ခင်မောင်အေး(မန္တလေး)
ရိုးမကျား
ပဲခူးရိုးမ၏ ရေဝေတောင်တန်းအသွယ်သွယ်မှ မြောင်အသွယ်သွယ် လျှိုအသီးသီး ဖြစ်ပေါ် လာရသည်။ ရေဝေတောင်တန်းများဆီမှတဆင့် လျှို မြောင် ချောက်ကမ်းပါးများ ဖြစ်တည်လာခဲ့သည့်အနက်၊ ဆူးပုပ် မြောင်သည် မိုးမကျမီကာလမှာ ရေစပ်စပ်ရှိနေသည်။ သည်မြောင် သည်တောများကို အမှီပြုလျက် တောင်ယာလယ်လုပ် ဓားမခုတ်များက ဝန်းကျင်အနှံ့ နေထိုင်ကြရသည်။
သည်ဒေသတဝိုက်မှာ သီးမွှေးငှက်ပျောများစိုက်၍ အသက်မွေးဝမ်းကျောင်းပြုသည်။ တောင်ယာပဲခင်းများလည်း အလျဉ်းသင့်သလို လုပ်ကိုင်ကြသည်။
ဆူးပုပ်မြောင်၊ သင်္ဘောမြောင် စသည်ဖြင့် သည်တော သည်တောင် သည်ချောင်း သည်မြောင် များကို အမည်ပေးထားသည်။
ဝန်းကျင်ပတ်ချာတဝိုက်မှာ ရေနှင့်၊ စမ်းနှင့်၊ တောနှင့်၊ တောင်နှင့် ရိပ်ဆည်းသာယာရှိပါသည်။
သစ်တောစိုက်ခင်းများသည် လည်းကောင်း၊ လူတို့ စိုက်ပျိုးထားသော ဥယျာဉ်ယာတောများသည်လည်းကောင်း ငှက်ကျေး သာရကာများဖြင့် စည်ကားနေတတ်သည်။
တော။ ။
တောရှိလျှင် သားကောင်များ ရှိစမြဲပဲ။
တောကောင်ဆိုသည်က ရွာနှင့် ဝေးဝေးမနေ။
သင်္ဘောမြောင်ရွာ၊ ဆိုးကုန်းနှင့် အလှမ်းမကွာလှသော တနေရာတွင် ကြက်ဗောင်(ပေါင်)ချောင်းရွာရှိသည်။ အိမ်ခြေက ၄၀ ကျော်ခန့်၊ တိုင်းရင်းသား ကရင်လူမျိုးများ နေထိုင်သည်။
တနေ့။ ။
ချောက်ချားထိတ်လန့်ဖွယ်ရာနေ့။
“ဟေ့ … မင်း ဥက္ကဋ္ဌသမက် ကိုနီကေး ကျားဆွဲခံရတာ ကြားပြီးပြီလား”
“အေးဗျာ ကြားရပါတယ်။ ခမျာ တောင်ယာထဲမှာ တယောက်တည်းရှိနေတုန်း တောကောင်ဆွဲသွားတာ သနားစရာဗျာ”
“ဟုတ်ပါရဲ့ဗျာ၊ မနေ့က သူ တောင်ယာထဲမှာ ရက်လည်ဆွမ်းသွတ်တယ်။ ဆွမ်းသွတ်တယ် ဆိုပေမယ့် သင်္ဂြိုဟ်စရာ အလောင်းတောင် မရလိုက်တာတော့… ခံပြင်းဖို့ကောင်းလှပါတယ်လေ”
“ဘယ်တတ်နိူင်ပါ့မလဲဗျာ။ ဟင်းမျိုးက သိပ်မြန်တယ်လို့ ကြားရတယ်။ ရှေ့လျှောက်ပြီး ရွာသားတွေသတိထားကြဗျား”
ညသည် ငှက်ဆိုးထိုးသံဖြင့် လှုပ်ရှားလာသည်။
ချောက်ချားဖွယ်ရာည။
ထိတ်လန့်စရာည။
