အောင်ခိုင်လင်း (မော်ကျွန်း)


(၁)

အိပ်ရာမှ မထချင်သေး။ ညဦးပိုင်းက ခါတိုင်း သောက်နေကျထက် ပို၍ သောက်လိုက်မိသဖြင့် အရက်နာကျသည် ဆိုရမလား။ တစ်ကိုယ်လုံး တောင့်တင်းကိုက်ခဲနေသည်။

အသောက်ဘက်တွင် အာရုံလွန်ခဲ့သော်လည်း ဝါနုသူတစ်ယောက်ပေမို့ ခံနိုင်ရည်အင်အား သိပ်မရှိလှ။ စိတ်ညစ်ညူးမှုဒဏ်ကို အတန်အသင့် သက်သာအောင် ဖန်တီးနိုင်သည်က ဒီတစ်လမ်းပဲ ရှိသောကြောင့် မကြိုက်သော်လည်း သောက်ဖြစ်နေ၏။

“နီမောင် … ထတော့လေဟယ်၊ မနက်က ကိုထွန်းစိန် လာသွားသေးတယ်။ အလုပ်ရှိလို့လား မသိဘူး”

အမေ့အသံက နားထဲသို့ တိုးညင်းစွာ ဝင်လာသည်။ အမေ နေမကောင်းနေတာ ကြာပြီပဲ။ အားဆေးလေး ဘာလေး တိုက်နိုင်လျှင် ကောင်းမည်ဆိုတာ သိပါလျက်နှင့် ဆေးဝါး မဆိုထားဘိ၊ ရွာက ကိုပိန့် နွားမက ထွက်တဲ့ နွားနို့တောင် အလျင်မီအောင် ဝယ်မတိုက်နိုင်ခဲ့ပေ။

အိမ်မှာလည်း ငွေကြေးက ပြတ်လိုက်တာ လွန်ပါရော။ အစိတ်တန်လောက်ကို မြင်လျှင်တောင် မှတ်မိ ပါဦးမလား မသိပေ။

ဈေးဆိုင်တွေမှာလည်း ကြွေးယူရတာ များလွန်းလို့ မျက်နှာပူလှပြီဟု အမေက မကြာခဏ ပြောခဲ့သည်။ ပိုက်ဆံ မရှိတာလည်း မပြောနဲ့လေ။ အလုပ်မဆင်းဘဲ နေခဲ့သည်က ကြာပြီဖြစ်သည်။ အလုပ်ထဲလည်း စိတ်က သိပ်မဝင်စားတော့ပေ။

“အစ်ကို … ကိုယ်တွေလက်တွေ နာနေရင် ကျွန်တော် နင်းပေးမယ်လေ”

ပြောပြောဆိုဆိုနှင့် ဖိုးအောင်က ပေါင်ပေါ် တက်နင်းသည်။

“နေ … နေ … ငါ မှောက်လိုက်ဦးမယ်။ နင်းချင် ကျောကို နင်းကွာ။ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ အင်း… အား… အား… ဖနောင့်နဲ့ သိပ်ဖိ မကြိတ်ပါနဲ့ကွာ”

ဖိုးထောင်က ခါးနှင့် ကျောပြင်တစ်လျှောက် အပြန်ပြန်အလှန်လှန် နင်းပေးရှာသည်။ ခဏချင်းနှင့်ပင် သွေးပူလာပြီး တောင့်တင်းမှုများ အတန်အသင့် ပြေလာသယောင် ရှိသည်။

“မင်း ကျောင်းပြန်တက်ရတော့မလား”

“ဒီ ဥပုသ်ကျော်ရင် ကျောင်းက စပြီး လက်ခံပြီ အစ်ကို”

“အင်း…”

“နောက်ပြီး ဆရာကြီးက ပြောတယ်။ ကျောင်းဝင်ကြေးရော စာအုပ်ဖိုးတွေပါ တစ်ခါတည်း ပေးရမယ်တဲ့။ ကျွန်တော့်မှာ ကျောင်းတက်ရင် ဝတ်ဖို့ အင်္ကျီ လုံချည်လဲ မရှိဘူး”

