ရေကြီးခါ (ဝတ္ထတို) ✍️ ခင်ခင်ထူး
ဝါ၀င်ပြီဆိုသည်နှင့် ဧရာ၀တီမြစ်ရေကို မြစ်နားကမ်းနားရွာတွေက အကဲခတ်ရပါပြီ။ ဝါဦးရေကို အောင် မအောင် ခန့်မှန်းဖို့ခက်ပါသည်။ တချို့နှစ်တွေမှာ ကဆုန်၊ နယုန်ကတည်းက ရေလှုပ်သည်။ မအောင်သည့်ရေက တစ်ရက်၊ နှစ်ရက်နှင့် ဆုတ်သွားတတ်သော်လည်း အောင်ရေကတော့ မြစ်ကို တလှုပ်လှုပ်ဖွသလို မောက်လာတတ်သည်။ ထိုအခါ မြစ်ရေက တစ်လကိုးသီတင်း ဧည့်သည်လုပ်နေတော့သည်။ ရေက တရိပ်ရိပ်တိုးသည့်ရေနှင့် ကြမ်းကြမ်းတိုးသည့်ရေဟူ၍ရှိသည်။ ရေတိုးကြမ်းသည့်နှစ်တွေမှာ မြစ်နားရွာတွေထဲကို ချောင်းပေါက်ထူးပေါက်တွေက တစ်ဆင့်တိုး၀င်တော့သည်။
ကျွန်မတို့ရွာတွေမှာ ရွာထဲရေ၀င်ပြီဆိုသည်နှင့် ရွာလည်းပွက်ပွက်ဆူလေတော့သည်။ လူ့ကိစ္စ၊ လူ့ပစ္စည်းက ဒုတိယ။ ကျွဲတွေ၊ နွားတွေကို အရင်ရွှေ့ဖို့စီစဉ်ရသည်။ ရေက ချောင်းရိုးအတိုင်း ဝါးလုံးထိုးစီး၀င်လာကာ ရွာအရှေ့ဘက်ကို ရေဦးထိုးသည်။ ဆက်တိုးလို့မရတော့ ရွာထဲပြန်လှည့်ကာ စမြုပ်တော့သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းရေကြီးကိုတော့ “ရေကြီးခါ” ခေါ်ကြသည်။ နှစ်တိုင်းတော့ ရွာထဲ ရေမ၀င်လေ့ပါ။ ရေအောင်သည့် နှစ်တွေမှာတောင် မြစ်လုံးလျှံလေ့ရှိသော်လည်း ရွာထဲ စပ်စပ်သာ၀င်သည်။ သို့သော် တကယ်ရေ၀င်ပြီဆိုသည့်နှစ်မှာတော့ ပင်လယ်ကြီးဖြစ်ရတော့သည်။ မြစ်နှင့်ရွာမှာ ရေတစ်ဆက်တည်းဖြစ်နေတော့ ဘယ်ကြည့်ကြည့် ရေတွေ။
မြစ်နားရွာတွေရယ်လို့ ခြေတံရှည်အိမ်ဆောက်ကြသူတွေချည်းတော့မဟုတ်။ သို့သော် နှစ်ထပ်တော့ ဖြစ်အောင်ဆောက်ထားရသည်။ အိမ်အောက်ရေ၀င်သည်ဆိုတာက ခါးစောင်းလောက်မြုပ်တာကို ဆိုလိုပါသည်။ ထိုအခါ အပေါ်တက်နေကြပေရော့။ ခြေတံရှည်အိမ်တွေမှာတော့ လှေကလေးတွေ အိမ်တိုင်နှင့် တွဲချည်တတ်ကြ၏။ အိမ်တိုင်းလှေမရှိနိုင်တော့ နွားစားကျင်းလုပ်ထားသော သစ်ထွင်းလှေ၊ ထန်းလုံးထွင်းလှေကို နှစ်မျိုးသုံးလုပ်ထားကြရပါသည်။ ရေကြီးခါရောက်လျှင် ရေလွတ်ရာ အိမ်အပေါ်ထပ်မှာ မီးဖိုကာ ချက်ကြ ပြုတ်ကြရတာဆိုတော့ ရေပေါ်အိမ်ကလေးတွေထဲက မီးခိုးတွေအူလေ၏။ ထင်းတွေက ရေစိုကြပြီကိုး။ တစ်အိမ့် တစ်အိမ် နွားစားကျင်းလှော်ကာ ကူးကြရသည်။ မိုးကလည်း တအေးအေး ရေကလည်း တဖွေးဖွေးဆိုတော့ နွမ်းပါးကြသူတို့ စိတ်မောရသည့်အခါဖြစ်သည်။
“တို့တော့ရေကြီးခါ ဘာမှလုပ်စရာမရှိတော့ ထမင်းဒိုင်ခံချက်စားနေသာပဲ စားလို့လည်းကောင်းပါတော် ရေကလေး ပက်စိပက်စိနဲ့ ထမင်း၀င်ချက်တော့”
ညဘက်မှာ တစ်ရွာ့ တစ်ရွာ လှမ်းမျှော်ကြည့်ရတာကလည်း လွမ်းစရာကောင်းလှပါသည်။ မည်းနက်နေသည့် ရေပြင်က ကြောက်မည်ဆိုလျှင် ကြောက်စရာ။ မီးရောင် လက်လက်ကလေးတွေက ဟိုတစ်နေရာ သည်တစ်နေရာ။ ရေတွေ ဟီးဟီးတိုက်တိုးနေချိန်မှာ ဘယ်လှေကများ ခရီးသွားနေကြတာပါလိမ့်။ ဟိုး အစုကတော့ ရွာမီးဖြစ်လိမ့်မည်။ ရွာစဉ် ရွာဆက် ရေတွေချည်းဆိုတော့ သူ့အိမ် ကိုယ့်အိမ် ကူးချင်လို့မလွယ်။ ရဟန်း၊ သံဃာတော်တို့ မကြွကြသော်မှ ကိုရင်ငယ်တို့ လှေလှော်ကာ ဆွမ်းခံကြွကြပြီ။ ဆွမ်းခံလှေက ရိုက်ခတ်သည့် ကြေးစည်သံကို နားစွင့်ကြရင်း ဆွမ်း တစ်စလောင်းတော့ မီအောင်လောင်းကြသည်။
အိမ်တွေလည်း တစ်၀က်မြုပ်ပြီ။ သစ်ပင်တွေလည်း ပင်စည်လည်ပင်း ရေရောက်ပြီ။ နွားစားကျင်းနှင့် အိမ်လည်ကြသူတွေ အိမ်အလည်လွန်တော့ အိမ်ကလူကဗျိုးကြီးဟစ်ကာ ပြန်ခေါ်သည်။ ကြားသည့်အိမ်က လက်ဆင့်ကမ်းပြေးပွဲလို ဆက်ကာ ဆက်ကာ အော်ပေးကြတော့ အလည်လွန်နေသကောရယ်လို့ မကြားမရှိ။
“ မိလှရေ ဟေး မိလှ ဖောင်းကားကုန်းက နွားတွေသွားကြည့်ကြဦးစို့ဟေး၊ ကုန်းပေါ်ရေရောက်လောက်သယ်နှော ညည်းသွားရင် လာခေါ်စမ်းဟေး ”
ရွာထဲရေ၀င်ပြီဆိုကတည်းက ဖောင်းကားကုန်းကို နွားတွေအရင်ပို့ရသည်။ နွားစာတွေ ရေလွတ်အောင် လှေနှင့်ကဲ့ရသည်။ ဖောင်းကားကုန်းက ဘုရားကုန်းဖြစ်၍ တော်ရုံရေလောက်တော့လွတ်ပါသည်။ တစ်ရွာလုံးက နွားတွေ၊ကျွဲတွေ ဘုရားကုန်းမှာ မဆန့်တော့ ရေလွတ်ရာသွားထားကြရင်း ကြည်းတောရွာတွေအထိ ရောက်ရတာလည်းရှိသည်။ ကြည်းတောရွာတွေဆိုတာက ကျွန်မတို့ရွာနှင့် အနည်းဆုံးလေးမိုင်လောက် ဝေးသည့်ကုန်းခြောက်ရွာတွေကို ခေါ်ခြင်းဖြစ်ပါသည်။ တစ်ချို့ကလည်း ကိုယ့်ဝိုင်းတိုက်ထဲမှာပဲ နွားခြံကုန်းမြင့်မြင့် တည်ထားကြတာရှိပါ၏။ အဝေးရွာတွေကို မပို့နိုင်သည့် နွားရှင်တွေကတော့ ဖောင်းကားကုန်းမှာ ထားကြကာ တစ်ရေကြီးလုံး ဘုရားကုန်းမှာ ချက်ပြုတ်စားသောက်ကြရသည်။ နွားတွေရေလွတ်သည်ဆိုသော်လည်း နွားအလုပ်က သေးတာမဟုတ်။ နွားစာကဲ့ရ၊ ဘုရားကုန်း သန့်ရှင်းရ၊ လူနေလူထိုင် ဆင်းရဲကြ။
“ တမြန့်အပြင်တစ်နှစ်က တက်လိုက်သဲ့ မြစ်ရေ တစ်သက်ကြုံဖူးဘူး။ ဘီလူးစီးလာသလား မှတ်ရသယ်။ ဒုက္ခရောက်ချက်ကတော့အေ လူတွေလည်း နေစရာမရှိဘူး။ နွားတွေလည်း နေစရာမရှိဘူး။ ရွာထဲ ရေ၀င်လာသာ ဓားပြ၀င်သဲ့အတိုင်းပဲ ”
တမြန့်အပြင်တစ်နှစ်ဆိုတာ ပြီးခဲ့သည့် သုံးနှစ်ကို ပြောခြင်းဖြစ်ပါသည်။ မနှစ်က၊ တမြန်နှစ်က၊ တမြန့်အပြင် တစ်နှစ်က စသည့်ဖြင့် သုံးတတ်ကြသည်။ တော်ရုံဒုက္ခကို ဒုက္ခထင်ကြသူတွေမဟုတ်တော့ ကြီးတော်ပြောသည့် “ ဒုက္ခရောက်ချက်တော့” သည် သေးသေးမဟုတ်တာ ကျွန်မနားလည်ပါသည်။
“ မိထိုက်ရေ ထစမ်း ငါ့သမီး ရေတွေတိုးလာသာ နွားတွေ ကြည့်စမ်းဦးဟဲ့ လို့နှိုးရသယ်။ အဲ့သည့်ညက အိမ်မှာ တို့သားအမိ နှစ်ယောက်တည်းပဲ ”
မီးခွက်ကလေးထွန်းကာ နွားခြံဘက်ကြည့်တော့ နွားတွေ ဒူးမြုပ်နေကြပြီဆို၏။ ကြီးတော်က အိုကြီး အိုမဆိုတော့ ခုတင်ပေါ်ထိုင်နေရ၏။ သမီးအကြီးမက ရေထဲကဖြတ်ပြီး နွားခြံဘက်ပြေးကာ နွားတွေ ချည်တိုင်က ဖြုတ်ရသည်။ တစ်ရွာလုံး အချင်းချင်း နှိုးကြသည့်အသံတွေက အမှောင်ကြီးထဲမှာ ပွက်လောရိုက်နေတော့သည်။ ညကြီးဆိုတော့ ဖောင်းကားကုန်းဘက်ကို မသွားနိုင်။ ရေတိမ်ခြေထိုးစမ်းရင်း ရွာတောင်ဘက်တံခါးက ထွက်ကာ ရေလွတ်ရာ ရွာတွေဘက် နွားတွေ ဆွဲသွားကြရသည်။ ကိုယ်လိုလူတွေချည်းဆိုတော့ ကြောက်စရာတော့မရှိ။
“ ကိုယ့်ရပ်ကိုယ့်ရွာ ချိုင့်ကြီးကျင်းကြီး ဘယ်နားရှိသယ်ဆိုသာသိလို့ တော်တော့သာပေါ့အေ။ ငါလည်း မထူးဘူးဆိုပြီး အမေ့ပစ်သွားရတော့သာဟေ့။ နွားတွေ ပို့ပြီး ရွာပြန်ရောက်တော့ မိုးလင်းကာနီးပြီ။ အမေက ခုတင်ပေါ်စားပွဲဆင့်ထိုင်နေသာ ငုတ်တုတ်ကလေး။ သားအမိ နှစ်ယောက် တွေ့ရသေးသဟဲ့ဆိုပြီး အဲ့သည်ကျမှ ဖက်ငိုရတော့သာ။ ”
နောက်ရက်တွေမှာတော့ အိမ်ကြမ်းပြင်မြုပ်သည်ထိ ရေတက်လာခဲ့သည်။ မြေစိုက်အိမ်တွေက နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေ၊ အိမ်မြင့်ကြီးတွေပေါ် သွားနေကြရသည်။ တချို့ သစ်ပင်ကြီးတွေပေါ် လင့်စင်ထိုးနေကြရသည်ဆိုပါ၏။ မြွေတွေက ရေထဲမှာ တလန်းလန်း။ မြစ်ဘက်က သင်္ဘောကြီးတွေ ခုတ်မောင်းသွားလျှင် လှိုင်းက ရွာထဲအထိရောက်တော့ ဇလုံမျော၊ ပန်းကန်မျော လိုက်ဆယ်ရတာက တစ်လုပ်။
ကျွန်မတို့ရွာမှာ နေစဉ်ကတော့ ရေကြီးခါ ကြုံဖူးလှသော်လည်း သည်လောက်ဆိုးတာမျိုးမကြုံဖူးခဲ့ပါ။ ကလေးဆိုတော့ ရေကြီးတာကိုပဲ ပျော်ရသည်။ ရေကပြင်ကနေ ရေထဲ ကျွမ်းထိုးချရတာ၊ ရေမျောကဆစ်သီးတွေ ဆယ်စားရတာ၊ တစ်နေကုန် ကျိုထားသည့် လက်ပံခေါင်းဟင်းလေး ချက်စားရတာတွေက ရေကြီးမှ ကြုံရတာမျိုးမဟုတ်လား။ ရေကြီးမှာကို ကြိုတင်မသိနိုင်လေတော့ တစ်နွေလုံး အခြောက်ခံထားရသည့် ဘူးသီးခြောက်၊ ခရမ်းသီးခြောက်၊ လက်ပံခေါင်းခြောက်၊ သရက်သီးခြောက်၊ မန်ကျည်းသီးမှည့်၊ ပဲ၊ ငါးပိ၊ ငါးခြောက် မလိုသော်ရှိ လိုသော်ရှိ ကြိုစုထားကြရသည်။ နွားစားကျင်းနှင့် လှေလှော်ရတာကလည်း အရသာ။ ရေးတိုးရက်ကြာလျှင် ကြာသလောက် အနေအစားဆင်းရဲကြရပါသည်။
ရေကျပြီဆိုတော့လည်း တစ်ရွာလုံးညှီစော်နံလေတော့သည်။ ရွှံ ဗွက်စိ ဗွက်စိက အသွားရ၊ အလာရ ခက်ပါဘိ။ ရေအကျမှာ ကျမဆွဲငါးတွေပေါတော့ ငါးပိသပ်ကြ။ ငါးချဉ်သိပ်ကြ။ ယင်ကောင်းတဝုန်းဝုန်း။ ကုန်းခြောက်ပြီဆိုလျှင်တော့ တောင်သူတွေ အခင်းဆင်းကြရပြီ။ သဘာ၀က ပေးသော မြေနု၊နုန်းနုကလေးတွေ ရလိုက်ပြီမဟုတ်လား။ မြေနူးနူးဆိုတော့ သစ်စေ့ကြိုက်တဲ့ မြေသားရပြီ။ အခင်းတွေရေ၀င်ပါမှ တစ်နှစ်လုံး လုပ်ကိုင်စားရတာ အဆင်ပြေသည်။
“ ရေကြီးလို့ ဒုက္ခရောက်လှ တစ်လရယ် မြေဆီသြဇာတ်ဓာတ်ကလေးရတော့ အပင်ဖြစ်သယ်။ အပင်ဖြစ်တော့ သစ်စေ့သစ်နှံပိုထွက်သာပေါ့။ တို့တစ်တွေကတော့ ရေကြီးခါ မျှော်ကြရသာ ”
ဒုက္ခကိုရင်းကာ သုခကိုရိတ်သိမ်းကြသူတွေပါလားလို့သာ တွေးရတော့သည်။ မြစ်ရေအောင်သော်လည်း ရေမ၀င်သည့်နှစ်တွေများလာခဲ့သည်။ တစ်ချို့နှစ်တွေမှာ ဧရာ၀တီသည်ပင် ပြည့်ပြည့်ဖြိုးဖြိုးမရှိလိုက်ရပဲ ပြီးရသည်လည်းရှိပါ၏။ ကြီးတော်တို့ပြောသည့် တမြန့်အပြင်တစ်နှစ်က ရေမျိုးကတော့ အအောင်လွန်လွန်းသည်။ ကျွန်မတို့မှာ မြို့မှာ နေသော်လည်း သည်နှစ်ရေ၀င်တယ်။ ရေမ၀င်ဘူးဆိုသည့် သတင်းကို နားစွင့်ကြရသည်။ လူဆင်းရဲ၊ နွားဆင်းရဲဆိုသော်လည်း ရေကြီးမှ သီးနှံကောင်းတာဆိုတော့ ရေကြီးခါ မျှော်ကြရသူတွေမဟုတ်လား။
သည်နှစ်တော့ ဝါဆို ဝါခေါင်မတိုင်ခင်ကပင် မြစ်ရေကြီးနေပြီ။ ကမ်းလုံးတော့ မတိုက်သေး။ ရေကြီးခါရက်တွေ မရောက်သေးသော်လည်း ရွာကလူတွေကတော့ ကြိုကြိုတင်တင် စုစုဆောင်းဆောင်းရှိကြရော့မည်။ စားရေး၊ နေရေး ဒုက္ခရောက်ကြသည်ဆိုပေသိ ရေကြီးခါ ထမင်းကလေးကိုတော့ အလွမ်းသား။ ။
ခင်ခင်ထူး