ထောင်မှူးကြီးသိန်းoင်း
ရိုးမတောလား
( ၁ )
လျှော်တုန်းချောင်းဘေးတွင် တည်ဆောက်ထားသော ကျွန်တော်တို့စခန်းကို ယခင်က လူသေမြောင်စခန်းဟု ခေါ်ကြသည်။ အမဲလိုက်မုဆိုးများ ကျားကိုက်၍သော်လည်းကောင်း၊ ငှက်ဖျားမိ၍သော် လည်းကောင်း အသေအပျောက်များသဖြင့် “လူသေမြောင်စခန်” ဟု ခေါ်တွင်ခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့စခန်းကြီး ဖွင့်သောအခါမူ နိမိတ်မကောင်းသော နာမည်ဆိုးကြီးအား ပယ်ဖျက်၍ လျှော်တုန်းချောင်းအနီးတွင် တည်ရှိသဖြင့် “လျှော်တုန်းစခန်း”ဟု ပြောင်းလဲမှည့်ခေါ်ခဲ့ပါ သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီမံကိန်း(၁) ရိုးမ(၁) စခန်းလက်အောက်တွင် စခန်းအစဉ်အတိုင်းရေတွက်သော်
(၁) လှေလှော် အင်းစခန်း၊
(၂) မင်းကုန်းစခန်း၊
(၃) ရေနက်ကြီးစခန်း၊
(၄) ကျွန်းတံစို့စခန်း၊
(၅) သုံးတန်ကူးစခန်း၊
(၆) ကညင်နှစ်ပင်စခန်း၊
(၄) မအူပင်ဆိပ်စခန်း၊
(၈) မအူပင်ဆိပ်စခန်းခွဲနှင့်
(၉) လျှော်တုန်းစခန်း တို့ဖြစ်ကြသည်။
မင်းကုန်းစခန်းမှာ ဆေးရုံလည်းရှိပြီး ကွပ်ကဲမှုတာဝန်ခံနှင့် လမ်းညွှန်မှူးရုံးစိုက်ရာ စခန်းမကြီးဖြစ်သည်။
ကျွန်တော်က ထောင်မှူးကြီးဦးကျော်သူ ငှက်ဖျားရောဂါဖြင့် အရေးပေါ်ဆေးရုံတက်ရသောကြောင့် လျှော်တုန်းစခန်းသို့ ပြောင်းရွှေ့ပြီး စခန်းတာဝန်ခံလုပ်ရသည်။
လျှော်တုန်းစခန်းမှာ လျှော်တုန်းချောင်းအနီးတွင် တည်ရှိပြီး ကျွန်းတောကြီးအတွင်း တစ်ဧကခန့်ကျယ်သောမြေပြန့်၌ ဆောက်လုပ်ထားခြင်းဖြစ်သည်။
တောကြီးအတွင်းဖြစ်၍ အရိပ်ရပြီး၊ ရေနှင့်နီးသော်လည်း ခြင်အလွန်ကိုက်ပြီး ငှက်ဖျားရောဂါထူထပ်သည်။ ဝန်ထမ်းနှင့် ရဲဘက် ငှက်ဖျားရောဂါ မဖြစ်ဖူးသူမရှိ။ အသေအပျောက်လည်း အလွန်များပါသည်။ ယခင်အမည် လူသေမြောင်စခန်းဟူသော အမည်နှင့် လိုက်ပါပေသည်။
တစ်နေ့တွင် ထောင်ကျဝရမ်းကိစ္စ၊ လွတ်လူကိစ္စ၊ အသားစိုရိက္ခာကိစ္စများ ညှိနှိုင်းရန်အတွက် ကျွန်တော် မင်းကုန်းစခန်းသို့ သွားရန် ကိစ္စပေါ်လာသည်။
ကားကြုံမရှိသဖြင့် ခရီးမိုင်အတော်များများ လမ်းလျှောက်ရမည်ဖြစ်ရာ ကျွန်တော်၏တပည့်ကျော် မုဆိုးသန်းအောင်နှင့် မုဆိုးတင်သောင်းတို့အား ခေါ်ဆောင်၍ လွတ်လူ(၂)ဦးကိုပါ တစ်ပါတည်း ခေါ်ဆောင်ခဲ့ပါသည်။
မနက်စောစော (၆) နာရီခန့်တွင် စတင် ခရီးထွက်ခဲ့ရာ ကျွန်တော့်တွင် ကာဘိုင်သေနတ်တစ်လက်နှင့် ကျည် (၁ဝ) တောင့်ပါသည်။
ကျွန်တော် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသော မအူပင်ဆိပ်စခန်းခွဲ(၁)သို့ (၂)နာရီခန့် လမ်းလျှောက်ရသည်။ ကျွန်းတောကြီးအတွင်းဖြစ်၍ အလွန်အေးချမ်းသည်။ ဆောင်းရာသီဖြစ်၍ နှင်းမှုန်များ က တောရိပ်ဖုံးပြီး အုံ့မှိုင်းမှုန်ရီနေသည်။
ထွန်စက်သွားလမ်းဖြစ်၍ လမ်းမကြီးမှာ မြေလမ်းဖြစ်သော်လည်း ဖုန်ထနေသည်။ တောကောင်အကြီးများကို မမြင်ရသော်လည်း တောကောင်ကလေးများနှင့် တောကြက်များ၏ အော်မြည်တွန်ကျူးသံက မနက်ခင်းတောတောင် သဘာဝကို ဖော်ကျူးနေသည်။
မအူပင်ဆိပ်စခန်းခွဲ (၁)၌ ခေတ္တနားကြပြီး စခန်းမှကျွေးမွေးဧည့်ခံသော လက်ဖက်ရည်နှင့် မုန့်များကို စားသောက်ကြသည်။
ပြီးနောက် မအူပင်ဆိပ်စခန်းသို့ ဆက်လက်ထွက်ခွာလာရာ (၂) နာရီခန့်အကြာတွင် ဇီးတောကြီးရွာသို့ ရောက်ရှိပါသည်။ စခန်းတာဝန်ခံမှာ ဒုတိယထောင်ပိုင် ဦးကျော်တင် (ခြောက်ပေကြီး) ဖြစ်သည်။ နံနက် (၁ဝ) နာရီကျော်ပြီဖြစ်၍ ထိုစခန်း၌ပင် ခေတ္တအနားယူပြီး မနက်စာ စားသုံးရင်း ရိက္ခာစိုအသားကိစ္စ ညှိနှိုင်းရပါသည်။
[၂]
ဤစခန်းမှာ ဇီးတောကြီး၊ ဖောင်းတူ၊ မအူပင်ဆိပ်ရွာများနှင့် နီးသဖြင့် စည်ကားပြီး အချက်အချာကျသည်။ ပဲခူးမြို့သို့လည်း ဖောင်းတူချောင်းအတိုင်း ပဲ့ထောင်စက်လှေများဖြင့် သွားနိုင်သည်။
ကျွန်တော်တို့ နေ့လယ်စာ ထမင်းစားနေကြစဉ် စခန်းတာဝန်ခံ ဦးထင်ကျော်မှာ ကျွန်တော်တို့အနီးရှိ ရုံးခန်းအတွင်း ကုလားထိုင်တစ်ခု၌ ထိုင်ရင်း ပုတီးစိပ်နေသည်။
သူစိပ်သောပုတီးမှာ အလွန်ထူးဆန်းသည်။ ဂေါ်လီ လုံးအကြီးခန့် အရွယ်အစားရှိပြီး ပုတီးလုံးများအား (၉)ကုံးဆက်ကာ တင်းတောင်းကြီးတစ်ခုအတွင်း၌ ထည့်ထားပြီး စိပ်နေခြင်းဖြစ်သည်။ ဦးထင်ကျော်မှာ ပုတီးစိပ်ရင်းလည်း အလုပ်လုပ်နေခြင်းဖြစ်သည်။
ရုံးဝန်ထမ်းများအား ရုံးခန်းလုပ်ငန်းများအား ခိုင်းစေညွှန်ကြားနေပြီး ကျွန်တော်တို့ စခန်းခွဲများအတွက်လည်း အမဲသားပေါ်၍ ခွဲဝေပေးရန် ခိုင်းစေနေပြန်သည်။ လက်ကတော့ ပုတီးကိုမချပါ။ စိတ်လျက် တန်းလန်းပင်။
ထိုစဉ် သားသတ်သမား ရောက်ရှိလာသဖြင့် သတ်ရ မည့်နွားအား မေးရာ …
“နွားကုပ် ချိုလိမ်နှစ်ကောင်ကို ဒီနေ့ပေါ်မယ်။ မမှားစေနဲ့ ၊ မှားရင်တော့ မင်းကို ငါ သတ်ပစ်မယ်”
“ဟုတ်ကဲ့ ဆရာကြီး”
“နေဦး … မင်းကို ငါ စိတ်မချဘူး”
ဟု ဆိုကာ ထိုင်နေရာမှ ဝုန်းခနဲထ၍ အထွက်တွင် ပုတီးက စိပ်လျက်တန်းလန်းဖြစ်နေ၍ အနီးတွင် အရန်သင့်စောင့်နေရသော ရဲဘက်တစ်ဦးက ပုတီးထည့်ထားသော တင်းတောင်းကြီးအား အလျင်အမြန်ကုန်းပိုက်၍ နောက်ကလိုက်ရတော့သည်။
ဦးထင်ကျော်မှာ ဤသို့ပင် စိတ်မြန်လက်မြန်ရှိသူဖြစ်သည်။ စခန်းမှ မွေးမြူထားသော နွားခြံသို့ သွားခြင်းဖြစ်သည်။ သားသတ်သမားများ မှား၍ မသတ်မိစေရန် သတ်မည့်နွားအား ပုတီးစိပ်ရင်းတန်းလန်းဖြင့် လိုက်ပြခြင်းဖြစ်သည်။
နေ့လယ်စာ စားကြပြီးနောက် ကျွန်တော်တို့ အသားရိက္ခာစို ကိစ္စ ညှိနှိုင်းပြီး ခရီးဆက်၍ ထွက်ခွာလာခဲ့ကြရာ သုံးတန်ကူးစခန်းခွဲ၊ ကညင်ပင်စခန်းသို့အသွား၊ စိမ့်တောအတွင်းမှ တောတိုးသံကြားရသဖြင့် ပျဉ်းမပင်စခန်းကြီးအား ကွယ်၍ ကျွန်တော်တို့ ပုန်းအောင်းနေကြစဉ် ရင်ဘတ်တွင် အဖြူရောင်အကွက်ကြီးပါသော ဝက်ဝံကြီးတစ်ကောင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် အနီးရှိငှက်ပျောပင်နှင့် ဝါးရုံတောအား ရိုက် ပုတ်၍ ထွက်ပေါ်လာသည်။ လူကဲ့သို့ မတ်ရပ်အနေအထားကြီးနှင့်ဖြစ်သည်။
“ဆရာ ဝက်ဝံသည်းခြေ အဖိုးတန်တယ် … ပစ်ပါလား”
“အောင်သန်းရေ… တိတ်တိတ်နေပါ။ သူ့လမ်းသူသွားပါစေ။ ငါတို့ကို အန္တရာယ်ပေးမှ ပစ်မယ်”
ဝက်ဝံကြီးမှာ မည်သည့်အတွက်ကြောင့် စိတ်ဆိုးလာသည် မသိပါ။ ‘ဂူးဂူး ဂဲဂဲ’ အော်၍ သူသွားရာလမ်းမှ နွယ်ပင်၊ သစ်ပင်များအား ပုတ်ခတ်ဖယ်ရှားပြီး တောင်ကုန်းပေါ်တစ်ခုပေါ်သို့ တက်ရောက် ပျောက်ကွယ်သွားသည်။
ကျွန်တော်တို့လည်း ဝက်ဝံကြီးပျောက်ကွယ်သွားပြီး အချိန်အတော်ကြာမှ ထိုနေရာက အပြေးတစ်ပိုင်း လှမ်းခဲ့ကြရတော့သည်။ ကညင်ပင်စခန်းသို့ မွန်းလွဲ (၁) နာရီခန့်အချိန်တွင် ရောက်ရှိသည်။
စခန်း၌ ထောင်မှူးဦးဇော်အုန်းတို့အဖွဲ့ စခန်းအတွင်း ဝင်လာသည့် ချေတစ်ကောင်အား ဖမ်းဆီးမိသဖြင့် ချက်ပြုတ်ရန် ပြင်ဆင်နေကြသောအချိန်ဖြစ်သည်။
“ဟာ … သူငယ်ချင်းတို့ ရောက်လာတာနဲ့ အတော်ပဲ။ ချေ ဝမ်းတွင်းသားနဲ့ အာမီရမ်တိုက်မယ်”
“အေး ကောင်းတာပေါ့ကွာ။ အာမီရမ်ဆိုတာကို မမြင်ဖူးတာတောင် ကြာပြီ။ တို့အထက်စခန်းတွေက ရွာဘက်နဲ့ဝေးတော့ ငတ်သဟေ့။ သစ်ထုတ်ကားလည်း အသွားအလာမရှိတော့ လမ်းပန်းဆက်သွယ်ရေးပြတ်ပြီး လက်ဖက်ခြောက်တောင် မရှိလို့ လောက်သေရွက်ကို နေလှန်း အခြောက်ခံပြီး သောက်နေရတာကြာပေါ့”
“ကဲ … သူငယ်ချင်းဘာမှ မပူနဲ့။ ကိုယ်တို့စခန်းမှာ အပြည့်အစုံရှိပါတယ်။ ရွာတွေနဲ့နီးတော့ ဝယ်လို့ရတယ်။ သစ်ထုတ်ကားတွေလည်းလာတော့ ဖောင်ကြီးကလည်း မှာလို့ရတယ်။ အားရပါးရချပေတော့”
သို့နှင့် ကျွန်တော်တို့အဖွဲ့ ကညင်ပင်စခန်းတွင် ခေတ္တနားကြရင်း စားသောက်ကြပြန်ပါသည်။ ဝမ်းတွင်းသားဟင်းမှာ လတ်ဆတ်၍ အလွန်ကောင်းသည်။ စားသောက်ကြပြီးနောက် …
“ကဲ… သူငယ်ချင်း ကိုဇော်အုန်းရေ ကျေးဇူးပဲ။ ကိုယ်တို့ မင်းကုန်းစခန်းအထိ လွတ်လူကိစ္စသွားရမှာ၊ သုံးတန်ကူးစခန်းမှာ သစ်ကားကြုံရပါမှ ဒီနေ့ညနေ မင်းကုန်းစခန်းကို ရောက်နိုင်မယ်။ လမ်းလျှောက်သာသွားလို့ကတော့ ဒီနေ့ ကျွန်းတံစို့စခန်းမှာပဲ ည အိပ်ရလိမ့်ထင်ပါရဲ့”
“သူငယ်ချင်း သုံးတန်ကူးစခန်းမှာက သစ်ကားကြုံက နေ့လယ်အထိပဲရှိတာ။ သူငယ်ချင်းတို့ မီမယ်မထင်ဘူး။ ဒီစခန်းမှာပဲ ညအိပ်သွားပါလား။ မနက်ဖြန် ကိုယ်တို့စခန်းကို ဝါးတိုက်လာမယ့် ကားကြုံရှိတယ်”
“သူငယ်ချင်းကားက ဘယ်အချိန် လာမယ်မှန်းမသိဘဲနဲ့၊ မနက်ဖြန် လွတ်လူ လွှတ်ရမှာ။ ရက်ကျော်သွားရင် အရေးယူခံနေရဦးမယ်။ ကဲ … သွားမယ် သူငယ်ချင်း။ အပြန်ကျမှ ဝင်လာမယ်။ ဘာမှာဦးမလဲ။ စာပေးစရာကော ရှိသေးသလား”
“မမှာတော့ဘူး သူငယ်ချင်း။ ကိုယ် မနေ့ကမှ မင်းကုန်းက ပြန်လာတာ။ ကဲ … သွားကြပေရော့။ ပြန်တဲ့နေ့ကျရင် ဒီမှာ ညအိပ်ဝင်နားနော်။ ကိုယ်မျှော်နေမယ်’”
“ကောင်းပြီ သူငယ်ချင်း’”
( ၃ )
ဦးဇော်အုန်းနှင့် ကျွန်တော့်မှာ အပတ်စဉ်တူ သူငယ်ချင်းများ ဖြစ်ကြသည်။ ကျွန်တော်တို့(၂)နာရီခန့် လမ်းလျှောက်ကြပြန်သည်။ သုံးတန်ကူးစခန်းမှာ ကျွန်တော်ကိုယ်တိုင် ဆောက်လုပ်နေထိုင် တာဝန်ထမ်းဆောင်ခဲ့သော စခန်းဖြစ်၍ မိခင်အိမ်သို့ ပြန်ရောက်သလို နွေးထွေးမှုကို ရရှိသည်။
စခန်းတာဝန်ခံ ဦးသိန်းမြင့်နှင့် ထောင်မှူးသူငယ်ချင်း အေးချိုတို့က လှိုက်လှဲစွာ ကြိုဆိုကြပြီး ညအိပ်ရန်တားသော်လည်း ကျွန်တော်တို့ လက်မခံတော့ဘဲ ခေတ္တနားကာ အပန်းဖြေကြပြီး ကျွန်းတံစို့စခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။
တစ်မိုင်ခန့် လမ်းလျှောက်ကြပြီး နတ်ရေတွင်းစခန်းအဟောင်းတွင် ခေတ္တနားကြပြန်သည်။ လူသူမနေတော့သော စခန်းအဟောင်းဖြစ်၍ မျောက်ဖင်နီကြီးများ၊ တောကြက်နှင့် တောငှက်များသည် ကျွန် တော်တို့ကိုမြင်မှ တောတွင်းသို့ ဝင်ပြေးကြသည်။
နတ်ရေတွင်းမှ လျှံကျနေသည့် စမ်းရေကို သောက်သုံးနေကြခြင်းဖြစ်သည်။
ကျွန်တော်တို့အဖွဲ့လည်း ခေတ္တနားခိုရင်း နတ်ရေတွင်းမှ ရေကို သောက်သုံးကြရင်း ရေဘူးများအတွင်း ဖြည့်တင်းနေကြစဉ် ကြက်ဖတွန်သံနှင့် မျောက်အုပ်အသံကြောင့် ကျွန်တော်တို့ ပုန်းခိုနေကြရပါသည်။
မကြာပါ၊ တောကြက်ဖကြီးက နတ်ရေတွင်း၌ ရေသောက်အဆင်း၊ မျောက်အုပ်ကလည်း သစ်ပင်များအပေါ်မှ ဆင်းလာကြပြီး အလုအယက် ရေသောက်နေကြစဉ် ကျွန်တော် အနီးကပ် ပစ်ခွင့်ရသဖြင့် မျောက်တစ်ကောင်နှင့် တောကြက်ဖကြီးတစ်ကောင်ကို ရရှိလိုက်သည်။
“ဖောင်း… ဖောင်း …”
ကာဘိုင်သေနတ်မှာ မောင်းပြန်ရိုင်ဖယ်ဖြစ်၍ အခွင့်အရေးသာသည်။ မျောက်များအား ထပ်မံပစ်၍ ရနိုင်သော်လည်း ကျွန်တော် မပစ်တော့ပါ။ ညစာဖူလုံပြီဖြစ်သည်။
နတ်ရေတွင်းအနီး စိမ့်မြေတွင် သဘာဝအလျောက် ပေါက်နေသော ဂမုန်းပင်မျိုးစုံမှ ပန်းရနံ့များမှာ မွှေးကြိုင်သင်းပျံ့လှသည်။