စောစောက အုံ့မှိုင်းရီဝေလျက်ရှိနေသော ခေါင်းထဲတွင် ပိုမိုနောက်ကျိလာသည်။

“မင်းညီလေးမှာ ဘာမှ ဝတ်စရာမရှိဘူး။ သူ့အတွက် အဝတ်အစား ဝယ်မပေးနိုင်တာလဲ ကြာပြီ။ မင်း အင်္ကျီ လုံချည်တွေ ယူဝတ်ရအောင်လဲ ခမျာ မတော်မနန်းနဲ့ မျက်နှာငယ်ရတယ်”

စိတ်မကောင်းကြီးစွာ ဖြစ်မိခြင်းနှင့်အတူ အိပ်ရာမှ ထရန် ကြိုးစားသောအခါ ဖိုးထောင်က အောက်သို့ ဆင်းပေးသည်။ အမေက ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကို တမြေ့မြေ့ဖွာရင်း အိမ်မှ အခက်အခဲများကို ပြောပြနေသည်။

“မင်းအဖေ မရှိတော့တဲ့နောက်ပိုင်းမှာ အမေတို့သားအမိဘဝက မင်းကို အားကိုးနေရတာပါကွယ်။ ခုတော့ မင်းက အလုပ်လဲ စိတ်မဝင်စား၊ နေ့ရှိသရွေ့ အရက်သောက်နေလေတော့ အိမ်မှာ စားရမဲ့မဲ့ ဝတ်ရမဲ့မဲ့ ဖြစ်နေတာ မင်း သိရဲ့လား နီမောင်”

မီးခိုးငွေ့များကို ကျော်ပြီး အပြင်သို့ လှမ်းကြည့်လိုက်တော့ ဝေ့ဝေ့ဝါးဝါး ဖြစ်နေသည်။

“ဒီတစ်ခါ အလုပ်တည့်ရင် ကျွန်တော် အလုပ်ဆင်းပါ့မယ် အမေ”

လူမမာကို နွားနို့ တိုက်လိုက်သည်ထက် အားရှိသော မျက်နှာဖြင့် အမေက လှမ်းကြည့်သည်။

“အေး… ဆင်းချင်လဲ ဆင်းပါ သားရယ်။ မင်းညီလေး ကျောင်းစရိတ်က အရေးကြီးတယ်။ မရှိလို့ မဖြစ်ဘူး။ ခမျာ ပညာလေးက တော်ပါလျက်နဲ့ ခါး ပြတ်နေမှာ စိုးတယ်”

ဖိုးထောင်ကို ဘွဲ့ဝတ်စုံနှင့် ဖျတ်ခနဲ စိတ်ကူးနှင့် မှန်းကြည့်ရင်း အဖေ မရှိတော့သည့်နောက်ပိုင်းတွင် အဖေ့တာဝန် အစ်ကို့တာဝန်ကို ယူရင်း မိခင် မုဆိုးမကြီးနှင့် လူမမယ် ညီငယ်ကလေး၏ အစစအရာရာ တာဝန်များသည် သူ၏ခေါင်းပေါ်မှာပါလားဟု တွေးမိသည်။

အရက်အိုးထဲတွင် အချိန်များစွာ ကြာအောင် မြှုပ်ထားခဲ့သော ဘဝကို ဆင်ခြင်မိရင်း ရင်နာလာ၏။

“ကိုထွန်းစိန်က ဘာပြောသွားသေးလဲ အမေ”

“ဘာမှတော့ မပြောဘူး၊ မင်းရှိလားလို့ လာမေးပြီး ပြန်သွားတာပဲ၊ ကိစ္စရှိလို့နဲ့ တူတယ်”

“မိကျောင်းဖမ်းထွက်ဖို့များ ငါ့ကို လာခေါ်တာလား”

မရေမရာ စဉ်းစားရင်း သည်တစ်ခါ အလုပ်အတွက် လာခေါ်ပါက စိတ်လိုလက်ရ လိုက်မည်ဟု အားတက်သရော တွေးနေမိသည်။

“ငါ နီမောင် စလွတ်သမား သိကြားစီးတဲ့ မိကျောင်းဖြစ်ပစေ၊ ရအောင် ထိုးပြမယ် ဟင်း…”

(၂)

အပေါ်လက်က တွန်း၍ အောက်ဘက်လက်က အားစိုက်ဆွဲလိုက်တိုင်း လှေနှောက်ဘက်တွင် ရေလှိုင်းများ ဗွမ်းခနဲ ဗွမ်းခနဲ ဖြစ်ကျန်ရစ်ခဲ့သည်။

