July 30, 2025
Uncategorized

ရှက်ရပြန်ပေါ့ ဒီတစ်ခါ

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)

(၁)

“ဟကောင် ငပျော်ရ … လှေကို ရေသံမထွက်အောင်နဲ့ ခပ်ဖြည်းဖြည်းချင်း လှော်ပါဆိုမှကွာ။ ငါ့လခွေးမှပဲ”

ကိုချမ်းအေး လှေဦးမှနေ၍ လှေပဲ့မှ လှော်နေသူကို လှမ်းပြောလိုက်ရာ လှေပဲ့မှ လှော်နေသူကလည်း ခွန်းတုန့်ပြန်လာသည်။

“အာ … ကိုကြီးချမ်းအေးကလည်း၊ ကျွန်တော် လှော်နေတာ ဘယ်မှာ ရေသံထွက်လဲ။ သည့်ထက် ဖြည်းဖြည်းလှော်ရလျှင်လည်း ရေစီးအတိုင်း မျှောထားရုံပဲ ရှိမယ်”

ငပျော် ပြန်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

ကိုချမ်းအေးမှာ မိမိလုပ်ငန်းစသည်မှာ နာရီဝက်ခန့်ပင် ကျော်လာပြီဖြစ်သော်လည်း မည်သို့မျှ ထူးခြားမှု ရှိမလာသေးသည့်အတွက် စိတ်စော၍သာ လှေပဲ့မှ လှော်နေသူ အိမ်နီးချင်းနေ ငပျော်အား အပြစ်တင်လိုက်မိခြင်းဖြစ်ကြောင်း မိမိကိုယ်တိုင် သိလိုက်သည့်အတွက် ဘာစကားမျှ ဆက်မပြောတော့ဘဲ လက်ထဲရှိ ငါးမျှားတံရိုးကိုသာ တအားပင် ဆုပ်ကိုင်ဖျစ်ညှစ်ပစ်လိုက်မိသည်။

ကိုချမ်းအေးနှင့် ငပျော်တို့ နှစ်ယောက် ကွမ်းခြံကုန်းချောင်းနှင့် တိုးမြစ်တို့ ပေါင်းဆုံထိတွေ့ရာ ချောင်းဝရေပြန်ဝဲတွင် လှည့်ပတ်၍ မျှားနေသည်မှာ နာရီဝက်ခန့်ပင် ကျော်ပြီထင်သည်။

မြစ်ရေသည်ပင် တက်ချိန်ရေစီး ကုန်ဆုံး၍ ရေပြန်ကျရန်အတွက် ရပ်တန့် ‘အီ’နေချေပြီ။ ငါးနှင့် တူတာဆို၍ ရေပွက်အရိပ်ယောင်ပင် မတွေ့ရသေး၊ ငါးကိုက်ဖို့ဆိုတာကတော့ ဝေလာဝေး။

သို့ကြောင့်မို့လည်း ငါးမျှားချိတ်အား ရေပေါ်တွင် ရှပ်ခါ,ရှပ်ခါ ငါးပေါက်ငယ်ကလေးတစ်ကောင် ရေပေါ်တွင် ပျံမြူးကူးခပ်နေဟန် ဖြစ်စေရန်အတွက် ငါးမျှားတံရိုးအား ဆတ်ခနဲ ဆတ်ခနဲ လှုပ်ရှားပေးလိုက်သည်။

ကိုချမ်းအေး ငါးမျှားတံရိုးအား လှုပ်ရှားလိုက်တိုင်း ငှက်ကျားမွေးသာ တပ်ထားသော ငါးမျှားချိတ်မှာ ရေပေါ်တွင် ဖွားခနဲ ဖွားခနဲ ပေါ်လာ လှုပ်ရှားနေသည်မှာ အလွန်ပင် ကြည့်ကောင်းလှသည်။

သည်လိုလှုပ်ရှားမှု့ကို ရေထဲရှိ ငါးက အစာအဖြစ် ထင်မှတ်မှားကာ ဟပ်ကိုက်ခြင်း ဖြစ်လေသည်။ ဒါမှမဟုတ် ငါးလိုက်မွေးပါရှိသည်ဆိုသော ငှက်ကျားမွေး၏ မမြင်နိုင်သော အာနိသင်ကြောင့်လားတော့ မဆိုနိုင်။ သားကောင် ငါးကောင် အချီစာမတပ်ရဘဲနှင့် ငါးကြီးများအား မျှားယူ၍ရသောနည်းမှာ ကိုချမ်းအေး ယခု ဆောင်ရွက်လုပ်ကိုင်နေသည့် “ဘန်း” မျှားခြင်းကလွဲ၍ အခြားနည်လမ်းရှိမည်မထင်။

ကိုချမ်းအေးသည် လှေအား ရေပြန်ဝဲအတွင်း လှည့်ပတ်လှော်စေကာ “ဘန်း” မျှားနေရင်းမှ ယခုအချိန်ထိ ငါး ဘာကြောင့်များ မဟပ် မကိုက်သေးပါလိမ့်ဟူ၍လည်း စဉ်းစားနေမိသည်။ မိမိသည် ယခုအကြိမ်မှသာ စတင်၍ ဘန်းမျှားခြင်းအား ဆောင်ရွက်သည်မို့ အစစ အမှားအယွင်းမရှိစေရအောင် အထူးဂရုစိုက်ခဲ့သည်။

နံနက် လှေစထွက်ကတည်းကပင် သက်ဆိုင်ရာ ‘အဘိုး’ နှင့် ‘ရေကြောင်းဗိုလ်’ တို့အား ထမင်းဦးပေါင်း၊ ဘဲဥပြုတ်တို့နှင့် တင်မြှောက်ပသခဲ့ပြီးပြီ။ သည် ဘန်းမျှားခြင်းလုပ်ငန်းမှာ အခြား ငါးမျှား ကွန်ပစ်လုပ်ငန်းမျိုး မဟုတ်သည့်အတွက် ငါးကြီးငါးကောင်းများ ရရှိစေရန် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကို ငါးအရှာမထွက်မီ တင်မြှောက်ပသ တောင်းခံရသည်မှာ ထုံးစံပင် ဖြစ်သည်။

ဘန်းမျှားခြင်းဖြင့် ရရှိသော ငါးများမှာလည်း ငါးသေးငါးဖွဲများ မရ။ ငါးကြီးငါးကောင်းများဖြစ်သည့် ငါးတန်၊ ငါးမြင်းနှင့် ကသပေါင်း စသော ငါးတို့သာ ရတတ်ပြီး ရသည့်အကောင်ကလည်း အနည်းကလေး သုံးလေးပိဿာအကျော်တွေသာ ရတတ်သည်။ သည့်အတွက်ပင် အစစ အမှားအယွင်းမရှိစေရန် အထူးသတိထားရသည်။

သည် “ဘန်း” မျှားခြင်းလုပ်ငန်းကို ကိုချမ်းအေး ဆောင်ရွက်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ ငှက်ကျားမွေး မရသဖြင့်သာ ကြန့်ကြာနေခဲ့ရခြင်းဖြစ်ပြီး ယခုတော့ ငှက်ကျားမွေးရသည်နှင့် ချက်ချင်း ဆိုသလို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

စတင်ဆောင်ရွက်သော လုပ်ငန်းသစ်ဖြစ်သည့်မို့ ဦးမကျိုးစေရန် ကိုချမ်းအေး အစစသတိထားသည်။ ငါးမျှားတံကိုပင် ဝယ်မသုံး၊ စတီးစပ်သံချောင်းအား ရှာဖွေပြီး မီးဖုတ်၍ မိမိစိတ်တိုင်းကျ ကွေးသည်။ ကိုယ်တိုင်သွေးသည်။

ငါးမျှားချိတ်ကိုလည်း ငါးအမိကောင်းစေရန် ဒဲ့ကွေးမထားဘဲ အာလိမ်ထားလိုက်သည်။

ငါးမျှားကြိုးကိုလည်း ကိုယ်တိုင်ကျစ်၍ ကြိုးအတွင်း ရေစိမ့်မဝင်နိုင်စေရန် ‘ထမဆုပ်’ ခေါက်နှင့် အကြိမ်ကြိမ်ပွတ်တိုက်သည်။

ငါးမျှားတံအဖြစ် အသုံးပြုမည့် ထီးရိုးဝါးကိုပင် ကိုယ်တိုင်ခုတ်၍ အဖြောင့်အတန်း ညီစေရန် မီးသင်းပြီး ပြုပြင်ယူခဲ့သည်။

ထိုသို့ ပြုပြင်ပြီး ငါးမျှားတံအား လူများ ခွကျော်မိခြင်း မရှိစေရန် အိမ်ရှေ့ ခေါင်းရင်းကပြင်တိုင်တွင် ထောင်၍ထားသည်။ ယခု နံနက် လှေထွက်ခါနီးမှ မိမိကိုယ်တိုင် ဖြုတ်ယူလာခဲ့သည်မို့ အမှားအယွင်းမရှိတန်ရာ။

သို့သော် မိမိလစ်တုန်း သားတော်မောင် ရန်နိုင် ဘာများ လုပ်ထားသေးသည်ကိုတော့ အတိအကျ မပြောနိုင်။ သည် ရန်နိုင် ဆိုသည့်အကောင်က အလွန်စပ်စုသည်။ မိမိ အလုပ်တစ်ခုခု လုပ်ပြီဆိုလျှင် အနားမှာ လာထိုင်ပြီး ဟိုမေး သည်မေး၊ ဟိုဟာကိုင် သည်ဟာဆွဲဖြင့် ဘယ်တော့မှ အငြိမ်မနေတတ်။ ပြီး လစ်လျှင် လစ်သလို သူထင်ရာမြင်ရာများ လုပ်တတ်သည်။
ဟိုတစ်ခါ အုန်းသီးစိတ် ပုစွန်တန်းခပ်တုန်းကလည်း သည်ကောင့်လက်ချက်ကြောင့် ရှာဖော်ရှာဖက်များအချင်းချင်း ကံကောင်းလို့ ပြဿနာမတက်ခဲ့ရ။ ရိုက်ပြန်တော့လည်း ပါးစပ်ပြဲကြီးနှင့် အော်ငိုရုံမှအပ ဘယ်တော့မျှ အမှတ်သည်းခြေမထား။

ယခုလည်း ငါးမျှားတံအား သည်ကောင် ဘာလုပ်ထားသေးသည် မသိ။ အိမ်ပြန်ရောက်မှ အစ်အောက်မေးကြည့်ရပေဦးမည်။

မြစ်ရေကျစပြုပြီ၊ ရေဦးလည်ပြီမို့ သည်ဝဲပြန်တွင် ဆက်မျှားနေ၍ မဖြစ်တော့။ ရေလယ်ကျွန်းကြီးနံဘေး ရေခိုများတွင် သွားမျှားရန် ဆုံးဖြတ်၍ လှေပဲ့ရှိ ငပျော်အား လှမ်းပြောလိုက်သည်။

“ငပျော်ရေ … ကျွန်းကြီးနံဘေးကို လှော်ကွာ။ ဟိုကရေခိုရေပြန်တွေမှာ သွားမျှားကြည့်ရအောင်”

“ဟုတ်ကဲ့ ကိုကြီးချမ်းအေး”

ငပျော်မှာ လှေအား ရေလယ်ကျွန်းကြီးဆီသို့ ဦးတည်လိုက်သလို ကိုချမ်းအေးသည်လည်း လက်တွင်အချိန်ကြာမြင့်စွာ ကိုင်ထားပီး လှုပ်ခါနေရသည့်အတွက် တောင့်တင်းလာနေသော လက်အား ခေတ္တအနားပေးရန်အတွက် ငါးမျှားတံရိုးအား လှေရွက်ခုံတွင် ရှိနေသော ကြိုးကွင်းတွင် စွပ်ထားလိုက်လေသည်။

XXX XXX XXX

(၂)

“ဗျို့ … ကိုကြီးချမ်းအေး၊ ဗျို့ … ကိုကြီးချမ်းအေး”

အသံနှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရေးကြီးသုတ်ပြာဖြင့် ခြံဝင်းအတွင်း လှမ်းဝင်လာသော ငပျော်အား အိမ်ပေါ်တွင် ရေနွေးကြမ်းသောက်နေရာမှ ကိုချမ်းအေး လှမ်းမေးလိုက်သည်။

“ဘာလဲ ငပျော်၊ မင်းဥစ္စာ ရေးကြီးသုတ်ပြာနဲ့”

“ကိုကြီးချမ်းအေးအတွက် သတင်းကောင်းလာပေးတာဗျ”

“ကဲ … လာကွာ၊ အိမ်ပေါ် တက် ရေနွေးသောက်ဦး။ ပြီးမှ ဖြည်းဖြည်ပြော”

“ဖြည်းဖြည်းလုပ်မနေနဲ့ ကိုကြီးချမ်းအေးရ။တော်ကြာ နောက်ကျသွားမယ်”

“ရှင်းရှင်းပြောစမ်းပါ ငပျော်ရာ။ ဘာနောက်ကျသွားမှာလဲ။ တောင်ပိုင်းကဲ လှသန်းတို့လူသိုက် ညနေက ကျွန်းကြီးကို ဗျိုင်းသွားထောင်တာ ငှက်ကျားပါ ရလာတယ်လို့ ကျွန်တော်ကြားခဲ့တယ်။ ကိုကြီးချမ်းအေးပဲ ငှက်ကျားမွေး လိုချင်လှချည့်ဆို”

ငှက်ကျားဆိုသောအသံ ကြားလိုက်ရသည်နှင့် ကိုချမ်းအေးမျက်နှာ ဝင်းပလို့သွားပြီး အားတက်သရောလေသံဖြင့် ငပျော်အား မေးလိုက်သည်။

“မင်းဥစ္စာ သေချာရဲ့လား ငပျော်ရ”

“လှသန်းနဲ့ အဖော်လိုက်သွားတဲ့ အရီးစောရဲ့သား ဖိုးထောင် ပြောလိုက်တာပဲ။ သေချာပါတယ် ကိုကြီးချမ်းအေးရ”

“အေး … ဒါဆိုရင် ငါသွားဦးမယ်။ မင်း ရေနွေးကြမ်းသောက်ရင်း ဒီကပဲစောင့်”

ကိုချမ်းအေး ပြောပြောဆိုဆို ရွာတောင်ပိုင်းရှိ လှသန်းတို့အိမ်သွားရန် နေရာမှ ထလိုက်သည်။ အချိန်မှာ ည (၇) နာရီခန့်ရှိပြီမို့ မှောင်နေပြီဖြစ်သည့်အတွက် ‘ဘိ’လိုက်ရာတွင် အသုံးပြုသော မီးအုပ်ဆောင်းအား လှမ်းယူလျက် မီးညှိလိုက်စဉ် ဇနီးသည် လှမေ ၏ အသံက ထွက်ပေါ်လာသည်။

“တော့ ကိုချမ်းအေး၊ ခုဘဲ မိုးချုပ်နေပြီ … မနက်ကျမှသွားလည်း ရသားနဲ့။ ရှင်ဟာလေ … လွန်လွန်းတယ်”

“မင်း မသိပါဘူး လှမေရာ။ တော်ကြာသူများ ဝယ်သွားလျှင် ဘယ့်နှယ်လုပ်မလဲ။ ငှက်ကျားက ရခဲတယ်ကွ”

ပြောပြောဆိုဆို ကိုချမ်းအေး မီးအုပ်ဆောင်းကိုဆွဲ၍ အိမ်ပေါ်က ဆင်းလိုက်ပြီး မလှမေသို့ တစ်ဆက်တည်း လှမ်းပြောလိုက်ပြန်သည်။

“လှမေရေ … ငပျော်ကို ငါးခြောက်ဖုတ်ကျွေးလိုက်ပါဦးကွာ။ ရေနွေကြမ်းနဲ့ သောက်ပါစေ”

“မလုပ်နဲ့တော့ အစ်မလှမေရေ၊ ကျွန်တော်လည်း အခုပဲ ပြန်တော့မှာ။ အိမ်မှာက အစ်မညီမတစ်ယောက်တည်းရယ်။ ခုတောင် ကိုကြီးချမ်းအေး ငှက်ကျားလိုချင်ကြောင်း ညည်းညည်းနေသံ ကြားရလို့ လာပြောတာ။ သွားမယ် အစ်မရေ”

ကိုချမ်းအေး မီးအုပ်ဆောင်းအလင်းရောင်ကို အားပြုရင်း ရွာတောင်ပိုင်းသို့ လျှောက်လာခဲ့ပြီး လှသန်းတို့ အိမ်ခြံဝင်းအတွင်းသို့ ကွေ့ဝင်လိုက်သည်။ လှသန်း၏ ကလေးနှစ်ယောက်မှာ သူတို့အိမ်ပေါ်ဝယ် ဗျိုင်းငှက်အသေကောင်များအား တစ်ယောက် တစ်ကောင်စီကိုင်ရင်း ပစ်မြှောက်ကစားနေသည်ကို တွေ့ရသည်။

လှသန်းမှာ မီးအုပ်ဆောင်းဖြင့် မိမိခြံဝင်းအတွင်း ဝင်လာသူအား လက်နှိပ်ဓါတ်မီးဖြင့် လှမ်းထိုးကြည့်လျက် ကိုချမ်းအေးမှန်း သိလိုက်သည့်အတွက် တအံ့တဩဖြင့် ပျူငှာစွာ ဖိတ်ခေါ်လိုက်သည်၊

“ဟာ ကိုကြီးချမ်း၊ မလာစဖူး … လာ လာ အိမ်ပေါ်တက်”

“အေးကွ … ခါတိုင်းတော့ ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ ဘယ်အိမ်မျှ မရောက်ဖြစ်ဘူး။ ခုတောင် ကိစ္စကလေးရှိလို့”

“ဘာကိစ္စရှိလို့လဲ ကိုကြီးချမ်း၊ ကျွန်တော် ဘာလုပ်ပေးရမလဲ”

“ဘာမှ လုပ်ပေးစရာမလိုပါဘူးကွာ။ ဒါထက် မင်းတို့ ငှက်သွားထောင်တာ ငှက်ကျားရလာတယ်ဆို”

“ဟုတ်တယ်ကိုကြီးချမ်း၊ ဘယ်ကဘယ်လို ကွဲလာတဲ့ အကောင်လည်းတော့ မသိဘူး။ တစ်ကောင်ရလာတယ်”

“ခု ရှိသေးလားကွ”

“ရှိပါတယ်။ ဟေ့ကောင် သားကြီး … ငှက်တွေထည့်ထားတဲ့တောင်း အဖေကြီးအနား ယူလာခဲ့စမ်းကွာ”

လှသန်းမှာ ဆော့ကစားနေသော သူ့သားအကြီးကောင်အား လှမ်းပြောလိုက်ရာ ကလေးမှာ ဆော့နေရာမှ ငှက်များထည့်ထားသော တောင်းအား လှသန်း အနီးသို့ ဆွဲယူလာပေးပြီး ပြန်လည်ဆော့ကစားနေသည်ကို တွေ့ရသည်။

ကိုချမ်းအေး မျက်လုံးများက ငှက်တောင်းအတွင်း ရောက်သွားသည်။ ငှက်အကောင်နှစ်ဆယ်ကျော်ခန့်တော့ ရှိမည်ထင်သည်။

လှသန်းမှာ ငှက်တောင်းအတွင်း မွှေနှောက်ရင်းမှ ငှက်တစ်ကောင်အား ကိုချမ်းအေးသို့ ထုတ်ပြသည်။ ကိုချမ်းအေး လှမ်းယူကြည့်ရင်းက …

“လှသန်းရေ … ဒီအကောင် ငါ့ကိုရောင်းပါကွာ”

“ကိုကြီးချမ်းက ဘာလုပ်ဖို့တုံး”

“မင်းတူ ရန်နိုင်လေကွာ၊ စားချင်လှပါတယ်ဆိုပြီး အတင်းပူဆာနေလို့ ငါ ထွက်လာခဲ့ရတာ”

လှသန်း၏ အမေးကို ကိုချမ်းအေး အမှန်အတိုင်း မဖြေဝံ့။ မိမိ ‘ဘန်း’ လိုက်ရန်အတွက် အမွေးလိုချင်၍ ဝယ်သည်ဟုဆိုလျှင် သည်ကောင်က ရောင်းချင်မှ ရောင်းလိမ့်မည်။ ရောင်းမည်ဆိုပါကလည်း ပေါက်ဈေးထက် ဈေး အဆမတန် တင်ကောင်း တင်မည်ဖြစ်သည်။ ရွာတောင်ပိုင်းသားများနှင့် မြောက်ပိုင်းသားများမှာ အစစအရာရာ ပြိုင်ဘက်များမို့ ယုံကြည်စိတ်ချ၍ မရ။ သို့အတွက်ကြောင့်မို့လည်း အရေးမကြီးလေဟန်နှင့် မုသားစကားအဖြေကို ပေးလိုက်ခြင်းဖြစ်သည်။

ဒါတောင် လှသန်းက ယုံကြည်ပုံမရ။ စောဒက တက်ဖြစ်အောင် တက်လာလိုက်သေးသည်။

“ဟာ … ကိုကြီးချမ်းအေးကလည်း၊ ဒီအကောင် ပိန်တယ်ဗျ။ ဟိုဗျိုင်းအောက်တွေဆို ဝလိုက်တာ လုံးနေတာပဲ … ဗျိုင်းယူပါလား”

“မင်းပြောတာတော့ ဟုတ်တယ်ကွ။ ဒါပေမဲ့ အိမ်မှာက ဝက်သားဟင်းကျန်က ရှိနေသေးတော့ ဗျိုင်းသားကို ချက်လို့ မဖြစ်ဘူး။ မင်းတူကလည်း အစားသရမ်းပါဘိသနဲ့ကွာ”

“အင်းလေ … ဒါဆိုလည်း ကိုကြီးချမ်း ကြိုက်ရာပဲ ယူပါ”

“တစ်ကောင် ဘယ်လောက်ပေးရမလဲကွ”

“အချင်းချင်းတွေပဲ ကိုကြီးချမ်းရယ်၊ တစ်ရာပဲ ပေးပါ”

ကိုချမ်းအေး ထင်သည့်အတိုင်းပင်။ တစ်ကောင်ကို သုံးလေးဆယ်ခန့်သာ တန်သောငှက်ကို တစ်ရာဟု ကြေးခေါ်သည်။ ပြီးတော့ ဈေးလျှော့ပေးလေ သယောင်ယောင်နှင့် အချင်းချင်းတွေပဲဟူသော စကားကို သုံးသည်။ မတန်တဆ စျေးပြောသည်ကို ကိုချမ်းအေး သိသော်လည်း မိမိအလွန်လိုချင်နေသော ငှက်မွေးကို ရပြီဖြစ်၍ ဈေးဆစ်မနေတော့။

ငှက်ဖိုးငွေအား နံနက်တွင် လာပေးမည်ဖြစ်ကြောင်း ပြောကြား၍ ငှက်ကိုယူကာ ကိုချမ်းအေး ပြန်လာခဲ့သည်။ အိမ်ရောက်သည် ဆိုသည်နှင့် နံနက်တွင်မှ အမွေးနှုတ်တော့မည်ဟု ဆုံးဖြတ်ခါ အသေအချာသိမ်းဆည်းထားလိုက်သည်။ ငှက်အား မတန်တဆ ဈေးပေးခဲ့ရသည့်အတွက်တော့ ဘဝင်က မကျချေ။

XXX XXX XXX

(၃)

ကိုချမ်းအေး မိမိလက်အတွင်းတွင် ရှိနေသော ငှက်ကျားအသေကောင်မှ ခါးဆံမွေးများအား အကျိုးအကြေ မဖြစ်စေဘဲ ရရှိရန် သတိထား၍ နှုတ်ယူနေသည်။ ခါးဆံမွေးများမှာ အပင် လေးငါး ဆယ်ခန့်သာ ရမည်ထင်သည်။ ဒါဆိုလျှင် ငါးမျှားတံတစ်ချောင်းစာအတွက်တော့ ကောင်းကောင်းလုံလောက်မည် ထင်သည်။

ခါးဆံမွေး နှုတ်ယူပြီးသွားသော ငှက်ကျားအသေကောင်အား အနီးတွင်ရှိနေသည့် သားတော်မောင် ရန်နိုင်ဘက်သို့ တွန်းပို့ရင်း ပေးလိုက်သည်။

ရန်နိုင်မှာ ပျော်မြူးပြီး ငှက်သေကောင်အား ဆွဲယူကာ သူ့အမေရှိရာ မီးဖိုချောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ကိုချမ်းအေး ငှက်ကျားခါးဆံမွေးများအား အသင့် ယူထားသော လင်ပန်းငယ်အတွင်း အစီအရီထည့်လိုက်ပြီး မိမိ စိတ်ကြိုက်ကွေးထားသော ငါးမျှားတံတွင် ငါးစာအဖြစ် တပ်ဆင်ရန် ငါးမျှားချိတ်အား ယူလိုက်သည်။

လုပ်ငန်းအား စနစ်တကျ ဆောင်ရွက်နိုင်စေရန် ကပြင်ပေါ်တွင် အကျအန ထိုင်လိုက်လေသည်။

ပြောင်လက်နေအောင် တံဇဉ်းဖြင့် စားထားသည့် ငါးမျှားချိတ်ကွေး၏ အရင်းပိုင်းရှိ အစီကြိုးတပ်ရာနေရာတွင် ငှက်ကျား ခါးဆံမွေး အသေးပင်များအား တစ်ပင်ချင်းဝိုင်းကပ်၍ ထမဆုပ်ခေါက်ဖြင့် တိုက်ထားသော တရုတ်အပ်ချည်ဖြင့် ရစ်ပတ်စည်းနှောင်လိုက်သည်။ တစ်ထပ်ပြီး တစ်ထပ်၊ နောက်တစ်ထပ်၊ လေးထပ်မြောက်အဖြစ် ငှက်မွေးများအား အထပ်ထပ် ရစ်ပတ်ပြီးချိန်တွင် အမွေးဖျားကလေးများမှာ ကော့ပျံလျက် ကန်စွန်းပွင့်တစ်ခုပမာ ဖြစ်လာသည်။

ငှက်ကျားခါးဆံမွေးများလည်း ကုန်လုပြီ။ နောက်တစ်ထပ်ပင် ရနိုင်အံ့မထင်တော့။ ဒါ့ကြောင့်လည်း ငါးမျှားတွင် ငှက်မွေးအစာတပ်ခြင်းလုပ်ငန်းကို အဆုံးသတ်ရပ်နားလိုက်ပြီး ငါးမျှားကြိုးမှ ဆွဲမြှောက်ခါ အစာငှက်မွေးနှင့် ငါးမျှားချိတ်နေပုံအား စစ်ဆေးကြည့်ရှုလိုက်သည်။ အားလုံး သေသေသပ်သပ်ချည်းမို့ ပြင်ဆင်စရာ ပြောစရာမရှိ။

ပြောစရာမရှိဟု ဆိုသော်လည်း တစ်ခုတော့ လိုအပ်မည်ဟု ထင်သည်။ ဒါကလည်း ရှေးတံငါကြီး ဘကြီးဉာဏ်၏ ပြောစကားပင်။

ကိုချမ်းအေး ‘ဘန်း’ မျှားပုံမျှားနည်းများကို ဘကြီးဉာဏ်ထံတွင် မေးမြန်းစုံစမ်းစဉ်က ဖြစ်သည်။

ဘကြီးဉာဏ်သည် ရှေးတံငါအိုကြီးဖြစ်သည်နှင့်အညီ သားရှာ ငါးရှာလုပ်ငန်း အဝဝအား ကိုယ်တိုင်ဆောင်ရွက်ခဲ့မှုကြောင့် လည်းကောင်း၊ တစ်ဆင့်ကြားစကားများအရ လည်းကောင်း မှတ်သားထားသူဖြစ်၍ ဗဟုသုတနှင့် ပြည့်စုံသူဖြစ်သည်။ ထို့ကြောင့်ပင် သားငါးတို့၏ သဘာဝ၊ ငါးရှာမည့် အရပ်ဒေသတို့၏ ဓလေ့ထုံးစံများအား မေးလိုက်တိုင်း မဖြေနိုင်သည်ဟု မရှိခဲ့ချေ။

ကိုချမ်းအေးမေးစဉ်ကလည်း ‘ဘန်း’ ငါးမျှား ငှက်ကျားမွေးနှင့် ကိုင်းတံပြုလုပ်ပုံများနှင့် မျှားနည်းမျှားပုံများ၊ ရေချိန်အနေအထားများကို စေ့စေ့စပ်စပ်ပြောပြပြီး ကိုချမ်းအေး မကြားဘူးသေးသည့် ထူးထူးဆန်းဆန်းများကိုလည်း ပြောပြလာသည်။

“ဒီမှာ ချမ်းအေးရ … သားကြီးငါးကြီးရှာတယ်ဆိုတာ ပေါ့ပေါ့တန်တန်နဲ့ လုပ်လို့မရဘူးကွ။ သက်ဆိုင်ရာ ပိုင်ဆိုင်သူတွေကို တင်မြှောက်ပသတောင်းခံရသလို လုပ်ငန်းသုံး ကိရိယာတန်ဆာပလာ ပစ္စည်းတွေကို လုပ်ရာမှာလည်း တိကျမှုရှိပြီး စနစ်လည်း ရှိရတယ်ကွ”

“ဟုတ်ကဲ့ ဘကြီးဉာဏ် ပြောပါ။ ကျွန်တော် သေသေချာချာ မှတ်ထားပါ့မယ်”
“ခုကွာ မင်း ဘန်းမျှားဘို့ စီစဉ်ပြီဆိုပါတော့။ ငါးမျှားတံခုတ်တာကအစ သတိထားရတယ်ကွ။ ငါးမျှားတံကို ဝါရမိတ္တုရက်မှာ မခုတ်ရဘူး။ ပြီးတော့ လူ ခွမကျော်မိစေအောင်လည်း အမြဲထောင်ပြီး ထားရတယ်ကွ။ အဲ … အဓိကကတော့ ငှက်မွေးအစာတပ်တာ အရေးအကြီးဆုံးဘဲ ချမ်းအေးရ”

“ဟုတ်ကဲ့ … ဘယ်လိုအရေးကြီးတာလဲ ဘကြီးဉာဏ်”

“ဒီလိုကွာ … မင်း ငါးမျှားတံမှာ ငှက်ကျားမွေးအစာ တပ်တော့မယ်ဆိုရင် တပ်မယ့်အစာ ငှက်ကျားမွေးပင်ဟာ ‘မ’ မဖြစ်စေရဘူး။ ‘စုံ’ ဘဲ ဖြစ်ရမယ်ကွ။ ဥပမာကွာ ငှက်မွေးဟာအပင်နှစ်ဆယ်၊ သုံးဆယ် စသည်ဖြင့်ပေါ့။ တစ်ဆယ့်ကိုးတို့ နှစ်ဆယ့်တစ်တို့ စတဲ့ ‘မ’ ဂဏန်း မဖြစ်စေရဘူးကွ။ နောက် ငှက်မွေးချည်တဲ့ ကြိုးကိုလည်း ‘စုံ’ ဖြစ်အောင်ပဲ ပတ်ရမယ်။ အင်း … ပြီးတော့ …”

ဘကြီးဉာဏ်သည် စကားစကို ဖြတ်ရင်း ရေနွေးကြမ်းအား ငုံ့သောက်လိုက်သည်။ ရေနွေးကြမ်း ငုံ့သောက်ချိန်မှာ တကယ်တမ်း ဘာမျှ မကြာလှ။

သို့သော် စိတ်ဝင်တစား မှတ်သားနားထောင်နေသော ကိုချမ်းအေး အဖို့တော့ ကြာရှည်လွန်းလှသည် ထင်သည်။

“ပြီးတော့ ဘာဖြစ်သလဲ ဘကြီးဉာဏ်ရ … ဆက်စမ်းပါဦး”

“ပြောပါ့မယ် ချမ်းအေးရာ။ မင်းကလည်း တယ်လောတာကိုးကွ။

အဲ … ငါးမျှားတံကို ငှက်မွေးအစာတပ်ချိန်ဟာ မနက်ပိုင်းပဲ ဖြစ်ရမယ်။ ပြီးတော့ လာဘ်နေအရပ်ကိုမျက်နှာမူပြီး တပ်ရမယ်ကွ။ ဒါမှ သားငါး အရကောင်းတယ်လို့ အယူရှိတယ်”

“အဲဒီလိုမှ မလုပ်ရင် ငါး မရတော့ဘူးလား ဘကြီးဉာဏ်”

“ရတော့ ရတာပေါ့ကွာ။ ဒါပေမယ့် လာဘ်နဲ့ ဓာတ်နဲ့အချိန်အခါ ညှိလုပ်တာလောက်တော့ မရဘူးပေါ့။

မင်းလည်း ကြားဖူးမှာပေါ့ ‘ကံတူလျှင် ဉာဏ်ကူသူ သာစမြဲ’ ဆိုတာကိုလေ”

ဒါ့ကြောင့်လည်း ကိုချမ်းအေး လုပ်ငန်းကိစ္စအဝဝအား သေသေသပ်သပ် လုပ်သည်။ ငါးမျှားစာအား မနက်ပိုင်းတွင် တပ်ဆင်သည်။ ငှက်မွေးနှင့် ရစ်သည့်ကြိုးကိုလည်း ‘စုံ’ အဖြစ်သာ ရစ်ပတ်တပ်ဆင် သည်။

“လောကီနှင့် လောကုတ္တရာပညာများအား ကောင်းစွာ မသင်ယူဖူးလေတော့ လာဘ်နေအရပ်ကို မရွေးတတ်။ ထို့ကြောင့်လည်း မိမိစိတ်အထင်နှင့် ကောင်းမည်ဟုထင်မှတ်သော အရှေ့အရပ်ကို မျက်နှာမူပြီး ငါးမျှားတပ်ခဲ့ခြင်းကိုသာ ပြောမည်ဆိုက ပြောစရာရှိ သည်။

ကိုချမ်းအေး မိမိအလွန်လိုချင်သော “ဘန်း”ငါးမျှား၊ ငါးစာ ငှက်မွေးများ ရရှိဆောင်ရွက်ပြီးဖြစ်၍ စိတ်လက်ပေါ့ပါး ကြည်လင်သွားသည်။

နက်ဖြန်တွင် ငှက်ကျားမွေးရရှိကြောင်း သတင်းပေ လာသူ ငပျော်အား လှေလှော်ဖော်အဖြစ် ခေါ်ယူကာ ဘန်းမျှားခြင်းလုပ်ငန်း ဆောင်ရွက်တော့မည်ဟု ဆုံးဖြတ်ရင်း ငါးမျှားကြိုးအား အသေအချာ သိမ်းဆည်းကာ ငပျော်တို့အိမ်ဘက် ထွက်လာခဲ့လေသည်။

XXX XXX XXX

(၄)

ကိုချမ်းအေးနှင့် ငပျော်တို့ ရေလယ်ကျွန်းကြီးနံဘေးလှည့်ပတ်၍ ‘ဘန်း’ မျှားနေသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်သည်။

မြစ်ရေ ကျသွားသည်မှာလည်း ရေဝက်ခန့်ပင် ရှိသွားပြီဖြစ်ပြီး ငါးမှာ တစ်ကောင်မျှ မရရှိသေးသည့်အတွက် စိတ်ပင် ပျက်ချင်သလိုလို ဖြစ်လာသည်။

မက်လုံးလမ်းစပျောက်လာ၍လားတော့ မသိ၊ နေပူရှိန်မှာ ပူပြင်းလွန်းလှသည်ဟု ထင်လာသည်။

ငပျော် တစ်ယောက် အောင့်အီးမနေတော့ပဲ လှေဦးရှိ ကိုချမ်းအေးအား လှမ်းပြောလိုက်မိသည်။

“ကိုကြီးချမ်းအေး … ရေဝက်တောင် ကျော်သွားပြီဗျ။ ပြန်ကြတော့မလား”-

“မင်း ပြန်ချင်ပြီလား။ ငါကတော့ တစ်ကြောင်းလောက် ထပ်လိုက်ကြည့်ရင် ကောင်းမလားလို့ စိတ်ကူးနေတာ”

“နားပါတော့ ကိုကြီးချမ်းအေးရာ။ ရေတက်ရေပြည့်မှာ မျှားရတဲ့လုပ်ငန်းကို ရေကျချိန်ကြီးမှာ မျှားနေတာ သူများတွေမြင်သွားရင် ရှက်စရာကြီး”

“ဟ … ရေတက်တက် ကျကျ ငါးကိုက်ရင် ရမှာပဲ။ ဘယ်သူ့ ရှက်ရမှာလဲ။ ငါ့လခွီးမှပဲ … ဇွဲမရှိလိုက်တဲ့ ကောင်နှယ်”

ကိုချမ်းအေး ပြောပြောဆိုဆိုနှင့်ပင် ငါးမျှားတံကို ရုပ်သိမ်းလိုက်သည်။ ပြီး အိမ်မှ အသင့်ယူလာခဲ့သော ကွမ်းထုပ်ထဲမှ ကွမ်းတစ်ရာအား ဆွဲယူဝါးရင်းက ဘာ့ကြောင့်များ ငါးမကိုက်ပါလိမ့်ဟု စဉ်းစားနေမိသည်။

တစ်နေရာရာမှာ တစ်ခုခုများ မှားနေလေရော့ သလား။ ဒါမှမဟုတ် ရန်နိုင့် ပရောဂများ ပါလေရော့သလားဟု စဉ်းစားသော်လည်း အဖြေကား ထွက်မလာ။ လှေသာလျှင် တဖြည်းဖြည်းချင်း အိမ်နှင့် နီးသည်ထက် နီးလာသည်။

အိမ်နောက်ဘေး လှေဆိပ်ရောက်တော့ ငပျော့် အသံက ထွက်လာသည်။

“ကိုကြီးချမ်းအေး .. မနက်ဖြန် ဆက်ထွက်ဦးမှာလား”

“ထွက်ရမှာပေါ့ကွ။ ငါး မရမချင်း ဆင်းမယ်။ ဘာလဲ … မင်းက မလိုက်ချင်တော့ဘူးလား”

“အာ … လိုက်မှာပေါ့ ကိုကြီးချမ်းအေးရ။ အရှုံးနဲ့ နားနေလို့ ဘယ်ဖြစ်ပါ့မလဲ … မဟုတ်ဘူးလားလို့”

“အေး … အလုပ်ဆိုတာ ဇွဲရှိရတယ်ကွ။ ဇွဲရှိရင် အောင်မြင်မှာပဲ။ ဒီတော့ မင်း မနက်ဖြန်မနက် စောစောသာ လာခဲ့ … ဟုတ်လား”

လှေဆိပ်မှ မိမိတို့၏စကားသံကြောင့် ထင်သည်။ မလှမေ အိမ်နောက်ဖေး ကပြင်မှထွက်ပြီး ဘယ်လိုလဲဟူသောအကြည့်ဖြင့် လှမ်းကြည့်နေသည်ကို ငပျော် တွေ့မြင်လိုက်ရသဖြင့် ရယ်ကြဲကြဲ မျက်နှာဖြင့် လှမ်းအော်ပြောလိုက်သည်။

“အမလှမေရေ … ထွက်မကြည့်နဲ့ဗျ။ ဒီနေ့တော့ နေကျောကွဲ ပုဆိုးပြဲပဲ … ဟဲဟဲ”

ငပျော်၏ ပျက်ချော်ချော်အပြောသံက ကိုချမ်းအေးအား ရှက်စိတ်များ ဝင်သွားစေသည်။

ဒါ့ကြောင့်လည်း ဘယ်သူ့ကို မကြည့် မပြောတော့ဘဲ ငါးမျှားတံအား ဆွဲ၍ ခေါင်းငိုက်ဆိုက်ချကာ လှေပေါ်မှ ဆင်းခဲ့လေတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *