• June 19, 2025
  • admin
  • 0

ခင်မောင်အေး(မန္တလေး)
ရွှေမင်းဝံတောင်ခြေ

တောင်တက် တောင်ဆင်း လမ်းတစ်လျှောက် မော်တော်ယာဉ်တစ်စီး ရှေ့မီးလုံးတစ်စုံ လင်းတက်လာသည်။ မီးရောင်သည် ရှေ့တူရူတစ်လျှောက် ဝေ့ဝိုက်ထွန်းလင်းလျက် ရှိသည်။

ည၏ အလင်းရောင်သည် ကြယ်မစုံ လမသာသောကြောင့် မှိန်မှိန်ကလေး ထွန်းလင်းနေသည်။

မော်တော်ယာဉ်သည် အရှိန်ဖြင့် ဆန်တက်လာသည်ဖြစ်ရာ ရှေ့မီးရောင်တွင် မြောက်မြားလှစွာသော ပိုးကောင်မွှားကောင်များကို လည်းကောင်း၊ မျက် လုံးနီကြောင်ကြောင်နှင့် မြေဝပ်ငှက်များကို လည်းကောင်း တွေ့မြင်ရပါသည်။

ရံဖန်ရံခါ ဝှီးခနဲ ဝှီးခနဲ အရှိန်ပြင်းပြင်း ပျံသန်းသွားသည့် အရိပ်မည်းမည်းကြီးများကို မြင်ရသည်။

အရိပ်မည်းကြီးသည် မီးရောင်ရှေ့မှ ဖြတ်သန်းလျက် မြေပြင်နှင့် ကပ်လုဘနန်း ပျံသန်းရင်း အမဲကောင်ကို ထိုးသုတ်သွားသည်။ သားကောင်သည် အရိပ်မည်းကြီး၏ ခိုင်မြဲသော လက်သည်းများကြားမှ မလှုပ်မယှက်နိုင်ဘဲ ပါသွားသည်။

အရိပ်မည်းကြီးများကား ညငှက် သို့မဟုတ် ဇီးကွက် ဖြစ်သည်။

ဇီးကွက်သည် ညဘက်မှာထွက်၍ ကျင်လည်ကျက်စားသော ညမုဆိုး ဖြစ်သည်။ သူ့မိသားစုအတွက် ညဘက်မှာ အမဲရှာထွက်နေခြင်း ဖြစ်သည်။ သူ့သားကောင်မှာ ကြွက် ဖြစ်သည်။

မီးရောင်အောက်မှာ လမ်းတစ်ဖက်တစ်ချက် ဖြတ်သန်းပြေးလွှားတတ်လာသော ကြွက်များကို ဇီးကွက်က မီးရောင်ရှေ့မှ ဖြတ်ကျော်ပျံသန်းရင်း ထိုးသုတ်သွားတတ်သည်။ သူ့ခြေသည်းများကြားမှာ ပါသွားသော အမဲငယ် ကြွက်ကလေးများကို သိုက်မြုံရှိရာသို့ သယ်ဆောင်သွားတတ်သည်။

ဟိုးအဝေးတစ်နေရာရှိ သိုက်မြုံတွင်းမှ သူ့ကြင်ဖော်၏ စူးစူးရှရှ မြည်သံကို သူ ကြားရသည်။ မော်တော်ယာဉ်၏ ရှေ့မီးများက သူနှင့် တစ်စထက်တစ်ဝ ဝေး၍ ဝေး၍ သွားသည်။

ကောင်းကင်ထက်မှာ လမရှိ။ ကြယ်ကလည်း မစုံ၍ အလင်းရောင် ကောင်းစွာ မရှိချေ။

ကားလမ်းနံဘေး အနိမ့်ပိုင်းမှာ လယ်ကွင်းများ ရှိသည်။ ရိတ်သိမ်းပြီးစဖြစ်၍ ရိုးပြတ်များခြေရင်းမှာ စပါးစေ့များ ပြန့်ကျဲ နေသည်။ ရိုးပြတ်များကြားမှာ ကြွက်များ ပြေးလွှားလှုပ်ရှား၍ စပါးစေ့များကို ရှာဖွေစားသောက်နေသည်။

ရိုးပြတ်များကြားရှိ ကြွက်ကို ဇီးကွက်က အရှိန်ဖြင့် ပျံဝဲဆင်းကာ ထိုးသုတ်သွားတတ်သည်။

ဇီးကွက်က သူ့အသိုက်ရှိရာသို့ ပျံတက်သွားသည့်အခါ သားငယ်လေးများက နှုတ်သီးကို အစွမ်း ကုန်ဟ၍ စောင့်နေကြပြီ။ ဇီးကွက်က သားငယ် ဇီးကွက်ကလေးနှစ်ကောင်ကို အစာခွံ့ပေးပြီးနောက် အမှောင်ထဲသို့ ပျံသန်းသွားပြန်သည်။

အချိန်က တစ်စတစ်စ ကုန်ခန်းသွားသည်။ မကြာမီ မိုးလင်းတော့မည်။ ဇီးကွက်သည် ကောင်းကင်မှာ ပျံသန်းရင်း မြေပြင်ပေါ်ရှိ သားကောင်များကို ထိုးသုတ်ရန် ရှာဖွေနေသည်။

