မောင်မြင့်မား(ဘိုကလေး)
ရေမုဆိုးနှင့် တကွေ့အကြုံ
ကိုင်းပင်များက လေတစ်ချက်အဝှေ့လိုက်တွင် တညီတညာတည်း ယိမ်းယိုင်သွားကာ လေငြိမ်သွားသည်နှင့် ခေါင်းထောင်၍ မတ်လာကြပြန်သည်။ လေက ရေအတက်နှင့်အတူ တစ်ချက်တစ်ချက် ကိုင်းပင်များ၏ ပွတ်တိုက်သံထွက်လာအောင် အသော့နှင်လာသည်။
ကိုင်းတောများဘေးမှ ကပ်၍ ဖို့ထားသော တာရိုးကလေးပေါ်မှ ကိုတိုးစိန်က ပလိုင်းနှင့် လွယ်အိတ် တစ်လုံးလွယ်ကာ လေကလေးတချွန်ချွန်နှင့် လျှောက်လာသည်။
ဝဲဘက်ဘေးမှ တသွင်သွင်စီးနေသည်က စက်ဆန်းချောင်း။ ချောင်း ဆိုပေမယ့် မြစ်လောက်နီးနီး ကျယ်သည်။
ကိုတိုးစိန် တဲကနေ တာရိုးအတိုင်း လျှောက်လာသည်မှာ တစ်နာရီလောက်ရှိပြီ ဖြစ်သည်။ ကိုတိုးစိန် တွေ့ထားသော ဟင်းစားရနိုင်သည့် ကတွတ်ပေါက်တစ်ခုက ရွာနှင့် အတော်လှမ်းသည်။
ကိုင်းတော ကျူတောများကျော်၍ ကိုထွန်းဉာဏ်တို့ လယ်အဆုံးမှ တစ်ခေါက်လောက်ဝေးသေးသည့် ကတွတ်ပေါက်တစ်ခုဖြစ်သည်။ လူလုပ်ထားသော ကတွတ်ပေါက်မဟုတ်။ သဘာဝအတိုင်း ဖြစ်နေသည့် ကတွတ်ပေါက်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပတ်လောက်က စောဂျိမ်း၊ ကျော်စိုးတို့နှင့် အမဲလိုက်ရင်း တောဝက်တစ်ကောင်ကို စောဂျိမ်း၏ တူမီးလက်ချက် မိသွားသောကြောင့် တောဝက်နောက်ကို အပြေးအလိုက်မှာ ကတွတ်ပေါက်ကိုတွေ့သွားခြင်းဖြစ်သည်။
ကိုတိုးစိန်က တောကောင် ကောက်ရင်း ဟင်းစားလည်းရတတ်သောကြောင့် ကိုတိုးစိန်ကို တံငါတစ်ပိုင်း မုဆိုးတစ်ပိုင်းဟုလည်း ခေါ်လျှင် ရလောက်သည်ဟု ပြောရမည်။
ဆင်မမကြီး ဆေးပေါ့လိပ်တစ်လိပ် အကုန်လောက်တွင် ကိုတိုးစိန် ကတွတ်ပေါက်နားကို ရောက်လာသည်။
အချိန်ကလည်း ကွက်တိဖြစ်သည်။ ရေကလည်း ကျနေပြီ။ ရေတက်ချိန်က တင်ကျန်ရစ်ခဲ့သော ရေများက ကတွတ်ပေါက်ကနေ တဝေါဝေါစီးနေသည်။
ရေကျရာအောက်ခြေကို ကိုတိုးစိန် အကဲခတ်လိုက်သည်။
ကိုတိုးစိန်ပျော်သွားသည်။ လှိုင်းကြက်ခွပ်ကလေးများထအောင် ရေလှုပ်နေပုံနှင့်အတူ ရေမြှုပ်ကလေးများက အပေါ်ကို တစီစီတက်နေသည်။ ရေအောက်တွင် ကကတစ်တွေ ရောက်နေပြီ။
ကိုတိုးစိန်က မြက်တောထဲတွင် အကျအနထိုင်ကာ ပလိုင်းထဲတွင် ထည့်လာသော ဝါးဆစ်ဘူးကို ထုတ်လိုက်သည်။
ဝါးဆစ်ဘူးထဲတွင် ပုစွန်ကျော့ကလေးများကို ရေထည့်၍ ယူလာခြင်း ဖြစ်သည်။
ပုစွန်ကျော့တစ်ကောင်ကို နှိုက်၍ ငါးမျှားချိတ်တွင် ချိတ်လိုက်သည်။ ယက်ကန်ယက်ကန်နှင့် လှုပ်လှုပ်ရွရွဖြစ်နေသော ပုစွန်ကျော့ကို ရေပြင်ပေါ် တွင် ငါးမျှားတံနှင့် ရေကိုလှုပ်လိုက်ကာ ချထားလိုက်သည်။
ပုစွန်ကျော့က ယက်ကန်ယက်ကန်နှင့် ရေထဲမှာတလှုပ်လှုပ်ကူးနေဆဲ။ နှစ်မိနစ်လောက်ပင် ကြာလိမ့်မည်။
“ဝုန်း”
ကိုတိုးစိန် လက်ထဲက ငါးမျှားချိတ်က တင်းခနဲဖြစ်ကာ ငါးမျှားချိတ်က အောက်ကိုစိုက်ကျသွားသည်။
ကိုတိုးစိန်က လက်ကိုဆကာ ဆတ်ခနဲ သုတ်တင်လိုက်သည်။ ငါးမျှားချိတ်တွင် တလှုပ်လှုပ်နှင့် ပါလာသော ကကတစ်တစ်ကောင်။ ငါးဆယ်သားလောက်ရှိမည်။
ကကတစ်ကိုဖြုတ်ကာ ပလိုင်းထဲကိုထည့်လိုက်သည်။ နောက်ထပ် ပုစွန်ကျော့တစ်ကောင်ကို နှိုက်ကာ ငါးမျှားချိတ်တွင် ချိတ်၍ ထုံးစံအတိုင်း ရေထဲကို ချလိုက်ပြန်သည်။
ကိုတိုးစိန် ဆင်မမကြီးဆေးလိပ် လေးပုံတစ်ပုံအကုန်လောက်တွင် တလှုပ်လှုပ်နှင့် ငါးမျှားချိတ်တွင် ပါလာသော ကကတစ် တစ်ကောင်။
ကိုတိုးစိန် ဝမ်းဟာလာသောကြောင့် အိတ်ထဲတွင် အသင့်ပါလာသော ကောက်ညှင်းငချိပ်ပေါင်းနှင့် ငါးနှပ်ခြောက်မီးဖုတ်ကို တစိမ့်စိမ့်ဝါးကာ ပုစွန်ကျော့တစ်ကောင် နှိုက်လိုက် ငါးမျှားချိတ်တွင် ချိတ်လိုက်နှင့် အတော်ဟန်ကျနေချိန်တွင် –
“ဗျော … ဗျော … ဗျော … ဝရော”
ကိုတိုးစိန် ငါးမျှားနေသော ကတွတ်ပေါက်နှင့် ကိုက်(၃ဝ)အကွာလောက်တွင် အတော်ထူထပ်သော ကိုင်းတောကြီးရှိသည်။ ထိုကိုင်းတောကြီးအတွင်းမှ အသံကြီးမြည်လာကာ ကိုင်းတောတစ်ခုလုံး လှိုင်းလုံးကြီး ထလာသလို တလိမ့်လိမ့်ရွေ့လျားလာပြီး စက်ဆန်းချောင်းဘက်သို့ ကိုင်းပင်များ တရွေ့ရွေ့လှုပ်ရှားသွားနေသည်ကို မြင်လိုက်ရသည်။
