• July 3, 2025
  • admin
  • 0

ထွန်းတောက်
ရိုးမပေါ်က ရွက်ပုံးသီး

အသက်(၂၁)နှစ်အရွယ်ရှိ ငမဲဩသည် နာမည်နှင့်လိုက်အောင် အသားကမည်းသည်။ လူကောင်ကသေးသော်လည်း အသံက ကျယ်လောင်သည်။

ခန္ဓာကိုယ်ကကျစ်လစ်ခိုင်မာသည်။ အရပ် (၅)ပေ (၂)လက်မသာ ရှိသည်။

ဖုထစ်ကြွက်သားများက အမြောင်း အမြောင်းထလျက် ရှိသည်။ လူလုံးလူထည်နှင့်မလိုက်အောင် အား ကောင်းမောင်းသန်သည်။ နွားမဒန်းလေးတစ်ကောင်ကို ဦးချိုကိုင်ပြီး ဘိုင်းဘိုင်းကျ လှဲချပစ်နိုင်သည်။

(၁၆)ပြည် ဝင် ဆန်အိတ် (၂)အိတ်ကို လက်တစ်ဖက်စီပွေ့ ခါးတွင်ညှပ်၍ ကိုက်(၁ဝဝ) ခန့် သယ်ပိုးနိုင်သည်။

ငမဲဩ၏ အစွမ်းကား အံ့မခန်း။

သူ ငယ်စဉ်ကပင် မိဘများ ဆုံးပါးသွား၍ အဘိုးဖြစ်သူ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသည်။ သူတို့မြေးအဘိုးနှစ်ယောက် ပဲခူးရိုးမတောင်ခြေ လက်ပံရွာနှင့် (၁ဝ)မိုင်ကွာသော ခပေါင်းချောင်းဖျား တောင်ပေါ်တစ်နေရာတွင် တောင်ယာခုတ်၍ စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ စသည်တို့ စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်း ပြုသည်။

တောင်ယာထွက် ဟင်းသီးဟင်းရွက်များ ရံဖန်ရံခါ တောင်ခြေရွာများသို့လည်းကောင်း၊ ဝါးများခုတ် ဖောင်ဖွဲ့ ၊ ခပေါင်းချောင်းရိုးအတိုင်း စုန်ဆင်း (၂)ညအိပ် (၃)ရက်ခရီးဖြင့် တောင်ငူမြို့ပေါ်သို့လည်းကောင်း သွားရောက် ရောင်းချလေ့ရှိသည်။

ဟင်းသီးဟင်းရွက် ဝါးမျှစ် တောထွက်ပစ္စည်းများ သွားရောင်းလျှင် အဘိုးမပါ။ ငမဲဩ တစ်ယောက်တည်းသာ သွားလေ့ရှိသည်။

တောင်ပေါ်တောတွင်းသားလေး ငမဲဩကို ခပေါင်း ချောင်းရိုးတစ်လျှောက်ရှိ ရေလည်ခုံ၊ တဘက်ကွေ့၊ ပဲကြီးခုံ၊ ကုက္ကိုကုန်း၊ ရေလောင်းဘိုကုန်း၊ ကြက်ရိုးပင်၊ ကြက်တက်နေတစ်ပင်၊ ဂဲကြီး၊ ကင်းဆိပ် အစရှိရွာစဉ်က လူတွေအားလုံး သိကြသည်။

တောင်ပေါ်တောတွင်းသားမို့ မုဆိုးတစ်ပိုင်း၊ တောင်ယာတောလုပ်တစ်ပိုင်းမို့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့် သားကောင်အသားမျိုးစုံတို့ကိုလည်း သူထံမှ ရတတ်သည်။

တောတောင်ပေါ် ပျော်ရွှင်နေသော တောတွင်းသားလေး ငမဲဩမှာ လူရည်မလည်သော်လည်း စကားကကြွယ်သည်။ သူနဲ့တွေ့ ဆုံသူတိုင်း ခင်မင်သွားကြသည်။

ပစ္စည်းကိုဝယ်လျှင် ရောင်းသည်။ တောင်းလျှင် ပေးသည်။ ဒါတွေက အလကားရတာတွေချည်းပဲ။ ဘယ်သူ့ဆီကမှ ဝယ်ရခြင်းမရှိ။

အလေ့ကျပေါက် အပင်များမှ လည်းကောင်း၊ မိမိစိုက်ခင်းများမှ လည်းကောင်း၊ တောကောင်သားတို့သည်လည်း လက်ဖြစ်တွေမို့ ပေါပေါများများ ပေးနိုင်ပါသည်။

ထို့ကြောင့် ခပေါင်းချောင်းရိုးတစ်လျှောက် သူအားချစ်ခင်သူ ပေါများပေစွ။ တစ်လ တစ်ခေါက်တော့ မှန်မှန်ရောက်လာတတ်သည်။

xxx xxx xxx

အဘိုးဖြစ်သူ ဦးမူးထေးသည် ယခု အသက်(၇ဝ) ကျော်နေပေပြီ။ သို့သော် သွားနိုင်လာနိုင် ခရီးရှည်မိုင် တော်တော်များများကိုလည်း လျှောက်နိုင်သည်။

စပါးတစ်တင်းကျ တောင်ယာကိုတောင် ခုတ်ထွင်စိုက်ပျိုးနိုင်သေးသည်။ ဆူးထိုး အစေ့ချ စိုက်ပျိုးခြင်းဖြစ်၍ (၄)ဧက ခန့် ရှိမည်။

တောင်တစ်တောင်၊ တောတစ်တောခန့်ဖြစ်သည်။

စိုက်ထားသည့် စပါးများကို တောဝက်၊ ဆတ်၊ ဆင်တို့ တစ်ခါတစ်ရံ ဝင်တတ်သည်။ သို့သော် တောင်ယာခင်းသို့ မရောက်။ တောဝက်နှင့် ဆတ်တို့ကား ထောင်ထားသော ထောင်ချောက်များတွင် မိနေကျဖြစ်သည်။

တောဆင်ကိုတော့ သူတို့မြေးအဖိုး(၂)ယောက် ဝါးဆစ်ပိတ်များ မီးရှို့ဖောက်ခွဲကာ တောဆင်များကို တောင်ယာအနီးအနားအရောက်တွင် မောင်းထုတ်နိုင် သည်။

ထို့ကြောင့် သူတို့၏ တောင်ယာများအား တောတိရစ္ဆာန်များ အန္တရာယ်မှ လွတ်ကင်းလျက်ရှိသည်။

တစ်ခါတစ်ရံ မျောက်ညိုအုပ် မျောက်နီအုပ်တို့ ဝင်ရောက်ကာ စားသောက်ကြသေးသည်။ မျောက်များကိုတော့ ဒူးလေး၊ လင်းလေး၊ လောက်လေး စသည်တို့ဖြင့် ပစ်ခတ်ဖမ်းယူနိုင်သည်လည်း ရှိသည်။ ခြောက်လှန့် ထွက်ပြေးအောင်လည်း လုပ်ကြရသည်။

ဦးမူးထေး၏ ငယ်ဘဝအကြောင်း မသိရ။ လူများနှင့်တွေ့ဆုံခြင်း၊ စကားစမြည်ပြောဆိုမှု မရှိ။ တောတောင်များထဲတွင်သာ ဘဝကို မြှုပ်နှံထားသူဖြစ်သဖြင့် နားလည်ရခက်သောသူတစ်ဦးဟုသာ သိထားပါသည်။

မြေးဖြစ်သူကလည်း သူ့အကြောင်း ဘာတစ်ခုမှ မပြောပြ။ သူ့အကြောင်းနဲ့သူမို့ ရှိပါစေတော့။

ထိုမြေးအဖိုး(၂)ယောက်၏ ဘဝကား ချစ်စရာကောင်းသည်။ စိတ်ချမ်းမြေ့ဖွယ်ရာလည်း ကောင်းသည်။ သူတို့ အပူအပင်မရှိ။ တောတောင်ထဲ နေခြင်းက စိတ်ချမ်းမြေ့သည်ဟုသာ တွေးထားပုံရသည်။

