မောင်ခြိမ့်

အနောက်တောင်မုတ်သုံလေက သယ်ဆောင်လာသော ရေခိုးရေငွေ့တို့ဖြင့် စုဖွဲ့ထားသည့် မိုးသား တိမ်တိုက်ကြီးတွေက အိပ်တန်းတက် စစ်စလီငှက်အုပ်ကြီးကဲ့သို့ မည်းမည်းညို့ညို့နှင့် ကောင်းကင်ပေါ်မှာ တစ်သုတ်ပြီးတစ်သုတ် တအိအိ လွင့်မျောနေကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသကြီးတွင် မိုးအများဆုံး ရွာလေ့ရှိသော ဩဂုတ်လ၏ နောက်ဆုံးရက်များဖြစ်၍ နေသာသော ရက်များက ပါးလျားလွန်းလှ၏။

ဆီးနှင်း၊ မြူတိမ်နှင့် သူရိန်မီးခိုးတို့သည် နေ၏ ရန်သူတော်များ ဖြစ်ကြသည်။ သူတို့ ပိတ်ဖုံးကာဆီးထားလေသမျှ နေမင်းကြီးက မဝင်းပနိုင်ပါ။

လေးငါးရက်လောက် ကောင်းကင်ပေါ်က ရေကာတာကြီး ကျိုးကျသွားသလိုမျိုး ဆက်တိုက်ရွာလိုက်၊ တစ်ရက်နှစ်ရက်လောက် တဖွဲဖွဲစွေလိုက်၊ ပြီးတော့ တအုံးအုံး တအင်းအင်း ရွာချလိုက်နှင့် မိုးမင်းကြီးက
ထင်တိုင်းကြဲနေတော့ပြီ။ မစဲတော့ပြီ။

သို့ဖြစ်ရကား မြစ်တွေ၊ ချောင်းတွေမှာ ရေလျှံ၏။ ကန်ရေတွေတိုး၏။ တရိပ်ရိပ်တိုးလာသော ရေထု ကြီးက မြစ်ကမ်းနှစ်ဖက်ပေါ် ကျော်၍ တက်၏။ ချောင်းကမ်းစပ် ဘယ်ညာကို ရေအောက်မှာချန်ထားခဲ့လေပြီ။ ဘယ်နေရာကိုပဲကြည့်ကြည့် ဖွေးဖွေးလှုပ်နေသော ရေပြင်ကြီးကသာ မင်းမူထားလျက်ရှိသည်။

ဖိုးနီတို့ သားအဖနှစ်ယောက် လှော်လာသော အလျားတစ်ဆယ့်သုံးတောင်၊ ဝမ်းအကျယ် နှစ်တောင်ရှိသော လှေကလေးသည် သခွတ်တစ်ပင်ချောင်းရိုးအတိုင်း တရွေ့ရွေ့ စုန်ဆင်းလျက်ရှိသည်။

xxx xxx xxx

သခွတ်တစ်ပင်ချောင်းသည် သရွတ်သွတ်မြစ်မကြီးမှ ခွဲထွက်လာသော ချောင်းဖြစ်ပြီး အဖျားဘက်တွင် ထပ်မံ၍ ချောင်းလက်တက်ကလေးနှစ်ခုက ခွဲထွက်သွားပြန်သည်။ ထိုချောင်းလက်တက်ကလေးနှစ်ခုသည် လက်လံငါးလံခန့်သာကျယ်ပြီး ဗျိုက်တောလယ်ရိုင်းတောကြီးဆီတွင် သွား၍ အဆုံးသတ်လေပြီ။

ချောင်းလက်တက်ကလေး၏ ကမ်းနှစ်ဖက်တွင် မြစ်ဝကျွန်းပေါ် ဒီရေတော၏ ပေါက်ပင်များဖြစ်ကြ သော လမုပင်၊ လမဲ့ပင်၊ သမဲ့ပင်၊ ဗြူးပင်နှင့် ခရာချုံ၊ ဓနိချုံတို့က စီတန်းကာ ရှင်သန်စိမ်းလန်းလျက် ရှိကြသည်။

အချိန်က လေပြည်ငယ်သုတ်ပါလို့ ရွှေဘုတ်ကယ် အိုးအီ၊ အုံ့မှိုင်း ငယ်ရီ၍၊ နေမီအောင် တစ်ခိုလှမ်းခဲ့ရ၊ ကောက်ငန်းက ပျိုပြန်ချိန်ဖြစ်၍ နေလုံးကြီးက ဟိုး … အနောက်ဘက်တောတန်းဆီမှာ ပုန်းခိုရန် ဟန်ပြင်နေပါပြီ။

အင်နှင့်အားနှင့် တိုးဝင်လာသော မိုးရေနှင့် ဒီရေတွေ က ချောင်းလက်တက်ကလေး၏ ကမ်းနှစ်ဖက်ကို လေးတောင်လောက် ဖုံးလွှမ်းထားလေသောကြောင့် ဝက်လာပင်တွေ၊ ငါးတန်ပိန်းပင်တွေ ရေအောက်မှာကျန်ခဲ့ပြီ။ ကျူပင်၊ ကိုင်းပင်၊ ခရာချုံတွေသာ ရေပြင်ပေါ်မှာ တစ်တောင် တစ်ထွာလောက်ပေါ်ပြီး အသက်လု၍ ရှူနေကြရ၏။

ခါးလယ်အထိ ရေမြုပ်နေသော လမုပင်၊ လမဲ့ပင်၊ သမဲ့ပင်တွေကတော့ မုတ်သုံလေအနော့မှာ ဘယ် ညာတိမ်း၍ ယိမ်းကနေကြသည်။

လှေပဲ့မှ သာမောင်က လှေကို ရွေ့သည်ဆိုရုံကလေး ရွေ့အောင် တက်ဖျားရေဆွတ်ရုံနှစ်၍ ရေသံမကြားရစေရန် သတိထား၍ လှော်ပေးနေပြီး လှေဦးမှာပါလာသော ဖိုးနီက မတ်တတ်ရပ်ကာ တစ်လုံးထိုးမှိန်းကို အသင့်ကိုင်ပြီး ဝဲယာ ကမ်းနှစ်ဖက်ရှိ သစ်ပင်များပေါ် ကြည့်ရင်း လိုက်လာခဲ့သည်။

ရေပေါ်မှာ ထက်ဝက်ပေါ်နေသော အပင်များပေါ်တွင် အလိုလေးချုံတွေ၊ သပွတ်ခါးပင်တွေ၊ စိန္ဒဘော်ချုံတွေ၊ ငှက်ကြီးတောင်ညွန့်တွေ နွယ်တက်ပြီး ရှုပ်ထွေးလျက် ရှိသည်။

ထိုရှုပ်ထွေးနေသော နွယ်ပင်တွေကြားသို့ သိမ်းငှက်၏ စူးရှသော မျက်လုံးများနှင့် ကြည့်ရင်းလိုက်လာခဲ့သော ဖိုးနီသည် တစ်နေရာအရောက်တွင် ဆတ်ခနဲ နားစွင့်ပြီး ဘယ်လက်ကို ထောင်ပြလိုက်သည်။

ဒါက သူတို့အချင်းချင်း အချက်သင်္ကေတတစ်ခုဖြစ် သည်။ ဘယ်လက်ကိုထောင်ပြလျှင် အရှိန်နှင့်သွားနေသော လှေကို ချက်ချင်းရပ်ဟု ဆိုလိုသည်။

ပါးစပ်မှ ‘ကျွတ် … ကျွတ်’ ဟု အသံပေး စုတ်သပ်လျှင် ရွေ့ရုံကလေး ရွေ့စေရမည်။ သတိအနေအထားနှင့်နေဟု အဓိပ္ပာယ်ရပြီး ညာလက်ထဲမှာ ကိုင်ထားသော မှိန်းစွယ်နှင့် ရှေ့သို့ ဆတ်ခနဲ ဆတ်ခနဲ ညွှန်ပြ လျှင် ရှေ့ကိုတိုးဟု ပြောတာဖြစ်သည်။

ဒါကို လှေပဲ့သမားက အထာနပ်ရသည်။ သဘောပေါက်ထားရသည်။ သည်အလုပ်က အသံထွက်၍ မဖြစ်၊ အသံလုံရသည်။

သူများအသက် လိုချင်လျှင် ကိုယ့်အသက် တစ်ဝက်ပေးရသည်ဟု သူတို့လောကမှာ ဆိုစကားရှိသည် မဟုတ်လား …။

ကဲ … အခု ဘယ်လက်ထောင်ပြနေပါပြီ။ ရှေ့ကို တစ်လက်မမျှ ဆက်မတိုးနဲ့ဟု အဓိပ္ပာယ်ရသည်။ ဒါကို ဝါရင့်ပဲ့ကိုင်တစ်ယောက်ဖြစ်သော သာမောင်က ချက်ချင်းသိ၏။ အရေးပေါ်အခြေအနေပဲဖြစ်၏။

ထို့ကြောင့် လှော်တက်ကို ရေထဲနက်နက်နှစ်၍ နောက်ဘက်သို့ အားထည့်၍ ဆုတ်လိုက်သည်။

အစကတည်းက ခပ်ဖြည်းဖြည်းသာ ရွေ့နေသော လှေကလေးက ဇက်သတ်ခြင်းခံရသော မြင်း၊ နဖားကြိုးစုံကိုင်ဆွဲခံရသော နွား၊ ချွန်းအုပ်ခြင်းခံရသော ဆင်ကဲ့သို့ တုံ့ခနဲ ရပ်သွားရတော့သည်။

ထိုအချိန်မှာပင် ကျွီခနဲ ကျွီခနဲ စူးစူးရှရှ မြည်သံ၊ “ဖွီး … ဖွီး … ဖီး … ဖွီး” နှင့် နှာမှုတ်သံကြီးတို့က လမုပင်ပေါ်မှာ ဖုံးအုပ်ရှုပ်ထွေးနေသော သပွတ်ခါးနွယ်တွေကြားထဲမှ ထွက်ပေါ်လာနေတာကို ပြတ်ပြတ်သားသားကြီး ကြားလိုက်ရသည်။