ယခု အခိုက်အတန့်အထိ သားငယ်နှစ်ကောင်နှင့် သူ့ကြင်ဖော်အတွက် ကြွက်ခြောက်ကောင် ရှာပေးခဲ့ပြီးပြီ။ သူ့အတွက် စားဖို့ ရှာရပေဦးမည်။

ဇီးကွက်မသည်လည်း သားကောင်ရှာဖို့အတွက် အတော်ဝေးဝေး ပျံသန်းနေခဲ့ရသည့်အတွက် ပင်ပန်း လှပြီ။ ဇီးကွက်ဖိုသည် မီးရောင်လက်လက်ကို မြင်လိုက်သည်နှင့် သိုက်မြုံမှ ပျံသန်းထွက်ခွာသွားသည်။

မီးရောင်သည် အမြန်ယာဉ်တစ်စီးမှ မီးရောင် ဖြစ်ပုံရသည်။ ဝေ့ခနဲ ဝိုက်ခနဲ တရိပ်ရိပ် လှုပ်ရှားလျက် ရှိသည်။

ဇီးကွက်သည် ရိုးပြတ်တောပေါ်မှ ဖြတ်ကျော်ပျံသန်းရင်း လယ်ကွက်ပပ်ကြားအက်များကြားမှာ သားကောင်ကို ရှာဖွေနေသည်။ မီးရောင်တစ်ချက် ဝေ့အလာမှာ ရိုးပြတ်တစ်ဖုတ်အောက်မှာ မြေကြွက်ကြီးတစ်ကောင် ဝပ်နေသည်ကို မြင်ရသည်။

မီးရောင်ကို လန့်သွားသောကြောင့် မြေကြွက်ကြီးသည် ရုတ်ခနဲ ထပြေးသည်။ သည်အခွင့်အရေးကို ဇီးကွက်က အရအမိ ယူသည်။ ကောင်းကင်မှ အရှိန်ပြင်းစွာ ထိုးဆင်းပြီး မြဲမြံသော လက်သည်းများဖြင့် မြေကြွက်ကို ထိုးသုတ်လိုက်သည်။ ပြီးတော့ ဝှီးခနဲ ပျံတက်လျက် သိုက်မြုံရှိရာသို့ ရောက်သွားကာ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ နားနေလိုက်သည်။

ဇီးကွက်မက သူရှိရာသို့ လျှောက်လာသည်။ ပြီးနောက် ဇီးကွက်ဖိုမသည် ကြွက်ငယ်ကို ထိုးဆိတ်စားသောက်လိုက်ကြသည်။

အရုဏ်သည် အရှေ့ဆီမှ ရှေ့ပြေးလင်းရောင်ခြည်ကို စေလွှတ်လိုက်သည်။

ဇီးကွက်မောင်နှံသည် အစာဝပြီဖြစ်သဖြင့် နွေးထွေးသော အလင်းတန်းအောက်မှာ ရွှင်ကြည်လန်းဆန်းလျက် ရှိသည်။

နံနက်မိုးသောက် အလင်းရောက်ပြီဆိုလျှင်တော့ ဇီးကွက်ဖိုမ မှောင်မိုက်တိတ်ဆိတ်သော သစ်ခေါင်းတွင်းမှာ အနားယူကြတော့မည် ဖြစ်သည်။

သစ်ခေါင်းအနီးမှ သစ်ကိုင်းနှစ်ကိုင်း ယှက်ဖြာနေသော ခွဆုံမှာ ထွက်နားရင်း ရန်သူကိုလည်း ရှာဖွေတွေ့မြင်နိုင်သည်။ သစ်ခေါင်းတွင်းရှိ သားငယ်ကလေးများကိုလည်း စောင့်ရှောက်ကာကွယ်နိုင်သည်။

ဇီးကွက်မ တစ်လှည့်၊ ဇီးကွက်ဖို တစ်လှည့် ခွဆုံတွင် ထိုင်နားရင်း သက်သောင့်သက်သာ ငိုက်မျဉ်းနေနိုင်သည်။

ပြိုးပြက်တောက်ပသည့် နံနက်ဦးရောင်နီသည် ဟိုအဝေး လေသာတောင်တန်းကြီးအထက်မှ သက်ဆင်း ဖြာဝေလာနေသည်။

xxx xxx xxx

“တွစ်တူး . . . တွစ်တူး တူး”

ဟို ခပ်ဝေးဝေး တစ်နေရာဆီမှ ဇီးကွက်တစ်ကောင်၏ အော်သံကို ကြားနေရသည်။

သစ်ပင်ခွကြားမှာ ကင်းစောင့်ရင်း ငိုက်မျဉ်းနေသော ဇီးကွက်၏ ပြူးကျယ်သော မျက်လုံးအစုံ ဖျတ်ခနဲ ပွင့်လာသည်။ မွေးညင်းထူထူများ ဖုံးလွှမ်းလျက်ရှိသော နားရွက်ကို ဟိုသည်လှည့်၍ နားထောင်စူးစမ်းသည်။

ဇီးကွက်တို့၏ အော်သံသည် အလွန်ထူးဆန်းလှသည်။ အသံမျိုးစုံ အော်တတ်သည်။ ညည်းညူသံ၊ ခွေးအအော်သံ၊ တောတွင်းသားကောင်အော်သံ စသည်ဖြင့် သံသေးသံကြောင်မကျန် အော်တတ် သည်။

သံရှည် နိမ့်မြင့်လည်း မြည်နိုင်သည်။

ယခု ကြားလိုက်ရသည့်အော်သံက ရန်သူ တစ်စုံတစ်ဦးကို တွေ့၍ အော်သံဖြစ်မည်။

ဇီးကွက်မသည် သိုက်မြုံတွင်းမှ လျှောခနဲ ထွက်ခွာ၍ သစ်ခက် သစ်ရွက်များကြားသို့ ခိုဝင်ပုန်းအောင်းလိုက်သည်။

ဇီးကွက်ဖိုကမူ သုတ်ခနဲ ပျံသန်းထွက်ခွာသွားသည်။ ဇီးကွက်မက ညောင်ခနဲ ကြောင်တစ်ကောင်၏ အော်သံလို အသံတစ်ခု ပြုလိုက်သည်။

ဇီးကွက်သည် ရန်သူကို ရှာဖွေကြည့်လိုက်သောအခါ သူတို့ သိုက်မြုံရှိရာ သစ်ပင်၏ ခြေရင်းမှာ လူသားတစ်ဦးကို တွေ့မြင်လိုက်ရသည်။ ဇီးကွက်ငယ်ကလေးများရှိရာ အသိုက်ကို ဝါးလုံးတစ်လုံးဖြင့် လှမ်းထိုးနေသည်။ သားငယ်ကလေးများ၏ ကျာကျာ ကျည်ကျည် အော်သံကို ကြားရသည်။ သားငယ်များ အတော် ချောက်ချားတုန်လှုပ်နေကြပြီ။

ပူပန်စိုးရွံ့စိတ်ဖြင့် ဇီးကွက်သည် ထက်ကောင်းကင်ယံအမြင့်တွင် ပျံဝဲနေရာမှ အရှိန်အဟုန်ပြင်းစွာ ထိုးဆင်းလျက် ရန်သူ လူသား၏ မျက်နှာကို ခြေသည်းဖြင့် ကုတ်ပစ်လိုက်သည်။

ရန်သူသည် ဇီးကွက် ထိုးဆင်းလာသည်ကို တွေ့မြင်ရသည်နှင့် တစ်ပြိုက်နက် ငှက်သိုက်ကို လှမ်းထိုး နေသော ဝါးလုံးဖြင့် လွှဲရိုက်လိုက်သည်။ ဇီးကွက်က ကမန်းကတန်းပင် လျင်လျင်မြန်မြန် ကွေ့စောင်းပျံဝဲ၍ တိမ်းရှောင်လိုက်ရသည်။

သို့တစေ အမွေး တစ်ပင် နှစ်ပင် ကျွတ်ထွက်သွားရသေးသည်။

ထို့နောက် ဇီးကွက်သည် အပြာရောင် မိုးကောင်ကင်ပေါ်သို့ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် ထိုးတက်သွားသည်။

ဒုတိယအကြိမ် ဇီးကွက်က ပြန်လည် ထိုးဆင်းလာပြန်သည်။ ရန်သူကလည်း ဝါးလုံးဖြင့် လွှဲယမ်း၍ ဇီးကွက်ကို ရိုက်သည်။

သည်တစ်ခါတော့ ဇီးကွက်က ပါးနပ်စွာ ရန်သူ၏ ဝါးလုံးရိုက်ချက်ကို လွတ်ရုံလေးမျှ ရှောင်တိမ်းလျက် အလစ်ချောင်းရင်း ပျံသန်းနေသည်။

ရန်သူသည် ငှက်ငယ်ကလေးများ၏ သိုက်မြုံကို ထိုးချရန် ဆက်လက်အားထုတ်သည်။

ဇီးကွက်သည် မိုးကောင်းကင်တွင် ဟိုသည်လှည့်ပတ်ပျံဝဲလျက် အငိုက်ကို စောင့်လျက်ရှိသည်။

ရန်သူသည် ငှက်သိုက်ကို စိတ်ချလက်ချ ထိုးကော်ရန် မဖြစ်နိုင်သေးကြောင်း သိရှိနေပုံရသည်။ ဇီးကွက်က သူ့အနားသို့ ဝှီးခနဲ ရောက်ရောက်လာသည်ကို ဂရုမထားဘဲ ငှက်သိုက်ကို ထိုးကော်နေလျှင် သူ့မျက်နှာကို ဇီးကွက်ဝင်ကုတ်သွားမည်ကို သတိထားမိနေသည်။

ထို့ကြောင့်ပင် ဇီးကွက်ကို လှမ်းကြည့်လိုက် ငှက်သိုက်ကို ဝါးလုံးဖြင့် ထိုးကော်ဖို့ ကြိုးစားလိုက်နှင့် အလုပ်ရှုပ်နေသည်။

သည် ညိုရွှေရွှေဇီးကွက်မျိုးသည် ကလေးသားငယ်ကို အလွန် သံယောဇဉ်ကြီးပြီး ခင်တွယ်တတ်သည်။ မကြောက်မရွံ့ သတ္တိရှိသည်။

သာမန်အားဖြင့် လူကို ရန်မပြုတတ်။လူနှင့်နီးနီးနေပြီး လူတို့၏အထာ၊ လူတို့၏ဓလေ့စရိုက်ကို အကဲခတ် နားလည်တတ်သည်။

ယခု သူ့သားငယ်များ၏ သိုက်မြုံကို လာရောက် ဖျက်ဆီးလျက်ရှိသော ရန်သူ၏အထာကို သိနေသည်။ ဝါးလုံးရှည်ဖြင့် သားငယ်ကလေးများ၏ အသိုက်ကို ထိုးကော်ချပစ်မည်။ ဇီးကွက်ပေါက်စ ကလေးများကို အမွေးနုတ် အူထုတ်ပြီး မီးကင်စားလိမ့်မည်။

ဝါးလုံးရှည်ဖြင့် ငှက်ကလေးများ၏ အသိုက်ကို ထိုးချနေသူ လူသားသည် နွားကျောင်းသား ဖြစ်သည်။ မော်တော်ကားလမ်းဘေး စားကျက်တွင် နွားကျောင်းနေရင်းက ဇီးကွက်မောင်နှံ၏ လှုပ်ရှားမှုကို မြင်တွေ့သွားခြင်း ဖြစ်သည်။

အရုဏ်တက်ပြီးစ နံနက်ခင်းမှာ ဇီးကွက်နှစ်ကောင်က မြေကြွက်တစ်ကောင်ကို ကုက္ကိုပင်ကိုင်းပေါ်မှာ နားလျက် ထိုးဆိတ်စားသောက်နေသည်ကို တွေ့မြင်ရသည်။

ဂရုစိုက် သတိထား၍ ကြည့်ရှုနေခြင်းဖြစ်၍ သစ်ပင်ခွကြား သစ်ခေါင်းဝမှာ ငှက်သိုက်ကို တွေ့သည်။ ဇီးကွက်နှစ်ကောင် သစ်ခေါင်းတွင်းသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသည်လည်း မြင်ရသည်။

သစ်ခေါင်းတွင်းသို့ တက်နှိုက်ရန် မလွယ်ကူပေ။ ကုက္ကိုကိုင်းက ဆတ်သည်။ ကျိုးပဲ့လွယ်သည်။ ပင်စည်လုံးပတ်ကြီးသော ကုက္ကိုပင်ကို တက်ရန်လည်း ခက်ခဲသည်။

ထို့ကြောင့် နွားကျောင်းသားသည် ဝါးလုံးရှည်ကြီးတစ်ချောင်း ရှာဖွေလာကာ ငှက်သိုက်ကို ထိုးချနေခြင်း ဖြစ်သည်။

ဇီးကွက်သည် ကောင်းကင်အမြင့်ထက်သို့ ထိုးတက်ပျံသန်းသွားရင်း ခွေးတစ်ကောင်၏ အူသံလို အသံပြုလိုက်သည်။ ကုက္ကိုပင်၏ အကိုင်းတစ်ခုပေါ်ရှိ သစ်ရွက်များကြားမှ ငြိမ်သက်စွာ ပုန်းအောင်းလျက် ကျန်ရစ်သည့် ဇီးကွက်မက ကြားသည်။ နွားကျောင်းသားကိုလည်း ပုန်းအောင်းနေရာ သစ်ခွများကြားမှ တွေ့မြင်နေရသည်။

ဇီးကွက်မသည် သူ့ကြင်ဖော် ဇီးကွက် ခပ်စောစောက ရန်သူကို ထိုးကုတ်တိုက်ခိုက်နေသည်ကိုလည်း လှမ်းမြင်ခဲ့ရသည်။ ယခု ဇီးကွက်က အပြာရောင် ကောင်းကင်ထက်သို့ အချက်ပေးသံ တစ်ချက်ပြုလျက် ပျံသန်းသွားပြီ။

နွားကျောင်းသားက ဟိုးမိုးကောင်းကင်ထက်မှာ ဇီးကွက် ပျံဝဲနေသည်ကို တွေ့မြင်နေရသဖြင့် ဝါးလုံးကို ငှက်ကလေးများ၏ သိုက်မြုံရှိရာသို့ လက်နှစ်ဖက်ဖြင့် စုံကိုင်လျက် စိတ်ချလက်ချ ထိုးတင်လိုက်သည်။

ဝါးလုံးသည် ရှည်လျားသောကြောင့် အဖျားက လှုပ်ယမ်းလျက် ရှိနေသည်။ ငှက်သိုက်ရှိရာ သစ်ခေါင်းဝသို့ရောက်အောင် ဝါးလုံးရင်းမှ လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လျက် တဖြည်းဖြည်း တွန်းတင်ရသည်။ ငှက်သိုက်နှင့် ဝါးလုံးထိပ်ဖျား တည့်မတ်သည်ထက် တည့်မတ်အောင်နှင့် ဝါးလုံးထိပ်ဖျား မလှုပ်ယမ်းရအောင် သတိထားထိန်းရင်း ထိုးကော်ချရန် အားယူလိုက်သည်။

သည်အခိုက် ဇီးကွက်မသည် ငယ်သံပါအောင် မချိမဆံ့ ဝေဒနာခံစားရသည့် လူတစ်ယောက် အော်သံလိုမျိုး တစ်ချက်ပြုလျက် ပုန်းကွယ် နေရာ သစ်ရွက်ကြားမှ တောင်ပံကို ဖြန့်ကား၍ ထိုးဆင်းလိုက်သည်။

မိုးကောင်းကင်ထက် ပျံဝဲလျက်ရှိသော ဇီးကွက်ကို လှမ်းမြင်နေရသဖြင့် မိမိ၏ အလုပ်ကိုသာ အာရုံစူးစိုက်နေသည့် နွားကျောင်းသားက ရုတ်တရက် ကြားလိုက်ရသော စူးစူးဝါးဝါး အော်သံကြောင့် တဒင်္ဂမျှ ကြက်သေ သေသွားသည်။

ဇီးကွက်မ၏ ချွန်ထက်သော နှုတ်သီးကွေးကွေးဖြင့် မိမိ၏ လက်ယာဘက်မျက်လုံးကို ထိုးဆိတ်ပြီး ကြံ့ခိုင်သန်မာသော ခြေသည်းများက ပါးတစ်ခြမ်းကို ကုတ်ဖဲ့ခြင်း ခံလိုက်ရသည့်အတွက် လက်နှစ်ဖက်ဖြင့် စုံကိုင်ထားသော ဝါးလုံးကို လွှတ်ချလိုက်ရသည်။

အလွန်အမင်း နာကျင်သည့် ဝေဒနာရပ်အား ခံစားလိုက်ရသည့်အတွက် နွားကျောင်းသားသည် အသည်းခိုက်မျှ နာကျင်စွာဖြင့် ငယ်သံပါအောင် စူးစူးရှရှ ဟစ်အော် ထွက်ပြေးသွားသည်။

အကြင်နာမဖက် ရက်စက်စွာ ဇီးကွက်သားပေါက် ကလေးများ၏ အသားကို မီးကင်စားလိုသည့် နွားကျောင်းသား မျက်စိတစ်လုံး ဆုံးရှုံးသွားရပြီ။ ကာလဝိပါက် နောက်ပိုးတက်လို့ ပြောနိုင်သည်။

သူတစ်ပါးသိုက်မြုံကိုဖျက်ဆီး သနားစဖွယ် မိသားစုတစ်စု၏ ဘဝပျက်အောင် ကြံစည်လုပ်ဆောင်ခြင်းအတွက် ရရှိသော ဆုလဒ်။

ဇီးကွက်သည် အပြာရောင် ကောင်းကင်ထက်မှ ပျံဝဲလျက် ကုက္ကိုကိုင်းပေါ်သို့ ဆင်းသက်နားနေလိုက်သည်။ ဇီးကွက်မသည်လည်း သူ့ကြင်ဖော်အပါးသို့ ရောက်ရှိလာသည်။

ဇီးကွက်သည် သူတို့၏ သားငယ်ကလေးများကို ရဲရဲဝံ့ဝံ့ ကာကွယ်ခုခံလိုက်သည့် ဇီးကွက်မအား တွစ်တူးတွစ်တူး အသံပြုလျက် ဂုဏ်ပြုအားပေးလိုက်သည်။

xxx xxx xxx

နေဝန်းနီနီသည် ရွှေအိုရောင် အလင်းတန်းများကို ဝန်းကျင်တစ်ခွင်သို့ ဖြန့်ကြက်လိုက်သည်။ လောကတစ်ခွင်သည် ရွှေရောင်လွှမ်းသွားသည်။

အချိန်က အရုပ်ဆိုးလှချိန်။

မင်းဝံတောင်သည်ပင် ရွှေအိုရောင် အလှထည်ကို ဆင်မြန်းထားသည်ကြောင့် ရွှေမင်းဝံအဖြစ် အသွင်ပြောင်းသွားသည်။ ရွှေမင်းဝံတောင်ရိုးပေါ်မှာ နေဝန်းနီနီက မေးတင်လျက် ရှိနေပြီ။ များမကြာမီ အမှောင်က ရောက်လာတော့မည်။

နေဝင်ရိုးရီ အချိန်ဖြစ်သည်။ အမှောင် ရောက်လာသည်ဆိုလျှင် ညမုဆိုးတို့ လှုပ်ရှားတော့မည်။

အမဲသားကောင်တို့ ကျင်လည်ကျက်စားသည့်အချိန်၊ အမဲမုဆိုးတို့ အမဲလိုက်ချိန်။

ဇီးကွက်က အချက်ပေးသည့်အနေဖြင့် သံရှည်တစ်ချက် ဆွဲဆွဲငင်ငင်ပြုလျက် အော်နေသည်။ ပတ်ဝန်းကျင်တစ်ခွင်ရှိ ကျေးလက်နေ မိလက္ခူ တောင်သူတို့က သည်အသံကို အမင်္ဂလာအသံ၊ ညဉ့်ငှက်သံ၊ ငှက်ဆိုးသံဟု မသတီစရာ ယူဆကြသည်။

ဇီးကွက်အား ဒဏ္ဍာရီထဲမှာ ပါဝင်သော စုန်းတစ္ဆေ၊ ကဝေနှင့် မှင်စာနတ်ဆိုးတို့၏ အပေါင်းအဖော်အဖြစ် သတ်မှတ်ယူဆကြသည်။

စင်စစ်အားဖြင့်မူ ဇီးကွက်သည် လူတို့၏ မိတ်ဆွေ အစစ်အမှန် ဖြစ်ပါသည်။

ကမ္ဘာ့လူသားများ၏ အဆိုးရွားဆုံးရန်သူ ကြွက်များကို အစဉ်ထာဝရ ရှင်းလင်းသုတ်သင်မျိုးဖြုတ်ပေးလျက် ရှိနေသော သတ္တဝါ။

ရှေး အေသင်နှင့် ဂရိတို့၏ ခေတ်အခါသမယတွင် ဇီးကွက်သည် ပညာရှင်နတ်သမီး အက်သီးနား၏ အရွေးချယ်ခံငှက် ဖြစ်သည်။ အထွတ်အမြတ် ပြုရသောငှက် ဖြစ်သည်။

ဇီးကွက်ကိုယ်တိုင်ပင် ပညာရှိငှက်ကြီးအဖြစ် လေးစားခံရသောငှက် ဖြစ်သည်။

ယခုကာလတွင်မူ ဇီးကွက်သည် ကြွက်သုတ်သင်ရေးသမား ဖြစ်သည်။

နွားကျောင်းသား၏ အန္တရာယ်မှ လွတ်ကင်းသွားရပြီဖြစ်သော ဇီးကွက်ပေါက်စကလေးများ၏ အစာတောင်းသံကို ကြားရသည်။

ထို့ကြောင့် ဇီးကွက်သည် တျာတျာနီရဲ ကောင်းကင်ထဲသို့ ထိုးတက်ပျံသန်းသွားသည်။

လယ်ကွင်းထဲက လည်းကောင်း၊ စားကျက်များမှ လည်းကောင်း နွားများ အစုအဖွဲ့ပြုလျက် အိမ်ပြန်သွားကြပြီ။ နွားကျောင်းသားများက နွားအုပ်ကို မောင်းလျက် ထွက်ခွာသွားကြသည်ကြောင့် ဖုန်များ အလိပ်လိပ် ထလျက် ကျန်ရစ်သည်။

ရွှေဝါရောင် အလင်းတန်းများ ယှက်ဖြာလျက် ရှိနေသေးသည်ဖြစ်၍ အဇဋာတစ်ခွင်မှာ လှပကြည်လင်လျက် ရှိသည်။

မြရောင်စိမ်းစိုသော တောအုပ်ညိုများ၊ ရွှေဝါရောင် တောင်ပလျက်ရှိသည့် လယ်ကွင်းများ၊ မီးခိုးများ တလူလူ ဝေ့လျက်ရှိသော အိမ်ခေါင်မိုးများ၊ အောက်ခြေမြင်ကွင်းမှာ ငွေရောင်ပြိုးပြက် လက်လက်ထလျက်ရှိသော ဧရာဝတီ၏ ရေအလျဉ်သည် တသွင်သွင် စီးဆင်းနေသည်။

ဆည်းဆာ၊ ညနေဆည်းဆာ၏ အလင်းရောင်များ မှိန်ဖျော့လာနေပြီး ကြက်သွေးရောင်ပဝါတစ်စနှယ်ပင် ဧရာဝတီ၏ ရင်ခွင်တွင် လှုပ်ရှားလူးလွန့်နေသည်။

မဟူရာသွေး အဝေးပြေး ကတ္တရာလမ်းမကြီးကို ဟိုအဝေး တမျှော်တခေါ်အထိ ခွေခေါက်နေသော မြွေတစ်ကောင်အလား တွေ့မြင်ရသည်။

ကွေ့ကောက်သော မော်တော်ယာဉ်လမ်းတစ်လျှောက်တွင် မော်တော်ယာဉ်များ အရှိန်အဟုန်ပြင်းစွာ စုန်ဆန်မောင်းနှင် သွားလာလျက် ရှိသည်။

ဇီးကွက်က မျက်လုံးပြူးပြူးကြီး တစ်စုံဖြင့် မျှော်ကြည့်ရှာဖွေနေသည်။ လေလဟာတွင် ဖြန့်ထားသော တောင်ပံအစုံကို ဖြန့်ကာ ဝဲပျံ၍ မိမိအောက်မှ မြေပြင်မြင်ကွင်းများကို ကြည့်ရှုရသည်မှာ ပျော်ရွှင်ကြည်နူးစရာ ဖြစ်သည်။

အလင်းရောင် အနည်းငယ် ကျန်ရှိနေသေး၍ အမဲကောင်များကို မတွေ့မမြင်ရသေးချေ။ မကြာမတင်မှာ အမှောင်ရိပ်များ စိုးမိုးလာသည့်အခါ အမဲကောင်များက သူတို့ ပုန်းအောင်းခိုနားရာ မြေတွင်းများ ဆီမှ ထွက်ပေါ်လာချိမ့်မည် ဖြစ်သည်။ အမှောင်ကမ္ဘာသည် သူတို့ ခိုနားရာ ဖြစ်သည်။

သည်သတ္တဝါများအနက် ကြွက်သည် မုန်းတီး စက်ဆုပ်ဖွယ်ရာအကောင်းဆုံး အဖျက်ကောင် ဖြစ်သည်။ သံမဏိကလွဲ၍ သူတို့ မကိုက်ဖြတ်နိုင်သော အရာဝတ္ထု မရှိ။

လူတို့ တည်ဆောက်ထားသော အဆောက်အအုံများ၏ အောက်ခြေကို လိုဏ်ခေါင်းတူးသည်။ ရေကာတာများ၏ အခြေကို ဖောက်သည်။ အောက်ခြေအုတ်မြစ်များကို ယိုင်နဲ့စေသည်။

မြေအောက် ဝါယာကြိုးများ၊ တယ်လီဖုန်းကြိုးများကို ကိုက်ဖြတ် ဖျက်ဆီးသည်။ လူတို့၏ အဝတ်အထည် အသုံးအဆောင်များကို ဖျက်ဆီးသည်။ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို စားသောက်ရုံမျှမက သီးနှံပင်များကိုလည်း ကိုက်ဖြတ်ဖျက်ဆီးပစ်သည်။

ဤလူ့ဘောင်တွင် လူတို့အတွက် အကြီးမားဆုံး ရန်သူ ဖြစ်သည်။ လူ့ဘောင်တစ်ခုလုံးနှင့် လူတို့အတွက် လုံးဝ အကျိုးမပြုသည့် အဖျက်သတ္တဝါသက်သက်သာ ဖြစ်သည်။

သည်မျှ အန္တရာယ်ပေးသော အဖျက်သတ္တဝါ ကြွက်ကို ဇီးကွက်များက သုတ်သင်စားသောက်သည်။
ကြွက်သည် ဇီးကွက်များ၏ အဓိက အစားအစာ။ နှစ်စဉ်နှစ်တိုင်း ကြွက်များကို ထောင်သောင်းချီ၍ ဇီးကွက်များက စားသောက်ပစ်သည်။

စင်စစ် ဇီးကွက်သည် မင်္ဂလာကောင် ဖြစ်သည်။ လူတို့အား ကူပံ့အကျိုးပြုသောငှက်၊ လူသားတို့၏ ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးသော ငှက်မုဆိုး။

ဒဏ္ဍာရီပုံပြင်များတွင် ဇီးကွက်သည် ငှက်ပညာရှိကြီး ဖြစ်သည်။ တိရစ္ဆာန်အပေါင်းတို့ အခက်အခဲ ပြဿနာအဖြာဖြာနှင့် ကြုံတွေ့ရသည့်အခါ ပညာရှိဇီးကွက်ကြီးထံသို့ သွားရောက်မေးမြန်းကြရသည်။ ပညာရှိဇီးကွက်ကြီး၏ အကြံဉာဏ် ဩဝါဒနှင့် အဆုံးအဖြတ်ကြောင့် ဆင်းရဲဒုက္ခများ၊ တွေ့ကြုံနေရသော အခက်အခဲများမှ လွတ်မြောက်ချမ်းသာရာ ရကြသည်။

ရွှေမင်းဝံတောင်တန်း၏ နောက်ကွယ်သို့ နေဝန်းနီနီကြီး ငုံ့လျှိုးပျောက်ကွယ်သွားပြီးသည့်နောက် လောကအဝန်းသည် မှောင်မိုက်သွားပြီ။ လဆုတ်ရက် ဖြစ်သောကြောင့် ကောင်းကင်တွင် တစ်လုံး နှစ်လုံးစမျှသာ ထွက်ပြူလာသော ကြယ်အချို့သာ မှိန်တစ်လှည့် လင်းတစ်ခါ ရှိနေသည်။ အလင်းရောင် မည်ကာမတ္တ မဖြစ်စလောက်လေး။

ဇီးကွက်က မျက်လုံးသူငယ်အိမ်ကို ကျုံ့လိုက်သည်။ သည်အခါ အမှောင်ကိုခွင်းသော အလင်းကလာပ်စည်းများ ပွားစည်းလာသည်။ မြင်ကွင်းသည် ပြူးကျယ်သော မျက်ဝန်းအစုံရှေ့တွင် ထင်ထင်ရှားရှား ပေါ်လွင်လာသည်။

ရိုးပြတ်များအနှံ့ ကြဲပျံ့လျက်ရှိသော လယ်ကွက်ပပ်ကြားအက်များနှင့် မြေတွင်းများထဲမှ မြေအောင်းကြွက်များ ထွက်ပြူလာကြသည်။ မြေဝပ်ငှက်များသည်လည်း ကတ္တရာလမ်းမပေါ်မှာ ရောက်ရှိ ခိုနားနေပြီ။

မောင်းနှင်လျက်ရှိသော မော်တော်ယာဉ်များ၏ ရှေ့မီးအစုံမှ ထွက်ပေါ် လာသည့် အလင်းရောင်ကြောင့် ပိုးကောင်မွှားကောင်များ ကုဋေကုဋာမျှ လူးလာတုံ့ခေါက် ပျံသန်းလျက် ရှိနေသည်။ ကိမိလပိုးမွှားများသည် ညငှက်များ၏အစာ ဖြစ်သည်။

ဇီးကွက်က ပိုးမွှားများကို စားသောက်ခြင်း မပြုချေ။ ဇီးကွက်၏ အစာက ကြွက်သတ္တဝါ ဖြစ်သည်။

ညရင့်လာလေ ပိုးကောင်မွှားကောင်များ ပွားများလာလေလေ ဖြစ်သည်။

ဆောင်းဦးရာသီဖြစ်၍ နှင်းမှုန်တို့ပင် ခပ်ပါးပါး ကျဆင်းလျက် ရှိသည်။

ကားရှေ့ မီးအလင်းရောင်ရှေ့မှာ ဟိုမှသည် , သည်မှဟို ဖြတ်ကျော်ပျံသန်းရင်း ပိုးမွှားများကို ထိုးသုတ်စားသောက်နေကြသော မြေဝပ်ငှက်များ များသည်ထက် များလာသည်။ မြေဝပ်ငှက်တစ်ကောင် နှစ်ကောင်က ကတ္တရာလမ်းပေါ်မှာ ဝပ်နေရာက အနီးသို့ ကားရောက်လာတော့မှ သုတ်ခနဲ ထပျံပြေးတတ်သည်။

အစားကြူးသော မြေဝပ်ငှက်တစ်ကောင် နှစ်ကောင်လောက်သည် မီးရောင်တန်း ရှေ့တွင် မြူးထူးပျံသန်းနေသည့် ပိုးမွှားများကို ဇွတ်ဝင်ထိုးသုတ်ရင်း မော်တော်ယာဉ်နှင့် တိုက်မိကာ အသက်ဆုံးရှုံးသွားရသည်။

သားကောင် ဖမ်းဆီးရာက မုဆိုးက သားကောင်ဘဝ ပြောင်းသွားသည်။

ဇီးကွက်၏ လျင်သော မျက်လုံးများက ကားတစ်စီး၏ ရှေ့မီးအလင်းရောင် ဝေ့ခနဲ တောက်လက်လာသည့်အချိန်မှာ လယ်ပပ်ကြားအက်ထဲမှ ဖြုတ်ခနဲ ပြေးထွက်လာသော လယ်ကြွက်မည်းမည်းကြီးတစ် ကောင်ကို တွေ့မြင်လိုက်သည်။

ပြန့်ကားလာသော လေသာတောင်အစုံကို ဖြန့်၍ ဝဲဆင်းလိုက်သည့်အခါ မြေပြင်လယ်ကွင်းအတွင်းသို့ ဇီးကွက်က နိမ့်ဆင်းသွားသည်။

မြေကြီးနှင့် ထိလုဘနန်း အရှိန်အဟုန်နှင့် ပျံသန်းလာသော ဇီးကွက်၏ ခြေသည်းများက မိမိ၏ ကျောပေါ်သို့ ကျရောက်ပြီး မြဲမြံစွာ အကုတ်ခံလိုက်ရသည့် လယ်ကြွက်သည် ငယ်သံပါအောင် ဟစ်အော်လိုက်သည်။

ပြီးနောက် ဟိုးမိုးကောင်ကင်အမြင့်ထက်သို့ ဇီးကွက်၏ ခြေသည်းများကြားမှာ နာကျင်စွာ ပါသွားသည်။ လယ်ကြွက်၏ စူးရှသော အသံဗလံ များကြောင့် ညသည် ဆူညံသက်ဝင်လှုပ်ရှားသွားသည်။

လေပြင်းက တစ်ချက်ဝေ့၍ တိုက်ခတ်လာသည်။ အဝေးပြေးလမ်းနံဘေး ချုံပုတ်များ၊ သစ်ကိုင်းသစ်ခက်များ ဝုန်းဒိုင်းကြဲလျက် တဖြန်းဖြန်း တဗြန်းဗြန်း လှုပ်ယမ်းသွားလေသည်။

ညသည် အဓိပ္ပာယ် ရှိသွားပြီ။

မုဆိုးတို့အတွက် တန်ဖိုးရှိသောည။

မင်္ဂလာည …. မုဆိုးတို့၏ည …. ။

[ ပြည်သာယာ မဂ္ဂဇင်း ]

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *