• July 5, 2025
  • admin
  • 0

လေးမောင်
မှိုကျင်းအန္တရာယ်

လဟာမငယ်ဆိုသည့် တောက ညို့မှိုင်းနေသည်။

ထိုတောက အင်တိုင်းဆန်သည့် တောမျိုးမို့ ဝါးပင်ပေါက်ကလေးတို့က ခပ်ကျဲကျဲခပ်ဝိုင်းဝိုင်းကလေးတို့နှင့်၊ ပြီးတော့ ထိကရုန်းဆူးပေါက်ပင်၊ တောင်ထန်း၊ လက်မဲ၊ ကြိမ်နွယ်ပင်၊ ဇီးဖြူပင်၊ ချုံနွယ်နှင့် မြက်ပင်တို့ ရောထွေးပေါက်ရောက်နေသည့်အတွက် ဗြုံးခနဲ မြင်လိုက်သည်နှင့် ဖုန်းဆိုးတောကြီးဟု ထင်မှတ်နိုင်သည်။

ထိုတောသည် ကျယ်ပြန့်နက်ရှိုင်းပြီး သားကောင်တို့ အလွန်ပေါသည်။ ဖုန်ဆိုးတောဆန်သလို အပင်ပေါက်တို့နှင့် အတိရှိပြီး၊ မြေသားကလည်း ကျောက်သားဆန်သည့် ဂဝံမြေမျိုးမို့ တောသူတောင်သားတို့အတွက် ထိုနေရာတွင် လုပ်ကိုင်စားသောက်ရန်အကွက်အကွင်းမရှိ။

အထူးသဖြင့် ထိုတောသည် သားကောင်တို့ ပေါများ ရာမို့ မုဆိုးဆန်းလွင်တစ်ယောက် သေနတ်ကို အသင့်ကိုင်ဆောင်ကာ နေရာမလပ် ကြည့်ရှုလျှောက်လှမ်းနေပေသည်။

အရေးရှိက အသင့်ပစ်ခတ်နိုင်ရန် သေနတ်ကို ကိုင်ဆောင်လျက် စစ်ရောင်ဦးထုပ်ခပ်နွမ်းနွမ်းကလေးကို ဆောင်းလျက်၊ ပုဆိုးကိုခပ်တိုတိုဝတ်ကာ ကာကီရောင်အင်္ကျီအဟောင်းကို ဝတ်ဆင်ထားသော ဆန်းလွင်၏ နဖူးထက်မှ ထွက်ကျလာသည့် ချွေးတို့က သူ့မျက်နှာပြင်ထက်သို့ စီးကျနေသည်။

ဆန်းလွင်တစ်ယောက် ကျည်ခါးပတ်ကိုတော့ ပတ်မထား၊ ပခုံးထက် လွယ်သိုင်းထားသော လွယ်အိတ်အတွင်းတွင် ကျည်ဆန်အချို့နှင့် တောလိုက် အသုံးအဆောင်တို့အပြင် အကုန်ထည့်ယူခဲ့သည်နှင့်အတူ လဟာမငယ်တောကို တောပုန်းရှာဖွေပစ်ခတ်ရန် လျှောက်လှမ်းနေလိုက်ပေသည်။

ယခုအချိန်ထိတိုင် တောကြီးဝန်းကျင်က ငြိမ်နေသည်။ ရံဖန်ရံခါ ချိုးကူသံသဲ့သဲ့ကိုတော့ ကြားနေရသလို ပုစဉ်းရင်ကွဲအုပ်တို့၏ စီစီညံအော်ဟစ်သံတို့ကိုလည်း ကြားနေရသည်။

ဆန်းလွင်တစ်ယောက် ခြေသံလုံလုံဖြင့် တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့စဉ် တစ်နေရာအရောက် လူသွားလမ်းဘေးတွင် တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲတွင် လှိုက်ဖိုသွားခဲ့သည်။

မြင်ကွင်းက သူထင်သည့်အတိုင်း တွေ့လိုက်ရခြင်းကြောင့်ပင်။

ကြည့်စမ်း … တွေ့လိုက်ရသည့် မြင်ကွင်းက လူသွားလမ်းကျဉ်းကလေးတစ်ဖက်မှ တောချုံပင်တို့အကြား ခေါင်းကိုဝှက်ကာ ကိုယ်လုံးက လူမြင်ကွင်းတွင် ကန့်လန့်ဖြတ်ဘေးတိုက်လှဲကာ အိပ်ပျော်နေသည့် နီညိုညိုအသွေးနှင့် ဆတ်ကြီးတစ်ကောင်။ ပိဿာချိန်က မသေးလှ။ ၆ဝ အထက်မို့ ဆတ်ဖားကြီးတစ်ကောင်ပင် ဖြစ်သည်။

ပဲခူးရိုးမကြီးအတွင်း ယခု သူ လည်နေသည့်တောက အခြားသောတောများနှင့် မတူ။ ထူးထူဆန်းဆန်းတို့ကို ကြားရ မြင်တွေ့ရင်ဆိုင်ရသည့် တောမျိုးဆို သည်ကို သူငယ်ချင်းဖြစ်သူ ဒူးလေးကိုင်မုဆိုး ကိုဦးပြောခဲ့စဉ်က သူ မယုံကြည်ခဲ့။

အဘယ်ကြောင့်ဆိုသော် ထိုတောအတွင်း သားကောင်တို့(ဆတ်၊ ဂျီ၊ ဒရယ်)တို့မှာ အခြားသောတောင် များရှိ သားကောင်တို့ကဲ့သို့ ယခုလို နေ့အချိန်တွင် တောချုံထူထူအတွင်း အန္တရာယ်ကင်းမည်ထင်သည့် နေရာမျိုးတွင် မအိပ်စက်ကြဘဲ လူလျှောက်လမ်းကို ကန့်လန့်ဖြတ်လျက် တောချုံအတွင်းဆီသို့ ဦးခေါင်းဝှက်ကာ အိပ်တတ်ကြသည်ဟု ပြောပြသလို၊ ဂျီဆို သည့် အကောင်တွေကလည်း အလေး ချိန် ၂ဝထိကြီးပြီး၊ အဝါရောင်နှင့် အနီရောင်၊ အပြာရောင်တို့ ဖြစ်သည်။ သူတို့ကလည်း ယခုလို အိပ်စက်ကြသည်ဟု ပြောပြသည်ကိုမယုံကြည်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ပဲခူးရိုးမကြီးအတွင်းရှိ နေရာပေါင်းများစွာကို သူ လှည့်ပတ်ပစ်ခတ်ခဲ့ဖူးသည်။ သို့သော် သူပြောသည့် သားကောင်မျိုးကို တစ် ကြိမ်တစ်ရံပင် မတွေ့ကြုံဖူး၊ မပစ်ခတ်ခဲ့ဖူးသည်ကအမှန်။

နောက်တစ်ချက်ကလည်း သူတို့လို မုဆိုးတွေလောကတွင် စကားတစ်ခုကလည်း ရှိနေသည်။ ထိုစကားကလည်း ခေါက်ရိုးကျိုးနေသည့် စကားပင်။

“ဂျီဝတစ်ဆယ် … ဒရယ် အစိပ်”ဆိုသည့် စကားပင်။

မည်သည့်နေရာတွင်မဆို သူပစ်ခတ်ရရှိလိုက်သော ဂျီဆိုသည့် ကောင်မျိုးသည် အလေးချိန်အားဖြင့် ၁ဝထက် မပိုပေ။ ထို့ထက်ကြီးသည့် အကောင်မျိုးတော့ ရှိသည်။ သူ ပစ်ခတ်လို့လည်း ရရှိဖူးသည်။ ထိုအကောင်မျိုးကို ဒူးမဲ(ခ)တောကြီးဂျီဟု ခေါ်ကြ သည်။ အလွန်ရှားပါးပြီး ရခဲသည့် ချေမျိုးပင်ဖြစ်ပေသည်။

