ကိုထွန်းရင်(အဏ္ဏဝါ)
ငရုတ်သီးစိမ်း စပါးလင်နိုင်းချင်းနှင့်
ဖားကိုမီးဖုတ်၍ စိတ်စိတ်ကလေးနွှင်ကာ
ဆီလည်ရေလည်
အမေက ချက်ပေးနေကျ။
ယောင်းမနှင့် `ရှဲ … ရှဲ’ ခနဲ
အသံမြည်အောင်
အပေါ်အောက်လှန်ပေးလိုက်တော့
ဟင်းနံ့က သင်းခနဲ
ပျံ့တက်လာတတ်သည်ပဲ။
စပါးလင်နံ့မွှေးမွှေး
ဖားသားဟင်း အရသာကို တွေးရင်း
တံတွေးများပင် မျိုချမိသည်။
xxx xxx xxx
“ဂျိမ်း. . . ဒလိန်း. . . ဒလိန်း. . . ဂျိမ်း””
မိုးချိန်းသံနှင့်အတူ မိုးက သဲကြီးမဲကြီး ရွာလျက်။
သည်လို မိုးတွေရွာတဲ့အချိန်ဆို ဖိုးထွေးတို့က အရမ်းပျော်သည်။
“မိုး….မိုး ရွာလိုက်ပါမိုး”
“အိမ်မိုးခေါင် မြှုံးထောင်ရအောင် · · · ရွာလိုက်ပါတော့မိုး”
“မိုးမရွာဘဲ ကြာလေပြီ၊ မိုးရောလေရော ရွာလေပြီ”
သူငယ်ချင်းတချို့က မိုးသံလေသံ တဝေါဝေါကြားမှာ အသံကုန် ရော၍ အော်သည်။
“မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်””
“ဒိန်းဒန်ဒန်… ဒိန်းဒန်ဒန်…”
ဟု ပါးစပ်မှ ရောက်တတ်ရောက်ရာ သီချင်းများဆို၍ မိုးရေထဲမှာ ခုန်ပေါက်ပြေးလွှားကြသည်။
ရွာတောင်ပိုင်းမှ စံအေး၊ အောင်ပု၊ သံချောင်းတို့နှင့်အတူ ရွာလယ်လမ်းပေါ်၌ ဖိုးထွေးတို့လူသိုက် ဘောလုံးတစ်လုံးဖြင့် မိုးထဲရေထဲတွင် ပျော်ရွှင်စွာ ကစားနေကြသည်။
ဖိုးထွေးတို့က တောမကျ မြို့မကျ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရွာကြီးတစ်ရွာမှာ နေကြသည်။ ဖိုးထွေးတို့မှာ ရှစ်တန်းကျောင်းသားလေးများ ဖြစ်ကြသည်။
အတန်းကျောင်းသားများဆိုပေမယ့် နွားကျောင်း၊ မြက်ရိတ်၊ ထင်းကောက်၊ ဟင်းရွက်ခူး၊ ဖားရှာ၊ ငါးရှာ၊ နွေမိုးဆောင်း ရာသီအလိုက် တောရွာဓလေ့ အလုပ်တွေနဲ့ မစိမ်း။
အခုလို မိုးဦးကျဆိုတော့ ပတ်ဝန်းကျင်မှာ စိမ်းစိုလန်းဆန်းနေသည်။ တစ်နွေလုံး နွမ်းခြောက်ရေငတ်နေသော ဝါကြန့်ကြန့် နီကြင်ကြင် သစ်ပင်ပန်းပင်တွေက မြစိမ်းရောင်သို့ ပြောင်းသွားကြသည်။
လယ်ကွင်းတွေမှာ ရေတွေက ဖွေးလျက်။
မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး ဟု ဆိုရလောက်အောင် ငေးမောလွမ်းလောက်စရာ မိုးရာသီကာလ။
