——————–
“ဟာ…စိတ်ရှုပ်ရတဲ့ အထဲ …ဒီမိန်းမ ..ငါ နားညည်းလာပြီနော်”
“ဟုတ်တာ မှန်တာပြောတော့ နားက ညည်းမှာပေါ့။ ကျွန်မလဲ မျိုသိပ်ရတာတွေ များနေပြီ။ ပြောရမှာပဲ။ လက်ကြောမတင်းတာ ထား။ အသိစိတ်လေးတော့ ရှိဦးမှပေါ့။ အဲ့ဒီ ပိုက်ဆံက နောက်နေ့ စျေးဖိုးရင်းရမှာ သိသိနဲ့ ရှင့်မို့လို့ ယူပြီး ချဲထိုးပစ်ရက်တယ်။ စျေးရောင်းတာတောင် ထမင်းနပ်မှန်ဖို့ မသေချာတာကို။ အခုတော့ ဘယ်မလဲ အရင်း။ လက်ညိုးသာ စုပ်နေကြတာပေါ့။ ငတ်သေကြတာပေါ့ရှင်”
“တောက်…ငါ နော်။ နင့် ပါးစပ် ပိတ်တော့”
“ရှင့် တစ်သွေးတစ်သံ တစ်မိန့်နဲ့ ပိတ်ရအောင် ရှင်က ဘာတွေများ တော်နေလို့လဲ။ မနက်ဖြန် စျေး မရောင်းရတော့ အကုန် ငတ်ပြီလေ။ ရှင့် ပါးစပ်သာ မနက်ဖြန် ပိတ်ထားရမှာ။ အငတ်သာ နေ”
“ဟာကွာ…လက်မပါချင်လို့ ကြည့်နေတာကို”
ပြောပြောဆိုဆိုနဲ့ လက်တရွယ်ရွယ်မြှောက်ရင်း ခင်ဖွေးအနားကို သန့်မောင်လွှားခနဲ ရောက်လာတယ်။ အရက်သောက်ထားလို့ အဆီပြန်ပြီး နီရဲနေတဲ့ သူ့မျက်နှာကြည့်ရင်း ခင်ဖွေးလဲ ဒေါသစိတ်က ဟုန်းခနဲ တောက်လောင်သွားတယ်။
“သြ…သူများ သားသမီး ယူထားပြီး လက်ကြောတင်းအောင် လုပ်မကျွေးတဲ့အပြင် လက်ပါ ပါချင်သေးတယ်လား။ ရိုက်လေ ရိုက်ကြည့်စမ်းပါ”
ခင်ဖွေး ပြောရင်း သူ့ရှေ့ကို မထီတဲ့ပုံနဲ့ ခေါင်းမော့ ရင်ကော့ပြီး တိုးကပ်သွားမိတယ်။ လောလောဆယ် ခင်ဖွေးစိတ်တွေလဲ ဆူဝေနေပြီး သူ့ကို နာအောင် လုပ်ပစ်လိုက်ချင်မိတာပဲ သိတယ်။ သူ့ပုံစံတွေ အလိုမကျတိုင်း စိတ်ထဲ တနှုံ့နှုံ့နဲ့ ခံစားမြိုသိပ်ထားခဲ့မိသမျှ အခုမှ ပေါက်ကွဲခွင့်ရသလိုပဲ ဘာမှ မတွေးမိတော့ဘူး။
“ဖြောင်း”
နားထင်တစ်ဖက် ပူခနဲ ဖြစ်သွားပြီး ခင်ဖွေး ကိုယ်လေး ကြမ်းပေါ်ကို ခွေကျသွားတယ်။ အူထူနေတဲ့ နားကို အုပ်ကိုင်မိရင်း အံ့အားသင့်ပြီး သန့်မောင်ကို ခင်ဖွေး ကြည့်လိုက်မိတယ်။ အရင်ကလဲ စကားများ ရန်ဖြစ်ကြတာ ရှိပေမဲ့ ခင်ဖွေးကို အသားနာအောင် မရိုက်ခဲ့ဖူးဘူးလေ။ ခုနက သူတပြန် ကိုယ်တပြန် သတ်ပုတ်ပစ်လိုက်ချင်တဲ့ စိတ်တွေပျောက်ပြီး အံ့သြနာကျင်စိတ်နဲ့ သူ့ကို စိမ်းစိမ်းစူးစူး စိုက်ကြည့်နေမိတယ်။ ပါးစပ်က ဘာစကားမှ မပြောနိုင်အောင်ကို ဆွံ့အ သွားတယ်။
“အေး…မှတ်ထား။ ငါ့ကို နားညည်းအောင် လာ လာ မပြောနဲ့။ နောက်တစ်ခါဆို ဒီ့ထက် ပိုနာမယ် မှတ်”
ခင်ဖွေးကို ရိုက်လိုက်မိတဲ့အတွက် သနားပုံလဲ မရ။ နောင်တရပုံလဲ မပေါ်တဲ့ အပြင် လက်ညိုးငေါက်ငေါက်ထိုး ကြိမ်းဝါးပြီး အိမ်ထဲက ထွက်သွားတဲ့ သူ့ကျောပြင်ကြည့်ရင်း ခင်ဖွေးရင်ထဲ အမုန်းတွေ တဖွားဖွား။ သူသောက်လက်စ အရက်ပုလင်းကို ကြည့်လိုက်မိတယ်။ သူ့နောက် ပြေးလိုက်သွားပြီး အဲ့ဒီ အရက်ပုလင်းနဲ့ ခေါင်းကို ခွမ်းခနဲမြည်အောင် ရိုက်ခွဲပစ်လိုက်ချင်တဲ့ စိတ်တွေကို အံတင်းတင်းကြိတ် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း ချုပ်တည်းထားရတယ်။ ခင်ဖွေးစိတ်အတွေးထဲမှာတော့ သူ့ကို အကြိမ်ကြိမ်နာကျင်အောင် လုပ်ပြီးနေပြီ။
” မေမေ နာနေလား”
နှုတ်ခမ်းကို သွေးထွက်မတတ် ဖိကိုက်ထားမိတာ။ သမီး အသံကြားမှ သတိပြန်ဝင်လာမိတယ်။ မျက်နှာငယ်လေးနဲ့ ငိုမဲ့မဲ့ ဖြစ်နေတဲ့ သမီးကို ကြည့်ရင်း ရင်ထဲမှာ ဆူးတစ်ချောင်းလာငြိသလို ခံစားလိုက်ရတယ်။ “သွား” လို့ အသံကုန်ဟစ်ပြီး တွန်းထုတ်ပစ်လိုက်ချင်စိတ်တွေ ပေါ်လာပြန်တယ်။
“အီ …အီ”
ခုနက ရန်ဖြစ်သံတွေကြောင့် အမြီးကုပ်ပြီး ဘယ်ချောင် ဝပ်နေလဲ မသိတဲ့ ညိုမက အိမ်တံခါးပေါက်ကနေ တအီအီနဲ့ အသံလာပေးနေတာ။ ဗိုက်ဆာလို့လား၊ ခင်ဖွေးကို လာနှစ်သိမ့်တာလား မသိပေမဲ့ လက်တကမ်းက တံမြက်စည်း မြီးတိုနဲ့ ကောက်ပေါက်လိုက်ချင်မိတယ်။
သန့်မောင်အပေါ် မကျေနပ်သမျှ အနားက မဲမဲမြင်ရာတွေကိုပဲ မဲချင်နေမိတော့တယ်။ ဒါပေမဲ့… ဒါပေမဲ့ပေါ့လေ။ ခင်ဖွေး အသိနဲ့ သတိလေးကို ကပ်ပြီး အရင်လိုပဲ ခံစားရသမျှကို မြိုချလိုက်တယ်။ သူ့ကို စိတ်တိုတာနဲ့ ကိုယ်လုပ်သမျှ ခံရမဲ့ သူတွေကို ပြန်နိုင်စား စိတ်ဖြေတဲ့ လုပ်ရပ်မျိုးကို ခင်ဖွေး အသိစိတ်က လက်မှ မခံနိုင်တာလေ။ တဒင်္ဂ စိတ်အတွေးနဲ့ ကျူးလွန်လိုက်မိတာကို တွေးရင်း အပြစ်မဲ့တဲ့ သမီးနဲ့ ညိုမကို ကြည့်လိုက်မိတယ်။ သူတို့ မျက်ဝန်းတွေထဲက ခင်ဖွေးကို အားကိုးတကြီး အကြည့်တွေကို မျက်ကွယ်ပြုမိရင်း ဟင်းခနဲ သက်ပြင်းမောကြီးကို ချလိုက်မိတယ်။ သက်ပြင်းချလိုက်ပေမဲ့ ကျမသွားတဲ့ နင်တစ်တစ်နဲ့ ရင်ထဲက အလုံးကြီးဟာ အရင်ကထက် ပိုကြီးလာသလိုပါပဲ။ တစ်ဆို့ပြီး အသက်ရှူလို့ မဝလိုက်တာ။
(၂)
မနက်မိုးလင်းတော့ အရင်နေ့တွေလိုပဲ ခင်ဖွေး အစောကြီး နိုးနေရော။ ပြီးမှ ညနေက ပိုက်ဆံမရှိလို့ အသီးအရွက်တွေ ဖောက်သည် သွားမယူဖြစ်တာ သတိရတယ်။ အဲ့ဒီတော့ ဒီမနက် စျေးရောင်းစရာ မရှိဘူးပေါ့။ သူနဲ့ ရကတည်းက အိပ်ရေးဝဝ မအိပ်ခဲ့ရတာကို အတိုးချ အိပ်လိုက်စမ်းမယ်လို့ တွေးပြီး မျက်လုံးကို ဇွတ်ပြန်မှိတ်ထားမိတယ်။
အိပ်မရပဲ မှိတ်ထားတဲ့ မျက်လုံးတွေက အတွေးတွေနဲ့ ဂနာမငြိမ် ဖြစ်နေရတယ်လေ။ သမီး မိုးလင်းရင် ဗိုက်ဆာနေမလား။ ညိုမကော ဒီနေ့ ထမင်း ငတ်ရင် အိမ်ကြိုအိမ်ကြား အစာလိုက်ရှာရင်းနဲ့ သူများ အထုအနှက် ခံရလေမလား။ ဟိုတစ်ခါကလို နားရွက် ဓားခုတ်ရာနဲ့ ပြန်လာရင် ငါ ထမင်း မကျွေးမိလို့ဆိုပြီး ရင်ထုမနာ ဖြစ်နေရဦးမယ်။
ခင်ဖွေး ခေါင်းတွေကော ကျောတွေပါ ပူလာပြီး ငေါက်ခနဲ ထထိုင်လိုက်မိတယ်။ ရင်ထဲလဲ မလင်းဘူး။ ခင်ဖွေး ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ သမီးကို ကြည့်ပြီး သနားမိပြန်တယ်။ ရှေ့ရေး နောက်ရေး တွေးမပူတတ်တဲ့ သူကို အဖေ တော်နေရရှာတယ်။
ခင်ဖွေး အိပ်ခန်းထဲက ထွက်လာတော့ အိမ်ရှေ့ခန်းမှာ ခြေပစ်လက်ပစ်နဲ့ ဟောက်သံထွက်ပြီး အိပ်နေတဲ့ သန့်မောင်ကို တွေ့တယ်။ ဘေးမှာက အရည်ပုလင်းနဲ့။ သူ့ပုံစံကို စိမ်ပြေနပြေ ရပ်ကြည့်နေမိတယ်။
အရင်က သူနဲ့ဝေးရရင် ခင်ဖွေး သေမှာပဲလို့ ပြောခဲ့ဖူးတာ သတိရပြီး ရင်ထဲ ရယ်ချင်လာလိုက်တာ။
” ကိုနဲ့ ရရင် ခင်ဖွေးကို ဘာမှ မလုပ်ခိုင်းဘူး။ သနပ်ခါးအဖွေးသားနဲ့ ခြေဆုံးခေါင်းဆုံးလိမ်းပြီးသာ ထိုင်နေ။ ကို့ ဇနီးလေးကို ကိုပဲ ရှာကျွေးမှာ။ ထမင်းဟင်းတောင် ချက်ကျွေးဦးမှာ”
အဲ့ဒီတုန်းက သူ့စကားကို အချစ်ရဲ့ တန်ခိုးတွေနဲ့ အလိမ်အညာမှန်းမသိ၊ အပေါ်ယံမှန်းမသိပဲ ချစ်တတ်လိုက်တာဆိုပြီး ယုံစားမိလို့ ခင်ဖွေး ဘဝတစ်ခုလုံး အဖတ်ဆယ်မရအောင် မှားခဲ့တာပေါ့။
မိဘတွေရဲ့ အဖိုးတန်သမီးလေးအဖြစ်ကနေ သမီးမိုက် ဖြစ်ခဲ့ရတာ။ ပိုက်ဆံရှာဖို့ မတွေးတတ်ခဲ့တဲ့ သမီးဘဝကနေ ထမင်းတစ်လုပ်အတွက် နေပူမရှောင် မိုးရွာမရှောင် ကြုံရာကျပန်း အလုပ်စုံ လုပ်တတ်သွားတဲ့ အိမ်ထောင်သည် မိန်းမတစ်ယောက် ဖြစ်ခဲ့ရတာ။ မာနနဲ့ နေခဲ့တဲ့ သမီးက အခုတော့ သူများတကာဆီ မျက်နှာငယ်လေးနဲ့ ချေးငှားတတ်နေရပြီ။ အဆဲအဆိုနဲ့ မယဥ်ပါးခဲ့တဲ့ သမီးက ယောကျ်ားဖြစ်သူရဲ့ ငါ တကိုင်ကိုင်နဲ့ နေ့နေ့ညည ဆဲဆိုသံကို ကြားနေရပြီ။ မိဘတွေက နာကျင်အောင် လက်ဖျားနဲ့တောင် မထိရက်ခဲ့တဲ့ အဖိုးတန်သမီးလေးကို အရက်မူးတိုင်း လက်ပါလာတတ်တဲ့ ယောကျ်ားက ရိုက်နှက်နေတတ်ခဲ့ပြီ။
သူ့ကို ကြည့်ရင်း နောင်တရစိတ်တွေနဲ့ ဖေဖေနဲ့မေမေ့ကို လွမ်းမိတယ်။ အရင်က အချစ် အချစ်နဲ့ ကြွေးကြော်ခဲ့တဲ့ ခင်ဖွေးက အခု အဲ့ဒီအချစ်ကို အသံတောင် မကြားချင်တော့လောက်အောင် အချစ်က လေထဲမှာ မှုန်ဝါးပျောက်ကွယ်သွားပြီလေ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ အချစ်နဲ့အတူ လေထဲ တိုက်အိမ်ဆောက်လို့ပေါ့။
(၃)
“ခင်လေးနဲ့ ကို မခွဲနိုင်ဘူးကွာ”
“ကိုရယ်..ခင်လေးလဲ ကိုနဲ့သာ ဝေးရရင် သေမယ်ထင်တယ်”
မျက်နှာ အပျက်ပျက်နဲ့ ခင်ဖွေးလက်ကို ဆုပ်ကိုင်ရင်း ပြောလာတဲ့ ကို့စကားကြောင့် ရင်ထဲမှာ လှိုက်ပြီး ဆို့နင့်လာရတယ်။ ခင်ဖွေးလဲ ကိုနဲ့ မဝေးရဲပါဘူး။ ဖေဖေ့ရဲ့ ပွဲရုံမှာ ငွေသိမ်းငွေကောက် လုပ်ရတဲ့ ကို့ ကို ငွေအလွဲသုံးစားလုပ်တယ်၊ ငွေစာရင်းတွေ ကွာတယ်ဆိုပြီး ဖေဖေတို့က စွပ်စွဲအလုပ်ထုတ်လိုက်ကြတာလေ။ ခင်ဖွေးတော့ ကို့ ကို ယုံတယ်။ ကိုကလဲ သူ မလုပ်ပါဘူးလို့ ခင်ဖွေးကို ရင်ဖွင့်တယ်လေ။ ခင်ဖွေးနဲ့ ကို ချစ်ကြိုက်နေကြတာကို မမကြီးက သိပြီး တိုင်ပြောလိုက်တာ။ မေမေတို့က သဘောမတူလို့ ကို့ ကို အပြစ်ရှာ မောင်းထုတ်ကြတာနေမှာပါ။
သမီး သုံးယောက် မွေးထားတဲ့ မေမေက စည်းကမ်းကြီးတယ်။ မမကြီးနဲ့ မမလတ်တို့ကလဲ မေမေ့ စည်းကမ်းအတိုင်း သဝေမတိမ်း လိုက်နာတတ်ကြတဲ့ သမီးလိမ္မာလေးတွေလေ။ ခင်ဖွေးက အငယ်ဆုံးမို့ နွဲ့ဆိုး ဆိုးတတ်တာကလွဲရင် ခင်ဖွေးလဲ မေမေ့ကို ကြောက်ရတာပါပဲ။
“ခင်လေး အခု ဘယ်က ပြန်လာတာလဲ”
ဧည့်ခန်းထဲက ဟိန်းထွက်လာတဲ့ မေမေ့ရဲ့ အသံမာမာကိုကြားလိုက်တော့ ခြေသံမကြားအောင် ဖွဖွနင်းရင်း ခင်ဖွေးအခန်းဆီ လှမ်းနေတဲ့ ခြေထောက်တွေ တန့်ခနဲ ဖြစ်သွားရတယ်။ ကိုနဲ့ ခိုးတွေ့တာ သိသွားပြီလားလို့ တွေးပြီး မေမေ့မျက်နှာကို မလုံမလဲနဲ့ ကြည့်လိုက်မိတယ်။
“မေမေ မေးနေတယ်လေ”
မမကြီးရဲ့ အသံကြားမှ ခင်ဖွေး ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်မိတယ်။
“ဟို ..ကြည်.. ကြည်ပြာ့အိမ် ခဏသွားတာပါ”
“ထားတော့..နောက်နေ့ကစ ဘယ်သွားသွား မမလတ်ကို ခေါ်သွားရမယ်။ ဘာ့ကြောင့် ဆိုတာ သိတယ် မဟုတ်လား။ မေမေ့ သမီးလေးက ငယ်သေးတယ်။ လူတွေအကြောင်း ဘာမှ မသိသေးဘူး။ မေမေက ဆင်းရဲတာ ချမ်းသာတာထက် အကျင့်စာရိတ္တကောင်းတဲ့ သူမျိုးကိုပဲ သားမက် တော်နိုင်မယ်။ ပြီးတော့ ကလေးတစ်ယောက်အဖေ မုဆိုးဖိုကိုတော့ မေမေ့သမီးတွေနဲ့ လုံးဝ သဘောမတူနိုင်ဘူး”
ဒီည ကိုနဲ့ ခိုးရာလိုက်ဖို့ ဆုံးဖြတ်ထားတဲ့ ခင်ဖွေး မေမေ့စကားတွေကို အသာပဲ ငြိမ် နားထောင်နေလိုက်တယ်။ အရင်ကတော့ ကလေးငယ်လေးတစ်ဖက်နဲ့ မုဆိုးဖို ဖြစ်ရရှာတယ်ဆိုပြီး သနားခဲ့တာ မေမေပဲ။ ကို့ သမီးလေးကို အိမ်မှာ ခင်ဖွေးတို့နဲ့ အဖော်လုပ်ခိုင်းပြီး ချစ်ပေးခဲ့တာလဲ မေမေပဲလေ။ အခုဆို ခင်ဖွေးကို ကို့ သမီးလေးက အရမ်း တွယ်တာနေပြီ။ ခင်ဖွေးလဲ ကို့သမီးလေးကို သံယောဇဥ်ဖြစ်နေရပြီလေ။ ကို့ သမီးလေးက ငါးနှစ်ပဲ ရှိသေးတယ်။ ခင်ဖွေးက နှစ်ဆယ့်တစ်နှစ်ကျော်နေပြီ။
အဲ့ဒီညမှာပဲ ကိုနဲ့ ခိုးရာနောက်ကို လိုက်ခဲ့တာ။ သူ့ရွာမှာ မိဘအမွေ မြေကွက်လေးရှိတယ်ဆိုလို့ အဲ့ဒီမှာ သွားနေဖြစ်ကြတယ်။ ခင်ဖွေးပါလာတဲ့ ငွေနဲ့ ပေနှစ်ဆယ်ပတ်လည် မြေကွက်လေးမှာ ပျဥ်ခင်း၊ထရံကာ၊သွပ်မိုးလေးနဲ့ အိမ်လေးဆောက်လိုက်ကြတယ်။ တစ်လလောက်ကတော့ မိသားစုသုံးယောက် အေးအေးလူလူနဲ့ စားသောက်ပျော်နေကြတာ။ နောက်ပိုင်း ကို့ရဲ့ ဇာတိက ပြလာပြီး ခင်ဖွေး ကိုယ်ပေါ်က လက်ဝတ်လက်စားတွေ ကုန်ခဲ့ရတာပေါ့။ အရင်း လိုတယ်ဆိုတိုင်း ဘာတွေ လုပ်နေလဲမေးရင် မကြိုက်ဖူး။ နောက်မှ သိရတာက ဖဲဝိုင်း ဂျင်ဝိုင်း လောင်းကစားမှန်သမျှ ဝါသနာပါတဲ့ သူ။ တားမရ၊ ထိန်းမရနဲ့ တစ်နှစ်အတွင်းမှာပဲ ခင်ဖွေးဘဝ ဆင်းရဲတွင်းထဲ ရောက်ရတာပေါ့။ ခင်ဖွေး မိဘတွေကလဲ သမီးမိုက်အဖြစ် ဥပေက္ခာပြုထားကြတော့ သူမှန်းသလို ဖြစ်မလာဘူးဆိုတဲ့ စကားက ထွက်လာရော။
” နင့်ကို ရရင် ငါတို့သားအဖ ဒီ တစ်သက်တော့ မပူမပင်နေလို့ရပြီ ထင်ထားတာ”
အရှက်မရှိ ပြောထွက်သေးတာ။ အဲ့ကတည်းက ခင်ဖွေးလဲ ဆုံးဖြတ်ထားမိတယ်။ ခင်ဖွေး ဘယ်လောက် ဒုက္ခရောက်ရောက် မိဘတွေဆီကို မပြန်တော့ဘူး ။ဒုက္ခ မပေးတော့ဘူးလို့လေ။ ကိုယ့်အပူ မိဘတွေကို မကူးစေချင်တော့ဘူး။ အချစ်အတွက်ဆိုပြီး မွေးထားတဲ့ မိဘတွေရဲ့ ရင်ကို ခြေစုံကန်ပြီး သံယောဇဥ် ဖြတ်ရက်ခဲ့သူ မဟုတ်လား။
(၄)
သူ့သမီးနဲ့ လမ်းမှာတွေ့လို့ သနားပြီး သူ ခေါ်လာတာဆိုတဲ့ ညိုမအတွက် စားစရာမရှိလဲ သူက နေနိုင်ပေမဲ့ သံယောဇဥ်ကြီးပြီး အသည်းနုတဲ့ ခင်ဖွေးက မနေနိုင်ခဲ့ဘူး။ ကိုယ့် တစ်ဝမ်းစာ မဟုတ်ပဲ လေးဝမ်းစာကို ရှာဖွေကျွေးနေရတဲ့ ခင်ဖွေးကို ဂရုဏာသက်ဖို့ နေနေသာသာ ဆဲဆိုနေတတ်တဲ့ သူ့ကို ရွံပြီး မုန်းလာပြီ။
“အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တာ”ဆိုတဲ့ စကားနဲ့ ယောကျ်ားရိုက်တာခံရတဲ့ မိန်းမတွေကို ဟာသသဘောနဲ့ ပြောကြတဲ့သူတွေကို အံ့သြမိပါရဲ့။ သူများတွေတော့မသိဘူး။ ခင်ဖွေးကတော့ ပြန်မလုပ်ရဲလို့မဟုတ်ဖူး။ မလုပ်ချင်တာ။ မကွာနိုင်လို့လဲ မဟုတ်ဖူး။ ငဲ့စရာ သံယောဇဥ်တွေကြောင့် တင်းခံနေရတာ။
ကိုယ့်အထုပ် သူများဖြည်ပြပြီး ညည်းရမှာလဲ ခင်ဖွေး ရှက်တယ်။ ကြာတော့ ကိုယ့်အသံ သူများကြားအောင် အော်ဟစ်ရန်ဖြစ်ရမှာမျိုး ရှက်လာပြီ။ ဘေးအိမ်က မသိန်းဝေကတော့ သူဆဲဆို ရန်လုပ်တာတွေ ကြားတိုင်း အားမလို အားမရ ပြောတတ်တယ်။
” ညည်းနေရာမှာ ငါသာဆို ဒင်းတို့ သားအဖ ဘယ်လိုနေနေ ပစ်ထားခဲ့မှာ။ မိဘအိမ်ပြန်မှာ။ ညည်းမို့ သည်းခံလုပ်ကျွေးပြီး ချစ်နေနိုင်တယ်”
ခင်ဖွေးကို သနားပြီး ပြောတာ သိတယ်။ အရှေ့အိမ်က ဒေါ်ကျင်နုကလဲ ပြောတယ်။
” ငါ့သမီးလေးသာဆို ရင်ကျိုးရချည်ရဲ့။မိထွေးက အမေဖြစ်၊ အဖေရင်းက ပထွေးဖြစ်၊ ညည်းစိတ်ထားလေးက ကောင်းလိုက်တာအေ။ ချစ်တတ်ရန်ကော။အဲ့လိုကောင်များ ဘာမက်စရာရှိလို့လဲအေ။ ရုပ်လေး မဆိုသလောက်ချောတာပဲရှိတာ။ ညည်းရုပ်လေးနဲ့သာဆို သူ့ထက်သာတာ အများကြီးရသေး”
ခင်ဖွေးကတော့ ဘာမှ ပြန်ပြော မနေတော့ပါဘူး။ မချိပြုံးလေးသာ ပြုံးနေမိတယ်။ ရှိစေတော့။ ကိုယ့် မိုက်ပြစ်နဲ့ ကိုယ် ဒီတစ်ဘဝစာတော့ လည်စင်းခံလိုက်တော့မယ်။ အဟင်း..လူ့ဘဝက တိုတိုလေးလို့ ပြောကြတာပဲလေ။ ကိုယ်အသက်ရှင်နေသမျှ သူအသက်ရှင်နေသမျှ မလွတ်တမ်း စိတ်ဒုက္ခပေးမှာ သိနေတာကို။
အခုနောက်ပိုင်း သူနဲ့တောင် စကားမများဖြစ်တာ ကြာပြီ။ သူ့အဖေနဲ့ ခင်ဖွေးနဲ့ ရန်ဖြစ်သံကြားရင် မျက်နှာလေး ဇီးရွက်လောက်နဲ့ ငိုမဲ့မဲ့ ဖြစ်နေတတ်တဲ့ သမီးကို သနားလို့ပါ။ ကြာရင် စိတ်ဒဏ်ရာရမှာစိုးလို့။ မကျေနပ်လဲ ရင်ထဲပဲ မြိုချပစ်လိုက်တော့တယ်။ အဲ့ဒါကြောင့်မို့လားတော့ မသိဘူး။ အခုနောက်ပိုင်း ရင်ထဲ အလုံးကြီးတစ်ခုက တစ်ဆို့ဆို့ကြီးဖြစ်ပြီး အသက်ရှူ မဝဘူး။
(၅)
“ဝုတ်..ဝုတ်”
ညိုမ ဟောင်သံကြောင့် ခင်ဖွေး လက်တစ်ဖက်က ထင်းခုတ်တဲ့ ဓားရှည်ကို ကိုင်ရင်း တံခါးကို အသာ ဟ ကြည့်မိတယ်။ ညဘက်ဆို အိမ်မှာ မရှိတာများတဲ့ သန့်မောင်ကြောင့် ရှစ်နှစ်အရွယ် သမီးနဲ့ ခင်ဖွေး လုံခြုံရေးက ညိုမရဲ့ အချက်ပေးသံကို နားစွင့်နေရတာ။ အခုလို တိုင်းရေးပြည်ရေးမကောင်းတဲ့ အချိန် လူဆိုးသူခိုးက ပေါတော့ ညိုမအသံကြားတိုင်း ခင်ဖွေးလဲ ဓားရှည်ကိုင်ထားတတ်နေပြီ။ လုယက်ယူစရာ အဖိုးတန်ပစ္စည်း မရှိပေမဲ့ ခင်ဖွေးက အရွယ်ကောင်း မိန်းမသားပေမို့ သန့်မောင် အိမ်မှာ မရှိတဲ့ ညဆို စိတ်ထဲ စိုးထင့်နေမိလို့ ကောင်းကောင်း အိပ်မပျော်။ ပြီးတော့ ဒီည သူ့ကို ပြောစရာရှိလို့ အိမ်ပြန်လာစေချင်မိတယ်။
ခင်ဖွေးရဲ့ ငရဲလို ဘဝထဲ မလာစေချင်လို့ တားဆီးထားတဲ့ ရင်သွေးလေးက သောကတွေနဲ့ မေ့လျော့မှုတွေကို အခွင့်ကောင်းယူပြီး ရောက်လာခဲ့ပြီ။ နေ့လယ်က စျေးရောင်းရင်း မူးဝေအန်တော့ မသင်္ကာတာနဲ့ ရွာဆေးခန်းက ဆရာမလေးဆီ ပြခဲ့လို့ သိရတာ။ ခင်ဖွေး မပျော်နိုင်သလို သူ သိရင်လဲ ပျော်မယ် မထင်ဘူး။ ကြိုသူ မရှိတဲ့ ဘဝထဲ ဇွတ်တိုးဝင်လာတဲ့ ရင်သွေးလေးကိုလဲ သနားမိတယ်။ သမီး သိရင်တော့ ပျော်နေမှာ။ သမီးကို မောင်လေးမွေးပေးလို့ ပူဆာ နေကျကိုး။
သူ့ သမီးအပေါ်ထားတဲ့ ခင်ဖွေး အချစ်ကိုတော့ သူက တစ်ခါမှ သံသယမဝင်ဘူး။ သူကိုယ်တိုင် ခင်ဖွေးကို သူ့သမီးရဲ့ မိထွေးလို့ မမြင်ဘူး။ သူ့သမီးနဲ့ ပတ်သတ်ရင် ခင်ဖွေးကို အမေရင်းလို့ပဲ သူ့စိတ်ထဲ သတ်မှတ်ထားတယ်။
” သေရင်တောင် နင် အရင်သေလို့ မဖြစ်ဘူး။ ငါတို့ သားအဖပါ ငတ်သေလိမ့်မယ်။ ငါ့သမီးအတွက် နင် မရှိလို့ မဖြစ်ဖူး။ ငါ့သမီးကို နင်နဲ့ပဲ စိတ်ချတယ်”
သူ အဲ့ဒီစကားပြောတုန်းက ခင်ဖွေးမှာ ရင်ထဲ အောင့်သက်သက်နဲ့။ သူတို့ သားအဖအတွက် ခင်ဖွေးကို ရှာဖွေကျွေးတဲ့ ကျွန်လို့ပဲ သဘောထားသလားတော့ မသိ။
“ဝုတ်..ဝုတ်…ဝုတ်”
ညိုမက စူးစူးဝါးဝါးနဲ့ အိမ်ဝင်း အပြင်ဘက်ကို ကြည့်ပြီး ဟောင်နေတာ။ အတွေးတွေနဲ့ သက်ပြင်းတွေချည်း လှိမ့်ချမိနေရာက ခင်ဖွေးလဲ အိမ်ပြင်ဘက်ကို သေချာကြည့်လိုက်တယ်။ သူ အရက်မူးပြီး ယိုင်ထိုး ပြန်လာရင် ညိုမက အမြဲဟောင်နေကျ။ မမူးပဲ ပြန်လာရင်ကျ မဟောင်ဘူး။ အဲ့ချိန်ဆို သူကလဲ ညိုမကို ဆဲဆိုနေကျ။ အိမ်ရှင်မှန်းတောင် မသိတဲ့ ခွေးမဆိုပြီး တစ်ခါတလေ တွေ့ရာ တုတ်နဲ့ ကောက်ပစ်လိုက်သေးတာ။
အခုတော့ ခင်ဖွေး ဘယ်သူ့မှ မမြင်။ ညိုမ ဘာကို မြင်လို့ ဟောင်မှန်း မသိ။ ည ၁၂ နာရီကျော်ပြီမို့ သူလဲ ပြန်မလာလောက်တော့။ ဘယ်ဖဲဝိုင်းမှာ အိပ်နေပြီလဲမှ မသိတာ။ ပြန်လာလို့ ကိုယ်ဝန်အကြောင်း ပြောပြလဲ စိတ်ညစ်ရုံပဲ ရှိမှာမို့ နောက်ရက်မှ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး တံခါး ပိတ်လိုက်တယ်။ သြော်..ရင်ဝက နင်တစ်တစ်နဲ့ အလုံးကြီးက အခုတော့ လည်ချောင်းနားထိ တစ်ဆို့နေပါရောလား။
(၆)
“မခင်ဖွေး..ဗျို့ မခင်ဖွေး”
မနက် ဝေလီဝေလင်းရှိသေးတယ်။ ညိုမ ဟောင်သံနဲ့ ခင်ဖွေးကို အော်ခေါ်နေကြတဲ့ အသံတွေ ကြားလို့ နိုးလာမိတယ်။ အိပ်ရာကနေ လူးလဲထရင်းက စိတ်ထဲမှာ ထင့်ခနဲ ဖြစ်မိတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ သန့်မောင်ရဲ့ အပေါင်းအသင်းတချို့နဲ့ ရွာလူကြီးကို တွေ့လိုက်ရတယ်။
“ဘာကိစ္စ ရှိလို့လဲရှင့်”
မေးသာ မေးလိုက်ရပေမဲ့ သန့်မောင် ပြဿနာတစ်ခုခု ရှာလိုက်ပြန်ပြီလို့ တွေးမိတယ်။
” နင့် ယောကျ်ား ညက မူးပြီးပြန်သွားတာ။ အဲ့ဒါ ဖိုးထင်နဲ့ ကိုလှမောင်တို့ အိမ်ကြားက ရေမြောင်းထဲ ဇောက်ထိုးကြီး ကျနေတာကို ဒီမနက်မှ တွေ့ကြတာ။ အသက် မရှိတော့ဘူးဟ”
“ဟင်”
အလန့်တကြား ရေရွတ်မိရင်း ခင်ဖွေးခန္ဓာကိုယ်လေးက အိမ်ပေါက်ဝမှာ အရုပ်ကြိုးပြတ်နဲ့ ပျော့ခွေပြီး ထိုင်ရက် ကျသွားရတယ်။ ရင်ထဲ တလှပ်လှပ်နဲ့ လူက တုန်ယင်လာတယ်။ ဒေါ်ကျင်နုနဲ့ မသိန်းဝေတို့လဲ ခင်ဖွေးနားရောက်လာပြီး ဖေးမ ထားကြတယ်။
ခဏကြာတော့ သန့်မောင် ရုပ်အလောင်းကို သယ်လာတဲ့ သူတွေ ရောက်လာကြတယ်။ အိမ်ကျဥ်းကျဥ်းလေးထဲမှာ တဖြည်းဖြည်းနဲ့ လူ တရုံးရုံး ဖြစ်လာတယ်။ သမီးလဲ နိုးလာပြီး သူ့အဖေသေတာ သိတော့ ဖက်ငိုနေရှာတယ်။
ခင်ဖွေး ခုထိ ငိုလို့မရသေးဘူး။ အာခေါင်တွေ ခြောက်သွေ့ပြီး ရင်ထဲ ခဲဆွဲထားသလိုမျိုး လေးလံနေတယ်။ သူ့ကို တစိမ့်စိမ့်ကြည့်ရင်း ရင်ထဲက အစိုင်အခဲက ပို ပို ကြီးလာတယ်။ အနေချောင်ခဲ့ပြီး အသေလွယ်သွားတဲ့ သူ့ကို ကြည့်ရင်း နာကျည်းမိတယ်။ ခင်ဖွေးကတော့ သူ့ပေးခဲ့တဲ့ ဝဋ် ဒုက္ခတွေနဲ့ အသေခက် အနေကြပ်တဲ့ ဘဝနဲ့ ဘယ်အချိန်ထိ နေနေရဦးမှာလဲ။ နှုတ်ခမ်းကို တင်းတင်းစေ့ ဖိကိုက်ထားမိရင်းက ခေါင်းထဲ မူးဝေလာတယ်။ ရင်ဝက အလုံးက ပူပြီး အောင့်သက်လာတယ်။
“ဘုံး ဘုံး ဘုံး”
ခင်ဖွေး ပါးစပ်က အသံမထွက်ပဲ အံ တင်းတင်းကြိတ်ထားရင်း သူ့ ရင်ဘတ်ကို အားကုန်သုံးပြီး တအုန်းအုန်းနဲ့ အဆက်မပြတ် ထုနေမိတယ်။
“ဟဲ့..တော်တော့ ခင်ဖွေးရဲ့။ သေသူက သေပြီပဲ..စိတ်ကို ဖြေပါဟာ”
“ငိုလိုက် သမီး ငိုလိုက်။ ဘယ်သူ ဖြစ်ဖြစ် တစ်နေ့ သေကြရမှာပဲ။ စိတ်လျော့ပြီး ငိုချလိုက်”
ဒေါ်ကျင်နုနဲ့ မသိန်းဝေက ခင်ဖွေးကို လာဆွဲရင်း ဖြောင်းဖျကြတယ်။ ခုနက တောင့်တင်းနေတဲ့ သန့်မောင် အလောင်းတောင် ခင်ဖွေး လက်စွမ်းနဲ့ ပျော့ပျောင်းသယောင် ဖြစ်လာတယ်။
“ကြည့်စမ်းပါဦး။ အဲ့လောက် ကိုယ့်အပေါ် မကောင်းတဲ့ ယောကျ်ားကို ပင်ပင်ပန်းပန်း ရှာကျွေးပြီး သေတော့လဲ သွေးရူးသွေးတန်းနဲ့ ဖြေ မဆည်နိုင်ရှာဘူး။ သနားပါတယ်။ တချို့အချစ်တွေက ဝဋ်ကြီးလိုက်တာနော်”
နောက်နားဆီက တီးတိုးပြောလိုက်တဲ့ စကားတွေကို ခင်ဖွေးနားက ကြားဖြစ်အောင် ကြားလိုက်သေးတယ်။
ဖိကိုက်ထားမိတဲ့ နှုတ်ခမ်းကနေ သွေးစတချို့ ယိုစီးထွက်လာတာ ခံစားမိလိုက်တယ်။
“အားရပါးရ ငိုချပစ်လိုက် ခင်ဖွေး”
မသိန်းဝေ စကားအဆုံးမှာ ခင်ဖွေးဆီက ကျယ်လောင်စွာ ထွက်လာတဲ့ မြည်ဟီးသံဟာ ငိုသံလား ရယ်သံလားဆိုတာ ခင်ဖွေးကိုယ်တိုင်တောင် မဝေခွဲတတ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ နှစ်နဲ့ချီပြီး ခိုအောင်းနေခဲ့တဲ့ ရင်ထဲက တစ်ဆို့ဆို့ အလုံးကြီးဟာ ဘယ်ရောက်သွားလဲ မသိပဲ ရင်ထဲမှာ ရှင်းလင်းပေါ့ပါးသွားတာပါပဲ။
#စံပယ်ဦး(နောင်ချို)
၇.၃.၂၀၂၂.