မောင်ခြိမ့်
မှိန်းမိတဲ့ငါး
ကွေ့ကွေ့ကောက်ကောက် ချောင်းကလေးတစ်လျှောက် လှေကလေးကို ရေစုန်တွင် လှော်လာခဲ့သည်မှာ တစ်နာရီခန့်ရှိပြီ။ သို့သော် မြစ်မကြီးနှင့် ဆုံတွေ့ရာ ချောင်းဝသို့ မရောက်နိုင်သေးပါ။
ည ဆယ်နာရီခန့်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံး တိတ်ဆိတ်မှုက ဖုံးလွှမ်းလျက်ရှိ၏။ ချောင်းကလေး ဘယ်ညာကမ်းနှစ်ဖက်တွင် ပေါက်ရောက်လျက်ရှိသော လမုပင်များ၊ မိုးမခပင်များ၊ သပြေပင်များတွင် မှိတ်ချည်လင်းချည်ဖြင့် ဟိုမှသည်မှ သွားလာရွေ့လျားနေသော ပိုးစုန်းကြူးကလေးများကို မြင်တွေ့နေရသည်။
လကွယ်ညဖြစ်၍ ကောင်းကင်လဟာပြင်ကြီး တစ်ခုလုံး ပိန်းပိတ်အောင် မှောင်လျက်ရှိ၏။ ချောင်းကလေး၏ ကမ်းနှစ်ဖက်တွင် ပေါက်ရောက်၍ သူတို့၏ ကြီးမားလှသော အကိုင်းကြီးများကို ချောင်းကလေး အတွင်းသို့ အုပ်ဆိုင်းထားသော ညောင်ပင်အိုကြီးများ၊ သံဒတ်ပင်များ၊ စက်ကတုံးပင်များကြောင့် ချောင်းကလေးအတွင်းတွင် ပို၍ မှောင်မိုက်လျက်ရှိတော့၏။
တစ်ခါတစ်ခါတွင်မူ လေကလေး တစ်ချက်လောက် ဝေ့လိုက်လျှင် သူတို့၏ သစ်ကိုင်းလက်တံကြီးများသည် လှေလှော်လာသူကို လှမ်း၍ ကုတ်ဖဲ့လိုက်လေမလား ထင်ရအောင် နိမ့်၍ ကျလာတတ်သေး၏။
ချောင်းကလေး၏ ကမ်းစပ်တွင် ချုံကြီးများ၊ အုံကြီးများ ဖွဲ့ကာ ပေါက်နေသော ကဇန်းချုံများ၊ ဆပ်သွားဖူးချုံများက ချွန်ထက်လှသော ဆူးများပါသည့် ရွက်ဖားလျားကြီးများချကာ ရေစပ်တွင် မေးတင်၍ အနားကပ်လာမည့် မည်သည့်အရာကိုမဆို ချိတ်ယူဆွဲဖဲ့ရန် စောင့်ဆိုင်းလျက်ရှိ၏။
ချောင်းကလေး၏ အထက်မှနေ၍ ထိုးဆင်းတွဲလောင်းခိုလျက်ရှိသော ညောင်မုတ်ဆိတ်များက သူ့မျက်နှာဆီသို့ ပြေးပြေးဝင်လာတတ်ကာ မြင်းမြီးခြင်ရိုက်တံကဲ့သို့ လွှဲကာရမ်းကာ နောက်တွင် ကျန်ရစ်ခဲ့ကြ၏။
လှေသံကြောင့် ဝုန်းခနဲ ဂီးခနဲ အော်မြည်ကာ လန့်ဖျပ်ပျံသန်းပြေးကြသော ညဉ့်ငှက်များကြောင့် ကြွေကျလာသော ညောင်သီးမှည့်ကလေးများသည် သူ ဆောင်းထားသော ဝါးဖတ်ခမောက်ပေါ်သို့ တစ်ဖောက်ဖောက် အသံမြည်အောင် ကျလျက်ရှိ၏။
သူ့ရွာကလေးသည် ဟိုးနောက်ဘက် အမှောင်ထုထဲတွင် ငြိမ်သက်စွာ ကျန်ရစ်ခဲ့ပြီ။ ဓနိမိုး၊ ကျူဖျာကာ၊ မဒမတိုင်ကလေးများနှင့် ဆောက်ထားသော ယိုင်နဲ့နဲ့ တံငါအိမ်ကလေးများသည် ချောင်းကမ်းနံဘေးတွင် မေးတင်၍ သူ့ကိုလှမ်း၍ ငေးမောကာ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ပြီ။
ဘယ်လောက်ပင် မှောင်စေကာမူ သည်ချောင်းကလေးတစ်လျှောက် အခေါက်ခေါက် အခါခါ သူ ဖြတ်သန်းလှော်ခတ်ခဲ့သည်မှာ ယခုဆိုလျှင် အင်း … ငါးနှစ်သား၊ ခြောက်နှစ်သား ကလေးဘဝထဲကဆိုတော့ နှစ်ခြောက်ဆယ်ကျော်ခဲ့ပြီ။
သို့ဖြစ်၍ပင် ဘယ်နားဆီတွင် ဘယ်ကိုကွေ့ရမည်၊ ဘယ်နားဆီတွင် အလိုလေးချုံ၊ ကဇန်းချုံ ရှိသည်။ ဘယ်ခရာ ဆူးချုံကလေးကို ကျော်လျှင် လမုပင်တန်းရောက်တော့မည်။ ဘယ်အပင်ကြီးနားရောက်လျှင် မြစ်ဝကို မြင်ရတော့မည် စသဖြင့် ချောင်းကလေး၏ ပထဝီအနေအထားကို သူ အလွတ်ရနေပြီ။
အမှောင်ထဲတွင် မိမိနားရွက်ကို မလွဲတမ်းလှမ်း၍ ဆုပ်ကိုင်နိုင်သလို၊ မျက်စိကိုမှိတ်၍ လှော်သွားလျှင်တောင်မှ ချောင်းဝမြစ်မကြီးသို့ ဖြောင့်ဖြောင့်တန်းတန်း ရောက်ရမည်ဟု သူ အာမခံရဲပါ၏။
ဆောင်းဦးပေါက်ရုံ ရှိသေးသော်ငြား ယခုနှစ်တွင် နှင်းတို့ စောစီးစွာ ဝေလျက်ရှိနေပြီ။ တစ်နေကုန် လောင်ကျွမ်းကြွပ်ရွနေအောင် ပူထားသော နေ၏ အပူရှိန်ကြောင့် မြစ်ချောင်းတို့တွင် ညအခါ အခိုးအငွေ့များ ထုတ်လွှတ်တတ်ကြ၏။
ထိုအခါ ကောင်းကင်မှ ကျဆင်းလာသော နှင်းစက်မြူမှုန်များသည် ချောင်းရေပြင်မှ လွင့်ပျံတက်လာသော အခိုးအငွေ့မှိုင်းမှိုင်းများနှင့် လုံးထွေးပေါင်းစပ်ကာ ကြည့်လေရာနေရာတိုင်း ဝေဝါးလျက် ရှိတော့၏။
မျက်နှာကို ချောင်းရေဖြင့် တဖျန်းဖျန်းပက်၍ သစ်လိုက်သော်လည်း မျက်စိအမြင်က ပို၍ကြည်လင်မလာခဲ့။
“အင်း… အသက်အရွယ်က စကားပြောလာပြီကိုး” ဟု သူ တွေးလိုက်မိသေးသည်။
လှော်တက်ကို ရေတွင် နက်နက်ထိုးနှစ်၍ အားနှင့် တစ်ချက် လှော်ထုတ်လိုက်သည်။
လှေသည် ရွေ့ရုံသာ ရွေ့၏။ ရှေ့သို့ ရိတ်ခနဲ ထိုးတက်၍မသွား။ ယခင်က အရွက်တစ်ထွာနှင့် လက်လေးသစ်ခန့်ရှိခဲ့သော ကရှစ်သားလှော်တက် အရွယ်သည် နှစ်ပေါင်းများစွာ ရေထု၏ တိုက်စားမှုဒဏ်ကြောင့် နှုတ်ခမ်းပတ်လည် ဆွေးကာ ပဲ့ကာသေး၍သေး၍ လာခဲ့သည်မှာ ယခုဆိုလျှင် ရွာဦး ကျောင်းကထိန်တွင် ချက်ကျွေးလေ့ရှိသည့် ဝက်သား ဘီးစပတ်တုံးကြီးကို မွှေသော မိုးဗြဲဒယ်၏ ယောက်မလောက်သာ ရှိတော့သည်ဖြစ်လေရာ အဘယ်မှာလျှင် လှေကို မြန်မြန်သွားအောင် စွမ်းဆောင်နိုင်ပါမည်နည်း။
တောင်ပိန်းသားကို စပ်ထားသော အလျားဆယ်တောင်ခန့် ဘောက်တူလှေကလေးသည် မူလကတောင်ပိန်းသားက နာမည်ခံသာ ရှိတော့၏။
လှေနံဖြစ်စေ၊ ဧရာဖြစ်စေ၊ တံကူဖြစ်စေ၊ လှေဝမ်းဖြစ်စေ၊ ပေါက်လျှင် ဆွေးလျှင် ပျက်လျှင် ရရာအသားများဖြစ်သည့် အင်၊ ကညင်၊ ကညောင်းသစ်သားများနှင့် စပ်ကာ ဖာကာ အစားထိုးကာ ထားရသဖြင့် အဖာတစ်ရာရှိသောအင်္ကျီဟောင်းနှင့်ပင် တူသေးတော့၏။
ထူသည့်နေရာက ထူ၊ ပါးသည့်နေရာက ပါးနှင့် လှေပုံပင် မပီပြင်ချင်တော့ပေ။ ရေယိုလိုက်သည်မှာလည်း မပြောနှင့်တော့။ ခပ်ယူပက်ထုတ်၍ မရနိုင်တော့။
ထို့ကြောင့်ပင် ချောင်းကမ်းစပ်မှရွှံ့စေးများ ခူးယူကာ ရေယိုပေါက်များကို ပိတ်ရ ဖာရသေး၏။
ရွှံ့စေးနှင့် ဖာထားလျှင် တာရှည်မခံသော်လည်း
တစ်ရေတက် တစ်ရေကျတော့ ခံလေသည်။ တံငါများ၏ တစ်ပွဲထိုးနည်းလည်း ဖြစ်ပါ၏။
ဦးမှာ ကြက်ရင်တဲ့၊ ဝမ်းမှာ ဝက်ကြောတဲ့၊ ပဲ့မှာ ဆန်ကောတဲ့။
ရှေးခေတ် လှေသမားကြီးများ လှေစပ်ရာတွင်သုံးသော ဆိုရိုးစကားတစ်ခု ရှိခဲ့ပါ၏။
လှေစပ်လျှင် ဦးပိုင်းသည် ရေကို တိုက်ခွဲသွားရန်အတွက် ခပ်ချွန်ချွန် ခပ်ချွန်းချွန်းကလေး လုပ်ထားရ၏။
အလယ်ပိုင်းသည် ရေ၏ ပွတ်တိုက်အား ရှောရှောရှူရှူဖြစ်စေရန် ဝက်ကျောကုန်းကဲ့သို့ ခပ်ခုံးခုံး ပြေပြေကလေး ဖြစ်နေရမည်။
လှေ၏ပဲ့ပိုင်းကတော့ လှေကို ရေက ဆွဲမထားနိုင်ရန် ဆန်ကောကဲ့သို့ ခပ်ပြားပြား စပ်ရမည်ဟု ဆိုထားခြင်းဖြစ်ပါ၏။ သို့မှသာ ထိုလှေသည် လှော်နိုင်လျှင် လှော်နိုင်သလောက် ရိပ်ခနဲ ရိပ်ခနဲနေအောင် အသွားကောင်းမည် ဖြစ်တော့၏။
“ငါ့နှယ် … ဘယ့်နှယ့် မဆိုင်တာတွေ လျှောက်တွေးနေမိတာပါလိမ့်။ အဲသည့် ဆိုစကားက ပြိုင်လှေပြိုင်လောင်းတွေ စပ်တဲ့အခါသုံးတာပါ။ အခုတော့ ငါ့ရဲ့လှေအိုလှေဆွေးကလေးနဲ့ ဘယ်မှာဆိုင်ပါလိမ့်”
ဟု တွေးရင်း တစ်ယောက်တည်း ပြုံးမိသေး၏။
ဟော… ရှေ့မှာ ဖြူမှုန်မှုန် အလင်းပေါက်တစ်ခုကို တွေ့နေရပြီ။ သူ နည်းနည်း အမောပြေသွားသည်။ ဟုတ်သည်။ ချောင်းဝကို မြင်နေရပြီ။ မကြာမီ သူသွားလိုရာ မြစ်မကြီးသို့ ရောက်တော့မည်။ ချောင်းထဲမြောင်းထဲတွင် ဘယ်လောက်ပင် မှောင်စေကာမူ မြစ်မကြီးတွင်တော့ ကောင်းကင်အလင်းရောင်ကလေးက ရှိနေစမြဲဖြစ်ပါ၏။
ကျဉ်းမြောင်းသော ချောင်းငယ်ကလေးများကိုသာ သစ်ရိပ်ဝါးရိပ်တို့က ဖုံးအုပ်ထားနိုင်သော်ငြား၊ ကျယ်ပြန့်သော မြစ်ပြင်ကိုမူ အုပ်မိုး၍မရနိုင်။ သို့ဖြစ်ရကား မြစ်ပြင်သို့ရောက်လျှင် ပတ်ဝန်းကျင်ကို အတော်အတန် လှမ်းမြင်နေရပြီ။
လှေပဲ့ပိုင်းတွင် ထိုင်၍လှော်နေရာမှ လှော်တက်ကိုလှေဝမ်းထဲ ချထားလိုက်သည်။ ပြီးလျှင် လှေပေါ်ခေါက်တင်ထားသော သစ်သားတက်မပြားကလေးကို ယူ၍ လှေပဲ့တွင် ကန့်လန့်တင်ထားသော ထီးရိုးဝါးကလေးတွင် အံကျတပ်လိုက်သည်။ ပြုတ်မထွက်စေရန် ဝါးသပ်ကလေးနှင့် ကန့်လန့်ခံထားလိုက်သည်။ ထိုအခါတက်မကလေးသည် လှေဘေး တွင် ကပ်မြှောင်၍ ရေထဲတွင် နစ်နေကာ လှေကို တည့်တည့်မတ်မတ်သွားစေရန် ပဲ့ကိုင်ပေးလိမ့်မည်။
ထိုကဲ့သို့ တက်မကလေးမျိုးကို အဖော်မပါသော သို့မဟုတ် အဖော်မလိုချင်ဘဲ တစ်ယောက်တည်း တန်းချရသည့်အခါမျိုး၊ ပိုက်မျှောရသည့် အခါမျိုးတွင် တံငါသည်များ အသုံးပြုလေ့ ရှိကြပါ၏။ လှေဦးမှနေ၍ ထိုင်ကာ လှော်သွားရုံဖြင့် မိမိသွားလိုသည့်နေရာကို တည့်တည့်မတ်မတ် သွားနိုင်ပါ။ ပဲ့ကိုင်မည့်လူ မလိုတော့။
လှေအလယ်သို့ရောက်အောင် ဆောင့်ကြောင့်ထိုင်လျက်က တရွေ့ရွေ့သွားသည်။ လှေထဲတွင် ရေက လက်လေးသစ်ခန့် ရှိနေပြီ။ မှောင်ရီရီထဲမှာပင် ပက်ခွံကို လိုက်၍စမ်းသည်။ တွေ့ပြီ။ ဝါးဘိုးဝါး အဆစ်နှစ်ဖက်ပါအောင်ဖြတ်၍ ထက်ခြမ်းခွဲကာ ပြုလုပ်ထားသော တစ်ထွာသာသာရှိ ဝါးပက်ခွံကလေး ဖြစ်၏။
ပေါ့ပေါ့ပါးပါးနှင့် ရေပက်ထုတ်ရန် အသုံးဝင်လှလေသည်။
အခုနေ လှေထဲကရေကို ပြောင်စင်အောင် ပက်ထုတ်ထားမှ ဖြစ်မည်။ ငါးရှိသည့်နေရာရောက်မှ ရေပက်ရပါက တဗွမ်းဗွမ်းအသံကြောင့် ငါးလန့် ပြေးလိမ့်မည်။
ချောင်းကလေးထဲမှ ကွမ်းသီးလိမ့်ကလေးစီးနေသော ရေစီးအရှိန်က သူ့လှေကလေးကို မြစ်မကြီးဆီ တဖြည်းဖြည်း တွန်းထုတ်နေသဖြင့်ချောင်းပေါက်ဝသို့ ထွက်လာခဲ့ပါပြီ။
လှေဝမ်းထဲမှ ရေများ ကုန်သည်နှင့် လှေကပ်ပေါ်တွင် ခွေထားသော ကြိုးခွေနှင့် ငါးမျှားချိတ်ကို လှမ်းယူသည်။ လက်သန်းဖျားခန့် နိုင်လွန်ကြိုး အတောင်ငါးဆယ်ခန့်ထိပ်တွင် အကြီးစား ငါးမျှားချိတ်နှစ်ချောင်းကို ပူးလျက် ချည်ထားသည်။
ချိတ်တစ်ခုနှင့် တစ်ခု ကျောချင်းကပ်၍ ပူးထားသဖြင့် လှေသင်္ဘောများ၏ ကျောက်ဆူးကဲ့ အဖျားနှစ်ဖက် ခွ၍နေ၏။
ပလတ်စတစ်အိတ်ကလေးနှင့် ထည်၍ယူလာသော ကြက်အူတထွေးကို နှိုက်ယူကာ ငါးမျှားချိတ်၏ အဖျားမှစ၍ သီလိုက်သည်။ ကျန်နေသေးသော ကြက်အူဖြင့် ငါးမျှားချိတ်ကို အထပ်ထပ် ရစ်ကာပတ်ကာ လက်စသတ်ရသည်။ သို့မှသာ မိမိလိုချင်သော ငါးကြီးများ မဟပ်မဆွဲမီ ငါးသေးငါးမွှားများ၊ ငါးပူတင်းများ ဖဲ့ကာတွတ်ကာ စားလျှင် ပါမသွားနိုင်ပေမည်။
သူလိုချင်သည်က ငါးသေးငါးဖွဲများ မဟုတ်။ တစ်ကောင်တစ်ကောင်လျှင် လေးငါးပိဿာ အချိန်စီးသည့် ငါးထွေသာဖြစ်တော့၏။ ငါးထွေ ဆိုသောငါးက အလွန်အစားကြူးသော ငါးဖြစ်သည်။ ခွေးသေကောင်ပုပ်များ တွေ့လျှင် ငါးထွေ လေးငါးကောင်က တဝုန်းဝုန်းနှင့် ဝိုင်း၍ဆွဲကြလျှင် ခဏနှင့် ကုန်လေတော့၏။
အပုပ်အစပ် အလွန်ကြိုက်သော ငါးမျိုးဖြစ်၏။ အစားလည်း အလွန်ကြီးလေသည်။ ထို့ကြောင့် ငါးထွေ၏ ဝမ်းဗိုက်သည် ခန္ဓာကိုယ်နှင့်မလိုက်အောင် ပူလွန်း ကြီးလွန်းစွာ ဖောင်းကားနေလေ့ရှိ၏။ ဘာမှ စားစရာမရှိသည့်အဆုံး လမုသီး အမှည့်အပုပ်များမျောပါလာလျှင်တောင် တဝုန်းဝုန်းနှင့် အလုအယက် ဟပ်ကြဆွဲကြတော့သည်သာ။
သို့ဖြစ်ရကား ကြက်အူတစ်ထွေးကို နေ့ခင်းကတည်းက အနံ့ထွက်စေရန် နေပူထဲမှာ ထားခဲ့ရပါ သေး၏။
ငါးထွေများ ကျက်စားတတ်သည့်နေရာကို သူ့လို ဝါရင့်တံငါကြီးများက သိကြပါ၏။ ခန့်မှန်းနိုင်ကြပါ၏။
ရေရှိလျှင် ငါးရှိသည် မှန်သော်လည်း မည်သည့်ငါးက မည်သည့်နေရာ မည်သည့်အချိန်တွင် မြူးတတ်သည်ကို သိတာက တံငါသည်တို့၏ ပညာသာ ဖြစ်ပါ၏။
ရေတက်ဦးမှာ မြူးသလား။ ရေကျရေစစ်ချိန်တွင်လား။ မြစ်ကမ်းနှစ်ဖက် ရေပြည့်ချိန်တွင်လား သိထားရပါသည်။
ပြီးတော့ မည်သည့်ငါးက မည်သည့်အစာကို မက်မောပါသနည်း။ ထိုအချက်သည် အလွန်အရေးကြီးပါသည်။
ကြက်အူတပ်ပြီးသော ငါးမျှားချိတ်၏အထက် နှစ်တောင်ခန့်လောက်တွင် သူ့လက်ကောက်ဝတ်ခန့်တုတ်သော ညံဖော့ တစ်ထွာသာသာလောက်ကို ချည်နှောင်လိုက်ပြန်သည်။ သို့မှသာ ရေထဲချလိုက်လျှင် ပေါလောပေါ်နေသော ညံဖော့ကြောင့် ငါးမျှားချိတ်သည် ရေမျက်နှာပြင်အောက် နှစ်တောင်အနက်တွင် နစ်လျက် မျောပါနေပါလိမ့်မည်။
ရေမျက်နှာပြင် အပေါ်နားတွင်သာကပ်၍ အစာရှာလေ့ရှိသော ငါးထွေများကို ရေအနက် လေးငါးခြောက်တောငအထိ ငါးစာချ၍ မျှားလျှင် မောရုံသာ ရှိပါလိမ့်မည်။
ဤကဲ့သို့ ပြင်ရင်းဆင်ရင်းနှင့် လှေကလေးသည် မြစ်မကြီးအတွင်း တငြိမ့်ငြိမ့် မျောပါလာခဲ့လေရာ
ခပ်လှမ်းလှမ်းတွင် အုပ်ဆိုင်းနေသော ပျဉ်းမပင်ကြီးနား ရောက်လာပြီ။
ထို ပျဉ်းမပင်ကြီးသည် သူ ငယ်ငယ်ကဆိုလျှင် မြစ်မကြီးနှင့် လယ်ကွက်ဆယ်ကွက်ကျော်ကျော်ဝေးသော ကွင်းထဲမှာဖြစ်သည်။ တစ်စတစ်စနှင့် မိုးတွင်း
ရေကြီးချိန်တွင် မြစ်ရေထိုးကာ တိုက်စားလာခဲ့သဖြင့် ယခုဆိုလျှင် မြစ်ကမ်းနှင့် ဝါးတစ်ပြန်ခန့်သာ ဝေးတော့၏။ နောက် တစ်နှစ်၊ နှစ်နှစ်ဆိုလျှင် ရေထဲ ပါသွားပေလိမ့်မည်။
ယခုကဲ့သို့ မိုးအကုန် ဆောင်းအကူးကာလ တန်ဆောင်မုန်းလလောက်တွင် မြစ်ရေကျသွားပြီ။ ရေစီးသာသွားပြီ။ ရေစီးကြမ်းသောနေရာများတွင် ရေပေါ်လွှာ ကျက်စားလေ့ရှိသော ငါးများ မမြူးတတ်ပါ။ စည်းတိမ်၊ သောင်ကွေ့ ၊ အငူအောက်ဖက် စသည့် ရေစီးညင်သာသော နေရာများတွင်မူ မြူးတတ်ကြ၏။
ဟော… ကြားနေရပြီ။ ဝုန်းခနဲ ဝုန်းခနဲနေအောင်ထ၍ထ၍ ငါးပွက်သည့်အသံ ၊ အစာဟပ်နေသည့်အသံ။
ထို့ကြောင့် ကြာကြာစဉ်စားမနေနိုင်အားဘဲ
ငါးမျှားချိတ်နှင့် ညံဖော့ကို ရေစီးတွင် မျှောချလိုက်တော့၏။ ပြီးမှ ရေစီးနှင့် မျောပါနေသော ညံဖော့နှင့် မိမိလှေကို အတောင်နှစ်ဆယ်ခန့် ကွာသွားအောင် လှော်တက်နှင့် တန့်ကာ ယက်ကာ ဆိုင်းနေလိုက်သည်။
ဟုတ်ပြီ၊ အခုဆိုလျှင်…။
ညံဖော့နှင့် ငါးမျှားချိတ်သည် သူ့လှေရှေ့ အတောင် နှစ်ဆယ်ခန့် အကွာတွင် ရေစီး၌ မျောပါနေပြီ။ ထိုအခါမှ သူ့လှေကို အလိုက်သင့် မျှောချလိုက်သည်။
ကောင်းကင်တွင် လရိပ်ကလေး ပို၍လင်းလာသည်။ ပျပျမှုန်မှုန် သာနေသော လရိပ်အောက်တွင် သရွတ်သွတ်မြစ်ရေပြင်သည် ညင်သာစွာ စီးမျောလျက် ရှိသည်။ လှိုင်းဂယက်ကလေးများက တဖျပ်ဖျပ် ကခုန်လျက် ရှိသည်။
“အိမ်မှာ အေးအေးနေစမ်းပါ အဖေရာ။ တော်ကြာ မမြင်မစမ်းနဲ့ ဒုက္ခရောက်နေပါဦးမယ်”
သားဖြစ်သူ ဖိုးနီ၏အသံကိုကြားယောင်နေမိသေး၏။
“ဟင်း. . . တစ်သက်လုံး မင်းတို့ကို ငါက ရှာကျွေးလာခဲ့တာပါကွ။ မင်းတို့လို သန်သန်စွမ်းစွမ်း မရှိတော့မှ၊ အင်နဲ့အားနဲ့ ဖျတ်ဖျတ်လတ်လတ် မလုပ်နိုင်တော့မှ၊ ခိုင်းလို့ဝတဲ့ နွားအိုကြီးလို သွားချင်ရာသွား၊ စားချင်ရာစား၊ နေချင်ရာနေ ထားချင်လို့ ငါက မနေနိုင်ဘူးကွ။ ငါ လုပ်နိုင်သလောက်တော့ လုပ်ဦးမှာပဲ။ နေရာတကာ ချွေးမမျက်နှာ၊ သမက်မျက်နှာ ကြည့်ပြီး စားနေရတဲ့ ဒုက္ခကို မင်းတို့ တစ်နေ့ နားလည်လာမှာပါကွာ”
ဟု တစ်ယောက်တည်းတွေးရင်း ဘာရယ်မဟုတ် မကျေမနပ် ဖြစ်နေမိသေး၏။ တစ်သက်လုံး အိမ်ထောင်ဦးစီး လုပ်ခဲ့တဲ့ သူက၊ တစ်သက်လုံး
သားသမီးတွေကို ကိုယ်ကပဲကျွေး၊ ကိုယ်ကပဲ မွေးခဲ့တဲ့သူက အိမ်မှာ သစ်ငုတ်တိုကြီးလို ငူငူကြီးထိုင်နေ၊ အချိန်တန်ရင် ကိုယ်ကြိုက် မကြိုက်တာအပထား၊ ခူးခပ်ကျွေးတာစား။ တစ်နေကုန် ဟိုနားငုတ်တုတ်၊ သည်နားမတ်တတ်နဲ့ ဘာမှ အရာမရောက်၊ အသုံးမဝင်တဲ့ဘဝမှာ နေရတာဟာ ဘယ်လောက်ဆိုးတယ်ဆိုတာ တစ်နေ့ ကိုယ်တွေ့ကြုံမှ မင်းတို့ သိလာ ကြမှာပါ သားတို့ သမီးတို့ရယ်ဟု တွေးရင်း ဆုံးသွားရှာပြီဖြစ်သော ဇနီးအား လွမ်းမိသလိုလို ဖြစ်ရသေးတော့၏။
သို့ကြောင့်ပင် သားတို့အတွက် အသုံးမဝင်တော့သော လှေအိုကလေးကို ရအောင်ဖာထေးကာ ရတတ်သမျှ ငါးမျှားကြိုးကလေး၊ ငါးများချိတ်ကလေးနှင့် ငါးထွေမျှားရန် ထွက်လာခဲ့ခြင်း ဖြစ်ပေရာ ဘာမှမရဘဲ လက်ချည်းသက်သက်တော့ မပြန်ချင်။
“အဲဒါကြောင့် ပြောတာပေါ့ အဖေရ။ မလုပ်နိုင်တော့ဘူး၊ မရှာနိုင်တော့ဘူးလို့ ပြောတော့လည်း မခံချင်ဘူး”
ဟု ဆိုလာမည့် သားတို့၊ သမီးတို့၏ စကားကိုလည်း မခံချင်။
သို့ဖြစ်၍ ငါးထွေဖြစ်ဖြစ်၊ ငါးချောင်းဖြစ်ဖြစ် တစ်ကောင်ကောင်တော့ သူရချင်ပါသည်။ သူ့မှာ အစွမ်းအစတွေ ရှိသေးကြောင်း ပြချင်သေး၏။ သားသမီးတွေကိုလည်း ရော့… အင့် ဟု ပေးလိုက်ချင်သေး၏။
အင်း… တံငါအိုတော့ ချောင်းကြိုမြောင်းကြားပေါ့လေ။
အတွေးတို့ဖြင့် မည်မျှကြာသွားသည်မသိ။ ဖျတ်ခနဲ သတိရ၍ ကမ်းစပ်ကိုကြည့်လိုက်မိချိန်မှာတော့ သူ့လှေကလေးသည် ပျဉ်းမပင်ကွေ့ ကိုပင် လွန်ခဲ့ပြီ။ စောစောက တဝုန်းဝုန်း ငါးပွက်သံများ မကြားရတော့။
မြစ်ပြင်တစ်ခုလုံး ငြိမ်သက်လျက်ရှိသည်။ ကမ်းနံဘေး ဓနိတောအုပ်အုပ်ကလေးမှ ရေကြက်အော်သံ ရေညှောင့်ကောင်တို့ ဆူသံတို့ကိုသာ သဲ့သဲ့ကြားနေရ၏။
သူအံ့ဩသွားသည်။ စောစောက အစာငမ်းနေသော ငါးထွေအုပ်နှင့် တွေ့ရလျှင်ကျိန်းသေပေါက် ဆွဲကို ဆွဲလိမ့်မည်။ တစ်ကောင်ကောင်တော့ ရလိမ့်မည်။ ယခု ငါးတွေအုပ် မရှိတော့။ ထူးဆန်းနေပြီ။
ဝဲပြန်ကလေးသည် ပျဉ်းမပင်ကွေ့ အောက်ဖက်တွင် ညင်ညင်သာသာကလေး ပြန်လှည့်လျက်ရှိ၏။ ရေနက်လာပြီ။
“အင်း… သည်လိုရေနက်မှာ ငါးတွေအုပ်နေမှာမဟုတ်ပါဘူး”
ဟု တွေးရင်း ငါးမျှားကြိုးကို လှေပေါ်ပြန်၍ ဆွဲတင်မည်။ ရေဆန်ကို ပြန်လှော်တက်၍ တစ်ခါပြန် မျှောချကြည့်ဦးမည်ဟု စိတ်ကူးရင်း ငါးများကြိုးကို လက်က လှမ်းဆွဲအယူတွင် ဝုန်းခနဲ အစာလှမ်း၍ ဟပ်မျိုလိုက်သည့် အသံကြီး ထွက်ပေါ်လာပြီး ရေစက်ရေမှုန်များ ဖွားခနဲ လွင့်စဉ်၍ သူ့အပေါ် ကျလာသည်။ သူ့ရှေ့ရှိ ငါးမျှားကြိုးခွေသည်လည်း ရှောခနဲ ရှောခနဲ ပါသွားလေ။
ခဏမျှ ကြက်သေသေနေ၏။ ပြီးမှ သတိဝင်ကာ ငါးမျှားကြိုးခွေကို လှမ်း၍ဆွဲလိုက်၏။ တော်သေး၏။ ကြိုးဆုံးရန် လေးငါးတောင်သာ လိုတော့သည်။ ကံသီပေလို့၊ ကံသီပေလို့။
ရေအောက်က ဆွဲနေတာ ဘာကောင်လဲ။ မစဉ်းစားနိုင်။ လေးဘက်ကုန်း၍ လှေကန့်တွင် ကြိုးစကို ကပျာကယာ ချည်လိုက်ရသည်။ အတောင်ငါးဆယ်ခန့် ကြိုးဆုံးလျှင် တင်းခနဲဖြစ်ပြီး အားနှင့်ဆွဲရာသို့ လှေကလေးသည် တရွေ့ရွေ့ပါတော့၏။
သူ့ရင်တွေ တဒိုင်းဒိုင်း ခုန်လျက်ရှိသည်။ စဉ်းစားစမ်း … စဉ်းစားစမ်း။ ရေအောက်ကဟာ ဘာကောင်ဖြစ်မလဲ။ ငါးရွေးကြီးများလား။ ငါးမန်းတော့ မဟုတ်နိုင်။ သူတို့မြစ်တွင် ငါးမန်းမရှိတာ ကြာပြီ။ မြစ်ဝကျွန်းပေါ်ဒေသမို့ နုန်းနွံများ အနယ်ထိုင်ကာ တိမ်လာခဲ့ပြီ၊ ကောလာခဲ့ပြီ။ မြစ်မကြီးများပင် ယခင်လောက် မနက်တော့။ သောင်တွေ ပေါ်လာခဲ့ပြီ။ ရေတိမ်လာပြီ။ သို့ဖြစ်၍ ငါးမန်းများ မလာတော့။ သူတို့ငယ်ငယ်တုန်းကတော့ ရှိခဲ့ဖူး၊ မိခဲ့ဖူးသည်။
ထိုစဉ်မှာပင် လှေဦးသည် မြစ်ညာသို့ ရုတ်တရက် ကွေ့ထွက်သွားသည်။ လှေစောင်းသွား၍ ရေတွေ ဟဲခနဲ ဝင်လာတော့သည်။ သူ ဘုရားတမိသည်။
အလို. . . ရေဆန်ကို ပြန်ဆွဲတက်မလို့ထင်ရဲ့ဟု တွေးရင်း ကြိုးကို အသာ ဆ၍ဆ၍ ဆွဲကြည့်သည်။ ပါမလာချေ။ တင်းခံကာ ရေဆန်ကိုသာ သွားနေသည်။ သူ တအားမဆွဲရဲ။ ကြိုးပြတ်သွားမှာ စိုးရိမ်ရကား ပြန်၍ လျော့ပေးလိုက်ရသည်။
သူ့လှေကလေးသည် တဖြည်းဖြည်းနှင့် ပျဉ်းမပင် ကွေ့အထက်သို့ ဆန်တက်လာခဲ့ပြီ။
ကြိုးအဖျားတွင်ရှိသော ငါးမျှားချိတ်သည် ကြီးမားလွန်းသော ငါးကြီးများအတွက် မဟုတ်။ ငါးထွေမျှားရန်အတွက်သာဖြစ်၍ ငါးကြီးလျှင် ခံနိုင်မည်မဟုတ်။ ကျိုးလျှင် ကျိုး၊ စန့်လျှင် စန့်သွားလိမ့်မည်။ ဒါမှမဟုတ် ကြိုးက ပြတ်ထွက်သွားနိုင်သည်။
ကြံစမ်း.. ကြံစမ်း၊ သည်ရေအောက်က ငါးသည် ဘာငါးဖြစ်ဖြစ် သူ ကံကောင်း၍ လာဟပ်ခြင်းဖြစ်၏။ ဒါမျိုး နောက်တစ်ခါ ကြုံဖို့ဆိုတာ လွယ်သည်မဟုတ်။ ရမှဖြစ်မည်။ လူသာ အိုသော်လည်း စိတ်က မအိုသေးကြောင်း ပြရမည်။ အိုမင်းသော်လည်း စွမ်းသေးကြောင်း ပြရလိမ့်မည်။
ခွန်အားချင်း မယှဉ်နိုင်ရင် ဉာဏ်ချင်း ယှဉ်ပြိုင်ကြရမှာပေါ့လေ။ လာစမ်းဟေ့ … လာစမ်းဟု စိတ်ထဲမှပင် သူ စိန်ခေါ်ရင်း လက်က လှေဝမ်းထဲကို စမ်းလိုက်သည်။ ဝမ်းသာမှုက ရင်ဝသို့ လှိုက်ခနဲ ဖြစ်စေ၏။ ဆုပ်ကိုင် မိပြီ။ မှိန်းတစ်ချောင်း။
ပို၍ တိဘိကျကျ ပြောရလျှင်ငါးထိုးမှိန်းတစ်ချောင်း။ သုံးမူးလုံး သံချောင်းကို အဖျားတွင် ဒစ်ဖော်၍ ချွန်မြနေအောင် သွေးထားသော ပန်းပဲဦးတင်၏ လက်ရာဖြစ်၍ အလွန်အားကိုးရသော မှိန်းဖြစ်သည်။ ငါးကြီး၏သွေး သောက်ချင်၍ထင့်။ စမ်းကြည့်မိသော ခဏ၌ အေးစက်နေသော လရောင်မှိန်မှိန်အောက်တွင် ဖွေးဖွေးလက်ကာ သံမဏိရောင် တောက်ပလျက်ရှိ၏။
“ငါးနဲ့ လူနဲ့ ပညာပြိုင်ကြတာပေါ့ကွာ”
ဟု တွေးရင်း ငါးထိုးမှိန်းကို ညာလက်ဖြင့် ဆုပ်ကိုင်မိသောခဏ၌ သူ့တစ်ကိုယ်လုံး ခွန်အားသစ်တွေ ဝင်လာသကဲ့သို့ ခံစားလိုက်ရကာ ကြက်သီးဖျန်းဖျန်းထမိလေ၏။
ငါးမျှားချိတ်သည် ငါးကြီး၏ နှုတ်ခမ်းမှာလား၊ ပါးစောင်ပါးဟက်မှာလား။ ဒါမှမဟုတ် ဝမ်းထဲအထိ မျိုချမိ၍ အူအသည်းကလီစာများကိုပင် ချိတ်ဆွဲမိနေသလား ဆိုတာကိုတော့ အတတ်မသိနိုင်။ စွန့်စားကြည့်ရပေမည်။
သည်အတိုင်း ဆက်ဆွဲနေလျှင် ငါးကြီး လွတ်ထွက်သွားမှာ ကျိန်းသေနေပြီ။ ငါးမျှားချိတ် ကျိုးလျှင် ကျိုး၊ ဒါမှမဟုတ် ကြိုးက ပြတ်ထွက်ပေလိမ့်မည်။
ကြိုးကို တစ်တောင်ခန့် ဆွဲကြည့်သည်။ ပါလာသည်။ သို့သော် ချက်ချင်းပြန်ဆွဲသွားသည်။ သူ ထပ်၍ ဆွဲယူသည်။ ပါလာပြီ။
“တစ်တောင်ချင်း တစ်တောင်ချင်း လုပ်ဟေ့။ မလောနဲ့ … မလောနဲ့၊ ဒါဟာ ပညာပဲ၊ ဒါဟာ ပရိယာယ်ပဲ”
ဟု တီးတိုးရေရွတ်ရင်းက ချော့၍ချော့၍ ဆွဲယူနေသည်။ ကြိုးစကို သူ့ရှေ့တွင် ခွေ၍ခွေ၍ အလိုက်သင့် ချထားသည်။
ရေအောက်မှ ငါးကြီးသည် သူဆွဲယူရာသို့ အသာမှေး၍ လိုက်ပါလာနေသည်။ အလွန်မောပန်း နေ၍လော ဒါမှမဟုတ် သူတွေးထင်သလို ဝမ်းတွင်းကလီစာများအထိ ချိတ်ဆွဲမိနေ၍ နာနေပြီလော။
သူ တွေးရင်း တွေးရင်း သတိကြီးစွာထားရင်း ဆွဲယူနေ၏။ ရေအောက်မှငါးကြီး ဉာဏ်ဆင်နေသလား၊ အကြံထုတ်နေသလား ဆိုတာကိုတော့ မသိနိုင်။
လှေနှင့် နီးလာမှ ဆောင့်၍ရုန်းလျှင် ကြိုးပြတ်ထွက်၍ လွတ်သွားနိုင်သည်။ သူ အသာပြုံးလိုက်သည်။ ဒါတွေကို သူ တွက်ဆမိ၍ပင် ဆွဲယူထားသော ကြိုးစကို လှေဦးတုံးတွင် ပတ်၍ပတ်မထား။ ရုတ်တရက် ရုန်းလျှင် လျောခနဲ ပါသွားနိုင်အောင် ခွေကာခွေကာ ထားခဲ့သည် မဟုတ်လား။
“မင်းလိုငါးမျိုး ဖမ်းလာခဲ့တာ အံတိုနေပြီဟေ့”
ဟု သူစိတ်ထဲက ကျုံးဝါးသည်။ တကယ်တမ်းမှာမူ အံတိုရုံတင် မဟုတ်။ အံသွားတွေ တစ်ချောင်းမှ မရှိတော့ပြီ။ ကြိုးကို ဆက်၍ ဆွဲယူသည်။ ရေအောက်မှ ငါးကြီး တဖြည်းဖြည်း လှေနှင့်နီးလာပြီ။ ညာလက်တွင် မှိန်းက အသင့်။
ကြိုးဆုံးခါနီး ငါးကြီး ရေမျက်နှာပြင်ပေါ် တက်လာခါနီးတွင် ငါးကြီးက ဖျန်းခနဲ ရေပေါ်ခုန်ပျံလူးလွန့်၍ ရုန်းထွက်လိုက်သည်။ သူ မတ်တတ်ထရပ်သည်။ ပစ်ကွင်းကို သေသေချာချာ မချိန်ရွယ်နိုင်ဘဲ ရေပြင်ပေါ်မှာ ရိပ်ခနဲ ဖွေးခနဲသာ ရေစက်ရေမှုန်များကြားမှာ မြင်ရသော ငါးကြီးကို အားဖြင့်ထိုး၍ လွှတ်လိုက်သည်။
သူ့လက်ထဲမှ တန်းခနဲ ထွက်သွားသော မှိန်းသည် ဖောက်ခနဲ စူးဝင်သွားသံကို အာရုံဖြင့် ကြားလိုက်သည်။ ငါးကြီးကိုထိသွားသဖြင့် လက်ထဲမှာ နင့်ခနဲ စီးခနဲ ခံစားလိုက်ရသည်ကို သာမန်လူတို့ မသိနိုင်ပါလေ။
ဆတ်ဆတ်ခါ နာကျင်သွားသော ငါးကြီးသည် ဝုန်းခနဲ ရေပေါ်ပြန် အကျတွင် သောင်ပြင်ဘက်သို့ လူးကာလွန့်ကာ ကော့ကာလန်ကာ ထိုးတက်သွားသည်။ထိုအခါ ကြိုးခွေအပေါ် နင်းမိလျက်သားဖြစ်နေသော သူ့ဘယ်ခြေထောက်သည် ဆတ်ခနဲ မြောက်တက်သွားပြီး အရင်းမှ ပိုင်းဖြတ်လိုက်သော တောငှက်ပျောပင်ကဲ့သို့ပက်လက်လန်ကာ လှေပေါ် သို့ သူ လဲ၍ကျသွားတော့၏။
XXX XXX XXX
မျက်နှာပေါ်သို့ တဖျန်းဖျန်း ရေကျသံနှင့်အတူ အေးမြသော အတွေ့ကြောင့် ဦးတောကျော် ပြန်၍ သတိရလာချိန်တွင် သူ့ပတ်ဝန်းကျင်၌ ရေနံဆီမီးခွက် ထိန်ထိန်လင်းလျက် ရှိသည်။
လူသံတွေကလည်း ဝမ်းသာအားရ အော်ဟစ်ဆူညံနေကြသည်။ တံငါသည်တို့၏ သဘာဝအတိုင်း မိမိကိုယ်တိုင် ဖမ်းဆီး၍ရသည် မဟုတ်စေကာမူ ဘဝတူချင်းအတွက် အခက်အခဲတွေ့နေပါက ကူညီတတ်ကြ၏။ ပျော်စရာရှိ ဝိုင်း၍ ပျော်ရွှင်ကြ၏။
ယခုလည်း သောင်ပြင်ပေါ်ဝယ် တုံးလုံးလဲနေသော ငါးကြီးကို ကြည့်ကာ ဦးတောကျော်အတွက် ဝမ်းသာအားရ ဖြစ်နေကြ၏။
“အဖေ… အဖေ၊ သတိရပြီလားဟင်”
လှေချင်းကပ်ကာနေသော တစ်ဖက်လှေပေါ်မှ ဖိုးနီက စိုးရိမ်တကြီး မေးသည်။
“အင်း….”
ဟု ခပ်လေးလေး အသံပြုရင်းလဦးတောကျော် ထ၍ ထိုင်လိုက်သည်။
“ရေထဲကျမသွားတာ ကံကောင်းတာပေါ့ အဖေရာ။ကျွန်တော်တို့ ပိုက်လှေလေးစင်း ပြန်အလာမှာ သောင်စပ်မှာက ငါးကြီး ထိုးတင်လို့၊ လှေကလည်း ကြိုးတန်းလန်းနဲ့ ဘာတွေ ဖြစ်နေပါလိမ့်ဆိုပြီး ဝင်ကပ်ကြ တာ။ လက်စသတ်တော့ အဖေဖြစ်နေတာကိုး။ အဖေက ပက်လက်ကြီး သတိမေ့နေတယ်။ ငါးမျှားကြိုးကလည်း ခြေထောက်မှာပက်လို့ ဘယ်လိုဖြစ်တာလဲ အဖေရယ်”
ဦးတောကျော်သည် စပ်ဖျဉ်းဖျဉ်း နာနေသော နောက်စေ့ကို အသာစမ်းရင်း –
“ငါးကို မှိန်းနဲ့ လှမ်းအထိုးမှာ ငါးက လန့်ပြီး ဆွဲပြေးတော့ ခွေထားတဲ့ကြိုးနဲ့ အဖေ့ခြေထောက်ငြိပြီး ပက်လက်လန် လဲကျတာပေါ့ကွာ။ နောက်စေ့နဲ့ လှေကပ်နဲ့ ဆောင့်မိပြီး သတိလစ်သွားတော့တာပဲဟေ့။အမျိုးယုတ်ငါး”
“ဘယ့်နှယ့် အမျိုးယုတ်ငါးရမှာလည်း ဘကြီးရဲ့။ အမျိုးကောင်းငါးဗျ … အမျိုးကောင်းငါး။ ငါးချောင်းကြီးဗျ၊ နည်းတာမဟုတ်ဘူး။ ပိဿာသုံးဆယ် ကျော်လိမ့်မယ်”
ကိုရွှေဖောင်က လှမ်းနောက်လိုက်သည်။
“ဒါတောင် တို့ဘကြီးတောကျော်က ခြေထောက်နဲ့ ဖမ်းတာကွနော်။ တံငါရာဇဝင်မှာတော့ ဒါ ပထမဆုံးထွင်လိုက်တဲ့ ငါးဖမ်းနည်းပဲဟေ့”
ကိုတင်အုံးက ဝမ်းသာအားရ စပြန်သည်။ သူတို့ ဘာပဲပြောပြော ဦးတောကျော်ကတော့ ဒါလောက်ကြီးသည့် ငါးကြီးကို သူ ဖမ်းနိုင်ခဲ့၍ တဟဲဟဲရယ်ကာ သဘောကျလျက် ရှိတော့၏။
“မှိန်းမိထားတဲ့ ငါးနာကြီးကွ။ ဘကြီးတောကျော်နဲ့ မတွေ့ခင် ပိုက်တစ်ခုခုကို ဝင်တိုးတာဖြစ်မယ်။ ငါးသလောက်ပိုက်လိုဟာမျိုးပေါ့။ ပိုက်သမားက မှိန်းနဲ့လှမ်းထိုးတော့ မှိန်းချက်ကလည်းနာ၊ လန့်လည်းလန့်ပြီး အားနဲ့ရုံးတော့ ပိုက်ပြတ်ပြီး လွတ်လာတာ ဖြစ်မယ်ကွ။ ပါးဟက်မှာ ပိုက်အစအနတွေ တွေ့တယ်”
ကိုရွှေဖောင်က ပြောလျှင်-
“ဒါဆို အဲသည်မှိန်းက ဘယ်မှာလဲ။ ကဲ … ပိုက်သမား ထိုးလိုက်တဲ့ မှိန်းလေ”
စိန်ကုလားက မယုံသလို မေး၏။
“ခွေးကောင်ကလေး. . . သည်မှာ သေသေချာချာကြည့်ကွ။ တံငါပညာဆိုတာ ငါး ပုစွန်နဲ့ဘပတ်သက်လာရင် စေ့စပ်ရတယ်။ သူတို့ အလေ့အထကို သတိထားပြီး လေ့လာထားရတယ်ကွ”
“ဒီမှာကြည့်ဦး၊ ဘကြီးတောကျော်ရဲ့မှိန်းက ငါးရဲ့မြီးထူးမှာ ဖောက်ဝင်သွားပြီး ဒစ်ရှိတော့ ပြုတ်မထွက်ဘူး။ ငါးသလောက်ပိုက်သမားဆိုတာ မှိန်း
ကိုင်လေ့မရှိဘူးကွ။ လိုလိုမည်မည် ပါလာရင်တောင်မှ သာမန်အိမ်သုံးမှိန်းလောက်သာ အရံအတားအဖြစ် ဆောင်ကြတာ။ ငါးကြီးရဲ့ဗိုက်မှာ မှိန်းရာအပေါက်ကြီး။ ငါးထိုးမှိန်းလို အဖျားဒစ်မပါတော့ ငါးကြီး အကူးအခတ် အခုန်အပျံမှာ ပိုက်နဲ့ပဲဖြစ်ဖြစ်၊ တခြား တစ်ခုခုနဲ့ပဲဖြစ်ဖြစ် ငြိပြီး ပြုတ်ကျကျန်ခဲ့တာ နေမှာပေါ့ကွ။ ဘာဒဏ်ရာမှ ရမထားတဲ့ ငါးကြီးသာဆို ရင် ဘကြီးတောကျော်ရဲ့ သည်ငါးမျှားကြိုးမျိုးလောက်တော့ တစ်ချက်ရုန်းတောင် မရှိဘူး”
စိန်ကုလားရော၊ ဖိုးနီတို့ပါ ဝိုင်း၍ စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။
“အခုဟာကတော့ ပိုက်ကိုလည်း တိုးဖောက် ရုန်းကန်လာရတယ်၊ မှိန်းချက်ကလည်း နာလာတယ်ဆိုတော့ မောကလည်းမော၊ နာကလည်း နာ၊ ဆာကလည်းဆာဆိုတော့ ဝဲပြန်ကလေးမှာ ငါးကလေးတွေ အသာဖမ်းပြီး စားဖို့ချောင်းနေတုန်း ဘကြီးတောကျော်ရဲ့ငါးမျှားချိတ်ကို ဆွဲပြီး ဟပ်မိသွားတာနေမှာ။ သာမန် သန်သန်မာမာ အချိန်ဆိုရင် ဖမ်းမိဖို့မပြောနဲ့၊ မြင်တောင် မြင်လိုက်ရမှာ မဟုတ်ဘူး”
ကိုရွှေဖောင်က စေ့စေ့စပ်စပ် ဝေဖန်ရှင်းပြတော့မှ စိန်ကုလားနှင့် အားလုံး သဘောပေါက်သွားကြတော့၏။
“ဟုတ်မယ်ကွ ရွှေဖောင်ရ။ ငါ အစာမပစ်မီက ပျဉ်းမပင်ကွေ့မှာ မြူးလိုက်တဲ့ ငါးထွေတွေကွာ၊ တဝုန်းဝုန်းနဲ့။ အနားလည်းရောက် တစ်ကောင်မှ မရှိတော့ဘူး။
ဒါနဲ့ ငါလည်း နည်းနည်းတော့ ထူးဆန်းတယ်ထင်ပြီး နောက်တစ်လား ပြန်မျှောမလို့ ငါးမျှားချိတ်ကို ပြန်အဆယ်မှာ ဒီကောင်ကြီး ဆွဲဟပ်တာကွ”
“ဒါပေါ့အဖေရဲ့ … အနားမှာ သူတို့ထက်ကြီးတဲ့ ငါးက ရောက်လာတော့ အဖေ့ငါးထွေတွေ ဘယ်မြူးရဲတော့မလဲဗျ။ ပြေးရောပေါ့။ ကဲ ကဲ … ကိုရွှေဖောင်နဲ့ကိုတင်အုံးတို့ လှေနှစ်စင်းက ငါးကြီးကိုတွဲပြီး ရွာကို ဆွဲသွားပေတော့ဗျာ။ ကျွန်တော်နဲ့ စိန်ကုလားက အဖေနဲ့ လှေကို ဆွဲလာခဲ့မယ်”
“ကောင်းတယ် … ကောင်းတယ်၊ လာဟေ့ တင်အုံး၊ ငါတို့ ငါးကြီး သွားဆွဲကြရအောင်။ ရွာရောက်ရင် ငါးကြီးကို ဗိုက်ခွဲ၊ ဝမ်းတွင်းသားကို ဆီလည်ရေလည်ကလေးချက်ပြီး ငပိန်တို့ဆိုင်က အတွဲအဖက်ကလေးနဲ့ ဟဲလိုက်ရရင်ဟီး… ဟီး…”
ဟု သွားရည်ကျဟန် လုပ်၍ ပြလိုက်ရာ-
“ကောင်းတယ်ဗျို့… ခင်ဗျားအကြံကောင်းတယ်၊ ငါးကြီးဝမ်းတွင်းသားချက်ဖို့ ခင်ဗျားတာဝန်ယူ၊ အတွဲအဖက်ကလေးအတွက်က ကျုပ်တာဝန်သာထား”
ဟု ကိုတင်အုံးကပြောရင်း ငါးကြီးကို သွားဆွဲ၍ ရွာဘက်သို့ လှော်သွားကြလေ၏။
ဦးတောကျော်က ဖိုးနီတို့ လှေအလယ်တွင် ထိုင်လိုက်လာရင်း-
“သားကြီး ဖိုးနီ”
ဟု လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်၏။
“ဗျာ… အဖေ ဘာပြောမလို့လဲဟင်”
“သည်ငါးကြီးကို မနက်ကျရင် ဈေးမှာသွားရောင်း။ ရလာတဲ့ငွေတွေကို မင်းက တစ်ဝက်ယူ၊ ကျန်တဲ့တစ်ဝက်ကို မင်းညီမလေးကို ပေးလိုက် ကြားလား။ လောကကြီးမှာ အဖေ့အတွက် တွယ်တာစရာဆိုလို့သားကြီး၊ သမီးကလေး နှစ်ယောက်ထဲ ရှိတာပါကွာ။
ရှေ့လျှောက်လည်း အဖေ ရှာနိုင်သလောက် ရှာပေးဦးမှာပဲ။ အဖေ့အတွက်ကတော့ ဘာမှ မလိုတော့ပါ ဘူးကွာ။ မင်းတို့နှစ်ယောက်စလုံးရဲ့ အိမ်အမိုးတွေက ကြယ်မြင်လမြင် ဖြစ်နေတာ အဖေသိတယ်။ အဲ ဒါမိုးလိုက်နော် သားကြီး”
နားထောင်နေသော ဖိုးနီ ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။ မိဘမေတ္တာကို သူသဘောပေါက်သွားပြီ။
“အဖေရယ်”
ဟု ဆို့နင့်စွာ တစ်ခွန်း ခေါ်လိုက်ရင်း မျက်ရည်တို့ဖြာ၍ဖြာ၍ကျ၏။ အရှေ့ဘက်ဆီမှ အရုဏ်ဦး၏ ရှေ့တော်ပြေး အလင်းရောင်တို့ ပျို့အန်၍ ကျလျက်ရှိ၏။
သရွတ်သွတ်မြစ်မကြီးတွင်မူ မြစ်ရေတို့သည် အထက်မှ အောက်သို့ တသွင်သွင်စီးဆင်းမြဲ စီးဆင်းလျက်ပင်။
(စာရေးဆရာ မောင်ခြိမ့် ၏ ရေမုဆိုးဝတ္ထုတိုများ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်)
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized