မောင်ပြည့်ဝန်း
ရေမုဆိုး
ဆရာ ကိုပြည့်ဝန်း
ကျွန်တော် တက်ပု စာရေးလိုက်ပါ တယ်၊ကျွန်တော်တို့သရက်ချောင်းထဲမှာ မိကျောင်းကြီး တကောင် ရောက်နေပါ တယ်၊ ဟိုလူတွေ့ သည်လူတွေ့နဲ. တွေ့ နေတာတော့ တပတ်လောက် ရှိသွားပါပြီ။ ဒီနေ့မနက်တော့ အစ်မလေး မယဉ်မြ တံတားပေါ်ထိုင်ပြီး အဝတ်လျှော် နေတုန်း အမြီးနဲ့ ရိုက်ချသွားတာ လူတွေရှိလို့ အသက်မသေပဲ ဆေးရုံတင်လိုက်ရပါတယ်၊ နံရိုးနှစ်ချောင်း ကျိုးသွားတယ်လို့ သိရပါတယ်။ ရွာကလူတွေကလဲ နတ်မိကျောင်းဆိုပြီး ဘာမှ မလုပ်ရဲကြဘူး၊ ကန်တော့ပွဲကြီးတပြင်ပြင်နဲ့ တောင်းပန်သလိုလို၊ ‘နှင်’သလိုလို လုပ်နေကြပါတယ်။
ဆရာတို့အဖွဲ့ လာပြီး ရှင်းပေးစေချင်ပါတယ်။ ကိုရွဲလဲ ပါအောင်ခေါ်ခဲ့ပါ၊ ကျွန်တော်တို့ မျှော်နေပါ့မယ်။
ကျေးဇူးတင်လျက်
တက်ပု
သရက်ချောင်းကျေးရွာ
ကိုရွဲသည် ကျွန်တော်ပေးလိုက်သောစာကို ဖတ်ကြည့်ပြီး ကျွန်တော့်ဘက်သို့ လှည့်ကြည့်သည်။ ကျွန် တော်က “ဘယ်လိုလဲ” ဟူသော သဘောဖြင့် မျက်စ ပစ်လိုက်သည်။
“ကျုပ်တော့ စိတ်ဝင်စားတယ် ကိုပြည့်ဝန်း”
“ဒါဖြင့် လွယ်ပါတယ်၊ သွားကြတာပေါ့”
“သွားတာတော့ ဟုတ်တယ်ဗျ၊ စဉ်းစာစရာလေးတွေ တော့ ရှိတယ်”
“ဘာတွေများလဲ ကိုရွဲရာ”
“ဒီလိုလေ၊ သူတို့ရွာက လူတွေက နတ်မိကျောင်းလို့ ထင်နေတာ မဟုတ်လား။ ကျုပ်တို့ သွားလုပ်လို့ တော်ပါ့မလား။ ခွင့်ကော ပြုပါ့မလား
“ဟုတ်သားပဲ၊ အဲဒါ ကျွန်တော် မတွေးမိဘူးဗျာ”
“နောက်တချက်က သတ်ခွင့်ရပါပြီတဲ့။ ဘာနဲ့သတ်မလဲ။ သေနတ်ဲ့လား၊ မှိန်းနဲ့လား”
“ဒါတော့ မုဆိုးကြီးကိုရွဲရဲ့ တာဝန်ပဲ။ သတ်ချင်တာနဲ့ သတ်၊ ရှင်းသွားဖို့သာ အဓိက”
ကိုရွဲသည် မသိမသာ ပြုံးပြလိုက်ပြီး ဆေးပြင်းလိပ်တိုကို မီးညှိဖွာရှိုက်နေသည်။ တစုံတရာ စဉ်းစားနေမှန်း သိသာလှသည်။ ထို့နောက်
“ဘာပဲဖြစ်ဖြစ်လေ၊ သွားတော့ သွားကြတာပေါ့ဗျာ”
“ဘယ်တော့ သွားမှာလဲ ကိုရွဲ”
“ဒီညနေ”
“ဟိုက်….”
ကိုရွဲသည် စိတ်မြန်သူဖြစ်၏။ ကျွန်တော်လည်း စိတ်မြန်ပါသည်။ သို့သော် ကိုရွဲလောက်တော့ မမြန်။
ကိုရွဲနှင့် ကျွန်တော် တွဲလာသည်မှာ ကြာပြီ။ တောပစ် ဇွဲကောင်းသော ဝါသနာတူများဖြစ်၍ စိတ်တူကိုယ်တူ ရှိလှသည်။ တဦးသဘော တဦး နားလည်ပြီးသား။ တကျောင်းတည်းထွက်များ ဖြစ်ကြသဖြင့်လည်း တဦးအပေါ် တဦး အနစ်နာခံကြစမြဲ။
ကိုရွဲနှင့် ရန်ကုန်တက္ကသိုလ်တွင် စတွေ့ခဲ့ကြသည်။ သူက တတိယနှစ်၊ ကျွန်တော်က ပထမနှစ်။ ကျောင်း ပြီးသွားသောအခါ သူ တပ်မတော်ထဲ ဝင်သွားကြောင်း သိရသည်။ ကျွန်တော်က ကျောင်းဆရာ ဝင်လုပ်သည်။
သူနှင့် ကျွန်တော် တကွဲတပြားစီ ဖြစ်ခဲ့ကြ၏။ တရေ တမြေ ဝေးခဲ့ကြ၏။ ၁၅-နှစ်ကျော်ကြာမှ ပြန်တွေ့ကြသောအခါ သူသည် တပ်မတော်မှ အနားယူထားပြီးပြီ။ ကျွန်တော်ကတော့ ပညာရေးနယ်ပယ်တွင် တဝဲလည်လည်သာ ရှိသေးသည်။
တက္ကသိုလ်တွင် လေသေနတ်တလက်ကို နှစ်ယောက် မျှကိုင်ခဲ့ကြသော ကျွန်တော်တို့သည် ယခု ပြန်တွေ့ကြသောအခါ သေနတ်ကြီးများ ကိုယ်ပိုင်ကိုင်နိုင်ခဲ့ကြသည်။ သူင် ပွိုင့်ဖိုးဖိုး ဝင်ချက်စတာ ပြောင်းရှည်တလက်။ ကျွန်တော့်တွင် နှစ်လုံးပြူး သေနတ်တလက် အသီးသီး ရှိကြသည်။
ကိုရွဲသည် ကျွန်တော်ကဲ့သို့ သေနတ်ကို ချစ်သည်။ သူငွေလိုစဉ်က သေနတ်ရောင်းပစ်ရန် နားပူသော ဇနီးသည်ကို—
“ဒီမှာ ရွှေရည် ငါလေ မင်းကိုသာ ရောင်းချင် ရောင်းမယ်၊ ငါ့သေနတ်တော့ ဘယ်တော့မှ မရောင်းဘူး မှတ်ထား”
ဟူ၍ ပြန်ပြောခဲ့သူဖြစ်သည်။ သေနတ်ကို မိန်းမထက် ပိုချစ်သော ကိုရွဲ။
ပျဉ်းမနားသစ်တောကြိုးဝိုင်းထဲတွင် သောင်းကျန်း ချင်တိုင်း သောင်းကျန်းနေသော ၇-တောင် ကျား ကြီးကိုလည်း သူနှင့် ကျွန်တော်သည် ဖြိုခဲ့ဖူးပြီ။
မြစ်ကြီးနားအထက်တောကြီးထဲမှ ပြောင်ကြီး ၃-ကောင်ကိုလည်း နှစ်ရက်ထဲဖြင့် ရအောင် လှဲခဲ့ဖူးပြီ။
တက်ပုတို့ သရက်ချောင်းရွာနားမှ ဂွေးပင်ကွေ့ တွင် စိတ်ရိုင်းဝင်၍ မည်းမည်းမြင်ရာ လိုက်ခတ်နေသော ကျွဲဆိုးကြီးကိုလည်း ပစ်ခဲ့ဖူးကြပြီ။
ယခုလာပြန်ပြီ။ သရက်ချောင်းထဲမှ မိကျောင်းကြီး။
အစီအစဉ်လုပ်ကြသည်။ ခရီးထွက်ကြရန် ညနေ ၃- နာရီကို ရွေးကြသည်။ ထို့နောက် ကျွန်တော်သည် ကိုရွဲအိမ်မှ ကသုတ်ကရက် ပြန်ခဲ့တော့သည်။
ကုန်းပေါ်မှ အကောင်တွေကို အနိုင်ယူခဲ့ကြပြီး ယခုတဖန် ရေထဲကအကောင်ကို အနိုင်ကြဲရတော့မည်ကို သိသဖြင့် ကျိတ်၍ ပီတိဖြစ်မိပါသည်။ ဆုတောင်းမိသေး၏။ သရက်ချောင်းရွာက ကြည်ကြည်သာသာ ခွင့်ပြုပါစေ….ဟု။
