မူရင်းရေးသားသူ _ ဆရာတာတေ

ကျုပ်က မြို့မှာ ရောက်နေတာဗျ။ မြို့မှာ
ရောက်နေတာလို့ ပြောတာထက် မြို့မှာ သောင်တင်နေတာလို့ပြောရင် ပိုမှန်လိမ့်မယ်ဗျ။ ဒီလိုဗျို့။ ကျုပ်က ဘကြီးကို တစ်နှစ် တစ်ခါ လာပြီးကန်တော့နေကျလေဗျာ။ ဘကြီးကို ကန်တော့ဖို့ လာတာပဲဗျ။
ဘကြီးကို ကန်တော့ပြီး မြို့မှာ တစ်ည အိပ်လိုက်တာဗျို့။ ကျုပ်အိပ်တဲ့ ညမှာပဲကျုပ်ဘကြီး လေထဖြစ်တာ။

ညတစ်နာရီထိုးလောက်ကြီးဗျ။ ဘကြီးကအိပ်ရာထဲကနေ ဝူးဝူးဝါးဝါးတွေ အော်နေတာနဲ့ ကျုပ်နိုးသွားပြီး ပြေးကြည့်တော့ ပါးတစ်ခြမ်းရွဲ့ပြီး ပါးစပ်ပါ ရွဲ့ရွဲ့ကြီး ဖြစ်နေတာဗျ။ ဒါပေမဲ့ ဘကြီးက သတိတော့ မ
လစ်ဘူး။ သူ့အိပ်ရာဘေးက စားပွဲကိုချည်းလက်ညှိုးထိုးပြနေတာ။ ကျုပ် လှည့်ကြည့်လိုက်တော့ ငှက်ပျောဖူးပုလင်း နှစ်ပုလင်း
တင်ထားတာ တွေ့တယ်။ ပုလင်းထဲမှာဝါဝါအရည်တွေတွေ့တယ်ဗျ။

ဒီတော့မှ ကျုပ်သတိရသွားတာဗျ။ ဘကြီး
အိမ်မှာ လာနေပြီး ကျောင်းတက်တုန်းက
ဘကြီး လေငန်းဆေးဖော်ဖော်ပြီး လူတွေ
ကိုပေးတာ သွားပြီးသတိရလိုက်တာဗျို့။
အဲဒီတုန်းက ဘကြီး ပြောတာကို ချက်ချင်း
သတိရသွားပြီး စားပွဲပေါ်က ငှက်ပျောဖူး
ပုလင်းကြီးကို ဆွဲယူလိုက်တယ်။ ပုလင်း
ကို ကပျာကယာ ဖွင့်ပြီး စားပွဲပေါ်မှာ အ
ဆင်သင့်တွေ့တဲ့ ဇွန်းနဲ့ ဘကြီးပါးစပ်ထဲ
ကို ဆေးရည်တွေ ခပ်ဖြည်းဖြည်း ထည့်
လိုက်တယ်။ ဆေးရည်နှစ်ဇွန်း တိုက်ပြီး
တော့ ဘကြီးရဲ့ ရွဲ့နေတဲ့ပါးကို ဆေးရည်
နဲ့ နာနာပွတ်ပြီး ပြန်ဆွဲချပေးတာဗျ။

စွမ်းလိုက်တဲ့ ဆေးဗျာ။ လွှတ်စွမ်းတာဗျ။
ကျုပ်က လိမ်းလိုက်၊ ဆွဲချလိုက် လုပ်ပေး
လိုက်တာ ဘကြီးရဲ့ ပါးက တဖြည်းဖြည်း
ပြန်တည့်လာရောဗျာ၊ဆယ့်ငါးမိနစ်လောက်
ကြာတော့ လုံးလုံးပြန်ထည့်သွားရောဗျို့။

ဘကြီးရဲ့ရွဲ့နေတဲ့ ပါးစပ်ရော ရွဲ့နေတဲ့
မျက်နှာတစ်ခြမ်းပါ ပြန်တည့်သွားတာ
ဗျို့။ ဘကြီးက စကားလည်း ပြောနိုင်
သွားပြီဗျ။ ဒါကတော့ ဆေးရည်ကို ပါး
စပ်ကနေ တိုက်လိုက်လို့ ထင်တယ်ဗျ။
ကျုပ်က ဘကြီးရဲ့ လက်မောင်းတွေ
ရော၊ ကျောကုန်းရော ကိုယ်တစ်ခြမ်း
လုံးကို ဆေးရည်နဲ့ ခပ်ရွှဲရွှဲလိမ်းပြီး နှိပ်
ပေးရတာပေါ့ဗျာ၊ တစ်နာရီလောက်ကြာ
တော့ အင်္ကျီထူထူဝတ်ပေးပြီး စောင်
ခြုံပေးထားလိုက်တယ်

“တာတေ မင်း မြင်ပြီမို့လား ဘကြီးဆေး
အစွမ်းကို “

“ဟုတ်ပ ဘကြီးရာ၊ ဘကြီးဆေးက လွှတ်
စွမ်းတာ ကျုပ် ကိုယ်တွေ့ပဲလေဗျာ”

“မင်း ဒီမှာ ကျောင်းလာတက်နေတုန်းက
ဒီဆေးဖော်တာ နှစ်ခါ သုံးခါ တွေ့ဖူးတယ်
မို့လား”

“တွေ့ဖူးတယ်လေ ဘကြီးရဲ့၊ ကျုပ်ပဲ
ရှောက်ဘီလူးတွေ အရည်ညှစ်ပေး
တာလေ”

“သြော် …အေး၊ အေး ဟုတ်သားပဲ တာ
တေရဲ့၊ မင်းပဲ ရှောက်သီးတွေ အရည်ညှစ်
ပေးတာ”

ဘကြီးဖော်တဲ့ လေငန်းဆေးကို ကျုပ်မှတ်မိ
တယ်ဗျ။ ရှောက်ဘီလူးတွေ တောကို မှာရ
တယ်ဗျို့။ ရှောက်ဘီလူးဆိုတာ သံပုရာသီး
သာသာရှိတဲ့ ရှောက်သီးလေဗျာ။

အခွံထူထူမှာ အထွတ် အထွတ်တွေ ထွက်
နေတဲ့ ရှောက်ဘီလူးအရည် တစ်ပုလင်းရ
အောင် ညှစ်ရတယ်ဗျ။ တစ်ပုလင်းဆိုတာ
ငှက်ပျောဖူးပုလင်းကို ပြောတာလေဗျာ။
ရှောက်ရည်တစ်ပုလင်း ရအောင်က တော်
တော်ကို ညှစ်ရတာဗျ။ ရှောက်သီးက သံပု
ရာသီး သာသာလေး ရှိတာလေဗျာ။ ရှောက်
ရည်တစ်ပုလင်းနဲ့ ထန်းလျက်အရက်၊ ခေါင်
ရေသန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်း
လျက်အရက်ဆိုတာ တောအရက်ကို ပြော
တာလေဗျာ။ အဲဒီနှစ်ပုလင်းစာကို ကြွေရည်
သုတ်ဇလုံထဲမှာ ထည့်ရတယ်။

တစ်ခါတစ်လေတော့လည်း မြေအိုးနဲ့ ကျို
ရသဗျ။ တစ်ပုလင်းစာ ကျန်ပြီဆိုတော့မှ
အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်း
ခြေ အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ် လေး
ခု ငါးခုလောက် ထည့်ကျိုရတယ်။ ငါးလင်
ဗန်းသည်းခြေ ထည့်လိုက်တော့ အရည်ကို
ဝါညိုညိုကြီး ဖြစ်လာရောဗျ။ပြီးရင် ကုလား
အော်သီးလို့ ခေါ်တဲ့ အာဝါးသီးရဲ့အလယ်
က အူတိုင်သုံးခုထုတ်ပြီး ထည့်ကျိုရတယ်
ငရုတ်သီးရဲ့ အူတိုင်မှာက ငရုတ်စေ့လေး
တွေ ပါလာတာပေါ့ဗျာ။

အဲဒီအရည်ကို အအေးခံပြီး ငှက်ပျောဖူး
ပုလင်းနဲ့ ထည့်ထားရတယ်။ တစ်ယောက်
ယောက် လေဖြတ်လို့ ဘကြီးကို လာခေါ်
ရင် ဘယ်အချိန်ချိန်ဖြစ်ဖြစ် သူ့ဆေးပုလင်း
ကြီးကို ဆွဲပြီး လိုက်တော့တာပဲဗျ။ ဘကြီး
က တဖြည်းဖြည်း နွေးလာပြီး အိပ်ပျော်
သွားတယ်ဗျ။ ကျုပ်ကတော့ ပြန်မအိပ်
တော့ဘဲ ဘကြီးကို စောင့်နေရတာပေါ့
ဗျာ။ရွာကို လူကြုံနဲ့ အကြောင်းကြားတော့
အမေနဲ့ အဘလည်း လိုက်ချလာကြတာ
ပေါ့။ ဒါနဲ့ပဲ ကျုပ်လည်း မြို့မှာ သောင်တင်
နေတော့တာဗျ။ ဘကြီး တော်တော်လေး
ကောင်းလာတော့ ကျုပ်လည်း ပျင်းပျင်းရှိ
တာနဲ့ မြို့ထဲက ကျောင်းနေဘက် သူငယ်
ချင်းတွေဆီ လျှောက်လည်ရတာပေါ့ဗျာ။

“ဟေ့ တပည့်၊ အဲဒီ ရွှေမန်းကျည်းတောင့်
တွေကို မထိနဲ့၊မကိုင်နဲ့ ကြားလား။လျှောက်
လျှောက် တည့်တည့်လျှောက်၊ငါ့နောက်က
သိပ်မခွာနဲ့၊ ကပ်လျှောက် တပည့် ။ ကပ်
လျှောက်။ ဟေ့ကောင် တပည့် မင်း ဘာမှ
မကြောက်နဲ့ ဘီလူးကောင်ကြီး လာနေပြီ၊
လာနေပြီ၊ ငါ လုပ်လိုက်မယ်။ မကြောက်နဲ့
တပည့် မကြောက်နဲ့၊ ငါ့ဆေးတောင်ဝှေး
နဲ့ ရမ်းလိုက်မယ်”

