ကိုပိုက်
ရယူထိုက်သော သင်ခန်းစာ
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မင်းသူ တစ်ယောက် အိပ်မပျော်နိုင်သေး။ အတွေးနယ်ချဲ့နေမိ၏။
သည်အချိန်ဆိုလျှင် သမီးလေး ဂျူနီယာမင်းသူတစ်ယောက် သူ့ကို တမ်းတကာ ငိုနေပေရော့မည်။
မဒမ်မင်းသူက စိတ်ရှည်လက်ရှည် ချော့လေမည်လား၊ အငိုမတိတ်မချင်း ရိုက်နှက်နေလေမည်လား။
ဒေါသကို ရှေ့ထားကာ စိတ်ဆိုး၍ ထွက်လာခဲ့သည့် အမှားပင်ဖြစ်သည်ဟု သူ တွေးလိုက်မိတိုင်း စိတ်မချမ်းမြေ့ရရှာပေ။ ဘာလိုလိုနှင့် မိန်းမနှင့် ကလေးကိုခွဲခဲ့ရသည်မှာ သုံးရက်နှင့် နှစ်ညပင် ရှိချေပြီ။ အိမ်ပြန်ချင်၍ ချက်ချင်းထပြန်ရန်လည်း မဖြစ်တော့သည့် အခြေအနေ ရောက်နေပြီပဲ။
မိတ်ဆွေဖြစ်သူ မုဆိုးလင်းမြင့်လှိုင်၊ ကိုပိုက်တို့နှင့် ပဲခူးရိုးမထဲ လိုက်ခဲ့မိခြင်းသည် သူ့အတွက် မဟာအမှားကြီးတစ်ခုဟု ယခု တွက်ဆမိလိုက်သည်။
“ကိုမင်းသူ ဟုတ်မှလည်း လုပ်ပါဗျာ၊ ကျွန်တော်တို့က အမဲလိုက်ထွက်လျှင် အနည်းကလေး တစ်ပတ်လောက်ကြာတယ်ဗျ။ မလိုက်ပါနဲ့ဗျာ။ မခေါ်ချင်လို့မဟုတ်ဘူး။ ခင်ဗျားက မိန်းမနဲ့ စိတ်ဆိုးပြီး ထွက်လာတဲ့သူ။
အိမ်ကလည်း ခင်ဗျား ဘယ်သွားလို့သွားမှန်း သိမှာ မဟုတ်ဘူး။ လင်နဲ့မယားဆိုတာ သည်လိုပဲပေါ့ဗျာ။ လျှာနဲ့သွားပါ။ စိတ်လိုက်မာန်ပါ မလုပ်မိဖို့သာ အဓိကပါ”
ကိုပိုက်က သူ့ကို ပြောလာသေးသည်။ သည်တုန်းက သူသည် သွေးပူနေသည်ဖြစ်၍. . .
“ကိစ္စမရှိဘူး ရတယ်။ နောင်ကြဉ်အောင်ထားရင်း ကျွန်တော်လည်း အမဲလိုက်ချင်လို့ပါ။ အမဲလိုက်ကပြန်တော့ အိမ်ပြန်မှာပေါ့”
လို့ ပြောကာ အတင်းဇွတ်လိုက်ခဲ့ခြင်းဖြစ်သည်။
သည်လိုနှင့် တောကြီးမျက်မည်းတွင်းသို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်တော့သည်။
သူတို့စခန်းတဲ၏ ရှေ့တောင်ကြောပေါ်မှ တစ်ချက်တစ်ချက် ထွက်လာသည့် တောတိရစ္ဆာန်တစ်ကောင်၏ အော်သံမှလွဲ၍ မည်သည့်အသံမျှ ကြားရခြင်းမရှိ။ သို့သော် တစ်ချက်တစ်ချက် လူညည်းသံကို ကြားမိသည်တွင် သူ့ကျောထဲ စိမ့်ခနဲ ဖြစ်သွားမိ၏။ လူမမာ ညည်းသံကဲ့သို့ဖြစ်၍ ဟုတ်မှ ဟုတ်ပါလေစ။ သေသေချာချာ နားစွင့်ထားလိုက်ပြန်သည်။