ပထမတော့ ကိုတိုးစိန် လန့်သွားကာ ငါးမျှားတံပင် လက်ထဲက လွတ်ကျသွားသည်။ အသံကြီးမြည်လာပြီး ကိုင်းတောတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လောက်အောင် လှုပ်ရှားသွားသောကြောင့် ကိုတိုးစိန်က ဘာကြောင့်လဲဟု သိချင်သောကြောင့် မြက်တော၊ ခရာကောများကိုဖြတ်ကာ တရွေ့ရွေ့လှုပ်ရှားနေသော စက်ဆန်းချောင်းဘက်သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။
လှုပ်ရှားနေသော ကိုင်းတောထဲကိုရောက်သည်နှင့် ကိုင်းပင်များကိုဖြဲကာ ချောင်းကြည့်လိုက်သောအခါ ချောင်းကျဉ်းကလေးတစ်ခု(ဒေသအခေါ် ရိုး) ဘေးပတ်ဝန်းကျင်မှ ကိုင်းပင်များ အုပ်မိုးနေသောကြောင့် အကျယ်က (၁ဝ)ပေခန့်သာရှိသော ချောင်းကျဉ်းကလေး ဖြစ်သည်။
ကိုတိုးစိန် ချောင်းထဲကို ငုံ့ကြည့်လိုက်သောအခါ ရေအောက် တစ်ထွာလောက်အနက်လောက်တွင် မည်းမည်းရှည်ရှည်နှင့် ရွေ့လျားနေသော သတ္တဝါတစ်ကောင်။
ကိုတိုးစိန် ကိုင်းတောကြားကနေ ချောင်းကြည့်နေရင်း အံ့သြနေသည်။ ဘာသတ္တဝါလဲ။ မိကျောင်းဆိုတာများလား။
ကိုတိုးစိန်က မိကျောင်းကို တစ်ခါမျှ မြင်ဖူးသူမဟုတ်။ ကြားရုံသာ ကြားဖူးသည်။
ကိုတိုးစိန် ကြည့်နေရင်း ချောင်းကျဉ်းကလေးထဲမှထွက်ကာ စက်ဆန်းချောင်းထဲကို ဆင်းသွားသည့် သတ္တဝါကြီးကိုကြည့်ကာ ငိုင်နေဆဲ။
တကယ်လို့များ မိကျောင်းဆိုရင် စက်ဆန်းချောင်းထဲမှာ မိကျောင်း ရှိနေတယ်ဆိုတာ ကိုတိုးစိန်တစ် သက် တစ်ခါမျှ မကြားဖူးခဲ့။
ကိုတိုးစိန် ကတွတ်ပေါက်ရှိရာသို့ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။
အချိန်လည်း လင့်ပြီ။ ကကတစ်လည်း ၁၂ ကောင်တိတိ ရထားပြီးဖြစ်သောကြောင့် ကိုတိုးစိန် လက်စဖြစ်ကာ တဲဆီသို့ ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ပလိုင်းထဲမှာရော လက်ထဲမှာရော ငါးတွဲကို မြင်လိုက်ရတော့ ဇနီးသည် မခင်မေက အပြုံးမျက်နှာဖြင့် ဆီးကြိုနေသည်။
ညနေစာအတွက်က ကကတစ်ဆီပြန်။ နောက်ရက်တွေအတွက်ကတော့ ဆားနယ်ထားသော ကက တစ်ဆားနယ် ဖြစ်မည်ဆိုတာ ပြောဖို့ပင် မလိုတော့။
xxx xxx xxx
“ဪ ကိုတိုးစိန် … ညတုန်းက ငါးသလောက်ပိုက်ချတဲ့ ရှင့်သူငယ်ချင်း ကိုဘမောင်တစ်ယောက် မိကျောင်းဆွဲသွားလို့တဲ့”
”ဘာ”
“ရှင့်သူငယ်ချင်း ကိုဘမောင် ညက မိကျောင်းဆွဲသွားလို့”
“မင်းဟာက ဟုတ်ရဲ့လားကွာ။ တို့ ချောင်းထဲမှာ မိကျောင်း ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး”
“ဩော် ရှင်ကလည်း အတူတူပိုက်ချတဲ့ လူချင်းတွေ့လို့ ပြောတာ။ တော်တော်ကြီးတယ်တဲ့။ လှေပေါ်မှာရပ်နေတုန်း အမြီးနဲ့ ရိုက်ချသွားတာတဲ့။ အလောင်းတောင် ရှာမတွေ့သေးဘူးတဲ့”
“ဒါဆိုရင် သေချာပြီ”
“ဘာ သေချာတာလဲ”
“ငါ မနေ့က ကတွတ်ပေါက်မှာ ကကတစ်ကောက်ရင်း ကိုင်းတောထဲက ရိုးကလေးထဲမှာတွေ့တာ။ အဲဒီအကောင်ကြီး ဖြစ်မှာပဲ။ ဒါဆိုရင် တို့ တံငါတွေအတွက် စိတ်မချရတော့ဘူး”
ကိုတိုးစိန်က မနေ့က သူတွေ့ခဲ့သော အဖြစ်အပျက်ကို မခင်မေအား ပြောပြလိုက်သည်။
“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ရှင်လည်း ကိုဘမောင်တို့ ငါးသလောက်ပိုက်ချရင် လိုက်လိုက်သွားတတ်တယ် မဟုတ်လား။ တခြား ပိုက်သမားတွေရော၊ ချောင်းထဲ ရေဆင်းချိုးတဲ့လူတွေရော စိတ်မချရတော့ဘူးပေါ့“
“ငါ ကြံပါဦးမယ်ဟာ”
xxx xxx xxx
“အခြေအနေကတော့ အဲဒီအတိုင်းပဲ စောဂျိမ်း။ ပိုက်သမား ဘမောင်ရယ်၊ ကိုဉာဏ်ထွန်းရယ်၊ ခြံထဲကနွားပေါက်ကလေးရယ်၊ ရန်ကနား ဘဲတဲက ဘဲ ၁၄, ၅ ကောင်ရယ် ပါသွားတယ်။ ကြာရင် ဒါထက်ဆိုးလာမှာစိုးလို့ စောဂျိမ်းကို လာခေါ်တာ”
စောဂျိမ်းက ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်ရင်း-
“တိုးစိန်ရာ … ငါက အမဲပစ်တာ ဝါသနာပါတာ မင်းအသိပါ။ တောဘုရင်လိုဟင်းမျိုး(ကျား)တောင် ငါ့တူမီးနဲ့ ရအောင် ပစ်ဖူးပါတယ်။
ဒါပေမယ့် မိကျောင်းဆိုတာ ရေဘုရင်ကွ။ ငါ အဲဒီလိုကောင်မျိုးကို တစ်ခါမှ မပစ်ဖူးဘူး။ အန္တရာယ်များတယ်။ မိကျောင်းက မာယာလည်း များတယ်။
တစ်ခုတော့ရှိတယ်။ ဘိုကလေးက ငါ့မိတ်ဆွေကျော်စိုးက ထင်းတောကြီး(မိန်းမလှကျွန်း)ဘက်က နီမောင်တို့နဲ့တွဲပြီး ပသီကမာဟောက်ဘက်မှာ မိကျောင်းပစ်ဖူးတယ် ပြောတယ်။ ငါ သူ့ကို သွားခေါ်ခဲ့မယ်။ မင်း ရွာကပဲ စောင့်နေ”
“ကျေးဇူးပဲ စောဂျိမ်း။ ကျွန်တော်ပြောပြလို့ ရွာကလူတွေက စောဂျိမ်းကို မျှော်နေကြတာ။ ဒါဆိုရင် ကျွန်တော် မနက် ပြန်မယ်။ ဆက်ဆက်လာခဲ့နော်”
“အေးပါ၊ စိတ်ချပါ”
xxx xxx xxx
ကိုတိုးစိန်၏ တဲပေါ်တွင် စောဂျိမ်း၊ ကျော်စိုး၊ ရွာလူကြီးဦးစိန်သောင်းနှင့် ရွာသား ၄, ၅ ယောက်တို့ ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်။
ကျော်စိုးကပင် ဦးဆောင်ကာ-
“ကိုဘမောင် ပိုက်ချနေတုန်း မိကျောင်း ဆွဲသွားတဲ့အချိန်က ရေတက်ချိန်နော်”
“ဟုတ်ပါတယ်”
“နွားပေါက်ကလေး ရေဆင်းသောက်နေတုန်း မိကျောင်းဆွဲသွားတဲ့ အချိန်ကရော”
“ရေတက်ချိန်”
“ရန်ကနား ဘဲတဲက ဘဲတွေ ချောင်းထဲဆင်းနေတုန်း မိကျောင်းဝင်ဆွဲတဲ့ အချိန်ကရော”
“အဲဒါကတော့ ရေကျချိန်ဗျ”
ကျော်စိုးက ခေါင်းတဆတ်ဆတ်ညိတ်သည်။ ပြီးမှ-
“ဒါဆိုရင် မနက်ဖြန် ရေဘယ်အချိန်တက်မလဲ”
“မနက် ခြောက်နာရီလောက် တက်မယ်”
ကျော်စိုးက ကိုတိုးစိန်ဘက်ကို လှည့်ကာ-
“ကိုတိုးစိန် … ခင်ဗျားသွားဖူးတဲ့ ကတွတ်ပေါက်က ဒီကနေလျှောက်ရင် ဘယ်လောက်ကြာမလဲ”
“တစ်နာရီလောက် ကြာမယ်”
“ဒါဆိုရင် ဦးစိန်သောင်းက ကျွန်တော်တို့နဲ့အတူ အဖော်လိုက်ဖို့ ရွာသား ၃, ၄ ယောက်လောက် မနက်ခြောက်နာရီအရောက် ကိုတိုးစိန်တဲကို လွှတ်ပေး။ ကျွန်တော်တို့ မနက်ဖြန် မိကျောင်းပစ်ကြမယ်”
စောဂျိမ်းက အံ့သြလျက် …
“ဟ ကျော်စိုး … မင်းဟာက မြန်လှချည်လား။ ဘယ်မှာပစ်မှာတုန်း။ သေချာရဲ့လား”
“စောဂျိမ်းရာ … ကျွန်တော့်မှာ အတွေ့အကြုံရှိပါတယ်။ ပသီကမာဟောက်ဘက်မှာ ပစ်ဖူးပါတယ်။ ခင်ဗျားတူမီးကြီးအတွက်လည်း ယမ်းပြင်းပြင်း စပ်ထား”
“အဲဒီအတွက်တော့ မပူနဲ့။ ငါစပ်ထားတဲ့ ယမ်းက ပြောင်တို့ ဆင်တို့တောင် သေနိုင်တာ။ ချက်ကောင်းမိလို့ကတော့ မင်းမိကျောင်းလောက်ကတော့ တစ်ချက်တည်းပဲ”
ရွာလူကြီး ဦးစိန်သောင်းနှင့် ရွာသားများ ပြန်သွားပြီးနောက် စောဂျိမ်း၊ ကျော်စိုးနှင့် ကိုတိုးစိန်တို့ ခေါင်းချင်းဆိုင်ကာ အစီအစဉ်ဆွဲလိုက်ကြသည်။ မိုးအကုန် ဆောင်းအကူးကာလမို့ ရာသီဥတုက သာယာနေသည်။
ကိုတိုးစိန်က ဦးဆောင်ကာ ကိုင်းတောဘက်သို့ ချီတက်လာကြသည်။ ကတွတ်ပေါက်နားသို့ အရောက်တွင် ကိုတိုးစိန်က အချက်ပြလိုက်သောကြောင့် စောဂျိမ်းက သူ့လက်စွဲတော် တူမီးကြီးကို အသင့်ပြင်လိုက်သလို ကျော်စိုးကလည်း (၃ဝ-ဝ၆)ရိုင်ဖယ်ကြီးကို ပခုံးပေါ်က ဆွဲယူလိုက်ကာ အသင့်ပြင်လိုက်သည်။
ရေတက်ချိန်မို့ လေအဝှေ့တွင် ကိုင်းတောကြီးက ယိမ်းကသလို ဝှေ့ ယမ်းနေသည်။
ကတွတ်ပေါက်မှ လွန်လာပြီး သင်ပေါင်းတော၊ မြက်တောများကို တိုးကာ ခြေသံလုံလုံဖြင့် ခရီးဆက်ခဲ့ကြသည်။ တစ်နေရာအရောက်တွင် ကိုင်းပင်အချို့ကို ဖြဲကာ ကိုတိုးစိန်က ချောင်းကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်-
“ကိုကျော်စိုး … ရိုးကလေးဆီတော့ ရောက်ပြီ။ ရေကတက်တုန်းမို့ နည်းနည်းလေးပဲ ရှိသေးတယ်””
“ဟိုတစ်နေ့က ခင်ဗျားတွေ့တာ ဒီရိုးထဲမှာပေါ့ … ဟုတ်လား”
“ဟုတ်တယ်။ ဒီရိုးထဲကနေ လျှောဆင်းသွားတာ”
“ချောင်းဖျားဘက်ကို သွားမယ်”
ကိုင်းတောများကို တိုးကာ သွားနေရသောကြောင့် ခရီးသိပ်မတွင်လှ။ ချောင်းကျဉ်းကလေးက ကွေ့ကောက်ကာ သွားနေသောကြောင့် ချောင်းဘေးက ကိုင်းပင်များကို တိုးဝှေ့ကာ သွားနေရသော ရွာသားများက လမ်းရှင်းရန် ကိုင်းပင်များကို ခုတ်နေရ၍ ကျော်စိုးက-
“ဟေ့လူတွေ … အသံမကြားစေနဲ့၊ နီးနေပြီ။ ခင်ဗျားတို့ တော်တော်ခက်တာပဲ။ ခင်ဗျားတို့အသံတွေကြောင့် ဟိုကောင်ကြီး ပြေးလိမ့်မယ်”
ကိုက်(၅ဝ)လောက် လျှောက်လာသည်အထိ ချောင်းက မဆုံးသေး။ တချို့ကိုင်းပင်များပေါ်တွင် တွဲလောင်းခိုနေကြသော မြွေများနှင့် ဖျတ်ခနဲ ပြေးထွက်လာကြသော တောကြက်များကိုလည်း ရှောင်ကြရသေးသည်။
နောက်ထပ် ကိုက်(၂ဝ)လောက်အရောက်တွင် ကျော်စိုးက တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
ရေမတက်သေးသောကြောင့် ကုန်းပေါ်နေသော ချောင်းကြမ်းပြင်တွင် ခြေလက်များ ယက်ထားသော အရာများနှင့် ဗိုက်နှင့်ပွတ်ထားသော ဗိုက်ရာများက အထင်းသား တွေ့နေရသည်။
ကျော်စိုးက-
“ဟေ့လူတွေ … အဲဒါ ရေမုဆိုးကြီး ဗိုက်နဲ့ပွတ်ထားတဲ့ ဗိုက်ရာတွေပဲ။ သတိရှိပစေနော်၊ ရောက်တော့မယ်”
“ဗျောင်း … ဗျောင်း … ဗျောင်း … ဝရော”
အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ကျော်စိုးကတော့ ကိုင်းပင်များအကြား အသံလာရာဆီသို့သာ အာရုံစိုက်နေသည်။
ကိုင်းပင်များကိုဖြဲ၍ လျှောက်လာကြရင်း ၁၄, ၅ လှမ်းမျှ အရောက်တွင် –
“ဂျွတ် … ဗုန်း”
ရန်သူနှင့် နီးလာကာနီးမှ အနှောင့်အယှက်ပေးသံကို နောက်နားဆီမှ ကြားလိုက်ရသောကြောင့် ကျော်စိုးက ဒေါသတကြီးနှင့် လှည့်ကြည့်လိုက်သည်။
ရွာသားတစ်ယောက်က ကိုင်းပင်များကို ခလုတ်တိုက်ကာ ဝရုန်းသုန်းကားဖြင့် လဲကျသွားခြင်းဖြစ်သည်။
“ခင်ဗျားတို့ဗျာ … ခင်ဗျားတို့ အဘကြီးနဲ့ နီးနေပြီ။ ဂရုစိုက်ကြမှပေါ့။ တော်ကြာ အားလုံး ဒုက္ခရောက်ကုန်မယ်”
ကျော်စိုးက နောက်ကိုလှည့်ကာ ပြောလိုက်ပြီး တစ်ဖက်ကို ပြန်လှည့်ကာ ကိုင်းတောထဲကို တိုး၍ ဝင်သွားတော့သည်။
ကျော်စိုးနောက်က စောဂျိမ်းကလည်း ထက်ကြပ်မကွာ လိုက်ပါသွားသည်။ ၄,၅ လှမ်း အရောက်တွင် နောက်မှ ကပ်ပါလာသော စောဂျိမ်းကို လက်နှင့်တားကာ ကျော်စိုးက ကိုင်းပင်များကိုဖြဲ၍ ပြလိုက်သည်။
“ဟာ”
ချောင်းကျဉ်းကလေး၏ အဆုံးတွင် ကိုင်းပင်များကို ဗိုက်နှင့်ဖိ၍ အထပ်သဖွယ်လုပ်ကာ မြေပြင်မှ အမြင့်နှစ်ပေလောက်တွင်ရှိသော မိကျောင်းသိုက်။
စောစောက ရွာသားတစ်ယောက် ကိုင်းတောထဲတွင် လဲကျသွားသော အသံကြောင့် မိကျောင်းကြီးက ခေါင်းထောင်ထလာကာ သို့လော သို့လော စူးစမ်းနေချိန်တွင် လည်ချောင်းဖွေးဖွေးကြီးကို အတိုင်းသားမြင်နေရသည်။
စောဂျိမ်းနှင့် ကျော်စိုးက ကိုင်းတောထဲတွင် စောင့်ကြည့်ထိုင်ကာ ကြည့်နေသောကြောင့် မုဆိုးများအတွက် ပစ်ကွင်းက ရွေးစရာမလိုသော အနေအထားဖြစ်သည်။
စောဂျိမ်းရော ကျော်စိုးပါ အတွေ့အကြုံရင့်နေသော မုဆိုးများဖြစ်၍ အသင့်ကိုင်ထားသော သေနတ်နှစ်လက်မှ စက္ကန့်ပိုင်းလောက်သာ ခြားကာ သေနတ်သံနှစ်ချက်က ထွက်သွားသည်။
“ဒိန်း … ဖောင်း”
မိကျောင်းမကြီး၏ လည်ချောင်းတွင် လက်သီးဆုပ်ခန့်ရှိ အပေါက်ကြီးတစ်ပေါက်နှင့် လက်နှစ်လုံးခန့်အကွာလောက်တွင် ချိုင့်ဝင်သွားသော အပေါက်တစ်ပေါက် ပေါ်လာကာ လက်သီးဆုပ်ခန့် အပေါက်ကြီးမှ သွေးများ ဒလဟောပန်းထွက်လာပြီး ဘေးကို ပက်လက်လန်၍ ကျသွားသည်။
လက်များ ခြေများက ယက်ကန်ယက်ကန် လုပ်နေကာ အမြီးက အသိုက်ထဲရှိ ကိုင်းပင်များကို တဗြောင်းဗြောင်းမြည်အောင် ရိုက်နေပြီး ၁ဝ မိနစ်ခန့်အကြာတွင် ငြိမ်သက်သွားတော့သည်။
“ကဲ စောဂျိမ်း … တစ်ယောက် တစ်ချက်စီနဲ့တောင် ကိစ္စပြတ်ပါပြီဗျာ။ ချက်ကောင်းဆိုတော့ ကျည်ကုန်သက်သာသွားတာပေါ့”
ဓားလှံများကို ကိုင်ထားသော ရွာသားများက မိကျောင်းအသေကြီးကို ခုတ်မည် ထစ်မည် တကဲကဲလုပ်နေကြသောကြောင့် ကျော်စိုးက-
“ဟေ့လူတွေ သေနေပြီပဲဟာ။ ခင်ဗျားတို့က ဘာလုပ်ကြမှာလဲ။ မိကျောင်းအရေခွံ ပျက်စီးသွားလိမ့်မယ်။ အရေခွံကို ရောင်းစားရင် ဈေးမနည်းရမှာ။ အရေခွံကိုလည်း ကျုပ်ယူမှာ မဟုတ်ဘူး။ ခင်ဗျားတို့ရွာသားတွေအတွက် ပေးထားခဲ့မှာ”
အသိုက်ထဲတွင် ဥများ (၉)လုံးတွေ့ကာ (၅)လုံးက မိကျောင်းမကြီး အမြီးနှင့် ရိုက်ထားသောကြောင့် ကွဲနေသည်။
ခဏအကြာတွင် ရွာသားအတော်များများ ရောက်လာကြကာ မိကျောင်းကြီးကို ကြိုးနှင့်သိုင်းတုတ်၍ တပျော်တပါး ထမ်းပိုးကာ သယ်ထုတ်သွားကြသည်။
စောဂျိမ်းက တစ်စုံတစ်ခုကို တွေးမိကာ-
“ကျော်စိုး … ဒီကောင်ကြီးက အမကြီးဆိုတော့ အထီး ရှိရဦးမယ်ကွ”
ကျော်စိုးက ပြုံးလျက် …
“စောဂျိမ်း … ခင်ဗျား တော်တော်တွေးတတ်ပါလား။ အမရှိရင် အထီးလည်းရှိရမယ် ဟုတ်လား။ ခင်ဗျားအခု မိကျောင်းပစ်ဖူးပြီပေါ့။ အဲဒီတော့ နောက်တစ်ပွဲကျန်သေးတယ်။ ဒါပေမယ့် ဒီညနေတော့ မိကျောင်းသားဟင်းနဲ့ ပျော်ပျော်ပါးပါး စားကြတာပေါ့လေ။
စောဂျိမ်းက-
“ဒါဆိုရင် ဟင်းစား ငါ့ကို မိကျောင်းသားတစ်တွဲလောက် ညနေကျရင် ပေးလိုက်ပါကွာ။ တိုးစိန်တို့ရွာက ငါ့သူငယ်ချင်း စောလယ်ခူးတို့အိမ်မှာ ချက်စားကြမလို့။ ငါလည်း မိကျောင်းသား တစ်ခါမှ မစားဖူးသေးလို့”
“ဒါများ ရပါတယ်ဗျာ။ အဲ တစ်ခုတော့သတိထား မိကျောင်းသားချက်ရင် နနွင်းမထည့်နဲ့”
“ဟေ … ဘာဖြစ်လို့လဲ”
“မတည့်ဘူး”
“ဪ”
ရေမုဆိုးကို အနိုင်ယူခဲ့ကြသော ကုန်းမုဆိုး ကျော်စိုးနှင့် စောဂျိမ်းတို့ အပြန်ခရီးကား လှပလျက်။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်