လေးမောင်

ရန်ကုန် မန္တလေး အမှတ် (၃) အမြန်လမ်းမကြီးသည် ပဲခူးရိုးမကြီး အတွင်းပိုင်းဆီသို့ တဖြောင့်တည်း တိုးဝင်သွားသလို ဟိုမှာဘက် မရမ်းချောင်းကျေးရွာနှင့် သည်မှာဘက် ဥတိုကျေးရွာတို့အကြား တိုးဝင်ကာ ရေနက်ကြီးကျေးရွာကို ကျော်လျက် မြွေကြီးတစ်ကောင် ဆန့်တန်းကာ မလှုပ်မယှက် အိပ်ပျော်နေသယောင်။

ထိုရေနက်ကြီးကျေးရွာဆီမှ ဟိုမှာဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ပါလျှင် မဟူရာတောင်ကြီးနှင့် စိန်တောင်ကြီးတို့နှင့် အခြားသောတောင်တန်း၊ တောင်သွယ်၊ တောင်လက်မောင်းများတို့ကို တောင်ခိုး တောင်ငွေ့များတို့နှင့် စိမ်းစိုသော ရိုးမပြင်ရိုင်းရိုင်းကြီးကို တစ်မျှော်တစ်ခေါ် လှမ်းမြင်တွေ့နေရသည်။

အမြင်က နီးသည်ဟု ထင်ရသော်လည်း ထိုတောင်ကြီးများနှင့် တောင်တန်း တောင်သွယ်များတို့ဆီသို့ သွားရောက်မည်ဆိုပါက ရိုးမရိုင်းရိုင်းကြီး ရင်ခွင်အတွင်းမှ ဖြတ်သန်းသွားကြရပေမည်။

လမ်းတစ်ကြောတွင် ကျော၊ ချောက်၊ ခင်တန်း၊ တောင်တန်း၊ တောင်သွယ်၊ တောကြီးများ အထပ်ထပ်ကို ဖြတ်သွားမှသာရမည်မို့ ထိုလမ်းကြောဝန်းကျင်တွင် သားရဲပေါသော တောကြီးဟု ပြောရလျှင် မှားမည်မထင်။

ထိုရိုးမကြီးသည် မရမ်းချောင်းကျေးရွာနှင့် ကပ်လျက် နိုင်ငံတော်အစိုးရမှ စမ်းသပ်စိုက်ပျိုးထားသည့် ကျွန်းကွက်အမှတ် (၁ , ၂ , ၃ , ၄ )မှ ကျွန်းပင်များကို ခုတ်လှဲဖျက်သိမ်းကာ နိုင်ငံတော်အစိုးရကပင် ထို မရမ်းချောင်းကျေးရွာသစ်ကြီးကို စနစ်တကျ အိုးအိမ်များတည်ဆောက်ကာ စံပြသဘောမျိုး နေရာ ချထားပေးလိုက်ပြန်သည့်အတွက် ယခုအခါ ထိုကျေးရွာကြီးနှင့် ဝန်းကျင်ကျေးရွာများတို့ပါ အထူး စည်ကားနေပေသည်။

ထိုကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း ရေနက်ကြီးကျေးရွာမှ သားကောင်များတို့ကို ထောင်ခြောက်ဆင် ဖမ်းယူကာ တစ်ဝမ်းတစ်ခါး ရှာဖွေလုပ်ကိုင်စားသောက်နေသူ မုဆိုးပြူးကျယ်တစ်ယောက် သားကောင်ကို သုတ်ကိုင်းထောင်ရင်း ကျားတစ်ကောင်ကို သုတ်ကိုင်းတွင် မိလိုက်ရာမှ ထိုအဖြစ်အပျက်က အစပြုလာခဲ့ရဖြင်း ဖြစ်ပေသည်။

လင်းယောပင်အောက် အစာကောက်ကြသော သားကောင်များတို့၏ ဝင်ချိန်၊ ထွက်ချိန်ကို မှတ်သားကာ ချေ၊ ဒရယ်၊ ဆတ်တို့လောက်ရယ်သာ အထင်နှင့် သုတ်ကိုင်းထောင်လိုက်ရာမှ ကျားမုဆိုးကလည်း ထိုစားပင်ဆီသို့ ဝင်ရောက်စားသောက်ကြမည့် သားကောင်ကို လာရောက်ချောင်းမြောင်းရင်း သုတ်ကိုင်းကို နင်းမိကာ ခလုတ်ပြုတ်ပြီး လက်တစ်ဖက်တွင် စွပ်လျက် တန်းလန်းကြီး မိခံလိုက်ရသည့် အနေအထား ဖြစ်သွားခဲ့လေသည်။

ကျားမှာ ရုန်းကန်လှုပ်ရှားပါသော်လည်း သူ၏လက်တွင် မိထားသည်က စတီးပျော့ကြိုးဖြစ်နေသဖြင့် သွားနှင့်ကိုက်ဖြတ်လို့လဲ မရ။ ရုန်းကန်လေ စတီးပျော့ကြိုးက အသားထဲ နစ်ဝင်လေ၊ သွေးတို့က အလွန်အမင်းထွက်ကာ နာကျင်လွန်းသဖြင့် ဒေါသနှင့် ကျုံးအော်ဟစ်နေသည်။

ရုန်းကန်နေရင်းကြားမှ အချိန်ကလည်း လင်းကြက်တွန်သံများတို့နှင့်အတူ နေ့သစ်တစ်နေ့ကို ကူးပြောင်းတော့မည်မို့ ပိုမိုဒေါသထွက်နေသည့် အသွင်မျိုးပင်။

သုတ်ကိုင်း လက်ကွင်မိထားခြင်းခံရသော ကျားကြီးသည် မကြာတော့သောအချိန်တွင် မိုးစင်စင်လင်းခဲ့ပါလျှင် သုတ်ကိုင်းထောင်ကြသူ လူသားမုဆိုးများ သူ့ထံသို့ ရောက်ရှိလာပါက မိမိသည် အမှန်တကယ် သေရမည်ဆိုသည်ကို တွက်ဆထားဟန်တူသော ကျားကြီးမှာ အခိုက်အတန့် သူ၏လက်တွင် မိခံထားရသော စတီးပျော့ကြိုးက အသားကိုသာမက အရိုးထိတိုင် ညှစ်ဆွဲခံထားရသည့် ဆိုးဆိုးဝါးဝါး နာကျင်မှုဒဏ်ကြောင့် ပိုမိုနာကျင်သလို ပိုမိုဒေါသကလည်းကြီးလာသဖြင့် အနာခံကာ အားစိုက်၍ လှုပ်ရှားရုန်းကန်လိုက်သည်ကြောင့် မြရာပင်ကိုင်းဖျားနှင့် သူ၏လက်တွင် မိထားသော စတီးကြိုးမှာ ထောင်းခနဲ ပြတ်ထွက်သွားခဲ့ရပေတော့သည်။

အလွန်အမင်း နာကျင်သည့်ကြားမှ အားကုန်ရုန်းလိုက်ရသဖြင့် လက်တွင်မိထားသော စတီးကြိုးမှာ ထောင်းခနဲ ပြတ်ထွက်သွားသော်လည်း မြေပြင် ထက်ဆီသို့ သုံးလေးပတ်လိမ့်ကာ မြေပြင်တွင် သွေးများတို့နှင့် အတိ။ သုတ်ကိုင်းမိခံထားရသော ဒဏ်ရာနှင့် လက်ကို နာကျင်လွန်းသည့်အတွက် အပေါ်ကို မြှောက်တင်ထားရင်း ဒေါသတကြီး ဟိန်းဟောက်မာန်ဖီပစ်လိုက်မိပေသည်။

သို့သော်လည်း ဒဏ်ရာက မသက်သာ။ သို့အတွက် အသားတွင် သုတ်ကိုင်းကြိုး နစ်ဝင်ကာ သွေးများတို့နှင့် ပန်းထွက်နေသည့် မိမိလက်ကို လျှာနှင့်လျက်ကာ ဖြေဖျောက်ကုစားနေလိုက်သည်။

နာကျင်မှုတို့နှင့်အတူ ဒေါသစိတ်တို့ကို အတန်ကြာတော့ လျော့ချလိုက်ပြီး စတီးကြိုးမိခံထားရသော သူ၏လက်ကို မြေပြင်တွင်စမ်းကာ ထောက်လိုက်ရင်း နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သုံးချောင်းထောက် ထော့နဲ့ထော့နဲ့ပုံစံဖြင့် တောကြီးအတွင်း ထွက်ပြေးကွယ်ပျောက်သွားခဲ့ပေတော့သည်။

xxx xxx xxx

ထိုသို့ဖြစ်ပျက်ခဲ့ပြီးသည့်နောက် သုံးလကျော်ကြာပြီးသည့် နေ့တစ်နေ့။

ရေနက်ကြီးကျေးရွာသူ (၁၂)ဦးခန့် နံနက်စောစော ထမင်းထုပ်ကိုယ်စီနှင့် လက်တွင် ကိုင်းခုတ်ဓားများ ကိုယ်စီကိုင်လျက် ရွာမြောက်ဘက် ထမဇိုင်း (ကိုင်းတော) ပင်များ ခူးရန်အတွက် ထမဇိုင်းတောကြီးရှိရာဆီသို့ စုဝေးရောက်ရှိလာကြသည်။

ယခုတလော ထမဇိုင်းပင်များကို တံမြက်စည်းလုပ်ကာ နိုင်ငံခြားဆီသို့ပင် တင်သွင်းနေကြသည်။ စီးပွားရေးဈေးကွက်အရ တံမြက်စည်းထုတ်လုပ်သူ လုပ်ငန်းရှင်တို့က အဝယ်လိုက်နေကြသဖြင့် ဈေး ကောင်းနေပြီး သူမတို့အဖို့ ဝင်ငွေကောင်းနေကြသည် မဟုတ်ပါလား။

နံနက်စောစောမို့ မိန်းမသားဆယ့်နှစ်ဦး လွယ်အိတ်ကလေးများလွယ်ကာ ကိုင်းခုတ်ဓားများကိုယ်စီ ကိုင်ဆောင်ကြရင်း အချင်းချင်း နောက်ပြောင်ကျီစယ်ကြကာ တဝါးဝါး တဟားဟား ရယ်မောကာ လျှောက်လှမ်းလာခဲ့ကြစဉ် ထမဇိုင်းတောကြီးအတွင်းဆီမှ ကျားကြီးတစ်ကောင်က ထောက်ဆွထောက်ဆွဖြင့် ဗြုန်းခနဲ သူတို့ရှေ့ဆီသို့ မျှော်လင့်မထားဘဲ ရောက်ရှိလာခဲ့လေသည်။

အမျိုးသမီးတစ်သိုက်၊ ရယ်ကာမောကာလာကြသူများ။ တေးတကြော်ကြော် သီဆိုကြရင်း လာနေရာမှ ကျားကြီးတစ်ကောင်နှင့် အနီးကပ်ထိပ်တိုက် ရင်ဆိုင်တိုးလိုက်ကြရသဖြင့် အားလုံးပင် တထိတ်တလန့်နှင့် ကြောက်လန့်သွားကာ ငယ်သံငယ်ရင်းပါအောင် အော်ဟစ်ကြကာ ဦးတည်ရာများဆီသို့ အသက်ကိုလုရင်း စွတ်ပြေးကြပေတော့သည်။

တစ်နာရီသာသာအကြာ ရွာဆီသို့ ပြန်ရောက်လာကြသော အမျိုးသမီးအချို့၏ ပြောစကားအရ ရွာလူထုက စု၍ ရရာလက်နက်များကို ယူပြီး ထိုနေရာဆီသို့ သွားရောက်လိုက်ကြသောအချိန် မိန်းကလေးတစ်ဦး၏ အရိုးများ၊ အသားအပဲ့အနွဲ့များ၊ သွေးကွက်ကြီးများတို့နှင့်အတိ စွန်းထင်းနေသည့် အဝတ်အစား အစုတ်အပြတ်များတို့ကိုသာ တွေ့လိုက်ကြရပေသည်။

စစ်တမ်းထုတ်လိုက်တော့ ကျားကိုက်ခံလိုက်ရသည့် မိန်းမပျိုမှာ ရေနက်ကြီးကျေးရွာမှ ဦးဗိုက်ကလေး၏ သမီး မိကြွက်တစ်ယောက် ဖြစ်ပေတော့သည်။

ထိုကိစ္စဖြစ်ပြီးနောက် ရက်ပေါင်း (၅ဝ)ခန့်အကြာ၊ ဝါးခုတ်ရန် တောတက်သွားကြသော ဥတိုကျေးရွာမှ ရွာသားသုံးယောက်အနက် ညှက်ကြီးဆိုသူမှာ ဝါးခုတ်နေစဉ် ဝင်ရောက်ကိုက်ခဲ့ကြောင်း၊ အော်ဟစ်အကူအညီတောင်းသံကြောင့် သိလိုက်ရသည့်အချိန် ကျန်နှစ်ယောက်က ကူညီရန် ပြေးလာကြသော်လည်း ကျားကြီးက သူကိုက်သတ်ထားသူကို လွှတ်ချလိုက်ပြီး မာန်ဖီဟိန်းဟောက်ပြလိုက်သဖြင့် ထိုအသံကို ကြားလိုက်ရသည့် ကျန်နှစ်ဦးမှာ ရှေ့ဆက်မတိုးရဲကြတော့ဘဲ နောက်ကြောင်းပြန်ပြေးကြရပေသည်။

ထိုနှစ်ဦး စကားအရ ကျားမှာ သုံးချောင်းထောက်နှင့် သွားနေသည်ကို မြင်လိုက်ကြရသဖြင့် ကျားနာ တစ်ကောင်ဖြစ်ကြောင်း သိလိုက်ကြရပေသည်။

ရွာမှ လူများတို့က ထိုသတင်းဆိုးကြောင့် ရရာလက်နက်များကို ဆွဲကာ လိုက်ကြသော်လည်း ကျားကိုက်ခံလိုက်ရသူမှာ အရိုးချည်းသာ ကျန်ပြီး အသားများတို့က မရှိသလောက်ပင် ဖြစ်နေသည်ကို တွေ့မြင်လိုက်ကြရပေသည်။

ရေနက်ကြီးရွာမှ မိကြွက်မှအစ ဝါးခုတ်သမား၊ ပြီးသည့်နောက် ပန်းတောကုန်းကျေးရွာမှ သပြေချိုးသူတစ်ဦး၊ ငခူအိုင်မှ ငါးရှာသူတစ်ဦး၊ မရမ်းချောင်း ကျေးရွာမှ မှိုရှာသူတစ်ဦး၊ ထောင်ခြောက်ဆင်သူတစ်ဦးတို့ကို ကိုက်သတ်စားသောက်ပစ်လိုက်သည့် ထိုကျားဆိုး၏ သတင်းသည် တစ်စထက်တစ်စ ကြီးလာခဲ့ရပေတော့သည်။

ထိုကဲ့သို့ အတင့်ရဲလာပြီဖြစ်သော ကျားဆိုးကြီး၏ သတင်းကြောင့် ထိုဝန်းကျင်ကျေးရွာများတို့ဆီသို့ မည်သူမျှ ခြေဦးမလှည့်ဝံ့ကြတော့ပေ။ ရွာတွင်းရှိ လူများတို့သည် တစ်ရွာနှင့်တစ်ရွာ ကူးလူးကြရာတွင် လူစုလူဝေး၊ တုတ်၊ ဓား၊ လှံတို့ကို ကိုင်ဆောင်ကာ သွားလာနေကြရသည့် အဆင့်သို့ပင် ရောက်နေကြရသ့်။

ရွာသူရွာသားများတို့မှာ ရွာကိုစည်းရိုးခတ်၊ ကျားကြီးဝင်လာနိုင်သည့်လမ်းများတွင် ထောင်ခြောက်များထောင်၊ ကင်းချ၊ လင့်ထိုင်စောင့်ကာ အကာအကွယ်သဘောမျိုး လုပ်ထားကြရသော်လည်း ကျားကြီးမှာ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေသူမို့ မည်သို့မျှ အစအနမတွေ့။

ထိုကြားထဲ ဘယ်နေရာက ဘယ်လို ရောက်လာ သည်မှန်းတော့ မသိ။ လူစုလူဝေးနှင့် စကားပြောနေသည့်ကြားမှ အနီးစပ်ဆုံး လူသားတစ်ဦးကို သူ၏ ကြီးမားသောလက်ကြီးဖြင့် အသေကုတ်ကာ လူကို ကိုက်ချီပြီး ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားပြန်သည်။

လူစုလိုက်ပြန်တော့ အချိန်တိုလေးအတွင်း ပြန်ရလိုက်သည်က သွေးသံရဲရဲ အဝတ်အစားနှင့် လူရိုးများတို့ပင်။

ကြာတော့ ရွာနီးချုပ်စပ်လူများတို့ ကျားဆိုးကြီး မိကြွက်ကို ကိုက်စားလိုက်သည့်အချိန်မှ ယခုအချိန်ထိတိုင် လုပ်ငန်းများကို အလုပ်နိုင်ကြသလို တောထဲကို ဝင်လိုက်လို့လည်း မရကြသည့်အတွက် အခြား ရေကြည်ရာ မြက်နုရာများတို့ဆီသို့ ရှာဖွေလုပ်ကိုင်စားသောက်ကြရန် ထွက်ခွာကုန်ကြပေပြီ။

