ဆင်ဖြူကျွန်းအောင်သိန်း
မိန်းမတစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သံသည် ချိုးကူသံများကို ဖုံးလွှမ်းသွားလေ၏။
နွေစပါးရိတ်နေသူများသည် ဆတ်ခနဲ ခေါင်းထောင်ကြ၏။
လက်ပံပင်ထိပ်ဖျားမှ ခြေကားယား လက်ကားယားဖြင့် လူတစ်ယောက် လိမ့်ကျသွားသည်ကို ရိပ်ခနဲ မြင်လိုက်ကြရ၏။
အချို့သည် တံစဉ်ကို ပစ်ချကာ ပြေးထွက်လာကြသည်။
“အဲဒါ ဘယ်သူတုံး”
“ဘယ်သူ ရှိရမှာတုံး။ ကြာပင်လှက သာဒွန်းပဲ ရှိမှာပေါ့”
သာဒွန်းပဲ ရှိမှာပေါ့။
ပုံသေစကားဖြစ်သည်။ မှို့ လက်ပံမှုန်များ လေတွင် ပျံဝဲချိန်ဝယ် လက်ပံတောကို စိုးမိုးလေ့ရှိသူမှာ ကြာပင်လှရွာမှ သာဒွန်းသာ ဖြစ်လေ့ရှိသည်။ အကြောင်းမူ သူသည် သစ်ပင်တက် ကျွမ်းကျင်သောကြောင့် ပေတည်း။
ဆောင်းနှောင်း ကာလတွင် တရဲရဲ တထိန်ထိန်ဖြင့်၊ ဆူညံသော ဆက်ရက်သံကို အဖော်ပြုလျက် အရပ်ကိုးမျက်နှာကို စိန်ခေါ်ခဲ့သော လက်ပံများသည် ရွှေတန်ခူးတွင် လေရူးအထ၌ တစ်မျိုး အစွမ်းပြ ကြပြန်သည်။
ဆောင်းနှောင်းရက်များတွင် လက်ပံပင်များ မျက်နှာ ကြီးခဲ့ပုံမှာ သိက္ခာရှိ၏။ ကိုယ့်အိမ်၊ ကိုယ့်ယာမှ တစ်ဖဝါးမျှ မခွာသော ဣန္ဒြေရှင်နှယ်။
လက်ပံပွင့်တွေ ကြွေကျကုန်သဖြင့် တရုန်းရုန်းနေမြဲ ဆက်ရက်တို့ ခွဲခွာသွားပြီးနောက် သီးလာသော လက်ပံသီးတွေသည် တစ်နေ့တစ်ခြား ရင့်အိုလာပြီ။ တန်ခူးနေပြင်းနှင့် တွေ့ချိန်တွင်မူ လက်ပံသီးတွေ မခံနိုင်တော့။ ကွဲကြပြီ၊ အာကြပြီ။
လေပြည်ကလေး ဖြူးဖျန်းသည်။ လက်ပံသီးထဲမှ မှို့ပေါက်ကလေးတစ်မှုန်သည် လေယာဉ်စီးကာ ထွက်သွား၏။ လေပြည်မှ လေမြူးသို့ ပြောင်း၏။
လက်ပံ မှို့ပေါက်၊ မှို့မှုန်များသည် သူ့ထက် ငါကောင်း ပြေးထွက်သွားကြပါလေတော့သည်။ ကောင်းကင် တစ်ခိုတွင် ဈာန်ယာဉ်စီးနေသော လဲမှုန်ပေါက်များဖြင့် ဖွေးနေချေသည်။
မှို့စေ့ကလေး တစ်စေ့ကို အမှုန်မျှင်ကလေးတွေ ဝန်းရံထားသော မို့ပေါက်များသည် မဖိတ်ခေါ်ဘဲလျက် အိမ်ထဲသို့ ဝင်၏။ သစ်ပင်ပေါ် နား၏။ မြေကြီးပေါ်သို့ ဆင်းသက်ကြ၏။
ဤသို့ဖြင့် ကောင်းကင်တစ်ခိုလုံး မြေပြင်တစ်ဝန်းလုံး မှို့ပေါက်များ မင်းမူချိန်ဝယ် သာဒွန်းလည်း မင်းမူတော့သည်။
“သာဒွန်းရေ … ငါ့အပင်တော့ လေတိုက်တာနဲ့ ကုန်တော့မှာပါပဲကွာ၊ လာစမ်းပါဦးဟ”
လက်ပံပင် ပိုင်ရှင်များသည် သာဒွန်းထံ၌ ဝိုင်းဝိုင်းလည်နေကြသည်။ လေပြင်းတိုက်လေလေ မှို့တွေ လွင့်လေလေ ဖြစ်သောကြောင့် အခွံချည်း ကျန်မည်ကို စိုးရိမ်ကြသည်။
လက်ယပ်ခေါ်သော လက်တွေ များပြားနေငြား သာဒွန်း မတတ်နိုင်ပါ။ အလုပ်မှာ အမြင့်သို့ တက်ရသော အလုပ်။ အမြင့်တွင် ကိုင်းစွဲရသော အရာမှာ ဆယ်တောင်ဝါး။
ဤအရာကြီးကို ကိုင်ပြီး ကိုင်းဖျားသို့ တိုးရသည်။ အဖျားပိုင်းကို ဝါးဖြင့် ရိုက်နိုင်မှ အကိုင်းတွေ လှုပ် ခါမည်။ အကိုင်းတွေ လှုပ်ခါမှသာ လက်ပံသီးခြောက်တွေ ကြွေကျလိမ့်မည်။
သို့ရာတွင် သာဒွန်းမှာ တစ်ကိုင်းတွင် တစ်ကြိမ်ရိုက်ပြီး ဆင်းမလာနိုင်ပါ။ အသီးခြောက်တွေ ပြွတ်ခဲနေသည့် အခြားကိုင်းသို့ သွားရပြန်သည်။
အချို့ကိုင်းသည် မတ်တတ်သွား၍ ရသည်။ အချို့ ကိုင်းမှာသော် ပကတိ စင်းချောကြီး။ ကားယားခွပြီး တရွေ့ရွေ့ ရွှေ့ရသည်။ တရွေ့ရွေ့ ရွှေ့ပုံမှာလည်း ဖင်နှင့် ကိုင်းနှင့် ပွတ်ပြီး မရွှေ့ရဲ။
လက်ပံပင် မဟုတ်လား။ လက်ပံပင် ပီသစွာ လက်ပံဆူးတွေက ဟိုနားတစ်ချောင်း သည်နားတစ်ချောင်းရှိသည်။ သို့ကြောင့် လက်ထောက်ပြီး ရွှေ့ရသဖြင့် ပင်ပန်းလှသည်။
သာဒွန်းသည် မြေပြင်ပေါ်သို့ ရောက်လျှင် “လက်ပံသီးတွေ ရရဲ့လား၊ ရှဉ့်ကိုက်တွေ များသလား” မေးမနေနိုင်။
မြေပြင်ပေါ်တွင် ပက်လက်လန် နေလေ့ရှိသည်။
နံနက် တစ်ပင်၊ ညနေတစ်ပင် တက်နိုင်ရန် ဝေးစွ။ အပင်ကြီးမားလွန်းလျှင် တစ်ပင်ကို နှစ်ရက်၊ သုံးရက် ခွဲပြီး ပုတ်ရတတ်သည်။
သို့ဖြစ်သဖြင့် လက်ပံပင်ရှင်တွေ ဝိုင်းဝိုင်းလည်နေငြား သာဒွန်း ပြည့်ဝအောင် ဖြည့်စွမ်းမှု မပြုနိုင်ခဲ့ချေ။
ယနေ့မူ သာဒွန်း နားရန် စိတ်ကူးသည်။
နေ့စဉ်ရက်ဆက် လက်ပံသီးပုတ် ခြွေခဲ့သည်မှာ အရက်နှစ်ဆယ်ရှိပြီ။ နေ့စားပုတ်သည်လည်း ပါ၏။ တစ်ယောက် တစ်ဝက်စား ပုတ်သည်လည်း ပါ၏။
အမြင်အားကောင်းသည်နှင့် အညီ မှို့ရသည်လည်း ရှိ၊ မရသည်လည်း ရှိခဲ့၏။ မည်သို့ဖြစ်စေ တစ်နေ့နားပြီး အားမွေးမည်။ နောက်ထပ် ပုတ်ရလှ ခုနစ်ရက်ထက် ပိုဖွယ်မရှိ။ လေပြင်းကျသည့် ရာသီသို့ ရောက်တော့မည်။
သို့သော် သာဒွန်းမှာ နေဖင်ထိုးအောင် အိပ်ခွင့်မရ။ အရုဏ်တက် တုံးခေါက်ပြီးချိန်တွင် ဘကြီးချစ်အောင် ရောက်လာသည်။
“ဟကောင် သာဒွန်းရ၊ တစ်နေ့သော် မင်းလာနိုး … တစ်နေ့သော် မင်းလာလိမ့်နိုးနဲ့ မျှော်ကိုးနေခဲ့တာ ငါ့လက်ပံပင် ကုန်တော့မယ်ကွ”
တဲအကာ ထန်းရွက်များကို လက်ဝါးဖြင့်ပုတ်ကာ၊ အသံပေးပြီးနောက် ပေါ်လာသောအသံ ဖြစ်သည်။
“ဘကြီးရာ ပင်ပန်းလွန်းလို့ပါဗျာ။ ကနေ့တစ်နေ့ နားပြီး နက်ဖြန်မှ လာပါရစေ”
သာဒွန်းသည် အိပ်ရာထဲမှပင် ဗလုံးဗထွေး ပြန်ဖြေ၏။
“ဟာကွာ … လေပြင်းတစ်ချက်မွှေရင် မင်းလက်ပံသီးတွေက နေမှာ မဟုတ်ဘူးဟ။ မနေ့တုန်းကလည်း လေပွေမွှေ့တဲ့နောက်ကို မှို့တွေ ပါသွားတာ မနည်းဘူးကွာ။ ထက်ဝက်စားပဲ ပုတ်ပုတ်၊ အခစားပဲ ပုတ်ပုတ် ဒါလေးတော့ ကူညီပါ ငါ့တူရာ”
သာဒွန်း လူးလဲထသည်။
သူ့ခန္ဓာကိုယ်၏ လိုအင်ဆန္ဒမှာ နေကြီးမြင့်အောင်အိပ်ရေး ဖြစ်သည် ဖြစ်သော်ငြား ဘကြီးချစ်အောင်မှာ ငြင်းကောင်းသူ မဟုတ်။ အရေးရှိလျှင် အကူအညီ ကို မတွန့်မတို ပေးလေ့ရှိသူ ဖြစ်သည်။
“ကြည်မေရေ၊ နက်ဖြန်မှ နားကြတာပေါ့ကွာ”
ဇနီးသည်သည် အိပ်ရာမှ နိုးထနှင့်နေပြီ။ ကလေးနှစ်ယောက်နှင့် အလုပ်များနေတန်ရာသည့် နေရာ ဘက်သို့ လှမ်းပြောသည်။
ကြည်မေ သုတ်ခနဲ ရောက်လာသည်။
“အိပ်စမ်းပါတော် … ကျုပ် ကြည့်ပြောပါမယ်”
တီးတိုးပြောသည်။
“တစ်ခြားလူ မဟုတ်ဘူးဟ၊ ဘကြီးချစ်အောင်ရယ်”
ကြည်မေလည်း ပါးစပ်ပိတ်သွားတော့သည်။
“ကိုင်း… ကလေးတွေနဲ့ ဖြည်းဖြည်းလိုက်ခဲ့၊ ငါသွားနှင့်မယ်”
သာဒွန်းသည် ပြောပြောဆိုဆို ကြိုးခွေနှင့် ချိတ်၊ ဝါးလုံး၊ တောင်းကိုယူကာ ဘကြီးချစ်အောင် နောက်သို့ လိုက်ပါလာတော့သည်။
အိပ်ရာမှ နိုးထစ နံနက်ခင်းကို ငှက်ကျားနှုတ်ပလီက ဖြေဖျော်လျက် ရှိ၏။ သည်ငှက်သံနှင့် ရောနှောက်လျက် ထွန်စက်သံ၊ ကောက်ရိတ်စက်သံ၊ ကောက်ရိတ်သမားတို့၏ တံပိုးသံများ လွင့်စည်နေသည်။
အရှေ့အရပ်တွင် မရမ်းရင့်ရောင်များ သမ်းလာချိန်၌ သာဒွန်း အသွားရပ်သည်။
လက်ပံပင်ကြီး၌ အိပ်တန်းတက်ခဲ့သော ဗျိုင်းတွေ အုပ်လိုက်ပျံသန်းသွားကြပြီ။
“ပုတ်မနေပါနဲ့တော့ ဘကြီးရာ၊ လေလွင့် ကုန်ပေါ့ ဟာကို”
အလင်းရောင် အားမကောင်းသေး။ သို့ရာတွင် လက်ပံသီးခြောက်တွေကို သာဒွန်းမြင်ရသည်။ လေးစိတ်ကွဲ၊ သုံးစိတ်ကွဲနှင့် ထက်ခြမ်းကွဲတွင် လေးစိတ်ကွဲတွေက များနေသဖြင့် ထိုသို့ ပြောခြင်း ဖြစ် သည်။
“မင့် ဖေကလွှား၊ သေသေချာချာဖြင့် မကြည့်ဘဲနဲ့။ ခါးလယ်က တောင်ကိုင်းနဲ့ အရှေ့ကိုင်းမှာ အသီးတွေ ခဲနေတယ်။ အကွဲ အအာလည်း နည်းသဟ”
သို့အတွက် ဘကြီးချစ်အောင် ညွှန်ပြသည့် အကိုင်းများကို စေ့စပ်သေချာစွာ သာဒွန်းကြည့်ရသည်။ ကြည့်ရင်းက ခါးတောင်းကျိုက်သည်။ ဝါးလုံးနှင့် တွဲသော ကြိုးကို ခါးတွင်ချည်သည်။ သံချိတ်ပါသော ကြိုးကြီးကို ‘ဖန်’ သည်။
“ဘယ်လို ပုတ်မှာတုံး။ နေ့စားလား၊ ထက်ဝက်စားလား”
ဘကြီးချစ်အောင်က သေချာအောင်မေးငြား သာဒွန်း အလေးအနက်မထား။ သံချိတ်ကို လွှဲရမ်းပြီး သစ်ပင်ပေါ်သို့ ပစ်တင်သည်။ ကြိုးစကိုခိုလျက် သာဒွန်း ခုန်ဆွ ခုန်ဆွ လုပ်နေသည်။
“ဟေ့ကောင် … ဗယီးဗယား လုပ်မနေနဲ့။ မေးတာဖြေအုံး”
“ပြောရမယ့် လူချင်းမှ မဟုတ်တာ ဘကြီးရာ။ ကြိုက်သလို လုပ်ပါ”
သာဒွန်းသည် ပြောပြောဆိုဆို ကြိုးကိုခိုလျက် အပင်ပေါ်သို့ တက်ခဲ့သည်။
လက်ပံပင်ကြီးမှာ လူ့ခြောက်ဖက်စာမျှ တုတ်သည်။ တွယ်ကပ်စရာ အဖုတစ်ခုသာ ရှိသည်။ လက်တစ်လှမ်းတွင် အကိုင်း မရှိ။ အဖုအထစ် မရှိ။ သို့ကြောင့် ခိုတက်ရခြင်း ဖြစ်သည်။
သံချိတ် ချိတ်မိသော ကိုင်းသို့ ရောက်လာခဲ့ငြား လို ရာသို့ မရောက်သေးပါ။ အပေါ်ကိုင်းသို့ ထပ်ပစ်ပြီး ကြိုးကိုခို၊ ပင်စည်ကို ကန်လျက် တစ်ဆင့် တက်ရပြန်သည်။
မြင်ကွင်းသည် လင်းသည်ထက် လင်းချင်းလာပြီ။ ကျယ်ပြောသည်ထက် ကျယ်ပြောလာပြီ။
ခဲတစ်ပစ်သာသာ အဝေးရှိ လယ်ကွင်းထဲမှ ကောက်ရိတ်သမတို့၏ တေးသံများ လွင့်ပျံတက်လာ၏။ သာဒွန်းသည် တအောင့်မျှ နားနေပြီးမှ လူတစ်ဖက်စာရှိ ကိုင်းကြီး၏ အဖျားသို့ လျှောက်လာသည်။ ခွဆုံတွင် ကျကျနန ထိုင်သည်။ ဝါးလုံးကို တဖြည်းဖြည်း ဆွဲတင်သည်။
ဖျောင်းကနဲ … ဖျောင်းကနဲ ဝါးလုံးရိုက်သံများ ပေါ်လာသည်။ တစ်ဆက်တည်းပင် ဝေါကနဲ ဖျောကနဲ လက်ပံသီးခြောက်တွေ ကြွေကျသည်။
တစ်ပြိုင်နက်တည်းပင် ပင်ယံထိပ်ဖျားမှ လင်းတ တစ်အုပ် ထပျံပြေးသည်။
“သာဒွန်းရေ … ရှေ့တိုးပါဟ”
ဘ ကြီးချစ်အောင်၏ လှမ်းအော်သံ။
ရှေ့တိုးရန်မှာ မခက်ခဲပါ။ အပေါ်တွင် မိုးနေသည့် အကိုင်းအခက်များကို အားပြုပြီး လျှောက်သွားရုံသာ ရှိသည်။
သို့ရာတွင် သာဒွန်း မောနေသည်။ ဝါးလုံးကိုပင် အရင်းမှ ကိုင်ပြီး ကြွအောင် မ,မနိုင်ချင်။
“တိုးမယ် ဘကြီးရေ့၊ အခုတော့ မောသေးလို့”
သန့်ပြန့်သော လေပြည်သည် တသုန်သုန် ဖြူးလျက် သာဒွန်းကို အားဖြည့်ပေး၏။
ရွာဘက်မှ ကြည်မေ တနဲ့နဲ့ လှမ်းလာနေပြီ။ တောင်း တစ်လုံးကို ရွက်ထားသည်။ ကလေးငယ်ကို ခါးထစ်ခွင် ချီထားသည်။ အကြီးကလေးမူ တစ်စုံတစ်ရာကိုလွယ်လျက် ရှေ့မှ တနဲ့နဲ့ လျှောက်နေသည်။
အလွန်စကားတတ်သော ထို သားကြီး လွယ်ထားသော အရာမှာ ရေဘူးဖြစ်ရမည်ဟု တွေးရင်း သာဒွန်း ပြုံးသည်။ နုံးချိနေသော ကိုယ်လည်း ချက်ချင်း အားပြည့်လာသည်။ ကိုင်းများဘက်သို့ ရွှေ့လာကာ ဝဲယာရှေ့ရှိ အကိုင်းများကို အဆက်မပြတ် ရိုက်ပုတ်ပစ် လိုက်သည်။
ထို့နောက် အပေါ်မှ မိုးနေသော အကိုင်းများကို ဆွဲယမ်းလှုပ်ခါပစ်သည်။
“ကိုသာဒွန်းရေ … ထမင်းထုပ်နဲ့ ရေဘူး တင်ရအောင် ကြိုးချပေးပါအုံး”
ကြည်နူးဖွယ်ရာ ကြည်မေ၏ အသံဖြစ်သည်။
လင်းကတည်းက ဘာမျှ မသွတ်သွင်းခဲ့ရသေးသော ဝမ်းသည် ထမင်းထုပ်ဟူသည့်အသံ ပေါ်လာတော့မှ ပူလောင်ရမှန်း သိလာသည်။ သို့ကြောင့် သာဒွန်းမှာ ဝါးလုံးနှင့် တွဲထားသော ကြိုးကိုယူရန် ပင်စည်ဘက်သို့ လျှောက်သည်။
ကိုင်စရာရမှ လှုပ်ရှားပါလျက်က မိုက်ခနဲ အဖြစ်တွင် ယိုင်ထိုးသွားသည်။
ဘာကိုမျှ မဆုပ်မိ။ ကားကားကြီး ကျသည်။
ကြည်မေ၏ ငယ်သံပါအောင် အော်လိုက်သည်။
ကြောက်မက်ဖွယ် စူးရှကျယ်လောင်သည်။
လင်းတသိုက်အနီး၌ ပုန်းနေသော ရှဉ့်များလည်း အထိတ်တလန့် အော်ကြသည်။
“လက်ပံသီးပုတ်တဲ့ လူတစ်ယောက် ချောပြန်ပြီဟေ့”
ကောက်ရိတ်နေရာမှ ပြေးလာသူ တစ်ယောက်က မဦးမချွတ် အော်သော်လည်း အခြား တစ်ယောက်ကမူ “ဖက်ထားဟ … ဆွဲထားဟ” သံကုန်ဟစ်၍ သတိ ပေးသည်။
သာဒွန်း ဆွဲပါသည်။ သစ်ခက်တွေသာ လက်ထဲ၌ ပြတ်ပါလာသည်။ အောက်ဆုံးကိုင်းအထိ တွယ်ရာမရ။
အောက်ဆုံးကိုင်းဖျားပေါ်သို့ မှောက်လျက်ကျသည်။ အားရပါးရ ဖက်သည်။
သို့သော် အကိုင်းသည် ‘ညွတ်’ကျသွားရာက ပြင်းထန်သောအဟုန်ဖြင့် ပြန်ထောင်မတ်သည်။ သာဒွန်းကို ပက်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
သွားပြီ။
ငါတော့ ကျိုးမလား၊ သေမလား၊ တစ်ခုခုပဲ …
ထိုကဲ့သို့ သာဒွန်း တထစ်ချ တွက်လိုက်စေကာမူ မာကြောသော မြေပြင်နှင့် ဥသျှစ်သီးရိုက်ခွဲဘိသို့ ကိုင်အရိုက်မခံရပါ။
ရေခမိုးချုံပေါ် သို့ ကျသည်။ ရေခမိုးချုံမှာ ကြွပ်ရွ နေသည်။ သာဒွန်း အားယူချိန် ပြင်ဆင်ချိန်ရသည်။ ရေခမိုးချုံပေါ်မှ ကျွံကျလာသောအခါ မြေကြီးပေါ်၌ မတ်တတ် ဖြစ်နေလေပြီ။
“အမယ်လေး ကိုသာဒွန်းရဲ့”
အော်လည်းအော်၊ ဖက်လည်းဖက်လျက် ကြည်မေ ငိုလိုက်ချိန်ဝယ် သာဒွန်းသည် မြေပြင်ကို ဝေ့ဝဲကြည့် မိသည်။
မကောက်ရ မသိမ်းရသေးသော လက်ပံသီးတွေ မြေပြင်မှာ ဖုံးလျက်ပါတကား။
ငွေတာရီမဂ္ဂဇင်း
အမှတ် ၄၁၉
ဇွန်လ၊ ၁၉၉၅
– ပြီး –
စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0