မောင်မောင်ဖြူ
လက်ခုပ်ပင် တောင်ပို့

(၁)

မောပန်းစွာ လှမ်းလာခဲ့သော ကျော်မောင်သည် မိမိအိမ်ဝိုင်းထဲသို့ ဝင်လိုက်သည်နှင့် တင်းထားသမျှ စိတ်များ လျှော့ချလိုက်ရာ အင်အားများ ကုန်ခန်းသွားသည်။ ဒူးများ ချောင်ကျသွားသည်။ တစ်ဆက်တည်း ခြေလှမ်းများက တုံ့ ဆိုင်းသွားသည်။ နောက်ကြောကလည်း တက်လာ၏။ မျက်လုံးများပင် ပြာဝေလာကာ မူးဝေလာ၏။ တစ်ကိုယ်လုံး ပူရှိန်းရှိန်းကြီးဖြစ်လာကာ ချွေးသီးချွေးပေါက်ကြီးများပါ ကျလာ၏။

ပခုံးပေါ်တွင် ထမ်းလာသော ပေါက်ပြား (ပေါက်တူး) နှင့် ထမ်းပိုးကျည်းချောင်းများ၊ ကြိုးများကိုလည်း လွှင့်ပစ်ချလိုက်၏။

ထိုစဉ် ခေါင်းရင်း သူ့အမေအိမ်ဘက်မှ ပြေး ထွက်လာသော ဇနီးဖြစ်သူ မတရုတ်မက ထိတ် ထိတ်ပျာပျာနှင့်……

“ဟင် …. ဟင် ကိုကျော်မောင်၊ လက်မောင်းကိုလဲ ကြိုးကြီးနဲ့စည်းလို့၊ ဘာဖြစ်လာတာလဲ။ စာဥကြီး တစ်ကောင်တည်း ရှူးရှူးရှားရှားနဲ့ အိမ်ပြန်ရောက် လာ လယ်ကွင်းမှာ တစ်ခုခုတော့ ဖြစ်နေပြီလို့ ထင်လို့ လိုက်လာကြမလို့။ အဲဒါ အမေ့ကို သွားပြောပြနေတာ”

တရုတ်မ မိခင်ဖြစ်သူ ဒေါ် ဖွားနှစ်လည်း စိုးရိမ်တကြီး မျက်နှာနှင့် အိမ်ပေါ်မှ ပြေးဆင်းလာ၏။

“အေး … ငါ ပိုးထိလာတယ်။ ညီလေး ဘယ်သွားလဲ၊ ညီလေး ကျော်အောင် ကို ပြောစမ်း။ အခုချက်ချင်း လှည်းကောက်ပြီး မန်ကျည်းတိုင်းရွာကို အမြန်သွားစမ်း။ တိုက်နယ်ဆေးရုံက ဆရာဝန်ကို အမြန်ဆုံး ပင့်ခေါ်ခဲ့။ မြွေဟောက်ကိုက်တာလို့ ပြောပြနော်။ လှည်းဒုန်းစိုင်းသွား””

ကျော်မောင်သည် သူ့ဇနီး တရုတ်မအား အမော တကော ပြောပြီး အိမ်ပေါ်သို့ ကတုန်ကယင်နှင့် မောပန်းကြီးစွာ တက်ခဲ့သည်။ တရုတ်မကလည်း တွဲခေါ် ပို့သည်။ ရေအလွန်ငတ်နေသော်လည်း အဆိပ်ပြန့်သွားမည်စိုး၍ မသောက်ရဲ။

အိမ်ပေါ်ရောက်သည်နှင့် တရုတ်မသည် ဧည့်ခန်းတွင်ပင် သင်ဖြူးခင်း ခေါင်းအုံးချပေးသည်။ မောပန်း မူးဝေနေသော ကျော်မောင်သည် အိပ်ရာပေါ်တွင် အိပ်လှဲချလိုက်သည်။ စိတ်များတင်းထားသည်ကိုလည်း တအား လျှော့ချလိုက်၏။

ထိုအခါ မျက်လုံးများကပါ ပြာဝေလာသည်။ ပြီးတော့ အသက်ရှူပါ ကျပ်လာ၏။ သတိလက်လွတ်သလို ဖြစ်လာသည်။

ထိုနောက်တော့ ကျော်မောင် ခမြာ ဘာမျှ မသိတော့။

X X X X

(၂)

လက်ခုပ်ပင်ကွင်း။

လက်ခုပ်ပင် လယ်ကွင်းသည် ညောင်ရိဘူတာ ဈေးကုန်းရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ရှိ၏။ ကြက်မောက်တောင်ဆည်ကြီး၏ လက်ဝဲမြောင်းဘေးရှိ ဆည်ရေသောက် လယ်ကွင်းများ ဖြစ်၏။ လယ် ဧက (၁၀၀) လောက် ရှိ၏။

ထို လက်ခုပ်ပင်လယ်ကွင်းရှိ မိမိလယ်များကို ကျော်မောင် ထွန်ယက်နေသည်မှာ ရက်သတ္တ နှစ်ပတ်ခန့်ပင် ရှိပြီ။ အားလုံး ၆ ဧက ရှိ၏။

မိုးစပါးစိုက်ရန် ထယ်ထိုးနေခြင်းဖြစ်၏။ မိမိတို့ လယ်ပွဲများမှာ “ကြက်မောက်တောင် ဆည်ရေ သောက်” လယ်မြေများဖြစ်၍ တစ်နှစ် နှစ်သီးစား စိုက်ပျိုးကြရ၏။

နှစ်ဦးပိုင်းတွင် မိုးကြို ဝါ ကိုသော်လည်းကောင်း၊ နှမ်းကိုသော် လည်းကောင်း စိုက်ပျိုးပြီးမှ တော်သလင်းလလောက်တွင် မိုးစပါးအဖြစ် စိုက်ပျိုးကြရ၏။ ဒါကလည်း မိုးကို အားကိုး၍ မဟုတ်။ ဆည်ရေကိုသာ သွင်းယူစိုက်ပျိုးလေ့ ရှိကြ၏။

ဝါမှာ စီမံကိန်းဝင် သီးနှံဖြစ်၍ ဆည်ရေသွင်း တောင်သူလယ်သမားတိုင်း မစိုက်မနေရ စိုက်ပျိုးကြရလေ့ ရှိကြ၏။ ကုန်းကျသော ယာမြေတွင်သာ နှမ်းကို မိုးဦးတွင် ကြဲပက်စိုက်ပျိုးလေ့ ရှိကြ၏။ ဝါကိုလည်း မိုးဦးတွင် မိုးကြိုဝါအဖြစ် ရေသွင်း၍ မဖြစ်မနေ စိုက်ပျိုးကြလေ့ ရှိ၏။

ကျော်မောင်သည် လက်ခုပ်ပင် လယ်ကွင်းရှိ မိမိပိုင် လယ်မြေ ၆ ဧကကို မိုးကြိုဝါအဖြစ် တပေါင်းလဆန်းလောက်မှ စပြီး ရေသွင်းစိုက်ခဲ့သည်။ ပြီးခဲ့သော ဝါခေါင်လထဲကပင် အားလုံး ဝါသီးနှံပွင့်ဖတ်များကို အပြီးဆွတ်သိမ်းခဲ့သည်။ မလှိုင်နံပါတ် ၅/၆ ချည်မျှင်ရှည် ဝါမျိုးဖြစ်ကာ တစ်ဧကလျှင် ပိဿာချိန် နှစ်ရာကျော်နှုန်း ထွက်ရှိခဲ့လေသည်။

ဟော … အခု တော်သလင်းလထဲတွင်ပင် မိုးစပါးများ စိုက်ပျိုးရန်အတွက် ထွန်ယက်ထယ်ထိုးနေရပြန်၏။ မိုးကြိုဝါစိုက်ပျိုးစဉ်က သမန်းညက်ပြီးမို့ ၄ စပ်၊ ၅ စပ်လောက် ထယ်ထိုးလိုက်ပြီးသည်နှင့် ငါးသွားထွန်ဖြင့် ၂ စပ်၊ ၃ စပ် လောက် ထွန်ယက်လိုက်လျှင် သမန်းက ညက်သွား၏။

ယခု တော်သလင်းလအတွင်း မိုးစပါးအပြီး စိုက်ရန် တက်သုတ်ရိုက် ထွန်ယက် ထယ်ထိုးနေခြင်း ဖြစ်ပါသည်။

ပြီးခဲ့သော တစ်ပတ်လောက်ကပင် မိမိတို့ရွာ အုပ်ချုပ်ရေးပိုင်းနှင့် လယ်ယာကော်မတီများက ဈေးကုန်းရွာအုပ်စုမှ တောင်သူလယ်သမားများကို ဖိတ်ခေါ်၍ မိုးစပါးများ အပြည့်အဝစိုက်ပျိုးကြရန် ဆော်သြသွား၏။

သည်လို ဆော်ဩခြင်းကလည်း ကျောက်ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးလူကြီးများက နှိုးဆော် တိုက်တွန်းသွားချက်များကြောင့် ဖြစ်၏။

လွန်ခဲ့သော လထဲက သရက်တောအုပ်စုရှိ စိုက်ပျိုးရေးသုတေသနဥယျာဉ် သရက်တောစခန်းတွင် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ အရာရှိများ၊ ဆည်မြောင်းဦးစီးဌာနမှ အရာရှိများ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မန်နေဂျာများ၊ မြန်မာ့အထည်အလိပ်လုပ်ငန်းမှ အလုပ်ရုံမှူးများ စသော တာဝန်ရှိပုဂ္ဂိုလ်များ ကျေးလက်နယ်မြေသို့ ဆင်းလာပြီး ကြက်မောက်တောင် ဆည်ရေသောက်ဒေသ စပါးစိုက်ကျေးရွာ ၁၁ အုပ်စုမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တောင်သူလယ်သမားကြီး များကို ဖိတ်ခေါ်လျက် မိုးစပါးများ အပြည့်အဝစိုက်ပျိုးကြရန် ဆွေးနွေးနှိုးဆော်သွားကြောင်း ကျော် မောင်တို့က သိနေရသည်။

ထို့ကြောင့်လည်း မိမိတို့ ကျောက်ပန်းတောင်းမြိုနယ်အနေဖြင့် မိုးစပါးဧက ၁၄၅ဝဝ စိုက်ပျိုးရန်အနက် ကြက်မောက်တောင် ဆည်ရေဖြင့် ဧက ၃ဝဝဝ၊ မိုးရေဖြင့် ဧက ၁၅ဝဝ စိုက်ပျိုးထုတ်လုပ်ကြရမည်ဟု ကျော်မောင်တို့ တောင်သူလယ်သမားက သိနေကြ၏။

ကျော်မောင်ကို လက်ခုပ်ပင်လယ်ကွင်းသည် လက်ဝဲမြောင်းမကြီးအနီး မြောင်းသွယ်ထိပ်တွင် ရှိနေသဖြင့် လယ်ကို ထွန်ယက်ပြီးလျှင် ပြီးသလို ရေသွင်းရန် အခွင့်အရေးက ရရှိနေသည်။

ကြက်မောက်တောင်ဆည် လက်ဝဲမြောင်းမကြီးသည် ပေါက်တော၊ မန်းကျည်းကုန်း ရွာထိ မိုင် ၂ဝ ကျော်လောက်ထိ ရှည်၏။ မြောင်းသွယ်၊ မြောင်းလက်တက်၊ လယ်ကြားမြောင်းများဖြင့် ကွန်ယက်သလို ဖောက်လုပ်သွယ်တန်းလျက် ရေများ ဖြန့်ဝေပေးနေ၏။

ကျောက်ပန်းတောင်း၊ မိတ္ထီလာကားလမ်း “တောကျောင်း” အနီး လက်ဝဲမြောင်းမကြီးမှ ကျော်မောင်တို့ ဈေးကုန်းအုပ်စု၊ အချို့လယ်မြေများအတွက် မြောင်းခွဲ မြောင်းလက်တံတစ်ခုသည် လက်ခုပ်ပင်ကွင်းကိုဖြတ်ပြီး အနောက်ဘက် ဘကျော် ထန်း တောဘေးမှ လည်းကောင်း၊ ထို့နောက် ဂုံချိုင်း စေတီဘုရား တောင်ဘက်၊ ၎င်းမှ ပျဉ်းမနား ကျောက်ပန်းတောင်းသွား မီးရထားလမ်းဖြတ်ကာ မြင်တင် ကျောင်းနှင့် ညောင်ပင်တန်းလျားရွာ ဖြတ်၍ လည်းကောင်း၊ ထို့နောက် ညောင်သာရွာ အရှေ့ဘက်မှ လက်ပံတော တောင်ကျောင်းဘက်ထိ လယ်ကြား မြောင်းများ အသီးသီးခွဲကာ ဖောက်လုပ်ထားသည်။ညောင်သာကွင်းလယ်ဧက ၁၅ဝ လောက်အတွက် ရေပေးသွင်းနိုင်သည်။

ကျော်မောင် လုပ်နေသော လက်ခုပ်ပင်လယ်ကွင်းသည် ကြက်မောင်တောင်ဆည်ဘက်မှ စီးဆင်းလာသော မူလ တောင်ဇင်ချောင်းဟောင်း၏ ကမ်းပါးယံထိပ်တွင်ရှိသော ဘကျော် ထန်းတောနှင့် မန်ကျည်းထူ မြေယာများ၏ အရှေ့ဘက်တွင် ရှိ၏။

ယင်း ဘကျော် ထန်းတောနှင့် လက်ခုပ်ပင် လယ်ကွင်းများတွင် တောကျောင်း သွားသည့် လမ်းကလေးက စည်းခြားနယ်နိမိတ် သတ်ထားသလို ရှိ၏။ ၎င်းတောကျောင်းသွားသည့်လမ်းမှ လက်ဝဲမြောင်းမကြီး ထိ လယ် ဧက ၅ဝ ခန့် လောက် ရှိကာ ၎င်းတို့၏ အလယ်လောက်တွင် လက်ခုပ်ပင်ကြီး ရှိ၏။

လက်ခုပ်ပင်ကွင်းသည် လယ်ဧက ၁ဝဝ လောက် ရှိ၏။

လက်ဝဲမြောင်းမကြီးမှ ခွဲထွက်လာသော မြောင်းသွယ် မြောင်းလက်တံကို ကျောက် အင်္ဂတေတွေဖြင့် လုပ်ထား၍ ယင်း မြောင်းလက်တံကို “ကျောက်မြောင်း”ဟု ကျော်မောင်တို့က ခေါ် ကြ၏။ ၎င်း “ကျောက်မြောင်း”၏ မြောက်ဘက် ပေ ၃ဝဝ လောက်တွင် “လက်ခုပ်ပင်ကြီး” က ပေါက်နေခြင်း ဖြစ်၏။

လက်ခုပ်ပင်ကြီး နေရာသည် ကုန်းမြင့်လေးဖြစ်ကာ ပေ ၃ဝ ပတ်လည်လောက် ကျယ်၏။ လက်ခုပ်ပင်ကြီး၏ ပင်စည်အောက်ခြေသည် လူနှစ်ဖက်နီးပါး ရှိကာ ပေ ၃ဝ ကျော်လောက် မြင့်၏။

၎င်း လက်ခုပ်ပင်ကြီး၏ အခြေတွင်မူ လူတစ်ရပ်ခန့်မြင့်သော“တောင်ပို့ကြီး” က ပေါက်နေ၏။ လေးငါးပေပတ်လည်ခန့် ထုထည် ကျယ်ပြန့်၏။

ကျော်မောင်သည် ထိုလက်ခုပ်ပင်ကြီး၏အရိပ် ကုန်းမြေတွင် နံနက် ၉ နာရီလောက် တရုတ်မ ထမင်းလာပို့သည့်အခါ အလုပ်နား နွားနား၍ ထမင်းစားလေ့ရှိ၏။ မွန်းလွဲ နေ့လယ်လောက်မှ ထွန်ဖြုတ်ပြီး အိမ်ပြန်လေ့ ရှိ၏။

ဤတွင် ပထမဆုံးရက်နေ့က မမျှော်လင့်သော ဖြစ်ရပ်နှင့် အံ့ဩဖွယ်ရာ စတင်တွေ့ခဲ့ရပါသည်။

X X X X
(၃)

ပထမဆုံး ရက်နေ့က …

ကျော်မောင်သည် တရုတ်မ ပို့လာသော ထမင်းကို နွားများ အနားပေးကာ လက်ခုပ်ပင်ကြီး၏ အရိပ် ကုန်းမြင့် မြက်ခင်းပြင်တွင် ထမင်းစားနေ၏။

ထိုစဉ် တရုတ်မ၏ ထိတ်လန့်တကြား အသံဖြင့် …

“ဟော… ဟော… ဟို… ဟိုမှာ တောင်ပိုအပေါက်ဝမှာ ဘာ… ဘာ… ဘာကောင်ကြီးလဲ”

ဟု တောင်ပို့ကြီးဆီသို့ လက်ညှိုးထိုးလျက် ထိတ်ထိတ်ပျာပျာ ပြောလာခြင်းကြောင့် ကျော်မောင်က တောင်ပို့ကြီးဆီသို့ ရုတ်ခြည်း လှမ်းကြည့်လိုက်၏။

တောင်ပွဲကြီး၏ အမြင့်ပိုင်း အပေါက်တစ်ခုမှ သုံးလေးလက်မခန့်အထိ အပြင်ထွက်နေသော တိရစ္ဆာန်တစ်ကောင်၏ ဦးခေါင်းပိုင်းကို တွေ့ရ၏။ သေချာစွာ ကြည့်လိုက်သောအခါ မြွေတစ်ကောင်၏ ဦးခေါင်းပိုင်းမှန်း သိလာရ၏။ ထမင်းနံ့ ဟင်းနံ့ရ၍ ထွက်လာခြင်းပေလား မသိ။

“မြွေကြီးပါကွာ။ ကဲ… တောင်ပို့တွင်းက မြွေ နဂါးကြီးရေ… မင်းနဲ့ ငါနဲ့ ရန်သူ မဟုတ်ဘူး၊ မိတ်ဆွေလိုသဘောထား။ မင်းကိုလဲ ငါက အန္တရာယ်မပေးဘူး၊ စောင့်ရှောက်ပေးမယ်။ ငါ့ကိုလဲ အန္တရာယ်မပြနဲ့ … ဟုတ်လား”

“အမယ်လေး ကိုကျော်မောင်ရယ်။ တော့်ကိုတော် မြွေအလမ္ပယ်ဆရာကြီးများ မှတ်နေသလား။ အဆိပ်နဲ့ မြွေလား၊ ဘာမြွေလဲဆိုတာ မသိဘဲနဲ့ သွားပြီး မိတ်ဆွေဖွဲ့နေရတယ်လို့။ တစ်နေ့ တော့်ကို အန္တရာယ်ပြု ကိုက်သွားပါဦးမယ်။ ကြည့်လဲ လုပ်စမ်းပါ တော်”

တရုတ်မက ဟန့်တားနေသည့်ကြားမှာ ကျော်မောင်သည် ထမင်းနှင့် ဟင်းနှင့် နယ်ပြီး တောင်ပို့အခြေတွင် သွားပုံပေး၏။ ပြန်ခါနီး ကြည့်သောအခါ ထို ထမင်း ဟင်းများ မရှိတော့။

သည်လိုနှင့် ကျော်မောင်သည် ထယ်ထိုး ထွန်ယက်နေသော ရက်များအတွင်း နေ့စဉ်ထမင်းကို ပုံပေး ကျွေးမွေးခဲ့ရာ လွန်ခဲ့သော သုံးလေးရက်ကမူ အပြင်သို့ တစ်ကိုယ်လုံး ထွက်လာကာ ထမင်း ဟင်းများကို စားနေသည်။

ကျော်မောင်က မြွေကို မကြောက်တော့သလို မြွေကြီးကလည်း ကျော်မောင်အား မြွေအလမ္ပာယ်ဆရာနှင့် တွေ့ရသလို မာန်ချ စားနေ၏။

ကျော်မောင် ပီတိ ဖြစ်သွား၏။ လူနှင့် မြွေတိရ စ္ဆာန်တို့၏ အတွင်းမနောစိတ်ဓာတ်ချင်း ဆက်သွယ်ကာ နားလည်မှုယူလျက် မိတ်ဆွေဖြစ်သွားရပုံများကို ကြည်နူးနေမိ၏။

မြွေကြီး၏ အလုံးအထည်မှာ ၆ ပေ ခန့် လောက်ရှည်ပြီး ယောက်ျားကြီးတစ်ဦး၏ လက်ကောက်ဝတ်ခန့်တုတ်၏။ မည်းညစ်ညစ်အရောင် ရှိ၏။ အဆိပ်ရှိ မြွေဟောက်မျိုး ဖြစ်ပုံရ၏။

X X X X

(၄)

သည်နေ့မှာ ကျော်မောင်၏ လယ်ကွက်များ တယ်ထိုး ထွန်ယက်၍ ပြီးမြောက်သော နှစ်ပတ် မြောက်နေ့ ဖြစ်၏။ ဒီနေ့ ထွန်ယက်ခြင်း စခန်းသိမ်းပြီး မနက်ဖြန်တွင် ရေသွင်းမည်။ လယ်နီးချင်းဖြစ်သော ဘကြီးအောင်တို့၊ ဦးလေး ကြည်မောင်တို့၊ ကိုရင်ဖိုးတူးတို့ လက်ကွက်များလည်း ထွန်ယက်ပြီးကြ၍ ရေသွင်းနေသူက သွင်းနေကြပြီ။

မွန်းတည့်လောက်တွင် ထွန်ဖြုတ်လိုက်ပြီးနောက် ကျော်မောင်သည် အသင့်ယူလာသည့် ပေါက်ပြား (ပေါက်တူး ) ဖြင့် ချို့ယွင်းပျက်စီးနေသော ကန်သင်းရိုးများကို လိုက်လံကြည့်ရှုရင်း ပြင်ဆင်မြေဖို့နေသည်။

ထွန်မှဖြုတ်၍ အနားပေးလိုက်သော ခိုင်းနွားကြီး “စာဥ” နှင့် “မန်းကြာ” သည် လက်ခုပ်ပင် ကုန်းမြေ ထက်မှ မြက်ပင်များကို လျှောက်စားနေကြ၏။

ထိုစဉ် မန်းကြာဟု အမည်ပေးထားသော နွားကြီးသည် ဝမ်းခေါင်းသံပါသော အသံနက်ကြီးဖြင့် ကြောက်စရာ အော်မြည်ကာ လက်ခုပ်ပင်တောင်ပို့ဆီမှ အမြီးကြီးထောင်လျက် ခွာစုံပေါက်၍ ပြေးထွက်သွား၏။ ကြောက်လန့် တကြားဖြင့် လယ်ကွက် ၄-၅ ကွက် ရောက်သည်အထိ ပြေးထွက်သွား၏။

ထို့နောက် လဲကျသွားသည်ကို ကျော်မောင်က တွေ့လိုက်ရ၏။

ကျော်မောင်သည် နွားကြီး လဲကျသွားရာသို့ တစ်အား ပြေးလိုက်သွားပြီး ကြည့်လိုက်၏။ နွားကြီး မန်းကြာမှာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေ၏။ နှာခေါင်းများက လေပြင်းများ တအားမှုတ်ထုတ်ရင်း အသက်ပြင်းပြင်း ရှူနေသည်။ နားရွက်များကလည်း ထောင်နေကာ အမြီးကလည်း တဆတ်ဆတ်လှုပ်နေ၏။ မျက်လုံးများကလည်း နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။

“မန်းကြာ … မန်းကြာ၊ သားကြီး မန်းကြာ ဘာဖြစ်သလဲ၊ ငါရှိတယ် … ငါရှိတယ်၊ အားမငယ်ပါနဲ့ သားကြီး မန်းကြာ”

ကျော်မောင်သည် သားကြီး မန်းကြာကြီး၏ ဖြစ်ပုံကို ကြည့်၍ အပြေးအလွှား စဉ်းစားလိုက်၏။ ချက်ချင်း သဘောပေါက်သွား၏။

ကြည့်ပါ။ မန်းကြာကြီး၏ လည်ပင်းအလယ် လောက်တွင် သွေးစို့နေသော အပေါက်နှစ်ခုကို တွေ့ရ၏။ ဧကန္တ တောင်ပို့မှ မြွေ ကိုက်လိုက်ပေပြီ။

ကျော်မောင်က မန်းကြာအား “သားကြီး” ဟု တစာစာခေါ်ရင်း ဦးခေါင်းအား သပ်ပေးနေသည်။ မန်းကြာ မျက်လုံးများမှ မျက်ရည်များကလည်း တတွေတွေ ကျစီးနေဆဲ။ ခြေလက်များကလည်း တဆတ်ဆတ် တုန်နေဆဲ။ အသက်ရှူသံကလည်း ပြင်းနေဆဲ။ တဖြည်းဖြည်းနှင့် မျက်လုံးများက မျက်ဆံဖြူကြီး ဖြစ်လာပြီး ပြူးကျယ်လာသည်။

ကျော်မောင်သည် မန်းကြာကြီး၏ ဝေဒနာခံစားနေပုံကိုကြည့်ကာ မိမိကိုယ်တိုင် ခံစားလာရသလို နာကျင်လာသည်။ ဝမ်းနည်းကြေကွဲလာသည်။ ရင်မှာ ဆို့တက်လာသည်။

တဖြည်းဖြည်းနှင့် မန်းကြာကြီး၏ ခြေ လက် စသော တစ်ကိုယ်လုံး တုန်ခါနေခြင်းများ နှေးကွေးလာ၏။ အသက်ရှူသံလည်း တိုး၍ နှေးလာ၏။ နားရွက်များလည်း ကုပ်ကျလာ၏။ အမြီးကလည်း မလှုပ်တော့။ မျက်လုံးကြီးများ တဖြည်းဖြည်း မှိတ်သွားသည်။

ထိုစဉ် သက်ပြင်းကြီးတစ်ချက် ရှူသွင်းမှုတ်ထုတ်ကာ ငြိမ်ကျသွားတော့၏။

“မန်းကြာ … မန်းကြာ၊ သားကြီး မန်းကြာ … သားကြီး၊ ခေါ်နေတယ်….ခေါ်နေတယ်၊ မန်းကြာ သားကြီးရေ၊ မန်းကြာရေ … မန်းကြာရေ”

ဟု မန်းကြာ၏ ဦးခေါင်းကြီးကို လက်နှင့်သပ်၍ တစာစာ ခေါ်နေရှာသည်။

ကျော်မောင်ခမျာ ခေါ်ရင်းခေါ်ရင်း ရင်မှာ ဆို့တက် လာသည်။ ငိုသံပါလာ၏။ ထိုနောက်တော့ ဝမ်းနည်းလွန်း၍ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။

မန်းကြာသည် ခြံပေါက်နွားကြီးဖြစ်၏။ မိမိက အသက် ၂ဝ ကျော်၊ မန်းကြာက ထမ်းပိုးတပ်ခါစအရွယ်၊ ထိုကာလကတည်းက သူငယ်ချင်းလို အတူ နေလာခဲ့ပြီး လယ်ယာလုပ်ငန်းများကို အတူဖက်တွဲလုပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁ဝ နှစ်တာ ကာလပင် ကျော်ခဲ့ပြီ။ လူ့အထာ လူ့သဘောကို လူတစ်ဦးကဲ့သို့ နားလည်သည့် နွားလိမ္မာကြီး ဖြစ်၏။

ကျော်မောင်တို့ မိသားစုကို ရုန်းကန်ကာ ပင်ပန်းကြီးစွာ လုပ်ကိုင်ပေးခဲ့သော ကျေးဇူးရှင် နွားလိမ္မာကြီးမို့ ကျော်မောင်ခမျာ မိမိ၏ မိသားစုတစ်ယောက် ဆုံးရှုံးကွယ်လွန်သွားဘိသကဲ့သို စိတ်ဝယ် ထိခိုက်ဝမ်းနည်းသွားတော့၏။

တစ်ဖက်က မန်းကြာအတွက် စိတ်ထိခိုက်ဝမ်းနည်းကြေကွဲသွားသလို လက်ခုပ်ပင်တောင်ပို့မှ မြွေကြီးအပေါ်လည်း ဒေါသူပုန်ထသွား၏။

“ငါက သင်းအား ထမင်းကျွေး၊ မိတ်ဆွေလို သဘောထားပြီး စောင့်ရှောက်ကျွေးမွေးခဲ့တယ်။ ခုတော့ ကြည့်စမ်း၊ ငါတို့ စီးပွားဖက် သားကြီး မန်းကြာကို ကိုက်သတ်လိုက်တယ်၊ ကျေးဇူးကန်းတဲ့ မြွေကြီး … သေပေတော့ကွာ”

ကျော်မောင်သည် မြွေကြီးအပေါ် ဒေါသအမျက် ခြောင်းခြောင်းထွက်ရင်း လက်ခုပ်ပင်ကြီးရှိရာဘက်သို့ ပြေးထွက်သွားသည်။ စောစောက လယ်ကန်သင်းများ ပြင်ဆင်မြေဖို့ရာတွင် ထားခဲ့သော ပေါက်ပြားရှိရာသို့ ပြေးသွားယူသည်။

တစ်ဆက်တည်းလည်း စာဥ နွားကြီးအား တောင်မြောက်လေးပါး မျှော်ကြည့်ရှာ၏။ မတွေ့ မမြင်ရ။

ဧကန္တ။

မန်းကြာကြီး မြွေကိုက်ခံရပြီး ကြောက်လန့်ဖွယ်ရာ အော်မြည်သံဖြင့် ထွက်ပြေးသွားသည့် အဖြစ်ကို မြင်လိုက်ရ၍ အိမ်ဘက် ထွက်ပြေးသွားပုံရသည်။

X X X X

(၅)

လက်ခုပ်ပင်ခြေက တောင်ပို့ကြီးကို ကျော်မောင်က ဇောအာရုံနှင့် အလျင်စလို ကြည့်လိုက်မိ၏။ တစ်ခြမ်းပြိုအက်ခမန်း ဖြစ်နေသည်။ ဧကန္တ မန်းကြာသည် ယားယံ၍ ဒီတောင်ပို့ကြီးနှင့် သူ့ကိုယ် လည်ပင်းနှင့် ပွတ်တိုက်အယားဖြေပုံရ၏။ ဒါကို တောင်ပို့ထဲမှ မြွေကြီးက ကိုက်လိုက်ပုံ ရ၏။

မြွေကြီးဘက်မှကြည့်လျှင် သူ့ဗိမာန် တောင်ပို့ကို ဖျက်ဆီးသူအား ရန်သူ သတ်မှတ်ကာ လက်စားချေ ကိုက်ပေါက်လိုက်သည်မှာ တရားနည်းလမ်းကျ မှန်ကန်သော်လည်း ကျော်မောင့်ဘက်မှ ကြည့်လျှင် သူ့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် မိသားစုဝင် မန်းကြာကြီးအား ရန်ပြု တိုက်သတ်လိုက်ခြင်းကို မည်သူမျှ သည်းမခံနိုင်။

မိမိ အကျိုးစီးပွား ဖျက်ဆီးသူ သည်တောင်ပို့က မြွေကြီးအား ရှင်းပစ်မှဖြစ်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်နှင့် လက်မှ ပေါက်ပြားနှင့် တောင်ပို့ကြီးအား စတင် ပြိုဖျက်တော့သည်။

“ငါ့ကို ကျေးဇူးကန်းတဲ့ တောင်ပို့ထဲက မြွေကြီးရေ … သေပေတော့ကွ”

ကျော်မောင်သည် နှုတ်မှ ရေရွတ်ကြိမ်းမောင်းရင်း အားနှင့် ခွန်နှင့် စိတ်လိုက်မာန်ပါ တောင်ပို့ကြီးကို ပေါက်ပြားနှင့် ပေါက်ဖြိုတော့သည်။

မြွေကြီးတွေ့သည်နှင့် ရိုက်သတ်နိုင်ရန် ဓားနှင့် ထန်းပိုးကျည်ချောင်းများပါ အသင့် ဆောင်ထားသည်။

တောင်ပို့ကြီးတစ်ခြမ်း ပြိုပျက်သွားသည့်ထိ ကျော်မောင်က ပေါက်ဖြိုပစ်လိုက်၏။ အတွင်းမှာ လိုဏ်ခေါင်းကြီး တွေ့ရ၏။ သို့သော် မြွေကြီးအား မတွေ့ရ။

“ဒီကောင်ကြီး သူ့ကို ငါ လာရိုက်သတ်မယ်ဆိုတာ ကြိုသိနေလို့ ထွက်ပြေးသွားပြီ ထင်တယ်။ တောက် … နာလိုက်တာကွာ။ တွေ့များ တွေ့ရင်တော့….”

ကျော်မောင်သည် မြွေကြီးကို အထဲတွင် ထင်သလို မတွေ့လိုက်ရသဖြင့် စိတ်ဆိုးဆိုးနှင့်“တက်” ခေါက်ပြီး ကြိမ်းဝါးလိုက်၏။ မကျေမချမ်းနှင့် ဒေါပွနေ၏။

သို့ဖြင့် မောမောနှင့် မြေကြီးပေါ် ဖင်ချထိုင်ပြီး ချွေးသုတ် အမောဖြေနေ၏။

ကျော်မောင်သည် ဟိုး အဝေး မြောက်ဘက် ၁ဝ မိုင်ခန့် အဝေးလောက်တွင်ရှိသော ပေ ၅ဝဝဝ နီးပါး မြင့်သည့် ပြာမှိုင်းမှိုင်း ပုပ္ပားတောင်ကြီးဆီသို့လည်းကောင်း၊ အရှေ့ဘက် သုံးလေးမိုင်အကွာဝေးတွင် ရှိသော ပေ ၁၉၆၄ ပေခန့်မြင့်သည့် တောင်နီတောင်တန်းဆီသို့လည်းကောင်း လှမ်းမျှော်ကြည့်နေမိ၏။

(၆)

နောက်ဘက်မှ ခြေသံလိုလို ကြားလိုက်ရသဖြင့် ကျော်မောင်က ရုတ်ခြည်း နောက်လှည့်ကြည့်လိုက်၏။

“ဟာ”

ကျော်မောင်သည် ထိတ်ခနဲ တုန်လှုပ်သွားရင်း အာမေဋိတ်သံ ပြုလိုက်မိ၏။

အကြောင်းမူ ၃-ပေလောက်မြင့်သော ခေါင်းကြီးထောင်လျက် ကြီးမားပြန့်ကျယ်သည့် ပါးပျဉ်းခွက်ကြီးနှင့် မြွေဟောက်ကြီးကို တွေ့လိုက်ရသောကြောင့်တည်း။

မြွေဟောက်ကြီးသည် ဒေါသဖြစ်နေပုံနှင့် လျှာလေးနှစ်ခွ တစ်လစ် တစ်လစ် လုပ်ရင်းက “ရွှီ”ခနဲ တစ်ချက် တွန်လိုက်၏။ မိမိအားလည်း စူးစူးဝါးဝါး ကြည့်နေသည်ဟု ထင်၏။

မြွေကြီးသည် မာန်ဖီနေရင်းက ရှူးခနဲ ရှူးခနဲ ဒေါသတကြီးနှင့် ပါးပျဉ်းကြီး တယမ်းယမ်း ထောင်ရင်း ရှေ့သို့ တိုးလာရန် အားယူ၏။ တဖြည်းဖြည်းလည်း တိုးလာနေ၏။

ကျော်မောင်မှာ မြွေကြီးနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် တွေ့လိုက်ရသည့် အခါ ကြောက်စိတ် မွှန်သွားလျက် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။ ခြေမကိုင်မိ လက်မကိုင်မိ ယောင်နန ဖြစ်သွား၏။

မြွေကြီးကလည်း ဦးခေါင်း ပါးပျဉ်းခွက်ကြီး တယမ်းယမ်းနှင့် ရှေ့သို့ တဖြည်းဖြည်း တိုးလာ၏။