ယခင်အချိန်အခါများဆီတို့က တောဝင်တောထွက် ပစ္စည်းများတို့ဖြင့် စီးပွားရေးကောင်းကောင်း စည်ကားခဲ့သော ထိုရွာများတို့သည် ထိုကျားဆိုး ကြီး၏ စနက်ကြောင့် တစ်စတစ်စ ရွာများတွင် လူမရှိတော့သလောက်ပင် ဖြစ်နေကြရပေသည်။

ဟိုယခင်အချိန်များက တောဝင်တောထွက်ပစ္စည်းများတို့နှင့် စီးပွားရေး ကောင်းကာ စည်ကားခဲ့သော ထိုရွာများတို့သည် ထိုကျားဆိုးကြီး၏ စနက် ကြောင့် တပ်စတစ်စနှင့် လူမရှိတော့လောက်အောင်ပင် ဖြစ်ခဲ့ကြရပေတော့သည်။

ရွာသားများတို့ စုမိချိန် အသက်အကြီးဆုံး တွေးဆဆင်ခြင်နိုင်သူ အဘပြူးက ပြောလိုက်သည့်စကားတို့က

“ကဲ … ငါတို့တစ်တွေ ဒီအတိုင်းနေလို့ မရတော့ဘူး။ ကိုဦး … ရန်ကုန်မှာရှိနေတဲ့ မင်း မုဆိုးအဖွဲ့ တကယ်စွမ်းဆို။ မင်းပဲ မကြာခဏ ပြောပြီး ဂုဏ်ယူနေတာ။ သွားအကူအညီတောင်းကွာ။ ကြာရင် ရွာတွေပျက်တော့မယ်”

“ကျွန်တော်လည်း အဲဒါ စဉ်းစားနေတာ အဘရဲ့။ ခုအချိန် သူတို့မှာလည်း ဘာလက်နက်တွေမှ မရှိကြတော့ ခက်နေတယ်။ သူတို့ကို သွားခေါ်ပြီး လိုက်လာ ကြတော့လည်း ကျားနဲ့ နပန်းဖက်လုံးကြမယ့် လူတွေ မဟုတ်ဘူးလေ”

“ဒါဆို မင်းတို့အဖွဲ့တည်းမှာ လက်နက်ရှိတဲ့လူတွေ မရှိတော့ဘူးလား”

“ရှိတယ် အဘရဲ့။ မင်းကုန်းရဲဘက်စခန်းမှာ ထောင်မှူးကြီးသိန်းဝင်းဆိုတဲ့ သူပဲ။ ဘိုလေး မိတ်ဆွေလေ။ သူ တစ်ခါမိတ်ဆက်ပေးဖူးတယ်။ ကိစ္စရှိရင် သူ့ဆီကိုလာပါလို့လည်း မှာသွားတယ်။ ခု သူနဲ့ သွားတွေ့ပြီး အကူအညီ သွားတောင်းကြည့်မယ်။ သူ့အကူအညီကို ယူမှဖြစ်တော့မယ် အဘ”

“အေး … လုပ်ကွာ။ မင်း ကုန်ကျစရိတ်နဲ့ စားသောက်ဖို့ ငွေကို ငါတို့စုပြီး ပံ့ပိုးမယ်။ သွားမယ်ဆိုရင် ခုပဲလုပ်တော့။ ငါ့အိမ်ကိုဝင်လာပြီး ငွေဝင်ယူ”

“တကယ်လို့ သူမအားရင် ဘယ်လိုလုပ်မလဲ”

“ရန်ကုန်ထိဆက်။ မင်းလူတွေကို ငါက လွှတ်ပြီး အကူအညီတောင်းနေတယ်ဆိုတာကို ပြောလိုက်။ မနေပါဘူးကွာ။ ကဲ … သွားဖို့ပြင်တော့”

xxx xxx xxx

“ဟယ် … ကိုဦး ရောက်နေတယ်”

ကျွန်တော် လုပ်ငန်းကိစ္စတစ်ခုနဲ့ အပြင်တွင်ရောက်နေပြီး အိမ်သို့ ပြန်လည်ရောက်ရှိတော့ အိမ်အတွင်းဧည့်ခန်းတွင် ထိုင်နေသည့် ကိုဦးကို လှမ်း၍ နှုတ်ဆက်စကား ပြောလိုက်ခြင်းရယ်သာ။

ကိုဦးဆိုသည်က ဥတိုကျေးရွာမှ ကျွန်တော် အားထားရသည့် အမာခံမုဆိုး။ ကျွန်တော် ထိုနေရာများတို့ဆီသို့ အမဲပစ်ထွက်ခဲ့လေတိုင်း သူ့အိမ်တွင် အထိုင်ချ မပစ်ခတ်လျှင်ပင် ကျွန်တော်ရှိရာဆီသို့ မပျက်မကွက် လိုက်လာတတ်သူ။ လက်ဖြောင့်သလို တောကျွမ်းသူ။ သားကောင်တစ်မျိုးချင်းစီ၏ စရိုက် သဘာဝကို နားလည်သူ။

ဥတိုကျေးရွာဆိုသည်က ဗဟိုဝန်ထမ်းတက္ကသိုလ် နောက်ခံ မင်းကုန်းကျေးရွာမှတစ်ဆင့် ရဲဘက်စခန်းကို ကျော်ပြီးမှ ရောက်ရှိသည့် ရွာကလေး။ မရမ်းချောင်းကျေးရွာနှင့် မျက်နှာချင်းဆိုင်။

ထိုကျေးရွာကလေးအား ကျွန်တော်တို့အဖွဲ့ အမဲသားကောင်များတို့ကို အချိန်ရလျှင် ရသလို သွားရောက်ပြီး သူ့အိမ်တွင် အထိုင်ချကာ ပစ်ခတ်နေသည့် ရိုးမတောကြီး အနားသတ်ရွာကလေးပင်။

ယခုအခါ ထိုရွာကလေးဆီသို့ ယခင် မကြာခဏ ရောက်ခဲ့ကြသော်လည်း ယခု မရောက်ကြသည်မှာ ကြာခဲ့ပေပြီ။ အဘယ့်ကြောင့်ဆိုသော် (ရှစ်လေးလုံး) အရေးအခင်းဖြစ်ပြီးနောက်ပိုင်း ကျွန်တော်တို့ကဲ့သို့ အမဲပစ်ဝါသနာရှင် မုဆိုးများကို ကိုင်ဆောင်ထားကြသော သေနတ်များတို့ကို နိုင်ငံတော်အစိုးရက တိုင်းပြည်၏ လုံခြုံရေးလိုအပ်ချက်အရ ပြန်လည်သိမ်းဆည်းလိုက်ကြသည့်အတွက် သေနတ်များ မရှိကြတော့သည့်အတွက် ယခင်ကလို မသွားရောက်နိုင်ကြတော့သလို ဈေးကွက်စီးပွားရေးအရ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခါးစည်းခံနေကြရသဖြင့် ထိုကျေးရွာဆီသို့ ကျွန်တော်တို့ မရောက်ရှိခဲ့ကြသည်မှာ (၁ဝ)နှစ်နီးပါး ကြာမြင့်နေစဉ် ထိုရွာတွင် အထိုင်ချနေထိုင်သည့် ရွာခံမုဆိုးက ကျွန်တော့်ထံ ရောက်ရှိလာခဲ့ခြင်းကြောင့်ပင်။

အဖန်ရည်သောက်နေရင်း ကျွန်တော်က မေးလိုက်သောကြောင့် သူက

“ဟုတ်တယ် ဘိုလေးရေ၊ ရွာမှာ ပျားတုပ်ခံနေရလို့အဘပြူးနဲ့ ထောင်မှူးကြီးသိန်းဝင်းတို့က အခေါ်လွှတ်လိုက်လို့ ရောက်လာရတာ”

“ဟုတ်လား ကိုဦး၊ ဘာတွေများအရေးကြီးနေလို့ လွှတ်လိုက်တာလဲ … ပြောပါဦးကွ”

“အရေးကြီးဆို ရွာမှာ ကျားကိုက်ခံရတာ လူများလှပြီဗျ။ အဲဒါ နှိမ်နင်းဖို့ …”

“အိုကွာ … ကျားကို နှိမ်နင်းဖို့ ငါတို့မှာ ဘာလက်နက်မှ မရှိကြတာ မင်းအသိပဲ”

“ဟုတ်တယ်လေ … သိတာပေါ့။ ဒါပေမဲ့ ဒီအကောင်ကြီးကို နှိမ်နင်းနိုင်ဖို့ အတွေ့အကြုံရှိတဲ့ ဘိုလေးတို့အဖွဲ့ကိုသာ ခေါ်ပေးပါဆိုပြီး ထောင်မှူးကြီးသိန်းဝင်းကပါ လွှတ်လိုက်လို့ လာခဲ့ရတာ”

“နို့ သူက လက်နက်ရှိပါလျက်နဲ့ အကူအညီမပေးဘူးလား”

“သူက ပေးချင်ပါတယ်။ ယခုလောလောဆယ် သူ့စခန်းကို ရဲဘက်အသစ် သုံးရာကျော် ရောက်လာလို့ တော်တော်ကလေး အလုပ်များနေတယ်။ ဘယ်လိုမျှလှည့်လို့ ပတ်လို့ မရလို့ လာအခေါ်ခိုင်းလိုက်တာပါ။ သူ့ဆီကိုလဲ ဝင်ခဲ့ပါတဲ့ မှာလိုက်တယ်လေ။ ဒါကြောင့် လာခဲ့ရတာပါ”

သူပြောလိုက်သည့် စကားအရ ကျွန်တော့်အဖွဲ့သားများနှင့် အရေးတကြီး တွေ့မှ ဖြစ်ပေတော့မည်။ ယနေ့ည တွေ့ဆုံညှိနှိုင်းကာ အရေးပေါ် အဆုံးအဖြတ် ရယူကြရမှာမို့ တယ်လီဖုန်းခွက်ကို ကောက်ကိုင်ကာ အစ်ကိုကြီး ဦးသိန်းလွင်အိမ်ကို ဆက်လိုက်ပေတော့သည်။

xxx xxx xxx

ရုပ်ခြည်းစီစဉ်လိုက်ရသည့် ကိစ္စဖြစ်သည့်အတွက် ကျွန်တော်တို့ အဖွဲ့သားများ စုံညီမလိုက်နိုင်ကြ။ (၅) ဦးတည်းရယ်သာ။ ထို ငါးဦး လိုက်ပါသွားရောက် အကူအညီပေးကြရန် ဖြစ်ပေသည်။

နံနက်မိုးလင်း ခရီးကို စတင်လိုက်တော့ ဦးစွာ သံညှပ်ကြီးသုံးခုကိုဝတ်ပြီး ခရီးကို စတင်တော့ (၉) နာရီပင် ထိုးနေပေပြီ။ လှည်းကူးတာဆုံတွင် ဘယ်ဘက်ကိုချိုးကာ ဖောင်ကြီးသင်တန်းကျောင်း ကားလမ်းအတိုင်း မောင်းနှင်လာခဲ့ကြသည်။ ဖောင်ကြီးတာဆုံရောက်တော့ (၁၁:၃ဝ) နာရီပင်။

မစားကြရသည်မှာ ကြာပြီဖြစ်သော ငွေတိုးကလေး စားသောက်ဆိုင်တွင် ဟာနေသောဗိုက်များကို တောသား တောင်သားဟင်းများတို့နှင့် စားသောက်လိုက်ကြရင်း မင်းကုန်းကျေးရွာဆီသို့ ထွက်ကြမည်လုပ်သော် ဆိုင်အတွင်းမှ ယခင်သိကျွမ်းခဲ့ရသည့် အမျိုးသမီးချောက ဝီစကီတစ်လုံး လက်ဆောင်ပေး သည်။

မင်းကုန်းဈေးသို့ ကျော်ဖြတ်ပြီး ရဲဘက်စခန်းတွင် ထောင်မှူးကြီးသိန်းဝင်းကို ဝင်တွေ့ရန်နှင့် လိုအပ်သည့် အကူအညီကို ညှိနှိုင်းဆောင်ရွက်ရန် မောင်း နှင်ထွက်လာခဲ့ကြပေသည်။

အစ်ကိုကြီး ဦးသိန်းလွင်က ကားကလေးကို သူ့လမ်းကြောင်းအတိုင်း ဘယ်ချိုး ညာကွေ့နှင့် ရဲဘက်စခန်းရှေ့ ထိုးရပ်လိုက်တော့ (၂) နာရီပင် ကျော်နေပေပြီ။

ရဲဘက်စခန်းရှေ့ တာဝန်ကျသူများတို့မှတစ်ဆင့် ဖုန်းဆက်အကြောင်းကြားလိုက်သဖြင့် အားရဝမ်းသာစွာ ကျွန်တော်တို့ရှိရာဆီသို့ ရောက်ရှိလာသည်။ ပြီး သူ့ရုံးခန်းဆီသို့ ခေါ်သွားကာ လက်ဆောင်ပစ္စည်းများပေးကာ အသေးစိတ် ညှိနှိုင်းလိုက်ကြပေသည်။

သူ၏ အခက်အခဲမှာ ရဲဘက်အသစ်များ ရောက်ရှိနေကြသဖြင့် သူ့တွင် လုပ်ငန်း အလွန်များနေသည့်အတွက် ကျွန်တော်တို့အဖွဲ့နှင့် လိုက်မလာနိုင်သလို သေနတ်များကို ထည့်ပေး၍ မရသော်လည်း ကချင်ပြည်နယ်ဘက်ဆီက မြားဆိပ်ကို သူ ရထားသဖြင့် ထည့်ပေးလိုက်မည့်အကြောင်း၊ မြားဆိပ်မှာ တစ်ဆွေ့ခုန်ဖြစ်ပြီး အလွန်ကောင်းမွန်သည့် ရှားပါးအဆိပ်ဖြစ်ကြောင်း ပြောနေပေသည်။

သူ့အနေနှင့် နှစ်ရက်လောက်ကြာမှ လိုက်လာနိုင်မည်မို့ လိုအပ်သလို စီစဉ်ဆောင်ရွက်ထားကြပါရန် အတန်တန် တောင်းပန်နေရှာသည်။ သေနတ်မရသော်လည်း မြားဆိပ်ရသဖြင့် ကျွန်တော်တို့အတွက် အားတက်စရာပင်။

“ကိုသိန်းဝင်း …. ခင်ဗျား lအဆိပ်ကို စမ်းသုံးပြီးပြီလားဗျ”

ကျွန်တော်က မေးလိုက်တော့ သူက တောဝက်ကို စမ်းသပ်ပစ်ခတ်ပြီးကြောင်းနှင့် အလွန်အသုံးတည့်ပါကြောင်း ပြောနေသည်။

သို့အတွက် သူ့တွင် လုပ်ငန်းဝန်ကလည်း ပိနေသလို အချိန်ကိုလည်း လုနေရပြီး လောလောဆယ် အဆိပ်ကိုသာ ပေးလိုက်နိုင်သည်မို့ ဝါးဆစ်ပိုင်းတွင်ထည့်ကာ တောငှက်ပျောရွက်နှင့် ဖုံးအုပ်စည်းနှောင်ထားသော အဆိပ်ဘူးကို ယူဆောင်ကာ ဥတိုကျေး ရွာ ကိုဦး၏အိမ်သို့ ထွက်လာခဲ့ကြပေသည်။

မင်းကုန်းဈေးတွင် အသုံးလိုအပ်မည့် ဓာတ်ခဲများ၊ သားရေကြိုးများတို့ကိုလည်း ဆင်းကာဝယ်ခဲ့ကြသည်မို့ ကျွန်တော်တို့အဖွဲ့ ရွာဆီရောက်တော့ အခြားရွာခံ မုဆိုးများဖြစ်ကြသည့် ယဉ်ကြိုင်၊ တင်စိုး၊ ယောင်ကြီး၊ မိုးကြည်နှင့် ကျော်ဝင်းတို့အုပ်စုပါ ရောက်ရှိလာခဲ့ကြပေသည်။

အဘကောင်းက ခရီးရောက်မဆိုက် …

“မောင်ယဉ်ကြိုင်နဲ့ တင်စိုးတို့မှာ ဒူလေး ဘယ်နှစ်လက် ရှိမလဲကွ”

“ရှိကြပါတယ်၊ အိမ်တိုင်းလိုလိုပဲ။ မပစ်ကြတာကြာတော့ သားရေကြိုးတွေ လဲတင်ရမယ်။ မြားဆိပ်မရှိတော့ ဒူးလေးကို ဘယ်သူမျှ မကိုင်ကြဘူး။ ပစ်ထား တာကြာတော့ သားရေကြိုးတွေ ဆွေးကုန်ကြပြီပေါ့”

သူပြောသည်ကလည်း ဟုတ်ပေသည်။ အရေးအခင်းနောက်ပိုင်း မုဆိုးကိုင် သေနတ်များတို့ကို သိမ်းပိုက်လိုက်သည့်အတွက် တောနေမုဆိုးများတို့အဖို့ မိရိုးဖလာ ဒူးလေးများကို ကိုင်ဆောင်ကာ သားကောင်များတို့ကို ပစ်ခတ်ကြရပေသည်။

သို့သော် အခက်အခဲက မြားတံသည် သားကောင်တို့ကို ထိမှန်ပါသော်လည်း နေရာတွင် အသက်မပျောက်သည်က များသည်။

မြားတန်းလန်းဖြင့် ထွက်ပြေးကြသဖြင့် အနံ့ခံခွေးများနှင့် လိုက်ကြသော်လည်း ဆုံးသည်က များ သည်။

အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်းဆိုသော် မြားတံတွင် သုတ်လိမ်းရသည့် အဆိပ်ကို မဖော်စပ်တတ်ကြသည့်အတွက် ဖြစ်ပေသည်။

