July 30, 2025
Uncategorized

ရုက္ခရာဇာ

ထောင်မှူးကြီးသိန်းဝင်း
ရုက္ခရာဇာ

၁၉၈၄ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်သည်။

ကော့သောင်း မိုးက တစိမ့်စိမ့်။ မိုးရွာသော်လည်း အိုက်စပ်စပ်။

ကော့သောင်းမြို့တွင် ရန်ကုန်လို မိုးအတိတ်ကို စောင့်၍မရ။ သည်းရာက ဖွဲဖွဲရွာပြီး၊ ဖွဲရာက သည်း သည်းပြန်ရွာတတ်သဖြင့် ကော့သောင်းမြို့မိုးရာသီမှာ မိုးဥတုတစ်လျှောက်လုံး မိုးလုံးပတ်လည်ဖြစ်၍ နေပါတော့သည်။

ကျွန်တော်တို့ အကျဉ်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိုးရွာသော်လည်း နားမနေနိုင်ပါ။ တာဝန်က ရှိသေးသည်။

ယနေ့ ရန်ကုန်မှ ဆီအုန်းမျိုးစေ့များ အထူးလေယာဉ်ဖြင့် ရောက်ရှိလာမည် ဖြစ်သဖြင့် စခန်းတာဝန်ခံ ထောင်ပိုင် ဦးယဉ်မောင်နှင့်အတူ သွားရောက်ကြိုဆိုရန်အတွက် ပြင်ဆင်နေရပါသည်။

မနက် ၆ နာရီခန့် ဖြစ်သော်လည်း ကျွန်တော်တို့ မိုးသည်းသည်းအတွင်း ပြေးလွှားကာ ရဲဘက်တပ်ခွဲများ အလုပ်ဆင်းရန်၊ စခန်းလုံခြုံရေးအတွက် တာဝန်များလွှဲပြောင်းပေးရန် ကိစ္စများအား ရှေ့တန်း နောက်တန်း တာဝန်ကျထောင်မှူးများနှင့် တပ်ကြပ်ကြီးများအား မှာကြားစီစဉ်နေရပါသည်။

ထို့အပြင် ဆီအုန်းမျိုးစေ့သေတ္တာများ သယ်ယူရန်အတွက် Hino(TE) ကားတစ်စီးနှင့် Hino (Ranger) ကားတစ်စီးတို့အား ယာဉ်မောင်းစက်ပြင်များနှင့်အတူ စစ်ဆေးစီစဉ်ရပါသေးသည်။

ကျွန်တော်တို့ ဆီအုန်းစိုက်ပျိုးရေးစခန်းမှ ဘန်းကချွန်၊ ကော့သောင်းမြို့သို့ သွားသည့် ကတ္တရာလမ်းဆုံရွာအထိ ၁ဝ မိုင်ခန့်ဝေးသော်လည်း လမ်းမှာ တောတွင်းမြေလမ်းဖြစ်သည်။ တောင်ဆင်းတောင် တက်လမ်းဖြစ်သဖြင့် အလွန်အန္တရာယ်များသည်။

ထို့ကြောင့် ကားများကို ခရီးမသွားမီ စိတ်ချရအောင် ကြံ့ခိုင်မှု စစ်ဆေးရပါသည်။

မနက်စောစော စားသောက်ကြအပြီး နံနက် ၈ နာရီခန့်တွင် ကျွန်တော်တို့အဖွဲ့ ကားနှစ်စီးဖြင့် ထွက်ခဲ့ကြပါသည်။ ဝန်ထမ်းမိသားစု မှီခိုသူများကလည်း ကော့သောင်းမြို့၌ ဈေးဝယ်ရန် လိုက်လာကြသဖြင့် ကားနှစ်စီးလုံး လူကအပြည့်ပင်။