xxx xxx xxx
ကျွန်တော်တို့သည် မော်လမြိုင်ကျွန်းမှ ညနေ ၄-နာရီ ထွက်သော မော်တော်ကလေးဖြင့် လိုက်ခဲ့ကြရာ သရက်ချောင်းရွာကို ညဉ့်ကိုးနာရီခန့်တွင် ရောက်ကြ၏။ တက်ပုတို့လူစုက ဝမ်းပန်းတသာ ကြိုဆိုကြ၏။ အံ့သြကြ၏။ ခရီးရောက်မဆိုက် ကျွန်တော်က စကားစသည်။
“ဘယ်လိုလဲ တက်ပု၊ မင့်အကောင်ကြီး ရှိသေးရဲ့လား”
“ရှိပါ့ဗျား၊ ဒီညနေတောင် မြင်သေးတယ်။ အဝါကြီး ဆရာရဲ့။ အကြီးကြီးပဲ”
“ဘယ်သူ့ကို ဘာလုပ်သေးသလဲ”
“အခုအချိန်အထိတော့ အစ်မလေး မယဉ်မြက လွဲ လို့ ဘယ်သူမှ အထိအခိုက်မရှိသေးဘူး”
အကောင်ကြီးရှိသေးကြောင်း သိရ၍ ကိုရွဲရော ကျွန် တော်ပါ ဝမ်းသာမိကြသည်။
ကျွန်တော်တို့ စားသောက်ပြီးကြသောအခါ စကား စမြည် ပြောကြသည်။ ဟိုတုန်းက တောဘုရင်တွေကို အပြတ်ရှင်းခဲ့ပုံအကြောင်းတွေ မြိန်ရည်ရှက်ရည် ပြောပြနေသော ကိုရွဲကိုကြည့်၍ ကျွန်တော် ပြုံးမိသည်။ နာရီပြန်တချက်ထိုးသည့်တိုင် စကားပြောကြပြီးနောက် ကျွန်တော်တို့ နှစ်ခြိုက်စွာ အိပ်လိုက်ကြသည်။
xxx xxx xxx
တက်ပုသည် အိမ်ပေါ်သို့ ဝုန်းကနဲ အပြေးအလွှား ခုန်တက်လိုက်သောကြောင့် အိပ်ရာမှ ကျွန်တော်တို့ လန့် နိုးသွားကြသည်။
“လုပ်ပါအုံးဆရာရေ ၊ မိကျောင်းကြီး … မိကျောင်းကြီး၊ ဟောဟဲ … ဟောဟဲ”
တက်ပုသည် မောလွန်းသဖြင့် စကားဆက်မပြောနိုင် ရှာ။ ရင်ဘတ်ကို လက်ဖြင့် ဖိထားလျက်ရှိ၏။ ကျွန်တော်တို့သည် သေနတ်များကို တပြိုင်တည်းဆွဲထုတ်ပြီးသား ဖြစ်နေသည်။
““မိကျောင်းကြီး ဘာဖြစ်သလဲ။ ပြောစမ်းပါကွ မြန် မြန်”
“ဟို … ဟို ရွာနောက်ပိုင်းက မကျင်ဥရယ်၊ ချောင်းထဲ ကို မိုးမလင်းခင်ဆင်းပြီး ပုစွန်ဆင်းစမ်းတာ”
ရပ်တန့်နေပြန်သည်။ တံတွေးအနိုင်နိုင်မျိုချပြီးမှ ဆက်ပြော၏။
“အဲ … အဲဒါ မိကျောင်းဆွဲလို့ ပါသွားပြီ ဆရာရဲ့။
လုပ်ပါအုံး”
ကျွန်တော်တို့သည် ရေစပ်သို့ အပြေးသွားကြသည်။ ချောင်းစပ်တလျှောက် ပြေးယင်းကြည့်သည်။ ကြည့်ယင်း ပြေးသည်။ ဘာမျှမတွေ့။ ခပ်ဝေးဝေး သောင်စပ်တွင် တစုံတရာကို ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးကို တွေ့ရသည်။ ထိုနေရာသို့ အားသွန်ပြေးသွားကြသည်။ လူအုပ်ကြီးထဲ အတင်းတိုးဝင်လိုက်မိ၏။
“ဟာ …”
