ထောင်မှူးကြီးသိန်းဝင်း

ကျွန်တော်ဟာ ဆိုက်စမစ်ရေနံရှာဖွေရေးမှ အငယ်တန်းတွင်းတူး အင်ဂျင်နီယာလေးတစ်ယောက် ဖြစ်ပါတယ်။ လူကလည်း တောသား၊ တေတေ ပေပေနဲ့ ဖြစ်သလိုနေခဲ့လို့ ပညာတော်လျက်နဲ့ အင်းစိန်(G.T.I)ကျောင်းသာ တက်ခဲ့ရပြီး အညံ့ဆုံးဘာသာရပ်ဖြစ်တဲ့ ‘မိုင်း’ဘာသာရပ်နဲ့ ဒီပလိုမာရခဲ့ပါတယ်။

အဲဒါတောင်မှ ကံကောင်းလို့ သတ္တုတွင်းနဲ့ ကျောက်မီးသွေးတွင်းတွေရှိတဲ့ နယ်စွန်နယ်ဖျား ရောက်မသွားဘဲ ရေနံတွင်းတူးဘက် ရောက်ခဲ့တာ။ ရေနံဆိုတာက မြန်မာပြည်အနှံ့ထွက်နေတာလေ။

ဒီအလုပ်က ကျွန်တော်နဲ့ အတော်အကိုက်သား။ ကျွန်တော်က တောသား၊ တောပျော် တစ်ယောက်လေ။ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်းပြီး ရောက်တဲ့အရပ်မှာ ပျော်တာပါပဲ။

တာဝန်ကျရာ စခန်းနဲ့နီးတဲ့ရွာကို အလွမ်းသင့်အောင် ပေါင်းတယ်။ ကျွန်တော်တို့လို နယ်လှည့်ဝန်ထမ်းတွေအတွက် ဌာနက အသားဘူး၊ ငါးဘူးနဲ့ ရိက္ခာစို၊ ရိက္ခာခြောက် (ရာရှင်) ထောက်ပံ့တယ်။

ကျွန်တော်က လူပျိုလူလွတ် တစ်ကောင်ကြွက်ဆိုတော့ ရသမျှရိက္ခာကို လက်ဆောင်အဖြစ် သုံးတယ်။ ချက်စားတာ မဟုတ်ဘူး။ ကြုံရာမှာ စားတာ။ နီးစပ်ရာ တစ်ရွာလုံးက ကျွန်တော့်ရဲ့ စားအိမ်သောက်အိမ်ပါပဲ။

အလုပ်မအားလို့ အပြင်မထွက်နိုင်ရင်တော့ စခန်းဝန်ထမ်းတွေ စုပေါင်းချက်စားကြတဲ့၊ အလုပ်ကြပ် ဆရာမိုးနဲ့ ဆရာသန်းဇော်တို့ စုပေါင်းချက်စားကြတဲ့ ဝန်ထမ်းဖိုကြီးမှာ ကပ်စားတာပါပဲ။

ရိက္ခာထောက် တာဝန်ခံစာရေးကလေး မောင်ကျော်က ကျွန်တော့်တပည့်ရင်းဆိုတော့ ကျွန်တော်လိုသမျှ ပံ့ပိုးထောက်ပံ့ ကူညီပါတယ်။

စခန်း တာဝန်ခံက (SAE) ဦးကျော်မြင့် ဖြစ်ပေမယ့် ဆရာက အရေးကြီးတာတွေ လုပ်ပြီးတာနဲ့ မြို့သားဆိုတော့ ရန်ကုန်ပြန်နေတာများတယ်။ အဲဒါကြောင့် ကျွန်တော့်လက် ကျွန်တော့်ခြေ။ လက်တွေ့တာဝန်ခံက ကျွန်တော်ဖြစ်နေတာပါပဲဗျာ။

ကျွန်တော်တို့ ပထမ တာဝန်ကျတာက ရန်ကုန် – ပုသိမ်လမ်းဘေးက မဲဇလီရေထိန်းတံတားအနားက မဲဇလီ ရေနံအစမ်းတွင်း ရေနံရှာဖွေရေး ဆိုက်စမစ် အဖွဲ့ပါပဲ။

မဲဇလီဆိုတာက ကျွန်တော်တို့ (၁၀) တန်းမှာ သင်ခဲ့ရတဲ့ ဆရာသိပ္ပံမောင်ဝရဲ့ ခေတ်စမ်းစာပြဋ္ဌာန်းစာအုပ် အထဲက ပစ္စန္တရာဇ်နဲ့ မဲဇလီရွာ၊ ကုက္ကိုဝ ရွာတွေရှိတဲ့နေရာပါပဲ။ မဲဇလီရွာကလေးက သည်မှာဘက်ကမ်း (လှိုင်မြစ်ကြီးရဲ့ တစ်ဖက်ကမ်း)မှာတော့ ကုက္ကိုဝရွာရှိတယ်။ လှိုင်မြစ်ကြီးနဲ့ ရိုးမတောင်ကြီးကို မှီခိုပြီး သစ်၊ ဝါး၊ ရေထွက်ပစ္စည်းလုပ်ကိုင်စားတဲ့ ရွာတွေပါပဲ။

အခုတော့ ဆရာသိပ္ပံမောင်ဝတို့ခေတ်ကလို ပစ္ဆန္တရာဇ် ရွာလေးတွေ မဟုတ်တော့ပါဘူး။ အလွန်
စည်ကားတဲ့ရွာကြီးတွေ ဖြစ်နေကြပါပြီ။ ရေနံအစမ်းတွင်းတွေ တူးကြတော့ ကျွန်တော်တို့အဖွဲ့က ပဲခူးရိုးမတောင်ခြေ ‘မရိုးဖြူ’ ဆိုတဲ့ ရွာကလေးအနားမှာ
တာဝန်ကျတယ်။