ကြောက်စိတ်ဝင်လာသော ကျော်မောင်သည် ရုတ်တရက် ထလိုက်ပြီး နောက်ဘက်သို့ နောက်ပြန်ဆုတ်လိုက်၏။

ဤတွင် စောစောက ချထားသော ပေါက်ပြားရိုးကို သတိမထားမိဘဲ တိုက်မိလျက် တုန်လှုပ်ချောက်ချားစွာဖြင့် ပက်လက်လန် လဲသွား၏။

ထိုစဉ် မြွေဟောက်ကြီးက “ရွှီ” ခနဲ တစ်ချက် မာန်ဖီအော်မြည်ရင်း လျှောခနဲ ပြေးထွက်လာကာ ကျော်မောင်အား တစ်အား ပေါက်ကိုက်လိုက်၏။

ကျော်မောင်က ဘယ်လက်ဖြင့် ဆီးကာရင်း ဖြုတ်ခနဲ လူးလဲထလိုက်၏။

သို့သော် ကျော်မောင့် မျက်လုံးထဲ မီးတစ်ချက် ပွင့်သွားသလို ဖြစ်သွားကာ လက်မောင်းအား အကိုက်ခံလိုက်ရသည်ကို ဒက်ခနဲ သိလိုက်ရ၏။

သည်တော့မှ ကျော်မောင်သည် ထိတ်ထိတ်ပျာပျာနှင့် သတိမူကာ စောစောက ချထားသော ထမ်းပိုး ကျည်းနှစ်ချောင်းကို ပြေးကောက်ကိုင်ပြီး မြွေကြီးအား ဝင်ရိုက်တော့၏။

ဦးခေါင်းပိုင်းကို သုံးလေးချက် ဆင့်၍ တအား ရိုက်ပစ်လိုက်၏။ ခေါင်းကြီး ငြိမ်ကျသွားသော်လည်း ကိုယ်လုံးနှင့် အမြီးပိုင်းက တဖြန်းဖြန်းရိုက်ကာ လှုပ်ရှားနေသေး၍ ထိုနေရာများကိုပါ လုံးဝ ငြိမ် ကျသေသွားသည်ထိ အချက်ပေါင်းများစွာ တရစပ် ရိုက်ပစ်လိုက်တော့၏။

X X X X

(၇)

ကျော်မောင် သတိပြန်ရ၍ ကြည့်လိုက်သောအခါ အိမ်ပေါ်တွင် လူများစုံစုံ ရောက်နေကြ၏။ မိဘ၊ ယောက္ခမ နှင့် ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ ခင်မင်သူ မိတ်ဆွေများကို တွေ့ရ၏။

မြွေကိုက်ခံရသော ဘယ်လက်မောင်းမှာ ယောင်ယမ်းလာပြီး နာနေ၏။

အိမ်ပေါ်တွင် သူနာပြုဆရာမလည်း ရောက်နေ၏။ မန်ကျည်းတိုင်း ကျေးလက်တိုက်နယ် ဆေးရုံမှ ဈေးကုန်းအုပ်စုအတွက် တာဝန်ခွဲဝေပေးထားသော ဈေးကုန်းကျေးလက် ဆေးပေးခန်းမှ သားဖွားဆရာမ ဖြစ်၏။

ကျော်မောင်၏ မြွေကိုက်နေရာကို ရှေးဦးသူနာပြုအနေဖြင့် ခွဲစိတ်ရန် ပြင်ဆင်နေ၏။

“အိမ်ဝိုင်းခြံထဲမှာ ငှက်ပျောပင်၊ ဆိတ်ဖလူးပင်၊ မြင်းခွာရွက်ပင်များ ရှိသလား”

ဟု ဆရာမက မေး၏။

“ငှက်ပျောပင်နဲ့ ဆိတ်ဖလူးပင်တော့ ရှိတယ်”

တရုတ်မက ဖြေသည်ကို ဆရာမက …

“ဆိတ်ဖလူးပင်မှာ အပွင့်ရှိသလား”

“အပွင့် မပွင့်သေးလို့ မရှိဘူး ဆရာမ”

“ဒါဖြင့် ငှက်ပျောပင်က အခွံခွာပြီး အရည်ညှစ်တိုက်ရအောင်။ ငှက်ပျောပင်ခွံဖတ်လဲ ကြိတ်ထားပါ။ ဒဏ်ရာကို အုံရအောင်။ ဒါဟာ မြန်မာ့တိုင်းရင်း မြွေနိုင်အဆိပ်ဖြေဆေးတွေပါ။ အခြား မြွေနိုင် ဆေးပင်တွေလဲ ရှိသေးတယ်။

မည်သည့်မြွေဆိုးပဲ ကိုက်ကိုက်၊ ကြွက်နားပေါင်းပင်ဥ သွေးတိုက်၊ ဆိပ်ဖလူးပင်ပွင့် သတ္တုရည်တိုက်၊ ကြောင်ပန်းပင် အမြစ်ကို ရေနဲ့သွေးတိုက်၊ အရွက်ကြိတ်ပြီး အုံပေး။ ခရာပင်အကိုင်းကို ရေနဲ့ သွေးတိုက်၊ အရွက်ကိုကြိတ်ပြီး ကိုက်တဲ့နေရာ လိမ်းပေး အုံပေး။

ပြီးတော့ ဟင်းချက်စားတဲ့ ဂေါ်ဖီထုပ်မြစ်ကို ပြာချစား၊ ဆူးပန်းရွက်အပွင့်ကိုလဲ ကြိတ်သောက်နိုင်တယ်။

ပြီးတော့ မြင်းခွာရွက် သတ္တုရည်ကိုသောက်၊ အရွက်ကိုကြိတ်ပြီး ကိုက်တဲ့နေရာ အုံပေး။

နောက်ပြီး ကျည်းသီးဆန်ရှိရင် အမှုန့်ကြိတ်ပြီး မျက်စိထဲ ခတ်ပေး၊ ဆင်တုံးမနွယ်ရှိရင်လဲ သုံးခွက်တစ်ခွက်တင် ကြိုသောက်နိုင်တယ်။

နဂါးစက်ပင်ရှိရင်လဲ ပဉ္စငါးပါး ဓားနှင့် ခုတ်စင်းပြီး ဒဏ်ရာကို အုံပေး၊ ထောင်းပြီးလဲ အရည်ကိုသောက်။

ဒီ မြွေနိုင် အဆိပ်ဖြေဆေးပင် တစ်ခုခု အချိန်မီကုသရင် ပျောက်နိုင်ပါတယ်။ ရှေးဦးသူနာပြုအနေဖြင့် ကာကွယ်ပြုစုထားနိုင်တယ်။ ဒီ တိုင်းရင်းမြစ်ချင်း ပြီး မြွေနိုင်ဆေးပင်တွေက မြွေဆိပ်တွေ အန်ထုတ်ပစ်လိမ့်မယ်”

ဆရာမက ဗဟုသုတအဖြစ် ကျယ်ကျယ်ပြန့် ပြန့် ပြောပြနေသည်။

အိမ်ပေါ်ရှိ လူများမှာ မိမိတို့မျက်စိအောက် ရှေ့တွင် တွေ့မြင်နေရသော အပင်များမှာ မြွေနိုင် အဆိပ်ဖြေဆေးပင်များဖြစ်ကြောင်း ဆရာမထံမှ ကြားသိရ၍ တအံ့တသြ ဖြစ်နေကြ၏။ တအင်အင်၊ တဟာဟာနှင့် အံ့ဩစိတ်ဝင်စားနေကြ၏။

ဆရာမသည် ပါလာသော ခွဲစိတ်ဓားလေးကို ရေနွေးဖြင့် ချက်ချင်းပြုတ်ခိုင်းပြီး ကျော်မောင့် မြွေကိုက်ခံရသည့် လက်မောင်းနေရာကို ခွဲစိတ်ဓားလေးနှင့် တစ်လက်မ၏ နှစ်ပုံ တစ်ပုံခန့် အလျားလိုက်ခွဲပြီး လက်အိတ်စွပ်ကာ သွေးအဆိပ်များကို စုပ်ထုတ်ကိရိယာဖြင့် စုတ်ထုတ်ယူ၏။ ညှစ်ထုတ်၏။

ထို့နောက် ကြိတ်ပြီး ငှက်ပျောဖတ်များ အုံပေး၏။ အရည်ကိုလည်း တိုက်၏။

လက်မောင်း တံတောင်ဆစ်အထက်မှ စည်းထားသော ကြိုးကိုလည်း၊ ၁၅ မိနစ် တစ်ကြိမ်လောက် ဖြေလိုက် ပြန်စည်းလိုက် လုပ်ပေးနေ၏။

ကျော်မောင်မှာ ရီဝေ၍ ရင်တုန်နေခြင်း၊ အကြောတက်နေခြင်း၊ အသက်ရှူကျပ်နေခြင်း အခြေအနေများ နည်းနည်း သက်သာသလို ရှိလာ၏။

ကျော်မောင့် ဇနီးနှင့် မိဘ ဆွေမျိုးများမှာမူ ကျော်မောင့်အတွက် စိုးရိမ်ပူပန်စိတ်များကိုယ်စီဖြင့် မျက်နှာငယ်လေးများကိုယ်စီ ရှိနေကြ၏။

X X X X

(၈)

ထိုစဉ် မန်ကျည်းတိုင်း တိုက်နယ်ဆေးရုံမှ ဆရာဝန် ဦးမောင်စိုးသန်းသည် ကျော်အောင်၏ ဒုန်းစိုင်း မောင်းလာသော လှည်းဖြင့် အပြေးအလွှား ရောက်လာ၏။

“မြွေဟောက်ကိုက်တာ သေချာတယ်နော်”

ဆရာဝန်က ရောက်မဆိုက် မေး၏။ မည်သို့ မြွေဟောက်အကိုက်ခံရပုံကို မေး၍ ဆေးစစ်ချက် ယူ၏။

ကျော်မောင်က အကြောင်းစုံ ရှင်းပြ၏။

ဆရာမကလည်း ရှေးဦးသူနာပြု လုပ်ထားပုံကို ရှင်းပြ၏။

ဆရာဝန်က …

“ဒီလိုပါ၊ မြွေဆိုးကိုက်ခံရတဲ့ အချိန်မှာ ဘာမြွေမျိုးလဲဆိုတာ သိဖို့ အရေးကြီးတယ်။ မြွေဆိပ်ဖြေဆေးက မြွေအမျိုးအစားလိုက်ပြီး ခွဲထားလို့ပါ။

မြွေဟောက်၊ မြွေပွေး၊ မြွေဟောက်နှင့် မြွေပွေး အမျိုးအမည်ခွဲခြားမသိဘဲ ထိုးနိုင်တဲ့ မြွေအဆိပ်ဖြေဆေးဆိုပြီး ဆေးလေးမျိုးကို ဘီပီအိုင် ဆေးဝါး ထုတ်လုပ်ရေးက မြွေတစ်မျိုးစီအတွက် သီးခြား ဖော်စပ်ထားလိုပါ။

ဥပမာ မြွေဟောက်လို့ တိတိကျကျ သိထားရင် မြွေ ဟောက်အတွက် သီးခြားဖော်စပ်ထားတဲ့ဆေးနဲ့ တစ်ခါတည်း ကုသလိုက်တဲ့အတွက် လျင်မြန်စွာ သက်သာပျောက်ကင်း သက်သာရာ ရသွားနိုင်လို့ပါ။ ကင်းကိုက်မိတာကို မြွေမှတ်ပြီး မြွေအဆိပ်ဖြေဆေး ထိုးလိုက်မိရင် ဆံပင်တွေ ကျွတ်ပြီး မျက်စိတွေ မှုန်လာတတ်လို့ပါ”

ဆရာဝန်က တောင်သူလယ်သမားများအား မြွေဆိုးအန္တရာယ်အတွက် အသိပညာပေး ရှင်းပြရင်း အသင့်ရှိနေသော ရေနွေးဖြင့် ၂၀ စီစီ အသင့်ရှိနေသေးကြော ဆေးထိုးပိုက်ကြီးကို ဆေးကြောနေ၏။

ထို့နောက် “မြွေဟောက်”အတွက်သာ ကုသရန်ဖြစ်သော Amti Snake Venom (Cofra only) ထိုးဆေး 10 cc ကို ကျော်မောင်၏ ညာလက်မောင်း အကြောတွင်းသို ထိုးသွင်းပေးလိုက်၏။

အိမ်ပေါ်ရှိ လူများက ဆရာဝန်လုပ်သမျှ စိတ်ဝင်စားစွာဖြင့် ကြည့်နေကြ၏။ ကျော်မောင်အတွက် စိုးရိမ်စိတ်များကလည်း လွှမ်းမိုးနေကြ၏။

“မြွေဆိုးကိုက်ခံရတဲ့ နေရာမှာ ခြေ လက်တွေ ကိုက်ခံရတာ ကုသလို့ အချိန်မီရင် မသေနိုင်ပါဘူး။ ရင်ဘတ်၊ လည်ပင်း၊ မျက်နှာ၊ ခေါင်းတို့ ကိုက်ခံရရင် သွေးပြန်ကြောတွေ ရှိနေလို နာရီပိုင်းအတွင်း သေနိုင်တယ်။

အခု ကိုကျော်မောင့် နွားကြီးက လည်ပင်း ခေါင်းနားမှာ အကိုက်ခံရလို့၊ မြွေဆိပ်လဲများများအကိုက်ခံလိုက်ရလို့ နာရီပိုင်းအတွင်း သေသွားတာ”

“ ဟုတ်ကဲ့ ခင်ဗျ”

ကျော်မောင်မှာ စောစောကထက် ကြည်ကြည်လင်လင် ရှိလာ၏။

ဆရာဝန် ဦးမောင်မောင်စိုးသန်းက ဆက်ကာ

“အခုလို ကိုကျော်မောင် သတိလစ်သွားတဲ့ အထိ ဖြစ်သွားတာက မြွေကိုက်ခံရတဲ့သူဟာ ခံရပြီးလျှင် ငြိမ်သက်စွာ လဲလျောင်းနေရပါတယ်။ ကိုက်ခံရတဲ့အထက်က ကြိုးနဲ့ စည်းထားပြီး ဆေးရုံ ဆေးပေးခန်း မရောက်မီ ၁၅ မိနစ် တစ်ကြိမ်လောက် ကြိုးကိုဖြေ ဖြေပေးရပါတယ်။

အခု ကိုကျော်မောင်က တစ်မိုင်ခရီးကို လမ်းလျှောက်ပြန်လာတော့ လှုပ်ရှားမှုကြောင့် သွေးဟာ တစ်ကိုယ်လုံး ပြန့်နှံသွားပြီး မြွေဆိပ်တက်သွားတာပါ”

“ဟုတ်ပါ့ ဆရာ”

“ပြီးတော့ မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကျား၊ ငန်းမြွေ စတဲ့ အဆိပ်ပြင်း မြွေဆိုးတို့၌ အစွယ်ဟာ သွားရှေ့မှာ၊ အစွယ်နှစ်ချောင်းရှိပြီး အဆိပ်အိတ်က နောက်ဘက် မျက်စိအောက်နားမှာ ရှိတယ်။

အခု ကျွန်တော်တို့ကိုင်တဲ့ ဆေးထိုးပိုက်နဲ့ အပ်လိုပဲ။ ဒီ မြွေစွယ်နဲ့ အဆိပ်အိတ်ကိုကြည့်ပြီး ကမ္ဘာ့ ဆေးပညာ သိပ္ပံပညာရှင်များက အခု အသုံးပြုထိုးနေတဲ့ ဆေးထိုးပိုက်ကို တီထွင်လိုက်တယ်လို့ မှတ်သားရပါတယ်”

ကြားသိရသော အိမ်ပေါ်ရှိလူများမှာ တအံ့တဩ ဖြစ်နေကြ၏။

“ဒါကြောင့်မို့ မြွေဟာ လူ၊ တိရစ္ဆာန်တွေကို ပေါက်ကိုက်လိုက်တာနဲ့ အဆိပ်အိတ်ကို ညှစ်ထုတ်ပြီး အစွယ်နှစ်ချောင်းက အဆိပ်ကို ထိုးသွင်းလိုက်တာ။ အဆိပ် အနည်းအများပေါ် မူတည်ပြီး ကိုက်ခံရသူအဖို့ သေနိုင် မသေနိုင် ဆုံးဖြတ်တာပဲ”

“ဪ … ဟုတ်လား”

ဟု လူရွယ်တစ်ဦးက အံ့ဩစွာ ဆို၏။

“နောက်ပြီး ကျွန်တော် ရှင်းပြဦးမယ်။ အဆိပ်ရှိ မြွေဆိုးတွေဟာ နှစ်ပတ်က တစ်လအတွင်း သူတို့မြွေစွယ်တွေဟာ မှန်မှန်လဲပစ်လေ့ ကျိုးသွားလေ့ ရှိတယ်။

ဒါမှ မဟုတ်လဲ မြွေတွေ အစာဖြစ်တဲ့ ငါး၊ ဖား၊ ကြက်၊ ငှက်ငယ်၊ ငှက်ဥ၊ ယုန် စတဲ့ တိရစ္ဆာန် ငယ်များကို အစာအဖြစ် လိုက်ဖမ်းကိုက်ရင်း အစွယ်ဟာ ကျိုးသွားတယ်။ ဘာဖြစ်လို့ပဲ ကျိုးကျိုး၊ အစွယ်သစ်ဟာ လျင်မြန်စွာ ပြန်ပေါက်လာတတ်တယ်။

အဲဒီလို မြွေစွယ်ကျိုးပြီးစ လူကိုကိုက်ရင် လူမှာ ဘေးမဖြစ် မသေနိုင်ပါဘူး။

အခု ကိုကျော်မောင်ကို ကိုက်လိုက်တဲ့ မြွေဟောက်ကြီးဟာ နာရီပိုင်းအတွင်းက နွားကြီးကို ကိုက်ခဲ့လို့ အစွယ်ကျိုးပြီး အဆိပ်ဟာ မရှိသလောက် ဖြစ်သွားတယ်။ ဒါပေမယ့် ကျန်တဲ့ နည်းနည်းပါးပါး အဆိပ်လေးက ကိုယ်တွင်း ဝင်သွားပုံရတယ်။

ဒီအထဲ လူက တစ်မိုင်လောက် ခရီးကို လှုပ်ရှားသွားလာလိုက်လို့ အနည်းငယ် မြွေဆိပ်လေးက တစ်ကိုယ်လုံးကို လျင်လျင် မြန်မြန် ပျံ့နှံ့သွားတာပါ။

အခု ဖြေဆေးထိုးလိုက်လို့ ဘာမှ မဖြစ်နိုင်၊ မသေနိုင်တော့ပါဘူး။ စိတ်မပူကြပါနဲ့။

ခင်ဗျားတို့ အထူးဆင်ခြင်ဖို့က မြွေကိုက်ခံ သေသွားတဲ့ နွားသားကို ချက်မစားကြပါနဲ့။ မြေကြီးထဲ ကျင်းနက်နက်တူးပြီး မြှုပ်ပစ်လိုက်ကြပါ”

ကျော်မောင် ခမျာ ယခုမှ သက်ချ၍ ဘဝင်ကျသွားတော့၏။ မျက်နှာပါ ဝင်းလက်ကြည်လင်လာ၏။

ဇနီး တရုတ်မနှင့်တကွ မိဘဆွေမျိုးများမှာ ယခုမှ ကြည်ကြည်လင်လင် ဖြစ်သွား၏။ တစ်ဦးနှင့် တစ်ဦး ဝမ်းသာစကား ပြောနေကြ၏။

ဆရာဝန်အား ကျေးဇူးတင်လှပါကြောင်း တစ်ဦးပြီး တစ်ဦးက ပြောနေကြ၏။

“အဲ … ကိုကျော်မောင်နှင့်တကွ အားလုံး စိတ်မပူ၊ မစိုးရိမ်ကြပါနဲ့။ ကျွန်တော် နှစ်ရက်တစ်ကြိမ် လာကြည့်ပေးမယ်၊ ဆေးထိုးပေးမယ်။

နေ့စဉ်လဲ ဒီက ဆရာမက လာကြည့်ပြီး လိုအပ်တဲ့ဆေး ထိုးပေးလိမ့်မယ်၊ ကျွေးလိမ့်မယ်။ ကျွန်တော် အားလုံး ညွှန်ကြားခဲ့ပါ့မယ်”

ကျော်မောင်၏ဇနီး တရုတ်မ ခမျာ ဝမ်းသာလွန်း၍ မျက်ရည်သွယ်သွယ်ကျရင်း ဘာပြောရမှန်းမသိတော့ဘဲ ဆရာဝန်ကြီး ဦးမောင်မောင်စိုးသန်းအား ထိုင်၍ ကန်တော့နေတော့၏။

အောက်ပါတို့ကို မှီငြမ်း ကိုးကားပါသည်။

၁။ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်တိုဘူတာ၊ ဈေးကုန်းရွာမှ ကိုရွှေဝင်းမောင် ပြောပြဆွေးနွေးချက်။

၂။ ( ၉-၉-၈၆ ) ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ဆောင်းပါးရှင် မောင်စိန်ထွေး (ထားဝယ်) ၏ “မြွေအန္တရာယ်နှင့် ရှေးဦးသူနာပြုစုနည်း” ဆောင်းပါး။

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၉၁-ခုနှစ်၊ ဒီဇင်ဘာလ။
စာအုပ်အမှတ် (၈၂)

– ပြီး –

စာရေးသူ – မောင်မောင်ဖြူ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