ကိုရွဲရော ကျွန်တော်ပါ ပါးစပ်က လွှတ်ကနဲ ထွက် သွားမိကြသည်။ သွေးသံရဲရဲဖြင့် ခါးတပိုင်းလုံး ကြေမွနေပြီး အသားတစ်များ ထွက်နေသော ကလေးမ တယောက်ကို တွေ့လိုက်ရသည်။ ဖခင်လုပ်သူက ပွေ့ ထားသည်။ မိခင်မှာ သမီးဖြစ်သူ၏ ရင်နှင့်ဖွယ်ရာ မြင်ကွင်းကြောင့် ရင်ထုမနာဖြစ်လျက် မေ့မြောနေရှာ၏။ ကလေးမလေးသည် နှုတ်ခမ်းလေးများ တဆတ်ဆတ် တုန်နေသည်မှတပါး လှုပ်ရှားမှုဟူ၍ မရှိတော့ပါ။ သောင်စပ်နှင့် ပတ်ဝန်းကျင်တဝိုက်တွင် သွေးချင်းချင်းနီလျက် ရှိတော့သည်။
“တောက်…”
ကိုရွဲ၏ တောက်ခေါက်သံသည် ဝိုင်းကြည့်နေသော လူများ၏ ရင်တွင်းမှ နှလုံးသည်းပွတ်များကို တီးခတ်ပြီဟု ထင်မိသည်။ အားလုံး၏ မျက်နှာများ တမုဟုတ်ချင်း တင်းမာသွားပြီး နာကျည်းမှု၊ စက်ဆုပ်မှု၊ မုန်းတီးဒေါသထွက်မှုတို့ တပြိုင်နက် ပွင့်အန်ထွက်လာသည်။
“သတ်ပစ် … သတ်ပစ်၊ နတ်မိကျောင်းမကလို့ ဘာ ကြီးပဲဖြစ်ဖြစ် သတ်ပစ်ရမယ် … သတ်ပစ်ရမယ်”
“ဟုတ်တယ် … ဟုတ်တယ်၊ သတ်ပစ်ရမယ်”
ထိုစဉ် ကျေးရွာကောင်စီဥက္ကဋ္ဌ ဦးသောင်းဟန်နှင့် အတွင်းရေးမှူး ဦးဝင်းတင်တို့ ရောက်လာသည်။
မကျင်ဥကို မော်လမြိုင်ကျွန်းဆေးရုံတင်ရန် အပူတပြင်း စီစဉ်ကြသည်။ မကြာမီ ကူဘိုတာစက်တပ် ပဲ့ထောင်တစင်း ရောက်လာပြီး မကျင်ဥကို တင်ဆောင်ကာ အမြန်ဆုံး ထွက်ခွာသွားတော့သည်။ သက်ဆိုင်သူများ လိုက်ပါသွားကြ၏။
ကျွန်တော်တို့သည် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံ ချဉ်း ကပ်၍ ဤမိကျောင်းကို အပြီးအပိုင်ရှင်းခွင့်ပေးရန် တောင်းဆိုကြသည်။ ဥက္ကဋ္ဌ ဦးသောင်းဟန်သည် လက်သီးကို ကျစ်ကျစ်ဆုပ်လျက်….
“ဒီလောက်ဒုက္ခပေးလှတာ ခင်ဗျားတို့ကို အပ်တယ် ဗျာ။ သတ်ပစ်ကြပါ … သေအောင် သတ်ကြပါ”
သူသည် မျက်ရည်များပင် ကျရှာ၏။ မိမိရွာမှ ကလေးမကလေးတဦး ယခုကဲ့သို့ ဖြစ်ရခြင်းအတွက် ယူကြုံးမရလည်းဖြစ်၊ ဒေါသလည်း ဖြစ်နေရှာသည်။
ထိုစဉ် အဘွားအိုတဦး ရောက်လာသည်။ ထိုအဘွား အိုက ကျွန်တော်တို့ကို စိမ်းစိမ်းကြည့်လျက် ဦးသောင်းဟန်ဘက်လှည့်ကာ…
“မလုပ်ပါနဲ့အုံးကွယ်.. အုန်းပွဲ ငှက်ပျောပွဲနဲ့ တောင်းပန်ပြီး နှင်ထားတာပဲ။ သူ့နေရာသူ ပြန်မှာပေါ့။ ကျင်ဥတို့က ဘယ်လိုအမှားမျိုး လုပ်မိသလဲမှ မသိတာ”
“အိုဗျာ… လုပ်မနေနဲ့၊ ဒီမှာ အဘွားခင်သောင်း မဖြစ်
နိုင်တာ လာပြောမနေနဲ့တော့၊ လွန်ကုန်ပြီ။ တယောက်လဲ ဆေးရုံပေါ်မှာ၊ အခုနောက်တယောက် ဆေးရုံပိုရပြန်ပြီ။ မဖြစ်ဘူး….မဖြစ်ဘူး၊ ကြာယင် တရွာလုံး ဒုက္ခရောက်လိမ့်မယ်။ ဒီမှာကိုယ့်လူတို့ သတ်ပေး ကြပါ…သတ်ပေးကြပါဗျာ တောင်းပန်ပါတယ်”
ဥက္ကဋ္ဌကိုယ်တိုင်က ဤသို့ လိုလိုချင်ချင် တောင်းဆိုလာသောအခါ ကျွန်တော်နှင့် ကိုရွဲမှာ အားရကျေနပ်မိတော့သည်။
“ကောင်းပါပြီ ဥက္ကဋ္ဌကြီး၊ ကျွန်တော်တို့တာဝန်ထားပါ။ အဲ… တခုတော့ရှိပါတယ်။ ဒီအကောင်ကြီး မမိမချင်း ရေထဲကို ဘယ်သူမှ မဆင်းဖို့၊ ဘဲတောင် မလွှတ်ဖို့ တားမြစ်ပေးပါဗျာ။ ကဲ ကျွန်တော်တို့ စီစဉ် စရာရှိသေးလို့ ခွင့်ပြုပါအုံး”
ကျွန်တော်တို့ ပြောပြောဆိုဆို လှည့်ထွက်ခဲ့တော့ သည်။ ဦးသောင်းဟန်သည် မျက်ရည်များ ဝဲလျက် သရက်ချောင်းရေပြင်ကို ငေးနေရှာသည်။ ရေပြင်သည် ဂယက်ထနေဆဲ။
xxx xxx xxx
ထိုနေ့ ညနေပိုင်းတွင် မော်လမြိုင်ကျွန်းမှ ကိုရွဲ ပြန် ရောက်လာသည်။ အခင်းဖြစ်ပြီးကတည်းက မိကျောင်းဖမ်းရန်ပစ္စည်းများ လိုသေးသည်ဟု ပြောကာ သွားခြင်းဖြစ်သည်။ ကိုရွဲနှင့်အတူ အထုပ်တထုပ် ပါလာ၏။
အထုပ်ကို ဖြည်လိုက်သော အခါ လက်သန်းလုံးခန့်ရှိ နိုင်လွန်ကြိုး ကိုက် ၂ဝဝ- ခန့်။ ကွမ်းရိုးလုံးထက် အတန်ငယ်သေးသော နိုင်လွန်ကြိုးသေးတခွေနှင့် တမတ်လုံး သံချောင်းကို ငါးမျှားချိတ်သဏ္ဌာန် ပြုလုပ်၍ ကျောချင်းကပ်ကာ ဂဟေတွဲထားသော ချိတ်ကြီး ၂- ချောင်း စသည်တို့ ထွက်လာသည်။
“ဒါတွေက မိကျောင်းဖမ်းဖို့လား ကိုရွဲ”
“ဟုတ်တယ်လေ”
“ဟင် သေနတ်နဲ့ ပစ်မဖမ်းဘူးလား”
“သေနတ်က ပစ်ဖူးသားပဲဗျာ၊ မိကျောင်းအရှင် ဖမ်းချင်လို့ပါ။ နောက်ပြီး ကျုပ်တို့သတ်မယ့်အစား ဒီရွာ
သားတွေကိုယ်တိုင် သတ်စေချင်တယ်လေ။ ဒါကြောင့် အခုလို စီစဉ်ရတာပဲ”
“ဖြစ်ပါ့မလားဗျာ”
“သိပ်ဖြစ် … သိပ်ဖြစ်”
“ဘယ်တော့ ဖမ်းမှာလဲ”
“အခု”
“ဗုဒ္ဓေါ”
ထိုစဉ် တက်ပုနှင့် သူ၏ သူငယ်ချင်း စန်းကြည်ဆိုသူ ရောက်လာသည်။
“အတော်ပဲဟေ့ တက်ပု၊ ဘဲကြီးကြီး တကောင် အမြန်ဆုံးလိုချင်တယ်၊ ဘယ်မှာရမလဲ”
“ရမယ် … ရမယ်၊ ကျွန်တော့်ဘကြီး ဦးကျော်အေး အိမ်မှာ ဘဲတွေရှိတယ်။ လာ စန်းကြည် သွားယူ ရအောင်”
သူတို့ နှစ်ယောက် ထွက်သွားသောအခါ ကိုရွဲသည် နိုင်လွန်ကြိုးသေးအခွေကို နှစ်လံသာသာ တိုင်းဖြတ်၍ ထိပ်မှ စုကိုင်လိုက်ပြီး ချိတ်ကြီးတခုတွင် မြဲမြံစွာ ချည်လိုက်သည်။ ကျန်တဘက်ကိုလည်း ပထမ နည်းအတိုင်း ချည်လိုက်သည်။ ပြီးလျှင် နိုင်လွန်ကြိုးစုကြီးကို အလယ်မှခေါက်ကာ တပတ်လျှို ထုံးလိုက်သည်။ အလယ်မှ ကြိုးသွင်းနိုင်ရန် ကွင်းတခု ပေါ်လာ၏။
“ဘာလုပ်တာတုန်းဗျ”
“ငါးများမှာ အစီခံကြိုး တပ်သလိုလေ။ ကြိုးသေး သေးကို အများကြီး စုပြီးချည်ထားတော့ မိကျောင်းကိုက်ဖြတ်လို့ မလွယ်တော့ဘူးပေါ့။ တကယ်လို့ တချောင်းတည်းဆိုယင် တိကနဲနေအောင် ကိုက်ဖြတ်နိုင်တယ် မဟုတ်လား”
ထို့နောက် ကြိုးသွင်းရန် ကွင်းလုပ်ထားသော နေရာ တွင် နိုင်လွန်ကြိုးရှည်ကြီး၏အစကို အခိုင်အမာချည်လိုက်သည်။ ယင်းအစီခံကြိုး၏ တဘက်တချက်စီတွင် ခိုင်မာသော ငါးမျှားချိတ်ကြီးတခုစီ ရှိနေသည်။
မိကျောင်း “သွား” နှင့် လွတ်သောနေရာမှ ကြိုးရှည်နှင့် ချည်ထားပုံကိုကြည့်၍ ကိုရွဲ ဉာဏ်သွားပုံကို ဂရုပြုမိသည်။
ထိုစဉ် တက်ပုတို့ ပြန်ရောက်လာသည်။ လက်ထဲတွင် ဘဲဖြူကြီးတကောင် ပိုက်လျက်ပါလာ၏။ ကိုရွဲသည် ဘဲကြီးကို လှမ်းယူကာ နှုတ်သီးပတ်ဝန်းကျင်နှင့် မျက်ခွက်ကို သနပ်ခါးလိမ်း၊ ပေါင်ဒါရိုက်ပြုပေးနေသည်။ ထိုနောက် ပန်းနီတပွင့် ပန်ပေးလိုက်သည်။ ကျွန်တော်သည် ကိုရွဲကိုကြည့်၍ နားမလည်နိုင်အောင် ရှိတော့သည်။
“ဘာတွေ လုပ်နေတာလဲဗျ ကိုရွဲ”
“ခင်ဗျားမသိပါဘူး။ စာဆိုရှိတယ်ဗျ။
နံ့သာလဲကျ၊ ပန်းလဲပန်၊ မြစ်ယံမိကျောင်း၊ ဘဝပြောင်းတဲ့။ မိကျောင်းမျှားတဲ့လူတိုင်း လိုက်နာကြရတယ်။ မလိုက်နာယင် မမိတတ်ဖူးလို ဆိုတာပဲ”
“အလဲ့ ကိုယ့်လူက အလာကြီးပါလားဟေ့ … ဟုတ်ပေကွာ”
ကိုရွဲသည် အစီခံကြိုးအဖျားတွင်ရှိသော ချိတ်ကြီး နှစ်ချောင်းကို ဘဲအတောင်နှစ်ဘက်အောက်တွင် ကြိုးဖြင့် သေသပ်စွာ ချည်လိုက်သည်။
“ကဲဟေ့ ချောင်းထဲသွားကြမယ်။ ဝိုင်းသယ်ကြအုံး”
ကိုရွဲယူခိုင်းသော ပစ္စည်းများကို တက်ပု၊ စန်းကြည် နှင့် ကျွန်တော်တို့ ယူလိုက်ကြသည်။ လုံးပတ် နှစ်ပေခွဲခန့် ရှိသော ဖော့တုံးပမာ ပွစိစိသစ်တုံးဆွေးကြီးတတုံးလည်း ပါသည်။ ယင်းအတုံးကြီးကို ကိုရွဲ ဘယ်က ရှာထားမှန်း မသိပါ။ မေးလည်း မမေးမိပါ။ သူကိုယ်တိုင်သယ်သဖြင့် အရေးကြီးမှန်းတော့ သိပါသည်။
ချောင်းစပ်သို့ရောက်သောအခါ ကမ်းပါးတလျှောက် တွင် လူများစုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ တဖြည်းဖြည်းနှင့် ပုစုခရုပါမကျန် လာရောက်ကျရာ ပွဲတော်ဈေးတန်းကြီးတမျှ စည်ကားလှ၏။
ကိုရွဲသည် ကျန်နေသော ကြိုးစတဘက်ကို လက်လှော်ဘောက်တူကြီးတစင်း၏ လှေဦးတွင် ခိုင်ခံ့စွာ ချည်လိုက်သည်။ လှေဝမ်းထဲသို့ ပစ္စည်းများထည့်လိုက်ပြီး သူကိုယ်တိုင် လှေပေါ်တက်သည်။ပြီးတော့ ကျွန်တော့်ကို သူနှင့်အတူလိုက်ရန် ခေါ်သည်။
ကျွန်တော်လည်း တက်လိုက်၏။ ထိုနောက် လှေပဲ့ကိုင်ကျွမ်းကျင်သူနှစ်ဦး လိုက်ပါရန် ခေါ်ပြန်သည်။ဤတွင် ကိုမြသန်းဆိုသူနှင့် ကိုငြိမ်းအောင် ဆိုသူတို့ ရောက်လာသည်။
လှေတစင်း၊ လူလေးယောက်နှင့် ဘဲတကောင်သည် ချောင်းလယ်ထဲသို့ လှော်ခတ်ခဲ့ကြသည်။
ချောင်းလယ်သို့ ရောက်သောအခါ ဘဲကို ရေတွင်ချ၍ လွှတ်ပေးလိုက်သည်။ လှေကို မလှော်ပဲ ရပ်ထား၏။ ဘဲသည် ဟိုကူး သည်ကူး လုပ်နေ၏။
လှေမှကြိုးကိုလည်း ဖြည်းဖြည်းချင်းလျော့ပေးနေသည်။ဘဲသည် မြန်မြန်မကူးခတ်နိုင်ပါ။ ကြိုးအလေးချိန်ကို သယ်နေရသဖြင့် နှေးကွေးလှသည်။ ဘဲနှင့်လှေ ကိုက်တရာခန့် ကွာသွားပြီ။ အခြေ အနေ မည်သို့မျှ မထူးသေး။
ထိုစဉ် ဘဲ၏ နောက်ဘက် ကိုက်အစိတ်လောက် အကွာမှ မိကျောင်းကြီး၏ ဦးခေါင်းသည် ရေပြင်မလှုပ်စေပဲ ဖြည်းညင်းစွာ ပေါ်တက်လာသည်။ တဖန်ပြန်၍ တရွေ့ရွေ့ မြုပ်သွားပြန်သည်။
မကြာလိုက်ပါ။ ဘဲနောက်ဘက် တပေခန့်အကွာတွင် ဦးခေါင်းကြီး တဖြည်းဖြည်းပေါ်လာပြန်၏။ ထို့နောက် ပါးစပ်ကြီးကို ဖြဲလိုက်ကာ ဘဲကို ထိုးဟပ်လိုက်သည်။ ပါးစပ်ကြီး ဖြောင်းကနဲ ပြန်ပိတ်၍ တည်ငြိမ်အေးဆေးစွာ ပြန်မြှုပ်သွားတော့သည်။
လှေဦးမှ ကြိုးခွေသည် တဝေါဝေါမြည်ကာ ရေထဲသို့ အရှိန်ပြင်းစွာ လျှောကျနေ၏။
“ကိုမြသန်း ကိုငြိမ်းအောင် လှေကို နိုင်အောင်ထိန်းနော်၊ အရေးကြီးပြီ”
ကိုရွဲသည် ပဲ့ကိုင်သူများကို သတိပေးလိုက်စဉ်မှာပင် လှေဦးသည် ငြိမ့်ကနဲ … ငြိမ့်ကနဲ ဖြစ်လာသည်။
ကြိုးကား ဆုံးသွားလေပြီ။
လှေသည် တနေရာမှ တနေရာသို့ ရွေ့လျားကာ ယောက်ယက်ခတ်နေသည်။ လှေပေါ်ရှိလူများ မျက်လုံးပြူးနေသော်လည်း ကိုရွဲ အပြုံးမပျက်ပါ။
“သေချာပြီဟေ့၊ ဒီညနေ မိကျောင်းသား စားရပြီကွ၊ ဟား….ဟား….ဟား”
ရယ်များပင် နေလိုက်သေးသည်။ အာဂပုဂ္ဂိုလ်ပါ ကလားဟု တွေးမိ၏။
ရယ်များပင် .. နေလိုက်သေးသည်။ အာဂပုဂ္ဂိုလ်ပါ ကလားဟု တွေးမိ၏။
လှေသည် ဝေးဝေးမပြေးတော့ပဲ တနေရာတည်းတွင် တငြိမ့်ငြိမ့် ဖြစ်နေ၏။ ဖော့လုံးကို ငါးတွတ်နေသည့်နှင့် တူသည်။ မိကျောင်းကြီးသည် လည်မျိုတွင် စူးနစ်နေသော ချိတ်ကြီးများ ပြုတ်ထွက်လို ပြုတ်ထွက်ငြား မြစ်ကြမ်းပြင်တွင် သွားရောက် လူးလှိမ့်နေပုံရသည်။
ကျွန်တော်ထင်သည့်အတိုင်း မှန်နေကြောင်း မကြာမီ သိရပါတော့သည်။မိကျောင်းကြီးသည် မောပန်းလျက် ရေပေါ်သို့ တဖြည်းဖြည်း ပေါ်လာတော့သည်။ တကိုယ်လုံးတွင်လည်း ကြိုးများက မလှုပ်မယှက်နိုင်အောင် ရစ်ပတ်လျက် ရှိ၏။
