• July 5, 2025
  • admin
  • 0

မောင်ခြိမ့်
ရေတက်ဦးမှာ မြူးလေသည်

“ဟဲ့ ငါးဖျင်းသလက်မတွေ… ဟီလာတိုက်ပြီး ဒါလောက် အူမြူးမနေကြနဲ့ … တော်ကြာ ရေတက်ဦး ငါးရံ့တွေ၊ ငါးပတ်တွေနဲ့တွေ့လို့ ဟုတ်ပေ့ဖြစ်နေဦးမယ်၊ ဘယ့်နှယ့်တော်. . . မိန်းကလေးတွေတဲ့ ဣန္ဒြေကို မရဘူး”

အိမ်ရှေ့ရေကပြင်တွင် တတွတ်တွတ်ပြောလိုက်၊ ရယ်လိုက်၊ တစ်ယောက်နှင့်တစ်ယောက် တွန်းလိုက် ထိုးလိုက်နှင့် အသက် ဆယ့်သုံးလေးနှစ်အရွယ် အပျိုပေါက်ကလေးတို့သဘာဝ ပျော်မြူးနေကြသည့် မြေးအရင်းတွေရော မြေးဝမ်းကွဲတွေကိုပါ အော်ဟစ်ဆူပူနေသော ဘွားမယ်ခ၏အသံကို ကြားနေရသည်။

ရှေးအဘွားကြီးဖြစ်၍ ကာလသမီးတွေကို ကြည့်ပြီး မျက်စိနောက် နားကလော ဖြစ်နေဟန်တူ၏။

တကယ်တော့ အချိန်က နံနက်လင်းစပင် ရှိပါသေး၏။

အိမ်ရှေ့တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားသည့် အုန်းခွံစာသိုက်ကလေးတွေထဲက စာကလေးတချို့သာ နိုးထကြသေးသည်။

အိမ်နောက်ဘက် ချောင်းကမ်းစပ်ရှိ သမန်းချုံ၊ ဓနိချုံ၊ ခရာချုံတွေထဲက ရေကြက်တို့၏

“ကတော်… ကတော်၊ ကတောက်. . . ကတောက်”

တတွတ်တွတ်မြည်သံ၊ ဘုတ်ငှက်၏ တပူပူအော်မြည်သံတွေက ချောင်းရိုးကလေးတစ်လျှောက် မင်းမူနေကြဆဲသာ ရှိသေး၏။

xxx xxx xxx

စင်စစ် ချောင်းကလေးက သိပ်အကျယ်ကြီးမဟုတ်။ မသကာ ရှိမှ လက်လံ လေးငါးလံမျှသာ ရှိလိမ့်မည်။ သို့သော် ချောင်းက နက်လှသဖြင့် ချောင်းနေရေနေကောင်းပေရာ စောအောင်ထီးတို့လို တံငါတွေ ငါးရှာ၊ ပုစွန်ဖမ်းရာ နေရာတစ်ခု ဖြစ်တော့၏။

သူတို့ တစ်ရွာလုံးပေါင်းပါမှ အိမ်ခြေခြောက်ဆယ်ခန့်ရှိပြီး မြို့ပြရပ်ကွက်တွေမှာလို စနစ်တကျ စီစီရီရီ ညီညီညာညာ တည်ဆောက်ထားသည်မဟုတ်။ ချောင်းဝပိုင်းမှာ အိမ်ခြေဆယ့်လေးငါးအိမ် တစ်စုရှိပြီး ကွမ်းသီးခြံတွေက ခြားထားလိုက်သေး၏။

ပြီးမှ ရွယ်လယ်ပိုင်းမှာ ဆယ့်လေးငါးအိမ် တစ်စုရှိပြန်လေသည်။

အခု စောအောင်ထီးတို့ ချောင်းဖျားပိုင်းမှာတော့ ကိုယ့်အမျိုးအဆွေနှင့် ကိုယ်လေးငါးခြောက်အိမ်တစ်စု ပြန့်ကျဲလျက်ရှိသည်။

သို့ဖြစ်၍ ရွာလမ်းဆိုတာမရှိ။ အဆင်ပြေသလို ခင်းထားသော အုန်းခွံတွေ၊ အုန်းမှုတ်ခွက်တွေ၊ အုန်းလက်တွေပေါ် နင်း၍ သွားလာကြသည်။

ခါးစောင်းနှင့်ရင်စို့ခန့်နက်ပြီး လက်လံတစ်လံခန့်သာ ကျယ်သည့် ရိုးချောင်းကလေးသုံးလေးခုကလည်း ရွာကို ကန့်လန့် ဖြတ် စီးဆင်းနေသေးသဖြင့် ရိုးပြတ်ကလေးတွေကိုတော့ အုန်းတုံးတံတားထိုးကာ ဝါးနက်ဝါးတန်း လုပ်ပေးထားရ၏။

သည်ရွာ သည်ဌာနမှာ စောအောင်ထီး နေထိုင်လာခဲ့သည်မှာ ကြာခဲ့ပြီ။ ဖအေက ကရင်၊ မအေက ဗမာဖြစ်သဖြင့် စောအောင်ထီးသည် ကရင်-ဗမာ ကပြားဖြစ်၏။

ဟော သူယူထားသည်က ဗမာစစ်စစ်ဖြစ်၍ သူ့သားသမီးတို့မှာ ကကတစ်ဖြစ်၏။

ကရင်သွေး ဆို၍ လေးပုံတစ်ပုံသာ ကျန်လေတော့၏။ ထိုသားသမီးတို့က ထပ်၍မွေးသော မြေးများကိုမူ ဘယ်လိုခေါ်ရမှန်းပင် စောအောင်ထီး မသိနိုင်ဘူးပလေ။

သူတို့ မြစ်ဝကျွန်းပေါ်ဒေသ ဝါးခယ်မမြို့ကလေးသည် ရှေးက ရာမညတိုင်း ပုသိမ်သုံးဆယ့်နှစ်မြို့ နယ်မြေအတွင်းတွင် ရှိခဲ့၏။ ဟိုခေတ် ဟံသာဝတီ၊ ပဲခူးနှင့် ပုသိမ်မြို့တို့ ကူးလူးဆက်သွယ်ရာ လမ်းကြောင်းတွင်ရှိ၏။ ထိုစဉ်ကတော့ ယခုလောက် စည်စည် ကားကား ရှိသေးဟန်မတူ။

ဝါးခယ်မဟူသော စကားသည်ပင် မွန်ဘာသာ “ဝါကျယ်မ” ဟူသော စကားလုံးမှ ရွေ့လျောလာသော အမည်ဖြစ်၏။ မြန်မာလို အနီးစပ်ဆုံး အသံထွက်မည်ဆိုလျှင် ထို “ဝါကျယ်မ” ကို “ဝါကရယ်မ” ဟူ၍ ဖြစ်လေရာ မျိုးစေ့ကြဲရာတွင် တစ်နည်းအားဖြင့် လယ်ကွင်းကျယ်ဟူ၍ အဓိပ္ပာယ်ရ၏ဟု ရွာကျောင်းက လေးတန်းသင်သော ဆရာလေးက ပြောပြခဲ့ဖူး၏။

ဘာပဲဖြစ်ဖြစ် ဝါးခယ်မမြို့ကလေးသည် မြေနုကျွန်းပေါ်ဒေသဖြစ်ပြီး မိုးလည်း ကောင်းစွာရသဖြင့် ဆန်စပါးအထွက်ကောင်းသော နေရာဒေသတစ်ခုဖြစ်သည်ကတော့ အမှန်ပင်။

မြို့တည်နေသည်ကပင် မြစ်ကမ်းစပ်မှာ အလျားလိုက်တည်ရှိပြီး ချောင်းငယ် မြောင်းငယ် မြစ်သေး မြစ်မွှား မြစ်လက်တက်များ ရှောင်မလွတ်အောင် ပေါများလေသဖြင့် သားငါးပုစွန်တို့ အလျှံပယ်ထွက်ရှိလေရာ လယ်သမားများနှင့်အတူ တံငါများလည်း ရှိကြလေသည်။

တကယ်တမ်းတွင်မူ ဗမာ-မွန်-ကရင်စသည့် ဒေသခံတိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်မျိုးနှင့်တစ်မျိုး သွေးနှောယှက် လည်နေကြသည်ဖြစ်ရာ သူ့လူမျိုး၊ ငါ့လူမျိုးခွဲခြား၍ပင် မရနိုင်တော့အောင် တစ်သွေးတည်းတစ်သားတည်း ဖြစ်ကုန်ကြပြီ၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ တစ်ခရီးတည်း သွားခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ကြလေပြီ။

xxx xxx xxx

ယခုလည်း မိုးလင်းမည်ကြံခါရှိသေး သူ့မိန်းမအဘွားကြီး ဒေါ်မယ်ခက မြေးမကလေးတွေရော ခပ်ဝေးဝေးသွေးစပ်သော မိန်းမငယ်ကလေးများ၊ အိမ်ရှေ့အုန်းပင်အောက်တွင် တံမြက်စည်းလုပ်ရန် အုန်းလက်သပ်ရင်း တခစ်ခစ်၊ တဟစ်ဟစ်၊ တဟားဟား တွတ်ထိုးရယ်မောနေကြသည်ကို ရှေးအဘွားကြီးပီပီ အမြင်ကတ်ဟန်နှင့် မာန်မဲကြိမ်းမောင်းနေသည်ကို စောအောင်ထီးတစ်ယောက် အိပ်ရာထဲက ကြားနေရခြင်းဖြစ်၏။

အိမ်အောက်တွင်မွေးထားသော ဝက်သားအုပ်မနှင့် ဝက်ကလေးခြောက်ကောင်ကတော့ အစာမကျွေးသေးသဖြင့် ကုက္ကိုသားကို ထွင်းထားသော ဝက်စားခွက်တစ်လံလောက်ကြီးကို နှုတ်သီးဖြင့်ထိုးကော်လှန်မှောက်ပြီး “တဂွီဂွီ တအီအီ” နားညီးလောက်အောင် အော်ဟစ်၍ အစာတောင်းနေကြပြီ။

မကြာခင်မှာပင် အိမ်နီးနားချင်းတွေဆီက စုထားသော ထမင်းရည်တွေ လောင်းထည့်၊ ငှက်ပျောပင်ပါးပါးလှီးထည့်၊ ဖွဲကြမ်းလက်နှစ်ဆုပ်လောက်ထည့်ပြီး ကျွေးလိုက်လျှင် ဒီကောင်တွေ တဖြုံးဖြုံး၊ တဝုန်းဝုန်းနှင့်စားရင်း ငြိမ်သက်သွားပေလိမ့်မည်။

အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သော စောအောင်ထီးသည် ယခုလိုမိုးဦးကျရာသီအေးအေးမှာ ဒူလာထလေ့ရှိသဖြင့် ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်။

သည်ကြားထဲမှာ အိမ်နောက်ဖေး ချောင်းကလေးအတွင်း သမန်းချုံအစပ်များတွင် ဆူပွက်မြူးထူးနေ ကြသော ငါးကြီးတွေကြောင့်လည်း သူအိပ်မပျော်နိုင် ဖြစ်ခဲ့ရလေသည်။

ဟိုး မြစ်မကြီးဆီကနေ တောင်ဘက်တန်းတန်း ခွဲထွက် စီးဝင်လာခဲ့သော ချောင်းကလေးသည် အရိပ်အာဝါသကလည်းကောင်း၊ ချောင်းစောက်ရေနေကလည်း ကောင်းလှသဖြင့် ငါးပုစွန်တွေ ခိုအောင်းပျော်မြူးကြလေ့ ရှိ၏။

ညက ရေတက်ဦးမှစ၍ ရေပြည့်ခါနီးအထိ အိမ်နားက ချောင်းအကွေ့တွင် ရေဦးတိုက်သံ တဟဲဟဲ တရှဲရှဲနှင့်အတူ ရေပေါ်ရှပ်ပြေးကူးခပ်လေ့ရှိသော ငါးကလေးများကို လိုက်လံထိုးဟပ်နေကြသော ငါးကြီးတွေ၏ ဆူပွက်သံက သောသောညံမျှ ကျယ်လောင်လှ၏။

ယခုတလော သိပ်နေမကောင်းချင်၍ ချောင်းထဲဆင်းပြီး ငါးရှာ ပုစွန်ဖမ်း မလုပ်နိုင်ခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီမို့ အိမ်၏ စားရေးသောက်ရေး ကျဉ်းကျပ်လာနေပြီ။ ဒါ့ကြောင့်လည်း မီးဖိုချောင်တာဝန် ယူထားရသူ ဒေါ်မယ်ခတစ်ယောက် စိတ်ထွေထွေ နှင့် မြေးမတွေကို ဆူနေခြင်းလည်း ဖြစ်နိုင်ပေ၏။

လက်ခနဲ အကြံတစ်ခု ခေါင်းထဲဝင်လာသည်နှင့် အိပ်ရာက ချက်ချင်းထ၍ မျက်နှာသစ်ဖြစ်တော့သည်။

xxx xxx xxx

“ဟေး သာကျော် … သာကျော် မင်းခြံထဲက ထီးရိုးဝါး သုံးလေးပင်လောက် ခုတ်မယ်ကွာ၊ ငါကိစ္စရှိလို့ဟေ့”

ဝါးရုံစပ်က လှမ်း၍အော်သောအခါ အိမ်ထဲတွင် အလုပ်ရှုပ်နေဟန်တူသော သူငယ်ချင်း ဦးသာကျော်က-

“ပြောနေရသေးလား ကောင်ရာ၊ ကြိုက်တဲ့ဝါး ခုတ်ယူသွားလေကွာ၊ ငါ မအားဘူး”

တစ်ရွာတည်းနေ ငယ်သူငယ်ချင်း ဦးသာကျော်၏ခြံထဲက ခုတ်ယူလာခဲ့သော ထီးရိုးဝါး ကျစ်ကျစ်သွယ်သွယ် လေးလုံးကို ထမ်း၍ အိမ်ပြန်ရောက်ချိန်မှာတော့ ဒေါ်မယ်ခက ထမင်းကြမ်းကလေးကို နနွင်းဝါဝါနှင့် ကြော်ထားပြီးပြီ။

နွေနှောင်းကတည်းက သိပ်ထားခဲ့သော လက်တစ်ဝါးခန့် ငါးဖယ်အောင်းငါးပိကောင်ကို ဝါးတံညှပ်ကလေးနှင့် ညှပ်ကာ မီးဖိုမှာကင်ပြီးပြီ။

မြေရေနွေးအိုးကြီးထဲမှာလည်း ရွှေဖီးမိုးလွတ် လက်ဖက်ခြောက်လက်တစ်ဆုပ်ခန့် ထည့်ကာ မီးဖိုဘေးမှာကပ်၍ နှပ်ထားပြီးခဲ့လေပြီ။

နံနက်စာ ထမင်းစားပြီးလျှင် စောအောင်ထီးတစ်ယောက် ထိုင်မနေနိုင်။ ဝါးဖတ်ခမောက်ကလေး ကောက်ဆောင်းကာ အိမ်ပေါ်က ဆင်းရန်ပြင်၏။

“ဒါက ဘယ်သွားဦးမှာလဲ၊ နေလဲသိပ်ကောင်းတာ မဟုတ်ဘဲနဲ့”

ဒေါ်မယ်ခ၏ လှမ်းမေးသံကို ရပ်၍ဖြေမနေနိုင်။

“ချောင်းဝက အောင်ညွန့်တို့ အိမ်ဘက်ပါကွာ။ ခဏပဲ မကြာဘူး”

ပါးစပ်ကလည်းပြော လူကလည်း အိမ်အောက်သို့ ရောက်သွားပြီ။

သည်နေ့ မြန်မာလို ဘယ်နှရက်ပါလိမ့်ဟု တွေးပြီး စိတ်ဖြင့် တွက်၏။

“အင်း. . . သည်ည ဆယ့်နှစ်နာရီကျော်ကျော်လောက် ရေတက်လိမ့်မည်။ သို့ဖြစ်၍ ပြင်ဆင်ချိန်တော့ ရပါသေးသည်။ ကြိုးကျစ်ခြင်း၊ ငါးမျှားချိတ်ပြင်ခြင်းနှင့် ခုတ်ပြီးသား ထီးရိုးဝါးကို အကိုင်းအခက်စင်အောင် အချောသပ်၍ မီးပြကာ လိုချင်သည့် ပုံစံရအောင် ပြုပြင်ရဦးမည်။ မြန်မြန်လုပ်မှ”

တစ်ယောက်တည်း တရစပ်တွေးရင်း ချောင်းဝဘက်ဆီ ခပ်သွက်သွက် ထွက်လာခဲ့တော့သည်။

xxx xxx xxx

ကြေးစည်သံကလေး တနောင်နောင်နှင့် ဒေါ်မယ်ခ၏ အစိန္တေယျ ဘုရာရှိခိုးစာ အရှည်ကြီးရွတ်ဖတ်ပြီးချိန်မှာတော့ ည ဆယ်နာရီကျော်ခဲ့ပြီ။

လှေကလေးပေါ်မှာ ထီးရိုးဝါးကို ပြုလုပ်ထားသော ငါးမျှားတံလေးချောင်း။ မီးခွက် မီးခြစ် ငါးထိုးမှိန်း စသည့် လိုအပ်သည့် ပစ္စည်းတွေ တင်ထားပြီးပြီ။

အိမ်ရှေ့ကပြင်တွင် ထိုင်ပြီး ရေနွေးကြမ်းတစ်အိုးနှင့် ရေတက်ချိန်ကို စောအောင်ထီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

ကောင်းကင်တွင် မှုန်မှုန်မှိုင်းမှိုင်းနှင့် မိုးသားတိမ်လိပ်တွေက တရိပ်ရိပ် ပြေးလျက်ရှိသည်။ “ဒ

“မိုးမင်းကြီးရယ် မရွာပါနဲ့ဦး၊ ကျုပ် ငါးတွေဖမ်းပြီးမှ ရွာချင်ရွာပါ”

စောအောင်ထီး တီးတိုး ဆုတောင်းမိသည်။ ညဉ့်ဆယ့်တစ်နာရီခန့်တွင် စောအောင်ထီး လှေကလေးနှင့် ချောင်းအကွေ့ဆီ ထွက်လာသည်။

သူ ကိုင်းထောင်မည့်နေရာ ရောက်လျှင် မီးခွက်ထွန်း၍ ကမ်းစပ်က လမုပင်ကြီး၏ပင်စည်ကို စေ့စေ့စပ်စပ်ကြည့်သည်။ နောက်တစ်ခါပိုပြီး သေချာစေရန် ဓနိပင်တစ်ပင်၏ ပင်စည်အရင်းပိုင်းကို ကြည့်ပြန်သည်။ စောအောင်ထီး သေသေချာချာ ရှာဖွေနေသော အရာသည် “ရေရစ်” ဖြစ်၏။

မြစ်ပင်ဖြစ်စေ၊ ချောင်းပင်ဖြစ်စေ ရေတက်လာသောအခါ တရိပ်ရိပ် တအိအိတက်သည်။ ရေတက်သည့်အချိန်ကုန်သွားလျှင် ရေက ချက်ချင်း ပြန်ကျသွားသည်မဟုတ်။ ရေငြိမ်၍ အီနေသည်က အကြာကြီးဖြစ်၏။

ထိုအခါ မြစ်ဝကျွန်းပေါ်ဒေသ၏ မိုးအခါ စီးဆင်းတတ်သော ရေထဲတွင် ရွှံ့တွေ၊ နွံတွေ၊ အမှိုက်စ၊ အမှိုက်ဆွေးတွေ ပါ၏။

နာရီနှင့်ချီ၍ ရေအီနေသောအခါ ရေမျက်နှာပြင် မြင့်လျှင် မြင့်သလောက် ကမ်းပါးစပ်ရှိ သစ်ပင်ချုံပင်တို့တွင် နွံနှစ် ရွှံ့နှစ်တို့ အရစ်လိုက်ထင်၍ ကျန်ခဲ့သည်။

သေသေချာချာကြည့်တတ်လျှင် ထိုထင်ကျန်ခဲ့သော ရေရစ်၏နှုတ်ခမ်းတွင် အမှိုက်စကလေးတွေ၊ ဒိုက်ဖတ်ကလေးတွေလည်း တွယ်ကပ်၍နေသည်ကို တွေ့ရပေလိမ့်မည်။

ကိုင်းထောက်သမားသည် ဒါကို သိထားရသည်။

သူတို့ ကိုင်းထောက်၍ ဖမ်းဆီးသော ငါးသည် ငါးသေးငါးမွှားမဟုတ်။

လေးငါးဆယ်ပိဿာအထိ ရှိနိုင်သည့် ငါးကြီးတွေ ဖြစ်၏။ ထိုငါးကြီးတွေကို မိနိုင်ဖို့အတွက် သာမန်အတတ်ပညာ သာမန်အားထုတ်ရုံနှင့် မရ။

ငါးမျှားတံက ဆင်းလာသောကြိုး၏အဆုံးတွင် ငါးမျှားချိတ် ရှိ၏။ ထိုငါးမျှားချိတ်တွင် ငါးအရှင်ကို တပ်ထား၏။ ထိုငါးသည် ရေပေါ်တွင် ရှပ်ပြေးနေသလိုဖြစ်အောင် ဖန်တီးရ၏။

ကြိုးကတိုနေလျှင် ငါးအရှင်က ရေထဲတစ်ထွာတစ်တောင် နစ်ဝင်နေလိမ့်မည်။ ထို့ကြောင့် ကိုင်းထောင်ခြင်းသည် ပညာအလွန်ပါ၏။ ထို့ကြောင့်ပင် ရေမျက်နှာပြင်၏အမြင့်သည် ရေအပြည့်ဆုံးအချိန် တွင် မည်မျှမြင့်သနည်း။ ဒါကိုသိရအောင် “ရေရစ်”အရာကို ရှာဖွေခြင်းဖြစ်တော့၏။

ညဉ့်နက်လာသည်နှင့်အမျှ ချောင်းကလေးအတွင်း၌ အမှောင်ထုက သိပ်သိပ်သည်းသည်းနှင့် ပိန်းပိတ်လျက်ရှိ၏။

တောခြင်ရိုင်းကြီးတွေကလည်း ဖွဲ့နှင့်အုပ်၍ ပက်လိုက်သကဲ့သို့ အုံနှင့်ကျင်းနှင့် သွေးအားစုပ်ယူရန် တပ်ချီပျံသန်းလာကြပြီ။ တံငါတို့ထုံးစံ ထိုခြင်များကို ဖြန်းခနဲ ဖြန်းခနဲ လက်ဝါးနှင့်မရိုက်။ လက်ဖြင့်ဖိကာ အသာအယာ သပ်၍ချ၏။

ထိုအခါ နီရဲစေးထန်းသော သွေးတို့ လက်မှာ စွန်းပေကြရပြီ။ ပါးစပ်က တထောင်းထောင်းထအောင် ဖွာထုတ်နေသော ဆေးလိပ်မီးခိုးငွေ့များကြောင့် မျက်နှာပေါ်မှာတော့ သက်သာသေး၏။

ရေအတက်နှင့် ချိန်ဆ၍စိုက်ထားသော ကိုင်းတံတွင် ငါးစာ တပ်ရတော့မည်။ ဒန်အိုးကလေးထဲမှာ ရေထည့်၍လှောင်ထားသော ငါးဖျင်းသလက်အရှင်ကလေးကို အသာယူ၏။ ပြီးလျှင် ငါးမျှားချိတ်နှင့် ငါးကလေး၏ ကျောရိုးဆူးတောင်နားမှာ အသာ ဖောက်၍ချိတ်၏။

အသားထဲ ငါးမျှားချိတ် ထိုးဖောက်ခံရ၍ ငါး ကလေးမှာ နာလွန်း၍ ထွန့်ထွန့်လူး၏။ ထိုငါးကလေးကို ရေမျက်နှာပြင်ပေါ် အသာချပေး၏။ ထိုအခါ ငါးကလေးသည် လွတ်မြောက်ချင်ဇောနှင့် ရေပေါ်ရှပ်တိုက်ကူးခတ်၍ ပြေး၏။ သို့သော် ၎င်း၏ကျောမှာ ဖောက်ချိတ်ထားသော မျှားချိတ်နှင့် ကြိုးကြောင့် ဝေးဝေးသို့ မပြေးနိုင်။ လက်လံတစ်လံပတ်လည်လောက်မှာ ဝိုင်းပတ်၍ လှည့်ပြေးနေရ၏။

စောအောင်ထီး သဘောကျစွာ ပြုံးလိုက်သည်။ အနေတော်ပါပဲ။ ထိုသို့ ဝိုင်းပတ်လှည့်ပြေးနေတာကိုက ငါးကြီးတွေကို လာစားရန် ဖိတ်ခေါ်နေတာပဲဖြစ်၏။

လောကကြီးမှာ လှည့်စားတာ မြှူဆွယ်တာ ဖိတ်ခေါ်တာ ညှို့ငင်ဖမ်းယူတာတွေနှင့် ပြည့်လျက်ရှိ၏။

ပန်းကလေးတွေက သူတို့၏လှပသော ပွင့်ချပ်ပွင့်ဖတ်တွေနှင့် မွှေးကြိုင်ထုံသင်းသော ရနံ့တွေနှင့် ပျားပိတုန်းတွေကို ညှို့ငင်၏။

ဖားကလေးတွေက အုံးအင် ဖိုမသံပေး၍ ဆန့်ကျင်ဘက်လိင်ကို ဖိတ်ခေါ်၏။

အပျိုမတွေက တခစ်ခစ်ရယ်မြူးသံပေးကာ ကာလသားတွေကို ကလူ၏ မြူ၏။

ထိုသို့ညှို့ငင်ဖိတ်ခေါ်မှုကို ဘယ်သူလာ၍ ခံနိုင်သနည်း။

သည်ည ရေတက်ဦးမှာမြူးသောငါးတွေ မိမှာကျိန်းသေပလေသည်။

xxx xxx xxx

မည်းမှောင်ရစ်ဆိုင်း အုံ့မှိုင်းဝေရီ ရှစ်ခွင်တိုင်းဆီမှာ ဆိုင်းဆို့နေသော မိုးသားတိမ်မည်းတို့က တစ်ဝက်တစ်ပျက်သာနေဆဲ လကွေးကလေးကို ပြေးဝင်ဖုံးကွယ်လိုက် လွတ်ထွက်သွားလိုက်နှင့် ရှိ၏

“နင့်မေကလွှား ရေတက်ဦးမှာတော့ မရွာလိုက်ပါနဲ့ဟ”

ဟု အသံထွက်အောင်ပင် စောအောင်ထီး ရေရွတ်မိတော့၏။ ရေတက်ဦးနှင့် မြူးသောငါးတွေ မိုးသည်းသည်းရွာလျှင် ပျောက်ကုန်မှာစိုးမိသောကြောင့်ဖြစ်၏။

ရေငြိမ်စပြုပြီ၊ မြစ်မကြီးဆီကနေ ချောင်းရိုးကလေး အတိုင်း ပျော်မြူးစွာတက်လာသော ငါးကြီးတွေ၏ အစာဟပ်သံ ရေပွက်သံတွေ ကြားနေရပြီ။ မြစ်မကြီးထက်စာလျှင် ရေစောက်နက်နက်နှင့် ကမ်းနှစ်ဖက်တွင် ချုံတွေ၊ သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေသော ချောင်းရိုးကလေးထဲတွင် ငါးကြီးတွေအတွက် အစာတွေက ပို၍ပေါလှ၏။ ထို့ကြောင့် အစာဇောနှင့် ငါးကြီးတွေ တသောသော တက်လာနေကြပြီ။

တောင်ဆီမှ မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟီး၍ မုတ်သုံလေရူးတစ်သုတ်က ချောင်းရိုးကလေးအတွင်း ဝင်၍ တိုးဝှေ့သောအခါ ကမ်းစပ်ရှိ ညောင်မုတ်ဆိတ်ပင်အိုကြီးပေါ်က ညောင်သီးတွေ တဖြုတ်ဖြုတ် ကြွေကျသံကြားရပြီး အိပ်တန်းတက်နေကြသော ငူငှက်ကလေးတွေက ထအော်ကြ၏။ နှင်းမှုန်နှင်းစက်ခန့် မိုးဖွဲကလေးတွေ ဖွဲဖွဲကျနေ၏။

“တော်ပြီ. . . တော်ပြီ ဒါလောက်နဲ့ပဲ ရပ်ပါဟ။ဆက်မရွာနဲ့တော့”

စောအောင်ထီးက ရေရွတ်ပြန်သည်။

ဟုတ်သည်. . . သည်လို မိုးဖွဲကလေးတွေအောက်မှာ ငါးကြီးတွေက ပို၍ မြူးတတ်ကြသည်မဟုတ်လား။ ဒါ့ထက် သည်းလာရင်တော့ ငါးကြီးတွေ ရေပေါ်တက်မမြူးကြတော့ဘဲ ရေအောက် ဆင်းသွားကြလိမ့်မည်။

လမုပင်၏ အကိုင်းတွင်ချည်ထားသော လှေကလေးပေါ်မှာ စောအောင်ထီးတစ်ယောက် အသက်ကိုတောင်ပြင်းပြင်းမရှူရဲဘဲ ငြိမ်သက်စွာ စောင့်လျက်ရှိ၏။

“ဖလပ်. . . ဖလပ် . . ဖြန်းဖြန်းဖြန်း”

အသံတွေနှင့်အတူ ဝါးကိုင်းတံ လေးချောင်းရှိ မျှားကြိုးတွင် တွယ်ချိတ်ထားသော ငါးဖျင်းသလက်ကလေးတွေ ရုန်းကန်ကူးခပ်လိုက်သဖြင့် ရေသံတွေကြားနေရသည်။

သေးသွယ်ပျော့ပျောင်းသော ထီးရိုးဝါးအဖျားတွေက ငါးကလေးတွေ ဆွဲပြေးလျှင် အသာညွတ်ကွေး၍ ပေးလိုက်၊ ပြန်၍ ဆွဲယူတုံ့ထားလိုက်နှင့် ငါးကြီးတွေလာရန် မြူဆွယ်နေပြီ။

ရုတ်တရက် ငါးဖျင်းသလက်ကလေးတွေ မျက်ကလဲဆန်ပျာနှင့်။ ဒါလောက် လူးလာဆန်ခတ်ဖြစ်နေပုံထောက်ရလျှင် ဧကန္တ အနားမှာ ငါးကြီးတွေ ရောက်လာတာပဲဖြစ်ရမည်။ သူတို့ဘာသာ ဘာဝ အသိစိတ်နှင့် သူတို့ကိုစားမည့် သားစားငါးကြီးတွေ အနား ရောက်မှန်းသိပြီး ကြောက်လန့်နေတာဖြစ်မည်။

စောအောင်ထီး လှေပေါ်မှာထိုင်လျက်ကပင် လက်ကိုရေထဲအသာချ၍ လက်ညှိုးကလေးကိုကွေးပြီး လက်မနှင့်ထိကာ အားနှင့် ခတ်ထုတ်သည်။

“ဇုတ်” ခနဲ ‘ဇုတ်” ခနဲ အသံအိအိ လေးလေးကြီး သုံးလေးငါးခါ ထွက်လာသည်။ ဒါဟာ ငါးကြီးတွေလာရန် ပရိယာယ် သုံးလိုက်ခြင်းဖြစ်တော့၏။

လေးငါးချက်လောက် အသံပေး၊ ခဏနား။ နောက်တစ်ခါ လေးငါးချက်လောက် အသံပေး၊ ခဏနားနှင့် ငါးကြီးတွေမြူးလာရန် အစာဆွဲရန် စနေလိုက်၏။

မကြာပါ သူနှင့်မျက်နှာချင်းဆိုင်ဘက်က ကိုင်းတံမှာ ငါးစဟပ်တော့၏။

“ဖောင်း”ခနဲ ငါးကြီး၏ မေးရိုက်သံနှင့်အတူ ရေထဲသို့ ဆွဲပြေးလေသဖြင့် ညွှတ်ကွေး၍ပါသွားသော ထီးရိုးဝါးကိုင်းတံက ညွတ်အားကွေးအားနည်းကုန်သည်နှင့် အားနှင့် အင်နှင့် ဆတ်ခနဲ ပြန်၍ ရုန်းဆွဲလိုက်တော့၏။

ထိုအခါ ငါးဖျင်းသလက်ကလေး၏ ကျောတွင်ဖောက်ချိတ်ထားသော သံမဏိ ငါးမျှားချိတ်က ငါးကြီး၏ အာခေါင်အာစောက်ကို ဖောက်ခွဲစူးနစ်၍ ဝင်သွားလေပြီ။

ထိုအခါ ရေအောက်က ငါးကြီးသည် ဆတ်ဆတ်ခါ နာကျင်လှသဖြင့် လွတ်လိုလွတ်ငြား အင်နှင့်အားနှင့်ရုန်းလေတော့၏။

ကိုင်းတံထိပ်တွင် ချိတ်ဆွဲထားသော နို့ဆီခွက်ကို လုပ်ထားသည့် ခလောက်က “တဂွမ်ဂွမ်” အော်ကာ အချက်ပေးလေ၏။

သည်ဘက်ကမ်းက ကိုင်းတံနှစ်ချောင်းဆီမှလည်း နို့ဆီခွက် ခလောက်သံတွေက “တဂွမ်ဂွမ်” မြည်၍

“မြန်မြန်လာပါတော့ဗျို့။ ကျုပ်ရဲ့ကိုင်းတံမှာ ငါးကြီးတွေ မိနေပြီဗျ”

ဟု မပြောသော်လည်း ပြောဘိသကဲ့သို့ စောအောင်ထီး နားလည်လိုက်၏။

ထို့ကြောင့် လှေဝမ်းထဲမှာ အလိုက်သင့်ချထားသော ငါးထိုးမှိန်းကို ကောက်ကိုင်ရင်း

“မှတ်ပြီလားကွ။ ဒါလောက်မြူးချင်လှတဲ့ငါးတွေ”

ဟု ကျေကျေနပ်နပ်ကြီး ကြုံးဝါးလိုက်၏။

xxx xxx xxx

ညက ကိုင်းတံလေးချောင်းထောင်လေရာ ငါးပတ်ကြီးသုံးကောင် မိခဲ့၏။ ထို့ကြောင့် ဒေါ်မယ်ခတစ်ယောက် တပြုံးပြုံးနှင့် ဝါးခယ်မဈေးသို့ ပို့ရန်ပြင်နေပြီ။

အရှေ့ဘက်ဆီမှ ရောင်နီစကလေးတွေတောင် မဝံ့မရဲ အားစမ်းထွက်ပြူစ ပြုနေပြီ။ အိမ်ရှေ့ ရေကပြင်တွင်ထိုင်ကာ အကြမ်းရည်တစ်အိုးနှင့် ဇိမ်ကျနေသော စောအောင်ထီးက-

“မိန်းမရေ ဟောဒီမှာ အောင်ညွန့်ကြီးလာတယ်ကွ။ ငါးဖယ်အောင်းငါးပိကလေး မီးကင်ပါဟေ့”

ဟု အိမ်ထဲသို့ လှမ်းအော်လိုက်သည်။

“ညက မင်း တော်တော်ဟုတ်တယ်ဆို စောအောင်ထီး”

ဦးအောင်ညွန့်က မေးရင်းဝင်ထိုင်သည်။ စောအောင်ထီးက ဘာမှပြန်မပြောသေးဘဲ “ဟီး”ခနဲ တစ်ချက်ရယ်လိုက်သေးသည်။ ပြီးမှ –

“ဟုတ်တယ်ကောင်ရေ . . . ငါးပတ်ကြီးတွေမှ သုံးကောင်တောင်ကွ၊ သောက်ကွာ ရေနွေး”

ဟု ပြောရင်း ရေနွေးတစ်ခွက်ငှဲ့ပေးသည်။

“ငါးဖျင်းသလက်နဲ့ ထောင်တာလားကွ”

ကွန်သမား ဘဝန်းသမား ဦးအောင်ညွန့်က မေးသည်။

“ဒီလိုကွ . . အခုလို ရေထရက်တွေမှာ ရေက ညဘက်မှာ တက်တဲ့အခါ ချုံစပ်တွေမှာ ငါးတွေတော်တော်ပွက်တယ်ကွ။ ငါကလဲ ဒူလာထနေတော့ ညဘက်တွေမှာ တော်တော်နဲ့ အိပ်မပျော်ဘူးဟေ့။ တို့အိမ်နောက်ဘက်မှာဆို ငါးကြီးတွေ တဝုန်းဝုန်းတဗြုန်းဗြုန်းနဲ့ အိပ်လို့တောင်မရပါဘူးကွာ။

ငါလဲ စိတ်တိုတိုနဲ့ ဒါလောက်တောင် သောင်းကျန်းနေတဲ့ငါးတွေ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတယ်ကွ။ ကွန်နဲ့ပစ်ရင်လဲ ကွန်ကွဲသွားမှာကွ။ ဒါလောက်ကြီးတဲ့ငါးတွေ မရနိုင်ဘူး။ လက်ထွန်ပစ်ပြီးဖမ်းရအောင်ကလဲ အဆင်မပြေဘူးကွ။

ဒီလို အစားငမ်းတဲ့ငါးကြီးတွေဟာ ဟိုရေအောက်က အသေကောင်တွေကို မစားဘူးကွ။ သူတို့က ရေပေါ်ရေလျှံမှာ ကူးခပ်မြူးနေတဲ့ ငါးအရှင်လေးတွေကိုပဲ မက်မက်မောမောစားကြတဲ့အမျိုးကွ”

ဒေါ်မယ်ခက ငါးဖယ်အောင်းငါးပိကင်ကို ဆီဆမ်း၍ လာချသည်။ ဦးအောင်ညွန့်က တစ်ဖဲ့ဖဲ့ပြီးဝါးကာ ရေနွေးကြမ်းခါးခါးနှင့် မျှောချရင်း စိတ်ဝင်စားစွာနားစွင့်လျက်ရှိသည်။

“အဲ . . အဲသလိုတွေးရင်း မိုးသာလင်းကရော အဖြေမပေါ် ဘူးကွ။ စားကွာ မင်းကလဲ၊ ငါးဖယ်အောင်းငါးပိက လတ်တော့ ငန်ဆိမ့်ကလေးကွ”

ဆိုပြီး သူလည်းတစ်ဖဲ့ဖဲ့၍ ဝါးလိုက်သေးသည်။

“အဲ မိုးလင်းတော့ မိန်းမက သူ့မြေးမတွေကို ဆူနေတာ ကြားရတော့တာပဲဟေ့။ ဟီလာတိုက်နေတဲ့ ငါးဖျင်းသလက်တွေ ဒါလောက်မြူးနေရင် ရေတက်ဦး ငါးရံ့တွေ၊ ငါးပတ်တွေနဲ့တွေ့မှ ဟုတ်ပေ့ဖြစ်နေဦးမယ်တဲ့။

အဲဒါကိုလဲကြားရော ငါလဲ ချက်ချင်းသွားပြီး စဉ်းစားမိတော့တာပဲဟေ့။

အဲဒါနဲ့ သာကျော်တို့အိမ်မှာ ထီးရိုးဝါး လေးလုံးသွားခုတ်၊ မင်းဆီက ငါးဖျင်းသလက် အရှင်တွေတောင်းပြီး ကိုင်းထောင်ဖြစ်တော့တာပေါ့ကွာ”

ဦးအောင်ညွန့်က

“ဘာဆိုင်လို့လဲကွ မင်းဟာက”

ဟု မေး၏။ စောအောင်ထီးက ပြုံးလိုက်သေးသည်။

“မင်းကလဲ ကွန်သမား ဘဝန်းသမားပဲကွ။ ငါးဖျင်းသလက်တို့၊ ငါးပတ်တို့၊ ငါးရံ့တို့အကြောင်း သိပြီးသားပါ။ ငါးဖျင်းသလက်ဆိုတဲ့ငါးက အင်မတန် နန့်ကြောဆွဲတဲ့ ငါးကွ။ ဘယ်တော့မှ အငြိမ်မနေဘူး။

အိုင်တစ်အိုင်မှာ ငါးဖျင်းသလက်တွေများများမရှိနဲ့ ။ဆယ်ကောင်လောက်သာရှိ။ အကောင်ပေါင်း ရာနဲ့ချီပြီးရှိတယ် ထင်ရအောင် ဟိုနေရာသွားပွက် ဒီနေရာထခုန်နဲ့ မျက်စိနောက်အောင် ကမြင်းတဲ့ကောင်တွေ မဟုတ်လား”

အဲသည်တော့ ငါးရံ့တို့ ငါးပတ်တို့လို အသားစားငါးကြီးတွေက ကြိုက်လို့ပဲလား၊ မျက်စိနောက်လို့ပဲလား ၊ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် အရှင်ကိုမှ စားတတ်တဲ့ သူ့ဓလေ့ကြောင့်ပဲလားလို့တော့ မဆိုနိုင်ဘူးကွ။

ငါးဖျင်းသလက်ပွက်လိုက်တာနဲ့ ထိုးဟပ်စားပစ်လိုက်တော့တာပဲ။ ငါက အိပ်ရာထဲမှာ လှဲရင်း ချောင်းထဲမှာ ဆူညံပွက်လောထနေတဲ့ ငါးကြီးတွေကို ဘယ်လိုဖမ်းရပါ့မလဲလို့ စဉ်းစားနေတုန်း မိန်းမက သူ့မြေးမတွေကို ဆူနေတဲ့စကားထဲက အတွေး ရသွားတာဟေ့။

တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် မနေတတ် မစားတတ်ဘဲ သူတို့ရှိမှန်းလူသိအောင် အားနဲ့အင်နဲ့ ပွက်တတ်ဆူတတ်၊ အစာမက်တတ်တဲ့ အဲသည်ငါးကြီးတွေကို ငါးဖျင်းသလက်နဲ့သာ မျှားလိုက်ရရင်ဆိုပြီး တွေးမိသွားတာကွာ၊ သိရဲ့လား. . .။ ငါ့အတွေး မှန် မမှန်ဆိုတာတော့ ဟောဒီမှာ ကြည့်ပေတော့ဗျား”

ဟုဆိုပြီး ရေကပြင်ပေါ်တွင် တန်းစီတင်ထားသော ဖြူဝါဝါ ငါးပတ်ကြီးသုံးကောင်ကို ပြလေ၏။

ဟုတ်သည်။ တစ်ကောင် တစ်ကောင်လျှင် ခြောက်ပိဿာ၊ ခုနစ်ပိဿာခန့်ရှိမည့် ငါးပတ်ကြီးတွေ ဖြစ်၏။ သုံးကောင်ဆိုတော့ အံမယ်.. ပိဿာနှစ်ဆယ်တော့ ကြိမ်းသေရှိလိမ့်မည်။

ယနေ့ဈေးနှင့် တွက်ကြည့်လျှင်. . အားပါးပါး နည်းနည်းနောနော ငွေတွေမဟုတ်ပါလား။

တွေးရင်း တွေးရင်းနှင့်ပင် စောအောင်ထီး ဝမ်းသာလုံးဆို့လေတော့၏။

– ပြီး –

စာရေးသူ – မောင်ခြိမ့်

Leave a Reply

Your email address will not be published. Required fields are marked *