သင်္ဘောမြောင်ရှိ ခင်မောင့်ယာတဲပေါ်မှာ လူသုံးဦးအိပ်နေသည်။ မအိပ်မီ တောကောင်၏အစာ ဖြစ်သွားရသော နီကေးအကြောင်းကို ပြောနေခဲ့ကြသည်။
ကိုအေးက တောင်ပေါ်သို့ အိမ်တိုင်ဆောက်ရန်အတွက် တောသစ်လာရှာသည်။ ခင်မောင်ယာထဲမှာ ဧည့်သည်အဖြစ် စခန်းချသည်။
လဆန်းရက်ဖြစ်စေကာမူ လရောင်သည် သစ်တောရိပ်များကြောင့် မှိန်ဖျော့ဖျော့သာ ထွန်းလင်းနေသည်။
အမှောင်က အားကောင်းစွာ စိုးမိုးမင်းမူလျက်ရှိသည်။
လေငြိမ်နေသည်။
သဘာဝသည် မသဒီစရာ တိတ်ဆိတ်လျက် သစ်ကိုင်းသစ်ရွက် လှုပ်ခတ်သံပင် မကြားရ။
ယာသမား ခင်မောင်သည် လူပျိုကြီးဖြစ်သည်။ တောကျွမ်းသည်။ လျင်မြန်သွက်လက်သည်။ ဖြတ်ကနဲအသံကြားလျှင် ဆတ်ကနဲ နိုးနှင့်ပြီ။ ဓားကို ညာဘက်လက်အနီးမှာ ထားအိပ်တတ်သည်။
သို့ပင်ဖြစ်စေကာမူ-
“ဟေ့ … ဟေ့ကောင်တွေ … ဟေ့ကောင်တွေ”
ခင်မောင့်အသံ ပျောက်သွားသည်။ ပြီးတော့ ဝန်းကျင်သည် ငြိမ်သက်သွားသည်။
အရုဏ်နီးနေပြီ။ မိုးသောက်လုနီး နံနက်နှစ်ချက်တီးအချိန် ဖြစ်သည်။ လက ဝင်နေပြီ။ အမှောင်ဖုံးလွှမ်းနေသည်။
ခင်မောင့်ညီ မောင်လုံးက အစ်ကို့အသံကို ကြားလိုက်ရ၍ ကမန်းကတန်း လူးလဲထသည်။ အိပ်ရာဘေးနားက အုန်းမောင်းကို တဗြုန်းဗြုန်း တဗြင်းဗြင်း ထခေါက်လိုက်သည့်အတွက် တတောင်လုံး ဆူညံသွားသည်။
မီးတုတ်များကို မီးရှို့လျက် ပတ်ဝန်းကျင်ကို ရှာဖွေသည်။ ခင်မောင့်ကို ကျားဆွဲသည်က မြေကြီးလက် ခတ်မလွဲ။
ခင်မောင့်ကို ကျားဆွဲသွား၍ တရွတ်ရာကို မြေမှာအထင်းသား မြင်ရသည်။ တောက်လျှောက်ခြေရာခံ၍ လိုက်ကြရာ ဂိုက်တရာကျော်လောက်မှာ ခင်မောင့်လုံချည်ကို တွေ့ရသည်။
“ကိုကြီးရေ တို့လာပြီ၊ ကျားကိုစီးထား … မကြောက်နဲ့”
ခင်မောင့်ညီ မောင်လုံးက အသံနက်ကြီးဖြင့် လှမ်းအော်သည်။
“ကိုကြီး ခင်မောင်၊ ကိုကြီး ခင်မောင်”
အသံပြုသူက ပြုသည်။
ကိုအေးကမူ အန္တရာယ်ကို သတိပြုမိလာသည်။
“ဟေ့-ညီလေးတို့၊ တို့တတွေ ညအမှောင်ထဲ ဆက်လိုက်နေလို့ မတော်ဘူးထင်တယ်ကွာ။ မနက်လင်းလင်းချင်းချင်းမှ ရှာကြစို့လား”
သည်လို နှစ်သိမ့်ရသည်။
သည်လိုနှင့် လူပျိုကြီးကိုခင်မောင် ကျားရဲနောက်ပါသွားခဲ့ပြီ ဖြစ်သည်။