ဖိုးနီသည် တစ်လုံးထိုးမှိန်းကို တင်းတင်းဆုပ်ထားပြီး အသင့်အနေအထားပြင်ကာ သူ့ရှေ့ဝါးတစ်ပြန် လောက်မှာရှိသော လမုပင်ကြီးပေါ် သို့ ဝေ့ကာပတ်ကာ ရှာသည်။
ဖျော့တော့ အားနည်းနေပြီဖြစ်သော ဝင်လုဆဲနေရောင်ကလေးက သစ်ရွက်အုပ်အုပ်၊ ချုံပင်နွယ်ပင်ရှုပ်ရှုပ်ထွေးထွေးကြားမှာ တိုးမဝင်နိုင်ရှာသဖြင့် ထင်သာမြင်သာ မရှိ။

‘တဖီးဖီး … တကျွီကျွီ’ အသံတွေကတော့ ထွက်ပေါ်နေဆဲ ဖြစ်သည်။

တွေ့ပြီ။ ဖိုးနီ အသက်ရှူရန်ပင် မေ့သွားရပြီ။ သူ့တစ်သက်မှာ တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်း။ ယုံနိုင်စရာပင် မရှိသော ဖြစ်ရပ်။

ထူးဆန်းလှစွာသော အခြေအနေတို့ကြောင့် ထိတ်လန့်တုန်လှုပ်စွာ ‘ဘုရား … ဘုရား’ ဟု စိတ်ထဲမှ ဘုရားတရင်း မှင်တက်မိနေတော့၏။

xxx xxx xxx

ဖိုးနီသည် အိမ်ရှေ့ရေကပြင်အစပ်မှာ ထိုင်၍ငေးကာ ငြိမ်သက်စွာ ရှိသည်။ ပါးစပ်မှာ တပ်ထားသော အစီခံထိလုနီး ဆေးပေါ့လိပ်တိုမှာ မီးမရှိ။

မြေပြင်မှ လေးတောင်သာသာမြင့်အောင် ဆောက် ထားသော သုံးပင်နှစ်ခန်း ဓနိမိုး ဝါးထရံကာ ဝါးကြမ်းခင်းအိမ်ကလေး၏ ရှေ့မှာ၊ နောက်မှာ၊ ဘေးနှစ်ဖက်မှာ ရေတွေဖွေးနေသည်။ ရေကပြင်အဆင့်ကိုရောက်ရန် တစ်ထွာတစ်မိုက်သာ လိုတော့သည်။

ရွာကလေး၏နောက်ဘက် သခွတ်တစ်ပင် လယ်ပြင်ကြီးဆီက အတားအဆီးမဲ့ ပြေးဝင်လာသော ကွင်းလေကလေးက တစ်ခါတစ်ခါ ခပ်ကြမ်းကြမ်းဝင်ဆောင့်သောအခါ မဒမတိုင်အိမ်ကလေးမှာ “တဲကလေး မခိုင့်တခိုင်၊ ဆင်တိုးလို့ယိုင်”ဆိုသကဲ့သို့ သိမ့်သိမ့်ခါ၍ နေသည်။

အိမ်ရှေ့ ချောင်းကမ်းစပ်မှာ ပျဉ်းမပင်ကလေး ရှိသည်။ ထိပ်ဖျားကလေးသာ ပေါ်နေသော ခရာပင်ကလေးမှာ မြစ်မကြီးဆီကနေ တိုးဝင်လာသော ရေစီးအရှိန်ကြောင့် မြုပ်သွားလိုက်၊ ပြန်၍ပေါ်လာလိုက် ဖြစ်နေပေရာ ပုစဉ်းအနီအဝါနှစ်ကောင်မှာ နားရမလို ပျံရမလိုနှင့် အလုပ်ရှုပ်နေရှာသည်။

လူကသာ ငြိမ်သက်စွာ ထိုင်နေသော်လည်း ဖိုးနီ၏ စိတ်တွေက ယောက်ယက်ခတ် လှုပ်ရှားလျက်ရှိ သည်။

အိမ်ခြေငါးဆယ်ခန့်ရှိပြီး တစ်ရွာလုံး ရေလုပ်သားတံငါတွေချည်း ဖြစ်သည်။ မိုးဦးကျစအချိန်တုန်းကတော့ လင်းပက်ပိုက်ဆွဲသူက ပိုက်ဆွဲ၊ ကွန်ပစ်သူက ပစ်၊ မြှုံးထောင်သူက ထောင်၊ ဗဝန်းပိတ်သူက ပိတ်နှင့် အဆင်ပြေခဲ့ကြပြီ။

အခုလို ရေတွေပေါင်းလန်အောင် လျှံပြီး မြစ်ကမ်း၊ ချောင်းကမ်းတွေ ပျောက်သောအခါ ငါးပုစွန်တွေ ဘယ်ဆီရောက်ကုန်ပြီ မသိ။

တစ်ဟင်းစားအတွက်တောင် ခက်နေပြီ။ တုံးလုံးစာအသာထားလို့ မတ်တတ်စာအတွက်တောင် ပင်ပန်းကြီးစွာ ရုန်းကန်ရှာဖွေနေကြရသော သူတို့ရွာသားတွေ ဒုက္ခပင်လယ်ဝေနေကြပြီ။

သို့ဖြစ်၍ တချို့က အနီးအပါးက လယ်သမားရွာတွေဆီ သွား၍ မြက်ခုတ်သူ ခုတ်၊ ပျိုးနုတ်သူ နုတ်၊ ကောက်စိုက်သူ စိုက် ရရာအလုပ်တွေ ဝင်လုပ်နေကြသည်။

တချို့ကတော့ တစ်ဆယ့်လေးမိုင်လောက်ဝေးသော မြို့ကလေးဆီသွား၍ အလုပ်ကြမ်းသမားအဖြစ် တစ်ဝမ်းတစ်ခါးအတွက် အသက်ဆက်နိုင်ဖို့ ကြိုးစားနေကြရပြီ။

မယားအလိမ္မာ မကျင်ငွေကတော့ ဖိုးနီကို နားပူနားဆာ မလုပ်ရှာပါ။ သူ့ယောက်ျား ဖျင်းလို့ ပျင်းလို့ မဟုတ်မှန်း သူ သိသည်။ ဇိမ်လုပ်ချင်၍ အိမ်မှာထိုင်နေတာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်ပေးရှာ သည်။

စောစောတုန်းက မီးဖိုချောင်ထဲက ဆန်ထည့်သည့် လေးထောင့် သံဖြူပုံးကို ခေါက်၍ချသံ ကြားရပြီး မိုးဖွဲတွေအောက်မှာ ကပျာကယာ ဆောင်းစရာမပါဘဲ ရွာထဲထွက်သွားတာ တွေ့ရသည်။ သိပ်မကြာပါ၊ ပုဆိုးဟောင်းကလေးနှင့် ထုပ်ထားသော ဆန်ထုပ်ကလေး ခေါင်းပေါ် တင်ပြီး ပြန်လာတာ မြင်လိုက်ရပြန် သည်။

မကြာခင်မှာပင် မီးဖိုချောင်ထဲက မီးခိုးတွေ အူထွက်လာတာကို ကြည့်ခြင်းအားဖြင့် ထမင်းအိုးတည် နေပြီဆိုတာ သိရသည်။

ဖိုးနီက အိမ်ထောင်ဦးစီးပါ။ အသောက်အစား မရှိ။ လောင်းကစားကို အိပ်မက်ထဲတောင် ထည့်၍ မမက်ခဲ့ပေမယ့် ထမင်းတစ်လုတ် ဝအောင်စားနိုင်သော အခြေအနေမျိုး ရောက်မလာခဲ့။

ခေတ်တွေ စနစ်တွေဆိုတာ ဖိုးနီ စိတ်မဝင်စားပါ။ သိလည်း မသိပါ။ နားလည်းမလည်ရှာပါ။ သူတို့ အခုလို ဆင်းရဲနုံချာနေတာဟာ အတိတ်ကံမကောင်းခဲ့လို့ပဲဟု တွေးကာ စိတ်ကိုဖြေပါသည်။

တောသားလူရိုးကြီးဖြစ်၍ ဘဝဝမ်းစာအတွက် ခက်ခဲချိန်မှာတောင် သူများပစ္စည်း ခိုးဖို့၊ လိမ်ဖို့၊ လုယက်ဖို့၊ သူတစ်ပါးပါးစပ်ထဲက ထမင်းလုတ်ကို လုယူဖို့၊ ကောက်ကျစ်ယုတ်မာဖို့ဆိုတာ သူ မတွေးမိပါ။

မကျင်ငွေ ဘယ်သူ့ဆီကမှန်းမသိ ချေးငှားလာခဲ့သော ဆန်ကလေးသည် ယခု ညနေအတွက်ပဲ ရှိပါလိမ့်မည်။ နောက်နေ့တွေအတွက် မည်သို့ ဖြေရှင်းရပါမည်နည်း။

ဟောဟိုချောင်းစပ်က ပုစဉ်း နီဝါနှစ်ကောင်လို နားစရာမရှိ။ ပျံသွားရမှာကလည်း ရေပြင်ကျယ်ကြီး။

ဖိုးနီ၏ စိတ်တွေ ယောက်ယက်ခတ်နေချိန်မှာပင် အသက်ရှစ်နှစ်နှင့် ခြောက်နှစ်သာ ရှိသေးသော ကလေးနှစ်ကောင်က ဘယ်ကဘယ်လို စ၍ ရန်ဖြစ်သည် မသိ။ တစ်ယောက်က ရှေ့ကပြေး၍ နောက် တစ်ယောက်က ငိုရင်း နောက်က လိုက်၏။

ဖအေကို တစ်ယောက်က ပတ်ပြေးရင်း ဖိုးနီပါးစပ်မှာ တပ်ထားသော ဆေးပေါ့လိပ်တိုကို ဝင်တိုက်သည်။ တစ်ယောက်က ဘေးနားကပ်၍ ချထားသော ဆေးလိပ်ခွက်ကို တက်နင်း၏။

ထိုအခါ ပါးစပ်က ဆေးလိပ်တိုရော ခွက်ထဲက ဆေးလိပ်တွေပါ ခုန်ပေါက်လွင့်စဉ်ကာ ကြမ်းကြားမှတစ်ဆင့် အိမ်အောက်ရေပြင်ထဲသို့ ဒိုင်ဗင်ထိုးဆင်းကြလေပြီ။

ဗြုန်းခနဲ စိတ်တိုသွားသော ဖိုးနီသည် နှစ်ကောင်စလုံးကို ဆွဲကာ တင်ပါးကို သုံးလေးချက်စီ ရိုက်ပစ်လိုက်တော့၏။

ဝါးခနဲ ကျယ်ကျယ်လောင်လောင် ငိုသံတွေ ထွက်လာချိန်မှာတော့ မီးဖိုချောင်ထဲက ထွက်လာသော မကျင်ငွေက မီးထွက်မတတ် မျက်လုံးများဖြင့်ကြည့်ပြီး …

“တော့ … ကဖိုးနီ”
ဟု အသံကုန် ဟစ်လေသောအခါ ဖိုးနီ မျက်လုံးများပင် ပြူးသွားရတော့သည်။

xxx xxx xxx

ဖိုးနီတို့ အောက်အရပ်တွင် ဝါးအမျိုးပေါင်းများစွာ ရှိသည့်အထဲက ထီးရိုးဝါးက တစ်လုံးချင်းလည်း လှလျက် ရှိ၏။ မှိန်း၏ သက်တမ်းက သုံးလေးနှစ်မကပြီ။

အခုလို ရေကြီးရေလျှံသော အချိန်မျိုးမှာ ထိုမှိန်း အားကိုးဖြင့် ဖိုးနီတို့ ဆန်ပုံးထဲ ဆန်ထည့်နိုင်ခဲ့၏။ ဆီပုလင်းထဲ ဆီဖြည့်နိုင်ခဲ့၏။

သို့ဖြစ်၍ ထိုမှိန်းသည် ဖိုးနီ၏ အချစ်တော်ဖြစ်၏။ လက်စွဲဖြစ်၏။ လက်ရုံးတစ်ဖက်လည်း ဟုတ်၏။ ထိုမှိန်းကို ဖိုးနီ အလွန်အားကိုး၏။ ထိုမှိန်းကို ဆုပ်ကိုင်မိလျှင်ပင် သတ္တိတွေ၊ ခွန်အားတွေ တဖျဉ်းဖျဉ်း ထ လာသလို ခံစားရမြဲဖြစ်၏။

ခုတော့ဖြင့် ထိုလက်စွဲတော်မှိန်းကို ညာလက်ထဲမှာ တင်းတင်းဆုပ်ထားပါလျက်နှင့် ဘုရားတမိ၏။ လှေဦးမှာ မတ်မတ်ရပ်ရင်း ဒူးတွေတောင် မခိုင်ချင်သလို ဖြစ်နေ၏။ နှလုံးအိမ် တဆတ်ဆတ် ခုန်၏။

ထို့ကြောင့် လှေပဲ့က သာမောင်ကို နောက်သို့ အသာဆုတ်ရန် အချက်ပြသည်။

ဖအေ့ အရိပ်အကဲကို ကြည့်နေသော သာမောင်က ရေသံမကြားအောင် လှော်တက်ဖြင့်ယက်၍ အသာဆုတ်ပေးလိုက်သည်။

xxx xxx xxx

ကြည့်စမ်း … ငန်းမြွေကြီးက နည်းနည်းနောနောမဟုတ်။ လူကြီးတစ်ယောက်၏ လက်ဖျံလောက် ရှိလိမ့်မည်။ လမုပင်ကိုင်းကို ရစ်ခွေထားပြီး ပါးပျဉ်းကြီးထောင်လျက် ဘယ်ညာယိမ်းကာ တဖီးဖီးနှာမှုတ်ပြီး ဒေါသထွက်လျက် ရှိသည်။ ခွက်ထားသော ပါးပျဉ်းကြီးက လက်တစ်ဖဝါးမက ကြီးမားလှပါ၏။

သူ့ရှေ့မှာတော့ သစ်ကိုင်းများ သစ်ရွက်ခြောက်များဖြင့် လုပ်ထားသော အသိုက်ကြီး။ ကြွက်သိုက်ကြီး ဖြစ်သည်။ အသိုက်၏အစပ်မှာ ထွာဆိုင်လောက်ရှိသော ကြွက်ကြီးက သွားစွယ်တွေ အဖွေးသားနှင့် တကျွီကျွီ မြည်သံပေးကာ မာန်ဖီနေပါကလား။

ယခုလို မြေပြင်ပေါ်မှာ ရေက သုံးလေးတောင်လောက် ဖုံးလွှမ်းထားသောအခါ ကြွက်ဖလောင်း၊ ကြွက်ဝမ်းပူနှင့် မြေကြွက်၊ လယ်ကြွက် စသော သတ္တဝါတွေ နေစရာ မရှိတော့ပြီ။ သည်တော့ အကိုင်းအခက် ရှုပ်ရှုပ်ပွေပွေရှိသော ချုံတွေ၊ နွယ်တွေ ရစ်ပတ်ဖုံးအုပ်ထားသော အပင်တွေပေါ်သို့ တက်၍ အသိုက်လုပ်ကာ သူတို့အသက် သူတို့ ရှာကြံမွေးကြတော့သည်။ အိမ်ထောင်သားမွေးမှု ပြုကြလေတော့ပြီ။

မြွေလည်း ထို့အတူပါပဲ။ ရေကူးနိုင်သည်မှန်သော်လည်း မြွေသည် ရေမှာ ထာဝရ နေနိုင်သည်မဟုတ်။ သူလည်း အပင်တွေပေါ် တက်၍ အသက်မွေးကြရပါ၏။

ကြွက်သည် မြွေ၏အစာ ဖြစ်မြဲဓမ္မတာပါ။ မြွေကို အလွန်ကြောက်ပါ၏။ ခုခံနိုင်စွမ်း၊ ရန်ပြုနိုင်စွမ်း မရှိရှာပါ။ မြွေကို အန်တုဝံ့သော ကြွက်သည် လောကမှာရှိပါသလား။

ဖိုးနီကတော့ တောသားစင်စစ် ဖြစ်ပါလျက် တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးပါ။ တွေ့ဖူးဖို့ထား၍ ကြားပင် ကြားဖူးသောအရာ မဟုတ်ပါ။ ခုတော့ဖြင့် နဖူးတွေ့ ဒူးတွေ့ တွေ့ကြပါပြီ။

ထို့ကြောင့်ပင် တုန်လှုပ်ခြင်း၊ အံ့ဩခြင်း၊ ကြောက်ရွံ့ခြင်းတွေ ပေါင်းစုံပြီး ဒူးတဆတ်ဆတ်တုန်ကာ လှေကို နောက်သို့ အသာဆုတ်ခိုင်းခြင်း ဖြစ်သည်။

xxx xxx xxx

ဖိုးနီတို့ သားအဖ သည်နေရာ မရောက်မီ အသိုက်ခိုနေသော ကြွက်တွေ ထိုးခဲ့သည်မှာ အကောင်နှစ်ဆယ်ကျော် ရနေပြီ။ သူတို့ နေမဝင်မီ အိမ်ပြန်ရန် ကြံနေစဉ်မှာပင် ခုလို အဖြစ်အပျက်နှင့် လာတိုးခြင်း ဖြစ်သည်။

ဖိုးနီသည် ညာလက်ထဲက လက်စွဲတော်မှိန်းကို တင်းတင်းဆုပ်ရင်း စဉ်းစားနေသည်။ လှည့်ပြန်ရင် ကောင်းမလားဟု တွေးသည်။

သို့သော် အသိုက်ထဲက ကြွက်ဝဝကြီးက နည်းတာ မဟုတ်။ ငါးဆယ်သားမက ရှိလိမ့်မည်။ မက်လောက်စရာပဲ ဖြစ်သည်။

မုဆိုးဟူသည် သားကောင်ကို တွေ့မြင်ပြီးမှ လှည့်ပြန်ရိုး ထုံးစံမရှိ။ ပြီးတော့ ငန်းကြီးက ရှိသေးသည်။ ဒီကောင်ကြီးပါ ရလိုက်လို့ကတော့ဟု လောဘက တက်မိပြန်သေးသည်။

ဟုတ်သည်။ အကောင်ရှည်ကြီးကို အရေဆုတ်မည်။ ပြီးတော့ ပြုတ်မည်။ အသားတွေ့နွှင်၍ ချင်း၊ စပါးလင်၊ ငရုတ်သီးစပ်စပ်နှင့် ကြော်မည်။

တွေးရင်းနှင့်ပင် နှာခေါင်းထဲမှာ ဟင်းနံ့က မွှေးလာပြီး သွားရည်တောင် စို့လာမိရသည်။ တောသားတွေအတွက် ဟင်းကောင်းတစ်ခွက် မဟုတ်လား။

သူ့လှေနှင့် မြွေကြီး၏ အကွာအဝေးကို တွက်သည်။

သူ့မှိန်းက ရှစ်တောင်သာ ရှည်သည်။ မမီနိုင်။ သည့်ထက်အနားတိုးလို့ မဖြစ်။

မီချင်လျှင် လမုကိုင်းအောက် တည့်တည့်ဝင်မှ ဖြစ်မည်။ သို့သော် အန္တရာယ် ရှိသည်။ မြွေကြီး လူပေါ် ထိုးဆင်းလာလျှင် ခက်မည်။

ထို့ကြောင့် လက်ထဲက မှိန်းကို လှေထဲ အသာချသည်။ ခါးမှာ ထိုးလာခဲ့သော နှစ်ပင်ပူး ကျွဲချိုသားရေခွကို ဖြုတ်သည်။ ခါးပိုက်ထောင်ထဲက လောက်စာလုံးကို လက်တစ်ဆုပ် နှိုက်သည်။

အပင်ပေါ်က အကောင်တွေ၏ တိုက်ပွဲက မပြီးသေး။ ငန်းကြီးကို အရင်နှိမ်နင်းရမည်။ အသိုက်ထဲက ကြွက်ကြီးကတော့ မှုစရာမဟုတ်။ သူ့မှိန်းဖျားမှာ ကားခနဲ ဖြစ်ရစေမည်။

တဖွီးဖွီး မာန်ဖီနေသည့် ပါးပျဉ်းကြီးကို သေသေချာချာချိန်ပြီး လေးခွကို အားနှင့်ဆွဲကာ ပစ်သည်။ ထိချက်ကောင်းပါပဲ။ ပါးပျဉ်းကြီးကို ဖောင်းခနဲ မှန်သည်။ အထိနာသွားသော မြွေကြီးက နောက်သို့လန်သွားပြီး ဒေါသဖြင့် မာန်သွင်းကာ သူ့ရန်သူအသစ်ကို ကြည့်ပြီး ဖွီးခနဲ နှာမှုတ်သည်။
ထိုစဉ်မှာပင် နောက်ထပ် လောက်စာလုံးက ထပ်၍ မှန်ပြန်သည်။ ပါးပျဉ်းကို အသာချ၍ လမုကိုင်းပေါ် မှာ ခေါင်းတင်ရင်း သွေးတွေ တစက်စက် ရေပြင်ထဲသို့ ကျနေသည်။

နောက်ထပ် လောက်စာလုံး နှစ်ချက်ကလည်း ခေါင်းတည့်တည့်သို့ မှန်ပြန်သောအခါ မြွေကြီး မခံနိုင်တော့ပြီ။ ပထမ ခေါင်းပိုင်းက အောက်သို့ တွဲလောင်းကျသည်။ ပြီးတော့မှ လမုကိုင်းမှာ ပတ်ထားသော ကိုယ်လုံးကြီး ပြေလျှော့ကာ ရေပြင်ပေါ်သို့ ဝုန်းခနဲပြုတ်ကျလေသည်။

မြွေကြီး ရေပေါ်သို့ ပြန်ပေါ်လာချိန်မှာတော့ ချိန်သားကိုက်လှသော ဖိုးနီ၏လက်စွဲတော်မှိန်းက တန်းခနဲ ပြေးဝင်လာကာ မြွေကြီး၏ ဇက်နောက်ကို ထုတ်ချင်းခတ် ဝင်၍ စိုက်သည်။ မချိမဆံ့ နာကျင်၍ လူးလွန့်ရိုက်ခတ်သဖြင့် ရေသံတွေက တဝုန်းဝုန်း ထွက်ပေါ်လာသည်။

ပွဲပြီးပြီ။

xxx xxx xxx

အိမ်အပြန်ခရီးပေမို့ လှေပဲ့မှ လှော်လာသော သာမောင်၏ တက်သံက ပြင်းသလို လှေကလေး ကလည်း ရိပ်ရိပ်ပါအောင် ပြေးလျက်ရှိသည်။ ချောင်းကမ်းစပ်နှစ်ဖက်ရှိ သစ်ပင်တောတန်းကလေးပေါ်မှာတော့ ဆက်ရက်၊ ငူ၊ ပုစဉ်းထိုး၊ ဗွက်ချွဲ စသော ငှက်ကလေးတွေက အိပ်တန်းတက်ရန် ပြင်နေကြပြီ။

နေဝင်ပြီဖြစ်၍ အလင်းရောင်က ဖျော့တော့အားနည်းနေပါပြီ။ တစ်ခါတစ်ခါမှာတော့ ရေကြက် မြည်သံကို ပြတ်တောင်းပြတ်တောင်း ကြားရသည်။ လှေဝမ်းထဲမှာတော့ ကြွက် အကောင်နှစ်ဆယ်ကျော် ပါလာသည်။ ပြီးတော့ ဇက်ပိုးကို ထိုးမိသဖြင့် ဒေါသတကြီးနှင့် မှိန်းရိုးကို ကိုယ်လုံးဖြင့်ပတ်ရင်း သေနေပြီဖြစ်သော မြွေကြီးလည်း ပါလာခဲ့ပြီ။

ရလာသော ကြွက်တွေကို အရေဆုတ်၍ ကလီစာတွေထုတ်ပြီး ဝါးတံညှပ်ဖြင့်ညှပ်ကာ ကင်ရဦးမည်။ မနက်စောစောကျလျှင်တော့ မြို့ကလေး၏ စားသောက်ဆိုင်တွေမှာ သွား၍ ရောင်းရမည်။

သူတို့မြို့ကလေးသည် ရန်ကုန်-ပုသိမ် သင်္ဘောလမ်းပေါ်မှာ ရှိသဖြင့် စည်ကားလှသည်။ နှစ်ထပ်ခွဲ၊ နှစ်ထပ် လူစီးသင်္ဘောကြီးတွေ၊ စပါး၊ ဆန်၊ ပဲ စသော ကုန်သင်္ဘောတွေ ဆိုက်ကပ်မြဲဖြစ်၍ ကြွက်ကင်ကဲ့သို့ တောစာတွေ ဈေးကောင်းရသည်။ ရောင်းကောင်းလှသည်။

ထို ကြွက်ကင်တွေက ငွေဖြစ်လိမ့်မည်။ ထိုငွေက ဖိုးနီ တို့အတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ် စသော မရှိမဖြစ် စားသုံးကုန်တွေ ဖြစ်လာပါလိမ့်မည်။

မြွေကြီးက ရှိသေးသည်။ ထိုမြွေကြီးကတော့ အပိုဆုပဲဖြစ်သည်။

မြွေကြီးအကြောင်း စဉ်းစားမိကာမှ အသိုက်ထဲကနေ အသက်စွန့်၍ မြွေကြီးကို အာခံရန်လုပ်နေသော ကြွက်မကြီးကို သွားသတိရသည်။

အာဂကြွက်မကြီးပါလားဟု ဖိုးနီ တွေးမိသည်။

မြွေကြီးကို ရပြီးချိန်မှာပင် ဒီတစ်ခါတော့ နင့်အလှည့်ပဲဟု ရေရွတ်ရင်း အသိုက်ဆီ မော့ကြည့်မိသည်။ အသိုက်က လှုပ်ရှားမှု မရှိ။ ပကတိငြိမ်သက်၍ နေသည်။

သို့သော် “ကျွီ … ကျွီ … ကျွီ … ကျွီ” နှင့် သနားစဖွယ် အသံကလေးတွေ ကြားလိုက်ရသည်။ ကြွက်ပေါက်စကလေးတွေ၏ အသံ ဖြစ်သည်။

ဒါကြောင့်ကိုးဟု တွေးရင်း ဖိုးနီ သဘောပေါက်သွားသည်။ အသိုက်ထဲမှာ ကြွက်မကြီးတစ်ကောင်တည်း မဟုတ်။ ကြွက်ကလေးတွေပါ ရှိနေတာ ဖြစ်သည်။

မိုးက သည်း၊ ရေက ကြီးသဖြင့် မြေပြင်ပေါ် ဆင်း၍ အစာမရှာနိုင်သော မြွေကြီးက ကြွက်သိုက်ဆီ လာ၍ ရန်လုပ်ခြင်း ဖြစ်သည်။ သူတစ်ကောင်တည်းဆိုလျှင် ကိုယ်လွတ်ရုန်းကာ ပြေးရမည်ဖြစ်သော်လည်း သူမရှိလျှင် သူ့သားသမီးတွေသည် ကျိန်းသေ မြွေကြီး၏အစာ ဖြစ်တော့မည်။ ဒါကိုသိ၍ ကြွက်မကြီးက မပြေးဘဲ အသက်စွန့် ၍ ကာကွယ်ခဲ့ခြင်း ဖြစ်သည်။

သားသမီးဇောကြောင့် သူ့အသက်ကိုစွန့်၍ ကာကွယ်ခဲ့သော ကြွက်မကြီးကို ဖိုးနီ မသတ်ရက်တော့ပါ။

တစ်ပြိုင်တည်းမှာပင် မကျင်ငွေ၏ မျက်နှာကို ပြေး၍ မြင်မိပြန်သည်။ ဘယ်တုန်းကမှ ခွန်းတုံ့ပြန်လေ့ မရှိသော၊ ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ သဘောထား၍ ရိုသေလေးစားခဲ့သော လင်ဖြစ်သူကိုပင် သူ့သားသမီးအတွက် ရှေ့ကနေ ရင်ဆိုင်ဝံ့သော မကျင်ငွေ၏ စိတ်ကို သူ နားလည်ခဲ့ရပါပြီ။

အစကတော့ ဒီမိန်းမ ငွေကြေးရှာဖွေမပေးနိုင်၍ အရိုအသေတန်ကာ ပြန်၍ အာခံခဲ့သည်ဟု ဖိုးနီ ထင်ခဲ့ပါ၏။ သို့ကြောင့် သားကြီး သာမောင်ကိုခေါ်ပြီး လက်စွဲတော်မှိန်းကို စွဲကာ လှေတစ်စင်းနှင့် ထွက် လာခဲ့ခြင်း ဖြစ်ပါ၏။

သည်ကနေ့ လောက်လောက်လားလား ကြွက်များများ မရမချင်း အိမ်မပြန်ဟု ဆုံးဖြတ်၏။ ထိုကြွက်ရောင်းရငွေနှင့် မကျင်ငွေကို ပစ်ပေါက်ပြီး …

“ဒီမှာ … မင်းလိုချင်တဲ့ ငွေ၊ ငွေမရှာနိုင်တဲ့ ယောက်ျားဆိုပြီး ငါ့ကို ဘယ်တော့မှ မခန့်လေးစား မလုပ်နဲ့”

ဟု ပြောပစ်လိုက်မည်ဟု ကြံစည်ထားခဲ့တာ ဖြစ်သည်။

xxx xxx xxx

ခုတော့ဖြင့် ဖိုးနီ နားလည်သဘောပေါက်ခဲ့ပြီ။ ကြွက်မကြီးသည် လူလိုစကားပြောတတ်သည် မဟုတ်။ မကျင်ငွေသည်လည်း ဖွဲ့နွဲ့သိုင်းဝိုင်း၍ ပြောခဲ့တာမဟုတ်။

သို့သော် … သူတို့နည်း သူတို့ဟန်ဖြင့် ကြီးမားသော မိခင်မေတ္တာသရုပ်ကို ဖော်ထုတ်ပြသသွားခဲ့တာ ဖြစ်၏။

တုနှိုင်း၍ရနိုင်ဖွယ်မရှိသော မိခင်တို့၏မေတ္တာသည် သာမန် အခက်အခဲများကို မဆိုထားနှင့်၊ သေမင်းကိုပင် စိန်ခေါ်ရဲသော အစွမ်းသတ္တိရှိပေသည်တကား။ ။

– ပြီး –

​စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0