ဟုတ်ပ … လူညည်းသံမှ လူညည်းသံစစ်စစ်ဖြစ်သည်။ သည်တော့ကာ သူ့တွင် ကြောက်စိတ်များ ဝင်လာတော့သည်။ ကိုပိုက်နှင့် လင်းမြင့်လှိုင်ကို နိုး၍ ပြောရမည်မှာလည်း အခက်။ ယောက်ျားသားကြီးတစ်ယောက်ဖြစ်ပြီး ကြောက်အားပိုလိုက်တာဟု ပြောခံရမည်ကိုလည်း ရှက်သည်ကြောင့် စောင်ကို ခေါင်းမြီးခြုံလိုက်သည်ဆိုငြား ကြောက်ပင် ကြောက်နေသော်ငြား နားကိုတော့ စွင့်ထားလိုက်သည်။
လူညည်းသံကား ကြားနေဆဲပင်။ ဇောချွေးတို့ပင် ပြန်နေချေသည်။ ထိုစဉ် …
“ဝုန်း”
ရုတ်တရက် ကြားလိုက်ရသည့်အသံကျယ်ကြီးကြောင့် တုန်၍ပင် သွား၏။ တဲနံဘေးမှ သစ်ပင်ကြီးတစ်ပင် လဲပြိုသွားလေသည်လား။ သို့ကြောင့် ခေါင်းမြီးခြုံထားသည့်စောင်ကို အသာလှပ်ကြည့်လိုက်သည်၊ မရဲတရဲပေါ့။
တဲပတ်ဝန်းကျင်တွင် မည်သည့်သစ်ပင်မျှ လဲပြိုခြင်းမရှိချေ။ မှတ်မှတ်ရရ သူတို့တဲနံဘေးတွင် ကြီးကြီးမားမား အပင်ရယ်လို့ တစ်ပိုင်းတစ်စ မီးလောင်ခံထားရသည့် ကျွန်းပင်ကြီးသာ ရှိခြင်းဖြစ်သည်။
ထို ကျွန်းပင်ကြီးသည်လည်း ထီးတည်းရှိနေ၏။
ဘာဖြစ်တာပါလိမ့်၊ ထို ကျွန်းပင်ကြီးကို သင်္ကာမကင်း ဖြစ်မိသည်ကြောင့် စေ့စေ့ကြည့်နေမိသည်။
ထိုကျွန်းပင်ကြီးကား လဲပြိုကျဖို့ နေနေသာသာ သစ်ရွက်ကလေးမျှပင် လှုပ်ရှားနေခြင်း မရှိချေ။ ပကတိ ငြိမ်သက်နေ၏။
သူသည် ထိုကျွန်းပင်ကြီးကို စေ့စေ့ကြည့်နေဆဲမှာပင် လူသံများလိုလို ပျားအုပ်ကြီးပျံသန်းလာသံမျိုးလို လို တုံးခေါက်သံလိုလို မသဲမကွဲ ကြားလိုက်သည်ကြောင့် သူ့စိတ်က ထင်နေတာပါရယ်လို့ အားတင်းကာ နားစွင့်ထားလိုက်ပြန်သည်။
တဒင်္ဂတော့ ငြိမ်သက်နေ၏။
ပြီးမှ ကျွန်းပင်ကြီးထံမှ လူသံတွေလိုလို သဲ့သဲ့ကြားရပြန်သည်။ အတော်ကလေး ကြောက်သွားမိသည်။ တစ်ကိုယ်လုံး ဇောချွေးတို့ ပြန်နေဆဲဖြစ်သည်။
ဘယ်လိုမှလဲ အိပ်၍ပျော်တော့မည်မဟုတ်။
တစ်ညလုံး သည်အတိုင်းချည်း နေသွားရမည်ဆို မလွယ်။ သည်တော့ သူ့အား အသည်းငယ်သူ ကြောက်တတ်သူဟု ထင်ချင်သာထင်ကြပါစေရယ်လို့ ဆုံးဖြတ်လိုက်ပြီး နံဘေးတွင် အိပ်ပျော်နေသည့် မုဆိုးလင်းမြင့်လှိုင်ကို လှုပ်ခါနှိုးလိုက်သည်။
တောမုဆိုးပီသသော လင်းမြင့်လှိုင်သည် ဆတ်ခနဲတစ်ချက် လှုပ်သွားပြီ ကပျာကသီထ ထိုင်လိုက်သည်ဆိုသည်နှင့် သူ၏လက်စွဲတော်သေနတ် ဝင်ချက်စတာရိုင်ဖယ်သည် အရန်သင့်မောင်းတင်ပြီး ဖြစ်နေ၏။
လင်းမြင့်လှိုင်သည် ဆတ်ခနဲ ထထိုင်လိုက်သည်ကြောင့် ကြမ်းခင်းလှုပ်သွားရသည်ဖြစ်၍ အအိပ်ဆတ်သော ကျွန်တော်သည်လည်း နိုးလာရတော့၏။
“ဘာဖြစ်လို့တုန်း ကိုမင်းသူ … ဘာဖြစ်လို့လဲ”
လင်းမြင့်လှိုင် အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်တွင် မင်းသူသည် အိပ်မပျော်ဘဲ ကြားနေရသည့်အသံများအကြောင်းကို ပြောလာသည်ဖြစ်၍ ကျွန်တော်သည်လည်း အကြောင်းစုံကို သိရတော့၏။
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူပြောသည့် ကျွန်းပင်ကြီးကို လှမ်းကြည့်လိုက်ကြသည်။ နားစွင့်လိုက်ကြသည်။ သူပြောသည့်အသံများ ကြားရသည်။
သို့ကြောင့် တောအတွေ့အကြုံများ ရှိပြီးသူတွေဖြစ်၍ အသံကြားရုံဖြင့် သဘောပေါက်နားလည် သိသွားသည်ကြောင့် နှစ်ယောက်သား မင်းသူကိုကြည့်၍ ပြုံးလိုက်ကြသည်။
“ဘာမှမဟုတ်ပါဘူး ကိုမင်းသူရယ်။ ကဲ… ကဲ ခင်ဗျား တစ်ရေးလောက်တော့ ရအောင်အိပ်လိုက်ပါဦး။ ဘာမှ တွေးကြောက်မနေနဲ့နော်၊ ကျွန်တော်နဲ့ ကိုလင်းက မအိပ်ဘဲ စောင့်ပေးပါ့မယ်။ ခင်ဗျားသာ အိပ်ပျော်အောင် အိပ်လိုက်ပါ။ ခင်ဗျားကို မအိပ်နိုင်အောင် ဒုက္ခပေးတဲ့ အဲ့အကောင်တွေကို မနက်ကျ ကျွန်တော်တို့ ရှင်းပစ်လိုက်ပါ့မယ်။ ကဲ ကဲ အိပ်တော့နော်”
ဟု ပြောကာ ကျွန်တာ်နှင့် လင်းမြင့်လှိုင်သည် တဲရှေ့ရှိ ထင်းမီးခဲများပေါ်သို့ ထင်းခြောက်တုံးများကို တင်ကာ မီးမွှေးလိုက်သည်။ တခဏအကြာတွင် ထင်းမီးအရှိန်ကြောင့် အနွေးဓာတ်များ ရလိုက်ကြသည်။
မင်းသူသည် ကျွန်တော်တို့နှစ်ယောက် နိုးနေခြင်းကို သိသဖြင့် ကြောက်စိတ်များ မရှိတော့သည်ကြောင့် ခဏအကြာတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။ သည်တော့မှ ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သူ့နံဘေးတစ်ဘက်တစ်ချက်တွင် ဝင်အိပ်လိုက်ကြသည်။
နံနက်မိုးသောက် အလင်းရောက်သည့်အခါတွင် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် မင်းသူကိုခေါ်၍ ကျွန်းပင်ကြီးခြေရင်းသို့ သွားလိုက်ကြသည်။ ပြီးနောက် ကျွန်းပင်ကြီး၏ ပင်စည်ကို နားဖြင့်ကပ်၍ ကြည့်လိုက်သည်။
တဝီဝီရယ်လို့ မသဲမကွဲအသံများကြားရသဖြင့် ကျွန်တော်တို့နှစ်ယောက် ထင်ထားသည့်အတိုင်း မလွဲမသွေဖြစ်နေသည်ကြောင့် မင်းသူကိုလည်း ပင်စည်လုံးပတ်ကို နားဖြင့် ကပ်နေခိုင်းလိုက်သည်။
မင်းသူတစ်ယောက် အင်မတန် အံ့ဩသွားတော့၏။
“ဒါ ဘာသဘောလဲ ကိုပိုက်၊ နာနာဘာဝကောင်တွေ အော်နေတာလား၊ နို့ဖြင့် ဒီအပင်ကြီးက သစ်ခြောက်ပင်ကြီးပေါ့”
ရယ်လို့ ကြောက်ရွံ့တုန်ရင်စွာဖြင့် မေး၏။
“ကဲ ကိုလင်း သူ့ကိုလက်တွေ့ ပြပြောလိုက်ပါဗျာ”
သည်တော့ လင်းမြင့်လှိုင်သည် ကျွန်းပင်အမြစ်ခြေရင်းပိုင်းတွင် ရှိနေသည့် မီးလောင်ခြင်း ခံထားရသဖြင့် အခေါင်းပေါက်ဖြစ်နေသည့် ထိပ်ဝတွင် မီးဖိုလိုက်ကာ အမှိုက်သရိုက်များကို ထည့်၍ မီးခိုးရိုက်လိုက်သည်။
အရွက်အစိုများ၊ အကိုင်းအစိုများဖြစ်သည်ကြောင့် မီးတောက်ဖြစ်မလာဘဲ မီးခိုးများသည် လုံးထွေးကာ သစ်ခေါင်းတွင်း ဝင်သွားသည်။
တခဏအကြာတွင် မီးခိုးမွန်ခြင်း၊ မီးတောက်အရှိန်ကြောင့် ပူလောင်ခြင်းဒဏ်တို့ကို မခံနိုင်၍ သစ်ခေါင်းအတွင်းရှိ မည်းမည်းအကောင်များ တဖုတ်ဖုတ်ပြုတ်ကျလာတော့၏။
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ထိုမည်းမည်းအကောင်များကို သစ်ကိုင်းတုတ်ကြီးကြီးဖြင့် တဖတ်ဖတ် ရိုက်လိုက်ပြန်သည်။ မင်းသူက ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့၏လုပ်ရပ်ကို တအံ့တသြကြည့်နေတော့၏။
“ကဲ ကိုမင်းသူ သည်မနက်အတွက် လင်းနို့သားဟင်း ချက်စားကြတာပေါ့ဗျာ”
“သည်ည ခင်ဗျားကို ဒုက္ခပေးတဲ့ နာနာဘာဝကောင်တွေ ရှိတော့မှာမဟုတ်လို့ ခင်ဗျား ကောင်းကောင်းအိပ်ပျော်နေတော့မှာပါ”
ကျွန်တော်တို့နှစ်ယောက်စကားကြောင့် တောတောင် အတွေ့အကြုံ တစ်ခါဖူးမျှ မရှိခဲ့သော မင်းသူ သည် ရှက်ပြုံးကိုသာ ပြုံး၍ နေလိုက်ရရှာတော့သည်။
ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် သစ်ခေါင်းထိပ်မှ ပြုတ်ကျလာသည့် လင်းနို့များကို ရိုက်သတ်နေဆဲမှာပင် လွန်စွာမျှကြီးမားလှသော မည်းမည်းသဏ္ဌာန် အကောင်ကြီးတစ်ကောင်သည် ဖုတ်ခနဲ ပြုတ်ကျက ပြီး လှုပ်လီလှုပ်လဲ့ဖြင့် ကျွန်တော်တို့နှစ်ယောက်ကြားမှ တိုးဝှေ့ပြေးထွက်သွားသည်ကြောင့် ရုတ်တရက် ကြောင်နေကြပြီး ချက်ချင်း သတိပြန်ဝင် လာကြသည်ဖြစ်၍
“ကိုလင်း လိုက် … လိုက် သင်းခွေချပ်ဗျ၊ သင်းခွေချပ်”
ဟု ပြောပြောဆိုဆို လက်တွင်းမှ တုတ်ပိုင်းဖြင့် လိုက်ရိုက်ရပြန်သည်။
ကျွန်တော်တို့ အင်မတန် ကံကောင်းကြပါသည်။ ကျွန်းပင်သစ်ခေါင်းအတွင်းမှ လင်းနို့များအပြင် သင်းခွေချပ်တစ်ကောင်ပင် ရလိုက်ကြသည်။
နေ့လယ်ခင်းပိုင်းလောက်တွင် ကျွန်တော်တို့ သုံးယောက် အမဲပစ်ထွက်ခဲ့ကြသည်။
သို့ထွက်လာကြရင်း သုံးဖာလုံလောက် ရောက်လာကြသည်တွင် မျောက်မြီးရှည်တစ်အုပ်ကို တွေ့လိုက်သည်။ ဆူဆူညံညံဖြင့် တစ်ကိုင်းမှ တစ်ကိုင်း တစ်ပင်မှ တစ်ပင် ကူးလူးခုန်ပေါက် ဆော့ကစားနေကြ၏။ အရွယ်အစားအမျိုးမျိုး ဖြစ်၏။
“မျောက်ညိုကြီးတွေဗျ … စားကောင်းတယ်၊ ကိုမင်းသူလည်း စားဖူးတယ်ရှိအောင် တစ်ကောင်လောက် ပစ်ချဗျာ ကိုလင်း”
“အေးဗျ မျောက်သွေးမသောက်ရတာလည်း ကြာပြီ”
ပြောပြောဆိုဆို လင်းမြင့်လှိုင်သည် အကောင်ကြီးကြီး တစ်ကောင်ကို ရွေးပစ်လိုက်သည်။
“ဒိန်း”
ပြင်းထန်သော ယမ်းအားပေါက်ကွဲသံကြောင့် ဆူညံစွာ ခုန်ပေါက်ကျော်လွှားနေကြသည့် မျောက်များသည် ပို၍ ဆူညံသွားကြကာ ခုန်ကျော်ထွက်ပြေးသွားကြတော့၏။
တဒင်္ဂအကြာတွင် မျောက်ရယ်လို့ တစ်ကောင်မျှမရှိကြတော့ချေ။ တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
လင်းမြင့်လှိုင် ပစ်လိုက်သောမျောက်သည် ထိုအပင်အောက်သို့ ကျသွားပုံရသည်။ သို့ကြောင့် ကျွန်တော်တို့သည် ထိုအပင်ရှိရာသို့ သွားလိုက်ကြသည်။ ထိုအပင်အောက်တွင် မျောက်ကို မတွေ့။
အပင်၏ တစ်ဘက်တွင် ချောင်းစောက်ကလေးရှိနေသည်ဖြစ်၍ ထိုချောင်းစောက်နဖူးသို့ ကပ်သွားကာ အောက်အနိမ့် ချိုင့်ကလေးသို့ လှမ်းကြည့်လိုက်သည်။
တွေ့ပါပြီ …
သို့သော် ရင်ထဲတွင် နင့်ခနဲခံစားလိုက်ရသည်။
လင်းမြင့်လှိုင် ပစ်ချလိုက်သော မျောက်သည် သေနတ်ဒဏ်ရာကြောင့် ဆန့်ငင် ဆန့်ငင် ဖြစ်နေရှာသည်။ အသက်မထွက်သေးချေ။
ထိုဒဏ်ရာရရှိထားသော မျောက်ကို အခြားမျောက်တစ်ကောင်က တရွတ်တိုက်ဆွဲယူသွားရန် ကြိုး စားနေ၏။ ထိုမျောက်၏ ရင်ခွင်တွင်း မျောက်သားပေါက်လေးတစ်ကောင် ဖက်တွယ်လျက်ရှိနေ၏။
လွန်စွာမှ ကြောက်ရွံ့ထိတ်လန့်နေဟန်လည်း ရှိ၏။
ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် မျောက်မိသားတစ်စု ဖြစ်ရပေမည်။ ဒဏ်ရာရမျောက်ကို ဆွဲယူသွားရန် ကြိုးပမ်းနေသည့် မျောက်မသည် ကျွန်တော်တို့ကို မြင်သည်နှင့် ထွက်ပြေးသွားခြင်း မရှိဘဲ မျက်နှာ ငယ်လေးဖြင့် မော့ကြည့်နေလေတော့၏။
သူ့ရင်ခွင်တွင်းမှ မျောက်သားပေါက်ကလေးသည် ငယ်သံပါအောင် အော်ဟစ်ရင်း မိခင်မျောက်ကြီးကို အတင်းတွယ်ကပ် ဖက်တွယ်လိုက်၊ ကျွန်တော်တို့ကို ကြည့်လိုက်၊ ဒဏ်ရာရ မျောက်ကြီးကို ကြည့်လိုက်ဖြစ်၏။
သို့မြင်ကွင်းသည် ကျွန်တော့်နှလုံးသားကို ဆုပ်ခြေမွလိုက်သလို ခံစားရ၏။ ကျွန်တော်တို့ အမှားကြီးမှားခဲ့ကြပြီ ဖြစ်သည်။
လူသားတိုင်းမဟုတ်၊ အဟိတ်တိရစ္ဆာန်များပင် သံယောဇဉ်ကြိုး ရှိကြသည်ပဲ။
ကြည့်နေဆဲ ထိုမြင်ကွင်းကြားမှပင် ဒဏ်ရာရမျောက်ကြီးသည် ငြိမ်သက်သွားတော့၏။ မျောက်ကြီး သေဆုံးသွားချေပြီ။ မျောက်မနှင့် မျောက်သားပေါက်လေးကား ကျွန်တော်တို့ကို တွေဝေစိုက်ကြည့်နေဆဲ ဖြစ်သည်။
လင်းမြင့်လှိုင်သည် မျောက်ကြီးလည်း သေသွားပြီဖြစ်၍ ထိုမျောက်မသားအမိကို ခြောက်လှန့်သည့်သဘော သေနတ်ဖြင့် ရုတ်တရက် ထိုးချိန်လိုက်သည်။ မျောက်မကြီးကား ထွက်ပြေးမသွား။ သည်တော့ မိုးပေါ်ထောင်၍ ပစ်လိုက်သည်။
“ဒိန်း”
သေနတ်သံကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည့် မျောက်သားပေါက်လေးသည် မိခင်ရင်ကြား ခေါင်းကိုဝှက်ကာ ငယ်သံပါအောင် အော်နေသော်ငြား မျောက်မကြီးသည် ထွက်ပြေးသွားခြင်းမရှိဘဲ သေဆုံး နေပြီဖြစ်သော မျောက်ကြီးကို လက်တစ်ဖက်ဖြင့် လှမ်းလှမ်းဆွဲယူရင်း ကျွန်တော်တို့ကို စိုက်ကြည့်နေလေတော့၏။
ကျွန်တော်တို့သည် စိတ်မချမ်းမြေ့စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အသာအယာ ခေါင်းကိုခါယမ်းလိုက်ကြပြီး စခန်းတဲရှိရာသို့ ဖြည်းလေးသော ခြေလှမ်းများဖြင့် ပြန်ခဲ့ကြတော့၏။
ထိုမျောက်သားအမိသည် မျောက်သေကြီးအနားတွင် အစာရေစာအငတ်ခံကာ ဘယ်လောက်ကြာကြာနေနေကြဦးမည် မသိပါချေ။
အဟိတ်တိရစ္ဆာန်ပင်ဖြစ်သော်ငြား သံယောဇဉ်ကြီးမားသော မျောက်သားအမိ၏ဖြစ်အင်ကိုကြည့်ပြီး မင်းသူတစ်ယောက် မိန်းမနှင့် သမီးအပေါ် သံယောဇဉ်ကြီးမားစွာ ထားရမည်မှန်း နောင်တတရားတွေ ရမိကြောင်း လာလမ်းတစ်လျှောက် တတွတ်တွတ်ဖြင့် စုတ်သပ်ပြောနေလေတော့သည်။
သူ့အတွက် မျောက်သားအမိကပေးသော သင်ခန်းစာပင်ဖြစ်တော့သည်။
ခေတ်သစ်မဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၉၈-ခုနှစ်
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