နံနက် မိုးသောက်သည့်အခါ တောင်ယာသမားများ ခင်မောင့်ယာထဲတွင် စုဝေးတိုင်ပင်ကြသည်။
သည်မျှ အတင့်ရဲသော ကျားဆိုးရှိနေသမျှ ဖက်ခူး၊ မှိုရှာ၊ ထင်းခွေ၊ ရေခပ်ပင် မထွက်ရဲအောင် ဖြစ်ရချိမ့်မည်။ သည်သတ္တဝါကို သည်အတိုင်းထားလျှင် နောက်ထပ်သားကောင်များ တလောင်းပြီး တလောင်း ထပ်နေတော့မည် အသေအချာ။
“သတ္တိရှိတဲ့လူ လိုက်ခဲ့၊ သတ္တိမရှိယင်နေခဲ့ကြ။ ကျုပ်တို့ကတော့ သူသေ ကိုယ်သေ ချကြတော့မှာပဲ။ ခုတ်ရဲ၊ ထစ်ရဲ၊ သတ်ရဲတဲ့လူ လိုက်ခဲ့ဗျား”
မောင်လုံးက နာနာကျည်းကျည်း ဆိုသည်။
“တို့လည်း လိုက်မပေါ့ ငလုံးရ၊ ငါ့သူငယ်ချင်းခင်မောင့်ကို ကိုက်တဲ့ကျား အရှင်မထားဘူးဟေ့”
တပ်မတော်သားဟောင်း ပင်စင်စား ဝင်းထိန်က ရဲရဲ တောက် ဆိုသည်။
သည်လိုနှင့် ယာသမား ဆယ့်တယောက် ကျားဆိုး နောက်သို့ ဓား၊ လှံ၊ လေး၊ မြားတို့ဖြင့် တညီတညွတ်တည်း လိုက်ကြသည်။
သင်္ဘောမြောင်သည် တောင်ယာဖုန်းဆိုးထူသည်။ ချောင်း ကမ်းပါးတလျှောက် ခြေရာတရွတ်ကြောင်းအတိုင်း လိုက်လာကြရာမှ တစနှင့်တစ ဝါးသပွတ်ချုံ၊ သိုင်းချတို့ ထူထပ်လာသည်။ တိုးမပေါက်အောင် ချုံများ ထူထပ်လှသည်။
ရေစပ်စပ်ရှိ၍ သည်တဝိုက်မှာ ဟင်းမျိုးခိုအောင်းနိူင်သည့် နေရာဖြစ်သည်။
တဖြည်းဖြည်း တရွေ့ ရွေ့ တိုးဝင်လာယင်းက “ဝေါင်း” ကနဲ ကျားဆိုးမာန်ဖီကာ တဖြောဖြောနှင့် တောတိုးသွားသံ ကြားရသည်။
“ဟေ့ … ဟေ့ အရမ်းမဝင်နဲ့ ၊ ဟင်းမျိုးရှိတယ်”
“ဟုတ်တယ် တောကောင် … တောကောင်။ လူစုမခွဲနဲ့၊ ကွဲယင် ဆွဲသွားလိမ့်မယ်”
ကျားဆိုး အမှန်တကယ်ရှိနေကြောင်း အားလုံးက သိနေကြသည်။ သည်တဝိုက်မှာ သည်အတိုင်း စွတ်တိုးနေလို့က တယောက်ယောက် တဦးဦး ကျားစာဖြစ်ရချေဦးမည်။
“ဟေ့ ဒီအတိုင်း တိုးမနေနဲ့။ ယာတဲကို ပြန်ကြမယ်။ ပြီးတော့ ဇေယျဝတီတက်၊ ပြည်သူ့စစ်က သေနတ်သမားတွေ ခေါ်ကွာ။ ဒါမှ ဖြစ်မယ်။ လက်နက်မပါပဲလိုက်လို့ မတော်ဘူး ထင်တယ်ဟေ့”
ကိုဝင်းထိန်က အကြံပြုသည်။
“အေး ဟုတ်တယ်။ တယောက်ယောက် … ကိုအေးကပဲ သွားခေါ်ဗျာ။ ကျုပ်တို့ ခင်မောင့်တဲကပဲ ပြန်စောင့်ကြရအောင်
…. …. ….
ဇေယျဝတီ ကျေးရွာအုပ်စု ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးကျော်စိုးက သည်သတင်းတွေကို ကြားသည်။ သူ့အစီအစဉ်ဖြင့်ပင် ပြည်သူ့စစ်ခေါင်းဆောင် ကိုထွန်းတင်နှင့် အဖွဲ့ဝင် ထွန်းရီတို့ကို ကျားဆိုးနှိမ်နင်းရေးအတွက် တာဝန် ပေးလိုက်သည်။
သေနတ်သမား နှစ်ဦး။ ကျားရဲကို ချေမှုန်းကြမည်။
သူတို့တတွေ တက်တက်ကြွကြွနှင့် ခရီးပြင်း နှင်လာသည်။
“ဟာ ကိုထွန်းတင်တို့ပါလား၊ ဘယ်သွားကြမလို့လဲဟင်”
“တို့ ကြက်ပေါင်ရွာကိုပဲဟေ့။ ကျားဆိုးသောင်းကျန်းနေတယ် သတင်းကြားလို့ တမင်လာကြတာ”
“ဟာ အတော်ပါပဲ ကိုကြီးထွန်းရာ။ ကျုပ်တို့ရွာမတော့ ကျီးလန့်စာစားပဲဗျို့။ ကျားရဲ သောင်းကျန်းလိုက်ပုံများတော့ အခု … အခု ကျုပ်သူငယ်ချင်း ခင်မောင် မရှိတော့ဘူးဗျာ့ ကိုကြီးထွန်းရ”
မောင်အေးက နာနာကျည်းကျည်း ပြောသည်။
သူတို့တတွေ ခင်မောင့်ယာတဲကို တိုက်ရိုက်သွားလိုက်ကြသည်။ ရေနွေးအဖန်တကရား မကုန်မီမှာ မောင်သန်းနှင့် ကျော်လှ သေနတ်ကိုယ်စီနှင့် ရောက်လာကြပြန်သည်။
“ဥက္ကဋ္ဌက ခင်ဗျားတို့ နှစ်ယောက်တည်းမို့ အားရှိအောင်ဆိုပြီး ထပ်လိုက်ခိုင်းလိုက်တယ်လေ။ ကိုင်း-ကိုကြီးထွန်း ကျုပ်တို့ ဘာလုပ်ရမလဲ”
“အေး မပူနဲ့၊ ဒီမယ် ယာသမားတွေရှိတယ်။ ကျားရဲကို မောင်းထုတ်ပြီး မျိုးဖြုတ်ပစ်မယ်ကွာ။ တောနင်းရှာယင် သင်း မထွက်ပဲ ခံနိုင်ရိုးလား”
“ဟုတ်တယ် ဟုတ်တယ်၊ လူအားနဲ့ မောင်းထုတ်ယင် သင်း ဘာသားမို့ ခံနေနိုင်မှာလဲ၊ ဟင်း … ဟင်း … ထွက်လာလို့များကတော့ကွာ”
နေသည် ပူပြင်းလှသည်။ နွေရိပ်ကြောင့် အလျှံတညီးညီး အခိုးဝေဝေ ရှိနေသည်။ အပူရှိန် ပြင်းလွန်းလှ၍ တောသမားများ လက်ကတီးကြားမှပင် ချွေးယိုစီးနေကြပြီ ဖြစ်ပါသည်။
ဝါးရွက်ခြောက်များ ပြန့်ကျဲလျက်ရှိသည်။ လေအဝှေ့မှာ ရွက်ကြွေများ လွင့်မျောသွားသည်။ သစ်ပင် သစ်ကိုင်းများက အရိုးစုလက်ချောင်းများနှယ် ရိုးတံကျဲကျဲ ကိုင်းမည်းမည်းဖြင့် ရှဲကနဲ ရှဲကနဲ အသံပြုနေသည်။
“ဝူးကနဲ … ဝူးကနဲ၊ အုန်းကနဲ … ဒိုင်းကနဲ” သံစုံဟစ်ကြွေး အသံပေး၍လည်းကောင်း၊ ဝါးဆစ်တုတ်ပိုင်းကျောက်ခဲများဖြင့် ပစ်ပေါက် ခြောက်လှန့်၍ လည်းကောင်း၊ တောတခွင် တောင်အနှံ အဝီစိပွက်သလို ဆူညံလျက်ရှိနေသည်။
“ဟာ ဒီမှာ ခင်မောင့်ခြေတဘက်ဟေ့။ ခြေဖဝါးပဲ ကျန်တော့တယ်။ အလောင်းတွေ့ရတော့မယ် ထင်တယ်။ သတိထားကြ”
ရှေ့ဆုံးမှသွားနေသူ ပြည်သူ့စစ်ခေါင်းဆောင် ကိုထွန်းတင်၏အသံကို ကြားရသည်။ ခြောက်သမားများ အားတက်လာသည်။
“မကြာခင် အလောင်းတွေ့မှာဟေ့။ သတိထား … အတင့်မရဲကြနဲ့”
ကိုဝင်းထိန်က ခပ်ကျယ်ကျယ် သတိပေးသည်။
“ဟောဒီမှာ ကိုခင်မောင့်အလောင်း တွေ့ပြီဗျို့ … တွေ့ပြီ။ မှောက်ခုံကြီးဗျာ။ ခြေတဘက်လည်း မရှိတော့ဘူး”
“ဟုတ်တယ် ဟုတ်တယ်။ ကျွတ်ကျွတ် ဖြစ်မှဖြစ်ရပလေဗျာ။ ဒါ့ထက် ဒီအလောင်းကို ဘယ်နယ်လုပ်ကြမလဲဟင်”
“မြေမြှုပ်ရမှာပေါ့၊ ရွာကို ပြန်သယ်လို့ ကောင်းတာမျိုးမဟုတ်ဘူး။ ဒီမှာပဲ မြှုပ်ရမှာ”
“အိုး… ဒီမှာမြှုပ်ပစ်မယ့်အတူတူ ကိုခင်မောင့်ကို ကိုက်တဲ့ကျားကို ခင်မောင့်အလောင်းနဲ့ပဲ လက်တုန့်ပြန်ရအောင်လေ။ မကောင်းဘူးလား”
ငလုံးက အကြံပြုသည်။
“ဟာ- သိပ်ကောင်းတဲ့ အကြံပဲ။ ကျုပ်တို့ စောင့်မယ်ဗျာ။ လင့်သာထိုးပေး။ ပြီးတော့ ထွန်းရီနဲ့ ကိုသန်းကြီးတို့က ချောင်းဖျားကစောင့်။ ကျန်တဲ့လူတွေ ရွာကို ပြန်စောင့်ကြပေတော့။ ကိုင်း … ကိုင်း အချိန်ရှိတုန်း လုပ်ငန်းစလိုက်ကြရအောင်”
သည်လိုနှင့် ချောင်းကမ်းပါးဘေးမှာ မေးတင်ပေါက်နေသည့် အထီးတည်းသော ကျွဲတညင်းပင်ထက်မှာ လင့်ထိုးပြီးပြီ။
လင့်ပေါ်မှာ ကိုထွန်းတင် ခေါင်းဆောင်၍ လေးယောက်စောင့်သည်။ ကိုထွန်းတင်နှင့်အတူ ကျော်လှ၊ မောင်လုံးနှင့် ယာသမား တင်မောင်။
ချောင်းဖျားမှာ လမ်းကိုပိတ်လျက် ကိုဝင်းထိန် ခေါင်းဆောင်၍ လူလေးဦး စောင့်နေသည်။ သေနတ်သမားနှစ်ယောက်ဖြစ်သော ထွန်းရီနှင့် မောင်သန်းတို့ ပါဝင်သည်။
ကျနေသည် ပူပြင်းလှသည်။ ဝါးရွက်များပင် တဖျစ်ဖျစ်မြည်ကာ လိပ်နေသည်။
တောသည် အသက်အသံကင်းပီး ဆိတ်ငြိမ်နေသည်။ ကျွဲတညင်းပင်ထက်ရှိ လင့်စင်သည် မြေပြင်မှ ဆယ့်ရှစ်ပေခန့်အမြင့်တွင် ရှိသည်။ အပေါ်စီးဖြစ်၍ ဝန်းကျင်တခွင်ကို ကောင်းစွာ မြင်နေရသည်။
ခြေတဘက်မရှိတော့ပြီဖြစ်သော ခင်မောင့်အလောင်းမှာ လင့်စင်နှင့် ဂိုက်တရာခန့် ကွာဝေးသည်။ လင့်မှကြည့်လျှင် အလောင်းသည် မြောက်ဘက်တွင်ဘေးတိုက်တန်းလျက်ရှိသည်။
ခင်မောင် မသေမီက ဝတ်ဆင်ထားခဲ့သော စွပ်ကျယ်လက်ပြတ် အဖြူမှာ ယခု သွေးချင်းချင်းနီရဲလျက် ရှိနေပေပြီ။ အလောင်းရှိရာ မြေပြင်တဝိုက်မှာ အပင်ငယ်များ မွမွကြဲ၍နေသည်။
ကျားသည် ခင်မောင့်ကို ကိုက်ချီလာပြီး ထောင်းလမောင်းကြေအောင် ဆော့ကစားထားပုံရသည်။
မြင်ကွင်းက အနိဋ္ဌာရုံ ဖြစ်စေကာမူ လောလောလတ်လတ် သေနေသူကိုကြည့်ယင်း ကျားဆိုးဟင်းမျိုးကို နာကျည်းစက်ဆုပ်နေကြသည်။ အခြေအနေပေး၍ သင်းလာလျှင်ဖြင့် တချက်တည်းနှင့် သေကွင်းကိုရွေး၍ သုတ်သင်ပစ်ရန် စိတ်စောလျက်ရှိသည်။
“ဟော လာနေပြီ … တွေ့လား။ ဟာ … ကျားကလေးနဲ့ပါလား”
ကိုထွန်းတင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဟင်းမျိုးသည် ကျားမပါကလား။ သားငယ်က ကျားမ၏ နောက်ပါးက ယို့ယို့ကလေး လိုက်လာနေသည်ကို လင့်ပေါ်မှ မုဆိုးတစု တွေ့မြင်နေရသည်။
တရွေ့ရွေ့ တိုးဝင်လျက် ခင်မောင့်အလောင်းနားသို့ နီးလာသည့်အခါ ကျားပေါက်ကလေးက ဝါးရုံပင်အောက်တွင်ရပ်၍နေခဲ့ပြီး မိခင်ကျားမကြီးက လူသေအလောင်းဆီသို့ ရဲရဲတင်းတင်း ဝင်လာသည်။
အလောင်းနားသို့ရောက်၍ စားရန်ဟန်အပြင်တွင် “ဒိုင်း” ကနဲ သေနတ်သံတချက် ထွက်ပေါ်လာသည်။
ကျားမသည် မာန်သွင်းသံကိုပင် မပြု။ နောက်ကျွမ်းပစ်၍ ဝါးတောထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ကျားပေါက်ကလေးပါ ပြေးလွှားလိုက်ပါသွားသည်။
သေနတ်သံမှာ ကိုထွန်းတင်၏ ရိုင်ဖယ်မှဖြစ်သည်။ ကျော်လှ သေနတ်မှာ ကျည်အ ဖြစ်၍ မပစ်လိုက် ရချေ။
သေနတ်သံကြောင့် ကိုထွန်းရီတို့အဖွဲ့က ချောင်းဖျားလမ်းဝတွင် စောင့်နေရာမှ ရောက်ရှိလာကြသည်။ မုဆိုးများက အလောင်းရှိရာသို့ အပြေးအလွှား သွားရောက်စူးစမ်းကြည့်ရာတွင် ကျားမွေးအချို့ ပြတ်ကျနေပြီး သွေးစက်များနှင့် တွေ့ရှိရသည်။
“မှန်သွားတယ်ဟေ့၊ ဒါပေမယ့် … ချက်ကောင်းမထိလို့ လစ်သွားတာပဲ”
“ကျားကိုဆက်စောင့်မယ်၊ သင်းမလာပဲ မနေနိုင်ဘူး”
“သေနတ်မှန်သွားယင် ကြောက်ပြီး လာပါတော့မလားဗျာ”
တဦးက သံသယနှင့် စကားဆိုသည်။
“ဟာ ဒီဟင်းမျိုး မနေနိုင်ပါဘူး။ လာကို လာရမယ်။အစာက အသင့်ရှိနေတာ၊ ကျားကလေးပေါက်စနဲ့မို့ သင်း အစာလည်း ရှာနိုင်မှာမဟုတ်ဘူး။ ပြန်စောင့်မယ်။ ကိုင်း လင့်ပေါ်တက်ကြဟေ့”
မုဆိုးတစု၏ ရင်ထဲမှာ တနံ့နံ့ဖြစ်ကာ ခံစားနေရသည်။ ကျားဆိုးဟင်းမျိုးကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီး လွတ်ထွက်သွားရခြင်းအတွက် ခံပြင်းနေသည်။ တောဘုရင် မုဆိုး ဟင်းမျိုးကျားသည် စင်စစ်အမည်ပညတ်ချက်နှင့် လိုက်ဖက်ပေသည်။
တောတွင်းဘုရင် ဖြစ်သည်။ ရှိရှိသမျှ မည်သည့်သတ္တဝါကိုမဆို ထီမထင် ကြီးစိုးမင်းမူသည်။ တောတွင်းသားကောင်ဟူသမျှ ကြီးငယ်မဟူ ဖိမ့်ဖိမ့်တုန် ပြားပြားဝပ်မျှ ကြောက်ရွံ့ကြသည်။ လျင်မြန်သည်၊ ပါးနပ်သည်၊ အားခွန်ကြီးမား၍ ဒေါမာန်ပြင်းထန်သည်။
ယခုရင်ဆိုင်ရသောကျားသည် ကျားမဖြစ်သည်။ ကလေး သားငယ်ရှိသဖြင့် ပိုမိုကြောက်ရွံ့ ဖွယ်ကောင်းသည်။ သားဇောကြောင့် တဇွတ်တိုး မိုက်ရူးရဲ လုပ်လာနိုင်သည်။
မာန်ကြီးသော သားကောင်ကို မုဆိုးက သေနတ်ဖြင့် တချက်ပစ်ထားပြီးခဲ့ပြီ။ ဒဏ်ရာမပြင်းထန်လျှင် ရုတ်ခြည်းချက်ချင်း ပြန်လာနိုင်သည်။ ဒဏ်ရာအနာတရနှင့် သည်လိုသတ္တဝါမျိုးက အလွန်အမင်း ဒေါသမာန်တက်သည်။
ပေါ့ပေါ့ဆဆ လျှော့လျှော့ပေါ့ပေါ့ တွက်ထား၍ မဖြစ်။ သည်တကြိမ် ရင်ဆိုင်ရလျှင် ပိုင်မှဖြစ်ချိမ့်မည်။
မုဆိုးတစုက တည်ငြိမ်စွာစောင့်ဆိုင်းလျက်ရှိကြသည်။ အနောက်ဘက်ဆီသို့ နေလုံးက တဖြည်းဖြည်း ရွေ့လျားလျက်ရှိသည်။ နွားရိုင်းသွင်းချိန်၊ နေဝင်တော့မည်။ ဝင်လုဆဲနေလုံးက သင်္ဘောမြောင်တကြောကို မှိန်ဖျော့သောအလင်းရောင်ဖြင့် ဖြန့်ကျက် ပေးထားသည်။
စိတ်စောလျက်ရှိသော မုဆိုးတစုက တိတ်ဆိတ်ငြိမ်သက်စွာ တပင်တည်းသော ကျွဲတညင်းပင်ထက်ရှိ လင့်စင်ပေါ်မှာ ကျောက်ရုပ်များနှယ် ရှိနေသည်။
သော့သွမ်းသော လေသရမ်းက ဝှီးကနဲ ဝှီးကနဲ လှည့်ပတ်ရင်း တိုက်ခတ်သွားသည်။
သည်အခါ ပုပ်အဲ့အဲ့ရနံ့က သည်ပတ်ဝန်းကျင်ကို မွှေနှောက်လိုက်ပြန်သည်။ ယင်မမဲရိုင်းတအုပ် ဝုန်းကနဲထပျံသည်။
“ကြည့်စမ်း၊ ဟိုမှာ တောကောင် ပြန်လာကြပြီ”
ထွန်းရီက လေသံတိုးတိုးဖြင့် သတိပေးသည်။ မုဆိုးများအားလုံး မှိန်ဖျော့ဖျော့ ဆည်းဆာ၏ အလင်းရောင်ကြောင့် ဟင်းမျိုးသားအမိကို တွေ့မြင်နေရသည်။
ကျားပေါက်ကလေးက ဝါးရုံပင်အခြေမှာ ဝပ်၍ ကျန်ရစ်သည်။ ကျားမသည် ခန္ဓာကိုယ်ကြီးကို လိမ်ဖည်လိမ်ဖည် လှုပ်ယမ်းယိမ်းနွဲ့၍ ဖြည်းဖြည်း ချင်း ချဉ်းကပ်လာနေသည်။
လင့်စင်ရှိရာသို့ တချက်လှမ်းကြည့်လိုက်သည်။ လင့်စင်ပေါ်မှ မုဆိုးများကို ဂရုမပြု ထီမထင် သည့်အသွင်ဖြင့် ခင်မောင့်အလောင်းရှိရာသို့ အေးအေးဆေးဆေး ကပ်သွားလျက် အလောင်းကို တပတ်ပတ်၍ အကဲခတ်လိုက်သည်။ ပြီးနောက် ကိုက်ချီရန်ဟန်ပြင်သည်။
ကျားမ၏ ဘေးတိုက် အသွင်သဏ္ဌာန်သည် မုဆိုးများအတွက် ပစ်မှတ်ကောင်း အနေအထား။
သေနတ်သံများ တော်လည်းလိုက်သည့်နှယ် ထွက်ပေါ်လာသည်။ ရိုင်ဖယ်လေးလက်၏ ပြောင်းဝမှ သေမင်းတမန်ကျည်ဖူးများက သင်္ဘောမြောင်တခွင်လုံး ပဲ့တင်သံဖုံးလျက် ထွက်သွားသည်။
ကျားဆိုးသည် ပေတရာကျော်ခန့်ကွာဝေးသော သင်္ဘောမြောင်ချောင်း တဘက်ကမ်းသို့ ဝေါကနဲ ခုန်ကျော် ရောက်ရှိသွားသည်။ ဝေါင်းကနဲ မာန်ဖီသံပင် မပြု။
ကျားပေါက်ကလေးက သေနတ်သံများကြောင့် မိခင် ကျားမအား စောင့်ဆိုင်းနေရာ ဝါးရုံပင်အောက်မှ လန့်ခုန်ထွက်ပြေးလျက် အထက်ရိုးပေါ်သို့ တက်ရောက်ပျောက်ကွယ်သွားသည်။
ကျားမသည် ချောင်းတဘက်ကမ်းမှ သည်ဘက် ကမ်းပါးသို့ ရုတ်ခြည်းပြန်ခုန်ထိုး၍ ရောက်ရှိလာပြီးနောက် ချက်ချင်းပင် သားငယ်ကျားပေါက်ကလေးနောက်သို့ လိုက်ပါသွားသည်။
ဝန်းကျင်တွင် အမှောင်ရိပ်များ ပျိုးစပြုလာသည်။ မုဆိုးတသိုက်က လင့်ပေါ်မှဆင်း၍ အလောင်းအနီးတွင် စူးစမ်းလေ့လာကြည့်သည်။ သွေးစက်များအများအပြားတွေ့ရသည်။ သွေးက နီညိုရောင်သမ်းလျက်ရှိသည်။
“သွေးစက်တွေကြည့်စမ်း … နီနီရဲနေတာပဲ။ သွေးစေးတွေ ပျစ်နေပုံထောက်ယင် ချက်ကောင်းမှန်တာသေချာတယ်။ ဒါပေမယ့် မှောင်လာပြီ၊ ကနေ့တော့ အချိန်မရှိဘူး။ မှောင်ထဲမှာရမ်းတိုးနေလို့လည်း မဖြစ်ဘူး။ တဲပြန်နားမယ် … မိုးလင်းမှပဲ မြင်မြင်ထင်ထင်ရှာကြစို့”
“ကောင်းပါတယ်ကိုကြီးထွန်း၊ မနက်မှပဲရှာကြတာပေါ့”
…. …. ….
အရုဏ်တက်၍ နေထွက်လာသည်။ သင်္ဘောမြောင်သည် ငှက်ကျေးတမာတို့၏ သံသာသာဖြင့် သာယာလျက်ရှိသည်။ ကြည်လင်သော နံနက်ခင်းသည် လွန်ခဲ့သောညက အကျည်းတန်သော အနိဋ္ဌာရုံများကို လျစ်လျူရှုထားသလိုပင်။
တောကြက်များ အိပ်တန်းမှ ဆင်းခါစ တွန်သံများကြောင့် တောသည် ပိုမိုလှုပ်ရှားဆူညံလာသည်လား မပြောတတ်နိူင်။
ကိုထွန်းတင်ခေါင်းဆောင်သော မုဆိုးတဖွဲ့လုံး သင်္ဘောမြောင်တဝိုက် တောနင်း၍ ရှာဖွေလိုက်ကြသည့်အခါ ခင်မောင့်အလောင်းနှင့် ဝါးသုံးရိုက်ခန့်အကွာ ဖုန်းဆိုးထဲမှာ ကျားသေကို ရှာဖွေတွေ့ရှိကြသည်။ ကျားမ အသက်ကုန်နေပြီ။
လည်တိုင်တွင် သေနတ်ဒဏ်ရာတချက် တွေ့ရသည်။ လက်ပြင်မှ ဖောက်ဝင်၍ လည်တိုင်မှ ထွက်သွားသောဒဏ်ရာဖြစ်၍ သေတွင်းကို ထိမှန်ခြင်းဖြစ်သည်။
နောက် တင်ပါးတွင် ဒဏ်ရာတချက် တွေ့ ရသည်။
ကျားဆိုး အလျား ခြောက်တောင်ထွာ ရှိသည်။ ကျားငယ်လေးကို မတွေ့ရတော့။
မည်သို့ဆိုစေ၊ လူသားတို့အား အန္တရာယ်ပေးခဲ့သော ကျားဆိုး နိဂုံးချုပ်လေပြီ။ သည်တော သည်တောင် သည်မြောင် သည်အရိပ်မှာ အေးချမ်းသည့်နိမိတ်ဖြစ်သည်။
မကြာမြင့်မီ တောင်ယာတဲများမှာ သီချင်းသံ၊ ပလွေသံ တို့ဖြင့် ပြန်လည်စည်ကားသာယာလာလိမ့်မည်။
“ပျော်ပုံက သစ်သနှင့်၊ ငယ်ချစ်ကယ်လိုက်ခဲ့တော့၊အကြိုက်ကတဲ့ တောရွာမှာ၊ မိုးအာကာ ပင်မြင့်ထက်ဆီက၊ ထန်းရွက်နှင့် ဆင်သည့်အိမ်၊ ခြုံတင်းထိမ် နွားရေခင်းလို့၊ ညည့်တွင်းကို ပလွေကျော်နဲ့ ပျော်ပမယ်လေး”
မိုးဝေ၊ ၁၉၈၁ ခုနှစ်၊ ဇူလိုင်လ
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