မြန်မာမှန်ရင် နဂါးနီသီချင်းနဲ့တော့ မစိမ်းကြပါဘူး။
ဒီသီချင်းထဲမှာပါတဲ့ ဘိုးဘိုးခေါင်နဲ့ ရှင်အဇ္ဇဂေါဏမတဲ့ကိန်းဆိုက်မည်ဆိုတဲ့ စာသားဟာ မြန်မာပြည်ကြီးရွှေမိုးငွေမိုးရွာခဲ့တဲ့ အတိတ်ကာလကို ထင်ဟပ်မြင်သာစေပါတယ်။
ဒါ့ကြောင့် မြည်မာပြည်သူပြည်သား တွေကို မစခဲ့တဲ့ ဘိုးတော်နှစ်ပါးထဲမှာမှ ရှင်အဇ္ဇဂေါဏ အကြောင်းကို နှောင်းလူတွေဗဟုသုတရအောင်ပြောပြပေးသွားမှာဖြစ်ပါတယ်….။

ရှင်အဇ္ဇဂေါဏသည် ဝေဒိဿရ ရှင်ရသေ့ဖြစ်ပြီး အလွန်ကြည်ညိုဖွယ်ရာကောင်း၍ ဓာတ်ခန်း(ဖိုထိုးရာနေရာ)တွင် ဓာတ်ခန်းကို ပိုင်နိုင်သော ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။

ပုဂံထီးနန်းအစ သမုဒ္ဒရာဇ်မင်း၏ မင်းဆရာရသေ့မြတ် ဖြစ်သည်။

တစ်နေ့တွင် မင်းကြီးသည် ဆရာရသေ့အား ဖူးမြော်လာစဉ်ဖိုထိုး(ဓာတ်ခန်း)နေသည်ကိုတွေ့၍….

“အို…ငါ့ရှင်ဆရာမြတ် ဤအမှုကား အဘယ်ကာလ၌ ဆုံးရာအံ့နည်း”

“အသင်မင်းကြီး…အသင်သည် ငါ၏အမှုကို မသိနိုင်။ငါသာလျှင် ငါ၏ အမှုဆုံးရာကာလကို သိ၏။”

“အို….ငါ့ရှင် ရသေ့မြတ်၊ အရှင်၏ အမှုဆုံးရာကာလကား အဘယ်နည်း။ကျွန်ုပ်အားကြားဘိလေ့”

“အသင်မင်းကြီး….နာယူဘိလော့။ ငါ၏အမှုဆုံးရာကာလကား ယနေ့မှလွန်သော်သုံးလပြည့်သောနေ့ပင်ကား” ဟုဝေဒိဿရရှင်ရသေ့က မင်းကြီးအားပြောခဲ့လေသည်။

မဖြစ်မြောက်ခဲ့ပါက သူ၏ဦးခေါင်းကိုဖြတ်ယူနိုင်တယ်ဆိုပြီးတော့လဲ ပြောခဲ့ပါသေးတယ်။

သုံးလကားပြည့်ခဲ့လေပြီ။

သို့သော် အောင်မြင်ခြင်းသို့ မရောက်ခဲ့ပေ။ ထို့ကြောင့် ကတိအတိုင်း သမုဒ္ဒရာဇ်မင်းကြီးသည်ဆရာရှင်ရသေ့အား ဦးခေါင်းဖြတ်ရမည်ဖြစ်သော်လည်း ဆရာဖြစ်သည့်အတွက် မပြုဘဲ သေသူနှင့်မခြားဖြစ်သော စက္ခုနှစ်တွင်း အလင်းမရအောင်ပြုလုပ်ခဲ့လေသည်။

ထိုည၌ပင် ရှင်အဇ္ဇဂေါဏသည် ဖိုထိုးခဲ့၍ အသုံးမကျသော ဓာတ်ပစ္စည်းကို မစင်အတွင်းပစ်ခဲ့ရာမှ စွန့်ပစ်ထားသော ဓာတ်ပစ္စည်းမှာ အလင်းရောင်တောက်လာခဲ့သည်။

ထိုအလင်းရောင်တောက်ပနေသော ပြောင်လက်သော အရာဝတ္တုကို နံ့သာရည်ဖြင့် ဆေးကြောစေခဲ့သည်။

ဓာတ်လုံးမှာ မစင်နဲ့ထိ၍ ရွှေဖြစ်ခဲ့လေပြီ။

ထို့နောက်ရှင်အဇ္ဇဂေါဏလည်းဝမ်းသာသွားပြီး နံနက်ရောက်သော် ကပ္ပိယကြီးအား ဈေးသို့သွား၍ ရရာမျက်လုံးနှစ်လုံး ဝယ်ခိုင်းခဲ့သည်။

ရရာမျက်လုံးနှစ်လုံးမှာ ဆိတ်မျက်လုံးတစ်လုံးနှင့် နွားမျက်လုံးတစ်လုံးဖြစ်သည်။

ထိုနောက် မစင်တွင်းမှရသော ပြောင်လက်သော အရာဝတ္ထုဖြစ်သည့် အမြုတေဓာတ်လုံး၏ အစွမ်းဖြင့် တပ်ဆင်စေရာ ဆရာရသေ့၏ စက္ခုနှစ်ကွင်း အလင်းရပေသည်။

ထိုသတင်းကို ကြား၍ မင်းကြီးသည် အလွန်အံ့ဩမဆုံးဖြစ်နေသည်။

ထိုအခါမှစ၍ သမုဒ္ဒရာဇ်မင်းကြီးသည် ဆရာရသေ့၏ ဓာတ်လမ်းစခန်းကို ယုံကြည်တော်မူပြီး ဓာတ်လမ်းစဉ်နှင့်ပတ်သက်၍ တပည့်ခံယူလေသည်။

သမုဒ္ဒရာဇ်မင်းကြီးနှင့် ဆရာရသေ့(ဝေဒိဿရ)တို့နှစ်ယောက် ကြံစည်အားထုတ်ကြရာသာသနာတော်သက္ကရာဇ် ၆၉၆ ခုနှစ်၊ကောဇာသက္ကရာဇ် ၇၄ ခုနှစ်၊ အေဒီ ၂၅၄ ခုနှစ်၊ ကဆုန်လပြည့်၊ တနင်္ဂနွေနေ့၌ ထွက်ရပ်စခန်းသို့ ရောက်ရှိကြလေသည်။

ထိုအခါမှစ၍ ဝေဒိဿရ ရှင်ရသေ့သည်”ရှင်အဇ္ဇဂေါဏ”ဟုထင်ရှားခဲ့လေသည်။
သမုဒ္ဒရာဇ်မင်းကြီးကိုယ်တိုင် နောင်အခါ မှတ်တမ်းသဖွယ် ကျန်ရစ်စေရန်’ပုဂံသမုဒ္ဒရာဇ်ဓာတ်ကျမ်း’ကြီးကို စီရင်ခဲ့လေသည်။ ၎င်းကျမ်းကို ပါဠိဘာသာ၊ ပျူဘာသာ နှစ်ရပ်ဖြင့် ကျောက်ထက်အက္ခရာတင်ခဲ့ပြီး နှစ်ပေါင်းရာကျော်မှသာ ပေထက်အက္ခရာတင်ခဲ့သည်။

ရှင်အဇ္ဇဂေါဏဘုရား။ ။ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ရှိနောင်တော်ကြီးစေတီတော်အတက်အဆင်း ဘေးနားတွင် ရှိသည်။ ပုဂံပြည်မှာ ရွှေဖြစ် ငွေဖြစ်အက္ခရာပညာဖြင့်ကျော်ကြားခဲ့သောရှင်အဇ္ဇဂေါဏဘုရား ဖြစ်ပါသည်။