အခန်း(၁)
“ချိုထွေး နင်ဘယ်တော့ သွားရမှာလဲ “
” အင်း နောက်တစ်ပတ်ထဲမှာ မြရင် ၊ သင်တန်းက လဲပြီးတော့မယ်၊ သင်တန်းပြီး ရင် သုံးရက်လောက်နားပြီးတာနဲ့ သွားရတော့မယ်”
” အဆင်ပြေပါစေဟာ၊ ငါတို့အသုတ်က နောက်လမှ သွားရမှာ ၊ ဒါနဲ့ နင်စကားတွေ အတော်တတ်ပြီလား ချိုထွေး “
“အင်း အများကြီးမဟုတ်ပေမဲ့ ထမင်းစားရေသောက်တော့ ရပါတယ်၊ ဟိုရောက်ရင် ထပ်ပြီးလေ့လာရင်း ပြောရင်းတတ်သွားမှာပေါ့ “
” အင်းပေါ့ဟာ ဒါနဲ့ နင်အခုသွားလုပ်ရမယ့်မြို့ကဘာတဲ့လဲ “
” Takasaki ( တကျကစကီ )”
” အင်း ငါတို့တွေလဲ သူများနိုင်ငံကို စွန့်စားပြီးသာ သွားကြရမှာ အဆင်မှ ပြေကြပါ့မလားမသိဘူးနော် “
” ဘာလို့စိတ်ညစ်စရာတွေ တွေးနေမှာလဲ မြရင်ရယ်၊ ငါတို့အဆင်ပြေအောင်ကြိုးစားရမှာပေါ့ ၊ ငါတော့ ဘာမှမတွေးဘူး၊ တစ်ခုပဲတွေးတယ်”
” ဘာများလဲ ချိုထွေး “
” အင်း သရဲခြောက်မခံရဖို့ပေါ့ ၊ နင်လဲ သိတဲ့အတိုင်းပဲ၊ဂျပန်က သရဲတွေက ရှယ်ကြမ်းတာ၊ YouTubeမှာ တင်ထားတာတွေ တွေ့တယ်မို့လား “
” ဘာများလဲလို့ ချိုထွေးရယ်၊ နင်ကလဲ မဟုတ်တာတွေတွေးပြီးကြောက်နေလိုက်”
” ဟ မဟုတ်တာတွေ မဟုတ်ဘူး မြရင်ရဲ့ ၊ နင်သိတဲ့အတိုင်း ၊ ငါက သရဲဆို စိတ်လဲ၀င်စားတယ်၊ ကြောက်လဲကြောက်တယ်၊ ဖတ်ရင်လဲ သရဲစာတွေ၊ ကြည့်ရင်လဲ သရဲ video.. သဘာ၀လွန်ဖြစ်ရပ်ဆန်းများ channelက တင်တဲ့ဂျပန်နိုင်ငံက သရဲတွေ့တာတွေကြည့်ပြီး ငါအိပ်လို့တောင်မရဘူး ၊ ခု ငါကိုယ်တိုင် ဂျပန်ကိုသွားရတော့မယ်၊ သွားခါနီးလေ ဟိုရောက်ရင် သရဲခြောက်ခံရရင် ဒုက္ခဆိုတဲ့ အတွေး၀င်လာလေပဲ “
” အမယ်လေး ချိုထွေးရယ်၊ အခြားဟာတွေသာ ပူစမ်းပါ ၊ နင့်သရဲက ရှာရင်တောင် တွေ့ချင်မှတွေ့မှာ ၊ အေး မရှာပဲ ကြောက်နေရင်တော့ တွေ့ပြီသာမှတ်ပါ ဟားဟား ဟား “
” မိန်းမစုတ် အဟုတ်မှတ်လို့ နားထောင်နေတာ၊ အင်းလေ တွေ့ရင်တော့လဲ ကိုယ်တိုင်အတွေ့အကြုံကို မျှဝေလို့ ရတာပေါ့ဟာ “
” အေး ၊ ငါ့ကိုလဲ ပြောပြအုံးနော် အဟက် ဟက် “
စကားပြောနေရင်း နှစ်ဦးသားရယ်မောမိကြလေသည်။
ချိုထွေးသည် ရှမ်းပြည်ဘက်မှ တိုင်းရင်းသူတစ်ယောက်ဖြစ်၏။
သူ့မိသားစုသည် မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းအား လုပ်ကိုင်ကြသည်။
ချိုထွေးသည် ဘွဲ့ရပြီးနောက် ဂျပန်စကားပြောသင်တန်းအားတက်ရောက်ခဲ့၏။
ဂျပန်စကားသင်နေရင်း ဂျပန်သို့ အလုပ်သွားလုပ်လိုစိတ်များပြင်းထန်ခဲ့သည်။
သင်တန်းဆရာ၏ ကူညီချိတ်ဆက်မှုဖြင့် ဂျပန်နိုင်ငံ သို့ အလုပ်သွားလုပ်ရန် အကြောင်းဖန်လာခဲ့၏။
သင်တန်းလာတက်ရင်း ချိုထွေးနှင့် မြရင်တို့ ရင်းနှီးခဲ့ကြ၏။
မြရင်နှင့် သူသည် အဆောင်သည်လည်း တူကြ၏။
အစက အခန်းချင်းမတူကြသော်လည်း ချိုထွေးနှင့်အတူနေသည့် အခန်းဖော်သည် နယ်သို့ပြန်သွားသဖြင့် မြရင်သည် အဆောင်မှူးထံပြောကာ ချိုထွေးအခန်းသို့ ပြောင်းလာခဲ့လေသည်။
” အင်း နင်မရှိရင် ငါ့တစ်ယောက်တည်းပျင်းနေမှာချိုထွေးရ”
” ဩ နောက်လကြရင် နင်လဲ ဂျပန်ကိုလာတော့မှာပဲ၊ ငါတို့ အဆက်အသွယ်မပြတ်ကြေးနော်၊ တစ်ကယ်လို့ နင်လဲ ဂျပန်ကိုရောက်လာရင် ငါတို့ အားလပ်ရက်တွေမှာ ဆုံကြမယ်”
” အေးပါ၊ ငါတို့ messager မှာနေ့တိုင်း စကားပြေကြမယ်နော်…ငါလေ နင့်ကို ငယ်ပေါင်းကြီးဖော်တစ်ယောက်လိုကို ခင်မင်မိတာပါ ချိုထွေးရာ “
” ငါလဲနင့်ကို အရမ်းကို ခင်တာပါ မြရင် “
လေပြေများက ဖွင့်ထားသော ပြတင်းတံခါးရှိ ခန်းဆီးစအား လှုပ်ခတ်အောင် ကျီစယ်သွားလေသည်။
ချိုထွေးသည် ပြတင်းတံခါး၏ အပြင်ဘက်အား ငေးမောကြည့်ရှုနေရင်းမှ
” မြရင် “
” ပြောလေ ချိုထွေး “
” ငါတို့လည်း ဘယ်တော့လောက်မှ မြန်မာပြည်ကို ပြန်ရောက်ကြမလဲမသိဘူးနော် ၊ ဒီမြေ ဒီရေကို အကြာကြီးခွဲကြရတော့မယ် “
ချိုထွေးသည် မြင်နေရသော ညောင်ပင်ကြီးအားကြည့်ကာ
” သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားရသတဲ့၊ ငါတို့ဟာ သစ်ပင်ကောင်းဖြစ်ဖို့လိုတယ်သူငယ်ချင်း၊ နင့်မိဘတွေက ပက်ကြားအက်နေတဲ့မြေတွေကို ပင်ပင်ပန်းပန်းမထွန်ရအောင် နင်က ကူညီပေးရမယ်၊ ကျန်းမာရေးမကောင်းတဲ့ ငါ့အမေအတွက် ဆေးဖိုးအလုံအလောက်ထောက်ပံ့ပေးနိုင်အောင် ငါက ကြိုးစားရမယ်လေ ၊ ငါတို့တွေရဲ့ စွန့်စားမှုတွေက ငါတို့ချစ်တဲ့ မိသားစုတွေအတွက်မဟုတ်လား၊။ ငါတို့အဆင်ပြေတဲ့အခါ မြန်မာပြည်အနှံ့ ခရီးထွက်လို့ရတယ်လေ “
” အင်းပေါ့မြရင်ရယ်၊ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလေ ၊ ငါတို့တွေ အဆင်ပြေတဲ့အခါ ကမ္ဘာတောင်ပတ်လို့ရတယ်မို့လား “
နှစ်ဦးသား စကားများ ဆက်မဆိုဖြစ်ကြ၊။ ငယ်ရွယ်သော မိန်းမလှလေးနှစ်ဦး၏ စိတ်ထဲ၌ သူတို့၏ အနာဂတ်သည် လှပနိုင်ပါမည်လော ဟူသော သောကများဖြင့် ပုံဖော်ကြည့်နေကြဟန်တူလေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
ဂျပန်နိုင်ငံ၊ Takasaki မြို့
ချိုထွေးတစ်ယောက် သူနေရမည့် အခန်းဆီသို့ လာခဲ့၏။
သူနေရမည့်အိမ်သည် လေးလွှာတိုက်၏ တတိယထပ်။
သူနေသည့်တိုက်၏ နောက်ကျော ၌နောက်ထပ်တိုက်တစ်လုံးက ကပ်လျက် ဆောက်ထား၏။
ထိုတိုက်နှင့် သူနေရမည့်တိုက်သည် အတော်လေးနီးကပ်လေသည်။
ထိုတိုက်နှင့် ချိုထွေးနေသည့်တိုက်သည် ဟိုဘက်မှ လက်ကမ်း၊ ဒီဘက်တိုက်မှလည်း လက်ကမ်းပါက လက်ချင်းထိမည်ထင်သည်။
သူနေရမည့်အခန်းသည် အနည်းငယ်ကျဉ်းသော်လည်း တစ်ဦးစာအဖို့ အတော်လေး ကျယ်၀န်းသည်ဟု ဆိုရပေမည်။
သူလည်း အခန်းလေးအားလှည့်ပတ်ကြည့်ရှူကာ သန့်ရှင်းရေးလုပ်နေ၏။
ကြည့်ရသည်မှာ လူမနေသည်မှာ အတော်လေးကြာမြင့်ပြီဟုထင်ရ၏။ အဘယ်ကြောင့်ဆိုသော် အိမ်သာထဲ၌ တက်နေသော ပင့်ကူမျှင်များက တစ်ခန်းလုံးနီးပါးပင် ။
ပိုင်ရှင်သည် အခြားတစ်နေရာ၌ စတိုးဆိုင်ကြီးဖွင့်ထားကာ ဤ တိုက်ကြီးရှိ အခန်းများအား ငှားစားသူဖြစ်သည်ဟု သိရလေသည်။
သူသန့်ရှင်းရေးလုပ်နေစဉ် တစ်ဦးတစ်ယောက် ကြည့်နေသည်ဟုခံစားလာရ၏။
သူလည်း ပတ်၀န်းကျင်အား ဝေ့ဝဲ အကဲခတ်လေရာ နောက်ကျေဘက် တိုက်၏ ခန်းဆီးစသည် လှုပ်ခတ်သွားလေ၏။
ထိုအခန်းထဲမှ တစ်ယောက်ယောက်သည် သူ့အား ကြည့်နေပုံရ၏။
သူလည်း ထိုနောက်ဖေး ပြတင်းပေါက်အား ဆွဲပိတ်လိုက်ရာ အခန်းသည် အတော်ပင်မှောင်သွားလေသည်။
ထို့နောက်ဖေးခန်းသည် ယခင်က မီးဖိုအဖြစ် အသုံးပြုပုံရ၏။
ထို့ကြောင့် ချိုထွေးလဲ ထိုအခန်းအား မီးဖိုခန်းအဖြစ်သာ ဆက်လက်အသုံးပြုရန်စိတ်ကူးလိုက်၏။
” ကျွီ “
ရေချိုးခန်းတံခါးသည် တစ်ဦးတစ်ယောက် ဆွဲဖွင့်လိုက်သကဲ့သို့ ကျွီခနဲမြည်ကာ ပွင့်သွား၏။
ထိုတံခါးသည် အနည်းငယ်လေးကာ အဖွင့်အပိတ်က သိပ်မသွက်လှပေ။ထို့ကြောင့် ထိုတံခါးသည် လေတိုက်လျှင်ပင် အလိုလိုပွင့်ရန်မလွယ်ပေ။
” ဘယ်သူလဲ ၊ ရေချိုးခန်းထဲက ဘယ်သူလဲ “
” ဟိုက် “
“ဟင် တစ်ယောက်ယောက်ရှိနေတာလား “
ဟိုက် ဟူကာ ပြန်ဖြေသည့်အသံခပ်တိုးတိုးအားကြားလိုက်ရ၏။
ဂျပန်လူမျိုးများသည် တစ်ဦးနှင့်တစ်ဦးတွေ့လျှင် ဟိုက် ဟူ၍ နှုတ်ဆက်တတ်ကြသည်။ထို့ကြောင့် သူ့အမေးအား ဟိုက် ဟုဆိုကာ ပြန်ဖြေသံအား ကြားရသောကြောင့် သူလဲ ထိုအခန်းဘက်သို့ အမြန်ပြေးကာ တံခါးအား ဆွဲဖွင့်လိုက်၏။
” ဟင် ဘယ်သူမှလဲမရှိပါဘူး ၊ ငါများနားကြားမှားလေသလား “
သူလည်း နဝေတိမ်တောင်ဖြစ်ကာ ရေချိုးခန်းထဲရှိ ကြွေဇလုံအား ရေပူရေအေးစပ်ကာ ဖွင့်ထားလိုက်၏။
သန့်ရှင်းရေး လုပ်ပြီးပါက ရေနွေးဖြင့်ဇိမ်ကာ အညောင်းအညာဖြေမည်ဟု တွေးလိုက်၏။
နောက်ရက်၌ မြန်မာမှလာမည့် သူထဲမှ ဂျပန်စကားပြောသင်တန်းဆရာ၏ တူမဖြစ်သူလဲ မိမိနှင့် အတူလာနေမည်ဟု ဆိုသဖြင့် တော်သေး၏။
နေရာသစ်၌ တစ်ဦးတည်းနေရသည်မှာ စိတ်ခြောက်ခြားစရာ ကောင်းလှသည်ဟု ထင်မိ၏။
မကြာမီ ကြွေဇလုံ၌ ရေများပြည့်သွားပြီမို့ ရေအားပိတ်ကာ မီးဖိုခန်းဘက်ထွက်လာခဲ့၏။
လုပ်လက်စ အလုပ်များအား လက်စသတ်ရပေအုံးမည်။
Xxx xxx xxx xxx xxx xxx xxx xxx xxx xxx xxxx
အခန်း(၃)
ချိုထွေးတစ်ယောက် ရေမိုးချိုးပြီးနောက် အိပ်ယာထက်၌ လှဲလျောင်းနေစဉ် ပင်ပန်းလွန်းသဖြင့် မျက်စိက မှေးစင်းလာ၏။
ထိုစဉ် သူ့အခန်း၏ နံရံအား တစ်ယောက်ယောက်က လာခေါက်နေသံအားကြားလိုက်ရ၏။
သူလဲ အခန်း၀သို့ အားယူကာ လှမ်းကြည့်လိုက်စဉ် မေ့စေ့ချွန်ချွန်နှင့်အမျိုးသမီးတစ်ဦးသည် ရပ်ကာသူ့အားကြည့်နေ၏။
ထိုအမျိုးသမီး၏ မေးစေ့မှ စမူဆာချွန်သကဲ့သို့ချွန်နေ၏။
ထိုအမျိုးသမီးသည် ဂျပန်ပြဇာတ်ထဲမှ အရုပ်၏ မျက်နှာပေါက်မျိုးဖြစ်လေသည်။
” နင် နင်က ဘယ်သူလဲ ငါ့အခန်းထဲဘာလာလုပ်တာလဲ “
သူ့အမေးစကားအား ထိုအမျိုးသမီးသည်ပြန်မဖြေပဲ ရယ်ပြနေသည်။
ထိုသို့ရယ်လိုက်သောအခါ မေးစေ့မှာ အဖျားကော့ကာ ပို၍ပင်ချွန်သွား၏။
