ရင်တွင်းဒဏ်ရာ(စ/ဆုံး)

———————

“ရှင့်မယား မအိပ်သေးဘူးမဟုတ်လား”

“အိပ်နေပါပြီသက်ရယ်..အိပ်နေလို့ကိုကို..မင်းဆီလာလို့ရတာပေါ့”

မြဝါသည် ခြေသံတိတ်တိတ်ဖြင့်ကိုကျော်မင်းအနောက်မှငြင်ငြင်သာသာလိုက်လာရင်းညီမလေးသက်အခန်းတံခါးအဝအရောက်တွင်
အခန်းတံခါးမဟတဟကြားမှမိမိဘက်ကျောခိုင်းရပ်​နေသူခင်ပွန်းကိုကျော်မင်းနှင့် အခန်းထဲကညီမသက်၏အပြန်အလှန်ပြောနေသံတို့အားနားနှင့်ဆတ်ဆတ်ကြားကာ ရင်တွေထဲနာလွန်းလှသည်။

သိပ်မကြာ ခင်ပွန်းဖြစ်သူကိုကျော်မင်းသည် မြဝါ၏တစ်အူတုံဆင်းညီအစ်မအရင်းဖြစ်သူမြသက်သက်အခန်းထဲဖျတ်ခနဲဆိုဝင်ရောက်သွားခဲ့လေသည်။

မြဝါသည်အံကိုကြိတ်လျှက်မျက်ရည်များစီးဆင်းပြီးလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရုံကလွဲကာသူမနှင့်ချစ်ခင်ပွန်းကိုကျော်မင်းတို့ဇနီးမောင်နှံအိမ်ခန်းထဲ ပြန်လည်၍ဝင်ရောက်ကာ အိပ်ရာထက်ငိုကြွေးနေခဲ့ရသည်။

ညီမလေးမြသက်သက်အခန်းထဲမှာတော့ မြဝါ၏ခင်ပွန်းကိုကျော်မင်းနှင့်အပြန်အလှန်ရယ်မောသံတိုးသဲ့သဲ့တို့ရိုက်ခတ်နေပေလိမ့်မည်။နောက်ပြီး…နောက်ပြီးတော့…..အို..မြဝါ..ရှက်လှသည်။
အရှက်မရှိသူ အရှက်သိက္ခာမဲ့သူနှစ်ဦးကတော့ ဖြစ်ပေါ်လာမည့်အကျိုးဆက်တွေထည့်မစဥ်းစား

စဥ်းစားသည်ပဲထားဦးတော့..သောက်လေ သောက်လေငတ်မပြေသော ကာမဂုဏ်အာရုံတောမှာနစ်သည်ထက်နစ်လည်းမက်၍မပြေ..အနစ်မြုပ်ခံကာကူးခတ်နေပေကြဦးမှာပဲ။ မြဝါမှာသာ…မြဝါမှာသာ…..

***************************************

၂/

“မေမေ..ဒေါ်လေးကဘာဖြစ်နေတာလဲ…သမီးတို့အိမ်ရောက်လာကာစနဲ့မတူဘူး..ဖေဖေ့အနားမေမေရှိနေရင်အလိုလိုသူ့မှာမျက်စိပျက်မျက်နှာပျက်နဲ့သမီးသတိထားမိနေတာကြာပြီမေမေ..မီးဖိုထဲလည်းမေမေနဲ့သမီးဝင်ချက်ပြုတ်နေရင်.အခါတိုင်းလိုဝင်မလာဘူး..သူ့အခန်းထဲတစ်ယောက်ထဲစာအုပ်ဖတ်သလိုဖုန်းကြည့်သလို..မျက်နှာလည်းမကောင်းဘူး..စကားလည်းမပြောချင်သလိုပြောချင်သလို..ဟိုတစ်နေ့ကအိမ်မှာမေမေမရှိတုန်းကလည်းသမီးဘုရားပန်းလဲနေတဲ့အချိန်..ဖေဖေ့အလုပ်စားပွဲနားရစ်သီရစ်သီလုပ်နေတာတွေ့တယ်..ဖေဖေလည်းမူမမှန်သလိုပဲနော်မေမေ”

“ဟဲ့…ရှူး..တိုးတိုး..သူများတွေကြားကုန်မယ်..ကိုယ့်အိမ်အတွင်းရေး..ဘေးလူမသိစေနဲ့သမီးရယ်..သမီးထင်တာမှားနေတာပါ..ဒေါ်လေးက..ရွာမှာမေမေ့အဖေနဲ့အမေကိုပြုစုစောင့်ရှောက်ရင်းအိမ်ထောင်မပြုဘာမပြုတစ်ဦးထဲနေခဲ့ရလို့အထီးကျန်စိတ်ဝေဒနါဖြစ်နေရှာတာ..အခုလည်းမေမေ့အဖေနဲ့အမေရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားပြီးအိမ်မှာသူတစ်ယောက်ထဲနေလို့မသင့်တော်တော့မေမေတို့ဆီလိုက်လာအတူတူနေရတာသူ့စိတ်က ကလေးလိုပဲ..သူဘာသူတောင်ဝမ်းနည်းနေတာ..အသက်အရွယ်ကလည်းလေးဆယ်ကိုကျော်စပြုနေတော့စိတ်တွေကမငြိမ်မသက်ဖြစ်တာလည်းပါမယ် မိန်းမတွေမီးယပ်သွေးဆုံးချိန်ခုလိုဂယောက်ဂယက်ကဖြစ်ကြတယ်သမီးရဲ့..မေမေ့တုန်းကလည်းသမီးတို့ကိုစိတ်အလိုမကျဖြစ်ပြီးဆူပူလိုက်ငိုလိုက်ဝမ်းနည်းလိုက်ဖြစ်ခဲ့တာပဲ..မေမေတုန်းကမေမေ့မှာနားလည်ဖေးမပေးမယ့်သမီးတို့ဖေဖေတို့ရှိတယ်သူ့မှာကဘယ်သူမှမရှိဘူးလေ..နှစ်ပေါင်းများစွာ အခေါ်အပြောအဆက်ဆံမရှိကြတဲ့မေမေတို့ညီအစ်မတွေ ခုလိုအဖေအမေဆုံးမှပြန်တွေ့ကြရတော့သူ့မှာစိမ်းသက်သက်ဖြစ်ချင်ဖြစ်မှာပဲလေ..မေမေတို့နားလည်ပေးကြရအောင်နော်သမီး”

“အို..မေမေရယ်..တစ်ခါလာလည်းမေမေက မေမေ့ညီမဘက်က..ဘာမီးယပ်သွေးဆုံးလည်း..ဘာသွေးမှလည်းမဆုံးဘူး..အလကားမေမေ့ညီမလင်တရူးစုန်းလိုပူးနေတဲ့ဟာမ..ဟင်း..ဆက်ပြောရရင်လေ..ငါပဲဂုဏ်သရေမရှိတဲ့အဆင့်အတန်းမရှိတဲ့မိန်းမဖြစ်ရဦးမယ် ရည်ရွယ်ဦး…ရည်ရွယ်ဦး ရေ..စိတ်ထိန်း..စိတ်ထိန်း”
ရည်ရွယ်ဦးသည်စိတ်ထဲမှသူမမေမေကိုခံပြောပြီးအပြင်မှာတော့ နားသာထောင်ပေးလိုက်ရသည်..ဘာကိုမကျေနပ်မိမှန်းကိုမသိ။တစ်ခုခုကိုစိတ်အလိုမကျသလိုခံစားနေရသည်။ အထူးသဖြင့် ဖေဖေဦးကျော်မင်းကိုပဲဖြစ်သည်။ဖေဖေသည်အစိုးရဝန်ထမ်းဘဝနှင့်အငြိမ်းစားယူခဲ့တာလပိုင်းခန့်ပဲရှိသေးသည်။ အလွန်အေးဆေးတည်ကြည်သောဖေဖေဦးကျော်မင်းတစ်ယောက်..မေမေ့အား.ဆွေခန်းမျိုးခန်းသားသမီးခန်းဖြတ်ထားသောမေမေ့အမေအဖေတွေရုတ်တစ်ရက်နာမကျန်းဖြစ်ကာရှေ့နောက်ဆင့်ပြီးဆုံးပါးသွားကြတော့မှ..တစ်သက်လုံးကမေမေ့မှာညီမတစ်ယောက်ရှိနေသေးမှန်းမသိခဲ့ရည်ရွယ်ဦးတို့မောင်နှမနှစ်ယောက်မှာ အဒေါ်အရင်းတစ်ယောက်ရှိနေသေးမှန်း အိမ်ကိုအတူနေဖို့ရောက်လာတော့မှသိရလေသည်။