ကိုရွဲသည် လှေပေါ်တွင်မတ်တတ်ရပ်လိုက်ပြီး
“အားလုံး သတိရှိပစေဟေ”
ဟုဆိုကာ ပွလျောင်းလျောင်း ထင်းတုံးကြီးကို မချီလိုက်သည်။
“ကိုပြည့်ဝန်း လှေဦးကကြိုးကို ဖြည်းဖြည်းချင်း ဆွဲပေး”
သူပြောသည့်အတိုင်း ကျွန်တော်က ကြိုးကို ဆွဲပေး သည်။ လှေသည် မိကျောင်းကြီးနားသို့ တိုးကပ်လာ၏။
နှစ်လံသာသာ အကွာအရောက်တွင် မိကျောင်းကြီးသည် ပါးစပ်ကို ဗြုန်းကနဲ ဖြဲလိုက်ပြီး လှေကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ ရေယက်များ တဝုန်းဝုန်းထ,သွား၏။ ရေယက်များ ငြိမ်သွားသောအခါ မိကျောင်းကြီး၏ ပါးစပ်ထဲတွင် ထင်းတုံးကြီးရောက်နေလေပြီ။
ကိုရွဲသည် မည်သည့်အချိန်က မည်သို့ချိန်သားကိုက်၍ ပစ်ထည့်လိုက်သည် မသိပါ။ မိကျောင်းသွားများမှာ ထင်းတုံးကြီးထဲ စူးနစ် ဝင်သွားသဖြင့် ဟမရ စေ့မရ အခြေအနေသို့ ရောက်သွားတော့သည်။
“ဟေ့လူတွေ ကမ်းကိုရောက်အောင် လှော်ကြတော့”
ကိုမြသန်းနှင့် ကိုငြှိမ်းအောင်တို့သည် ပြောင်းပြန်ပြင် ထိုင်၍ လှေပဲ့ကို ဦးထားကာ အားသွန်လှော်ကြတော့ သည်။ မိကျောင်းကြီးသည် လှေနောက်မှ တရွေ့ရွေ့ပါလာတော့သည်။
ကမ်းသို့ရောက်၍ မိကျောင်းကြီးကို သောင်စပ်သို့ ဆွဲတင်မည်ပြုစဉ် အမြီးတဖြောင်းဖြောင်းရိုက်လျက် တွန့်လိမ်လှုပ်ရှားသေး၏။ သို့သော် ထင်သလောက်လှုပ်ရှား၍ မရပါ။ တကိုယ်လုံးတွင် ကိုက်ပေါင်းများစွာသော ကြိုးများက တုပ်ရစ်ပြီးသား ဖြစ်နေပြီ မဟုတ်ပေလား။
ကမ်းပေါ်မှ ဒေါသ မိုးမွှန်နေသော လူအုပ်ကြီးသည် မိကျောင်းကြီးရှိရာသို့ ငြာသံပေး၍ ပြိုဆင်းလာကြ၏။ ရွာသားများ၏ လက်ထဲတွင် ဓား၊ မှိန်း၊ ပုဆိန် စသော လက်နက်များ ပါလာကြရာ မိကျောင်းကြီးသည် ထိုလက်နက်များအောက်တွင် အတုံးအတစ် ဖြစ်သွားပါတော့သည်။
မိကျောင်းကြီးမှာ အလျား ၁၀ ပေရှည်၍ လုံးပတ် ရှစ်ပေကျော်၏။ ညိုညစ်ညစ် အဝါရင့်ရောင် ဖြစ်ပြီး ကျောတွင် အနက်ကွက်များ ပါသည်။ ဧရာမ မိကျောင်းကြီးဟု ဆိုလောက်ပေ၏။
ထိုညဉ့်တွင် ကျေးရွာပြည်သူ့ကောင်စီမှ အခမ်း အနားတခုပြုလုပ်၍ ကျေးဇူးတင်စကားပြောကြားသည်။ ယင်းအခမ်းအနားမှ အပြန်တွင် တက်ပုတို့ လူငယ်တသိုက် တည်ခင်းဧည့်ခံသော မိကျောင်းသားကြော်ကို မြိန်ရှက်စွာ စားသောက်ယင်း ထိုညဉ့်ကို ကုန်ဆုံးစေခဲ့ပါတော့သည်။
(မြဝတီမဂ္ဂဇင်း ၊ ၁၉၈၃ ဖေဖော်ဝါရီ)
– ပြီး –
စာရေးသူ – မောင်ပြည့်ဝန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