ပါးစပ်မှာလဲ သာမန်ထက်ပိုကျယ်လေသည်။
ထိုမိန်းမသည် ရယ်ပြခြင်းထက် သွားကြီးဖြီးပြနေသည်နှင့်ပင် တူလှသည်မို့ ချိုထွေးတစ်ယောက် နှလုံးခုန်နှုန်းပင် မြန်လာ၏။
ထိုမိန်းမသည် သူကြည့်နေစဉ်မှာပင် တလှုပ်လှုပ်ဖြင့် လက်နှစ်ဘက်အား လိပ်ပြာပျံသကဲ့သို့ ပြုမူကာ စတင်က လေတော့သည်။
ထိုအမျိုးသမီး၏ ၀တ်ရုံမှာလဲ ခပ်ဖားဖားမို့ လေ၌ပင် လွင့်ဝဲကာ ကနေသည်ဟုထင်ရ၏။
ထိုမိန်းမသည် ချိုထွေးအိပ်နေရာ နေရညအနီးတဖြည်းဖြည်းတိုးကပ်လာရာ ချိုထွေးသည် ထပြေးရန်ပင်ကြံစည်မိလေသည်။
ထိုမိန်းမ၏ မျက်နှာသည် ကြွေရည်သုတ်ထားသော အရုပ်မျက်နှာကြီးနှင့် လွန်စွာတူလေသည်။
ထိုမိန်းမသည် ကနေရင်းမှ ခန္ဓာကိုယ်အား တပတ်လှည့်လိုက်ရာ ဦးခေါင်းနောက်သည် ဟက်တက်ကွဲနေကာ အတွင်းမှ ဦးနှောက်များပင်မြင်နေရသည်မို့
” အားးး မလာနဲ့ သွား …..”
သူ အလန့်တကြားထအော်လိုက်လေသည်။
” ဟင် ငါ ငါ အိမ်မက် မက်နေတာပဲ၊ ကြောက်စရာကောင်းလိုက်တဲ့အိမ်မက်”
သူ၏တစ်ကိုယ်လုံးသည် ချွေးများဖြင့် ရွှဲနစ်နေလေသည်။
ထိုစဉ် အခန်း၏ အပြင်ဘက်၌ ခြေသံအားကြားလိုက်ရ၏။
” ဘုရားရေ ဒီအခန်းက တစ်ကယ်ပဲ သရဲခြောက်တာလား “
သူထိတ်လန့်စွာ ရေရွတ်လိုက်မိ၏။
ဘေး၌ ချထားသော သဘက်သားလက်ကိုင်ပုဝါဖြင့် ချွေးများအား သုတ်ကာ နာရီအားကြည့်လိုက်ပြီးနောက်
” အင်း ညစာစားဖို့အတွက် အပြင်ထွက်ပြီးမုန့်၀ယ်ရအုံးမယ် ၊အိပ်မက်ဆိုးသာ မမက်ရင် ဘယ်အချိန်ထိ အိပ်ပျော်သွားမလဲမသိဘူး “
သူလည်း အပေါ်အင်္ကျီလေးထပ်၀တ်ကာ အောက်ထပ်သို့ ဆင်းလာ၏။
သူဆင်းလာစဉ် အပေါ်ထပ်သို့ အလောတကြီးတက်လာသော ကျောင်း၀တ်စုံ၀တ်ထားသော မိန်းခလေးငယ်တစ်ဦးနှင့်တိုက်မိမလိုဖြစ်သွား၏။
” Sorry နော်”
မိန်းခလေးငယ်သည် သူ့အားအရေးမလုပ်ပဲ လှေကားပေါ်သို့ ဆက်တက်သွား၏။
ထိုကလေးမသည် အပေါ်ဆုံး လေးလွှာ၌ နေထိုင်သူဖြစ်ပေမည်။
သူလည်း အောက်ထပ်သို့သာ ဆက်လက်ဆင်းလာခဲ့၏။
ထို့နောက် အနီးရှိ စတိုးဆိုင်ကြီးမှ စားစရာအချို့၀ယ်ကာ အပေါ်ထပ်သို့ပြန်တက်လာခဲ့၏။
ထိုအချိန် သူ့နောက်မှ ခြေသံတစ်ခုအားကြားလိုက်ရ၏။
သူလည်းရပ်ကာ ထိုခြေသံအား နားထောင်ကြည့်ရာ ခြေသံအားမကြားရတော့။
သူလှေကားပေါ်သို့တက်တက်သောအခါ ထိုခြေသံအားကြားရပြန်၏။
သူတက်လျှင် လိုက်တက်ကာ သူရပ်လျှင် လိုက်ရပ်နေသော ခြေသံ၏ ပိုင်ရှင်ကိုကား မမြင်ရပေ။
” ဘယ်သူလဲ ..ငါ့နောက်ကလိုက်နေတာဘယ်သူလဲ”
” ဟက် ဟက် ဟက် ဟက်”
လှိုင်သံပါသော ခြောက်ကပ်ကပ်ရယ်သံကြီးက ဘယ်နေရာက ထွက်ပေါ်လာမှန်းမသိပေ။
သူလည်း မပြေးရုံတမည် ခြေလှမ်းမျိုးဖြင့် မိမိအခန်းရှိရာဘက်သို့ ကသောကမျောလာကာ တံခါးအား အမြန်ဖွင့်ကာ အခန်းထဲ၀င်လိုက်၏။
” အမယ်လေး ဒီတိုက်က သရဲခြောက်တာပဲ၊ ငါ အကြောက်ဆုံးအရာတွေ တစ်ကယ်ဖြစ်လာခဲ့ပြီထင်တယ် ….ဟူးးး…အခန်းဖော်အမြန်ရောက်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ …မနက်ဖြန်အလုပ်စ၀င်ရမှာမို့ ဒီညတော့ ညစာစောစောစားပြီး စောစောအိပ်မယ် “
သူလဲ ညစာအား ထူးထွေစီစဉ်မမနေတော့ဘဲ ဖြစ်သလိုစားကာ စောစော အနားယူရန် အိပ်ရာထဲလဲလျောင်းရင်း မကြာမီအိပ်ပျော်သွားလေတော့သည်။
” ဂျီး ….ဂျလစ် ဂျစ် “
နားထဲသို့ တိုး၀င်လာသော အသံကြောင့် အိပ်နေရင်းမှ သူလန့်နိုးလာ၏။
“ဂျလစ် ဂျစ်”
” ဟင် ဘာအသံကြီးလဲ ဘယ်ကလဲ “
သူလည်း အသံအားနားစွင့်ကြည့်ရာ အိမ်နောက်ဖေး ပြတင်းတံခါးဆီမှ ထွက်ပေါ်နေခြင်းဖြစ်၏။
” ညောင် …ဂျီး ဂျလစ် “
“ဟင် ကြောင်သံပါလား … မှန်ကိုလက်သည်းနဲ့ကုတ်နေတာထင်တယ် “
သူလည်း လက်နှိပ်ဓာတ်မီးအားလိုရမယ်ရသေဘာဖြင့်ယူကာ အခန်းမီးအားဖွင့်လိုက်ပြီး နောက်ဖေး မီးဖိုဆောင်ခန်းထဲ ၀င်လာခဲ့၏။
” ဂျီး ဂျလစ် ဂျစ်”
မီးဖိုခန်း၏ ပြတင်းတံခါးအား အပြင်ဘက်မှ လက်သည်းဖြင့်ကုတ်ခြစ်နေလေသည်။
ထိုပြတင်းမှ စိမ်းဖန့်ဖန့်မျက်၀န်းတစ်စုံအား ဝိုးတဝါးတွေ့လိုက်ရ၏။
” ဟယ် ကြောင်လေးနေမှာ “
သူလည်း နောက်ဖေး ပြတင်းတံခါးအား ဖွင့်ကြည့်လိုက်၏။
” ဟင် ဘာမှလဲ မရှိပါလား ။ ဟုတ်သားပဲ တိုက်နှစ်ခုကြားမှာ လှေကားမရှိဘာမရှိနဲ့ ဘယ်ကကြောင်က ဒီပြတင်းပေါက်နား လာလို့ရမှာလဲ၊ ပြီးတော့ ငါနေတာက သုံးလွှာမှာ “
” ဘုတ် ဘုတ် “
သူလဲ တိုက်ကြားအမှောင်ထဲ လက်နှိပ်ဓာတ်မီး ဖြင့်ထိုးကြည့်လိုက်ရာ
” အောင်မယ်လေး ဘာကြီးလဲ ….”
