ဖျာပုံ သန်းထွန်း
ရင်ဆိုင်တွေ့တော့
နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်သည်။ ကျွန်တော်နှင့် အိမ်နီးချင်းနေထိုင်သူမှာ အမေရိကန်လူမျိုး မုဆိုးကျော် ဂျင်ကားမီချယ် ဆိုသူဖြစ်ပြီး ၎င်းအိမ် တအိမ်လုံးတွင် မုဆိုးဓာတ်ပုံများ၊ တိရစ္ဆာန်မျိုးစုံတို့၏ ချိုကြီး ချိုငယ်များ၊ ခေါင်းခွံကြီးများ၊ ကျား၊ ခြင်္သေ့နှင့် တောင်ဆိတ်သားရေကြီးများ၊ မူး(စ်) ခေါ် အမွေးထူ နွားကြီးများ၏ သားရေချပ်နှင့် ချိုလှလှကြီးများအပြင်၊ သေနတ်မျိုးစုံ၊ ဓားမျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။
အမဲပစ် တခါထွက်လျှင် သုံးလကျော် လေးလနီးပါး အချိန်ယူတတ်သည်။ အိမ်နီးချင်းဖြစ်၍ မစ္စတာ ဂျင်ကားမီချယ်နှင့် ကျွန်တော် ရင်းနှီးခဲ့ပါသည်။ ကျွန်တော်က သူ့အား “ဂျင်” လို့ပင် ခေါ်ပြီး သူကလည်း ကျွန်တော်အား “ထွန်း” ဟု ခေါ်ခဲ့သည်။
ဂျင်သည် တပ်မတော်အငြိမ်းစားတဦးဖြစ်ပြီး ၎င်း၏ဇနီး သေဆုံးသွားပြီးနောက် သားထောက်သမီးခံလည်း မရှိ၍ တဦးတည်း နေထိုင်လျက် ရှိသည်။ အမဲလိုက်ခြင်းကို တနှစ်လျှင် သုံးလမှ လေးလ ထွက်တတ်ပြီး၊ ထိုသို့ထွက်စဉ် အိမ်ကို တံခါးပိတ်၍ အိမ်နီးချင်းဖြစ်သူ ကျွန်တော့်အား ကြည့်ပေးရန် အပ်ထားခဲ့လေ့ရှိသည်။
သူပြန်လာလျှင် သူ့အတွေ့အကြုံများကို မမောမပန်း ပြန်ပြောလေ့ရှိသည်။ ယခုတခေါက်တွင်လည်း ဂျင်က
“ကျုပ် ဒီတခေါက်သွားခဲ့တာတော့ ထိတ်လန့်စရာပဲ။ ကိုယ့်အသက် သူ့အသက် လုပြီး ယှဉ်ပြိုင်ခဲ့ရတယ်”
စသည်ဖြင့် အစပျိုးပြီး သူ့အတွေ့အကြုံကို ပြောပြပါသည်။
“ဘယ်လိုလဲ … ရှင်းစမ်းပါဦး ဂျင်ရဲ့”
ကျွန်တော်က သူ့အကြောသိ၍ စသည်။ ဤတွင် နောက်ကျောပိုးအိတ်အရှည်ကြီးထဲမှ ခြင်္သေ့သားရေ မခြောက်တခြောက် အနံ့ဆိုးဆိုးကြီးကို ထုတ်လိုက်ပြီး…
“ဒီ အကောင်ကြီးပေါ့ဗျာ…. ကျုပ်ယူသွားတဲ့ ပွိုင့် ၃၃၈ သေနတ်နဲ့ ပစ်ထည့်လိုက်ရတယ်။ ဒီကောင်ကြီးဟာ လူသတ်သမားဗျို့။ သူက စ,တိုက်လာတော့ ကျုပ်လည်း ပစ်သတ်ဖို့ကလွဲပြီး ဘာမှ မလုပ်တတ်တော့ဘူးပေါ့”
သူ ပြောပြသည်ကို နားထောင်ယင်း ကျွန်တော်က ခြင်္သေ့သားရေကြီးကို အလျားတိုင်းကြည့်ပြီး မှတ်ချက်ပေးလိုက်သည်။
“ကျုပ်က ခြင်္သေ့ကို တိရစ္ဆာန်ရုံထဲမှာသာ မြင်ဖူးတာဗျို့။ ကျုပ် ကြားဖူးတာကတော့ ခြင်္သေ့ဆိုတာ သားကောင်မြင်ယင် ဟိန်းဟောက်ခြိမ်းခြောက်ပြီးမှ ခုန်အုပ်တယ်လို့ သိရတယ်။ အခု ဂျင့်ကိုကော ဒီကောင်ကြီးက ဒီလိုပဲ လုပ်သလား”
“အဲဒါ ဆပ်ကပ်ထဲက ခြင်္သေ့တွေလုပ်တာ။ အခုလို လူသတ်တဲ့ ခြင်္သေ့က မလုပ်ဘူးဗျ သိလား”
“ဒါဖြင့် ခင်ဗျား ဒီကောင်ကြီးကို ဘယ်လိုရလာတယ်ဆိုတာ အသေးစိတ် ရှင်းပြစမ်းပါဦး”
“ဒီလိုဗျို့။ ဒီတပတ်တော့ ကျုပ် ဗဟိုအာဖရိကနိုင်ငံကို ခရီးထွက်ခဲ့တယ်။ ဗဟိုအာဖရိကနိုင်ငံကတော့ မြောက်ဘက်မှာ ချာ့ဒ်နိုင်ငံနှင့် တောင်ဘက်မှာ ဇိုင် ရာနိုင်ငံတို့ ရှိပြီး၊ တချိန်က ပြင်သစ်ကိုလိုနီအောက် ရှိခဲ့တဲ့ နိုင်ငံပေါ့။
အာဖရိကတိုက် တတိုက်လုံးမှာ အမဲလိုက်ဖို့ အကောင်းဆုံးလို့ ကျုပ်ကတော့ မှတ်ချက်ချချင်တယ်။ ကျုပ် အဲဒီကိုသွားတဲ့ ရည်ရွယ်ချက်ကတော့ အပြေးမြန်ပြီး သမင်ကောင်နဲ့ ခပ်ဆင်ဆင်တူတဲ့ အကောင်ကြီးတွေကို ပစ်ဖို့ပဲ။ ဒီကောင်တွေဟာ အလေးချိန် တတန်မက ရှိပြီး အမဲလိုက်ရ အခက်ဆုံးဖြစ်တဲ့ “အဲန်တီလုပ်” ဆိုတဲ့ အကောင်တွေဗျ”
“အတော် စိတ်ဝင်စားစရာပဲ”
ကျွန်တော်က သူ့စကားကို ထောက်လိုက်သည်။ ဂျင်က ဆက်လက်ပြီး
“ပထမခရီးစဉ်အဖြစ် ဝါရှင်တန်ကနေ ပဲရစ်ကို သွား ကြတယ်။ ပဲရစ်မှာ ကျုပ်မိတ်ဆွေတွေဖြစ်တဲ့ မစ်စစ်စဖီးပြည်နယ်က ဝါဂွမ်းခင်းလုပ်ကိုင်နေတဲ့ ဂျက်နီကလော့ (စ) နဲ့ တက်ဆပ်(စ) ပြည်နယ်က ဆရာဝန် ဘော့စပီဂယ်တို့နဲ့ ဆုံကြတယ်။
ပဲရစ်မှာ အတော်ပဲ အေးနေပြီ။ ဒါပေမယ့် ကျုပ်တို့က နောက်နေ့မှာ အလွန်ပူမယ့် အာဖရိကနိုင်ငံ ရောက်မှာမို့ ဘာအနွေးထည်တွေကိုမှ မယူခဲ့တဲ့အတွက် ကျုပ်တို့သုံးယောက်ဟာ ခပ်ကုပ်ကုပ်ကလေး နေကြတာ ဒုက္ခသည်တွေပုံစံ ပေါက်နေတယ်”
ဂျင်က ခေတ္တနားပြီး စကားဆက်သည်။
“တိုတိုပဲ ဆက်ပြောရယင် ကျုပ်တို့ ဗဟိုအာဖရိကနိုင်ငံမြို့တော် ဘင်ဂွီးကို နောက်တနေ့ ရောက်ကြတယ်။ အဲဒီမြို့တော်မှာရှိတဲ့ ရော့(ခ်) ဟိုတယ်မှာ တည်းခိုကြပြီး အစီအစဉ်တွေ လုပ်ကြတယ်။
ဘော့နဲ့ ဂျက်က ဆင်ပစ်ချင်တယ်ဆိုပြီး အဲဒီရောက်မှ စိတ်တမျိုး ဖြစ်လာကြတယ်။ ကျုပ်ကတော့ မူလရည်ရွယ်ထားတဲ့အတိုင်းပဲ “အဲန်တီလုပ်” ကောင်တွေကိုပဲ ပစ်ချင်တယ်။
မုဆိုးဆိုတာ စိတ်နှစ်ခွ မထားကောင်းဘူး။ လုပ် မယ်ဆိုယင် လုပ်ကိုလုပ်မှ ကောင်းတာဗျ။
“မြို့တော် ဘင်ဂွီးကနေ ပြည်တွင်းလေယာဉ်ပျံ အပေါ့စားကလေး စီးကြရတယ်။ နှစ်နာရီကျော်လောက် မြောက်ဘက်ကို လေယာဉ်ဦးတည်ပျံသန်းခဲ့ပြီး မြို့ကလေးတမြို့ကို ရောက်တယ်။ ကျုပ်တို့ လေယာဉ်ဆင်းတဲ့ မြို့ကလေးကတော့ “ဂလုံဂိုဆို” ဆိုတဲ့ မြို့ဖြစ်ကြောင်း နောက်တော့ သိရတယ်။
အဲဒီမြို့ကနေ ကားတစီးငှားပြီး မြောက်ဘက် ချာ့ဒ်နယ်စပ်အနီးထိ ခရီးဝေးဝေးဆက်ပြီး စခန်းချတဲ့ “အဲန်ဂျိုကို”ဆိုတဲ့ ရွာကလေးကို ရောက်ခဲ့တယ်။
“ဆက်ပါဦး… ခင်ဗျား သွားခဲ့တဲ့ ခရီးစဉ်ကိုကပဲ စိတ်ဝင်စားစရာပါပဲ”
ကျွန်တော်က သူ့ကို စကားဝင်လု ပြောလိုက်သည်။
“အဲန်ဂျိုကို ရွာက လူတွေဟာ ယောက်ျားတွေက အမဲလိုက်လမ်းပြ လုပ်ကြတယ်၊ တံငါလုပ်ကြတယ်။
မိန်းမတွေက တောင်းပလုံးတွေ ယက်လုပ်ကြတယ်။ ယင်ကောင်တွေကတော့ များသဗျို့။ ပုတ်ထုတ်လို့ကို မနိုင်ဘူး။ ကျုပ်တို့က အဲဒီရွာထဲမှာ မနေဘူး။ ရွာ နဲ့ တမိုင်ခန့်ဝေးတဲ့ အောက်(ခ်) မြစ်ကမ်းပါးမှာ တဲထိုးနေကြတယ်လေ။
“ရောက်တဲ့နေ့ပဲ ကျုပ်တို့သုံးယောက်စလုံးဟာ လက်ယားနေကြလို့ အနီးအနားတဝိုက် အမဲထွက်ရှာကြတယ်။ ဆရာဝန် ဘော့ရဲ ပွိုင့် ၃ဝဝ ရိုင်ဖယ်သေ နတ်နဲ့ ပစ်လိုက်တာ သမင်တကောင်လောက်ကြီးပြီး ချိုကားကားနဲ “အဲန်တီလုပ်” အကောင်တကောင် စပြီး ရတာပါပဲ”
“တော်တော်ပေါတဲ့ ဒေသပဲနော်”
ကျွန်တော်က နည်းနည်း စကားရောလိုက်သည်။ ဂျင်ကတော့ သူ့အာရုံ အပြတ်မခံပဲ ဆက်လက်ပြီး ပြောသည်။
“ကျုပ်တို့ စခန်းချတဲ့ နေရာက,နေ မြစ်ရိုးတလျှောက် လိုက်ရှာတာပါပဲ။ အဲဒီနေ့က ကျုပ်တို့ပစ်လိုက်တဲ့ အကောင်ကို ကျုပ်တို့လို ချောင်းနေတဲ့ မုဆိုးကလဲ ရှိတယ်။ အဲဒီမုဆိုးကတော့ ဒေါထသွားတယ်။ သူ့ရဲ့ အစာကို လုယူရမလားပေါ့။
အဲဒီ မုဆိုးကတော့ သားကလေးနှစ်ကောင်နဲ့အတူ ချောင်းနေတဲ့ ခြင်္သေ့မကြီး တကောင်ပါပဲ။ ကျုပ်တို့နဲ့ သိပ်မဝေးပဲ ကိုက် ဂဝ လောက်ကနေ ဖြတ်ပြေးသွားတယ်။ ကျုပ်တို့လဲ ရတဲ့သားကောင်ကို ဖျက်ထုတ်ပြီး စခန်းကို ပြန်လာခဲ့ကြတယ်။
အဲဒီညမှာပဲ ကျုပ်တို့ စခန်းနဲ့ မလှမ်းမကမ်းကနေ ခြင်္သေ့ဟောက်သံ လာပေးတော့တာပါပဲ။ ကျုပ်လဲ ခြင်္သေ့သံကြောင့် နိူးလာခဲ့တယ်။ ကျုပ်တို့သုံးယောက်စလုံး ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး ခြင်္သေ့တွေ တောပြောင်းတာ တရက်လောက်စောင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ခြင်္သေ့တွေဟာ မှန်းဆလို့ မရနိုင်အောင် တောပြောင်းလေ့ ရှိကြတယ်။ ခြင်္သေ့ကို ပစ်ခတ်ဖို့ မူလကတည်းက လာတယ်ဆိုယင်တော့ ဒီလိုရှိတုန်းတွေ့ တုန်း ပစ်ခတ်ရမှာပေါ့။ ခြင်္သေ့ကို တွေ့အောင်ရှာဖို့ ခက်ခဲတယ်။ တွေ့တယ်ဆိုယင် အဲဒီတွေ့တဲ့နေရာမှာ ရှာဖွေပစ်ခတ်မှ ခြင်္သေ့ကို ရနိုင်တယ်။