ဂမုန်းပင်များ အာနိသင်ကြောင့် ထင်ပါသည်။ နတ်ရေတွင်းမှ ရေကို မျက်စဉ်းခတ်လျှင် မျက်စိနာရောဂါပျောက်သည်။ ဖောရောင်လျှင်လည်း လိမ်း လျှင် ပျောက်သည်။ ဗိုက်နာ၊ ဗိုက်အောင့်လျှင်လည်း သောက်လျှင် ပျောက်သည်။ ထို့ကြောင့်လည်း နတ်ရေတွင်းဟု ခေါ်ဟန်ရှိသည်။
နတ်ရေတွင်းမှ တစ်မိုင်ခန့်ဆက်လျှောက်သော် ကျွန်းတံစို့စခန်းသို့ ညနေစောင်းတွင် ရောက်ရှိကြသည်။ ကျွန်းတံစို့စခန်းမှာ ကြားစခန်းလေးသာဖြစ်၍ ရဲဘက်အင်အား (၅ဝ)ခန့်သာရှိပြီး ခုတ်လှဲ ရှင်းလင်းထားသော လမ်းနယ် ပေ ၆၀၀အတွင်းမှ သစ်လဲပင်များအား ခုတ်ထွင်ဖြတ်တောက်၍ သစ်လုပ်ငန်းကားများ အပေါ်တင်ပေးရသော စခန်းကလေးသာဖြစ်သည်။
စခန်းတာဝန်ခံမှာ ထောင်မှူးကြီးဦးထွန်းရီဖြစ်ပြီး ကျွန်းတံစို့စခန်းဟု ခေါ်တွင်ရသည်ကလည်း ကျွန်းပင်ကြီးတစ်ပင်အား နွယ်ပင်က ဝင်ဖောက်၍ တံစို့ထိုးသလို ဖြစ်နေသောကြောင့် “ကျွန်းတံစို့စခန်” ဟု ခေါ်တွင်ခြင်းဖြစ်ပေသည်။ ကျွန်တော်တို့အဖွဲ့ ရောက်သည်နှင့် စခန်းတာဝန်ခံထောင်မှူးကြီးဦးထွန်းရီက လှိုက်လှဲစွာကြိုဆိုရင်း …
“ညီလေး … ဒီညဒီစခန်းမှာ အိပ်မှာမဟုတ်လား၊ အတော်ပါပဲ။ ဒီနေ့ မျောက်ညိုနှစ်ကောင်နဲ့ ဖြူတစ်ကောင်၊ ပွေးသုံးကောင် ရထားတယ်။ ညစာ ဟင်းကောင်းကောင်းချက်ကျွေးမယ်”
“ဟုတ်ကဲ့ အစ်ကိုကြီး။ ကျွန်တော်တို့အဖွဲ့ ည ဒီမှာအိပ်မှာပါ။”
“မင်းဟာတွေကို မင်းကုန်းကထောင်ပိုင်ကြီးတွေကို လက်ဆောင် ပေးလိုက်။ မနက်ဖြန် မနက်စောစော သစ်တင်ကားနဲ့ လိုက်သွားကြပေါ့”
တောတွင်းစခန်းဖြစ်၍ ညနေ(၅)နာရီကျော်လျှင်ပင် မှောင်စပြုပါပြီ။ တော်ပါသေးသည်။ စခန်း၌ အောက်လင်းဓာတ်မီးကြီး ထွန်းညှိထားသဖြင့် ရုံးခန်းအတွင်း၌ ထိန်လင်းနေသည်။ ကျွန်တော်တို့အဖွဲ့ ငှက်ဖျားဝင်မည်စိုး၍ ရေမချိုးတော့ဘဲ ကိုယ်လက်သုတ်သင်ပြီး အနားယူကြပါသည်။
ည(၇)နာရီခန့်တွင် ထောင်မှူးဦးထွန်းရီ စီစဉ်ပေးသော တောကောင်သားဟင်းမျိုးစုံဖြင့် ညစာထမင်းစားကြရာ အလွန်မြိန်သည်။ မျောက်ညိုသားက နူးညံ့၍ ချိုသည်။ ပွေးသားက အဆီများပြီး ဝက်သား အတိုင်းပင်။ ဖြူသားမှာ ဆူးတောင်များ နုတ်ထားသဖြင့် အခေါက်ပေါ် ၌ အချိုင့်ကလေးများဖြစ်နေပြီး အသားမှာ ကြက်သားကဲ့သို့ နူးညံ့လှသည်။ ဆေးဖက်ဝင်သော အသားများဖြစ်သည်။
ညစာစားပြီး ရေနွေးကြမ်းဝိုင်း၌ ကျွန်တော်တို့ စခန်းများအကြောင်း ပြောဆိုကြပြီး ည(၉)နာခန့်တွင် ခရီးပန်းလာသဖြင့် အိပ်ရာဝင်ကြရာ တစ်ခဏနှင့် အိပ်ပျော်သွားသည်။
ညဉ့် (၁၂)နာရီခန့် တစ်ရေးနိုးသောအချိန်တွင် လူသံသူသံ ဆူညံစွာဖြင့် သစ်ပင်လှဲသံ၊ သစ်ခုတ်သံတို့အား လမ်းနယ်ဘက်မှကြားရသည်။ နာရီဝက်ခန့်ကြာမှ အသံများ ပျောက်သွားသည်။
ညကြီးအချိန်မတော် မည်သူများလည်းမသိပါ။ အသံဆူညံနေသဖြင့် သစ်ခိုးသမားများတော့ မဖြစ်နိုင်။ သစ်ခိုးသမားဆိုလျှင်လည်း သစ်ပင်လှဲရန် အကြောင်းမရှိ။ လှဲပြီးသား ကျွန်းလုံးများအား အလွယ်တကူ ဖြတ်တောက်သယ်ဆောင်သွားရုံသာ ဖြစ်သည်။ လမ်းနယ်ပေ (၆၀၀) အတွင်း အဖိုးတန်သစ်လုံးများက လှဲပြီးအဆင်သင့်။
မနက်(၆)နာရီခန့် ကျွန်တော်တို့ အိပ်ရာကထကြပြီး မျက်နှာသစ်၍ ထမင်းကြော်နှင့် ရေနွေးကြမ်းကို ညကဟင်းကျန်ဖြင့် စားသောက်နေကြစဉ် ကျွန်တော်မှ
“ဆရာဦးထွန်းရီ ညက သစ်ခုတ်သံ၊ သစ်ပင်လှဲသံနဲ့ လူသံတွေ ဆူဆူညံညံကြားရတယ်။ ဘာဖြစ်တာလဲဆရာ”
“အဲဒီအသံတွေက ညစဉ် (၁၂)နာရီဆိုရင် ကြားရတဲ့အသံတွေပါ။ ပေ (၆၀၀) လမ်းနယ်ဘက်က အသံတွေထင်ပါရဲ့ဗျာ။ လူတွေဆိုရင် ညဉ့်သန်းခေါင်ကြီး ဘယ်သူက အလုပ်လုပ်မှာလဲ။ အသံတွေကြားရတဲ့နေရာကို ကျွန်တော်တို့အဖွဲ့ သွားကြည့်ပြီးပြီ။ သစ်ခိုးသမားတွေ ထင်လို့ပါ။
ဘာအရိပ်အယောင်မှ မမြင်ရဘူး။ အဲဒီအသံတွေ ကြားရတဲ့နေရာက လမ်းနယ်မြေပေ(၆ဝဝ)အပြောင် ရှင်းထားလို့ လှဲစရာ ဘာပင်မျှမရှိတော့ဘူး။ အဲဒီအသံတွေဟာ ကျွန် တော်တို့စခန်းရဲ့ ထူးခြားချက်တွေပဲ”
“ဟုတ်ပါရဲ့။ ဆရာတို့စခန်းက အတော်ထူးခြားတဲ့ စခန်းပါပဲ။ ကျွန်းပင်ကြီးပင်စည်ကို နွယ်ဖောက်ဝင်နေလို့ ကျွန်းတံစို့စခန်းခေါ် တာကိုက ထူးခြားနေတာ။ တခြား ဘာထူးတာတွေ ရှိသေးသလဲ ဆရာ”
“တခြားထူးခြားတာကတော့ ဒီစခန်းမှာ တောကောင်မျိုးစုံ နေ့တိုင်းရတယ်။ မုဆိုးက အမဲလိုက်လို့ရတာ မဟုတ်ဘူးနော်။ ရဲဘက်တွေ အလုပ်ဆင်းလို့ သွားရင်းလာရင်း ရကြတာ။ လဲနေတဲ့ သစ်တုံးတွေကြားမှာ တောကောင်မျိုးစုံက မှီခိုနေတာ။ ရဲဘက်ပဲ ဘာကောင်ကိုမှ ချမ်းသာပေးတာမဟုတ်ဘူး။
ရောက်စက ဒီစခန်းပတ်ဝန်းကျင်မှာ မြွေနဲ့ ဖား ပေါတယ်။ ဟော အခုတော့ မမြင်ရသလောက်ကို ဖြစ်သွားပြီ။ ဖွတ်၊ ပုတက်၊ ဖြူနဲ့ ပွေး ကတော့ ပေါတုန်းပဲ။ ကျွန်တော်တို့ကတော့ တောကောင်သား စားရလွန်းလို့ ညှီစော်တောင်နံနေပြီ”
“ကျွန်တော်တို့နေတဲ့ လျှော်တုန်းစခန်းက ဆရာတို့စခန်းထက် တောနက်ပါတယ်။ ဒါပေမဲ့ တောကောင်ရှားတယ်။ တောကြက်ဖနဲ့ ရစ်၊ ကြက်လောက်ပဲ တွေ့ရတယ်။ ချောင်းနဲ့နီးတော့ ငါးသေးငါးမွဲတော့ စားရပါတယ်”
“ကိုသိန်းဝင်း … အင်းစိန်ပြန်ဦးမှာ မဟုတ်လား။ ကျွန်တော် ပျားရည်လက်ဆောင်ပေးလိုက်ချင်လို့။ ဒီစခန်းမှာ ပျားရည်လည်း ပေါတယ်”
“ကျေးဇူးပဲ ဆရာ၊ ဆရာတို့ သစ်သယ်ကားတွေက လာပါဦးမလား။ မနက်(၈)နာရီတောင် ကျော်နေပြီ”
“အင်း … လာတော့လာမှာပါ။ မစောင့်နိုင်ရင်လည်း လျှောက်ကြဗျာ။ လမ်းမှာတွေ့တော့ တားစီးလိုက်ပေါ့။ အပြန်လည်း ဝင်ခဲ့ပါဦး”
“ဟုတ်ကဲ့ ဆရာ”
ကျွန်တော်တို့ ခရီးဆက်ခဲ့ကြရာ ရေနက်ကြီးစခန်းသို့ မနက် (၈)နာရီခန့်တွင်ရောက်သည်။ ထိုစခန်းတွင် ခေတ္တဝင်နားကြစဉ် အထက်သို့ တက်သွားသော သစ်တိုက်ကားများကို မြင်ရသည်။ ကျွန်တော်တို့ ခေတ္တနားကြပြီး စခန်းတာဝန်ခံ ဦးမြသွင်အား နှုတ်ဆက်၍ မင်းကုန်းစခန်းသို့ ဆက်၍ လှမ်းခဲ့ကြသည်။
မင်းကုန်းစခန်းနှင့် ရေနက်ကြီးစခန်းမှာ ကျွန်တော်တို့ရောက်စက သစ်တောဝါးတော အလွန်ထူထပ်သည်။ ကျားနှင့်ဆင်ပင် အလွန်ပေါများလှသည်။ ယခုတော့ လမ်းနယ်မြေ ပေ (၆၀၀)မှာ ပြောင်တလင်း ဖြစ်နေပြီး ဝါးပင်ပေါက်များသာ ရှိတော့သည်။
မနက်(၁၀)နာရီ မထိုးသေးသော်လည်း သစ်ရိပ်ဝါးရိပ်မရှိ၍ တက်နေမှာ လွန်စွာ ပူပြင်းလှသည်။
လမ်းမကြီးပြီး၍ အသွားအလာစည်ကားသွားသည်နှင့် ရိုးမတောကြီးများလည်း ပြုန်းတီးသွားမည်ဟု ကျွန်တော် မျှော်မှန်းမိသည်။ တောနေသတ္တဝါများလည်း ပျောက်ကွယ်သွားမည်မှာ အမှန်ပင် ဖြစ်လေတော့သတည်း။
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