နေဝင်းမြင့် (ဝတ္ထတို) ✍️

လဆန်းလေးရက်၊ ဒါမှမဟုတ် ငါးရက် (တစ်ရက်ရက်) မှာ မောင်မှတ်ရဲ့ လက်ကြီး ရောက်ရောက်လာတတ်တယ်။ လဆန်းလေးရက်က ပိတ်ရက်ဖြစ်နေရင် လဆန်း ငါးရက်နေ့ပဲ။ အဲဒီရက်တွေထဲက တစ်ရက်ရက်ဟာ မောင်မှတ်ရဲ့ အလွန်အရေးကြီးတဲ့ရက် ဖြစ်နေတက်တယ်။

ချေးငွေများရက် လို့လည်း ခေါ်တယ်။
တကယ်က ချေးငွေ စ ပေးတက်တာ မွန်းလွဲ နှစ်နာရီလောက်မှာပါ။ ဒါပေမဲ့ မောင်မှတ်က အဲဒီနေ့ဆိုရင် နေ့ခင်းကြီး ၁၂ နာရီ လောက်ကတည်းက စက်ရုံကို ရောက်နေတက်တယ်။

ပြီးတော့ အဲဒီရက်က တစ်လတစ်ခါ မောင်မှတ် ရှိုးထုတ်တဲ့ရက်လည်း ဖြစ်တယ်။ သူ့ရုပ်နဲ့ ဘယ်လိုကိုမှ မလိုက်တဲ့ ဖောရင်းရှပ် အင်္ကျီဖားဖားကြီး ဝတ်တဲ့နေ့၊ ပယင်းညိုရောင် နေကာမျက်မှန်ကြီးကို တပ်လာတဲ့နေ့၊ တခြားနေ့တွေမှာ ဘယ်တော့မှ စီးလေ့မရှိတဲ့ မန္တလေးဖိနပ် အသစ်စက်စက်ကို ပဲ့ရဲ့လိမ်ကောက်နေတဲ့ ကျွဲပခုံးထ ခြေထောက်ကြီးမှာ မဆံ့ရင်ကာစွပ်လာတဲ့နေ့ဟာ အဲ့ဒီနေ့ပဲ။ သည်စက်ရုံရဲ့ ငွေစုငွေချေးအသင်းက အဲဒီနေ့တွေမှာ ချေးငွေထုတ်ပေးတတ်တယ်။ ဒါကြောင့် ဒီရက်တွေကို ချေးငွေများရက်လို့ အလွယ်ခေါ်ကြတာ။

ပုံမှန်က အလုပ်သမား လေးငါးရှစ်ရာလောက်မှာ တစ်လတစ်လကို လူလေးဆယ်ဝန်းကျင်လောက် ချေးတတ်ကြတယ်။ တချို့ကလည်း တစ်သောင်းကျော်၊ တချို့ကလည်း ရှစ်ထောင် ကိုးထောင်၊ တချို့ကလည်း လေးငါးခြောက်ထောင်၊ တချို့ကျတော့လည်း တိုင်းတိုင်းဆဆ ရာဂဏန်းလောက်။

စည်းကမ်းက ကိုယ်စုဆောင်းငွေရဲ့ သုံးဆကို ချေးတယ် ဆိုပါတော့။ အလုပ်သမားတစ်ယောက်က တစ်လကို ၅၀ စုတယ်ဆိုရင် တစ်နှစ်ကို သူပိုင် ပိုင်ငွေချည်း ၆ဝဝ ဖြစ်နေရော။

ချေးငွေပုံစံတစ်ရွက်ဝယ်ပြီး ချေးငွေတင်တော့မယ်ဆိုရင် အဲဒီခြောက်ရာရဲ့ သုံးဆဖြစ်တဲ့ ၁,၈၀၀ ချေးပိုင်ခွင့် ရှိတယ်။ အဲဒီ ၁,၈ဝဝ ကို ပြန်ဆပ်တော့ လနှစ်ဆယ် ဆပ်ချင်လည်းဆပ်၊ ဆယ်လ ဆပ်ချင်ရင်လည်းဆပ်၊ ဆယ့်ငါးလဆပ်ချင်လည်းဆပ်၊ ဒါမှမဟုတ် တစ်နှစ်တည်းနဲ့ ဆပ်ချင်လည်း ဆပ်။
ကိုယ့်သဘောပဲ။

ဒါ့ကြောင့် ကိုယ့်လခနဲ့ချိန်ပြီး ချေးကြတယ်၊ ဆပ်ကြတယ်။ (လနှစ်ဆယ်ထက်တော့ ပိုပြီးမဆပ်ကြပါဘူး) ကိုယ်ရမယ့်လခနဲ့၊ ကိုယ်စုမယ့်ငွေနဲ့၊ လစာစာရင်းကချေးငွေအတွက် ဖြတ်တောက်မှာနဲ့ကို တိုင်းထွာပြီးချေးကြတာပါပဲ။

ဘာပဲဖြစ်ဖြစ် လစာထဲက ဖြတ်ပြီဆိုမှတော့ လကုန်ရင် လစာထဲက တော်တော်များများ လျော့သွားတတ်တာ အမှန်ပဲ။ ချေးငွေ စထုတ်တဲ့ လကတော့ ဘာအကြောင်းလဲ၊ အူကို စိုလို့ လက်ဖျားမှာ ငွေတွေသီးလို့။ ဖဲရိုက်ဝါသနာပါတဲ့ သူကလည်း ဖဲဝိုင်းမှာ အစိမ်းတွေ၊ အပြာတွေနဲ့။

အရက်ကလေး ညမှီဝဲတတ်သူကလည်း အရက်ဝိုင်းမှာ အစိမ်းတွေ၊ အပြာတွေနဲ့။ တချို့ကလည်း (မရိုသေ့စကား) ဟိုအိမ် ဒီအိမ်မှာ အစိမ်းတွေ၊ အပြာတွေနဲ့။

အိမ်က ဇနီးမယားတွေကလည်း အဲဒီလတော့ ဈေးကလေးပြေးလို့၊ လပေါင်းများစွာ ဟောင်းလောင်းဖြစ်နေတဲ့ နားပေါက်မှာနားကပ်ကလေးပြန်ရောက်လို့၊ သားသမီးတွေကလည်း ပုဆိုးလေး အင်္ကျီလေး ဝယ်ကြလို့။ နောက်လတွေ နောက်လတွေကျတော့ ဒီလို မဟုတ်တော့ဘူး။ ချေးထားတဲ့ ပိုက်ဆံကလည်း ကုန်ပြီ။ လစာကလည်း အပြည့်မရတော့ဘူး။ တချို့များ နှင့်နှင့်သီးသီး ညည်းကြတယ်။

“ချေးငွေကလည်း ချေးပါတယ်၊ ချေးတဲ့လပဲကွာ၊ နောက်လများတော့ ဒုံရင်းပါပဲ။”

“သူဌေးတစ်လ ခွေးဆယ့်ကိုးလ ဆိုတာ တို့မှအစစ်” တဲ့။

ချေးငွေထုတ်တဲ့ အလုပ်သမားတိုင်းတော့လည်း ဖဲရိုက်ပစ်တာ၊ အရက်သောက်ပစ်တာ မဟုတ်ပါဘူး။ တချို့လည်း အိမ်ဆိုင်လေး ဖွင့်ချင်လို့၊ တချို့ကျတော့လည်း အိပ်ကလေး ပြင်ချင်လို့ စသည်စသည်ဖြင့် လိမ်လိမ်မာမာ ချေးကြတဲ့ အလုပ်သမားတွေလည်းရှိတာပါပဲ။

ဘယ်လိုပဲ ချေးချေးလေ လကုန်ရင် လခ မပါတာတော့အမှန်ပဲ။ ချေးငွေ ဆပ်နေရတဲ့ လတွေမှာ အသက်ရှူအောင့်နေတတ်တာ အမှန်ပဲ။ ပန်းနာရင်ကျပ် ဖြစ်နေတာအမှန်ပဲ။ အဲဒီ ပန်းနာရင်ကျပ်ကို မောင်မှတ်ကုတယ်။

မောင်မှတ်ရဲ့ အခန်းကဏ္ဍဟာ ဒီမှာတင် စတော့တာပဲ။ မောင်မှတ်ကို တွေ့ချင်သူများက လိုက်ရှာတော့တာပဲ။

မောင်မှတ်ကတော့ ခပ်တင်းတင်းပါပဲ။ ယူပါငင်ပါတစာစာလည်း ဘယ်တုန်းကမှမလုပ်ဘူး။ များများထုတ်ချေးထားရင် ငါ များများဖြတ်မှာပဲရယ်လို့လည်း ပြာယာခတ်မနေဘူး။ မှန်မှန်ပဲ။ အလုပ်သမား
တွေကို စာနာတဲ့ပုံ၊ သနားကြင်နာတဲ့ပုံတောင် ဖမ်းထားလိုက်သေးတယ်။ ငွေချေးမ တတ်လို့ ငွေကိုညမိတ်ဆွေလို သဘောမထားတတ်လို့ ငွေကိုရေလိုဖြုန်းတတ်လို့ ဒုက္ခရောက်တဲ့ပုံတိုပတ်စတွေတောင် ပြောတတ်သေးတယ်။

သူ့ဘက် ရင်းထားရတာက ချေးမယ့်ငွေနဲ့ ငွေချေးပုံစံ လေးငါးဆယ်ရွက်ပဲ။ တစ်ထောင် ယူမလား။
နှစ်ထောင်ယူမလား၊ ယူသာသွား။ တစ်ရာကို နှစ်ဆယ်တိုး ကျေနပ်ရင်ယူ မကျေနပ်ရင်ထားခဲ့ ဒါပဲ။
ကျေနပ်လို့ ယူသွားရင် ငွေချေးပုံစံပေါ်မှာ လက်မှတ်သာ ထိုးခဲ့။

သာမာန် လစာသာရတဲ့ အလုပ်သမား တစ်ယောက်ကို ငွေဘယ်လောက်ရမယ်ဆိုတာ သူသိတယ်။ လစာနည်းနည်းများတဲ့ အလုပ်သမားကျတော့ (သူ့ဆီကလည်း များများလာချေး တယ်ဆိုရင်) နှစ်ရက်လောက်ခွာချိန်းတယ်။ ရုံးမှာ ဒီအလုပ်သမားရဲ့ အခြေအနေကို သွားစုံစမ်းဖို့ ရက်ခွာချိန်းတာ ဒီလူဟာအလုပ်မှန်မှန် ဆင်းရဲ့လား၊ ပြုတ်ခါနီး တဲတဲလား၊ ဝမ်နင်လို့ ခေါ်တဲ့ သတိပေးခြင်း ခံရတာတွေ များနေတဲ့ လူလား၊ အေ လို့ခေါ်တဲ့ပျက်ရက်ဆယ်ရက်ကျော်တဲ့လူလား ဆိုတာ အရင်စုံစမ်းတယ်။

သေချာပြီဆိုရင် ချေးတယ်၊ မသေချာရင် မချေးတော့ဘူး။ သနားစရာကောင်းအောင် လုပ်ထားတဲ့ မျက်နှာလေးနဲ့ ငွေမရှိတော့လို့ပါဗျာ၊ လက်လွန်ကုန်လို့ပါ ဘာညာနဲ့ ပြောလွှတ်လိုက်တာပဲ။

ချေးပြီးရင်လည်း လစဉ် လစဉ် အတိုးကို သွားသွားသိမ်းနေတာ မဟုတ်ဘူး။ လာပေးရင် ယူတယ်။
လာမပေးရင် မယူဘူး။ ချေးမိတဲ့ လူကလည်း အရှည်ကို မကြည့်ဘူး။ လောလောဆယ်ဆယ် မပေးရတာကိုပဲ ကျေးဇူးတင်နေတတ်သေးတယ်။ နောက်မှ နောက်လောက်လား။ မောင်မှတ်ကတော့ လာပေးတဲ့လဆိုရင် စာရင်းလေး တို့ထားလိုက်တယ်။ မပေးတဲ့လဆိုရင် အရင်းနဲ့ ထည့်ပေါင်းလိုက်တယ်။ အိမ်ကနေပဲ လုပ်နေတာ။ ဒီလိုနဲ့ ဒီလူက လနှစ်ဆယ်လောက် ပြည့်လို့ ငွေစုငွေချေးက
ပိုက်ဆံချေးဖို့ တင်တော့မယ်ဆိုရင် မောင်မှတ်ကို ဆပ်ဖို့ အရင်တွက်ရတယ်။

အဲ့ဒီတော့မှ မောင်မှတ်က အရင်းရော၊ အတိုးရော အတိုးပေါ် အတိုးဆင့်တာရော၊ လုံးပေါင်းတွေမှာ အတိုးထပ်တွက်တာရော၊ တိုးရင်းပေါင်းရော တွက်ချလိုက်တာ တော်ရုံ အလုပ်သမားဆိုရင် မူးလဲ
သွားလောက်တယ်။

အတိုးပေါ် အတိုးတွေက တွက်ချက်ယူထားတာ ဆိုတော့ (ကိုယ်လည်း ကျေကျေနပ်နပ် လက်မှတ်ထိုးပေးပြီးသာ ဆိုတော့) မောင်မှတ်ကတောင် တရားသလိုလို ဖြစ်နေတာကိုး။ ဘာကိုမှ ပြောလို့မရ
တော့ဘူး။ ချေးငွေလေးတင်ပြီး ထိုးသာ ဆပ်လိုက်တော့ပါ။ နောက်လ နှစ်ဆယ်စားဖို့ မောင်မှတ်ဆီမှာ ထပ်ချေးရုံပဲ။ မောင်မှတ်ဆီမှာ လက်မှတ်ကလေး ထိုးရုံပဲ။

ပိုက်ဆံထုတ်ပေးတဲ့ ချေးငွေကြီးရက်မှာ ငွေစုငွေချေး အမှုဆောင်က ထုတ်ပေးတဲ့ ငွေလေးကို စက္ကန့်ပိုင်းလောက် ကိုင်လိုက်ရုံပဲ လျှပ်စီးလိုခဏလေး မြင်လိုက်ရုံပဲ။

ဘောက်ချာပေါ်က တံဆိပ်ခေါင်းပေါ် လက်မှတ်ကလေးကတုန်ကရီနဲ့ ထိုးပြီးပါးစပ်က လနှစ်ဆယ်ဆပ်မယ်လို့ ခြောက်ကပ်အက်ကွဲ အသံကြီးနဲ့ ပြောလိုက်ရုံပဲ။

ကျန်တဲ့အပိုင်းကတော့ မောင်မှတ်ရဲ့ လက်ကြီးက ထုံးစံအတိုင်းအုပ်သိမ်းပြီး ယူသွားတာကို ကြည့်နေရုံပဲ။

မောင်မှတ်က ချေးငွေပေးမယ့်ရက်ကို သိတယ်။ ဘယ်သူတွေ ငွေတင်ထားလဲ ဆိုတာကို သိတယ်။ ဘယ်သူတွေဆီက ဘယ်လောက် ရမယ်ဆိုတာလဲ သိတယ်။ ဘယ်သူတွေက ဘယ်တော့ချေးတော့မယ် ဆိုတာလဲ သိတယ်။ သူက ဘယ်လောက် ဖြတ်ယူ ထားလိုက်ရမလဲ ဆိုတာလည်း သိတယ်။ သူက ငွေထုတ်ပေးမယ့်ရုံးရဲ့ ပြတင်းပေါက်ဘေးက တစ်ဆစ်ချိုးထောင့်ကွယ်ကလေးကို အဲဒီနေ့ ဆယ့်နှစ်နာရီလောက်ကတည်းက ဖောရင်းရှပ်နဲ့၊ နေကာမျက်မှန်ကြီး တပ်ပြီး ရုပ်ရှင်ထဲက လူဆိုးတစ်ယောက်လို ထောင့်ကွယ်လေးက ချောင်းနေတတ်တယ်။ သူနဲ့ မပတ်သက်တဲ့ လူတွေက
တော့ ကိုယ့်ငွေလေး ကိုယ်ထုတ်ပြီး ပြန်ရုံပဲ။ သူ့ကို မြင်ရမှာ မဟုတ်ဘူး။ သူနဲ့ ပက်သက်တဲ့သူ ကျတော့မလွတ်စေရဘူး။ ချက်ချင်းကြီး မျက်နှာထွက်ပြလိုက်တာလည်းမဟုတ်ဘူး။ အဲဒီ အလုပ်သမားလက်ထဲ ငွေတွေ ရောက်လာပြီ ဆိုတော့မှ ဖျက်ကနဲ ထွက်ပြီး သူ့လက်ဝါးကြီးနဲ့ သိမ်းယူလိုက်တာ။

မောင်မှတ် အဲသလောက် သေချာတာတောင် လွတ်သွားတာတွေလည်း ရှိတယ်။ တချို့က လွှဲစာနဲ့ ထုတ်သွားတတ်တယ်။ တချို့က အဲဒီနေ့မထုတ်ဘူး။ နောက်နှစ်ရက်လောက်ကြာမှ ထုတ်တတ်ကြတယ်။ တချို့က လူစိမ်းတစ်ယောက်ကို ခေါ်လာပြီး

“မောင်မှတ်ရ…မင်းတစ်ဝက် သူတစ်ဝက်ပေါ့ကွာ၊ ငါလည်း ဒီလိုပဲ ထပ်ရတာပဲ၊ စိတ်မဆိုးနဲ့”

ဆိုပြီး ကပ်လှည့်သွားတာလည်း ရှိတယ်။

ခံရဖန် များလာတော့ မောင်မှတ်က ချေးငွေပုံစံပေါ်မှာ လက်မှတ်ထိုးခိုင်း ရုံတင် မကတော့ဘူး။
သူ့ကို လွဲပါတယ်ဆိုတဲ့ စာတစ်စောင်ကိုပါ လက်မှတ်ထိုးခိုင်းတော့တယ်။ ဒီလိုနဲ့ မောင်မှတ်ရဲ့စာရွက်ပေါ်မှာ အလုပ်သမားတွေ လက်မှတ်ထိုးရတော့တယ်။

အဲဒီလို လက်မှတ်ထိုးမိတဲ့ အလုပ်သမားကလည်း ဒီသံသရာထဲမှာပဲ တဝဲလည်လည် လည်နေရတော့တယ်။ အလုပ်သမားတွေက လပေါင်းများစွာ ကိုယ့်ဘဝကို ဖဲ့ခြွေတော့မယ်ဆိုတာ သိလျက်နဲ့ မောင်မှတ်ရဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးနေရတော့တယ်။ တချို့ကလည်း ဒီသံသရာကလွတ်ဖို့ ကြိုးစားကြတယ်။ မောင်မှတ်ရဲ့ လက်ဝါးကြီး အန္တရာယ်က နဘယံ ဘေးမရှိ၊ လွတ်မြောက်ရေး လုံးပန်းကြတယ်။ဒါပေမယ့် ချေးငွေများရက်တွေမှာ မောင်မှတ်က ဖောရင်းရှပ်ကလေးဝတ်၊ နေကာမျက်မှန်ကလေးတပ်၊ မန္တလေးဖိနပ်စီးပြီး ထောင့်ကွယ်ကလေးမှာ ရောက်နေတတ်တာပါပဲ။

မောင်မှတ်ရဲ့ လက်ဝါးကြီးက ရောက်လာနေတတ်တာပါပဲ။

တခါတော့ အောင်ငြိမ်းဆိုတဲ့ အလုပ်သမားတစ်ယောက်နဲ့ မောင်မှတ် ပြသနာဖြစ်တယ်။ အဲဒီနေ့က
ထုံးစံအတိုင်း ငွေထုတ်ပေးတာက နှစ်နာရီလောက်ပေးတယ်။ မောင်မှတ်ကလည်း စောင့်နေတယ်။

မောင်မှတ်က သူနဲ့ ပက်သက်တဲ့ လူတော်တော်များများဆီက ပိုက်ဆံတွေ ဖြတ်ယူထားပြီးပြီး အောင်ငြိမ်းပဲကျန်တော့တယ်။

လေးနာရီခွဲခါနီးအထိ အောင်ငြိမ်း မလာတော့ မောင်မှတ် စိတ်လျှော့လိုက်တယ်။ အောင်ငြိမ်းလာတော့မှာမဟုတ်ဘူးလို့ စိတ်ချလက်ချပြန်တော့မယ်လုပ်ပြီးမှ အောင်ငြိမ်းရောက်လာတယ်။ ရုံးတောင်
လွှတ်ခါနီးနေပြီ။ အမှုဆောင်တွေတောင် စာရင်းချုပ်နေကြပြီး လက်ကျန်ငွေရတဲ့ လူက ရေတွက်နေပြီ။

တကယ်တော့ အောင်ငြိမ်းက မောင်မှတ်ကို ရှောင်တာ ထောင့်ကွယ်လေး ဘက်က မောင်မှတ်ကို အောင်ငြိမ်း မမြင်ဘူး။ လူရှင်းပြီဆိုပြီး ငွေကလေး ထုတ်လိုက်တော့မှ မောင်မှတ် ဖြုန်းကနဲဆို ထွက်လာပြီး သူ့လက်ကြီးနဲ့ ငွေတွေ ကောက်ကိုင်လိုက်တယ်။

အောင်ငြိမ်းလည်း လန့်သွားတယ်။
တုန်လည်း တုန်သွားတယ်။

ဒါပေမဲ့ တော်သေးတယ်လို့ ဆိုရမယ်။ ပိုက်ဆံထုတ်ပေးတဲ့ အမှုဆောင် တစ်ယောက်က မောင်မှတ်လက်ထဲ ရောက်သွားတဲ့ငွေတွေကို ပြန်တောင်းတယ်။

စည်းကမ်းအရ ကာယကံရှင် အလုပ်သမားရဲ့ လက်ထဲကိုပဲ ငွေပေးရတယ် ဆိုတာကိုလည်း ရှင်းပြတယ်။ ဒီတော့ မောင်မှတ်က

“ကျုပ် ရစရာရှိတာကျုပ်ယူတာ”

ဆိုတော့ အမှုဆောင်က

“ခင်ဗျားတို့ ပေးစရာယူစရာရှိတာ စက်ရုံ အပြင်မှာ ရှင်းကြပေါ့။ အခုတော့ ခင်ဗျားနဲ့ ဒီငွေ မဆိုင်ဘူး”

ဆိုပြီး အောင်ငြိမ်းလက်ထဲ ပြန်ထည့်ပေးတယ်။

မောင်မှတ်ကလည်း စည်းကမ်းဆိုတော့မပြောသာဘူး။ အောင်ငြိမ်းနဲ့အတူတူ စက်ရုံအပြင် ဘက်ကိုလိုက်လာတယ်။ တောင်းတယ်။ အောင်ငြိမ်းကလည်း မပေးဘူး ငြင်းတယ်။ မောင်မှတ်ကလည်း လုတယ်။ အောင်ငြိမ်းကလည်း တောင်းပန်တယ်။

ဒါပေမဲ့ ပိုက်ဆံထုတ်က မောင်မှတ်လက်ထဲ ရောက်သွားတယ်။ သူ့လက်ထဲ ပိုက်ဆံရောက်တော့မှ သူ့စာရင်းကို ရှင်းတယ်။ ချေးတာက ဘယ်လောက် အတိုးမသတ်တာက ဘယ်နှစ်က၊ တိုးရင်းပေါင်း
က ဘယ်လောက် တွက်ချက်လိုက်တာ အောင်ငြိမ်းထုတ်လာတဲ့ငွေ သုံးထောင်ကျော်ဟာ တစ်ရာကျော်ကလေးပဲ ကျန်တော့တယ်။

ဒါပေမဲ့ မောင်မှတ်က အားပေးတယ်။ မင်းကို သနားတယ်တဲ့၊ ပြန်ယူပေါ့တဲ့၊ လက်မှတ်ပြန်ထိုးပေါ့တဲ့။
လွှဲစာရေးပေါ့တဲ့။ အောင်ငြိမ်းမျက်နှာက သွေးမရှိတော့ဘူး။ နားထင် နားရင်းတွေ ကိုက်လာသလို ခေါင်းကိုပဲလက်သည်းတွေနဲ့ ကုတ်ခြစ်နေတယ်။ သူ့ကို မျှော်နေမယ့် မိန်းမနဲ့ ကလေးတွေကိုပဲ
မြင်နေတယ်နဲ့ တူပါရဲ့၊ ရွာဘက်သွားတဲ့ လမ်းကိုလည်း လှမ်းလှမ်းကြည့်တယ်။

“တစ်ဝက်လောက်ပဲ ယူထားပါလားဗျာ၊ ကျုပ်..ကျုပ်”

“မဖြစ်လို့ပါ အောင်ငြိမ်းရာ၊ ငါက စာရင်းဇယားသမား၊ မင်း သိပါတယ်၊ မင်းကို ငါမပေးဘူး ပြောတာမှတ်လို့၊ မနက်အိမ်ကို လာခဲ့ကွာ”

အောင်ငြိမ်းက အကြိမ်ကြိမ် တောင်းပန်တယ်။ မောင်မှတ်ကလည်း လုံးဝမပေးဘူး။ အောင်ငြိမ်းစက်ရုံမှာ ကျန်ရစ်ခဲ့တယ်။ ကျန်တဲ့ပိုက်ဆံလေးနဲ့ အရက်သောက်မယ်လို့လည်း ပိုင်းဖြတ်လိုက်တယ်။

အဲဒီမှာတင် ချေးငွေများနေ့တွေကို သိတဲ့ စက်ဘီးထီ သမားတွေရဲ့ သီချင်းသံကို အောင်ငြိမ်းကြားတယ်။ စက်ဘီးထီသမားတွေက လခထုတ်ရက်တို့၊ ချေးငွေများနေ့ ဆိုရင် စက်ရုံမှာ လာလာရောင်းတတ်တာကိုး။ စက်ဘီးထီက ဖွင့်တဲ့ သီချင်းဆိုတာလည်း သိတဲ့အတိုင်းပဲ။ ပိုက်ဆံနဲ့ ပက်သက်တဲ့သီချင်း၊ ငွေနဲ့ ပက်သက်တဲ့ သီချင်းတွေပေါ့။ အရက်မသောက်ခင် ထီကလေးတစ်စောင်လောက် ထိုးဖို့ သူ စိတ်ကူးလိုက်တယ်။ ထိုးလည်း ထိုးတယ်။ ဘာရယ် မဟုတ်ပါဘူး။ နီးစပ်ရာ တစ်ဆောင်ဆွဲချပြီး အတိတ်ရေးတယ်။

“မောင်မှတ် လက်က လွတ်မြောက်ရန်” တဲ့။

ပြီးတော့ ပိုက်ဆံငါးကျပ်ပေးပြီး ထီလက်မှတ်ကလေး ယူရုံရှိသေးတယ်၊ မောင်မှတ်က အနားရောက်လာတယ်။ အောင်ငြိမ်းထီထိုးနေတာတွေ့တော့

“ဟ အောင်ငြိမ်းကြီး မပြန်သေးဘူးလား၊ ထီတွေ ဘာတွေ ထိုးလို့၊ မှန်း ဘာအတိတ်လဲ”

အောင်ငြိမ်းကလည်း မခံချင်စိတ်ကလေးက ရှိနေတော့ သူ့ထီလက်မှတ်ကို ထုတ်ပြလိုက်တယ်။

“မောင်မှတ်လက်က လွတ်မြောက်ရန်” ဆိုတာကိုတွေ့တော့ မောင်မှတ် မျက်နှာကြီး အိုသွားတယ်။ ဘာမှတော့ မပြောဘူး။ သူလည်း ထီတစ်ဆောင် ဆွဲချတယ်။ ပြီးတော အတိတ်ကို သူကိုယ်တိုင် မရေးဘူး။ ထီကောင်လေးကို ရေးခိုင်းတယ်။

“ကိုင်း ရေးစမ်း ကောင်လေး၊ အခုန မင်းစက်ဘီးက ဖွင့်တဲ့ သီချင်းကွာ၊ အဲ ‘ရတနာခုနစ်ပါးရယ်နဲ့ မော်တော်ကားလည်း စီးတယ်’ လို့”

မောင်မှတ်သာ ပြန်သွားတယ်။ အောင်ငြိမ်းမပြန်သေးဘူး။ မောင်မှတ်က သူ့ကို ပြန်ရွဲ့ သွားတာသူသိတယ်။ ဒါပေမဲ့ သူ ဘာမှမတတ်နိုင်ဘူး။

အလုပ်သမားချင်း တူတာတောင် သူက ရတနာခုနစ်ပါး ရှိနေပြီး မော်တော်ကားလည်း စီးနေပြီ ဆိုတာ သူ သိတယ်။ အောင်ငြိမ်းက သူ့ထီလက်မှတ်ကို သူပြန်ကြည့်တယ်။ ဘာမှ မမြင်ရတော့ သလောက်ပဲ။ တော်တော်မှောင်သွားပြီး ဒါပေမဲ့ သူ့အတိတ်ကို သူမှတ်မိပါတယ်။ မောင်မှတ် အရက်ဆိုင် ဘက်သွားတဲ့ ခြေထောက်တွေကတရွတ်ဆွဲနေတယ်။ မီးကလေး နီကြင်ကြင်ထွန်း ထားတဲ့ အိမ်ဆိုင်ကလေးတွေက သိပ်မဝေးဘူးလေ။

နောက်မနက်ကျတော့ မောင်မှတ်က သူ့အိမ်ကလေးရှေ့က ကွပ်ပျစ်မှာ ထိုင်တယ်။ အလုပ်ကလည်းနားတယ်ဆိုတော့ အေးအေးဆေးဆေးပဲ။ ပြီးတော့ အောင်ငြိမ်းကို မျှော်တာလည်း ပါတယ်။

သူ့အတွေ့အကြုံအရ နောက်တစ်နေ့ မနက်မှာ အောင်ငြိမ်းလိုလူတွေ လာနေကျကိုး၊ စာရွက်တွေမှာ လက်မှတ်ထိုးနေကျကိုး။

ကနေ့လည်း အောင်ငြိမ်းလာမယ်လို့ တွက်တယ်။ ခဏကြာတော့ ကောင်လေးတစ်ယောက်ရောက်လာတယ်။ စာအိတ်တစ်အိတ်ပေးတယ်။ လက်ရေးက အောင်ငြိမ်း လက်ရေးဆိုတာ သူသိတယ်။ ဒီတစ်ခါ အတိတ်က မောင်မှတ်လက်ကလွတ်မြောက်ရန် မဟုတ်တော့ဘူး။ ထုံးစံအတိုင်း သတ်ပုံတွေလည်း မှားလို့။

“မောင်မှတ် လက်ကို ဖျတ်ရန်” တဲ့။

မောင်မှတ်ဆိုတာ ဒေါတွေ ကန်နေလိုက်တာ မပြောပါနဲ့တော့။

🌿🌿🌿

#နေဝင်းမြင့်
#ရတနာခုနစ်ပါးရယ်နဲ့မော်တော်ကားလည်းစီးတယ်

#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