ဖိုးကျော့
ကိုလူမောင်သည် မိုးကောင်းကင်ကို တစ်ချက်မော့် ကြည့်လိုက်သည်။
မုတ်သုန်ရာသီသည် ပီပီပြင်ပြင်မရှိတော့။ တော်သလင်းလ၏ ကောင်းကင်က ကြည်လင်နေသည်။ တိမ်ပဝါတစ်စနှစ်စသာ ကျယ်ပြောလှသော မိုးထက်ဝဠာမှာ မသိမသာလွင့်မျောပါနေ၏။
အပတောများ၌ သစ်စေးထိုးလုပ်သားဖြစ်သော ကိုလူမောင်သည် ဆောက်ပြား၊ ဓားနှင့် ဘောက်ခွက်များကိုယူကာ အိမ်က ထွက်လာလေသည်။
ရွာဖျားအရောက်တွင် အိမ်ဘေးအဖီအောက်၌ နှီးဖြာနေသော ဦးဘအောင်ကြီးက …
“လူမောင် … ဘယ်လဲကွ”
ဟု လှမ်းမေး၏။
“သစ်စေးထိုးလေ အဘ”
ကိုလူမောင်က ပြန်ဖြေသည်။
“မင်း သစ်စေးထိုးတာ ဘယ်တောတုံး”
“ကညင်တောင်ကြောက အပတောပါ အဘ”
“အေး … အေး သတိဝီရိယနဲ့သွားကွ”
“ဗျာ … အဲဒီဘက် ဘာသံကြားလို့လဲ အဘ”
ကိုလူမောင် စိုးရိမ်စွာ မေးလိုက်မိ၏။
“အဲဒီဘက် ဝံတစ်ကောင် သိပ်ဆိုးနေတယ်ကြားလို့ကွ။ ဟိုတစ်နေ့ကပဲ ပြင်ဟာရွာသား ကြိမ်ခုတ်သမားတစ်ယောက်ကို ပြေးကုတ်လို့တဲ့။ အဲဒီဘက်သွားရင် သတိဝီရိယနဲ့သွားဟေ့ … ကြားလား”
“ဟုတ်ကဲ့”
အမှန်က ထိုသတင်းကို သူလည်းကြား၏၊ သို့သော် များစွာ မစိုးရိမ်မိ။ ဝံများသည် မလွှဲသာမရှောင်သာမှသာ လူကို ကိုက်ခဲကုတ်ခြစ်ရဲသည် မဟုတ်လား။
ယခု လူကြီးဖြစ်သော ဦးဘအောင်ကြီးက “သတိဝီရိယနဲ့သွား”ဟု ဆိုလိုက်သောအခါ သူ့စိတ်ထဲမှာ ထင့်သွားလေသည်။
သို့သော် ဤရာသီမှာ “တော်သလင်း လက်တွင်းအိပ်”ဟူသော ဆောင်ပုဒ်နှင့်အညီ သစ်စေး ဈေးအကောင်းဆုံးရနိုင်သောရာသီ ဖြစ်သဖြင့် သူ လက်လွတ်မခံနိုင်။
ထို့ကြောင့်လည်း သစ်စေးထိုးရန် ကညင်တောင်ကြောရှိ အပတောဘက်သို့ ထွက်လာလေသည်။
xxx xxx xxx
အပတောဆိုသည်မှာ နိုင်ငံပိုင် သစ်ထုတ်လုပ်ရေးမှ ဒေသခံလူများအတွက် အိမ်သုံး သစ်ဝါးများ ခုတ်သုံးနိုင်ရန် ခွင့်ပြုထားသော သစ်တောဖြစ်သည်။
အပတောများ၌ တော်သလင်းလရသော သစ်စေးသည် မိုးလွတ်လျှင် အကောင်းဆုံးဖြစ်၏။
အနီ၊ အညို၊ အနက်ဟု သုံးမျိုးသုံးစား ခွဲခြားထားရာတွင် ပထမတန်းစား အနက်ထဲပါသည်။
အညိုက ဒုတိယ၊ အနီက တတိယဖြစ်၏။
ပထမတန်းစား သစ်စေးတစ်ပိဿာလျှင် သူတို့ဒေသ၌ ကိုးကျပ် တစ်ဆယ်ဈေး ရှိ၏။ မန္တလေးရောက်လျှင် ဆယ့်ကိုးကျပ် နှစ်ဆယ် ဈေးထိ ရနိုင်လေသည်။
ထို့ကြောင့်လည်း ကိုလူမောင်သည် အပတောထဲ ရောက်သည်နှင့် တစ်ပြိုင်နက် သစ်စေးရနိုင်သော သစ်စေးပင်များကို ဦးစွာရှာရလေသည်။
သစ်စေးမပါလျှင် လုံးဝမဖြစ်သော လုပ်ငန်းများမှာ ဘုရားရွှေချခြင်းနှင့် ရေခွက်၊ ကွမ်းအစ်၊ လင်ပန်း စသည့် မြန်မာ့ရိုးရာ သရိုးကိုင် ယွန်းထည်လုပ်ငန်းများထိ ဖြစ်လေသည်။
သစ်စေးပင် တစ်ပင်ကို တွေ့သော ကိုလူမောင်သည် ပထမဦးစွာ ဆောက်ပြားနှင့် တစ်တောင်ကျော်ကျော် အပေါ်မှ အောက်ဘက်သို့ မန်းကြိုးနှစ်ချောင်း လှီးထွင်းရသည်။
သဘောမှာ ရော်ဘာစေးခံသလို သစ်စေးမျှောလမ်းကို သစ်ခေါက်ခွံအတိုင်း ဘယ်ညာနှစ်ဘက် လှီးထွင်းပြီး အောက်တွင် သစ်စေးစီးလမ်းနှစ်ခုကို ဆုံစည်းပေးထားရခြင်း ဖြစ်သည်။
ဤသည်ကို မန်းကြိုးထွင်းသည်ဟု ခေါ်၏။ မန်းကြိုးနှစ်ခု၏ ပေါင်းဆုံရာအောက်၌ ကိုလူမောင်က အသင့်ပါလာသော ဘောက်ခွက်ကို ထိုးစိုက်ခံလိုက်လေသည်။
ဘောက်ခွက်ဆိုသည်မှာ ဝါးဆစ်ကို တစ်ထွာတစ်မိုက် တစ်ဖက်ချွန်ခွတ် ဖြတ်ပြီး သစ်စေးခံရသော ဝါးဆစ်ခံခွက်ကို ဆိုလေသည်။ သစ်စေးပင်တစ်ပင်တွင် ဘောက်ခွက် သုံးလေးခွက် ခံပြီးသောအခါ ကိုလူမောင်သည် နောက်သစ်စေးပင်တစ်ပင်ကို ရှာရ၏။
သစ်စေးပင်ရှာရင်း ဦးဘအောင်ကြီး၏ စကားကို ပြန်လည်ကြားယောင်မိကာ အမြဲသတိထား၍ သွားလာနေရသည်။
နောက်ထပ် သစ်စေးပင်တစ်ပင်ကို တွေ့ပြန်သောအခါ ပထမနည်းတူ မန်းကြိုးထွင်း၍ သစ်စေးခံရပြန်သည်။
သည်လိုနှင့် ကိုလူမောင်သည် တစ်ပင်ပြီးတစ်ပင် တစ်နေရာပြီး တစ်နေရာ သစ်စေး ခံနေရလေသည်။
ထိုနေ့က ကိုလူမောင်သည် အပတောထဲတွင် ထမင်းထုပ်စားပြီး တစ်နေ့လုံး သစ်စေးထိုးနေ၏။ မိုးချုပ်မှ အိမ်ပြန်လာသည်။
ဦးဘအောင်ကြီး သတိပေးလိုက်သော ဝံဆိုးနှင့်ကား လုံးလုံး မတိုးမိခဲ့ပေ။
နောက်တစ်နေ့မှာလည်း ကိုလူမောင်သည် ပထမနေ့အတိုင်း သစ်စေးသွားထိုးရသည်။ တောထဲတွင် မည်သည့်ဘေးဥပဒ်အန္တရာယ်နှင့် မတွေ့မကြုံခဲ့ရ။
သည်လိုနှင့် နောက်တစ်နေ့ … နောက်တစ်နေ့။
xxx xxx xxx
သည်နေ့တော့ ကိုလူမောင် သစ်စေးကောက်ထွက်ရမည့်ရက် ဖြစ်သည်။ သူ ပထမဦးဆုံး သစ်စေးခံထားခဲ့သော ဘောက်ခွက်များမှာ နှစ်ရက်ခန့် ကြာသွားပြီ။ ယခုဆိုလျှင် သူခံထားခဲ့သော ဘောက်ခွက်ထဲတွင် သစ်စေးရည်များသည် နှစ်ကျပ်သား၊ သုံးကျပ်သားထိပင် ရလောက်နိုင်ပြီ။
ထို့ကြောင့် “ပလုပ်”ကိုလွယ်ကာ သစ်စေးကောက် ထွက်လာလေသည်။
ပလုပ်ဆိုသည်မှာ သစ်စေးခံခွက်ကို ခေါ်သည်။ နှီးကိုရက်ပြီး သစ်စေးနှင့် သရိုးကိုင်ထား၏။ အမြင့်တစ်ပေနှင့် လုံးပတ် တစ်ပေခွဲခန့် ရှိသည်။ အပေါ်သေး၍ အဝကျဉ်းသည်။ အောက်ကားပြီး ဘူးသီးပုံဖြစ်၏။
ကိုလူမောင်သည် ဘောက်ခွက်ထဲမှ သစ်စေးရည်များကို ပလုပ်ထဲ သွန်ထည့်သည်။ ပြီး ထိုခွက်ကို ပြန်ခံ၏။
သည်လိုနှင့် ဘောက်ခွက် တစ်ခွက်ပြီးတစ်ခွက်၊ သစ်စေးပင် တစ်ပင်ပြီးတစ်ပင် ကူးကာကူးကာ သစ်စေးကောက်သွား၏။
သစ်စေးကောက်သမားတစ်ယောက်အတွက် တစ်နေ့လျှင် ဘောက်ခွက် အလုံးခြောက်ရာထိ ကောက်နိုင်သည်။ သူ၏ ဘောက်ခွက် ပိုင်ဆိုင်မှုမှာ ဘောက်သုံးထောင်ထိ ရှိလေသည်။
ယနေ့ သူ သစ်စေးကောက်သွားပြီး ဘောက်လဲထားခဲ့သော သစ်စေးပင်များကို နောက်နှစ်ရက်ကြာမှ တစ်ဖန်လာ၍ သစ်စေးကောက်ရပေဦးမည်။
xxx xxx xxx
နွေရင့်ရက်သို့ ရောက်လာသည်။ အပတောရှိ သစ်စေးပင်များသည် အပွင့် ဝေဝေဆာဆာ ပွင့်နေ ကြလေပြီ။ အပွင့်ပွင့်နေသော သစ်စေးပင်များသည် သစ်စေးရည် အထွက်နည်းသွားကြသည်။
သို့သော် ကိုလူမောင်ကား ရသမျှသော သစ်စေးရည်များကို ကြိုးစားပမ်းစား လိုက်ကောက်နေ၏။
တစ်နွေလုံးအတွက် သူ သစ်စေးကောက်၍ ရမည့်ငွေမှာ လေးငါးရာ ဖြစ်သဖြင့် သစ်စေးကောက်ရင်း ပျော်နေသည်။
သစ်စေးပင်တစ်ပင်မှ သစ်စေးရည်ကို ဘောက်ခွက်တစ်ခွက်ထဲ သွန်ထည့်နေစဉ် သစ်ကိုင်းခြောက်တစ်ခုကို တစ်စုံတစ်ယောက် တက်နင်းမိ၍ ဖြောင်းခနဲကျိုးသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ကိုလူမောင်သည် အသံကြားရာဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ဧရာမဝံကြီးတစ်ကောင်သည် မာန်ဖီကာ သူ့ဆီပြေးလာ၏။
ဦးဘအောင်ကြီး သတိပေးဖူးသော ဝံဆိုးမှာ ဒီကောင်ပဲဖြစ်ရမည်ဟု အတွေးရောက်ကာ ခေါင်းနားပန်းကြီးသွား၏။
သူ့ခါးတွင် ထိုးထားသော ဓားမတိုကို ရုတ်ခနဲဖြုတ်ကာ ဝံကြီးကို ရင်ဆိုင်လိုက်သည်။
‘ဟေး’ ဟု ခြိမ်းခြောက်သံပေး၍လည်း ခြောက်လှန့်ကြည့်၏။
သူ့အသံ သူ့လှုပ်ရှားမှုကြောင့် ပြေးလာသော ဝံဆိုးကြီးက ခြေလှမ်း တုံ့သွားသည်။
သို့သော် ဝံဆိုးက ထွက်ပြေးသွားခြင်း မရှိ။ သူ့အလစ်ကိုသာ လှည့်ပတ်၍ ချောင်းမြောင်းနေ၏။
အမှန်မှာ ဤဝံဆိုးသည် လူအလစ်ကို ချောင်း၍ ကိုက်တတ်ပုံရသည်။ ယခု သစ်ကိုင်းခြောက်ကျိုးသံကြောင့် သူက အမြင်ဦးသွား၍သာ။
ကိုလူမောင်သည် ဝံကြီး လှည့်ပတ်ရာကို မျက်တောင်မခတ်ဝံ့ဘဲ လိုက်ကြည့်နေရ၏။ ဝံကြီးကလည်း သစ်စေးပင်များကို အကာအကွယ်ယူကာ ကိုလူမောင်အလစ်ကိုသာ လှည့်ပတ်ချောင်းနေသည်။
သစ်ပင်ပေါ်တက်သွားပြီး သူ့ကိုယ်ပေါ်များ ခုန်ချလေမလားဟူသော စိုးတထိတ်ထိတ်နှင့် ကိုလူမောင်သည် ဝံကြီးအား မျက်စိအောက်က အပျောက်မခံဝံ့၊ လိုက်ကြည့်နေရသည်။ ဝံကြီး ကြောက်၍ ပြေးလိုပြေးငြား အသံနှင့်လည်း ခြိမ်းခြောက်အော်ဟစ်၏။ သို့သော် ဝံကြီးကား မပြေး၊ သူ့အလစ်ကိုသာ ချောင်းနေ၏။
ကိုလူမောင် ဝံနှင့် နဖူးတွေ့ဒူးတွေ့ တစ်ခါမှ မတွေ့ဖူး မကြုံဖူးသော်လည်း တွေ့ဖူးကြုံဖူးကြသော လူကြီးသူမများ ပြောစကားကိုတော့ အမှတ်ထားမိသည်။
“တောထဲတောင်ထဲ ဝံနဲ့တွေ့လို့များ မင်းတို့ ထွက်ပြေးမယ်တော့ မကြံနဲ့။ လူထွက်ပြေးရင် ဝံက နောက်ကလိုက်လာပြီး ခုန်အုပ်လိုက်တော့တာပဲ။ အဲဒါကြောင့် ဝံနဲ့တွေ့ရင် ရဲရဲသာ ရင်ဆိုင်။
ဝံက လူကိုကိုက်ဖို့လာရင် သူ့နှာခေါင်းကို လက်နှစ်ဖက်နဲ့ ဘယ်ညာ အကာအကွယ်ယူပြီး လှုပ်ယမ်းပြေးလာတတ်တယ်။ အဲဒီအခါမှာ လက်ထဲရှိတာနဲ့ နှာနုသာ ဖြတ်ရိုက်။ ဝံရဲ့နှာနုဟာ အင်မတန်နာတတ်တယ်။ သူ့နှာနုကို နည်းနည်း ထိမိတာနဲ့ ဝံဟာ အော်ပြီးပြေးတော့တာပဲ”
ထိုစကားကို သတိရသဖြင့် ကိုလူမောင်သည် လက်က ဓားမကို မြဲမြဲဆုပ်ထား၏။ သူ့ကို ဝံဆိုးကြီးကိုက်ရန် ပြေးလာသည်နှင့်တစ်ပြိုင်နက် နှာနုကို ဓားနှင့် ဆီးခုတ်ရန်ဖြစ်သည်။
ကိုလူမောင်အား လှည့်ပတ်ချောင်းနေသော ဝံကြီးသည် ကိုလူမောင် အလစ်မပေးသဖြင့် စိတ်ဆိုးလာပုံရ၏။ တဟည်းဟည်း မာန်ဖီကာ ကိုလူမောင်ဆီ တည့်တည့်ပြေးလာသည်။
ကိုလူမောင်မှာ ရုတ်တရက် ခေါင်းနားပန်းကြီးသွားသော်လည်း မျက်တောင်မခတ်ရဲ။
ကိုလူမောင့်အနား ရောက်သောအခါ ဝံကြီးသည် ကိုလူမောင်အား ခုန်အုပ်ရန် ရုတ်တရက် ပတတ်ရပ်လိုက်၏။ ဝံကြီး၏ အရပ်မှာ ကိုလူမောင်နှင့် အတူတူ ဖြစ်သွားလေသည်။
ဝံကြီး ခုန်အအုပ်တွင် ကိုလူမောင်ကလည်း ဓားနှင့် ဆီးခုတ်သည်။ သို့သော် ဝံကြီး၏နှာနုကို မခုတ်မိ၊ ဝံကြီး၏ လက်တစ်ဖက်ကိုသာ ခုတ်မိသွားသည်။
ဝံကြီး၏ ဘယ်ညာနှစ်ဖက် လက်ရိုက်ချက်ကြောင့် သူ့ဓား လွင့်စဉ်သွား၏။ ဝံကြီး၏လက်တစ်ဖက်မှာ ဓားဒဏ်ရာရသွားသလို သူ့လက်တစ်ဖက်မှာလည်း ဝံကြီး၏ လက်သည်းရာကြောင့် ချက်ချင်း သွေးထွက်လာသည်။
လက်တစ်ဖက်တွင် ဒဏ်ရာရသွားသော်လည်း ဝံကြီးသည် မပြေး မဆုတ်၊ ရှေ့သို့သာ ဒေါသတကြီးနှင့်တိုးလာ၏။
သူကသာ နောက်ဆုတ်ရသည်။
လက်မှလွင့်စဉ်သွားသော ဓားကို လှမ်းကြည့်ရာ ဝံကြီးနောက် ရောက်နေ၏။ မည်သို့ လုပ်ရပါ့မည်နည်း။ ကိုလူမောင် ဇောချွေးတွေပြန်နေပြီ။
ဓားတစ်ချက်ထိထားသော ဝံကြီးသည် မပြေးသော်လည်း စောစောကလောက်တော့ မရဲတင်းတော့။ မဝံ့မရဲသာ သူ့ဆီ တိုးလိုက်လာ၏။
ကိုလူမောင်သည် နောက်သို့ လေးငါးလှမ်းအဆုတ်မှာ အကြံတစ်ခု ရုတ်တရက်ပေါ်လာသည်။
သူ့ဘေးတွင် လွယ်ထားသော ပလုပ်ကို သတိရလိုက်၏။ ပလုပ်ထဲတွင် သစ်စေးရည်များရှိလေသည်။ ဤတစ်ခါ သူ့အနားသို့ရောက်လာ၍ သူ့ကိုခုန်အုပ်ရန် ဝံကြီး ပတတ်ရပ်သည်နှင့် ဝံကြီးမျက်နှာကို ပလုပ်ထဲမှ သစ်စေးရည်နှင့် လှမ်းပက်ရလျှင် …
ကိုလူမောင်သည် ပလုပ်ဘူးကို ချက်ချင်းဖြုတ်ပြီး နောက်ဆုတ်နေသော ခြေလှမ်းကို ရပ်လိုက်သည်။
မရဲသော်လည်း ကြောက်ကြောက်နှင့် “လာစမ်း … လာစမ်း” ဟု အကြောက်ပြေ အော်ဟစ်ဆဲဆိုလိုက်သည်။
သူထင်သည့်အတိုင်းပင် သူ့ရှေ့တိုးလာသော ဝံဆိုးကြီးက သူ့ကို ခုန်အုပ်ရန် ပတတ်ရပ်လိုက်၏။
“ဖြန်း”
“ဖြန်း”
ကြံစည်ထားသည့်အတိုင်းပင် ကိုလူမောင်သည် ဝံကြီး၏ မျက်နှာဆီ သစ်စေးရည်နှင့် လှမ်းပက်ကာ ရှောင်ပေးလိုက်၏။
ဓားနှင့်ခုတ်ထား၍ လက်တစ်ဖက်နာနေသော်လည်း ပြန်မပြေးသော ဝံကြီးသည် ဤတစ်ခါတော့ စူးစူးဝါးဝါး အော်ဟစ်ကာ ဦးတည်ရာမဲ့ ပြေးတော့သည်။
သို့သော် ဝံကြီးကား ကိုလူမောင်အနားမှ ဝေးဝေးသို့ရောက်မသွား။ သူပြေးတိုင်း သစ်စေးပင် တစ်ပင်ပင်နှင့် ဝင်တိုးတိုက်မိကာ ကိုလူမောင် အနားမှာပင် အလဲလဲ အပြိုပြိုနှင့် ပတ်ချာလည် လှည့်ပြေးနေ၏။
ဤမျှဆိုလျှင် ကိုလူမောင် သိလိုက်ပေပြီ။
ဝံဆိုးကြီး၏ မျက်စိနှစ်ကွင်းထဲ သစ်စေးရည်များ ဝင်သွားကာ ဝံကြီးသည် လောလောဆယ် မျက်စိကန်းနေဓလပြီ။
ကိုလူမောင်သည် စောစောက ဝံဆိုးကြီးပုတ်ချလိုက်၍ သူ့လက်က လွတ်ကျသွားသော ဓားကို ပြေးကောက်လိုက်သည်။
ထိုအချိန်မှာပင် ထွက်ပြေးရင်း သစ်စေးပင်ကြီး တစ်ပင်ကို တည့်တည့်မတ်မတ် ခေါင်းဝင်တိုက်ကာ ဖင်ထိုင်ကျသွားသော ဝံ့ဆိုးကြီးသည် သွေးရူးသွေးတန်းနှင့် အော်ဟစ်ထလာသည်။
မမြင်မစမ်းနှင့်လည်း ကိုလူမောင်ရှိရာဘက် ပြေးလာပြန်၏။
ဤတစ်ခါမှ ကိုလူမောင်သည် ဝံကြီး၏နှာနုတည့်တည့်ကို သူ့ဓားနှင့် ရဲရဲဝံ့ဝံ့ ဆီးခုတ်ချလိုက်လေ၏။
သစ်ခုတ်၊ ဝါးခုတ်၊ ကြိမ်ခုတ်၊ သစ်စေးကောက်သူများအား တစ်နွေလုံး ဒုက္ခပေးခဲ့သော ဝံဆိုးကြီး၏ သေခါနီးအော်သံသည် ဤတစ်ခါတော့ အပတောတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတော့သည်။
ဖုန်းလေးပွတ်ပြီးအိပ်တော့မယ်လား…ဘုရား ရှိခိုးဖို့မမေ့နဲ့ဦး
(၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ၊ ကလျာအမျိုးသမီးမဂ္ဂဇင်း)
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