ကောင်းကင်ဂြိုဟ်တု မြေပုံအရ အလားအလာအကောင်းဆုံး ရေနံသိုက်ကြီးရှိတဲ့နေရာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ယာယီစခန်းလေးကိုလည်း ‘မရိုးဖြူရေနံအစမ်းတွင်းစခန်း’လို့ အမည်ပေးထားပါတယ်။ လောလောဆယ်တော့ တွင်းမတူးနိုင်သေးပါဘူး။ ရိုးမတောင်ခြေ ကွင်းခေါင်ခေါင် ကုန်းမို့မို့အပေါ်မှာ ယာယီဝန်ထမ်းတွေ တဲနဲ့ ရေနံတွင်းတူးပစ္စည်းတွေချတုန်း၊ တွင်းနေရာကို ရွေးချယ်တုန်းပါပဲ။

ဒါကြောင့် ကျွန်တော် အားတာနဲ့ မရိုးဖြူရွာထဲကို ပတ်နိုင်တာပါ။ ရွာထဲမှာ ခင်ရာမင်ရာအိမ်ဝင်၊ ရိက္ခာအသားဘူး လက်ဆောင်တွေပေး၊ ကာလသားတွေ သင့်အောင်ပေါင်း၊ အရက်တိုက်၊ ထန်းရည်တိုက်၊ ငွေကြေးသုံးနိုင်တော့ ကျွန်တော့်နာမည် အင်ဂျင်နီယာ တောက်ထိန်ကို တစ်ရွာလုံးက “ဗိုလ်တောက် … ဗိုလ်တောက်” နဲ့ ကလေးကအစ ခွေးကအစ သိကြပါတယ်။

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ တစ်ရွာလုံးနဲ့ သင့်ရုံတင်မက ရပ်ရွာသူကြီး ဦးစိန်မှတ်နဲ့ ရွာဘုန်းကြီးကျောင်းက သက်တော်ရှည်ကပ္ပိယကြီး အဘိုးဖြူကိုပါ တည့်အောင်ပေါင်းထားတာပါ။

မရိုးဖြူရွာက အင်္ဂလိပ်ခေတ်ကတည်းကပင် အလွန်စည်ကားတဲ့ ရွာဟောင်းကြီး။ သစ်ပေါ၊ ဝါးပေါ၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့။ ဆရာတော် ဘုန်းကြီးကျောင်းက ရွာဖျားမှာ အခုအထိ ကြီးကျယ်ခမ်းနားတုန်းပဲ။ ယခင်ဆရာတော်ကြီးက သက်တော် (၉၀) ကျော်မှာ ပျံလွန်တော်မူပြီး အခု ဆရာတော် ဦးဝိမလကတော့ သက်တော် (၇ဝ)၊ ဝါတော် (၅၀)။

ကပ္ပိယကြီး အဘိုးဖြူကတော့ အသက် (၈၀) ကျော်၊ သန်တုန်းမြန်တုန်း ရှေးမီနောက်မီ အဘိုးကြီးပဲ။ ဗိန္ဒောနဲ့ ပယောဂ ဆရာကြီး။ “သမားဆို အိုစေ” ဆိုသလို တစ်ရွာလုံးက နှစ်ပေါင်းများစွာ အားထားရတာ။ ဆေးစွမ်းထက်သလို ဩဇာတိက္ကမလည်းကြီးတော့ ကပ္ပိယကြီးဆိုပေမယ့် ကျောင်းထိုင်ဆရာ တော်နဲ့ သူကြီးကပါ ဆရာတင်ထားရတာ။

ဒါကြောင့် ကျွန်တော်ကလည်း ဆရာတော်နဲ့ အဘိုးဖြူကို ကပ်ပေါင်းရတော့တာပေါ့။

ကျွန်တော်က တစ်လကို နှစ်ကြိမ် ရုံးကိစ္စနဲ့ လိုအပ်တဲ့ ရိက္ခာပစ္စည်းဝယ်ဖို့ စီးတော်မြင်း HINO (TE) ကားကြီးနဲ့ ရန်ကုန်မြို့ကို တက်ရတယ်။

အဲဒီအခါမှာ သူကြီးနဲ့ အဘိုးဖြူအတွက် လက်ဆောင်အဖြစ် လက်နှိပ်ဓာတ်မီး (တုတ်မီး) နဲ့ ဓာတ်ခဲတွေ ဝယ်လာပြီး လက်ဆောင်ပေး ပေါင်းတာ။ သူတို့လည်း ကျွန်တော့်ကို အလွန်ခင်ကြတယ်။

တစ်ရွာလုံးက ခေါ်ကြသလို ကျွန်တော့်ကို ဗိုလ်တောက်လို့ပဲ ခေါ်ကြပါတယ်။ ကျွန်တော်ကလည်း ရပ်ရေးရွာရေးကိစ္စမှာ ကားအကူအညီ၊ လုပ်အား အကူအညီ အချိန်မရွေး ပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့စခန်းနဲ့ မရိုးဖြူရွာက တသွေးတသားတည်းပါပဲ။

တစ်နေ့တော့ ဘဘိုးဖြူနဲ့ ဘုန်းကြီးကျောင်းမှာတွေ့ပြီး အာလာပ သလ္လာပစကားတွေ ပြောကြရင်း ကျွန် တော်တို့ စခန်းချရာ နေရာအကြောင်းကို အဘိုးဖြူ က ရှေးမီနောက်မီ လူကြီးပီပီ ပြောပြတယ်။

“ဗိုလ်တောက်ရေ၊ မင်းတို့ရေနံတူးဖို့ စခန်းချတဲ့နေရာကို ပေါ့ဆဆ မလုပ်နဲ့။ အဓိကရ နေရာဟ။ ပသီနတ်မောင်နှမ ပိုင်တယ်။ မြေကြမ်းတယ်။ မတော်တ ရော်လုပ်လို့ မရဘူး။ ဆင်ဆင်ခြင်ခြင်နေမှ တန်ကာကျမယ်”

“အဘိုးရယ် ပြောပါဦး၊ ဆင်ခြင်လို့ရအောင်။ ကျွန်တော့်အဖွဲ့တွေက ပရမ်းပတာလူကြမ်းတွေ”

“အေး … လူကြမ်းတော့ နတ်ကြမ်းမခံနိုင်ဆိုပေမယ့် သူ့နေရာနဲ့သူ ရှိတယ်ကွ။ သူ့စည်း ကိုယ့်စည်းပေါ့။ သူ့ကို ကိုယ်က လေးစားမှ သူ့က ကိုယ့် ပြန်လေးစား မှာပေါ့ … မဟုတ်လား။

မင်းတို့နေရာကို လွန်ခဲ့တဲ့ အနှစ် (၁၅၀) ကျော်လောက်တုန်းက လက်ပံလှချိုင့်ဝှမ်းလို့ ခေါ်တယ်။ လက်ပံလှချောင်းဖျား မြစ်ဖျားခံရာ ဒေသပေါ့။ လက်ပံလှချောင်းက ပဲခူးရိုးမကို အခြေခံပြီး လှိုင်မြစ်ထဲကို စီးဝင်တာ။

၁၈၅၂ ခုနှစ်တုန်းက အင်္ဂလိပ်တွေ မြန်မာပြည်အောက်ပိုင်းကို သိမ်းယူပြီးကတည်းက ဘုံဘေဘားမားသစ်ကုမ္ပဏီက လက်ပံလှသစ်ထုတ်လုပ်ရေးစခန်းဆိုပြီး အထိုင်ချ သစ်စခန်းကြီးဖွင့်ခဲ့တာ။ လက်ပံလှချောင်းကနေ လှိုင်မြစ်ထဲ သစ်မျှောချပြီး သစ်ထုတ်ခဲ့တာ။ မင်းတို့စခန်းမှာ သစ်ဆွဲဆင် အကောင် (၂၀) လောက် ရှိပြီး ဆင်ဦးစီးတွေက အိန္ဒိယက ကုလားတွေ။ မြန်မာဆင်ဦးစီးဆိုလို့ နည်းနည်းပဲရှိတယ်လို့ ကြားဖူးတယ်။

မျက်နှာဖြူသစ်တောမန်နေဂျာ ရုံးစိုက်ရာနေရာပေါ့။ အလုပ်သမားအားလုံး ရာဂဏန်းနဲ့ အတော်ကြီးကျယ်တဲ့ သစ်ထုတ်စခန်းကြီးပဲ။ အဘိုးဖြူတို့ရွာလည်း အဲဒီစခန်းကြီးကိုမှီပြီး ရွာကြီးဖြစ်လာတာ။

အခု ရွာသူရွာသားတွေအထဲမှာ အဲဒီစခန်းကြီးက အဆက်အနွယ်တွေ အခုထိ ကျန်သေးတယ်။ ဒါပေ မယ့် အဖျားအနားတွေပါ။ အဲဒီစခန်းကြီးအကြောင်း မသိကြပါဘူး။ အဘိုးသာ ရှေ့မီနောက်မီ လေ့လာခဲ့လို့ သိနေတာပါ။ အဘိုးလည်း မမီခဲ့ပါဘူး။ အဘိုး က ဒုတိယကမ္ဘာစစ်ဖြစ်မှမွေးတာလေ”

“ဒါနဲ့ အဘိုး၊ အဲဒီ လက်ပံလှစခန်းနဲ့ လက်ပံလှချောင်းက ဘယ်လိုဖြစ်ပြီး ပျောက်ကွယ်သွားရတာလဲ”

“အဲဒါကို ပြောမယ်လေကွယ်။ မင်း တကယ်လောတာကိုး။ လက်ပံလှချောင်း၊ လက်ပံလှစခန်းဆိုတာ အဲဒီတုန်းက အဲဒီအနားမှာရှိခဲ့တဲ့ အဓိကရ လက်ပံပင်ကြီးကို အစွဲပြုပြီး မှည့်ခေါ် ခဲ့တာ။

အဲဒီနေရာဟာ ပသီနတ်မောင်နှမနယ်မြေ။ လင်မယားအတူနေတာ လက်ခံပေမယ့် အိမ်ထောင်ရေးဖောက်ပြန်တာကို လုံးဝ လက်မခံဘူး။ လက်ပံလှစခန်းကြီး စည်ကားလာတော့ အဲဒီမှာ အမှားဖြစ်ဟန်တူပါတယ်။

တော်လဲ၊ ငလျင်လှုပ်၊ မြေပြို၊ ရေကြီးပြီး စခန်းကြီး ပျက်စီးပြီး ပျောက်ကွယ်သွားတော့တာပဲ။ ပထမ ချောင်းရေလျှံတယ်၊ ဒုတိယ တော်လဲသံကြီးနဲ့ လျှပ်စီးတွေလက်၊ လေကြီးမိုးကြီးကျတယ်။ အိမ်ထောင်စုအတော်များများ ကိုယ်လွတ်ရုန်းပြီး အဘိုးတို့ရွာဘက် ပြေးလာကြလို့ ဘေးလွတ်တယ်။

တတိယ ရေကြီးပြီး မြေပြိုတယ်။ ရိုးမတောင်ဆွယ်တစ်ခုလုံး ပြိုကျတာ။ နောက်ဆုံးတော့ လက်ပံလှသစ်စခန်းတစ်ခုလုံး မြေအောက်ရောက်ပြီး ပျောက်ကွယ်သွားတော့တာပဲ။ လက်ပံလှချောင်းလည်း တဖြည်းဖြည်း ကောသွားတော့တာပဲ။

အဲဒါက ရှေးလူကြီးတွေ အစဉ်အဆက်ပြောလို့ အဘိုးလည်း သိရတာ။ အခုတစ်ခါလည်း မောင်ရင်တို့က ဒုတိယအကြိမ် လက်ပံလှစခန်းတည့် တည့်အပေါ်မှာ ရေနံတူးကြဖို့ စီစဉ်ကြပြန်ပြီ။ အစိုးရတာဝန်နဲ့ဆိုတော့ လုပ်ရမှာပေါ့။

ဒါပေမယ့် ဒေသခံအစောင့်အရှောက်ပုဂ္ဂိုလ်တွေကိုတော့ လေးစားပါ။ ဒုတိယအကြိမ် အမှားမဖြစ်ဖို့တော့ သတိထားရမယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေပဲ။ တွင်းစတူးရင်တော့ ဒေသထုံးစံအတိုင်း ကန်တော့ပွဲနဲ့တင်မြှောက်ပသပေါ့။ မင်းတို့ဆန္ဒရှိရင် အဘိုးဦးဆောင်ပြီးလုပ်ပေးပါ့မယ်။ လိုအပ်တဲ့ပစ္စည်းသာဝယ်ပေး၊ နေ့ကောင်းရက်သားရွေးပြီး လုပ်ပေးမယ်”

“ဟုတ်ကဲ့ အဘိုး၊ ကျွန်တော် အားကိုးပါတယ်။ အဘိုးစီစဉ်ပေးပါ။ ကျွန်တော်တို့ ရေနံတွင်းတူးဖို့ အဆင်သင့်ဖြစ်တာနဲ့ ပြောပါ့မယ်”

နောက်တစ်ပတ်ခန့်ကြာတော့ ကျွန်တော်တို့ ရေနံအစမ်းတွင်းတူးရန် အရန်သင့်ဖြစ်သောအချိန်တွင် ကျွန် တော် မရိုးဖြူရွာဘုန်းတော်ကြီးကျောင်းသို့ သွား၍ အဘိုးဖြူနှင့် တွေ့သောအခါ-

“ဗိုလ်တောက် … မင်းတို့ အရန်သင့် ဖြစ်ပြီမဟုတ်လား။ လာမယ့် တနင်္ဂနွေနေ့က အလုပ်ပိတ်ရက်ဆိုပေမယ့် ရက်ရာဇာကျတယ်။ စနေနေ့ ပစ္စည်းဝယ်၊ တနင်္ဂနွေ အလုပ်စပေါ့။ ဟန်မကျဘူးလား”

“ဟန်တော့ ကျပါတယ် အဘိုးရယ်။ ကျွန်တော့် ဝန်ထမ်းတွေက ကျွန်တော်ပြောရင် ရပါတယ်။ အခုလည်း ပစ္စည်းသယ်၊ တွင်းစင်တာက ကျွမ်းကျင်သူ လုပ်တာ။ သူတို့အလုပ်က အမိန့်ပေးတဲ့အချိန်မှာ လွန်စက်ကြီးမောင်းပြီး အလှည့်နဲ့စောင့်ကြည့်ရုံပါပဲ။ အင်ချက်တွေကလည်း ကျွန်တော့်ထက် အသက် ကြီးပေမယ့် ကျွန်တော့်ဘယ်လက်ရုံး ဆရာသန်းဇော်နဲ့ ညာလက်ရုံး ဆရာမိုးပါ။

အဲ ဒါပေမယ့် ကျွန်တော့်အထက်က ဆရာ (SAE)ဦးကျော်မြင့်က အလုပ်ပိတ်ရက် ရန်ကုန်ပြန်မှာဆိုတော့ ရှိမှာမဟုတ်ဘူး။ ကျွန်တော်ပဲရှိပြီး တာဝန်ခံရမှာပါ”

“မင်း တာဝန်ခံလုပ်လည်း ပြီးတာပါပဲကွာ။ လုပ်ရိုးလုပ်စဉ်ပဲ မဟုတ်လား။ ငါလည်းရှိနေတာပဲ”

“ဟုတ်ကဲ့ပါ အဘိုးဖြူ။ ကျွန်တော် SAE ကို ခွင့်တောင်းပြီး အကုန်စီစဉ်ထားပါ့မယ်။ စနေနေ့ ဆားမလောက်ကို သွားပြီး ဆရာမိုးနဲ့ ဈေးဝယ်ပါ့မယ်။ အဘိုးကသာ လိုအပ်သမျှ ဈေးစာရင်း ရေးပေးပါ”

“အေး … အေး၊ ငါ ဈေးစာရင်းရေးပြီး ပို့ခိုင်းလိုက်မယ်။ နတ်မောင်နှမ ကန်တော့ပွဲတင်မက အဲဒီနေ့မှာ အန္တရာယ်ကင်းပရိတ်နဲ့ မေတ္တသုတ်ပါ ရွတ်ဖတ် သရဇ္ဈာယ်ရအောင် ဘုန်းကြီး(၅)ပါးပင့် ရမှာမို့ နေ့ဆွမ်းလေးလည်း ကပ်ရမယ်”

“လုပ်ပါ အဘိုးရယ်။ ဘုန်းကြီးတွေကို ဆွမ်းကပ်ရုံတင်မက သင်္ကန်းပါ ကပ်ပါ့မယ်။ ဝန်ထမ်းတွေနဲ့ ရွာက ကာလသားတွေ ဝိုင်းဝန်းကူညီသူတွေကိုပါ နေ့လယ်စာ ထမင်းကျွေးနိုင်အောင် ကျွန်တော် စီစဉ်ထားပါ့မယ်။ တွင်းစတူးရမယ့် မင်္ဂလာအချိန်က ဘယ်အချိန်လောက်လဲ အဘိုးဖြူ”

“(၁၁) မီးငြိမ်းအောင် မနက် (၁၁) နာရီအချိန်ကို ရွေးထားတယ်။ ဘုန်းတော်ကြီးတွေ ဆွမ်းကပ်ပြီးချိန်လောက်ပေါ့”

“ဟုတ်ကဲ့ ကောင်းပါတယ်အဘိုး”

တနင်္ဂနွေနေ့တွင် ဆရာတော်က ငါးပါးသီလပေးပြီး ဘုန်းတော်ကြီးများနှင့်အတူ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်၍ မေတ္တသုတ်ကို ရွတ်ဆိုကြသည်။ ပြီးမှ ရေစက်ချ အမျှဝေ မေတ္တာပို့ပြီး ဆရာတော်များအား ဆွမ်းကပ်သည်။

နေ့လယ်(၁၁)နာရီတိတိ၊ အဘိုးဖြူ ရွေးပေးသော မင်္ဂလာအချိန် (၁၁) နာရီတိတိတွင် လွန်သွားစက်ကြီးကို စတင်မောင်း၍ ဧည့်သည်များအား နေ့လယ်စာ ထမင်းကျွေးပါသည်။ နတ်မောင်နှမ ပူဇော်ပွဲကိုတော့ အဘိုးဖြူက မနက်စောစောကပင် ပြုလုပ်ပြီး ဖြစ်ပါသည်။

ကျွန်တော်တို့ နေ့လယ်စားရန် ထိုင်ကြစဉ်၌ပင် တွင်းတူးအဖွဲ့ (၂) ခေါင်းဆောင် ဆရာသန်းဇော် ရောက် လာပြီး မြေတစ်ဆုပ်ကို လာပြသည်။

“ဗိုလ်တောက်နဲ့ ဆရာမိုး၊ ပေ(၅၀) အနက်က ဟောဒါတွေ ထွက်လာတယ်။ မြေကြီးမဟုတ်ဘူး၊ ကျွန်းသားမှုန့်တွေပဲ။ ဝါထိန်ပြီး ကျွန်းသားနံ့ ထွက်နေတယ်။ မြေအောက်အထဲမှာ ရှေးတုန်းက ကျွန်းသားအငုတ်များ ကျန်ခဲ့ရော့သလား မသိဘူး”

ဆရာမိုးက သူ့ထုံးစံအတိုင်း အဆဲကလေးဖြင့်

“အနက်ပေ(၅၀)မှာ ကျွန်းငုတ်က ရှိမလားဟ။ ကျွန်းပင်ငုတ်ပဲ၊ ရှိလှ အနက် လေး ငါးပေပေါ့။ မင်းပထွေး ကျွန်းငုတ်က အဝီစိမှာ သွားရှိရမှာလား သန်းဇော်ရဲ့။ စဉ်းစားချင့်ချိန်ပြီးမှ ပြောစမ်းပါ”

“သိဘူးလေ ဆရာမိုးရဲ့။ အင်္ဂလိပ်ခေတ်ကဆိုတော့ လွန်ခဲ့တဲ့အနှစ် (၁၅၀) ကျော်က အဘိုးဖြူပြောတော့ ငလျင်လှုပ်၊ မြေပြိုပြီး စခန်းကို ဖုံးသွားတာဆို မဟုတ်လား … “

ထိုအခါမှ ကျွန်တော်က ဝင်၍ –

“ဆရာမိုး ဖြစ်နိုင်တယ်ဗျ။ အင်္ဂလိပ်ခေတ်က ပုံထားတဲ့ သစ်လုံးပုံပေါ် လွန်သွားကျသွားဟန် တူတယ်”

“လာပြန်ပြီ တစ်ယောက်။ လွန်ခဲ့တဲ့ အနှစ် (၁၅၀) ကျော်ကသစ်လုံးတွေ ဆွေးရောပေါ့ဟ”

“ဆရာမိုး မြန်မာ့ကျွန်းဗျ။ နောက်ပြီး လေမိုးမထိဘဲမြေကြီးထဲမြုပ်နေတာ။ နှစ်ထောင်နဲ့ချီပြီးတောင် ခံချင် ခံဦးမယ်”

“ကဲ ဆရာမိုးတို့ စားပြီးရင် ကျွန်တော်တို့အလှည့်နော်။ နေ့လယ် (၁၂) နာရီမှာ ဂျူတီချိန်းမယ်”

“အေးပါဟ … အငတ်ရ။ ဒီနေ့ ဟင်းကောင်းကောင်းနဲ့ ပြည့်ပြည့်စုံစုံ ဝလင်အောင် စားရမှာပါ။ ငါ အများကြီးလုပ် ထားပါတယ်”

ထိုနေ့ (၁၂)နာရီတွင် ဆရာမိုးနှင့် ဆရာသန်းဇော်တို့အဖွဲ့ ဂျူတီချိန်းသည်။ ဤကဲ့သို့ပင် (၆)နာရီ (၁)ကြိမ် ဂျူတီချိန်း အနားယူကြရသည်။ တွင်းတူးလွန်စက်ကြီးကိုတော့ အနားမပေး နေ့အဆိုင်း၊ ညအဆိုင်းခွဲ၍ လုပ်ကြရသည်မှာ ထုံးစံဖြစ်ပါသည်။

ည (၆)နာရီထိုးအပြီး ဆရာသန်းဇော်တို့အဖွဲ့ ညစာစောစောစား၍ လုပ်ငန်းခွင်အဝင်၊ ဆရာမိုးတို့ လုပ်ငန်းခွင်က အထွက်၊ မရိုးဖြူရွာက ကာလသားခေါင်း ကိုစိန်မှတ်တို့ ရောက်လာကြပြီး ညစာစားရန် ဖိတ်သည်။

ကျွန်တော်နှင့် ဆရာမိုးလည်း အားလပ်နေသဖြင့် တဲမှ အရက်ပုလင်းများ ဝင်ယူကာ မရိုးဖြူရွာ ကာလသားခေါင်း ကိုစိန်မှတ်အိမ်သို့ လိုက်ခဲ့ကြပါ သည်။

ကိုစိန်မှတ်အိမ်တွင် ကာလသားများနှင့် စားဝိုင်းကြီးက အဆင်သင့်ပြင်ဆင်ထားသည်။ ကျွန်တော်တို့ အသင့်ပါလာသည့် ပုလင်းများ အပ်လိုက်တော့ ဝိုင်းစကြသည်။

အမြည်းက အလွန်ကောင်းသည်။ ချေဝမ်းတွင်းသား ကာလသားချက်၊ ချေအရိုးနှင့် ခြေထောက်ဟင်းချို၊ ချေခေါင်းသုပ်၊ ချေသားဆီပြန်ဟင်း ဖြစ်ပါသည်။ ကိုစိန်မှတ်က …

“ဗိုလ်တောက်ရေ၊ အဘိုးဖြူကတော့ ပြောတယ်။ ရွာထဲ ချေဝင်လာလို့ ကျွန်တော်တို့အဖွဲ့ ဝိုင်းရိုက်ပြီးချက်ထားတာကို သိသွားလို့ ရွာထဲ တောကောင်ဝင်လာတာ နိမိတ်မကောင်းဘူးတဲ့။ သတိထားကြတဲ့လေ”

ဆရာမိုးက –

“တောင်ခြေတောနဲ့ ဆက်နေတဲ့ ရွာပဲ။ တောကောင်ဝင်တာ ဘာဆန်းလို့လဲ။ အဘိုးဖြူကတော့ ရှေးလူကြီးပီပီ အတိတ်တွေ နိမိတ်တွေ ကောက်နေပြန်ပါပြီ။ ပိုင်ရာဆိုင်ရာတွေကိုလည်း လုပ်သင့်တာတွေ လုပ်ပြီးပြီပဲ။ တောကောင်ဝင်တော့ ဘာဖြစ်သလဲ။ အခုလို ပျော်ပျော်ပါးပါး စားရတာ အမြတ်ပေါ့။

အခုဟာက ပိုင်ရာဆိုင်ရာတွေက အသိအမှတ် ပြုတဲ့အနေနဲ့ လက်ဆောင်ပြန်ပေးတာ။ တောကောင်သား မစားရတာလည်း ကြာပြီလေ”

ကျွန်တော်တို့အဖွဲ့ စကားဝိုင်းဖွဲ့ ရင်း စားကြသောက်ကြသည်မှာ ည (၉) နာရီထိုးသွားသော်လည်း ဝိုင်းက မပြတ်သေး၊ အရှိန်တက်တုန်းပင်။

ထိုစဉ်အခါက တပေါင်းလညချမ်း ပူအိုက်တုန်း အချိန်၊ လေရူးကလေးက တစ်ချက်တစ်ချက် ဝေ့ဝဲတိုက်ခိုက်လာသည်။

ည (၉) နာရီကျော်သည်နှင့် ရိုးမတောင်ပေါ်တွင် လေတိုက်သံကို ကြားရသည်။ လေသံက တဝေါဝေါ။ တောသံတောင်သံ ဟိန်းနေသည်။

အချိန်က တပေါင်းလထဲဖြစ်၍ သင်္ကြန်မိုးကလည်း ဝေးပါသေးသည်။ သို့သော် ရိုးမပေါ် တွင် လျှပ်စီးများလက်ပြီး လျှပ်ရောင်ကြောင့် မိုးသားများ ဆင်းလာသည်ကို မြင်တွေ့နေရသည်။

ဆရာမိုးက …

“ကဲဟေ့ အမြန်စားသောက်ပြီး ဝိုင်းဖြတ်ကြရအောင်။ အခါမဲ့မိုးက တကယ်ရွာမယ်ထင်တယ်။ သန်းဇော်တို့အဖွဲ့ မိုးရွာထဲမှာ ဒုက္ခရောက်ကုန်လိမ့် မယ်။ စခန်းအမြန် ပြန်ကြရအောင်”

ကျွန်တော်တို့ သောက်ဝိုင်းသိမ်း၍ ညစာစားနေကြစဉ် မိုးက သဲသဲမဲမဲ ရွာချလာသည်။

“ဝေါ … ဝေါ … ဝေါ”

“ဝုန်း … အုန်း … အုန်း … ဂျိမ်း”

ရိုးမတောင်ကြီး ပြိုဆင်းလာသလိုအသံမျိုး ငလျင်လှုပ်သလို မရိုးဖြူတစ်ရွာလုံး သွက်သွက်ခါသွားသည်။

တော်လည်းသံကြီးမှာ (၅) မိနစ်ခန့်သာ ကြာသော်လည်း သဲသဲမဲမဲရွာသောမိုးကြီးက မတိတ်ပါ။ ရေလည်း တကယ်ပါသည်။ နွေရာသီ ပူပြင်းခြောက်သွေ့သောအချိန် ရွာသောမိုးဖြစ်သော်လည်း အငြိုးကြီးလှသည်။ တစ်ရွာလုံး ရေဖွေးသွားသည်။

မိုးသဲသဲထဲ မြေပြိုသံများ ကြားနေရ၍ ကျွန်တော်တို့ အပြင်မထွက်ရဲ။ ညကလည်း ပိန်းပိတ်အောင်မှောင်နေသည်။

အရုဏ်ဦး ရောင်ခြည်လာမှ မိုးက တုံးတိတိ ရပ်သွားသည်။

ထိုအချိန်တွင် ခမောက်ဆောင်း၍ ကျွန်တော် လက်ဆောင်ဝယ်ပေးထားသော တုတ်မီးကိုကိုင်လျက် အဘိုးဖြူ ရောက်ရှိလာသည်။

“မင်းတို့တွေ ဒီမှာရှိနေမှန်း ငါသိတယ်။ မင်းတို့စခန်းတော့ အမှားတစ်ခုခုကြောင့် ဘေးသင့်ပြီထင်ပါရဲ့။ ဝန်ထမ်းတွေ ဘေးမှလွတ်ကြရဲ့လား မသိ။ ကဲ … လာကြ။ ကာလသားခေါင်းက ရှေ့ကဦးဆောင်။ အချိန်အခါမဲ့ မိုးကြောင့် ပိုးမွှားတွေ ထွက်တတ်တယ်။ သတိထားကြ”

ကျွန်တော်တို့ စခန်းအနီးရောက်တော့ မယုံစရာ မြင်ကွင်းကို တွေ့ရသည်။ ရိုးမတောင်တန်းနှင့် ဆက်နေသော စခန်းကုန်းကလေးမှာ ချိုင့်ဝှမ်းကြီးဖြစ်နေပြီး ရေလွှမ်းနေသောရေကန်ကြီး ဖြစ်နေသည်။ တစ်ပိုင်းတစ်စ ပေါ်နေသော ကျွန်းသစ်လုံးပုံများက ချိုင့်ဝှမ်းအတွင်း အများအပြား တွေ့ရပြီး ရေကရွှံ့ညွန်များနှင့်အတူ အောက်ဘက်သို့ စီးဆင်းနေဆဲ။

ကျွန်တော်တို့ ရေနံတွင်းတူးစင်ကြီးက ကျွန်းသစ်လုံးပုံထဲမှ ထိုးထွက်နေပြီး အခြားသစ်လုံးပုံတစ်ခုအပေါ်သို့ လဲကျနေရာ အစိမ်းပုပ်ရောင် ရေနံစိမ်းများ တပွက်ပွက်နှင့် ထွက်အန်ကျနေသည်။

တစ်နေရာတွင် ရေနံစိမ်းပုံကြီး ဖြစ်နေသည်။ ရေနံအစမ်းတွင်း အောင်မြင်ခြင်းဖြစ်ပါသည်။ အဘိုးဖြူက

“ကဲ တွေ့ကြသလား။ အဲဒါ အင်္ဂလိပ်ခေတ်က လက်ပံလှသစ်စခန်းကြီးပဲ။ အမှားတစ်ခုခုကြောင့် ငလျင်လှုပ် မြေပြိုပြီး မြေအောက်ရောက်ခဲ့ရရာက ဟော အခုတော့ နောက်အမှားတစ်ခုခုကြောင့် ပြန်ပေါ်ခဲ့ရပြန်ပြီ။

ဒီတစ်ခါ အမှားကတော့ ဝန်ထမ်းတွေ အဆုံးအရှုံးရှိနိုင်ပေမယ့် နိုင်ငံတော်အတွက် ကျွန်းသစ်လုံးတွေနဲ့ ရေနံစိမ်းတွင်း အောင်မြင်တာက အမြတ်ပဲပေါ့။

ငါ နိမိတ်ဖတ်သားပဲ။ ရွာထဲ တောကောင်ဝင်တုန်းက နိမိတ်မကောင်းဘူးလို့”

ထိုအချိန်တွင် လယ်ကွင်းထဲ၌ ဖုန်တထောင်းထောင်းဖြင့် ကား(၂)စီး မဲဇလီစခန်းဘက်မှ အပြင်းမောင်းနှင်လာနေသည်။ ကားများရပ်၍ ဆင်းလာသူများကတော့ အင်ဂျင်နီယာ ဦးကျော်မြင့် ဦးဆောင်လာသော ဝန်ထမ်းများအဖွဲ့။

ထူးဆန်းသည်ကတော့ မဲဇလီစခန်းက ရေနံဝန်ထမ်းများအပြင် ကျွန်တော်တို့စခန်းမှ မြေပြိုရာတွင် ပါဝင်ဆုံးရှုံးသွားပြီဟု ယူဆထားသော ဆရာမိုးအဖွဲ့က အနားယူဝန်ထမ်းများနှင့် ဆရာသန်းဇော် အဖွဲ့မှ ဝန်ထမ်းအချို့ ဖြစ်သည်။ ကျန် ဝန်ထမ်းများ ဘယ်ပုံရှိသည်မသိ။

ကျွန်တော်တို့ အုပ်စုထံသို့ ဆရာသန်းဇော် အပြေးရောက်ရှိလာပြီး

“အောင်မယ်လေး ဗိုလ်တောက်နဲ့ ဆရာမိုးတို့ရယ်၊ အကောင်းအတိုင်းပါပဲလား။ တော်ပါသေးရဲ့ဗျာ၊ ဝမ်းသာလိုက်တာ”

ဆရာမိုးက –

“ဟဲ့ကောင် သန်းဇော်ရဲ့။ ငါတို့က ဘာဖြစ်ရမှာလဲ။ မင်းတို့ မြေပြိုတဲ့အထဲ ပါသွားရမှာ မဟုတ်လား”

“အဲ့လိုမဟုတ်ဘူး ဆရာမိုးနဲ့ ဗိုလ်တောက်ရဲ့။ ဆရာတို့ကို မဲဇလီစားသောက်ဆိုင်တန်းမှာ အရိုက်ခံရတာ သေလုမြောပါးပဲဆိုလို့ ကျွန်တော်တို့အဖွဲ့ လူစုပြီး တာဝန်ကျနေကြတဲ့ စိန်ကုလားနဲ့ သန်းဌေးတို့ (၅) ယောက် အဖွဲ့ကိုပဲ ထားခဲ့ပြီး အနားယူနေတဲ့ ဆရာမိုးတပည့်တွေကိုပါခေါ်ပြီး ချီတက်သွားကြတာ။

HINO (TE) ကားကြီးရှိပေမယ့် ကားသမားညွန့်မောင်ကို ရှာမရလို့ အပြေးအလွှားသွားကြရတာ။ လာခေါ် တာက ကုလားကလေးတစ်ယောက်ဗျ။

ဟိုစခန်းရောက်တော့ ဆရာမိုးတို့ကိုလည်း မတွေ့ဘူး။ လာခေါ်တဲ့ ကုလားလေးလည်း မတွေ့တော့ဘူး။ ဆိုင်တန်းတွေက ဒီည ရန်ဖြစ်စကားများသံတောင် မကြားမိပါဘူးတဲ့။

ဗိုလ်တောက်နဲ့ ဆရာမိုးကိုလည်း သိနေကြတော့ ဒီညလာတာကိုတောင် မတွေ့ဘူးတဲ့။ ကျွန်တော်တို့ အရူးဖြစ်ကရော။

စခန်းပြန်မယ်လုပ်တော့ လေတွေတိုက်ပြီး မိုးကျလာတယ်။ အဲဒါနဲ့ ကျွန်တော်တို့အုပ်စုတွေ ဆိုင်တစ်ဆိုင်မှာ မိုးခိုစားသောက်ရင်းနေတုန်း စခန်းချရာ ဘက်က မြေပြို၊ မိုးကြိုးပစ်သံ၊ တော်လည်းသံတွေကြောင့် ညဘက်ကြီး မပြန်ရဲတော့ဘဲ ရောင်နီလာမှ အင်ဂျင်နီယာ ဦးကျော်မြင့်ကို အကြောင်းကြားပြီး (TE) ကား(၂)စီးနဲ့ ထွက်လာကြတယ်။

စခန်းက တာဝန်ကျ ကျွန်တော့်ကောင်တွေတော့ မြေပြိုတဲ့အထဲ ပါသွားကြပြီ ထင်ပါရဲ့။ ကျွန်တော်တို့သာ ကုလားကလေးကယ်လို့ ကံကောင်းထောက်မပြီး ကျန်နေခဲ့တာ။ မိုးက ကွက်ကြားမိုးဗျနော်။ အလွန်ထူးဆန်းတယ်။ မဲဇလီစခန်းဘက်မှာ ဖုန်သိပ်ရုံပဲ နည်းနည်းရွာတာ အံ့ဩစရာပဲနော်။ သဘာဝကြီး အလွန်ဆန်းပါရဲ့ဗျာ။ ဘာတွေဘယ်လိုဖြစ်ကုန် သလဲဆိုတာတောင် မသိတော့ပါဘူးဗျာ”

ကျွန်တော်တို့ အဖွဲ့များခွဲ၍ ရှာဖွေရေးလုပ်ကြသည်။အင်ဂျင်နီယာ ဦးကျော်မြင့်တို့အဖွဲ့က ချိုင့်ဝှမ်းထဲ ကြိုးချည်ပြီး ဆင်း၍ရှာကြသည်။

ကျွန်တော်တို့အဖွဲ့က လူခွဲ၍ ချိုင့်ဝှမ်းအောက်ပိုင်းနှင့် ရိုးမကြောပေါ်သို့ ရှာကြသည်။ ချိုင့်ဝှမ်းအောက်ပိုင်းက လတာပြင်လို ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေပြီး ရေများရှိနေဆဲ။

မြေအောက် ရေစီးသံသဲ့သဲ့ကို ကြားနေရသည်။

အဘိုးဖြူ ပြောသည်ကတော့ လက်ပံလှချောင်းကို ပြန်ဖော်နေတာတဲ့လေ။

ကျွန်တော်တို့ ရိုးမကြောပေါ် တက်၍ ရှာဖွေသောအဖွဲ့က နောက်ဆုံး တွင်းတူးတာဝန်ကျ၍ ကျန်ခဲ့သော စိန်ကုလားနှင့် သန်းဌေးတို့အဖွဲ့ကို သတိမေ့မြောလျက် ရှာတွေ့သဖြင့် ပြုစုရာ ပြန်ကောင်းလာသည်။

(၅)ယောက်အဖွဲ့ ဖြစ်သည်။ ဝန်ထမ်းများ အဖိတ်အစဉ်မရှိ။ အဲ ကားသမားညွန့်မောင်နှင့် ဝန်ထမ်း များ၏ ဇနီးသည်သုံးယောက်နှင့် ကလေးနှစ်ဦးကိုတော့ ရှာမတွေ့သေးပါ။

ကျွန်တော့်တို့ စုရပ်ကို ပြန်ရောက်တော့ ကားသမားညွန့်မောင်နှင့် သန်းဌေး၏ဇနီး မအေးမိတို့ အလောင်းများကို ကျွန်းသစ်လုံးများအကြားမှ ဖက်လျက် ပြန်တွေ့သည်ဟု ဆိုသည်။ ကျန်အလောင်းများကိုတော့ မတွေ့ ရ။ ရွှံ့ညွန် လတာပြင်အောက် ရောက်နေဟန်တူပါသည်။

ဤအဖြစ်အပျက်က အဆိုးထဲက အကောင်း ဖြစ်သည်။ လက်ပံလှရေနံအစမ်းတွင်း အောင်မြင်ပြီး နှစ်ပေါင်း (၁၅ဝ) ကျော်က ကျွန်းသစ်လုံး တန် (၁၀၀) ကျော် နိုင်ငံတော်အတွက် ရရှိသဖြင့် ကျွန်တော်တို့ တွင်းတူးအဖွဲ့ ရာထူးတစ်ဆင့်စီတိုးပြီး ဆုငွေနှင့် နာမည်ကောင်းလက်မှတ်ကိုယ်စီ ရကြသည်။

ဤသို့ ဖြစ်ရသည်မှာ ကားသမား ညွန့်မောင်နှင့် သန်းဌေးမိန်းမ မအေးမိတို့ ဖောက်ပြန်သဖြင့် ဖြစ်ရကြောင်း အဘိုးဖြူက မှတ်ချက်ချသည်။

ကျွန်တော့်ကိုယ်တွေ့ဖြစ်၍ မယုံနိုင်စရာမရှိပါ။ သူ့ နေရာနှင့် သူပိုင်ရာဆိုင်ရာ အစောင့်အရှောက်များရှိကြသည်ဆိုသည်ကတော့ လက်ခံရမည့်အကြောင်းဖြစ်ပါသတည်း။

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