အသံပြာပြာကြီးနဲ့ အော်ပြောတာဗျ။ လူ
တွေလည်း အုံလို့။ ကျုပ် ချက်ချင်း ထပြီး
ကြည့်လိုက်တယ်။ ရသေ့ကြီးတစ်ပါးဗျ။
ဆံပင်ကြီး ဖားလျားချလို့။ သင်္ကန်းညိုညို
ကြီးကလည်း စုတ်ပြတ်သက်လို့ဗျာ။လက်
ထဲမှာ သစ်ကိုင်းခြောက်တစ်ချောင်း ကိုင်
ထားတယ်

“ဟာ …ရသေ့ အရူးကြီးကွ”

ကလေးနှစ်ယောက်က ကျုပ်ကို တိုးပြီး လူ
အုပ်ထဲကို ဝင်သွားတယ်။ ဝိုင်းအုံကြည့်နေ
တဲ့ လူတွေရဲ့မျက်နှာကို ကျုပ်အကဲခတ်
ကြည့်လိုက်တယ်။ လူ့စိတ်ဆိုတာ မျက်နှာ
မှာ ပေါ်နေတာပဲလေဗျာ။ တချို့ကတော့
ရသေ့အရူးကြီးကို သနားတဲ့စိတ်နဲ့ ကြည့်
နေတာဗျ။ တချို့ကျတော့လည်း မျက်နှာ
က ပြုံးစေ့စေ့နဲ့၊ ရယ်စရာလို့ သဘော
ထားတာပေါ့ဗျာ။

“ဟား ဟား ဟား ရသေ့ကြီး
သိုက်တူးနေတာကွ”

“အေး ဟုတ်မယ်ကွ၊ လက်ထဲက ကိုင်ထား
တဲ့ သစ်ကိုင်းခြောက်ကို ဆေးတောင်ဝှေး
လို့ သဘောထားပုံရသကွ”

“ဟုတ်တယ်လေ ကိုစရဲ့၊ အဲဒီဆေး
တောင်ဝှေးနဲ့ သိုက်ထဲက ဥစ္စာစောင့်
ဘီလူးတွေ၊ သရဲတွေကို ရမ်းပစ်လိုက်၊
ထိုးပစ်လိုက်၊ ရိုက်လိုက် လုပ်နေတာ
လေဗျာ၊ အတော်လေးတော့ ရယ်စ
ရာကောင်းသားဗျ၊ ဟား ဟား ဟား”

ပြောရင်းနဲ့ ဒီလူ ရယ်ရောဗျ။

“ဟေ့ကောင် ဘမှိန်၊ မရယ်နဲ့ကွ၊ မင်း
ဝဋ်လိုက်နေဦးမယ်၊ ဒါ ရယ်စရာမဟုတ်
ဘူးကွ၊ သနားဖို့ကောင်းတာ”

“ဟဲ့ တပည့်၊ မတီးနဲ့၊ မတီးနဲ့၊ အဲဒီမောင်း
ကို မတီးနဲ့၊ ဟာ ဒီကောင် ပြောနေတဲ့ကြား
က မောင်းကို တီးလိုက်ပြီ။ ဟာ ရေတွေ
ရေတွေ ဂူနံရံက ရေလုံးကြီးတွေ ပန်းထွက်
လာပြီဟေ့၊ ကူးဟေ့၊ ကူး၊ ကူး၊ မသေချင်
ရင် လွတ်အောင်ကူးကွ”

ရသေ့အရူးကြီးက ပြောပြောဆိုဆိုနဲ့ ဝမ်း
လျားမှောက်ချလိုက်ပြီး သဲထဲမှာ ရေကူး
သလို ကူးနေရောဗျာ။

“ဟား၊ ဟား၊ ဟား၊ ဟား ဟား”

ကြည့်နေတဲ့ လူအုပ်ကြီးက ရယ်တော့တာ
ပေါ့ဗျာ။ ဒါပေမဲ့ ရသေ့ကြီးက သူ့ကို လူတွေ
အုံကြည့်နေတာကို နည်းနည်းမှ သတိထား
မိပုံမရဘူးဗျ။သဲတောထဲမှာ ရေကူးနေတော့
တာပါပဲဗျာ။ ကျုပ်လည်း ဆက်မကြည့်ရက်
တော့တာနဲ့ လှည့်ထွက်လာခဲ့တယ်။ ဘယ်
ကိုမှလည်း သွားချင်စိတ် မရှိတော့ပါဘူးဗျာ
ဘကြီးအိမ်ကိုပဲ ကျုပ် ပြန်လာခဲ့တယ်။

ကျုပ်စိတ်မကောင်းဘူးဗျာ။ ရသေ့ကြီး ဦး
ဘောဂကို ကျုပ်မတွေ့တာ တစ်နှစ်ကျော်
ပြီဗျ။ ကျုပ်စိတ်ထဲမှာ သတိတောင် သိပ်မ
ရတော့ပါဘူး။ အခုလို ဗြုန်းကနဲ ပြန်တွေ့
လိုက်တော့ ကျုပ်အံ့သြသွားတာပေါ့ဗျာ။
ပြီးတော့ တွေ့ရတဲ့ တွေ့ရနည်းကလည်း
အရူးကြီးအနေနဲ့ တွေ့ရတာဆိုတော့ ကျုပ်
စိတ်ထဲမှာ တော်တော်ကို မကောင်းတာဗျာ
ရသေ့အရူးကြီး ဦးဘောဂကို ဝိုင်းကြည့်ပြီး
တဟားဟားနဲ့ ရယ်နေတဲ့ လူတွေကတော့
ဒီရသေ့အရူးကြီးနဲ့ ကျုပ်နဲ့ ပတ်သက်ခဲ့တာ
ကိုတော့ ဘယ်သိကြမတုံးဗျာ။

ကျုပ်ကတော့ သိတာပေါ့ဗျာ။ ကျုပ်က ဦး
ဘောဂနဲ့ အတူတူပါသွားခဲ့တဲ့ ကောင်လေ
ဗျာ။ ခင်ဗျားကိုတော့ ဒီအကြောင်း ပြောပြ
ရမှာပေါ့ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ ခင်
ဗျားက ကျုပ်ရဲ့ စာဖတ်ပရိတ်ကိုဗျ။ ကျုပ်
သေသေချာချာကို မှတ်မိနေတဲ့ အကြောင်း
ပါဗျာ။ ဒီတစ်သက်တော့ ကျုပ်ဘယ်တော့
မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ပြာသိုလကြီးဗျ
ကျုပ်တို့အညာမှာ လွှတ်အေးနေတဲ့ အချိန်
ပေါ့ဗျာ။ အဘနဲ့ ကျုပ်နဲ့က ဆောင်းမြေပဲ
တွေ နှုတ်ပြီး သိမ်းစည်းပြီးလို့ အားနေကြ
တာ တစ်ပတ်လောက် ရှိပြီဗျ။နေ့ခင်းဘက်
ဆိုရင် ဝိုင်းထဲမှာ ပဲလှမ်းတာလောက်ပဲ အ
လုပ်ရှိတာပေါ့ဗျာ။ ပြာသိုညတွေ ဆိုတာ
ကျုပ်တို့ အညာမှာ ကောင်းကောင်းအိပ်
လို့ ရကြတာမှ မဟုတ်တာဗျာ။

စောင်ခြုံပြီးတော့သား ကွေးနေရတာ။မှေး
ကနဲ ပျော်သွားလိုက်၊ နိုးလာလိုက်၊ ကွေး
လိုက်နဲ့ မိုးကိုလင်းရော ကောင်းကောင်း
အိပ်ပျော်တာ မဟုတ်ဘူးဗျ။ မနက်ကျ
တော့လည်း အလုပ်ရှိတော့ ထကြပြန်ရော
ဗျာ။ ကျုပ်တို့ အညာသားတွေနဲ့ အညာနွား
တွေကတော့ ဒီလိုပါပဲ။

နွားနဲ့ဖက်ပြီး ကြီးလာတဲ့ ကောင်တွေဆိုတာ
ကျုပ်တို့မှ အစစ်ဗျ။ ဒီနွားတွေနဲ့ ကျုပ်တို့နဲ့
အတူတူ ယာထွန်လိုက်ကြ၊ အတူတူ ရေ
စည်တိုက်လိုက်ကြ၊ အတူတူသွားပြီး ထင်း
ခုတ်လိုက်ကြ၊အတူတူသွားပြီး နှမ်းအိတ်၊ပဲ
အိတ် တိုက်လိုက်ကြ။ ဟိုရွာ ဒီရွာကို လှည်း
နဲ့ အတူတူ သွားလိုက်ကြလေဗျာ။ခုရက်က
လေးတော့ နည်းနည်းအားတာနဲ့ ကျုပ်က
မနက်အစောကြီး မထဘူးဗျ။ အိပ်ရာထဲမှ
ဇိမ်လုပ်ပြီး ကွေးနေတာဗျို့။

“တာတေရေ၊ တာတေ၊ နိုးပြီလားဟေ့”

အို ဘယ်သူများတုံးဗျာ၊ ဝိုင်းဝကနေ အာ
ပြဲကြီးနဲ့ ကုန်းအော်နေတာ။ ကျုပ်လည်း
ခြုံထားတဲ့ စောင်တွေကို ခွာချပြီး အိမ်ရှေ့
ကို ထွက်ကြည့်လိုက်တယ်။ လှည်းနဲ့ လာ
တာဗျ။ ဝိုင်းဝမှာ လှည်းရပ်လို့၊ ကျုပ်ကို
လှမ်းနေတာ။ သေသေချာချာ ကြည့်လိုက်
တော့မှ ဒါဆပ်သမြှောင်က ကိုအောင်ပွား
ဗျ။ လက်နှစ်ဖက်လုံးမှာ လက်မလေးတွေ
ပွားနေတာ။

“ကိုအောင်ပွား လာလေဗျာ၊ လှည်းကို ဝိုင်း
ထဲအထိ မောင်းဝင်လိုက်”

ကျုပ်က ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲကို ပြေး
ဆင်းခဲ့တယ်။ ကိုအောင်ပွားကလည်း နွား
ဖြူကြီးနှစ်ကောင်ဆွဲတဲ့ သူ့လှည်းကို ဝိုင်း
ထဲမောင်းဝင်လိုက်တယ်။ ကိုအောင်ပွားရဲ့
နွားကြီးတွေက တော်တော်ချောတာဗျ။ အ
လုံးရော ဒေါက်ရော ဘာမှကို ပြောစရာ မ
ရှိတဲ့ နွားချောကြီးတွေဗျ။