ကျုပ်တို့ အမဲလိုက်နေတဲ့နေရာဟာ မြက်ပင်ကြီးတွေ၊ ကိုင်းပင်ကြီးတွေ ရှိနေတော့ ခြင်္သေ့တွေဟာ အင်မတန်မြန်တဲ့ သားကောင်တွေကို ချုံခိုအငိုက်ဖမ်းနိုင်ခွင့် ရကြတယ်။ ဒါကြောင့် အကြံတူသူ မုဆိုးချင်း လာစုစည်းကြတာပဲပေါ့။
ခြင်္သေ့တွေအကြောင်း ပြောရဦးမယ်။ ဒီအကောင်တွေ ဒီနေရာတဝိုက်မှာ ကျက်စားနေတာက မြက်ပင်ရှည်ကြီးတွေဟာ သူတို့အတွက် ချုံခိုတိုက်ဖို့ အကောင်းဆုံးဖြစ်တဲ့အပြင် “အဲန်တီလုပ်” အကောင်ငယ်တွေ အလွန်ပေါများတဲ့အတွက် အစားချောင်တာကြောင့်လဲ ဖြစ်တယ်။
ပထမတော့ အဲန်တီလုပ် အကောင်တွေရှာဖို့ ခရီးထွက်လာတာပဲ။ ဒါပေမယ့် ခြင်္သေ့တွေက တောမပြောင်းပဲ သောင်းကျန်းနေတော့ ကျုပ်တို့လဲ ဒီခြင်္သေ့တွေကိုပဲ ပစ်ကြမယ်ဆိုပြီး အစီအစဉ် ပြောင်းလိုက်ကြတယ်။
“ဒါနဲ့ ကျုပ်တို့သုံးယောက်က ထရပ်ကားတစီးကိုအမိုးဖွင့်ပြီး ဒီကောင်တွေ အသံကြားရာဘက်ကို လိုက်ရှာကြတယ်။ အဲဒီလို ရှာတယ်ဆိုယင်ပဲ ဟိုနေ့က တွေ့လိုက်တဲ့ ခြင်္သေ့မကြီးနဲ့ ခြင်္သေ့ပေါက်နှစ်ကောင်ကို ထပ်တွေ့ရတယ်။
ခြင်္သေ့တွေဟာ အုပ်ဖွဲ့နေတတ်ကြတာမို့ ခြင်္သေ့ထီးကို ရှာကြည့်တာ ကျုပ်တို့မြင်ကွင်းမှာ မတွေ့ရဘူး။ ဒါပေမယ့် ကိုက် ၃၀ အကွာမှာရှိတဲ့ မြက်ပင်အုပ်ကြီးကတော့ မြွေတကောင် သွားနေသလို ယိမ်းထိုးနေတာ တွေ့ရတယ်။
ကျုပ်တို့အထဲမှာ ခြင်္သေ့နှစ်ကောင် ရဖူးတဲ့ ဂျက်နီကလော့(စ)က သူရဲ့ ဝင်ချက်စတာ ပွိုင့် ၃၇၅ ကို ကျည် ထည့်လိုက်ပြီး ဆင်းကြည့်ရအောင်လို့ ပါးစပ်က ပြောပြောဆိုဆိုနဲ့ ကားပေါ်က ခုန်ချပြီး နေရာယူလိုက်တယ်။
ကျုပ်တို့လဲ ဝဲ ယာ ဖြန့်ပြီး နေရာယူလိုက်ကြတယ်။
ကျုပ်က ယာဘက် အစွန်ဆုံးက ဖြစ်ပြီး ကျုပ်ကိုင်တဲ့ ရိုင်ဖယ်ထဲကို ပွိုင့် ၃၃၈ မက်နမ်ကျည် ထည့်လိုက်ပြီး အသင့်အနေအထားနဲ့ တောနင်းတာပါပဲ။
ဆရာဝန်ကတော့ ဘက်ဆုံးကပဲ နေရာယူတယ်လေ။ သုံးယောက်သား ရှေ့တည့်တည့်ကို သတိထားပြီး မျက်လုံး အစုံဖွင့် နားအကုန်စွင့် တောနင်းရှာတဲ့ အခါ ကျုပ်တို့လိုက်တဲ့ မုဆိုးကလဲ ကျုပ်တို့ကို ပြန်ချောင်းတယ်ဗျို့။
လူသတ်ခြင်္သေ့တွေ လှုပ်ရှားတာကိုလဲ ကျုပ် တသက်မှာ ဒီတခါပဲ တွေ့ရတယ်။ မြေကြီးကို ထိအောင်ဝပ်ပြီး ရှေ့ကို တွားလာတာ ကျုပ်နဲ့ ပက်ပင်းတွေ့တာပါပဲ။ တွေ့တယ်ဆိုယင်ပဲ ခြင်္သေ့ရဲ့ အပုပ်နံ အနံ့ဆိုးကြီးဟာ ကျုပ်ရဲ့ နှာခေါင်းဝကို လာရိုက်တာပါပဲ။
အဲဒီမှာ ကျုပ်သေနတ်ဟာ မောင်းတင်ပြီး ပစ်ရန်အနေအထား ရှိသွားတယ်။ အဲဒီခြင်္သေ့ဟာ အတော်ကို ကြီးမားတဲ့ အထီးကောင်ကြီးဆိုတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီအကောင်ကြီးက သိပ်ပါးတယ်။ ကျုပ်တယောက်တည်း မဟုတ်ပဲ လူသုံးယောက် မြင်တာနဲ့ နောက်ပြန်လှည့်ပြီး မြက်ပင်ရှည်ကြီးတွေ ကြားမှာ ခုန်ပျံကျော်လွှား ပြေးသွားလိုက်တာ ချက်ချင်း ကိုက် ၁ဝဝ လောက် ဝေးသွားတယ်။
ကျုပ်တို့လဲ နောက်က အတင်းပြေးလိုက်ပါသေးတယ်။ သိပ်မကြာပါဘူး မြင်ကွင်းက ပျောက်သွား တယ်။ စောစောက မပစ်လိုက်မိတာကတော့ ချက်ကောင်းအခွင့်အရေး မကြုံတာကြောင့် လက်လွှတ်လိုက်တာပါ။
အဲဒီနေ့မှာ ကျုပ်တို့ ဆက်ရှာတာ လုံးဝ မတွေ့တော့တာနဲ့ ပြန်လာခဲ့တယ်”
“ဘယ်လောက်ကြာမှ အဲဒီအကောင်ကြီးကို ရလိုက်တာလဲ”
ကျွန်တော်က အကြာကြီးနားထောင်နေရ၍ အားနာပါးနာ ဝင်ထောက်လိုက်ခြင်း ဖြစ်သည်။ ဤတွင် ဂျက်က ဆက်ပြီး…
“အမဲလိုက်တယ်ဆိုတာ တကယ်တော့ စိတ်ရှည်ရတယ်ဗျ။ အကြံဥာဏ်မှာ သားကောင်နဲ့ မုဆိုး ဘယ်သူကသာတယ်ဆိုတာလဲ ပြိုင်တဲ့သဘော ရှိတယ်။ တကယ်တော့ မလွယ်ဘူးလေ။
ကျုပ်တို့ အဲဒီစခန်း ရောက်ပြီးတဲ့ နောက်တနေ့မှာ အဲန်တီလုပ်တကောင် ရတာကလွဲရင် ခြင်္သေ့တွေ ဝင်နှောက်တာကြောင့် ဆယ်ရက်တိတိ ဘာကောင်မှမရပဲ ဖြစ်ခဲ့တယ်။
ဆယ့်တရက်နေ့ကျတော့ ကျုပ်ပစ်လိုက်တာ အဲန်တီလုပ် ခပ်ငယ်ငယ်တကောင် ရတယ်။ အဲဒီမှာ ကျုပ်တို့နဲ့ အတူလိုက်ပြီး လမ်းပြအဖြစ် အကူအညီပေးနေကြတဲ့ ဒေသခံ ရွာသားတွေက ခြင်္သေ့ကို အဲဒီအမဲကောင်နဲ့ ထောင်ဖမ်းဖို့ အကြံပေးလာတယ်။ အဲဒီ အကြံ မဆိုးဘူးဆိုပြီး ကျုပ်တို့စားဖို့ နည်းနည်းယူ ပြီး ဒီအကောင်ကို နိုင်လွန်ကြိုးနဲ့ ခိုင်ခိုင်ချည်တုပ်ပြီး သစ်ပင်တပင်မှာ ချည်ထားလိုက်တယ်”
“သစ်ပင်မှာ ချည်ထားပြီး ဘာလုပ်ဖို့လဲ”
ကျွန်တော်က အမေးသမားဖြစ်သည့်အတိုင်း မေးလိုက်သည်။
“အဲဒီ အမဲအသေကောင်ကို ခြင်္သေ့တွေ လာစားတဲ့ အခါမှာ ဟိုဟိုဒီဒီ မသွားစေလိုတဲ့အတွက်ပါပဲ။ ကျုပ်တို့ ကားနဲ့ စခန်းက ပြန်ထွက်လာကြတဲ့ အချိန်က ညအချိန်ဖြစ်ပြီး လကလေးကလဲ မသာ့တသာပေါ့။ အမဲထောင်တဲ့ နေရာနဲ့ တမိုင်အကွာ ရောက်ရင်ပဲ အားလုံး ဆင်းလျှောက်လာကြတယ်။ ကျုပ်တို့အားလုံး ရှေ့နောက် တယောက်တန်းနဲ့ လာကြတယ်။
ကျုပ်တို့ သုံးယောက်မှာ၊ ဂျက်နီကလော့(စ်) က အရှေ့ဆုံးက လမ်းလျှောက်ပြီး ကျုပ်က အလယ်က၊ ဆရာဝန်ကတော့ နောက်ဆုံးကပေါ့။
ဒေသခံ ရွာသား သုံးလေးယောက်တော့ ပါတယ်။ သူတို့က ဘော့ရဲ့အနောက်က လိုက်ခဲ့ကြတယ်။
ကျုပ်က ကျုပ်တို့အမဲကောင်ချည်ထားခဲ့တဲ့ သစ် ပင်ကိုင်းအဖျားတွေ လှုပ်ရှားမှု ရှိ မရှိ ကြည့်ပြီးလာတယ်။ ကျုပ် ချည်ထားတဲ့ သစ်ပင်က အကြီးကြီး မဟုတ်ဘူး။အပင်ရဲ့လုံးပတ်ဟာ ပေါင်ဆုပ်လောက်ပဲရှိတဲ့ ကုလားတမာပင်လို အပင်မှာ ချည် ထားခဲ့တာ ဖြစ်တယ်။ ခြင်္သေ့က သားကောင်ကို ဆွဲခါစားရင် သစ်ပင် လှုပ်နိုင်တယ်ပေါ့။
တဖြည်းဖြည်း နီးလာလိုက်ကြတာ သစ်ပင်အနားထိ ရောက်ပါရော။ ဒါပေမယ့် ခြင်္သေ့ကို မတွေ့ရပဲ ဂျက်နီကလော့(စ) ရဲ့ ဆဲသံကိုသာ ကြားလိုက်ရတယ်။ ပြေးပြီး လိုက်ကြည့်လိုက်တော့ ကျုပ်တို့ချည်ထားတဲ့ အဲန်တီလုပ် အသေကောင်ဟာ ကြိုးသာ ကျန်ခဲ့ပြီး နေရာမှာ မရှိတော့ဘူးလေ။
အသေကောင်ကြီးကို ဆွဲယူသွားတဲ့ စွပ်ကြောင်းကြီးအတိုင်း ကျုပ်တို့ ခြေရာခံ လိုက်သွားတာ အတော်ဝေးဝေးအထိပါပဲ။ နောက်ပြီး မယုံနိုင်စရာက အတော်ကို အလေးချိန်စီးတဲ့ အကောင်ကြီးကို အ ပျောက်ရှင်းထားတာ တွေရလို့ပါပဲ။ ဒါကြောင့် ခြင်္သေ့တကောင်တည်း မဟုတ်ဘူးဆိုတာ မှန်းနိုင်တာပေါ့။
အဲဒီမှာ ဂျက်နီကလော့(စ်)က ခြင်္သေ့မနဲ့ ခြင်္သေ့ထီးနှစ်ကောင် စားသွားတာလို့ ဟောကိန်းထုတ်လိုက်တယ်။
နောက်ပြီးတော့ ‘ဒီမှာ … ကျန်ခဲ့တဲ့ ကျောရိုးကြီးတခုနဲ့ အမွေးအမှင်တွေ’ ဆိုပြီး ညွှန်ပြတယ်။ ကျုပ်တို့လဲ အနားတဝိုက် လိုက်ရှာသေးတယ်။ ခြေရာပျောက် လုပ်သွားလို့ စိတ်အတော် ပျက်သွားခဲ့ကြတယ်။
ဒီတင်ပဲ ကျုပ်တို့လဲ စခန်း မပြန်တော့ပဲ ခဏ အပန်းဖြေပြီး အရုဏ်အကူးမှာ ခရီးဆက်ကြပြန်တယ်။
အဲဒီနေရာရဲ့ မြေအနေအထားကို ခင်ဗျား မြင် လာအောင် ကျုပ် ပြောရဦးမယ်။ မြေမျက်နှာပြင်ကတော့ ခပ်ပြန့်ပြန့်ပဲ။ သဲမြေနဲ့ နုန်းမြေ ရောနေပြီး မြက်ပင်ရှည်ကြီးတွေ ခါးတဝက်လောက်ပေါက်နေတယ်။ နေရောင်နဲ့မို့ အဲဒီမြက်ပင်တွေဟာ အဝါရောင်သမ်းနေတယ်။
ကျွန်တော်တို့အားလုံးဟာ ရှေ့နောက် မဖြန့်တော့ပဲသေနတ်သမား ကျုပ်တို့သုံးဦးဟာ ရင်ပေါင်တန်းဖြန့်လိုက်ပြီး တယောက်နဲ့ တယောက် ဝါးတရိုက်လောက်ခွာပြီး လျှောက်လာကြတယ်။
လမ်းလျှောက်လို့မှ အလွန်ဆုံး ခြေလှမ်းတရာလောက် ရှိဦးမယ်။ ဂျက်နီ ကလော့ (စ) က ရပ်ပြီး အချက်ပြလိုက်တဲ့အတွက် သူပြနေတဲ့နေရာကို ကြည့်လိုက်တော့ ခြင်္သေ့အုပ်ကြီး တွေ့ရတာပါပဲ။ အနည်းဆုံး ဆယ်ကောင်လောက်ရှိမယ်။ အနားယူနေကြတဲ့ သဘောပေါ့။
ကျုပ်လဲ သေနတ်ကို မြဲမြဲဆုပ်ကိုင်ပြီး အလိုက်သင့်ပဲ ချက်ကျကျချိန်ပြီး ထိုးပစ်လိုက်တယ်။ ကျုပ်တို့ သုံးယောက်စလုံးဟာ မြေပြင်ပေါ်ကနေ အကာအကွယ် မရှိပဲ ပစ်ရတာမို့ တချက်လွဲယင် တချက် ခံရဖို့ရှိတယ်ပေါ့။
ခါတိုင်း ပစ်ခတ်ကြတယ်ဆိုတာက ထရပ်ကားပေါ်ကနေ ပစ်တာတို့၊ လင့်စင်ပေါ်က,နေ ပစ်တာတို့ ဖြစ်တယ်။ ကျုပ်ပစ်လိုက်သလို ဂျက်နီကလော့(စ) က,ရော၊ ဆရာဝန်ဘော့ ကရော ပစ်လိုက်ကြတယ်။ ဒါကြောင့် တိုက်ပွဲငယ်ကလေးတခု ဖြစ်သွားသလား ထင်လိုက်ရတယ်။
“ဟိုဘက်နှစ်ဦးပစ်လိုက်တာက ခြင်္သေ့အမ တယောက်တကောင်စီ ရလိုက်ကြတယ်။ ဂျက်နီကလော့ (စ) ရဲ့ ပစ်ကွင်းက နည်းနည်းလှမ်းတယ်၊ ဒါပေမယ့် သူ့သေနတ်က ကောင်းတော့ ရလိုက်တယ်။ နှစ်ချက်ပစ်လိုက်ရတယ်လို့ သူက ရှင်းပြတယ်။
ဘော့ကတော့ ကျုပ်လို အနီးကပ် ပစ်လိုက်ရလို့ သူကတော့ တချက်တည်းနဲ့ ရလိုက်တယ်။
“ကျုပ်နဲ့ ကျုပ်အကောင်ကြီးကတော့ ချက်ကောင်းဖြစ်တဲ့ ဝဲဘက် ချိုင်းအောက် အသေအချာ မှန်လျက်နဲ့ ဒီအကောင်ကြီးဟာ ထွက်ပြေးသွားခဲ့တယ်။ ကျန် ခြင်္သေ့တွေလဲ တောင်ပြေး မြောက်ပြေးနဲ့ ပျောက်သွားကြတယ်။
ကျုပ်ပစ်လိုက်တဲ့ ခြင်္သေ့ကြီးဟာ အတော်တော့ နာသွားပြီ။ ဒါကြောင့် သိပ် ဝေးဝေး မပြေးနိုင်ဘူးဆိုပြီး ကျုပ်တို့သုံးဦးဟာ သတိဝီရိယကြီးကြီးနဲ့ လိုက် ရှာကြတယ်။
“ကံဆုံတော့ နဖူးစာဖက်တယ် ပြောရမှာပဲ။ အဲဒီ ခြင်္သေ့နာကြီးဟာ ကျုပ်နဲ့ပဲ ထိပ်တိုက်လာတိုးတယ်။ ကျုပ်ရဲ့ ရိုင်ဖယ်ဟာ ပွဲအတော်များများ နွှဲခဲ့တဲ့ သေနတ်ဖြစ်လို့ ကျုပ်ယုံကြည်အားကိုးခဲ့ပေမယ့် အခုတကြိမ်ကျတော့ ကျုပ် နည်းနည်း သံသယ ဝင်လာတယ်။
ဒီတခါ ပစ်လိုက်လို့ မသေယင် ကျုပ် ဘာလုပ်မလဲပေါ့။ ကျည်ကတ်ထဲမှာ တတောင့်ပစ်ထားတော့ ကျည်လေးတောင့် ကျန်နေသေးတယ်။
ခြင်္သေ့ကြီးကလည်း ကျုပ်ကို မြင်တယ်ဆိုရင်ပဲ သူ့မှာရှိတဲ့ ဒဏ်ရာကြောင့် ပထမတုန်းကလို သွက်လက်ခြင်းမရှိပေမယ့် မြက်အရောင်နဲ့ ကွယ်ဝှက်ပြီး ချဉ်းကပ်လာတယ်။
ခြင်္သေ့ကြီးကလည်း ဝါညိုရောင်ဆိုတော့ အတော်ကလေး ဂရုစိုက် ကြည့်နေရတယ်။ ဒီအထဲ သူက မြေမှာဝပ်ပြီး တွားလာတော့ ပျောက်သွားလိုက် ခေါင်း လိုလို ကျောလိုလို အလျားပေါ်လာလိုက် ဖြစ်နေတယ်။
ပစ်ကွင်းကလဲ သိပ်မကောင်းဘူး။ နောက်ဆုံး ကိုက် နှစ်ဆယ်လောက်လဲရောက်ရော အဲဒီ နာနေတဲ့ ခြင်္သေ့ဟာ မြန်လိုက်တာဗျာ… ကျုပ်ဆီကို ဦးတည်တိုက်ဖို့ ခုန်လွှားပြီး ပြေးလာတယ်။
အဲဒီမှာ ကျုပ်လဲ ခလုတ်ကို ဆွဲလိုက်တာ ပြေးဝင်လာတဲ့ ခြင်္သေ့ကြီးရဲ့ နှလုံးသားတည့်တည့်ကို ပွိုင့် ၃၃၈ ခဲသီး ဝင်သွားတာပါပဲ။
ဒါပေမယ့် အဲဒီအကောင်ကြီးဟာ မယုံနိုင်လောက် အောင်ပဲ ကျုပ်ဆီကို ဆက်ပြီး ပြေးလာသေးတယ်။ အမြီးကြီးကိုလဲ တန်းနေအောင်ဆန့်ပြီး လုပ်နေလိုက် သေးတယ်။
အဲ့ဒီမှာ ဂျက်နီကလော့(စ) က စိုးရိမ်တကြီး သူ့ရဲ့ ပွိုင့် ၃၇၅ ရိုင်ဖယ်နဲ့ တတိယမြောက် ခဲလုံးကို သူ့ရင်အုပ်ထဲ ထပ်ပြီး ထည့်လိုက်တော့မှ ပုံလျက်သား ကျသွားခဲ့တယ်။
အဲ့ဒီ ခြင်္သေ့သားရေကြီးပဲ ကြည့်တော့လေ။ ဒီအကောင်ကြီး ဘယ်လောက်ကြီးတယ်ဆိုတာ ခင်ဗျား ခန့်မှန်းလို့ ရပါတယ်။
ကျုပ်တို့လည်း အဲဒီနေ့ပဲ ပြန်လာခဲ့ကြတယ်။ ကျုပ်တို့သုံးယောက်စလုံး ခြင်္သေ့တွေ တယောက် တကောင်စီ ရကြပေမယ့် ဒီအကြိမ် အမဲလိုက်ရတာ စိတ်မောကိုယ်မော အဖြစ်ဆုံးပါပဲ။
ကျုပ် ပစ်ချင်တဲ့ အဲန်တီလုပ်တွေကိုတော့ နောက်တကြိမ်ကျမှ ပစ်ရမှာပဲလေ”
ဂျင်၏ အိမ်တွင် သူရလာခဲ့သည့် ခြင်္သေ့သားရေကြီးကိုလည်းကောင်း၊ သူ၏ ပွိုင့် ၃၃ဂ ရိုင်ဖယ်သေနတ်ကိုလည်းကောင်း၊ မမောနိုင် မပန်းနိုင် ပြောဆိုခဲ့သည့် သူ့အတွေ့အကြုံကို လည်းကောင်း သိရှိခွင့် ရခဲ့ပြီးနောက် ကျွန်တော်သည် ကျွန်တော်အိမ်ဘက်သို့ ပြန်လာခဲ့သည်။
အိမ်ဘက်အကူး အင်္ကျီအိတ်ထဲတွင် ပါလာသည့် လည်တံရှည် ပုလင်းကလေးကို ထုတ်ယူကြည့်လိုက် ရာ နိုင်ငံခြားသို့ ထွက်စဉ်က ဝယ်လာခဲ့သည့် ပို့ကြုံကြွေ့ပုလင်းကလေး ဖြစ်နေသည်။ ဒီတော့မှ ဟိုတုန်းက ပို့ကြုံကြွေ့ ကြေငြာသည့် ကာတွန်းစာတန်းကို သွား သတိရလိုက်သည်။
ကာတွန်းစာတန်းမှာ “ရင်ဆိုင်တွေ့တော့ ဖင်ထိုင်မေ့၊ ဒါမှ ပို့ကြုံကြွေ့” ဟူ၍ ဖြစ်ပါသည်။
ယခုလည်း ခြင်္သေ့ကြီးမှာ ဂျင်နှင့် ရင်ဆိုင်တွေ့လိုက်ရသဖြင့် ဖင်ထိုင်သွားရသည်ဟူ၍ ဆိုရမည် ဖြစ်ပါသတည်း။
စစ်ပြန်မဂ္ဂဇင်း ၊ စက်တင်ဘာလ ၊ ၁၉၈၄
– ပြီး –
စာရေးသူ – ဖျာပုံ သန်းထွန်း