လူသုံးယောက်ပါသော လှေကလေးသည် ကြည်ပြာရောင်ရေပြင်ပေါ် တွင် ရှပ်တိုက် ပြေးလွှားနေလျက် ပျဉ်းဘိုးကြီးချောင်းရိုးတစ်လျှောက် အခြား လှေတစ်စင်းတလေမှ မရှိပေ။

ညဉ့်ဦးယံ လရောင်ရိပ်ဖြင့် အရောင်တလက်လက် တောက်ပလျက်ရှိသော ရေပြင်ပေါ်တွင် ရေစီးနှင့်အတူ မျောပါနေကြသော ဗေဒါဖောင်များသာ ရှိသည်။ တစ်ချက် တစ်ချက် ခပ်ဆတ်ဆတ်ကလေး တိုက်ခတ်လိုက်သော လေဒဏ်ကြောင့် လှိုင်းကြက်ခွပ်ကလေးများ တဖျပ်ဖျပ် လှုပ်ရှားလျက်ရှိသည်။

နီမောင် ကိုထွန်းစိန်နှင့် ဇမုန်းထန်တို့ သုံးဦး တက်ညီလက်ညီ လှော်ခတ်မှုကြောင့် လှေကလေးသည် ပသီမြစ်ဝသို့ ထွက်လာခဲ့ပြီ။

ထိုနေရာအရောက်တွင် လှိုင်းရှိနေသောကြောင့် လှေကို တဖြန်းဖြန်း လာရောက် ရိုက်ခတ်သည်။

“နီမောင်ရေ… နီမောင်”

“ဗျာ”

“မင်းကလဲကွာ… ဘာတွေများ အတွေးနယ်ချဲ့နေတာလဲ”

မချိသွားဖြဲ ရယ်ပြလိုက်သည်။

ကိုထွန်းစိန်က နားလည်စွာ ပြုံးရင်း ပဲခွဆိုင်ဘက်မှ ဝဲပြန်စီးရာ ချောက်တန်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီနေရာတွေမှာ ‘ပါးကွက်’ကို စတွေ့ခဲ့ကြတာပဲ”

“ဟုတ်လား … ကျွန်တော်လဲ အလုပ်နဲ့ အတော်အဆက်ပြတ်နေခဲ့လို့ ဘာတွေ ဖြစ်နေမှန်းတောင် မသိတော့ပါဘူး။ ဒီကောင် အရင်က ဒီမှာရှိတယ်လို့ မကြားမိပါဘူး”

“ဟုတ်တယ်ကွ။ ခုရက်ပိုင်းလောက်ကမှ နယ်ကျော် ရောက်လာတာပဲ။ ခေါင်းသုံးတောင်နီးပါး ရှိလောက်သတဲ့ကွ”

ပခုံးနှစ်ဘက်ကို တွန့်ပြရင်း…

“ပေ ၂ဝ ကျော်လောက် ရှိမယ် ထင်တယ်။ ဒီကောင်ကို ခြေရာခံ မိထားပြီဗျ”

“သူ ကျက်စားတဲ့ နေရာကတော့ လဗတပင် သောင်ခုံတစ်ဝိုက်နဲ့ မလက်တို ချောင်းဖျားတွေမှာ အတွေ့များတယ်။ ဒီဘက် ချောက်တန်းတွေမှာတော့ တွေ့လဲ ခဏပါပဲ”

မျက်စိတဆုံး မြင်နေရသော မြစ်ရေပြင်တစ်လျှောက် လှမ်းမျှော်ကြည့်သည်။

ဝေ့ဝေ့ဝါးဝါး မြင်နေရသော သစ်တုံးများ၊ အမှိုက်သရိုက် ဒိုက်ပုံများတို့မှာ သားကောင်နှင့် ယိုးမှားစရာ ဖြစ်နေတော့သည်။ တစ်ခါတစ်ရံ လှေအနီးမှ လှိုင်းကြက်ခွပ်ကလေးများ တဖျပ်ဖျပ် လှုပ်ရှားသွားသည်ကိုပင် စိတ်မချနိုင်အောင် ဖြစ်မိသည်။

