ဗန္တရဝင်း

••••••••••••••••••••••••••
စောစံဖိုးအေးကို ကရင်လား မမေးနှင့်။ ကရင်မှ ကရင်အစစ်။ ရင်အုပ်ကျယ်ကျယ် မေးရိုးကားကား၊ ဗလကောင်းကောင်း၊ လက်မောင်းလက်ဆစ် တုတ်ခိုင်ကျစ်လစ်၍ ကြံ့ခိုင်သောခန္ဓာကိုယ်ကြီးမှာ ယောက်ျားပီသလှသည်။ သတ္တိကလည်း အလွန်ကောင်းသည်။ သူသည် ဝင်းကန်ကျေးရွာဇာတိ ဖြစ်သည်။

သူ၏ဝါသနာမှာ တောသို့သွား၍ ယုန်ထောင်ခြင်း၊ ခါ ထောင်ခြင်း၊တောကြက်ထောင်ခြင်း အလုပ်တို့ဖြင့် ကျင်လည်ကျက်စားကာ ဟင်းစားရှာလေ့ ရှိသည်။ သူ့အဘို့ တောကျွမ်းသူ ဖြစ်သဖြင့် သူတို့ရွာ သူတို့တောသည် မည်မျှပင် တောနက်စေကာမူ သွားတတ်လာတတ် ရှိသည်။ သူ့အဘို့ တောထဲတွင် မျက်စိလယ် လမ်းမှားစရာ အကြောင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ့အိမ်တွင် ခွေးတစ်ကောင်မွေးထားသည်။ သူသွားလေရာနောက်မှာ ခွေးက အမြဲပါလာတတ်သည်။ ခွေးကလည်း အလွန်လိမ္မာသည်။ သခင်မှန်းသိသည်။ အမြဲလိုလို သူ့သခင် ဟင်းစားရရှိရေးအတွက် အကူအညီ ပေးတတ်လေသည်။

စောစံဖိုးအေးအဘို့ ဘယ်တော့မှ မေ့မရနိုင်သော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဖြစ်ရပ်မှာ ၁၉၈၈ ခုနှစ် နိုဝင်ဘာလက ဖြစ်သည်။ မြန်မာအနေအားဖြင့် နတ်တော်လပြည့်ကျော် (၇) ရက်ဖြစ်သည်။

ထိုနေ့က စောစံဖိုးအေးသည် သူ့အိမ်တွင် မွေးထား သော ခွေးကိုခေါ်၍ ယုန်ထောင်ရန် ထွက်လာခဲ့သည်။ သူ့လက်ထဲတွင် ကိုင်းခုတ်ဓားတစ်ချောင်းလည်းပါသည်။

စောစံဖိုးအေး တောလိုက်ထွက်နေကျနေရာမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့အပိုင် ဝင်းကန်ကျေးရွာအနီးတစ်ဝိုက်ရှိ တောအုပ်တွင်ဖြစ်သည်။

ထိုတောကြီးမှာ အလွန်တရာနက်ရှိုင်း၍ သစ်ပင်ကြီးသစ်ပင်ငယ်တို့ ထူထပ်သိပ်သည်း အရိပ်ကြီးများအုပ်ဆိုင်းလျှက်ဖြာ အေးရိပ်သာလှပေသည်။

အရှေ့ရိုးမတောင်ကြောနှင့် နီးသည်။ အထူးသဖြင့် ဝါးတောကြီးများလည်း ရှိသည်။

တောဆိုသည်မှာ တော၏သဘာဝအတိုင်း စိမ့်စမ်းစွေသွန်ရေတံခွန်နှင့် ဟေဝန်မြိုင်နန်း ပွင့်သည့်ပန်းတို့ကလည်း တော၏ ကျက်သရေ အလှဝေနေပါသည်။

ဤမျှနက်ရှိုင်းထူထပ်သော တောကြီးထဲတွင် ဖွတ်၊ ပဒတ်၊ ယုန်ငယ်၊ သမင်၊ ဒရယ်၊ ဂျီငယ်၊ စိုင်၊ ဆတ်သာမက ကျားနှင့် ဆင်တို့ကိုလည်း တွေ့ရသည်။ တောဆိုသည်မှာ သားရဲတိရစ္ဆာန်တို့ ခိုအောင်းမွေ့ပျော်ရာဖြစ်သည်။ သားကောင်ဆိုသည်မှာလည်း တစ်ဦးကို တစ်ဦး နိုင်ရာစား ဖြစ်ကြသဖြင့် အားငယ်သူက အားကြီးသူကို တိမ်းရှောင်ပုန်းအောင်းနေကြရပေသည်။

စောစံဖိုးအေးသည် တောနက်တစ်နေရာသို့ ရောက်သောအခါ ယုန်ထောင်ရန်နေရာကို ရွေးနေစဉ် သူ့နောက်ကပါလာသော ခွေးသည် ဟိုဟိုသည်သည်လိုက်၍ အနံ့ခံသည်။

ထိုအချိန်တွင် ကျားသည် ခွေးကိုမြင်၍ အတင်းလိုက်သည်။ ခွေးသည် ကျားဘေးရန်မှ ကင်းဝေးအောင် သခင်ရှိရာသို့ အတင်းပြေးလေသည်။

နောက်ကလိုက်လာသော ကျားသည် လူကိုမြင်လိုက်သဖြင့် အခြားလမ်းဘက်မှ ကွေ့ရှောင်သွားသည်။

ခွေးသည် သခင်ရှိရာသို့ ရောက်သောအခါ စိုးရိမ်ထိတ်လန့်သော ကြောက်စိတ်တို့ဖြင့် တကိန်ကိန် မြည်နေလေသည်။

သခင်ဖြစ်သူလည်း တောင်မြောက်လေးပါးကို ဟိုဟိုဒီဒီကြည့်ရှုသောအခါ မည်သည့်အရိပ်အယောင်မျှ မတွေ့ရှိရပေ။ တစ်ခုခုတော့ဖြစ်ပြီဆိုသည်ကို သိလိုက်သည်။ သတိဝီရိယတော့ မလွတ်အောင်ထားလိုက်သည်။

ထို့နောက် သူလုပ်စရာရှိသော ယုန်ထောင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေလေသည်။

အတန်ကြာအောင် ဘာအရိပ်အရောင်မှ မမြင်ရဘဲ ရှိနေပြီးမှ ချုံပုတ်ထဲက မျက်လုံးကြီးအပြူးသားနှင့် ခေါင်းကြီးပြူထွက်လာကာ ခွေးကိုလှမ်းဆွဲလိုက်သည်။

ထိုအချိန်က ခွေးသည် အမှတ်တမဲ့ ချုံပုတ်နားတွင် သူ့သခင်လုပ်သောအလုပ်ကို ရပ်ကြည့်နေခြင်းဖြစ်ခိုက် အငိုက်မိသွားခြင်းဖြစ်သည်။ ခွေးသည် ကြောက်အား လန့်အားနှင့် ငယ်သံပါအောင် အော်ဟစ်ရုန်းကန်ရင်း ပါသွားရှာလေတော့သည်။

စောဖိုးစံအေးသည် ယုန်ထောင်နေခြင်းအပေါ် စိတ်ရောက်နေရာမှ ကြောက်လန့်ကြီးစွာဖြင့် အော်လိုက်သည့် သူ့ခွေး၏အသံကို ကြားလိုက်ရသောအခါ ဖြတ်ကနဲ နောက်သို့ အမြန်ဆုံးကြည့်လိုက်၏။

ထိုအခါ ကျားဟပ်လိုက်သောကြောင့် ခွေး၏ နောက် ခြေနှစ်ဘက် ကျားပါးစပ်ထဲသို့ ရောက်နေသည့်အဖြစ်ကို မြင်လိုက်ရ၍ စောစံဖိုးအေး ကိုင်းခုတ်ဓားကို မြဲမြဲဆုပ်ကာ ကျားနှင့်ရင်ဆိုင်ရန်အတွက် ထရပ်လိုက်သည်။

ကျားကလည်း စောစံဖိုးအေး၏ လျင်မြန်သောလှုပ်ရှားမှုကို ကြည့်ကာ ရုတ်တရက် လန့်သွားပြီးလျင် ကိုက်ဆွဲထားသည့် ခွေးကို ရုတ်ချည်းလွှတ်လိုက်ကာ ခြေတစ်လှမ်း နောက်ဘက်သို့ဆုတ်ပြီး စောစံဖိုးအေးကို အကဲခတ်နေသလို သူ့မျက်လုံးနှစ်လုံးကို စွေဆောင်းလျက် စူးစူးစိုက်စိုက် ကြည့်သည်။ ကျားပါးစပ်ထဲမှ လွတ်လာသည့် ခွေးကလည်း သူ့သခင်နောက်သို့ ပြေးကပ်ခိုဝင်သွားပြီးလျှင် သူ့သခင်နည်းတူ သူကလည်း ကျားကို မမှိတ်မသုံ ကြည့်လျက်ရှိ၏။

စောစံဖိုးအေးက စဉ်းစားသည်။ ဤကျားသည် လူနှင့် ရင်ဆိုင်တိုက်ဖူးဟန် မရှိ။ သူသည် လူကိုမြင်သည်နှင့် ကြောက်စိတ်ဝင်ဟန်ရှိနေသည်ဟု တွေးကာ ကျားကို ခပ်တည်တည် ပြန်ကြည့်လိုက်သည်။ သူတို့အချင်းချင်းအကွက်ချောင်း၍ အလစ်စောင့်နေခြင်း ဖြစ်လေသည်။

လူရပ်ကြည့်နေသော နေရာမှာ ရှေ့က သစ်ပင်တစ်ပင်က အနီးကပ်ရှိနေသည်။ ကျားသည် တအားကုန် လွှားကနဲ လူကို ဖမ်းအုပ်လိုက်ရာ လူက ကိုင်းခုတ်ဓားကိုရမ်းပြီး သစ်ပင်ကို အကာအကွယ်ယူလိုက်သည်။

ကျားသည် အရှိန်ပြင်းစွာ ခုန်လိုက်ရာ လူကိုမမိဘဲ သစ်ပင်နှင့်ဦးခေါင်း တအားကုန်ပြေးဆောင့်သလို ဖြစ်သွားသည်။ သည်တစ်ခါတော့ ကျားသည် ရမ်းပုံမီးကျ တားမရ ဆီးမနိုင်အောင် ဒေါသကြီးလာလေတော့သည်။

နဂိုက သူ့ဦးခေါင်းကို လူက ခုတ်ထားသော ဓားဒဏ်ရာက ရှိနေသည့်အထဲ သစ်ပင်နှင့် ဝင်ဆောင့်လိုက်သဖြင့် သွေးများ တအားကုန်ဖြာ၍ ဆင်းကျလာလေသည်။

သည်အချိန်မှာ လူသည် တအားတက်လာကာ သစ်ပင် ကွယ်မှထွက်လာပြီး ကျား၏ဦးခေါင်းကို ကိုင်းခုတ်ဓားဖြင့် ပိုင်းခုတ်ဟန် ပြင်လိုက်စဉ် မာန်ဖီနေသော ကျားကြီးသည် လူအပေါ်ကို တအားကုန် လှမ်းခုန်လိုက်သည်။

သည်တစ်ခါတော့ လူသည် မည်သို့မျှ တိမ်းရှောင်၍မရတော့သဖြင့် လက်ဝဲလက်ဖြင့် ဆီးခံလိုက်သည်။ ကျားသည် လူ၏လက်ဝဲလက်ကို အမိ ဖမ်းကိုက်လိုက်သည်။ လူသည် ကျားပါးစပ်ထဲက လက်ကို အတင်းဆွဲထုတ်သော်လည်း ဆွဲထုတ်၍မရဘဲ ရှိနေလေသည်။

ထိုအခါ ကျား၏ ဦးခေါင်းကို လက်ယာဘက်လက်က ကိုင်းခုတ်ဓားဖြင့် အဆက်မပြတ် အချက်ပေါင်းများစွာ ခုတ်သတ်လေသည်။

ကျားနှင့် လူသည် သူတပြန် ငါတပြန် အကြိတ်အနယ်တိုက်ပွဲဝင်နေကြလေသည်။

ခွေးကလည်း သစ္စာရှိသည်။ အသက်ဘေးမှ လွတ်သွား ခဲ့သော်လည်း ထွက်မပြေးသွားဘဲ သူ့သခင်ကို ကိုက်ခဲထားသော ကျားကို နောက်မှနေ၍ အမြီးကို တအားဆွဲ၍ ကိုက်ထားသည်။

ကျားနာသည် အမြီးကို တအားကုန် လှုပ်ရမ်းလိုက်ရာ ခွေးသည် တစ်နေရာသို့ ဂိန်ကနဲနေအောင် လွင့်ထွက်သွားလေသည်။ သို့သော်လည်း ခွေးသည် အားမလျှော့ဘဲ သူ့သခင်၏အသက်ကို ကယ်ဆယ်ရန် အတင်းပြေးလာပြီး ကျား၏ခြေထောက်ကို ကိုက်ထားပြန်လေသည်။

ကျားသည် ခွေးကိုက်ထားသော ခြေထောက်ကို အတင်းရုန်းကန်လှုပ်ရှား၍ ကန်ထုတ်သော်လည်း ခွေးက လက်ဝဲဘက်ခြေ လွတ်သွားလျှင် ညာဘက်ခြေကို လိုက် ကိုက်ပြန်သည်။ ခွေးက တအားကိုက်ထားသဖြင့် အလွန်နာကျင်၍ နေလေသည်။

စောစံဖိုးအေးမှာ ကျား၏ပါးစပ်ထဲမှလက်ကို ရုန်း၍ ထုတ်သော်လည်းမရ။ ကျား၏ ဦးခေါင်းကို အဆက်မပြတ် ခပ်ပြင်းပြင်း ဓားနှင့်ခုတ်လေလေဖြစ်နေတော့သည်။ ကြာတော့လည်း ကျား၏ ဦးခေါင်းသည် ဒဏ်ရာဒဏ်ချက်တွေ များနေသဖြင့် မခံမရပ်နိုင် အောင်ဖြစ်ကာ ဦးခေါင်းကွဲ၍ မြေကြီးပေါ်သို့ ငိုက်လဲကျသွားလေသည်။

ကျားသည် ဒေါသမာန်ကြီးလွန်းအားကြီးနေသဖြင့် မြေကြီးပေါ်တွင် ဆန့်ငင်ဆန့်ငင်နှင့် အသက်ပြင်းနေသည်။ သို့သော်လည်း မကြာတော့ပါ။ မျက်လုံးကြီးအပြူးသားနှင့် အသက်ထွက်သွားလေသည်။

ကျားကြီး သေသည့်တိုင်အောင် စောစံဖိုးအေး၏ လက်ကြီးမှာ ရုတ်တရက် ကျားပါးစပ်ထဲမှ ဆွဲထုတ်မရဖြစ်နေသည်။ ခွေးသည် ကျားသေကြီးကိုကြည့်၍ အဆက်မပြတ် ကျယ်လောင်စွာ ဟောင်နေလေသည်။

ထိုအချိန်တွင် တောတွင်းမှ ဟင်းစားရှာသူ တောလိုက်သမားတို့က အသံကြားသဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။ ရွာသားတို့ကလည်း စောစံဖိုးအေးမှန်းသိသဖြင့် အမြန်ဆုံးပွေ့ဖက်ကာ ကျား၏ ပါးစပ်တွင်းရောက်နေသော လက်ကို ဆွဲထုတ်ကြရလေသည်။ ကျားပါးစပ်ထဲမှ ဆွဲထုတ်ယူသည်ဆိုသော်လည်း ကျားကို သေသေချာချာကြည့်ပြီးမှ ရွာသားတစ်ယောက်က သတ္တိရှိရှိဖြင့် ကျားပါးစပ်ကြီးကို ဖြဲထားလိုက်သည်။ တစ်ယောက်က ဆွဲထုတ်လိုက်ခြင်းဖြင့် လွတ်မြောက်သွားလေသည်။

စောစံဖိုးအေးလည်း သွေးထွက်လွန်နေသော ဒဏ်ရာကြောင့် ရုတ်တရက် မထနိုင်ဘဲ ဖြစ်သွားသည်။
မောပန်းနွမ်းနယ်လျှက် ရှိနေလေသည်။

ရွာသားတစ်ယောက်က ရွာသို့အပြေးအလွှားသွား၍ လှည်းခေါ်လေသည်။ ကျန်ခဲ့သော ရွာသားနှစ်ယောက်က စောစံဖိုးအေးကို မ,ချီသယ်လာရာ လမ်းခုလပ်တွင် လှည်းနှင့်တွေ့သဖြင့် ရွာအရောက်တင်ဆောင်ခဲ့လေသည်။

ရွာသို့ရောက်ရောက်ချင်း ထိုလှည်းနှင့်ပင် ကျိုက်ထိုဆေးရုံသို့ အမြန်ဆုံး သွားရောက်ပို့ဆောင်ကြလေသည်။ ထို့နောက် တောထဲတွင်ရှိသော ကျားသေကြီးကို လည်း ရွာကလှည်းတစ်စီးဖြင့် သွားရောက်သယ်ဆောင်ကြလေသည်။

ကျားကြီးမှာ အလျားအတောင်အားဖြင့် ခြောက်တောင်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ကျားမှာ အထီးဖြစ်သည်။ ရွာကလူများမှာ ထိုကျားကြီး သေသွားသည်ကို အလွန်ဝမ်းသာနေကြသည်။

မကြာမီကပင် ရွာနားမှ နွားများကို လာဆွဲသွားသောကျားသည် ဤကျားပင်ဖြစ်မည်ဟု ယူဆကြလေသည်။

ရွာသားများ ကျားသေကို လှည်းဖြင့် ယူဆောင်လာစဉ် တောတွင်းမှ သားကောင်များသည်ကြောက်လန့်တကြား ပြေးလွှားကြသည်။

မကြာမီမှာပင် ဆင်တစ်ကောင်သည် မုန်ယိုပြီး တောထဲ မှ ထွက်လာသည်ကို တွေ့ကြရသည်။ ဆင်မှာ သစ်ထုတ်လုပ်ရေးမှလဆင်ဖြစ်ဟန်တူသည်။ မည်သို့မည်ပုံဖြစ်မှန်းမသိ မုန်ယိုနေသည်။

လှည်းသမားကလည်း ဆင်ဘေးမှလွတ်အောင် လှည်းကိုအမြန်ဆုံး ဒုန်းစိုင်း၍ မောင်းနေလေတော့သည်။

ဆင်သည် မုန်ယိုပြီး ဝါးပင်များကိုသာမက ဒေါသကြီးစွာဖြင့် အလွန်မာကြောသော ပျဉ်းကတိုးပင်ကြီးကို အစွယ်နှင့် ထိုးမိလေသည်။ အစွယ်ဖျားသည် သစ်ပင်နှင့်တိုက်မိပြီး ကျိုးပဲ့သွားလေသည်။ နောက်မှလိုက်လာသော ဆင်ဦးစီးလည်း မည်သို့မျှ မတတ်နိုင်ဘဲ အဝေးကပင် ကြည့်နေရသည်။

ဆင်ကြီးသည် ကျယ်လောင်သော အသံကြီးဖြင့်အော်ဟစ်ကာ တောတွင်းသို့ ပြန်လှည့်ပြေးဝင်သွားလေသည်။

ကျားသေကိုတင်သော လှည်းကို ဆွဲလာကြသော ရွာသားများလည်း တထိတ်ထိတ် တလန့်လန့်ဖြင့် ရွာသို့ ရောက်ရှိလာခဲ့ကြလေသည်။ ရွာသို့ရောက်သောအခါ ကျားသေကိုအလျင်အမြန် လှည်းပေါ်မှချလိုက်သည်။

ဝင်းကန်ရွာတွင် ကြေးငွေပြည့်စုံသော လူများလည်းရှိကြသည်။ ထိုကျားသေကို ဝယ်မည့်သူပေါ်လာသဖြင့် ရောင်းချလိုက်ရာ ကာလတန်ဖိုးအားဖြင့် ငွေသုံးသောင်းရရှိလေသည်။ ကျားသေကို ရောင်းရသောငွေ သုံးသောင်းဖြင့် စောစံဖိုးအေး၏ဒဏ်ရာကို ဆေးကုသခဲ့ရသည်။ စောစံဖိုးအေးသည် ဆေးရုံပေါ်တွင် အတော်ကြာကြာ ကုသခဲ့ရလေသည်။

ရက်သတ္တတစ်ပတ်ခန့်မြောက်သောနေ့တွင် စောစံဖိုးအေး၏ လက်ဝဲဖက်လက်ကို အရင်းမှနေ၍ ဖြတ်ပစ်လိုက်ရလေသည်။ လက်ကိုဖြတ်ပစ်ပြီး အနာကျက်လောက်ရှိသောအခါ ဆေးရုံမှ ဆင်းခဲ့ရလေသည်။ ဆေးရုံတွင် တစ်လခန့်နေခဲ့လေသည်။

စောစံဖိုးအေးကို တစ်ရွာလုံးက ချစ်ကြခင်ကြသည်။ စောစံဖိုးအေး၏ အဖြစ်ကိုကြည့်၍ စိတ်မကောင်းဖြစ်ကြရလေသည်။ စောစံဖိုးအေးကို လူကြီးများသာမက ကလေးလူငယ်များကပါ ချစ်ကြခင်ကြသည်။

ယခုအချိန်တွင် စောစံဖိုးအေးမှာ ရွာတွင်းမှာပင် အေးအေးဆေးဆေး နေထိုင်လျှက်ရှိသည်။ တောတွင်းမှ ခုတ်လာသော ဝါးများဖြင့် ဝါးခြင်းတောင်းများကို လက်ယာလက်တစ်ဖက်တည်းဖြင့် ပြုလုပ်နေလေ၏။

ဝါးဖြင့်ပြုလုပ်သော ကလေးကစားစရာများကိုလည်း ပြုလုပ်တတ်လေသည်။ ဝါးလက်ခုတ်၊ ဝါးသေနတ်ကလေးများကိုလည်း လက်ရာကောင်းကောင်းပြုလုပ်၍ ကျိုက်ထီးရိုးဘုရားပွဲတော်တွင် ရောင်းချလေ့ရှိလေသည်။

သခင်အပေါ်တွင်သစ္စာရှိ၍ အလွန်လိမ္မာသောခွေးမှာ လည်း ဘေးမသီရန်မခဘဲ အေးချမ်းစွာသခင်နှင့်အတူ နေထိုင်လျက်ရှိလေသည်။

ခွေး၏ အသက်ကို ကယ်ဆယ်လိုက်သော သခင်သည် ခွေး၏ကိုယ်စား ဒဏ်ခံလိုက်ရလေသည်။ ခွေးသည်ကား ဒဏ်ရာကြီးကျယ်စွာမရဘဲ အသက်ချမ်းသာ ရသွားသည်။

အကယ်၍သာ သခင်သေလျှင် ခွေးလည်း တစ်ပါတည်း သေရမည်မှာ အမှန်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျားနှင့် သခင်နပမ်းလုံး၍ သတ်နေကြစဉ်က ခွေးသည် ကိုယ်လွတ်ရုန်း၍ ထွက်ပြေးမသွားဘဲ ကျားကိုနောက်မှနေ၍ ကိုယ့်စွမ်းအားရှိသမျှကလေးဖြင့် ကိုက်ခဲကာ သခင်ဖက်က အကူအညီပေးခဲ့လေသည်။

ဘတစ်ပြန်ကျားတစ်ပြန် အကြိတ်အနယ်နပန်းလုံးနေစဉ် ခွေး၏အကူအညီကလည်း ထိရောက်မှုရှိလေသည်။

ထို့ကြောင့်လည်း ကျားသည် နှစ်ဖက်ရန်ကို တွန်းလှန်ခြင်းငှာ မတတ်သာတော့ဘဲ အသေခံလိုက်ရခြင်းပင်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်သာတည်း။

– ပြီး –

စာရေးသူ – ဗန္တရဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