“လာဗျ၊ ကိုအောင်ပွား”

ကိုအောင်ပွားက နွားနှစ်ကောင်ကို လှည်း
ကနေ ဖြုတ်လိုက်တယ်။ နွားတင်းကုပ် ဒီ
ဘက်ထိပ်မှာ နွားတွေ ချလိုက်တယ်။ကျုပ်
က နွားစာခွက်ထဲကို စဉ်းပြီးသား ပြောင်း
ရိုးထည့်ပြီး ရေပါ ထည့်ပေးလိုက်တယ်။
ကျုပ်တို့အညာမှာက လူကိုတင် ဧည့်ခံကြ
တာ မဟုတ်ဘူးဗျ။နွားပါရင် နွားကိုပါ ဧည့်
ခံကြရတာဗျို့။ကိုအောင်ပွားကို အမောပြေ
ဖွာဖို့ နဂါးဆေး ပေါ့လိပ်ကလေး မီးညှိပြီး
တည်လိုက်တယ်။အမေက လက်ဖက်သုတ်
နဲ့ ရေနွေးကြမ်း ချပေးတယ်။ကိုအောင်ပွား
က အဘနဲ့ အမေ့ကို နှုတ်ဆက်တယ်။

“အောင်ပွား မင်းအဘ ကိုဘိုးရင်းနဲ့ မင်း
အမေ မစွာတို့ နေကောင်းကြရဲ့လားကွ၊
မတွေ့တာ အတော်ကို ကြာနေပြီဟေ့”

“နေကောင်းကြပါတယ် ဘိုးဥာဏ်၊ ဘိုး
ဥာဏ်တို့ အရီးတို့ရော နေကောင်းကြရဲ့
လား”

“အေး၊ ကောင်းပါတယ်ကွ၊ နို့ ထနောင်း
ကုန်းကို အလည်လာတာလား၊ ကိစ္စရှိလို့
လား”

“တာတေ့ဆီကို လာတာ ဘိုးဥာဏ်ရဲ့၊
ကိစ္စတစ်ခု ရှိလို့ဗျ”

“သြော်…အေး၊ အေး၊ ကဲ ဒါဆို မင်းတို့
ညီအစ်ကိုနှစ်ယောက် ပြောကြဆိုကြ၊ ဘိုး
ဥာဏ်နဲ့ မင်းအရီးက တောင်ပိုင်းက ကိုညို
တို့ အိမ်ကို ခဏသွားလိုက်ဦးမယ်၊ ကိုညို
တို့အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ရှိလို့ ဖိတ်
ထားတာ၊ မသွားလို့ မကောင်းဘူးဟေ့”

အဘနဲ့ အမေက ဝိုင်းက ထွက်သွားကြ
တယ်။ ကျုပ်လည်းကိုအောင်ပွားကို မေး
လိုက်မိတယ်။

“ကိုအောင်ပွား၊ ကျုပ်ဆီကိုလာတာ ဘာ
ကိစ္စရှိလို့တုံးဗျ”

ကိုအောင်ပွား ဆိုတဲ့လူက ကျုပ်ထက်
ဆယ်နှစ်၊ ကိုးနှစ်လောက် ကြီးလိမ့်မယ်
ထင်တယ်၊ လူပုံက ပိန်ပိန်ရှည်ရှည်ကြီး
ဗျ။လက်မနှစ်ဖက်စလုံးမှာ လက်ပွားလေး
တွေနဲ့ဗျ။ ဒီလူက လွှတ်သဘောကောင်း
တာဗျာ။ဆပ်သမြှောင်က သာရေး နာရေး
ဆိုရင် ကိုအောင်ပွား မပါလို့ ပြီးတာ
မဟုတ်ဘူးဗျ။

“ဒီလို တာတေရေ၊ ငါတို့ ဆပ်သမြှောင်
တောင်ကျောင်းက ဆရာတော် ဦးဥတ္တမ
ကို မင်း သိတယ်မို့လား”

“ဟာ သိတာပေါ့ ကိုအောင်ပွားရဲ့”

“အေး၊ ဆရာတော် လွှတ်လို့ ငါလာတာ
ကွ၊ ဆရာတော့်ကျောင်းမှာ ရသေ့နှစ်ပါး
ရောက်နေတယ်”

“ရသေ့ ဟုတ်လား၊ ဘယ်က
ရသေ့တွေတုံးဗျ”

“ဘယ်က ရသေ့လဲတော့ ငါလည်း မသိ
ဘူးကွ၊ဆရာတော် ဦးဥတ္တမနဲ့တော့ တော်
တော်ရင်းနှီးပုံပဲ၊ ရသေ့ကြီးရဲ့ဘွဲ့က ဦး
ဘောဂတဲ့ကွ၊ ရသေ့အငယ်လေးရဲ့ဘွဲ့က
ကိုသောမတဲ့၊ရသေ့ကြီးက အသက်ငါးဆယ်
ကျော်လောက်ရှိမယ်၊ ရသေ့လေးသောမက
အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိမယ်ကွ
တာတေရ”

“သူတို့ ခင်ဗျားတို့ ဆပ်သမြှောင်ကို ဘာ
လာလုပ်တာတုံးဗျ”

“သိုက်တူးမလို့တဲ့ကွ တာတေရ”

“ဘာဗျ၊ သိုက်တူးမလို့ ဟုတ်လား၊ ဘယ်
က သိုက်တုံး”

“ပြာဒါးပြာသိုက်လို့ ပြောတာပဲကွ၊ ဘယ်
မှာရှိနေတာတော့ ငါလည်း မသိဘူး၊ ဒီ
သိုက်ကို ဖွင့်ဖို့အတွက်က စနေသား တစ်
ယောက် လိုနေတယ်တဲ့ကွ”

“ဗျာ၊ စနေသား လိုနေတယ် ဟုတ်လား
ကိုအောင်ပွား၊ ခင်ဗျားတို့ ဆပ်သမြှောင်
မှာ စနေသားတွေ အများကြီးပါဗျာ၊ တင်
ကြွေတို့ တင်ငွေ ညီအစ်ကိုလည်း စနေ
သားတွေပဲဗျ”

“ဟာ မဟုတ်ဘူးကွ၊ လူတိုင်းခေါ်လို့ မရ
ဘူးတဲ့ တာတေရ၊ လွှတ်သတ္တိရှိပြီး လွှတ်
သစ္စာရှိရမှာဆိုပဲကွ။ ဆရာတော်က မင်း
အကြောင်း ပြောပြလိုက်တော့ ရသေ့ကြီး
ဦးဘောဂက ချက်ချင်းခေါ်ပေးပါလို့ ပြော
တာနဲ့ ငါလာခေါ်တာကွ”

ဒါမျိုးတွေက ကျုပ် ကြုံခဲ့ဖူးပါတယ်။ အဘ
နဲ့ အမေပြန်လာတော့ အကျိုးအကြောင်း
ပြောပြီး ကိုအောင်ပွားရဲ့ လှည်းနဲ့ ဆပ်သ
မြှောင်ကို ကျုပ် လိုက်ခဲ့တယ်။ ရသေ့ကြီး
ဦးဘောဂရဲ့ဥပဓိရုပ်ကို မြင်တော့ ကျုပ်
သဘော ပေါက်တယ်ဗျ။ ရသေ့ကြီးဟာ
တစ်ခုခုကို လုပ်တော့မယ်ဆိုရင် မဆုတ်
မနစ် လုပ်မယ့်ရုပ်မျိုးဗျ။ ဒါပေမဲ့ ရသေ့ကြီး
ရဲ့ မျက်လုံးတွေက နည်းနည်းပြူးနေတယ်။
ဒါဟာ အလိုလောဘကြီးတဲ့သဘောကို ပြ
တာဗျ။ သူ့တပည့် ရသေ့သောမကတော့
ငယ်လည်း ငယ်တယ်၊ အသိဥာဏ်လည်း
နည်းမယ်ပုံပဲဗျ။

“ဒကာလေး တာတေ၊ ကျုပ်ကို ကူညီ
ပါကွယ်”

ရသေ့ကြီး ဦးဘောဂက ကျုပ်ကို အကူအ
ညီတောင်းတာဗျ။ ဆရာတော် ဦးဥတ္တမက
လည်း ကျုပ်ကို ကူညီဖို့ ပြောတယ်ဗျ။

“နေပါဦး ဘရသေ့ကြီးရဲ့၊ အခု တူးမယ့်
သိုက်က ဘာသိုက်တုံး၊ ဘရသေ့က ဘာ
ကို လိုချင်လို့ တူးမှာတုံး”

ကျုပ်က တည့်ပဲ မေးလိုက်တယ်ဗျ။

“ဘရသေ့ အခုတူးမယ့်သိုက်က ပြဒါးပြာ
သိုက်ကွဲ့၊ ဘရသေ့က ရွှေ၊ ငွေ၊ ကျောက်
သံပတ္တာမြား ဘာမှမမက်မောဘူးကွဲ့၊ ပြ
ဒါးပြာပဲ လိုချင်တာ၊ အဲဒီပြာဒါးပြာ ရရင်
ရွှေလိုချင်ရွှေ၊ ငွေလိုချင်ငွေ ဖြစ်မယ်၊ပြီး
တော့ ဘရသေ့ ထွက်ရပ်ကြွလို့ရမယ်၊
ဒကာလေး တာတေ”

ကျုပ်လိုက်ခဲ့ပါမယ်လို့ ကတိပေးလိုက်တယ်။
အဲဒီည ဆပ်သမြှောင် တောင်ကျောင်းမှာ
တစ်ည အိပ်ပြီး မနက်စောစော ခရီးထွက်ခဲ့
တယ်။ အလယ်ရိုးမပေါ်ကို ကျုပ်တို့ရောက်
တော့ ဘရသေ့ကြီးကသူ့ရဲ့ဆေးတောင်ဝှေး
ကြီးကို ထောက်ရင်း ထောက်ရင်းနဲ့ ရှေ့က
ကြွတယ်။ သူ့နောက်က ကျုပ်က လိုက်ရ
တယ်။ ကျုပ်နောက်ကမှ ရသေ့လေး သော
မက လိုက်လာတယ်။

တောထဲရောက်ကတည်းက ရသေ့သောမ
က ဘုရားဂုဏ်တော်ကို မပြတ်ရွတ်တော့
တာပဲဗျ။ညရောက်တော့ ညောင်ပင်အကြီး
ကြီးနှစ်ပင် ပေါက်နေတဲ့ကြားက ကျောက်
ဖျာပေါ်မှာ ကျုပ်တို့ အိပ်ကြတယ်။ ကျုပ်
တို့ ဆိုတာက ကျုပ်နဲ့ ရသေ့သောမရယ်
ပေါ့ဗျာ။ ဘရသေ့ကြီး ဦးဘောဂကတော့
တစ်ညလုံး ပုတီးထိုင်စိပ်နေတာဗျ။ လက
လည်း တစ်တောလုံး၊တစ်တောင်လုံး လင်း
နေအောင်ကို သာနေတာဗျ။

မနက်မိုးလင်းတော့ ရသေ့ကြီးက ကျုပ်နဲ့
ရသေ့သောမကို နှိုးပြီး ကောက်ညှင်းကျည်
တောက် အဆာပြေ ကျွေးတယ်။

“မောင်တာတေ၊ ကျုပ်တို့တော့ လာရှာတဲ့
နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီ
ကွဲ့”

“ဟာ ဟုတ်လား ဘရသေ့၊ ဒါဆိုရင် ရှေ့
ဆက်သွားဖို့ မလိုဘူးပေါ့”

“ဟုတ်တယ်ကွဲ့၊ ဒီညောင်ပင်ကြီး နှစ်ပင်
အောက်က မောင်တာတေတို့ တစ်ညလုံး
တက်အိပ်နေတဲ့ ကျောက်ဖျာကြီးဟာ ပြဒါး
ပြာသိုက်ကြီးရဲ့ ဝင်ပေါက်ကြီးပဲကွဲ့၊ ကဲ
အပေါ်က သစ်ရွက်ခြောက်တွေ ဖယ်ပြီး
ကျောက်ဖျာကြီးကို နည်းနည်းလောက်
ပွတ်တိုက်ကြည့်စမ်းကွယ်”

ရသေ့သောမနဲ့ ကျုပ်က တောင်ထန်း
လက်အခြောက်တစ်ခုစီ ကောက်ယူပြီး
ကျောက်ဖျာကြီးပေါ်က သစ်ရွက်ခြောက်
တွေကို လှည်းထုတ်ပစ်လိုက်တယ်။ ပြီး
တော့ ကျောက်ဖျာကြီးပေါ်မှာ သေသေ
ချာချာ လိုက်ကြည့်တော့မှ ထောင့်လေး
ထောင့်မှာ ဘီလူးရုပ်တွေ တွေ့တော့
တာဗျို့။

“ကဲ သေချာပြီ မောင်တာတေရေ၊
သောမနဲ့ မောင်တာတေ နောက်ဆုတ်
ကြ၊ နောက်ဆုတ်ကြ၊ ကျုပ် သိုက်တံခါး
ဖွင့်တော့မယ်”

ရသေ့သောမနဲ့ ကျုပ်နဲ့က ညောင်ပင်ကြီး
နှစ်ပက်ရဲ့ပင်စည်ကို ရောက်သွားတဲ့အထိ
ဆုတ်လိုက်ကြတယ်။ ရသေ့ကြီးက ပါးစပ်
ကနေ မန္တန်တွေ မပြတ်ရွတ်ပြီး လက်ထဲ
က ဆေးတောင်ဝှေးကြီးနဲ့ ကျောက်ဖျာကို
လွှဲရိုက်လိုက်တယ်။

“ဝုန်း”

ဟာ ကျုပ်တို့ ရပ်နေတဲ့ မြေကြီးဆို
တာ ဆတ်ဆတ်ခါအောင် တုန်လှုပ်
သွားလိုက်တာ ရသေ့သောမခမျာ ဖင်
ထိုင်ရက်တောင် လဲကျသွားရောဗျာ။

“ဝုန်း၊ ဂျုန်း၊ ဂျူန်း”

ဟာ ပွင့်သွားပြီဗျို့။ ကျောက်ဖျာကြီး
အလယ်က ကွဲပြီး ရွှေ့သွားပြီဗျာ၊ ဟာ
ကျောက်ဖျာအောက်မှာ အောက်ကိုဆင်း
တဲ့ ကျောက်လှေကားကြီးဗျ။ကျုပ် ငုံ့ကြည့်
လိုက်တော့ ကျောက်လှေကားကြီးအဆုံး
မှာ ကျောက်ဘီလူးရုပ်ကြီး တစ်ရုပ်ဗျ။

အစွယ်ပြူးပြူးနဲ့ မျက်လုံးကြီးတွေ ရဲရဲ
တောက်နေတာဗျ။ လက်က လေးဖက်။
လက်တိုင်းမှာ ဓါးတစ်လက်စီ ကိုင်ထား
တာဗျို့။ဘာမှမပြောမဆိုတော့ဘဲ ရသေ့
ကြီးက ဘောက်ဆတ် ဘောက်ဆတ်နဲ့
ရှေ့က ဆင်းသွားတယ်။ ကျုပ်နဲ့ ရသေ့
သောမလည်း ကျောက်လှေကားထစ်တွေ
အတိုင်း နင်းပြီး ရသေ့ကြီး ဦးဘောဂရဲ့
နောက်က လိုက်ကြရတော့တာပေါ့ဗျာ။

ကျောက်လှေကားထစ် ဆယ့်တစ်ထစ်
ဆင်းပြီးတာနဲ့ ဆင်စွယ်ရောင်လို ဖွေးနေ
တဲ့ ကျောက်သားကြမ်းပြင်ကြီးကို ခြေ
ထောက်နဲ့ နင်းမိရောဗျ။ ကျုပ်တို့အား
လုံး ကျောက်သားကြမ်းပြင်ကြီးပေါ်ကို
ရောက်တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ
လက်လေးဖက်နဲ့ ကျောက်ဘီလူးရုပ်
ကြီးက အသက်ဝင်လာတော့တာပဲဗျို့။

“ဝီး ဝီး ဝီး ဝီး”

လက်လေးဖက်မှာ ကိုင်ထားတဲ့ ဓါးတွေ
ဟာ ဝင်းကနဲ ဝင်းကနဲနဲ့ အကွက်ကျကျ
ကို လှည့်နေတာဗျ။ ကျုပ်တို့လူတွေမှာ
လက်နှစ်ဖက်နဲ့ ဓါးနှစ်လက်သိုင်းကိုတော့
မနည်း လှည့်နေရတာဗျ။ ဒီဘီလူးရုပ်ကြီး
က အသက်ဝင်လာပြီး လက်လေးဖက်နဲ့
ဓါးလေးချောင်းကို လှည့်နေလိုက်တာများ
ဗျာ ဝီကနဲ ဝီကနဲကို ဖြစ်နေတာဗျို့။

ကျုပ်ရော ရသေ့သောမရော ကြောက်
လိုက်ကြတာ မပြောပါနဲ့တော့ဗျာ၊ ရသေ့
ကြီးနောက်မှာ ကပ်နေကြရတော့တာဗျ။
ရသေ့ကြီး ဦးဘောဂကတော့ အေးအေး
ဆေးဆေးပဲဗျ။သူ့လက်ထဲက ဆေးတောင်
ဝှေးနဲ့ အသက်ဝင်နေတဲ့ ဘီလူးရုပ်ကြီးကို
ထိုးမလို လုပ်လိုက်တာဗျ။

ဘီလူးရုပ်ကြီးချက်ချင်းငြိမ်ကျသွားပြီး နဂို
အတိုင်း ကျောက်ရုပ်ကြီး ပြန်ဖြစ်နေရောဗျ
ပညာတော်တော်ထက်တဲ့ ရသေ့ကြီးပဲလို့
ကျုပ် တွေးလိုက်မိတယ်။ ရသေ့ကြီးက
ရှေ့ဆက်သွားတယ်။ အခန်းကျယ်ကြီးထဲ
ကို ကျုပ်တို့ ဖြတ်ဝင်လိုက်တော့ …

“ဟေး…ခုတ်ကြဟေ့၊ ခုတ်ကြ၊ တစ်
ယောက်မကျန် ခုတ်ဟေ့”

လို့ ညာသံပေးပြီး ပြေးထွက်လာတဲ့ ဓါး
သမားတွေ ဆယ်ယောက် ကျော်ကျော်
လောက် ရှိတယ်ဗျ။ ဓါးသမားတွေအား
လုံးဟာ အရပ်ထောင်ထောင် မောင်း
မောင်းကြီးတွေဗျ။ သျှောင်တစောင်းတွေ
နဲ့ ပုဝါအနီတွေ ပေါင်းလို့။လက်ထဲမှာ ကျစ်
ကျစ်ပါအောင် ကိုင်ထားတဲ့ ဓါးရှည်တွေက
အရောင်တလက်လက်ကို ဖြစ်နေတာဗျ။

“ဟိတ်”

ရသေ့ကြီးက သူ့လက်ထဲက ဆေးတောင်
ဝှေးကို ဝှေ့ရင်း’ဟိတ်’လို့ အော်လိုက်တော့
ပြေးထွက်လာတဲ့ ဓါးသမားတွေဟာ ပြေး
လာတဲ့ ပုံစံအတိုင်း ငြိမ်ကျသွားပြီး ကျောက်
ရုပ်ကြီးတွေ ဖြစ်ကုန်ရောဗျို့။ဒီတော့မှ ကျုပ်
လည်း အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်
လိုက်မိတာဗျ။ ကျောက်သညးနံရံကြီးတွေ
က ဖြူဖွေးပြီး ချောမွေ့နေတာဗျ။

ဒီဂူကြီးဟာ အလယ်ရိုးမတောင်ကြီးထဲမှာ
ရှိနေတယ်ဆိုတာတောင် ယုံဖို့ခက်နေတာ
ဗျ။ နန်းတော်တစ်ခုထဲကို ရောက်နေသလို
ခံစားမိတယ်။ ဘရသေ့က ကျောက်ရုပ်ဓါး
သမားတွေကြားကနေ ဖြတ်ပြီး ရှေ့ဆက်
သွားတယ်။ ကျုပ်နဲ့ ရသေ့သောမလည်း
ကျုပ်နဲ့ ရသေ့သောမလည်း ဘရသေ့ကြီး
နောက်က ကပ်ပြီး လိုက်ကြရတာပေါ့ဗျာ။
တော်တော်လေး သွားမိတော့ ပိတ်ထားတဲ့
နံရံကြီးနဲ့ ကျောက်တံခါးကြီးတစ်ခုကို တွေ့
ရောဗျ။ ဘရသေ့က အချိန်မဆိုင်းဘဲ သူ့ရဲ့
ဆေးတောင်ဝှေးနဲ့ ကျောက်တံခါးကြီးကို
နှစ်ဆင့် ထိုးလိုက်တယ်။

“ဒေါက်၊ ဒေါက်၊ ကျွိ၊ ဝုန်း၊ ဝုန်း”

ဟာ ကျောက်တံခါးကြီးက အတွင်းဘက်
ကိုလည်ပြီး ပွင့်သွားပြီဗျို့။ဘရသေ့က ပွင့်
သွားတဲ့ တံခါးပေါက်ကနေ တန်းဝင်သွား
တာဗျ။ ကျုပ်တို့လည်း လိုက်ရတာပေါ့ဗျာ။
ဒီအခန်းက ပထမအခန်းနဲ့ အကျယ်အဝန်း
အတူတူလောက်ပဲဗျ။

ဒါပေမဲ့ နံရံတွေရော ကြမ်းခင်းရောက ငွေ
ရောင်ဗျ။ ကျောက်သားတော့ ကျောက်
သားပဲ၊ ငွေရောင်ကျောက်သားဗျ။ နံရံမှာ
ကျောက်ဖယောင်းတိုင်ကြီးတွေ ထွန်းထား
တော့ လင်းထိန်နေတာဗျ။ ပထမဖြတ်ခဲ့
တဲ့ ဆင်စွယ်ရောင် အခန်းမှာလည်း ဒီလို
ကျောက်ဖယောင်းတိုင်တွေ နံရံမှာကပ်ပြီး
ထွန်းထားတာပဲဗျ။ ဟော လာပြီဗျို့။

ထွက်လာပြီ။ အစိမ်းရောင်၊ အဝါရောင်၊
ပိုးသားထမီ၊ အင်္ကျီတွေ ဝတ်ထားတဲ့
နတ်မိမယ်လေးတွေဗျ။ တရွေ့ရွေ့နဲ့
ထွက်လာကြတာ။ သူတို့ ထွက်လာတာ
နဲ့ ငွေရောင်အခန်းကြီးထဲမှာ မွှေးကြိုင်
သွားတာဗျို့။ နတ်မိမယ်လေးတွေ နှစ်
ဆယ်လောက် ရှိမယ်။အားလုံးက လက်
ကလေးတွေ ချီပြီး ထွက်လာကြတာဗျ။

“မောင်တာတေနဲ့ သောမ သတိထား၊
ဒါတွေဟာ သိုက်နန်းရှင်ရဲ့ မာယာတွေ
ပဲ၊ ဘာပဲပြောပြော စကားတစ်ခွန်းပဲ ပြန်
မပြောကြနဲ့ ကြားလား၊ ငါ့အနောက်မှာ
ကပ်နေနော် သောမ။ မောင်တာတေက
အတွေ့အကြုံ ရှိခဲ့တော့ စိတ်မပူဘူး”

တရွေ့ရွေ့နဲ့ လျှောက်လာတဲ့ နတ်မိမယ်
လေးတွေက နှစ်စုခွဲလိုက်ကြတယ်ဗျ။တစ်
ခုက ကျုပ်တို့ရဲ့လက်ယာဘက်၊ တစ်စုက
ကျုပ်တို့ရဲ့ လက်ဝဲဘက်ကို ကပ်လာတယ်
အစိမ်းရောင် နတ်မိမယ်လေးတွေက တစ်
စု၊အဝါရောင် နတ်မိမယ်လေးတွေက တစ်
စုဗျ။ဒီတော့မှ ကျုပ်သေသေချာချာ ကြည့်
မိတာ၊ ဝတ်ထားတဲ့ အဝတ်စတွေက ပါးပါး
လွှာလွှာလေးတွေဗျ။

အတွင်းက နတ်မိမယ်တွေရဲ့ အလှအပ
ကို အထင်းသား မြင်နေရတာဗျို့။ ကျုပ်
ရသေ့သောမကို လှည့်ကြည့်လိုက်တော့
ရသေ့သောမက မျက်လုံးကြီးတွေ ပြူးပြီး
နတ်မိမယ်လေးတွေကို လိုက်ကြည့်နေ
ရောဗျ။ရသေ့သောမရဲ့ အသားတွေလည်း
တဆတ်ဆတ်တုန်နေတာဗျို့။ နတ်မိမယ်
လေးတွေက သူတို့ရဲ့ဖွေးနုနေတဲ့ လက်
သွယ်သွယ်လေးတွေကို ထိုးပေးပြီး…

“နှမတော်ကို ချစ်ကျွမ်းဝင်တယ်ဆိုရင်
လက်ကလေးကို ကိုင်လိုက်ပါ မောင်
တော်၊ ချက်ချင်းပဲ မောင်တော်နဲ့ နှမ
တော် ပန်းမွေ့ယာပေါ်ကို ရောက်သွား
မှာပါ။ မောင်တော် စိတ်တိုင်းကျ ပျော်
မွေ့နိုင်မှာပါ မောင်တော်၊ နှမတော်ရဲ့
လက်ကိုသာ ကိုင်လိုက်ပါ”

ရသေ့ကြီးက မန္တန်တစ်ပုဒ်ကို ရွတ်လိုက်
ပြီး…

“ဟိတ်” “ဖျန်း”

‘ဟိတ်’ကနဲ အော်ပြီး ငွေရောင်ကြမ်းပြင်ကို
ဖနောင့်နဲ့ ‘ဖျန်း’ကနဲ မြည်အောင် ပေါက်
လိုက်တာ။ ဟာ၊ ရသေ့သောမလည်း အ
တုန်အရီတွေ ရပ်သွားသဗျို့။ ရသေ့ကြီး
က ခပ်သုတ်သုတ်ပဲ ရှေ့ဆက်သွားတယ်
ရှေ့မှာ ကျောက်တံခါးကြီးတစ်ချပ် ပိတ်
နေရောဗျာ။

“တောက်”

ရသေ့ကြီးက တောက်တစ်ချက် ခေါက်
လိုက်ပြီးတော့ ကျောက်တံခါးကြီးကို ဆေး
တောင်ဝှေးနဲ့ နှစ်ချက်ဆင့်ထိုးလိုက်တယ်။

“ဒေါက်၊ ဒေါက်”

မပွင့်ဘူးဗျ။ တံခါးက ပွင့်ဖို့နေနေသာ
လှုပ်တောင် မလှုပ်ဘူး။ ရသေ့ကြီးက
မန္တန်တစ်ခု ရွတ်တယ်။ ပြီးတော့ သူ့ရဲ့
ဆေးတောင်ဝှေးနဲ့ ကျောက်တံခါးကြီးကို
ရိုက်လိုက်တယ်။

“ဒုန်း၊ ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ”

ဟော ပွင့်ပြီဗျို့။ ကျောက်တံခါးကြီး ပွင့်
သွားပြီ။ဟာ ရွှေရောင်တွေ ဝင်းနေပါလား။

“မောင်တာတေနဲ့ သောမ သတိထားကြ၊
ဒါ နောက်ဆုံး စမ်းသပ်တဲ့အခန်းပဲ၊ ဒီအ
ခန်းကျော်သွားရင် ကျုပ်လိုချင်တဲ့ ပြဒါး
ပြာ တွေ့လိမ့်မကွဲ့၊ဒီအခန်းထဲက ပစ္စည်း
တွေကို ယူဖို့ မပြောနဲ့၊ ထိတောင် မထိနဲ့
ကြားလား၊ စကားတစ်ခွန်းမှ မပြောနဲ့၊ ဘာ
ပစ္စည်းကိုမှ မထိနဲ့၊ ကြားကြလား၊ ကဲ လာ
ဝင်မယ်”

ရသေ့ကြီးက သူ့ရဲ့ဆေးတောင်ဝှေးကြီးကို
တဒေါက်ဒေါက်ထောက်ပြီး ရှေ့ကဝင်သွား
တယ်။ ကျုပ်တို့က သူ့နောက်ကလိုက်ရတာ
ပေါ့ဗျာ။ အို…များလိုက်တဲ့ ရတနာတွေဗျာ။
အခန်းကြီးတစ်ခုလုံးက ရွှေရောင်ဗျ။နံရံတွေ
ရော၊ကြမ်းခင်းရော ရွှေရောင်ဗျ။နံရံမှာ ထွန်း
ထားတဲ့ ကျောက်ဖယောင်းတိုင်ကြီးတွေအား
လုံးလည်း ရွှေရောင်ပဲဗျာ။

မီးရောင်အောက်မှာ ဟောင်းလောင်းပွင့်နေ
တဲ့ ရတနာသေတ္တာတွေဟာ ဘယ်နှလုံးဆို
တာ ရေတောင် မရေနိုင်ပါဘူးဗျာ။ရွှေရောင်
ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ရတနာတွေ၊ရွှေ
မန်းကျည်းတောင့်တွေ၊ ရွှေဒင်္ဂါးပြားတွေ။
ရွှေရုပ်တုတွေ၊ ရွှေပုတီး၊ ရွှေဆွဲကြိုး၊ ရွှေ
လက်ကောက်၊ ရွှေခြေကျင်း၊ ပတ္တမြား၊ မြ၊
နီလာ၊ စိန်၊ သန္တာ၊ ဂေါ်မုတ်၊ ပုလဲ၊ ရတနာ
မျိုးစုံက မီးရောင်အောက်မှာ တလက်လက်
တဖိတ်ဖိတ်နဲ့ လူတစ်ယောက်ရဲ့ လောဘ
ကို ဖိတ်ခေါ်နေတာပေါ့ဗျာ။ရတနာပုံကြီးကို
ကျော်ဖြတ်ပြီးသွားတော့ရွှေတံခါးကြီး ပိတ်
လို့ဗျ။ ရွှေသားအစစ်နဲ့ လုပ်ထားတဲ့ တံခါး
ဗျ။ ရသေ့ကြီးက မန္တန်သုံးလေးပုဒ်ရွတ်ပြီး
သူ့ရဲ့ ဆေးတောင်ဝှေးနဲ့ ရိုက်လိုက်တယ်။

“ဒုန်း၊ ဝုန်း၊ ဝုန်း”

ဟော ရွှေတံခါးကြီး ပွင့်လာပြီဗျို့။ ဟာ
ပတ္တမြားအရောင်ပါလား။ အခန်းကြီးတစ်
ခုလုံး ပတ္တမြားအရောင် တောက်နေပြီး ရဲ
ရဲနီနေတဲ့ အခန်းကြီးဗျ။နံရံလည်း ပတ္တမြား၊
ကြမ်းခင်းလည်း ပတ္တမြား၊ မျက်နှာကျက်
လည်း ပတ္တမြား။ ဟာ သိုက်နန်းရှင်ပါလား။

အနီရောင်ထမီနဲ့ ခါးတောင်အင်္ကျီဝတ်
ထားတဲ့ အမျိုးသမီးတစ်ယောက် မတ်
တတ်စုံရပ်ပြီး ရသေ့ကြီးကို လက်အုပ်
ချီထားတယ်။ လှလိုက်တဲ့ မိန်းမဗျာ။
ကျုပ်တစ်သက်မြင်ဖူးသမျှ မိန်းမတွေ
နဲ့ ဘယ်လိုမှကို မယှဉ်သာအောင်လှတဲ့
မိန်းမဗျာ။ ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့
နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အ
တွေးဟာ ဘယ်ပျောက်သွားမှန်းကို မသိ
တော့တာပေါ့ဗျာ။ဆင်စွယ်ကို ထုထားတဲ့
ပန်းပုရုပ်ကလေးများလားလို့တောင် ထင်
မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက်
မှာ နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင်
ယော်တောင်လို ကော့ကော့လေးဗျ။

ဝိုင်းစက်နေတဲ့ မျက်လုံးက မဟူရာလို
နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တ
လက်လက် တောက်ပနေတယ်။ မျက်ခုံး
နှစ်ခုကြားက ဖြောင့်စင်းတဲ့ နှာတံလေး
ကလေးကိုင်းသဖွယ် နှုတ်ခမ်းကလေးရဲ့
အပေါ်မှာ အဆုံးသတ်ပြီး နီစွေးစွေး နှုတ်
ခမ်းနှစ်မွှာက မပြုံးပေမဲ့ ပြုံးနေသယောင်
ယောင်လေးဗျ။ ခန္ဓာကိုယ်ကလည်း မဆူ
မကြုံ၊ မနိမ့် မမြင့် အလွန်ကို တင့်တယ်
လွန်းလှပါတယ်ဗျာ။

ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေ
တဲ့ ပဒုကြာပန်းပွင့်ကို ကြည့်နေရသလိုပါ
ပဲဗျာ။ သူရပ်နေတဲ့ အနောက်မှာ ရွှေလှေ
ကားထစ်တွေဗျ။

အားလုံးကိုးထစ်ရှိတယ်။ အဲဒီအပေါ်
မှာတော့ ရတနာမျိုးစုံစီခြယ်ထားတဲ့
ရွှေပလ္လင်လေးဗျ။ အမြင့်က ကျုပ်ရင်စို့
လောက် ရှိမယ်၊ အဲဒီရွှေပလ္လင်ပေါ်မှာ
ရွှေကြာပွင့်ကြီးတစ်ပွင့်၊ ရွှေကြာပွင့်ရဲ့
အလယ်က ပန်းဝတ်ဆံနေရာမှာ ရွှေ
ကလပ်တစ်ခုဗျ။ အဲဒီရွှေကလပ်ပေါ်
မှာ ဖန်ပေါင်းချောင်းနဲ့ အုပ်ထားတဲ့
ရွှေကြုတ်ကလေးဗျ။ နှစ်လက်မလုံး
လောက်ရှိပြီး အမြင့်က ခြောက်လက်
မလောက် ရှိမယ်။ ရွှေကြုတ်ရဲ့အပေါ်
မှာ ရုပ်ကြွလေးတွေ ဖော်ထားသေး
သဗျ။ ရသေ့ကြီးရဲ့ မျက်လုံးတွေက
အဲဒီရွှေကြုတ်ကို စိုက်ကြည့်ပြီး မေး
လိုက်တယ်။

“သိုက်နန်းရှင် မဟုတ်လား”

“မှန်ပါ့ဘုရား၊ တပည့်တော်မဟာ ဟောဒီ
ရွှေဂူသိုက်နန်းကြီးရဲ့သိုက်နန်းရှင်ပါဘုရား”

“အော်၊ အော်၊ ရွှေဂူရှင်မ နန်းကြာမုံ ဆို
တာ ဒကာမလေးပေါ့”

“ဟုတ်ပါတယ်ဘုရား၊ တပည့်တော် ရွှေ
ဂူရှင်မ နန်းကြာမုံပါဘုရား၊ ဒီပြဒါးပြာ
သိုက်ကို စောင့်ရတဲ့သူပါဘုရား”

ဘရသေ့က ခေါင်းညိတ်ပြလိုက်ပြီး ပြော
တယ်ဗျ။

“ဒီမှာ ရွှေဂူရှင်မ နန်းကြာမုံ၊ ဘရသေ့
ထွက်ရပ်လမ်းကို မြန်းကြွဖို့ရာ ဟောဒီ
ပြဒါးပြာရမှ ဖြစ်မှာမို့ ဟောဟိုက ကြာ
ကလပ်ပေါ်မှာ တင်ထားတဲ့ ပြဒါးပြာရွှေ
ကြုတ်ကို အလှူခံပါတယ် ဒကာမလေး”

“ဒီပြဒါးပြာဟာ လှူလို့လည်း မရ၊ ပေး
လို့လည်း မရတဲ့အရာပါဘုရား၊ အထက်
က ဘိုးဘိုးကြီးဘုရားတို့ရဲ့ အမိန့်အရ အ
သက်ပေးပြီး ကာကွယ်ရမှာပါဘုရား၊ တ
ပည့်တော်မ အနူးအညွတ် တောင်းပန်ပါ
တယ်။ ရွှေ၊ ငွေ၊ ရတနာ၊ ကျောက်သံပတ္တ
မြားတွေကို အရှင်ဘုရားတို့ ကြိုက်သ
လောက် ယူသွားပါဘုရား၊ ဒီပြာဒါးပြာကို
တော့ ပေးဖို့နေနေသာသာ လက်နဲ့တောင်
အထိမခံနိုင်ပါဘုရား၊ တပည့်တော်မကို
သနားတယ်ဆိုရင် ဒီကပဲလှည့်ပြီး ပြန်
တော်မူပါ၊ ဘရသေ့ကြီးဘုရား”

“သြော်…ဒီလိုလား၊ ဒီလိုဆိုမှဖြင့် ရအောင်
ယူရတော့မှာပေါ့လေ”

ဘရသေ့က သူ့ဆေးတောင်ဝှေးကို ကြမ်း
ပြင်မှာ ဒေါက်ကနဲ မြည်အောင် ထောက်
လိုက်တယ်ဗျ။ ဒီမှာတင် ပတ္တမြားခန်း
ဆောင်ရဲ့ထောင့်လေးထောင့်မှာ ရပ်နေ
တဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီး လေး
ရုပ် အသက်ဝင်လာရောဗျို့။ တင်းပုတ်
ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး
ကျုပ်တို့ဘက်ကို လျှောက်လာရောဗျာ။

ဒီအချိန်မှာ ဘရသေ့က မျက်စိစုံမှိတ်ပြီး
မန္တန်ရွတ်နေတာဗျ။ ဘရသေ့က မန္တန်
ကို အရပ်လေးမျက်နှာလှည့်ပြီး ရွတ်တာ။
သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဆေးတောင်
ဝှေးကနေ အခိုးအလျှံတွေ ထွက်လာတာ
ဗျို့။ ကျောက်ဘီလူးရုပ်ကြီး လေးကောင်
က တရွေ့ရွေ့နဲ့ ကပ်လာကြတာ ကျုပ်တို့
နဲ့ ဆယ်ပေလောက်ပဲ ကွာတော့တာဗျ။

“ဟိတ်”

ဘရသေ့ ထအော်လိုက်တော့ ဘီလူးရုပ်
ကြီး လေးရုပ်ဟာ လက်ကြီးတွေ မြှောက်
ရက်သားနဲ့ ကျောက်ရုပ်ပြန်ဖြစ်သွားကြ
ရောဗျို့။

“ဟဲ့၊ ဖယ်စမ်း ရွှေဂူရှင်မ”

ဘရသေ့က ပြောပြောဆိုဆိုနဲ့ သူ့တောင်
ဝှေးနဲ့ ရွှေဂူရှင်မဘက်ကို ဝှေ့လိုက်တာ
တောင်ဝှေးက မီးခိုးလုံးကြီး ထွက်သွားပြီး
ရွှေဂူရှင်မဟာ နေရာမှာတင် ခွေကျသွား
ရောဗျို့။ ကျုပ်ဖြင့် ရွှေဂူရှင်မကို သနား
လိုက်တာဗျာ။ပြေးပြီး ပွေ့ထူပေးချင်လိုက်
တာ စိတ်ကို မနည်း ထိန်းထားရတယ်။ဘ
ရသေ့က ရှေ့ဆက်သွားပြီ။ ကျုပ်လည်း
နောက်က ကပ်လိုက်လာတယ်။ဘရသေ့
က ရွှေလှေကား ကိုးထစ်ကို စပြီး တက်
ပြီဗျ။ တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်၊ လေး
ထစ်၊ ငါးထစ်။

“စည်းပေါက်သွားပြီဟေ့၊ ဝိုင်းကြဟေ့၊
ဝိုင်းကြ”

ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွားတဲ့ အသံ
ကြီးဗျ။ ကျုပ်လည်း လန့်ပြီး နောက်ကို
လှည့်ကြည့်လိုက်တယ်။

“ဟာ”

ရသေ့သောမက ကျုပ်နောက်မှာ ပါမှမ
လာဘဲ၊သတိမေ့ပြီး လဲကျနေတဲ့ ရွှေဂူရှင်
မကို ရှင်သောမက ပွေ့ထားလို့ပါလား။

“နောင်၊ နောင်၊ နောင်၊ နောင်”

ဟာ ဂူကြီးတစ်ခုလုံး မောင်းတီးသံတွေ
ဆူညံပြီး ကျောက်တုံးကြီးတွေ လိမ့်ကျ
တဲ့ အသံတွေလည်း ကြားရတယ်ဗျာ။
လူတစ်ထောင်လောက် ညာသံပေးပြီး
ပြေးလာတဲ့ ခြေသံတွေ ကြားနေရတယ်။
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ
ဖျန်းဖျန်းထလို့ဗျာ။

“ဝုန်း၊ ဝေါ၊ ဝေါ”

ဟာ ကျောက်နံရံကြီးတွေမှာ အပေါက်
ကြီးတွေ ပေါ်လာပြီး ရေလုံးကြီးတွေ ပန်း
ထွက်လာရောဗျို့။

“ပြေး၊ ပြေး၊ မောင်တာတေ၊ ပြေးတော့၊
တော်တော် မိုက်တဲ့ သောမ၊ ဒင်းကြောင့်
ဖြစ်ရတာ။ မောင်တာတေ လွတ်အောင်
ပြေးပေတော့ “

ကျုပ်လည်း တစ်ကိုယ်လုံး ထူပူပြီး
စွတ်ပြေးခဲ့ရတာပေါ့ဗျာ။ ထွက်ပေါက်
ကို ရောက်ပြီဗျ။ ကျောက်လှေကား
တွေပေါ်ကို ပြေးအတက်မှာ…

“ဝုန်း”

နောက်က ပါလာတဲ့ ရေလုံးကြီးက ကျုပ်
ကို ပြေးရိုက်လိုက်တယ်။ကျုပ် ရေလုံးကြီး
နဲ့ ပါသွားရောဗျို့။ ကျုပ်သတိရလာလို့
ကြည့်လိုက်တော့ စမ်းချောင်းကြီး တစ်ခု
ဘေးက ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။
တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။
ကျုပ် ဘယ်နေရာ ရောက်နေမှန်းလည်း
မသိဘူး။သတိမေ့နေတာ ဘယ်လောက်
ကြာသွားမှန်းလည်း မသိဘူးဗျ။စမ်းချောင်း
ထဲက ရေကို လက်ခုပ်နဲ့ ခပ်သောက်ပြီး
မျက်နှာသစ်လိုက်တယ်။ပြီးတော့မှ တော
ထဲက ထွက်ဖို့ မှန်းပြီး လျှောက်လာတယ်
တော်တော်လေး လျှောက်မိတော့ ကျုပ်
ရှေ့မှာ တွေ့လိုက်ရတာက ညောင်ပင်
ကြီး နှစ်ပင်ဗျ။

“ဟာ”

ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တ
ဖျန်းဖျန်း ထသွားတော့တာဗျို့။ ဒါ ရွှေဂူ
သိုက်ကြီးရဲ့ ဝင်ပေါက်က ညောင်ပင်ကြီး
တွေဗျ။ ကျုပ်လျှောက်ရင်းနဲ့ ရွှေဂူသိုက်
ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။
ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက်
ကို ချာကနဲ လှည့်ထွက်လိုက်တယ်။

“မောင်တာတေ၊ နေပါဦးကွဲ့”

ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေ
ပါ ထောင်သွားတယ်လို့ထင်လိုက်မိတယ်
ဗျာ။ ကျုပ်နာမည်ကို ဘယ်သူ ခေါ်လိုက်
တာတုံး။ သိုက်ထဲက ကျောက်ဘီလူးကြီး
တွေများလားလို့ တွေးမိပြီး ကျုပ်နောက်
ကို လှည့်ကြည့်လိုက်တော့ ညောင်ပင်ကြီး
တစ်ပင်ရဲ့နောက်က ထွက်လာတဲ့ အဘိုး
ကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ၊ အောက်
ဖြူ၊ ပုဝါဖြူ၊ ပေါင်းလို့။လွယ်အိတ်ကြီးတစ်
လုံးလည်း လွယ်ထားတယ်။ လွယ်အိတ်
ကတော့ အစိမ်းရောင်ဗျ။

“ဟာ …အဘိုးပါလား”

ဟုတ်တယ်ဗျ။(မဖဲဝါ မဝင်ရ)မှာ ကျုပ်
ပြောပြခဲ့ဖူးတဲ့ ကုန်းတန်းရွာဟောင်းကြီး
က အဘိုးဆရာကြီးဗျ။ ကျုပ်ကို အင်း
လက်ကိုင်ပုဝါစည်းပြီး ရွာဟောင်းကြီးအ
ကြောင်းကို ပြခဲ့တာလေ။ (ခင်ဗျား မေ့
နေရင်တော့ ‘မဖဲဝါ မဝင်ရ’ကို ပြန်ပြီး
ဖတ်ကြည့်ဗျာ)

“မောင်တာတေ အဘိုးကို မှတ်မိသားပဲ၊
ဘယ့်နှယ်တုံးကွဲ့ မောင်တာတေရဲ့၊ ရ
သေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ
တော်တော်ကို ဗဟုသုတ ရရဲ့လား”

“ဟာ မပြောပါနဲ့တော့ အဘိုးရယ်၊ကျုပ်
ဖြင့် ကံကောင်းလို့ မသေတာဗျာ”

“ဟား၊ ဟား၊ ဟား၊ ဟား၊ မင်းကွာ တော်
တော်စပ်စုချင်တဲ့ သူငယ်ပဲ၊ ရသေ့သိုက်
ဆရာကို ဘယ်လိုများတွေ့ပြီး လိုက်လာ
တာတုံး”

ကျုပ်က အဘိုးဆရာကြီး အဖေရှင်ကို
အကျိုး အကြောင်း ပြောပြလိုက်တော့
အဘိုးက ကျုပ်ကို ခေါင်းတညိတ်ညိတ်
နဲ့ ကြည့်တယ်ဗျ။

“ကဲ မောင်တာတေ၊ အဘိုးပြောတာ
နားထောင်၊ သိုက်ထဲမှာ ရွှေဂူရှင်မ
အခုထိ သတိမရသေးဘူးကွဲ့”

“ဟာ ဟုတ်လား အဘိုး”

“အေး ဟုတ်တယ် မောင်တာတေ၊ သိုက်
ဆရာ ရသေ့ရဲ့ ပညာက တော်တော်မြင့်
တာကွဲ့၊ ရွှေဂူရှင်မကို ကယ်ဖို့ လူကလေး
သိုက်ထဲကို ပြန်ပြီးဝင်မှ ဖြစ်မယ်”

“ဗျာ၊ ကျုပ် သိုက်ကြီးထဲကို ပြန်ဝင်ရမယ်
ဟုတ်လား အဘိုး၊ ကျုပ်ကို ကျောက်ဘီ
လူးကြီးတွေ ဝိုင်းပြီးသတ်ကြမှာပေါ့ အ
ဘိုးရဲ့”

“မသတ်ပါဘူး မောင်တာတေရယ်၊ဟော
ဒီဆေးတောင့်ကို ယူသွား၊ သိုက်ထဲကို
ရောက်တော့ ဒီဆေးတောင့်ကို သွေးပြီး မောင်တာတေကိုယ်တိုင် သိုက်နန်းရှင်
မရဲ့ မျက်နှာမှာ သနပ်ခါးလိမ်းသလို လိမ်း
ပေးလိုက်ပေတော့၊ ရွှေဂူရှင်မ ကောင်း
သွားလိမ့်မယ်ကွဲ့”

“ဖြစ်ပါ့မလား အဘိုးရယ်”

“ဟာ ဖြစ်ပါတယ်ကွဲ့၊ မောင်တာတေအ
ပေါ်ကို ဘာအန္တရာယ်မှ မကျရောက်စေ
ရပါဘူး၊ပြီးတော့ မောင်တာတေ လာမှာကို
သူတို့ ကြိုသိလို့ စောင့်နေကြပါပြီ။ သူတို့
သခင်မအတွက် သူတို့တွေမှာ မျက်ရည်နဲ့
မျက်ခွက်ဖြစ်နေကြရရှာတာပါကွယ်။ ကိစ္စ
ပြီးရင်သာချက်ချင်းပြန်ထွက်လာခဲ့။ ကျုပ်
ဒီညောင်ပင်ကြီးတွေအောက်ကပဲ စောင့်
နေမယ်”

အဘိုးဆရာကြီး အဖေရှင်က သူ့ခေါင်းမှာ
ပေါင်းထားတဲ့ ပုဝါအဖြူလေးကို ဖြုတ်ယူ
ပြီး ကျုပ်ခေါင်းမှာ အဘိုးကိုယ်တိုင်ပေါင်း
ပေးလိုက်တယ်။ ပြီးတော့ ကျုပ်ကို ဆေး
တောင့်အပ်တယ်။

“ဝုန်း၊ ဝုန်း၊ ကျွိ၊ ကျွိ”

ဟာ သိုက်တံခါးကြီး ပွင့်သွားပြီဗျို့။
ကျောက်လှေကားကြီးတွေကို မြင်
နေရပြီ။

“ကဲ မောင်တာတေ သွားပေတော့၊ သူ
တို့ သိုက်တံခါး ဖွင့်ပေးလိုက်ပြီ”

ကျုပ်လည်း ဆေးတောင့်ကို ကျစ်ကျစ်
ပါအောင်ဆုပ်ပြီး ကျောက်လှေကားအ
တိုင်း ဆင်းလာလိုက်တယ်။ ဟိုနေ့က
တွေ့တဲ့ လက်လေးဖက်ပါတဲ့ ကျောက်
ဘီလူးရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်
တောင် မလှုပ်ဘူးဗျ။ ကျုပ်က ခြေလှမ်း
ကျဲကြီးတွေနဲ့ လျှောက်ဝင်လိုက်တယ်။
ဆင်စွယ်ရောင်အခန်းကြီးကို ဖြတ်လိုက်
တယ်။ ဘယ်သူ့ကိုမှ မတွေ့ဘူးဗျ။

“ဝုန်း၊ ဝုန်း”

ဟာ နောက်တံခါးတစ်ချပ် ပွင့်ပြန်ပြီ
ဗျ။ကျုပ် ဝင်လာခဲ့တယ်။ရွှေရောင်ခန်းမ
ကြီးထဲက ရတနာတွေကြားထဲကို ကျုပ်
ရောက်လာတယ်။

နတ်မိမယ်တစ်ယောက်တောင်မှ မတွေ့
ဘူးဗျ။ ကျုပ် ဆက်လျှောက်တယ်။

“ဝုန်း၊ ဝုန်း”

နောက်ဆုံး တံခါးကြီး ပွင့်သွားပြီ။ပတ္တမြား
အရောင် ခန်းမကြီးဗျ။ ရွှေလှေကားထစ်
တွေနဲ့ ရွှေပလ္လင်၊ ရွှေကြာပွင့်ကြီးပေါ်က
ရွှေကြုတ်နဲ့ ထည့်ထားတဲ့ ပြဒါးပြာ။ရသေ့
ကြီး ဦးဘောဂ သိပ်လိုချင်တဲ့ ပစ္စည်းပေါ့
ဗျာ။ကျုပ်က ပတ္တမြားခန်းမကြီးထဲကိုလှည့်
ပတ်ကြည့်လိုက်တော့ အစိမ်းရောင် တင်း
တိန်ကာထားတဲ့ အခန်းတစ်ခန်းကို တွေ့
လိုက်တယ်။ အရှေ့မှာ ရပ်နေတဲ့ နတ်မိ
မယ်လေးတွေ အစိမ်းရောင်နဲ့ ရွှေရောင်
အဝတ်နဲ့ဗျ။

ကျုပ်က သူတို့ဘက်ကို လျှောက်သွား
လိုက်တယ်။ သူတို့အားလုံး ကြမ်းပြင်
ပေါ်မှာ ဒူးတုပ်ထိုင်ပြီး ကျုပ်ကို လက်
အုပ်ချီထားကြတယ်။

“ဆေးသွေးဖို့ ပေးပါ”

ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်ကိုဖွင့်ပြီး
နတ်မိမယ်လေးတစ်ပါး ထွက်လာတယ်။
ရေထည့်ထားတဲ့ ရွှေခွက်တစ်ခုနဲ့ မြ
ကျောက်ပြင်တစ်ချပ် ပေးတယ်။ကျုပ်က
ပတ္တမြားကြမ်းပြင်မှာ ထိုင်ပြီး ဆေးသွေး
တယ်။ ရွှေခွက်ထဲက ရေကို ထည့်လိုက်
သွေးလိုက်နဲ့ မြကျောက်ပြင်မှာ ဆေး
တော်တော်ရလာတော့ ကျုပ်က ဆေး
တောင့်ကို ပြန်သိမ်းပြီး မြကျောက်ပြင်ကို
ယူတယ်။ ကျုပ်လုပ်သမျှကို မျက်တောင်
မခတ်ဘဲ ကြည့်နေတဲ့ နတ်မိမယ်လေး
တွေက သူတို့ပါ ထရပ်ပြီး အစိမ်းရောင်
ပိုးသားတင်းတိန် ဟိုဘက် ဒီဘက် ကိုင်
ပြီး ဖွင့်ပေးကြတယ်။ အတွင်းကို လှမ်း
ကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ ဆန့်
ဆန့်လေး လဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံ
ကို တွေ့လိုက်ရတယ်။

တစ်ကိုယ်လုံး ပတ္တမြားရောင်နီရဲနေတဲ့
ထိုင်မသိမ်းနဲ့ ခါးတောင်အင်္ကျီကို ဝတ်
ထားတယ်ဗျ။ အခန်းတစ်ခုလုံး မွှေးကြိုင်
နေတာပဲဗျို့။ တင်းတိန်ကာထားတဲ့ အ
ခန်းထဲမှာ အစိမ်းရောင်ဝတ်ထားတဲ့ နတ်
မိမယ်လေးတွေ ရွှေယပ်တွေကိုင်ပြီး ရွှေ
ဂူရှင်မကို ယပ်ခတ်ပေးနေကြတယ်။

ကျုပ်က ရွှေဂူရှင်မ လဲလျှောင်းနေတဲ့
ရွှေသလွန်ဘေးကို ကပ်သွားပြီး မထိ
ရက်လောက်အောင် လှတဲ့ လူလား။
နတ်လား မသိနိုင်တဲ့ ရွှေဂူရှင်မရဲ့ မျက်
နှာလေးပေါ်မှာ အဘိုးဆရာကြီးရဲ့ဆေး
တော်ကို သေသေချာချာ လိမ်းပေးလိုက်
တယ်။ ဆေးကုန်အောင် လိမ်းပြီးတာနဲ့
ကျုပ်က လက်ထဲမှာ ကိုင်ထားတဲ့ မြ
ကျောက်ပြင်ကို နတ်မိမယ်လေး တစ်
ယောက်ကို လှမ်းပေးလိုက်တယ်။ ဒီအ
ချိန်လေးမှာပဲ…

“ဟာ …သခင်မ သတိရလာပြီ”

လို့ ရွှေယပ်ကိုင် နတ်မိမယ်လေးတစ်ပါး
ပြောလိုက်တဲ့ အသံကို ကျုပ် ကြားလိုက်
တယ်။ နတ်မိမယ်လေးတွေ အားလုံး ရွှေ
သလွန်ဘေးမှာ ဝိုင်းအုံပြီး ကြည့်ကြတယ်

“ဝမ်းသာလိုက်တာ သခင်မရယ်”

ကျုပ်ကတော့ မလှမ်းမကမ်းမှာပဲ ရပ်
ကြည့်နေလိုက်တယ်။

“သခင်မ နေကောင်းပါပြီကွယ်၊ ကဲ ကဲ
ညီမတော်တို့ ဖယ်ကြဦးကွဲ့၊သမားတော်
လေးကို ကျေးဇူးပြုရပေဦးမယ်”

ရွှေဂူရှင်မက ရွှေသလွန်ညောင်စောင်းမှာ
အသာလေး ထထိုင်လိုက်တယ်။ ကျုပ်က
ရပ်နေတဲ့ နေရာမှာပဲ ကြုံ့ကြုံ့ထိုင်လိုက်
တယ်။

“အဖေရှင်ရဲ့ကျေးဇူး ကြီးမားလှပါပေတယ်။
ဟောဒီက မောင်ငယ် သမားတော်လေးကို
လည်း နန်းကြာမုံ ကျေးဇူးအထူးတင်လှပါ
တယ်ကွယ်။ကဲ သမားတော်လေး ကြိုက်တဲ့
ရွှေငွေရတနာတွေကို ကြိုက်သလောက်
ယူသွားနိုင်ပါတယ်”

“ဟာ ကျုပ် အဲဒါတွေ ဘာကိုမှ မလိုချင်
ပါဘူးဗျာ၊ ရွှေဂူရှင်မ ကျန်းမာသွားရင်ပဲ
ကျုပ် စိတ်ချမ်းသာလှပါပြီ”

“သမားတော်လေးရဲ့ စိတ်ထား မွန်မြတ်ပါ
ပေတယ်၊ ဒါဆိုရင်တော့ ဟောဒီ ရွှေကြက်
ဖလေးကို လက်ဆောင်အဖြစ် သခင်မ
ပေးလိုက်မယ်။ ဒါကိုတော့ ယူပါကွယ်”

“အဘိုးဆရာကြီးက ကျုပ်ကို အပြစ်တင်
နေပါဦးမယ်ဗျာ”

“ဟာ အပြစ်မတင်စေရပါဘူးကွယ်၊ နန်း
ကြာမုံ ဟောဒီကနေ အဖေရှင်ကို လှမ်း
ပြီး လျှောက်ထားလိုက်ပါ့မယ်၊ ကဲ ယူပါ
မောင်ငယ်”

ကျုပ် ရိုရိုသေသေ သွားပြီးယူလိုက်တယ်။
ပြီးတော့ ကျုပ်ပြန်ဖို့ပြင်တယ်။အဘိုးဆရာ
ကြီးက ကိစ္စပြီးတာနဲ့ ချက်ချင်း ပြန်ထွက်
ခဲ့လို့ မှာလိုက်တယ်လေဗျာ။ပြဒါးပြာသိုက်
ကြီးထဲကနေ ကျုပ် ပြန်ထွက်လာတော့ အ
ဘိုးဆရာကြီးက ညောင်ပင်ကြီးအောက်က
နေ ကျုပ်ကို စောင့်နေတယ်။

ကျုပ်က ခေါင်းက ပုဝါနဲ့ ဆေးတောင့်ကို
အဘိုးဆရာကြီးကို ပြန်အပ်လိုက်တယ်။
အဘိုးဆရာကြီးက ကျုပ်ကို ဆပ်သမြှောင်
သွားတဲ့လမ်းအရောက် လိုက်ပို့ပေးတယ်။
ခဏလေးနဲ့ ဆပ်သမြှောင်ကို ပြန်ရောက်
လာတယ်။ ကျုပ်တို့ကို မျှော်နေကြတဲ့ ဆ
ရာတော် ဦးဥတ္တမနဲ့ ကိုအောင်ပွားကို တွေ့
တယ်။ ကျုပ်က ဖြစ်သမျှ အကြောင်းတွေ
ကို လျှောက်ထားလိုက်တယ်။

ဆရာတော်လည်း တော်တော်ကို စိတ်မ
ကောင်းဖြစ်သွားတာပေါ့ဗျာ။ ကိုအောင်
ပွားက ကျုပ်ကို လှည်းနဲ့ ပြန်ပို့ပါတယ်။
ကျုပ် ခါးပိုက်ထောင်ထဲမှာ ထည့်ထားတဲ့
ရွှေကြက်ဖလေး အကြောင်းကိုတော့ ဆ
ရာတော် ဦးဥတ္တမကိုရော၊ ဦးအောင်ပွား
ကိုရော ပြောမပြခဲ့ဘူးဗျ။

ထနောင်းကုန်းကို ပြန်ရောက်တော့ ရွှေ
ဂူရှင်မ ပေးလိုက်တဲ့ ရွှေကြက်ဖလေးကို
ဘယ်သူမှ မသိအောင် ကျုပ်ရဲ့ သံသေတ္တာထဲမှာ အသာကလေး သိမ်းထားလိုက်တယ်။

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်ယတ်ဆိုရင် like and share လေး
လုပ်ပေးသွားပါအုံးဗျာ။