တွင်းကြီးဝမ်းမောင်
ရဂုံကြော့ သည်မြိုင်ငူမှာ
“အဖေ တောခြောက်ပြီထင်တယ်”
ငလုံး အသံမှ မတိတ်သေး။ တောင်ဘက်ဆီမှ ‘ဝေါ….ဝေါ….ဝေါ’ အသံများ ဆူဆူညံညံ အသံများသည် တစ်စတစ်စ ပိုမိုကျယ်လောင်လာကာ မြောက်ဘက်ဆီသို့ သိသိသာသာပင် ရွေ့လျားလာ၏။
သားဖြစ်သူ ငလုံး၏စကားကို ကြားကတတည်းက အဖေဖြစ်သူ ငတော စိတ်မငြိမ်။ စိတ်မငြိမ်သဖြင့် သူ့မျက်လုံးတို့လည်း မငြိမ်။
နေ ပွင့်ပွင့်လင်းလင်း သာနေပါလျက်၊ သူတို့ခေါင်းပေါ် တိမ်ရိပ် ရုတ်တရက် မိုးလာသလို မည်းမည်းမှောင်မှောင်။
‘ဝေါခနဲ…ဝေါခနဲ’ အသံများ ခေါင်းပေါ်ရောက်လာ၍ ငတောရော ငလုံးပါ ပြိုင်တူ မော့ကြည့်မိသည်။
မရေတွက်နိုင်အောင် များပြားလှသည့် သောင်းသိန်း ချီလျက် တရကြမ်း ပျံသန်းလာကြသည့် ပျားကြီးမျိုး ပျားအုပ်ကြီး။
ဪ… စောစောက တောထဲမှာ တဝေါဝေါ ပြိုကျလာတဲ့ အသံဟာ သည်ပျားအုပ်ကြီး အသံကိုးဟု ငတော သဘောပေါက်သည်။ သည်ပျားအုပ်ကြီး အကဲခတ်ရတာ ဆောက်တည်ရာမရ၊ ခိုကိုးရာမရ၊ အဖြစ်နိုင်ဆုံးမှာ ပျားဖွပ်သမား တစ်ဦးဦးက မောင်းထုတ်လိုက်ဟန် ရှိသည်။ ထို့ကြောင့် နေရင်းစွန့်ခွာ ထွက်ပြေးလာခြင်း ဖြစ်နိုင်သည်။
“တောခြောက်တာ မဟုတ်ပါဘူး ငါ့သားရာ၊ ဒီပျားအုပ်ကြီး သေပြေး ရှင်ပြေး ထွက်ပြေးလာတဲ့ အသံပါ။ တောလိုဏ်ခတ်အသံ ကျယ်သထက် ကျယ်လာတာပါ”
“ရုတ်တရက်ဆိုတော့ ကျုပ်က တောခြောက်တာ မှတ်တာ အဖေရ၊ ဝေါဝေါချင်း မစဲဘူး”
“ကိုင်း သူတို့က ဝေါဝေါချင်း မစဲ ပျံသလို အဖေတို့ကလည်း ဖြောင်းဖြောင်းချင်း မစဲအောင် တောတိုးဝင် လျှောက်လိုက်ကြဦးစို့”
ငတောက ရယ်ကျဲကျဲဖြင့် တက်သုတ်နှင်သည်။ ငလုံးကလည်း ခြေလှမ်းကျဲကြီးများဖြင့် အမီလိုက်သည်။
စိုင်တမော့တော-
မိုးနံ့ ရေနံ့ မြေနံ့ တောနံ့ တောင်နံ့ဖြင့် တောဝန်းကျင် တစ်ခုလုံး မြမြမောင်းမောင်း။ စိမ်းစိုရွှန်းလဲ့၍ မြကမ္ဗလာဖြန့်ကြက်ကာ တောပန်းအလှတို့ ပွင့်ဖူးကြသော မိုးလလယ် ဝါခေါင်အချိန်။
ဓားလှံရိုးကို ထမ်းပိုးသဖွယ် ပြုလုပ်လျက် ခါတည်အိမ်၊ ခါတည်ပိုက်များနှင့် ဘူးသီးခြောက်ရေဘူးကို ချိတ်ဆွဲထမ်းလာသော ငတော။ လွယ်အိမ်ကြီး တစ်အိတ်ကို လွယ်လျက် လက်မှ ငှက်ကြီးတောင်ဓားရှည် ကိုင်လာသော ငလုံး။
ခြေသလုံးမွေး ရိတ်ရသည်အထိ ထက်မြည့်နေအောင် သွေးထားသော ငလုံး၏ ငှက်ကြီးတောင် ဓားအရောင်သည် နေရောင်အောက်၌ ငတော၏ ချွန်ချွန်မြမြ ထက်ထက်မြည့်မြည့် ဓားလှံအရောင်နှင့် သူနိုင် ငါနိုင် အပြိုင်အဆိုင် ဝင်းခနဲ … လက်ခနဲ … ပြိုးခနဲ … ပြက်ခနဲ။
ငတောနှင့် ငလုံးတို့ စိုင်တမော့တောသို့ ဝင်ရောက်ခြင်းမှာ ခါတည်ရန် ဖြစ်သည်။
တက်…တက်…တူ…ခါ..ခါ၊ တက်…တက်…တူ…ခါ..ခါ၊ တက်…တက်…တူ..ခါ..ခါ၊
ငတောတို့ အကြားချင်ဆုံးသော ခါတုတ်သံများ၊ လောဘတကြီး တွန်ကျူးသောအခါ ခါတုတ်သံမှာ တက်..တက်..တူ…ဂဲ…. ဖြစ်သလိုလို။
တောခါတွန်သံ ကြားသဖြင့် ငတောတို့ တည်အိမ်ထဲမှ၊ တည်ခါက တွန်လိုဟန် ရှိသည်။ တည်အိမ်အတွင်း အဝတ် ဖုံးကွယ်ထားသည့်တိုင်၊ လျှောက်တန်းပေါ်၌ ဟိုလျှောက် သည်လျှောက် လျှောက်နေ၍ ခါတည်အိမ် လှုပ်လှုပ်ရှားရှား။
ဝါးတော တစ်တော၏ ဝါးရုံစု၌ အရိပ်ခိုနား၍ တောခါများ အခြေအနေကို ငတော အကဲခတ်သည်။ ထမင်းအိုး တစ်လုံးပွက်ခန့် ကြာမှ
“ကိုင်း… ခါတည်စစို့ ငါ့သားရေ”
ငတောက ပြောပြောဆိုဆိုဖြင့် ခါတည်အိမ်ကို နပဲပင်ကိုင်း နိမ့်နိမ့်၌ ချိတ်လိုက်သည်။
ခါတည်အိမ် ရှိရာသို့ ပြေးလွှားလာရောက်ပြီး တည်ခါကို ခွပ်မည့် တောခါလာလမ်း မှန်းဆနိုင်ရန် စိုင်တမော့တောအား အကဲခတ်လိုက်သည်။ ခါပြေးလာလမ်း ဖြစ်နိုင်မည့်နေရာကို တောသမားမျက်စိဖြင့် ရှာဖွေသည်။
စိုင်တမော့တောမှာ တောကြီးဖြစ်ရာ ကျွန်း၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ နှော၊ ပျဉ်းကတိုး၊ သစ်ဝင်၊ နပဲ အပါအဝင် သစ်ကြီးတို့ဖြင့် ပြည့်သိပ် ထူထပ်နေသကဲ့သို့ ဝါးမျိုးစုံ ဝါးရုံတောများ၊ ချုံနွယ် ချုံပုတ်ကြီးများ ထူထူထပ်ထပ်၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ကောင်နှင့်တစ်ကောင် ခြေသံမကြား၊ အသံမပေးက ဘွားခနဲ ရင်ဆိုင်တွေ့စေသည်အထိ တောရေး၊ တောင်ရေး ထူထပ်သိပ်သည်းသော တောကြီးမဟာပင်။
တောခါ လာလမ်း မှန်းဆရာ၌ သာမန်တောင်ကုန်းကမူ၊ ၊ ကဇာ ၊ ခင်တန်း၊ ကုန်းရိုး အပင်ကျဲကျဲ၊ အပင်ပု ချုံနိမ့်ကဲ့သို့ မှန်းဆမရ၊ ဝါးရုံများ ချုံကြီးများကြားမှ လာလမ်း မှန်းဆရသည်။
တောခါလမ်း ဖြစ်နိုင်မည့်နေရာကို ငတော မှန်းဆရာ ဝါးရုံကြီး သုံးလေးရုံနှင့် ချုံကြီး နှစ်ချုံကြား၌ ဝထိုးပြီး ပိုက်ထောင်ရန် ငတော ဆုံးဖြတ်သည်။ သည်ကြားက ခါပြေးလမ်း သာသည်။
ခါပိုက်တစ်ထည်လျှင် လက်သုံးသစ် အကျယ်အကွက် ဆယ့်နှစ်ကွက်၊ ဆယ့်လေးကွက်၊ ဆယ့်ခြောက်ကွက် ထိုးလေ့ရှိသည်။
ခါပိုက်ကို နိုင်လွန်ချည်နှင့် ထိုးထားရာ မည်မျှ တိုးတိုး ရုန်းရုန်း လွတ်ရိုးထုံးစံ မရှိ။ နပဲပင်ကို ခါတည်အိမ်ချိတ်၍ ပိုက်အားလုံး ထောင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ခါတည်အိမ်ဘေး ပတ်ထားသော အဝတ်စုတ်များကို ဖြုတ်တင်ပေးလိုက်သဖြင့် တည်ခါသည် တောဝန်းကျင် မြင်တွေ့ရပြီး လည်တခါခါ၊ ခေါင်းတဝင့်ဝင့်၊ ဟန်တကြွကြွ၊ မာန်သွင်းစ ပြုလာသည်
“ကဲ… ဟေ့ ငါ့သားရေ၊ ဟောဟို အင်ပင်နဲ့ ခပ်စောင်းစောင်းမှာရှိတဲ့ ဝါးရုံ လေးငါးရုံကျော်လောက်က တို့ စောင့်ကြရအောင်”
ဓားလှံနှင့် ရေဘူးယူ၍ ငတော သွားရာနောက်သို့ ဓားရှည် တယမ်းယမ်းဖြင့် ငလုံး လိုက်သွားသည်။
“တက်… တက်… တူ … ခါ… ခါ”
“တက်… တက်… တူ … ခါ… ခါ”
သည်အသံက တည်ခါ၏ ကြည်လင်ပြတ်သားစွာ စတင်တုတ်သော စိန်ခေါ်သံ။ ခါတွန်သည်ကို ခါတုတ်သည်ဟု ခေါ်သည်။
ဝါးရုံပင်ရိပ် ထိုင်မိချိန်၌ ငတောက ကွမ်းတစ်ယာကို ဝါးသည်။ ကွမ်းသွေး ပျစ်ခနဲ ထွေးကာ…
“တို့ ဝင်လာစက ခါတွေ တုတ်ပေမဲ့ တခြား လန့်ပျံသွားလို့ တော်တော်ကြာမှ ပြန်လာမယ်။ ဒါပေမဲ့ ဒီနားက ခါတစ်ကောင် ရမှာပါ”
“ဘယ်လိုသိလဲ အဖေရ”
“ခါဆိုတာ ပေါက်တော့လည်း သုံး လေးကောင်ပေါက်ခဲတယ်။ သုံး လေးကောင်ပေါက်လည်း အားလုံး အဖတ်တင်ခဲတယ်။ အားလုံး အဖတ်တင်လည်း သုံး လေးကောင် စုနေလေ့ မရှိဘူး။ ကြက်သားခွဲသလို အရွယ်ရောက်ရင် သူ့ဇာတိ ပြလာပြီ”
“ဇာတိပြတယ်… ဟုတ်လား အဖေ”
“အေးကွ… နှစ်ကောင် တစ်အုပ် ခွဲနေတာ သူ့ဇာတိ၊ သူ့သဘာဝပဲ။ အထီးနဲ့ အမပေါ့။ တောတစ်တောမှာ တွန်ဝံ့တဲ့ခါကလည်း တစ်ကောင်သာရှိတာ။ ပါးပေါ် အနက်စင်းကြောင်းနဲ့၊ စလုတ်အဖြူနဲ့၊ အတက်နဲ့၊ အဲဒါ ခါထီး”
“တစ်အုပ်မှ ခါထီး တစ်ကောင်ဆိုတော့ ကျန်တာတွေက ဘယ်သွားလဲ”
“တောခွဲတာပေါ့၊ ခါထီးပဲ … သူတို့လည်း မတွန်ဘဲ နေပါ့မလား ငါ့သားရ။ အရွယ်ရောက်ရင် တွန်ဖို့ အားယူစမ်းတယ်။ အဲဒါ ခါတုတ်တယ် ခေါ်တာ။ ခါတုတ်တဲ့အရွယ်ရောက်ရင် နိုင်တဲ့ခါက အတူအနေမခံဘူး၊ ခွပ်ထုတ်ရော”
“ဒါဖြင့် ခွပ်ထုတ်ခံရတဲ့ခါဟာ တောသစ်ရှာ၊ တောခွဲ၊ သူ့တောသူ ဗိုလ်လုပ်ပေါ့နော် အဖေ”
“ဟုတ်တယ်… နယ်သစ်ပယ်သစ် တောသစ်ရှာပြီး ခွဲထွက်သွားရတဲ့ ခါဟာ အဲဒီတောမှာ သူအနိုင်ဆုံး ဗိုလ်ဖြစ်ကရော။ သူ့နယ်ကိုယ့်နယ် ခွဲရော၊ ကိုယ့်နယ်ထဲ တခြားခါ လာတွန်ရင် တုတ်ရင် နယ်ခံ ခါဟာ သူစိမ်းခါ မှန်သမျှ ခွပ်တော့တာပဲ။
ခါဟာ ဒေါသလည်းကြီးတယ်။ အတက်လည်း ပါတော့ တစ်ကောင်နဲ့တစ်ကောင် မျက်လုံးကန်းတာတောင် အလျော့မပေးဘဲ ခွပ်လေ့ရှိတယ်။ ခါတည်တယ်ဆိုတာ တောခါရဲ့ ပိုက်နက်ထဲကို အိမ်ခါထီးနဲ့ ဝင်တည်ပြီး ပိုက်နဲ့စောင့်ထောင်တာပဲ။ ဒီလိုထောင်ရင် ရမယ်ဆိုတာ ခါ ဓလေ့စရိုက် ခန့်မှန်းပြီး၊ ရှေးတောသမားကြီးတွေ ကြံဆခဲ့တာ နေမှာပဲ”
“ခုတောက တစ်ကောင်ရမှာဆိုတော့ တစ်ကောင်မက ရဖို့ဆိုရင်…”
“တောပြောင်း တည်ရတာပဲ၊ ဒါမှ ရတယ်”
“တည်ခါထီးကို တောခါထီးကသာ ခွပ်သလား၊ တောခါမက မခွပ်ဘူးလား”
“တစ်ချိန်ပဲ ခွပ်လေ့ရှိတယ်၊ အဲဒါက… ”
ငတော စကားဖြတ်၍ ငလုံးကို ငြိမ်ဟူသော မျက်ရိပ် ပြလိုက်သည်။
“တက်… တက်…. တူ… ဂဲ… ဂဲ” ဖြစ်သည်အထိ တည်ခါ(အိမ်ခါ) နှင့် တောခါတို့ အပြိုင်တုတ်နေကြပြီ။
တည်ခါက ဆက်တိုက်တွန်သံပေးရာ တောခါက ဒေါသတကြီးဖြင့် ခွပ်ရန် အပြေးလာသည်။ ခါသည် ချိုးကဲ့သို့ အပေါ်မှ ပျံသန်းလာပြီး၊ တည်အိမ်ရှိရာဘေး ဝင်နားကာ အတောင်ဖြင့် ပုတ်သည့်အကောင် မဟုတ်။
ငုံးကဲ့သို့ မြေပေါ်ပြေးလာရာမှ ထောင်ထားသော ပိုက်ထဲ လုံးထွေးမိတတ်သည့် သတ္တဝါ။
ယခုလည်း တွန်နေသည့် တည်ခါရှိရာ နပဲပင်ကြီးဆီ ဒုန်းချ၍ တောခါက အပြေးလာသည်။ သို့ရာတွင် နပဲပင်ကြီးဆီ မရောက်။ ဝါးရုံကြီးဘေး ပိုက်ထဲဝင်တိုးမိပြီး လုံးထွေးလုံးထွေး ယက်ကန်ယက်ကန်။
မိထားသော ခါကို ဖြုတ်၍ တောသစ် နေရာသစ် ဖြစ်နိုင်သော ဝါးရုံ လေးငါးဆယ်ကျော် နေရာသို့ ပြောင်းရွှေ့တည်ရာ ခါတည်အိမ် ချိတ်၍ ပိုက်ထောင်ပြီးသည်မှ မကြာသေး၊ တည်ခါတုတ်သံ(တွန်သံ) လေးငါးခွန်းမျှနှင့်ပင်လျှင် တောခါက တည်ခါရှိရာသို့ မြင်းလန့်ပြေးသလို အပြေးဝင်လာသည်။
အတွေ့အကြုံနည်းသော ငလုံးအဖို့ ဓားရှည်ကိုင်ရင်း တအံတသြ၊ ဓားလှံကိုင်ထားသော ငတောပင်လျှင် ဓားလှံကို မြေမစိုက်ရသေး။
အင်ပင်နှင့် ဝါးရုံကြား ထောင်ထားသော ပိုက်ထဲ၌ တောခါ မိနေပြီ။
ပိုက်ထဲမိသွား၍ အလန့်တကြား အော်လာသော တောခါ၏ အော်သံမှာ ငလုံး နားထဲ၌ အထူးအဆန်း။
“ကွား… ကွား… ကွား… ကွား… ကွား… ကွား”
သည်အသံကြား၍ မျက်နှာဝင်းပသွားသူက ငတော။ မိထားသောခါကို အလျင်အမြန်ဖြုတ်ရင်း ငတောက ငလုံးကို ပြောသည်။
“ပိုက် မြန်မြန်ထောင်ဟ”
“ဘာလို့လဲ အဖေရ”
“တို့ နောက်တစ်ကောင် ရအုံးမှာ”
“အဖေ စောစောက ပြောတော့ တစ်တောမှ ခါထီး တစ်ကောင် ရတာဆို”
“အေးလေ… ဟုတ်သားပဲကွ၊ ခု ခါ ကြည့်ပါလား၊ အတက်မှ မပါဘဲ၊ ခါမလေကွာ။ မင်းကို ငါပြောတာ မှတ်မိလား။ တောခါမက တည်ခါထီးကို ခွပ်တာ တစ်ချိန်ပဲ ရှိတယ်ဆိုတာ။ အဲဒါ ခုချိန်ကွ။ ခါ မိတ်လိုက်တဲ့ အခုချိန်၊ မိတ်လိုက်ချိန်မို့ မိတ်ဇောနဲ့ ပြေးလာတာ၊ ကျန်တဲ့အချိန်ဆို ခါမ မရဘူး။
ဒါမျိုးဟာ ခါမိတ်လိုက်ချိန်နဲ့ တိုက်ဆိုင်လို့ ခါမ ရတာ၊ ကျန်အချိန်ဆို မရဘူး။ ခါထီး ကျန်သေးတယ်၊ ခါမ ပျောက်သွားတဲ့အရှိန်၊ တည်ခါ တုတ်သံ အရှိန်နဲ့ ပွဲကြမ်းလိမ့်မယ်။ တရကြမ်းလာမှာ အသေအချာပဲ။ ကဲ… ပိုက်ကို ဒီနေရာပဲ ခုနင်ကလို ပြန်ထောင်”
ငတောအပြော မှန်လှပါဘိတောင်း။ ခါမကို ဖြုတ်၍ ပိုက်ပြန်ထောင်ရာ ရေနွေးအိုးတစ်လုံးပွက်မျှ အချိန်မကြာ။ ခါထီး ပြေးဝင်လာရာ အလွယ်တကူပင် ပိုက်ထဲမှ ဖမ်းရသည်။
“ကိုင်းဟေ့… နေရာပြောင်းပြဦးစို့ဟ။ ခါဆိုတာ မြန်မြန်မိချင်လည်း ချက်ချင်းဟ၊ ကြာချင်မိရင်လည်း အုတ်နှဲဘုတ်ရွာ မြောက်ဘက်တောက ခါတစ်ကောင် ရဖို့အတွက် အဖေတို့ သုံးရက်ဆက်တိုက် တည်မှ ရဖူးတယ်။ ကနေ့က ကံကောင်းတဲ့နေ့ ဟေ့”
နေရာ ပြောင်းရင်း ပြောင်းရင်း တော၏ တောင်ဘက်ပိုင်းဆီသို့ ရောက်မှန်းမသိ ရောက်လာသည်။ လိန်ပင်ကိုင်းကို ခါတည်အိမ် ချိတ်ပြီး ပိုက်ကို ထောင်ကြသည်။ ပိုက်ထောင်ပြီးမှ တောခါ မမြင်နိုင်မည့် မျက်ကွယ်ရှိရာ ဝါးရုံတောကြီးများ၊ ချုံတောကြီးများကို အကာအကွယ်ပြုလျက် ငတောတို့ သားအဖ နားနားနေနေ။
မြောက်လေတစ်ချက် အဝှေ့၌ ဝေ့ကာဝေ့ကာ ပါလာသော ခါ တွန်သံကို သုံးလေးခွန်းမျှသာ ငတောတို့ ကြားရသေးသည်။
သူတို့ တောင်ဘက်ဆီမှ ဝါးရုံတောကြီးများ၊ ချုံတောကြီးများ တိုးသံ၊ ကိုင်းချင်း ရိုက်မိသံ၊ သစ်ကိုင်း ကျိုးသံတို့ ကြားလာရသောကြောင့် ငတောက ဓားလှံကို ဖျတ်ခနဲ ကောက်ကိုင်သည်။ ဓားလှံ လက်မှ ဆရင်း ဆရင်း အသံလာရာဆီ ငတော မျက်နှာမူသည်။
ငှက်ကြီးတောင်ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ငလုံးမှာ တစ်စုံတစ်ခု ထူးခြားပြီဟု အလိုလို ထင်မှတ်ကာ အရန်သင့် အနေအထား ပြင်ထားသည်။
ဝါးရုံတောများ၊ ချုံတောများတိုး၍ ဒေါသတကြီး ပြေးလာသည့် ဝက်ဝံညိုကြီးတစ်ကောင်။
လူကို မမြင်ရမီက လေးဖက်ကုန်း ပြေးလာသော်လည်း လူကိုမြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဂူးခနဲ၊ ဝူးခနဲ တဟဲဟဲ မာန်သွင်းကာ မတ်တတ်ထလိုက်သည်။
ရှည်လျားသော နှာခေါင်း၊ မာန်သွင်းထား၍ ပြဲနေသောပါးစပ်၊ ဓားလို လှံလို ချွန်ထက်သော လက်သည်းရှည်ရှည်ကြီးများ။
“ဟေး… ဟေး” ဟု ငတောက အော်အော် လှန့်လှန့် ခြောက်လှန့်သော်လည်း ဝက်ဝံညိုကြီးက ထွက်ပြေးဖို့ ဝေးလေစွ။ ပို၍ ပို၍ ဒေါသထွက်ကာ ယခုမှ ရန်သူတွေ့ပြီဟု ကြေညာသကဲ့သို့ တည့်တည့်ကြီးပင် အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသည်။ ဒေါသပိုကြီးကာ ပါးစပ်ပိုဖြဲ မာန်ပိုသွင်းလာသည်။
မြောက်လေအဝှေ့၌ လူနဲ့ အနီးကပ်ရသောကြောင့်လား၊ လူသံကြား၍လား၊ လမ်းကြုံလမ်းဆုံ၍လား၊ သူ့စားကျက်နယ် ဖြစ်၍လား၊ မခွဲခြားနိုင်သည့်တိုင် ငတောတို့ကို သူသေကိုယ်သေ တိုက်ခိုက်မည့် အနေအထားဖြင့် ဝက်ဝံညိုကြီးက ပြေးလာသည်မှာ ရင်ဆိုင်တွေ့ရန် အချိန် စက္ကန့်ပိုင်းမျှသာ လိုမည်။
ကိုင်း ကိုင်းချင်း ရိုက်သံ၊ ကျိုးသံ ပြတ်သံ ကြားစကတည်းက သတိရှိထားသော ငတောနှင့် ငလုံး။
ရင်ဆိုင်တွေ့တိုက်ပွဲ။
လက်ကြီးနှစ်ဖက်ဖြင့် ကုတ်ဖဲ့ဆွဲဖြဲရန် မာန်သွင်း ပြေးလာသည့် ဝက်ဝံကြီး၏ လည်ပင်းရှိ အကွက်ဖြူဖြူကြီးဆီ ပတ်မှတ်ထားကာ ငတော ဓားလှံဖြင့် ဆီးထိုးသည်။
ငတောက ဓားလှံနှင့် အထိုး၊ ဝက်ဝံကြီးက လက်နှစ်ဖက်ဖြင့် ပုတ်ပုတ် ယမ်းယမ်း ယမ်းရာ အားအားချင်း ဆုံတွေ့မိသည်။ ငတောလက်မှ ဓားလှံ လွင့်စဉ်ထွက်သွားပြီး လူက အားလွန်ပစ်လဲကျသွားသည်။
‘ဂူးခနဲ … ဂူးခနဲ’ မြည်ကာ ငတောကို လက်ဖြင့် ဝက်ဝံကြီးက လှမ်းပုတ်သည်။ သတိ လက်မလွတ်သော ငတောက ထထ ဆုတ်ဆုတ်၊ ဆုတ်ဆုတ် ခုန်ခုန်၊ ခုန်ခုန် ရှောင်ရှောင် နောက်ဆုတ်ရှောင်သည်။
ခုန်ဆုတ်ရှောင်သော်လည်း ငတော လှုပ်ရှားသကဲ့သို့ ဝက်ဝံကြီးက ပြောင်းလဲတိုက်ခိုက်ရာ ဝက်ဝံကြီး ကုတ်ချက်မှ ငတော မလွတ်။ ငတောကို အဖျားခတ်မိ ကုပ်မိ သည်။
ဝက်ဝံကုတ်က အသားတစ် ထွက်တတ်သည်ဟု ဆိုသည်မှာ ဟုတ်နိုင်သည်။ အဖျားခတ်မိသော ကုတ်ချက်ဖြစ်သော်လည်း ဝက်ဝံ၏ လက်သည်း ချွန်ချွန်မြမြ စူးစူးရှရှတို့က ငတော ဖျင်ကြမ်းအင်္ကျီကြီးကို ကုတ်မိသည့်နေရာ စုတ်ပြဲသွားစေသည်။ အင်္ကျီစကိုသာမက လူ့အသားကိုပါ ကုတ်ခြစ်သွားရာ သွေးများ ချက်ချင်းပင် ထွက်လာသည်။
ဝက်ဝံကြီးက ငတော မျက်နှာတည့်တည့်ကို ထပ်မံ ကုတ်ဖဲ့ကွင်း အဖြစ် ရွေးချယ်ပြီး ကုတ်ဖဲ့ရန် ရှေ့အလှမ်းတွင် ငလုံးက အော်သံပေးလိုက်သည်။
“ယောက်ျားဘသား တောသမားကွ၊ တောင့်ထား၊ ယောက်ျားကွ”
ငလုံးသည် အော်အော်ပြောပြော၊ ပြေးပြေးဝင်ဝင်ဖြင့် သူ့အဖေနှင့် ဝက်ဝံကြီးကြားသို့ သူ့ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖျတ်ခနဲ ဝင်သည်။
ငတောကို ကုတ်ဖဲ့ရန် အာရုံပြုနေသော ဝက်ဝံကြီးသည် ရန်သူသစ် ငလုံးကို ကုတ်ဖဲ့ရန် ငလုံးဆီ ချက်ချင်းလှည့်သည်။ ခန္ဓာကိုယ် ကြီးမားသော်လည်း ဝက်ဝံကြီး၏ အလှုပ်အရှား၊ အလှည့်အပတ်မှာ မနှေး၊ ဖျတ်ခနဲ လှည့်ကာ ဝူးခနဲ အသံပေးပြီး လက်နှစ်ဖက်အစုံဖြင့် ငလုံးမျက်နှာ ချိန်ဆကုတ်သည်။
သူ့မျက်နှာကို တည့်တည့်ချိန်ရွယ်၍ ကုတ်လာသော ဝက်ဝံကြီး၏ လက်နှစ်ဖက်ကို ငလုံးက ဓားရှည်ဖြင့် အားကုန် ဆီးခုတ်သည်။ ဝက်ဝံကြီး ဘယ်လက် အရုပ်ကြိုးပြတ် ဖြစ်သွားသည်။
‘ဝူးခနဲ … ဝူးခနဲ’ အော်သံပေးလျက် ငလုံးကို ဇွတ်ဝင် ဇွတ်ကုတ်သည်။
ငလုံး ဓားခုတ်ချက်မှာ အားပါလွန်းသဖြင့် ဝက်ဝံကြီး လက်တစ်ဖက် အရုပ်ကြိုးပြတ် ဖြစ်သွားစေသော်လည်း၊ သူ့ဓားကို သူ မထိန်းနိုင်တော့။ သူ့ဟန်ချက်ကို သူ မထိန်းနိုင်တော့။
လက်ထဲမှ ဓားရှည် လွင့်စဉ်ပြေးပြီး လူက ရှေ့ဟပ်ထိုးလဲမလို ယိမ်းယိမ်းယိုင်ယိုင်၊ တောလိုက်သမားသတိရှိ၍ ဇွတ်ဝင် ဇွတ်ကုတ်လာသော ဝက်ဝံကြီး၏ တိုက်ချက်ကို အချိန်မီ ရှောင်တိမ်းသည့်တိုင်၊ မလွတ်တော့၊ သူ့လက်မောင်းရင်း အောင့်ခနဲ၊ စပ်ခနဲ၊ ဖျင်းခနဲ ဖြစ်ကာ ချက်ချင်းပင်လျှင် သွေးများ ကျဆင်းလာသည်။
ငလုံးကို သဲသဲမဲမဲ အငြိုးမကျေ သဘောဖြင့် ထပ်မံကုတ်ဖဲ့ရန် ကြိုးစားလာသည့် ဝက်ဝံကြီး၏ လက်နောက်ပြင်ကို ဘေးတိုက် အနေအထားမှ သေသေချာချာ ချိန်ဆလျက် ဓားလှံကို ကပျာကယာ ရှာ ပြန်ကောက်ထားသူ ငတောက ဓားလှံဖြင့် အားကုန်အင်ကုန် ပစ်ထိုးလိုက်သည်။
ငတော ပစ်ထိုးလိုက်သည့် ဓားလှံက ဝက်ဝံကြီး၏ လက်နောက်ပြင်တည့်တည့် စူးဝင်သွားရာ ဝက်ဝံကြီး မြေပေါ်သို့ ဘုန်းခနဲ ပစ်လဲကျသည်။
သွေးရူး သွေးတန်းဖြင့် လူးလိမ့်စဉ်၊ ဓားလှံကို ဖိနှိပ်ထိုးသလို ပိုဖြစ်လာသဖြင့် ဝက်ဝံကြီး နာကျင်စွာ အော်ဟစ်သည်။
ဤသည်ကို အခွင့်ကောင်းယူလျက် လွင့်စဉ်ကျသွားသော ဓားရှည်ကို အလျင်အမြန် ရှာဖွေကာ၊ အပြေးအလွှား ကောက်ယူလာသော ငလုံးသည် ဝက်ဝံကြီး တစ်ကျော့ပြန် ရန်မမူနိုင်မီ အမြန်သွားလျက် ဝက်ဝံကြီး ခြေ လက်တို့ကို အရင်ခုတ်သည်။ ပြီးမှ ခေါင်းကို သူ့ဓားရှည်ဖြင့် ဆက်တိုက်ခိုက်သည်။
“တော်တော့ ငလုံး… ဝက်ဝံကြီး သေပြီ”
ငတော သတိပေးလာမှ ငလုံး ဓားခုတ်ချက် ရပ်သည်။ မလှုပ်မယှက် အသက်ပျောက်သွားသော ဝက်ဝံကြီးကို ငတောက ခြေဖြင့် တစ်ချက်ကန် ကြည့်သည်။ ပြီးမှ-
“တောခြောက်သလား အဖေလို့ မင်းမေးတုန်းက ပျားကြီးတွေ ဝေါခနဲ ဝေါခနဲ မြည်အောင် ပျံပြေးရတာ ဒီကောင်ကြီးလက်ချက် ဖြစ်မယ်။ ပျားကြီးအုံကို သူတက်ဖွပ်စားလို့ ပျားကြီးတွေ ပျံတာဖြစ်မယ်။ ဒို့က သူ့အစာ လုမယ်ထင်ပြီး အစာမာန်ဖီတာလား၊ သူ့သဘာဝကိုက ရန်လိုတတ်လို့ ရန်ရှာသလား၊ လေတင်နဲ့လေအောက် တို့အနံ့ သိပြီး လိုက်လာ ရန်ရှာသလား၊ ဘွားခနဲ ပက်ပင်းရင်ဆိုင်တွေ့လို့ ရန်ရှာသလား မသိဘူး။
တောဥပဒေကတော့ ရင်ဆိုင်တွေ့ပွဲမှာ ရှုံးသူဟာ ပြေးနိုင်ရင် ပြေး၊ မပြေးနိုင်ရင် သေတယ်။ ပြေးနိုင်သလား သေသလား၊ ပြေးအောင် လုပ်နိုင်သလား၊ သေအောင် သတ်နိုင်သလား၊ ဒါကလွဲရင် သရေပွဲဆိုတာ မရှိဘူး။
တို့နိုင်တယ်၊ ဝက်ဝံကြီး ရှုံးတယ်၊ ရှုံးပြီး မပြေးနိုင်တော့ သူသေတယ်။ တို့ကလည်း နိုင်တယ်သာ ပြောရတာ ဒဏ်ရာဒဏ်ချက် ကိုယ်စီနဲ့ သွေးအလူးလူး ဖုန်အလိမ်းလိမ်းနဲ့။ တို့ရထားတဲ့ ဒဏ်ရာက သိပ်ပြီး သွေးထွက်လွန်းရင် မကောင်းဘူး။ သွေး တိတ်ရွက်ရှာပြီးခူး၊ ထုထောင်းဝါးခြေ အုံကြရအောင်”
သားအဖနှစ်ယောက် သူတို့ဒဏ်ရာကိုအုံရန် သွေးတိတ်ပင် ရှာနေစဉ်၊ ရဂုံကြော့ သည်မြိုင်ငူမှာ တုနိုင်သူ တုယှဉ်လှည့်ဟု စိန်ခေါ်သံပေးနေသည့် တည်ခါ၏ အသံက
“တက်… တက်… တူ… ခါ… ခါ”
“တက်… တက်… တူ… ခါ… ခါ”
[မှုခင်းရှုထောင့် ရသစုံမဂ္ဂဇင်း ၂ဝဝ၄ တွင် ရင်ဆိုင်တွေ့ ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။]
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