သောင်းမြင့်ဦး(ကွမ်းခြံကုန်း)
ရေကြက်သား
ထမင်းစားချိန်ကလည်း လင့်သွားသည်အပြင် ဟင်းကလည်း ရှားရှားပါးပါး တစ်နှစ်လုံးနေလို့မှ တစ်ခါစားရရန် မလွယ်ကူသည့် ‘ရေကြက်သား’ဆီပြန်၊ ပဲစောင်းလျှားသီးပြုတ်တို့စရာနှင့် အဖျော်စပ်နိုင်နိုင်ဖြင့် ဖျော်ထားသည့် ငါးစင်ရိုင်းရေချိုငါးပိရည်။
သည် အတို့အမြှုပ်နှင့် ဟင်းလျာတို့က နို့ဆီဘူးသုံးလုံးချက်ဟူသော ထမင်းကို တစ်ခဏအတွင်း အပြတ်ရှင်းပစ်လိုက်သည်။ စားသည့်သူက များများစားစားမဟုတ်။ ကိုချမ်းအေးနှင့် ကြည်လှတို့ နှစ်ယောက်တည်း။
ကိုချမ်းအေးနှင့် ကြည်လှ အလုပ်လုပ်နေရာ တလင်းသို့ မလှမေ ထမင်းလာပို့တော့အချိန်က ညနေ ၄ နာရီပင် မရှိသေး။
သို့သော် ကောက်ပြန့်အား သီးတန်တက်စသာရှိသေးတော့ ခွာစာက မတက်သေး။ ခွာစာလှိုင်လှိုင်တက်မှသာ တစ်ခါဖော်ရမည်မို့ ခွာစာတက်သည်အထိ ဆက်နယ်နေရသဖြင့် ထမင်းစားနောက်ကျခြင်း ဖြစ်သည်။ ယနေ့ညတွင် ကောက်ပြန့်အား နှစ်ခါဖော် နှစ်ခါဆွနိုင်မှ မနက်ဖြန်နံနက်စောစော တစ်ခါဖော်ပြီး ကောက်ရိုးပစ်နိုင်မည်ဖြစ်သည်။
သည်လို တစ်နေ့ကို ကောက်ပြန့်နှစ်ပြန့်ကျအောင် ဆောင်ရွက်သော်မှ ကောက်လှိုင်းကုန်အောင် နောက် ခြောက်ရက် ခုနစ်ရက်ခန့် နယ်ရဦးမည်ဖြစ်သည်။ နယ်၍ရရှိလာသော စပါးများကို လေတိုက်တိုက်တွင် မှော်နှင့် အမှိုက်သရိုက်များ ကင်းစင်သွားအောင် လင့်စင်ဖြင့် ဝှေ့ရဦးမည်ဖြစ်သည်။ ဝှေ့၍ သန့်စင် သွားသော စပါးများအား တလင်းမှ လယ်ပိုင်ရှင် အိမ်အရောက် လှည်းဖြင့် သယ်ပို့သိမ်းဆည်းပြီးမှ နွေရာသီလယ်လုပ်ငန်းက ပြီးမည်ဖြစ်သည်။
လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် နွေလုပ်ငန်းမှာ ခြောက်ခြောက်သွေ့သွေ့ ဆောင်ရွက်ရသော်လည်း မိုးလုပ်ငန်းလို အချိန်အခါမရှိချေ။ မိုးလုပ်ငန်းမှာ နံနက်ငါးနာရီလောက်မှာ လယ်ထွန်စထွက် နေ့လည် ၁၂ နာရီမှာ ထွန်ဖြုတ်ပြီး ထမင်းစား တစ်မှေးလောက်နား၊ ညနေ သုံးနာရီလောက်မှ လယ်ကန်သင်းပြုပြင်ရန် ကန်သင်းပေါက်ဆင်း၊ ညနေ ငါးနာရီလောက် အလုပ်သိမ်းပြီး ထမင်းစား၊ တစ်ညလုံး နားနေလို့ရသည်။
နွေလုပ်ငန်းကတော့ ထိုသို့မဟုတ်။ မနက် လေးနာရီလောက်က ထပြီး လုပ်ငန်းစရသည်။ နယ်စရာရှိလျှင်နယ်၊ ဒါမှမဟုတ် ကောက်ပြန့်ဖော်စရာရှိလျှင် ဖော်ရသည်။
ဖော်ပြီးသည်နှင့် နောက်တစ်ပြန့်အတွက် ကောက်လှိုင်းများအား စက်ဝိုင်းပုံသဏ္ဌာန် သီးတန်များကို အပေါ်ဘက်ထောင်ထား၍စီ၊ ပြီးလျှင် ကျွဲတွဲဖြင့် တက်၍ နယ်(နင်း)၊ အသီးတန်များအပေါ်သို့ ထောင်၍ ဝိုင်းစီထားသော ကောက်ပြန့်ပေါ်သို့ ကျွဲတွဲနှင့် ပထမဦးစွာတက်၍ နယ် (နင်း) သည်ကို သီးတန်တက်သည်ဟု ခေါ်သည်။
ကောက်ပြန့်ပေါ် တွင် ကျွဲတွဲဖြင့်ပတ်၍ နယ်သည့်အချိန်ကြာလာတော့ အညှာမှ စပါးစေ့ကလေးများ ပြုတ်ထွက်သွားကြပြီး ကျွဲနင်းသဖြင့် ကြေမွ ထွက်လာသော စပါးရွက်ကလေးများနှင့် အရိုးစအကျိုးအကြေများ ကောက်ပြန့်ပေါ်တက်လာသည်ကို “ခွာစာတက်သည်” ဟုခေါ်သည်။
ခွာစာများများတက်လာသည့်အခါ၌ ဝါးတုတ်တံတွင် သံချိတ်ကောက်တပ်ထားသည့် ‘ကောက်ဆွ’ ဖြင့် ကောက်ပြန့်အား ထိုးဖွ၍ စပါးစေ့ကလေးများကို ခါချရသည်။ သည်လို နယ်လိုက် ဆွလိုက် သုံးခါလုပ်ပြီးချိန်တွင် စပါးစေ့အားလုံးအနှံမှ ကြွေသွားပြီး ဖြစ်သည့်အတွက် ကျန်ကောက်ရိုးများအား တစ်နေရာတွင်စု၍ ကောက်ရိုးပုံ ပြုလုပ်ရသည်။
မနက် လေးနာရီလောက်ကတည်းက အလုပ်ကို ဆက်တိုက်လုပ်လာခဲ့ပြီး ၁၁ နာရီလောက် နေပူလာမှ ထမင်းစားပြီး ခေတ္တနား၊ ညနေ သုံးနာရီလောက်မှာ လုပ်ငန်းပြန်စ။
လသာသည့်ညများတွင် ညသန်းခေါင်ခန့်ထိ လုပ်ရသည်မို့ မိုးလုပ်ငန်းထက် ပို၍ ပင်ပန်းသည်ကတော့ အမှန်ပင်ဖြစ်သည်။
ကိုချမ်းအေးမှာ ဝမ်းဟာနေသည့်အချိန်တွင် ထမင်းကို ဟင်းကောင်းကောင်းနှင့် စားလိုက်ရတော့ ဗိုက်လေးသွားပြီး လှဲနေချင်သည့်စိတ်က ပေါ်လာသည်။ သို့သော် စိတ်အလိုအတိုင်း လှဲနေက လုပ်ငန်းပြီးမည်မဟုတ်သဖြင့် ကောက်ပြန့်ဖော်ရန်အတွက် ကောက်ဆွထားရာနေရာသို့ ထလာခဲ့သည်။
ကိုချမ်းအေး ကောက်ဆွယူပြီးချိန်ထိ လူငှားဖြစ်သူယောက်ဖ ကြည်လှ လိုက်မလာသေးသဖြင့် ရှာကြည့်လိုက်တော့ ကောက်ဆိုင်ပုံ (ကောက်လှိုင်းစီးအပုံ) အား မှီပြီး အိပ်နေသည်ကို တွေ့ ရသည်။ ယမန်နေ့ကလည်း အိပ်ချိန်နောက်ကျ၍ မနက်ကလည်း လေးနာရီလောက်ကပင် ထပြီး ပင်ပင်ပန်းပန်း လုပ်လာရတော့ အိပ်ချင်မှာပဲလေဟု ကိုယ်ချင်းစာမိသည်။
သို့သော် လုပ်ငန်းက လုပ်မှ ဖြစ်မည်မို့-
“ဟေ့ ကြည်လှရေ နှပ်မနေနဲ့ဦးကွ။ တော်ကြာ မနေ့ညကလို ညနက်နေဦးမယ်ကွ”
ဒီတော့မှ ကြည်လှမှာ အိပ်မှုံစုံမွှားနှင့် ကုန်းထလာရင်းက-
“ထမင်းစား လက်လွန်သွားလို့လားတော့မ သိဘူး ကိုကြီးချမ်းရ။ ဗိုက်လေးပြီး အရမ်းငိုက်လာတာနဲ့ ခဏထိုင်လိုက်တာ မှေးကနဲ ဖြစ်သွားတယ်”
“အေး ငါလည်း လှဲချင်တာပဲကွ။ ဒါပေမယ့် ဒီည နှစ်ခါမဖော်နိုင်ရင် မနက်ဖြန်အလုပ်က ကသီသွားမှာ။ နည်းနည်း အောင့်ထားကွာ။ ဒီအပြန့် ဖော်ပြီးလို့ရှိရင် ငါ ကျွဲတက်လှည့်ပါ့မယ်။ အဲဒီတော့ မင်းမှေးပေါ့. . . ဟုတ်လား”
“ရပါတယ် ကိုကြီးချမ်းရာ၊ ဒါလောက် မဟုတ်ပါဘူး။ နှစ်ယောက်တည်း ရှိတာပဲဗျာ။ အေးအတူပူအမျှပေါ့ … မဟုတ်ဘူးလား”
“ကောင်းပါပြီဗျာ. . . ကောင်းပါပြီ”
ယောက်ဖဖြစ်သူ ကြည်လှအား နွေလုပ်ငန်းအတွက် လယ်သူရင်းငှားအဖြစ် စပါး ၄၀၊ ဆန် တစ်လ တစ်တင်းဖြင့် ကိုချမ်းအေး ငှားရမ်းခဲ့သည်။ သူရင်းငှားဆိုသော်လည်း ကြည်လှ အပေါ် ကိုချမ်းအေးက မိသားစုလိုသဘောထားသည်။ ညီငယ်လို ညှာတာသည်။
ထို့အတူ ကြည်လှကလည်း ကိုချမ်းအေးအပေါ် သိတတ်သည်။ နားလည်မှုရှိသည်မို့ အလုပ်လုပ်ရတာ အဆင်ပြေသည်။
မနေ့က ညနေပိုင်း စပါးနယ်နေစဉ် ရေကြက်အော်သံက အရိုးချောက်တမံဘေးရှိ ခရာဆူးချုံတောထဲမှ ထွက်လာသည်။
ကြည်လှ မှာ စပါးတလင်းနှင့် မလှမ်းမကမ်းရှိ ဆူးချုံတောဘက်သို့ မျှော်ကြည့်ရင်းက-
“ကိုကြီးရေ. . . ကျွန်တော် ဒီ ရေကြက်အော်သံကိုကြားကြားနေတာ လေးငါးရက်ရှိပြီဗျ။ ဒီကောင် ဒီတောထဲမှာ အသိုက်ရှိတယ်နဲ့ တူတယ်ဗျ”
“အေးကွ … ရှိနိုင်တယ် ထင်တယ်။ ငါလည်း ချုံတစ်ခုနဲ့ တစ်ခုကို ကူးကူးသွားနေတာကို တွေ့တွေ့ နေတယ်ကွ”
“ဒါဆိုရင် အဲဒီချုံစပ်မှာ ဘိသွားထောင်ရရင် ကောင်း မလားပဲ မသိဘူး”
“လုပ်မနေပါနဲ့ကွာ။ မနက်ဖြန်ကျမှ ငါ ကြည့်စီစဉ်ပါ့မယ်”
“သေချာအောင်လုပ်ဗျာ။ ရေကြက်သားက စားရခဲတယ်”
“အေးပါ ကြည်လှရာ။ မနက်ဖြန်ညနေ မင်း စားရပါစေ့မယ် … ဟုတ်လား”
“အင်း စားရချေသေးရဲ့ … စားရချေသေးရဲ့”
ကြည်လှမှာ နောက်ရွှတ်ရွှတ်ပြောရင်းက ကျွဲတွဲအား
ကောက်ပြန့်ပေါ်တွင် ပတ်ဝိုင်းနယ်နေသည်။ ကိုချမ်းအေးမှာ ကောက်ပြန့်အနားသားများအား ကောက်ဆွဖြင့်ကော်၍ ကောက်ပြန့် ပေါ် ပစ်တင်ရင်းမှ မနက်ဖြန်တွင် ရေကြက်ဖမ်းဆီးရမိရေးအား စိတ်ကူးဖြင့် စီစဉ်လိုက်လေသည်။
မနက်စောစော ကောက်ပြန့်ဖော်၍ ရရှိလာသည့် ကောက်ရိုးများအား အကုန်လုံး ကောက်ရိုးပုံသို့ မပို့ဘဲ သုံးဝါးစာလောက် တလင်းစပ်တွင် ကိုချမ်းအေးပုံထားလိုက်သည်။
ကောက်လှိုင်း နောက်တစ်ပြန့်အား ကြည်လှ သီးတန်တက်နေစဉ်အတွင်း ကိုချမ်းအေး အိမ်သို့ပြန်ပြီး ‘ပိုင်’တစ်လုံးအား ယူခဲ့၍ ကနားဖျင်းစပ်တွင် လှန်းထားလိုက်သည်။
ရိုးဖျားတမံ လယ်ကွက်အတွင်းရှိ ကောက်လှိုင်းများအား တလင်းအတွင်းသို့ သွင်းပြီးချိန်မှစ၍ ကိုချမ်းအေးတို့ သမီးယောက်ဖနှစ်ယောက် အိမ်သို့ ပြန်မအိပ်ရတော့ဘဲ တလင်းဘေးရှိ ကျွဲထားသော ကနားဖျင်းတွင် အဖီကလေးဆွယ်ပြီး အိပ်ကြရသည်။
မနက်စာ ညစာထမင်းကိုတော့ ဇနီးဖြစ်သူ လှမေ က လာပို့သည်။
မနက်ပိုင်း ကောက်ပြန့်ဖော်၍ ထမင်းစားပြီးချိန်မှာတော့ အချိန်က ၁၁ နာရီကျော်သွားပြီ။ နေ့ခင်းပိုင်းခေတ္တနားချိန်ရသော်လည်း ကိုချမ်းအေး မနားနိုင်။ တလင်းဘေးတွင် ပုံထားသော ကောက်ရိုးများကို ကောက်ရိုးထုံးပြုလုပ်၍ ရိုးချောက်တမံဘေးရှိ ခရာဆူးချုံရှိရာသို့ သမီးယောက်ဖနှစ်ယောက် သယ်ယူလာခဲ့သည်။
တလင်းတွင် ကျန်နေရစ်သေးသည့် ပိုင်နှင့် ကောက်ရိုးသယ်ပစ်ရာတွင် အသုံးပြုသည့် ကောက်ရိုးပစ်ဝါးနှစ်ချောင်းအား ကြည်လှကို ပြန်အယူခိုင်းလိုက်သည်။ ကြည်လှ ကောက်ရိုးပစ်ဝါးနှင့် ပိုင် သွားယူနေစဉ်အတွင်း ကိုချမ်းအေး အစွန်ဆုံးခရာချုံနှင့် အလယ်ခရာချုံကြီးအကြား ဆူးပင်ပါးရာနေရာတွင် ကောက်ရိုးကိုဖြန့်ချ၍ စည်းရိုးတစ်ခုထိုးလိုက်သည်။
စည်းရိုးအား ပြုလုပ်ရာ၌ ခရာချုံကြီးဘက်တွင် အဝအကျယ်ထားရှိ၍ အစွန်ခရာချုံ၍ ယာဘက်သို့ ရှူးပြီးကျဉ်းသွားသော ကတော့ပုံစည်းရိုးဖြစ်လေသည်။
ကြည်လှ ရောက်လာသည်နှင့် သူယူလာသော “ပိုင်” အား ယူကာ ကတော့ပုံစည်းရိုး၏အကျဉ်းဆုံးနေရာတွင် ပိုင်ဝအား ခရာချုံကြီးဘက် မျက်နှာမူပြီး ချထောင်လိုက်သည်။ နောက်ပြီး ထောင်ထားသော ပိုင်ဝကိုသာ ချန်လှပ်၍ အပေါက်အကျဲများအား ကောက်ရိုးဖြင့် လိုက်လံပိတ်ဆို့လိုက်သည်။
အမြင့် ပေါင်လယ်ခန့် မရှိတရှိ ထိုးထားသော ကောက်ရိုးစည်းရိုးအား လုံခြုံသေချာမှု ရှိ မရှိ ကိုချမ်းအေး ထပ်မံစစ်ဆေးလိုက်သည်။ သေချာကျေနပ်သွားသည်နှင့် ကြည်လှထံမှ ကောက်ရိုးပစ်ဝါးတစ်လုံးအား ခွဲယူပြီး သမီးယောက်ဖနှစ်ယောက် ခရာချုံကြီးအစွန်းသို့ လာခဲ့သည်။
နောက် ချုံ၏ တစ်ဘက်တစ်ချက်တွင် တစ်ယောက်စီ နေရာခွဲယူလိုက်ပြီး ရေကြက်ခြောက်ခြင်းလုပ်ငန်းကို စလိုက်သည်။
ပါးစပ်မှ ‘ဟေး … ဟေး’ ဟု အသံပေးလျက် ခရာချုံအား လက်ထဲရှိ ကောက်ရိုးပစ်ဝါးဖြင့် ရိုက်ပုတ်ကာ စည်းရိုးရှိရာသို့ တဖြည်းဖြည်းချင်း ရိုက်ခြောက်လာခဲ့သည်။ နောက်ဆုံး စည်းရိုးထံ ရောက်လျှင်တော့ ရေကြက်ခြောက်ခြင်းလုပ်ငန်းက ပြီးပြီ။ ပိုင်အတွင်း သို့ ‘ရေကြက်’ ဝင် မဝင်သာ ကြည့်ရှုရန် လိုတော့သည်။
ကိုချမ်းအေးထောင်ထားသော ပိုင်အား စည်းရိုးအတွင်းမှ နုတ်ယူဆွဲဖော်ကြည့်လိုက်တော့ ရေကြက်လေးကောင် ပိုင်အတွင်း မိနေကြောင်းတွေ့ ရသည်။
ရေကြက်များမှာ သူတို့နေထိုင်ရာ ခရာဆူးချုံအား ရိုက်ပုတ်လှုပ်ခါလာသည့်အတွက် ထွက်ပြေးရှောင်တိမ်းကြရာတွင် စည်းရိုးသို့ရောက်သည့်အခါ၌ တစ်ခုတည်းသာ အပေါက်ဖြစ်နေသော အပေါက်သို့ ပြေးဝင်ကြသည်။ ထိုအပေါက်မှာ ပိုင်ထောင်ထားသော အပေါက်သာဖြစ်၍ ပိုင်အတွင်း ရောက်ရှိသွားခြင်းဖြစ်သည်။
ပိုင်မှာ လျှာခင်တပ်ထားသော ခြင်းကြားတစ်ခုဖြစ်၍ ဝင်ပြီးလျှင် ပြန်ထွက်၍ မရတော့ပေ။ ရေကြက်လေးကောင်မှာ ပိုင်အတွင်း၌ ထွက်ပေါက်အား ရှာဖွေလှုပ်ရှားနေကြသည်။
ကိုချမ်းအေး လက်တွင်းရှိ ပိုင်အား ကြည်လှသို့ လွှဲပေးလိုက်ပြီး အစောပိုင်းက ထိုးထားသော ကောက်ရိုးစည်းရိုးမှ ကောက်ရိုးများအား ဝါးလုံးဖြင့် ကော်၍ ဖျက်ပစ်လိုက်သည်။ သို့မှသာ မမိဘဲ ကျန်ရစ်နေခဲ့သော ရေကြက်များ ခရာဆူးချုံအတွင်း ပုံစံမပျက် သွားလာနိုင်မည်ဖြစ်သည်။ သွားလာလှုပ်ရှားရမှု ခက်ခဲသွားပါက ရေကြက်များ တောချုံပြောင်းရွှေ့သွားနိုင်သည်မို့ စည်းရိုးအား ဖျက်ပစ်ရခြင်းဖြစ်လေသည်။
ရေကြက်ဆိုသောအကောင်မှာ ကြက်အမျိုးအစားဝင်ဖြစ်သော်လည်း အိမ်မွေးကြက်ကဲ့သို့ အိမ်မှာမွေးလို့မရ။ ယဉ်ပါးမှုမရှိ တောကြက်ကဲ့သို့ အရိုင်းသက်သက်ဖြစ်လေသည်။
တောကြက်မှာ ကုန်းပိုင်းမြေပြင်တွင် ကျက်စားနေထိုင်သော်လည်း ရေကြက်ကတော့ နာမည်နှင့်လိုက်အောင်ပင် ကုန်းပိုင်းတွင် ကျက်စားလေ့မရှိ။ ရိုးချောင်းကမ်းပါးရှိ ဆူးချုံနွယ်တောများအတွင်း၌သာ နေထိုင်ပြီး အစာကိုလည်း နွံတောများအတွင်း ရှာဖွေစားသောက်လေ့ရှိသည်။ သို့ကြောင့်လည်း ရေကြက် ဟု ခေါ်ခြင်း ဖြစ်ပေလိမ့်မည်။
‘ရေကြက်’ မှာ နှစ်မျိုးရှိလေသည်။ အကောင်တွင် ထူးခြားသော အရောင်အသွေး ကွဲပြားခြင်းမရှိသည့်အကောင်ကို ရိုးရိုးရေကြက် ဟု ခေါ်ပြီး အကောင်၏ ပါးနှစ်ဘက်တွင် ထူးထူးခြားခြား အဖြူမွှေးကလေးများ ဖုံးအုပ်နေသော အကောင်ကို
ရေကြက်ပါးဖြူ ဟု ခေါ်ကြသည်။
ဘာ့ကြောင့်မှန်းတော့မသိ။ ရေကြက်ပါးဖြူသားမှာ ရိုးရိုးရေကြက်သားထက် အနည်းငယ်ပိုနူးညံ့ပြီး ပိုချိုလေသည်။
ရေကြက် မှာ တောကြက်လောက် အကောင်မကြီး။ အကောင်သေးအမျိုးအစားဖြစ်ပြီး တောကျီး သာသာလောက်သာ ကြီးလေသည်။
ကိုချမ်းအေး ရေကြက် ခြောက်အပြီး တလင်းပြန်ရောက်တော့ နေပင် မွန်းတည့်နေပြီဖြစ်သည်။ ဒါ့ကြောင့်လည်း ကြည်လှအား အနားပင် မခိုင်းတော့ဘဲ ရေကြက်ပိုင်နှင့်အတူ အိမ်သို့ လွှတ်လိုက်သည်။ ကြည်လှ ပိုင်ကိုဆွဲပြီး တလင်းမှထွက်စဉ် အသေအချာလည်း မှာလိုက်ရသည်။
“ကြည်လှ ရေ။ ပိုင်ကို မင်းအစ်မကို ထိုးပေးပြီး ပြန်ထွက်မလာနဲ့ဦးနော်။ လုပ်စရာရှိတာ အကုန်လုပ်ပေးခဲ့ဦး”
“ဟုတ်ကဲ့ပါ ကိုကြီးချမ်းရ. . . ကျွန်တော် သိပါတယ်”
“နေဦးကွ။ နောက်ပြီးတော့လည်း မင်းအစ်မလှမေ ကြက်ခုတ် ငှက်ခုတ် သိပ်လုပ်တတ်တာ မဟုတ်ဘူး။ တစ်ခါတည်း မင်းပဲ အိုးဝင်ခုတ်ထစ်ပေးခဲ့… ကြားလား”
“ကျွန်တော့်အစ်မအကြောင်း ကျွန်တော် သိပါတယ် ကိုကြီးချမ်းရာ။ ချက်ရုံ အဆင်သင့်ဖြစ်တဲ့အထိ ကျွန်တော် လုပ်ပေးခဲ့မှာပါ”
“အေး… အေး … ဒါဆိုလည်း ပြီးတာပါပဲကွာ”
“မပြီးသေးဘူးလေ။ ပြီးတော့လည်း ပိုင်ကို အသေအချာ သန့်ရှင်းပြီး ငြမ်းစင်ပေါ် တင်ထားခဲ့ရမှာ မဟုတ်လား…. ဟုတ်တယ်နော်”
“တယ်လေ… ငါ မဆဲလိုက်ချင်ဘူး။ သွားကွာ… သွားတော့”
လေကလေးချွန်ကာ ပိုင်ကိုဆွဲလျက် ထွက်သွားသော ကြည်လှအား ကြည့်ရင်း ကိုချမ်းအေး တစ်ကိုယ်တည်း ပြုံးမိသည်။ ဒီကောင် အသက်ရလာ၍ အိမ်ထောင်ပင် ကျနေပြီဖြစ်သော်လည်း တစ်ခါတစ်ရံ ကလေးစိတ်က မကုန်ချင်။ ယခုလည်း သူတောင့်တနေသော ရေကြက်သားအား စားရတော့မည်ဖြစ်၍ အူမြူးနေပုံရသည်။ မျက်နှာမှာ ရွှင်၍ လှုပ်ရှားမှုတွေကလည်း သွက်လက်လို့နေကြောင်း တွေ့ရသည်။
မနက်ပိုင်း ကောက်ပြန့်ပေါ်ကချပြီးကတည်းက အစာစားရန်အတွက် လွှတ်ထားသော ကျွဲများအား ကိုချမ်းအေး လှမ်းမျှော်ကြည့်လိုက်တော့ ဝေးဝေးလံလံမသွား၊ ရိုးဖျားလယ်ကွက်ထဲတွင်သာ မြက်စားနေကြောင်း တွေ့ ရသည်။ ဒါ့ကြောင့်မို့လည်း တစ်မနက် လုံးပင် ပင်ပန်းထားသမျှကို အိပ်စင်ကလေးပေါ်တက်၍ တုံးလုံးလှဲရင်း ခေတ္တနားလိုက်သည်။
ကြည်လှ တလင်းသို့ ပြန်ရောက်လာတော့ ညနေ နေချိချိန်ပင် ရောက်တော့မည်မို့ ကိုချမ်းအေး လွှတ်ကျောင်းထားသော ကျွဲများအား လိုက်လံစုစည်းပြီး တလင်းသို့ ပြန်မောင်းလာခဲ့သည်။ တလင်းသို့ ရောက်သည်နှင့် ကျွဲငါးကောင်အား ရေတိုက်ပြီး ကျွဲတွဲပြုလုပ်ကာ ကောက်ပြန့်ပေါ်သို့ တက်လိုက်သည်။ ဒီတစ်ခါ နယ်အပြီးတွင် ကောက်ရိုးပစ်ရမည်မို့ အသီးများ အကုန်ကြွေစေရန် ခွာစာများများတက်သည်အထိ နယ်ရမည်ဖြစ်သည်။
ကိုချမ်းအေး ကျေနပ်လောက်သည်အထိ ခွာစာတက်လာတော့ ကျွဲတွဲကို ကောက်ပြန့်ပေါ်မှချကာ ကြည်လှနှင့်အတူ ကောက်ရိုးဖော် ကောက်ဆွခြင်းကို ပြုပြီး ကောက်ရိုးများကို ပစ်လိုက်သည်။
တလင်းပေါ်တွင် ကောက်ရိုးမှော်များနှင့်အတူ ကျန်နေရစ်သော စပါးစေ့ပြန့်အား မှော်ခြစ်ခြင်းနှင့် အနားသားလုံးခြင်းတို့ကို ပြုပြီးသည်နှင့် ၎င်းစပါး ပြန့်အပေါ်တွင် ထပ်၍ ကောက်လှိုင်းစည်းများဖြင့် ကောက်ပြန့် အသစ်ကို ဖြန့်ရပြန်သည်။
ကိုချမ်းအေးတို့ အသစ်ဖြန့်ထားသော ကောက်ပြန့်အား သီးတန်တက်နေစဉ်တွင် မလှမေတစ်ယောက် ညနေစာထမင်း အပို့ရောက်လာသည်။ ဒါ့ကြောင့် ကောက်ပြန့်ပေါ်တွင် ကျွဲတွဲလှည့်နေသော ကိုချမ်းအေး ထံသို့ ကြည်လှ တက်လာပြီး ကျွဲတွဲကို လက်ပြောင်းယူသည်။
ကိုချမ်းအေးကိုလည်း ကောက်ပြန့်ပေါ်မှ အဆင်းခိုင်းသည်။
“ဟိုမှာ အစ်မလှမေ ထမင်းပို့ရောက်လာပြီလေ။ ကိုကြီးချမ်း စကားလေး ဘာလေး သွားပြောလိုက်ဦး”
“ငါ ဘာမှ ထူးထူးထွေထွေ ပြောစရာမရှိပါဘူးကွာ”
“အခု မရှိသေးပေမယ့် အစ်မ လှမေ အနားရောက် သွားရင်တော့ ရှိချင်ရှိလာမှာပါ။ ဟုတ်တယ် မဟုတ်လား”
“တော်စမ်းပါကွာ. . . ပေါက်တတ်ကရတွေကို”
ကိုချမ်းအေး ပြောပြောဆိုဆိုနှင့် ကောက်ပြန့်ပေါ်မှနေ၍ မလှမေရှိရာ ကနားဖျင်းသို့ ဆင်းလာခဲ့သည်။ ကနားဖျင်းအတွင်း ရောက်သည်နှင့် ဇနီးဖြစ်သူအနား ဝင်ထိုင်ရင်းက-
“သားနဲ့သမီးကို ဘယ်သူနဲ့ ထားပစ်ခဲ့လဲဟ”
“ဒီနေ့တော့ သူတို့အဒေါ် မိတင် အစောကြီးရောက်လာတယ်လေ။ သူတို့အဒေါ်နဲ့ ထားခဲ့ရတာပေါ့”
“အေးဟာ. . .။ ငါ လူငှား ငှားတာက ကြည်လှ တစ်ယောက်တည်း။ ခုတော့ မိတင် ပါ အဆစ်ပါနေပြီနဲ့ တူတယ်”
“အဆစ်ပါတာ မဟုတ်ဘူးတော်ရေ။ အပိုထောက်ပံ့နေရတာရှင့်. . . အပိုထောက်ပံ့နေရတာ”
“နင်ကလည်းဟာ အဲဒီလိုကြီးမပြောပါနဲ့ ။ ကြည်လှ
ကြားသွားလို့ စိတ်မကောင်းဖြစ်နေပါဦးမယ်”
လှမေပြောတာ ဟုတ်သင့်သလောက်လည်း ဟုတ်နေသည်။ ကြည်လှ တလင်းတွင်းသို့ ပြောင်းအိပ်ကတည်းက မိတင်မှာ လှမေနှင့်အတူ အဖော်အဖြစ် နေ့စဉ်လာအိပ်သည်။ ညစာ ထမင်းကိုလည်း လှမေ အိမ်မှာပင် စားပြီး အိမ်ဗာဟီရအလုပ်ကလေးများကို ကူလုပ်ပေးသည်ဆိုတော့ အပြစ်တော့လည်း မဆိုသာ။ မိသားစုအဖော်အဖြစ် လာအိပ်ပေးသည်ကိုပင် ကြံဖန် ကျေးဇူးတင်ရမည်ဖြစ်သည်။
သည့်အတွက် ကိုချမ်းအေး မည်သို့မျှ မခံစားရမိသော်လည်း မိန်းမသားဖြစ်သူ လှမေကတော့ အူတိုမျိုးပီပီ တွက်ချင်သည်ထင်သည်။ ထိုစဉ် ကျွဲတွဲလှည့်နေသော ကြည်လှထံမှ အသံက ပေါ်လာသည်။
“အမလှမေရေ. . . မနက်ထမင်းလာပို့ရင် ကျွန်တော့် အင်္ကျီလက်ရှည်တစ်ထည် အစ်မညီမဆီက တောင်းယူလာခဲ့စမ်းပါဗျာ”
“ဟဲ့. . . နင့်မှာ လက်ရှည်အင်္ကျီ ပါမလာလို့လား”
“ပါ ပါတယ်။ တစ်ထည်ထဲဆိုတော့ လဲဝတ်စရာ မရှိလို့ပါ”
“အေး. . . အေး. . . “မိတင်” ကို ငါပြောလိုက်မယ်”
“မေ့မနေနဲ့နော်. . . အစ်မလှမေ”
“တယ်လေ. . . အကြောရှည်မနေနဲ့ ။ ငါပြန်သွားရင် နင့်မိန်းမကို အပို့ခိုင်းလိုက်မယ်။ ဒါပဲ မဟုတ်လား”
ကိုချမ်းအေး ထမင်းတောင်းကိုကြည့်ရင်းက ချက်ချင်း ထမင်းမစားနိုင်သေးသည်ကို သတိရသဖြင့်-
“ကောက်ပြန့်က ခုမှ သီးတန်တက်စရှိသေးတော့ ငါတို့ ထမင်းစားချိန်နောက်ကျလိမ့်မယ်နဲ့တူတယ် လှမေ ရ။ ဒီတော့ နင် ထမင်းတောင်း စောင့်ယူမနေနဲ့တော့။ မနက်ကျမှ ငါ ပြန်အပို့ခိုင်းလိုက်မယ်”
“အင်းလေ. . . ဒါဆိုလည်း ပြီးရော။ ကဲ. . . ကျုပ်ပြန်တော့မယ်”
မလှမေ အိမ်ပြန်ရန် ထိုင်ရာမှ ထလိုက်သည်နှင့် ကိုချမ်းအေး ထမင်းတောင်းကို ကောက်ယူကာ အိပ်စင်ပေါ်သို့ တင်လိုက်သည်။ နောက်အိပ်စင်အောက်သို့ ထိုးသွင်းသိမ်းထားသော ကောက်ဆွအား ဆွဲယူကာ ကောက်ပြန့်နှုတ်ခမ်းသားများ လုံးရန်အတွက် တလင်းတွင်းသို့ ပြန်ဝင်ခဲ့သည်။
ကိုချမ်းအေး ကောက်ပြန့်အား နှုတ်ခမ်းသားလုံးနေရာမှ ကြည်လှ သို့-
“ကြည်လှရေ ဒီအပြန့်ခွာစာရမှပဲ တို့ ထမင်းစားကြတာပေါ့ ကွာ … ဟုတ်လား”
“ရတယ်လေ ကိုကြီးချမ်းရဲ့. . . ဆာလေကောင်းလေပေါ့ … ဒါပေမဲ့”
“ဘာဒါပေမဲ့လည်းကွ”
“ထမင်းစားနောက်ကျရင်. . . နောက်နေ့ ဟင်းစားအတွက် ကြွက်ထောင်ဖို့အချိန်ရမှာမဟုတ်တော့ဘူးနဲ့တူတယ်ဗျ”
“မရလည်းနေပေါ့ကွာ. . . နောက်နေ့တွေမှပေါ့”
ကြည်လှ ဘာမှ ပြန်ပြောမလာတော့။ ရောက်တတ်ရာရာ သီချင်းများကို အော်ဆိုရင်း ကျွဲတွဲကို လှည့်နေကြောင်း တွေ့ရသည်။
ကောက်ပြန့်ခွာစာရ၍ ‘ရေကြက်’သားနှင့်ထမင်းစားပြီးချိန်မှာတော့ ဝမ်းတောင့်သွားသည်ကတစ်ကြောင်းနှင့် လုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်ရခြင်းတို့ကြောင့် ထိုနေ့ညက ကြည်လှ ပြောသလိုပင် ကြွက်ထောင်ခြင်းအလုပ်ကို မလုပ်နိုင်တော့ပေ။ ကောက်ပြန့်ဖော်နေစဉ်တွင် ကြည်လှ ထံမှ ကြံကြံဖန်ဖန် ရယ်စရာစကားက ထွက်လာသည်။
“ကိုကြီးချမ်းရေ. . . ဒီနေ့ညတော့ ကောင်းကောင်းမှအိပ်လို့ရပါ့မလား မသိဘူးဗျ”
“ဟ. . . ဘာဖြစ်လို့လည်းကွ”
“ဘာဖြစ်ရမှာလည်း ကိုကြီးချမ်းရ၊ ကြွက်တွေဝိုင်းပြီး သာဓုခေါ်သံက တစ်ကွင်းလုံး ညံနေမှာ သေချာတယ်လေ”
“မင်းနှယ်ကွယ်. . . ကြံကြံဖန်ဖန် ပြောရမယ်”
အမှန်ပင်။ ကြွက်များက. . . ယနေ့ညအတွက် သာဓုခေါ် လေမလားဆိုသည်ကိုဖြင့် ကိုချမ်းအေး မသိချေ။
သို့သော် ယနေ့ညအဖို့ဖြင့် အကုသိုလ်ကင်းကင်းဖြင့် အိပ်စက်ရမည်ကိုတော့ ကိုချမ်းအေးအသေအချာ သိနေလေတော့သည်။
– ပြီး –
စာရေးသူ – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)