“ဂျိမ်း “
သူမြင်လိုက်ရသော အရာကြီးကြောင့် အလန့်တကြားအော်ကာ ပြတင်းတံခါးအား အမြန်ပိတ်၍ အိပ်ရာခန်းထဲ ၀င်ပြေးလေတော့သည်။
” ဘုရား ဘုရား အမေရေ အဟင့် ဟင့် …ကြောက်တယ် သမီးကြောက်တယ် အမေ …သမီးကိုကယ်ပါ “
သူ့တစ်ကိုယ်လုံးတုန်ရင်ကာ ကြောက်အားလန့်အားဖြင့် ငိုနေမိ၏။
သူတွေ့လိုက်ရသည့် မြင်ကွင်းမှာ
နောက်ဖေး တိုက်နံရံ၌ ဆံပင်ဖားလားချကာ ဖြူရော်ရော် မျက်နှာပြောင်ချောကြီးဖြင့်မိန်းမတစ်ယောက်သည် ပင့်ကူလိုတွယ်တက်ကာ သူ့ထံလာနေသောကြောင့်ဖြစ်၏။
ဓာတ်မီး၏ အလင်းရောင်ကြောင့် ထိုမြင်ကွင်းအား ကောင်းစွာ တွေ့လိုက်ရခြင်းဖြစ်၏။
သူလည်းငိုနေရင်းမှ ဖုန်းထဲမှ တရားတော်များအား သတိရသွားကာ တရားအား ဖွင့်လိုက်၏။
ထိုတရားသံကို ကြားပြီး မိနစ်အနည်းငယ် ကြာမှသာ ကြောက်စိတ်၊ အားငယ်စိတ်များ အနည်းငယ်သက်သာသွားကာ ပြန်လည်အိပ်ပျော်သွားလေတော့သည်။
” တီ တီ တီ တီ တီ “
ဖုန်း၏ နိုးစက်သံကြောင့် သူရုတ်တရက်နိုးလာ၏။
” အင်း မနက်ခြောက်နာရီတောင်ထိုးပြီပဲ ၊ ဟူး ညက ကြောက်ကြောက်နဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိဘူး”
” ဗွမ်း ဗွမ်း “
” အလ် ရေချိုးခန်းထဲက ရေချိုးကန်ထဲက ရေတွေ တဗွမ်းဗွမ်းမြည်နေတာလားမသိဘူး “
သူလဲ အိပ်ရာဘေး၌ ထောင်ထားသော သံပိုက်ရှည်အား ကိုင်ကာ ရေချိုးခန်းအနီးချဉ်းကပ်သွား၏။
” ကျွီ “
ရေချိုးခန်းတံခါးအား အသာအယာဆွဲဖွင့်လိုက်၏။
တံခါးမြည်သံကြီးကြောင့် ရင်တုန်ပန်းတုန်ပင်ဖြစ်သွား၏။
” အွန် ဘယ်သူမှလဲ မရှိပါဘူး “
ရေချိုးခန်းထဲ၌ မည်သူမှမရှိသလို ကြွေဇလုံထဲ၌လည်း ရေများက ခြောက်ကပ်နေ၏။
ယုတ်စွအဆုံး ရေချိုးခန်းထဲ၌ ရေစိုထိုင်းမှုပင်မရှိပဲ အရာရာသည် ပုံမှန်အတိုင်းသာ တည်ရှိနေ၏။
” ဟူး ငါလဲ အစိုးရိမ်လွန်ပြီး ကြားချင်ရာတွေကြားနေတာနေမှာ”
သူလည်းတွေဝေမနေတော့ပဲ အလုပ်သွားရန်ပြင်ဆင်ပြီးနောက် အိမ်မှစောစောထွက်လာခဲ့လေတော့သည်။
အခန်း(၄)
အမည်က မိုးဖြူ၊ တိုင်းရင်းသွေးနှောသူတစ်ယောက်။
အဝေးသင်ဘွဲ့ယူပြီးနောက် ဦးလေးဖြစ်သူဖွင့်လှစ်ထားသော ဂျပန်စကားပြောသင်တန်း၌ တက်ရောက်ခဲ့ပြီးနောက် ဦးလေး၏ ဆက်သွယ်ချိတ်ဆက်ပေးမှုအရ ဂျပန်နိုင်ငံရှိ Takasaki မြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ခု၌ အလုပ်လုပ်ရန် အကြောင်းဖန်လာခဲ့၏။
သူ၏အရင် ကြိုရောက်နေသော ချိုထွေးဟူသည့် မိန်းခလေးနှင့်အတူနေရန်လဲ ဂျပန်ရှိ ဦးလေး၏ မိတ်ဆွေဖြစ်သူက စီစဉ်ပေးထားလေသည်။
ထို့ကြောင့် မိုးဖြူအတွက် ဂျပန်သို့အခက်အခဲမရှိ ရောက်ရှိလာကာ ယနေ့တွင် အလုပ်လုပ်ရမည့် နေရာ၌ အတူနေရန်စီစဉ်ထားသည့် ချိုထွေးဆိုသည့်မိန်းကလေးနှင့် တွေ့ဆုံရန်ချိန်းဆိုထား၏။
ချိုထွေးနှင့် သင်တန်းအချိန်မတူသဖြင့် မြန်မာပြည်၌ နေစဉ်အချိန်က ဆုံတွေ့ခဲ့ဖူးခြင်း မရှိပါချေ။
သို့သော် ချိုထွေးသည်လည်း တိုင်းရင်းသူတစ်ယောက်ဖြစ်ကာ ကြိုးစာလိုစိတ်ရှိ၍ အနေအထိုင် အေးဆေးသူမို့ ဦးလေးဖြစ်သူက ချိုထွေးနှင့် သူ့အားအတူနေရန်စီစဉ်ထားပေးခဲ့ခြင်းဖြစ်သည်။
” ဟိုင်း ညီမလေးက မိုးဖြူလား “
” ဟုတ်ကဲ့ အစ်မက ချိုထွေးလားမသိဘူးနော် “
” ဟုတ်တယ်ညီမလေး ၊ တွေ့ရတာ၀မ်းသာလိုက်တာ “
” ဟုတ် ညီမလဲ ထပ်တူ၀မ်းသာပါတယ် ၊ မမကို ဂျပန်မလေးလို့ ထင်နေတာ “
ထိုအခါ ချိုထွေးသည် ခပ်အေးအေးပြုံးပြကာ
” လာညီမ စာရွက်စာတန်းတွေ အစုံပါတယ်မို့လား ၊ မန်နေဂျာနဲ့ သွားတွေ့ရအောင်၊ ညီမပစ္စည်းတွေက ရော “
” အင်း ဟိုတယ်မှာ ထားခဲ့တယ် ၊ ဒီကပြန်မှ ဟိုတယ်ကို၀င်ပြီး check out လုပ်ပြီး တစ်ခါတည်း မမနဲ့ လိုက်ခဲ့လိုက်မယ်၊ မမလဲ အပြန် ညီမရဲ့ ဟိုတယ်ကိုလိုက်ခဲ့အုံး “
” အိုကေ ညီမလေး “
ပြောနေရင်းမှ မန်နေဂျာ ရုံးခန်းသို့ ရောက်လာပြီမို့ နှစ်ဦးသား စကားပြောနေရာမှ ရပ်ကာ မန်နေဂျာ ရုံးခန်းတံခါးအား ခေါက်လိုက်ကြ၏။
ထို့နောက် လုပ်စရာရှိသည်များအား လုပ်၊ မေးသမျှဖြေပြီးနောက် မန်နေဂျာ၏ လက်ထောက်ဖြစ်သူက သူတို့ အလုပ်လုပ်ရမည့် နေရာအား လိုက်လံပြသပေးလေသည်။
ချိုထွေးနှင့် မိုးဖြူတို့ အလုပ်လုပ်ရမည့် ဌာနစိပ်သည် မတူညီကြပေ။
မတူညီဟု ဆိုပင်ညား အဝေးကြီးတော့ မဟုတ်ကြ ၊ အခန်းကျယ် တစ်ခုခြားသာဖြစ်၏။
ထိုနေ့က နှစ်ယောက်သား စက်ရုံမှ ညနေငါးနာရီမှ ပြန်ခဲ့ကြ၏။
အပြန်၌ မိုးဖြူတည်းခိုရာ ဟိုတယ်သို့ ပစ္စည်းများ ၀င်ယူပြီးနောက် လိုအပ်သည်များ၀ယ်ခြမ်းကာ ချိုထွေးနေထိုင်ရာ လေးလွှာသို့ ပြန်လာခဲ့ကြ၏။
သူတို့ပြန်ရောက်ချိန်သည် ညနေခြောက်နာရီခွဲ အချိန်ဖြစ်၏။
” အချိန်တွေက ဘယ်လိုကုန်မြန်မှန်းလဲမသိဘူး၊ တစ်ယောက်တည်းကြ အချိန်တွေက ကုန်ခဲလိုက်တာ..မနေ့ကဆို အခန်းထဲမှာ တစ်ယောက်တည်း ၊အချိန်တွေ ကုန်ပါတော့လို့ ဆုတောင်းနေရတယ် “
” ခုတော့ ဆုတောင်းစရာမလိုတော့ဘူးပေါ့နော် မချိုထွေး “
“အင်းပေါ့ “
နှစ်ဦးသား အထုပ်များဆွဲကာ လှေကားပေါ်သို့တက်လာခဲ့ကြ၏။
ထိုစဉ် မနေ့ကတွေ့ခဲ့သော ကျောင်းသူလေးသည် ချိုထွေးအားတိုက်မိမလိုအနေအထားဖြင့် သူ့အားဖြတ်ကျော်ကာ လှေကားပေါ်သို့တက်သွား၏။
ချိုထွေးလက်မှ အထုပ်သည် ထိုကျောင်းသူလေးနှင့်တိုက်မိကာ ပြုတ်ကျသွား၏။
” မချိုထွေး ရရဲ့လား ၊ အချို့အထုပ်တွေ မိုးဖြူကိုပေးလေ “
” ရတယ်မိုးဖြူ၊ ညီမလဲ ညီမရဲ့ ခရီးဆောင်အိတ်တွေနဲ့ လက်နှစ်ဖက်လုံးအားတာမဟုတ်ဘူး၊ ညီမဖြည်းဖြည်းတက်နှင့်၊ မမ ပြုတ်ကျတဲ့အထုတ်ကောက်လိုက်အုံးမယ်”
” ဟုတ် မချိုထွေး “
ချိုထွေးသည် လှေကားလေးထစ်ခန့်နေရာသို့ ပြုတ်ကျသွားသော အထုပ်အား ဆင်းကောက်ရန် ပြန်လှည့်ရပြန်၏။
ထိုအချိန်၌ မိုးဖြူမှာ သုံးလွှာထပ်သို့ ရောက်ရှိလာခဲ့၏။
သူလဲ လှေကားထိပ်၌ ရပ်နားကာ ချိုထွေးအားစောင့်နေလေသည်။
ထိုအဆောက်အဦး၌ လှေကားနှစ်ခုရှိရာ လှေကားသည် အဆောက်အဦး၏ အစွန်ဘက်များ၌ တည်ရှိ၏။
လှေကား၏ကြား၌ တစ်ထပ်လျှင် အခန်းရှစ်ခန်းပါ၀င်သည်။
ထို့ကြောင့် တစ်ဘက်လှေကားထိပ်မှ ကြည့်ပါက တစ်ထပ်လုံးအား ဟောခန်းသဖွယ်မြင်ရာကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်အဆောက်အဦးပုံစံမျိုးဖြစ်သည်။
” ဂျီး ဂျ လစ် “
မိုးဖြူရပ်နေစဉ် ထိုအထပ်ရှိ မီးချောင်းအချို့မှာ တဖြတ်ဖြတ်ခါနေလေသည်။
” ဒေါက် ဒေါက် ဒေါက်”
လျှေက်လမ်း၌ ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်က ကျယ်လောင်စွာထွက်ပေါ်လာသည်။
မိုးဖြူလဲ ဖိနပ်သံပိုင်ရှင်အား ရှာဖွေနေမိစဉ် တစ်ဘက်ထိပ်လှေကားဘက်မှ အနီရောင်၀မ်းဆက်၀တ်ဆင်ထားသော အမျိုးသမီးသည် အဆောက်အဦး၏ လျှောက်လမ်းဆီသို့ လျှောက်လာနေသည်။
ထိုအမျိုးသမီးသွားရာလမ်းတစ်လျှောက်၌ မီးချောင်းများက တဖျတ်ဖျတ်ခါနေ၏။
မိုးဖြူလည်း ထိုမိန်းခလေးအားကြည့်နေစဉ် သူ့နောက်မှ အနက်ရောင်အင်္ကျီ၀တ်ထားသော လူတစ်ယောက်သည် ပြေးလာကာ ထိုမိန်းခလေးအား ဓားဖြင့် ထိုးလိုက်၏။
မြင်ကွင်းကြောင့်
” ဘုရားရေ …”
သူအလန့်တကြားဖြင့် ခြေလှမ်းအား နောက်ဆုတ်မိစဉ် လှေကားပေါ်မှ ရုတ်တရက် ခြေချော်ကျမတတ်ဖြစ်သွား၏။
” ညီမလေး သတိထားလေ ၊ ဘာဖြစ်တာလဲ “
” ဟို ဟို ….”
သူ့မြင်ကွင်းထဲ၌ ထိုမိန်းခလေးရော အင်္ကျီအမဲနှင့်လူပါ ပျောက်ခြင်းမလှ ပျောက်ကွယ်ကာ အရာရာသည် ပုံမှန်အနေအထားဖြင့် ရှိနေလေသည်။
သူတို့နေထိုင်ရာ အခန်းသည် သုံးခန်းမြောက် အခန်းဖြစ်လေသည်။
” လာ မိုးဖြူ မမတို့နေရမှာ ဒီအခန်းပဲ ၊ မနေ့ကမှ သန့်ရှင်းရေးလုပ်ထားတာ ၊ လူမနေတာကြာတော့ အခန်းက မှိုနံ့တော့ ရှိတယ်”
” ဟုတ် အခန်းက မဆိုးဘူးပဲ ၊ မိုးဖြူတို့ နှစ်ယောက်အတွက် နေလောက်ပါတယ်၊ ဦးလေးပြောတာကတော့ ဒီအဆောက်အဦးမှာ နေကြတဲ့သူအတော်များများက ညီမတို့အလုပ်လုပ်တဲ့ စက်ရုံက လူတွေပဲတဲ့၊ အခန်းခကလဲ အခြားအဆောက်အဦးတွေထပ်စာရင် အတော်သက်သာတယ်ပြောတယ် “
” ဟုတ်လား မမတော့မသိပါဘူး “
” မချိုထွေး မိုးဖြူ အခန်းတံခါးတွေ ဖွင့်ထားလိုက်မယ်နော် “
နောက်ဖေးတံခါးများအား ဖွင့်နေသော မိုးဖြူအား သူတားဆီးရန်စဉ်းစားမိသော်လည်း မိုးဖြူမေးလာလျှင် ဖြေရန်ခက်သည်မို့ မပြောဖြစ်တော့ ၊ ညက တွေ့ရသည့် တိုက်နံရံကြားက အမျိုးသမီးအား တွေးမိရင်း ချိုထွေးတစ်ယောက် ကြက်သည်းများပင် ထလာခဲ့လေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၅)
မိုးဖြူသည် နောက်ဖေး အခန်းပြတင်းပေါက်အား ဖွင့်လိုက်လေရာ တိုက်ကြားမှ ဖြတ်တိုက်လာသော လေအေးများကြောင့် ကြက်သည်းများပင်ထသွား၏။
တိုက်ကြား၌ အမှိုက်များမရှိ ရှင်းလင်းနေသည်အား ကြည့်ကာ တစ်ချက်ပြုံးလိုက်မိသည်။
မိမိတို့ နိုင်ငံ၌မူ တိုက်နောက်ဖေးကြား၌ စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်များကြောင့် ညစ်ပတ်နံစော်ကာ ခြေချစရာနေရာပင်မရှိ၊ အနံ့အသက်များကလည်း ဆိုးရွားလှသည်။
ယခုတိုက်ကြား၌မူ အမှိုက်တစ်စပင်မရှိပေ။
” ဩ ဒီလိုတွေ စည်းကမ်းရှိလို့လဲ သူများနိုင်ငံက တိုးတာနေမှာ “
သူလည်း တိုးတိုးဖွဖွပြောနေရင်း တိုက်ကြားအောက်အား ကြည့်လိုက်မိ၏။
တိုက်နောက်ဖေး၌ ထွန်းထားသော မီးရောင်အောက်၌ အစောတုန်းက တွေ့ခဲ့ရသည့် အနီရောင်၀မ်းဆက်နှင့်အမျိုးသမီးအားတွေ့လိုက်ရ၏။
ထို၀မ်းဆက်မှာ တရုတ်အမျိုးသမီးများ၀တ်ဆင်သော ရင်ဖုံးပုံအင်္ကျီပုံဂါ၀န်မျိုးဖြစ်၏။
” ဟင် အစောတုန်းက ဒီအထပ်မှာ တွေ့လိုက်တဲ့ ဒေါက်ဖိနပ်နဲ့ အမျိုးသမီးပါလား ….ဘုရားရေ သူငါ့ကိုမော့ကြည့်နေပါလား “
ထိုအမျိုးသမီးသည် သူ့အား မော့ကြည့်နေသည်မို့ သူလည်း လန့်သွားကာ ပြတင်းတံခါး၌ ရပ်နေရာမှ အိမ်ထဲသို့၀င်လိုက်၏။
” မိုးဖြူ ရေသွားချိုးတော့လေ ညီမ ၊ မမတော့ ချိုးပြီးပြီ ၊ မိုးဖြူရေချိုးပြီးတာနဲ့ ဆူရှီစားကြရအောင် ၊ မြန်မာပြည်မှာတော့ ဆူရှီတွေက ဈေးကြီးတယ် ၊ ဒီမှာတော့ စားနေကြအစားအစာတွေဆိုတော့ ဒါပဲ နေ့တိုင်းစားကြရမယ်ထင်တယ်”
” မိုးဖြူက ဂျပန်စာတွေ အရမ်းကြိုက်တာ …ရေသွားချိုးလိုက်အုံးမယ်နော်မမ၊ မိုးဖြူက ရေချိုးရင်ကြာတယ်”
” အေး အေး မမ စာဖတ်ရင်း စောင့်နေမယ် “
အချိန်သည် ည၈နာရီခန့်ပင်ရှိလေသည်။
စာဖတ်နေရင်း ငိုက်ပင် ငိုက်မြည်းလာ၏။မိုးဖြူကား ရေချိုးခန်းထဲမှထွက်မလာသေးပေ။
“ကျွီ”
ရေချိုးခန်းတံခါးဖွင့်သံကြား၍ ကြည့်လိုက်ရာ မိုးဖြူ၏ဆံနွယ်ရှည်များက မျက်နှာတစ်ခုလုံးဖုံးအုပ်ကာ ထွက်လာသည်မို့ လန့်သွား၏။
မိုးဖြူသည် သူ၏ခန္ဓာကိုယ်အား တဘက်ဖြူဖြင့်ရင်လျားထားကာ အ၀တ်ဗီဒို ရှေ့၌ ရပ်နေလေသည်။
မှန်ထဲ၌ မိုးဖြူ၏ ပုံရိပ်အားမြင်နေရ၏။
သူကြည့်နေစဉ်၌ပင် မိုးဖြူသည် သူ၏ ဆံနွယ်ရှည်များဖုံးအုပ်နေသည်ကိုလက်ဖြင့်ဖယ်လိုက်ရာ
ကြွေမျက်နှာကဲ့သို့ဖြစ်နေသော မေးစေ့အချွန်နှင့်အမျိုးသမီး၏ မျက်နှာဖြစ်နေသည်အား ထိတ်လန့်စွာ တွေ့လိုက်ရ၏။
ထိုမှန်ထဲမှ အမျိုးသမီးသည် သူ့အား ရယ်ပြနေလေရာ
” အားးး မလာနဲ့သွား “
” မချိုထွေး ၊ ဘာဖြစ်လို့လဲဟင် …မမ အိပ်ပျော်သွားတာလား “
” အင် ဟင် မင်း မင်းက “
” အလ် မမ ကျွန်မက မိုးဖြူလေ ၊ မိုးဖြူရေချိုးပြီး တော့ အခန်းထဲ၀င်လာတော့ မမက အိပ်ပျော်နေတာ၊ မိုးဖြူလဲ အ၀တ်လဲပြီး အိမ်က ဖုန်းလာတာနဲ့ ဖုန်းပြောနေရင်း ကြာသွားတယ် ၊ ဖုန်းပြောပြီး ညစာစားမလို့ မမကို လာနိုးတာနဲ့ မမယောင်အော်နေတာ တွေ့တော့ လန့်သွားတာပဲ “
” ဩ အင်း ဟုတ်တယ် ၊ မမလဲ မိုးဖြူကိုစောင့်ရင်း အိပ်ပျော်သွားရင်း အိပ်မက်ဆိုးမက်နေတာနေမှာ “
” အင်း ဟုတ်မှာ ၊ ကဲ လာမမ မိုးဖြူတို့ ညစာစားရအောင် ၊ ညစာစားပြီး တိုက်၀ရံတာဘက် လေညင်းခံရအောင်မမ၊ ဒီနိုင်ငံက မိုးဖြူတို့နိုင်ငံလို မီးတွေလဲ ပျက်မှာမဟုတ်ဘူး ၊ ညအလှလေးကို ခံစားရအောင် “
” အိုကေ “
နှစ်ဦးသား ညစာစားပြီးနောက် အခန်း၏ မျက်နှာစာရှိ ၀ရံတာ၌ လေညင်းခံကာ စကားပြောနေကြ၏။
ညဆယ်နာရီခန့်မှသာ အခန်းထဲ ၀င်ကာ အိပ်စက်ရန်ပြင်ဆင်ကြလေတော့သည်။
” ရှပ် ရှပ် ရှပ် “
ခြေသံကြောင့် မိုးဖြူတစ်ယောက် လန့်နိုးလာ၏။
“ဟင် နောက်ဖေး မီးဖိုခန်းက ခြေသံပါလား ၊ မချိုထွေးလဲ အိပ်နေတယ် ၊ သူခိုးများလားမသိဘူး ၊ ဟယ် ငါနေက နောက်ဖေးပြတင်းပေါက်ဖွင့်ထားမိလို့ သူခိုးများ၀င်တာလား မသိဘူး “
မိုးဖြူလည်း အိပ်ရာမှ ထကာ နောက်ဖေးခန်းဘက် ထွက်လာခဲ့၏။
“ဟင် မီးဖိုခန်းထဲမှာ ဘယ်သူမှလဲမရှိပါဘူး..ငါများ နားကြားမှားတာလား မသိဘူး “
သူလည်း ဖွင့်ထားသော ပြတင်းပေါက်ဆီမှ တိုးဝှေ့တိုက်ခတ်လာသောလေကြောင့် ည၀တ်အင်္ကျီ၏ ရင်ဘတ်အား ဆွဲစေ့လိုက်၏။
” အမယ်လေး အေးလိုက်တာ အဲကွန်းတောင်မလိုဘူး “
” ဟီးး ဟီးးး ဟီးးးး”
တိုက်ကြားထဲမှထွက်လာသော ခြောက်ကပ်ကပ် ရယ်သံကြီးကြောင့် သူလဲလန့်သွား၏။
ထို့ကြောင့် ပြတင်းတံခါးအား အမြန်ပိတ်ရန် ခပ်သွက်သွက်လှမ်းလလာကာ တံခါးအား ပိတ်မည်ပြုစဉ် အပြင်ဘက် တံခါးဘောင်အောက်၌ မိန်းမကြီးတစ်ယောက် ၏ မျက်နှာအား ရုတ်တရက် တွေ့လိုက်ရသဖြင့်
” အမယ်လေး “
” မိုးဖြူ ညီမလေး ဘာဖြစ်တာလဲ “
” မိန်း …မိန်း…. မိန်းမကြီး “
” ဖယ် ဖယ် မမပိတ်မယ်တံခါး “
ချိုထွေးလဲ တံခါးအား အမြန်ဆွဲပိတ်ကာ မိုးဖြူအား ဖက်ထားလိုက်၏။
မိုးဖြူမှာ အသားများပင်တဆတ်ဆတ်တုန်ကာ ဇောချွေးများပျံလျက် မျက်ရည်များပင်ကျနေသည်မို့
” လာညီမလေး ၊ မမ ရှိတယ် ၊ မကြောက်နဲ့၊ နောက်ဆို အဲ့ဒီနောက်ဖေးတံခါးကို ဘယ်တော့မှ မဖွင့်နဲ့နော် ၊ အဲ့နောက်ဖေးကြားက မသန့်ဘူးညီမ “
” ဟုတ်မမ”
” လာညီမလေး အစောကြီးရှိသေးတယ် ၊နက်ဖြန်လဲ အလုပ်သွားရအုံးမယ် ပြန်အိပ်လိုက်အုံး၊ ညဘက် အပေါ့သွားချင်ရင် မမကိုနိုး ၊ တစ်ယောက်တည်း မသွားနဲ့ ၊ နောက်ရက်ကြရင် အခန်းအကြောင်း နဲနဲစုံစမ်းရအောင် ၊ အခြေအနေမကောင်းရင် မမတို့ ပြောင်းကြရအောင်နော် “
” ဟုတ်မမ”
နှစ်ဦးသား တစ်ဦးကို တစ်ဦးအားပေးရင်း ပြန်၍ အိပ်ပျော်သွားကြလေသည်တော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၆)
နောက်ရက်၌ မိုးဖြူတစ်ယောက် အလုပ်လုပ်ရသည်မှာ စိတ်မပါလှ၊ ညက ပြတင်းပေါက်နား၌ တွေ့လိုက်ရသော မိန်းမကြီး၏ မျက်နှာကိုသာမြင်ယောင်နေမိ၏။
“မိုးဖြူ နေမကောင်းဘူးလား ၊ မျက်နှာလဲ မကောင်းပါလားညီမ “
” ဟုတ်တယ်မချိုထွေး ၊ ညက ကိစ္စနဲ့ အတော်လန့်နေတာ ၊ ညီမက တော်ရုံနဲ့ကြောက်တတ်တာမဟုတ်ဘူး ၊ ဒါပေမဲ့ ညက …”
” ကဲပါမိုးဖြူရယ် ၊ တွေးမနေနဲ့တော့ စိတ်ထဲက ဘုရားကိုသာအာရုံပြုလိုက်နော် ၊ ညီမတင်မဟုတ်ဘူး မမလဲ ကြုံရတာပဲ ၊ ဒါပေမဲ့ ဒါတွေဟာ အမှန်တစ်ကယ်မှမဟုတ်တာ မမတို့စိတ်အားငယ်နေချိန်မှာ မြင်ရတာပါ ၊ မမလဲ ရှိနေတာပဲ “
” အင်းပါမမရာ ၊ ရုတ်တရက်ကြီးကြုံရတော့ လန့်မိတာပါ “
နောက်ပိုင်း နှစ်ဦးသား နောက်ဖေးပြတင်းတံခါးအား မဖွင့်ရဲကြတော့ပေ။
တစ်ရက် ….
ထိုနေ့က မိုးဖြူသည် over time ဆင်းနေသည်မို့ ချိုထွေးတစ်ယောက်တည်းအိမ်၌ ရှိနေ၏။
သူလဲ အိပ်ရာခန်းထဲ၌ လဲလျောင်းနေစဉ်
” ဗွမ်း ဗွမ်း ဗွမ်း “
” ဟင် ရေချိုးခန်းထဲက အသံပါလား ၊ ငါများနားကြားမှားတာများလား “
သူလည်း ရေချိုးခန်းတံခါးအား ဆွဲဖွင့်လိုက်၏။
” ကျွီ”
ရေချိုးခန်း ရေဇလုံထဲ၌ ဆံနွယ်ရှည်များက ကြွေဇလုံထဲ၌ တွေ့လိုက်ရသဖြင့်
” ဟင် မိုးဖြူ ညီ ညီမလေးလား ….. “
သူလဲ အလန့်တကြား ကြွေဇလုံရှိရာသို့ပြေးသွားကာ ထိုကန်အနီးအရောက် ကန်ထဲမှ လက်တစ်ဖက်ထွက်လာကာ သူ့လက်အား လှမ်းဆွဲလိုက်သည်မို့
” ဟင် ဘယ်သူလဲ လွှတ် လွှတ် “
ထိုအခါ ရေထဲမှ အမျိုးသမီးသည် ထလာ၏။
ဆံနွယ်ရှည်ကြားမှ ကြွေရည်သုတ်ထားသကဲ့သို့သော မျက်နှာနှင့် အမျိုးသမီးသည် ပြုံးရယ်လျက် သူ့အား ရေဇလုံထဲ ဆွဲချလေတော့သည်။
သူလဲ အတင်းရုန်းထွက်ကာ အခန်းအပြင်ဘက်သို့ ထွက်ပြေးလေရာ လေးလွှာပေါ်မှ ကျောင်း၀တ်စုံနှင့်မိန်းခလေးသည် တိုက်ပေါ်မှ ခုန်ချသွားသည်ကိုမြင်လိုက်ရ၏။
” ဟင် ဟိုနေ့က တွေ့တဲ့ ကောင်မလေးပါလား ၊ ငါနဲ့လှေကားမှာ ဆုံဖူးတဲ့ ကောင်မလေးပဲ “
သူလဲ ၀ရံတာဘက် ထွက်ကာ အောက်ကိုကြည့်လိုက်ရာ သွေးအိုင်ထဲ၌ ငြိမ်သက်နေသော ကျောင်းသူလေးအား တွေ့လိုက်ရ၏။
” ဟယ် သေရှာပြီနေမှာ ဒုက္ခပဲ ဘယ်သူမှ အဲ့ဒီကလေးမလေးကို မတွေ့ကြဘူးနေမှာ “
ထိုစဉ်လှေကား ထောင့်ခန်းမှ အဖွားကြီးသည် အခန်းထဲမှ ထွက်လာကာ သူ့အားရပ်ကြည့်နေသည်မို့
သူလဲ အဖွားကြီးထံ သွားပြောမည်ဟုတွေးစဉ် အဖွားကြီး၏အနောက် လှေကားမှ ကျောင်းသူလေးသည် ကျောင်းဝတ်စုံဖြင့် လေးလွှာ ထပ်ဆီသို့ အလောတကြီးတက်သွားသည်ကို တွေ့လိုက်ရာ
” ဟင် အစောတုန်းက တိုက်ပေါ်က ခုန်ချတဲ့ ကလေးမပါလား “
သူလည်း အစောတုန်းက ကောင်မလေးပြုတ်ကျသည့်နေရာအား ကြည့်လိုက်ရာ ထိုမိန်းခလေးအား မတွေ့ရတော့ပေ။
သူ၏ ကြောက်လန့်နေသော ပုံစံအားကြည့်ကာ အဖွားကြီးသည် သူ့အား ဂရုဏာသက်သော မျက်၀န်းဖြင့်ကြည့်ကာ သူ့ထံတရွေ့ရွေ့လှမ်းလာကာ
” သမီး ဘာမြင်လို့လဲ “
” ဟို ဟို ကျောင်းသူလေး တစ်ယောက် တိုက်ပေါ်က ခုန်ချတာ တွေ့လိုက်လို့ “
” ဩ မီကာရှီကို တွေ့လိုက်တာနေမှာ “
” ဘယ်လိုအဖွား မီကာရှီ ဆိုတာ ဘယ်သူလဲ “
ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီတိုက်လေသာဆောင်ကနေ ခုန်ချသွားတဲ့ ကလေးမပေါ့ ၊ သူကျောင်းက ပြန်လာချိန် သူ့အဖေက သူ့အမေကို ဓားနဲ့ထိုးပြီး တိုက်ကြားကို ပစ်ချ နေတာကိုရုတ်တရက်တွေ့ပြီး တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာလေ “
” ဟင် ဟုတ်လား စိတ်မကောင်းလိုက်တာ အဖွားရယ် “
” အင်း ဟုတ်တယ် ၊ ပြီးတော့ သမီးတို့နေတဲ့အခန်းမှာလဲ ဘားက အပျော်အကမယ်တစ်ယောက် ရေချိုးနေရင်း အသတ်ခံရဖူးတယ် ၊ အရင်လူတွေကတော့ အဲ့ဒီကောင်မလေးက ခြောက်လို့ဆိုပြီး အဲ့အခန်းကနေ ပြောင်းသွားကြတဲ့သူချည်းပဲ “
” ဟင်ဟုတ်လားအဖွား “
” ဟုတ်တယ်သမီး ၊ သမီးတို့လဲ အဲ့ဒီအခန်းမှာ မနေကြနဲ့၊ ကြာရင် မကောင်းဘူး ၊ ပြီးတော့ ဒီသုံးလွှာမှာ သူများတွေ မနေကြဘူး တွေ့လား ၊အဖွားအခန်းရယ် သမီးတို့ရယ် နှစ်ခန်းပဲ လူရှိတယ်”
” ဟုတ်တယ်နော် အဖွား ဘာဖြစ်လို့လဲ “
” အင်း ဒီအလွှာက သရဲအရမ်းခြောက်လို့ မနေရဲကြတာ “
” ဟင် ဟုတ်လား ၊ဒါဆိုမဖြစ်ဘူး မိုးဖြူကို ဖုန်းဆက်မှရမယ် အခန်းထဲ ဖုန်း၀င်ယူလိုက်အုံးမယ်အဖွား “
သူလဲ အဖွားကြီးအား နှုတ်ဆက်ကာ မိုးဖြူနှင့် ဖုန်းပြောပြီးနောက် ထိုနေ့ညက နှစ်ယောက်သား စက်ရုံက အစ်မတစ်ယောက်အိမ်၌ သွားအိပ်ကြလေ၏။
နောက်ရက်၌ နှစ်ယောက်သား အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားကြလေတော့သည်။
” ဟိတ် ချိုထွေး၊ နင်တို့နေတဲ့အခန်းက အကြောင်းကို ဘယ်သူပြောပြတာလဲ “
“အဲ့ဒီသုံးလွှာရဲ့ လှေကားရင်းအခန်းက အဖွားက ပြောပြတာ “
” ဟင် အဲ့အခန်းက လူမရှိတာကြာပြီနော်”
” ဟာ ရှိပါတယ် ဆံပင်တစ်ခေါင်းလုံးဖြူနေတဲ့ အရပ်ပုပုနဲ့အဖွားလေ “
” ဟာ အဲ့ဒီအဖွားက ဆုံးသွားတာကြာပြီ အဖွား မိုရိတိုက ဆုံးသွားတာကြာပြီ၊ သူ့သမီးကို သူ့သမက်က ဓားနဲ့ထိုးသတ်၊ သူ့မြေးလေးက တိုက်ပေါ်က ခုန်ချပြီးသေ၊ အဲ့ဒီစိတ်နဲ့ သူလဲ အိပ်ရာထဲ ဘုန်းဘုန်းလဲပြီး သေသွားရှာတာ ၊ ဟိုဘက်ခန်းက ဟိအဲက အဲ့အဖွားရဲ့မြေးပဲ ၊ မယုံရင် ဟိအဲ အခန်းသွားကြည့်ရအောင် ၊ သူ့အခန်းမှာ သူ့အဖွားပုံ ချိတ်ထားတယ် ၊ ဟိအဲအဖေက အဖွားရဲ့ သားပေါ့”
ချိုထွေးလဲ မယုံသဖြင့် ဟိအဲအခန်းသို့ သွားရောက်ကြည့်ရှုရာ နံရံ၌ ချိတ်ထားသော ပုံထဲမှ အဖွားသည် သူ့အားပြုံးပြနေလေသည်။ထိုအဖွားသည်ကား လှေကားထောင့်ခန်းမှ အဖွားပင် ဖြစ်ကြောင်း ချိုထွေးတစ်ယောက်သာလျှင် အသိဆုံးပင် မဟုတ်ပေလော ။
လေးစားလျက်
စာရေးသူ နန်းကြာညို