ရာသီ သုံးလီမှာတော့ ဖိုးထွေးတို့က မိုးရာသီကို အကြိုက်ဆုံး။
မိုးရာသီရောက်ပြီဆိုလျှင် မိုးရေထဲမှာ ဆော့ကစားမည်။ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်မည်။ ကွင်းရေလျှံသော “ရေထရက်”တွေ ရောက်လျှင် ငတက်လိုက်ခုတ်မည်။
မိုးဦးဆိုတော့ ငါးတွေက ချောင်းစပ်၊ မြောင်းစပ်၊ ကန်သင်းစပ်တွေကို တက်လာတတ်သည်။ ရေတွင် ဆန်တက်လာသော ငါးကလေးများကို ဓားဖြင့်လိုက်၍ခုတ်ခြင်းကို ငတက်ခုတ်ခြင်းဟု ခေါ်သည်။ “ရေထရက်”များဖြစ်သော လပြည့်လကွယ်ရက်များ၌ ဒီရေကအတက် ကွင်းရေက အဆင်းတွင် ငတက်တွေက မြူးလှ၏။
ဒါတင် ဘယ်ဟုတ်မလဲ။ သူငယ်ချင်းတစ်သိုက်နှင့် ပုရစ်ကောက်၊ ဖားရိုက်ထွက်ရတာလည်း ပျော်စရာ ကောင်းသည်မဟုတ်လား။ ဒါကြောင့် ဖိုးထွေးတို့က မိုးရာသီကို ပိုကြိုက်သည်။
“သံချောင်းရေ၊ ညနေကျရင် ငတက်(ငါးတက်)သွားခုတ်ရအောင်”
ဖိုးထွေးက အဖော်ညှိလိုက်သည်။
“မင်းက ခုတ်တတ်လို့လား”
“လွယ်လွယ်လေး၊ ဟိုတစ်နှစ်က ကိုတိုးမောင်နဲ့ လိုက်ခုတ်ဖူးတယ်”
ဖိုးထွေးက သူအတွေ့အကြုံကို ပြောပြသည်။
ဟုတ်သည်။ တိုးမောင်တို့လို လက်လုပ်လက်စားတွေက ငတက်ခုတ်ရာမှာ ကျွမ်းသည်။
“ဒါဖြင့် နေစောင်းရင် သွားကြမယ်ကွာ။ အဲဒီအချိန်ဆို ရေလဲ စတက်နေပြီ”
သံချောင်းကလည်း သဘောတူသဖြင့် ဓားကိုယ်စီကိုင်ကာ နှစ်ယောက်သား ရွာပြင်ကွင်းစပ် အုန်းချောင်းလက်တက်သို့ ထွက်ခဲ့ကြသည်။
ဖိုးထွေးက ငါးထည့်ရန် ပလိုင်းတစ်လုံးကို စလွယ်သိုင်းလျက် လွယ်ထားသည်။
“သံချောင်းရေ… လူတွေ မနည်းပါလား”
“အေး… ဟုတ်တယ်ကွ ဖိုးထွေးရ။ ငါတို့ နည်းနည်းတောင် နောက်ကျတယ်”
ကွင်းထဲတွင် သူလိုကိုယ်လို ငတက်ခုတ်သူတွေက ရောက်နှင့်ပြီ။ ပြောပြောဆိုဆိုနှင့် ဖိုးထွေးက သူ့အနားက ရေဆန်တက်လာသော ငတက်တစ်ကောက်ကို ဓားဖြင့် ခုတ်လိုက်သည်။
“သံချောင်းရေ. . . တစ်ကောင်ရပြီဟေ့။ ငါးစင်ရိုင်းကြီးဟ”
“ငါလဲ တစ်ကောင်ရပြီ”
သံချောင်းကလည်း မခေ။ လက်မြန်သည်။ သူလည်း တစ်ကောင် ရသည်။
ငတက်တွေမှာ များသောအားဖြင့် ငါးစင်ရိုင်း၊ ငါးကျည်း၊ ငါးခူပေါက်၊ ငါးပြေမ စသည်ဖြင့် အမျိုးစုံလှသည်။ သို့သော် ငါးစင်ရိုင်းငါးက အများဆုံးဖြစ်သည်။
ငါးကလေးတို့မှာ ပလောက်၊ ပလက်၊ ပလုံ အသံတို့ဖြင့် မြူးထူးလျက်ရှိသည်။ တစ်ခါတလေ လေထဲသို့ပင် ခုန်လိုက်သေးသည်။
နှုတ်ခမ်းမွေး တကားကား၊ ဆူဖြိုးဖြိုး ငါးစင်ရိုင်းတို့မှာ ဝါရွှေရွှေအရောင် တလက်လက်ဖြင့် ဘယ်ညာရမ်းကာ ရေကို ဆန်တက်နေ၏။
ဖိုးထွေးနှင့် သံချောင်းတို့ကတော့ တစ်ချက်တစ်ကောင် ခုတ်မလွဲ။
“ဟေ့ကောင်တွေ . . . တော်တော်ရနေပြီလား”
ခပ်လှမ်းလှမ်းတွင် ရောက်နေသော တိုးမောင်က လှမ်းမေးလိုက်သည်။ တမြန်မနှစ်က ဖိုးထွေးက သူနှင့်အတူ ငတက်လိုက်ခုတ်ခဲ့ဖူးသည်။
“ဟုတ်ကဲ့ … မဆိုးဘူးခင်ဗျ။ ဟိုနှစ်ကတည်းက ကိုတိုးမောင် နေရာကောင်းကို ပြထားတော့ တော်တော်အဆင်ပြေတယ်”
ဖိုးထွေးက ပလိုင်းကိုပုတ်ပြပြီး အားရဝမ်းသာ ပြန်ဖြေလိုက်သည်။ တိုးမောင်က ဒီလို ရေတက်နှင့် ရေဆင်းဆုံရာ ချောင်းစပ်တွေမှာ ငါးရလွယ်ကြောင်း ဖိုးထွေးကို ပြောထားဖူးသည်။
“တော်တော်ရနေပြီပဲ၊ နှစ်ပိဿာလောက်တော့ ရှိရောပေါ့။ မပြန်ကြသေးဘူးလား”
တိုးမောင်က ဖိုးထွေးလွယ်ထားသော ပလိုင်းကို မြှောက်ကြည့်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ . . . ကျွန်တော်တို့လည်း ပြန်တော့မှာပါ။ မိုးလဲ ချုပ်တော့မယ်ဆိုတော့”
“အေး… ငါလဲ လက်စသိမ်းလာပြီကွ ဖိုးထွေးရ။ အတူတူ ပြန်ကြတာပေါ့”
သို့နှင့် သုံးယောက်သား ရွာဘက်သို့ စကားတပြောပြောနှင့် လျှောက်လာခဲ့ကြသည်။
တိုးမောင်တို့အိမ်မှာ ရွာထိပ်နားတွင် ရှိသဖြင့် အရင်ရောက်သည်။ တိုးမောင်တို့ ခြံဝင်းတွင် စားပင် သီးပင်များ အစုံရှိ၏။
“ငါးစင်ရိုင်းချက်ရင် ရှမ်းနံနံပင်ကလေး အုပ်ချက်မှ မွှေးမွှေးလေးနဲ့ စားလို့ကောင်းတာကွ။ ယူသွားကြဦး”
တိုးမောင်က ခြံထဲမှ ရှမ်းနံနံများနုတ်၍ ပေးလိုက်သည်။
ရွာထဲသို့ ရောက်သောအခါ ကိုယ်ထူကိုယ်ထဖြင့် ပေးထားသော ရွာလမ်းမီးမှိန်မှိန်ကလေးများပင် လင်းနေပြီ။ ဖိုးထွေးနှင့် သံချောင်းတို့ကတော့ အိမ်ရောက်လျှင် မျက်နှာပန်းလှမည့် အရေးကို တွေးကာ ခြေလှမ်းများ သွက်လျက်။
ဖိုးထွေးတို့အိမ်နားတွင် ဝါးကွပ်ပျစ်ကြီးတစ်ခုရှိသည်။ ကျယ်ကျယ်ဝန်းဝန်း ခြောက်ပေပတ်လည်ခန့်ပင် ရှိသည်။
အနီးတွင် ဗာဒံပင်ကြီး တစ်ပင်လည်း ရှိသည်။ အုံ့အုံ့ဆိုင်းဆိုင်းနှင့် ညနေထမင်းစားပြီးလျှင် အနီးအနားမှ လူပျိုကာလသားများက ဤဝါးကွပ်ပျစ်ကြီးတွင် အပျင်းပြေ ထိုင်ဖြစ်ကြသည်။ ရောက်တတ်ရာရာ ထွေရာလေးပါး ပြော၍ ဆုံနေကျနေရာလည်း ဖြစ်သည်။
ဖိုးထွေး၊ သံချောင်း၊ တိုးမောင်နှင့် တခြားကာလသား သုံးလေးယောက်တို့ကတော့ ပင်တိုင်ဖြစ်သည်။
ညနေမှောင်ရီပျိုးစ ရွာလမ်းမီးများပင် လင်းပြီ။
“ဟေ့ . . . ထွေးခင်တို့၊ ဘယ်သွားကြမလို့လဲ”
လက်တွင် ရေသန့်ပုလင်းခွံအလွတ်များကို ကိုင်၍ ထွက်လာသော ထွေးခင်နှင့် လုံးတင်တို့အုပ်စုကို မြင်သောကြောင့် ဖိုးထွေးက လှမ်းမေးလိုက်သည်။
“ပုရစ်ကောက် ထွက်လာတာလေ”
ဖမ်းမိသော ပုရစ်များကို ရေသန့်ပုလင်းခွံ အလွတ်များတွင် ထည့်ထားရတာ ပိုလို့ အဆင်ပြေကြသည်။
ထွေးခင်တို့က အုပ်စုတောင့်သည်။ ကလေးတွေကလည်း တစ်သီကြီး ပါလိုက်သေးသည်။ မိုး တစ်အုံတစ်မကြီး ရွာပြီးစဆိုတော့ ပုရစ်တွေ ထွက်တတ်သည်ပဲ။ ဓာတ်တိုင်အောက်တွေမှာ ပုရစ်တွေ လိုက်ကောက်နေကျ။
အလင်းရောင်ကြိုက်သော ပုရစ်တို့သည် ဓာတ်တိုင်အောက်တွေမှာ ဟိုခုန်ဒီခုန်နှင့် ရောက်လာသည်။ ကလေးတွေက ပျော်ပျော်ပါးပါး လိုက်ဖမ်းကြသည်။
“ဒီဘက်ကိုလာကြဟေ့၊ ဝါးစည်းနဲ့ မီးထွန်းပေးမယ်”
လုံးတင်က ဝါးအဟောင်းများကို စည်း၍ မီးညှိပြီး ဓာတ်တိုင်မရှိသော ခပ်လှမ်းလှမ်းက မှောင်နေသည့် တောစပ်တစ်နေရာသို့ သွားသည်။
ဝါးမီးအရောင်ကြောင့် တောစပ်မှ ပုရစ်များ ရောက်လာကြသည်။ အလုအယက် ကောက်ကြပြန်သည်။ တောစပ်မှာဆိုတော့ လယ်ပုရစ်ကြီးတွေလည်း ပါသည်။
အတန်ကြာသောအခါ ထွေးခင်၊ လုံးတင်တို့အုပ်စုတွင် ရေသန့် ပုလင်း ဆယ်လုံးစာခန့် ပုရစ်များ ရရှိသွားသည်။
“ထွေးခင်… ငါတို့ကိုလည်း ပုရစ်နည်းနည်းလောက် ပေးခဲ့ဦးလေဟယ်”
ဖိုးထွေးက ပုရစ်ကောက်ပြီး ပြန်လာသော ထွေးခင်ကို လှမ်းပြောလိုက်သည်။
“နင်တို့ ဖားရိုက်ထွက်လို့ ဖားရရင် လဲစားမယ်လေ”
ထွေးခင်က ဖိုးထွေးတို့ ဖားရိုက်ထွက်မည့်အကြောင်း တိုးမောင်ကတစ်ဆင့် ကြားထားပြီး ဖြစ်ဟန်တူသည်။ တိုးမောင်က သူတို့အိမ်တွင် တောက်တိုမည်ရ လုပ်ပေးကျမဟုတ်လား။
“အင်းပါဟာ၊ ကိုတိုးမောင်လာလို့ ဖားရိုက်ထွက်ဖြစ်ရင် ပေးပါမယ်၊ ရရင်ပေါ့”
“ရအောင်သာရိုက်ခဲ့၊ ငါ နင့်အတွက် ပုရစ် နို့ဆီတစ်ဘူးစာ ဖယ်ထားပေးမယ် ဖိုးထွေး”
“နင်ကတိတည်ရမယ်နော်. . . ထွေးခင်”
ဖိုးထွေးက အပိုင်လှမ်းပြောလိုက်သည်။ တိုးမောင်နှင့် ဖားရိုက်ထွက်ရရင်တော့ ရမှာသေချာသည်။
အမှန်က ဒီညနေ တိုးမောင်လာရင် ဖားရိုက်ထွက်ကြဖို့ စီစဉ်ကြမည်ဖြစ်သည်။ တိုးမောင်က တော်ရုံလူဆို ခေါ်လေ့မရှိ။ သူ့စကား နားထောင်မည့်သူမှ ခေါ်တာ။
ခဏကြာတော့ တိုးမောင် ရောက်လာသည်။
“ဖားရိုက်ထွက်တယ်ဆိုတာ ခြေသံလုံရမယ်၊ အာရုံစူးစိုက်မှု ရှိရမယ်၊ မျက်စိလျင်ရမယ်၊ စကားကျယ် ကျယ်မပြောရဘူး၊ ပြောမယ်ဆိုရင်လဲ လေသံနဲ့ ပြောတတ်ရမယ်”
တိုးမောင်က ရှင်းပြသည်။
“ဒါနဲ့ ကိုတိုးမောင်၊ ဖားခြောက်တယ်ဆိုတာ ဘာကိုခေါ်တာလဲဗျ”
သံချောင်းက သူကြားဖူးနားဝရှိသည်ကို ကြောက်ကြောက်လန့်လန့် ဖြင့် မေးပြန်သည်။
“အလကား ပြောကြတာပါကွာ။ ဖားက သရဲခြောက်သလို ခြောက်နိုင်ပါ့မလား။ ဖားရိုက် မကျွမ်းကျင်တဲ့သူတွေ ဖားအော်သံနောက် လိုက်ရင်းလိုက်ရင်း ဖားရော အသံရော ပျောက်သွားတော့ ဖားခြောက်တယ်လို့ ပြောကြတာကွ။ ငါ့တစ်သက်တော့ တစ်ခါမှမကြုံဖူးပါဘူးကွာ။
ကဲ… ကဲ မင်းတို့လဲ အိမ်ပြန်ပြီးပြင်ဆင်ကြ။ မိုးကာအင်္ကျီ ဝတ်ခဲ့။ တုတ်တစ်ချောင်း၊ လက်နှိပ်ဓာတ်မီးတစ်ခုစီလဲ ယူလာခဲ့ကြဦး။ ညဆယ့်တစ်နာရီ ဒီမှာဆုံမယ်”
တိုးမောင် စကားအဆုံး၌ လူစုခွဲလိုက်ကြသည်။
စားဖားဟုခေါ်သော ဖားပေါင်စင်းတို့မှာ ခြေတံလက်တံ တုတ်ခိုင်ရှည်လျား၍ အသားဆူဆူဖြိုးဖြိုး ရှိလှ၏။ အဝါစင်းများ ပါရှိတတ်သဖြင့် ဖားပေါင်စင်းဟုလည်း ခေါ်ကြသည်။ တစ်ကောင်လျှင် နှစ်ဆယ်သား၊ သုံးဆယ်သားခန့်ရှိသော အကောင်ကြီးများလည်းရှိသည်။ ခုန်လိုက်လျှင် လွှားခနဲ၊ လွှားခနဲ လက်တစ်လန်ခန့်ထိပင် ခုန်နိုင်သည်။
ဖားပေါင်စင်းတို့၏ အော်သံမှာ စာထဲမှာပါသလို “အုံအင် … အုံအင်” မဟုတ်။ အာလုတ်သံဖြင့် အော်ကြည့်လျှင် ထွက်လာသောအသံဖြစ်သည်။ “ဂေါ… ဂေါ” ဟု အနီးစပ်ဆုံး အသံထွက်သည်။
သည်လို မိုးဦးကာလတွင် မိတ်လိုက်၊ ဥချဖို့ စားဖားတွေက ထွက်သည်။ ဖားဖို၊ ဖားမ အသံပြုတတ်ကြသည်။ တစ်ကောင်အော်သံကြားလျှင် ကျန်အကောင်များက လိုက်အော်တတ်သည်။
တိုးမောင်က ဖားအော်သံကို ကောင်းစွာတုပနိုင်သည်။
ဘယ်လက် ညာလက်အုပ်လျက် လက်မနှစ်ခုကြားမှာ ပါးစပ်နှင့်တေ့ပြီး သူအော်လျှင် ဖားအော်သံနှင့် တစ်ထေရာတည်း။
“တယ်ဖား” ဖားတစ်ကောင်၏ အသံကို လုပ်နိုင်သည်။
တိုးမောင်၊ ဖိုးထွေးနှင့် သံချောင်းတို့ သုံးယောက် ရွာပြင်သို့ ထွက်လာခဲ့ရာ ဘုရားကြီးကုန်းအောက်နား ရောက်သောအခါ ဖားအော်သံသဲ့သဲ့ ကြားရသည်။ အနီးသို့ရောက်တော့ အော်သံ ပျောက်သွားသည်။
“ရှုး . . . ဒီနေရာမှာထိုင်ကြ။ ငါ လက်နှိပ်ဓာတ်မီးထိုးမှ မင်းတို့ထိုး”
တိုးမောင်က ရှေ့သို့ အနည်းငယ်လျှောက်သွားပြီး ကန်သင်းပေါ် တွင် ဆောင့်ကြောင့်ထိုင်၍ လက်နှစ်ဖက်ကိုအုပ်ကာ ဖားသံပေးလိုက်သည်။ သုံးလေးကြိမ်ခန့် အသံပေးလိုက်သောအခါ ဖားနှစ်ကောင်က တစ်ပြိုင်နက်တည်း လိုက်အော်သည်။
ကြယ်ရောင်အောက်တွင် အသံလာရာသို့ အားစိုက်ကြည့်လိုက်သည်။ ဖိုးထွေးနှင့် သံချောင်းတို့မှာ လက်မှ ဖားရိုက်တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
တိုးမောင်က အနားသို့ကပ်လာပြီး…
“မင်းတို့နှစ်ယောက် တစ်ယောက်က လက်နှိပ်ဓာတ်မီးထိုး၊ တစ်ယောက်ကရိုက်။ ဟိုဘက်က အကောင်ကိုရိုက်။ ငါက ဒီဘက်ချုံစပ်က အကောင်ကို ရိုက်မယ်။ ငါလက်နှိပ်ဓာတ်မီး ထိုးတာနဲ့ ပြိုင်တူလုပ်မယ်”
နောက်တစ်ကြိမ် အသံပေးလိုက်၍ လိုက်အော်သံအဆုံးတွင် တိုးမောင်က လှုပ်ရှားလိုက်သည်။
“ဘုတ် …. ဘုတ်”
ဟူသော တုတ်ရိုက်သံနှင့်အတူ တိုးမောင်က တစ်ကောင်ရသည်။
သံချောင်း ထိုးပေးထားသော လက်နှိပ်ဓာတ်မီးရောင်အောက်တွင် ထွန်ကျစ်ခဲကြား၌ ဝပ်လျက်ရှိသော စားဖားကြီးတစ်ကောင်ကို မြင်ရသည်။ ဖိုးထွေး ဆတ်ခနဲ ရိုက်လိုက်သည်။
“ဘုတ် …. ဘုတ်”
“ဟာ. . . မထိဘူးဟေ့၊ ထွန်ကျစ်ခဲက ရှေ့ကခံနေတော့ ရိုက်ချက် လွဲသွားတယ်”
လွှားခနဲ ခုန်ထွက်လာသော ဖားက သံချောင်းရှေ့နားသို့ ရောက်လာသည်။ သံချောင်းက လက်နှိပ်ဓာတ်မီး တစ်ဖက်ဖြင့် ဝမ်းလျားထိုး၍ လက်ဖြင့် ဖမ်းလိုက်သည်။
“တော်သေးတာပေါ့ကွာ၊ လျင်သားပဲ”
သံချောင်းလက်ထဲတွင် မိထားသော ဖားကိုကြည့်၍ တိုးမောင်က ချီးကျူးလိုက်သည်။
ဘုရားကြီးကုန်းအောက်နားတွင် အားလုံးစုစုပေါင်း ရှစ်ကောင်ရသည်။ မိတ်လိုက်ရာသီ ဖြစ်သဖြင့် နှစ်ကောင်တွဲ ရရှိသည်လည်း ရှိသည်။
တိုးမောင်က ဖားများကို ကြိုးဖြင့်ချည်၍သီထားပြီး ပလိုင်းထဲတွင် ထည့်ထားသည်။
လူတွေတော်တော်များများ မသွားရဲသော သင်္ချိုင်းကုန်းနားက ဖျောက်ဆိပ်ပင်ကြီးအောက်သို့ ရောက်သောအခါ ဖိုးထွေးနှင့် သံချောင်းတို့ နည်းနည်းတော့ ကျောချမ်းမိသည်။
တစ်ချက်တစ်ချက် ဝင်းခနဲ လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ ညောင်မုတ်ဆိတ်တွေကလည်း အသည်းယားစရာ တိုးလိုးတွဲလောင်း လှမ်းမြင်နေရသည်။
“ဒီနေရာက လူတွေ သိပ်မလာရဲဘူးကွ၊ ဒါပေမဲ့ ဖားတော့ ရလွယ်တယ်”
တိုးမောင် ပြောတာ မှန်သည်။ တောစပ်ချုံစပ်နားမှာပင် နောက်ထပ် ခုနစ်ကောင် ထပ်ရသည်။
သို့သော် ပြန်ခါနီးမှ ဖားတစ်ကောင်မှာ အနီးကပ် အော်နေပါလျက် မတွေ့နိုင်ဘဲဖြစ်နေသည်။
“ဖားခြောက်တာများလား ကိုတိုးမောင်ရာ”
သံချောင်းက ကြောက်ကြောက်ဖြင့် မေးပြန်သည်။
“ကြံကြီးစည်ရာ · · · သံချောင်းရာ၊ ငါ သေချာဖမ်းပြမယ်”
တိုးမောင်က အတွေ့အကြုံရှိသူပီပီ လက်မလျှော့။
“တို့သုံးယောက် ဖိုခနောက်ဆိုင်(သုံးပွင့်ဆိုင်) လူခွဲနေမယ်။ ဒီတစ်ခါ ဖားအော်ရင် အော်တဲ့နေရာ သေချာမှတ်။ ငါ အချက်ပြရင် ကိုယ်ကြားတဲ့နေရာကို ခပ်မြန်မြန် လှမ်းလာကြ။ တို့သုံးယောက်ရဲ့ဆုံမှတ်ဟာ ဖားရှိတဲ့ နေရာပဲ”
သုံးပွင့်ဆိုင် လူခွဲပြီးသောအခါ တိုးမောင်က “တယ်ဖား”အသံ ပြုလိုက်သည်။ လိုက်အော်သည့် ဖားသံလည်း မရှေးမနှောင်းပင် ပေါ်လာသည်။
ဖိုးထွေးနှင့် သံချောင်းတို့က အသံလာရာသို့ မှန်းကြည့်လိုက်သည်။ နှစ်ယောက်သား စိတ်လှုပ်ရှားလျက်။
တိုးမောင်က စတင်၍ လက်နှိပ်မီးထိုးသောအခါ သုံးယောက်စလုံး မိမိရှေ့တူရူသို့ ခြေလှမ်းကြဲကြဲဖြင့် လှမ်းကြသည်။ သုံးယောက်ဆုံမှတ်သို့ ရောက်လာသည်။
တွေ့ပါပြီ။
တွင်းခေါင်းဝတွင် ခေါင်းပြူလျက် နှစ်ချို့ဖားကြီး တစ်ကောင်။ မျက်လုံးကြောင်တောင်တောင်နဲ့။
လူကိုမြင်သောအခါ တွင်းခေါင်းထဲသို့ ပြေးဝင်သည်။ သို့သော် ဒီတစ်ခါတော့မလွတ်။ မိပြီ။
“ဒါကြောင့် ကိုတိုးမောင်က ဖားရိုက်တဲ့နေရာမှာ နာမည်ကြီးတာကိုး ”
ဖားအော်သံကို အသံစစ်၍ ဖားကိုမိအောင် ဖမ်းနိုင်သော ကိုတိုးမောင်ကို ဖိုးထွေးနှင့် သံချောင်းတို့က ချီးကျူးလိုက်သည်။
“ဒီဖားကို မမိရင် ဖားခြောက်ခံရတယ်ဆိုပြီး မင်းတို့ပြောမှာ သေချာတယ်”
တိုးမောင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံး၍ပြောလိုက်သည်။ စုစုပေါင်း ဖား ဆယ့်ခြောက်ကောင် ရသည်။ တိုးမောင် ခြောက်ကောင်ယူ၍ ဖိုးထွေးနှင့် သံချောင်းတို့က တစ်ယောက် ငါးကောင်စီ ဝေစုရသည်။
ရွာဘက်သို့ ပြန်ကြသောအခါ ကြက်ဦးတွန်ချိန်ကျော်ပြီ။ မကြာမီ ရောင်နီတက်တော့မည်။
ထွေးခင်တို့အိမ်သို့ သွား၍ ဖားတစ်ကောင်နှင့် ပုရစ်တစ်ဗူး လဲရမည်။ ပြုံးနေဦးမည့် ထွေးခင်မျက်နှာကို ဖိုးထွေး မြင်ယောင်မိပြန်သည်။
ငရုတ်သီးစိမ်း၊ စပါးလင်နိုင်းချင်းနှင့် ဖားကို မီးဖုတ်၍ စိတ်စိတ်ကလေး နွှင်ကာ ဆီလည်ရေလည် အမေက ချက်ပေးနေကျ။
ယောင်းမနှင့် “ရှဲ … ရှဲ” ခနဲ အသံမြည်အောင် အပေါ်အောက် လှန်ပေးလိုက်တော့ ဟင်းနံ့က သင်းခနဲ ပျံ့တက်လာတတ်သည်ပဲ။ စပါးလင်နံ့မွှေးမွှေး ဖားသားဟင်း အရသာကို တွေးရင်း တံတွေးများပင် မျိုချမိသည်။
ဖိုးထွေးကတော့ ဒီလို မိုးရာသီရောက်တိုင်း မိုးရေထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ခုန်ပေါက်ကစားကြရင်း ပုရစ်ဖမ်း၊ ငတက်ခုတ်၊ ဖားရိုက် စသည့် ရွာဓလေ့များကို နှစ်သက်ခုံမင် တမ်းတနေမိတာကတော့ အမှန်ပင် ဖြစ်ပါတော့သည်။
စံတော်ချိန်နေ့စဉ်သတင်းစာ၊ (၁၃-၇-၂ဝ၂၂)
– ပြီး –
စာရေးသူ – ကိုထွန်းရင်(အဏ္ဏဝါ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