တောတောင်တွေရဲ့အထာ၊ တောတွင်းသတ္တဝါတို့ရဲ့အမူအကျင့်၊ သူတို့အား ကိုင်တွယ်တားဆီးဖမ်းယူ နည်းမျိုးစုံကိုလည်း မြေးလေးကို တစ်ခုမကျန် သင်ပေးထားသည်ဟု ယုံကြည်ရသည်။

တောကျွမ်းသောပုဂ္ဂိုလ်သည် တောနှင့်ပင် သေကြရ သည်။ ရေကျွမ်းသောပုဂ္ဂိုလ်သည်လည်း ရေ၌ပင်ဘဝဇာတ်သိမ်းကြရသည်ဟု စာရေးသူ ခံစားမိသည်။

ဥပမာ အများအစားရှိသည် မဟုတ်ပါလား ။

xxx xxx xxx

တစ်နေ့သောအခါ ဦးမူးထေးသည် ကြီးမားသော ဝက်ဝံတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရစဉ် မြေးလေး ငမဲဩတစ်ယောက်တည်း အားကိုးရာမဲ့တစ်ဦးအဖြစ်သို့ ရောက်ရှိလေသည်။

သူ့အဖိုး ဦးမူးထေးကား ငယ်စဉ်က ဒီဝက်ဝံမျိုး မိနစ်ပိုင်းအတွင်း အနိုင်ယူနိုင်သည်။ သို့သော် ယခုမူ နေဝင်တောင်ကွယ် အင်အားလျော့ကျ လူအိုဘဝမို့ ထိုဝက်ဝံအား ယှဉ်ပြိုင်နိုင်ခြင်းမရှိ။ အဖော်မဲ့ မြေလေးကို တောတောင်ကြီးထဲတွင် တစ်ယောက်တည်း ထားခဲ့ရရှာလေတော့သည်။

အသက်အားဖြင့် (၂ဝ)ကျော်ပတ်ဝန်းကျင်သာ ရှိသေးသော ငမဲဩကား ထိုဝက်ဝံကြီးအား ကမ္ဘာမကြေ စစ်ကြေညာထားသည်။

“မင်းနဲ့ငါ တစ်နေ့ တွေ့ကြဦးမှာပေါ့ကွာ”

xxx xxx xxx

ထိုအချိန်မှစ၍ တုတ်ဓား၊ လက်နက်တိုရှည်၊ လှံတံကြီးငယ်၊ ဒူးလေး လင်းလေးတို့ထဲမှ အကောင်းဆုံး အကျွမ်းကျင်ဆုံး လက်နက်ကို ရွေးချယ်သည်။

ဤသည်ကား ရင်းတိုက်သား အနှစ်တစ်ထောင့်ထွာခန့်ကို လက်ဆုပ်အတွင်း သင့်လျော်မြဲမြံစွာ ကိုင်နိုင်သည့် အရွယ်အစားကို ချောမွတ်နေအောင် ပြုလုပ်ပြီးနောက် အဘိုးသင်ပေးထားသော အကွက်ပေါင်းမြောက်များစွာကို တစ်လတိတိ ဘယ်ကိုမှ မသွား။

နေ့စဉ် လေ့ကျင့်လျက် ပြင်ဆင်နေသည်။ စိတ်တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရန် ရေကသိုင်း၊ မီးကသိုင်း၊ နေကသိုင်း အစရှိသည်များ လေ့ကျင့်မှုကို စိတ်ကြိုက်အနေအထားသို့ ရောက်ရှိချိန်မှာ (၃)လတင်းတင်းပြည့်ခဲ့သည်။

ချောင်းရိုးတလျှောက် ငမဲဩကို စောင့်မျှော်နေကြသူများကလည်း မနည်းလှ။ ငမဲဩရဲ့တောတွင်းအ စားအသောက်များကိုလည်း သတိရနေကြသည်။ ထိုသူတို့အားလုံး ငမဲဩ၏အဖိုး ဦးမူးထေးကို မတွေ့ဖူးကြပေ။

ငမဲဩ ပြောပြထားသောကြောင့် ဦးမူးထေးဆိုသည့် အဘိုးအိုတစ်ယောက် ငမဲဩနှင့်အတူ ရှိနေကြောင်း ကိုတော့ သိထားကြသည်။

xxx xxx xxx

ကျွန်တော့်ဘကြီး ဦးချစ်၏ ဆင်(၄)ကောင်အုပ်သည် သားဖြစ်သူ မောင်တင်မောင် ခေါင်းခွဲထားရှိလျက် ရေလယ်ရွာတွင် စခန်းချ၊ ခပေါင်းချောင်းဖျားမှ သစ်များကို ရေမျှော၊ ရေလိုက် လုပ်ကိုင်လျက်ရှိသည်။

(၃)လလွန်မြောက် (၄)ရက်မြောက်သောနေ့တွင် ကျွန်တော်တို့၏ ဆင်စခန်းတည်ရာ ရေလည်ခုံရွာသို့ ခပေါင်းချောင်းရိုးအတိုင်း ဝါးဖောင်မျှော၍ ရောက်ရှိလာပါတော့သည်။ အစ်ကိုတင်မောင်မှ

“ငမဲဩ မင်းပျောက်နေတာ ကြာပြီ။ ဘာတွေများ အလုပ်ရှုပ်နေလို့လဲ”

“ရှုပ်ဆို အစ်ကိုရေ … လွန်ခဲ့တဲ့ (၃)လကျော် လောက်က အဘိုး ဝက်ဝံကြီးနဲ့တိုက်ခိုက်လို့ သေဆုံးသွားပြီ”

ဟု ညှိုးငယ်သော မျက်နှာ၊ ဝမ်းနည်းသည့်အသံတို့ဖြင့် ပြန်လည်ဖြေကြားပါသည်။

“ဟာ … ဒို့ စိတ်မကောင်းပါဘူး။ ဒါနဲ့ ဘယ်နေရာမှာလဲ”

“ကျောက်ချဉ်တောင်ထိပ်မှာပါ၊ ကျွန်တော်နဲ့ ဒီနှစ် ကျောက်ချဉ်တောင်မြောက်ဘက် ဆင်ခြေလျှောမှာ တောင်ယာခုတ်တယ်။ တောင်စောင်းတစ်ပြင်လုံးပဲဆိုပါတော့။ စပါးကလည်း ကောင်းလိုက်တာဗျာ။

အဲဒီနေ့က အဖိုးတစ်ယောက်တည်း ထွက်သွားတာ”

“မင်း မသိလိုက်ဘူးလားကွာ”

“အစ်ကိုရေ … ကျွန်တော်က စပါးခင်း တောင်ယာ လယ်မှာ ကြက်တူရွေးအုပ် ကျတယ်။ တောင်ယာတဲထဲက ကြိုးတန်းသွယ်ထားတဲ့ ဝါးလက်ခုပ်တွေကို တစ်ကြိုးပြီး တစ်ကြိုးဆွဲ၊ ကြက်တူရွေးအုပ်ကို ခြောက်လှန့်မောင်းထုတ်နေရတယ်။

ကြက်တူရွေးတွေကလည်း တစ်အုပ် တစ်အုပ် ကောင်ရေ (၃ဝဝ) (၄ဝဝ) ရှိတယ်။ ဝါးလက်ခုပ်ကြိုး ၁ဝ ကြိုး နာရီမခြား ဆွဲပေးနေရလို့ အဘိုးထွက်သွားတာ မသိလိုက်ဘူး။

ညနေ မှောင်စပျိုးတော့မှ အဲဒီအလုပ် ရပ်နားလိုက်ရတယ်။ လူနေတဲထဲ ပြန်လာပြီး ညစာစားဖို့ ထမင်းအိုး လှန်လှောကြည့်တော့ ဘာမှမချက်ထားဘူး။

အဘိုးကိုခေါ်တော့ အဘိုး မရှိဘူးဗျ။ ဒါနဲ့ ထမင်းချက်ပြီး တစ်ယောက်တည်း ထမင်းစားလိုက်တာပေါ့ဗျာ။ နောက်ရက်လည်း ပြန်မလာဘူး။ (၃)ရက် လောက် ပြန်ရောက်မလာတော့ ကျွန်တော် စိတ်ပူလာပြီး ဒါနဲ့ အော်ခေါ်လိုက်ရှာတယ်။

နောက်ဆုံး ကျောက်ချဉ်တောင်ထိပ် တက်ပြီး အခြေအနေကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တောင်ထိပ်ကို တက်သွားတယ်။

တောင်ထိပ် ကျောက်တုံးကြီးဘေးမှာ ယင်ကောင်တစ်လောင်းလောင်း ဒဏ်ရာတွေ ဗလပွနဲ့ အဘိုးရဲ့အ လောင်းကို တွေ့ရတော့တာပါပဲဗျာ”

ကိုတင်မောင်မှ …

“မင်းကွာ … ငါတို့ဆီ ဘာလို့ အကြောင်းမကြားတာလဲ”

“သေသွားပြီပဲဗျာ၊ အကြောင်းကြားတော့ကော ဘာမှ မထူးတော့ဘူးလေ။ အစ်ကိုတို့ကို ဒုက္ခပေးသလို ဖြစ်နေမှာပေါ့။

ကျွန်တော့်တစ်ယောက်တည်း မြေကြီးနက်နက်တူးပြီး မြှုပ်ပစ်လိုက်ရတယ်။ တောင်ယာထဲကိုတောင် မသယ်နိုင်တော့ပါဘူးဗျာ”

“ဒါနဲ့ ရက်လည်ဆွမ်းကုသိုလ်လေးကော လုပ်လိုက်သေးလား”

“အစ်ကိုရယ် … ကျွန်တော်နဲ့ အဘိုးက ဗုဒ္ဓဘာသာ ဝင်တွေဆိုတော့ ရှင်ပင်ကျောက်ဆောင် ဘုရားကုန်းက ဘုန်းဘုန်းတစ်ပါးပဲ ရှိတာလေ။ ဆရာတော်ကိုသွားလျှောက်ပြီး ဆရာတော်ရဲ့ အစီအစဉ်အတိုင်းတော့ လုပ်ခဲ့ပါတယ်။

ကျွန်တော်နေတာက တစ်ယောက်တည်း။ ရွာနဲ့လည်းမနီးလို့ ရှင်ပင်ကျောက်ဆောင် ဘုရားခန်းထဲမှာပဲ ကုသိုလ်ကောင်းမှု ပြုခဲ့ပါတယ်”

“ကောင်းပါပြီ ညီလေး။ ညီလေးရဲ့ အဘိုးနဲ့ ဝက်ဝံကြီးတို့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတာကို စိတ်မကောင်း ဝမ်းနည်းရပေမဲ့ အဲဒီဝက်ဝံကြီးနဲ ညီလေးတို့ရဲ့တစ်ဦးချင် တိုက်ပွဲကိုတော့ အစ်ကိုတို့ကို ပြောပြနိုင်မလား။

တစ်ရာတစ်ယောက်၊ တစ်သောင်းတစ်ယောက်၊ တစ်သိန်းတစ်ယောက်တောင် ရှိခဲ့ဖူးတဲ့ မင်းနဲ့ ဝက်ဝံ တိုက်ပွဲလေးကိုတော့ အစ်ကိုတို့ နားထောင်ချင်တယ်။ ဂုဏ်ပြုချင်တယ် ငါ့ညီရာ”

“ဒီလိုအစ်ကို ။ ကျွန်တော် ကိုယ်ခံပညာကို အကောင်းဆုံး၊ စိတ်အချဆုံး ပြင်ဆင်ပြီး ကျွန်တော်အကျွမ်းကျင်ဆုံးလက်နက် ရင်းတိုက်နှစ်တုတ်တိုနှစ်ချောင်း ခါးထိုးပြီး ကျောက်ချဉ်တောင်ထိပ် အဘိုးမြေမြှုပ်ထားတဲ့ မြေပုံကလေးပေါ်မှာ အဘိုးကြိုက်တဲ့ အရက်ဖြူတစ်ပုလင်းနဲ့ တောကြက်ကြော်တစ်ကောင်ကိုတင်ပြီး အဘိုးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဝက်ဝံကြီးကို ဒီနေ့အပြီး အနိုင်ကလဲ့စားချေဖို့ ဆုတောင်းလိုက်တယ်။

ပြီးမှ ဝက်ဝံကြီးကို ရှာတော့တာပဲဗျို့။

ကြာကြာ မရှာလိုက်ပါဘူး။ ဝက်ဝံကြီးက တောင်ထိပ် ခေါင်ကမ်ပါးယံမှာ တွယ်ကပ်ပေါက်နေတဲ့ ကညင်ပင်ကြီးပေါ်က ပျားအုံ(၃)အုံကို တက်စားနေတာဗျာ။ သူ့နောက်မှာ ဝက်ဝံလေးတစ်ကောင်က ဝက်ဝံကြီး နောက်ပြန်ပေးလိုက်တဲ့ ပျားသလက်ကို ယူစား၊ ကုန်သွားပြန်တော့ ဝက်ဝံကြီးခါးကို တို့လိုက်နဲ့ ဝက်ဝံကြီးက ပေးလိုက်နဲ့ နာရီဝက်ကျော်ကျော် ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်တယ်။

ကျွန်တော် သစ်ပင်နဲ့ မနီးမဝေး ခြုံကလေးထဲက ကြည့်နေတာဗျ။ အော် သူ့မှာလည်း သားလေးတစ်ကောင် ရှိနေပါလား။ ငါ သူ့ကို အနိုင်ယူ သတ်လိုက်ရင် ဝက်ဝံလေးတစ်ကောင်တည်း ကျန်ခဲ့တော့မှာပဲလို့ စဉ်းစားပြီး အဲဒီနေ့ အစီအစဉ် ပျက်သွားတယ်။

ဒါနဲ့ ကျွန်တော် တောင်ယာကို ပြန်တယ်။ ညနေ ထမင်း ဟင်းချက်အပြီး အိပ်ယာဝင်၊ နဖူးပေါ်လက်တင် စဉ်းစားခန်းဝင်တော့တာပဲ အစ်ကိုရေ”

“အဲဒီအစဉ်အစဉ် ဖျက်လိုက်တော့ မင်းနဲ့ ဝက်ဝံကြီးရဲ့ တိုက်ပွဲ မလုပ်တော့ဘူးဆိုတဲ့ သဘောလားကွ”

ဟု ကိုတင်မောင်က မေး၏။

“အဲဒီလိုမဟုတ်ဘူးဗျ။ ကျွန်တော် ခံပြင်းစိတ်ဆိုး နေတာတွေကြောင့် ညသန်းခေါင်ကျော်အထိ အိပ်မပျော်ခဲ့ပါဘူးဗျာ။

ဘာပဲဖြစ်ဖြစ် ငါ့အဘိုးရဲ့ကလဲ့စား ချေပေးမှဖြစ်မယ်။ ငါ တာဝန်မကျေရာ ရောက်မယ်။ ဒီတော့ မနက်ဖြန် ဒီဝက်ဝံကြီးကို တိုက်ဖြစ်အောင်တိုက်မယ်၊ ငါနိုင်ရမယ်၊ ဝက်ဝံလေးကတော့ ငါ့လိုပဲ ကမ္မသကာပေါ့လို့။

ကျွန်တော် စဉ်းစားပြီး မနက်လင်းတာနဲ့ ကျောက်ချဉ်တောင်ပေါ်ပြန်တက်ပြန်ရော။

ဒီနေ့တော့ ဝက်ဝံကြီး တစ်ကောင်တည်းဗျာ။ ဟိုနေ့ကတွေ့ခဲ့တဲ့ ဝက်ဝံကလေးက သူ့ကလေးမှ မဟုတ်တာ။ အခြားဝက်ဝံအဖော်ဖြစ်မှာပါဆိုတဲ့ အတွေးနဲ့ ကျွန်တော့်အစီအစဉ် စတော့တာပဲ အစ်ကိုရ။

ဝက်ဝံကြီးမှာ ပျားစည်ပင်ကြီးကိုမှီပြီး အိပ်နေလိုက်တာ”

“ရှယး … ဂရှူး … ဂရှူး”

ဝက်ဝံကြီး ဟောက်နေတဲ့အသံက တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကျောက်ချဉ်တောင် တစ်တောင်လုံး ဆူညံပျံ့နှံ့နေသည်။ ပျားသလက်တွေ စား စားပြီး ဗိုက်ပြည့် ဇိမ်ရစ်နေပုံရသည်။

ငမဲဩကလည်း ခြံပုတ်အကွယ် နောက်နားမှာ ကိုယ်ခံပညာ တုတ်သိုင်းကွက်ကို အပြင်းအထန်လေ့ကျင့်လျက် သွေးပူအောင် နှိုးဆွနေသည်။

ခန္ဓာကိုယ်ကြွက်သားတို့ ဖူးရောင်တင်းကားလာသည့် အချိန်ပိုင်းသို့ ရောက်ရှိပြီး စိတ်အားအမြင့်ဆုံးအချိန်သို့ ရောက်သည်နှင့် ခြုံပုတ်အပြင်သို့ ထွက်၍ ကျောက်ခဲတစ်လုံး ကောက်ယူပြီး ဝက်ဝံကြီးအား ပစ်ပေါက်လိုက်သည်။

ခဲတစ်ပစ်သာသာရှိ အိပ်မောကျနေသော ဝက်ဝံကြီး၏ အဖြူရောင်လခြမ်းပုံ ရင်ဘတ်ကြီးအား ထိမှန်လေရာ “ဘုတ်”ဟု မြည်သံနှင့်အတူ “ဂရှူး ရှူး ရှူး” စိတ်ဆိုးမာန်ဆိုးဖြင့် လက်နှစ်ဖက်ကို ရင်ဝသို့ စည်တီးသလို တီးထုလေတော့သည်။

ငမဲဩ ပစ်လိုက်သည့်ခဲ ထိမှန်ချက်သည်လည်း ပြင်းထန်လှသည်။ သာမန်သတ္တဝါငယ်များဆိုလျှင် ထိုနေရာတွင် မလှုပ်မယှက် ဇီဝိန်ကြွေသွားသည်အထိ ဖြစ်သည်။

သို့သော် ကြီးမားသည့် ခန္ဓာကိုယ်နှင့် ခွန်အားပြည့်စုံသည့် ဝက်ဝံကြီးမှာမူ သူတို့၏ လျှို့ဝှက်ချက် အမွေးပါးရင်အုံဖြစ်သည်အတွက် အလွန်နာကျင်သွားခြင်းသာ ဖြစ်သည်။

ဝက်ဝံတို့၏ လျှို့ဝှက်ချက်ကို ကောင်းစွာသိထားသော ငမဲဩသည် ဝက်ဝံကြီး ဒေါသ အဆမတန် ထွက်နေချိန်တွင် ဝက်ဝံကြီးအနားသို့ လေးညှို့မှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ တိုးဝင်ရောက်ရှိသွားရာ ဝက်ဝံကြီးမှာ မျက်နှာလွှဲ၍ သန်မာသော လက်နှစ်ချောင်း ဆန့်တန်းလျက် ချွန်ထက်သော လက်သည်းကြီးများထုတ်ကာ ပြေးဝင်လာသည်။

ငမဲဩမှာလည်း “ငါ့အဘိုးအတွက် မင်း ဒီနေ့ အကြွေးဆပ်ပေတော့”ဟု ဆိုကာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ရင်းတိုက်တုတ်တိုတစ်ချောင်းဖြင့် ဝက်ဝံကြီး၏ နှာခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်ချပြီး ကျန်တစ်ချောင်းမှာမူ ဝက်ဝံကြီး၏ ဖြူဖွေးသော အမွေးတို့ဖြင့် ဖွဲ့စည်းထားသည့် အပျော့ဆုံးရင်အုံကို အားကုန်ထိုးစိုက်လိုက်ရာ ဝက်ဝံကြီးမှာ ဟန်ချက်လွဲပြီး ဘယ်ဘက်သို့ ငိုက်ကျသွားလေသည်။

ထို့နောက် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပါတော့သည်။

ဝက်ဝံများသည် ရင်ဘတ်ရှိ လခြမ်းပုံ အမွေးဖြူနုများဖြင့် ဖွဲ့စည်းထားပြီး အမဲရောင်အမွှေးကြမ်းအရှည်တို့ဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းနေသည်။

ထိုအနက်ရောင် မွေးရှည်များ သိပ်သည်းစွာပေါက်နေသည့်အတွက် မည်မျှ ချွန်ထက်သောဓားချွန်ပင်ဖြစ်စေ ထိုးဝင်ဖြတ်တောက်နိုင်ခြင်း မရှိ။ အနုဆုံးနှာခေါင်းအနီးတစ်ဝိုက် အမွှေးရှည်အပင်များ မရှိ၍ ရန်သူနှင့် တွေ့ဆုံသည့်အခါတိုင်း မျက်နှာလွှဲလျက် ခုခံတိုက်ခိုက်ကြသည်။

ကြီးမားသော ခန္ဓာကိုယ်ပိုင်ဆိုင်ထားကြသော်လည်း မည်သည့်အတွက်ကြောင့် လူသားတို့၏ စူးရှတောက်ပြောင်သော မျက်လုံးကို ရင်ဆိုင်ခြင်းမရှိသည်ကို သိရှိထားသူ ကျွမ်းကျင်မုဆိုးတို့သည် ထိုဝက်ဝံကြီးများနှင့် ကြိုတင်စီမံတိုက်ခိုက်သည့်အခါ မိနစ်ပိုင်းအတွင်း အနိုင်ယူတိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

သာမန်လူသားတို့အဖို့ ဝက်ဝံကြီးများနှင့် တွေ့ဆုံတိုက်ခိုက်ကြပါလျှင် သူတို့၏ ချွန်ထက်သော သွား၊ ကြံ့ခိုင်သည့် ခွန်အား၊ သန်မာထက်ရှသော လက်သည်းများဒဏ်ကို ခံနိုင်စွမ်းမရှိ အသက်ပေး၍ ရှုံးနိမ့်ကြသည်ချည်းသာ။

လေ့ကျင့်အားကောင်းပြီး ကျွမ်းကျင်လှသော တောတွင်း တောင်ပေါ်သားလေး ငမဲဩသည် အတွင်းအားစုစည်းမှုဖြင့် ထွက်ရှိလာသည့် မာကြောပြင်းထန်သည့် ရိုက်ချက်၊ ရင်ဝသို့ ထိုးစိုက်နိုင်မှု တစ်ချက်စီဖြင့် ခံစားရရှိခဲ့သော အတွင်းကြေဒဏ်ရာဖြင့် ဝက်ဝံကြီး မိနစ်ပိုင်းအတွင်း အရှုံးနှင့်ရင်ဆိုင်ကာ အသက်ကိုပင် ပေးလိုက်ရတော့သည်။

လွန်ခဲ့သော (၅၂)နှစ်ခန့်က လက်တွေ့တိုက်ခိုက် အနိုင်ယူနိုင်ခဲ့သော တောတွင်းတောင်ပေါ်နေ ငမဲဩ၏ ပြန်လည်ပြောပြချက် စကားစုများကို မှတ်မိသရွေ့ ဤဇာတ်လမ်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြု တင်ပြအပ်ပါကြောင်း . . . . ။

– ပြီး –

စာရေးသူ – ထွန်းတောက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *