• July 4, 2025
  • admin
  • 0

မောင်စံထွန်း(ဥက္ကံ)
ယောကျ်ားပီသတဲ့မုဆိုး

(၁)

တောလိုက်ဝါသနာပါသည်ဆိုသော လူငယ်နှစ်ဦး ဘန့်ကွေးစခန်းသို့ ရောက်ရှိလာသည်။ ယာဉ်မောင်းဦးလောကြီးနှင့် ခင်မင်သိကျွမ်းပြီး ရောက်ရှိလာကြခြင်းဖြစ်လေ၏။

မှတ်မှတ်ရရ တောင်ကုန်းအမှတ် (၃) သစ်တောစခန်းမှ သစ်တောဝန်ထောက်ကြီး ဦးဖြိုးအောင် တည်ခင်းဧည့်ခံသော မီးပုံပွဲည၏ သာယာလှပသော ဧည့်ခံပွဲညမှာ အားလုံး ဆုံဖြစ်သွားကြ​၏။

နံနက်ခင်းအစောကထည်းက ရောက်ရှိလာကြသည်ဖြစ်၍ ဘန့်ဘွေးကုန်းသစ်ထုတ်လုပ်ရေးစခန်းရှိ အင်မတန် သဘောကောင်းလှသော မန်နေဂျာကြီး ဦးကျော်လင်းနှင့်တကွ ကျောက်ချောင်း သျှားဖြူပင်ကုန်း ဆင်စခန်းမှ ဆင်အုပ်ကြီး ဦးထူးသာ၊ ဆင်ထိန်းကြီး ဦးဖိုးထော်၊ ဆင်ထိန်း ကိုစောမှူးတို့နှင့် ခင်မင်ရင်းနှီးပြီး ဖြစ်ကြလေသည်။

“မီးပုံပွဲမှာ စုကာ ဝေးကာ , အပေါင်းအဖေါ်များနဲ့ စုံလင်စွာ. . .”

ယာဉ်မောင်းခေါင်းဆောင်ကြီး ဆရာကိုသန်း၏ မယ်ဒလင်လက်သံကလည်း မုက္ခာချောင်း တ ဘက်ကမ်းဆီမှ ချေ (ဂျီ) ဟောက်သံနှင့်အပြိုင် သူနိုင် ငါနိုင် အပြိုင်ကြဲနေလေတော့၏။

သီချင်းကို သံပြိုင်ဟစ်ကြွေးနေကြသည်ဖြစ်၍ အဆိုတော် ဘယ်သူပါဟု ဤနေရာ၌ ဖေါ်ပြနိုင်ခြင်း မပြုနိုင်ခဲ့ပါ။

တစ်ခါတစ်ခါ ညှောင်နာနာဖြင့် ဟစ်လိုက်သော ချောင်းခေါင်း အောင်ဘု၏ ခပ်ထွေထွေအသံက လွှမ်းမိုးသွားတတ်သဖြင့် အဆိုတော် ချောင်းခေါင်းအောင်ဘုပါဟု ပြောရမလိုတော့ ဖြစ်နေပါ၏။

ဪ. . . တကယ်ဆိုတော့ အရာရှိရယ်၊ ဝန်ထမ်းရယ်၊ အလုပ်သမားရယ်ဟု လူတန်းစားခွဲခြားမှု မရှိရှာကြသော ပျော်ပျော်ရွှင်ရွှင် ပျော်စရာလေးများကို တမင်ဖန်တီး၍ နေကြရသော တောတွင်းနေ အမှုထမ်းတို့၏ ဘဝပန်းချီကားတစ်ချပ်ပင် ဖြစ်ပါ လေတော့သတည်း။

ကောင်းကင်ယံက ထိန်ထိန်သာသော။

ညကန္တာနှင့် လစန္ဒာတို့၏ သဘာဝပန်းချီကား။

ဘန့်ဘွေးကုန်းစခန်းနှင့် မုက္ခာချောင်းတစ်ဝိုက်မှ
တောကြောင်ခြင်း ပျော်မြူးအော်ဟစ်သံ၊ ပုရစ်ဆူသံ၊ ဂျီဟောက်သံ၊ ငှက်ဥဩကြီးတို့၏ တစ်တောလုံးတွန်ကျူးသံတည်းဟူသော သဘာဝပန်းချီကားကလည်း ရှုမော၍မဆုံးနိုင် ဖြစ်ခဲ့ရပြီတမုံ့. . .။

အခန်း (၂)

မနေ့ညကုန်ဆုံးခဲ့ပြီဖြစ်၍ ယနေ့မင်္ဂလာရှိလှသော မင်္ဂလာနံနက်ခင်း ဖြစ်ပါလေ၏။ သစ်ထုတ်လုပ်ရေးစခန်း၌ အဖွဲ့သားအားလုံး စုံညီနေကြပြီဖြစ်၏။

“တောလိုက်ဝါသနာ တကယ်ပါတယ်ဆိုရင် မျက်လုံးကို ခါချဉ်ကိုက်ရင်တောင် အမလေးလို့ မအော်ရဘူးတဲ့ဗျ”

ယာဉ်မောင်းခေါင်းဆောင် ဦးသန်းက လူငယ်နှစ်ဦးအနက် သက်မှုးဆိုသူ ကောင်လေးကို လှမ်း၍ နောက်လိုက်သဖြင့် တဟားဟား ပွဲကျသွားတော့၏။

“အေး … မင်းနဲ့ ငါနဲ့ နောက်စာလုံးချင်း တူပေမယ့် ငါကတော့ နည်းနည်း (ဩော် ယောင်လို့) များများမူးတတ်တယ်နော်။ ဒါပေမယ့် တောလိုက်ဝါသနာပါတယ်၊ အမဲပစ်ဝါသနာ ပါ,ပါတယ် ဆိုရင်တော့ ဟောဒီလို ငါ့လို ဘယ်ချေနဲ့ ရှေ့တစ်လှမ်းတိုးပြီးရင် ညာချေနဲ့ နောက်ဆယ်လှမ်းဆုတ်ပြီး ပြေးတတ်ဖို့လိုတယ်နော်”

“ဟား… ဟား… ဟား”

ဆင်ထိန်း ကိုစောမှုး၏ နောက်ချက်ကြောင့် ကျန်လူငယ်လေးဖြစ်သူ ရဲသွေးကပါ ရောနှော၍ ရယ်မောလေတော့၏။

မကြာမီ သေနတ်ကို မြှောက်၍ မြှောက်၍ စခန်းဆီသို့ လှမ်းလာသော ကျွန်ုပ်တို့၏ မုဆိုးကြီး ကိုကျော်မော်ကို လှမ်း၍ မြင်လိုက်ကြသဖြင့် စခန်းမှ လူအားလုံး ဝမ်းသာသွားကြလေ၏။ သူတို့ထံ ရောက်လာသောအခါ ကိုကျော်မော်ကြီးက. . .

“ဟ တယ်ပွဲကောင်းနေကြပါလား။ ကျောက်ချောင်းရေတောင် နွေးလောက်ပါရဲ့”

“ဟုတ်တယ် ကိုကျော်မော်ရေ … ဟုတ်တယ်၊ အင်မတန် မာကျောပါတယ်ဆိုတဲ့ ဆင်အုပ်ကြီး မောင်မောင်ထူးသာရဲ့ အသည်းနှလုံးတွေတောင် ရယ်ရလွန်းအားကြီးလို့ ဆွတ်ပျံ့ပျော့ခွေ အရေပျော်ကျသွားပြီဆိုပဲ ဆရာရဲ့”

ဆင်အုပ်ကြီး ဦးထူးသာကို ချောင်းခေါင်းအောင်ဘုက မေးငေါ့ကာ နောက်ပြလိုက်သဖြင့်

“ဟား… ဟား… ဟား… ဟား…”

အားလုံး ပွဲကျသွားပြန်လေသတည်း။

“ကဲ. . . တော်ကြပါစို့ရဲ့ဗျာ။ တောလိုက်ဝါသနာပါတဲ့ သက်မှူးနဲ့ ရဲသွေးကို ဦးလေးပြောမယ်။ မင်းတို့ကိုပြောတဲ့နေရာမှာ ပုံပြင်လေးကတော့ ဒါပါပဲကွယ်ဆိုတဲ့ အပြောမျိုး ဦးလေးမကြိုက်ဘူး။

တောသားရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာဆိုတဲ့ ကိုးခန်းပျို့စာအလာကို ဒီနေရာမှာ ဒီလိုစိ တ် ထားရမယ်။ တောအကြောင်း တောင်အကြောင်း မုဆိုးလုပ်ငန်းမှာ ကတိတည်တဲ့ သတ္တိရှိတဲ့ သစ္စာရှိတဲ့ ယောက်ျားပီသတဲ့ မုဆိုးဖြစ်ဖို့လိုတယ်။ Purpose ရည်ရွယ်ချက်တစ်ခုအတွက် အကြောင်းယုတ္တိ Reasoning ခိုင်မာရေး အဓိကပါပဲ။

ကျားကို တွေ့ရင် ကျားပစ်မယ်။ ဂျီကိုတွေ့ရင် ဂျီပစ်မယ်။ အမဲမြင်ရင် ပစ်မှာပဲ။ ဒီကနေ့ ကျားရဲမကို အပြတ်ရှင်းရမဲ့နေ့ဖြစ်တယ်။ သိပ်အရေးကြီးတယ်။ ရန်သူကိုမြင်ရင် စူးစူးရဲရဲစိုက်ကြည့်ထားပြီး ကျွမ်းကျင်တဲ့လက်နဲ့ သေနတ်ခလုတ်ကို တည့်တည့်ဖြုတ်ပါ။ ကိုယ်အမူအယာ ရွေ့လိုက်တာနဲ့ ကျားအုပ်ခံရဖို့ သေချာတယ်။

သူ့မျက်လုံးနဲ့ ကိုယ့်မျက်လုံး နည်းနည်းမျှအရွေ့မခံနဲ့။ သူလှုပ်တာနဲ့ ကိုယ်ကဦးနိုင်ဖို့ အရေးကြီးတယ်။ လက်ဦးမှု ရစေရမယ်. . . ဒါပါပဲ”

ကိုကျော်မော်သည် ပြောပြောဆိုဆို ၎င်း၏ သေနတ်ကို သက်မှူးနှင့် ရဲသွေးတို့ နှစ်ဦးဆီသို့ ပစ်၍ ပေးလိုက်သည်။ သက်မှူးက နောက်သို့ ဖင်ထိုင်လဲကျသွားသော်လည်း ရဲသွေးက လျင်မြန်သောလက်ဖြင့် မိအောင် ဖမ်းလိုက်သည်။

“ငါလိုချင်တာ ဒါပါပဲ။ ကဲ. . . ရဲသွေး ငါနဲ့ လိုက်ခဲ့။ သက်မှူးက ဆရာဦးသန်းတို့အဖွဲ့နဲ့ နောက်မှ လိုက်လာခဲ့။ ကဲ. . . လုပ်ငန်းစကြစို့”

ခေတ်မီမုဆိုးကြီး ကိုကျော်မော်ကို မန်နေဂျာကြီး ဦးကျော်လင်းကပင် လေးစားစွာဖြင့် ငေးမောကြည့်ရှုရင်း ကျန်ရစ်ခဲ့လေ၏။

သည်နေ့ လုပ်ငန်းကြီးကား သစ်ထုတ်လုပ်ရေး နယ်မြေသစ်ကွက်များ၌ သောင်းကျန်းနေသော ကျားရဲမ၏ ရန်စွယ်ကို မပြောမပြီး မလုပ်မဖြစ်သည့် နှိမ်နှင်းရမည့် လုပ်ငန်းကြီး ဖြစ်ပါလေတော့သတည်း။

အခန်း (၃)

ဘန့်ဘွေးကုန်းအထက် ကျောက်ရေတွင်းလေး နယ်မြေကို ဖြတ်ကျော်သွားပြီ ဆိုကတည်းက ကိုကျော်မော်တို့အဖွဲ့သည် မျက်စိရှင်ရှင် နားပါးပါး ထားကြရလေသည်။ သတိထား၍ သွားလာနေကြရလေသည်။

မကြာသေးမီက ဆင်မကြီး မသော်တာနှင့် သားသည်မိခင် ကျားမတစ်ကောင်တို့ တိုက်ပွဲဖြစ်ခဲ့ဘူးသော နယ်မြေတစ်ဝိုက် ဖြစ်လေသည်။

ကျောက်တံခါးဘုရားနှင့် ဝံလူးချောင်းတို့ဘက်မှ ဆက်၍ ဆက်၍ နက်၍ နက်၍ လာသော တောင်ကန္တာရဖြစ်လေသည်။

ဟိုဘက်, သပြုနယ်မြေဘက် ဆိုလျှင် ရိုးမထိပ်ဟုပင် ပြော၍ ရပြီ ဖြစ်သည်။

ဤအချိန်တို့တွင် ကျားတို့သည် အသံမြည်ရိုး သိပ်မရှိတော့ပေ။ သားကောင်ကို မိမိ၏ဝမ်းစာဖြည့်ရေးအတွက် ချောင်း၍ မြောင်း၍ နေတတ်သော အချိန်မျိုးဖြစ်သည်။

“ချုံကွယ်နဲ့ မြောင်စောင်းတွေကို သတိထားပါ”

မုဆိုးကြီးက သတိပေးလိုက်သည်။

များမကြာမီ မြောင်စောင်း၌ ဝဖြိုးသော ဂျီ (ချေ) တစ်ကောင် အစာစားနေသည်ကိို တွေ့ရသည်။

ကိုကျော်မော်နှင့်အတူ ပါလာသော ကိုစောမှူးက ကိုကျော်မော်ကို လှမ်း၍ ကြည့်သောအခါ ကိုကျော်မော်က ခေါင်းကိုငြိမ့်ပြလိုက်သဖြင့် ကိုစောမှူးသည် ဂျီကြီးကို တည့်တည့်ပစ်ချလိုက်သည်။

“ဒိုင်း. . . “

ဂျီကြီးသည် ချက်ကောင်းကို အပစ်ခံလိုက်ရသဖြင့် လဲကျသွားရာမှ အသက်ပျောက်သွားလေတော့သည်။

မုဆိုးကြီး ကိုကျော်မော်က ဂျီနှင့် အလှမ်းအနည်းငယ်ဝေးသည့် ချုံပုတ်ကြီးဆီသို့သာ စူးရဲသော မျက်လုံးဖြင့် စိုက်ကြည့်နေပြီး သေနတ်ကို စွဲစွဲမြဲမြဲချိန်ထားလေသည်။

ဂျီကောင်နှင့် မလှမ်းမကမ်းတွင် ချောင်းမြောင်းနေသော ကျားမ ရှိနေမည်ဟု ထင်သောကြောင့်ဖြစ်၏။

ကိုကျော်မော် ပေးလိုက်သည့် ထင်မြင်ချက်သည် ကွက်တိ မှန်နေလေ၏။ ချုံပုတ်ကြီးတစ်ခုလုံး ယိမ်းထိုးလှုပ်ရှားသွားပြီး မာန်ဖီသံကို ပထမ ကြားလိုက်ရသည်။ သူမသည် မိမိအစာကို နှောင့်ယှက်လု ယူသွားသူအပေါ် မကျေနပ်သဖြင့် ထွက်ပေါ်လာသော ဒေါသသံမျိုး ဖြစ်လေသည်။

ဘွားကနည်း ပေါ်လာပြီ ဆိုကတည်းက ကျောက်ဆစ်ရုပ်လို တုတ်တုတ်မှ လှုပ်ရှားမှုမပြုသော ဆင်ထိန်းစောမှူးနှင့် မုဆိုးကြီး ကိုကျော်မော်တို့အပေါ် ကျားရဲမသည် အာရုံမကျခဲ့ပါ။

မိမိကိုင်ထားသော သေနတ်ကို ပြန်ကြည့်လိုက်၊ မိမိကို စိုက်ကြည့်နေသည့် ကျားမကို ပြန်ကြည့်လိုက်နှင့် ဂဏာမငြိမ်ဖြစ်နေသော ရဲသွေးအပေါ်မှာသာ ကျားရဲမ အာရုံစိုက်နေပါတော့သည်။

“ဟေ့ ရဲသွေး… ကျားမ မျက်လုံးကို ရဲရဲကြည့်။ သူ့မျက်လုံး နှစ်လုံးကြားကို မင်းရဲ့သေနတ်ခလုတ် ဖြုတ်ချလိုက်”

ကိုကျော်မော်သည် သည်လို အရေးကြီးသည့်အချိန် မျိုးမှာ အသံကို လုံးဝ မပေးချင်ပါ။ သို့မဟုတ်ပါကလည်း ရဲသွေး၏ ဂဏာမငြိမ်မှုကြောင့် အလစ်ချောင်းနေသော ကျားရဲမ၏ အအုပ်အခဲကို ရဲသွေး ခံရမှာ သေချာနေ၍ ဖြစ်လေ၏။

ထင်သည့်အတိုင်း မှန်နေလေ၏။

မိမိ၏ သေနတ်မောင်းခလုတ်ကို ပြန်လည်ငုံ့ကြည့်မိသော ရဲသွေးအပေါ် လျှပ်တပြက် ဆိုသလို ကျားရဲမက ခုန်အုပ်လိုက်ပြီ ဖြစ်သည်။

ကျားရဲမ၏ လှုပ်ရှားမှုသည် လေနှင့်အတူ မြန်ဆန်လွန်းပါဘိ။

သို့သော် ရဲသွေးကို ခုန်အုပ်မိခဲ့ပါသလော။ ရဲသွေးသည် ကျားရဲမ ခုန်အုပ်ခြင်းကို မခံလိုက်ရပါ။

ကျားရဲမ၏ ရှေ့လက်နှစ်ချောင်းနှင့် ရင်အုပ်ကိုကြွပြီး အားပြုလိုက်စဉ်မှာပင် …

“ဒိုင်း. . .”

မုဆိုးကြီး ကိုကျော်မော်သည် ကျားရဲမ၏ နားထင် ချက်ကောင်းနေရာသို့ တည့်တည့်ကြီး ပစ်မှတ်မလွဲ ကျည်ဆံစာ ကျွေးနိုင်ခဲ့သည် ဖြစ်ပါသည်။

သို့ရာတွင် ကျားရဲမသည် သူမျှော်မှန်းထားရာ ရဲသွေး၏ နေရာသို့ အမှန်တကယ်ပင် ရောက်ရှိအောင် ခုန်အုပ်နိုင်ခဲ့ရှာပါသည်။

ရဲသွေးကတော့ ထိုနေရာတွင် မရှိတော့ပါချေ။

လေ၏ လျင်မြန်ခြင်းဖြင့် တဟုန်ထိုး ခုန်လွှားလာသော ကိုစောမှူး၏ တွန်းထိုးကန်ထုတ်လိုက်ခြင်းကြောင့် မြောင်းစောင်းမှာ ရဲသွေးတစ်ယောက် ခွေခွေလေး အနားယူနေပြီဖြစ်လေသည်။

သို့သော် ကိုစောမှူး၏ ညာဘက်ပါးပြင်မှာတော့ ကျားရဲမ၏ ကုတ်ဆွဲခြင်းကို ခံလိုက်ရရှာ၏။

“ဒိုင်း. . . ဒိုင်း. . . ဒိုင်း”

အသက်ပြင်းလှသော ကျားရဲမက ခုန်၍ ခုန်၍ အုပ်မည်ပြုသဖြင့် မုဆိုးကိုကျော်မော်က ဆက်ကာ ဆက်ကာ ဖြိုခွင်းနေရလေသည်။

ဆူညံသွားသော သေနတ်သံများကြောင့် ခွေခွေလေး ဇိမ်ယူနေသော ရဲသွေးတစ်ယောက် တရေးနိုးလာခဲ့ ပြီဖြစ်သည်။

ကျားရဲမသည်လည်း လုံးဝ မလှုပ်ရှားနိုင်တော့ပဲ ဇီဝိန်ကြွေသွားပြီ ဖြစ်သည်။ စိတ်ရောကိုယ်ရော ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သော ကိုကျော်မော်နှင့် ကိုစောမှူးတို့သည်လည်း ကျွန်းပင်ရိပ်မှာ အနားယူလိုက်ကြတော့သည်။

“တော်သေးတာပေါ့ ဆရာရယ်၊ ဆရာတို့နှစ်ယောက်သာ ကျွန်တော့်ကို အချိန်မီမကယ်ဘဲ လက်နှေးလိုက်ရင်ဖြင့် ကျွန်တော် ကျားရဲမအစာ ဖြစ်သွားပြီပေါ့နော်”

ရဲသွေးက ပြောရှာပါသည်။

“ဒီလိုပေါ့ကွာ. . . မင်းကို လက်ဦးမှုရအောင် ငါ သတိပေးလိုက်သားပဲ။ မင်း လက်နှေးပြီဆိုတာ သိလိုက်လို့ တစ်ပြိုင်နက် တို့နှစ်ယောက်က ကျားရဲမအပေါ် လက်ဦးမှု ရယူလိုက်ရတာပေါ့”

ထိုအချိန်တွင်. . .

“ရဝေ. . . ရဝေ. . . မြိုင် . . . စောင်းမှာလ. . . ဥဩတွေ. . . တွန်သံ. . . တွန်သံပေးတယ်”

စခန်းဆီမှ တပျော်တပါးကြီး လိုက်လာကြသော သစ်တောဝန်ထောက်ကြီး ဦးဖြိုးအောင်နှင့် မန်နေဂျာကြီး ဦးကျော်လင်းတို့ ခေါင်းဆောင်သည့် ယာဉ်မောင်းခေါင်းဆောင် ဦးသန်းတို့ အဖွဲ့သား များ၏ “ရဝေ. . . ရဝေ” သီချင်းသံကြီးသည် မြိုင်စောင်းသာမက တစ်တောလုံး ဟိန်း၍ နေလေ တော့၏။

ငှက်ကလေးများ၏ တကျီကျီ တကျာကျာ တီတီတာတာ အော်မြည်သံလေးများကလည်း ဟိုဆီမှ သည်ဆီမှ ပေါ်ထွက်၍ လာလေ၏။

“ရဝေ. . . ရဝေ. . . အို. . . မြိုင်စောင်းမှာလ. . . ဥဩတွေ. . . တွန်သံ. . . တွန်သံကြူးတယ်”

မှန်ပါ၏။ သီချင်းသံများနှင့်အတူ ကြခတ်မြိုင်ကြီးဆီမှ တကယ်ပင်လျှင် ရွှေဥဒေါင်းငှက်တို့၏ အိုးဝေ အိုးဝေ ဟူသော တွန်သံတို့ကို သာယာနာပျော်ဖွယ် ကြားနေရလေပြီ။

ဘာပဲဖြစ်ဖြစ် ထပ်၍ သေချာတာတစ်ခုတော့ ရှိခဲ့လေပြီ။ စခန်းတစ်ခုလုံး ထိတ်လန့်နေခဲ့ရသော ကျားရဲမအပေါ် အောင်ပွဲရယူနိုင်ခဲ့သည့် ယောက်ျားပီသသော မုဆိုး ကိုကျော်မော်နှင့်အဖွဲ့အား သစ်ထုတ်လုပ်ရေးမန်နေဂျာ ဦးကျော်လင်းက ဂုဏ်ပြုပွဲ ပြုလုပ်ကျင်းပပေးမှာကတော့ သေချာ၍ နေလေပြီတကား။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

– ပြီး –

စာရေးသူ – မောင်စံထွန်း(ဥက္ကံ)

Leave a Reply

Your email address will not be published. Required fields are marked *