လင်းယုန်သစ်လွင်

“ဒီညတော့ အာရုဏ်တက်ထိ မနေပါနဲ့ ကိုညိုရယ်။ရသလောက် ငါးနဲ့ ဘဲ သန်းကောင်လောက်တော့ ပြန်တက်ခဲ့နော်”

မနန်းအိမ်သည် ကမ်းထိပ်မှနေကာ လှေငယ်တွင်းရှိ ရေကို ပက်ထုတ်နေသည့် ကိုကျီးညိုကို ပြောလိုက်သည်။

မနန်းအိမ် အသံက ဂရုဏာသံ အပြည့်အဝ ပါလေသည်။ တနည်းဆိုရလျှင်လည်း စိုးရိမ်စရာရှိသော် လွန်လွန်ကဲကဲ စိုးရိမ်တတ်သည့် မိန်းမသားတို့၏ အတွင်းသဘောကို မနန်းအိမ် နှုတ်ဖျားက အတိအလင်း ဖေါ်ပြနေသည်။

“အေးပါကွာ … မနန်းကလဲ ပူတတ်ရန်ကော။ ကြက်ဦးတွန်ချိန် လောက်ဆို လဝင်သွားမှာကွ။ လမိုက်ပြီး နှင်းလိုက်လာယင် ငါးကလေး သားလေး အတော်အတန် ရမလားလို့ပါကွာ။ ကျုပ်အတွက် မစိုးရိမ်စမ်းပါနဲ့”

ကမ်းခြေရေစပ်ရှိ ပိုက်လှေငယ်ပေါ်မှ ကိုကျီးညို သည် ကမ်းထိပ်မှနေကာ စိုးရိမ်ကြောင့်ကြစိတ်နှင့် ပြောနေသည့် ဇနီးသည်အား ဖြေသိမ့်မှုစကား ဆိုလေသည်။

“ဟုတ်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် ကိုညို အိပ်ပျက်တဲ့ညပေါင်းတွေ များလှပီ။ အတော်ကြာ နေထိုင်မကောင်း ဖြစ်နေမှဖြင့်…”

မနန်းအိမ်သည် စကားကို ပြီးဆုံးအောင် ရှေ့ဆက်မဆိုပေ။

“ကိစ္စမရှိပါဘူးကွာ…”

ကိုကျီးညိုသည် ဝါးပက်ခွံဖြင့် လှေငယ်တွင်းမှ ရေကို တဖြန်းဖြန်း ပက်ထုတ်နေ၏။

ကမ်းထိပ်တွင်မူ မနန်းအိမ်နှင့် သားကလေး မောင်ရေအေးတို့သည် နေရာမှ မရွေ့ရှားဘဲ ရပ်မြဲနေရာတွင်ပင် ရပ်နေ၏။

သုံးနှစ်ကျော် လေးနှစ်ထည်းသို့ ရောက်နေပြီဖြစ်သော မောင်ရေအေးသည် မှုန်မွှားမွှား မြင်တွေ့နေရသော လှေသမ္ဗာန်များ၏ လှုပ်ရှား လှော်ခတ်မှုကို အငေးသား မျှော်ကြည့်နေ၏။ မောင်ရေအေးသည် ကလေးငယ်တို့ဘာဝ ဘာကိုမျှ စိတ်သောက ရောက်ရစကောင်းမှန်း မသိ။ ကြောင့်ကြခပ်သိမ်းနှင့် ပူ ပန်ခပ်သိမ်းတို့မှ ကင်းငြိမ်းချမ်းမြေ့လှသည်။

အမိ၏ ရင်ငွေ့ကို ခိုလှုံကာ အဖ၏ မြတ်နိုးယုယသော အပြုအမူကို အမြဲထာဝစဉ် ခံယူနေရသည့် အခါ၌ သင်းကလေး၏ နှလုံးသားမှာ သီတာရေပမာအလား ကြည်လင်ချမ်းမြေ့ဟန် တူလေသည်။

ကိုကျီးညိုသည် လှေငယ်တွင်းမှ ရေကိုသာ ဒလစပ် ပက်ထုတ်လေသည်။ ညနေခင်းက အတန်ငယ်လေပြင်းတိုက်လိုက်သဖြင့် ရေလှိုင်းကလေးများ ရိုက်ပုတ်လျက် လှေငယ်တွင်း ရေအတော်ဝင်နေ၏။

အချိန်မှာ နေဝင်ဖြိုးဖျအချိန် ဖြစ်၏။

ဆောင်းရာသီ ဆောင်းကာလ ဖြစ်သောကြောင့်လည်း နေဝင်စပြုလေသော် အမှောင်ရိပ်သည် တမုဟုတ်ခြင်း လွှမ်းခြုံရစ်သိုင်းလာတော့၏။ သည်လို အမှောင်ရိပ်နှင့်အတူ ဆောင်း၏ ငွေနှင်းမှုန်တို့ကလည်း တသုန်သုန် တဖြူးဖြူး တိုက်ခတ်လာသည့်လေနှင့် ရောထွေးလျက် အပြေးအသော့ လိုက်ပါလာကြ ကုန်၏။

“မနန်းတို့သားအမိ ပြန်တော့လေကွာ။ အတော်လေးတောင် မှောင်ရီပျိုးလာပီ”

“ကိစ္စမရှိပါဘူး၊ ကိုညိုသွားမှ ပြန်မယ်”

ကိုကျီးညို ဆက်မပြောတော့ လှေငယ်တွင်းမှ ရေကိုသာ တဖန် ဆက်ပက်နေတော့သည်။ သူ့ စိတ်များသည် ရွာမြောက်ဖျား ခပ်လှမ်းလှမ်းတွင်ရှိသော သူနှင့် ဘဝတူ ကိုတံငါများ စုရုံးစတည်းချရာ လေးတိုင်စင် ဒုံရင်းဆီသို့သာ စိတ်စောလျက် ရှိလေ၏။

အမှောင်ရိပ်များ အတော်အတန် ဖုံးအုပ်လွှမ်းမိုး လာသည့်အခါ သူတို့ စက္ကော့ရွာကလေး တရွာလုံးရှိ နေအိမ်များမှ မီးရောင်ကလေးတွေ တလက်လက် ထွက်ပေါ်လာ၏။

အချိန်အတန်ကြာသွားသည့်အခါ လှေငယ်၏ ဝမ်းပျဉ်ချပ်နှင့် ဝါပက်ခွံထိခိုက်သံ တဂျစ်ဂျစ်ကို ကြားရသည်။ လှေငယ်တွင်းရှိ ရေများကုန်စင်သွားပြီ ဖြစ်သောကြောင့် သည်အသံ ထွက်ပေါ်လာခြင်းဖြစ်၏။

ကိုကျီးညိုသည် ရေပက်ခွံကို ချပြီးနောက် လှေငယ်ပေါ်မှ ကမ်းပေါ်သို့ တက်လိုက်သည်။ နောက် ကမ်းပေါ် တနေရာတွင် အလိုက်သင့်ချထားသည့် ပိုက်ကို လှေငယ်ပဲ့ပိုင်း ဝါးကပ်ပေါ် သို့ တင်လိုက်သည်။

ထိုကိစ္စ ပြီးသည့်အခါ ဖျင်ကြမ်းအင်္ကျီအိတ်ထဲမှ သနပ်ဖက်ဆေးလိပ်ကို နှိုက်ယူလိုက်ပြီး မီးညှိလျက် ဖွာရှိုက်လေသည်။

“မင်းတို့သားအမိ ပြန်တော့လေ….”

ကိုကျီးညိုသည် ဆေးလိပ်ကို သုံးလေးဖွါထက်မနည်း ဖွာရှိုက်ပြီးနောက် မနန်းအိမ်ကို ပြောပြန်တော့သည်။

“သွားပါ့မယ် ကိုညို”

သည်တကြိမ်တွင် မနန်းအိမ်သည် သားငယ်ကို ကောက်ချီလိုက်၏။ သို့ရာတွင် သူ့ခြေထောက်သည် မူလနေရာမှ မရွေ့ရှားသေး။

ယမုနာ ဧရာလမ်းဝယ် ပိုက်ချပိုက်မျှောလေမည့် လင်တော်မောင်၏ လှေငယ် သည်ကမ်းခြေမှ မခွါသရွှေ့ သူကလည်း သည်ကမ်းမှ ခွါလိုဟန် မတူ။

ကိုကျီးညိုသည် ငုတ်တိုင်တွင် ချည်နှောင်ထားသည့် လှေငယ်၏ ကြိုးစကို ဖြည်ကာ လှေငယ်ဦးကို မြစ်ပြင်သို့ အတန်ငယ် တွန်းထုတ်သည်။ နောက် လှေငယ်ပဲ့ပိုင်းတွင် တက်ထိုင်လိုက်သည်။

“ပြန်တော့ဟေ့ … အတော်တောင် အေးလာဘီ။ လူလေး အအေးမိနေပါ့မကွာ”

သည်တကြိမ်တော့ မနန်းအိမ် ဆက်ရပ်မနေသာတော့ပြီ။ ချစ်လင်ကို ကျောခိုင်းလျက် နေအိမ်ဘက်သို့ ခြေတလှမ်း နှစ်လှမ်း လှမ်းစပြုသည်။ သို့ရာတွင် ခုကမှ တစုံတရာ သတိရဟန်နှင့် ခြေလှမ်းကို တုန့်လျက် တဖက်သို့ မျက်နှာလှည့်ပြန်သည်။

“ဒီမယ် ကိုညို”

“ဘာလဲကွ မနန်း”

ကိုကျီးညိုသည် လှော်တက်ကို ရေတွင်နှစ်ထားရာမှ လှေငယ်ကို ရှေ့ဆက်မလှော်သေးဘဲ ကမ်းထိပ် မနန်းအိမ်ရှိရာသို့ မော့ကြည့်လိုက်သည်။ အတော်ပင် မှောင်ရိပ်ဖုံးနေသဖြင့် မည်းမည်းသဏ္ဍာန် မြင်ရသည်မှလွဲ၍ လူလုံးမကွဲပြားတော့ပေ။

“ညရေးညတာ သတိထားနော်”

“စိတ်ချစမ်းပါ မနန်းရာ”

ကိုကျီးညိုသည် ကမ်းခြေမလှမ်းမကမ်းမှ ခွါလျက် လှေငယ်ကို လှော်စပြုသည်။

မနန်းအိမ် ကိုယ်တိုင်မှာလည်း လှေငယ်သဏ္ဍာန် ကွယ်ပျောက်လေမှပင် အိမ်ဘက် လှည့်ပြန်သွား တော့သည်။

X X X X

ငွေနှင်းမှုန်မှုန်သည် လေညှင်းသုန်သုန်တွင် ရောထွေး လိုက်ပါလာခြင်းဖြင့် ဧရာဝတီမြစ်ရေ တခွင်တပြင်လုံး ပိန်းပိတ်လု လွှမ်းခြုံထားတော့သည်။

ကိုကျီးညိုသည် လှေငယ်ကို ကမ်းခြေရေသာနှင့် ကပ်နိုင်သမျှ ကပ်လျက် လှော်လေသည်။ သူသည် ရေ၌ ကျွမ်းကျင်သူ ကိုတံငါတယောက် ဖြစ်သောကြောင့်လည်း ကမ်းခြေရေသာမှ ကပ်လျက် ဝဲပြန်သဘောကိုလိုက်ခါ လှေငယ်ကို လှော်ခတ်လာခြင်း ဖြစ်သည်။

သူနှင့် အလှမ်းကွာဝေးသော မြစ်လယ်သာသာ ဈေးဦးကျွန်း ရေကြောင်းဆီမှ တအိအိ တလှုပ်လှုပ် ပိုက်မျှောလာသော တံငါလှေငယ်တစင်းကို တွေ့ရသည်။ အလှမ်းဝေးလှသဖြင့် ဘယ်သူဘယ်ဝါမှန်း သူမသိပါချေ။

ကိုကျီးညိုသည် လေးတိုင်စင် ဒုံရင်းသို့ မရောက်မီစပ်ကြား လှေငယ်ကို ခပ်လှော်ယင်းမှ တောင်တွေးမြောက်တွေး, တွေးလေသည်။ သူ၏ အတွေးအတောများသည် အခြားတပါးသော အကြောင်းတွေတော့မဟုတ်။ အိမ်နေကြင်သူသက်ထားနှင့် သား ကလေး မောင်ရေအေးတို့အကြောင်းပင် ဖြစ်လေ၏။

သားကလေး မောင်ရေအေးကို မမွေးမီအချိန်က ဆိုပါလျှင် ချစ်ဇနီး မနန်းအိမ်သည် ပိုက်လှေဦးစီးအဖြစ်အတူ ယှဉ်တွဲလိုက်ပါစမြဲဖြစ်၏။ သူတို့ ဇနီးမောင်နှံနှစ်ဦးသည် လွတ်လပ်သော ဟိုစဉ်ကာလ သားသမီးမရမီ အချိန်ကမူ ပိုက်ဆင်းပိုက်ချလျှင်လည်း တပြုံးပြုံး၊ ပိုက်သိမ်း၍ ပြန်ခဲ့လျှင်လည်း တပြုံးပြုံး ပျော်မဆုံး ရှိခဲ့ကြ၏။

မနန်းအိမ်သည် ကိုယ်ဝန်အရင့်အမာကြီးနှင့် ဖြစ်သည့်တိုင် ပိုက်လှေဦးစီး လိုက်နေတုံးဖြစ်၏။ လင်ယောက်ျားဖြစ်သူ တယောက်ထည်း ပင်ပန်းရှာမည်ကို ခမျာက ပူပန်ဟန် တူလေသည်။

သူနှင့် ပဋိသန္ဓေ ကိုယ်ဝန်ရင့်လာ၍ နေ့မွေးလေမလား ညမွေးလေမလား ဖြစ်နေသောအခါ၌လည်း နေအိမ်တွင် ထားခဲ့၍ မရရှာပေ။ ဇွတ်အတင်းပေကပ်လျက် ပိုက်လှေတွင်လိုက်ပါခဲ့လေသည်။

သည်လိုနှင့် တညသောအခါ ပိုက်ချပိုက်မျှောနေခိုက် မနန်းအိမ်တွင် ကမ္မဇလေ လှုပ်ရှားတော့သည်။ ကိုကျီးညိုမှာ မျက်လုံးပြူးရလေတော့သည်။ ရေတွင် မျောပါနေသည့် ပိုက်ကိုလည်း လှေငယ်ထက်သို့ အဆောတလျင် ဆွဲတင်ရတော့သည်။

မည်မျှလောက်ပင် အလျင်တဆောနှင့် ပိုက်ကို ကမန်းကတန်း ဆွဲတင်ပါသည်ဆိုပေမင့် လျင်မြန်လှအဆုံး ဆယ့်ငါးမိနစ်, မိနစ်နှစ်ဆယ် ကြာတော့သည်။

လူခြေတိတ်ဆိတ်သော အကာလ ညဉ့်သန်ကောင်ကျော်အခါ မြစ်ဧရာရေလယ်ကြောဝယ် အဘယ်သူကို အကူအညီခေါ် ၍ ဖြစ်လေမည်နည်း။ လေးတိုင်စင် ဒုံရင်းနှင့်ကလည်း အလွန်တရာ ဝေးကွာလှဘိခြင်း။

လှေငယ်ထက်သို့ ပိုက်တဖုံလုံး ဆွဲတင်ပြီးလေသော် ရွာကမ်းခြေရှိရာသို့ လှေငယ်ကို လက်ကုန်လှော်ရလေ၏။ ကိုကျီးညို၏ ပိုက်သမားဘဝတာတွင် သည်တကြိမ်လောက် အဘယ်တုန်းအခါကမှ အားစွမ်းထုတ်လျက် မလှော်ခဲ့စဘူးဟူ၍ ထင်မိပေသည်။

သို့ရာတွင် မြစ်လယ်နှင့် ကမ်းခြေမှာလည်း အနီးကလေးမဟုတ်။ တဖန် ရေစီးရေဆန်ကို လှော်နေရပြန်သဖြင့် အချိန်အတော် ကြန့်ကြာလေသည်။

လှေငယ်ဦးကို ကမ်းခြေသို့ ထိုးကပ်မိသည့်အချိန်၌မူ ဇနီးသည်၏ ကိုယ်ဝန်သားငယ်မှာ အပြင်အပသို့ ရောက်နေလေပြီ။

သို့ကြောင့် ထိုသူငယ်ကို စက္ကော့တရွာလုံးက မောင်ရေအေးဟု အမည်နာမ ပေးကြကုန်၏။

သူတို့ကား ရေတွင် ကျက်စားကြကုန်သည်သာမဟုတ်၊ ရေ၌လည်း မွေးဖွားကြသူတွေပေတည်း။

မကြာမီ အတွေးအတောကို ကိုကျီးညို ရပ်လိုက်သည်။ သူ့လှေငယ်သည် ရွာမြောက်ဖျား လေးတိုင်စင်သို့ ရောက်ခဲ့ပေပြီ။

ထိုအခိုက် သူ့နောက်ပါး ခပ်လှမ်းလှမ်းမှ လူတဦးတယောက်၏ လှော်တက်ဆွဲသံနှင့် သီချင်းသံ မတိုးမကျယ်ကို ကိုကျီးညို ကြားလိုက်ရသည်။

“သောင်းသောင်းညံ၊ ကြင်ဖေါ် ဇင်ရော် တွဲပါလို့၊
ဝဲကာပျံ … မောင်နှံ တောင်ပံရိုက် ဆော်သွင်း
သောင်တင်းခေါက်ရှာ … ဟင်္သာပျံရောက်လာ
ကူးကာ ကူးကာ ရွှင်မြူး ပျော်ကြရှာ”

ကိုကျီးညိုသည် သီချင်းသံရှင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

“ဟေ့ … နီထွေး … မင်း ခုမှ လာတာလား”

“ဟာ ကိုကျီးညို … ခင်ဗျားကြီး နောက်ကျလှချည့်လား။ ခု ကျုပ် ပိုက်တခေါက် ပြန်တက်လာတာလေ”

နီထွေးသည် သူ၏လှေငယ်ကို ကိုကျီးညို လှေငယ်နှင့် ဘေးခြင်းယှဉ်ထိုးကပ်လိုက်လေသည်။

“ဘယ့်နှယ့်လဲဟေ့ … ငါးအတိုးများရဲ့လား”

ကိုကျီးညိုသည် နီထွေး၏ လှေဝမ်းထည်း လှမ်းကြည့်ယင်း မေးလိုက်သည်။

“ငသလောက်လေး နှစ်ကောင်ပါဗျာ။ တကောင် ငါးဆယ်သားထက် မပိုပါဘူး”

မကြာမီ ကိုကျီးညိုနှင့် နီထွေးတို့သည် ကိုင်းရွှက်ခြောက်များ မိုးထားသော လေးတိုင်စင်ရှိရာ ကမ်းထက် တက်ခဲ့ကြသည်။

လေးတိုင်စင်အောက်တွင်မူ ကိုတံငါများသည် မီးပုံကို ဝိုင်းဖွဲ့ထိုင်ကြယင်းမှ လဖက်ရည်အဖန်ကို တခွက်ပြီးတခွက် သောက်လျက် စကားဝိုင်းဖွဲ့နေကြသည်။

ကိုကျီးညိုနှင့် နီထွေးတို့သည် ထိုလူအုပ်အတွင်းသို့ ဝင်ရောက်ကာ ရောနှောထိုင်လိုက်ကြလေသည်။

X X X X

လဝင်သွားသည်မှာ ကြာပေပြီ။ လရောင်ကွယ်သည့် အခါ ဆောင်းညသည် မလှပတော့။ ဝိုးတဝါးကြယ်ရောင်မျှဖြင့် ငွေနှင်းကမ္ဗလကသာ သိပ်သည်းစွာ ဖုံးလွှမ်းထားတော့သည်။

ရွာငယ်ဆီမှ မီးရောင်များလည်း ဆိတ်သုဉ်းကွယ်ပျောက်ခဲ့လေပြီ။ ရံဖန်ရံခါ စိတ်ပျက်အားငယ်စရာ ကောင်းလှသော ခွေးအူသံများကသာ လေနှင့်အတူ ရောထွေးလျက် မြစ်ပြင်သို့ ရိုက်ခတ်လွင့်ပါးလာတတ်၏။

အချိန်မှာ သန်ကောင်ကျော်ခဲ့ရုံသာမက အရုဏ်တက်သို့ပင် တစတစ နီးကပ်လာလေပြီ။

သို့ရာတွင် ကိုကျီးညိုခမျာ ပြောပလောက်သော သားငါးကိုကား မရရှိရှာသေးပါပေ။ ခုကမှ ငါးသလောက် သုံးလေးကောင်နှင့် ငါးအုပ်ဖါး နှစ်ကောင်မျှသာ ရရှိပေသည်။

ကိုကျီးညိုသည် သူ့အလှည့်ဖြစ်သောကြောင့် ပိုက်ကိုမျှောသည်။ ချလာလေသည်။

မကြာမီ သူ့ လက်တွင် ကိုင်ထားသော ပိုက်၏ လက်ရင်းကြိုးက တဆတ်ဆတ် လှုပ်လေသည်။ သူသည် ပိုက်ကြိုးကို လွှတ်ချခဲ့ပြီးနောက် ပိုက်အလျားအတိုင်း ရေသံတက်သံ မကြားစေဘဲ လှေ ငယ်ကို လှော်လျက် ဗေါ့ကလေးတခု မြုပ်ချည် ပေါ်ချည် ဖြစ်နေသည့်နေရာအရောက်၌ ပိုက်ကန့်ကို ရေပေါ်ဆွဲမလိုက်သည်။

နောက် ပိုက်တွင်း၌ တိုးမိနေသည့် ငါးကို အသာအယာ ဖြုတ်ယူလျက် ပိုက်ကို ရေထဲသို့ တဖန် ပြန်ချလိုက်သည်။

သည်လို ရေသံတက်သံ မကြားစေဘဲ လှေငယ်လှော်သည်ဆိုရာ၌ အခြားသူတွေအဖို့ အံ့တပါးဖြစ်ရပေမင့် ကိုတံငါရေလုပ်သားတို့ အနေနှင့်ကား မဆန်းကြယ်လှပါပေ။

သူတို့သည် ရေ၌ နှစ်ထားသည့် တက်ကို ရေပေါ်သို့ မဖေါ်ဘဲ ရေသံတက်သံ မကြားရအောင် လှော်နိုင်ခတ်နိုင်ကြသူများ ဖြစ်၏။ လှေလှော်လှေခတ် မကျွမ်းကျင်သဖြင့် ရေသံတက်သံ ထွက်ပေါ် ခဲ့သော် ပိုက်တွင်းမှ ငါးသည် ကြောက်လန့်တကြား ရုန်းသောကြောင့် ပိုက်တွင်းမှ လွတ်ထွက်သွားတတ်သည်။

အကယ်၍ ပိုက်ချည်ပိုက်ကြိုးများက ဆွေးမြေ့နေခဲ့လျှင်လည်း ပိုက်ကွင်းပိုက်ချည်ပြတ်လျက် ငါးသတ္တဝါသည် လွတ်မြောက်သွားတတ်လေ၏။

ကိုကျီးညိုသည် လှေငယ်ပဲ့တွင်ထိုင်ကာ ပိုက်၏ လက်ရင်းကြိုးကို ကိုင်လျက် ရေယဉ်စီးကာ လိုက်ပါခဲ့လေသည်။

သည်လို လိုက်ပါလာခဲ့ယင်းမှ အိပ်ပျက်ခဲ့သည့် ညပေါင်းကလည်း များလှသည်တကြောင်း၊ ဆောင်းရာသီ၏ အအေးဓါက်ကလည်း လွန်မင်းလှသောကြောင့်တကြောင်း၊ ပိုက်တွင်းသို့ ငါးမတိုးသည့်အခါ လှေငယ်ထက်မှ ကိုကျီးညိုခမျာ ငိုက်မျည်းစ ပြုတော့သည်။

အဖါအထေးပေါင်း မြောက်မြားစွာဖြင့် နှစ်ထည်ထပ်လျက် ဝတ်ထားသည့် ဖျဉ်ကြမ်းအင်္ကျီသည် ကိုကျီးညိုအဖို့ အနွေးဓါတ်ကို မပေးစွမ်းနိုင်ပေ။

အရုဏ်ဘက် နီးကပ်လာသည်နှင့်အမျှ အအေးဓါတ်ကလည်း ကိုကျီးညို တကိုယ်လုံးအား ရစ်ပတ်ဖွဲ့နှောင်လေတော့၏။

ကိုကျီးညိုသည် ငိုက်မျည်းရာမှ ငုတ်တုတ်ထိုင်ယင်း မှေးကနဲ အိပ်ပျော်သွားလေသည်။

“ချမ်းလို့ရယ်တုန် မလုံကွေးတယ် မလေး၊ ကိုယ်ရေးကြုံတော့နော်”

ဟူသော ယမုံနာတေးသွားသည် သူတို့များအတွက်ပင် ဖြစ်လေရောသလား။

အမှန်ပင် ကိုကျီးညိုတယောက် ကိုယ်ရေးကြုံလေတော့ပြီ။ လှေငယ်ထက်တွင် အမှတ်မထင် အိပ်ပျော်သွားရာမှ သူ့လက်မှ ပိုက်လက်ရင်းကြိုးစသည် တဖြည်းဖြည်း လွတ်ကျသွားသည်။

လက်တဖက်မှ လှော်တက်ငယ်မှာလည်း ရေထဲသို့လျောကျသွားသည်။

ထိုအခါ လှေငယ်သည် ရေစီးရေကြောအတိုင်း တရွေ့ရွေ့ မျောပါလေသည်။ ဥာဏ်ဖေါ့နက်ကလေးများ တပ်ဆင်ထားသော ပိုက်မှာလည်း ရေအလျဉ် ဆွဲဆောင်ရာသို့ တငြိမ့်ငြိမ့်မျောလေသည်။

ငါးသလောက်ပိုက်တဖုံ၏ တန်ဘိုးမှာ နည်းပါးလှသည်တော့မဟုတ်။ သူ့လို မရှိနွမ်းပါး၍ ပိုက်တဖုံ ကွန်တလက်ရှိပါမှ တအိမ်ထောင် ထမင်းတဝမ်း စားရရှာသူများအတွက် ပိုလိုပင် တန်ဘိုးရှိလှပေ၏။

ဧရာဝတီမြစ်ရေပြင်ထက်ဝယ် ပိုက်နှင့်လှေမှာ ရေအလျင်၏ ဆွဲဆောင်ရာသို့ လိုက်ပါမျောနေလျက် လှေငယ်ပဲ့မှ ကိုကျီးညိုခမျာ တရှူးရှူးအိမ်မောကျလေ၏။

ထိုအခိုက် အလစ်ချောင်းနေသော ပိုက်ဖြတ်သမား ပိုက်သူခိုး လှေတစင်းသည် ရေသံမကြားစေဘဲ သူတို့၏ လှေငယ်ကို အသာအယာ လှော်လာလေသည်။

ဦးတယောက် ပဲ့တယောက်ဖြစ်သော ထိုသူနှစ်ယောက်သည် မလှမ်းမကမ်းမှနေလျက် ပိုက်လှေထက်ရှိ ကိုကျီးညို၏ အရိပ်အကဲကို ကြည့်လေ၏။

ထိုသူတို့၏ လုပ်ငန်းမှာ အာရုဏ်ဘက်နီး၍ ပိုက်လှေသမားများ ငိုက်မျည်းလေသော် ရေတွင် မျှောချထားသည့် ပိုက်ကို ဆယ်တောင် ဆယ့်ငါးတောင် စသည်ဖြင့် လက်လှမ်းမှီသလောက် ဖြတ်ယူသွားတတ်ခြင်း၊ ဖြစ်နိုင်လျှင် ပိုက်တဖုံလုံးကို ခိုးယူသွား တတ်ခြင်း ပြုကျင့်တတ်ကြသည်။ နောက် ထိုပစ္စည်း ထိုပိုက်ကို တခြားတနေရာရာ၌ ရောင်းချခြင်း ပြုကြလေသည်။

လူနှစ်ဦးပါသည့် လှေငယ်သည် ရေကြောရေကြောင်းနှစ်ခွပြောင်းသွားသည့်နေရာ ရောက်လေသော် ပိုက်လှေငယ်ပေါ်မှ ကိုကျီးညို အိပ်ပျော်နေပြီဖြစ်ကြောင်း တတ်အပ်သေချာ သိကြလေ၏။

အဘယ့်ကြောင့်ဆိုပါမူ ကိုကျီးညို၏ လှေငယ်မှာ တဖက်သောရေကြောင်းအတိုင်း မျောပါသွားလျက် ငါးသလောက်ပိုက်မှာမူ အခြားသော ရေကြောင်းသို့မျောပါသွားသောကြောင့် ဖြစ်လေသည်။

နှင်းမှုန်မှုန်တွင် ကြယ်ရောင်ကလေးများ၏ အလင်းသာ ရှိသော်လည်း အမှောင်ထုအတွင်း၌ အမြင်ကျင့်သားရနေသည့် ထိုသူနှစ်ယောက်သည် ပိုက်မျောရာရေကြောင်းသို့ သူတို့၏ လှေငယ်ကို ရေသံမကြားစေဘဲ လှော်ခဲ့ကြလေသည်။

သူတို့နှစ်ဦးသည် ပိုက်ကို လက်လှမ်းမှီသည့်အခါ၌ပင် သူတို့၏ လှေငယ်ထက်သို့ ဆွဲတင်ခြင်း ပြုလေ၏။

ထိုအခိုက်၌ပင် အိပ်ပျော်နေသော ကိုကျီးညိုမှာလည်း ဖျပကနဲ လန့်နိုးတော့သည်။

ကိုကျီးညိုသည် အိပ်မှုံစုံမွှားဖြင့် သူ့လက်မှ ပိုက်လက်ရင်းကြိုးကို၎င်း၊ လှော်တက်ကို၎င်း ယောင်ယောင်ရမ်းရမ်း ရှာလေသည်။ ဘာတခုသို့မျှ ကိုကျီးညို မတွေ့တော့ပေ။

သူသည် အထိတ်တလန့်နှင့် တောင်မြောက်လေးပါးအရပ်ကို ကြည့်သည်။ တနေရာရှိ မဲမဲသဏ္ဍာန် နှစ်ယောက်ကို မသဲမကွဲ တွေ့ရတော့ပြီ။

ကိုကျီးညိုသည် မျက်လုံးအစုံကို ပွတ်သပ်ကြည့်ပြန်၏။ လူချင်းက သိမ်မဝေး၊ လှေငယ်တလျားသာသာခန့်တွင် ဖြစ်၏။ ထိုသူနှစ်ဦးသည် ရေအောက်မှ ပိုက်ကို သူတို့၏ လှေငယ်ပေါ်သို့ ဆွဲတင်နေကြောင်း ခပ်ဝါးဝါး မြင်ရတော့သည်။

ယောင်ရမ်းရမ်းဖြစ်နေသော ကိုကျီးညိုသည် လှေဝမ်းကပ်ပေါ်မှ ဆောင်ဓါးကို ကောက်ကိုင်လိုက်ပြီး

“သူခိုးဟေ့… သူခိုး… သူခိုး။ ပိုက်သခိုးဟ… ပိုက်သူခိုး… ပိုက်သူခိုး..”

ဟူ၍ ကုန်းအော်လေသည်။

ထိုကဲ့သို့ အော်ဟစ်ယင်းမှ သူ့လှော်တက်ကိုလည်း လှေငယ်၏ ဝဲယာတဖက်တချက် ရေပြင်ပေါ်တွင် ကြည့်ရှုရှာဖွေသည်။ လှေငယ်ထဲ၌လည်း ရှာဖွေကြည့်လေသည်။

သို့ရာတွင် လှော်တက်ကိုကား သူ မတွေ့တော့ပါချေ။

ကိုကျီးညိုသည် လက်မှ ဆောင်ဓါးကို လှေဝမ်းကပ်ပေါ်သို့ ပစ်ချလိုက်သည်။ နောက် လှေငယ်၏ ဦးပိုင်းသို့ ပြေးသွားသည်။

ကြာလျှင် လှေငယ်ချင်းလည်း ဝေးသွားပေမည်။ ပိုက်မှာလည်း ထိုသူနှစ်ဦးလက်တွင်း ပါရှိသွားပေမည်။

မတတ်သာတော့ပြီ။ သူသည် လှေငယ်ဦးတွင် ထိုင်ချလိုက်ပြီးနောက် ထိုသူနှစ်ဦး၏ လှေငယ်ရှိရာသို့ သူ၏ လှေငယ်ကို လက်နှစ်ဖက်ဖြင့် ကုန်းယက်လေသည်။

“သူခိုးဟေ့… သူခိုး… သူခိုး။ ပိုက်သူခိုးဟေ့… ပိုက်သူခိုး… ပိုက်သူခိုး”

ကိုကျီးညိုမှာ အဆက်မပြတ် လည်ချောင်းကွဲမတတ် အော်ဟစ်လေသည်။

ကိုကျီးညို၏ အော်ဟစ်သံကို သူ့နောက် ခပ်လှမ်းလှမ်းမှ ပိုက်မျှောလာသော နီးထွေးက ကြားလေသည်။

တဖန် နီထွေးကလည်း သူ့နောက်မှ ဘထွန်းကို လှမ်းအော်ပြီးနောက် သူ့ပိုက်ကို ရေကြော၌ မျှောထားခဲ့ကာ ကိုကျီးညို ရှိရာသို့ လက်ကုန်သုတ် လှော်ချလာလေ၏။

သူခိုးအော်သံသည် မြစ်ရိုးတရိုးလုံး ဆူပွက်သွားတော့သည်။ လေသင့်နေခြင်းကြောင့်လည်း စက္ကော့ရွာကလေးဆီသို့ပင် ပြန့်လွင့်ရိုက်သွားတော့သည်။

သို့ကြောင့်လည်း အိပ်ရာမှ နှိုးသူများသည် မီးတိုင် မီးဒုတ် မီးခွက်များကို ထွန်းညှိလျက် ဓါးဆွဲ၊ လှံဆွဲ ဆွဲကာ မြစ်ခြေကမ်းစပ်သို့ အပြေးအလွှား ဆင်းသက်လာကြသည်။

ရွာမြောက်ဖျား လေးတိုင်စင်မှ ကိုတံငါများကလည်း လှေငယ်များကို အသီးသီး လှော်ချလာကြသည်။

ပိုက်ဖြတ်သမား နှစ်ဦးမှာလည်း ထိုအမြင် ထိုအကြားကြောင့် ကိုကြီးညို၏ ပိုက်တဖုံလုံးကို လှေငယ်ထက်သို့ ပြီးဆုံးအောင် ဆွဲမတင်တော့ပေ။ တဦးက လှေငယ်ကို တအားကုန်းလှော်လျက် ကျန်ထယောက်က ပိုက်ကို အလျင်အမြန် ဆွဲတင်သည်။

သို့နှင့် ပိုက်တဖုံလုံး လှေငယ်ထက်သို့ ရောက်လုလုရှိလေသည်။ ကိုကျီးညိုသည် သူ့လှေငယ်ကို လက်နှစ်ဖက်နှင့် တအားကုန်းယက်နေရာမှ ခပ်စောစောက ရေစီးတွင် မျောနေသည့် လှော်တက်ကို ရေပေါ်တွင် ဆုပ်ကိုင်မိလေ၏။

သူသည် ပိုက်ဖြတ်သမားနှစ်ဦး၏ လှေငယ်ရှိရာသို့ သူ၏ လှေငယ်ကို ဒလကြမ်း လှော်လေသည်။

ဤတကြိမ်သည် ဒုတိယမြောက်ဖြစ်သော ကိုကျီးညို၏ သက်စွန့်ကြိုးပမ်း လှေလှော်ရသော အကြောင်းပေတည်း။

မကြာမီ ကိုကျီးညို၏ လှေငယ်ဦးပိုင်းသည် ပိုက်ဖြတ်သမားနှစ်ဦး၏ လှေငယ်ပဲ့ပိုင်း ထိမှီရန် လက်တကမ်းအကွာသို့ ရောက်ရှိသွားတော့သည်။

ထိုအချိန်၌ပင် တယောက်သော ပိုက်ဖြတ်သမားမှာလည်း ပိုက်တဖုံလုံးကို လှေငယ်ထက်သို့ ဆွဲတင်ပြီးလေပြီ ဖြစ်သောကြောင့် လှေငယ်ဦးပိုင်းသို့ အပြေးသွားကာ သူ့အဖေါ်ကို ဝိုင်းကူ၍ လှော်လေ၏။

ဤအဖြစ်ကို မြင်လိုက်သည့် ကိုကျီးညိုသည် သူ့လက်မှ လှော်တက်ကို လေးငါးကြိမ်မျှ ခပ်ဆတ်ဆတ် လှော်လိုက်၏။

သို့နှင့် သူ့လှေဦးနှင့် ပိုက်ဖြတ်သမားနှစ်ဦး၏ လှေပဲ့တို့ တပြေးညီ ရှိနေခိုက် နောက်မှ လူ၏ ဦးခေါင်းထက်သို့ လှော်တက်နှင့် တအားကုန် ရိုက်ချလိုက်လေသည်။

သို့သော် လှေပဲ့ပိုင်းမှ ပိုက်ဖြတ်သမားကလည်း လူညံ့တယောက် မဟုတ်ပေ။ သူ့လက်တွင်းရှိ လှော်တက်နှင့် ဆီး၍ ခံလိုက်သည့်အခါ ကိုကျီးညိုလက်မှ လှော်တက်သည် ရေထည်းသို့ လွှင့်စင်ကျသွားလေသည်။

ကိုကျီးညိုအဖို့ အသက်သွေးကြောနှင့်တူသော ပိုက်ကိုမူ အဆုံးရှုံး မခံနိုင်ပါပေ။ အသက်ကို အသေခံသော်မှ ခံရပေမည်။

သူသည် ခပ်စောစောက ဆောင်ဓါးရှိရာသို့ပင် သတိမရနိုင်တော့ပေ။ အယောင်ယောင် အမှားမှားဖြင့် ပိုက်ဖြတ်သမား၏ လှေငယ်ပဲ့ပိုင်းကို လက်တဖက်က လှမ်းဆွဲလိုက်လေသည်။

လှေငယ်ပဲ့မှ ပိုက်ဖြတ်သမားသည် ဆတ်ကနဲ ထလိုက်သည်။ နောက် လှေငယ်ကို ဆွဲယူထားသည့် ကိုကျီးညို ဦးခေါင်းထက်သို့ လှော်တက်နှင့် တအားကုန် ရိုက်ချလိုက်သည်။

ဖျောင်းကနဲ မြည်သောအသံနှင့်အတူ ထိုသူ၏လက်မှ လှော်တက်သည် ထက်ပိုင်းကျိုးလေတော့သည်။ ကိုကျီးညို ဦးခေါင်းမှလည်း သွေးများ ယိုစီးကျဆင်းလာတော့သည်။ သို့ရာတွင် ကိုကျီးညို သည် မျက်စေ့ကိုမှိတ် အံကြိတ်လျက် လှေငယ်ပဲ့ကို လက်နှစ်ဖက်က မလွတ်တန်း ဆွဲထားလေသည်။

ထိုသူသည် ဒုတိယအကြိမ်မြောက် လှော်တက်ကျိုးပိုင်းနှင့် ကိုကျီးညို ဦးခေါင်းထက်သို့ တအားလွှဲရိုက်ပြန်သည်။

ကိုကျီးညို၏ လက်နှစ်ဖက်သည် လှေငယ်ပဲ့ကို ဆွဲကိုင်ထားရာမှ ရော့ရဲ့စ ပြုလေပြီ။ သူ့ဦးခေါင်းမှ ချင်းချင်းနီသော သွေးတို့သည် မြစ်ဧရာနဒီတွင်းသို့ ယိုစီးကျဆင်းလေတော့ပြီ။

ထိုသူသည် တတိယမြောက် ရိုက်နှက်ရန်အတွက် အားထုတ်မှု ပြုပြန်၏။

“သေပေတော့ ခွေးမသား”

နီထွေး၏ ကြိမ်းမောင်းရေရွတ်သံနှင့်အတူ ခွပ်ကနဲ တချက်မြည်ကာ ပိုက်ဖြတ်သမား၏ ကိုယ်ခန္ဓာကြီးသည် မြစ်အတွင်း ထိုးကျသွားလေသည်။

သူ့လူ၏ အဖြစ်ကို မြင်လိုက်ရသော လှေငယ်ဦးပိုင်းမှ ပိုက်ဖြတ်သမားသည် မြစ်ထဲသို့ ဝုန်းကနဲ ခုန်ချလိုက်သည်။

ထိုအခိုက်၌ပင် ဘထွန်းသည် လှေဘေးချင်းယှဉ်၍ကပ်လိုက်ပြီး ကိုကျီးညို၏ လှေငယ်ပေါ် ခုန်တက်လိုက်၏။ ဘထွန်းသည် ဦးခေါင်းငိုက်စိုက် ကျနေသော ကိုကျီးညိုကို ပွေ့ထူလိုက်၏။

“ကျီးညို … ကျီးညို ဘယ့်နှယ့်နေသေးလဲဟင်”

“ငါ … ငါ … ငါ ကိစ္စမရှိပါဘူးကွာ။ ပိုက် … ပိုက် … ငါ့ပိုက် ပါသွားလားဟင်”

ကိုကျီးညိုသည် ဦးခေါင်းမှ ဒဏ်ရာဒဏ်ချက်ကို လက်တဖက်နှင့် အုပ်ထားရာမှ သူ့ပိုက်ကို အတွင် မေးတော့သည်။

“မင်းပိုက် ရှိပါတယ်ကွာ၊ ပါမသွားပါဘူး။ တကထဲမှဘဲ မင့်ဥစ္စာ”

“ဟင်း … တော်ပါသေးရဲ့ နီထွေးရာ။ လူက အရေးမကြီးဘူးကွ။ ပိုက် … ပိုက် … ပိုက်က အရေးကြီးတယ်”

မှန်၏။ သည်ပိုက်တဖုံသာ လက်လွတ်ဆုံးပါးခဲ့လေသော် ကိုကျီးညိုတို့ မိသားစု လောလောလတ်လတ် ထမင်းငတ်ကြပေတော့မည်။

သူတို့ သူတို့၏ ဘဝကား သည်လိုပိုက်တဖုံ ကွန်တလက်ဖြင့် မြစ်ကြီးဧရာတွင်းဝယ် ထမင်းတဝမ်း ရှာဖွေစားသောက်ရလျက် … ။

တခါတခါတော့လည်း မြစ်မင်းဧရာတွင်း၌ပင် လူသားတွေကို မွေးဖွားခဲ့ရလျက် … ။

အကြောင်းမသင့်သော အခါများ၌မူ သူတို့၏ ကိုယ်တွင်းမှ သွေးစိမ်းရှင်ရှင်တို့သည် မြစ်ဧရာနဒီတွင်းသို့ ယိုစီးကျဆင်းခဲ့ကြရသည် မဟုတ်ပါလော။

ဒါပေမင့် သူတို့ကား မြစ်မင်းဧရာကိုမူ မစွန့်ပစ် မခွါရက်နိုင်ကြ။

ကိုတံငါ , သိုတည်းမဟုတ် သစ္စာရှိကြသော မြစ်ကြီးဧရာ၏ သားသမီး, မြေးမြစ်များပေတည်း။

(၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော ယမုံနာ စာအုပ်မှ ကူးယူဖော်ပြပါသည်။)


– ပြီး –

စာရေးသူ – လင်းယုန်သစ်လွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