“တစ်လောက စက်စုမြစ်တန်းဘက်က လူတစ်ယောက်ကို ဝင်ဆွဲတာပါနဲ့ဆို ပါးကွက် ရန်စွယ်ကြောင့် လူနှစ်ယောက်၊ ကျွဲနှစ်ကောင်၊ ဝက်တစ်ကောင် ကိစ္စ ပြတ်သွားပြီကွ”

“အားပါး… တယ်စွာပါလား။ ခင်ဗျားတို့နဲ့ တစ်ခါမှ ထိပ်တိုက်မတွေ့ ကြသေးဘူးလား”

“တို့လဲ သတင်းကြားကတည်းက အစွမ်းအစ ရှိသမျှတော့ လိုက်ကြတာပဲ။ ဒါပေမယ့် ခုထိ အရူးလုပ်နေနိုင်ဆဲပဲ။ ဒါကြောင့် မင်းကို ခေါ်လာတာပေါ့။ ဒါပေမယ့် မင်းကလဲ လက်နဲ့ စလွတ်နဲ့ ဝေးနေတော့ ရပါဦးမလား”

ကိုထွန်းစိန် စကားက ရင်ကို အောင့်သွားစေသည်။

လှော်တက်ကို အားစိုက်၍ တင်းတင်းလှော်ရင်း

“ရပါတယ်ဗျာ”

ဟု တိုတိုတုတ်တုတ် ဖြေ လိုက်သော်လည်း တကယ်တမ်းကျပြန်တော့ အလုပ်မဆင်းဖြစ်တာ ကြာနေပြီဖြစ်သော အခြေအနေတွင် ထင်သလိုမှ ဖြစ်လာပါ့မလားဟု စဉ်းစားမိသည်။

ယခင်က စလွတ်နှင့် လက်နှင့် ထိမိလိုက်သည်နှင့် သားကောင်ကို မလွတ်တမ်း ထိုးနိုင်စမြဲ။

ဒါကြောင့်လည်း ပျဉ်းဘိုးကြီးရွာနှင့် အနီးတစ်ဝိုက်တွင် “နီမောင်ဟေ့” ဆိုလျှင် ယှဉ်မည့်သူ မပေါ်ခဲ့ပေ။

ဒါပေမယ့်လေ …. အခြေအနေအရ စလွတ်နှင့် လက်နှင့် ဝေးခဲ့ရပြီ ဆိုပြန်တော့လည်း…

“တို့ အခြေအနေကို ကြည့်ပြီး ထောင်ချောက်တွေ ဆင်ထားကြရင် ကောင်းမလား”

“ကောင်းတာပေါ့၊ ဒါပေမယ့် ကမ်းခြေတစ်ဝိုက်ကို အခြေအနေ တစ်ပတ် လှည့်ကြည့်ရင် ကောင်းမယ် ကိုထွန်းစိန်”

ကျန်နှစ်ယောက်က သူ၏ဆန္ဒကို မငြင်း။

လှေကို ခပ်မျှဉ်းမျှဉ်းလှော်ရင်း မှုန်ဝါးသော အလင်းရောင်ဖြင့် ကမ်းခြေတစ်လျှောက် လှည့်ကြည့်ကြသည်။ ယခုထိ နီမောင့်စိတ်ထဲတွင် အလုပ်ကိစ္စ မဝင်သေး။ အခြေအနေအရ ကိုထွန်းစိန်တို့ကို တောင်းပန်၍ ဆင်းလိုက်ခဲ့ရသော်လည်း ဘာတစ်ခုမှ မယ်မယ်ရရ လေ့ကျင့်ပြင်ဆင်လာခြင်း မရှိခဲ့ပေ။

“ဟေ့ … နီမောင်”

ကိုထွန်းစိန် သတိပေးသံနှင့် လှေက တုံ့ခနဲ ရပ်သွားသည်။ သတိမရှိသဖြင့် ဝဲခနဲ တက်လာသော မည်းမည်းအရာကြီး၏ ရိုက်ချက်ကို သီသီလေး ငုံ့ရှောင်လိုက်နိုင်ရုံမှမက ဘာမှ မတုံ့ပြန်နိုင်ခဲ့ပေ။

ကိုထွန်းစိန်နှင့် ဇမုန်းထန်တို့နှစ်ယောက် လှော်အားကြောင့် လှေကလေးမှာ လှိုင်းကြက်ခွပ်များ စိပ်လျက်ရှိသော ရေပြင်နှင့် ဝေးလာခဲ့သည်။