ထိုအဒေါ်ရောက်လာပြီးနောက်ပိုင်း
ဖေဖေဦးကျော်မင်းလည်းအငြိမ်းစားရပြီးချိန်နှင့်ကွက်တိဖြစ်ကာ..နှစ်ဦးသားအနေအထိုင်တွေပြောင်းနေတာကအစသိသာလာသည်။ အခြေအနေကိုရည်ရွယ်ဦးရိပ်မိတာထက်မေမေကပို၍ရိပ်မိပုံရသည်။ ရိပ်မိရင်လည်းမေမေ့ဘက်ကပြတ်ပြတ်သားသားဆုံးဖြတ်ဖို့သင့်သည်ထင်၏။သို့သော်ရည်ရွယ်ဦးက အိမ်မှာကပ်နေရတာနည်းသည်။သူမမှာလည်းရုံးတစ်ရုံးမှအရာရှိတစ်ဦးမို့အိမ်အနေနည်းလှသည်။
မေမေ့ကိုသာ အားမရလှစွာ။

အပိုင်း နှစ် ဆက်ရေးပေးမယ်နော် ။

ရွက်ဝါရင့်ရင့်

#ရင်တွင်းဒဏ်ရာ#အပိုင်း ၂
#ရွက်ဝါရင့်ရင့်

“ရှင်..နဲနဲတော့လူလိုသိဖို့ကောင်းပြီကိုကျော်မင်း..ရှင်တို့နှစ်ယောက်လုပ်ရပ်တွေကျွန်မအကုန်သိနေတာကိုတောင်မှနှစ်ယောက်သားခုထက်ထိမဆင်ခြင်နိုင်ကြသေးဘူးလား…အခုဆို သမီးကြီးလည်းရိပ်မိသလောက်ဖြစ်နေပြီ..အိမ်ထောင်ကျနေတဲ့ရှင့်သားအငယ်ရည်ညွှန်းဦးသာရှင်တို့ခုလိုဖောက်ပြန်နေတာသိသွားရင်မိုးမီးလောင်မယ်..ရှင်..ဒါတွေတွေးရောတွေးရဲ့လားဟင်”
ဦးကျော်မင်းသည် ပျက်နေသည့်ထမင်းပေါင်းအိုးတစ်အိုးကိုပြုပြင်နေရင်းအနားကနေတတွတ်တွတ်သူ့အားမျက်ရည်လည်ရွှဲပြောဆိုနေသည့်ဇနီးသည်ဒေါ်မြဝါဝါကိုဂရုမပြုသလိုပဲနေနေသည်။ဟိုအရင် မြဝါဝါနှင့်ရင်းရင်းနှီးနှီးပူးပူးကပ်ကပ်နေခဲ့မိသလောက်ယခုအခါမြဝါညီမမြသက်ရောက်လာသောအခါကျမှလင်မယားချင်းဆက်ဆံရေးတွေအလိုလိုစိမ်းသက်လာခဲ့သည်။အိမ်တွင်းအိမ်ပြင်ခြံတွင်းခြံပြင်ဘယ်မှမထွက်သည့်ဒေါ်မြဝါဝါလိုမယားကြီးတစ်ယောက်လုံးရှိရက်နှင့်ဘယ်အချိန်မှာများမြဝါဝါ၏ညီမမြသက်သက်နှင့်ချစ်ခရီးဆက်ဖြစ်သွားကြပါလိမ့်။အသက်ခြောက်ဆယ်ကျော်စပင်စင်စားအငြိမ်းစားဦးကျော်မင်းတစ်ယောက် ရွာကနေမိဘများဆုံးပါးပြီးတစ်ဦးတည်းသောသူမထက်ဆယ်နှစ်ခန့်ကြီးသောအစ်မကြီးဖြစ်သူမြဝါဝါအပေါ်၌အဘယ်သို့သောရှေးအတိတ်ကအငြှိုးများရှိခဲ့သည်မသိ။

နှစ်ပေါင်းများစွာ မိဘများကသေခန်းရောရှင်ခန်းပါဖြတ်ရက်ခဲ့ကြသည့်ဒီအစ်မကြီးမြဝါဝါအပေါ် သူမဘာကိုစိတ်နာစရာရှိနေပါလိမ့်။မလွှဲသာ၍အစ်မကြီးအိမ်ပေါ်သို့ရောက်လာကာအတူနေထိုင်ရသည်အစ်မကြီးကိုလည်းစကားမပြော။တစ်အိမ်ထဲအတူနေပြီးအမြဲလိုအပြင်လုပ်ငန်းခွင်သွားလာနေရသောတူမဖြစ်သူရည်ရွယ်ဦးနှင့်လည်းစကားကိုမလိုအပ်ရင်မပြော။
မြဝါဝါကတော့ ညီမလေးမြသက်ကိုရောက်စကတရင်းတနှီးတဖော်တရွေဆက်ဆံပြောဆိုကာအရေးပေးပါ၏။သို့သော်မြသက်က စားစရာရှိထွက်စားပြီးသူ့အလုပ်မရှိရင်သူ့အတွက်ပေးထားသောအခန်းအပြင်ကိုမထွက်။
“ရှင်..ဘယ်လိုမှပြောလို့မရတော့ဘူးလား..အကယ်၍ ကျွန်မညီမကအသိတရားမရှိလို့မိုက်မဲစေဦးတော့ ရှင်ကလူကြီးလေ။နောက်ပြီးရှင့်ရဲ့အလုပ်အကိုင်ရှင့်ရာထူးရာခံကိုပြန်ငှဲ့တွက်ပါကိုကျော်မင်းရဲ့။ဒီလိုကိစ္စတွေသာအပြင်ကိုပေါက်ကြားသွားရင်..ရှင့်အပေါင်းအသင်းရှင့်ညီအကိုမောင်နှမတွေကြားရှင်ဘယ်လိုမျက်နှာသွားထားမလဲ..အို..ကုန်ကုန်ပြောမယ်..ရှင့်သားနဲ့ချွေးမသိသွားရင်ရော..အခုတောင်ရှငွသမီးကြီးရိပ်မိနေပြီကိုကျော်မင်းရဲ့..အဟင့်ဟင့်..ဟီး..ဟီး…”
ပြောရင်းမြဝါငိုကိုငိုချမိပါပြီ။မြဝါဒီလိုစကားတွေဟိုယခင်ကလည်းအပ်ကြောင်းထပ်မတတ်ပြောခဲ့ပြီးပါပြီ။အစမှာ..စဥ်းစားသလိုငေးမောသလိုလို
တွေဝေစွာနောက်ပဲဆုတ်တော့မလိုလိုနှင့်ခုဆို.မြဝါနှင့်ပင်ကိုကျော်မင်းအတူမအိပ်တော့။ညတိုင်းလိုလို..မြသက်အခန်းသို့..ညလယ်ဆိုကူးသန်းရောက်ရှိသွားပေပြီ။သမီးကြီးရည်ရွယ်ဦးမြင်မှာလည်းသူမကြောက်တော့။ ငယ်လင်ငယ်မယားဇနီးဖြစ်သူမြဝါဝါကိုလည်းသူလေးစားရမှန်းသနားညှာတာရမှန်းမသိတော့
အချစ်ဆိပ်လားကာမဆိပ်လားငယ်ထိပအထိမွှန်ကိုတက်နေပေပြီ။

တစ်ဖက်မှာလည်း..ညီမလေးမြသက်သက်ကိုမြဝါသတိမပေးချင်ပေးရပေပြီ။ သို့သော်လည်း သူမထက်များစွာငယ်သောတစ်ဦးတည်းသောညီမငယ်သည်မျက်နှာပေးမှုန်တည်ကာ..မြဝါစကားအားမကြားသလိုကျောပေးနေလျှက်ဘာတုံ့ပြန်မှုမှမပြုခဲ့။

တုန့်ပြန်မှုသာမပြုသည်။ သူမဖုန်းအားမြဝါတို့ဘယ်အချိန်ယူကြည့်ကြည့် မြင်ရအောင်မှန်တင်ခုံပေါ်မထေမဲ့မြင်ပြုလျှက်ထားထားလေသည်။ မြဝါဖုန်းမျက်နှာပြင်ထက်မှသူမခင်ပွန်းကိုကျော်မင်းအားဖက်တွယ်ကာသူပိုင်ပစ္စည်းပမာမက်မောရှိုက်ရှိုက်ဖြင့်တိုးတိုး၍ဖက်ထားသည့်မြသက်သက်ကိုမြင်ရသည်မှာစိတ်နှလုံးမချမ်းမြေ့စရာ
ကာမပိုင်စစ်စစ်ဖြစ်နေသေးသည့်မိမိကပင် ရှက်ရှက်ဖြင့်မျက်နှာလွှဲရသည်။

“နင်..ငါ့ကိုတမင်သက်သက်ရည်ရွယ်ချက်ရှိရှိအသေသတ်ဖို့များရောက်လာတာလားမြသက်ရယ်..ငါတို့ဟာ..ပတ်ဝန်းကျင်မှာလည်းလူသိခံလို့ကမရဲ၊
နင့်ရုပ်နင့်ရည်နဲ့နင်ဒီလောက်လင်လိုချင်ရင်ငါရှာပေးပါ့မယ်မြသက်ရဲ့..ဟိုတဏှာရူးကလည်း..ကာမစိတ်ငယ်ထိပ်တက်မွှန်ပြီး..မကြံအပ်မစည်အပ်တဲ့ကိုယ့်ခယ်မကိုမှပြန်ကြံစည်ရတယ်လို့..တစ်သက်လုံးအရာရှိဘဝနဲ့လူရိုသေသူရိုသေနေလာခဲ့တဲ့လူက..အခုကျမှဖောက်ကြသတဲ့လား..ငါပဲသေလိုက်ချင်ပါတော့တယ်..မြသက်တို့ရယ်..အဖေတို့အမေတို့လည်းကျွန်မမြဝါဝါကိုဒီလောက်ထိတောင်မုန်းတီးသွားကြသတဲ့လားတော်..မုန်းတီးသွားကြသတဲ့လား..အဖေအမေသဘောမတူတဲ့သူကိုယူမိလို့တစ်သက်လုံးပြန်ဆက်သွယ်မရအောင်သေခန်းဖြတ်ပြီးမှ..အခုကျတော့သေမှဒီကမြသက်သက်ကိုကျွန်မဆီလွှတ်ပြီးတမင်စိတ့ဆင်းရဲစေရော့သလားအဖေတို့အမေတို့ရယ်…”

မြဝါဝါ ကွယ်လွန်သွားကြသောအဖေအမေတို့ကိုတကာငိုကြွေးတော့ကုတင်စောင်းတွင်တောင့်တောင့်ကြီးထိုင်လျှက်လက်သီးတင်းတင်းဆုပ်ကာမြသက်သက်အံကြိတ်၏။မျက်ရည်မကျ။ အစ်မကြီးမြဝါငိုနေသည်ကိုလည်းသနားပုံမပေါ်။မြင်တွေ့ရနေသည့်ပုံကိုကထုရိုက်ချင်စရာ။သို့သော်လည်း..ဘာလို့မှန်းမသိ။ မြဝါဝါ..ညီမလေးအားမရိုက်ရက်

*******************************************

၃/

မက်ဆေ့ဝင်သည့်အသံကြောင့်..ဟိုဖက်ဒီဖက်လှိမ့်လိုက်လူးလိုက်အိပ်မပျော်ဖြစ်နေသောမြဝါဝါ မျက်စိပွင့်လျှက်ဖြစ်သွားသည်။

သူမအနားမှာတရှူးရှူးဟောက်သံပေးကာအိပ်မောကျနေပြီဖြစ်သောကိုကျော်မင်းအား..မြဝါစက်ဆုပ်စွာတစ်ချက်ကြည့်ဖြစ်သည်။
တစ်သက်လုံးချစ်ခင်ပွန်းအားလေးစားကြည်ညိုစွာချစ်ခင်မြတ်နိုး၍အားကိုးကာမယားတစ်ယောက်၏ဝတ္တရားနှင့်အညီပြုစုလုပ်ကျွေးခဲ့သော်လည်း ယခုအခါ..ညီမဖြစ်သူအပေါ်စည်းမစောင့်နိုင်ခဲ့အောင်အိမ်ထောင်ရေးဖောက်ပြားခဲ့သူကိုသူမနာကျည်းစက်ဆုပ်ရလေပြီ။ သူမသည် ကိုကျော်မင်းဖုန်းအားလှမ်း၍ယူကာ.ဖွင့်ကြည့်လိုက်သည်။

မက်​ေဆ့ပို့်သူ၏အမည်နေရာမှာကား..ချစ်ဇနီးလေးမြသက်သက်ဆိုပါလား…

မြသက်သက်ဆီမှ နောက်ထပ်ပေးပို်လာသည့်စာမှာ

“ရှင့်မယားကြီးကျေနပ်အောင်စိတ်ကြိုက်ပြုစုပြီးရင်လည်းလာခဲ့တော့လဦးကျော်မင်း”

“ဘာလဲ…အဲ့မိန်းမက..ရှင့်ကိုတန်းတန်းစွဲနေတုန်းလား”

မြဝါဝါတစ်ယောက်ဖုန်းကပစ်ချလျှက်.ပြေလျော့ကျနေသောဆံပင်တို့ကိုဆွဲရစ်လိန်တင်ကာတင်းတင်းထုံးနှောင်ပြီးနောက်၊အခန်းတံခါးဟဟပွင့်နေသော ညီမဖြစ်သူမြသက်သက်အခန်းထဲသို်ဝုန်းခနဲဝင်ချသွားလေသည်။ဦးကျော်မင်းလည်းနိုးလာကာကပျာကသီနောက်ကနေပြေးလိုက်သွား၏။

“ဟင်….ငါကတော့..ဘယ်သူမှအရှက်မရစေလိုလို့အတတ်နိုင်ဆုံးနင်တို့ကနေတဲ့ခွေးဇာတ်ကိုထိန်းနေပေးတာ..နင်က..ခွေးထက်မိုက်တဲ့ခွေးမ..ကဲဟယ်..အဲ့လောက်တောင်ကိုယ့်လင်မဟုတ်တဲ့လူကိုမှငမ်းချင်အုံး..ဦးနှောက်မရှိတဲ့ကောင်မ..ကဲဟာ…ကဲ…”

“မြဝါ…..”

“မေမေ…တော်တော့…မေမေ”

#ရင်တွင်းဒဏ်ရာ #အပိုင်း သုံး
#ရွက်ဝါရင့်ရင့်

“မေမေ..တော်ပါတော့မေမေ..ဘေးအိမ်တွေကကြားကုန်ရင်ရှက်ဖို့ကောင်းပါတယ်မေမေ”

“ကိုယ်တွေကအရှက်တွေဂုဏ်သိက္ခာတွေထောက်ပြီးတော်တန်ရုံသိရဲ့နဲ့မသိသယောင်နေပေးရတာတွေ၊ကြားရက်မြင်ရက်မကြားမမြင်သလိုအကန်းကြီးလိုနေပေးရတာတွေ၊တော်ကြပါတော့ရပ်တန်းကရပ်ပါတော့လို့တဖွဖွနဲ့တိုးတိုးတမျိုးကျယ်ကျယ်တမျိုးအုပ်အုပ်ဆိုင်းဆိုင်းလုပ်နေတဲ့ကြားကရှေ့ကိုဇွတ်တိုးဇွတ်တိုးလာကြတယ်..နင်တို့အရွယ်တွေနင်တို့ဂုဏ်သိက္ခာတွေမထောက်ရင်တောင်မှကိုယ့်သားသမီးဂုဏ်သိက္ခာလေးတော့ငှဲ့ကွက်သင့်တယ်လို့မထင်ကြဘူးလား”

“ငါတို့က ဘာဖြစ်နေလို့လဲ..”

“ဘာဖြစ်တယ်ကိုကျော်မင်း”

မြဝါသည်ကိုကျော်မင်းဆီမှတစ်ခါဖူးမှမကြားဖူးသောစကားကိုကြားလိုက်ရသလိုအံ့ဩရွံရှာစွာတစ်ချက်စိုက်ကြည့်မိရင်းရင်ထဲတလှပ်လှပ်ဖြစ်လာသည်။ဒီလောက်မကြာခဏပုံပျက်ပန်းပျက်ညီမဖြစ်သူနှင့်ပူးပူးကပ်ကပ်လက်ပူးလက်ပူးလက်ကြပ်အကြိမ်ပေါင်းများစွာမိသော်ငြား..ကိုကျော်မင်းသည်..ဒီ..”ငါတို့ကဘာဖြစ်နေလို့လဲ”ဟူသောစကားကိုသာလက်သုံးစကားလုပ်ပြောလေသည်။မကြာခဏ ငါတို့ကဘာဖြစ်နေလို့လဲ ပြောလေတိုင်း ပြောလေတိုင်း. ခုမှပဲ စကြားရသလို အမြဲတုန်လှုပ်စက်ဆုပ်မိ၏။အပြစ်လုပ်သော်လည်းအပြစ်မလုပ်ထားသူလို အမြဲဆင်ခြေဆင်ကန်ပေးလျှက်သူမမြဝါကပဲတမင်သပ်သပ်ပြဿနာဖန်တီးနေသောတရားခံဖြစ်နေသကဲ့သို့ နှစ်ဦးစလုံးကမင်သေသေဟန်ဆောင်ကောင်းသည်။

“တော်ကြပါတော့မေမေ..အရမ်းရှက်ဖို့ကောင်းနေပါတယ်မေမေ…ဒီအိမ်မှာမေမေ့ညီမဒေါ်လေးမြသက်ရောက်လာပြီးထဲက တစ်နေ့မှငြိမ်းချမ်းရပါတယ်မရှိဘူး..ဖေဖေကလည်းသမီးပြောရင်သမီးပဲငရဲကြီးဦးမယ်..သမီးဘာမှမပြောပဲနေနေတာအကောင်းတော့မဟုတ်ဘူးနော်ဖေဖေ..မေမေရေ…သမီးပြောမယ်..မေမေတို့လူကြီးတွေအရှုပ်ထဲသမီးဝင်ရှင်းပေးရရင်ဒီထက်ပိုရှုပ်မယ်နော်..သမီးကဂုဏ်သိက္ခာတွေဘာတွေညာတွေစဥ်းစားဆင်ခြင်နေမယ့်သမီးတော့မဟုတ်ဘူးနော်…သမီးသိပ်ပြီးစကားများများမပြောချင်တော့ဘူးဖေဖေရောမေမေရောကိုယ့်ဘာကိုယ်နှစ်ယောက်သားစဥ်းစားတိုင်ပင်ဆုံးဖြတ်ကြပါမေမေ့ညီမကိုတော့သမီးဘာမှမပြောချင်တော့ဘူး”

အလွန်ကိုစိတ်ရှုပ်ထွေးကာမိဘများကိစ္စကြောင့်သမီးရည်ရွယ်ဦးမဖြေရှင်းချင်ဖြစ်ပြီးဒီလောက်ပဲပြောကာသူမအခန်းထဲသူမပြန်ဝင်သွားတော့သည်။မြဝါသည်ကုတင်စောင်းဖက်အစွန်းတွင်ကျောခိုင်းထိုင်နေသောညီမဖြစ်သူမြသက်သက်ကိုသာအမှုန့်နာနာချေချင်မိသည်။အခန်းတံခါးဝဘက်မျက်နှာမူလျှက်မိမိတို့ကိုကျောပေးနေနေသောကိုကျော်မင်းသည်တုံဏှိဘာဝေဆိတ်ဆိတ်နေလေသည်။

တစ်ယောက်ထဲယမ်းပုံမီးကျနေလေသောမြဝါသည်သာတစ်အိမ်လုံးအပူမီးတောက်အောင်လုပ်နေသောတရားခံတစ်ဦးလိုလို။

မြဝါသည်စိတ်ကိုလျှော့ပြီး

“ကဲ..မြသက်ရေ..နင်ဘာဖြစ်ချင်တယ်ဆိုတာကိုသာပြောပါတော့..ဘာကိုစဥ်းစားထားလဲ..ဘာကိုဆုံးဖြတ်ကြမှာလဲ…နင်တို့နှစ်ယောက်ကို..စဖြစ်မှန်းသိထဲကငါသိသိခြင်းမသင့်တော်လို့ရပ်ခိုင်းတယ်..ဒီထဲကဇွတ်တိုးလာကြတဲ့အမိုက်နှစ်ယောက်ရေ…ပြောကြပါတော့…ဘာဆက်လုပ်ကြမှာလဲ….”

သို့သော်လည်း..မြဝါစကားသည်သာအခန်းထဲအသက်ဝင်လျှက်..ကျန်လူသားနှစ်ယောက်ဆီကအသံကပြန်မလာ။

*************************************

“ဒီလောက်ပဲဆိုးပါသက်ရယ်…သက်ဒီလိုတောင်းဆိုတာကိုကိုမလုပ်ပေးနိုင်လို့မဟုတ်ပါဘူး..သက်ကို.ကိုကိုခေါ်ပြီးတစ်နေရာသွားနေကြတော့ရော..ဒီအိမ်မှာကျန်နေခဲ့သူတွေကသက်နဲ့တစ်စိမ်းတွေလည်းမဟုတ်ဘူးလေ…သက်ရဲ့အစ်မအရင်းနဲ့..တူမပဲမဟုတ်လား…ယောကျ်ားသားမရှိပဲမိန်းမသားတွေချည်းမလုံခြုံတာသက်လည်းစဥ်းစားမိမှာပေါ့”

“အို….ဒါဆို..ဒီလိုနှစ်ယောက်ပေါင်းနေနေမှာလား..သက်ကရတယ်..တစ်အိမ်ထဲနှစ်ယောက်ပေါင်းဆိုလည်းပေါင်းမှာပဲ…ဒါပေမယ့်ခုလိုကြီးတော့မမမြဝါအလစ်မှာကိုကိုနဲ့တွေ့ရတာကိုတော့သက်ဘဝင်မကျဘူး..သူ့ရှေ့ဆိုတော့ပြောရဆိုရမလွတ်လပ်ဘူးလေ…ကိုကိုပြောတော့..သက်ကိုပဲချစ်တယ်ဆို”

“ချစ်တာပေါ့..သက်ရယ်..အစထဲကသက်ကိုစမြင်ထဲကညီမအရင်းတစ်ယောက်လိုကိုကိုချစ်ခဲ့ပြီးသားပါ..ကိုကိုတို့နှစ်ယောက်လုံးဒီအခြေအနေထိဖြစ်လာဖို့လည်းတကယ်မရည်ရွယ်ခဲ့ဘူး..ဒါပေမယ့်…ဒါပေမယ့်”

ကိုကျော်မင်းဘာကိုဆက်ပြောရမည်မသိဖြစ်ကာရပ်သွားပြန်သည်။သူသည်လည်းဒီလိုထိဖြစ်လာဖို့ရည်ရွယ်ကာတမင်ပြုမူခဲ့သည်တော့မဟုတ်။သို့သော်..ဒီလိုတွေဖြစ်လာခဲ့သည်ကလည်းသူ့အပြစ်ကမကင်း။သူ့ဘက်ကမထိန်းသိမ်းနိုင်ခဲ့လို့လည်းသူတို့ဆီမှီခိုဖို့ရောက်ရှိလာသူဇနီး၏ညီမကိုမှ..သူလိုတာထက်ပိုကဲကာသဒ္ဓါလွန်၍တဏှာကျွန်ဖြစ်ခဲ့ပြီ။နှစ်ဦးစလုံးသည်အချစ်ဟုခေါင်းစဥ်တပ်ရမည်လား။ကာမတဏှာဟုခေါင်းစဥ်တပ်ရမည်လား။ဘာကိုအမည်တပ်ရမည်မသိသောအဖြေရှာရမည်မသိသောအဖြေရှာရမည်ဆိုတာလည်းတွေးတောမနေချင်မိအောင်ရူးသွပ်လှသည်။ယခုလည်းမြဝါဝါဥပုသ်စောင့်သွားနေချိန်မြသက်သက်အခန်းထဲဝင်ကာနှစ်ဦးသားပွေ့ဖက်ထားမိကြရင်းစကားပြောနေမိကြခြင်းဖြစ်သည်။

“တစ်ခါမှ..ကြည်ကြည်နူးနူးနဲ့ချစ်ရပါတယ်ဆိုတာမရှိဘူး..အမြဲလိုကျီးလန့်ဆန်စား..ကိုကို့ကိုယ်ကမပြတ်မသားလုပ်နေတာ”

မြသက်သက်သည်..အသက်သာလေးဆယ်ကျော်လာသည်။စဥ်းစားဆင်ခြင်မဲ့စွာအစ်မ၏ယောကျ်ားဖြစ်သူခဲအိုအပေါ်မောင်ပိုင်စီးရင်း..တဖြေးဖြေးသူ့စိတ်သဏ္ဍာန်မှာ..အစ်မကြီးကိုမုန်းတီးလာသည်။အစ်မကြီးသည်သူတို့နှစ်ယောက်၏ချစ်ခြင်းကိုခွဲနေသည်ဟုမြင်လာသည်။အစ်မကြီးသည်ဗီလိန်ဖြစ်နေသည်။မရင့်ကျက်သောစိတ်အသိကသူမကိုကလေးအတွေးသာသာစိတ်ကိုဖြစ်စေလျှက်ခဲအိုကိုကျော်မင်းရင်ခွင်ထက်ဝယ်တိုး၍နစ်မြုပ်မတတ်ဝင်ကာတတွတ်တွတ်မြည်ဆိုရေရွတ်နေသည်မှာကား

“သူလုပ်မှသူပြောမှလူတကာသိတယ်..သူဘာမှမပြောပဲခွင့်ပြုပေးလိုက်ရင်တိုးတိုးတိတ်တိတ်နဲ့လူတောင်မသိဘူး..သူ့ကိုယ်ကကြီးကြီးကျယ်ကျယ်နဲ့သူ့လင်သူ့လင်နဲ့အဆာကျယ်နေတာ..သူ့လင်ဖြစ်တော့ရော..ခုချိန်မှာကျမမြသက်သက်ရဲ့လင်ပဲလေ..သူနဲ့သာအတူအိပ်နေတာသူ့လင်ကဖြင့်မြသက်ရဲ့လင်ဖြစ်နေပြီ..တော်ပြီပေါ့နှစ်ပေါင်းသုံးဆယ်လောက်ငါနဲ့ငါ့အဖေအမေကိုပစ်ပြီးသူ့လင်နဲ့ပျော်ပျော်နေခဲ့ပြီးပြီပဲ..သူအစ်မကြီးအမိအရာမပီသလို်..သူသမီးအကြီးမပီသခဲ့လို့ငါတို့တွေဘယ်လောက်ဒုက္ခရောက်ခဲ့ရသလဲ
အဖေအမေကရိကထကိုငါကငယ်ငယ်ထဲကတစ်ယောက်ထဲဒိုင်ခံရင်ဆိုင်ခဲ့ရတာ..သူကအဝေးကနေမိသားစုလေးဖန်တီးပြီးပျော်နေချိန်၊ငါ့မှာကေ​ျာင်းလည်းပြီးအောင်မတက်ရ။ငါ့ချစ်သူနဲ့လည်း..ငါ့ချစ်သူနဲ့လည်း….”

ပြောရင်း..မြသက်သက်သည်ဝမ်းနည်းပမ်းနည်းဖြစ်လာကာငိုကြွေးမိပြန်သည်။ကိုကျော်မင်းသည်ချော့ရပြန်သည်။ယခုမှ။အိမ်ထောင်ဦးကာလအစောပိုင်းပြန်ရောက်နေသလိုနှစ်ဦးသားသည်မိမိတို့ကိုယ်ကိုမိမိတို့..လူ့လောကကြီးနှင့်ဆန့်ကျင်စွာစည်းဘောင်တွေရိုက်ချိုးဖျက်စီးကြသူတွေဖြစ်နေ၍ပင်ဖြစ်မှန်းမသိကြသူတွေလိုအသိတရားများထုံပေနေကြပြီဖြစ်လေသည်။ဒီလိုနှင့်ပဲ။

******************************************

၄/

“ဆရာမရယ်..ကျမဘာဆက်လုပ်သင့်သလဲ…ဒီလိုအတွင်းရေးတွေကျမမှာငုံးဆူလူမသိအပူမီးတွေတအုံးအုံးလောင်မြိှုက်နေရပါတယ်..သူတို့နှစ်ယောက်ကိုလေကျမသတ်တောင်သတ်ပစ်ပြီးထောင်ထဲသာသွားဝင်နေလိုက်ချင်ပါတော့တယ်ဆရာမရယ်…ကျမရှက်လည်းအတော်ရှက်ပါတယ်..ဒီလိုအသက်ရွယ်တွေထိရောက်နေပြီးမှ ဒီလိုကိစ္စတွေသာလူတွေသိကုန်ကြရင်ကျမဖြင့်ရှက်လို့သေမှာဆရာမရဲ့”

“ရှက်ရမှာမမြဝါမဟုတ်ဘူးလေ…”

“မဟုတ်လည်း..သူတို့နှစ်ယောက်အစားကျမရှက်တယ်ဆရာမ..”

“ရှက်နေရုံနဲ့ပြီးမသွားဘူးမမြဝါ..သူတို့နှစ်ယောက်ကိုဘာဖြစ်စေချင်တာလဲ..ေအာက်လမ်းတော့ကျမလည်းမတတ်ဘူးမမြဝါရယ်..ကျမတို့နည်းကျမတို့ပညာနဲ့မေတ္တာပဲရှေ့ထားပြီးသူတို့နှစ်ယောက်အမြင်မှန်မှန်ရပြီးနောက်ဆုတ်သွားဖို့ကိုပဲကျမတို့အတတ်နိုင်ဆုံးကြိုးစားပေးလို့ရမယ်..ဒါပေမယ့်..အတတ်တော့ကွဲကွာကြမယ်လို့ကတိမပေးနိုင်ပါဘူးမမြဝါ”

“ကျမလည်း…ကျမလည်း…သူတို့ကွဲသွားရင်သူတို့တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ချင်ဖြစ်ပြီးကိုယ့်နေရာကိုယ်ပြန်နေကြရင်တော်ပါပြီဆရာမရယ်..ကျမလည်း…ကျမလည်း…ကျမရဲ့ဒီညီမလေးကိုတကယ်တမ်းတော့..မလုပ်ရက်ပါဘူး…မရက်စက်ရက်ပါဘူး အဟင့် ဟင့်…ဟီး…ဟီး. ”

#ရင်တွင်းဒဏ်ရာ #အပိုင်း လေး
#ရွက်ဝါရင့်ရင့်#

“သံသရာအဆက်ဆက်၊ ဘုရားတပည့်​​တော်မသည် သိ၍ဖြစ်စေ၊မသိ၍ဖြစ်စေ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျမိအောင်ပြုလုပ်ခဲ့မိသူဖြစ်ခဲ့ဖူးပါက အခုဘဝ အခုခန္ဓာဖြင့်ရှိခိုးဝန်ချတောင်းပန်အပ်ပါ၏အရှင်ဘုရား”
“ဒီဘဝဒီခန္ဓာဖြင့်သာ..ယခုလိုကြုံဆုံနေရသောစိတ်မချမ်းမြေ့ဖွယ်ရာကိစ္စရပ်များကိုဒီမျှလောက်နှင့်ပင်ရပ်တန့်လိုပါ၏..ခွင့်ပြုပေးပါဘုရား…ခွင့်ပြုပေးပါဘုရား”

မြဝါသည် ရင်တွင်းမှခံစားချက်များဘယ်လိုနည်းနှင့်မျှပေါ့သွားအောင်တစ်ဦးထဲလည်းကျိတ်၍မစွမ်းဆောင်နိုင်ခဲ့။ ဖောက်ပြန်သူနှစ်ဦးစလုံးကိုလည်းဘယ်လိုအနုနည်းအကြမ်းနည်းများသုံး၍လည်းနောက်ဆုတ်သွားအောင်သူမမပြုလုပ်နိုင်ခဲ့။
သူမအဖြစ်ကို အတူနေသမီးကြီးအားလည်း ဒီထက်ပို၍အသိမပေးချင်တော့။ အိမ်အနေနည်းသောသမီးကြီးကို သူတာဝန်ထမ်းဆောင်နေရသောလုပ်ငန်းခွင်ထဲထိအိမ်တွင်းမီးအပူကိုသယ်ဆောင်သွားရတာမျိုးမဖြစ်စေလိုသောမိခင်ကောင်းလည်းပီသချင်ပါ၏။

ငယ်နုစဥ် နှစ်ဦးသဘောတူ မိဘများသဘောမတူသည့်ကြားကခိုးရာလိုက်ပြေးပြီးမရှိအတူရှိအတူထမင်းရည်ဆားခပ်သောက်ပြီး တာဝန်ဖြင့်ချစ်ခင်ပွန်းပြောင်းရွှေ့ရာတစ်မြို့နယ်ပြီးတစ်မြို့နယ် မငြီးမငြူပျော်ရွှင်စွာကြံ့ကြံ့ခံရင်ဆိုင်ရဲခဲ့သမျှ။အခုတော့..ရင်ဘတ်နှစ်ခြမ်းက တစ်ခြမ်းကသစ္စာဖောက်ရက်လေပြီ။ ကျန်သည့်သူက
သူမငယ်စဥ် ဆယ့်ရှစ်နှစ်အရွယ်ကျမှမွေးပြီးမိဘများနှင့်ကျန်နေရစ်သူ သူမ မြင်ပင်မမြင်ဖူးလိုက်ရသောညီမအရင်းခေါက်ခေါက်ဖြစ်နေ၏။ ညီမလေးသည်အဖေအမေဆုံးကြောင်းရွာက ဆွေမျိုးဝမ်းကွဲများအကြောင်းကြားသတင်းပေးလာမှသူမကိုယ်တိုင်သွားရောက်ခေါ်ငင်ခဲ့သူမို့ သူမအာားတစ်စိမ်းတစ်ရံပမာသဘောထားလေသည်ထင့်။ ဒီတစ်ဦးထည်းသောဆွေမျိုးရင်းချာတစ်အူတုံဆင်းညီမအရင်းလေးကို မိဘများမရှိတော့သည့်အချိန်ကျမှ သူမတာဝန်ယူကိုယူရတော့မည်ဆိုတာမလွဲမသွေသိနေသည်။

ညီမသည် အနှစ်သုံးဆယ်ကျော်လေးဆယ်နီးပါးသူမတို့အားမိဘများသေခန်းပြတ်ဟုကြေငြာသည်မှစကာတစ်ခေါက်တစ်ခါပင်လာမတွေ့သူအစ်မကြီးမြဝါဝါအားစိတ်နာနေသည်ထင်ပါသည်။ စီးပွားပျက်ကာချွတ်ချုံကျနေသောမိမိတို့သားအမိသားအဖတွေအားတစ်စက်လေးမှပြန်လာမကြည့်သူအစ်မကြီးအား…မြင်မြင်ချင်းမျက်ရည်တစ်စက်မကျပဲ သူမပိုင်အဝတ်အစားသေတ္တာပုံးအားမ၍အစ်မကြီးခေါ်ရာနောက်သို့လိုက်ပါလာလေသည်။

နဂိုစကားနည်းအနေအေးတာပဲလား သို့မဟုတ် အခုမှပြန်၍တွေ့ရသောအစ်မကြီးကိုစိမ်းနေသေး၍လား မြဝါဝါဖြေတွေးတွေးပါသည်။ ညီမအတွက်ပေးထားသောအခန်းထဲမှ ညီမဖြစ်သူထွက်မလာရင်တောင်မှသူမကထမင်းစားချိန်ဝင်ခေါ်ရ။အပြင်ကစားစရာပါလာရင်ခေါ်ကျွေးရ။ညီမကိုဂရုစိုက်ပါ၏။ဤသို့နေလာရာကနေ…အခုတော့..ချဥ်သီးနှင့်ဆားအတူထားမိသည့်အဖြစ်တစ်အိမ်ထဲနေသူခဲအိုနှင့်..မြဝါအလစ်အငိုက်တွင်သူတို့ခြင်းချစ်နေကြကာ မြဝါအံ့အားအသင့်ကြီးသင့်ရလောက်အောင်ရင်းနှီးသွားကြသည်တဲ့။ ပို၍ဆိုးတာကခင်ပွန်းကအသိမဲ့စွာသစ္စာဖောက်သည်ကထား၊လင်မယားပေမယ့်တစ်စိမ်းဖြစ်နေသေးလို့။ အခုညီမအရင်းက သူမကိုတူးတူးခါးခါးမုန်းကာအနှစ်နှစ်အလလကရန်သူသဖွယ်ပြုမူရက်သည်ကိုပဲအံ့အားသင့်ရသည်။

“ရှင့်မိန်းမကြီးကိုမုန်းတယ်…ရှင့်မိန်းမကြီးကိုမြန်မြန်ကွာရှင်းပေးဖို့ပြော၊ပြီးရင်.ဒီအိမ်ပေါ်ကနှင်ချပေး..”

” အဲ့လိုမဆိုးနဲ့ မြသက်ရယ်..အကိုအကောင်းဆုံးဖြစ်အောင်စဥ်းစားပေးမယ်လို့ပြောနေတယ်မဟုတ်လား
တကယ်ဆိုမြသက်တို့ကညီအစ်မအရင်းတွေလေ..အဲ့လိုဆိုနှစ်ယောက်စလုံးထားခဲ့ပြီးအကိုအဝေးထွက်သွားလိုက်ရမလား”

“မြသက်မငယ်တော့ဘူး..မြသက်အရွယ်က စိတ်ကစားရမယ့်အရွယ်မဟုတ်တော့ဘူး..အခုအကိုတို့.မှားမှန်းသိသိနဲ့ကျူးလွန်ပြီးနေမှ..အတတ်နိုင်ဆုံးမြသက်အစ်မကြီးနဲ့လိုက်လျောညီထွေနေပေးလိုက်ပါ..ဒီရက်တွေအကိုတစ်ခြားကိစ္စတစ်ခုနဲ့ဆယ်ရက်တစ်ပတ်လောက်ခရီးသွားရမယ်..အတတ်နိုင်ဆုံးအစ်မကြီးစကားကိုနားထောင်ပြီးသီးခံနေပေးပါ..အကိုပြန်လာရင်မြသက်အတွက်လက်ဆောင်ဝယ်လာခဲ့ပေးမယ်နော်..မြသက်လေး..”

“သွား..သွားသွား.. မသိဘူး..မခေါ်နဲ့..မြသက်လည်းမခေါ်နဲ့..သက်လည်းမခေါ်နဲ့..သူ့မယားရှေ့ကျတော့တစ်မျိုးသူ့မယားနောက်ကွယ်ကျတစ်မျိုး.ရှင့်ကိုလည်းကျမသိပ်မုန်းတယ်သွား…သွား”

မြဝါဝါမှာ..ခံစားတတ်တဲ့အသဲနှလုံးတွေမကျန်တော့ဘူးထင်ပါ၏။ ကြားနေရသောစကားတွေကိုဒေါသထွက်နာကျည်းမုန်းတီးရမည့်အစား
အံ့ဩလွန်းကာကြက်သေသေမိမတတ်ဖြစ်ရသည်။
သူမကိုဘာ့အတွက်​ကြောင့်ညီမလေးမြသက်သက်ကမုန်းနေရသည်တဲ့လည်းသာမာန်မှဟုတ်ပါလေစ။သွေးရိုးသားရိုးမှဟုတ်ပါလေစ။ လင်မယူသားမမွေးပဲမိဘနှစ်ပါးနှင့်ဆင်းရဲကြပ်တည်းစွာဒုက္ခဆင်းရဲကိုပင်ပမ်းခက်ခဲစွာရင်ဆိုင်ကျော်ဖြတ်လာခဲ့ရသူမို့၊သွေးသားများဖောက်ကာ အိမ်ထောင်ရေးသာယာနေသည်ထင်ရသောအစ်မကြီးတို့မိသားစုဇနီးမောင်နှံတို့အားကြည့်ကာမနာလိုသဝန်တိုစိတ်ဝင်ကာအငုံ့စိတ်ဖြင့်တိုက်ခိုက်လို၍တမင်သက်သက်အစ်မကြီးလင်ကိုမှလုယူကာ. အစ်မကြီးကိုသူကတစ်ဖန်မောင်းချခိုင်းနေသည်တဲ့လား။ မိဘများကိုသူမထွက်ခွာလာခဲ့စဥ်ကအတိုင်းစီးပွားရေးအဆင်ပြေနေကာချမ်းချမ်းသာသာရှိနေမှာပဲထင်ပြီးပစ်ထားသလိုဖြစ်ခဲ့သည့်မိမိမှာရောအပြစ်ကင်းပါရဲ့လား…

မြဝါဝါ..ထုံပေပေနာကျင်ကျင်ဖြင့်အသက်ရှုရပ်မတတ်စဥ်းစားဝေခွဲဆုံးဖြတ်ချက်ချရခက်လွန်းလှပေသည်။ ညီအစ်မနှစ်ယောက် ကြား ကိလေသာ ရမ္မက်ဖြင့်အာရုံများကာ..အရှက်ဂုဏ်သိက္ခာမထောက် စိုးနှောင့်ကဗျာပွေနေသော..အသက်ကြီးမှမဆင်ခြင်နိုင်သောလင်တော်မောင်ကိုကျော်မင်းကိုပဲမြဝါဝါပြေးပြေး၍ကတ်ကြေးတွေဓားတွေနှင့်အသေထိုးခုတ်သတ်ပစ်ချင်စိတ်တွေသာတဖွားဖွားပေါ်လာခဲ့ရသည်။

ပိုနေမြဲ ကျားနေမြဲဘဝလေးဖြင့်အိမ်ထောင်တစ်ခုကိုအပေါင်းအသင်းပတ်ဝန်းကျင်နှင့်လင်ယောကျ်ားဘက်မှညီအစ်ကိုမောင်နှမများကြားသူမတို့ရဲ့စက်ဆုပ်စရာအိမ်တွင်းရေးကိုမီးကိုရေနှင့်ဖြန်းသလိုအမြန်ဆုံး အဆုံးသတ်ချင်လှပါပြီ။

အမြန်ဆုံး လင်တော်မောင်ရော..ညီမပါအသိတရားမြန်မြန်ရလျှက်ဆင်ခြင်နိုင်ကြပါရင်ဖြင့်..ဆိုသောတစ်ဖက်သတ်အတွေးဖြင့်သူမခမျာ နတ်တွေဗေဒင်တွေလည်းစုံလှပါပြီ။ အသိဗေဒင်ဆရာမတစ်ဦးကသူမအားစိတ်စေတနာကောင်းဖြင့်အသိပေးပါ၏။ဒိပြင့်ဗေဒင်လက္ခဏာနှင်နတ်လိုလိုအကြားအမြင်လိုလိုတွေသွား၍မေးက ငွေကိုပုံအော၍တောင်းဖို့အခွင့်အရေးပေးသလိုဖြစ်သွားမည်မြဝါဝါ။

အတတ်နိုင်ဆုံး ဘုရားတရားကို ကြိုးစား၍အားထုတ်ပေးပါ။ပုတီးစိပ်တရားထိုင်ကာ မေတ္တာပို့၍မိမိစိတ်အေးချမ်းအောင်အရင်ဆုံးလုပ်ပါရန်အကြံဉာဏ်ပေးသော်ငြား မြဝါဝါလိုကြုံနေရသောအပူသည်အဖို့အဘယ်မှာလာပြီးဘုရားတရားရောလုပ်နိုင်ပါမည်နည်းဆရာမရေ။…လို့သာ…

“ကျမလေ..သိလားဆရာမ…ဒီလို ယုတ်မာဖောက်ပြန်သူနှစ်ယောက်ကိုမကွဲကွဲအောင်ခွဲချင်တာ…သူတို့ကွဲတာနဲ့..ဒီအကောင်ကိုကျမမပေါင်းဘူး…အဓိကကသူတို့ချင်းခင်းနေတဲ့ခွေးဇာတ်ကိုသာ..မြန်မြန်အဆုံးသတ်စေချင်တာ”

“အဲ့လိုဆို..မမြဝါရဲ့ညီမကိုရွာပြန်ခိုင်းလိုက်လေ…”

“အို..အဲ့လိုကျ..သူ့မှာ အိမ်မှမရှိတော့တာဆရာမရယ်..ကျမကလွဲပြီးသူ့မှာ. သူ့မှာ…”

“အင်း…..ခက်တာပဲ…”

#ရင်တွင်းဒဏ်ရာ #အပိုင်း ငါး(ဇာတ်သိမ်း)
#ရွက်ဝါရင့်ရင့်

“ညီမလေးအပေါ်မှာ တာဝန်ယူဖို့ကျမမှာတာဝန်ရှိနေတယ်…ကျမဘက်ကသမီးကြီးတစ်ယောက်အနေနဲ့ရော..အစ်မကြီးတစ်ယောက်အနေနဲ့ရော…ကျမရဲ့ကျန်ရစ်သူသွေးသားရင်းချာဒီညီမလေးတစ်ယောက်အပေါ်မှာတာဝန်ယူကိုယူရမယ်..ကျမမိဘတွေပေါ်ပျက်ကွက်ခဲ့တဲ့ဝတ္တရားတွေအကြွေးတွေအကုန်လုံးဒီညီမလေးတစ်ယောက်ထဲကျန်နေခဲ့တဲ့အတွက်ကျမတာဝန်ကျေရမယ်ဆိုပြီး..ကျမပေးဆပ်ဖို့ဆုံးဖြတ်ချက်တွေနဲ့ခေါ်လာပြီးအတူနေစေမိခဲ့တာပါ”

“ဒါပေမယ့်..ဆရာမရယ်..ကျမညီမလေးကျမအပေါ်သူ့အကြွေးပြန်ယူပုံယူနည်းကဒီနည်းနဲ့ဲတဲ့လား..ကျမမိသားစုကိုဖြိုခွဲပြီးသူ့ဘဝကိုဒီလိုနည်းနဲ့ထူထောင်ဖို့လုပ်သတဲ့လား…အနှစ်လေးဆယ်လုံးလုံးသူ့ကိုရော..မိဘနှစ်ပါးလုံးကိုရောပစ်ထားပြီး..သူ့မိသားစုကျတော့အဆင်ပြေနေတယ်ပျော်ရွှင်နေတယ်သာယာနေတယ်လို်သူအထင်လွဲပြီးမုန်းနေတယ်တဲ့လား..သံသရာမှာ သူနဲ့ကျမဘာတွေများအငြှိုးတွေဖွဲ့ပြီးကျိန်စာတွေဆိုခဲ့မိကြပါလိမ့်ဆရာမရယ်..”

“နောက်ပြီးတော့ဆရာမရယ်…မရှက်တမ်းပြောရရင်..တဏှာတွေးမပါပါဘူး..ကျမလေ..ကျမ..ကျမယောကျ်ားကိုသိပ်ချစ်တာပါ..ချစ်လွန်းလို့ဟိုးနယ်စွန်နယ်ဖျားအသက်ဘေးမကြောက်ရောဂါဘေးမကြောက်ဆင်းရဲဘေးလည်းမကြောက်..ဒုက္ခဆင်းရဲတွေအတူတူရင်ဆိုင်ပြီးသားသမီးနှစ်ယောက်နဲ့အတူအခုလိုနေနိုင်ဖို့ပေးဆပ်ခဲ့တာပါ။ကျမတို့သစ္စာတွေအတူတူဆိုခဲ့ကြတယ်.အတူတူဘေးဒုက္ခတွေရင်ဆိုင်ခဲ့ကြတယ်..ပေါင်းသင်းလာတဲ့တောက်လျှောက်..သူ့ဘက်ကလည်းဘယ်တစ်ဦးတစ်ယောက်နဲ့မှမဖောက်ပြားခဲ့သလိုကျမလည်းသူကလွဲရင်..ဘယ်သူနဲ့မှဖောက်လွဲဖောက်ပြန်လုပ်ဖို့မစဥ်းစားခဲ့ဖူးသူပါ..အခုတော့ဆရာမရယ်…စိတ်ချရပြီထင်တဲ့ဒီအရွယ်ကြီးတွေကျမှ..ဖောက်မယ့်ဖောက်တော့ကျမညီမနဲ့တဲ့”

“အင်း……”

ဘာပြန်ပြောရမှန်းမသိ

တကယ်ကို ဘာပြန်ပြောရမှန်းမသိတော့အောင်ဖြစ်ရပါသည်။

ဘာပြန်ပြောရမှန်းမသိတော့သဖြင့် နှစ်ယောက်စလုံးငြိမ်သက်စွာ။

**********************************************

၅/

“ဘုတ်..”

အနားသို့် ဘုတ်ခနဲလာပစ်ချလိုက်သောစာအုပ်စာတမ်းများစာရင်းဇယားများအားကိုကျော်မင်းကမျက်မှောင်တွန့်စွာတစ်ချက်ကြည့်ပြီးပြန်မေးလိုက်၏။

“ဘာဖြစ်လို့လဲ..မြဝါ”

“စာရင်းတွေကွာနေတယ်..ေနာက်ပြီး..ထန်းတစ်ပင်ဘက်ကမြေဂရံတစ်ခုပျောက်နေတယ်”

“မင်း..ဘယ်တုန်းကဒါတွေစိတ်ဝင်စားဖူးလို့လဲ..အဲ့မြေဂရံတစ်ခုကမနှစ်ကတရားမဝင်တဲ့အတုဖြစ်နေလို့ငါတို့ရတဲ့စျေးနဲ့ချက်ချင်းပြန်ထုတ်ခဲ့တယ်လေ..”

“မဟုတ်ဘူး…အဲ့တုန်းကမြေအရောင်းအဝယ်ကိစ္စတွေနဲ့ကျမတို့လိုက်ဖြေရှင်းခဲ့တာပဲရှိတာပြန်ရောင်းမထုတ်ဖြစ်ခဲ့ဘူးရှင်ကျမကိုမလိမ်နဲ့ကိုကျော်မင်းမှန်မှန်ပြော…ရှင်အဲ့မြေဂရံကိုမူရင်းရအောင်ပြန်လိုက်ပြီးအဲ့ခြံမှာရှင်အိမ်ဆောက်ဖို့လုပ်နေတာကျမသိတယ်..ရှင်ဘာရည်ရွယ်ချက်နဲ့အဲ့လိုလုပ်နေတာလဲကျမသိတယ်နော်”

ကိုကျော်မင်းသည် မြဝါအားမျက်နှာထားတင်းစွာစိုက်ကြည့်နေရာမှ အတန်ကြာတော့ငြိမ်သက်သွားသည်။
နားထဲမှာ မြဝါညီမလေးမြသက်သက်စကားတွေပြန်ကြားလာမိ၏။ “အတတ်နိုင်ဆုံးမြသက်ကနှစ်ယောက်အတူပေါင်းပြီးနေဖို့လည်းလိုက်လျောပေးနိုင်ပါတယ်ကိုကို..ကိုကို့မိန်းမကြီးကိုကဘီလူးစီးသရဲစီးမစားမအိပ်နိုင်ဖြစ်နေတာလေ..သူ့မှာ..ကိုကိုနဲ့မြသက်သူ့ကွယ်ရာတွေ့ကြမှာစိုးပြီး..ညလည်းကောင်းကောင်းမအိပ်နေ့လည်းမျက်စိဒေါက်ထောက်မတတ်လိုက်ကြည့်နေတာအလှူအတန်းဖိတ်ထားလည်းမသွားနိုင်သာရေးနာရေးလည်းကြာကြာမနေနိုင်..အင်မတန်မှလင်ငမ်းတဲ့မိန်းမကြီး….သူသာကြည်ဖြူရင်ညီမလေးမြသက်တို့ချစ်ခရီးခုလောက်ထိစိတ်သောကရောက်နေစရာကိုမရှိဘူး..အဲ့ဒီတော့..ကိုကိုရယ်…အတတ်နိုင်ဆုံး သူ့ဆန္ဒဖြည့်ပေးလိုက်စမ်းပါ..သူ့ဆန္ဒပြည့်ပြီး..သူ့စိတ်ကြည်သွားမှမြသက်ဆီလာခဲ့နော်..မြသက်တို့တစ်အိမ်ထဲအတူတူနေတာပဲအဝေးကြီးသွားတွေ့နေကြရတာမှမဟုတ်တာကိုကိုရယ်”

အင်း…မြသက်လေး..လူငယ်ပေမယ့်သူ့အစ်မကြီးထက်စိတ်သဘောထားပိုကြီးတာပဲ..အသက်ကြီး မှအချစ်ဆိပ်ငယ်ထိပ်တက်မွှန်နေသောနွားအိုမြက်နုကြိုက်ဦးကျော်မင်းသည် သောက်လေ သောက်လေငတ်မပြေသောဆားငံရေပင်လယ်တောမှာ မောလိုမောမှန်းမသိကူးခတ်ရင်း မိမိ၏မယားကြီးကိုပင်ဘီလူးသရဲသဘက်မကြီးလို့ထင်လာလေပုံရလာသည်။

“ပြောလေ…ရှင်.အိမ်ဆောက်ဖို့ကြိုးစားနေတာမဟုတ်လား..ရှင်တို့နှစ်ယောက်အဲ့အိမ်မှာသွားပေါင်းနေကြတော့မလို့်မဟုတ်လား..အခုအဲ့မြေဂရံဘယ်မှာလဲ..မြသက်ဆီမှာလား…”

“မင်း..အင်မတန်နားပူနားဆာတိုက်တာပဲမြဝါ…မင်းထင်သလိုဟုတ်နေတော့ရော..မြသက်ကမင်းညီမလေးပဲမဟုတ်လား….ဒီ့ပြင့်တစ်စိမ်းတစ်ရံတွေထက်စာရင်ကိုယ်​ညီမဖြစ်နေတော့မင်းပိုကြည်ဖြူသင့်တယ်လေ..”

ထိုနေ့က မြဝါတို့လင်မယားအကြီးအကျယ်စကားများရန်ဖြစ်ကြသည်။သမီးကြီးကထုံးစံအတိုင်းအလုပ်သွားနေချိန်၊မြသက်သက်ကသူမအခန်းထဲတီဗွီထိုင်ကြည့်မပျက်။ မျက်နှာကထီမထင်

မြဝါအရှုံးပေးဖို့ဆုံးဖြတ်လိုက်ပါသည်။အရှက်ဂုဏ်သိက္ခာဂုဏ်သိက္ခါဟု သူမကအမည်တပ်ကာဟိုအရင်ကအတိုင်းပိုနေမြဲကျားနေမြဲ သူမတို့မိသားစုလေးစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နှင့်ပတ်ဝန်းကျင်တွင်လည်းဟန်မပျက်စေရ။
မြဝါညီမလည်းမြဝါ၏အရိပ်အောက်မှာသူ့ဘဝလေးလုံလုံခြုံခြုံနွေးနွေးထွေးထွေး

ဖြစ်ခဲ့ပြီးသမျှတွေခွင့်လွှတ်ကာသူလည်းသူဘာသူနေ၊ကိုယ်တွေလည်းကိုယ့်နေမြဲအတိုင်းနေမည်ဟုမြဝါပြောနေစဥ်းစားနေပေမယ့်..မြဝါကိုယ်တိုင်ကခင်ပွန်းလင်ကိုစိတ်မနာရက်။ချစ်ခြင်းမေတ္တာဖြင့်ဟိုအရင်ကအတိုင်းကြင်ကြင်နာနာပြန်ဖြစ်ဖို့မျှော်လင့်မိလည်း
မြဝါထင်သလိုမဟုတ်တော့။

ခင်ပွန်းကညီမဖြစ်သူမြသက်မှမြသက်ဖြစ်နေလေပြီမှန်းတစ်အိပ်ရာတစ်ကုတင်ထဲအတူတူအိပ်စက်သော်ငြားစိတ်က မြသက်သက်ဆီမှာ။လူကသာမြဝါနှင့်အတူရှိသော်လည်းပြောဆိုဆက်ဆံရာမှာမြဝါအပေါ်အသက်မပါတော့တာသိသာလှပြီ။ ညီမလေးသည် သူမတို့အတူတူရှိနေစဥ်မသိမသာမှသိသိသာသာငြူစူစောင်းမြောင်းလာသည်။
အလုပ်ကိစ္စတစ်ချို့အတွက်မြဝါနှင့်ကိုကျော်မင်းအတူတူနယ်ဘက်သို့ခရီးထွက်ရတာမျိုးရှိလျှင်ကိုကျော်မင်းအား သူ့အနားမလာလာအောင်ဥပါယ်တံမျဥ်သုံးကာခေါ်ယူပြီးမပြီးမစီးစိတ်ကောက်ကာရစ်တတ်သည်။ကိုကျော်မင်းမှာမယားကြီးမြဝါရှေ့မှာပင်ဟန်မဆောင်တင်းမထားနိုင်၊မြသက်သက်အားစိတ်ကျေနပ်အောင်ချော့မြူရသည်။ ညနက်သန်းခေါင်ဟိုအရင်ကမြဝါအိပ်ပြီဆိုတာသေချာမှမြသက်အခန်းကိုကူးတတ်သော်လည်း ယခုမူ မြဝါအိပ်ပျော်သည်အထိပင်မစောင့်တော့။ သူတို့နှစ်ဦးသည်ဟိုယခင်ပူးပူးကပ်ကပ်မြဝါရှေ့သိပ်မနေတတ်ပေမယ့်ယခုတော့ ပူးပူးကပ်ကပ်နေပြလာသည်။ သမီးကြီးအိမ်မှာရှိချိန်သာ ရှောင်သည်။ မြဝါ သည်စိတ်ကိုလျှော့ကာ ဘုရားတရားကိုပိုလုပ်ဖြစ်သည်။လုပ်ရင်းနှင့်စိတ်မထင်လာလျှင် သူတို့နှစ်ယောက်ရှေ့တွေ့သည့်ပစ္စည်းဖြင့်ကောက်ပေါက်တာမျိုးခွဲတာမျိုးလုပ်ပြီး၊အရှက်မရှိတဲ့ဟာတွေဆင်းသွားကြ ဟုသာပြောတတ်ရုံဖြင့်..သူတို့သုံးပွင့်ဆိုင်ဇာတ်က ဇာတ်မြောဖြစ်လာသည်။ မြသက်သက်က၃ယောက်တစ်အိမ်ထဲပေါင်းနေရလည်းကျေနပ်သည်ပြော၏။
ကိုကျော်မင်းကလည်း..လူရိုသေရှင်ရိုသေ ပွဲတက်မယားအဖြစ်မမြဝါကိုလက်မလွှတ်ချင်။မြသက်နှင့်လွန်ကျူးစွာနေထိုင်မိသည်ကိုလည်းမဆင်ခြင်ချင်။
ကာယကံရှင်မြဝါကလည်း….လင်ကိုလည်းလက်မလွှတ်ချင်၊ညီမကိုလည်းမောင်းမထုတ်ရက်။ ခုအတိုင်းလည်း၃ယောက်ပေါင်းမနေချင်

ထိုထိုသောအိမ်ထောင်ရေးဇာတ်ရှုပ်အား
နားထောင်မိသူကျမတို့အားလုံးလည်းစိတ်ဆင်းရဲရသည်။ နှစ်သိမ့်အားပေးမိပေမယ့်…တကယ့်အဓိကကာယကံရှင်နေရာကနေဒီထက်လည်းအကြံမပြုပေးတတ်ပါသဖြင့်..ဇာတ်ကိုဤနေရာကနေသိမ်းလိုက်ရပါကြောင်း
ယခုလိုပြောပုံအရဆို
မယားအငယ်မြသက်သက်အား..သပ်သပ်အိမ်တစ်ဆောင်မီးတစ်ပြောင်နှင့်ထားဖို့ကိုကျော်မင်းအားထုတ်ထားတာသိသာလှပြီဖြစ်သည်။
မယားကြီးမြဝါဝါကလည်းသိသိနှင့်ယခုတိုင်သူ့စိတ်သူဝေခွဲရခက်စွာဟိုအကြောင်းပြချက်ပေးလိုက်ဒီအကြောင်းပြချက်ပေးလိုက်ဖြင့်ရင်တွင်းဒဏ်ရာကြေညာပါသော်လည်းသူကိုယ်တိုင်ဒီဒဏ်ရာကိုလွယ်ကာထားနေသရွေ့
ကျမတို့အားလုံးသည်။
ဘေးကနေကြည့်ရသည့်ပွဲ ကြည့်ပရိတ်သတ်များသာ။

ဇာတ်မျောဖြင့်အဆုံးသတ်ရတာအားနာမိပါသည်။ကာယကံရှင်မမြဝါ၏ပြတ်သားမှုအားစောင့်စားကာရေးနေရပါသဖြင့်..ဤဇာတ်လမ်းကိုယခုနှင့်သာကျေနပ်ပါရန်။

(စိတ်ကူးယဥ်မဟုတ်သောဇာတ်လမ်းဖြစ်ပါသဖြင့်ရုပ်ရှင်တွေထဲကလိုယုတ်မာဖောက်ပြန်သူတွေကျဆုံးမသွားတာတော့ ကျမလည်းမတတ်နိုင်စွာစာဖတ်သူများအားတောင်းပန်အပ်ပါသည်🙏🙏🙏)

ရွက်ဝါရင့်ရင့်