———
“အန် … အန်တီ …”
နှင်းဆီပင်တွေ ရေဖျန်းနေရာက အသံကြားလို့ ဒေါ်ခင်တင့် လှည့်ကြည့်လိုက်မိတယ်။ ခေါ်တဲ့သူကို မြင် တော့ အလိုမကျစိတ်နဲ့ တစ်ချက် မျက်မှောင်တွန့်လိုက်မိပြန်တယ်။
“ရေ … ရေလေး တစ်ခွက်လောက် သောက် … သောက်ချင်လို့ပါ”
“ဪ… ဒီမှာ ခဏ စောင့်”
မကြည်ဖြူပေမဲ့လဲ ငြင်းဆန်ဖို့ မသင့်တာကြောင့် လက်ထဲက ရေပိုက်ကို ချလိုက်ရင်းက ပြောလိုက်မိတယ်။ အိမ်ဘက်ဆီ လှမ်းလာရင်း “အတင့်ရဲလိုက်တာ”လို့ တိုးတိုး ရေရွတ်မိပြန်တယ်။ အိမ်ထဲ ရောက်တော့ သောက်ရေ ခွက်ကို ကိုင်မိပြီးမှ သူ သောက်ပြီးရင် မသတီစိတ်နဲ့ ပြန်ဆေးရမှာ တွေးမိတာ။ ဒါနဲ့ပဲ ရေခဲသေတ္တာထဲက ရေသန့် ထည့်ထားတဲ့ ရေဘူးတစ်ဘူး ယူလိုက်တယ်။
အိမ်ထဲက ထွက်လာပြီး ကြည့်လိုက်တော့ စောင့်ခိုင်းထားတဲ့ နေရာမှာ သူက မရှိတော့ဘူး။ မျက်လုံးဝေ့ပြီး ရှာကြည့်မိလိုက်တော့ နှင်းဆီပင်တွေနဲ့ မလှမ်းမကမ်းမှာ စိုက်ထားတဲ့ မုန်ညင်းဘောင်တွေကို အခုနက ချထားခဲ့တဲ့ ရေပိုက်နဲ့ ရေလောင်းနေတာ တွေ့တယ်။
“ရော့… ရေဘူး”
ဒေါ်ခင်တင့်အသံကြောင့် သူက လှည့်ကြည့်ပြီး ပါးစပ် အပြဲသားနဲ့ ရယ်ပြနေသေး။
“လောင်း … လောင်းပေးမယ်လေ”
“ရတယ် … ရတယ် … မလိုဘူး”
လေသံပြတ်ပြတ်နဲ့ ပြောရင်း ရေဘူးကို လှမ်းပေးလိုက်တယ်။ ရေဘူးကို ယူပြီး ဒေါ်ခင်တင့်လက်ထဲ ရေ ပိုက် ကမ်းပေးရင်းက ထပ် ရယ်ပြပြန်တယ်။ ရယ်ပြပြုံးပြနေရင် အရောဝင်သလို ဖြစ်ပြီး ထပ် ပတ်သက်နေရမှာ စိုးလို့ မျက်နှာထားကို တည်ပြီး ရေပိုက်ကို ယူလိုက်တယ်။ အဲဒီတော့မှ ခြံဝင်းထဲကနေ ထွက်သွားပြီး ခြံအပြင် သူ ထိုင်နေ ကျ မဲဇလီပင်ကြီးရဲ့ အရိပ်အောက်မှာ ထိုင်ချရင်း ရေဘူးကို မော့သောက်နေလေရဲ့။
ဒေါ်ခင်တင့်လဲ အပင်တွေ ရေ ဆက်လောင်းနေလိုက်တယ်။ ခင်ပွန်းဖြစ်သူ ဦးထွန်းဦးရဲ့ ဂျစ်ကား ဝင်လာမှ အလုပ်ဆင်းချိန် ညနေ ရောက်ပြီ ဆိုတာ သတိရတယ်။ ခင်ပွန်း ဖြစ်သူရဲ့ ကား ခြံဝင်းထဲ ရောက်တာနဲ့ အဲဒီ အဝင်ဝ တံခါးကြီး နှစ်ဖက်ကို ဆွဲပိတ်ပစ်လိုက်တယ်။ အိမ်နဲ့ ခြံဝင်းတံခါးက ဝေးတာမို့ အခုနကလို သူ ဝင်လာမှာ စိုးစိတ်နဲ့ ပေါ့။ အိမ်ထဲမှာ ညနေစာ ချက်ပြုတ် ပြင်ဆင်ရမှာ ဆိုတော့ သူ ဝင်နေရင် သိမှာ မဟုတ်ဘူးလေ။
(၂)
“ခင်တို့ကုန်းပေါ်မှာ ဟိုကောင်လေး လာပြီး နွားကျောင်းနေတာ မကြိုက်ပါဘူး ကိုထွန်းရယ်”
ဒေါ်ခင်တင့်က ညစာ စားပြီး တီဗီရှေ့မှာ အတူ ထိုင်ကြည့်နေတဲ့ ခင်ပွန်းကို လှမ်းပြောလိုက်မိတယ်။
“ဟေ … ဘာလို့လဲကွ။ တို့တွေ မလာခင်ကတည်းက သူက ဒီကုန်းပေါ်မှာ နွားကျောင်းနေကျကို”
“အို … ရှင်က အလုပ်သွားနေတာကိုး။ နားအေးမှာပေါ့။ ခင်တော့ ခြံထဲ လူလစ်ရင် ဝင်မှာ စိုးလို့ လှမ်းကြည့် နေရတာ အလုပ်ရှုပ်တယ်။ ကိုယ်က စိမ်းစိုနေတာကလေး သဘောကျလို့ စားပင်တွေ၊ ပန်းပင်တွေ စိုက်ထားတာ။ ဝယ်စားလို့ ရပေမဲ့ ကိုယ့်စိုက်ခင်းကလေးကိုယ် ကြည့်ပြီး ကြည်နူးချင်တာ။ သူ ဝင်ခူးသွားမှာ ကြောက်ရ၊ သူ့နွားတွေ ဝင်နင်းမှာ စိုးရနဲ့။ တစ်နေ့တစ်နေ့ စိတ်အေးလက်အေးကို မနေရဘူး။ ခြံတံခါးကလဲ လူ လာရင် ပြေး မဖွင့်နိုင်တော့ ဖွင့်ထားရတာကို”
ဒေါ်ခင်တင့်က ပြောရင်း ခင်ပွန်းဖြစ်သူကို ကြည့်မိတော့ မကြိုက်တဲ့ဟန်နဲ့ မျက်မှောင်ကုတ်ပြီး ကြည့်နေ တာ။ အမယ်လေး … သူတော်ကောင်းကြီးက ကိုယ့်ကိုပဲ မကောင်းမြင်တတ်တဲ့ သူ ဆိုပြီး အပြစ်တင်မှာ သိသားပဲ။ ဘာကလေး ဖြစ်ဖြစ် စိတ်ထဲ မကြည်တာ ရှိလို့ ပြောပြမိရင် အမြဲတမ်း ကိုယ့်ဘက်ပဲ အပြစ် ရောက်လာအောင် ပြောတတ်တဲ့ လူကြီး။ အခုလဲ ကြည့်။ မင်းဟာက အကဲပိုရန်ကော၊ သူတစ်ပါးကို နှိမ့်ချပြောတယ်လို့ ဆိုလိုချင်တဲ့ အကြည့် ဆိုတာ သဘောပေါက်ပါ့။ သူ ဘာမှ မပြောလာခင် ဒေါ်ခင်တင့်က အရင် မျက်စောင်းထိုးပစ်လိုက်တယ်။
“ရှင် ဘာ သိလို့လဲ။ ဟိုတစ်နေ့ကလဲ ကျွန်မ ရေလောင်းနေတုန်း ခြံထဲ ဝင်လာတာ။ ရေ တစ်ခွက် လောက်တဲ့”
ဒီတစ်ခါတော့ ကုပ်နေတဲ့ သူ့မျက်ခုံးက အပေါ် ပင့်တက်သွားပြန်တယ်။
“မင်း ရေ တိုက်လိုက်ရဲ့လား”
ဒေါ်ခင်တင့်က ဒုတိယအကြိမ်မြောက် မျက်စောင်းကို ပို့လွှတ်လိုက်ပြန်တယ်။
“ဘယ်လောက်ပဲ မကြည်ကြည်၊ လူတစ်ယောက် ရေတောင်းတာကို ငြင်းလွှတ်လိုက်ရအောင် သဒ္ဓါတရား မချို့တဲ့သေးဘူးရှင့်”
ဒေါ်ခင်တင့်အဖြေ ကြားမှ စိတ်အေးသွားပုံနဲ့ ဦးထွန်းဦးမျက်နှာက ပြုံးလာတယ်။
“အေးပါကွာ။ ငါ့မိန်းမက အဲလောက်အထိ မဆိုးဘူး ဆိုတာ သိပါတယ်။ သူ့ခမျာလဲ နေက ပူ၊ နွားတွေ လိုက်ထိန်း၊ လိုက်ကြည့်ရတော့ ရေငတ်ရှာမှာပေါ့။ သူလဲ ရေဘူးတော့ ယူလာမှာပါ။ ကုန်သွားလို့သာ ဝင်တောင်းတာ နေမှာပါကွာ။ အဲဒီကလေးက ရိုးသားရှာပါတယ်။ သူ့ခွန်သူ့အားကလေးနဲ့ သူ့ဝမ်းသူကျောင်းနေတာ။ ကိုယ်တော့ သဘောလဲ ကျတယ်၊ သနားလဲ သနားတယ်။ တကယ်ဆို သူ နားချိန်ကလေး အအေးဘူးကလေး၊ သစ်သီးကလေး တွေ၊ မုန့်ကလေးတွေ ကျွေးရမှာ။ ကုသိုလ်တောင် ရသေးကွာ။ ကိုယ်တို့အတွက်က ဘာမှ ပြောပလောက်တဲ့ တန်ဖိုး မှ မဟုတ်တာ။ အိမ်မှာ အမြဲ ပိုလျှံနေတာပဲ”
“ရှင် ပြောလိုက်ရင် ကျွန်မကပဲ တွန့်တို ကပ်စေးနှဲနေတာကျလို့။ နှမြောလို့ မဟုတ်ဘူးရှင့်။ သူ့ပုံစံကို မကြိုက်တာ။ အိမ်ဘက် အမြဲ တကြည့်ကြည့်နဲ့။ လူအလစ် ချောင်းနေတဲ့ အတိုင်း”
“ငါတို့ ရောက်တာ ခြောက်လ ကျော်ပြီ။ မင်း ခြံထဲက မင်းအိမ်ထဲက ဘာ ပျောက်ဖူးသလဲ။ သူ ယူဖူးသလား။ သူတစ်ပါးကို အပေါ်ယံ ပုံပန်းသဏ္ဌာန်နဲ့ မစွပ်စွဲနဲ့ကွ။ ကိုယ့်ကား လာလို့ ခြံတံခါး မလွတ်ရင်လဲ သူပဲ ပြေးဖွင့်ပေး တာ။ နွားတွေ လမ်းပိတ်နေလဲ သူ့ခမျာ အပြေးအလွှား မောင်းပေးရှာတာ”
ဆက်ပြောလဲ သူတော်ကောင်းလေသံပဲ လာမှာ သိနေလို့ တတိယအကြိမ်မြောက် မျက်စောင်းကို မျက်လုံး စွေလုနီးပါးထိ ခဲပြီး ပစ်လွှတ်ရင်း ထိုင်ရာကနေ ထထွက်လာခဲ့တယ်။
(၃)
တောင်ကုန်းအောက်ခြေက ဝါးရုံပင်တွေကြားထဲ လှုပ်လှုပ်လှုပ်လှုပ်နဲ့ မြင်နေရတာ သူမှန်း သိသားပဲ။ ဒီ တောင်ကုန်းတစ်ခုလုံး သူ့အပိုင်လို့များ မှတ်နေသလား မသိပါဘူးတော်။
တကယ်ဆိုရင် ဒီတောင်ကုန်းပေါ်မှာ ဒေါ်ခင်တင့်တို့အိမ် တစ်လုံးတည်းရယ်။ ကုန်းဘေးပတ်လည် အကျယ် ကြီးကို သံဆူးကြိုးတွေနဲ့ ဝင်းခတ်ထားတာ။ အဲဒီအပြင်ဘက်က တောင်ကုန်းရဲ့ အောက်ခြေတစ်ဝက်ပေါ့။ အောက် မှာ ဝါးရုံတောတွေ သစ်ပင်ကြီးတွေ ပတ်လည် ရှိတယ်။
ဦးထွန်းဦးက သစ်တောအရာရှိလေ။ ဒီမြို့ကလေးကို တာဝန်ကျတော့ တောထဲတောင်ထဲ ရောက်လာသလို ပဲ။ မြို့ကလေး ဆိုပေမဲ့ ရွာသာသာပါပဲ။ ဒါပေမဲ့ သူတို့ နေရတဲ့ အိမ်က သီးသန့်ဆန်ပြီး အိမ်ကြီးကြီးနဲ့ ခြံကျယ်ကြီးမို့ သဘောကျမိတာတော့ အမှန်ပဲ။ ပထမတော့ အိမ်ခြေတွေနဲ့ အလှမ်းဝေးလို့ ကြောက်မိသလို ဖြစ်ပေမဲ့ နေသားကျ လာတော့ အေးချမ်းတဲ့ အရသာကို ခံစားမိလာတယ်။ အိမ်နဲ့ ခြံဝင်းတံခါးက ပေတစ်ရာကျော်လောက် လှမ်းရတဲ့ အကွာအဝေးမို့ ခြံတံခါးကို ပိတ်မထားတော့ဘူး။ တစ်ယောက်ယောက် လာရင် အပြေးအလွှား မဖွင့်ပေးနိုင်လို့ အမြဲ ဖွင့်ထားရတာ။
ဒေါ်ခင်တင့်တို့မှာက ရှစ်တန်း တက်နေတဲ့ သားကလေး တစ်ယောက်ပဲ ရှိတာ။ သားကို ပြင်ဦးလွင် ဘော်ဒါ ကျောင်းကို ပို့ထားတော့ အိမ်မှာက သူတို့လင်မယားပဲ ရှိတာ။
အပင် စိုက်တာ ဝါသနာပါတဲ့သူတွေမို့ ဦးထွန်းဦးနဲ့ ညနေတိုင်း မြေကလေးတွေ ဆွ၊ အပင်တွေ စိုက်နဲ့ အခုဆို အိမ်နဲ့ ခြံတခါးဝတစ်လျှောက် ဘေးကွက်လပ်တွေမှာ ပန်းပင်တွေ၊ စားပင်ငယ်တွေ အစုံပဲ။ နှစ်ယောက်သား စားမကုန်ပေမဲ့ ကြည့်ရင်း ကြည်နူးရတယ်။ စားမနိုင်တဲ့ အသီးအရွက်တွေဆို သစ်တောဌာနက အလုပ်သမားတွေကို ခူးပေးလိုက်တာ။
ဒေါ်ခင်တင့်က နှမြောတတ်သူမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ် မသိဘဲ ကိုယ့်အပင်တွေက ပန်းတစ်ပွင့် ခူးတာတောင် မကြိုက်ဘူး။ ကိုယ် ယုယထားတဲ့ အပင်ကလေးတွေကို ပျက်စီးမှာလဲ သိပ် ကြောက်တာပဲ။ အဲဒါ ကြောင့် နွားကျောင်းတဲ့ ကောင်ကလေးကို ပို ကြည့်မရတာ။ သူ့နွားတွေက အပင်တွေ နင်းမှာ၊ ဝင်စားပစ်မှာ စိုးရိမ်ရ တာနဲ့ အိမ်အလုပ် လုပ်ရတာလဲ မဖြောင့်တန်းပါဘူး။ တစ်နေ့တစ်နေ့ မျက်လုံးက အိမ်ခြံတံခါးဝကို စွေစွေ ကြည့်နေ ရတာ။
သူ့နွားတွေ ကုန်းပတ်လည် လွှတ်ထားပြီးရင် သူက ခြံတံခါးနားက မဲဇလီပင် အရိပ်အောက်မှာ အိပ်နေ တတ်သေးတာ။ သူက ဖြောင့်ဖြောင့်တန်းတန်း အိပ်နိုင်လေ ဒေါ်ခင်တင့်က စိတ်မဖြောင့်လေပေါ့။ ခြံတံခါးပေါက် အဝနားကို သူ့နွားတွေ မယောင်မလည် လုပ်နေရင် ဒေါ်ခင်တင့်မှာ ဝင်မှာ စိုးလို့ စိတ်ထဲ ဒေါသူပုန်ထရတာ အခါခါ။
အခုထိတော့ သူ့နွားတွေကလဲ သူ့အတိုင်းပဲ။ ခြံဝကနေ အိမ်ထဲ ခြံထဲကို လှမ်းလှမ်း ကြည့်နေတတ်တာက လွဲလို့ မဝင်ကြသေးဘူး။ သူကတော့ ဟိုတစ်နေ့က အပေါက်ဝကနေ အသံမပေးဘဲ ခြံထဲထိ ဝင်လာပြီး ရေ တောင်း သောက်လာပြီ။ နောက်တစ်ခါ အတင့်ရဲပြီး ဝင်လာလို့ကတော့ ပြောပစ်အုံးမယ်လို့ စိတ်ထဲ တေးထားလိုက်တယ်။
ဟော … အခုလဲ ကြည့်လေ။ တောင်ကုန်းအောက် စည်းရိုးနားက ဝါးရုံမှာ မျှစ်ချိုးနေတာ။ ကိုယ်လဲ မချိုးနိုင်၊ မမက်ပေမဲ့လဲ ခွင့်တောင်းတာတော့ တောင်းသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ပိုင်စိုးပိုင်နင်းနဲ့။ စိတ်ထားပုပ်တဲ့၊ မောက်မာတဲ့သူမျိုး မဟုတ်ပေမဲ့ သူနဲ့တော့ ဘယ်ရေစက်ကြောင့် မသိပါဘူး။ စိတ်ထဲ အမြင်ကို မကြည်တာ။ ပြီး တော့ သူနဲ့ ဆုံရင် ပါးစပ်ပြဲကြီးနဲ့ သွားဖြည်းကြီး ရယ်ရယ်ပြတာလဲ မကြိုက်ပါဘူး။
(၄)
မီးဖိုထဲ ဟင်းချက်နေရင်းက အိမ်ရှေ့က ခေါ်သံလိုလို ကြားမိလို့ ဒေါ်ခင်တင့် ထွက်ကြည့်မိတာ။ အလိုတော် … သူကများ အိမ်ပေါက်ဝအထိ အတင့်ရဲပြီး ဝင်လာတာ။ စိတ်ထဲ တင်းခနဲ ဖြစ်သွားပြီး လေသံမာမာနဲ့ မေးလိုက် မိတယ်။
“ဘာကိစ်စလဲ”
“လာ … လာ … ပေးတာ။ များကြီး ရ … ရတာ”
အရင် ရယ်ပြပြီးမှ သူ့ထုံးစံအတိုင်း ထစ်ထစ်ငေါ့ငေါ့ ပြောရင်း မျှစ်နဲ့ မှိုထုပ်တွေကို ကမ်းပေးလာတယ်။ အခုမှ သေသေချာချာ ကြည့်မိတယ်။ ဝါးရုံမှိုကလေးတွေပဲ။ လတ်လတ်ဆတ်ဆတ် ချက်စားရင် သိပ် ချိုတာ။ ငရုတ်သီးစိမ်း စပ်စပ်ကလေးနဲ့ ကြော်ကျွေးလိုက်ရင် ဦးထွန်းဦးအကြိုက်ပေါ့။ မျှစ်ကလေးလဲ လတ်လတ်ဆတ်ဆတ် ပြုတ်ပြီး ဆန်လှော်ဟင်းရည်ကလေးများ ချက်စားလိုက်ရရင် ကောင်းမှကောင်း။
“ယူ … ယူပါ။ များကြီး ရှိ … ရှိသေးတယ်။ သူ … သူများတွေကို ပေး … ပေးအုံးမှာ”
အမြင်နဲ့ အတွေးထဲ ချက်ပြုတ်နေမိတဲ့ ဒေါ်ခင်တင့်။ ယူဖို့ အားနာနေတယ်လို့များ ထင်သလား မသိ။ လက် ထဲ ရောက်လုနီးပါး ကမ်းပေးရင်း ခြံဝဘက်ကို လှည့်ကြည့်ပြီး ပြောတာ။ ကြည့်လိုက်မိတော့ ဆာလာအိတ် တစ်ဝက် ကျော်အောင် ထည့်ထားတဲ့ မျှစ်အိတ်ကို မဲဇလီပင်ခြေမှာ ထောင်ထားတာ တွေ့လိုက်တယ်။ အဲလောက် အလေး ကြီးကို တောင်ခြေကနေ ထမ်းပြီး တက်လာနိုင်တဲ့ သူ့ကိုလဲ အံ့သြမိတယ်။ လောဘစိတ်ကြောင့် ဖြစ်မှာပေါ့။ သူများ တွေကို ပေးပေး၊ ရောင်းရောင်း ဒါက သူ့အပိုင်း။ မျှစ်ချိုးတုန်းက ခွင့်မတောင်းပေမဲ့ အခုလို လာပေးတော့လဲ အပြစ် မဆိုသာတော့ဘူးလေ။
“အေး … ကျေးဇူးပဲ”
သိပ် အရောမဝင်ချင်တာမို့ လေသံမာမာနဲ့ပဲ ကျေးဇူးစကား ဆိုရင်း လှမ်းယူလိုက်မိတယ်။ ယူလိုက်မှ သူက ပို ပျော်သွားပုံပဲ။ ခါးကလေးကိုင်း၊ ခေါင်းကလေး ညိတ်ညိတ်ပြရင်း ရယ်ပြနေတာများ တဟီးဟီးနဲ့ပေါ့။ ပြီးတော့ ခြံဝကို လှမ်းသွားတာများ သွက်လက်လို့။
သူ့ကို ကြည့်နေမိရင်း မပင်ပန်းဘူးလား၊ မမောဘူးလား မသိဘူးလို့ တွေးမိမှ နာနတ်သီး ခွဲထားတာ သတိရ မိတယ်။ လှမ်းခေါ်ပြီး ကျွေးရမလား။ အမောပြေ အချိုရည်ဘူးကလေး သွားပေးရမလားလို့ တွေးမိကော။
အို … မဖြစ်သေးပါဘူးလေ။
အခုတောင် တဖြည်းဖြည်း အတင့်ရဲနေတာ။ အဲလိုတွေ လုပ်ရင် ပိုပြီး ကမ်းတက်လာမှာ။ သူ့ကို ကြည့်မိပြန် တော့ ပါလာတဲ့ ရေဘူးကလေးကို မော့သောက်နေတာ။ ဒေါ်ခင်တင့်လဲ ဟင်းချက်ရအုံးမှာမို့ အိမ်တံခါးကလေး စေ့ ထားလိုက်တယ်။
(၅)
ဒီနေ့ အိမ်ထဲမှာ လုပ်ရင်းကိုင်းရင်းနဲ့ စိတ်က မလုံခြုံသလို ဖြစ်ဖြစ်နေရတယ်။
ကိုယ် မသိတဲ့ အချိန်များ တစ်ယောက်ယောက် ခြံထဲ၊ အိမ်ထဲ ဝင်လာမလားလို့ပေါ့။ အခုတစ်လော သူခိုး ကြမ်းပိုးတွေ ပေါလာတယ် ဆိုလို့ စိတ်ထဲ ပိုပြီး စိုးထင့်နေရတယ်။
ဦးထွန်းဦး အလုပ် သွားတိုင်း အိမ်မှာ တစ်ယောက်တည်း နေနေကျ ဆိုပေမဲ့ အခုတော့ တစ်ခုခု လိုနေသလို ပဲ။ ဟိုကောင်ကလေးလဲ မတွေ့မိတာ လေးငါးရက်လောက် ရှိနေပြီ။ မိုးမိပြီးများ ဖျားသွားလေသလား မသိ။ မိုး သဲသဲမဲမဲ ရွာနေတာကို အပင်အောက်မှာ ခမောက်ကလေး ဆောင်းပြီး လက်ကလေးတင်းတင်း ပိုက်ရပ်နေတဲ့ ဟိုတစ်လောက သူ့ပုံစံကို ပြန်တွေးမိတော့ အိမ်ထဲမှာ မိုးခိုဖို့ လှမ်းမခေါ်မိတာ နောင်တရမိသလိုလို။
အို … သူ မလာတော့ စောင့်ကြည့်ရတဲ့ အလုပ်တစ်ခုတောင် သက်သာသေး။
ဒါပေမဲ့ အခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ သူ ခြံတံခါးနားမှာ ရှိနေတတ်လို့သာ ကိုယ်လဲ စိတ် ဖြောင့်လက်ဖြောင့်နဲ့ အိမ်ထဲမှာ အလုပ် လုပ်နေဖြစ်တာ။ ဧည့်သည့်လာလဲ သူက ရွာထဲက လူ အကုန် သိတာမို့ လူစိမ်း ဆိုရင် ခြံဝကနေ အော်ခေါ်ပေးတတ်တာလေ။
အခုတော့ နေရတာ မဖြောင့်တာနဲ့ပဲ ခြံတံခါး ပိတ်ထားရတယ်။ လူ ခေါ်ရင် မသိမှာ စိုးလို့ နားစွင့်ရသေး။ တောင်ကုန်းအောက်ခြေက လူသံသူသံ ကြားရင်လဲ လူဆိုးသူခိုးတွေ ဖြစ်မှာ စိုးလို့ ချောင်းကြည့်ရသေး။ သံဆူးကြိုး ဖြဲပြီး အိမ်ဝင်းထဲ တက်လာမှာ စိုးထိတ်ရနဲ့။
ဟင်း … ဒီကြားထဲ အခုနကမှ ဦးထွန်းဦးအလုပ်ထဲက အလုပ်သမားတစ်ယောက် ဦးထွန်းဦး မေ့ကျန်ခဲ့တဲ့ ရုံး ဖိုင်တွေ လာယူတာ။ ခြံတံခါးဝကနေ အော်ခေါ်နေလို့ ဖိုင်တွေ ယူပြီး အိမ်လှေကားကို အမြန် ဆင်းလိုက်မိတာ။
လေးထစ်လောက် ရှိတဲ့ လှေကားကို ခြေချော်မလို ဖြစ်သွားတာ ပြန်ထိန်းရင်းက ပေါင်ရင်းတစ်ဖက် အကြော လွဲသွားလေသလား မသိပါဘူး။ မျက်တက်တက်နဲ့ ခြေလှမ်းရင် နာလွန်းလို့ ထော့ကျိုးထော့ကျိုး ဖြစ်နေ ပါကော။
(၆)
ဒေါ်ခင်တင့် မနက်စောစော ဘုရားရှိခိုးနေရင်းက ကြားလိုက်ရတဲ့ အသံတွေကြောင့် ရင်ထဲ ထိတ်ခနဲ ဖြစ် သွားမိတယ်။
လွတ်ချင်နေတဲ့ စိတ်ကို ပြန်စုစည်းပြီး သာဓုခေါ် အမျှဝေပြီးတာနဲ့ ထလိုက်မိတယ်။
“အ … အမယ်လေး”
အရှင်း မပျောက်သေးတဲ့ ပေါင်းရင်းက အောင့်သွားပြီး ဒူး ညွတ်ကျလုမတတ် ဖြစ်သွားရတယ်။
“ဟင်း … နှိပ်တဲ့ ကောင်မလေး လာမယ် ဆိုပြီး အခုထိ မလာသေးဘူး”
ညည်းညူမိရင်းက ထော့နင်းထော့နင်းနဲ့ လှမ်းရင်း အိမ်ပေါက်ဝကို ရောက်လာတယ်။ ခြံတံခါးဆီ လှမ်းကြည့် မိလိုက်တော့ ရင်ထဲ လှပ်ခနဲ။
ထော့နဲ့နဲ့ ခြေလှမ်းနဲ့ ခြံတံခါးဝနား သွားရတာလဲ မိုင်ချီတဲ့ လမ်းကို လျှောက်လှမ်းနေရသလိုပါပဲ။ နာကျင် ပင်ပန်းလိုက်ပါဘိ။ အသက် လေးဆယ်ကျော်နေပြီ ဖြစ်ပေမဲ့ ရောဂါ ကင်းခဲ့တဲ့သူ။ အခုတော့ အကြောမျက် တာတောင် ဘုရား တ၊ ဇရာရဲ့သံဝေဂ ရမိပါတယ်။ အိုချင်နာချင်သူ ဘယ်သူ ရှိပါ့မလဲလေ။ ကံ၊ ကံရဲ့ အကျိုးကြောင့် ဖြစ်လာပျက်လာကြရတဲ့ ဘဝတွေကိုး။
ခြံဝ ရောက်တော့ တံခါးအပြင်ကနေ မျက်ဝန်းတစ်စုံ ကြည့်နေတာ တွေ့တယ်။ ခြံတံခါးကို ဖွင့်လိုက်ပြီး တံခါးကို နည်းနည်း ဟရုံပဲ တွန်းနိုင်တယ်။ တံခါးအပြင်ဘက်ကနေ ပေါ်လာတဲ့ မျက်နှာတစ်ခုက ဒေါ်ခင်တင့်ကို ရယ်ပြနေပါကောလား။
“တံခါး နှစ်ဖက်လုံး ဆွဲဖွင့်ထားလိုက်တော့။ လူ လာရင် အန်တီက လာ မဖွင့်နိုင်ဘူး”
ဒေါ်ခင်တင့် အပြောကို ခေါင်းတဆတ်ဆတ် ညိတ်ရင်း ခြံတံခါးကို ဆွဲဖွင့်ပေးတယ်။
“ခြေ … ခြေထာက်က ဘာ … ဘာဖြစ်တာလဲ”
“ခြေချော်ပြီး အကြော မျက်သွားတာ”
မပျော့မတင်း လေသံနဲ့ ဒေါ်ခင်တင့်အဖြေကို သူက ရယ်ပြနေသးတာ။
ပြီးတော့ ထစ်ထစ်ငေါ့ငေါ့နဲ့ “တော်သေးတာပေါ့” တဲ့လေ။
သားထက် နှစ်နှစ်လောက်ပဲ ကြီးမယ် ထင်ပါရဲ့။ ဒါပေမဲ့ သားလောက်တောင် မထွားတဲ့ ပိန်သေးသေး ခန္ဓာကိုယ်ကလေးကို ကြည့်ရင်း ကရုဏာသက်မိသလိုလို။
အဖေအမေ မရှိဘဲ အဒေါ်ရဲ့ အဆူအဆဲ ခံပြီး အဒေါ်မိသားစုကိုတောင် နွားကျောင်း ကျွေးနေတာ ဆိုတဲ့ သူများတွေ အပြောကို ကြားယောင်မိပြီး စိတ်ထဲက ချီးကျူးလိုက်မိတယ်။ အရင်ရက်တွေက နေမကောင်းလို့လားလို့ မေးချင်ပေမဲ့ မမေးဖြစ်တော့ပါဘူး။
အိမ်ဘက် ပြန်လှည့်ဖို့ ဟန်ပြင်တော့ ပေါင်းရင်းက ဆစ်ခနဲ။
“ကျွတ် … ကျွတ်”
ခြေလှမ်း စဖို့ အားယူရင်း အခုနက မေ့မေ့လျော့လျော့နဲ့ ထွက်လာမိတာ၊ အားပြုထောက်ပြီး လျှောက်ရတဲ့ တုတ်ချောင်းကလေး မယူခဲ့မိတာ သတိရတယ်။
“တွဲ … တွဲပို့မယ်လေ”
ဒေါ်ခင်တင့်ရဲ့ဘေးနား လာကပ်ရပ်ရင်း ပြောလိုက်တဲ့ ကောင်ကလေးရဲ့ မျက်ဝန်းတွေက မဝံ့မရဲ။
ဒေါ်ခင်တင့်လဲ ဘာမှ ပြန်မဖြေတော့ဘဲ သူ့လက်မောင်းတစ်ဖက်ကို လှမ်းကိုင်လိုက်တော့ အားရဝမ်းသာ ဟန်နဲ့ ဟီးခနဲ ရယ်လိုက်သေးတာ။
အိမ်ဘက်ကို အတူ လှမ်းရင်း နှစ်ဦးသား ဟန်ချက်ညီနေတာကို တွေးမိပြီး သဘောတကျနဲ့ သူ့ကို ပြုံးကြည့် လိုက်မိတယ်။ သူကလည်း သွားဖြည်းကြီးနဲ့ ပြန်ကြည့်နေတာ။
မသန်ပေမဲ့ စွမ်းတဲ့သူရယ်…၊
သန်ပေမဲ့ မစွမ်းတဲ့သူရယ်…
အတူ အားပြုရင်း လျှောက်တဲ့ လမ်းဟာ နွားခလောက်သံ တညံညံကြားမှာ စည်းချက် ညီနေပါပကောလား။
စံပယ်ဦး(နောင်ချို)