“ဒီအတိုင်းဆိုရင် မင်းကို ခေါ်ပြီး ဒုက္ခပေးသလိုများ ဖြစ်နေမလား မသိဘူး”

“ဘာဖြစ်လို့လဲ”

“မိကျောင်း အနားကပ်လာတာကိုမှ မသိနိုင်တော့ဘူးဆိုတော့ ကြာရင် မိကျောင်းစာ ဖြစ်ဖို့ များနေတယ်”

ရင်ထဲမှာ တင်းခနဲ ဖြစ်သွားသည်။

(၃)

ပျဉ်းဘိုးကြီးရွာတစ်ဝိုက် နီမောင့်သတင်း ပျံ့နှံ့ခဲ့ခြင်းမှာ သာမန် အခြေအနေမျိုး မဟုတ်ပေ။ စလွတ်တစ်ကမ်း လက်တစ်လှမ်းရှိ သားကောင်ကို ထုံးကွင်းထားသည့် ပစ်မှတ်အား မလွတ်တမ်း ထိုးနိုင်သူဟူ၍ ပြိုင်ဘက်ကင်း စလွတ်သမားအဖြစ် တစ်နေ့တခြား နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။

ထိုနှင့်အမျှ လုပ်ငန်းရှင်များက သူ့အား ငှားရမ်း သုံးစွဲချင်သူ များလာသည်။ တစ်ဦးထက်တစ်ဦး ဈေးပိုပေး၍ အပြိုင်အဆိုင် ခေါ်ကြသည်။ ငွေကြိုပေးကြ၊ သမီး ဗန်းပြသူတွေကလည်း မနည်း။

ခေါ်ချင်ကြမှာပေါ့၊ နီမောင် လိုက်သည့် အခေါက်ဆို သားကောင်မပါဘဲ ပြန်ခဲ့ရသည့် ထုံးစံမရှိပေ။ မိကျောင်းရေ ဈေးကောင်း၍ နိုင်ငံခြား တင်ပို့မှု အခြေအနေ တစ်စတစ်စ ကောင်းလာသည်နှင့်အမျှ နီမောင် ဈေးကောင်းခဲ့သည်မှာ မဆန်း။

၁၉၆၉-ဝန်းကျင်၊ မိကျောင်း ဖမ်းဆီးရေး တားဆီးပိတ်ပင်မှု မရှိသော အခါပေမို့ စီးပွားရေးသမားများ ခြေရှုပ်နေသော ကာလလည်း ဖြစ်သည်။

ဝင်ငွေ ကောင်းလာသောအခါ နီမောင့်အတွက် စတင် ဖျက်ဆီးလာသူများက အပေါင်းအသင်းပဲဖြစ်သည်။

အပေါင်းအသင်းက ဆွယ်၍ အရက်ကလေးတမြမြ။ အပေါင်းအသင်း ဖလှယ်၍ ဖဲဝိုင်းက မထ။

ဖဲဝိုင်းထိုင်သော နေ့မျိုးတွင် ငွေပုံပေး၍ ခေါ်သည့်တိုင် အလုပ်မဆင်းတော့။

နေ့စဉ် သောက်မိနေသော အရက်ကလည်း စွဲနေပြီ။ မသောက်ရ မနေနိုင်အောင် ဖြစ်လာပြီး လူမှန်းသူမှန်း မသိအောင် မူးသည့်အချိန်က များလာပြီ။ ခါတိုင်းလို အလုပ်ကို စိတ်မဝင်စားတော့။ အလုပ်ဆင်းရက်ကလည်း နည်းလာသောအခါ ခါတိုင်းလို မဟုတ်။ သေချာပေါက် သားကောင်များကိုပင် လက်လွတ်ပေးလာရသည်။

ထိုအခါ အလုပ်ရှင်တို့ စိတ်ပျက်လာကြတော့သည်။ ယခင်က နီမောင်မှ နီမောင် ဖြစ်ခဲ့သော်လည်း ယခုတော့ ရှောင်ချင်လာကြသည်။

အရက်ကျေးကျွန်ဘဝရောက်ပြီး တစ်နှစ် နှစ်နှစ်အတွင်းမှာပင် စီးပွားရေးက သိသိသာသာကြီး ထိုးကျသွားတော့သည်။ ထိုအခါ အရင်က ဝိုင်းဝိုင်း လည်နေသော အပေါင်းအသင်းများ တစ်စတစ်စ ခွာသွားကြသည်။ နောင်တ ရစရာတော့ အကောင်းသား။

မိမိထံသို့ ချောင်းပေါက်အောင် လာပြီး အလုပ်ဆင်းဖို့ ပြောသူများဆီသို့ မိမိ လိုက်ပါရစေဟု သွားပြောသောအခါ အလုပ်မဆင်းဖြစ်သေးလို့၊ လူရှိနေလို့ဟု အကြောင်းအမျိုးမျိုးပြကာ ငြင်းကြသည်။

ယခုတော့ နောင်တ ကောင်းစွာ ရခဲ့ပေပြီ။

“ဖောင်း”

စိက်က ပျံ့လွင့်နေသော်လည်း လုပ်ငန်းခွင်သတိက ရှိနေသောကြောင့် လှေအနားမှ ပေါ်ထွက်လာသော အသံကြောင့် စလွတ်ရိုးပေါ် လက်တင်လိုက်ပြီး ဖြစ်နေသည်။ အေးစက်နေသော အတွေ့အထိသည် အသည်းနှလုံးကို နိုးကြွလာစေသည်။

ကျန်နှစ်ယောက်လည်း မှေးနေရာမှ နိုးလာ၍ အခြေအနေ ထကြည့်ကြသည်။

လ,အတော်မြင့်နေပြီဖြစ်၍ ရေပြည့်နေပြီ။ ခပ်လှမ်းလှမ်းမှ ဖောင်းခနဲ အသံတစ်ချက် ထပ်ကြားရတော့မှ ကပ်သပေါင်း စားသံမှန်း သိသွားကြသည်။ ရေကျဦးတွင် တစ်ပတ်လှည့်ပြီး အခြေအနေကြည့်သည်။ မထူး။

ရေပြန်ကျသွားသောအခါ ထောင်ချောက်များကို လိုက်စစ်ကြသည်။ လဗတပင် သောင်ချက် မောင်းကျနေပြီး သားကောင် ရှာမတွေ့။ မလက်တို ချောင်းဖျား သုတ်ကိုင်းတွင် မိကျောင်းအစား ဖွတ်ကြီးတစ်ကောင် မိနေသဖြင့် ဟင်းစားအတွက် ဖြုတ်ယူလာကြသည်။

နောက်နေရာများတွင် အခြေအနေ မထူး။

နောက်ဆုံး ပသီဝဲခွဆိုင် ချောက်တန်းကွေ့ထောင်ချောက်သို့ ရောက်လာကြသည်။ မှုန်ဝါးသောအလင်းရောင်အားနှင့်ပင် ထောင်ချောက်တံခါး ကျနေ သည်ကို လှမ်းမြင်ရသည်။

ရင်တဒိတ်ဒိတ် အခုန်မြန်သွားကြသည်။ သောင် ချောက်တွင် လှေကို ချည်ထားပြီး ဇမုန်းထန်က မီးအုပ်ပြင်သည်။ ရေနံဆီစစ်စစ်ဖြင့် ထွန်းသော မီးရောင်သည် ပတ်ဝန်းကျင်သို့ အတန်အသင့် မြင်စွမ်း ပေ၏။

လှေပေါ်မှ ထောင်ချောက်တွင်းသို့ မီးနှင့် ထိုးရှာသည်။ အနိမ့်ဆုံးပိုင်းတွင်မှ ဒူးဆစ်သာသာ ရှိသော ရေပြင်အောက်တွင် ထူးခြားမှုမျိုး မတွေ့ရ။ ပေါ်နေသော သောင်ပြန့် မျက်နှာပြင်သည် အပျိုမ၏ ညိုညက်သော ပါးပြင်သဖွယ် ညီညာစွာ ရှိနေ၏။ ခြေရာ လက်ရာ ဟူ၍ စိုးစဉ်းမျှ အရိပ်အငွေ့ မမြင်ရ။

သောင်ပြင်ပေါ်တစ်လျှောက် မီးတစ်လှမ်း မီသည်အထိ ထိုးရှာကြည့်ရာ ကမ်းစပ် သမန်းဗျိုက်အောက်ဘက် မှောင်နေသော နေရာမှအပ ဘာမျှမရှိ။

“ထောင်ချောက်တံခါး ကျနေလျက်နဲ့ ထူးလှချည်လား၊ ဆင်းကြည့်မယ်ကွာ”

ကိုထွန်းစိန်က စိတ်မရှည်စွာ ဓားကိုဆွဲ၍ အောက်သို့ဆင်းရန် ပြင်နေခိုက် နီမောင် အခြေအနေကို အကဲခတ်၍ စဉ်းစားနေသည်။ တစ်ချိန်က ကျွမ်းကျင်မှု အတွေ့အကြုံများသည် ဦးနှောက်တွင်းသို့ လှိုင်းထဝင်နေသည်။ သင်္ကာမကင်း ဖြစ်နေသောကြောင့် ကိုထွန်းစိန်ကို တားမည်ကြံနေဆဲမှာ ခုန်ဆင်းသွားသည်။

“ဇမုန်းထန်၊ ကမ်းစပ်ကို မီးဖြန့် ထိုးထားစမ်း”

မီးရောင်တို့သည် လတာပြင်ပေါ် ပြေးတက်သွားသည်။ ကိုထွန်းစိန်၏ လှုပ်ရှားမှုကို ကြည့်ရုံမျှနှင့် ရေရှိသောအပိုင်းတွင် သားကောင်မရှိမှန်း သိနိုင်၏။ နီမောင် စိတ်မချတာ သမန်းဗျိုက်။

ထိုနေရာတစ်ဝိုက် အလင်းရောင် အားနည်းနေ၏။ ကိုထွန်းစိန်က ဓားကို အသင့်ကိုင်ပြီး သမန်းဗျိုက်ရှိရာ တောစပ်သို့ တက်သွားပြီး အခြေအနေကို ငုံ့ကြည့်ပြီး ဘာမျှမရှိကြောင်း လက်ကာပြသည်။ နီမောင့်စိတ်ထဲမှာ ဘဝင် မကျအောင် ဖြစ်မိသည်။ သို့ကြောင့် လက်စွဲတော် စလွတ်ကို ကောက်ယူလိုက်သည်။

မိမိမျက်စိနှင့် သေချာအောင် ဆင်းကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်…

ကမ်းစပ်မှ ပြန်ဆင်းလာသော ကိုထွန်းစိန်နှင့် ရေစပ်ကြားရှိ ဒိုက်ဖတ်များ တင်နေသော လတာပြင် တဖြည်းဖြည်း ကြွတက်လာသည်။

“ဟင်”

မီးကျီခဲတမျှ အရောင်လက်နေသော မျက်လုံးနှစ်လုံးနှင့်အတူ နွံအောက်မှ တဖြည်းဖြည်း ကြွတက်လာသော မိကျောင်းကြီး။

ကိုထွန်းစိန် တန်ပြန် ထောက်ချောက်မိပြီ။

နောက်ကြောင်း ပြန်လှည့်ပြေးရန်လည်း ဒူးဆစ်မြုပ်ခန့်မျှ နုံးထဲတွင် မလွယ်။ လှေဆီရောက်နိုင်ရန်လည်း မဖြစ်နိုင်တော့။ ထောင်ချောက်တွင်းဝယ် လူတစ်ယောက်နှင့် မိကျောင်းတစ်ကောင်။

နွံအောက်မှ ကြွတက်လာသော မိကျောင်းကြီးမှာ ပေ ၂ဝ ကျော်မျှ ရှည်လျားပြီး လုံးပတ်မှာ လူကြီး တစ်ဖက်ကျော်ခန့် ကြီးမားသော ပါးဖြူ မိကျောင်းကြီး ဖြစ်သည်။

“နီမောင်”

တုန်လှုပ်စွာ နားထဲဝင်လာသော ကိုထွန်းစိန်အသံကြောင့် အခြေအနေကို ခဏချင်း ဆုံးဖြတ်သည်။ မိကျောင်းကြီးက ကိုထွန်းစိန်ရှိရာ သွားနေပြီ။

“ကိုထွန်းစိန် အဲဒီနေရာမှာပဲ ငြိမ်ငြိမ်နေ၊ ကျွန်တော် လာခဲ့မယ်”

စီးစီးပိုင်ပိုင် ရှိလှသော စလွတ်ကို အသေအချာ ကိုင်ပြီး လက်ဖြင့် ဆလိုက်သည်။ ၁၅ လံမျှ ဝေးနေသော ပစ်မှတ်ကို သည်တစ်ချက်ဖြင့် မှန်အောင် ပစ်နိုင်ပါမှ။ မဟုတ်ရင် ကိုထွန်းစိန်အတွက် မလွယ်တော့။

“နီမောင် … ငါ နီမောင်၊ ငါပစ်လွှတ်တဲ့ စလွတ် ပစ်မှတ်ကို လွဲရိုးထုံးစံ မရှိဘူး”

စိတ်ကို တင်းသည်။ စလွတ်ကို တစ်ချက် နှစ်ချက် ဆ၍ ပစ်မှတ်ကို ချိန်ရွယ်ပြီး အားသွန် ပစ်လွှတ်လိုက်၏။

“ဝှီး… ဒုတ်”

အသေအချာ မှန်တာပါပဲ။

သံမဏိသွားသည် မိကျောင်း၏ လည်ကုပ်သားတည့်တည့်သို့ စူးနစ် ဝင်သွားတော့သည်။ မိကျောင်းသည် နွံထဲတွင် လူးလှိမ့်ပစ်လေရာ စလွတ်ကြိုးတို့ ရစ်ပတ်မိလေသည်။

“ကျွန်တော် လာပြီ”

ထောင်ချောက်ကို ကျော်ပြီး ခုန်ဆင်းလိုက်သည်။ တဗွမ်းဗွမ်း ရိုက်ထုတ်သော အမြီးမှ ရွှံ့စက်များက တရကြမ်းဝင်လာသည်။ မျက်လုံးထဲ မဝင်ရန် ဂရုစိုက်ရှောင်ရသည်။

“ဓားချက် မထိစေနဲ့၊ အရှင်ယူမယ်”

“သူ မလှုပ်နိုင်ဘူး၊ ကြိုးတွေ ရစ်မိနေပြီ၊ ခင်ဗျားက နှုတ်သီးကို စီး၊ ကျွန်တော်က မြီးဒူးကို စီးမယ်”

နှစ်ယောက်သား အခြေအနေကို ကြည့်၍ အနီးသို့ကပ်သည်။ ပါးစပ်တစ်ကိုက် အမြီးရိုက်ချက် လွတ်ရုံလေး ရှောင်တိမ်းကြသည်။

တစ်ကြိမ်တွင် ဖောင်းခနဲ လှမ်းကိုက်လိုက်ပြီး အာစေ့သွားသည်နှင့် ကိုထွန်းစိန်က ရဲတင်းစွာ ဝင်သွားပြီး နှုတ်သီးဘုကို ကိုင်လိုက်သည်။ (မိကျောင်းနှုတ်သီးမှာ ရိုက်အား သန်သလောက် ဖွင့်အား မကောင်း။ လက်ဖြင့် ဖိထားရုံဖြင့် ပြန်မဖွင့်နိုင်။)

နီမောင်က အားတင်း၍ မြီးဒူးပေါ်´ခုန်တက်သည်။ ထိုနေရာသည် ပါးစပ်ကိုက်အား၊ အမြီးရိုက်ချက် လွတ်သော နေရာဖြစ်သည်။ ဇမုန်းထန်ဆီမှ ကြိုးတောင်းပြီး နှုတ်သီးကို ချည်။ နောက် လက်နှစ်ဖက်ကို လက်ပြန်တုပ်လိုက်သည်နှင့် အိမ်မြှောင်တစ်ကောင်လောက်မှ ကြောက်စရာ မရှိတော့။

မိကျောင်းမှာ လက်ဖြင့် မြေထောက်နိုင်မှ ရိုက်အား ကောင်းသည်။ ကိုက်အား ကောင်းသည်။

“နီမောင် မင်းဟာ ငါ့အသက်ကို ကျွမ်းကျင်မှုနဲ့ ကယ်နိုင်ခဲ့တဲ့ တကယ့်လက်ဖြောင့် စလွတ်သမားတစ်ယောက်ပါပဲကွာ”

အရုဏ်ဦး အလင်းရောင်အောက်ဝယ် အောင်ပွဲရ လူသားသုံးဦး၏ အပြုံးများက တင့်စွာလှပေသည်။

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း၊ အမှတ် (၁၉)
၁၉၈၆၊ မတ်လ

– ပြီး –

စာရေးသူ – အောင်ခိုင်လင်း (မော်ကျွန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