အပြန်တော့ ၎င်းတို့အား တင်ဆောင်ရန် မဖြစ်နိုင်တော့။ ဆီအုန်းမျိုးစေ့သေတ္တာများ တင်ရမည်ဖြစ်သောကြောင့် ညနေပြန်လာမည့် ချန်းဖန်းရွာ လိုင်းကားဖြင့်သာ ပြန်ကြရမည်ဖြစ်သည်။

၇မိုင်လေယာဉ်ကွင်းသို့ ရောက်သောအခါ အချိန်စောနေသေးသဖြင့် ထောင်ပိုင်ကြီးမှ ဈေးဝယ်မည့်သူများ အဆင်ပြေစေရန် ကားတစ်စီးအား လေယာဉ်ကွင်း၌ Stand By ထားစေပြီး ကျန်တစ်စီးအား ကော့သောင်းမြို့ထဲအထိ လိုက်ပို့စေပါသည်။

အကျဉ်းဦးစီးဌာနမှ ငှားရမ်းထားသော Charter Plane အထူးလေယာဉ်မှာ နံနက် ၁၁ နာရီမှ ရောက်ရှိမည် ဖြစ်သဖြင့် အချိန် ၂ နာရီခန့် ရပါသေးသည်။

ထို့ကြောင့် ကျွန်တော်တို့ ကြိုဆိုရေးအဖွဲ့ လေဆိပ်နားနေဆောင်တွင် လေယာဉ်အလာကို စောင့်ရင်း နားခိုကြပါသည်။

ကော့သောင်းလေယာဉ်ကွင်းမှာ တစ်ဖက်တွင် ဘင်္ဂလားပင်လယ်ကြီးနှင့် တစ်ဖက်တွင် တနင်္သာရီရိုးမတောင်တန်းကြီး ကာဆီးထားသဖြင့် လေယာဉ်ကွင်းမှာ ကျဉ်းလွန်းလှသည်။ ကော့သောင်းဂေါက်ကွင်းမှာလည်း လေယာဉ်ကွင်းနှင့် တစ်ဆက်တည်းဖြစ်သည်။

ပြေးလမ်းတို၍ ဂျက်လေယာဉ်များ မဆင်းနိုင်။ ဖော်ကာလေယာဉ်နှင့် လေယာဉ်ငယ်များသာ ဆင်းနိုင် တက်နိုင်ပါသည်။ နှစ်ပတ်တစ်ကြိမ်သာ လေယာဉ်အဆင်းအတက်ရှိသဖြင့် လေယာဉ်လာသောနေ့သည် ဂေါက်ကွင်းပိတ်သောနေ့ ဖြစ်သည်။

မနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ယာဉ်မောင်းတွတ်ကြီး၏ Hino (TE)ကားကြီး ပြန်ရောက်လာသည်။

လေယာဉ်ဆင်းရန်လည်း ၁၅ မိနစ်အလိုဖြစ်ရာ လေယာဉ်ကွင်းမှ သံချောင်းခေါက်သံကိုလည်း ကြားရသည်။ သို့သော် လေယာဉ်ကိုမမြင်ရသေး။ လေယာဉ်သံကိုတော့ ကြားလာရသည်။

၁ဝ နာရီ ၅ဝ မိနစ်တွင် လေယာဉ်ကို မြင်ရတော့ သည်။

ပင်လယ်ဘက်မှ ပျံဝဲလာပြီး ကွင်းအား တစ်ပတ်ပတ်၍ တဖြည်းဖြည်း ဆင်းလာသည်။ XY ADE ဖော်ကာလေယာဉ်အသစ်ကြီး ဖြစ်သည်။ ဆီအုန်းမျိုးစေ့သေတ္တာများ သယ်ယူလာ၍ အဲကွန်းအား အမြင့်ဆုံး ဖွင့်ထားဟန်တူပါသည်။

လေယာဉ်အဆိုက် တံခါးအဖွင့်တွင် လိုက်ပါလာကြသူများအားလုံး အနွေးထည်ကိုယ်စီဖြင့် ဖြစ်ကြသည်။

အကျဉ်းဦးစီးဌာန စီမံကိန်းရုံးမှ ထောင်မှူးကြီးဦးဖေအောင်နှင့် ထောင်မှူးကြီး ဦးအောင်လှိုင်တို့အဖွဲ့အပြင် စက်မှု(၁)မှ AE ဦးဉာဏ်ဝေ ခေါင်းဆောင်သော ဆီအုန်းကြိတ်စက်ရုံ ဆောက်လုပ်ရေးအဖွဲ့များ ကလည်း ပါလာကြသည်။

ကျွန်တော်တို့ ဆီအုန်းမျိုးစေ့ သေတ္တာများအား ကားနှစ်စီးဖြင့် ခွဲဝေတင်ဆောင်ပြီး ဧည့်သည်များကိုပါ ခေါ်ဆောင်၍ စခန်းသို့ ပြန်လာကြသည်။

ပါဆယ်ပါညန်းစခန်းသို့ ရောက်လျှင် ဧည့်သည်များအား ဧည့်ရိပ်သာတွင် နေရာချထားပြီး နေ့လယ်စာထမင်းကျွေးသည်။ ကျွန်တော်တို့ အိမ်ရှင်များကတော့ အနားမယူနိုင်သေးပါ။

ဆီအုန်းမျိုးစေ့သေတ္တာများအား အောက်ချိုင့်ခြံ ပျိုးပင်ဖောက်စခန်းအတွက် သုံးပုံတစ်ပုံ၊ ချန်းဖန်းဆိပ်ကမ်းမှတစ်ဆင့် အော်ကြီးနှင့် ဟပ်စတင်းစခန်းများအတွက် သုံးပုံတစ်ပုံစီ ခွဲဝေပေးပို့ရဦးမည် ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော်နှင့် ထောင်ပိုင် ဦးယဉ်မောင်တို့က Hino (TE) ကားကြီးဖြင့် မျိုးစေ့သေတ္တာ သုံးပုံနှစ်ပုံအား သယ်ဆောင်၍ ချန်းဖန်းဆိပ်ကမ်းသို့ ထွက်ခွာလာသလို၊ ထောင်မှူးကြီးဦးဖေအောင်တို့ အဖွဲ့ က မျိုးစေ့သေတ္တာ သုံးပုံတစ်ပုံကို သယ်ဆောင်၍ Hino (Ranger) ကားဖြင့် အောက်ချိုင့်ခြံ ပျိုးပင်ဖောက်စခန်းသို့ သယ်ဆောင်သွားကြပါသည်။

ကျွန်တော်တို့အဖွဲ့က ချန်းဖန်းရွာဆိပ်ကမ်းတွင် အသင့်မှာယူထားသော စက်လှေပေါ်သို့ မျိုးစေ့သေတ္တာများအား တင်ပြီး မိုးကာဖျင်စများ အုပ်မိုး၍ အော်ကြီးစခန်းသို့ ထွက်ခွာလာကြသည်။

ပင်လယ်ကမ်းစပ်အတိုင်း စက်လှေဖြင့် လာကြပြီး အော်ကြီးချောင်းအတွင်းသို့ နှစ်မိုင်ကျော်ခန့် ဝင်ရသည်။ ရေတက်ချိန်ဖြစ်သော်လည်း ချောင်းမှာ အကွေ့အကောက်များပြီး ကျဉ်းလွန်းလှသည်။

အော်ကြီးစခန်း (၃)ကမ်းစပ်သို့ ရောက်သော် ထောင်မှူးကြီး ဦးအယ်ဇော်ထူးတို့အဖွဲ့က အသင့်စောင့်ကြိုနေကြပါသည်။ အချိန်မှာ ညနေစောင်း ၅ နာရီခန့်ဖြစ်သည်။ တောရိပ်တောင်ရိပ်ကြောင့် မှောင်စပြုပြီဖြစ်သည်။

အော်ကြီးစခန်းခွဲ (၃)မှာ ပျိုးပင်ဖောက်စခန်းဖြစ်သည်။ စခန်းခွဲတာဝန်ခံ ထောင်မှူးကြီး ဦးအယ်လ်ဇော်ထူးမှာ ကချင်လူမျိုးပီပီ အမဲလိုက်ဝါသနာပါသည်။ စိုက်ပျိုးရေးသင်တန်းဆင်းတစ်ဦးဖြစ်သဖြင့် ဆီအုန်းမျိုးစေ့များအား ၎င်း၏ပျိုးပင်စခန်းတွင် မျိုးဖောက်ပြီး အော်ကြီးစခန်းခွဲများသို့ ပေးဝေရမည်ဖြစ်သည်။

၎င်း၏စခန်း၌ မျိုးခြံနှင့် စိုက်ပျိုးရေးခြံကို တွဲလျက်ထားသည်။ ဆီအုန်းစိုက်ပျိုးပင်များအား ရှင်းလင်းသော မြေပြင်၌ အတန်းလိုက် စနစ်တကျ စိုက်ပျိုးထားရာ လွန်စွာလှပသည်။

စိုက်ပျိုးခင်းအဆုံးတွင်တော့ တောကြီးက ညို့နေသည်။

စခန်းခွဲတာဝန်ခံရုံးမှာ ပျိုးခြံများအလယ် တောင်ကုန်းမြင့်ကလေးပေါ်၌ တည်ဆောက်ထားသော သစ်လုံးအိမ်ကလေးဖြစ်သည်။ ရုံးခန်းနှင့် တွဲလျက် တည်ဆောက်ထားခြင်းဖြစ်၍ စိုက်ပျိုးရေးခြံတစ်ခု လုံးအား အပေါ်စီးမှ မြင်နိုင်ပါသည်။

ဦးအယ်လ်ဇော်ထူးက ကျွန်တော်တို့အဖွဲ့အား ရုံးခန်းအတွင်း နေရာချထားပေးပြီး …

“ကဲ … ထောင်ပိုင်ကြီးတို့အဖွဲ့ ရောက်လာတာ အတော်ပဲဗျာ။ ကျွန်တော့်စခန်းက မုဆိုးအဖွဲ့ကို ဧည့်သည်တွေလာမယ်ဆိုလို့ အမဲလိုက်ခိုင်းထားတာ ဝက်ဝံတစ်ကောင်၊ ကျားတစ်ကောင်နဲ့ တောဝက် တစ်ကောင်၊ မျောက်ညိုတစ်ကောင်ပါ ရထားတယ်။ တောကောင်သားတော့ တစ်ဝကြီး စားကြပေရော့ဗျာ”

“ကဲ … ဆရာတို့ ထမင်းမစားခင် ကျအား (ကျားအား) နဲ့ မဲခေါင်အရက် စိမ်ထားတဲ့ ဆေးအရက်ကလေး မြည်းစမ်းပြီး သုံးဆောင်ကြပါဦး။ ယောက်ျားတွေအတွက် အားတိုးဆေးပါ’”

ကျွန်တော်တို့အဖွဲ့ မြည်းကြည့်ကြတော့ အရက်မှာ ချိုနေပြီး အရက်နံ့ ပျောက်နေသည်။ ပျားရည်လည်း ရောထားဟန် တူပါသည်။

“ဆရာဦးအယ်လ်ဇော်ထူး … ကျအား (ကျားအား)ဆိုတာ ဘာလဲဗျ။ ဘယ်ကရတာလဲ”

“ဆရာဦးသိန်းဝင်းရေ … ကျအား ဆိုတာက ကျားတစ်ကောင်ရဲ့အားပေါ့။ မုဆိုးတိုင်းတောင် သိတာရှားပါတယ်။ ကျားတစ်ကောင်ရဲ့ ရှေ့ရင်ညွန့်မှာ ရွေ့လျားနေတာ။ ခန္ဓာကိုယ်အတိမ်းအစောင်းအလိုက် ကျအားက Balance ချိန်သလို တည်နေတယ်။

သားကောင်တစ်ကောင်ကို ကိုက်ချီပြီး ခြံစည်ရိုးကို ခုန်ကျော်မယ်ဆိုရင် ကျအားက ကျားရဲ့ခန္ဓာကိုယ်အင်အားကို ထိန်းညှိပြီး အားပေးတယ်။ ဒါကြောင့် ခုန်ကျော်နိုင်ကြတာ။ ကျအား ဆိုတာ ပြောရရင် မုန့်လက်ကောက်ကွင်းကြီးလို အကြောထုံး ဖြူဖြူကြီးပဲ။

အရက်နဲ့စိမ်သောက်ရင် ယောက်ျားတွေအတွက် အလွန်တန်ဖိုးရှိတဲ့ အားဆေးပေါ့။ ဒါဟာ ကျွန်တော်တို့ ကချင်လူမျိုးတွေ အမြဲတမ်းသုံးတဲ့ တိရစ္ဆာန်ထွက် သဘာဝအားဆေးပါ။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ယုံယုံကြည်ကြည် သုံးဆောင်ကြပါခင်ဗျာ”

ကျအားက ယောက်ျားအားဆေးဟုပြောသည်မှာ မှန် မမှန်တော့ မသိပါ။ သို့သော် ညစာမှာ အလွန်စားကောင်းပြီး အိပ်၍လည်း အလွန်ကောင်းလှသည်။

နောက်တစ်နေ့မနက် ၆ နာရီခန့်မှ တစ်ရေးနိုးတော့ သည်။ အိပ်ရေးဝသဖြင့် အားအင်ပြည့်ဖြိုးပြီး လန်းဆန်းတက်ကြွနေသည်ကတော့ အမှန်ပင်ဖြစ်သည်။

“ထောင်ပိုင်ကြီးတို့အဖွဲ့ ညနေမှ အေးအေးဆေးဆေးပြန်မှာ မဟုတ်လား။ စခန်းပတ်ဝန်းကျင် လေ့လာရင်း မျောက်ပစ်ကြရအောင် ကျွန်တော် စီစဉ်ထားပါတယ်။ မျောက်သွေးနဲ့ မျောက်ဦးနှောက်က အင် မတန်ရှားပါတယ်။ မျောက်ချေးခါးဟင်းလည်း အလွန်စားကောင်းပါတယ်။

“မျောက်ချေးခါးဟင်းဆိုတော့ ကောင်းပါ့မလားဗျာ။ ရွံစရာကြီး ဖြစ်မနေဘူးလား”

ဟု ကျွန်တော်ကမေးရာ ဦးအယ်လ်ဇော်ထူးက …

“မျောက်ချေးခါးဟင်းဆိုတာ ချေးမဖြစ်သေးဘူး ဆရာရဲ့။ မျောက်ဆိုတာက ဆေးဖက်ဝင်တဲ့ သစ်သီး၊ သစ်ရွက်၊ သစ်မြစ်တွေကို စားတာ။ သူစားထားတဲ့ အစာသစ်တွေကို သူ့အစာအိမ်ထဲက ထုတ် ပြီး ချက်တဲ့ဟင်းကို ပြောတာပါ။

ချေးမဖြစ်သေးတော့ ရွံစရာမဟုတ်ပါဘူး။ အလွန်နူးညံ့ပြီး လက်ဖက်စားရသလို အရသာရှိပါတယ်။ အနံကလည်း လက်ဖက်နံ့ပါပဲ။ ပန်းနာရင်ကျပ်ရောဂါ ပျောက်တယ်။ နှလုံးသွေးလည်ပတ်မှုကို အားပေးတယ်။ အစာကို ကြေလွယ်စေတယ်။ အလွန် ဆေးဖက်ဝင်ပါတယ်။

“ဟုတ်ရဲ့လားဗျာ။ ကျွန်တော်တော့ မျောက်ချေးခါးဟင်းကို ကြားဖူးနေတာတော့ ကြာပါပြီ။ မစားဖူးသေးဘူး။ နာမည်ကြားတာနဲ့ ရွံလို့ပါ”

“ဘာအသားဟင်းပဲချက်ချက် မျောက်ချေးခါးကို နည်းနည်းထည့်ချက်ရင် ဟင်းအနူးမြန်ပြီး အရသာပိုရှိစေတယ် ဆရာ။ ကဲ … ဆရာတို့ လက်နက်တွေ ပါသားပဲ။ လက်တွေ့စမ်းကြရအောင်။

စခန်းရှေ့ဘက် တောရှင်းတပ်စိတ်ဘက်သွားပြီး မျောက်ပစ်ကြရအောင်ဗျာ။ အဲဒီဘက်မှာ မျောက်ညိုအုပ်တွေ အလွန်ပေါတယ်”

“ကောင်းဗျာ … သွားကြတာပေါ့”

ထိုစဉ် ထောင်ပိုင်ကြီး ဦးယဉ်မောင်က …

“အတော်ပါပဲ ဦးအယ်လ်ဇော်ထူးရေ။ ကျွန်တော့်မှာလည်း ပွိုင့်တူးတူး Semi Auto ငှက်ပစ်သေနတ်လေးပါတော့ စမ်းကြည့်ကြတာပေါ့”

သို့နှင့် ကျွန်တော်တို့အဖွဲ့ မနက်စောစော ချေသားခြောက်ကြော်နှင့် ထမင်းကြော်ကို စားသောက်ကြအပြီး စခန်းအရှေ့ဘက်တောစပ်သို့ တစ်မိုင်ခန့် လမ်းလျှောက်လာခဲ့ကြသည်။

လမ်းမှာ ဆီအုန်းပင်များ စိုက်ပျိုးရန် တောရှင်း၊ ငုတ်တိုမီးရှို့ထားသော မြေပြင် မညီညာသည့် တောလမ်းဖြစ်သည်။

တောစပ်ရောက်သော် တောရှင်းအဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီး ဦးလှမောင်မှ …

“ဆရာတို့အဖွဲ့လာတာ အတော်ပဲဗျို့။ တောစပ်က ကညင်ပင်ကြီးပေါ်မှာ မျောက်အုပ်ကြီးတစ်အုပ် တွေ့ထားတယ်။ ၁ဝ ကောင်ကျော်မယ် ထင်တယ်။ ဘေးနားက အပင်တွေကို ကူးပြီး တောထဲ ဝင်မပြေးနိုင်အောင် ကျွန်တော်တို့ ပတ်ဝန်းကျင်က အပင်ကြီးတွေကို အရင်ရှင်းမယ်။ ဘေးအပင်တွေကို ကူးတဲ့ မျောက်တွေကို ဆရာတို့က အရင်ပစ်ပေါ့။

ကညင်ပင်ကြီးပေါ်မှာ ကျန်ခဲ့တဲ့ မျောက်တွေကိုတော့ ကညင်ပင်ကြီးကို လှဲချလိုက်ရင် အကုန်ရမှာပဲ။ ကညင်ပင်ကြီးက လူကြီးသုံးဖက်စာလောက်ရှိပြီး ပေ ၃ဝဝ လောက်မြင့်တယ်”

သို့နှင့် ကျွန်တော်တို့အဖွဲ့ ကညင်ပင်ကြီးကို အဝေးမှလေ့လာကြည့်ရာ မြိုင်တောကြီးအတွင်း အမြင့်ဆုံးနှင့် အကြီးဆုံးအပင်ကြီးဖြစ်ပြီး အပင်ကြီးအနီး၌လည်း အုတ်ဖြင့်ပြုလုပ်ထားသော နတ်ကွန်း လိုလို အဆောက်အဦပျက်တစ်ခုအား မြင်တွေ့ရသည်။

မျောက်ညိုအုပ်စုမှာ အပင်အမြင့်ကြီးပေါ်၌ စုနေကြသည်။

ထိုစဉ် တိုင်ပင်ထားသည့်အတိုင်း ဦးလှမောင်တို့အဖွဲ့က ကညင်ပင်ကြီးအနီးရှိ သစ်ပင်ကြီးများအား စက်လွှများဖြင့် တိုက်ဖြတ်ရာ မျောက်ညိုအချို့က ခုန်အကူး ထောင်ပိုင်ဦးယဉ်မောင်က သူ၏ ပွိုင့်တူးတူး သေနတ်လေးဖြင့် စတင်ပစ်တော့သည်။

မျောက်တစ်ကောင်မှာ ဗိုက်ပွင့်သွားပြီး ပြုတ်ကျလာရာ ကျန်သောမျောက်များ ကညင်ပင်ကြီးပေါ်သို့ ပြန်လည်တက်ပြေးကြသည်။

ဗုန်းခနဲ ပြုတ်ကျလာသော မျောက်ကြီးမှာ မသေသေးဘဲ ကုန်းထလာပြီး ကျွန်တော်တို့အဖွဲ့အား ထိုင်လျက် ရှိခိုးနေပါသည်။ ရင်ဘတ်တွင်လည်း မျောက်ပေါက်စကလေးတစ်ကောင်က ဖက်တွယ်ထားသေးသည်။ မိခင်မျောက်မကြီး ဖြစ်ဟန်တူသည်။

ကျွန်တော် မင်သက်မိနေစဉ် ရဲဘက်များက မျောက်မကြီးအား ဝိုင်းဝန်းရိုက်နှက်ကြတော့သည်။ ထို့ ကြောင့် မျောက်မကြီးလည်း အသက်ပျောက်သွားသည်။

ဘေးအပင်များ ရှင်းလင်းပြီးနောက် ကညင်ပင်ကြီးမှာ ထီးတည်းကြီးကျန်ခဲ့သည်။ မျောက်များလည်း ကူးပြေးစရာသစ်ပင်မရှိတော့။

မကြာမီ စက်လွှများဖြင့် ကညင်ပင်ကြီးအား ထိုးလှန်ကြရာ ကညင်ပင်ကြီးလည်း တော်လဲသံကြီးမြည်ဟည်း၍ ဝုန်းခနဲ လဲပြိုတော့သည်။ ကညင်ပင်ကြီးပေါ်၌ ၁၀ ကောင်ခန့် မျောက်အုပ်ကြီးလည်း ပါရှိသွားရာ ပေ ၃ဝဝ ခန့်အမြင့်မှ မြေပြင်နှင့် ကိုင်ရိုက်သလိုဖြစ်၍ တစ်ကောင်မျှ အသက်ရှင်ကျန်ရစ်ရန် မရှိပါ။

သို့သော် “ဝုန်း … အုန်း … ဝုန်း” ဟူသော တော်လဲသံ ကြီးထွက်ပေါ်လာပြီး သစ်ပင်ကြီးအလဲ၌ ဖုန်မှုန့်များလွင့်ပါးသွားချိန်တွင် ကညင်ကိုင်းများအကြားမှ မျောက်ဖြူကြီးတစ်ကောင် တိုးထွက်လာသည်။ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူဖွေးလျက် လူတစ်ရပ်ခန့်ရှိသည်။

ဒဏ်ရာရဟန်လည်း မတူပါ။ လေးကန်သော ခြေလှမ်းဖြင့် လျှောက်လှမ်းလာပြီး ခုတ်လှဲလိုက်သော ၄ ပေခန့်မြင့်သည့် မြစ်ဆုံပေါ်သို့ တက်၍ ထိုင်သည်။

ကျွန်တော်တို့အဖွဲ့လည်း အလွန်အံ့အားသင့်နေကြပြီး တိုင်ပင်မထားဘဲ သေနတ်ကိုယ်စီဖြင့် ပေ ၃ဝ ခန့်အကွာအဝေးမှ မျောက်ဖြူကြီးအား ပစ်ခတ်ကြတော့သည်။

သို့သော် မည်သူ့ကျည်ဆန်မျှ မျောက်ဖြူကြီးအား ထိမှန်ပုံ မပေါ်ပါ။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြီး ဒုတိယအကြိမ် ပစ်ခတ်ကြပြန်ပါသည်။

“ဒိုင်း … ဒိုင်း … ဒိုင်း … ဒိုင်း”

တိုက်ပွဲငယ်လေး ဖြစ်သည့်အလား သေနတ်သမားများ၏ ကျည်ဆန်များ ထွက်သွားသော်လည်း မျောက်ဖြူကြီးက သစ်ဆုံပေါ် တွင် ငုတ်တုတ်။ ယိမ်းယိုင်သွားခြင်းပင် မရှိပါ။

ထို့ကြောင့် ဆရာဦးယဉ်မောင်က …

“မပစ်ကြတော့နဲ့ဟေ့၊ ကညင်ပင်စောင့်ကြီး ထင်တယ်။ စောစောကလည်း ဒီလောက်ကြီးတဲ့ အကောင်ကြီးကို ငါတို့ ကညင်ပင်ပေါ် မှာ တစ်ယောက်မှ မတွေ့ခဲ့ကြဘူး။ သူ့ဘာသာ လွတ်ရာသွားပါစေ”

ထိုအချိန်မှ မျောက်ဖြူကြီးမှာ သစ်ငုတ်ပေါ်မှာဆင်း၍ တစ်လှမ်းချင်း တောတွင်းဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ ကညင်ပင်ကြီး၏ သစ်ကိုင်းများအကြားမှ မျောက်ညို ၁၁ ကောင်ကို အုပ်လိုက် ရသည်။

သို့သော် ကျွန်တော်တို့မုဆိုးအဖွဲ့ အပျော်များ ဘယ်ဆီရောက်ကုန်သည် မသိ။ စိတ်မကောင်းခြင်းကြီးစွာဖြင့် ငေးငိုင်နေမိသည်။

ထိုစဉ် အော်ကြီးကျေးရွာမှ အသက် ၇ဝ ခန့်ရှိ သူကြီးဟောင်းကြီး ဦးလှတင် ရောက်ရှိလာပြီး …

“ဆရာတို့ သေနတ်သံတွေ ညံနေလို့ လာကြည့်တာပါ။ ဒီ ကညင်ဖြူပင်ကြီးက အဓိကရ အပင်ကြီး။ ကျွန်တော်တို့ဒေသမှာ ‘ရုက္ခရာဇာ’ သစ်ပင်ကြီးလို့ခေါ်တယ်။ အစောင့်အကြပ် ကြီးတယ်။ ဒီတောထဲမှာ အမြင့်ဆုံးနဲ့ အကြီးဆုံးပဲ။

ဆရာတို့ အစိုးရဝန်ထမ်းတွေ ခုတ်လှဲလို့ရတာ။ ဒါတောင် အဆင်ပြေမယ် မထင်ဘူး။ စခန်းကို ခိုက်လိမ့်မယ်။ ကန်တော့ပွဲပေးပြီး တောင်းပန်လိုက်ပါ”

ထို့ကြောင့် စခန်းခွဲတာဝန်ခံ ဦးအယ်လ်ဇော်ထူးက ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း ကန်တော့ပွဲပေး၍ တောင်းပန်ပါသည်။

သို့သော် ကျွန်တော်တို့အဖွဲ့ ပါဆယ်ပါညန်းစခန်းသို့ ပြန်လာပြီး တစ်ပတ်ခန့်အကြာတွင် အော်ကြီးစခန်းမှ ဆက်သားရောက်လာပြီး အကြောင်းကြားသည်မှာ ကညင်ပင်ကြီးခုတ်လှဲသူ ရဲဘက်ကြီး (၉)ဦး Heart Stroke ဖြစ်ပြီး ရှေ့တန်းလုပ်ငန်းခွင်၌ တစ်ချိန်တည်း ကွယ်လွန်ကြောင်း သတင်းဆိုးဖြစ်တော့သည်။

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *