————–
“ကိုဘမြင့် … ကိုဘမြင့်”
“ဟေ … ပြီးပါပြီကွ … လာပြီ”
“ရှင့်မျက်နှာက ဘယ်လိုဖြစ်နေသလဲ”
“ဘာဖြစ်လို့လဲကွာ … ဒီအတိုင်းပါပဲ”
“လာခဲ့ … မှန်ရှေ့ကို လာခဲ့ … ကြည့်လိုက်ပါဦး”
“ဘာများလဲကွာ … မင်းကလည်း”
“ရှင့်မျက်နှာက တစ်လောကလုံးကို ရှင်လုပ်ကျွေးထားရတဲ့ မျက်နှာမျိုး ဖြစ်နေတယ် … ရှင်ခု သွားမှာ ဘယ်ကိုလဲ သိတယ်မဟုတ်လား”
“အလုပ်သွားမှာလေ”
“အဲဒါကို ပြောတာ … အလုပ်က ဒီအတိုင်း သွားလို့ရသလား”
“ဘယ်ရမလဲ … ဘတ်စ်ကားနဲ့ သွားရမှာ”
“ရှင် … ကျွန်မကို ရွဲ့နေတာလား ကိုဘမြင့်”
“မဟုတ်ပါဘူး … မရွဲ့ပါဘူး”
“မှန်ထဲကိုကြည့်လိုက်”
“ကဲ … ကြည့်ပြီ … ကြည့်ပြီ”
“ပြုံးစမ်း … ပြုံးလိုက်ဦး … ထပ်ပြုံးဦး”
“မင်းကွာ သည့်ထက်ပြုံးရရင်လည်း လှောင်သလိုဖြစ်နေပါ့မယ်”
“မှတ်ထားနော် … အဲဒီအတိုင်းပဲ အပြုံးလေးနဲ့ အိမ်ကထွက်ကတည်းကသွားရမယ်။ ရှင်ဖြတ်ရမှာက ရပ်ကွက်ရယ် … ဈေးရယ်”
“ငါသိပါတယ်”
“ရှင်သိတာကို ပြောနေတာမဟုတ်ဘူး … ဆရာဆိုပြီး ဆရာမလုပ်နဲ့ … နားထောင်။ ရပ်ကွက်ထဲမှာ တွေ့တဲ့ လူတိုင်းကိုပြုံးပြ။ ဈေးရှေ့ရောက်ရင်လည်း ဘယ်သူ့ကိုမှ မကြည့်နဲ့။ ခေါင်းငုံ့ထား။ ကိုယ့်ကို တစ်ယောက် ယောက်က လာဝင်တိုက်ရင် ကိုယ်ကဦးအောင် လက်အုပ်လေးချီ … ပါးစပ်ကနေ ကန်တော့နော် … ကန်တော့ လို့ ပြော … ကဲ ပြောကြည့်စမ်း”
“ကန်တော့နော် … ကန်တော့”
“အဲဒါပြောတာပဲ … ရှင့်လေသံက ကျောင်းဆရာ လေသံပေါက်နေတယ်။ ရပ်ကွက်ထဲက ဟိုကောင်မ လေသံမျိုး ပြင်လိုက်စမ်း။ တိုးတိုးသက်သာလေးနဲ့ ကန်တော့နော်လို့ ထပ်ပြောကြည့်”
“ကန်တော့နော်”
“ဟုတ်ပြီ နံပါတ်တစ် ပြုံးထားရမယ်။ နံပါတ်နှစ် ကိုယ့်ကို လာတိုက်မိရင် ကြိုတင်ပြီး ကန်တော့ရမယ်။ မဟုတ်သေးပါဘူး ရှင့်မျက်နှာကြီးက မဟုတ်သေးပါဘူး … ပြင်လိုက်ဦး”
“အေးပါကွယ် … ပြင်ထားပါတယ်။ ဒါပဲ မဟုတ်လား … ငါသွားမယ်”
“မပြီးသေးဘူး … ကားပေါ်ရောက်ရင်လည်း မျက်လွှာကိုချ … အိုရှင် မျက်စိကို ပိတ်နိုင်သလောက် ပိတ်ထား။ ဘယ်သူက ဘာလုပ်နေနေ မပြောနဲ့။ မမြင်ချင်ယောင်ဆောင်နေ … ကြားလား”
“ဒါကေတာ့ကြာ”
“ပြောတာ နားထောင် … ဟိုတလောက ကောင်မလေးကို ခါးပိုက်နှိုက်နေတာ သွားပြောလိုက်လို့ ဝိုင်းရိုက်တာ ခံရမလို ဖြစ်တာ မမှတ်သေးဘူးလား။ ပြောတာကြားတယ်နော် … ကားပေါ်ရောက်တာနဲ့ မျက်စိမှိတ်၊ နားပိတ်ပြီး တရားမှတ် … တရားမှတ်နေနော် ကြားလား”
“အေးပါကွာ … ကဲ ပြီးပြီလား … ထမင်းချိုင့်ပေးတော့ … သွားမယ်”
“မပြီးသေးဘူး … ရှင့်မျက်လုံးတွေ”
“ဟဲ့ … ငါ့မျက်လုံးတွေက ဘာဖြစ်လို့လဲ”
“ရော့ … ဒီမှာ”
“ဟာ … မင်းနှယ်ကွယ် … နေကာမျက်မှန် အနက်ကြီး … ငါ့ကို ကန်းနေတယ်လို့ ထင်ရင် …”
“တပ်လိုက် … တပ်လိုက်စမ်းပါ … ရှင့်အကြည့်က မိုက်ကြည့်ကြည့်တဲ့ပုံလို ဖြစ်သွားရင် ဝိုင်းရိုက်ခံရမယ်။ မျက်မှန် တပ်ထားတော့ ရှင်ဘယ်လိုကြည့်ကြည့် မမြင်ရတော့ဘူး။ ဒီမျက်မှန်က မနေ့က လမ်းဘေးကနေ စပယ်ရှယ် ရှာထားရတာ … တပ်ကြည့်လိုက်”
“ဟာကြာ … ဆိုးလိုက္တာ”
“ဘာဆိုးတာလဲရှင့်”
“ငါ့မှာ ခုမှ မျက်မှန်နက်ကြီးနဲ့ မျက်မမြင်လိုပဲ”
“ကိုဘမြင့်ရယ် … ဘာဖြစ်ဖြစ် … ရှင် အိမ်ကို ချောချောမောမော ပြန်ရောက်လာဖို့ အရေးကြီးတယ် သိလား။ ကျွန်မတို့က ရှင့်ကို မှီခိုနေရတာလေ … ရှင် ခုသွားမှာ ဘယ်ကို ဆိုတာ ရှင်သိတယ် မဟုတ်လား”
“ကဲပါ … သွားမယ်”
“ကျန်းမာ … ချမ်းသာ … ဘေးကင်းကွာစွာဖြင့် တပည့်တော်မ ယောက်ျား အိမ်ကို ပြန်ရောက်လာပါစေဘုရား”
ဘုရားစင်ရှေ့မှာ လက်အုပ်လေးချီပြီး ဆုတောင်းနေတဲ့ အမျိုးသမီးက တံခါးဖွင့်ပြီး အပြင်ထွက်မယ်လို့ ပြင်နေတဲ့ သူ့ယောက်ျားကို
“ကိုဘမြင့်”
“ဘာလဲကြာ”
“ရှင် မေ့နေပြန်ပြီ”
“ဘာမေ့လို့လဲကွ”
“ပြုံးထားလေ … ပြုံးသွား … တောက်လျှောက် ပြုံးထား”
“ဟင်း … ငါ ရန်ကုန်သားပါကွာ”
“အဲ့ဒါကြောင့် မှာနေရတာ”
တင်ညွန့်
၁၃.၉.၂၀၁၈