များသောအားဖြင့် အညိုရောင်သာအတွေ့များခဲ့ သည်။

ယခုမူ အဝါရောင်၊ အပြာရောင်၊ အနီရောင်များဖြစ်ပြီး အလေးချိန်ကလည်း ပိဿာချိန်၂ဝထိရှိသည် ဟု ပြောပြန်သည်။ သူမမြင်ဖူး၊ မတွေ့ ဖူး၊ မပစ်ခတ်ခဲ့ဖူးသည့်အတွက် သူပြောလိုက်သည့်တောကို ယခုလိုလာရင်းမှ တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် တအံ့တသြပင် ဖြစ်သွားလိုက်မိသည်ကအမှန်။

“သူပြောသလို လမ်းလယ်ခေါင်ကြီး ချုံတောအတွင်း ခေါင်းထိုးအိပ်နေတာကိုတော့ တွေ့ပြီ၊ ဒီတောက ဆတ်တွေက ထူးလှချည်လား”

စိတ်တွင်းက တွေးတောလိုက်ရင်း ခြေသံလုံလုံနင်းကာ တဖြည်းဖြည်း ဆတ်ကြီးအနီးသို့ တိုးကပ်သွား
လိုက်သည်။ ဆတ်ကြီးမှာ အရာရာကို စိတ်ချလက်ချနှင့်အိပ်ရင်း အိပ်မက်များပင် မက်နေသည်လားတော့မသိ၊ တုပ်တုပ်ပင်မလှုပ်။

ဝါးတစ်ရိုက်ခန့် အကွာလောက်ဆီသို့ရောက်တော့ မြေပြင်တွင် မုဆိုးဒူးထောက် ထိုင်လိုက်ပြီး အနီးစပ်ဆုံး ဂဝံကျစ်စာခဲတစ်လုံးကို ကောက်ကိုင်လျက် ဆတ်ကြီးအိပ်နေရာဆီသို့ ပစ်ပေါက်လိုက်သည်။ သေနတ်နှင့် ချိန်ရွယ်ထားလိုက်စဉ် အိပ်ပျော်နေသော ဆတ်ကြီးမှာ အထိတ်တလန့် နေရာမှ ကြုံးထကာ

” ဟူ … ဟွဲ ဟွဲ ဟွဲ “

သံရှည်ဖြင့် ဟီသံပေးလိုက်ပြီး ဝန်းကျင်ကို ပြူးတူးပြဲတဲ လိုက်လံကြည့်လိုက်စဉ်

“ဒိုင်း … ဒိုင်း”

အောင်မြင်စွာ ပေါက်ကွဲထွက်ပေါ်လာသည့် သေနတ်သံကြီးနှစ်ချက်က ဝန်းကျင်တဝိုက် ဖုံးလွှမ်းသွားသည်နှင့်အတူ သွေးသံရဲရဲနှင့် ဆတ်ကြီးမှာ မြေပြင်သို့ လဲကျလူးလှိမ့်ရင်း အတန်ကြာတော့ ငြိမ်သက်သွားပေတော့သည်။

xxx xxx xxx

“တော်က ဒီနေ့ တောပုန်းချောင်းထွက်ဦးမှာလား”

ဇနီးဖြစ်သူ စန်းမြက ဓနိပျစ်ကို ထိုးနေရင်း ကွပ်ပျစ်တွင်ထိုင်ကာ အဖန်ရည်သောက်နေသည့် ကိုဦးကို လှမ်းမေးလိုက်သည်။

ညပိုင်း သူငယ်ချင်းတွေနှင့် အသောက်များသွားပြီး ယခုမှ အိပ်ရာမှနိုးကာ အဖန်ရည်သောက်နေသည့် လင်တော်မောင်ကို မေးလိုက်သဖြင့် မြေပြောင်ပြောင်တွင် ဓနိပျစ်ထိုးနေသော ဇနီးသည်ကို လှမ်း ကြည့်ကာ ကိုင်ထားသည့် အဖန်ရည်ခွက်ကို မော့ချရင်း

“အေးပါဟဲ့ စန်းမြရဲ့၊ နင်ဘာ လုပ်မလို့တုန်း”

“ဟိုလေ … ရွာထိပ်က ဝါးကုန်သည် ဦးလေးမြက သူ့သမီးလေး ပန်းနာရင်ကျပ်ဖြစ်နေလို့ ကြောင်ငပိ ပစ်လို့ရရင် တန်ရာတန်ကြေးထက် ပိုပေးပါ့မယ်၊ ဆေးဖော်ဖို့ပါဆိုပြီး မှာလိုက်လို့ပါ”

“ဒီတော့ နင်က ဘာပြန်ပြောခဲ့သတုန်းဟဲ့”

“ကျုပ်ကတော့ ရရင် လာပို့ ပေးပါ့မယ်လို့ ဖြေလိုက်တာပေါ့တော်”

“မဟုတ်သေးပါဘူး၊ ကြောင်ငပိလို အကောင်မျိုးလောက်ကို ငါလိုမုဆိုးတစ်ယောက်ကို သူက မှာတယ်ဆိုလို့ မေးနေတာပါ။ နင် သပြေချိုးသွားရင်
ခွေးတွေကို ခေါ်သွားရုံနဲ့ ရနိုင်တဲ့ဥစ္စာကိုများ”

ကိုဦးက ဇနီးသည်စန်းမြကို ကြောင်ငပိလို အကောင်မျိုးလောက်ကလေးနှင့် သူလိုမုဆိုးကြီးတစ်ယောက်ကို ဈေးကောင်းပေးပါမည်၊ ပစ်ခတ်လာခဲ့ပါရန် မှာနေသည့် ဝါးကုန်သည် ဦးလေးမြကို သူ့သိက္ခာကိုစော်ကားသည်အထင်နှင့် မသိချက်ဆိုးဝါးကာ စော်ကားလိုက်သည်အထင်နှင့် အငေါ် တူးကာ မေးရင်းက ဒေါပွလာသည်နှင့်

“ဒီမှာ မိန်းမ၊ နင်ဟာ ငါလို မုဆိုးကြီးကတော် တစ်ယောက်ဖြစ်ရဲ့နဲ့ ခုထိ သောက်သုံးကိုမကျသေးဘူး။ ကြောင်ငပိလိုအကောင်မျိုးက နင်နဲ့တင် ပြီးပါလျက်နဲ့ ငါ့ကိုမှာတယ်ဆိုတာ စော်ကားလိုက်တယ်ဆိုတာ နင် မတွေးမိဘူးလားဟ။ တောကြောင်တွေထဲမှာ အဲဒီလိုကြောင်က ဘယ်လိုနေထိုင်သွားလာကျက်စားနေထိုင်ကြတယ်ဆိုတာကို”

မုဆိုးကိုဦးပြောလိုက်သည့် စကားတို့ကလည်း မှန်တော့မှန်သည်။

အဘယ့်ကြောင့်ဆိုသော် တောကြောင်ဆိုသည့် အကောင်မျိုးက မျိုးစိပ်အများသားကလား။ ဥပမာပြရလျှင် အနီးစပ်ဆုံး “ကြောင်ဘား၊ ကြောင်မြင်း၊ ကြောင်ဝံပိုက်၊ ကြောင်နံ့သာ၊ ကြောင်ကတိုး၊ မြီးတံတို၊ မြီးတံရှည်၊ ကြောင်နားရွက်ဖြူ၊ ကြောင်မြီးကောက် နွယ်တန်းလျှောက်(ဝါးယောင်းကြောင်ပြောက်) စသည့် အမျိုးပေါင်းများစွာ ရှိကြသည့်အထဲတွင် ယခု သူတို့ပြောနေကြသည့် ကြောင်ငပိဆိုသည့် အမျိုးလည်း အပါအဝင်ဖြစ်ပေသည်။

သည်နေရာတွင် တောကြောင်မျိုးစိပ်အတော်များများ ရှိနေသည့်အထဲမှ ထူးထူးခြားခြားတစ်မျိုး ပါဝင်နေသည့် ကြောင်ငပိအကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။

အထက်ကတင်ပြခဲ့သည့် တောကြောင်တို့အထဲတွင် အလွန်ကြီးမားကြသည့် တောကြောင်ကြီးတို့မှာ “ကြောင်မြင်း၊ ကြောင်ပါး၊ ကြောင်မြီးတံတိုနှင့် နွယ်တန်းလျှောက်(ဝါးယောင်းကြောင်ပြောက်)ဆို သည့် အကောင်တို့က အလွန်ကြီးမားထွားကျိုင်းသည့် အကောင်မျိုးဖြစ်ကြပြီး ကျွန်တော်ကိုယ်တိုင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရုန်း တောကျေးရွာဘက်ဆီတွင် သွားရောက်ပစ်ခတ်လို့ ရရှိခဲ့သည့် ကြောင်ဘားကြီးဆိုလျှင် ပိဿာချိန်၅ဝအထက်ပင်။

နွယ်တန်းလျှောက် (ဝါးယောင်းကြောင်ပြောက်) ဆိုသည့် အကောင်ကြီးမျိုးတို့သည်လည်း တောတောင်တို့အတွင်း သူတို့နှင့် ထိပ်တိုက်တိုးလိုက်မိပါက အတွေ့အကြုံနည်းပါးသူတို့အဖို့ (ကျားသစ်/သစ်ဆင်)တို့လို အကောင်မျိုးနှင့် မှားယွင်းကာ အမှတ်မှားကြသည်ကလည်း အကြိမ်ကြိမ်။

ထိုကဲ့သို့ ကြီးမားသည့် တောကြောင်မျိုးတွေ ရှိကြသလို၊ အခြားတောကြောင်မျိုးစိပ်ဆိုသည်တို့ ကလည်း အရွယ်အစားအမျိုးမျိုး၊ အိမ်တွင် မွေးမြူထားသည့်ကြောင်တို့ထက် ကြီးမားကြသည့် အကောင်မျိုးချည်းရယ်သာ။

ထိုကဲ့သို့ ကြောင်မျိုးစိပ်အတော်များများ ရှိကြသည့်အထဲမှ ယခု ဝါးကုန်သည် ဦးလေးမြ မှာသည့် သူ့သမီး ပန်းနာရင်ကျပ်ကလေးကို ကျွေးဖို့မှာသည့် ကြောင်ငပိဆိုသည့် အကောင်မျိုးက အခြားသော တောကြောင်တို့နှင့် မတူ၊ ထူးထူးခြားခြားရှိနေသည့် တောကြောင်တစ်မျိုးပင်။

အဘယ့်ကြောင့်ဆိုသော် အခြားသော တောကြောင်တို့လို ကြီးမားသည့် အမျိုးအစားမဟုတ်။ အလွန် အမင်း သေးငယ်သည့် တောကြောင်မျိုး၊ အလွန်ဆုံးကြီးသည့်အကောင်မှ မြေကြွက်နီးပါးလောက်ပင်။

ပို၍ထူးခြားသည့်အချက်က တောကြောင်မျိုးစိပ်တွင် ပါဝင်သော်လည်း အခြားသော တောကြောင်တို့ကဲ့သို့ အသားနှင့် ငါးကို မစား။

နေထိုင်အိပ်စက် သားချသည်ကလည်း အခြားသော တောကြောင်မျိုးကဲ့သို့ သစ်ပင်သစ်ခေါင်းထက် လိုဏ်ခေါင်းနှင့် ဂူတို့အတွင်းမျိုးမဟုတ်။ ကြွက်များကဲ့သို့ မြေတွင်းတူးကာ နေထိုင်ကြသည့် အကောင်မျိုး။

စားသည့် အစားကလည်း သားငါးမဟုတ်၊ သစ်သီး၊ သစ်ဥ၊ သစ်ဖုကို သစ်ပင်ထက်ဆီသို့ တက်ရောက် စားသောက်တတ်ကြ သည့် အကောင်မျိုး။

ပိုမိုထူးခြားသည့် အချက်က ထိုကြောင်မျိုးမှ ထွက်သော အနံ့သည် ငပိနံ့ထွက်ခြင်းပင်။ ထို တောကြောင်ကလေးကို ရလိုက်လျှင် သူ့ကိုယ်မှထွက်သော အနံ့သည် ငပိအိုးကို အဖုံးဖွင့်ထားသည့်နှယ်။

ထိုတောကြောင်ကို ရေနွေးဖျော၊ အမွေးကိုခြစ်၊ အတွင်းကလီစာကို ထုတ်၍ ချက်ပြုတ်စားလျှင်သော်လည်းကောင်း၊ မီးကင်စားလျှင်သော်လည်းကောင်း၊ ထိုငပိနံ့ ပျောက်သွားကာ စား၍ အလွန်ကောင်းသည့် အသားပင်။

အနီးစပ်ဆုံး ပြောရလျှင် အိမ်ဝက်များကဲ့သို့ အခေါက်၊ အဆီ၊ အသားတို့နှင့် သုံးထပ်သားမျိုး။ သို့အတွက် ထိုတောကြောင်မျိုးကို တောသူတောင်သားတို့က ကြောင်ငပိဟူ၍ အမည်တပ်ကြသည်လားတော့ဖြင့် မသိ၊ မည်ကဲ့သို့ ဆေးဖက်ဝင်သည်တော့ဖြင့်မသိ။

ယခု ဦးမြပြောသော စကားအရဆိုလျှင် ပန်းနာရင်ကျပ်အတွက် ကောင်းသည့် ဆေးဖက်ဝင်အသားပင်။

အထူးသဖြင့် ထိုအကောင်မျိုးကို တောသူတောင်သားတို့က အိမ်မွေးခွေးတို့နှင့်အတူ တောသို့ဝင်ရောက်ကြသည့်အခါ သူ့အနံ့ကို ခွေးတို့က ရရှိသဖြင့် တွင်းပေါက်ကိုနမ်းကာ သခင်ဖြစ်သူကို အသိပေးသလို၊ သူတို့ ကိုယ်တိုင်ကလည်း ယက်ဖယ်တူးဆွ ကြသည်။ ထိုအခါ တွင်းကို လူတို့က တူးဆွကာ ဖမ်းယူချက်ပြုတ်စားသောက်ကြပေသည်။

“တော်ပြောမှပဲ ကျုပ်လည်း သတိရတော့တယ်၊ မေ့နေလိုက်တာ။ ဒီနေ့ ကျုပ်မှတ်ထားတဲ့ မှိုကျင်းကို နှုတ်ရမယ့်နေ့ပဲ။ တော် တောလည်သွားရင် ခွေးကိုပါ ခေါ်သွားဦးမလား။ မိုးကို စိတ်မချလို့ ဓနိထိုးတာ မဲနေရင်း မေ့သွားတယ်”

“မခေါ်တော့ဘူး၊ နင်ခေါ်သွား။ ကျက်ပြီလား၊ စားပြီးရင် ထွက်လိုက်ကြရအောင်”

“ကျက်တာကြာပြီပေါ့၊ ဟိုဘက်အိမ်က ဆန်းလွင် ဆတ်တစ်ကောင်ရလို့ ဟင်းစားပို့ပေးလို့ ချက်ထားတယ်။ စားပြီး ထွက်လိုက်ကြရအောင်။ ကျုပ် လက်စသပ်လိုက်ဦးမယ်”

“ဒါနဲ့ တော်က ဘယ်ကိုသွားမှာလဲ။ ကျုပ်က ပန်းတောကုန်းနောက်ကျော ဝါးကောက်တောတင်ပဲ”

“ငါ သရက်ကုန်းဘက် သွားမယ်။ အုန်းနှဲကွင်းကိုဖြတ်ရင်း ကျွဲရိုင်းပစ်လို့လည်း ရတယ်ကွ”

ဇနီးဖြစ်သူ စန်းမြက လုပ်ငန်းကို လက်စသပ်ကာ ထမင်းခူးနေစဉ် ကိုဦးက သူ့လက်စွဲတော် ဒူးလေးကိုဖြုတ်၊ မြားကျည်ထောက်အတွင်းမှ မြားတို့ စစ်၊ အဆိပ်ပုလင်းနှင့် မုဆိုးအသုံးအဆောင်တို့ကိုထည့်ကာ အသင့်ပြင်ဆင်ထားလိုက်ပြီး ထမင်းစားလိုက်ကြသည်။ ဟင်းက ဆတ်သားချက်ဟင်း၊ ညောင်ချဉ်ဖူးနှင့် ငါးကို ရောချက်ထားသည့် ဟင်းချိုအရည်သောက်၊ ကြိမ်ခါးဖူးပြုတ်အတို့နှင့်မို့ စားကောင်းနေသည်။

“နေပါဦး၊ နင့်သမီး မတွေ့ပါလား … ဘယ်သွားနေလဲဟ”

“သပြေချိုး သွားတယ်လေ။ ပြီးရင် ဖောက်သယ်ဝင်ပေးမှာ ပြန်လာတော့မှာပါတော်။ တော်ကြာဆို …”

ထိုစဉ် သမီးဖြစ်သူ မိတင်အေးကို မြင်လိုက်သဖြင့် အိပ်စက်နေသည့် ခွေးနှစ်ကောင်က ခေါင်းထောင်လိုက်ရင်း အိမ်အောက်ကို ပြေးဆင်းပြီး ခရီးဦးကြိုပြုလိုက်သည်။

“အဖေနဲ့ အမေတို့ လင်မယားက ထမင်းတောင် စားနေကြပြီလား။ သမီး အပြန်ကိုတောင် မစောင့်တော့ဘူး”

မျက်စောင်းချိတ်ကာ အငေါ်တူးလိုက်သည့်အတွက် ကိုဦးက …

“ဟဲ့ .. ဒါ လူတွေ စားနေကြတာဟ၊ နင်တို့မောင်နှမသုံးယောက်က တို့စားပြီးတော့ အတူတူ တစ်ဝိုင်းတည်း စားလိုက်ကြပေါ့”

သမီးဖြစ်သူကို ခွေးနှင့်အတူစားရန် နောက်ပြောင်လိုက်သည့်အတွက် ချစ်စနိုးအမူအရာလေးနှင့် မျက်စောင်းထိုးလိုက်ရင်း

“ဟွန်း . . . ”

သမီးဖြစ်သူအပြုအမူကြောင့် စားနေသည့် သူတို့လင်မယား ရယ်ပွဲကလေး ဖြစ်သွားကြပေသည်။

မိတင်အေးဆိုသူလေးက သူတို့နှစ်ဦး၏ တစ်ဦးတည်းသော သမီးလေး။

အသက်က ၂ဝကျော်ကျော်၊ အရပ်က ခပ်မြင့်မြင့်၊ အသားက ညိုညို၊ မျက်နှာ သွယ်သွယ်၊ မေးကလည်း ခပ်သွယ်သွယ်၊ မျက်လုံးမျက်ဖန် လှလှ၊ နှာတံစင်းစင်း ညိုညက်ညက်ကလေးနှင့်မို့ ထိုရွာနှင့် ဝန်းကျင်ရွာတို့တွင် ကွမ်းတောင်ကိုင်။

ဖျဉ်ကြမ်းအင်္ကျီကလေးကို ဝတ်၊ ထဘီတိုတိုနှင့် ခေါင်းခုလုပ်သည့် ဖခင် ပုဆိုးဟောင်းကလေးကို နေကာအဖြစ် ခေါင်းတွင်ပတ်ထားသော သမီးက ချွေးတို့ကို လုံချည်နှင့် သုတ်နေစဉ် မိခင်ဖြစ်သူက

“တစ်ခါတည်း ဝင်စားလိုက်ပါလား၊ ငါတို့လည်းစားပြီး ထွက်ကြတော့မလို့”

“အမေပါ လိုက်သွားမလို့လား”

“တစ်ယောက်တစ်လမ်းစီပါဟယ်။ ငါက ဝါးကောက်တောမှိုကျင်းဆီ သွားမှာ။ နင့်အဖေက တစ်လမ်း၊ ဓနိပျစ်တွေဆက်ပြီး ထိုးထားလိုက် ကြားလား”

သူတို့နှစ်ဦး စားသောက်ကြပြီး ခွေးနှစ်ကောင်ကို အစာကျွေးပြီးမို့ လိုအပ်သည့်ပစ္စည်းတွေကို သယ် ဆောင်ကာ ဦးတည်ရာတို့ဆီသို့ ထွက်ခဲ့ကြသည့်အချိန်၊ မိတင်အေးက ထမင်းစားရင်း ကျန်ရစ်ခဲ့ပေသည်။

xxx xxx xxx

မစန်းမြတစ်ယောက် လင်တော်မောင်၏ ပုဆိုးဟောင်းတစ်ထည်ကို ခေါင်းခုလုပ်ကာ မှိုထည့်ရန် တောင်း (ခြင်းတောင်း)အတွင်း၊ တောအသုံးအဆောင်ပစ္စည်းများကို ထည့်ကာ၊ လက်တစ်ဖက်က ကိုင်းခုတ် ဓားကိုကိုင်ရင်း၊ အမဲလိုက်ခွေး၂ကောင်ကို ခေါ် လျက် ပန်းတောကုန်းရွာ အနောက်ဘက်၊ ဝါးကောက်တောအတွင်း မှိုကျင်းရှိရာဆီသို့ ထွက်ခဲ့ပေသည်။

သူမနှင့် လိုက်ပါလာကြသည့် အမဲလိုက်ခွေး၂ကောင်က အမဲလိုက်ကောင်းပြီး အနံ့သေကာ၊ ရေဆုံးရေ ဖျားလိုက်ပြီး သခင်ရှိရာဆီသို့ သားကောင်ကို ပြန်ပို့ပေးသည့် ခွေးမျိုးများပင်။ သတ္တိလည်းကောင်းသလို အားလည်း ကိုးရသည့် ခွေးများဖြစ်သည်။
တစ်ကောင်အမည်က ထန်းသီးဖြစ်ပြီး ကျန်တစ်ကောင်အမည်က အုန်းသီး ဖြစ်သည်။

သူမလျှောက်လှမ်းနေသည့် တောက ဝါးကောက်တောဆီသို့။ ထိုဝါးကောက်တောက သူတို့ရွာနှင့် သိပ်ဝေးသည်တော့ မဟုတ်။ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီးဝန်ထမ်းကျောင်း) ကြီး၏ နောက်၊ သေနတ်ပစ်လေ့ကျင့်ကွင်း(စက်ပစ်ကွင်း)နောက်၊ ပဲခူးရိုးမကြီးနှင့် တစ်ဆက်တစ်စပ်တည်း၊ ရိုးမကြီးနှင့်ဆက်စပ်နေသည့် တောမို့ တောတွင်းနေသားကောင်တို့နှင့် အချိန်မရွေး တိုးနိုင်သည့်နေရာမျိုးဆိုသော် လည်း၊ လူကို အန္တရာယ်ပေးလောက်သည့် အကောင်မျိုးတော့ တွေ့ရခဲကြုံခဲသည်။

အထူးသဖြင့် ထိုတောတွင်ရှိသော တွေ့ရတတ်သည့် အကောင်တို့မှာ ဆတ်၊ ဒရယ်၊ ဂျီနှင့် တောဝက်၊ တောကြောင် တောယုန်၊ ပွေးမြွေအမျိုးမျိုး၊ ဖွတ်၊ သင်းခွေချပ်တို့အပြင် ကြက်တူရွေးအုပ်၊ တောကြက်၊ ရစ်၊ အောက်ချင်းငှက်၊ ငှက်ဝါးယောင်း စသည်တို့အပြင် ချိုးအိပ်တန်းများ တက်ကြသည့် တောကြီး။

ခွေး၂ကောင်မှာ ယခုအချိန်တွင် သူတို့သခင်မနှင့် လိုက်ခဲ့ကြရသည်မို့ မြူးတူးပျော်ရွှင်နေကြဟန်ထင့်။ ဝန်းကျင်တောချုံပင်တို့အတွင်း တိုးကာ ပြေးဝင်သွားလိုက်၊ ပြန်ပြေးကပ်လာလိုက်၊ အမြီးကိုတနှံ့နှံ့လုပ်ကာ ခေါင်းနှင့်ဝေ့တိုက်၊ ရှေ့ဆီက တောချုံ ပုတ်များအတွင်း ပြေးဝင်ကာ သားကောင်အနံ့အသက်ကို ရှာလိုက်နှင့်။

“သားတို့ရေ၊ ခဏလာကြဦးဟေ့ … ဒီကို … ဒီကို”

စန်းမြက လှမ်းလက်စကို ရပ်လိုက်ပြီး ခေါင်းတွင် ရွက်ထားသော တောင်းကို မြေပြင်သို့ချ၊ ထန်းလျက် ထုပ်အတွင်းမှ ထန်းလျက်နှစ်ခဲကို ထုတ်ကာ အနီးသို့ရောက်လာကြသည့် ခွေးတို့အား တစ်လုံးစီကျွေးလိုက်သည်။ ခွေးတို့မှာ သခင်မကျွေးသည့် ထန်း လျက်ကို စားလိုက်ကြရသည့်အတွက် ယခင်ထက် ပိုမိုပျော်မြူးခုန်ပေါက် ဆော့ကစားနေပေသည်။

အတန်ကြာကြာ လျှောက်လှမ်းလိုက်ကြတော့ တောင်ဘက်ရှိ တောချုံပင်ကြီးအတွင်း ပြေးဝင်သွားလိုက် ရင်းက ချုံတိုးသံတို့ ပျောက်သွားသည်။ ဘာသံမှလည်း မကြားရ၊ သားကောင်ကို တွေ့မြင်သည့်အသံ၊ အနံ့ရသည့် အသံကိုလည်း မပေးသည့်အတွက် နေ ရာတွင် ရပ်တန့်ကာ နှုတ်ကလည်း

“ဟိုနှစ်ကောင် သားတို့ ပြန်လာခဲ့ကြ။ အချိန်လေးရှိနေတုန်း သွားလိုက်ကြရအောင်”

ငြိမ်ချက်သားကောင်းနေသည့် ခွေး၂ကောင်က သူတို့သခင်မစကားကို နားလည်သည့်အလား သူမထံသို့ ပြေးလာသည်မို့ ဆက်လက်လျှောက်လှမ်းလိုက်ကြပြန်သည်။

တစ်နေရာအရောက် ခွေးတို့က ရှေ့ကိုပြေးလိုက် ကြရင်း ဝါးရုံတောကြီးအောက် အရောက် ဟိုမှာဘက်ဆီသို့ လှမ်းမျှော်ကြည့်နေသည့်အတွက် သူမကလိုက်လံကြည့်လိုက်ရာ ခပ်လှမ်းလှမ်းဆီရှိ ဝါးရုံပင်ကြီးအောက်ဆီတွင် ဝါးရွက်ခြောက်တို့ကို ယက်ဖယ်ကာ ခြကောင်ငယ်တို့ကို စားသောက်နေကြသည့် အကောင်၂ဝထက် မနည်းသောတောကြက်တစ်အုပ်ကို တွေ့မြင်လိုက်ရပေသည်။

သူတို့၏ လှုပ်ရှားမှုကို မြင်တွေ့လျှင် ထွက်ပြေးမည့်အတွက် ငြိမ်သက်စွာနှင့် အလှမ်းဝေးကွာသဖြင့် လက်မှိုင်ချကာ ငိုင်တွေတွေအကြည့်နှင့် ကြည့်နေသည့်ပုံမျိုး။

“ကဲ ဆက်လိုက်ကြမယ်ဟေ့။ မချင့်မရဲဖြစ်မနေကြနဲ့။ နင်တို့အဖေပါလို့ရှိရင် လှမ်းပစ်လို့ရသေးတယ်။ အခု ငါ့လက်ထဲမှာ ဓားပဲပါတယ်။ အဝေးကြီးကို ဘာမှ လုပ်လို့မရဘူးဟေ့”

သခင်မစကားကို နားလည်သော ခွေး၂ကောင်က တောကြက်အုပ်ကို လက်လျှော့ကာ နောက်ကြောင်းကို ပြန်လှည့်ပြီး ဦးတည်ရာဆီသို့ သွားလိုက်ကြပြန်သည်။ တောကား တိတ်ဆိတ်လျက်ရှိသည်။ ကျေးငှက်တို့၏ အော်မြည်သံ၊ တောကြက်တွန်သံတို့ကိုပင် မကြားရ။ ပကတိ ငြိမ်သက်နေသည်ဆိုသော်လည်း ပျင်းရိပျင်းတွဲ ကူနေသည့် ချိုးတစ်ကောင်အသံကိုတော့ ဖက်သမ်းပင်ထိပ်ဖျားထက်ဆီမှ ကြားနေရသည်။

လက်တွင် ကိုင်းခုတ်ဓားကို ကိုင်လျက် ခံတောင်းကိုခေါင်းပေါ်ရွက်ထားသော စန်းမြတစ်ယောက်၊ ခွေး၂ ကောင်နှင့် ဝါးကောက်တောစပ်ဆီသို့ ရောက်ပြီမို့ သူမှတ်ထားသည့် မှိုကျင်းရှိရာဆီသို့ ဦးတည်လိုက်သည်။

ရှေ့မှ သွားနေသော အမဲလိုက်ခွေး၂ကောင်က မြေပြင်ကို တရှုံ့ရှုံ့နမ်းကာ အနံ့ခံလျက် သွားနေကြရင်းက တစ်ဟုန်ထိုး ပြေးလိုက်သွားကြသည်။ မည်သည့်အကောင်၏ အနံ့ကို ရရှိသည်တော့ဖြင့်မသိ။ အနံ့ကို ရလိုက်သဖြင့် ပြေးလိုက်သွားကြသော သူတို့ နှစ်ကောင်သည် တစ်နေရာတွင် ရပ်တန့်ကာ ဟောင်သံပေးပြီး မှိုကျင်းရှိရာဆီသို့ ပြေးသွားကာ သားကောင်ကို လှည့်ပတ်ကာ ဟောင်သံပေးရင်း သူတို့ သခင်မကို သူတို့ဆီသို့ အမြန်လာရောက်ရန် ခေါ်နေသည့် ဟောင်သံမျိုးမို့ စန်းမြက ပြေးလွှားသွားလိုက်ရင်း အနီးသို့ ရောက်တော့မှ လှမ်းကြည့်လိုက်ရာ

“ဟယ်တော့ … မြွေက ငါ့အရင် ဦးအောင် ရောက်နေပါပကောလား”

အမှန်တော့ မှိုကျင်းကို သွားရောက်နှုတ်သည့်အခါ မြွေနှင့် တွေ့နိုင်သည်ကို မုဆိုးတစ်ယောက်၏ဇနီး ဖြစ်သည့် စန်းမြအတွက် အဆန်းတော့ မဟုတ်။

ယခင်တွေ့ကြုံခဲ့ဖူးသည့် အကောင်တို့က အလွန်ကြီးမှ လက်ကောက်ဝတ်အလုံးခန့်။ ယခု ခွေး၂ ကောင်က ဝိုင်းပတ်ဟောင်နေသည့် မြွေက သူမ၏ ခြေသလုံးနီးပါးခန့် ကြီးမားသည့် အကောင်ကြီးတစ်ကောင်ပင် ဖြစ်သည့်အတွက်ပင်။

မှိုဆိုသည်ကလည်း ရိုးမကြီးဘက်ဆီတွင် မိုးဦးပိုင်းနှင့် မိုးလယ်ပိုင်းတို့တွင်သာ ပေါက်ကြသည်ဆို သော်လည်း ယခုအချိန်က မိုးဦးပိုင်းသို့ ရောက်တော့မည့်အချိန်မို့ သင်္ကြန် လက်ဆေးမိုး ၂ကြိမ် ရွာသွန်းခဲ့ပြီးသည့် နောက်ပိုင်းအချိန် မိုးဦးကျကာလမျိုးဟု ဆိုရမည်။ သို့အတွက် သူတို့နေထိုင်သည့်တဲကို ပြန်လည်မိုးကာရန်အတွက် ဓနိများကို ထိုးနေရပြီ မဟုတ် ပါလား။

ယခုကဲ့သို့ အချိန်အခါမျိုးတွင် ငှက်စို့မှို၊ တောင်ပို့မှိုတို့ထွက်သည့် ကာလမျိုး။

မိုးလယ်ပိုင်းတို့တွင် မှိုအုန်း၊ နက်ဝါးရုံမှို၊ ဂျီမှို၊ ဆန်ကွဲ၊ မှိုအဂ္ဂ၊ မှိုဥ၊ နွားချေးမှိုတို့ ထွက်သလို၊ မိုးစမှ မိုးကုန်သည့်ကာလထိတိုင် အခြားသော အရွယ်အစားအမျိုးမျိုး၊ အရောင်အဆင်းအမျိုးမျိုးသော မှိုတို့က စဉ်ဆက်မပြတ်ထွက်နေကြသည်။

သို့သော် မှို ရှာကြသူတို့က ဘယ်မှိုစားလို့ကောင်း သည်၊ ဘယ်မှိုက အဆိပ်အတောက်ဖြစ်သည်ကို သူတို့သဘာဝအရ သိထားကြသည်။

နောက်တစ်ချက်ကလည်း မှိုကျင်းကို ရှာဖွေတွေ့ရှိထားသူတစ်ယောက်သည် ထိုကျင်းကို မည်သူ့ကိုမျှ ပြောပြလေ့မရှိ။ ပြောပြလိုက်ပါက ထိုမှိုကျင်းသည် နေရာပြောင်းသွားတတ်သည်ဟူသော အယူအဆအစွဲ ရှိသလို အခြားသူ သိရှိသွားပါက ကိုယ့်အရင် ဝင်ရောက်နှုတ်ယူသွားသည်ကိုလည်း စိုးရိမ်သည့်အတွက် ဖြစ်သည်။

ယခု မှိုကျင်းဆီသို့ ခွေး၂ကောင်နှင့် ရောက်ရှိနေသည့် စန်းမြတစ်ယောက်ကိုယ်တိုင်ကလည်း သူ့ခင် ပွန်းဖြစ်သူအား မှိုနှုတ်ရန် ဝါးကောက်တောဆီသို့ သွားမည်ဟုသာ ပြောသည်။ ဝါးကောက်တော၏ ဘယ်နေရာ ဆိုသည်ကို မပြော။ ခင်ပွန်းဖြစ်သူက လည်း မမေးတော့။ ရိုးရာအစွဲအလမ်းလို ဖြစ်နေကြသည်ပဲကိုး။

သို့အတွက် ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ဦးတည်ရာဆီသို့ လမ်းခွဲထွက်လာခဲ့ခြင်းရယ်သာ။

အထူးသဖြင့် မှိုကျင်းတွေ့ထား၍ အချိန်ကျသဖြင့် လာရောက်သောသူသည် နောင်နှစ် ယခုလို မှိုထွက် သောအချိန်ကို ရက်၊ လ၊ နှစ်ကို မှတ်သားထားပြီး နောက်နှစ် ယခုလို နေ့ ရက်မျိုးကို တိကျစွာ မှတ်သားပြီး သွားရောက်နှုတ်ယူပါမှ စားလို့လည်း ရသလို၊ ရောင်းချလို့လည်းရသည်။

တစ်ရက်နောက်ကျသွားသည်နှင့် မှိုတို့က ဖူးရာမှပွင့်၊ ပွင့်ရာမှ ရော်ရဲပုတ်သွားတတ်သည်။ ကြားကာလ ၄ရက် အလွန်ဆုံးပင်။ သို့အတွက် မှိုကျင်းကို မှတ် ကြရာတွင် မြေပြင်ကိုထွက်သည့်အချိန်ကိုလုကာ ကိုယ့်မှိုကျင်း ကိုယ်ဖော်ကြရခြင်းပင်။

သို့သော်လည်း ယခု စန်းမြ ဖော်လိုသည့်မှိုက ဂျီမှိုမျိုး။ အထူးသဖြင့် ထိုမှိုမျိုးက မိုးလယ်တွင်သာ ထွက်သည့်အမျိုး။ ယခုမူ ဘယ်လိုအကြောင်းကြောင့် သူ့နေရာသူ ပုံမှန်မပေါက်ဘဲ ဝါးကောက်တောကြီးအတွင်း အချိန်မဟုတ်ဘဲ လာရောက်ပေါက်နေသည့် မှိုကျင်းကို သူမ တွေ့ထားသည်။

ထိုရှားပါးသောမှိုက စောစောစီးစီး ထွက်နေသည်။ ရှားပါး၍ စား၍ အလွန်ကောင်းသော မှိုမျိုးဖြစ်သဖြင့် ထိုကျင်းကို လက်လွတ်ဆုံးရှုံးခံလို့က မရ။ အမှန်တော့ စား၍ကောင်းသည့် မှို၊ အဆိပ်အတောက်မဖြစ်သည့် မှိုတို့ ဆိုသည်က သစ်တောထူထပ်ရာ အောက်ခြေရင်းတွင် မြေပြင်တို့ထက်တွင်သာ ပေါက်တတ်ရာ၊ မြက်ပင်ထူသော နေရာ၊ ကျောက်သားဆန်သော မြေမျိုးကိုလည်း မကြိုက်နှစ်သက်။ သို့အတွက် မှိုရှာကြသူတို့မှာ သစ်တောများ ထူထပ်စွာပေါက်သည့်နေရာများကိုသာ ရှာမှ ရရှိနိုင်ကြပေသည်။

ယခု စန်းမြက မှိုကျင်းကို ရှာနေရသူမဟုတ်။ တွေ့ရှိမှတ်သားထားသည့်နေရာကို အချိန်စေ့ သတ်မှတ်ရက်ရောက်သည့်အတွက် လာရောက်ဖော်မည့်သူ၊ သူမ ဖော်ရမည့်နေရာက သစ်တောကြီးအတွင်းမဟုတ်။ ထူထပ်သိပ်သည်းစွာ ပေါက်နေသည့် ဝါးကောက်တောကြီးအတွင်းဆီရယ်သာ။

ယခု သူမဖော်ယူမည့် ဂျီမှိုမျိုးဆိုသည်က အခြားမှိုများနှင့် မတူ။ မှိုသားက မာကျောပြီး အသားဟင်း တွေကို စားရသလို စေးစေးပိုင်ပိုင်လည်း ရှိသည်။ လူကြိုက်လည်း များသည်။ ရောင်းမည်ဆိုကလည်း လက်မလည်အောင် ရောင်းရပြီး စျေးကောင်းကိုလည်း ရသည်။ ရှားပါးပြီး တန်ဖိုးကြီးသည့် မှိုမျိုးပင်။

ဂျီမှို၏ အရောင်အဆင်းက (နီညို၊ အနီ၊ အဝါ၊ အညို) စသည်ဖြင့် အရောင်များ ကွဲပြားကြသော်လည်း အပွင့်တူသလို အရသာလည်း တူကြသည်။ ဂျီသတ္တဝါကောင်၏ အရောင်အသွေးနှင့် တူညီသည့်အတွက် ဂျီမှိုဟု ခေါ်ကြသည်လားတော့ဖြင့် မသိ။

ရှေ့မှ ပြေးလွှားသွားနေသည့် ခွေး၂ကောင်က သူတို့အနံ့ရလိုက်သည့် အကောင်ကို တွေ့လိုက်ရသည့် အလား မြေပြင်ထက်သို့ ဝပ်ချလိုက်သည်။

ဦးခေါင်းကို ထောင်၊ နားရွက်တို့ကို စွင့်ကာ ပါးစပ်ကိုဖြဲ၊ သွားစွယ်ကြီးတို့ကို ထုတ်လျက် တဟဲဟဲ မာန် သွင်းကာ မှိုကျင်းရှိရာဆီသို့ စိုက်ကြည့်နေကြသဖြင့် လိုက်လံကြည့်လိုက်ရာ ထိုနေရာဆီတွင် လေမိုးဒဏ်ကြောင့် ပြိုလဲနေသော သစ်လဲပင်ကြီးတစ်ပင်
ကြောင့် အရွက်တို့က ပိတ်ဆို့နေသည်။ နောက်တွင် ချုံတန်းတစ်ခု။

ထိုသစ်လဲပင်ရှိရာသည် မှိုကျင်းရှိရာ ဖြစ်သဖြင့် တစ်ခုခုထူးခြားနေပြီဟူသော အသိနှင့် ရွက်ထားသည့်တောင်းကို မြေပြင်သို့ချလိုက်ပြီး ကိုင်ဆောင်ထားသည့် ကိုင်းခုတ်ဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း သစ်လဲပင်အရွက် များတို့အကြား လိုက်လံရှာဖွေကာ ကြည့်နေလိုက်မိပေသည်။

“ဝေါင်း … ဝေါင်း … ဟဲ”

မြေပြင်တွင် ဗိုက်ကပ်ဝပ်စဉ်းနေသည့် ခပ်ခွာခွာနေရာယူထားကြသည့် ခွေးတို့က သူတို့အနံ့ကို ရသဖြင့် ပစ်မှတ်ထားသည့် သားကောင်ကို တွေ့သည့်အခါ သခင်ကို အသိပေးသည့် အသံမျိုးနှင့် မာန်သွင်းဟိန်းဟောက်လိုက်ပြီး သစ်လဲပင်အရှုတ်တောချုံပုတ်ကြီးကို ဘယ်ညာခွဲကာ ပြေးဝင်တိုးကပ်လိုက်သည်။ ထိုစဉ် …

“ရွှီး … ဖျီး … ဖျီး … ဖျီး”

.. ကျီး”

သစ်လဲပင်ကြီး၏ ရှုပ်ထွေးနေသည့် အကိုင်းအရွက်တို့အကြားမှ ငေါက်ခနဲ ထိုးတက်လာသည့် သွဲ့ ပြောင်းသော အရာတစ်ခုက တရွှီးရွှီး တဖြီးဖြီးဖြင့် ထိုးထိုးထောင်ထောင် ဖြစ်လာသည့်အတွက် လှမ်းကြည့်လိုက်စဉ် …

“ဝေါင်း … ဝေါင်း”

အမဲလိုက်ခွေး၂ကောင်က ရှေ့တစ်ကောင် နောက်တစ်ကောင် ညှပ်လိုက်သည်။ ရှေ့မှ ခွေးကို အမဲလိုက် မာန်ဖီနေသည့် မြွေအား နောက်ဘက်ရှိ ခွေးက အမြီးကို ဝင်ရောက်ကိုက်ခဲ ထိုးဟပ်လိုက်သည့်အတွက် မြွေကြီးက နောက်ကြောကို ရုတ်ချည်းလှည့်ကာ
အပေါ်စီးမှ ပေါက်ချလိုက်သော်လည်း အမဲလိုက်ခွေးများပီပီ ကိုယ်ကိုတွန့်ကာ လှိမ့်ပြီး ရှောင်တိမ်းလိုက်သည့်အတွက် ပေါက်ချက်လွဲသွားပေသည်။

ဦးခေါင်းနောက်ကို လှည့်လိုက်သဖြင့် ရှေ့မှ ခွေးက ချုံတောအတွင်း တိုးဝင်လိုက်ပြီး မြေပြင်တွင် ခွေနေသည့် ကိုယ်လုံးအား ဆွဲဟပ်လိုက်ရာ အသားစတို့ ပဲ့ပါသွားသည်နှင့်အတူ မြွေကြီးမှာ ဒေါသနှင့် တရွှီးရွှီး တဖြီးဖြီးနှင့် ရှေ့ကို ငိုက်သွားလိုက်၊ နောက်ကခွေးက ဝင်ဆွဲလိုက်နှင့်မို့ ခေါင်းထောင်နေသည့် မြွေကြီးကို စန်းမြ အသေအချာ ကြည့်လိုက်မိပေသည်။

“ဪ … ငါနှုတ်မယ့် မှိုကျင်းကို ငါ့အရင် သူကဦးအောင် ရောက်နှင့်နေတာကိုး”

တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စန်းမြတစ်ယောက် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း အမဲလိုက်ခွေး၂ကောင်က ချုံနွယ်တောကို ဝိုင်းပတ်ကာ လှည့်ပတ်ဟောင်နေရင်း ရှေ့ကို မဲနေစဉ် နောက်ကအကောင်က အလစ်အငိုက် ဝင်ရောက်ကိုက်ခဲနေသည့် တိုက်စစ်အသွင်ကြောင့် ရှေ့ကို တိုးလို့မရသလို၊ နောက်ကြောင်းကိုလည်း ပြန်ဆုတ်လို့မရ ဖြစ်နေသည့် မြွေကြီးကို သူမ လှမ်းကြည့် အကဲခတ် ရင်း လက်မှဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အသာကြည့်နေလိုက်သည်။

သူမ မြင်တွေ့နေရသည့် ခွေးများကို ပြန်လည်ရန်မူဖို့ ကြိုးစားနေသည့် မြွေကြီးသည် သာမန်မြွေတစ်ကောင်မဟုတ်။ ငန်းမြွေကြီးတစ်ကောင် ဖြစ်နေသည်ကို အမြင်အရရော သူ့ထံမှ ထွက်လာသည့် အနံ့အသက်ကြောင့်ပါ ငန်းမြွေကြီးတစ်ကောင်ဖြစ်သည်ဟု သုံးသပ်လိုက်ရခြင်းပင်။

အဘယ့်ကြောင့်ဆိုသော် ငန်းမြွေတို့ဆိုသည်က ယခုကဲ့သို့ အကောင်ကြီးလျှင် ညှီစို့စို့ အနံ့ထွက်သည့်အတွက်ကြောင့်ပင်။ ငန်းမြွေကြီးတစ်ကောင်ဟု သူတွေးထင်လိုက်သော်လည်း ဘယ်ကဲ့သို့ ငန်းမြွေမျိုးဖြစ်သည်ကို အသေအချာ ထပ်မံကြည့်လိုက်မိပြန်သည်။

မြွေကြီးက နောက်ဘက်မှ သူ၏ အမြီးကို ဝင်ရောက်ကာ အလစ်အငိုက် ဝင်ရောက်ကိုက်ခဲနေသည့် ခွေးကို မဲနေသည့်အတွက် ကိုင်ဆောင်ထား သည့်ဓားနှင့် ဝင်ရောက်ခုတ်ပိုင်းရန် စဉ်းစားလိုက်မိသော်လည်း မလုပ်ရဲသေး။

အဘယ့်ကြောင့်ဆိုသော် ငန်းမြွေဆိုသည့်အကောင်မျိုးက အဆိပ်အတောက် လွန်စွာပြင်းထန်သလို၊ အငြိုးအတေး အလွန်အားကြီးကာ ဒေါသအမျက်ကလည်း ပြင်းထန်ကြသည် မဟုတ်ပါလား။

ယခု သူမ တွေ့နေသည့် မြွေကြီးက ဖြန့်ကားထားသည့် ပါးပျဉ်းကြီးကပင် ထမင်းစားပန်းကန်ပြားတစ်ချပ်လောက်နှင့် ရှည်ရှည်ဝိုင်းဝိုင်းကြီး။ ဒေါသနှင့်မို့ ရဲရဲတောက်နေသည့် မျက်လုံးအစုံ၊ မည်းနက်ရှည်လျားသည့် လျှာနှစ်ခွကို သွားစွယ်ကြီးတို့အကြားမှ ထုတ်လိုက်သွင်းလိုက် တရွှီးရွှီး တဖြီးဖြီး မာန်ဖီကာ ခွေး၂ကောင်ကိုပေါက်ရန် ကြိုးစားနေသော်လည်း သူရန်လုပ်နေသည့် ခွေးတို့က အမဲလိုက်ခွေးတို့မို့ အကြိမ်ကြိမ် လှမ်းပေါက်နေသော်လည်း ထိရောက်မှုမရှိ။

ဘယ်လိုမှ ပေါက်လို့မရသည့်အတွက် ဒေါသပို ထွက်ကာ တဖြည်းဖြည်းနှင့် သူ့အသံကြီးက စောစောကအသံမျိုး မဟုတ်တော့ဘဲ တဟောဟောနှင့် ဘဲငန်းကြီးတစ်ကောင် အသံမျိုး ထွက်လာသည်။

သို့အတွက် ငန်းမြွေဟု ခေါ်ကြသည်လားတော့ မသိဟု သူမ တွေးတောနေလိုက်သည်။

မြွေကြီးက ပါးစပ်ကြီးကို ဖြဲ၊ လျှာနက်နက်ကို ထုတ်လိုက်သွင်းလိုက် ခပ်စောင်းစောင်း အနေအထားမျိုးဘက်ကို အားပြုကာ တိုက်ကွက်ပြောင်းလာသည်မို့ ငန်းစောင်းဟု သူမ ယူဆလိုက်သည်။ လုံးပတ်က သူမ ခြေသလုံးနီးပါးခန့် ဆိုသော်လည်း အားကောင်းမောင်းသန်နှင့် မြွေပျိုဖြစ်မည့်အသွင်။

သူ့ကို လျှော့တွက်လို့ကမရ။ ယှဉ်ပြိုင်ရင်ဆိုင်ရာတွင် တစ်ချက်ကလေး မှားလိုက်သည်နှင့် ကိုယ့်အသက်ကို သူ့ထံ ဝကွက်အပ်လိုက်ရမည့် အနေအထား။

အမဲလိုက်ခွေး၂ကောင်က သူ ခေါင်းထောင်ကာ ရှေ့မှ ခွေးကိုမဲနေသည်နှင့် နောက်တွင်ရှိနေသည့် အ ကောင်က လစ်သလို ဝင်ရောက်ကိုက်ခဲခြင်းကို ခံနေရသဖြင့် နာနာကျည်းကျည်းအသံကြီးနှင့် ကြုံးအော်ဟစ်ကာ နောက်ကိုလှည့်ပြီး ပေါက်ချလိုက်ရာ ထန်းသီးဆိုသည့်ခွေးက ကိုယ်ကိုကျုံ့လျက် ရှောင်တိမ်းလိုက်စဉ် အလစ်အငိုက်ကို စောင့်နေသည့်ရှေ့မှ အုန်းသီးဆိုသည့် ခွေးက ပါးပျဉ်းခွက်ကို လျှပ် တစ်ပြက် ပြေးဝင်ထိုးဟပ် ကိုက်ခဲထားလိုက်သည့်အတွက် သူ၏ကိုယ်လုံးဖြင့် ရစ်ပတ်ဆွဲဆန့်ဖို့ ကြိုးစားနေသည့် အချိန်၊ ထန်းသီးကပါ ပြေးဝင်ထိုးဟပ် ကိုက်ခဲလိုက်သဖြင့် သွေးတို့ပန်းထွက်နေသည့်အချိန် ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အလစ်အငိုက်ကို စောင့်ကြည့်နေသည့် စန်းမြက

“သားတို့ အမေလာပြီ၊ ခေါင်းကို မလွတ်တမ်း ကိုက်ထားကြဟေ့”

ခွေး၂ကောင်ကို လှမ်းအသံပေးလိုက်ပြီး ပြေးဝင်၍ ဆင့်ကာ ဆင့်ကာ ခုတ်ပိုင်းဖြတ်တောက်နေလိုက်ပေတော့သည်။

ငန်းစောင်းမြွေကြီးမှာ ၄ ပိုင်းဖြတ်တောက်သွားသော်လည်း သွေးတို့ ပန်းထွက်နေပေမယ့် တဆတ်ဆတ်တုန်ကာ လှုပ်ရှားလူးလွန့်နေရင်း အတန်ကြာတော့ ငြိမ်သက်သွားပေသည်။

စန်းမြတစ်ယောက် ခုမှ သက်ပြင်းမောတို့ကို ချလိုက်ရင်း နဖူးမှ စီးကျနေသည့် ဇောချွေးတို့ကို ခေါင်းခု နှင့်သုတ်လိုက်ရင်း

“သားတို့ရေ၊ မှိုတွေတစ်ဝက်လောက်တော့ ရနိုင်သေးတယ်ဟေ့။ ဒီနေ့ ညနေစာတော့ မြွေသားဟင်းနဲ့ပေါ့နော် … “

ခံတောင်းကိုယူလျက် မှိုကျင်းအနီးထိုးကပ်လိုက်ရာ ငန်းမြွေကြီးက တချို့တစ်ဝက် စားသောက်ထားပြီးသလို၊ ခွေး၂ကောင်နှင့် အပြန်အလှန်တိုက်ခိုက်ကြရင်း ကျိုးကြေနေကြသလို သစ်လဲပင်ကြီး အကိုင်း အခက်အရွက်တို့ကြောင့် အနည်းငယ်သာ အကောင်းကျန်သဖြင့် နှုတ်ယူရာ အနည်းငယ်သာ ရရှိလိုက်ပြီး မြွေကြီး၏ အပိုင်းအပြတ်တို့ကိုထည့်၍ ရွက်လျက် ခွေး၂ ကောင်နှင့် အိမ်သို့ပြန်လာခဲ့သည့် အချိန်သည် ညနေ၄မောင်းခန့်ပင် ရှိနေပေပြီ။

အပြန်ခရီးကား အမဲလိုက် ခွေး ၂ကောင်က သူတို့အောင်ပွဲရလာဒ်ကို သိကြ၍လားတော့မသိ။ တစ်လမ်းလုံး ခုန်ပေါက်မြူးတူး ပျော်ရွှင်စွာအတိနှင့်။

– ပြီး –

စာရေးသူ – လေးမောင်

Leave a Reply

Your email address will not be published. Required fields are marked *