ထောင်မှူးကြီးသိန်းဝင်း

[ ၁ ]

ကျွန်ုပ်တာဝန်ထမ်းဆောင်ရသည့် ကသာမြို့မှာ အလွန်တရာ သာယာလှပသည်။ ကသာမြို့ကို နောက်ခံထားပြီး ဖက်ဆွတ်တောင်တန်း စိမ်းညို့ညို့ကြီးက မြို့အရေးကို ကလနားသတ်ထားသည်။ ဧရာဝတီမြစ်ကမ်းကို အမှီပြု၍ တည်ထားသော ကသာမြို့အား မြစ်ယံအတွင်းက မျှော်ကြည့်လိုက်လျှင် ပို၍သာယာသည်။

မြို့ပတ်ကမ်းနားလမ်းတွင် ကသာမြို့၏ ကျက်သရေဆောင် မဟာလေးထပ်စေတီတော်၊ မြစေတီနှင့် ရွှေဂူကြီးဘုရားတို့ကို ရွှေရောင်တဝင်းဝင်းနှင့် ကြည်ညိုဖွယ်ရာဖူးတွေ့ ရ၏။ ထို့အပြင် ဆိပ်ကမ်း၌ မော်တော်များ၊ လှေများ၊ ခရီးသည်တင်သင်္ဘောများလည်း ဆိုက်ကပ်ထားသဖြင့် ညနေရီဆည်းဆာတွင် လွန်စွာမှ စည်ကားသာယာလှပပေသည်။

ရှေးအခါက ကသာမြို့ကို “ကမ်းသာ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ရှမ်းဘာသာစကားဖြင့် “ကပ်ဆာ” ဟု ခေါ်သည်။ “ကပ်ဆာ” ဟူသည့် အဓိပ္ပာယ်မှာ “မိုင်းသာဈေးမြို့” ဟု အဓိပ္ပာယ်ရသည်။ “ကသာကျားမြို့” ဟုလည်း ခေါ်တွင်ခဲ့ကြောင်း သိရပြန်သည်။

မြန်မာသက္ကရာဇ် ၃၉၅ ခုနှစ်တွင် ပုဂံပြည်အနော်ရထာမင်းစော တည်ခဲ့သည့် ကင်းမြို့ကြီး (၄၃) မြို့အနက် ကသာမြို့သည် တစ်မြို့ အပါအဝင်ဖြစ်သည်။ ထိုစဉ်က ကင်းမြို့များဖြစ်ကြသော မိုးတား၊ ယင်းခဲ မြို့တို့မှာမူ ယခုအခါတွင် ကသာမြို့ကြီးအနီး၌ ရွာများအဖြစ်သာ ကျန်ရှိနေပေတော့သည်။

ကသာမြို့၏မြောက်ဘက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အရှေ့ဘက်တွင် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တောင်ဘက်တွင် ထီးချိုင့်မြို့နယ်တို့က ဝန်းရံနေသလို အနောက်ဘက် တွင်လည်း အင်းတော်မြို့နယ်က တည်ရှိနေသည်။

ကသာမြို့အား စိမ်းညို့ပြာလွင်နေသော မင်းဝံတောင်တန်း၊ ဖက်ဆွတ်တောင်တန်းကြီးနှင့် လွယ်ကူးတောင်တန်းကြီးတို့က ကျောထောက်နောက်ခံ ဝန်းရံ၍ မြောက်ဘက်မှ တောင်ဘက်သို့ သွယ်တန်း ပြီး သဘာဝအလှဆင်ထားသည်။

ကသာမြို့မှာ ရေမြေတောတောင်၊ စိမ့်စမ်းပေါ၍ ရာသီဥတု ညီညွတ်မျှတသော မြို့တစ်မြို့ ဖြစ်ပေသည်။ တောင်တန်းကြီးများနှင့် ဆင်ခြေလျောများ၌လည်း ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင်၊ ယင်းမာ၊ ယမနေ၊ ရုံး စသော အဖိုးတန်သစ်များက နေပြောက်မထိုးအောင် ပေါက်ရောက်နေကြသည်။

ယင်းသစ်တောကြီးများအတွင်း၌လည်း အဖိုး
တန်အသုံးဝင်သော ဝါးပိုးမျက်ဆံကျယ်၊ ဝါးဖြူ၊ နှင်းတင်းဝါး၊ ကြသောင်းဝါး၊ ဝါးနက်၊ ဝါးယားများလည်း ရောယှက်ပေါက်ရောက်နေပြန်သည်။

မြို့နယ်၏အရှေ့ပိုင်း ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းတွင် ရှမ်းရိုးမတောင်တန်းကြီးနှင့် ဆက်စပ်နေသည်။ ကုန်းနိမ့်ဆင်ခြေလျောတောများနှင့် မြေပြန့်တောများ၌ မိုးမခ၊ ရေချင်းယား၊ တရော်ပင်နှင့် တဇင်းပင်များ နေရာမလပ်ပေါက်ရောက်နေကြသည်။

မြို့နယ်၏ လေးပုံသုံးပုံမှာ သစ်တောကြီးများဖြင့် ဖုံးလွှမ်းနေသည်။ ထို့ကြောင့် ကသာမြို့မှာ ရာသီဥတုညီညွတ်မျှတဟန်တူပါသည်။

ကမ်းနားတွင် ကျွန်တော်တို့၏ သစ်တောဘိုတဲရှိသည်။ သစ်လုပ်ငန်းအတွက် Inspecting Boat ခေါ် U Boat ကလေးများလည်းရှိသည်။ ဧရာဝတီမြစ်ကြီးအတွင်း အထက် အောက် စုန်ဆန်သွားလာပြီး သစ်လုပ်ငန်းများကို စစ်ဆေးရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ သစ်လုပ်ငန်းရုံးများကတော့ မြို့အနောက်ဘက် တပ်မတော်လမ်းတစ်ဖက်တစ်ချက်တွင်ရှိသည်။

ကျွန်ုပ်တို့၏ အိမ်ကလေးများလည်း သစ်တောလုပ်ငန်းဝင်းအတွင်း၌ ရှိသည်။ သစ်တောအရာရှိကြီးများလာလျှင်တော့ သစ်တောဘိုတဲတွင် နေရာထိုင်ခင်းပေး၍ ဧည့်ခံရသည်။ ကသာမြို့တွင် သစ်လုပ် ငန်းသုံး ဘိုတဲနှစ်လုံးရှိသည်။

ကျွန်ုပ်တို့လည်း ရံဖန်ရံခါအသုံးပြုသည်။ ကမ်းနားလမ်းဘိုတဲအပြင် အခြားတစ်ခုမှာ ဧရာဝတီမြစ်ကြီး ၏ အရှေ့ဘက်ကမ်းတွင်ရှိသည့် ယင်းခဲကြိုးဝိုင်းသစ်တောဘိုတဲဖြစ်သည်။

ထိုဘိုတဲအနီး၌ သစ်လုပ်ငန်းသုံး ယန္တရားနှင့် မော်တော်ယာဉ်အလုပ်ရုံလည်းရှိသည်။ သစ်တောလုပ်ငန်းသုံး မော်တော်ယာဉ်များထားရှိရာ နေရာလည်းဖြစ်သည်။

အရှေ့ဘက်တွင် ယင်းခဲကြိုးဝိုင်းတော၊ ငအိုး၊ နမ်မဲ၊ ကွန်းချောင်း၊ စဉ့်ကုံးသစ်တောကြိုးဝိုင်းများရှိပြီး အဖိုးတန်သစ်မာများ ထွက်သည်။

အနောက်ကသာ သစ်ထုတ်လုပ်ရေးတွင် မြစ်စဉ်နယ်၊ အင်းတော်နယ်၊ မော်လူးနယ်နှင့် ဗန်းမောက်မြို့နယ်တို့ ဖြစ်ကြသည်။ စံချိန်မီ သစ်မာများ ထွက်ရှိသောကြောင့် ကသာမြို့မှာ သစ်လုပ်ငန်းတွင် နာမည် ကြီးသည်။

ကျွန်ုပ်တို့၏တာဝန်မှာ သစ်ကွက်များသို့ တစ်ပတ်နှစ်ကြိမ်ဆင်းပြီး စစ်ဆေးရသည်။ ထူးခြားဖြစ်စဉ် ပေါ်ပေါက်လာပါကလည်း ကျွန်ုပ်တို့အုပ်ချုပ်ရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ သစ်ကွက်များသို့ အရေး ပေါ်ဆင်းရတော့သည်။

အရှေ့ကသာတွင် ယင်းခဲကြိုးဝိုင်း၊ ငအိုး၊ နမ်မဲကွန်းချောင်း၊ စဉ့်ကူး၊ အင်ဒေါင်း၊ ကျောက်တောင်၊ ဟင်္သာ၊ မြတောင် ကြိုးဝိုင်းသစ်တောများ ဖြစ်ကြသည်။

ကျွန်ုပ်တို့၏လုပ်ငန်းများမှာ ရာသီမရွေး မြစ်ချောင်းနှင့် တောတွင်းသို့ သွားလာရသဖြင့် ကျွန်ုပ်ဝါသနာပါသော သစ်ခွပန်းပင်စုဆောင်းခြင်း၊ ဆေးပင်ဝါးပင်စုဆောင်းခြင်းနှင့် အမဲလိုက်ခြင်းတို့မှာ လုပ်ငန်းနှင့် ဆက်စပ်နေသဖြင့် ဝါသနာပါရာလုပ်ငန်း ဖြစ်လာပါတော့သည်။

ကျွန်ုပ်တို့သစ်တောဌာနတွင် လက်နက်များအနေဖြင့် ဘယ်လ်ဂျီယန်နိုင်ငံလုပ် တစ်လုံးထိုးပြောင်းချော GREENER သေနတ်၊ ဒသမ ၃၀၃ အမေရိကန်နိုင်ငံလုပ် ပြောင်းရှည်ရိုင်ဖယ်သေနတ်၊ အင်္ဂလန်နိုင်ငံလုပ် မောင်းဖုံးနှင့် စိုင်ပေါင်နှစ်လုံးပြူးသေနတ် (သူကြီးသေနတ်ဟုလည်း ခေါ်သည်) များလည်း ရှိသည်။

ကျွန်ုပ် ကိုင်ဆောင်သည်ကတော့ ဘယ်လ်ဂျီယန်နိုင်ငံလုပ် ဒသမ ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်ကြီးဖြစ်သည်။ ယမ်းဂရိမ်အား ပြင်းထန်လှ၍ ဆင်မှ ဆတ်၊ ပြောင်၊ စိုင်၊ သမင်၊ ဒရယ်၊ တောဝက်နှင့် ချေအထိ စိတ်ချလက်ချပစ်ခတ်နိုင်သည်။

ကျွန်ုပ်တွင် အရေးပေါ် အနီးကပ်အသုံး ပြုနိုင်ရန်အတွက် အင်္ဂလန်နိုင်ငံလုပ် Smith and Watson ပြောင်းတို ခြောက်လုံးပြူးသေနတ်ကလေးလည်း ရှိသေးသည်။ အသံကျယ်လောင်၍ အနီးကပ်ပစ်ခတ်ရာတွင် ထိရောက်မှုရှိသည်။ သို့သော် ပြောင်းတိုသေနတ် ဖြစ်သဖြင့် လေ့ကျင့်မှုရှိမှသာ ပစ်မှတ်ကို ထိမှန်နိုင်ပေမည်။

ကျွန်ုပ်၏လက်အောက်အရာရှိ တောအုပ်ဇော်မင်းကတော့ နှစ်လုံးပြူးကို လက်တွေ့သည်။ သူ့လက်စွဲတော် စိုင်ပေါင်နှစ်လုံးပြူးသေနတ်အား နှစ်ချက်ဆွဲလျှင် နှစ်ကောင် သေချာပေါက်ရတတ်သည်။

ကျွန်ုပ် ၏တပည့်ကျော် လက်နှိပ်စက်စာရေးကလေး ကျော်စိန်ဝင်းကတော့ ကျွန်ုပ်ကိုယ်ပိုင် ပွိုင့် 22 Semi Auto ငှက်ပစ်သေနတ်ကလေးအား ပေးထားသော်လည်း ကိုင်ခဲသည်။

သူ့လက်စွဲတော် ငှက်တော်မြီးနှယ် ရှည်လျားပြီး ချွန်မြနေသည့် ကျွဲချိုလောက်လေးခွနှင့် ကသာမြို့မှ နာမည်ကြီးပန်းပဲဆရာ ဦးချယ်ကြီး၏ ပန်းပဲဖိုထွက် ၈ လက်မခန့်ရှိ အမဲလိုက်ဓားမြှောင်ကိုသာ ကိုင်ဆောင်လေ့ရှိသည်။

ယနေ့မနက် ကျွန်ုပ်တို့အဖွဲ့ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းသို့ ကူးပြီး ယင်းခဲကြိုးဝိုင်းအစွန်ဆုံးအကွက်ကြီးအမှတ် (၃ဝ) သို့ သွားရောက်စစ်ဆေးရမည် ဖြစ်ပေသည်။

ကျွန်ုပ်နှင့် တောအုပ်ဇော်မင်းတို့ သစ်တောဝင်းအိမ်မှ ကမ်းနားသို့ မနက်စောစော ယူနီဖောင်းဝတ်၍ သေနတ်ထမ်းကာ ဆင်းကြပြီး မနက် (ရ) နာရီတွင် “ရွှေကမ်းသာ” လက်ဖက်ရည်ဆိုင်တွင် ချိန်းဆိုထားသည့်အတိုင်း သွားရောက်ကြရာ တပည့်ကျော် ကျော်စိန်ဝင်းက အသင့်စောင့်ကြိုနေသည်။

သူ့အပြင် အတွင်းခံအင်္ကျီမပါဘဲ ကချင်အင်္ကျီရင်ကွဲကိုသာ ဝတ်ထားပြီး အောက်တွင် ဂါဝန်လိုလို၊ ပုဆိုးလိုလို အကွက်မပါတော့သော လုံချည်ကို ဘုန်းကြီးသင်းပိုင်လို လိပ်၍ တိုတိုဝတ်ထားသော လူတစ်ဦးကိုလည်း တွေ့ရသည်။

အသက်က လေးဆယ်ကျော်ခန့်။ ခေါင်းတုံး ဆံတောက်ဆံပင်နှင့်။ အရပ်ပုသော်လည်း ဗလကောင်းသည်။ သူ့တွင် ဓားရွက်ကြီးကြီး ဓားရှည်ကြီးတစ်ချောင်းကိုလည်း နောက်ကျောတွင် ပလိုင်းတစ်ခုနှင့်အတူ စလွယ်သိုင်း၍ လွယ်ထားသည်။

ကျော်စိန်ဝင်း …

“ဆရာတို့ … လာကြပါ။ ထိုင်ကြပါဦး။ ဘာစားမှာလဲ၊ ကြက်ဥထမင်းကြော်နဲ့ မလိုင်လက်ဖက်ရည်ပဲမဟုတ်လား။ သူက ကျွန်တော့်မိတ်ဆွေ ကိုအင်နီပါ။ မနေ့က ညနေကမှ ကျွန်တော့်အိမ်ကို ရောက်လာလို့ အိမ်မှာအိပ်ခိုင်းပြီး ဒီနေ့မနက် တောဆင်းကြမှာမို့ ခေါ်ထားတာပါ။

သူက ယင်းခဲတောကြီးထဲမှာမွေးတာ။ သားကောင်အရှာ အရမ်းတော်တယ်။ အမဲလိုက်မုဆိုးလည်း လုပ်တယ်။ မုဆိုးအဖွဲ့က ငှားရင်လည်း လမ်းပြတယ်။ “တစ်ပွဲစားအင်နီ” လို့လည်း ခေါ်ပါတယ်။ သူလမ်းပြရင် သားကောင်မရတဲ့နေ့ မရှိဘူးဆရာ။

ကိုအင်နီ ဒီက ဆရာတွေက သစ်တောအရေးပိုင်ဦးနေအောင်နဲ့ တောအုပ်ကိုဇော်မင်းပါ။ ကျွန်တော့်ဆရာတွေပေါ့။ တောထဲ တောင်ထဲသွားနေကျ အမဲလိုက်မုဆိုးတွေ။ အတွေ့အကြုံများပြီး တောကောင်ပေါင်းစုံ ပစ်ဖူးပါတယ်”

“ဆရာတို့ကိုတွေ့ရတာ ဝမ်းသာပါတယ်။ ငါကလည်း တောပျော်တစ်ယောက်ပဲ”

ကျွန်ုပ် •••

“ကိုအင်နီက တစ်ပွဲစားမုဆိုးကိုး။ ကချင်လူမျိုးထင်ပါတယ်။ နာမည်ကတော့ ဘိုဆန်သလိုပဲနော်”

ကျွန်ုပ်တို့ လက်ဆွဲနှုတ်ဆက်ကြသည်။ သူ့လက်ကြီးမှာ ကြီးမားပြီး အတော်ကြမ်းတမ်းသန်မာသည်။ အသားကတော့ နီစပ်စပ်။ ကြေးနီရောင်ပေါက်နေသည်။ ရာသီဥတုအမျိုးမျိုးဒဏ်ကို ခံနိုင်သည့် လူစားမျိုး ဖြစ်ပုံရသည်။

ကိုအင်နီ …

“ငါကို လွတ်လပ်ရေးရခါစ ရောင်စုံသောင်းကျန်းသူတွေ ထကြွသောင်းကျန်းစဉ်ကာလ မိဘတွေပုန်းအောင်းနေတုန်း အင်ပင်တောထဲမှာ မွေးခဲ့တာ။ အဲဒီအချိန်က နွေနှောင်းပိုင်း။ အပင်တွေ ရွက်နုဝေနေချိန်။ အင်ပင်ပေါက်နီရဲရဲတွေကြားထဲမှာ မွေးခဲ့တာမို့ ‘အင်နီ’ လို့ ငါ့ကို နာမည်ပေးခဲ့ကြတာ။

ကျွန်ုပ် ..

“ဒါနဲ့ တစ်ပွဲစားဆိုတာကရောဗျာ။ ဘယ်လိုမျိုးကို ခေါ်တာလဲ”

ကိုအင်နီ …

“တစ်ပွဲစားဆိုတာက ဒီလိုပါ။ ငါအရွယ်ရောက်တာနဲ့ မိဘကို ကူညီရတယ်။ အဖေက ထင်းခုတ်သမား၊ ငါးရှာ ဖားရှာ၊ တောထဲမှာ သစ်သီးသစ်ရွက်ရှာတယ်။ အမေက ခေါင်းရွက်ဗျပ်ထိုးဈေးသည်။ ငါလည်း အရွယ်ရောက်တာနဲ့ အဖေ အမေနဲ့အတူ တော ထဲတောင်ထဲမှာ ကျင်လည်နှံ့စပ်တော့တာပဲ။

ငါက တောထဲတောင်ထဲမှာ မွေးလို့လားမသိဘူး၊ တောတောင်ကို ချစ်တယ်။ တောတိရစ္ဆာန်တွေကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမဲ့ ဒီတောကောင်တွေအသားက စားလို့အရသာရှိတာမို့ ငါ ငယ်ငယ် ကတည်းက လေးခွကိုင်ပြီး ငှက်လိုက်ပစ်တယ်။ နည်းနည်းကြီးလာတော့ ဒူးလေးကိုကိုင်ပြီး အမဲလိုက်တယ်။

တောကောင်သားရောင်းလို့ရတဲ့ဝင်ငွေက အမေ အသီးအရွက်ခူးရောင်းလို့ရတဲ့ ဝင်ငွေထက် ပိုရတယ်လေ။ တောစောင့်တောင်စောင့်နတ်တွေက တောထဲမှာမွေးခဲ့တဲ့ ငါ့ကိုချစ်လို့ အထူးအခွင့်အရေးပေး ထားတာလားတော့ မသိဘူး။ တောထဲဝင်တာနဲ့ တောကောင်မရတဲ့နေ့ မရှိဘူး။ အကောင်ငယ်တာနဲ့ ကြီးတာပဲ ကွာတယ်။ ငါကလည်း တောထဲတောင်ထဲရောက်တာနဲ့ ဘုမ္မစိုး၊ ရုက္ခစိုးတွေကို စားဦးစားဖျားနဲ့ ပူဇော်ပသလေ့ရှိတယ်။ တောတောင်ဆိုတာက ငါ့ရဲ့အမိအဖဆိုရင်လည်း မှန်တာပဲလေကွာ။

အဲဒါကြောင့်လားတော့ မသိဘူး။ တောထဲတောင်ထဲ ရောက်တာနဲ့ မှိုကျင်းဘယ်အနားမှာရှိသလဲ၊ ပျားအုံဘယ်အပင်မှာရှိသလဲ၊ တောကောင်တွေ ဘယ်ချောင်မှာရှိသလဲဆိုတာကို ငါ အလိုလိုသိနေတယ်။ အခု အသက်ကြီးလာတော့ အမဲလိုက်အဖွဲ့တွေက ငါ့ကို လမ်းပြငှားကြတယ်။ မရမရှိ ရကြတယ်။ ဒါကြောင့် ငါ့ကို တစ်ပွဲစားအင်နီလို့ ခေါ်ကြတာပါ”

ကျွန်ုပ် …

“ကိုအင်နီနဲ့တွေ့ရတာ ဝမ်းသာသဗျာ။ ဒီနေ့ ကျွန်တော်တို့အဖွဲ့ ယင်းခဲကြိုးဝိုင်း အကွက်ကြီး (၃၀) ကို စစ်ဆေးဖို့ သွားကြမှာပါ၊ အဲဒီမှာ သစ်ခိုးသမားသတင်းလည်း ရထားလို့။ တာဝန်တွေပြီးရင်တော့ အမဲလည်း လိုက်ချင်တယ်။ အချိန်က သိပ်မရဘူးဆိုတော့ တောကောင် ဘယ်အနားမှာရှိသလဲဆိုတာကို သေချာပေါက်သိမှ ဖြစ်မယ်။ အဲဒါ ကိုအင်နီလမ်းပြပေးနိုင်မလား”

“အဲဒါ ငါ့အလုပ်လေ။ ငါ့ကို လမ်းပြခတော့ ပေးရမယ်နော်”

“ဟုတ်ပါပြီ.. ပေးပါ့မယ်။ ဘယ်လိုပေးရမှာလဲ… ပြောပါဦး”

“တောကောင်ရရင် ငါ့ကို နားရွက်တစ်လှဲ၊ ပေါင်တစ်ချောင်း နဲ့ ငွေ (၁၀၀) ကျပ်ပေးရမယ်။ သုံးကောင်ရရင် သုံးခါပေးရမယ်နော်”

“နားရွက်တစ်လှဲဆိုတာက ဘာလဲဗျ။ ကျန်တာတွေကိုတော့ နားလည်ပါတယ်”

“နားရွက်တစ်လှဲဆိုတာက ရလာတဲ့တောကောင်ရဲ့ နားရွက်ကို နောက်ပြန်လှဲချလိုက်ရင် ရောက်တဲ့နေရာ ခေါင်းအောက်ပိုင်း (လည်ပင်း) ကို ငါကဖြတ်ယူမယ်။ သုံးကောင်ရရင် သုံးခါဖြတ်ယူမယ်။ ကျေနပ်သလား”

“ကျေနပ်ပါတယ်။ ကဲ … မုန့်စား လက်ဖက်ရည်သောက်ပြီး သွားကြတာပေါ့”

(၂)

ကျွန်ုပ်တို့ စားသောက်ကြပြီးနောက် ဆိပ်ကမ်းသို့ဆင်းကြသည်။ ဆိပ်ကမ်း၌ စာရေးလေးကျော်စိန်ဝင်း အသင့်စီစဉ်ထားသော U Boat ကလေးက စောင့်နေသည်။ ကျွန်ုပ်တို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ ကူးခဲ့ကြသည်။ ဆောင်းအကုန်၊ နွေအကူးလာလဖြစ်၍ လေရူးက မြူးနေသည်။

မော်တော်ဘုတ်ကလေး စထွက်သည်နှင့် မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးကလေးက ကျွန်ုပ်တို့အား ကြည်နူးချမ်းမြေ့စေသည်။ ဆယ့်ငါးမိနစ်ခန့်အကြာ တစ်ဖက်ကမ်းသို့ရောက်တော့ ကမ်းပါးပေါ်တွင် FORD အမျိုးအစား ခေါင်းတိုသစ်တိုက်ကားကြီးက အဆင်သင့်စောင့်နေသည်။

ကျွန်ုပ်တို့ (၆) မိုင်ကျော်ခန့်ဝေးသော အကွက်ကြီး (၃၀) သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။ သစ်ထုတ်တောလမ်းဖြစ်၍ လမ်းကကြမ်းသည်။ (၆) မိုင်ကျော်ခန့်ခရီးကို (၁) နာရီခန့်မောင်းရသည်။ ဖုန် လုံးကြီးကတော့ အနောက်ဘက်တွင် အလိပ်လိုက်ကျန်ခဲ့သည်။

အကွက်ကြီး (၃ဝ) ရောက်တော့ ကျွန်ုပ်တို့ ခေတ္တနားကြပြီးနောက် သစ်လုပ်ငန်းအား စစ်ဆေးရသည်။ ဆင်များ၊ ကျွဲများဖြင့် သစ်ဆွဲပြီး သစ်ကားကြီးများပေါ်သို့ သစ်တင်နေကြသည်။ တောတွင်းပိုင်းမှလည်း သစ်ခုတ်သံ၊ သစ်ပင်လှဲသံများကို ကြားနေရသည်။ သစ်လုံးများအား ကားတင် ရေချပြီး ဖောင်ဖွဲ့၍ ရွှေလီမြစ်မှတစ်ဆင့် ဧရာဝတီမြစ်အတွင်း မျှောချပြီး ကသာမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရခြင်း ဖြစ်သည်။

သစ်ခိုးသမားများသတင်းအား စုံစမ်းရာ သစ်တောဌာနမှ ခုတ်လှဲပြီးသစ်များအား ညပိုင်း၌ ဖောင်ဖွဲ့၍ ခိုးယူနေကြခြင်းဖြစ်ကြောင်း သိရသည်။ လက်နက်များလည်းပါကြောင်း သိရသဖြင့် ညပိုင်းအစောင့် ချထားရန်ကိစ္စအား လက်လျှော့လိုက်ရသည်။ ရဲအဖွဲ့နှင့် သစ်လုပ်ငန်းအဖွဲ့ပေါင်း၍ နှိမ်နင်းမှသာ ဖြစ်နိုင်ပေမည်။ ထိုအတွက်လည်း အဆင့်ဆင့် ညှိနှိုင်းရပေဦးတော့မည်ဖြစ်သည်။

သစ်ထုတ်စခန်းက ကျွန်ုပ်တို့အား နေ့လယ်စာကျွေးသည်။ ချေသားဟင်းနှင့် ထောဟင်းရွက်ကြော်၊ စင်ပြွမ်းသီးချဉ်ရည်ဟင်းတို့ ဖြစ်သည်။

တောစာတောင်စာဖြစ်သော်လည်း လက်ရာပြောင်း၍ စားကောင်းသည်။ ထမင်းစားပြီးတော့လည်း အခါးရည်ကျကျနှင့် ချေသားခြောက်ဖုတ်နှင့် လက်ဖက်သုပ်ကို စားရပြန်သည်။

ကျွန်ုပ် …

“ကဲ … ကိုအင်နီရေ။ အလုပ်ကိစ္စတွေကတော့ ပြီးပြီ။ နေမွန်းတည့်တော့ အချိန်လည်း သိပ်မရတော့ဘူး။ တောကောင်သေချာပေါက်ရအောင် ဘယ်တောကိုဝင်ရင် ဘာကောင်ရနိုင်မလဲ၊ ပြောပါ”

တစ်ပွဲစားကိုအင်နီက ခေါင်းကိုမော့၍ လေထဲတွင် အနံ့ခံသည်။ ပြီးနောက် မျက်စိမှိတ်၍ စဉ်းစားသည်။ ခဏကြာတော့မှ

“အကွက်ကြီး (၄) ကို သွားမယ်။ အကွက်အလယ်မှာ ကညင်ဖြူပင်ကြီးတစ်ပင် ရှိတယ်။ ကညင်ပင်ကြီးအောက်နားက ညောင်မုတ်ဆိတ်ပင်ကြီးအရှေ့ဘက်မှာ တောငှက်ပျောတောရှိတယ်။ အဲဒီနားမှာ ဝက်လူးအိုင်ရှိတယ်။ တောဝက်တွေ ရွှံ့လူးနေတယ်။ ပစ်မယ်မဟုတ်လား”

ကျွန်ုပ် • •

“ဘာကောင်ရရ ပစ်မယ်လေ။ တောဝက်ဆို ပိုကောင်းတာပေါ့။ နွေဦးပေါက်ရာသီမို့ တောဝက်က ရှားလို့ တောဝက်သားမစားရတာလည်း ကြာပြီ”

ကိုအင်နီ …

“ကဲ .. အဲဒါဆို သွားကြစို့။ ဆရာတို့ သေချာပေါက် ပစ်ရစေ့မယ်”

ကျွန်ုပ်တို့ သစ်တိုက်ကားကြီးဖြင့် ပြန်ခဲ့ကြသည်။ သစ်တောထဲကထွက်မှ တပေါင်းနေမှာ ပူပြင်းလှသည်။ တောထဲမှာတော့ သစ်ရိပ် ဝါးရိပ်ကြောင့် အေးမြနေသဖြင့် မသိသာပါ။ တိုက်ခတ်လာသော လေကလည်း ဖုန်မှုန့်များနှင့်အတူ ပူပြင်းနေသည်။

အကွက်ကြီး (၇) သို့မရောက်မီ အကွက်ကြီး(၈)အဆုံး၌ ကိုအင်နီက ကားကိုရပ်ခိုင်းသည်။

ကျွန်ုပ်တို့ သေနတ်များကိုထမ်း၍ လမ်းလျှောက်ရတော့သည်။ အကွက်ကြီး (၇) အစပ်သို့ရောက်တော့ ကိုအင်နီက ရှေ့ကဦးဆောင်၍ တောထဲဝင်သည်။

နွေဦးပေါက်ကာလဖြစ်၍ သစ်ရွက်ကြွေများက သစ်တောထဲ၌ ပြန့်ကျဲနေသည်။

ကိုအင်နီက ဖိနပ်ဝတ်မထားသဖြင့် ခြေသံလုံသော်လည်း ကျွန်ုပ်တို့က တောစီးဖိနပ်များ စီးထားသဖြင့် သစ်ရွက်ခြောက်နှင့် သစ်ကိုင်းခြောက်များအား နင်းမိတိုင်း အသံထွက်နေသည်။ ထိုစဉ် ကိုအင်နီက ခေတ္တရပ်လိုက်ပြီး …

“ဆရာတို့က မုဆိုးတွေဆို။ ဘာကြောင့် ခြေသံမလုံတာလဲ။ ခြေဖျားချပြီးမှ တစ်လှမ်းချင်း ဖြည်းဖြည်းနင်းပါ။ ငါနဲ့ခပ်လှမ်းလှမ်းက လိုက်ခဲ့ကြ။ ဟိုရှေ့မှာ ကညင်ဖြူပင်ကြီးရှိတယ်။ နီးနေပြီ။ သတိထား လျှောက်ကြပါ”

သူဆက်သွားတော့ ကျွန်ုပ်တို့ နောက်က တဖြည်းဖြည်းလိုက်ရသည်။ သူပြောသလိုပင် အောက်ခြေရှင်းသော တောဖြစ်သဖြင့် လူနှစ်ဖက်ခန့်ရှိ ကညင်ဖြူပင်ကြီးကို အဝေးမှပင် လှမ်းမြင်နေရသည်။ တစ်ပွဲစား၏ အတွေးအမြင်လား၊ ယင်းခဲတောကြီးအနှံ့ သူရောက်ဖူးသဖြင့် သိနေသောကြောင့်လား မသိပါ။ သူပြောသလိုပင် ကညင်ပင်ကြီးအောက်၌လည်း ကြီးမားသော ညောင်မုတ်ဆိတ်ပင်ကြီးကိုလည်း မြင်ရပြန်သည်။

ကိုအင်နီက ညောင်မုတ်ဆိတ်ပင်ခြေအား ကပ်၍ မျှော်ကြည့်ရင်း ကျွန်ုပ်တို့အား ခေါင်းညိတ်၍ အချက်ပြသည်။ ချက်ချင်းပင် ကျွန်ုပ်နှင့် ကိုဇော်မင်းတို့ ကိုအင်နီအား အလယ်ထား၍ လက်ဝဲ၊ လက်ယာ ဖြန့်တက်သည်။ တောဝက်ပစ်မည်ဖြစ်၍ ကျွန်ုပ်တို့၏အတွေ့အကြုံအရ ပင်စည်ကြီးပြီး အကာအကွယ်ကောင်းသည့် သစ်ပင်များကိုရှာပြီး နေရာယူလိုက်ကြသည်။

မှန်ပါသည်။ ကိုအင်နီ ကြို၍နိမိတ်ဖတ်ခဲ့သလိုပင် အရှေ့ဘက် တောငှက်ပျောတောအနီးရှိ ဝက်လူးအိုင်တွင် တောဝက်မလေးကောင် ရွှံ့လူးနေပြီး ဝက်သိုးကြီးက ကုန်းပေါ်တွင် ပတ်ချာလှည့်၍ ကင်းစောင့်နေသည်။

ကျွန်ုပ်တို့ အချိန်မဆိုင်းတော့ပါ။ နေရာယူပြီးသည် နှင့် အသေအချာချိန်၍ ထုံးစံအတိုင်း ကျွန်ုပ်က ဝက်သိုးကြီးကို ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်ကြီးဖြင့်လည်းကောင်း၊ ကိုဇော်မင်းက သူ၏လက်စွဲတော် ၅ဝဝ နှစ်လုံးပြူးဖြင့်လည်းကောင်း ချိန်သည်။ အသင့်ဖြစ်သည်နှင့် ကျွန်ုပ်က အချက်ပေးလိုက်ရာ …

“ဒိုင်း … ဒိန်း … ဒိန်း ..”

သေနတ်သံသုံးချက် ကြားလိုက်ရပြီးနောက် ဝက်သိုးကြီးမှာ ဖင်ထိုင်လျက်ကျသည်။ ဝက်မနှစ်ကောင်မှာတော့ ရွှံ့အိုင်ထဲ၌ လဲကျသွားသည်။ ကျန်ဝက်မနှစ်ကောင်က ထ၍ပြေးသည်။ ကျွန်ုပ်၏ပစ်ချက်မှာ သေကွင်းကို ထိဟန်မတူ။

ကိုက်တစ်ရာအတွင်း ပစ်မှတ်ဖြစ်သော်လည်း ဝက်သိုးကြီးမှာ ရုတ်တရက်လှုပ်ရှားလိုက်သဖြင့် ကျွန်ုပ်ချိန်ထားသော နှလုံးနေရာ ရှေ့လက်နောက်သို့ မထိဘဲ ဝမ်းဗိုက်အား မှန်သွားပုံရသည်။ ဝက်သိုး ကြီးမှာ မီးရထားခေါင်းတွဲကြီးသဖွယ် တစ်ဟုန်ထိုးပြေးချလာပြီး ကျွန်ုပ်တို့သေနတ်သမားနှစ်ဦး၏အလယ် ညောင်မုတ်ဆိတ်ပင်အောက်တွင် ရပ် နေသော ကိုအင်နီအား ပြေး၍ပက်တော့သည်။

“ဝူး … ဝူး … အစ် … အစ်”

ကိုအင်နီကလည်း လျင်မြန်စွာပင် သူ့ရှေ့တွင်ကိုင်းကျနေသော လက်မောင်းလုံးခန့်ရှိ ညောင်မုတ်ဆိတ်ကိုင်းအား ခုန်၍ဆွဲလိုက်စဉ် ညောင်ကိုင်းမှာ ကိုအင်နီ၏ ကိုယ်အလေးချိန်ကြောင့် ညွတ်ကျလိုက် ပြန်တက်လိုက်ဖြစ်နေစဉ် ဝက်သိုးကြီးက ပြေးထိုးသည်။

ကိုအင်နီက ရှောင်သည်။ ဝက်သိုးကြီးကလည်း မပြေး။ ပတ်ချာလည်လှည့်ပြီး ချောင်းနေသည်။ ထိုစဉ် ကျွန်ုပ်နှင့် ကိုဇော်မင်းက သေနတ်များအား ကျည်သစ်လဲ၍ ပစ်ရန် ချိန်နေလိုက်စဉ် …

ကိုအင်နီ …

“ဆရာတို့ … မပစ်နဲ့ .. မပစ်နဲ့ . . . ။ ငါ့ကို မှန်လိမ့်မယ်။ အသာနေကြပါ၊ ငါ့ဘာ့သာငါ လုပ်မယ်။ အသင့်စောင့်နေကြ”

ထိုစဉ် ကိုအင်နီက သူ့နောက်ကျောတွင်လွယ်ထားသော ဓားရွက်ကြီးကြီးဓားရှည်အား ဆွဲထုတ်၍ ညောင်ကိုင်းပြန်အကျ ဝက်သိုးကြီးက ထိုးအကော်တွင် တအားကုန်ခုတ်ချလိုက်တော့သည်။

တောဝက်ကြီးခေါင်းတွင် ဒဏ်ရာရ၍ ထွက်ပြေးတော့မှ ကျွန်ုပ်အသေအချာချိန်၍ ချက်ကောင်းကို ပစ်ချလိုက်တော့သည်။

“ဒိုင်း …”

“ဂူး … အူး..ဘုန်း…အင့်..”

ဝက်သိုးကြီးပြေးသောအရှိန်၊ ကျွန်ုပ်၏ကျည်အရှိန်တို့ကြောင့် တစ်ပတ်လည်၍ လျှောတိုက်ပစ်ကျသွားပြီး ကညင်ဖြူပင်ကြီးအား ခေါင်းစိုက်၍ လဲတော့သည်။

ထိုအချိန်ကျမှ ကိုအင်နီမှာ ညောင်ကိုင်းအား လက်လွှတ်၍ ပြုတ်ကျလာသည်။

“ဟူး … ဖူး … ငါတစ်ပွဲစားလုပ်လာတာ ကြာပြီ။ အခုလို တစ်ခါမှ ဝက်လိုက်မခံရဘူး။ တော်တော်ညံ့တဲ့ ဆရာတွေပဲ။ ဟောဗျ”

သူ ကျွန်ုပ်တို့အား အပြစ်တင်သော်လည်း ကျွန်ုပ်တို့ စိတ်မဆိုးရက်ပါ။ သူဝတ်ထားသော ဂါဝန်လိုလို၊ ပုဆိုးလိုလိုဟာကြီးက ကွင်းလုံးကျွတ်ကျသွားသဖြင့် အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချလိုက်စဉ်

“တစ်သက်လုံးဖုံးသမျှ ကုန်းခါမှပေါ်” ဟူသော ရှေးရိုးစကားအတိုင်း သူ့ငယ်ပါအား ငေါက်တောက်မြင်နေရတော့သည်။

ကျွန်ုပ်တို့အားလုံး အောင့်အည်းပြီး ထိန်းထားသည့်ကြားကပင် မထိန်းနိုင်တော့ဘဲ အားရပါးရ ရယ်မိကြတော့သည်။

“အူး … ဖူး … ဝါး ဟား ဟား ..”

ကိုအင်နီမှာ တစ်ဖက်သို့လှည့်၍ မတ်တတ်ရပ်ပြီး ကျွန်ုပ်တို့ အားကျောပေးကာ သူ၏ ဂါဝန်လိုလိုပုဆိုးလိုလိုဟာကြီးအား ကုန်းကောက်၍ ခါးတွင်ပြန်လည်ရစ်ပတ်ပြီး ပြုတ်ကျသွားသော မီးခြစ်၊ ဆေး လိပ်နှင့် ကွမ်းယာဘူးတို့အား ကောက်၍ ခါးတွင် ပြန်လိမ်လိုက်တော့သည်။

ထိုအခါမှ ကျွန်ုပ်တို့ အရယ်ရပ်၍ မျက်နှာပိုးသတ်ပြီး .. …

ကျွန်ုပ် …

“ကိုအင်နီရေ … စိတ်မရှိပါနဲ့ဗျို့။ ကျွန်တော်ပစ်တာ ချက်ကောင်းပဲ။ ဝက်သိုးကြီးက ရှေ့ကိုရွှေ့လိုက်တော့ ထိချက်လွဲသွားတာ။ အင်မတန်ဖြစ်ခဲတယ်ဗျာ။ နောက်ပြီး ယမ်းခိုးနောက် လိုက်မထိုးဘဲ အလယ်က ခင်ဗျားကို ရွေးထိုးတာတော့ အံ့ဩစရာကောင်းနေတယ်ဗျ နော်”

ကိုအင်နီ …

“အင်း ဟုတ်ပါရဲ့။ ငါလည်း မကြုံဖူးပါဘူး။ ဒီတစ်ခါ အဖြစ်အပျက်က အတော်ဆိုးတာပဲ။ ငါ တစ်ခုခုမှားသလားမသိဘူး။ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကိုတော့ တောင်းပန်ရဦးမယ်၊ တောထဲမှာ မွေးရာပါ ပေါ်သွားတာကိုး”

ကျွန်ုပ်တို့ ခေတ္တထိုင်၍ အနားယူကြရင်း ရေဘူးကိုမော့၍ သောက်နေကြစဉ် ကိုအင်နီက ဝက်သိုးကြီး၏နားရွက်နှစ်ဖက်အား ဖြတ်၍လည်းကောင်း၊ အမြီးဖျားအား ဖြတ်၍လည်းကောင်း အင်ဖက်ဖြင့် ထုပ်ပြီး ကညင်ဖြူပင်ကြီးအောက်တွင် တင်မြှောက်ပသနေတော့သည်။

ပြီးနောက် ခါးကြားထဲမှ မီးခြစ်နှင့် ဆေးလိပ်တိုကို ထုတ်ပြီး မီးညှိ၍ ဖွာသည်။ ဆေးလိပ်ဖွာနေစဉ် တစ်ဆက်တည်း ကွမ်းယာဘူးအားထုတ်၍ ကွမ်းယာနေပြန်သည်။

ကိုအင်နီ ထိုင်၍အနားယူနေစဉ် ကျွန်ုပ်၊ ကျော်စိန်ဝင်း၊ ကိုဇော်မင်းနှင့် ကားဆရာတို့က ဝက်မနှစ်ကောင်အား ကောက်၍ ဝက်တုပ်တုပ်ကာ ဝါးလုံးလျှို၍ထမ်းပြီး ကညင်ပင်ကြီးအောက်သို့ ရွှေ့ထားစဉ် ကိုအင်နီက မနိုင်မနင်းဖြင့် ဝက်သိုးကြီးအား ကုန်း၍ထမ်းတော့သည်။ ပိဿာချိန်ခြောက်ဆယ်ကျော်မည်ဖြစ်သော ဝက်သိုးကြီးကို သူမနိုင်ပါ။

“ဆရာတို့ ဝက်သိုးကြီးကို ငါ့ပခုံးပေါ် တင်ပေး။ ငါတစ်ယောက်တည်း ထမ်းမယ်’”

ကျွန်ုပ် …

“မလုပ်ပါနဲ့ ကိုအင်နီရယ်။ ကျွန်တော်တို့ တစ်ခေါက်ပြန်လာ ထမ်းပါမယ်’”

“မရ … ငါ့ထိုးတဲ့ဝက် ငါနိုင်အောင်ထမ်းမယ်”

ကျွန်ုပ်တို့လေးဦး ဝက်ကြီး၏ခြေလက်တစ်ဖက်စီမ,၍ ကိုအင်နီ၏ပခုံးပေါ် တင်ပေးရာ အလွန်သန်မာတောင့်တင်းသော ကိုအင်နီက ဝက်သိုးကြီးအား ထမ်းချသွားတော့သည်။

ကျွန်ုပ်တို့လေးဦး ဝက်မနှစ်ကောင်ကို သစ်ကွက်ကြီး (၇) အပြင်ဘက် ကားလမ်းမအစပ်သို့ ထမ်း၍ ချထားသော်လည်း ကိုအင်နီက သစ်ကွက်ကြီးအမှတ် (၈) အစပ်တွင် ရပ်ထားသော ကားပေါ်သို့ အရောက်ထမ်းပို့ခြင်းဖြစ်သည်။ ကားဆရာက ပြေးလိုက်သွား၍ ကားကြီးကို ကျွန်ုပ်တို့အနီးသို့ မောင်းပြီးရွှေ့လာသည်။

ကျွန်ုပ် …

“ကိုအင်နီရယ် . . . ပင်ပန်းခံလို့ဗျာ။ ကားလမ်းစပ်ရောက်ရင် ကားရွှေ့ပြီး တင်ရုံပေါ့။ အခုတော့ဗျာ အဝေးကြီးထမ်းသွားပြီး တင်ရတယ်လို့။ အံ့ရောဗျာ”

ကိုအင်နီ …

“ရတယ် ဆရာ။ အမြင်ကတ်လို့ ငါလုပ်လိုက်တာ။ အပန်းမကြီးပါဘူး”

ကျွန်ုပ်တို့ ဝက်များအား ကားပေါ်သို့တင်၍ လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။ ညနေလည်း စောင်းလေပြီ။ ယင်းခဲဘိုတဲအနီး မော်တော်ယာဉ်အလုပ်ရုံရှေ့သို့ အရောက်၌ ကားအား ရပ်စေပြီး ကျွန်ုပ်က ဝက်မတစ်ကောင်အား အလုပ်သမားများစားရန်အတွက် ချခိုင်းရာ ကျော်စိန်ဝင်းက ချပေးနေစဉ် ကိုအင်နီ ကားပေါ်မှခုန်ဆင်းလာပြီး တားတော့သည်။

ကျွန်ုပ် …

“ကိုအင်နီ ဘာဖြစ်လို့လဲ။ ဝက်နှစ်ကောင်တောင် ကျန်သေးတာပဲ။ ခင်ဗျားကြိုက်ရာအကောင် တစ်ကောင်ယူနိုင်ပါတယ်”

“ငါမယူ ဆရာ။ ငါပြောပြီးကော … ဝက်သုံးကောင် ခေါင်း သုံးခေါင်း၊ ပေါင်သုံးချောင်းနဲ့ ငွေသုံးရာကျပ် ရမှဖြစ်မယ်”

ကျွန်ုပ်တို့လည်း မတားသာတော့ပါ။ သူလုပ်သမျှကိုသာ ထိုင်ကြည့်နေရတော့သည်။ ကိုအင်နီက ဝက်နားရွက်တစ်ဖက်အား နောက်သို့လှန်ချ၍ တိုင်းသည်။ ပြီးနောက် နားရွက်တစ်လှဲရောက်ရာ ဝက်လည်တိုင်ရင်းအား သူ၏ ထက်မြလှသောဓားကြီးဖြင့် တိတိရိရိဖြတ်ယူသည်။ ပေါင်ရင်းအားလည်း ဖြတ်၍ နှစ်ခြမ်းခွဲကာ ပေါင်တစ်ခြမ်းကို သာယူသည်။

အမှန်းအဆတော်၍ တစ်ဖက်နှင့်တစ်ဖက် အလွန်ညီမျှသည်။ ပိုလည်း မယူ၊ လိုလည်းမရသော တစ်ပွဲစားမုဆိုး အင်နီအား ကျွန်ုပ်တို့ သဘောကျလှ၍ ဝိုင်းကြည့်နေကြသည်။

ကျွန်ုပ် …

“ကိုအင်နီရေ … မနက်ဖြန်လည်း တောလည်ချင်သေးတယ်။ ခင်ဗျား ဒီနေ့ညတော့ စားရင်းသောက်ရင်း ကျွန်တော်တို့ဆီမှာပဲ အိပ်ပါ”

“မရ ဆရာ၊ ငါ အိမ်ပြန်ပြီး ဝက်သားတွေကို ပို့ရဦး မယ်။ ငါ့မိန်းမနဲ့ ငါ့သမီးက မျှော်နေမှာ။ မနက်စောစော ငါ ဘယ်အချိန် ဘယ်ကိုလာရမလဲ။ ငါအရောက်လာမယ်။ ဒီမှာတော့ မအိပ်နိုင်ဘူး”

ကျွန်ုပ်တို့အဖွဲ့ ဆိပ်ကမ်းမှာ ဆင်း၍ အနောက်ဘက်ကမ်းသို့ မော်တော်ဘုတ်ကလေးဖြင့် ကူးခဲ့ကြသည်။ ထုံးစံအတိုင်းပင် သစ်တောဝင်းအိမ်သို့ မပြန်ကြတော့ဘဲ လူလွတ်များပီပီ ကမ်းနားလမ်းဘိုတဲကို ဖွင့်ကာ တစ်ညလုံး ချက်ပြုတ်စားသောက်ရန် ပြင်ဆင်တော့သည်။

ထိုစဉ် ကျွန်ုပ်၏တပည့်ရင်း ထမင်းချက်အောင်ဘု သူ့ရွာသို့ ခေတ္တပြန်သွားရာမှ ပြန်လည်ရောက်ရှိလာသဖြင့် အလွန်အဆင်ပြေသွားသည်။ အောင်ဘုမှာ အချက်အပြုတ်လည်း တော်သည်။ ကားလည်း မောင်းတတ်သည်။ တောကောင်များဖျက်ခြင်းကို ကျွမ်းကျင်သလို အမဲလိုက်လည်း ဝါသနာပါသည်။ သို့သော် သူက သေနတ်ပစ်တော့ မကျွမ်းကျင်ပါ။

ဘိုတဲတွင် ဝက်ဖျက်ရန်စီစဉ်ကြစဉ် ကိုအင်နီ၏ပြဿနာ ပေါ် ပြန်သည်။ သူ့ထုံးစံအတိုင်း ဝက်ခေါင်းများအား နားရွက်တစ်လှဲယူရာတွင် ဝက်မများ၌ ပြဿနာမပေါ်ပေါက်သော်လည်း ဝက်သိုးကြီးတွင် ပြဿနာပေါ်တော့သည်။

ဝက်သိုးကြီး၏ နားရွက်ထိပ်ဖျားအား ဖြတ်တောက်၍ တော စောင့်နတ်တောင်စောင့်နတ်တို့အား ပူဇော်ခဲ့သဖြင့် ဝက်သိုးကြီး၏ နားရွက်နှစ်ဖက်တွင် ထိပ်များပြတ်နေသည်။ စတိသဘောနှင့် တစ်လက်မ ခန့်စီသာ ဖြတ်ခြင်းဖြစ်သော်လည်း သူပြောထားသည့် နားရွက်တစ်လှဲ ဖြတ်ရာတွင် တစ်လက်မခန့်စီ လျော့နေပေတော့သည်။ ထို့ကြောင့် ကျွန်ုပ် တို့က ကိုအင်နီအား နောက်ပြောင်လိုသဖြင့် စကြ နောက်ကြတော့သည်။

ကိုဇော်မင်း …

“ကိုအင်နီရေ … ခင်ဗျားကတိအတိုင်းပဲနော်။ နားရွက်တစ်လှဲအတိပဲ ဖြတ်ယူပါ။ ပိုမယူပါနဲ့”

ကျော်စိန်ဝင်း …

“ကိုအင်နီက ကတိတည်တယ်။ တိတိကျကျပဲ အလုပ်လုပ်တာ။ ပိုမယူပါဘူး”

ကျွန်ုပ် …

“ကိုအင်နီ .. ခင်ဗျားလက်နဲ့ ခင်ဗျားခြေပဲနော်။ ကြိုက်သလိုလုပ်ပါ။ ကြိုက်သလောက်ယူပါ”

“ဟုတ်တယ် ဆရာ။ ဆရာတို့ စိတ်ချပါ။ ငါ ကတိကို မဖျက်ပါဘူး။ နားရွက်ပြတ်နေရင်လည်း မီတဲ့နေရာ အတိအကျကိုပဲ ငါတိုင်းယူမှာပါ။ နည်းနည်းမှ ပိုမယူပါဘူး။ စိတ်ချပါ”

ကျွန်ုပ်က ကိုအင်နီအား ခင်မင်၍ နောက်ပြောင်ခြင်းသာဖြစ်ကြောင်း၊ ကြိုက်သောအသားကို ကြိုက်သလောက်ယူသွားနိုင်ကြောင်း ပြောသော်လည်း လွန်စွာသစ္စာရှိ၍ ကတိတည်သော ကိုအင်နီက တစ်စကလေးမျှ ပိုမယူပါ။ အတိအကျသာ ယူသည်။

ဝက်သုံးကောင်အတွက် ငွေသုံးရာကျပ်အစား ငွေငါးရာကျပ်ပေးသော်လည်း ပိုမယူပြန်ပါ။ ငွေသုံးရာကျပ်ကိုသာ အတိအကျတောင်းယူ၍ ပြန်မည်ပြုရာ ကျွန်ုပ်က ဆိုက်ကားငှားပေးမည်ပြောသော်လည်း လက်မခံပြန်ပါ။

သူနေထိုင်သည့် နှစ်မိုင်ကျော်ခန့်ဝေးသော ပတ္တမြား မြို့သစ်သို့ ညမိုးချုပ်ကြီး ဝက်သားတွဲများအား ဝါးလုံးလျှိုထမ်းလျက် ကုန်းကြောင်းလျှောက်ကာ ပြန်လေတော့သတည်း။

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