နုနုရည် (အင်းဝ)
(ကလျာမဂ္ဂဇင်း၊ အမှတ် ၃၅၊ နိုဝင်ဘာ၊ ၁၉၈၇)
—
ကျုပ် ဘာဖြစ်လို့ ဒီနေရာကို ရောက်မိပါလိမ့်နော်။
တကယ်တော့ ကျုပ် ဘုရားကုန်းတော်ပေါ် အမှိုက်သရိုက်လေးဘာလေး ရှင်းဖို့ဆိုပြီး ကျောင်းက ထွက်လာခဲ့တာ။ အမှိုက်ရှင်းပြီး အချိန်လေးရရင် ဟိုဘက်ကမ်းသွားပြီး ဒကာမကြီးရဲ့ မြေပုံဘေးမှာ ပုတီးလေးသွားစိတ်လိုက်ဦးမယ် ဘုရားလို့လဲ ဆရာတော်ကိုလျှောက်ခဲ့တာ။ ဆွမ်းတောင်ဖြောင့်ဖြောင့် ဘုန်းမပေးနိုင်ခဲ့ဘူး။ လောလော…လောလောနဲ့ထွက်လာမိတဲ့ကျုပ်။ ကုန်းတော်ပေါ်လည်း မြန်မြန်ဖြတ် ခဲ့တယ်။ အမှိုက်သရိုက်ဆိုတာတွေလည်း မေ့ပစ်ခဲ့တယ်။
ကျောင်းကထွက်ကတည်းက သွက်သွက်ကြီး လျှောက်ချလာခဲ့တာ ဒီကူးတိုးဆိပ်လည်းရောက်ရော ကျုပ် အတော်မောနေပီ။
မြင်းလှည်းတွေ ကားတွေ ရှုပ်ထွေးနေတဲ့ နားနဲ့ ခပ်ဝေးဝေးသစ်ပင်ရိပ်ရဲ့ သစ်မြစ်ပေါ်မှာ ကျုပ် သေသေချာချာ ထိုင်ချလိုက်တယ်။ ဒီနေရာလေးက ရေစပ်နဲ့လည်းနီးနီးဆိုတော့ အမောပြေမယ်။ ပြီးတော့ မြို့ဘက်ကထွက်လာတဲ့ မြင်းလှည်းတွေဆိုက်လာရင်လည်း ကောင်းကောင်းမြင်ရမယ်။
အလို ကျုပ် ဘာတွေဖြစ်နေမိဘာလိမ့်။ ကုန်းတော်အမှိုက်မရှင်းချင်လျှင် ဆရာတော့်ကို ခွင့်ပန်ခဲ့တဲ့အတိုင်း ဟိုဘက်ကမ်းကူးတော့လေ။ ဟိုဘက်ကမ်းမှာ ကျုပ်ရဲ့ သွားလေသူ ဒကာမကြီးရဲ့ မြေပုံရှိတယ်။
အရင်လို အဲ့ဘက်မှာ အေးအေးဆေးဆေး သွား…ပုတီးစိပ် တရားထိုင်ပေါ့။ သံဃာဆို သံဃာ့အလုပ် ကျုပ်လုပ်ရမှာပေါ့။ အိမ်း… စိတ်များအစိုးမရဘူးဆိုတာ တယ်မှန်ပါလားကွယ်ရို့။ ကျုပ် ဟိုဘက်ကမ်းလည်း မကူးချင်ဘူး။ ပုတီးလည်း စိတ်ချင်စိတ်မရှိဘူး။ ကျုပ် မျက်လုံးတွေကို အားယူပြီး မြင်းလှည်းတွေဘက် ဆီကိုဘဲ မမှိတ်မသုန် ကြည့်နေမိတယ်။
ကြည့်နေရင်း ကျူပ်စိတ်တွေ ထိတ်ခနဲဖြစ်ရသေးတယ်။ ဒီနေ့ ဟာ အင်္ဂလိပ်လဆန်း နှစ်ရက်နေ့ဆိုတာ သေချာရဲ့လား။ ဦးပဉ္စင်းလေးကတော့ ပြက္ခဒိန်ကြည့်ပြီး ဒီနေ့ လို့ပြောတာပဲ။ ဟုတ်ကောင်းပါရဲ့လေ။ ဟို သူနာပြုဆရာမ ဒကာမကြီးက ဆရာတော့်ကို
“နှစ်ရက် သုံးရက်လောက်နေရင် ပြန်မယ် ဘုရာ့၊ နှစ်ရက်နေ့ ပြန်ဖို့လုပ်ထားတယ်”
ဆိုတဲ့စကားကို ကျုပ်နားနဲ့ဆတ်ဆတ်ကြားလိုက်ရတာပဲ။ ဒီနေ့ဟာ အဲဒီ ဒကာမကြီးပြောတဲ့ သုံးရက်မြောက်။ တစ်ခါမှ မခွဲဖူးတဲ့ ကျုပ်မြေးကလေးနဲ့ခွဲရတာ သုံးရက်မြောက်တဲ့နေ့ပေါ့။
ရေစပ်ကို ကျုပ် ငုံ့ကြည့်မိတယ်။ ဆံပင်ဖြူငုံ့တိုလေးတွေ ထိုးထောင်နေတဲ့ဦးပြည်းနဲ့ သင်္ကန်းတစ်ပတ်နွမ်းကို ရုံထားတဲ့ ကိုရင်ကြီးတစ်ပါးက ကျူပ်ကို ပြန်ကြည့်နေတယ်။ ကိုရင်ကြီး မျက်နှာက မအေးချမ်းလိုက်တာ။ ဝမ်းနည်းညှိုးမှိန်နေတဲ့ မျက်နှာ။ ပါးတွေ၊ နားတွေ ချောင်ကျနေတဲ့ မျက်နှာ။ မျက်တွင်းတွေကလည်း ဟောက်လို့။ ဪ …ကျုပ် ကျိန်းလို့မရတာ သုံးညရှိပြီလေ။
ဒုက္ခတွေ …။ ဒုက္ခတွေ။ ဒါတွေအားလုံးဟာ သံယောဇဉ်ကြောင့်ဖြစ်ရတဲ့ ဒုက္ခတွေဆိုတာ ကျုပ်သိသားပေါ့။ သိရက်နဲ့ မဆင်ခြင်နိုင်တာဟာ၊ မဖြတ်တောက်နိုင်တာဟာ မဟုတ်သေးပါဘူး။ ကျုပ် မဟုတ်သေးပါဘူး။ သူများတွေပြောသလိုပဲ သွေးမဟုတ်တဲ့၊ သားမဟုတ်တဲ့ သံယောဇဉ်ကို ဘာပြုလို့ များတွယ်နေရမလဲ။
မြေးမကလေး မိခို …။ သင်းလေး ငယ်ငယ်တုန်းက ငိုလိုက်ပြီဆို ခိုကလေးလို ညည်းတတ်လွန်းလို့ သူ့ဘွားအေက ချစ်စနိုးမှည့်ခဲ့တဲ့ မိခို ။ ကျုပ်တို့နဲ့ဘယ်လိုမှ သွေးမတော် သားမစပ်တဲ့ ဒီမိခိုကလေးဟာ သားသမီး၊ မြေးမြစ် ခေါင်းပါးငတ်မွတ်နေခဲ့တဲ့ ကျုပ်တို့လို အဘိုးကြီး အဘွားကြီး နှစ်ယောက်ဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ပလေတယ်။ ဘာပဲပြောပြော မိခိုကလေးဟာ တကယ်တော့ ကျုပ်တို့ရဲ့ မြေးကလေးပါပဲ။ ကျုပ်တို့သားက မွေးတာ။ ကျုပ်တို့ မြေးပဲပေါ့။ အေးလေ … ကျုပ်တို့သားဆိုတာဟာလည်း သားအစစ်မဟုတ်လေတော့ မိခိုကလေးဟာ အလိုလိုနေရင်း ကျုပ်တို့ရဲ့ သွေးမတော် သားမစပ်တဲ့ မြေးမကလေး ဖြစ်ရတော့တာပါပဲ။ ဘာတွေပဲ ဘယ်လိုမစပ်စပ် ကျုပ်တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက်ကတော့ မိခိုကလေးကို ချစ်လိုက်ရတာ တုန်လို့ …။
မိခိုကလေးရယ်၊ သူ့ဘွားအေရယ်၊ ကျုပ်ရယ်လေ…။ ဟော ဟိုမြစ်ပြင်ပေါ်က ငှက်သမ္ဗာန်လေးတစ်စင်းပေါ်မှာ အင်မတန် ပျော်ခဲ့ကြဖူးတာလား။ အရင်တုန်းက ဟောဒီ ငှက်ဆိပ်မှာ ငှက်ခတ်သမား ဦးဆောင်း ဆို ဘယ်သူမှ မသိသူ မရှိ။ အားလုံး သိကြတာပေါ့။ ဟောဟိုနားက ငှက်ခတ်သမားတွေ စုဝေးနားကြတဲ့ ထန်းလက်တဲလေးထဲမှာ ကျုပ်ကို အချိန်မရွေး တွေ့နိုင်တာပေ့ါ။ ကျုပ် တစ်သက်လုံး ငှက်ခတ်စားခဲ့တာပဲဟာ။ ဆယ့်လေးငါးနှစ်ကနေ အိမ်ထောင်ကျလည်း ငှက်သမား။ ကျုပ် အသက် ၆၀ ကျော်အထိ ငှက်သမား လုပ်စားခဲ့တာပဲဟာ။ ခတ်တက်ကို မချီနိုင်တော့မှ၊ လေဆန်ကို မခတ်နိုင်တော့မှ ကျုပ် လက်လျှော့ခဲ့တာပဲဟာ။
ဪ… ကျုပ်သာ ခုချိန်ထိ ငှက်ခတ်နိုင်မယ်ဆိုရင် ကျုပ်မြေးကလေး ဒီလို မဖြစ်စေရပါဘူး။ အစားသိပ်မစားနိုင်တဲ့ အသက် ၆၀ ကျော် အဘိုးကြီးတစ်ယောက်နဲ့ငါးနှစ်အရွယ် ကလေးတစ်ယောက်အတွက် ထမင်းနပ်မှန်ရုံ အလုပ်ကလေးတစ်ခုရဖို့ ဘာကြောင့်များ ဒါလောက် ခက်ခဲခဲ့ပါလိမ့်။
ကျုပ်တို့ လင်မယား ခပ်ငယ်ငယ် အချိန်တုန်းကများတော့လည်း ရှာလို့ဖွေလို့ ကောင်းလိုက်တဲ့အမျိုး…။ စားလို့ ဝတဲ့အပြင် ပိုလျှံတောင်နေသေး။ ရှာတယ်ဖွေတယ်ဆိုတာလည်း ကျုပ် ငှက်ခတ်တာပါပဲ။ ကျုပ်တို့ရွာ ကူးတို့ကနေ ဟိုဘက် စစ်ကိုင်းဘက်ကို ဟိုတုန်းက တစ်ယောက် တစ်မတ်၊ တစ်နေ့ကို ငါးကျပ် ခြောက်ကျပ် ပုံမှန်ရတယ်။ ကျုပ်တို့လင်မယား စားစရိတ်က ဘာရှိတာမှတ်လို့။ တစ်နေ့ သုံးကျပ်လောက်ပဲဟာ စားပါလိမ့်။ အဲဒီတုန်းက ကျုပ်မိန်းမ ဖွားထယ်တို့များ ကလေးမရှိ၊ မြေးငယ်မရှိနဲ့နေ့တိုင်းကျုပ်နဲ့ ဈေးလိုက်တာပဲ။ ငှက်ခလည်းမကုန်၊ အိမ်မှာနေလည်း ပျင်းတော့ မနက် ကျုပ် ငှက်ထွက်ပြီဆို ခြင်းတောင်းလေးတစ်လုံးနဲ့လိုက်လာ စစ်ကိုင်းဈေးမှာ စားချင်တာဝယ်။ ကျုပ် နောက်တစ်ခေါက် စစ်ကိုင်းဈေးကအထွက် ပြန်လိုက်၊ ချက်ပြုတ်ပြီး နေ့လည်ကျ ကျုပ်ဆီ ထမင်းလာပို့။ ကျုပ်တို့နှစ်ယောက် ငှက်တဲထဲမှာ ထမင်းစားပြီး ကျုပ် ငှက်ထွက်တဲ့ အခေါက်တိုင်း ငှက်ထောင့်ကွေးမှာ ဆေးလိပ်တစ်တိုနဲ့ ပုပုလေးထိုင်ပြီး ဖွားထယ် လိုက်တော့တာပဲ။
လင်မယားနှစ်ယောက် စစ်ကိုင်းတောင်တက်၊ ဝါးချက်ဆိပ် လိုက်မလားဆို လိုက်သွားတာပဲ။ အောက် ဘက် ရွာဆိပ်တွေဆိုလည်း လိုက်သွားတာပဲ။ လေအလှည့်သင့်တဲ့အခါ ဖွားထယ်က ရွက်တိုက် ကူတတ်တယ်။ လေလေး…တဖြူးဖြူး…တအေးအေးနဲ့။ ပိုက်ဆံကလည်းရ။ မောရမှန်း မသိပေါင်ဗျာ။ အဲလို ရှာတာနဲ့ပဲ ကျုပ်တို့ ထန်းရွက်တဲထဲကနေ ထရံကာ၊ ကပ်မိုးအိမ်လေး ဆောက်နိုင်တာပဲ။ မဖွားထယ်…ပုလဲနားကပ်လေးတစ်ရံ လုပ်နိုင်တာပဲ။
မဖွားထယ်…မဖွားထယ်။ သားသမီးရူး ရူးပြီး စုဘူးတစ်လုံးနဲ့ ပိုက်ဆံစုရှာတဲ့ မဖွားထယ်…။ မိခိုရဲ့ အဖေ။ ကျုပ်သား ငမိုက်ကောင် သိန်းဟန် ကို ရလာတုန်းကမျက်နှာကို ခုတွေးရင် ခုမြင်မိသေးတယ်။
စစ်ကိုင်း ဆိပ်ကမ်း သဲသောင်ပြင်ပေါ်မှာ ရတနာထုပ်ကြီးကို ရလာတဲ့မျက်နှာနဲ့ သူ့ဈေးခြင်း တောင်းကို တယုတယ ပွေ့ယူလာတဲ့ မဖွားထယ်။ ကျုပ် ငှက်ပေါ်ကို ဂရုတစိုက်တက်လာပြီး အသံ တုန်တုန်ယင်ယင်နဲ့
“ကိုဆောင်း ဒီမှာကြည့်စမ်း ကျုပ်တို့သားကလေး ” တဲ့။
ကလေးလေးတစ်ယောက်။ ဈေးခြင်းတောင်းထဲမှာ သူ့ခေါင်းပေါင်းတဘက်နဲ့ ထုပ်ထားတဲ့ နီတာရဲ ကလေးလေးတစ်ယောက်။ ဈေးထောင့်မှာ ပစ်ထားတာ ယူမယ့်သူ မရှိလို့တဲ့။ အို…ကျုပ်တို့လင်မယား ပျော်လိုက်တဲ့အမျိုး။ သောကြာနေ့မှာ ရတဲ့ကလေးမို့ သိန်းဟန်လို့ ဗေဒင်တွက်ချက်မှည့်ပြီး ‘ အသိန်း …အသိန်း ’ နဲ့ ကျုပ်တို့ ပါးစပ်ဖျားက မချခဲ့ကြဘူး။ ချစ်တဲ့ နေရာမှာတော့ ရှားမှရှားတဲ့ မဖွားထယ်။ ကလေး စားနိုင်စ အရွယ်မှာ အစားအသောက်တွေကို တန်းစီထားပြီး ဇွတ်ကျွေးတာ ကလေးမရှူနိုင် မကယ်နိုင်ဖြစ်တဲ့ထိ။
ကျုပ် မြေးကလေးကတော့ သင်းအဖေလောက် ကံမကောင်းခဲ့ရှာပါဘူး။ သင်းလေးအဖေ အရွယ်ရောက်ပြီး ကျုပ်တို့လင်မယားကို အမျိုးမျိုး နှိပ်စက်ပြီး အိမ်က ထွက်သွားတော့ ကျုပ်တို့လင်မယား အသက်ကြီးကြပြီ။ အရင်ကလိုလည်း ရှာလို့ ဖွေလို့ မကောင်းတော့ဘူး။ ရှိတဲ့ ပစ္စည်း လေးတွေလည်း ကုန်ပြီ။ ဒါပေမဲ့ မဖွားထယ်ကတော့ သူ့သား အသိန်း ကို တ လို့ ငိုတုန်း။ အဲဒီ အချိန်မှာပဲ ဟိုကောင် သမိုက်က လသမီးအရွယ် မိခိုကလေးနဲ့ ကျုပ်ဆီ ပြန်ရောက်လာခဲ့တယ်။ မဖွားထယ် ရယ်လေ ဟိုတုန်းက အသိန်းကို ယူလာတုန်းက မျက်နှာမျိုးနဲ့ ကလေးကို အလုအယက် ပွေ့ချီပြီး
“ကိုဆောင်း ဒီမှာ ကြည့်စမ်း ကျုပ်တို့ မြေးကလေး ” တဲ့။
ကျုပ်တို့ သိန်းဟန်ကို ဘာမှ မေးမနေပါဘူး။ မိခိုကလေးကိုထားပြီး သိန်းဟန် ပြန်ပျောက်သွားတာကိုလည်း ဂရုမစိုက်ကြပါဘူး။ မိခိုကလေး အတွက် အားအင်အသစ်နဲ့ ကျုပ် ငှက်ခတ်တယ်။ မဖွားထယ် ကလည်း မိခိုကလေးအတွက် ပဲပြာ၊ ပဲရွေးတဲ့ အလုပ်လုပ်တယ်။ မိခိုကလေးဟာ အင်မတန် ချစ်စရာကောင်းတာပဲ။ ဒါပေမဲ့ ဒင်းကလေး ကံမကောင်းလိုက်ပုံများကတော့ သင်းလေး သုံးနှစ် သမီးလောက်မှာ သင်းဘွားအေက ကျုပ်တို့ မြေးအဘိုးကို ထားပစ်ခဲ့တယ်လေ။
အို…ကျုပ်တို့မြေးအဘိုး ဒုက္ခရောက်လိုက်ပုံများတော့။ အသက်ကြီးပြီ။ ခတ်တက်ကို မနည်းချီ နေရတဲ့ အဘိုးကြီးတစ်ယောက်နဲ့ လူမမည်ကလေးတစ်ယောက်ပါတဲ့ ငှက်ကလေးဟာ ဧရာဝတီမြစ် ထဲမှာ တလူးလူး တလိမ့်လိမ့်နဲ့ လေတိုက်ရာ လွင့်ပါပြီး တွေ့ရာကမ်းမှာ ထိုးထိုး စိုက်ရတတ်တယ်။ ရွာကမ်းကိုရောက်အောင် ကမ်းပေါ်ကနေ ကြိုးနဲ့ဖြေးဖြေးချင်းဆွဲပြီး ကျူပ်သွားရတော့၊ မိခိုကလေးဟာ ငှက်ဝမ်းထဲမှာ ဆာလောင်တဲ့ မျက်နှာလေးနဲ့။ တစ်ခါတစ်လေ ပိုက်ဆံမရလို့ ထမင်းမစားရရင်လည်း ထန်းလျက်လုံးလေး ပါးစောင်မှာ ငုံပြီး မဲ့တဲ့တဲ့ မျက်နှာလေးနဲ့။ ကျုပ် ဘယ်လိုလုပ် ဒီလူမမည်လေးကို ရက်စက်ရက်မှာလည်း။ တစ်ရွာလုံးက ကျုပ်ကို ဝိုင်းပြောကြတယ်။ အလကား သွေးမတော် သားမစပ် နဲ့ ကြီးတောင်ကြီးမား ဒုက္ခရောက်နေတာ…ဒီဟာမလေး ကြောင့်တဲ့။ ကျုပ်ကို ကျွေးချင် မွေးချင်တဲ့ သူတွေက မိခိုလေးကြောင့် တွန့်ဆုတ်သတဲ့။ သူများကိုပေးပစ်တဲ့။ ယူမယ့်သူမရှိရင် စစ်ကိုင်းဆိပ်မှာ အသာလေးထားခဲ့ပေါ့တဲ့။ ကျုပ်မြေးလေးကို ကျုပ် လုပ်ရက်မလားတဲ့။
ကျုပ်လေ ဘယ်လောက်များ ကြံ့ကြံ့ခံလိုက်လဲဆို ကျုပ်မှာ ရှိတာတွေ အကုန်ကုန်လို့ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေလို့ ဆရာတော်ကြီးက ကိုရင်ကြီးဝတ်ဖို့ ကျောင်းကို ဇွတ်ခေါ်တဲ့အထိ မိခိုကလေးကို ကျုပ် ခေါ်လာခဲ့တယ်။ ဆရာတော်ကို အမျိုးမျိုး ပြောပြပြီး ကျုပ် မြေးလေးကို ထားနိုင်ခဲ့ပေမဲ့ ရွာက ကျုပ်ကို မကြေနပ်ကြဘူးလေ။ ကျုပ် ဆွမ်းခံရင် ကျုပ်သပိတ်ထဲ ဆွမ်းလောင်းဖို့ လက်တွန့်တတ်ကြတယ်။ ပြောလည်း ပြောကြတယ်။ ဆွမ်းခံကျွေးတဲ့အထိတော့ ကျုပ် လွန်တယ် တဲ့လေ။
ဒီဆွမ်းကိုပဲ အားကိုး အသက်ရှင်နေရတဲ့ကျုပ်ကို သေခါနီး ကိုရင်ကြီးတစ်ပါးအနေနဲ့ ကျုပ် ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ။ ပြီးတော့ ကျုပ် သံသရာ အကျိုးအတွက် ကျုပ်လုပ်ရဦးမယ်လေ။ သံယောဇဉ်ကို ကျုပ် ဖြတ်ရလိမ့်မယ်။
ခုတော့လည်း အားလုံးဟာ ပြီးသွားပါပြီလေ။ မိခိုကလေးကို ဆရာတော် စီစဉ်ပေးတဲ့ သူနာပြု ဆရာမကြီးနဲ့ ထည့်လိုက်ရပြီ။ ဆရာမကြီးက မိခိုကလေးကို ကျောင်းလည်း ထားပေးမယ်တဲ့။ ကောင်းကောင်းလည်း ဆင်ပြင်မတဲ့။ ကျုပ်မြေးလေး ကံကောင်းမှာပါ။ ဆရာမကြီးနဲ့ မိခိုကလေးနဲ့ ရန်ကုန်ကို ဒီနေ့ပြန်မတဲ့။ ဆရာမကြီး မန္တလေးဘက်ကို ဒီကူးတို့ဆိပ်ကနေ ကူးရမှာ။
ကျူပ် ထိုင်ရာက ထပြီး သစ်ပင်ရိပ်အောက်မှာ ဟိုလျှောက်ဒီလျှောက် လုပ်မိပြန်တယ်။ ကျုပ်ဒီအောက်မှာထိုင်တာ အတော်ကြာသွားပြီပဲ။ မြို့ဘက်က လာတဲ့လမ်းဆီကို ကျုပ် မျှော်ကြည့်မိပြန်တယ်။ ဟော မြင်းလှည်းတစ်စီး လာနေပြန်ပါပေါ့လား။ ကျုပ် တုန်တုန်လှုပ်လှုပ်နှင့် သစ်မြစ်ပေါ်မှာ ပြန်ထိုင်ချလိုက်တယ်။ ဘုရား…ဘုရား…ဟောတစ်ယောက်။ ဟောတစ်ယောက်။ အားလုံးခြောက်ယောက်။ ကုန်သွားပြီ။ မိခိုကလေးတို့ ပါမလာသေးဘူး။ ဒုက္ခ ဒုက္ခ။ ဒီနေ့ဟာ အင်္ဂလိပ် နှစ်ရက်မှ ဟုတ်ရဲ့လား။ ဟုတ်ရင်တောင်မှ ရန်ကုန်ရထားက ဘယ်အချိန်ထွက်တာလဲ။ သူတို့ ကျုပ် မလာခင် ခပ်စောစောကများ ကူးသွားကြပြီလား။
ကျုပ် ရင်ထဲမှာ မောဟိုက်ဟိုက်ကြီးဖြစ်လာတယ်။ သင်းပိုင်ကြားထဲက မိခိုကလေး အင်မတန် မက်မောတဲ့ မြေဆေးတံအိုး အကျိုးလေးကို ကျုပ် စမ်းသပ်လိုက်မိတယ်။ ကျုပ် ငှက်ခတ်ရင်း ရေထဲက ဆယ်ယူလာတတ်တဲ့ ကစားစရာတွေနဲ့ ကြီးပြင်းခဲ့ရှာရတဲ့ ကလေး။ ဒီ မြေဆေးတံအိုးအကျိုးလေးကို သူ ငယ်ငယ်တုန်းက ကျုပ်က ပါးစပ်မှာတပ်ပြီး “ အဘိုးကြီးအို ခါးကုန်းကုန်း ” လုပ်ပြရင် သင်းလေး သဘောကျလို့။ သင်းလေး ကြီးလာတော့ ဒီဆေးတံကို ပါးစပ်မှာတပ်ပြီး ကျုပ် ကိုပြန်လုပ်ပြရတာလဲ သူ့မှာ မမောနိုင်၊ မပန်းနိုင်။ ဒီဆေးတံလေးကိုတော့ သူ ယူသွားချင်ရှာမှာပဲ။ ဒါပေမဲ့ မိခိုကလေး ကျုပ်ကိုမြင်လို့ နေခဲ့တော့မယ်ဆိုပြီး ငိုရင်၊ ကျုပ် ဘယ်လိုလုပ်မလဲ။ ကျုပ်ထိုင်ရာက ထလိုက်မိပြန်တယ်။
“ဦးရင်ကြီးမဟုတ်လား။ ဘာလုပ်နေတာလဲ ဘုရာ့”
ဟင်…ကျုပ် ပစ္စည်းလေးပါး ဒကာမကြီး ဒေါ်အေးစိန်ပါလား။
သူ့လက်ထဲမှာ ကြိုးတစ်ချောင်းနဲ့ ခွေးသေတစ်ကောင်ကို ဆွဲလို့…။
“ဪ..အင်း..ဟိုဘက်ကမ်းကူးမလို့ ဒကာမကြီးရေ။ ခဏထိုင်နေတာ။ ခွေးသေ လာပစ်တာလား”
“တင့်ပါ့ ဘုရား၊ တပည့်တော်တို့အိမ်က ရန်လုံကြီးလေ ဘုရာ့။ သေရှာပြီ”
ဒေါ်အေးစိန်က ခွေးသေကို ရေထဲ လွှဲပစ်ချလိုက်ရင်း…
“ဦးရင်ကြီးလည်း ခုမှပဲ လူမြင်လို့ တင့်တယ်ပေတော့တယ်။ နို့မို့ဆို နေရာတကာ သင်္ကန်းကြီး တဖားဖား၊ ကလေးက တွဲလောင်းနဲ့။ ကောင်မလေး ပါသွားပလား”
“သွားပြီ”
လို့ ကျုပ်ဖြေရင်း ဒီတစ်ခါ ဒေါ်အေးစိန်နဲ့တွေ့ရတာ ကျုပ် စိတ်ပေါ့ပါးနေမိတယ်။ မိခိုကလေးနဲ့ ပတ်သက်ရင် ဒေါ်အေးစိန်ဟာ ကျုပ် ကိုအပြောဆုံး။ ပြောသမှ…ဒီဆရာမကြီးကို မပေးသေးဘူးဆိုရင် သူ့အိမ်ကို ဆွမ်းခံမကြွနဲ့တော့လို့ အပြတ်ပြောတဲ့ ဒကာမ။ မိခိုလေးက ဒေါ်အေးစိန်များ ဘုန်းကြီးကျောင်းလာပြီဆို အမြဲ ပြေးပုန်းတတ်တာ။ အင်း…ခုနေများတော့ မိခိုတို့ မြင်းလှည်း ဆိုက်မလာပါစေနဲ့ဗျာ…။
“ဒီနေ့တစ်နေ့လုံးတော့ ရန်လုံကြီးအတွက် စိတ်ကိုမကောင်းဘူး ဘုရာ့။ တပည့်တော်မ မျက်ရည်တောင် ကျမိတယ်”
“ဪ ဒီလိုပေါ့ ဒကာမကြီးရယ်။ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် သေမျိုးတွေချည့်ဟာ။ ဘာတတ် နိုင်မလဲ”
ဒေါ်အေးစိန်က သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချတယ်။
“ဟုတ်တာတော့ ဟုတ်တာပေါ့ ဘုရား။ ဒါပေမဲ့ တစ်သက်လုံး ကိုယ်နဲ့လက်ပွန်းတတီး နေလာတော့ တိရစ္ဆာန်ဖြစ်ပေမဲ့ စိတ်မကောင်းဖြစ်တာတော့ ဖြစ်တာပဲဘုရာ့”
“သွားမယ်…ဘုရာ့’’
ဆိုပြီး ထိုင်ကန်တော့ ထွက်သွားတဲ့ ဒေါ်အေးစိန်ကို ကျုပ် ငေးကြည့်နေမိတယ်။ ကျုပ်ရင်ထဲမှာပိုပြီး တင်းကျပ်လာတယ်။ မိခိုကလေးကရော ကျုပ်နဲ့ လက်ပွန်း တတီး နေခဲ့တဲ့ ကလေးတစ်ယောက်မဟုတ်ဘူးလား ဒကာမကြီးရဲ့။ ပြီးတော့ မိခိုကလေးဟာ လူမလေးလေ။ အို…ကျုပ် ဒီလိုမတွေးကောင်းပါဘူးလေ။ ကျုပ်ဟာ ဒေါ်အေးစိန်တို့လို လူဝတ်ကြောင် မဟုတ်ဘူး။ ဘုရားသားတော် တစ်ပါးအနေနဲ့ သံယောဇဉ်ကြိုးတွေကို ကျုပ် ဖြတ်တောက်နိုင်ရမယ်။
“ဦးရင်ကြီး…ဟိုဘက်ကမ်းကူးမလို့ မဟုတ်လား။ ဒီမှာ ငှက်ကြုံတယ် ဘုရာ့”
ဟော…ငှက်တဲထဲက ကျုပ်ကိုသိတဲ့ ငှက်သမားတွေက လှမ်းအော်နေပြီ။ ကျုပ် လိုက်သွားမှ ဖြစ်မယ်ထင်တယ်။ ကျုပ် ဒီအောက်မှာတစ်ချိန်လုံး ထိုင်နေတာ ကြာလှပြီ။ ဟုတ်တယ်…။ ကျုပ်လိုက်သွားတာပဲ ကောင်းတယ်။ ကျုပ် ဒီမှာ ဘာအဓိပ္ပာယ်ရှိလဲ။ မိခိုကလေးတို့ လာတော့မှာ မဟုတ်ပါဘူး။ သွားနှင့်တာလည်း ဖြစ်ချင်ဖြစ်မှာ။ အို…ဖြတ်…ဖြတ်…ဒါတွေကို အားလုံးဖြတ်…။
မြစ်ပြင်ပေါ်က လူးလိမ့်နေတဲ့ ငှက်ဝမ်းထဲမှာထိုင်ပြီး ကျုပ်မျက်စိထဲမှာ နေပူဒဏ်ကို ခံရပြီ။ ငှက်ဦးထောင့်မှာ ကျုံ့ကျုံ့ကလေးထိုင်တတ်တဲ့ ဂါဝန်အစုတ်လေးနဲ့ ကလေးလေးတစ်ယောက်ကို ဘာကြောင့်များ မြင်နေမိပါလိမ့်။
ကျုပ် ဆိပ်ကမ်းဘက်ဆီကို ပြန်လှည့်ကြည့်မိပြန်တယ်။ ဘုရား…ဘုရား၊ ဟောဟိုမှာ၊ ဟောဟိုမှာ..။။ မြင်းလှည်းဘေးက ကမ်းပါးထိပ်မှာ။ ရပ်နေကြတာလေ…။ ဆရာမကြီးနဲ့ မိခိုကလေး မဟုတ်လား။ ကျုပ် မျက်စိမှုန်ပေမဲ့ သိပါတယ်။ ကျုပ်သိတယ်။ ဆရာမကြီးဘေးက ရပ်နေတဲ့ သင်းကလေးဟာ ကျုပ်မြေးကလေးပါ။ ကျုပ် မြေး မိခိုကလေးပါ။ သင်းကလေး ကျုပ်ကို မြင်လေသလား။ ကျုပ်ကိုမြင်ရင် သင်းကလေး ဘာလုပ်မလဲ။ ဆရာတော်ကြီး ဘယ်လိုသင်သင် မရဘဲ ဦးရင်ကြီး ခေါ်ဖို့ ပေကတ်တတ်တဲ့ ကျုပ်မြေးကလေးဟာ အဘိုးဆောင်းရေ လို့တော့ အားရပါးရ ခေါ်လိုက်မှာ အသေအချာပဲ။
ဒါပေမဲ့ ဒီဘက်ကမ်း ကပ်ခါနီးနေတဲ့ ကျုပ်ကို သင်းလေး မမြင်ပါဘူး။ ဟော သူတို့ စက်လှေထဲ ဆင်းပြီ၊ ကြည့်စမ်း ကျုပ်ပုဆိုးကို၊ ကျုပ်သင်္ကန်းကို အမြဲ ဆွဲလိုက်တတ်တဲ့ ကျုပ်မြေးကလေး အကျင့်ကို ဆရာမကြီးက မကြိုက်ဘူးနဲ့တူရဲ့။ သူ့ထမီစကို ဆွဲလိုက်တဲ့ မိခိုကလေးရဲ့ လက်တွေကို ဆွဲဖြေပြီး စက်လှေထဲ မ ချပေးလိုက်တယ်။ သေးကွေးပိန်လှီတဲ့ ကျုပ်မြေးမလေးရဲ့ ခန္ဓာကိုယ်လေးကို စက်လှေ ဝမ်းထဲက လူတွေကြားမှာ သဲသဲကွဲကွဲ မမြင်ရတော့ဘူး။
“ဦးရင်ကြီး ရှေ့နားမှာဆိုက်လိုက်မယ် ဘုရာ့၊ အဲဒီနားက တက်ရင် နီးတယ်”
ငှက်က သိမ့်ခနဲ ထိုးဆိုက်ပြီး ကျုပ် ကမ်းပေါ်ရောက်တာနဲ့ ဟိုဘက်ကမ်းက စက်လှေနှိုးသံကို ကြားလိုက်ရတယ်။ သွားပြီ။ ကျုပ် မြေးကလေး သွားပြီ။ ကျုပ် မိခိုကလေးနဲ့ ဘယ်တော့မှ မတွေ့ရတော့ဘူး။
ကျုပ်စက်လှေကို လှမ်းမကြည့်တော့ပါဘူး။ အို…ဒါတွေဟာ ဒုက္ခတွေ…ဒုက္ခတွေ။ မငြိမ်းချမ်းနိုင်တဲ့ သောက ဒုက္ခတွေ။ အပူမီးတွေ။ ဒါတွေကို ကျုပ် ငြှိမ်းသတ်နိုင်ရမယ်။ လက်ထဲက ပုတီးကို တင်းတင်းကျပ်ကျပ်ဆုပ်ရင်း ကမ်းအတက် သစ်ပင်အုပ်တွေကြားက သုဿန်ထဲကို မြန်မြန် ဝင်ခဲ့တယ်။ ကုက္ကိုပင်ခြေရင်းမှာ ကျုပ် တရားထိုင် ပုတီးစိပ်တဲ့ မဖွားထယ်ရဲ့ မြေပုံ၊ ကျုပ် တရားထိုင် ပုတီးစိပ်ရမယ်။
ဘုရား…ဘုရား…စိပ်ပုတီးကိုင်ထားတဲ့ ကျုပ်လက်တွေ တဆတ်ဆတ် တုန်နေပါလား။ မျက်လုံးတွေကို စုံမှိတ်ပြီး မြေပုံဘေးမှာ ကျုပ် ထိုင်ချလိုက်တယ်။
“မဖွားထယ်…ဒကာမကြီး ဒီတစ်ခါလာတာ ကျုပ် တစ်ယောက်တည်းရယ်”