ပေါက်ကွဲပြီးပြီဖြစ်၍ သူ့ ရင်သည် တစတစ လှုပ်ရှားလာ သည်။ ပူပြင်းသောနေရောင်အောက်တွင် ခြေဦးတည့်ရာ လျှောက်လာ ခဲ့သည်။
သူ့ခြံထဲမှ ဘဲများသည် တံခါးငယ်မှ တိုးဝှေ့ကျော်ဖြတ်ကာ ဆူညံစွာအော်ဟစ်၍ ထွက်လာကြလေသည်။
* * *
၄
အမေတယောက် စိတ်ရောလူပါ ဗုန်းဗုန်းကျလေပြီ။
သားသမီးအားလုံးကို မျှမျှတတ ဖြစ်မြောက် ထွန်းကားစေလိုသော အမေ့ဆန္ဒများသည်လည်း ကျဆင်းယိုယွင်းလာသော ခန္ဓာကိုယ်နှင့်အတူ လျော့ပါးလာခဲ့ရသည်။
အောင်တိုးတယောက် ရာထူးတိုး၍ တမြို့တရွာ ပြောင်းခါ နီးတိုင်း အမေ့ကို လိုက်ခဲ့ဖို့မှာသည်ကိုလည်း မသွားနိုင်။ ခင်ကြိုင် တယောက် သူဌေးကတော်ဖြစ်ကာ သူနှင့် အတူလာနေဖို့ ခေါ်သည် ကိုလည်း မလိုက်နိုင်။ သမီးငယ် မိသက် တက္ကသိုလ်ပိတ်ရက်တွင် အိမ်ပြန်လာမည်ကို စောင့်ရင်း ခြေတဖက်နာလျက်ဖြင့် ကားမောင်းနေသော သားကြီးမျိုးထွန်း၏ တရက်တလေ ပြန်နားမည့်အခါကို စောင့်ရင်း ဘာမဟုတ်သည့် မိန်းမပေါ့တယောက်ကြောင့် စိတ်လိုက် မာန်ပါ ထင်မိထင်ရာလုပ်ကာ ဥပဒေအပြင်ဘက်ကိုရောက်သွားသော သားဆိုးတယောက်ကို မျှော်လင့်ရင်းဖြင့် အမေ့ဘဝသည် တစတစ အိုမင်းရင့်ရော်လာသည်။
အောင်တိုးဆီမှ မှန်မှန်ရောက်လာသောငွေကို မိသက်ဆီ ပို့ပေးသည်။ ခင်ကြိုင့်ဆီမှ တခါတရံ ရောက်လာတတ်သော ငွေစကလေးများနှင့် မျိုးထွန်းက တပတ်တခါ ပြန်ပေးတတ်သော ငွေအချို့ကို စုဆောင်းကာ ကျစ်ကျစ်လျစ်လျစ် သုံးစွဲသည်။ အမေ့ အတွက်မူ ဘာမျှ မလိုတော့ပြီ။ အမေ လိုချင် တောင့်တသည်က မရနိုင်သော အရာတို့သာ ဖြစ်ချေသည်။ သားတွေ သမီးတွေကို သူ့မျက်စိအောက်တွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် မြင်ချင် တွေ့ချင်သော ဆန္ဒသာဖြစ်လေ၏။ ပြီးတော့ မျိုးထွန်းနှင့် အောင်စိုး ဘဝကို အခြေကျစေချင်လှသည်။
အောင်တိုးအတွက် စိတ်ကိုလျှော့ကာ ကျေနပ်လိုက်ရသည့် နောက်ပိုင်း ခင်ကြိုင့်အတွက်လည်း အမေ့စိတ်ကို အမေ ဆုံးမရသည်။ သူ့ဘဝ သူ ဖန်တီးခြင်းပေပဲ။ ခင်ကြိုင်က ဒိုက်ဦးကို ပြန်မလာတော့ဟု ဆိုကာ ရန်ကုန်မှာ ကုတ်ကတ်နေကတည်းက အမေ့ရင်က ကောင်းလှသည်တော့ မဟုတ်။ သို့သော် သားကြီးမျိုးထွန်းက အပြစ်တင်စကား ဆိုသည်ကိုပင် ကာကွယ်ပေးကာ ဘာမျှမဖြစ်သလို နေနိုင်ခဲ့သည်။ မိခင်ကြိုင်တို့ လုပ်ပုံကလည်း မလိမ္မာလှ။ သူအလှအပမက်တာ ချမ်းသာချင်တာကိုတော့ အမေလည်း အသိသားပင်။ သို့သော် ကိုယ်လိုချင်တာ
တခုအတွက် မာနကိုချလွန်းသည်ကိုဖြင့် အမေ အံ့ဩသည်။
သူ ယောက်ျားယူတော့မည်ဟု အိမ်ကို လာပြောတော့ သူနှင့် သူ့သတို့သားလောင်းသာပါသည်။ မိဘများပါမလာ။ အမေတို့ ကိုလည်း တဖက်ကို မျက်နှာပြဖို့ပင် ခေါ်မသွား။ ခေတ်ကာလ သားသမီးမို့ အကျယ်မချဲ့ဘဲ အကျဉ်းချုံး စီစဉ်လိုက်ရ၍ဆိုလျှင်လည်း အမေ နားလည်ခွင့်လွှတ်သည်။ သို့သော် “ဆန်းကဖီး”တွင်ပြုလုပ်သော မင်္ဂလာပွဲအတွက် ဖိတ်စာဆယ်စောင်မျှကို ပို့လွှတ်လိုက်သည်ကိုဖြင့် အမေ ဘဝင်မကျ။ မိဘကို ခေါ်ယူရမှာကို ဂုဏ်ငယ်သည်စိုး၍လား မသိ။ မိဘနာမည်ထည့်ဖော်ရသည်ကိုပင် ကျေးဇူးတင်ရသေးသည်။ မောင်နှမများထဲမှာတော့ သူ့မောင် မြို့ပိုင်မင်း အမည်တခုသာ ထည့်ရိုက်ထားသည်။ ထိုဖိတ်စာ မျိုးထွန်းကို မပြရဲ။
ယခုတော့ ခင်ကြိုင်က သူတို့နှစ်ယောက်တည်း အိမ်ခွဲနေပြီမို့ အမေ့ကို လာနေစေလိုကြောင်း၊ မိသက်ကိုလည်း သူ ထောက်ပံ့မည့် အကြောင်း စာရေးလာသည်။ သို့သော် အမေ မသွားလိုတော့ပြီ။ ခင်ကြိုင်တယောက် အိမ်တွင်အဖော်သဟဲလိုကာမှ အမေ့ကို သတိရပြီ ထင်၏။ သို့တိုင် အမေကတော့ ခွင့်လွှတ်မြဲစိတ်ဖြင့် ခွင့်လွှတ်လိုက်လေသည်။
အမေ့ အားမာန်နှင့် ဇွဲတို့ လျော့ပါးလာသည်နှင့်အမျှ အမေ့ ဈေးဆိုင်လေးသည် တစ တစ သွေ့ခြောက်လာသည်။ အမေ တယောက်တည်း ဈေးဆိုင်မှာ
တနေ့လုံး ငူငူကြီးထိုင်ပြီး အချိန်တန်လျှင် ဆိုင်သိမ်းကာ ပြန်လာရသည်။ အိမ်ရောက်လျှင် မနက်ကတည်းက နှစ်နပ်စာ ချက်ထားခဲ့သော ထမင်းကို ပြန်မနွှေး တော့ဘဲ အေးစက်စက်ဖြင့်ပင် စားလိုက်သည်။ တယောက်တည်းနေရသည့်ဘဝသည် အေးဆေးသည်ဆိုသော်လည်း အသိုက်အဝန်းနှင့် ဆူဆူပူပူ နေရသည် လောက် အဓိပ္ပာယ်မရှိဟု ထင်မိလေသည်။ ဘယ်နေရာကြည့်ကြည့် သားသမီးများ မျက်နှာကို မြင်ယောင်နေလေသည်။ သားသမီးများ အပေါ် ချစ်ရခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ မျှော်လင့်ချက်ထားရခြင်းတို့သည် မိခင်တယောက်အတွက် အသက်ရှည်ဆေးပင် ဖြစ်လေသည်တကား ဟု တွေးမိလာရသည်။
ငယ်ရွယ်သူတို့၏ ဘဝကား ပန်းပွင့် ပန်းဖူး များနှယ် ဖြစ်လေသည်။ အသက်အရွယ် ကြီးရင့်သူတို့အတွက်မူ ပြည့်မှည့်သော သစ်သီးများနှယ်သာတည်း။ သူတပါးအတွက်ပေးဆပ်ရန် အသင့်ပြင်ရင်း ကြွေမည့်အချိန်ကို စောင့်ဆိုင်းနေရ လေသည်။
အမေ့ဘဝကို စောစီးစွာ မကြွေလိုသေး။ အမေ နေလိုသေး သည်။ အမေ့ဘဝတွင် မျက်စိမမှိတ် စိတ်မချနိုင်သေးသည့် သားသမီး သုံးယောက် ရှိသေးသည်။ မိသက်သည် လိမ္မာရေးခြားရှိသော်လည်း ပညာရေးက ဆုံးခန်းမတိုင်သေး။ အနာဂတ်က မရေရာသေး။ မျိုးထွန်းသည် ရှေ့ဆုံးမှ အနစ်နာခံကာ မိသားစုတာဝန်ကို ထမ်းခဲ့သော်လည်း သူ့ဘဝမှာမူ မတည်ငြိမ်သေး၊ အခြေမကျသေး။ ပို၍ ခက်သည်က အောင်စိုး။
မတည်မငြိမ်ကာလထဲတွင် သူက တောခိုသွားသည်။ သူ စိတ်လက်မာန်ပါရိုက်ခဲ့သော ကြင်တိတ်မှာမူ ကံကောင်း၍ မသေ။ မကြူးက သူ့ဘဲခြံကိုအပိုင်သိမ်းကာ ခြံရော ဘဲတွေပါ ရောင်းပစ်သည်။ ဘာပဲဖြစ်ဖြစ် လင့်ပစ္စည်း မယားပိုင်သည်မို့ အမေ ဘာမျှ မပြောတော့။ သည်လိုမိန်းမမျိုးနှင့် ဖက်ပြိုင်၍လည်း မပြောလိုတော့။ သူ့သား အတွက်သာ ရင်နာသည်။
အမေ့လက်များက ချိန်ခွင်ကို ကိုင်နေသော်လည်း စိတ်က သားသမီးများဆီ ရောက်နေသည်။ ဈေးရောင်းရသည်မှာလည်း အဆင်မပြေတော့။ ကုန်သစ်များ မတင်သည်မှာလည်း ကြာပြီ။ ယခင်က ဈေးရောင်းရသည်မှာ ပင်ပန်းသော်လည်း ရည်မှန်းချက်၊ မျှော်လင့်ချက်တို့ဖြင့် အားကြိုးမာန်တက် ရှိခဲ့သည်။ ယခုတော့ အေးဆေးသက်သာစွာနေရသည့် ဘဝသည်ပင် အမေ့စိတ်ကို ညှဉ်းပန်း လျက် ရှိလေသည်။
“ဘယ်လိုလဲ မယ်မြရဲ့၊ စောစောစီးစီး ဆိုင်သိမ်းတော့မလို့လား”
အတွေးကတခြား လက်ကတနေရာ ရောက်နေသော အမေသည် ကြက်သွန်များကို အိတ်ထဲ သွန်ထည့်မိလျက်သား ဖြစ်နေသည်။
“သိမ်းတော့မယ် မလှရှင်ရေ၊ သိပ်နေမကောင်းဘူး၊ ဇက်ကြော နည်းနည်းတက်လို့”
ချော်လဲရောထိုင် ဟူသော သဘောဖြင့် အမေက ဆိုင်ကို ဆက်သိမ်းလိုက်သည်။ ဆိုင်နီးချင်းများကတော့ သဘောကောင်းသော အမေ့ကို ဝိုင်းဝန်း ကူညီလေ့ ရှိကြသည်။
“အသက်ကြီးလာတော့ တော်ရုံပဲလုပ် တော်ရေ့၊ သားသမီး တွေလည်း လက်လွတ်ပြီမင့်ဟာ၊ ဒါထက် မောင်အောင်စိုးတယောက်ကော သံတံတားမှာ မမြင်ပါလား’
မေးသူက မည်သည့်သဘောနှင့် မေးမှန်း မသိသော်လည်း အမေ့မှာက မျက်နှာပျက်ရသည်။ သည်သားနှင့်ပတ်သက်လာလျှင် သူ့ရင်ကလည်း လှုပ်ရှားလွယ်သည်။
“ဘဲမွေးတာ ဟန်မကျလို့ဆိုပြီး သုံးခွဘက် ဆင်းသွားလေရဲ့”
အမေက အလိုက်သင့်သလို ပြောလိုက်ရသော်လည်း စိတ်က မလုံလှ။ သက်ဆိုင်ရာက လာ၍ စစ်လားမေးလား လုပ်လျှင်လည်း ကြောက်စိတ်နှင့် သေရော့မည်။ ယနေ့အထိတော့ မည်သူကမျှ လာမမေး သေး။ သည်နယ်တဝိုက်ကလည်း တောတွင်းနှင့် ဆက်သူတွေက ရှိသည်။ အချို့ကို သိလျက်နှင့် သက်ဆိုင်ရာက စောင့်ကြည့်နေသည်လည်းရှိသည်။ ဘာပဲဖြစ်ဖြစ် အမေကတေ့ာ သူ့သားကို ဥပဒေ အပြင်ဘက် မရောက်စေလို။တတ်နိုင်သမျှတော့ တားဆီးပါသေးသည်။သို့သော် အောင်စိုးက ဇွတ်လုပ်တတ်သောညာဉ် ရှိသည်။
ထိုနေ့က ချွေးသံရွှဲရွှဲဖြင့်ရောက်လာသော သားဖြစ်သူ၏ မျက်နှာသည် ယနေ့တိုင် မျက်စိထဲက မထွက်။ နာကျည်းခြင်း၊ဒေါသဖြစ်ခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း စသည်တို့ကို တပြိုင်နက် ခံစားနေရသော မျက်နှာဖြင့် အောင်စိုးသည် သူ့အမေရှေ့တွင် ချုံးပွဲချ၍ ငိုလေသည်။ အင်္ကျီမပါ သော ကျောပြင်မည်းမည်းကြီးသည် အမေ့ရှေ့တွင် တသိမ့်သိမ့် တုန်နေသည်။ အမေက ထိတ်လန့်တကြား ရင်ကို ဖိထားမိသည်။
“ဘယ်လိုဖြစ်လာရပြန်လဲ ငစိုးရယ်၊ ငါ ရင်ထိတ်လိုက်တာ၊ ဘာဖြစ်လာတာလဲ ပြောစမ်းပါ မြန်မြန်”
ယောက်ျားတန်မယ့် ငိုကြွေးနေပြီဆိုတော့ အောင်စိုးအဖြစ်သည် ပေါ့သေးသေး မဟုတ်တော့ဟု အမေ တွေးမိသည်။
“အမေ ကျုပ် ကျုပ် လူသတ်ခဲ့ပြီဗျ”
“အမလေး ဘုရား ဘုရား”
အမေ့မျက်လုံးများ ပြာဝေသွားသည်။
“ဘယ်သူ့ကို ဘာလုပ်ခဲ့သလဲ သားရယ်၊ မကြားဝံ့ မနာသာ ဘာတွေများ လက်လွန်ခဲ့သလဲ ပြောစမ်း”
အမေက မျက်ရည်လည်ရွဲဖြင့် အောင်စိုးကို လှုပ်၍ မေးသည်။
“ဟိုကောင် ကြင်တိတ်”
“ဟင် ကြင်တိတ်နဲ့ ဘာဖြစ်လို့လဲ”
“ဟိုကောင်မ မိကြူးပေါ့”
အောင်စိုးက အံကို တင်းတင်းကြိတ်လိုက်သည်။ မေးကြောများ ထောင်တက်လာသည်။
“အမလေး မိန်းမတယောက်အတွက်နဲ့များ ငစိုးရယ်၊ ဒီကောင်မကို အစကတည်းက ငါ သဘောမကျတာ၊ ကဲ ထားစမ်းပါဦး၊ မင်း ဘယ်လိုလုပ်ခဲ့သလဲ’
“တွေ့ရာသစ်ချောင်းနဲ့ ဆွဲရိုက်ခဲ့တာပဲ၊ သွေးတွေအိုင်လို့၊ သေပြီထင်တာပဲဗျ”
“ဒုက္ခပါပဲ ငစိုးရယ်၊ နို့ ဘယ့်နှယ်လုပ်ကြမလဲ”
“ကျုပ် အဖမ်းတော့ မခံဘူး၊ လွတ်ရာရှောင်နေမယ်”
“ဖြစ်ပါ့မလားဟဲ့ ငစိုးရဲ့၊ နင်တော်တော်ဒုက္ခပေးပါလားနော်”
အမေသည် သားဖြစ်သူကို ကြည့်ကာ ရင်ကိုထု၍ငိုလေသည်။ အောင်စိုးသည် ကြီးစွာသောနောင်တဖြင့် အမေ့ကိုကြည့်ကာ ယူကျုံးမရ ဖြစ်နေသည်။
“ကျွန်တော်သွားမယ် အမေ၊ ကျွန်တော် ဒီမိန်းမနဲ့ယူမိတာ အမေ့စကား နားမထောင်မိတာ မှားပါတယ်၊ ခုတော့ ကျွန်တော် တောထဲ ခဏရှောင်နေဦးမယ်၊ အမေ့ကို ကျွန်တော် ကန်တော့ခဲ့ပါတယ်”
အောင်စိုးသည် အမေ့ကို ဦးချကာ အမေ လိုက်မဆွဲနိုင်မီ ထွက်သွားလေသည်။ အမေသည် ဆောက်တည်ရာမရဖြစ်ကာ ကျန်ခဲ့ လေသည်။
ယနေ့အထိ အောင်စိုးသတင်းကို မကြားရ။ ကြင်တိတ်ဘက် ကလည်း အမှုမဖွင့်ဘဲ ထားသည်။ သို့သော် လူကိုတွေ့လျှင် အငြိုးနှင့် ပြန်လုပ်မည်စိုးရသည်။ ဥပဒေကို အားမကိုးသူသည် လက်တုံ့ပြန်တတ်သည် မဟုတ်လား။ အမေ့မှာတော့ သားဖြစ်သူ ဘေးကင်းရန်ကင်းကင်ူနှင့် ပြန်လာစေချင်သည်။ ဘာပဲဖြစ်ဖြစ် သားမျက်နှာကို တဒင်္ဂပဲဖြစ်ဖြစ် မြင်ချင်တွေ့ ချင်သည်။
ယခုတော့ ကျန်သားသမီးများကလည်း ကိုယ့်လမ်းကိုယ် သွားကြကာ ကိုယ့်ဘဝ ကိုယ်ဖန်တီးကြလေပြီ။ သားသမီးတို့အတွက် ရပ်တည်ခဲ့ရသော အမေ့ဘဝသည် တွယ်ရာမဲ့ အထီးကျန် ဖြစ်ရလေသည်။
စိတ်ကူးတဝက်ဖြင့် အိမ်ကို ခြေလှမ်းခဲ့ရာ အိမ်ရှေ့ရောက်မှ တံခါးပွင့်နေသောအဖြစ်ကို တွေ့ရသည်။ အိမ်နီးချင်းများကို အားမကိုး ရသည့်တိုင် အိမ်ထဲတွင် အဖိုးတန်ပစ္စည်းမရှိ၍ စိတ်မပူမိ။ တံခါးပွင့် နေလျှင် သားသမီးတယောက်ယောက် ပြန်ရောက်နေလို့သာဟု အမေ တွေးသည်။ အမေ့အိမ်သည် ပြတင်းပေါက်မှ ဝင်လျှင်လည်း ရသည်။ စိတ်ထဲက အောင်စိုးများလားဟု တွေးကာ ဝမ်းပင်သာသွား သေးသည်။ အိမ်ထဲကို အပြေးဝင်လာခဲ့သည်။ အမေ တွေ့ ရသည်က မျိုးထွန်း။
“သား ဘယ်အချိန်က ရောက်နေလဲ”
မျိုးထွန်းသည် တလအတွင်းမှာ အလွန်အမင်းကျဆင်းသွားသော အမေ့သွင်ပြင်ကို အံ့ဩစွာ ကြည့်နေသည်။
“အမေ အစောကြီး ဆိုင်သိမ်းလာသလား”
“အေး ကောင်းကောင်းနေမကောင်းလို့”
ပြောပြီးကာမှ အမှားကို သတိရသည်။
“ဒီဆိုင်ကို မထွက်ပါနဲ့တော့လို့ ပြောတာလဲ မရဘူး အမေရာ၊ အမေနားဖို့ကောင်းပြီ၊ ဈေးမရောင်းပါနဲ့တော့၊ အမေ့တယောက်စာ သားသမီးတွေကျွေးနိုင်ပါပြီ”
အမေသည် အိမ်ရှေ့ကြမ်းပြင်တွင် မောဟိုက်စွာ ထိုင်ချလိုက်သည်။
“မိသက်က ရှိသေးတယ်”
“ရှိရှိပေါ့ အမေ၊ ဒင်းတို့တွေ ပညာမတတ်တော့ကော ဘာဖြစ်မှာလဲ၊ ပညာတတ်တော့ကော ဘာများအားကိုးရသလဲ၊ သူတို့ဖို့ပဲ သူတို့ သိတတ်ကြတာ”
အမေက သက်ပြင်းကို လေးတွဲ့စွာချသည်။
“သူတို့ဖို့ပဲ လုပ်နေတာပါ သားရယ်၊ အမေ့ဖို့မှ မဟုတ်ဘဲ”
“ ဒါပေမယ့် အမေ အသက်ကြီးပြီ”
အမေက သားကြီးကို ကြည့်ပြီး မျက်ရည်ဝဲသည်။ သည် သားကြီးသည် အမေနှင့်အတူ မိသားစုဝန်ကိုထမ်းခဲ့သော သား။ မျိုးထွန်း၏ လက်မောင်းကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။ အမေ့လက် များ၏ အရေပြားအတွင်းမှ အကြောစိမ်းများကို မြင်နေရသည်။
“သားတွေ သမီးတွေ အားလုံးအတွက် မပြည့်စုံသေးသမျှ၊ စိတ်မချရသေးသမျှ အမေ မသေသေးဘူးသား”
မျိုးထွန်းသည် အံကိုကြိတ်ကာ အဝေးသို့ ငေးနေသည်။
“ကျွန်တော်သိတယ် အမေ၊ ဟိုကောင် အောင်စိုးကို စောင့်နေတာ မဟုတ်လား၊ ကျွန်တော်ပြောတာ နားထောင်စမ်းပါ၊ အမေ ငတိုးဆီဖြစ်ဖြစ်၊ ခင်ကြိုင့်ဆီမှာဖြစ်ဖြစ် ခဏသွားနေစမ်းပါ၊ ကျွန်တော် အခြေကျရင် ကျွန်တော်နဲ့နေ၊ ကျွန်တော်လာခေါ်မယ်၊ အောင်စိုးအတွက် နောက်ဆံငင်မနေနဲ့၊ သူ ငယ်တော့တာ မဟုတ်ဘူး၊ သူ့ဘဝ သူကျောင်းလိမ့်မယ်၊ အမေ ကျွန်တော်ပြောတာ နားထောင်စမ်းပါ၊ အမေ ဒီမှာ တယောက်တည်းနေနေတော့ အမေ ရုတ်တရက် နာမကျန်းဖြစ်ရင် ဘယ်သူကြည့်မလဲ၊ ကျွန်တော်လဲ ခရီးသွားတာ အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘူး၊ ခုတောင် အမေတယောက်တည်း စိတ်က လေးလို့ ကားကိုလူစားထည့်လွှတ်ပြီး ကျွန်တော်ဝင်လာတာ”
အမေက မျက်ရည်စမ်းစမ်းဖြင့် ခေါင်းကို ညိတ်သည်။ သည်တခါ သားကြီးအလိုကို လိုက်ဦးမှဟု အမေ ဆုံးဖြတ်လိုက်သည်။ သူလည်း နောက်ကြောင်းအေးအေးဖြင့် စီးပွားရှာကာ သူ့ဘဝကို ထူထောင်လိုပေဦးမည်။
“သားပြောတာ အမေ နားထောင်ပါ့မယ်၊ ပြီးတော့ အမေ တခုပြောမယ်၊ ငါ့သားလဲ ကြီးပြီ၊ အိမ်ထောင်လေးဘာလေး ပြုဖို့ ကောင်းပြီ”
မျိုးထွန်း၏ မျက်နှာ ရဲခနဲ ဖြစ်သွားလေသည်။
လက်တဖက်ကလည်း ဆာနေသော ခြေတဖက်ဆီ ယောင်ယမ်း၍ စမ်းလိုက် မိသည်။ ပြီးတော့ သည်တပတ် မန္တလေးက အပြန်မှာ လွှတ်ခနဲ တွေ့လိုက်ရသော နန်းစိန်ပွင့်ကိုလည်း မြင်ယောင်လာသည်။
“ငါ့သားက မောင်နှမတွေအပေါ် တာဝန်အကျေဆုံးပဲ၊ အမေ ငါ့သားအတွက် ရည်ရွယ်ထားတာရှိတယ်၊ ငါ့သား အိမ်ထောင်ပြုတဲ့ အခါပြုဖို့ အမေ စုထားတယ်၊ ကျန်တာတွေအတွက်တော့ မလိုဘူး မဟုတ်လား”
အမေက နေရာမှ ထသွားသည်။ ကြံကြံဖန်ဖန် လုံလုံခြုံခြုံ သိမ်းထားသော ငွေထုပ်ကလေးကိုယူလာသည်။ မျိုးထွန်းက အံ့အား သင့်စွာကြည့်နေသည်။ ဘုရားစင်နောက် ခေါင်မိုးကြားမှ ထုတ်ယူ လာသော မျိုးထွန်း၏ ဇာတာထည့်သောဘူးလေးထဲမှ ငွေ စက္ကူလေးများ ထွက်လာသည်။
“အမေ ဒီငွေတွေမစားဘဲ စုထားရသလား အမေရာ”
“စားပါတယ် သားရယ်၊ ဒါက သားအတွက်ရည်စူးပြီးသပ်သပ်ဖယ်ထားတာပါ”
မျိုးထွန်း မျက်ရည်ဝဲလေသည်။ ပြီးတော့ ငိုသံပါဖြင့် ပြောသည်။
“ကျွန်တော် မလိုချင်ဘူး အမေ”
“သား အခု မလိုချင်လဲ သားအိမ်ထောင်ပြုတဲ့အခါ..
“ကျွန်တော် အိမ်ထောင်လဲမပြုဘူး အမေ”
မျိုးထွန်းအသံ ကျယ်သွားသည်။
“အမေသာ အမေ့သားသမီး တယောက်ယောက်ဆီသွားနေ၊ ဒီငွေကို အမေ သုံးဖို့စွဲဖို့ ဆောင်ထား၊ ကျွန်တော် တနှစ် နှစ်နှစ် အလုပ်လုပ်လိုက်ရင် ငွေပြန်စုမိမှာပဲ၊ ဒီတော့ ကျွန်တော်လာခေါ်မယ်၊ အမေ ဒီအိမ်မှာ တယောက်တည်းနေပြီး စိတ်ဒုက္ခ ခံမနေနဲ့၊ အိမ်လဲ ရောင်းပစ်လိုက်တော့၊ မိသက် ကျောင်းစရိတ်ထားလိုက်”
အဖေ ဆုံးပြီးသည့်နောက်ပိုင်း ဒုတိယအကြိမ် စိတ်အလှုပ်ရှားဆုံး ဖြစ်ကြရလေသည်။ သားအမိနှစ်ယောက်လုံး အသံမထွက်ဘဲ ငိုကြွေးကြသည်။
အမေက ပထမဆုံး သတိရကာ မီးဖိုဆောင်သို့ ထသွားသည်။
ထုံးစံအတိုင်း သားအတွက် ထမင်းပွဲပြင်ပေးဖို့ သတိရသောကြောင့် ဖြစ်လေသည်။
အပိုင်း – ၇
သားကြီး တိုက်တွန်း၍သာ လာရသော်လည်း အမေ့ စိတ်က မကြည်လင်လှ။ ကိုယ့်ကိုယ်ကို အားကိုးသည့်အဖြစ်မှ သားသမီးကို အားကိုးရသည့် အဖြစ်ကိုလည်း စင်စစ် မရောက်လိုလှ။ ပြီးတော့ သားအောင်စိုးအတွက်လည်း နောက်ဆံ တင်းဆဲပင်။
တနေ့နေ့ တချိန်ချိန်မှာတော့ သူ့သားသည် သူ့ဆီ ပြန်လာမှာမလွဲဟု အမေ ယုံကြည်သည်။
အောင်စိုးသည် ဆိုးသည့်အခါ ဆိုးသော်လည်း၊
ပေသည့်အခါ ပေသော်လည်း မိခင်နှင့် ညီအစ်ကိုမောင်နှမအပေါ် ချစ်တတ်သည်ကို အမေသေချာစွာသိလေသည်။ ပြီးတော့ အောင်စိုး သည် ယနေ့ထက်ထိ ငွေတပြားတချပ်မျှ ရှာမပေးနိုင်သေးသည့်တိုင် မိခင်ကို လုပ်ကျွေးလိုစိတ်၊ မောင်နှမများကို ထောက်ပံ့လိုစိတ်ရှိသည်ဟု အမေ ရဲရဲဝံ့ဝံ့ ယုံကြည်လေသည်။ ထို့ကြောင့်လည်း အမေသည် အိမ်ကိုလည်း ရောင်းမပစ်ခဲ့။ ရှမ်းစုမှ ဘကြီးခက်ဆီ သွားကာ အောင်စိုး၏သတင်း ကြားလျှင်သော်လည်းကောင်း၊ အောင်စိုး ပြန်လာလျှင်သော်လည်းကောင်း သူ့ဆီ ချက်ချင်းအကြောင်းကြားပါရန် တဖွဖွ မှာကြားခဲ့လေသည်။
ရထားသည် အထက်မှ အောက်သို့ တရိပ်ရိပ် စုန်ဆင်းနေသည်။ ဝင်းဝါသော လယ်ကွင်းပြင်တို့သည် တရွေ့ရွေ့ ကျန်ရစ်လေ၏။ စပါးရိတ်သိမ်းနေကြသော လယ်သူမတို့၏ ကျောပြင်သည် နေမင်းကို အံတုလျက်ရှိလေသည်။ ကြက်တောင်စည်းသဖွယ် ကောက်လှိုင်း စည်းများ၊ တောင်ကမူလေးများသဖွယ် စပါးပုံများသည် လယ်သမားတို့၏ တနှစ်တာကြိုးပမ်းမှု အထိမ်းအမှတ်အဖြစ် လှပစွာ ရပ်တည် နေကြလေသည်။ မိုးသားတို့ကင်းစင်၍ ကောင်းကင်ပြင်သည် ကြည်လင်နေ၏။ ရထားလမ်းဘေးမှ သစ်ပင်ပုလေးများ၊ ဓာတ်တိုင်များ သည် တရိပ်ရိပ်ပြေး၍ ကျန်ရစ်၏။ ရေခန်းခြောက်လုသော ချောင်းငယ် များတွင် ကလေးတို့ဆူညံစွာ အော်ဟစ် ဆော့ကစားနေကြလေသည်။
လူ့ဘဝ၏ အလှည့်အပြောင်းကား တခါတရံ ဝမ်းသာ ကြည်နူးဖွယ်ရာ ဖြစ်သလို တခါတရံ ကြေကွဲလွမ်းဆွတ်ဖွယ်ဖြစ် လေသည်။ ကုန်ဆုံးခဲ့သောအတိတ်ကာလကိုတွေးရင်း အမေ ငေးမော မိ၏။ လွမ်းဆွတ်မိ၏။ ကြေကွဲမိ၏။ ပျော်ရွှင်ကြည်နူးဖွယ်ကာလ များသည် လွန်မြောက်ခဲ့လေပြီ။
မြစ်ဝကျွန်းပေါ် မြို့လေးတမြို့တွင် ပျော်ရွှင်ကြည်နူးစွာ ကုန်ဆုံးခဲ့သော ကလေးဘဝကို ပြန်လည်တမ်းတမိသည်။ ထိုအခါ ကလည်း ညိုညစ်သောရေစီးထဲတွင် မိန်းကလေးတန်မဲ့ ကူးခတ် ဆော့ကစားခဲ့ဖူးလေသည်။ မိဘ မရှိတော့သော ဘဝကိုလည်းဝမ်းနည်း တသရကောင်းမှန်း မသိခဲ့။ အဒေါ်များ ဦးလေးများ၏ ငြူစူတွန့်တိုမှုကိုလည်း ဂရုစိုက်ရကောင်းမှန်း နားမလည်ခဲ့။ အပျိုဘော် ဝင်စတွင် အဒေါ်များက မကျွေးချင် မမွေးချင်၍ ယောက်ျားပေးစားရန် နားချသည်ကိုလည်း ငြင်းဆန်ရကောင်းမှန်း မသိခဲ့။ လူ့လောက အကြောင်းကို ဘာဆိုဘာမျှ နားမလည်သေး။
တလောကလုံးကို အဖြူရောင်ချည်းသာဟု ရိုးရိုးသားသား မြင်မိလေသည်။ “ဒီလူနဲ့ယူရင် ညည်းကောင်းစားမှာ”ဟု ဆိုကာ ယောက်ျားတယောက်နောက် ထည့်လိုက်တော့လည်း ကျေးဇူးတင် ဝမ်းမြောက်စွာ ယောင်နောက် ဆံထုံး ပါခဲ့မိလေသည်။
ယခုတော့ ဘဝအတွေ့အကြုံများသည် လူ့လောကကြီး၏ မတည်ငြိမ်ပုံ၊ မရိုးသားပုံကို ပြသသွန်သင်ခဲ့လေပြီ။ အလိုအလျောက် ဖြစ်ထွန်းလာသော မိခင်တို့၏ မေတ္တာ၊ ဇွဲသတ္တိတို့ဖြင့် သားသမီးတို့ အပေါ် တာဝန်ကျေခဲ့သည့်တိုင် မိမိက ပြန်လည်ခိုလှုံရမည့်ဘဝကို မယုံမရဲ ဖြစ်နေလေပြီ။ ပြီးတော့ သေချာဂနစွာ ခွဲခြား၍မပြောတတ် သည့်တိုင် မည်သို့သောလူ၊ မည်သို့သော လူတန်းစားသည် ဖြောင့်မတ် မှန်ကန်သည်ကို ရိပ်စားမိတတ်လေပြီ။
သားကြီးမျိုးထွန်းနှင့် သားလတ် အောင်စိုးတို့သည် အမေ ဖြစ်စေချင်သလို အရာရှိ အရာခံ၊ သူဌေးသူကြွယ်များ မဟုတ်သော် လည်း သူတို့ကို အမေယုံသည်။ သူတို့၏ စေတနာနှင့် ပြုစု စောင့်ရှောက်မှုကို အမေ သံသယကင်းရှင်းစွာ ခံစားလိုစိတ်ရှိသည်။ သို့သော် လူ့ဘဝသည် ဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာတတ်သည့် သဘောကို အမေ ကောင်းစွာ သဘောပေါက်ခဲ့ပြီ။
ရထားသည် ရန်ကုန်ဘူတာတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက် လာလေသည်။ ငယ်စဉ်က
တခါတခေါက်သာ ရောက်ဖူးသောမြို့တော်ရန်ကုန်၏ အငွေ့အသက်သည် လာရောက်ရိုက်ခတ်လာသည်။ ရှုပ်ထွေးညစ်ပတ်သော မြင်ကွင်းများ၊ ကျယ်လောင်စူးရှသော အသံ ဗလံများ၊ တိုးဝှေ့လှုပ်ရှားနေသော လူများ။ အမေက မတွေ့ ရသည်မှာ အတန်ကြာပြီဖြစ်သော သမီးကြီးကို လူအုပ်ကြားမှာ ရှာသည်။
“ဟော ဟိုမှာ အမေ၊ အမေရယ်”
အမေ့ဆီကို ပြေးလာသည်က သမီးလေးမိသက် ဖြစ်လေသည်။ ရန်ကုန်ရောက်သည်မှာ တနှစ်ခန့်သာကြာသေးသော မိသက်သည် တသွေးတမွေး ဖြစ်နေသည်။ ကလေးဆန်ဆန် ရှေ့ကပြေးလာသော မိသက်နောက်မှ ခင်ကြိုင့်ကို ဣန္ဒြေရရ မြင်ရလေသည်။
“အမေ၊ ရထားကလဲ နောက်ကျလိုက်တာ အမေရယ်၊ အမေ့ ပစ္စည်းတွေက ဒါပဲလားဟင်”
အမေ့မှာ သေတ္တာတလုံး၊ ခြင်းတလုံးနှင့် ဆီတပုံးပဲ ပါသည်။ ခြင်းထဲတွင် ငါးပိ ငါးခြောက်တွေ ပြည့်သိပ်အောင် ထည့်ထားသည်။
“အမလေး၊ အမေ့ခြင်းကြီးကလဲ လေးလိုက်တာ”
“နေပစေလေ မိသက်၊ အလုပ်သမားခေါ်လိုက်မယ်၊ အမေလာ”
ခင်ကြိုင်က လူကြီးဆန်နေသည်။ အဝတ်အစားကတော့ ခေတ်မီ ဆန်းပြားသည်။ အမေကတော့ ရိုးစင်းလှသော သူ့ အဝတ် အစားများကို ငုံ့ကြည့်ကာ သမီးဖြစ်သူကို မလုံမလဲ ဖြစ်နေရှာသည်။ ရှန်သားအင်္ကျီက တွန့်ကြေနေသည်။ အနက်ခံ ဟဲယားကော့လုံချည်က ရထားပေါ်မှာ ပေပေတေတေ ထိုင်လာရသည်မို့ အကွက်မပေါ်တော့။ တခုတည်းသော အထုပ်အထည်ဖြစ်သည့် ရွှေဘီးကိုမူ ဘီးဆံပတ် ပေါ်မှာ လျော့ရဲရဲ ပတ်ထားသည်။ အမေ့ပုံက တကယ့် တောသူမကြီး။
“ဟဲ့ မိသက်က ကျောင်းမတက်ရဘူးလား”
“တက်ရပါတယ် အမေရဲ့၊ ဒီနေ့ အမေလာမယ်ဆိုလို့ မမကြိုင် ဆီ မနက်ကတည်းက ရောက်နေတာ”
“ဪ ဪ၊ မောင်ခင်မောင်စိုး တယောက်ကော”
အမေက သားမက်ဖြစ်သူကို မေးသည်။
“မောင်က၊ အဲ အင်း ကိုခင်မောင်စိုးက စက်ရုံသွားရမယ်၊မအားလို့ အမေရဲ့”
“ဪ အင်း အင်း”
အမေက သူတို့နောက်မှ တိတ်ဆိတ်စွာ လိုက်လာသည်။ များပြားလှသော လူတွေကြားထဲတွင်တိုးဝှေ့ရင်း သူ့ခေါင်းမှ ရွှေဘီး ကိုလည်း စိတ်မချစွာ စမ်းစမ်းကြည့်ရသေးသည်။ ဘူတာရှေ့တွင် ကားတစီးက စောင့်ဆိုင်း၍ ကြိုနေသည်။ သည်လိုတော့လည်း အဟုတ်သားပါလားဟု အမေက ခင်ကြိုင့်ကို အထင်ကြီးစွာ ကြည့် သည်။ ရှုပ်ထွေးဆန်းကြယ်သော ရန်ကုန်မြို့၏ရှုခင်းကို ငေးမောရင်း အမေ လိုက်ပါလာရသည်။ ဘယ်နေရာပဲ ရောက်နေ ရောက်နေ သူ့စိတ်က သားကြီးကိုသာ သတိရနေလေသည်။ မျိုးထွန်းပြောသလို ပင် အောင်တိုးတို့၊ ခင်ကြိုင်တို့ပညာတတ်တော့လည်း သူတို့ကောင်းစား ဖို့ချည်းပါလားဟု အမေ စဉ်းစားမိသည်။
ခင်ကြိုင်တို့ အိမ်ကလေးက မြို့ပြင်မှ အမေ မသိသော တနေရာတွင် သပ်ရပ်စွာရှိသည်။ တထပ်တိုက်သေးသေးလေး။ တလမ်းလုံး စကားတွတ်ထိုးလာသော မိသက်က အိမ်ထဲသို့ အမေ့ကို ဦးဆောင်ခေါ်သွားလေသည်။ သားသမီးတွေကို မည်မျှပင် အမေက တန်းတူညီမျှ ဖြစ်စေချင်သည့်တိုင် သူတို့ဘာသာ သူတို့ အုပ်စုကွဲသွားကြတာပါလားဟု အမေ တွေးမိရပြန်သည်။ အစ်မကြီးကလည်း ဖြစ်ပြန်၊ ရန်ကုန်မှာလည်း ရှိနေပြန်သည်မို့ ခင်ကြိုင့်ကို မိသက် အားကိုးခြင်းပေပဲဟုလည်း တဖက်မှ အမေ ဖြေသိမ့်လိုက်သည်။ ယခုတော့ ခင်ကြိုင်ကလည်း မိသက်ကို ချစ်ခင် အလိုလိုက်လှ ပေသည်။
“အမေ့သမီးက ကျောင်းပိတ်ရက်ဆိုရင် ဒီမှာလာ စားသောက် နေတာ အမေရဲ့၊ သူ့မုန့်ဖိုးကုန်မှာစိုးလို့လေ၊ တခါတခါ ရုပ်ရှင်လဲ ပြရသေးတယ်”
အမေက တအိမ်လုံးကို အကဲခတ်ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်နေသည်။ တိုက်ကလေးမှာ အပြင်က လှပသလောက် အတွင်းမှာတော့ ဖရိုဖရဲ နိုင်လှသည်။ ဧည့်ခန်းလောက်သာ အနည်းငယ် ရှင်းရှင်းလင်းလင်းရှိပြီး အထူးသဖြင့် မီးဖိုဆောင်တွင် ရှုပ်ပွ၍ နေလေသည်။
“ကိုခင်မောင်စိုးကလဲ သူ့အလုပ်နဲ့သူ အိမ်မှာ နေရတယ် မရှိဘူး၊ ကျွန်မကလဲ ရုံးတဖက်နဲ့ဆိုတော့ နောက်ပိုင်း လစ်ဟင်းတယ် အမေရဲ့၊ အမေ ရောက်မှပဲ ဟင်း ဟင်း”
ခင်ကြိုင်က အမေ အကဲခတ်နေသည်ကိုကြည့်ကာ ရယ်သွမ်း သွေး၍ ဆိုသည်။
“အမယ် မမက အမေ့ကို မီးဖိုချောင်ထဲပို့တော့မလို့ပေါ့လေ”
မိသက်က ဝင်ပြောသည်။ အမေက သဘောထားကြီးစွာ ပြုံးနေသည်။
“မဟုတ်ရပါဘူးအေ၊ ဒီမှာ လုပ်မယ့်လူတွေ ရှိပါတယ်၊ အမေက စီမံခန့်ခွဲရုံပါ”
ယခုတော့လည်း သားအမိချင်းဆိုပေမယ့် ခင်ကြိုင့်ကို အမေက ယခင်လိုမပိုင်တော့။ ငယ်ငယ်ကလို ရည်းစားစာမိ၍ ရိုက်နှက်ဆုံးမနိုင်သည့် အခွင့်အရေးမျိုး မရှိတော့။ ယခုတော့ မိခင်ကြိုင်ကလည်း ရည်းစားနောက်လိုက်မိ၍ စောစီးစွာ ရေတိမ်နစ်လုဆဲ ဖြစ်ခဲ့ရသည်ကို သတိရတော့မည် မဟုတ်။
အမေနေဖို့အခန်းကိုတော့ ရှင်းလင်း၍ ပေးထားသည်။ မီးဖိုဆောင်နှင့်လည်း နီးသည်။ အမေကတော့ ဘုရားခန်းလိုနေရာမျိုးမှာ အိပ်ချင်သည်။ သို့သော် ဘာမျှမပြောတော့။ မိသက်က အမေ့ကို နေရာချပေးရင်း အမေ့နားကပ်ကာ တိုးတိုးမေးသည်။
“အမေ၊ အမေ့သားကိုစိုးတယောက်ကော ဟင်၊ ဘယ်လိုလဲ”
အမေ့ရင်မှာ လှပ်ခနဲဖြစ်ကာ မျက်နှာပျက်မိပြန်သည်။
“မသိရပါဘူးအေ၊ ငါလဲလာသာလာရ စိတ်က မဖြောင့်ဘူး”
“ဒါတွေ ခဏတော့ မေ့ထားလိုက်ပါ အမေရယ်၊ ဒီမှာ အမေ ပျော်မှာပါ၊ မမခင်ကြိုင်ကလဲ အမေ့ကို သူနဲ့ နေစေချင်လွန်းလို့ ခေါ်တာပါ၊ ပြီးတော့အမေ၊ အမေ့သားအကြောင်းကို ဒီမှာ သူစိမ်းတွေရှေ့မှာ မပြောနဲ့နော်”
ဩော် သမီးထွေးလေးကပင် သူ့ကို တရားချ သွန်သင်ပြန်ပါပြီ ကော။
“မပြောပါဘူးအေ၊ ဒါနဲ့ ညည်းစာကြိုးစားနော်၊ အဆောင်မှာပဲ နေပါ၊ ဒီကို ခဏ ခဏ မလာနဲ့’
အမေ့စိတ်က ဘာကြောင့်မှန်းမသိ၊ မိသက်ကို သည်အိမ် မလာစေချင်ပေ။ မိသက်သည် ကလေးငယ်
တယောက်လိုပင် အမေ့ကို ဖက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်သည်။
“မိသက် စာကြိုးစားပါတယ် အမေရဲ့၊ ပြီးတော့ အစ်ကိုကြီးတို့ အစ်ကိုအောင်စိုးတို့ကိုလဲ မမေ့ပါဘူး၊ အစ်ကိုကြီး ကျေးဇူးကိုလဲမမေ့ပါဘူး၊ ဒီတခါ ကျောင်းပိတ်ရင် မိသက် အစ်ကိုတို့ဆီမှာ သွားနေမယ်နော်”
‘အေး..အေး”
မိသက်က အမေ့အလိုကိုသိစွာ ပြောလိုက်၍ အမေ ကျေနပ်သွားသည်။
“ဟော သားအမိတွေ ဒီမှာ ဘာတွေလာချွဲနေကြလဲ၊ အမေ ရေချိုးတော့လေ၊ ကိုခင်မောင်စိုးလဲ ပြန်ရောက်နေပြီ”
ခင်ကြိုင်က အမေ့ကို လာခေါ်သည်။ အမေက ပထမဦးစွာ ရန်ကုန်ရေနှင့် ထိတွေ့လိုက်သည်။ လန်းဆန်းသွားသလိုတော့ရှိသား။ ထမင်းဝိုင်းမှာ သားမက်ဖြစ်သူနှင့် ရင်ဆိုင်ရသည်။ ခင်မောင်စိုးကတော့ လူသွက်တဦးပင်။ သူက အမေ့ကို ခင်ကြိုင့်လိုပင် အမေဟု ခေါ်သည်။ သားတွေသမီးတွေရှိသော်လည်း သားမက်တွေ ချွေးမတွေက “အမေ” ခေါ်တော့လည်း အမေ ကျေနပ်သည်သာ။ မိသက်က ထမင်းကို ဣန္ဒြေရစွာစားသည်။ အမေကတော့ ခရီးပန်းလာ၍လားမသိ သိပ်ပြီး စားမဝင်လှ။
“မိသက်က ဒီည ဒီမှာအိပ်မှာလား”
ခင်မောင်စိုးက မေးသည်။
“မအိပ်ဘူး အစ်ကိုစိုး၊ မနက် ကျောင်းတက်ရမယ်လေ ပြန်မှာ”
ခင်ကြိုင်က မိသက်ကိုမကြည့်ဘဲ ထမင်းငုံ့စားရင်း ဝင်ပြောသည်။
“ငါ မအားတော့ဘူး၊ နင်ပြန်ချင်ရင် ဦးညိုကိုပို့ခိုင်း”
“ဦးညိုပြန်သွားပြီ၊ မောင် မြို့ထဲသွားရင်း ဝင်ပို့လိုက်မယ်”
အမေကတော့ သားသမီးများ မျက်နှာကိုသာ လိုက်ကြည့်နေမိ သည်။ အမေ့အဖို့တော့ ပတ်ဝန်းကျင်အသစ်၊ နယ်ပယ်အသစ်။
“အမေ မိသက်သွားတော့မယ်၊ နောက်တနင်္ဂနွေကျရင် အမေမိသက်တို့အဆောင်ကို လာခဲ့သိလား’
ကားတစီးတည်းအတူစီးကာ ထွက်သွားသော သားမက်နှင့် သမီးထွေးကိုကြည့်ရင်း အမေ တိတ်တခိုးသက်ပြင်းချမိသည်။ ဪ..မိသက်တောင် အရွယ်ရောက်လာပြီပဲ။ အနေအထိုင်ဆင်ခြင်ဖို့ ပြောဦး မှဟု စိတ်က တေးထားလိုက်သည်။
* * *
၅
ရေသည် မြင့်ရာမှနိမ့်ရာသို့ စီးဆင်းစမြဲတည်း။ အမေသည် သားသမီး များ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် နားနေနိုင်ပြီဖြစ်သည့်တိုင် အမေ့စိတ်ကမူ သားသမီးများ၏အရေးကိစ္စမှန်သမျှ စိုးရိမ်ကြောင့်ကြစွာ ထိန်းသိမ်း ပဲ့ပြင်နေဆဲ ရှိလေသည်။ ခင်ကြိုင်ကခေါ်၍ ခင်ကြိုင် ပြုစုကျွေးမွေးသည့်ထမင်းကို စားနေရသည့်တိုင် အမေ့မှာက ခင်ကြိုင်တို့ အိမ်ထောင်အပေါ်မှာ တာဝန်ကြီး တခုသဖွယ် သဘောထား၍ ထိန်းသိမ်းစောင့်ရှောက် နေမိလေသည်။
အမေ့အိမ်တွင် တရက်မျှ ဘုရားဝတ်မပျက်ခဲ့သော အမေသည် ယခုတော့ သားမက်ဖြစ်သူပြန်အလာကို စောင့်ရင်း ဘုရား ရှိမခိုးနိုင်ဘဲ ညဉ့်နက်တတ်လာလေသည်။ ခင်ကြိုင်အပ်သောငွေကိုကိုင်ရင်း မီးဖို ချောင်ကို ဝင်ရောက် စီမံရသည်ကိုပင် မလောက်ငမှာ၊ အကုန်အကျ များမှာကို တွေးတောပူပန်ကာ သောက ဖြစ်နေတတ်လေသည်။ ပြီးတော့ သားသမီးများ၏ အိမ်ထောင်ရေးဆက်ဆံမှုကိုလည်း အမေဘဝင်မကျလှ။
အောင်တိုးသည် မယားဖြစ်သူကို ဂရုတစိုက် မရှိသလို၊ ခင်ကြိုင်ကျတော့လည်း အမေတို့ခေတ်ကလို လင်ဖြစ်သူကို ရိုကျိုးခြင်း မရှိ။ သူ့အလုပ်ကို သူ အကြောင်းပြကာ အချိန်တန်လျှင် အိမ်မှ ထွက်သည်။ ခင်မောင်စိုး အိမ်ပြန်ရောက်ချိန်တွင် မောမောနှင့် အိပ်ပျော်နေတတ်သည်။ ခင်မောင်စိုး အိမ်ပြန်ရောက်ချိန်ကလည်း ရုံးပိတ်ရက်မှ လွဲလျှင် ညဉ့် ၁ဝ နာရီထက် မစောတတ်ချေ။ အိပ်ငိုက်နေသော အိမ်ဖော်မလေးကို အိပ်ရာဝင်စေကာ အမေက နိုးတဝက် ပျော်တဝက်ဖြင့် စောင့်သည်။ ပြီးတော့ ခင်မောင်စိုးသည် မည်မျှညဉ့်နက်သည်ဖြစ်စေ ညစာကို အိမ်မှာစားလေ့ရှိသည်။ အမေက နွှေးဖွယ်ရှိသည်ကို နွှေး၍ ထမင်းဝိုင်းကို ပြင်ဆင်ပေးပြီးကာမှ ခင်ကြိုင်က အိပ်ချင်မူးတူးဖြင့် ထလာတတ်သည်။ ထိုအခါမှ “အမေ အိပ်ချင်အိပ်တော့လေ”ဟု ဆိုသည်။ ဘုရားကို ပြီးစလွယ် ရှိခိုးကာ အမေ အိပ်ရာဝင်သည်။ မည်သို့ပင်ဖြစ်စေ တိုတောင်းသော ဘုရားရှိခိုး သည့် အချိန်လေးမှာပင် သားသမီးများကို စုံစေ့အောင် မေတ္တာပို့ လေသည်။ အထူးသဖြင့် မျိုးထွန်းနှင့် အောင်စိုး။
မျိုးထွန်းဆီမှ တခါတရံ စာရောက်တတ်သော်လည်း လူကတော့ မရောက်လာဖူးချေ။ ရန်ကုန်တွင် ကုန်လာချမည့်ရက်ကို အမေက သွားတွေ့ရန် စိတ်ကူးထားလေသည်။ အောင်တိုးကမူ အလုပ်ကိစ္စနှင့် ရန်ကုန်လာလျှင် အိမ်ကို ဝင်လာတတ်သည်။ အမေ့ ကို ထုံးစံအတိုင်း ပို့လေ့ရှိသည့်ငွေကိုပေးသည်။ ခင်ကြိုင်က ထမင်း အတင်းကျွေးလျှင် စားသည်။ ညအိပ်တည်းခိုလေ့တော့မရှိ။ ခင်မောင်စိုး ကိုလည်း သိပ်သဘောတွေ့ပုံမရချေ။ သူက ရာထူးရာခံ မက်မောသူ၊ ငွေကြေးချမ်းသာသူကို အထင်မကြီး။ ပြီးတော့ပြောသေးသည်။ ယခု အရင်လိုမဟုတ်တော့၊ ခေတ်ပြောင်းသွားပြီ။ ပုဂ္ဂလိက စီးပွားရေးသမားတွေ ရှေ့လျှောက်ကောင်းစားတော့မည်မဟုတ်ဟု တိုက်ခိုက် သည်။ ထိုအခါမျိုးတွင် ခင်ကြိုင် တကယ် မျက်နှာပျက်တတ်လေသည်။
ခင်ကြိုင်တို့စီးပွားရေးလုပ်ငန်းကို အမေ နားမလည်။ စပ်လည်း မစပ်စုမိ။ သူ့သားမက် တဦးတည်းပိုင်လား၊ မိဘလုပ်ငန်းလား၊ အစုစပ်လားဆိုတာလည်း မသိ။ ခင်ကြိုင်တို့မှာ တိုက်တလုံးနှင့် ကားတစီးရှိတာ၊ ခင်မောင်စိုး အသုံးအစွဲကြီးတာ၊ ခင်ကြိုင် အဝတ် အစား လော်လည်တာကိုတော့ မျက်မြင်ဖြစ်သည်။ ပြီးတော့ အောင်တိုး ပြောလည်း ပြောစရာ။ ခင်ကြိုင့် ယောက္ခမကြီးသည် ပစ္စည်းရှိသူပီပီ အထက်စီးနင်းနိုင်ပေသည်။ နှုတ်ကချိုသော်လည်း အတွင်းသဘောကို အမေက မကြိုက်။ ခင်ကြိုင်ကလည်း ယောက္ခမကို ရိုကျိုးလွန်းသည်ဟု အမေက ထင်သည်။
ခင်မောင်စိုး အမေက အိမ်ကိုလာရင်း ရိုးသား၍ တောကျလှ သော အမေ့ကို မျက်လုံးမပွင့်တပွင့်ဖြင့် ကြည့်သည်။
“ဝန်ထောက်ကတော်က သိပ်အေးတာပဲနော်”
မိခင်ကြိုင် ဘယ်လိုများ လှိမ့်ထားသည်မသိ။ အမေကတော့ မျက်နှာမထားတတ်အောင် ဖြစ်သွားသည်။ တကယ်ပြောသည်လား၊ ထေ့ငေါ့၍ပြောသည်လားလည်း အမေ မတွေးတတ်။
“ကျွန်မတို့က တောသူဆိုတော့ ရိုးရိုးပါပဲ သူဌေးကတော်ရယ်”
အမေကလည်း အဓိပ္ပာယ်ရှိသောစကားကို ဆိုဖြစ်သည်။ ခင်ကြိုင်ကတော့ သူ့ယောက္ခမကို မာမီ၊ မာမီနှင့်ခေါ်ကာ လင်ထက်ပင် ရိုသေပုံရသည်။
“ကြိုင်တို့က နှစ်ယောက်စလုံး အလုပ်လုပ်ကြတော့ အမေရှိမှ ပိုအဆင်ပြေသွားတာ မာမီရဲ့’
“အင်းပေါ့လေ နောက်ပိုင်း မလစ်ဟင်းဘူးပေါ့”
အမေကတော့ သားသမီးများကို အောက်ကြို့နိုင်သော်လည်း သူစိမ်းကို အောက်မကြို့နိုင်ပေ။ သို့သော်လည်း သူ့နေရာနှင့် သူ့ ဝန်းကျင်ပေပဲ။ သည်မှာကတော့ ဟန်ဆောင်မှု များသည်။ စင်းလုံးချော မရှိ။ ပွင့်ပွင့်လင်းလင်း မရှိ။ နောက်ဆုံး ခင်ကြိုင်နှင့် ခင်မောင်စိုးတို့ လင်မယားဆက်ဆံရေးသည်ပင် ပွင့်လင်းမှုမရှိ။ တခါတရံတော့ သူတို့ ပြောစကားများကို နားမစွင့်သည့်တိုင် တစွန်းတစကြားရ သည်။
“မောင် ဒီလ အိမ်ကိုပေးတာ သိပ်နည်းတာပဲ၊ ဒရိုင်ဘာနဲ့ လူငှားခတွေနုတ်ရင် အိမ်ဖို့ သိပ်မကျန်တော့ဘူး၊ ဒါတောင် ကြိုင့်အဝတ် အစားတွေ ကြိုင့်လခနဲ့ ဝယ်ဝတ်လို့”
“မောင်လဲ ရသမျှ အကုန်ပေးတာပဲ”
“မောင်သုံးတာ သိပ်များတယ်”
“ရတာနည်းလို့ပါ၊ လုပ်ငန်းက သိပ်မှ အဆင်မပြေတာ”
“မောင့်မာမီ ပိုကာဆွဲသလောက် မရှိပါဘူး မောင်ရာ၊ မောင်က ဦးစီးဦးဆောင် လုပ်နေပြီးတော့”
“မာမီကတသက်လုံးဒီလိုပဲနေလာတာ ကြိုင်၊ သူ့ကို ဒက်ဒီလဲ မနိုင်ဘူး၊ ပြီးတော့ ဒီလုပ်ငန်းဟာ မောင်ပိုင်တာမှ မဟုတ်တာ၊ ခုလို တိုက်နဲ့ကားနဲ့ ရထားတာပဲ မာမီကြောင့် မဟုတ်လား”
“ဒီလောက်တော့ ပေးဦးမှပေါ့၊ အလုပ်ကျတော့ မောင် တယောက်တည်း နေ့မအိပ် ညမအိပ်’
“မဆိုင်ပါဘူး ကြိုင်ရာ၊ မပြောစမ်းပါနဲ့၊ ကြိုင် မပူမပင်နေရရင် ပြီးရောပေါ့”
တကယ်တော့ ခင်မောင်စိုးတို့ လုပ်ငန်းက မည်ရွေ့မည်မျှ ကြီးကျယ်၍ မည်မျှဝင်ငွေရသည်ကိုလည်း ခင်ကြိုင် သိရဟန်မတူ။ သည်ကြားထဲ ယခုတလော အဆင်မပြေဘူးဟူသော စကားများကို ကြားရဖန်များ၍ အမေပင် မနေတတ် မထိုင်တတ် ဖြစ်လာသည်။ အိမ်စရိတ်ကို နည်းနိုင်သမျှနည်းအောင် ချွေတာ၍ စီမံပေးသည်။ ခင်ကြိုင်ကလည်း ကိုယ်လေးလက်ဝန်ရှိ၍ လာသည်။ အမေ့မှာ သံယောဇဉ်တမျှင် တိုးရပေဦးမည်။ သို့တိုင် အမေ့စိတ်ကတော့ ဒိုက်ဦးမှာ ပစ်ထားခဲ့ရသော သူ့ အိမ်လေးနှင့် သူ့သားကြီးတွေကို မမေ့နိုင်သေး။ တနေ့မှာ သူ့သားတွေနှင့်အတူ သူ့ဘဝကို သူ့အိမ်လေးမှာ ချမ်းမြေ့စွာအဆုံးသတ်ရလိမ့်မည်ဟု မျှော်လင့်ဆဲပင် ရှိလေသည်။
+ + +
“ညည်းအဆောင်က အဝေးကြီးမှတ်လို့၊ လမ်းလျှောက်လာရင်တောင် ရမှာ”
အမေက မိသက်နေရာ အဆောင်ကို လာလည်ရင်း မိသက် အခန်းလေးကို လှည့်ပတ်ကြည့်ရှုသည်။ ကျောင်းသူတို့ဘဝ လွတ်လပ် ပျော်ရွှင်စွာ နေရသည်မှာ အားရကျေနပ်ဖွယ်ပင် ကောင်းသေးတော့။ အမေတို့တုန်းကတော့ လူ့ဘဝမှာ ဒီလို အခွင့်အရေးမျိုးကို မရခဲ့ဖူးပေ။
“ညည်းကို ငါ ပြောစရာရှိလို့လာတာ”
အမေနှင့် မိသက်မှာ ရန်ကုန်ရောက်မှ နှစ်ယောက်တည်း စကားပြောခွင့် မရတော့ပေ။ မိသက်ကိုလည်း အိမ်ကို ခဏ ခဏ မလာစေလို၍ အမေက အဆောင်မှာပဲနေရန် ပြောထားသည်။
ကလေးငယ်လို ပျော်ပျော်ရွှင်ရွှင်နေတတ်သော မိသက်၏ မျက်နှာလေး နည်းနည်းပျက်သွားသည်။ အမေက မိန်းမတို့၏ သိစိတ်ဖြင့် မိသက်တယောက် မရိုးသားတော့ပြီကို ရိပ်မိလိုက်သည်။ သို့သော် ထိုကိစ္စမျိုးကိုတော့ အမေ မပြောလိုတော့။ ပြော၍လည်း ရမည်မဟုတ်။ အမေတို့မှာ အရွယ်မရောက်မီ ကတိမ်းကပါး မဖြစ်ရန်သာ ဆုံးမတားဆီးနိုင်သည်။ အရွယ်ရောက်ပြီး၊ အသိဉာဏ်ရှိပြီး သူ
တယောက်ကို တားဆီးပိတ်ပင်ရန် မလွယ်ပေ။ ဤသည်ကိုလည်း ကျန်သည့် သားသမီးများဆီမှ ပညာရခဲ့ပေပြီ။ မိသက်ကတော့ ခင်ကြိုင့်ထက် လိမ္မာလိမ့်မည်ဟု မျှော်လင့်လေသည်။
“ညည်း မနက်ဖြန် အိမ်ကိုလာဦးမလား”
“အမေပဲ မလာနဲ့ဆို’
“အေးပါ၊ လာခဲ့ဦးလို့ ပြောမလို့၊ ငါ တနေရာသွားချင်လို့ လိုက်ပို့ပေးစမ်း၊ မျိုးထွန်း မနက်ဖြန် ရန်ကုန်ရောက်မယ်၊ ၁၁ လမ်း မှာ ကုန်ချပြီး ညအိပ်လိမ့်မယ်၊ ငါ သွားတွေ့မလို့”
“ဒါများအမေရယ်၊ အိမ်ကကားနဲ့ သွားလိုက်လဲ ရတာပဲ၊ မိသက် လိုက်ပို့ဆိုလဲ ပို့ပါ့မယ်”
“ဟဲ့ သူများကား နေရာတကာ မစီးချင်ပါဘူး၊ ဒါက ငါ့ကိစ္စ”
“အို အမေကလဲ အမေ့သမီးကားပဲဟာကိုး”
အမေက သမီးထွေးကိုကြည့်ကာ လေးတွဲ့စွာ သက်ပြင်းချသည်။
“ညည်း လောကအကြောင်းမသိသေးပါဘူး သမီးရယ်၊ လူဆိုတာ ကိုယ့်စည်းနဲ့ကိုယ်နေရတယ်၊ အခွင့်အရေးကို ရတိုင်းမယူရဘူး၊ ကိုယ့်သမီးဆိုပေမယ့် သူစိမ်းက ရှိသေးတယ် မဟုတ်လားအေ့”
“အမေကလဲ ကိုစိုးက သဘောကောင်းပါတယ်”
“အဲဒါပြောတာပေါ့၊ ညည်းလောကအကြောင်း မသိသေးပါဘူးလို့၊ သူ့ဟာသူ သဘောကောင်းကောင်း မကောင်းကောင်း ကိုယ့်နေရာနဲ့ကိုယ်နေတာ ကောင်းတာပေါအေ့၊ လူဆိုတာ အဆုံးထိ တွက်လို့ရတာမဟုတ်ဘူး၊ ပြီးတော့ ငါဒီမှာနေတာ ခဏတဖြုတ်နေတာ၊ တသက်လုံးနေဖို့ စိတ်မကူးဘူး၊ မျိုးထွန်း အခြေကျရင်ဖြစ်ဖြစ် ညည်းပညာဆုံးခန်းတိုင်ရင်ဖြစ်ဖြစ် ငါ့အိမ် ငါပြန်မှာပဲ”
“သိပါတယ်၊ အမေက အမေ့သားကို ပြန်စောင့်မှာ မဟုတ်လား’
အမေ့သားဆိုလျှင်တော့ အောင်စိုးကို ပြောခြင်းသာပင်။ အမေ က မိသက်မျက်နှာကို စေ့စေ့ကြည့်သည်။ မိသက်ကလည်း သူ စကားမှားသွားမှန်း သိလိုက်သည်။
“ညည်း ခင်ကြိုင့်လိုတော့ဘဝမမေ့ပါနဲ့အေ၊ ညီအစ်ကို မောင်နှမ ထဲမှာ ပညာတတ်တဲ့လူချင်းကိုပဲ ပိုပြီးတော့ မခင်တွယ်ပါနဲ့”
“ကျွန်မ ဒီလိုမဟုတ်ပါဘူး အမေ”
မိသက်က မျက်လွှာချ၍ ဖြေသည်။
“အေး ငါသွားမယ်၊ ညည်းစာကြိုးစား၊ ပညာဆုံးခန်း မတိုင်ခင် ဘာကိုမှ မလုပ်နဲ့”
မိသက် ခေါင်းကိုငုံ့ထားလေသည်။
+ + +
အမေ့ကိုတွေ့ရတော့ မျိုးထွန်းမှာ ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်။ အမေ့ မေတ္တာနှင့် အမေ့ သံယောဇဉ်ကိုလည်း ပိုမို အသိအမှတ်ပြုမိ သည်။ အမေသည် ရန်ကုန်တွင် သူတို့ကား ကုန်ချတတ်သော ပွဲရုံ၊မန္တလေးတွင် နားတတ်သော အိမ်နှင့် တောင်ကြီးမှ ရှမ်းကုန်သည်တယောက်၏ အိမ်အထိ စာတွေရေးရေးပို့နေခဲ့သည်။ ယခုတပတ်ရန်ကုန်ဆင်းမည့်ရက်ကို စာပြန်ရေးလိုက်၍ အမေ ရောက်အောင်လာတွေ့ခြင်း ဖြစ်လေသည်။
“အမေက ရန်ကုန်နဲ့တည့်တယ်ထင်တယ်၊ အသားတွေဖြူပြီး ပိုပြည့်လာတယ်၊ မိသက်ကော စာမေးပွဲနီးပြီလား”
“ဟုတ်ကဲ့ အစ်ကိုကြီး”
မိသက်ကိုမမြင်ရသည်မှာကြာပြီး အရွယ်ရောက်ကာ တသွေး တမွေး ဖြစ်နေသဖြင့် စကားပြောရသည်မှာ ရှိုးတိုးရှန်းတန့် ဖြစ်နေသည်။ ငယ်စဉ်ကတည်းက အနေစိမ်းခဲ့၍ မိသက်ကလည်း မျိုးထွန်းကို ရှက်ကြောက်နေသည်။
“နင် ဒီနှစ် ဘယ်နှတန်းရောက်ပြီလဲ”
“တတိယနှစ်လေ အစ်ကိုကြီး”
“စာကြိုးစား”
“ဟုတ်ကဲ့”
အမေကတော့ မောင်နှမနှစ်ယောက်ကိုကြည့်ကာ ဝမ်းသာ ကြည်နူးနေသည်။ သူ မြင်ချင်သည်က သည်လိုပင်။ မောင်နှမတွေ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနေပုံမျိုး။ အမေက မျိုးထွန်းကို မရဲတရဲ ပြောကြည့်သေးသည်။
“သားရယ်၊ အိမ်ခဏလိုက်လည်ပါဦးလား ”
“ဒီနေ့ ကုန်တွေ မချဖြစ်သေးလို့ စောင့်အိပ်ရမယ် အမေရဲ့၊ ခင်ကြိုင့်အိမ်က ကမာရွတ်မှာလား’
“အေး”
မျိုးထွန်းသည် ခင်ကြိုင်တို့နှင့်ပတ်သက်လာလျှင် အမှတ်အသား သိပ်မရှိလှ။ သူတို့ဘဝနှင့် သူ့ဘဝကို တကဏ္ဍစီ ပိုင်းခြားထားသည်။
“အမေ နေရထိုင်ရတာ အဆင်ပြေရဲ့လား”
“ပြေပါတယ် သား”
အမေက ခပ်သွက်သွက်လေး ဖြေသည်။
“နောက် တနှစ် နှစ်နှစ်ပါပဲ အမေရယ်”
အမေ့မျက်နှာ ဝင်းခနဲဖြစ်သွားသည်။
“မိသက် ဘွဲ့ရမှာနဲ့ အတော်ပါပဲ၊ မိသက်ကော ရန်ကုန်မှာပဲ အလုပ်လုပ်မှာလား”
“ကျွန်မ ..ကျွန်မ မစဉ်းစားရသေးဘူး အစ်ကိုကြီး”
မိသက် အနည်းငယ် လှုပ်ရှားသွားသည်။
“အလုပ်ရတဲ့ နေရာပေါ့ကွယ်”
အမေကဝင်၍ ဖေးမ ပြောလိုက်သည်။
“အမေတို့ပြန်တော့၊ မိုးချုပ်နေမယ်၊ အမေ ခဏ ခဏ မလာပါနဲ့အမေ၊ ကျွန်တော် ကျန်းကျန်းမာမာရှိနေတယ်၊ အမေလဲ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုရင် ပြီးတာပဲ”
အမေက တခုခု ပြောလိုသေးဟန်ဖြင့် သူ့သားမျက်နှာကို မရဲတရဲ ကြည့်လေသည်။
“ အမေ ဘာပြောမလို့လဲ”
အမေက ဘေးဘီကိုကြည့်ပြီးမှ တိုးတိုးပြောသည်။
“အောင်စိုးသတင်း ဘာကြားသေးလဲ”
မျိုးထွန်းက အမေ့ကို ကရုဏာသက်စွာကြည့်သည်။
“ကျွန်တော်လဲ ဒိုက်ဦးမှ မရောက်တာ၊ ဘာမှ မကြားဘူး ပူမနေပါနဲ့ အမေရာ ယောက်ျားလေးပဲ”
“အမေတော့ တနေ့မှ စိတ်မအေးဘူး သားရယ်၊ သူ့ခမျာ အလုပ်ကလေးကြိုးစားလုပ်နေကာမှ၊ ဟိုမိန်းမကြောင့်’
အမေက မျက်ရည်စကို အင်္ကျီလက်ဖျားဖြင့် တို့သုတ်သည်။
“ဒီမိန်းမကြောင့်ချည်းလဲ မဟုတ်ပါဘူး၊ အမေ့သား အစကတည်းက တောကလူတွေနဲ့ ဆက်နေတာပဲဟာ”
“ဟဲ့ တိုးတိုးပြောပါ သားရယ်”
“ကဲ ကဲ အမေပြန်တော့၊ မိသက် အမေ့ ဂရုစိုက်ခေါ်သွား၊ လမ်းကူးရင် ဖြည်းဖြည်းကြည့်ကူး”
“ဟုတ်ကဲ့ အစ်ကိုကြီး”
အမေသည် သမီးငယ်လက်မောင်းကိုကိုင်ကာ သားကြီးဆီမှ တရွေ့ရွေ့ ထွက်ခွာသွားလေသည်။ မျိုးထွန်းက သက်ပြင်းကို ခပ်လေးလေးချသည်။ ပြီးတော့ တစုံတခုကို တွေး၍ ပြုံးသည်။ အမေ့အတွက် ငါ မိန်းမယူမှပဲ။
+ + +
အိမ်ရှေ့ပူလျှင် အိမ်နောက်မချမ်းသာ ဟူသော စကားကို အမေ သတိရလေသည်။
ခင်မောင်စိုးတို့၊ ခင်ကြိုင်တို့ ထိတ်ထိတ်ပျာပျာဖြစ်ကာ မစားနိုင် မအိပ်နိုင် ဖြစ်နေပြီဆိုတော့ အမေလည်း စိတ်လက် မပျော်ရွှင်တော့။ ဆင်းရဲသူများက မပူမပင် မကြောင့်မကြနေနိုင်သော်လည်း ချမ်းသာသူ များမှာ စည်းစိမ်ဥစ္စာအတွက် ပူပင်သောက ရောက်ရမှုသည် သေးလှသည်မဟုတ်။ ဤသည်လည်း ဆင်းရဲဒုက္ခတမျိုးပင် ဖြစ်ရလေသည်။
စက်ရုံတွေ ပြည်သူပိုင်သိမ်းသည်။ ခင်မောင်စိုးတို့ ရာဘာ စက်ရုံလည်း ပါသွားသည်။ အတွင်းပစ္စည်း တိုက်တာ၊ ကားများ ကျန်သေးသော်လည်း ကုန်းကောက်စရာမရှိအောင် မွဲသွားလေဟန် ယူကျုံးမရ ဖြစ်နေကြလေသည်။ ခင်မောင်စိုးအမေကဆိုလျှင် တွင်တွင် ညည်းသည်။ “မလွယ်တော့ဘူး၊ ငွေရှာဖို့ခက်သွားပြီ၊ ဘာမှ လုပ်စရာ မရှိတော့ဘူး”ဟု ခင်ကြိုင်နှင့် အမေ့ရှေ့မှာ အပ်ကြောင်းထပ်အောင် ပြောသည်။ တိုက်ပဲရောင်းတော့မလိုလို၊ ကားပဲရောင်းတော့မလိုလို လည်း ပြောသေးသည်။ သူကတော့ ဖဲကစား မပျက်သေးချေ။ ခင်ကြိုင်ကတော့ သည်တခါ ယောက္ခမနှင့် သဘောကွဲသည်။ “အလကားမိန်းမကြီး၊ သူ့ရှိတာတွေထုတ်ရမှာစိုးလို့ ပြောနေတာ၊ မြို့ထဲမလဲ တိုက်ခန်းတွေရှိသေးတယ်၊ ကားကလဲနှစ်စီး၊ ဗိုလ်ချုပ်ဈေးမှာ ဆိုင်ခန်းနှစ်ခန်း၊ ဘာပူစရာရှိလဲ၊ အလုပ်ခွဲမပေးချင်လို့”ဟု မကျေမနပ် ပြောစပြုလာသည်။
အမေ့မှာတော့ မီးဖိုချောင်စရိတ် မလောက်ငသည်ကိုပင် ပြောမထွက်တော့။ စိတ်ညစ်သည်ဟုဆိုကာ ခင်မောင်စိုးက အရက်ကို အိမ်မှာသောက်၍ အမြည်းဖိုးပိုကုန်သည်။ ခင်ကြိုင်ကလည်း မီးဖိုဆောင် ကို ဝင်မကြည့်တော့။ အမေ့မှာ စိတ်ပင်ပန်း၍ လာလေသည်။ အရွယ်ကလည်း ထောက်လာသဖြင့် လူကပြင်းပြင်းထန်ထန် မလှုပ်ရှား ရဘဲနှင့် ရင်ထဲက မောမောနေသည်။ ဗိုက်ထဲကလည်း အောင့်အောင့် နေသည်။ သို့သော် ဆေးဖိုးဝါးခ ကုန်မည်စိုး၍ အမေ ဖွင့်မပြော။
“ဪ သူတို့မှာလဲ သောကနဲ့၊ သူ့ အထွာနဲ့သူ အကုန်အကျကလဲ များပါဘိသနဲ့’ဟု အမေ တွေးသည်။
မိသက်က ထုံးစံအတိုင်း ကျောင်းစရိတ် လာတောင်းတော့ အမေက လက်တို့ကာ အခန်းထဲသို့ ခေါ်လာလေသည်။
အပိုင်း – ၈
“ငတိုးကတော့ ငွေတရာ ပို့ထားတာပဲ၊ အမေသုံးလိုက်လို့ နည်းနည်လျော့သွားတယ် သမီး’
မိသက် မျက်နှာပျက်လေသည်။
“မမခင်ကြိုင်ကလဲ မုန့်ဖိုးမပေးတော့ဘူး၊ သမီးဘယ်လိုလုပ် လောက်အောင်သုံးမလဲ၊ ဘာလဲ အမေက အမေ့သမီး မီးဖိုချောင်ထဲ စရိတ်စိုက်နေလား”
အမေ ဘာမျှမသုံးဘူးဆိုတာ မိသက်က အတတ်သိသည်။ အမေသည် စျေးပင်ရောင်းခဲ့သော်လည်း မုန့်ပဲသွားရည်စာ စားတတ်သူ မဟုတ်။ ငွေကို ရှာသည့်တိုင် ကျစ်ကျစ်လျစ်လျစ် သုံးစွဲသည်။
“သူတို့မလဲ အခြေအနေ မကောင်းဘူး မဟုတ်လား သမီးရယ်”
“အမယ်လေး ဆင်ပိန် ကျွဲလောက်ပါ အမေရာ၊ အလကား သူတို့က လူကြားကောင်းအောင် ပြောနေတာ၊ အမေ့ရှိတာ မထုတ်နဲ့”
“ဟဲ့ တိုးတိုးပြောပါ သမီးရယ်၊ အမေသုံးတာ အမေ နေမကောင်းလို့ ဆေးဝယ်တာပါ”
“အို အမေကလဲ၊ နေမကောင်းတာပဲ ပြောပေါ့၊ အမေ့ ခေါ်ကျွေးထားတယ်ဆိုပြီး အမေ့ကို မီးဖိုထဲ ဝင်ခိုင်းတာပဲဟာ မမခင်ကြိုင်က”
“ကဲ မပြောစမ်းပါနဲ့အေ၊ ငါ ရှိခိုးပါရဲ့၊ ရော့ ငွေတရာ့ နှစ်ဆယ် ယူသွား၊ ချွေချွေတာတာသုံး”
“ခုနပြောတော့ မရှိဘူးဆို”
“မျိုးထွန်းအတွက် စုထားတာတွေ”
မိသက် တွေသွားသည်။ အစ်ကိုကြီးအတွက်ဆိုလျှင်တော့ ထိုငွေကို သူ မယူရက်။ မယူဝံ့။ လိပ်ပြာမသန့်ချေ။
“အစ်ကိုကြီးငွေတော့ မလုပ်ပါနဲ့အမေရာ၊ ပေး ပေး တရာပဲပေး”
အမေက သူ့သမီးလေးကို သနားသွားသည်။ အများနဲ့နေရတာဆိုတော့ အများနည်းတူ သုံးချင်ရှာပေမည်။
“ကိစ္စမရှိဘူး၊ ငါ့မှာ ဘီးတချောင်းပါလာသေးတယ်’
မိသက်က ဝမ်းနည်းလာသည်။
“အို အမေ့မှာ ဒီတခုပဲရှိတာ၊ အမေ အသက်ကြီးပြီ၊ အမေ့ အတွက် ထားပါ၊ ကျွန်မက ကျောင်းနေတုန်း အမေ နာမကျန်းဖြစ်ရင် ဘာမှ တတ်နိုင်မှာမဟုတ်ဘူး”
မိသက် မျက်ရည်ကျလေသည်။ အမေက သမီးဖြစ်သူကို ပြောခဲ့မိခြင်းအတွက် နောင်တရသွားသည်။
“ဟဲ့ ဟဲ့ သူများအိမ်မှာ မငိုနဲ့၊ တော်ကြာ ဘာဖြစ်လဲ အောက်မေ့နေမယ်၊ ကဲ လာလာ အပြင်ထွက်မယ်၊ ထမင်းစားသွား၊ အမေ ဒီနေ့ မရမ်းသီးထောင်းနဲ့ ဟင်းခါးချက်ထားတယ်”
အမေက ငွေ ၁၂၀ ကို မိသက်လက်ထဲ ထည့်ပေးသည်။ ထမင်းဝိုင်းတွင် ခင်မောင်စိုးနှင့် ခင်ကြိုင်ပါ ဝင်စားကြသည်။ အမေ ကတော့ ထုံးစံအတိုင်း နောက်ချန်၍ နေသည်။ ခင်မောင်စိုးက မိသက်ကို သတိထား၍ ကြည့်မိသည်။
“မိသက် ထမင်းလဲ သိပ်မစားပါလား၊ ဧကန္တ သူ့အမေဆီက မုန့်ဖိုးမရလို့ ထင်တယ်၊ အကြိုင်ရေ မိသက်ကို ငွေ နှစ်ဆယ်လောက် ပေးလိုက်ဦးလေ”
ခင်ကြိုင်က မိသက်ကို လှမ်းကြည့်သည်။ ပြီး အမေ့ကို ကြည့်သည်။
“မပေးနဲ့၊ သူ့ကို ပေးထားပြီးပါပြီ၊ အလကား မအေကို ချွဲနေတာ၊ ဘာမှ မဖြစ်ဘူး”
ခင်ကြိုင် မျက်နှာမကောင်းလှပေ။ ထမင်းစားရာမှ ထသွားပြီး ငွေနှစ်ဆယ်ယူပေးသည်။ မိသက် ခေါင်းကို ငုံ့ထားသည်။
“ဟင့်အင်း မိသက်ဆီမှာရှိပါတယ် မမ၊ အမေက ကောင်းကောင်း နေမကောင်းဘူးဆိုလို့”
အမေက မိသက်ကို ဟန့်တားဖို့ အချိန်မရလိုက်ပေ။ တော်တော် ဆိုးတဲ့ ကောင်မလေးဟု စိတ်ထဲက အပြစ်တင်လိုက်မိသည်။
“ဟင် ဟုတ်လား၊ ပြောရောပေါ့၊ အမေ ဘာဖြစ်လဲ၊ ကျွန်တော် ဆေးတိုက်လိုက်ပို့မယ်လေ”
ခင်မောင်စိုးက ပျာပျာသလဲပြောသည်။
“အမေတို့ကလဲ ဖြစ်တာ ပြောမှသိမှာပေါ့”
ခင်ကြိုင်က ပြောပြောဆိုဆိုလက်ဆေးပြီး ထမင်းဝိုင်းမှ ထသွား သည်။ မိသက်က အစ်မဖြစ်သူကို မကျေမနပ်ဖြင့် ကြည့်လေသည်။ အမေကတော့ မိသက်ကို မျက်ရိပ်မျက်ခြည်ပြကာ သားမက်ဖြစ်သူကို အားနာစွာကြည့်လေသည်။
“အလကားပါကွယ်၊ မနေ့က ခြံထဲစောစောဆင်းပြီး လမ်းလျှောက်တာ နည်းနည်းအေးလို့ ဇက်လေးသွားတာပါ၊ အမေ ဘာမှ မဖြစ်ပါဘူး”
မိသက်ပြန်သွားတော့ ခင်မောင်စိုးက ခင်ကြိုင့်ကိုခေါ်ကာ ဆေးတိုက်သို့ ဇွတ်အတင်း လိုက်ပို့သည်။ ခင်မောင်စိုး၏ မိတ်ဆွေ ဆရာဝန်က အမေ့ကို ဂရုတစိုက်စမ်းသပ်သည်။ ပြီးတော့ ခင်မောင်စိုးကို အမေ နားမလည်သော အင်္ဂလိပ်စကားဖြင့် ပြောသည်။ အမေ့အတွက် ဆေးတွေပေးသည်။
အမေကတော့ သည်အိမ်ရောက်ပြီးမှ သမီးနှင့် သားမက်ကို ပထမဆုံးအကြိမ် ဒုက္ခပေးမိလေခြင်းဟု စိတ်မကောင်းကြီးစွာ ဖြစ်မိလေသည်။
* * *
၆
မျိုးထွန်းအတွက် အစစအရာရာ အဆင်ပြေနေသည်။ သည်တပတ် အပြန် ကုန်ကို စောစောရခဲ့သည်။ ရှမ်းပြည်မတက်တော့ဘဲ အညာကုန်ကို တင်ခဲ့သည်။ ရှမ်းပြည်ကိုတက်လိုစိတ်လည်း သိပ်မရှိတော့။ နန်းစိန်ပွင့်သည် သူ့အသိဉာဏ်ထဲမှာ ကိန်းဝပ်နေဆဲ။ မေ့မရသေး။ ပြီးတော့ ဘာကြောင့်မှန်းမသိ။ နန်းစိန်ပွင့်ကို ယနေ့တိုင် သူယုံကြည် နေဆဲ ရှိသည်။ တနေ့နေ့ တချိန်ချိန်မှာ သူနှင့်ပြန်တွေ့လိမ့်ဦးမည်ဟု မျှော်လင့်သည်။ နန်းစိန်ပွင့်သည် အခြားသူတယောက်နှင့် အလိုမတူဘဲ လက်ထပ်ပေါင်းသင်းသွားရခြင်းသာ ဖြစ်မည်ဟု သူထင်သည်။ အကယ်၍ နန်းစိန်ပွင့်ကို သူပြန်တွေ့ရလျှင် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူ ခွင့်လွှတ်နိုင်ပေမည်။
ကျောက်ဆည်မြို့ကိုဝင်တော့ သူ့မျက်လုံးများက တောင်မြောက် လေးပါးသို့ အလိုအလျောက် ဖွေရှာကြည့်မိလျက်သား ဖြစ်နေသည်။ ယခင်တခါက အမှတ်မထင် ရိပ်ခနဲမြင်လိုက်ရဖူးသည်ကို သတိရနေသည်။ သူ့မှာက တာဝန်နှင့် အချိန်နှင့်ဆိုတော့ ကိုယ်နားချင်ရာနား၍ မဖြစ်။ သူ့စိတ်နှင့် သူ့ကိုယ်သာဆိုလျှင်တော့ သည်မြို့မှာ တညလောက် နားပြီး နန်းစိန်ပွင့်ကို စုံစမ်းချင်သည်။
ဖြစ်ချင်တော့ မြို့အဝင် လက်ဖက်ရည်ဆိုင်ရှေ့မှာ ကားက ဆီပိတ်ပြီး ရပ်သွားသည်။ ပြင်ဆင်ပြီးတော့ ဝမ်းက ဟာလာကြသည်။ ခါတိုင်းဆိုလျှင် မိတ္ထီလာရောက်မှ ထမင်းစားကြ သည်။ ရှမ်းပြည်နယ်ဘက် တက်လျှင် ယင်းမာပင်မှာ စားသည်။ ယခုတော့ ဆာဆာနှင့် ထမင်းဆိုင်တဆိုင်ကို ရှာကြသည်။ သည်မှာ သူ့ဘဝတွင် ပျောက်ဆုံးနေသော အရာတခုကို ပြန်တွေ့ရလေသည်။
နန်းစိန်ပွင့်ကိုမြင်တော့ ယောင်ယမ်းကာ ခြေလှမ်းများပင် တုံ့သွားရသည်။
နန်းစိန်ပွင့်ကလည်း သူ့ကို ညှိုးငယ်စွာ ကြည့်နေသည်။ စကား မပြောဖြစ်ကြ။ ထမင်းစားပွဲမှာထိုင်မိကြပြန်တော့ မျိုးထွန်း တပည့်လေးက အလိုက်သိစွာ ဆိုင်ထဲမှ ပြန်ထွက်ခဲ့သည်။ ဆိုင်ထဲတွင် နန်းစိန်ပွင့်အပြင် သဘောကောင်းပုံရသော မိန်းမကြီးကြီးတယောက် သာ ရှိလေသည်။ သူကလည်း သူတို့နှစ်ယောက်ကို ကြည့်နေသည်။
“အစ်မ ဒါ ကိုမျိုးထွန်းဆိုတာ”
နန်းစိန်ပွင့်က လှည့်ပြောသည်။
“ဪ ဪ”
မိန်းမကြီးက ထမင်းပွဲများကို ပြင်ဆင် နေလိုက်သည်။ နန်းစိန်ပွင့်က သူ့နားကို ဖြည်းဖြည်းလျှောက်လာသည်။
“အစ်ကို နေကောင်းတယ်နော်”
နန်းစိန်ပွင့်၏ မျက်လုံးများသည် တောက်ပနေဆဲ။ ရိုးသား ဖြူစင်မှုကို ဖွင့်လှစ်ဆဲ။ ပြီးတော့ ကရုဏာမျက်လုံးများနှင့် မျိုးထွန်းကိုကြည့်သည်။ မျိုးထွန်း ဝင်လာကတည်းက ခြေတဖက်ဆာနေသည်ကို သတိထားမိသည်။
“ဒါ နန်းစိန်ပွင့်တို့ဆိုင်လား’
နန်းစိန်ပွင့် အမေးကို ခေါင်းညိတ်ဖြေရင်း သူသိချင်တာကို မရေမရာပြန်မေးသည်။ နန်းစိန်ပွင့်က ခေါင်းငုံ့၍ဖြေသည်။
“အဖေ့ဆိုင်ပါ ၊ ဖွင့်တာမကြာသေးဘူး၊ ကျွန်မကလဲ တိုက်တွန်းတာနဲ့’
နန်းစိန်ပွင့်ကလည်း မရေမရာဖြေသည်။ အနားကိုရောက်လာသော မိန်းမကြီးကို ဝက်သားဟင်းထည့်ဖို့ လှမ်းပြောလိုက် သေးသည်။
“အဒေါ်ကြီးက ဘာတော်လဲ”
“အဖေ့ မိန်းမလေ”
ခုချိန်ထိတော့ နန်းစိန်ပွင့် ယောက်ျားနှင့် ပတ်သက်သည့် စကား မကြားရသေး။ မျိုးထွန်း အားတက်လာသည်။
“နင်ဘာလို့ ယင်းမာပင်က ပျောက်သွားလဲ”
အရဲစွန့်၍ မေးချလိုက်သည်။ နန်းစိန်ပွင့် ခေါင်းမော့လာသည်။ မျိုးထွန်းကို မျက်လုံးရွဲများဖြင့် ကြည့်သည်။
“ကျွန်မ မနေချင်တော့လို့၊ အဒေါ်က သူ ပေးစားချင်တဲ့သူနဲ့ အတင်းနားချတယ်၊ကျွန်မကလဲ မယူချင်ဘူး၊ အဖေ့ကိုပြောတော့ အဖေကလဲ အဲဒီလူကို ယူစေချင်တယ်၊ ဒါနဲ့ကျွန်မလဲ သူတို့ပေးစားတဲ့ လူလဲ မယူဘူး၊ ကျွန်မချစ်တဲ့လူလဲ မယူဘူးဆိုပြီး ထွက်လာခဲ့တာ”
မျိုးထွန်းရင်မှာ ပျော်သွားသည်။ သူ့ဘဝသည် ပျော်ရွှင်ဖွယ် အလှည့်အပြောင်းသို့ ရောက်လာလေပြီဟု အားတက်မိသည်။
နန်းစိန်ပွင့်ထံမှ “ကျွန်မချစ်တဲ့လူ”ဟူသော စကားလေးသည် သူ့ရင်ကိုကြည်နူးစေသည်။ မျိုးထွန်းက ထမင်းကို အားပါးတရ စားတော့သည်။
“နင်ကလဲ သတ္တိနည်းလိုက်တာ၊ ငါ့ကို စောင့်ပါဦးလား၊ ငါနဲ့တခါတည်းလိုက်ခဲ့ ပြီးတဲ့ဟာကို”
နန်းစိန်ပွင့်က မျိုးထွန်းကို မြတ်နိုးစွာကြည့်သည်။
“အစ်ကို့မှာ မောင်နှမတာဝန်တွေ ရှိသေးတယ်မဟုတ်လား၊ ဒုက္ခမပေးချင်ဘူးလေ”
မျိုးထွန်း ပြုံးသည်။
“ဒါပေမယ့် အရေးကြုံတော့ တမျိုးစဉ်းစားရမှာပေါ့၊ ခုတော့ ငါ့မှာ တာဝန်မရှိတော့ပါဘူး၊ အမေတယောက်ပဲ၊ နင့်ဘက်ကကော ဘယ်လိုလဲ၊ ငါနဲ့သဘောမတူနိုင်ဘူးလား၊ နင့်မိဒွေးကကော”
“အစ်မက သဘောကောင်းပါတယ်၊ အဖေကလဲ ခုတော့ ဘာမှ မပြောတော့ပါဘူး၊ ဒီလောက်တောင်ဖြစ်ရင်လဲ နင်ယူချင်တဲ့လူပဲ ယူတော့တဲ့”
နန်းစိန်ပွင့်က မျက်လွှာချ၍ ပြောသည်။
“ဒါနဲ့များဟယ် အချိန်တွေ နှမြောဖို့ကောင်းလိုက်တာ၊ ငါ့ကို အကြောင်းကြားဖို့ကောင်းတယ်၊ ကံကောင်းလို့၊ ငါမိန်းမ ရသွားရင် ဘယ်လိုလုပ်မလဲ”
“အစ်ကို့ကို ကျွန်မယုံပါတယ်၊ အစ်ကိုက ကျွန်မကို စုံစမ်းပြီး ရှာလိမ့်မယ်လို့ ထင်နေခဲ့တယ်၊ အဝေးပြေးကားတွေ ဖြတ်သွားတိုင်း ကျွန်မ ကြည့်နေခဲ့တာ”
“ငါကတော့ နင့်ယောက်ျားနဲ့ အတူတူ တွေ့ရမှာစိုးလို့ ကျောက်ဆည်ရောက်ရင် လှည့်ကိုမကြည့်ဘူး”
“အစ်ကိုကလဲ”
သူတို့ ထမင်းပွဲကို ပျော်ရွှင်စွာ သိမ်းကြသည်။ နန်းစိန်ပွင့် အဖေလည်း ရောက်လာသည်။ မျိုးထွန်းကို ကောင်းကောင်းမွန်မွန်ပင် စကားပြောသည်။
ဩော် ပျော်လိုက်ရသည့်ဖြစ်ခြင်း။ အမေဖြစ်စေ ချင်သလို သားနှင့် ချွေးမနှင့် အမေတယောက် စိတ်အေးချမ်းသာစွာ နေရတော့မည်ပဲ။
အမေ့ကိုပြေး၍ သတိရကာ ပိုပျော်သွားမိလေသည်။
+ + +
ခင်ကြိုင် သမီးလေးမွေးသည်။ အမေ့မှာ မြေးတယောက်တိုးသည်မို့ ပျော်ရပြန်သည်။ ခင်ကြိုင်ကလည်း ကလေးရကာမှ အစစအရာရာ ပြောင်းလဲလာလေသည်။ ပို၍ သိမ်မွေ့နူးညံ့လာသည်။ မိခင်မေတ္တာ၏ အတိုင်းအဆကိုလည်း ပိုမို နားလည်လာပုံရသည်။ သမီးဖြစ်သူကို လက်ကမချတော့။ သမီးမိန်းကလေးတယောက်အတွက် ဖြစ်ပေါ်လာရသော မိခင်တယောက်၏ သောကကိုလည်း တချိန်မှာ ခင်ကြိုင် သဘောပေါက်လာဦးမည်ဟု အမေ တွေးမိလေသည်။
ခင်မောင်စိုးကမူ ယခင်ကကဲ့သို့ပင် အိမ်ပြန်နောက်ကျ၍ လာပြန်သည်။ အရက်ကိုမူ သိပ်မသောက်တော့။ ခင်ကြိုင်ကိုလည်း ပို၍ ဂရုစိုက်သည်။ သို့သော် ခင်ကြိုင့်မျက်နှာက မရွှင်လန်းလှ။ အေးဆေးသော အမူအရာနှင့် သွားလာလှုပ်ရှားနေသော်လည်း တစုံတရာကို အလိုမကျသည့်သွင်ပြင်က ပေါ်နေသည်။ သည်တော့လည်း အမေ့မှာ မနေတတ် မထိုင်တတ် ဖြစ်ရပြန်သည်။ နေမကောင်းသည့် ကြားမှပင် မြေးကို ဂရုစိုက်သည်။ မီးဖိုကိစ္စကို မမေ့မလျော့ စီမံပေး သည်။ သားမက်ကို ထမင်းစောင့်ကျွေးမြဲ ကျွေးသည်။ ခင်ကြိုင်ကလည်း အမေ့ကို ယခင်ကထက် ပိုပြီး အားကိုးချစ်ခင်ဟန်ပြသည်။
“အမေ တော်ရုံဟာတွေ မလုပ်ပါနဲ့ အမေရယ်၊ မသန်း လုပ်ပါလိမ့်မယ်၊ အမေ့ဟာ အမေ သက်သက်သာသာ နေပါ၊ နေလဲ မကောင်းဘဲနဲ့”
“ရပါတယ်၊ ငါအခု ဆေးစားလို့ သက်သာနေပါပြီ၊ ပေးပေး ငါ့မြေးလေးကို၊ ညည်းလဲအိပ်တော့လေ၊ ကလေး ငါသိပ်လိုက်မယ်”
အမေကလည်း သမီးဖြစ်သူကို ပို၍ ဂရုစိုက်သည်။ ယခုတလော ယောက်ျားကို ညဉ့်နက်ခံ၍ စောင့်တတ်လာသော ခင်ကြိုင့်ကို သနားလည်း သနား၍လာသည်။ ခင်မောင်စိုးကလည်း စီးပွားရေး ကျဆင်းသည်ကို အကြောင်းပြပြီး တနေကုန်ထွက်ကာ နေတတ် သည်။ ဘာတွေ လုပ်ကိုင်နေသည်ကိုတော့ အမေမသိ။ ခင်မောင်စိုး အမေကတော့ သူတို့နေသည့်တိုက်ကို ရောင်းဖို့ချည်း အရိပ်အမြွက် ပြောပြော နေသည်။ သည်အတွက် ခင်ကြိုင် စိတ်ညစ်ရဟန်တူသည်။ အမေကတော့ သူ့သမီး နေစရာမရှိလျှင် အချိန်မရွေးပြန်ခေါ်သွား မည်သာ။ ဈေးရောင်း ကျွေးရလျှင်လည်း ကျွေးလိုက်ဦးမည်။
သည်ကြားထဲ တညမှာ ခင်ကြိုင်တို့လင်မယား စကားများသံ ကြားရသည်။ ထမင်းပွဲပြင်ပေးပြီး အိပ်ခန်းထဲဝင်လာသော အမေက နားစွင့်မိသည်။ သဲသဲကွဲကွဲ မကြားသည့်တိုင် ခင်ကြိုင် ငိုနေသည် ကိုတော့ သိသည်။ ခင်မောင်စိုးကကျိတ်ပြီးချော့နေသံလည်း ကြားရ သည်။ နောက်နေ့တော့ အမေက မအောင့်နိုင်၍ ဖွင့်မေးမိသည်။
“သမီးတို့ဘာတွေများ အဆင်မပြေဖြစ်နေကြလဲ၊ အခက်အခဲ ရှိလဲ အမေ့ကို ပြောပါအေ”
ခင်ကြိုင် မျက်နှာပျက်နေသည်။
“ဘာမှ မဖြစ်ပါဘူး အမေရယ်”
“အမေ့ အားမနာနဲ့ ပြောသာပြော၊ ဘာလဲ ဒီတိုက်ကို ရောင်းမလို့ဆိုတာ ဟုတ်လား၊ နေစရာမရှိလဲ မပူပါနဲ့သမီးရယ်၊ ဒိုက်ဦးမှာ အိမ်လေးကောင်းကောင်း
တလုံး ဝယ်ပြီးနေရင်လဲ ရတာပဲ၊ အမေ့အိမ်လဲ မရောင်းရသေးဘူး၊ ခင်မောင်စိုးက မနေနိုင်ရင်တော့လဲ မသိဘူးပေါ့လေ၊ ဟိုမှာလဲ လုပ်ကိုင်စားသောက်လို့ရပါတယ်”
“မရောင်းပါဘူး အမေရယ်၊ သူ့အမေက အလကား ပါးစပ် အားလို့ ပြောနေတာပါ၊ ဒီတိုက်က ကိုခင်မောင်စိုးနဲ့ ကျွန်မတို့ နှစ်ယောက် နာမည်နဲ့ ဝယ်ထားတာပါ၊ သူရောင်းချင်လဲ ရောင်းလို့ မရပါဘူး”
“ငွေရေးကြေးရေး ကျပ်တည်းလို့လားအေ၊ အခက်အခဲ ဖြစ်နေရင်လဲ အမေ့မှာ ရွှေဘီးတချောင်းရှိတယ်၊ ရောင်းလိုက်မယ်လေ”
ခင်ကြိုင် မျက်ရည်ဝဲစပြုလေသည်။ အမေ့ စေတနာကို သူ ကောင်းစွာ နားလည်လာပေပြီ။
“ဒီလောက်လဲ မဟုတ်ပါဘူး အမေရယ်၊ သူ ကျွန်မကို ခါတိုင်းထက် ပိုပေးပါသေးတယ်၊ ကျွန်မမှာလဲ စုထားတာလေးတွေ ရှိပါတယ်”
“ဒါဖြင့် ဘာတွေများ အဆင်မပြေ ဖြစ်နေကြသလဲအေ”
သားသမီးပင် ဖြစ်လင့်ကစား လင်မယားကိစ္စကို အမေ မဝင်လိုပေ။ သို့သော် စိတ်ထဲမှာ မရှင်းလင်း၍သာ မေးလိုက်ရသည်။
“သူ ..သူ နောက် မိန်းမ ယူထားတယ် အမေရဲ့”
ခင်ကြိုင် ငိုလေပြီ။ အမေ ရင်ကိုဖိ၍ ဘုရားတမိတော့သည်။ ဪ သမီး၏ သောကကို သူ ခုမှသိရပါလား။ တအိမ်တည်း နေခဲ့ပေမင့် သည်ကိစ္စကိုတော့ ခင်ကြိုင် အမေ့ကို အသိမပေးခဲ့။မအေဖြစ်သူကို သောက မရောက်စေဘဲ တယောက်တည်းကျိတ်၍ ခံစားနေရသည့်အတွက် ခင်ကြိုင့်ကို ချီးကျူးမိလေသည်။
“ဖြစ်ရလေ သမီးရယ်၊ ဘယ့်နှယ်လုပ်ကြမလဲ”
တကယ်ပင် ကြံရာမရ၍ အမေ ညည်းမိသည်။
အမေ့ဘဝမှာ သည်ဒုက္ခမျိုး မခံစားဖူးခဲ့။
“သူ ကျွန်မကို ပြတ်တော့ မပြတ်ပါဘူး အမေ၊ ဒါပေမယ့် ကျွန်မ စိတ်ညစ်တယ်၊ ကျွန်မလဲ ကလေးတယောက်နဲ့ သူ့ကို ကွာမပေးနိုင်ဘူး”
ခင်ကြိုင် ရှိုက်၍ ငိုပြန်သည်။ သမီးဖြစ်သူကို ပထမဆုံးအကြိမ် သနားလည်း သနားမိသည်။ ယူကျုံးမရလည်း ဖြစ်မိသည်။ နှစ်သိမ့် စရာကို ရုတ်တရက် ရှာမတွေ့။
“သွေးကနုသေးတယ်၊ စိတ်ချမ်းသာအောင် နေပါအေ၊ ကဲ ကဲ မငိုနဲ့တော့၊ ဖြစ်လာမှာတော့ ခေါင်းအေးအေးထား၊ သူ ဒီလိုဖြစ်တာ ကြာပလား”
“ကျွန်မ ရိပ်မိတာကြာပြီ၊ ခုမှ သေသေချာချာ သိရတာ၊ အရင် သူတို့စက်ရုံက ကောင်မလေး”
“အို ဘုရား ဘုရား၊ ဟိုမိန်းကလေးလဲ သနားစရာ၊ အင်း လူ့လောကဒုက္ခတွေ များလှပါလား၊ ဆင်းရဲတဲ့သူက ဆင်းရဲတဲ့ဒုက္ခ၊ ချမ်းသာတဲ့လူကလဲ ချမ်းသာလို့ဒုက္ခ၊ လောလောဆယ်တော့ သည်းခံ သမီး၊ နောက်တော့ တဖြည်းဖြည်း ဖျောင်းဖျယူပေါ့”
အချိန်အတန်ကြာ မေ့လျော့ခဲ့သော ဘုရားဘက်ကို အမေ ပြန်လှည့်ခဲ့မိသည်။ သားသမီးသောက၊ လူ့ဘဝဒုက္ခတွေဖြင့် သူ့ဘဝ၏ တတိယအချိန်ကို အမှတ်မထင် ကုန်ဆုံးစေခဲ့ခြင်းအတွက် နောင်တရလာသည်။ သူဘာမျှ မတတ်နိုင်သောကိစ္စအတွက် သမီးဖြစ်သူကို နှစ်သိမ့်ရုံမှတပါး သူဘာမျှ မလုပ်တတ်။ အိမ်မှုကိစ္စတွေကို တတ်နိုင်သမျှလျှော့ကာ ဘုရားကို မှန်မှန် အာရုံပြုသည်။
“ဘုရားတပည့်တော်မကို သံယောဇဉ် အနှောင်အဖွဲ့များကြားမှ ကင်းလွတ်အောင် စောင်မတော်မူပါ”ဟု ဘုရားရှေ့တွင် ဆုတောင်းမိ လေသည်။ သို့သော် အမေ့ဆုတောင်း မပြည့်ခဲ့ပါချေ။
+ + +
သည်တပတ်တော့ မျိုးထွန်း ဒိုက်ဦးကို ဝင်ဖြစ်သည်။ ပြုပြင်မှုကင်းမဲ့၍ ယိုင်နဲ့စပြုနေသော အမေ့အိမ်လေးကို စစ်ဆေးကြည့်သည်။ သည်အိမ် လေးကိုရောင်းပြီး မင်းလမ်းမှာ အိမ်ကောင်းကောင်းတလုံးဝယ်မည်။ ပြီးတော့ သူ နန်းစိန်ပွင့်ကိုခေါ်ကာ အမေနှင့်ထားမည်။ အမေနေချင်သော မြို့မှာ အမေ စိတ်ချမ်းချမ်းသာသာ နေစေရမည်။ မျိုးထွန်းက အစီအစဉ်အားလုံး ပြုလုပ်သည်။ ရှမ်းစုမှ ဘကြီးခက်ဆီ သွားသည်။ သည်မှာ အံ့သြရပြန်သည်။ အမေ တောင့်တလှသော အမေ့သား အောင်စိုး။ သူပြန်ရောက်နေသည်။ ပြီးတော့ ဘကြီးခက်နှင့်အတူ ငရုတ်တွေ၊ ပဲတွေ စိုက်နေသည်တဲ့။ ကြည့်စမ်း၊ ဘယ်လောက် အဆင်ပြေလိုက်သလဲ။
“မင်းနှယ်ကွာ၊ အမေက မင်းအတွက် စိတ်သောက ရောက်နေတာ၊ မင်း အကြောင်းကြားဖို့ကောင်းတယ်”
“ကျုပ် ပြန်ရောက်နေတာ မကြာသေးဘူးဗျ၊ တလတောင် မပြည့်သေးဘူး၊ အမေလဲ ဝမ်းသာသွားအောင် ဒီမှာ အခြေကျအောင် လုပ်နေတာ၊ ပြီးရင် အမေ့ကို ခေါ်ထားမလို့”
“အမယ် မင်းက၊ ငါလဲ မြို့ထဲမှာ အိမ်တလုံးရှာထားတယ်၊ အမေ့ကို သွားခေါ်မလို့’
“ကောင်းသားပဲကွယ့်၊ မယ်မြ ပြန်ရောက်ရင် ပြီးတာပဲ၊ ဘယ်မှာနေနေပေါ့၊ မြို့ထဲနေလဲ အဆင်ပြေတာပဲ၊ မယ်မြက သူ့သား နှစ်ယောက်ကို ခွဲချင်တာ မဟုတ်ဘူး၊ အောင်စိုးအကြောင်း သိရရင် သူ့ဆီ လှမ်းစာရေးဖို့ တဖွဖွ မှာသွားရှာတာ”
ဘကြီးခက်က ဝင်ပြောသည်။
“ဟုတ်တယ်၊ မိသက်လဲ ဒီနှစ် နောက်ဆုံးနှစ်ပဲ၊ သူဒီမှာ ပြန်အလုပ်လုပ်လဲရတယ်၊ အမေ့ကို ပြန်ခေါ်ရမယ်”
သူတို့အားလုံး ပျော်နေကြသည်။ အမေ့အတွက် အစစအရာရာ အဆင်သင့်ပြင်ကြသည်။ မျိုးထွန်းက မန္တလေးကို တခေါက် သွားရသေးသည်။ အပြန်တွင် ရန်ကုန်ဆင်းပြီး ဖြစ်နိုင်လျှင် အမေ့ကို
တပါတည်းခေါ်ခဲ့မည်။ အောင်စိုးကတော့ မလိုက်တော့။ အမေ့ကို သည်ကပဲ စောင့်မည်။
မျိုးထွန်း အညာတက်သွားသည်မှာ ၁ဝ ရက်ခန့်ကြာသွားသည်။ သူက မိန်းမတောင်းရသေးသည်လေ။ အမေ့ကို ချွေးမပါပြပြီး ခေါ်ခဲ့မည်ဟု အပြန်မှာ ဒိုက်ဦးကိုဝင်၍ ပြောသွားသေးသည်။ မျိုးထွန်း ရန်ကုန်ရောက်တော့ နန်းစိန်ပွင့်ကို အသိအိမ်မှာခေတ္တထားခဲ့ကာ ခင်ကြိုင်တို့အိမ်သို့ မလာစဖူးလာခဲ့သည်။ ခင်ကြိုင်တို့အိမ်တွင် မည်သူမျှမရှိ။ အိမ်ဖော်မလေးက ထွက်၍ ပြောသည်။
“ကြီးကြီးနေမကောင်းလို့ ဆေးရုံတင်ထားရတယ်”တဲ့။
အပိုင်း – ၉ (ဇာတ်သိမ်းပိုင်း )
အပိုင်း သုံး
၁
အမေ့ မျက်လုံးများ ဝါ၍နေသည်။ အသားများလည်း ဝါနေသည်။ လူကလည်း အင်အားဖျော့တော့၍ နေသည်။ ဆေးရုံမှာ အနားယူ၍ ဂလူးကို့စ်နှင့် အားဆေးများသွင်းနေသော်လည်း အမေပြန်၍ မထူ ထောင်နိုင်တော့။ အသည်းရောင်၍ ဗိုက်ထဲမှာ အလုံးဖြစ်နေသည်တဲ့။ ဆရာဝန်က ခွဲလျှင်ကောင်းမည်ဟု ပြောသည်။
မိသက် စာမေးပွဲပြီးပြီဖြစ်၍ အမေ့နားမှာ မအိပ်မနေပြုစုသည်။ သားသမီးအားလုံး လက်လွတ်ကာမှ အမေ မသေစေလို။ အမေ အေးအေးချမ်းချမ်း နေသွားစေချင်သေးသည်။ သို့သော် အမေ့ရောဂါက မသေးလှ။ မိသက်ကတော့ “မမတို့ အိမ်မှာ အမေ အစားမမှန် အအိပ်မမှန်လို့ ရောဂါရတာ”ဟု အပြစ်တင်သည်။ ခင်ကြိုင် နှုတ်တုံ့ မပြန်တော့။ ဆေးရုံလာတိုင်း မျက်ရည်ဝဲ၍နေသည်။ အမေကတော့ သမီးနှစ်ယောက်လုံးကို အပြုံးဖြင့် နှစ်သိမ့်သည်။
“အမေ မသေသေးပါဘူး သမီးတို့ရယ် စိတ်ချ၊
အမေလေ အမေ့ သားသမီးတွေနဲ့ ပျော်ပျော်ကြီး နေသွားဦးမှာပါ၊ အမေ ယုံကြည်တယ်”
အမေ့ ရင်ထဲမှ အစွဲအလမ်းကို သူတို့ နားလည်လေသည်။
“မျိုးထွန်းကို ပွဲရုံမှာ သွားမှာထားပြီးပြီလား ခင်ကြိုင်”
“ကိုခင်မောင်စိုးကို ခိုင်းထားပါတယ် အမေ”
“သေသေချာချာ သမီးကိုယ်တိုင်သွားလိုက်ပါ”
“ဟုတ်ကဲ့”
အမေ့ကို ဆေးရုံတင်လိုက်ရ၍ ခင်ကြိုင့်အိမ်မှာလည်း သိသိ သာသာ လစ်ဟာ၍သွားသည်။ အမေရှိနေစဉ်က မသိသာလှ။ အမေ တယောက် လျော့ကာမှ အစစအရာရာ အထစ်အငေါ့ဖြစ်နေသည်။ နေ့စဉ် လည်ပတ်နေသော ယန္တ ရားမှ ဝက်အူတခု လျော့သွားသည်သို့တည်း။
“မောင်ခင်မောင်စိုး အိမ်ကိုမှန်မှန်ပြန်ရဲ့လား”
“ပြန်ပါတယ် အမေ”
“ထမင်းကော အိမ်မှာစားရဲ့လား”
“စားပါတယ်”
“သေသေချာချာ စောင့်ကျွေးပါအေ”
“ကျွေးပါတယ် အမေရဲ့’
“သူ့ဟာသူ ဘာဖြစ်ဖြစ် ကိုယ့်ဝတ္တရား မပျက်စေနဲ့”
“ဟုတ်ကဲ့ပါ”
ခင်ကြိုင် မျက်ရည်ကျလေသည်။ သမီးတယောက်ရကာမှ သောက ပိုရသည်။ အမေ သူ့နားမှာ မရှိတော့ခြင်းသည် မှီခိုရာ တောင်ကြီး ပြိုသည့်နှယ်ပင်။ အမေ့ကို သူ ကိုယ်ဖိရင်ဖိ မပြုစုနိုင်သည့် အတွက်လည်း ဝမ်းနည်းရသည်။ ခင်မောင်စိုးကတော့ တတ်နိုင်သမျှ ငွေကြေး ဆေးဝါးဓာတ်စာပို့ပေးသည်။ နေ့စဉ်တော့ လာမကြည့်နိုင်။ ပြီးတော့ သူ အမေ့ကို မျက်နှာချင်း မဆိုင်ဝံ့ဘဲ ရှိနေသည်။
အမေ ဆေးရုံတက်သည်မှာ တပတ်ခန့် ကြာသွားသည်။ သိသိသာသာ မသက်သာသေး။ မျက်လုံးများက ဝါဆဲ။ အစားလည်း ကောင်းကောင်း မစားနိုင်တော့။ စိတ်ကတော့ မကျပေ။ သူ့သား မျိုးထွန်းလာလျှင် ဗိုက်ခွဲဖို့ သဘောတူက ခွဲမည်။ နေကောင်းသွားလျှင် ဒိုက်ဦးပြန်မည်ဟု ပြောပြောနေသည်။ သူတို့မျှော်လင့်နေကြဆဲမှာပင် မျိုးထွန်းရောက် လာသည်။ သူ့ဘေးမှာ အမျိုးသမီးတယောက်။ ရန်ကုန်တွင် လာနေသည့် ကာလအတွင်း အမေ့မျက်နှာ သည်မျှ ကြည်လင်ဝင်းပ သွားသည်ကို ခင်ကြိုင်
တခါမျှ မမြင်ဖူးပေ။
“သားကြီး မျိုးထွန်း”
မျိုးထွန်း အကြီးအကျယ် မျက်နှာပျက်နေသည်။
ငိုတော့မည့် နှယ်တည်း။
“အမေ ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော် ကမာရွတ်ရောက်သေးတယ်”
“အို သားကို ပွဲရုံက မပြောဘူးလား”
“ပွဲရုံတောင် မရောက်သေးပါဘူး အမေရာ”
အမေသည် နန်းစိန်ပွင့်ကို မျက်လုံးဝေ့၍ကြည့်သည်။ အားလုံး က ဝိုင်း၍ အကဲခတ်နေသဖြင့် နန်းစိန်ပွင့် မျက်လွှာချသွားသည်။ အမေကတော့ သည်မိန်းကလေးသည် ရိုးသားဖြူစင်သူဖြစ်ရမည်ဟု မြင်မြင်ချင်းသိသည်။
“အမေ၊ သူက ကျွန်တော် အရင်တခါပြောဖူးတဲ့ မစိန်ပွင့် ဆိုတာလေ”
“နာမည်လေးက လှလိုက်တာသားရယ်၊ လူကော”
“ကျွန်တော်တို့လက်ထပ်ခဲ့ပြီ အမေ”
“ကောင်းတယ် ကောင်းတယ်၊ အမေ သိပ်ဝမ်းသာတယ်”
အမေသည် သူ့သားသမီးများလက်ထပ်သည်ကို
တခါမျှ ကြိုတင်သိလိုက်ရသည်မရှိပေ။ သို့သော် သည်တခါ သူ အကျေနပ်ဆုံး ဖြစ်လေသည်။
“အမေ၊ ဘယ်လိုဖြစ်တာလဲ ပြောပါဦး”
ခင်ကြိုင်က အခြေအနေကိုရှင်းပြသည်။ မျိုးထွန်းက သည်တခါ ခင်ကြိုင့်စကားကို လေးလေးစားစား နားထောင်သည်။ ခင်ကြိုင်ကလည်း တည်တည်ငြိမ်ငြိမ် စကားပြောသည်။ အမေကတော့ သည်မျှ သားသမီးတွေ စုံစုံလင်လင် တွေ့ရသည်နှင့် ဝမ်းသာလှပြီ။ အသစ်စက်စက် ချွေးမတယောက်ပါ အဆစ်ပါသေးသည်လေ။
“ကျွန်မတို့လဲ အတတ်နိုင်ဆုံး ပြုစုပါတယ် အစ်ကိုကြီး၊ မိသက်လဲ အနားမှာအမြဲရှိနေတာပဲ၊ အမေကတော့ ခွဲဖို့ကို အစ်ကိုကြီးလာမှတဲ့၊ အောင်တိုးဆီလဲ မှာထားတယ်”
“လိုအပ်ရင် ခွဲပေါ့ အမေရာ”
အမေ ခေါင်းတဆတ်ဆတ် ညိတ်သည်။ ပြီးတော့ သူမေးချင်လှသည့် မေးခွန်းကို မမေ့မလျော့ မေးဖြစ်အောင် မေးသည်။
“အောင်စိုး တယောက်ကော ဘာကြားသေးလဲ၊ အမေ နေမကောင်းတုန်း တွေ့ချင်လိုက်တာ”
မျိုးထွန်းက ပြောသင့် မပြောသင့် ချိန်ဆနေခြင်းဖြစ်သည်။ ဝမ်းသာလွန်း၍ အမေ စိတ်ထိခိုက်သွားမှာစိုးသည်။
“အမေ စိတ်အေးအေးထားနော်၊ အားလုံးဝမ်းသာစရာချည်းပဲ အောင်စိုး ပြန်ရောက်နေပြီ အမေရဲ့၊ ဘကြီးခက်ဆီမှာ”
“ဟုတ်လား အစ်ကိုကြီး”
မိသက်က ဝမ်းသာအားရ ဆိုသည်။
အမေက တည်ငြိမ်စွာ ပြုံးသည်။ သူတို့ထင်သလို စိတ်လှုပ်ရှားဟန် မပြပေ။
“အမေထင်တယ်သား၊ အမေဟာ သားသမီးတွေ စုံစုံလင်လင်နဲ့ ပြန်မတွေ့ရမချင်း အမေဘယ်တော့မှ မသေဘူးလို့ အမေ ဘုရားမှာ အမြဲဆုတောင်းတယ်၊ အမေ့ ဆုတောင်းပြည့်ပြီ”
ထိုနေ့က ဆေးရုံက နှင်ထုတ်မှ သူတို့ပြန်ကြသည်။ ဆေးရုံ ပိတ်ကာနီးမှ ခင်မောင်စိုးလည်း ရောက်လာသည်။ အမေခွဲလျှင် ဆရာမငှားဖို့ ပြောသည်။ အမေက ခေါင်းညိတ်၍ သာဓုခေါ်သည်။ သည်ညတော့ အမေ ကောင်းစွာ အိပ်ပျော်ပေမည်။ လူ့ဘဝ၏ အနှောင်အဖွဲ့မှ ကင်းလွတ်အောင် ရုန်းကန်ဆဲမှာပင် သံယောဇဉ်ကြိုး တို့သည် ရစ်ပတ်ဆဲ၊ ရုန်းထွက်မရအောင်ရှိဆဲပင် ဖြစ်လေသည်။ သို့သော် ဤအနှောင်အဖွဲ့ကို အမေသည် လူသားတဦးပီသစွာ ကျေကျေနပ်နပ် ခံယူမိလေသည်။
+ + +
မျိုးထွန်း ရန်ကုန်မှာ ကြာနေရပြန်သည်။ အောင်စိုးဆီကို အကျိုး အကြောင်း လှမ်း၍စာရေးသည်။ အောင်စိုးလာဖို့မလိုကြောင်း၊ ဆေးရုံမှ ဆင်းလျှင် အမေ့ကို ဒိုက်ဦးခေါ်လာမည်ဖြစ်ကြောင်း ရေးလိုက်သည်။ ယခုတော့ အမေကလည်း စိတ်ကို အေးအေးထား၍ ဆေးကုသမှုကို ခံယူနေပြီ။
မျိုးထွန်းတို့ကို သူတို့အိမ်မှာလာနေဖို့ ခင်ကြိုင်က ခေါ်သော် လည်း မျိုးထွန်းက မလိုက်။ နောက်ဆုံးတော့ ပွဲရုံမှာ ကျပ်ကျပ်တည်းတည်းနှင့်မို့ နန်းစိန်ပွင့်ကို ထည့်လိုက်သည်။ မိသက်ကိုတလှည့်နားစေကာ နန်းစိန်ပွင့်က ဆေးရုံမှာ ညအိပ်စောင့်ပေးသည်။
အမေ့ကို ခွဲမည့်နေ့မှာ အောင်တိုးရောက်လာလေသည်။ သူတို့မှာ ကလေးနှစ်ယောက်ဖြစ်နေပြီမို့ ခင်ခင်ဦး လိုက်မလာနိုင်တော့။ ခွဲခန်း ထဲမှထွက်လာသော အမေသည် ရွှင်ရွှင်လန်းလန်း ကျန်းကျန်းမာမာပင် ဖြစ်လေသည်။
“အမေ ဘယ်တော့ ဆင်းရမတဲ့လဲ”
အမေက တွင်တွင်မေးသည်။ အထူးသဖြင့် ဆရာဝန်များနှင့် သိကျွမ်းသော ခင်မောင်စိုးလာလျှင် တမေးတည်း မေးတတ်သည်။
“အမေ ဒီထက် နေကောင်းအောင်နေဦးမှပေါ့၊ အနာကလဲ မကျက်သေးဘူးမဟုတ်လား၊ ဆင်းရမှာပေါ့ အမေရာ၊ ဖြည်းဖြည်းပေါ့၊ ဘာလဲ အမေက ကျွန်တော်တို့နဲ့ မနေချင်တော့လို့လား”
အမေ ဒိုက်ဦးပြန်မည်ကိုသိ၍ ခင်မောင်စိုးက ပြောခြင်း ဖြစ်သည်။
“မဟုတ်ပါဘူးကွယ်၊ အမေ မင်းတို့နဲ့နေရတာ ပျော်ပါတယ်”
အမေက ခင်မောင်စိုးကို အပြစ်မရှိသူလိုပင် သတိထား၍ ဆက်ဆံသည်။ တနေ့နေ့ တချိန်ချိန်မှာတော့ ခင်မောင်စိုးကို အေးဆေးတည်ငြိမ်စွာ စကားဆိုမည်ဟု အမေ စိတ်ကူးထားသည်။ ယခင်ကလို ကိုယ့်သားသမီးဘက်မှ ဒေါသဖြင့် ပြောဆိုလိုစိတ် အမေ့မှာ မရှိတော့။ လူ့သဘာဝ လူ့သဘောကို နားလည်ခွင့်လွှတ်နိုင်အောင် အမေ ကြိုးစားသည်။ ခင်မောင်စိုး၏ မိဘများက အမေ့ကို သတင်းလာမမေးသည့်အတွက် မိသက်က စကားနာထိုးသည်ကိုလည်း အမေက ဟန့်တားရသေးသည်။
စိတ်ကဆောင်၍ အမေ ကျန်းမာလာသည်။ အစားကိုလည်း ကျွေးသလောက်ကို ကြိုးစား၍ စားသည်။ အမေ ဆေးရုံမှ ဆင်းချင်လွန်းမှန်းသိ၍ ဆရာဝန်များက ဆင်းခွင့်ပြုလိုက်သည်။ သို့သော် အမေ့ ရောဂါသည် စိတ်မချရသေး။ ဆေးရုံကို မကြာမကြာလာဖို့ ညွှန်ကြားသည်။
အိမ်မှာ တပတ်ခန့် နားနေရသည်ကိုပင် ကြာလှသည်ဟု အမေ အောက်မေ့လေသည်။ သို့သော် ခင်ကြိုင်တို့ စိတ်မကောင်းမည် စိုး၍ ပါးစပ်က ထုတ်မပြောတော့။ ခင်ကြိုင်ကလည်း အမေပြန်ခါနီးလေ မျက်နှာမကောင်းလေ ဖြစ်သည်။ အောင်တိုးကတော့ သူ့ မှာ အလုပ်တာဝန်ရှိသည်မို့ အမေ ဆေးရုံမှ ဆင်းသည်နှင့် ပြန်သွားရလေသည်။
မျိုးထွန်းက ဒိုက်ဦးကိုပြန်၍ စီစဉ်စရာရှိသည်ကို စီစဉ်သည်။ အိမ်အဟောင်းကို ရောင်းသည်။ အိမ်အသင့်အတင့်တလုံး ပြန်ဝယ်သည်။ အစစအရာရာ ပြင်ဆင်ပြီးမှ ပြန်လာခဲ့သည်။
“အမေ ကားစီးလို့မဖြစ်ဘူး၊ ရထားနဲ့ပြန်၊ အထက်တန်းတွဲနဲ့၊ ကျွန်တော်တို့တော့ လိုက်မပို့တော့ဘူးနော်”
အမေက သားမက်၏ ပြုစုစောင့်ရှောက်မှုကို ကျေးဇူးတင်စွာ တဖွဖွ မေတ္တာပို့လေသည်။ သွားကာနီးမှာတော့ စကားတခွန်း မှာသည်။
“ခင်ကြိုင်ဟာ ငယ်ငယ်က ဆိုးသလောက် ခု သိပ်ပြီး လိမ္မာ လာပါတယ်ကွယ်၊ သူ့ကို ဂရုစိုက်လိုက်ပါ သားရယ်၊ အမေ သားကို တောင်းပန်ပါတယ်”
အမေ့မျက်လုံးများသည် တကယ်ပင် ခင်မောင်စိုးကို အသနားခံဟန် ပေါ်လွင်နေသည်။ ခင်မောင်စိုးကလည်း ဖွင့်မပြောဘဲနှင့် အမေ ဘာကိုဆိုလိုမှန်း နားလည်ကာ အမေ့ကို ပြန်လည်တောင်းပန်သော အကြည့်ဖြင့် ကြည့်သည်။
“စိတ်ချပါ အမေ၊ အမေဟာ ဒီအိမ်မှာနေတဲ့ အချိန်အတွင်းမှာ ကျွန်တော့်အပေါ် အများကြီး ဂရုစိုက်ပြုစုခဲ့တာ မမေ့ပါဘူး၊ ကျွန်တော့် မာမီတောင် ကျွန်တော့်ကို ဒီလောက်ဂရုစိုက်တာ မဟုတ်ပါဘူး”
“ဝမ်းသာပါတယ်ကွယ်”
မိသက်ပါ အမေနဲ့အတူပြန်ရန် ပြင်ရဆင်ရသည်။ အဆောင်က ပစ္စည်းအချို့ကို ခင်ကြိုင်တို့အိမ်မှာ ရွှေ့ထားခဲ့သည်။ လောလောဆယ် တော့ သူ့မှာ အလုပ်ရဖို့ မလွယ်သေး။ အမေနှင့်အတူ ဒိုက်ဦးမှာ ပြန်နေဖို့သာ ရှိသည်။ ပြန်ကာနီးမှ အမေ့နားကပ်ကာ မိသက်က တိုးတိုးတောင်းပန်သည်။
“အမေ ကျွန်မ သူငယ်ချင်းက အမေ့ကိုတွေ့ချင်လို့ ဘူတာမှာ လာနှုတ်ဆက်မယ်တဲ့၊ အမေ ကောင်းကောင်းမွန်မွန် စကားပြောလိုက်ပါနော်”
“ဟဲ့ ညည်းသူငယ်ချင်းကို ငါက ဘာလို့ကောင်းကောင်း စကားမပြောရမှာလဲ”
အမေကတော့ ရိုးသားစွာ တွေးသည်။
“မိန်းကလေးသူငယ်ချင်း မဟုတ်ဘူး အမေရဲ့”
“အမယ်တော် ဒါဖြင့် ယောက်ျားလေးပေါ့၊ သူငယ်ချင်းမှ ဟုတ်ရဲ့လား၊ ညည်းဟာက”
“ဒါကြောင့် ပြောတာပေါ့”
“ကြည့်စမ်း ကောင်မ၊ ဒါမျိုးကျတော့ ပိရိလိုက်တာ၊ တခြား နေရာမှာ စွာသလောက်”
အမေက မိသက်ကို ပေါင်တွင်းကြော ဆွဲလိမ်သည်။ မိသက်က ကြည်နူးစွာ ရယ်မောသည်။
“ညည်းကောင်က ဘယ်ကလဲ’
“သမီးနဲ့အတန်းအတူတူပဲ၊ ရန်ကုန်က”
“လာပြန်ပြီ တယောက်”
“သူက အေးပါတယ် အမေရဲ့”
“အမယ် လာလာချေသေး”
ဘာပဲ ပြောပြော ထုံးစံအတိုင်း အမေ ခွင့်လွှတ်သည်။ သားသမီးဆိုတာ အရွယ်ရောက်လာလျှင် မိခင်ရင်ခွင်မှ ခွဲထွက်ကာ ရင်ခွင်သစ် ရှာတတ်ကြသည်ပဲ။ ကိုယ်ကလည်း သူတို့ကို ယခင်ကလို ပိုင်နိုင်စွာ ထွေးပိုက်ထားနိုင်သည် မဟုတ်တော့။ ကိုယ့်ခန္ဓာကိုယ်ကိုပင် ကိုယ် အစိုးမရသည့် ဘဝ။
စိုးရိမ်သောက ဗျာပါဒဖြင့် ရန်ကုန်မြေကို ခြေချခဲ့ရသည့် အမေသည် ယခုတော့ ပေါ့ပါးရွှင်လန်းသော စိတ်နှလုံးဖြင့် ရန်ကုန်မြေမှ ခွာခဲ့လေသည်။ အမေ့အတွက် ဒုတိယမြောက် ဘဝအလှည့်အပြောင်းပင် ဖြစ်လေသည်။
* * *
၂
အောင်စိုးက စိတ်မောလှစွာ လူးလာခေါက်တုန့်လျှောက်နေသည်။ ရထားဆိုက်ချိန်သည် တနာရီမျှ နောက်ကျနေပြီ။ အမေ့ကို သူ တွေ့ချင်လှပြီ။ ရှေ့လျှောက် အမေ့ကို သူ စိတ်ဆင်းရဲအောင် မလုပ်တော့ဟု ဆုံးဖြတ်ထားသည်။ အမေနေချင်သလို သားတွေ သမီးတွေနှင့် အေးအေးချမ်းချမ်း နေစေရမည်။ ကျန်သားသမီးတွေက သူတို့အလုပ်နှင့် သူတို့၊ သူတို့အိမ်ထောင်နှင့်သူတို့။ တကယ်တမ်းတွင် သူတယောက်သာ အမေ့ကို အနားမှာနေပြီး ပြုစုနိုင်မည်ဟု သူ ယုံကြည်ထားသည်။ ငယ်ငယ်ကဆိုးသောသားသည် ကြီးလာလျှင် လိမ္မာသည်တဲ့။ ယခုဆိုလျှင် သူကြိုးပမ်းလုပ်ကိုင်ထားသော ယာခင်းကို မြင်ကာမျှနှင့် အမေ့တသက်တာ စိတ်ချမ်းသာမှုကို ရစေမည်ပင်။ သည့်အတွက် အမေ့ဆီကိုပင် လိုက်မသွားဘဲ သူကြိုးစားနေရလေသည်။
ဟော ရထားဝင်လာပြီ။ သူ့ရင်သည်ခုန်၍လာသည်။ အမေ၊ ငါ တသက်လုံး စိတ်ဆင်းရဲအောင်နှိပ်စက်ခဲ့တဲ့ အမေ။ အခုတော့ အမေ့ကို စိတ်ချမ်းသာမှုပေးဖို့ သူကြုံနေရပြီ။ ပျော်လိုက်သည့်ဖြစ်ခြင်း။
ရထားပြတင်းဝမှာ မိသက်က ခေါင်းပြူ၍ ကြည့်လာသည်။ သူက မိသက်တို့တွဲရှိရာသို့ ပြေးသွားသည်။ အမေ ခေါင်းထုတ်၍ ကြည့်သည်။ အို အမေ ရုပ်ကျသွားလိုက်တာ။ ဇရာသည် အံ့သြဖွယ် ကောင်း၏။ စိတ်၏ ဆင်းရဲခြင်း၊ ချမ်းသာခြင်းသည်လည်း အရွယ်ကို ပြုပြင်ပေသည်။ သို့သော် ယခုမြင်ရသော အမေ့မျက်နှာက ရွှင်နေသည်။ ရထားပေါ်မှဆင်းတော့ အောင်စိုးလှမ်းပေးသော လက်ကို ကိုင်ကာ အားပြု၍ဆင်းရသည်ကို အမေ ကြည်နူးလှသည်။ သည်သား တယောက်၏ ယုယမှုသည် သူ့အတွက်တန်ဖိုးအရှိဆုံး။
မျိုးထွန်းပြင်ဆင်ထားသော အိမ်ကလေးမှာလည်း စိတ်ချမ်းသာ ဖွယ်ပင်။ အစစအရာရာ အဆင်ပြေလာပြန်ပြီဆိုတော့လည်း ဝမ်းသာ လွန်းလျှင် ငိုချင်တတ်သော လူ့သဘာဝအတိုင်း သွားလေသူကို သတိရလေသည်။
“မင်းတို့အဖေသာရှိရင် ဘယ်လောက် ဝမ်းသာလိုက်မလဲ”
အောင်စိုးက အမေ့အနားက မခွာနိုင်သေး။
“အမေ လမ်းလျှောက်နိုင်ရင် ကျွန်တော့်ခြံကို လာကြည့်ဦး၊ အမေ ဒီထက် စိတ်ချမ်းသာမှာ”
“အမယ်၊ မင်းခြံက အဝေးကြီး၊ အမေက ကောင်းကောင်း နေကောင်းသေးတာ မဟုတ်ဘူး၊ ပြန်ချင်လွန်းလို့သာ”
“လွယ်ပါတယ်၊ အစ်ကိုအောင်စိုးက အမေ့ကို ကျောပိုးသွားပေါ့”
သားသမီးများ၏စကားက အမေ့ရင်ကို ငြိမ်းအေးစေသည်။
“မောင်နှမအားလုံးမှာ ကိုအောင်စိုးက အထူးခြားဆုံးပဲနော်၊ရုပ်ကလဲ ဘယ်သူနဲ့မှ မတူဘူး”
နန်းစိန်ပွင့်က မှတ်ချက်ချသည်။
“ထူးခြားတာပေါ့၊ အတော်ဆိုးတဲ့ကောင်၊ ဒါကြောင့် အမေက အချစ်ဆုံး”
“အမေက အားလုံးကို ချစ်တာပါကွယ်”
ယခုတော့ မျိုးထွန်းပင်လျှင် မောင်နှမများနှင့် အကျွမ်းတဝင် ဖြစ်လာသည်။ သူအနစ်နာခံကြိုးပမ်းခဲ့သော ရည်မှန်းချက်များသည်လည်း ပြည့်ဝအောင်မြင်ပေပြီ။
ပျော်ရွှင်ကြည်နူးဖွယ် ကာလလေးသည် တိုတောင်းစွာ ဖြတ်သန်း သွားလေသည်။
+ + +
သည်နေ့ အောင်စိုး၏ခြံကို အမေရောက်သည်။ ယခင်က ကျန်းမာ ဖျတ်လတ်စွာ မကြာခဏ လမ်းလျှောက်သွားခဲ့သော ရှမ်းစုရွာကို ယခု ဆိုက်ကားနှင့် ဖြည်းဖြည်းသွားရသည်။ ဘကြီးခက်လည်း အရင်ကလို ကျမ်းမာသန်စွမ်းခြင်း မရှိတော့။ အောင်စိုးရောက်လာ၍ သူ့အတွက် အဆင်ပြေသွားသည်။ သူကလည်း အောင်စိုးကိုကူညီ၍ ခြံစောင့်ပေးနိုင်သည်။ အောင်စိုး စိုက်နိုင်ပျိုးနိုင်အောင် သူ့ယာကိုပင် ပေးခဲ့သည်။
“မယ်မြရေ၊ သားတွေသမီးတွေကလည်း လက်လွတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ်သာ ကျန်းမာအောင်နေတော့’
“ဟုတ်ကဲ့ အစ်ကိုကြီး၊ ခုတော့ ကျွန်မလဲ စိတ်ကိုလျှော့လိုက်ပါပြီ၊ ကိုယ်ကသာ ပူနေတာ၊ အချိန်တန်တော့လဲ သူ့ဟာနဲ့သူ ဖြစ်သွားကြတာပါပဲ”
“အိမ်း၊ ဒါပေါ့ ဒါပေါ့”
မိသက်ကလည်း အောင်စိုး၏ ယာခင်းကို သဘောကျနေသည်။ အောင်စိုးကလည်း “နင် အလုပ်မရရင် မပူနဲ့၊ ငါ့ယာခင်းမှာ မြေပဲ လာနုတ်ချေ”ဟု ညီမကိုစသည်။ မိသက်နှင့် အမေတို့ ညနေစောင်းမှ ရှမ်းစုက ပြန်လာကြသည်။ လမ်းမှာ အမေက ဗိုက်အောင့်သည်ဆို၍ ဆိုက်ကားကို ဖြည်းဖြည်းနင်းခိုင်းရသည်။ မြို့အဝင် လမ်းကကြမ်း၍ ဆိုက်ကားမစီးဘဲ ဆင်းလျှောက်ကြရသည်။ အိမ်ရောက်တော့ မှောင်နေ ပြီ။ နန်းစိန်ပွင့်
တယောက် သူတို့ကို စိတ်ပူစွာစောင့်နေလေသည်။ မျိုးထွန်းကလည်း ကားပြန်မောင်းနေ၍ အိမ်တွင်မည်သူမျှမရှိ။
အိပ်ရာ မဝင်ခင် အမေ ဘုရားရှိခိုးသေးသည်။ သားသမီးများ စုံစေ့အောင် မေတ္တာပို့သေးသည်။
မိသက် အမေ့နားမှာအိပ်သည်။ “အမေ သက်သာရဲ့လား”ဟု စိုးရိမ်စွာမေးသည်ကို အမေက ခေါင်းညိတ်၍ ဖြေသည်။ အမေသာ ရုတ်တရက် နေမကောင်းရင် အိမ်မှာ မိန်းမသားချည်းပဲဟု မိသက်က တွေးလိုက်သေးသည်။ နောက်တော့ မောမောနှင့် အိပ်ပျော် သွားလေသည်။
မနက်မိုးလင်းတော့ မိသက်တို့ အထိတ်တလန့် ဖြစ်ကြရသည်။ အမေ့မျက်နှာက ရှုံ့မဲ့နေသည်။ ဝေဒနာခံစားနေရဟန် ပေါ်သည်။ နန်းစိန်ပွင့်ကိုထားခဲ့ကာ မိသက် ဆရာဝန်ပြေးခေါ်သည်။ ဆရာဝန်က ဆေးထိုးပေးကာ “အိမ်မှာ ဘယ်သူမှမရှိဘူးလား”ဟု မေးသည်။ အောင်စိုးကို လူလွှတ်၍ ခေါ်ခိုင်းရပြန်သည်။
“အမေ အမေ ဘာဖြစ်လဲ”
အောင်စိုး အကြီးအကျယ် မျက်နှာပျက်နေလေသည်။ သည် ကြားထဲ မိသက်က တမှောင့်။
“အစ်ကိုအောင်စိုးဆီ လာရလို့ အမေ ပင်ပန်းသွားတာ”
နန်းစိန်ပွင့်က မပြောဖို့ လက်ကုတ်သည်။
“နင်ကလဲ ငါ စိတ်ညစ်ရတဲ့အထဲ”
“အမေ ဘာမှ မဖြစ်ပါဘူး”
အမေက အားယူ၍ ပြောသေးသည်။ သို့သော် အမေ့ အခြေ အနေက မကောင်း။ ဆရာဝန်ကလည်း ဖွင့်မပြောပေမင့် စိတ်ချဟန် မတူ။ နေ့တိုင်းတော့ ဆေးလာထိုးပေးသည်။ ခင်ကြိုင်တို့၊ အောင်တိုး တို့ဆီ သံကြိုးရိုက်၍ မှာလေသည်။ မျိုးထွန်းကိုတော့ သူပြန်အလာကို သည်အတိုင်းပဲ စောင့်ရပေမည်။
* * *
၃
နေမကောင်းပြန်ဖြစ်ပြီး ငါးရက်မြောက်နေ့မှာ အမေ ဆုံးသည်။
ရပ်ဝေးမှ လာသူများထဲတွင် ခင်ကြိုင်တယောက်သာ အမေ့ အသက်ကို မီလေသည်။ အမေဆုံးပြီးနောက်နေ့မှာ အောင်တိုးတို့ ရောက်သည်။ အမေ့ကို သင်္ဂြိုဟ်သည့်နေ့မှာ မျိုးထွန်း ပြန်ရောက်လာသည်။
ခင်ကြိုင်သည် အဖေ သေစဉ်ကလိုပင် လူးလှိမ့်၍ငိုလေသည်။ အစ်ကိုတို့ပြန်ခေါ်လာလို့ ဒီလိုဖြစ်ရတာဟုလည်း ပုတ်ခတ်၍ ငိုသေးသည်။ မျိုးထွန်းကတော့ “အမေဟာ သူ့ဘဝမှာ သူ့တာဝန် ပြီးဆုံး သွားပြီဆိုပြီး စိတ်လျှော့လိုက်လို့ သေသွားတာ”ဟု အဘိဓမ္မာဆန်စွာ ပြောသည်။
အောင်တိုးကတော့ အမေ့ကို နောက်ဆုံးအချိန်မပြုစုလိုက် ရ၍ စိတ်မကောင်း။ မိသက်တယောက်မှာ
အမေ့ကို ကိုယ်ဖိရင်ဖိ ပြုစုရ၍ ဖြေသာသေးသည်။ သို့သော် သူသည် အမေ့ ရင်ခွင်တွင် အကြာဆုံးနေခဲ့ရသူ။ သည်တော့လည်း ကလေးလိုပင် အမေ့ကို ဖက်၍ ဖက်၍ ငိုသည်။
အောင်စိုးမှာ စိတ်အထိခိုက်ရဆုံး။
အမေ့ကို စိတ်ချမ်းသာမှုပေးနိုင်ခဲ့ပြီဟု ဝမ်းသာကြည်နူးဆဲမှာမှ အမေ သေသွားသည်။ အမေသည် နောက်ဆုံးအချိန်ထိ သူ့အပေါ် သံယောဇဉ်ကြီးစွာ ထားခဲ့သည်။ အမေ့ မေတ္တာသည် တသက်မေ့နိုင် ဖွယ်ရာ မရှိတော့။ သူ့ကြောင့် အမေ အသက်ဆက်ခဲ့သည်။ သူ့ကြောင့် အမေ ဒိုက်ဦးကိုပြန်ခဲ့သည်။ ပြီး သူ့ကြောင့် အမေ သေရပြန်ပြီ။ သည်သို့ပင် သူတွေးသည်။
ပြီးတော့ သူ့ချွေးနှဲစာနှင့် အမေ့ကို ပြုစုရခါနီးကာမှ အမေ သေသွားရခြင်းကို ယူကျုံးမရဆုံး ဖြစ်လေသည်။ သူများတကာလို အသံထွက်အောင် ငို၍မရ။ အံကြိတ်ရလွန်းသဖြင့် မေးကြောကြီးများ ထောင်နေသည်။ ကြမ်းတမ်းမာကျောသော လက်သီးဆုပ်ကြီးဖြင့် သစ်သားတိုင်ကို ထု၍ ထု၍ ပစ်လိုက်မိသည်။ သည် ဘဝမှာပဲ အမေ့ကို ပြန်တွေ့နိုင်သည်ဆိုလျှင် ဘယ်လောက်ကောင်းလေမလဲ။
ယခုတော့ အမေသည် ဘဝတပါးသို့ ပြောင်းသွားလေပြီ။ ဒုက္ခ သုက္ခအပေါင်းကို သူနှင့်အတူ
တပါတည်းယူဆောင်၍ သွားလေပြီ။ ကျန်သားသမီးများသည် ရှေ့ဆက်၍ မည်သို့စခန်းသွား သည်ဖြစ်စေ အမေ မသိနိုင်တော့ပြီ။ နောက်ဆုံးအချိန်အထိ မိခင် တယောက်၏ တာဝန်ကို ထမ်းဆောင်၍ ပြီးမြောက်ခဲ့လေပြီ။
အမေ့ကို လွန်ခဲ့သော ဆယ်နှစ်က မြှုပ်နှံခဲ့သော အဖေ့ မြေနေရာနားမှာ မြှုပ်နှံ သင်္ဂြိုဟ်လိုက်ကြလေသည်။
*** ***
၁၈၊ ၁၊ ၁၉၇၈။
မိုးမိုး(အင်းလျား)
လောကတရားသည် ခွင့်လွှတ်တတ်ခြင်းကို
မိခင်တိုင်း၏ရင်ခွင်တွင် ထည့်သွင်းပေးခဲ့လေသည်တကား။(၁၂၉)
မေတ္တာဖြင့်
ရသလွင်ပြင် စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။