မြားတန်းလန်းဖြင့် ထွက်ပြေးသော သားကောင်ကိုရှာဖွေ မတွေ့ကြသော်လည်း ထိုသားကောင်က တစ်နေရာတွင်သေပြီး အပုပ်နံ့ထွက်မှ လူတွေသိလိုက်ကြရသဖြင့် မည်သို့မျှ အသုံးမဝင်တော့။ ကြာလျှင် သားကောင်များကို ဖြုန်းတီးရာရောက်သဖြင့် မုဆိုးတို့ ဒူးလေးကို မကိုင်ကြတော့ပေ။

ဒူးလေးကို မကိုင်တော့ ထောင်ခြောက်များဆင်ကာ ဖမ်းဆီးသည့်ဘက်ကို ဦးတည်လိုက်ကြရပြန်ပေသည်။ ယခု အဖြစ်ကလည်း မုဆိုးများ ထောင်ခြောက် ဘက် ဦးတည်ရင်းမှ ဖြစ်ပျက်သည့် အဖြစ်အပျက်တစ်ခုပင်။

“ကဲ … ဒါဆို မင်းက ဒူးလေးရှာ၊ ယောင်ကြီး၊ တင်စိုးနဲ့ ယဉ်ကြိုင်တို့က သရကူးဝါး (သရဖူဝါး) နှစ်လုံး ရင့်ရင့်ဖြောင့်ဖြောင့် နှစ်လုံးခုတ်ခဲ့ကြ။ ဒီနေ့ ညအပြီးလုပ်မယ်။ ကျန်တဲ့လူတွေက ဒူးလေးကို သားရည်ကြိုးတပ်မယ်။ ကြိမ်နီရွက်လည်း ခူးခဲ့ကြ။ မြားတံဖင်မှာ မြားရွက်တွေ တပ်ကြရအောင်”

“အဘကောင်း … မြားဆိပ်မရှိဘဲနဲ့ ဒူးလေးတွေနဲ့ ဖြစ်ပါ့မလား”

“ငါတို့မှာ အဲဒါပါတယ်။ ထောင်မှူးကြီးပေးလိုက်တာ။ သူ နှစ်ရက်လောက်အတွင်း ရောက်လာမယ်ကွ။ သေနတ်တွေက ပေးလို့မရလို့ မပေးလိုက်တာ။ သူတို့လာတော့ ပါလာမယ်။ ကဲ … လုပ်ကြတော့၊ အချိန်လေးရှိနေတုန်း”

အဘကောင်း ပြောအပြီး သူတို့အသီးသီး ထွက်ခွာ သွားကြသည်မှာ ညနေ (၅)နာရီလောက်ပင် ရှိနေခဲ့ပေပြီ။

အတန်ကြာတော့ ဒူးလေးများအပြင် ဝါးနှစ်လုံးပါလာကြသည်မို့ ကိုဦးနှင့် ယဉ်ကြိုင်တို့က ဒူးလေးများကို ပြင်ဆင်သလို၊ အဘကောင်းနှင့် ကျန်အဖွဲ့သားများတို့က ဝါးနှစ်လုံးကို ခုတ်ထစ်ပိုင်းဖြတ် ခွဲစိတ်လျက် မြားတံများနှင့် မြားရွက်တပ်ခြင်း လုပ်ငန်းများတို့ကို စိတ်တိုင်းကျ ဆောင်ရွက်နေကြပေတော့သည်။

“ကဲ … မြို့ကရောက်လာတဲ့ ငါ့သားတွေ ထမင်းစားလိုက်ကြရအောင်။ မင်းတို့ရောက်လာမှ စီစဉ်ရတာမို့ နောက်ကျတာ ခွင့်လွှတ်ကွ”

အဘပြူးက ပြောလိုက်သည်မို့ ကျွန်တော်တို့ ထမင်းများကို စားသောက်လိုက်ကြပြီး လုပ်ငန်းများကို ဆက်လိုက်ကြရာ အားလုံးပြီးတော့ ည (၁၁)နာရီပင် ထိုးနေခဲ့ပေပြီ။

ပင်ပန်းလာခဲ့ကြသည်မို့ ညအစာရှာ ကျေးငှက်များတို့၏ အသံကို နားထောင်ရင်း ကျွန်တော်၊ အဘကောင်း၊ အစ်ကိုကြီးဦးသိန်းလွင်၊ မွန်နှင့် ကု လားကြီးသန်းညွန့်တို့ ငါးဦး ရွာခံမုဆိုးအဖွဲ့နှင့် ခေါင်းချင်းဆိုင်ကာ လုပ်ငန်းစဉ်ကို တိုင်ပင်ကြပေသည်။

ကျားဆိုးမှာ ယခုအခါ ဘာအသံမျှမကြားရ။ ထူးခြားမှုကို မပြသော်လည်း အမှတ်မထင် ထိုအနားကပေါ်လာလိုက်၊ သည်အနားက ပေါ်လာလိုက်၊ လူကိုပစ်မှတ်ထားကာ ကိုက်ချီသွားလိုက်၊ လိုက်ကြပြန်တော့လည်း အရိုးနှင့် သွေးများကိုသာ တွေ့လိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။

ယခု ကျွန်တော်တို့ ထိုရွာတွင် တစ်ညအိပ်စက်ကာ ကျားသတင်းကို စုံစမ်းလိုက်သော်လည်း သည်ရွာများဝန်းကျင်ဆီတွင် ခိုအောင်းနေမှန်းကိုတော့ သိသည်။ ဘယ်သူမျှ တိတိကျကျ မပြောနိုင်ကြ။

ရွာအတွင်းမှ အပြင်သို့ မထွက်ရဲကြသည်မို့ တိတိ ကျကျ မပြောနိုင်ကြသည်ကို အပြစ်မဆိုသာ။

နံနက်လင်းတော့ အဆာပြေစားသောက်ကြရင်း ရွာခံမုဆိုးများအပြင် လူအချို့နှင့် ကျွန်တော်တို့အဖွဲ့ ကျားဆိုးဝင်လာနိုင်သည့် နေရာများတို့တွင် သံညှပ်များ၊ လည်ထိုးကွင်းများ၊ သုတ်ကိုင်းများ၊ ခြေနင်းတိုင်း၊ တုံးဘိ၊ ကပ်ဘိ၊ တုတ်၊ ဝါးရိုက်ကိုင်းထောင်ခြောက်၊ တုံးတိုက်ထောင်ခြောက်၊ ငြောင့်တွင်း ထောင်ခြောက်နှင့် လေးချက်များတို့ကို ထောင်ကာ ရွာသို့ ပြန်ရောက်တော့ မိုးပင်ချုပ်နေခဲ့ပေပြီ။

လမ်းတွင် အချိန် (၄ဝ)ခန့် တောဝက်ကြီးတစ်ကောင်က ဂုံမင်းတောအတွင်းမှ ထိုးထွက်လာသည်ကို တွေ့မြင်လိုက်ရသော အစ်ကိုကြီး ဦးသိန်းလွင်က တောင်ကုန်းအထက်မှ လှမ်းပစ်ကြည့်ရာ သူပြောသည့်အတိုင်း အဆိပ်မှာ ကောင်းမွန်စိတ်ချရသော အဆိပ်ဖြစ်နေကြောင်းကို တွေ့မြင်လိုက်ရသဖြင့် လွန်စွာ အားတက်ခဲ့ကြရပေသည်။

လပြည့်ကျော်ရက်တွင်းမို့ လရောင်က ရှိနေသေးသည်။ ရွာအတွင်း သားကောင်ကြီးများ ဝင်လာနိုင်သည့် လင့်များထက်တွင် ကျွန်တော်တို့က လရောင် ခံလျက် ထူးခြားမှု တစ်စုံတစ်ရာကို လိုက်လံကြည့်ရှုနေသော်ငြားလည်း ထိုဝန်းကျင်ရှိ ရွာများတို့က ငြိမ်သက်စွာ လဲလျောင်းအိပ်စက်နေကြသည်။

ညဉ့်သည် တစ်စထက်တစ်စ ရင့်လာသော်လည်း ထူးခြားမှု ရှိမလာ။ ပန်းတောကုန်းရွာဘက်ဆီမှ ဆွဲဆွဲငင်ငင်အူလျက်ရှိသော တောခွေးများတို့၏ အသံကလွင်နှင့် ပြန့်များတို့ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေနှင့်အတူ ပါလာသလို ညဉ့်ပိုး၊ ညဉ့်ငှက်များတို့၏ အော်မြည်သံများအကြား အိပ်ချင်စိတ်တို့က အားသာလာသည်။

တစ်ချက်တစ်ချက် ဟိုအနား သည်အနားများတို့ဆီမှ တဝေါင်းဝေါင်းဖြင့် ချေဟောက်သံ ဆတ်သံများတို့ကြောင့် သားကောင်ကြီး ဝင်ရောက်မကပ်သည်က အသေအချာပင်။ နားကိုစွင့်ရင်း ခေတ္တမှေးနေလိုက်စဉ် အချိန်သည် အရုဏ်ကျင်း၍ လင်းကြက်တွန်သံများကိုပင် ကြားလာရသည်။

လင့်ထက်မှဆင်းကာ နံနက်အဆာပြေ စားသောက်လိုက်ကြပြီး ကျွန်တော်တို့နှင့် ရွာခံမုဆိုးများတို့ မနေ့က ထောင်ထားရာဆီများသို့ ထူးခြားမှုကို လိုက်လံကြည့်ရှုသည့်အခါ ထူးခြားမှုမရှိ။ ကျားဆိုးမလာသည်က အထင်အရှား။

နောက်တစ်နေ့တွင်လည်း မထူးခြား။

သုံးရက်မြောက်သောနေ့တွင် ကျွန်တော်တို့ပင် အိပ်ရေးပျက်၊ ပင်ပန်းကြလွန်းသဖြင့် စိတ်ဓာတ်ကျစ ပြုလာသည်။

နွေကာလမို့ နေကပူပြင်းလွန်းလှသည်။ ခြောက်သွေ့သော သစ်ရွက်များတို့အကြားမှ လေသည် ကမူးရှူးထိုး ဖြတ်သန်းပြေးလွှားလျက်ရှိသဖြင့် သစ်ကိုင်း သစ်ခက်များတို့က တဖျတ်ဖျတ်ရိုက်ခတ်လျက်ရှိနေသည်။

ရိုးတံကျဲကျဲ ဝါးရုံကိုင်းများတို့ကလည်း တိတ်ဆိတ်သော နေ့လယ်ခင်းကို ပိုမိုပျင်းရိစေသည့်သဖွယ် အသံပေးနေကြသည်။

ရွာအပြင် ဝါးရုံတောများ၊ သီဟိုဠ်ပင်များတို့ထက်ဆီမှ ချိုးမောင်နှံများတို့ အသံက နွေကာလ၏ နေ့လယ်ခင်းကို ပိုမိုပျင်းရိငြီးငွေ့စရာ ဟစ်ကြွေးကာ ဖန်တီးထွက်ပေါ်လာသည့် အသံကြီးက –

“ဝေါင်း … ဝေါင်း”

လွှမ်းမိုးသွားသော ထိုအသံကြီးကြောင့် ကျွန်တော်တို့အားလုံး အိပ်ငိုက်နေကြရာမှ နိုးထမျက်လုံးများ ပြူးသွားကြပေတော့သည်။

သို့အတွက် ရွာအတွင်းရှိ လူများတို့ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပေတော့သည်။

ကျားဟိန်းသံကြီးကား သာမန်မဟုတ်။ နာကြည်းခြင်း၊ ဒေါသထွက်ခြင်း၊ မကျေမနပ် အလိုမပြည့်ခြင်း၊ ရန်လိုမာန်ဖီခြင်း စသည့် အာခေါင်မှ ခြစ်လျက်

ထွက်ပေါ်လာသည့် အသံကြီးက ကျယ်လောင်ပြင်းထန်သော်လည်း အလိုမပြည့်ခြင်းကြောင့် ဟိန်းဟောက်လိုက်သည့် အသံဖြစ်ခြင်းကြောင့် ကျယ်လောင် ပြင်းထန်လွန်းသည်။

ဝေါင်းခနဲ ဝေါင်းခနဲ မာန်သွင်းရန်လိုသံအတိနှင့် ဟိန်းဟောက်လိုက်သည့်အသံကြီးကို ကြားလိုက်ကြရသည့်အတွက် ဥတိုကျေးရွာအတွင်း ရှိနေသည့် ကျွန်တော်တို့နှင့် ရွာသားများတို့ တုတ်တုတ်မျှမလှုပ်ရဲ။ အသာ အခြေအနေကို ငြိမ်ကာ စောင့်စားနေလိုက်ကြရသည်။

ပြောရမည်ဆိုလျှင် ကျွန်တော်တို့ လူသားများသာမက အမဲလိုက်ရန် မွေးထားကြသော ခွေးများတို့ပင် အမြှီးကုပ်လျက် ဖင်ကို ဒယဉ့်တိုက်ဆွဲလျက် နီးစပ်ရာတဲများအောက်ဆီသို့ ဝင်ခိုကပ်လျက်ရှိပြီး အော်ဟစ်ငိုနေသော ကလေးများအသံပင် တိတ်ဆိတ်သွားကြပေသည်။

အဘကောင်းက ကျွန်တော်တို့အဖွဲ့ကို လိုအပ်သည့်နေရာများဆီသို့ အရေးပေါ် သွားရောက်ကြရန် အော်ပြောနေသည်ကိုလည်း ကြားလိုက်ရသည်။ ဖြစ်ပေါ်လာမည့် အခြေအနေကို သုံးသပ်တိုင်ပင် ညှိနှိုင်းထားကြသည်မို့လည်း အဘကောင်းပြောလိုက်သည်နှင့် ရွာခံများနှင့် ကျွန်တော်တို့က သတ်မှတ်ထားရာဆီများသို့ အပြေးအလွှားသွားရောက်ကာ နေရာယူလိုက်ပြီးလည်း ဖြစ်နေသည်။

သည်အထဲတွင် ကျွန်တော်တို့ငါးယောက်ကလည်း သတ်မှတ်ထားရာဆီများသို့ အလျင်အမြန် ပြေးလွှားကာ လေးညှို့ကိုဆွဲတင်း၊ မြားလမ်းကြောင်းတွင် မြားတံကို ပျားဖယောင်းကပ်လျက် သားကောင်ကို တွေ့မြင်ပါက ပစ်ခတ်ကြရန် အဆင်သင့်။

နွေကာလ၏ နေ့လယ်ခင်းပေမို့ ရိုးတံကျဲကျဲ သီဟိုဠ်ကိုင်းများနှင့် ဝါးကိုင်းများတို့ကလည်း တိတ်ဆိတ်သော နွေနေ့လယ်ခင်းကို ပျင်းရိစွာ တကျွတ်ကျွတ်၊ တအိအိ၊ တရှဲရှဲနှင့် လေအတိုးတွင် ညိုးညိုးညံညံရယ်သာ။

တတုံတုံနှင့် အဆက်မပြတ် တုန်းမောင်းခေါက်သည့် အသံမျိုးနှင့် ပန်းထိမ်ဖိုငှက်ကလေးများတို့၏ အော်သံများတို့က ညံညံစီစီ။ ရွာတန်းအပြင် တောချုံပုတ်ကြီးများအတွင်းမှ နေပူရိပ်ကိုခိုရင်း ပြင်းတွဲ့တွဲ့ကူနေသော ချိုးမောင်းနှံများတို့ ကူသံများကလည်း ခပ်လေးလေးမှန်မှန် ပေါ်ထွက်နေသည်။

ထိုအခြေအနေကပင် ကျွန်တော်တို့ နေရာမလပ် အသီးသီး နေရာယူထားကြသူများတို့ကို တပ်လှန့်နှိုးဆော်နေသယောင်။

ကျားဆိုးကြီး၏ ကျယ်လောင်သော ဟိန်းဟောက် မာန်ဖီသံကြီးက ပျင်းရိငြီးငွေ့ဖွယ် နွေနေ့လယ်ခင်းကို ပျင်းရိစွာဖြတ်ကျော်နေသည့် ကျွန်တော်တို့အား တပ်လှန့်နှိုးလိုက်သဖြင့် ကျွန်တော်တို့အဖွဲ့အပြင် တစ်ရွာလုံးရှိ လူများတို့ ချက်ချင်းဆိုသလို လှုပ်ရှားသွားခဲ့သည်က အမှန်။

ကျွန်တော်က လင့်ထက်ဆီမှ ဒူးလေးကို ပစ်ခတ်ရန် အသင့်ပုံစံမျိုးနှင့် ကိုင်ဆောင်ထားရင်း စဉ်းစားနေလိုက်မိသည်က ကျားဟိန်းသံကြီးကိုပင်။

ကျွန်တော်တို့အဖွဲ့သည် ကျားဆိုးကြီး ဝင်လမ်းထွက်လမ်း၊ သွားလမ်းလာလမ်းများတို့တွင် နေရာမပြတ် သုတ်ကိုင်း၊ လည်တိုးကွင်း၊ သံညှပ်ကြီးများနှင့် ထောင်ချောက်အမျိုးမျိုးကို နေရာမလပ် အကွက်စေ့စေ့ ထောင်ထားကြသည်မို့ ကျားဆိုးကြီး ဝင်ရောက်လာမည်ဆိုပါက လွတ်လမ်းကို သိပ်မမြင်။

ထောင့်စေ့နေသည့် ထောင်ချောက်များတို့အကြားမှ ဝင်ရောက်လာသည်ဆိုပါက ထိုကျားကြီးသည် အလွန်ကံကောင်းသော ကျားကြီးတစ်ကောင် အဖြစ်ပင်။

ယခု ကျွန်တော်တို့ ကြားလိုက်ရသည့် အသံကြီးက နာကြည်းခြင်း၊ ဒေါသထွက်ခြင်း၊ မကျေနပ်သော ဝမ်းခေါင်းသံကြီးနှင့် ကျုံးအော်ဟစ်နေသည့် အသံကြီးမို့ တစ်ခုခုကြောင့် အလိုမကျဖြစ်ကာ ကျုံး၍ အော်ဟစ်နေသည်ဖြစ်ကြောင်း၊ အသံကျယ်လောင် ပြင်းထန်သလို၊ တစ်နေရာတည်းမှ အသံ ဖြစ်နေသည့်အတွက်ကြောင့်ပင်။

ကျွန်တော်က ဒူးလေးကိုကိုင်လျက် လင့်ထက်မှ အောက်သို့ဆင်းကာ အဘကောင်းနှင့် အစ်ကိုကြီး ဦးသိန်းလွင်တို့ရှိရာဆီသို့ သွားရောက်တိုင်ပင် ရင်ဆိုင်ကြရန် အောက်ကိုဆင်းလိုက်စဉ် –

“ဘိုလေး … ဘယ်သွားမလို့လဲ”

အတူယှဉ်တွဲ စောင့်နေသည့် ယဉ်ကြိုင့်စကားကြောင့်

“မင်း ဒီမှာနေခဲ့။ အလွတ်မပေးနဲ့နော်၊ ငါ အဘကောင်းတို့နဲ့ ညှိနှိုင်းစရာရှိလို့ ခဏလေး”

ပြောပြောဆိုဆို ကျွန်တော် အပြေးအလွှား သွားရောက်လိုက်စဉ် –

“ဖောင်း … ဖောင်း”

ပြင်းထန်စွာ ပေါက်ကွဲသံကြီးနှင့် သေနတ်ပစ်လိုက်သံ နှစ်ချက်ကို ကျားဆိုးကြီးအနီးဆီမှ ကြားလိုက်ရသည်မို့ ကျွန်တော် တအံ့တသြနှင့် အဘကောင်း နှင့် ကျန်အဖွဲ့သားများတို့၏ မျက်နှာကို ကြည့်မိချိန်၊ ကျားဆိုးကြီးထံမှ နောက်ထပ်ကြားလိုက်ရသည့် အသံများတို့က စောစောကလို မာန်တင်းသံမျိုး မဟုတ်တော့ဘဲ သေနတ်ဒဏ်ရာ ရရှိခံလိုက်ရသည့်အတွက် သေငယ်ဇောနှင့် ညည်းတွားလိုက်သည့်အသံကို ကြားလိုက်ရသည်မို့ ထိုအခြေအနေကို ကျွန်တော်တို့ နှုတ်မှ ဖွင့်မပြောကြဘဲ ကျားဆိုးကြီး ဇာတ်သိမ်းသွားပြီဟူသော အသိကို နားလည်သဘောပေါက်လိုက်ကြသဖြင့် ကျွန်တော်တို့အဖွဲ့ လူစုကာ ကျားသံနှင့် သေနတ်ပစ်ခတ်သံ ကြားရာဆီသို့ လက်နက်များကို အသင့်ကိုင်ဆောင်လျက် ရင်ပေါင်တန်းကာ လူဖြန့်တက်ရောက်သွားလိုက်စဉ် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် တအံ့တဩဖြစ်ကာ အားရဝမ်းသာစွာ သေနတ်သမားများတို့ကို ပြေးဖက်နှုတ်ဆက်နေလိုက်မိကြပေတော့သည်။

တွေ့မြင်လိုက်ရသည့် မြင်ကွင်းက မည်ကဲ့သို့မျှ ဖြစ်နိုင်ခြေမရှိ။ သို့သော် တကယ်ဖြစ်ခဲ့သည်က အမှန်။

ကျွန်တော်တို့ ထောင်ခြောက်များကို အများအပြားဆင်ထားကြသည့်အထဲတွင် သုတ်ကိုင်းများတို့လည်း အပါအဝင် ဖြစ်ပေသည်။

ကျားဆိုးကြီး ဝင်လမ်းထွက်လမ်းများတို့တွင် လုံးပတ်ပေါင်လုံးခန့် တုတ်ခိုင်လျက် အရှည် ပေသုံးဆယ်နီးပါး မျောက်ချောသားကိုင်းတံအရင်းကို မြေကြီးအတွင်း တွင်းတူးထိုးစိုက်ကာ နီးစပ်ရာ သစ်ပင်တစ်ပင်၏ လူတစ်ရပ်သာသာ ခွဆုံတိုင်းတွင် လေးဆယ်ဒီဂရီ မှေးကပ်ပြီး ကြိမ်နီကြိုးများတို့နှင့် ထိုသစ်ပင်ခွဆုံပိုင်းတို့ မရွေ့လျားနိုင်အောင် အပြန်အလှန် တုပ်ချည်လိုက်ကြပြီး စိတ်ချရသော အဆင့်သို့ရောက်တော့မှ ခွဆုံတိုင်းတွင်ရှိနေသော မျောက်ချောသားကိုင်းတံ အဖျားပိုင်းကို သံမဏိစတီးကြိုးပျော့ကို ပြုတ်ထွက်မသွားစေနိုင်ရန် အသေအချာ ခိုင်မာစွာ ချည်နှောင်လိုက်ကြပြီး ကိုင်းတံအဖျားပိုင်းကို တုတ်များတို့နှင့် ခဲရာခဲဆစ် ကွေးညွှတ်လိုက်ကြပြီး မြေပြင်တွင် သုတ်အားကောင်းသော သုတ်ကိုင်းတစ်ခုအဖြစ် ထောင်ထားလိုက်သည်။

ထောင်ပြီးသောအခါ မြေပြင်ပေါ်ရှိ သုတ်ကိုင်းအဖျားတွင် ဆွဲချီထားသော စတီးပျော့ကြိုး၏ ကွင်းလျှောကို ကျားကြီး မရိပ်မိ၊ မသိရှိစေရန် သစ်ရွက်ခြောက်၊ မြေမှုန်များတို့နှင့် ဖြန့်ကြဲဖုံးအုပ်လိုက်ပြီး အနီးတွင် ပေါက်နေသည့် ရေသဖန်းသီးမှည့်များတို့ကိုလည်း ဝန်းကျင်တွင် ဖြန့်ကြဲထားလိုက်ပေသည်။

ထိုလမ်းကြောင်းအတိုင်း ကျားဆိုးကြီး ဝင်ရောက်လာခဲ့ပါက သူ့အတွက် ထိုသုတ်ကိုင်းထောငခြောက်က မည်သို့မျှ လွတ်လမ်းမရှိသည်ကို မသိရှာသော ကျားဆိုးကြီးသည် အစာကိုဆာလောင် မွတ်သိပ်နေသဖြင့် သူ့အတွက် ဘေးကင်းဟန်ထင်သော ထိုလမ်းကို ရွေးချယ်ကာ ဝင်လာခဲ့ဟန်ပင်။

သို့သော် သုတ်ကိုင်းက သူ့ကို အလွတ်မပေးတော့ဘဲ ခါးလယ်မှ ဆွဲမြောက်ထားခြင်း ခံလိုက်ရသဖြင့် ရုန်းကန်နေရင်းမှ ဒေါသနှင့် ကျုံးအော်ဟိန်းဟောက်မာန်ဖီနေရင်း သေနတ်သမား ထောင်မှူးကြီးသိန်းဝင်းတို့ ကျွန်တော်တို့ရှိရာဆီသို့ လိုက်အလာ၊ သုတ်ကိုင်းကြိုး ခါးတွင် တန်းလန်းကြီးဖြစ်လျက် လေတွင်ဝဲကာ ဒေါသတကြီး ကျုံးအော်ဟစ်နေသည့် ကျားဆိုးကြီးနှင့် တွေ့လိုက်ပြီး သူ၏တပည့် မျောက်တင်သောင်းနှင့် သူက ဇီဝိန်ခြွေလိုက်ခြင်း ဖြစ်ပေသည်။

ကျွန်တော်တို့ အားရဝမ်းသာစွာ သူ့အား နှုတ်ဆက်နေကြစဉ် နောက်ပိုင်းမှ အဘပြူးနှင့် ရွာသူရွာသားများတို့၏ ကျားဆိုးကြီးအပေါ် အောင်ပွဲရ အော် သံများတို့ကို ကြားလိုက်ရပေတော့သည်။

ကျွန်တော်တို့အဖွဲ့တွင် ကြိုးကွင်းစွပ်လျက် ကိုင်းတံအဖျားတွင် တန်းလန်းကြီးအသွင်နှင့် သေနတ်ဒဏ်ရာနှစ်ချက်နှင့် သွေးများတို့ ယိုစီးနေသော ကျားဆိုးကြီးအား အနီးကပ် သွားရောက်ကြည့်လိုက်ကြရာ ညာဘက်လက်တစ်ဖက်တွင် ယခုထက်တိုင် စတီးကြိုးအပြတ် တန်းလန်းကြီးနှင့် အသားများ ပုပ်ကာ လောက်ကောင်များ တဖွားဖွားနှင့် ကျားကြီးတစ်ကောင် ဆက်လက် အသက်ရှင်ရပ်တည်နေစဉ် မည်သို့မျှ အသုံးဝင်တော့မည်မဟုတ်သော ကျားနာကြီးကား အမွေးအရောင်များတို့က လှပတောက်ပြောင်နေရမည့်အစား အဝါရောင်တွင် နီညိုရောင်များရောထွေးကာ မွဲခြောက်ခြောက်နှင့် အမည်းစင်းကြီးများတို့က ခေါင်းမှ အမြီးဆီသို့ ရောက်သည့်တိုင် ရှိနေသော ပိန်လှီသည့် ကျားကြီးကား နောက်ထပ် ရွာသူရွာသားများတို့ကို ထပ်မံစားသောက်ဖို့ မည်သို့မျှ မတတ်နိုင်တော့သည့် အသွင်နှင့် ညှိုးညှိုးမှိန်မှိန် တွေ့မြင်လိုက်ရပေသည်။

ကျားဆိုးကြီး သေဆုံးသွားသော သတင်းကြောင့် ရွာနီးချုပ်စပ်မှ လာရောက်ကြည့်ရှုကြသူများတို့နှင့်အတိ။ ရွာခံမုဆိုးများတို့က ကျားသေကြီးအား အရည်ချ ဝမ်းကိုခွဲကာ အတွင်းကလီစာများနှင့် အသားများတို့ကို ခုတ်ထစ်ပိုင်းဖြတ်နေစဉ်၊ ကျွန်တော်တို့အဖွဲ့နှင့် ထောင်မှူးကြီးတို့အဖွဲ့ အရက်များကို စားသောက်နေလိုက်ကြပေသည်။ အမြည်းကတော့ ရွာသားများတို့ ကြော်ချက်ကာ လာရောက်ပို့ကြသဖြင့် ထမင်းကိုပင် မစားနိုင်ကြ။

ထိုစဉ် ကျွန်တော်က …

“ကိုသိန်းဝင်း … ခင်ဗျားအဆိပ်နဲ့ ဝက်တစ်ကောင် စမ်းလိုက်ရတယ်။ အတော်ကောင်းတယ်ဗျ။ တစ်ဆွေ့ခုန်ဆိုတဲ့ နာမည်နဲ့လိုက်တယ်။ ဆယ်ပေ လောက်ပဲ ပြေးနိုင်တယ်ဗျို့။ ဘာအဆိပ်ဆိုတာ ရှင်းပြပါဦး”

ကျွန်တော့်အမေးကြောင့် အရက်ကို သောက်လိုက်၊ အမြည်းကိုစားလိုက် လုပ်နေရင်းမှ ပြောပြနေသည့် စကားတို့က …

“ကျွန်တော့်ကို လက်ဆောင်ပေးလိုက်တဲ့ မုဆိုးအပြောအရ တောင်ငူမြို့ကနေ သံတောင်မြို့ကို အသွား၊ အဲဒီအပင်တွေက လမ်းဘေးမှာပေါက်နေ ကြတာ၊ ကညင်ပင်နဲ့ တူတယ်ဆိုပဲ။ တဖြောင့်တည်းတက်သွားပြီး ပေငါးဆယ်ရောက်တော့မှ ကိုင်းတက်တွေ ဝေနေအောင်ထွက်တဲ့ အပင်မျိုးတဲ့ဗျ။

လုံးပတ်ကတော့ လူကြီးနှစ်ဖက်စာလောက် ရှိမယ်ဆိုပဲ။

အပင်ကြီးမျိုးဆိုပေမဲ့ တောနက်ကြီးတွေထဲမှာဆိုရင် ပိုတောင်ကြီးတယ်လို့ ဆိုတယ်လေ။ အချို့အပင်ကြီးတွေဆို လူကြီးသုံးလေးဖက်စာလောက် ကြီးတယ်လို့ သူကပြောတယ်။

နောက်တစ်ချက်က မြားဆိပ်ပင်က နှစ်မျိုးရှိတယ်။ တစ်မျိုးက တောင်နီလို့ခေါ်ပြီး၊ နောက်တစ်မျိုးက တောင်နက်လို့ ခေါ်တယ်လို့ ပြောတယ်လေ။

အဆိပ်နှစ်မျိုးစလုံးက အစွမ်းထက်တယ်ဆိုပဲ။ တောင်နီဆိုတဲ့အဆိပ်ပင်က အစေးကို မြားတံထိပ်မှာသုတ်ပြီး ပစ်ရင် ထိလိုက်တဲ့ အကောင်က သေးရင် တစ်ဆွေ့ခုန်၊ အကောင်ကြီးရင်တော့ နှစ်ဆွေ့ခုန်ပြီးသေတာပဲ။ တောင်နက်ဆိုတဲ့ အဆိပ်ကျတော့ ခုန်တောင် မခုန်နိုင်တော့ဘူး ဆိုပဲဗျ။ မြားမှန်လိုက် တာနဲ့ တန်းသေတယ် ဆိုပဲ”

“ဒါဆို တောင်နက်အဆိပ်က ပိုစွမ်းတာပေါ့နော်”

“သူက ပိုစွမ်းရုံတင် မဟုတ်ဘူးဗျ။ အပင်ကို တွေ့ရဖို့ကလည်း သိပ်မလွယ်ဘူးဆိုပဲဗျ။ ရွှေလုပ်လို့ရတယ်တောင် ပြောပြသွားသေးတယ်။

“နောက်တစ်ချက်က တောင်နက်အဆိပ်ပင်ကို ဓားနဲ့ခုတ်ပြီး အဆိပ်ထုတ်ရင် အစေးကို ပိဿာတော်တော်များများ ရနိုင်တယ်ဆိုပဲ။

ဒါပေမဲ့ အန္တရာယ် အလွန်ကြီးတယ်တဲ့။ အဲဒီအစေး မျက်စိထဲဝင်ရင် ကန်းပြီး သေနိုင်တယ်။ အနာတွေပေါ် ထိမိရင်လည်း သေတာပဲ။ သူ့ကို အစေးထုတ်မယ်ဆိုရင် လက်လှမ်းမီရာကို အဝေးက မြားနဲ့ပစ်ရတယ်။ အစေးပန်းထွက်လာတာကို ခဏစောင့်ပြီး ဓားနဲ့ခုတ်ရင် အစေး ပန်းမထွက်တော့ဘူး။ အစေးထုတ်ယူသူက တစ်ကိုယ်လုံး အဝတ်နဲ့စီးထားပြီး မျက်စိအပေါက်ကို ဖော်ထားရတယ်။ အနံ့ကလည်း ပြင်းတယ်။ ရုတ်တရက်ရှူလိုက်မိရင် မူးမေ့သွားတယ်တဲ့ဗျ။

“အခု ခင်ဗျားတို့ကို ပေးလိုက်တဲ့အဆိပ်ဟာ တောင်နက်အဆိပ်ပဲ။ အလွန်တရာကောင်းတဲ့ အဆိပ်ပါ။ ခင်ဗျားတို့ ရောက်တုန်းရောက်ခိုက် အဲဒီအဆိပ်နဲ့ ဟင်းစားရှာသွားကြဦး။ အပြန်မှ ကျွန်တော့်ကို ပိုတာဝင်ပေး။ ကဲ … ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ စခန်းကို ဒီနေ့အရောက် ပြန်ကြရမှာမို့ပါ”

ပြောပြောဆိုဆိုနှင့် သူ၏တပည့်နှစ်ဦး အဘပြူးနှင့် ရွာသူရွာသားများကို နှုတ်ဆက်ကာ ပြန်ကြမည်လုပ်တော့ အစ်ကိုကြီး ဦးသိန်းလွင်က ကားနှင့် ပြန်ပို့ရန် စီစဉ်လိုက်ပေသည်။

ကားကလေးသည် ဥတို မင်းကုန်း ကားလမ်းအတိုင်း ဖုန်တထောင်းထောင်းနှင့် ထွက်ခွာသွားသည်ကို ကျွန်တော်တို့နှင့် ရွာသားများတို့ လက်ပြနှုတ်ဆက်ရင်း ကျန်ရစ်ခဲ့ပေတော့သည်။

ကျေးရွာလူထု စိတ်ချမ်းသာမှုကို ကျွန်တော် လိုက်လံကြည့်နေလိုက်ရင်း တွေးတောနေလိုက်မိသည်က ကျွန်တော်တို့အဖွဲ့လည်း စိတ်ချမ်းသာရခြင်းပင် ဖြစ်ပေတော့သည်။

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

– ပြီး –

စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