အောင်ခိုင်လင်း (မော်ကျွန်း)
လက်မကား
ပျဉ်းမကုန်းရွာမှာ လယ်သမား၊ ရေလုပ်သားနှင့် တောခုတ်သမားတို့ စုဝေးနေထိုင်ကြရာ ရွာငယ် တရွာမျှသာ ဖြစ်၏။ မြို့ကြီးများနှင့် အလှမ်းဝေးပြီး သစ်တောကြိုးဝိုင်းစပ်တွင် ရှိသဖြင့် စည်ကားမှု နည်းလေသည်။
ရွာထဲတွင် ဈေးဆိုင်ဟူ၍ ကိုကျော်ကြီးတဆိုင်သာ ရှိသဖြင့် တရွာလုံးက အားထားနေရလေသည်။
ဆိုင်ရှေ့သို့ သိန်းဒီ ရောက်သောအခါ အိမ်ပေါ်တွင် မမြင်ဖူးသော ရွယ်တူလူငယ်တယောက်ကို မြင်ရလေသည်။ အသားဖြူဖြူနှင့် သပ်ရပ်စွာ ဝတ်ထားသဖြင့် ကြည့်၍ ကောင်းလှပြီး သူ့စိတ်ထဲတွင် ပိုးဟပ်ဖြူလေးတကောင်နှင့် တူလွန်းသည်ဟု မှတ်ချက်ချသည်။
“သိန်းဒီ … ဘာယူမှာလဲ””
“ပိုးဟပ်ဖြူ တထုပ်၊ အဲ… အဲ… ငန်းဆေးတထုပ် ပေးပါအရီး”
“တယ် ဒီကောင်လေး၊ ဘာတွေ စိတ်ကူးလာတာလဲ”
ဒေါ်ကြည်က ဆေးတထုပ် ယူပေးသည်။
ဆေးထုပ်ပေါ်တွင် တကျပ်ဟု ရေးထားသော်လည်း ၁ ကျပ် ၅၀ ပြား ပေးဝယ်ရသည်။ ပြန်လှည့်ထွက်မည် ပြုသောအခါ ကိုကျော်ကြီးက လှမ်းခေါ်လိုက်သဖြင့် ပြန်လှည့်ဝင်ရပြန်သည်။
“ဒီကို လာပါအုံးကွာ”
“ဘာလဲ ကိုကျော်ကြီး””
“မင်းကို ငါ့တူနဲ့ မိတ်ဆက်ပေးမလို့ကွ။ သူက စွန့် စွန့်စားစား သိပ်သဘောကျတာ”
ထိုစကားကို သူ စိတ်မဝင်စား။ သူစိတ်ဝင်စားနေ သည်က ပိုးဟပ်ဖြူလေး၏ လှုပ်ရှားမှုများကို ဖြစ်၏။ ကောင်လေးက သူ့ကို အထင်သေး ရွံရှာဟန်ဖြင့် ကြည့်သည်။
“ဒါ ငါ့တူပဲ။ မနက်ကမှ မြို့က ရောက်လာတာ။ သူ့ နံမယ်က ကျော်ဝင်းထွဋ်တဲ့။ ၈တန်းကျောင်းသား ပေါ့။ မြို့က ကျောင်းမှာ နေတာကွ”
ကိုကျော်ကြီး ပြောသမျှကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေမိသည်။ ထိုအခိုက် ပိုးဟပ်ဖြူလေးက အနီးသို့ လာထိုင်လေသည်။
“မောင်ထွဋ် … သူ့နံမယ်က သိန်းဒီတဲ့။ ကဏန်းဖမ်း သိပ်ကျွမ်းကျင်တယ်ကွ။ ရေထဲမှာတော့ ဖျံကလေး တကောင်အတိုင်းပေါ့”
“စောစောက ဦးလေးယူလာတဲ့ လက်ညှပ်ကြီးကြီးနဲ့ ကဏန်းကြီးတွေကို သူဖမ်းတာလား”
“အေး ဟုတ်တယ်၊ သူ့ဆီမှာ အဲဒီလိုကဏန်းတွေ အများကြီး ရထားတာရှိတယ်”
ပိုးဟပ်ဖြူလေးက သူ့ တကိုယ်လုံးကို မယုံသင်္ကာ အကြည့်ဖြင့် ခြုံ၍ကြည့်ယင်း အကဲခတ်သည်။အင်္ကျီဝတ်မထားသော ခန္ဓာကိုယ်အထက်ပိုင်းရှိ ညိုစိမ့်စိမ့် ကြွက်သားဆိုင်တို့မှာ လူကြီးတယောက်သဖွယ် ပြည့်တင်းသန်မာနေသည်။ မညှပ်ဖြစ်တာကြာပြီဖြစ်သော နီကြင်ကြင် ဆံပင်တို့မှာ ကုပ်ပိုးမှ လွန်ဆင်း၍ ဝဲကျနေသဖြင့် သဘောကျမိသည်။
“မင်းဆံပင်တွေက သိပ်ဟုတ်တာပဲ”
သိန်းဒီက နဖူးတဝိုက် ဝဲကျနေသော ဆံပင်တို့ကို ဘေးသို့ သပ်တင်လိုက်ပြီး….
“မညှပ်အားလို့ပါကွာ။ ဆံပင်ရှည်တာ ခေါင်းတောင် လေးသေးတယ်။ ကတုံးနဲ့နေယင် နှာစေးလွန်းလို့ ထားရတာ”
ကိုကျော်ကြီးက သဘောကျစွာ ရယ်လေသည်။
“ဒီနေ့ မင်း ကဏန်းဖမ်း ထွက်အုံးမှာလား”
“ထွက်မယ်””
“ဘယ်နားသွားမှာလဲ”
“ဒီနေ့တော့ အမေလဲ နေမကောင်းတာနဲ့ ဝေးဝေး မသွားတော့ပါဘူး။ ရွာလွန်က တောစပ်လောက်တင် သွားချိတ်မယ်”
“ငါ့တူတော်မောင်က လိုက်ချင်သတဲ့ကွဲ့။ နီးယင် ခေါ်သွားလိုက်စမ်းပါ။ ရေလဲ သူ ကူးတတ်ပါတယ်”
သိန်းဒီက ပိုးဟပ်ဖြူလေးကို ကြည့်၍ ပြုံးလိုက်၏။ ဒါကိုပင် ပိုးဟပ်ဖြူလေးက သူ့ကို အထင်သေးစွာ ကြည့်သည်ဟု တမျိုးတွေး၍ ဒေါမာန်ပါပါဖြင့် ဝင်ပြော၏။
“ဘာလဲ … မင်းက ငါ့ကို မဖြစ်ဘူးထင်လို့လား။ မင်း လုပ်တာလောက်တော့ ကြည့်ပြီး လိုက်လုပ်ယင် ငါလဲ လုပ်တတ်မှာပါ။ ဒီထက်ခက်တဲ့ ကျောင်းစာတွေတောင် သင်လာသေးတာပဲ”
“မဟုတ်ပါဘူးကွာ။ ငါက မင်းကို အထင်မသေးပါ ဘူး။ သဘောကျလို့ ပြုံးတာပါ။ ရေတက်ဦး သွားခါနီးတော့ ငါ ဝင်ခေါ်ပါ့မယ်။ အဆင်သင့် လုပ်ထားပေါ့”
XXX XXX XXX
မနက်စာ စားပြီးသည်နှင့် ရေတက်ဦးသာသာ ဖြစ် လာသောကြောင့် အလုပ်ဆင်းရန်အတွက် ပြင်ဆင်လေသည်။ သူယူဆောင်ရမည့် ကိရိယာတို့မှာ ကျယ်ကျယ်ဝန်းဝန်း များများစားစား မရှိလှပေ။
လက်သန်းလုံးခန့်ရှိ သံချိတ်တချောင်း၊ ယင်းကွင်းထောင်တခုနှင့် ပလိုင်းတလုံးဖြစ်၏။
(ယင်းကွင်းထောင်ဟူသည်မှာ တလံပတ်လည်ခန့်မျှ
ဂုန်နီဖျင်စကို ဝါးကိုင်းများ ကြက်ခြေခတ်တပ်ထားသောအရာဖြစ်သည်။ထောင်ကာနီးတွင် ဆွဲဖွင့်ပြီး အသုံးမပြုသောအခါ နှစ်ခုပူး၍ သိမ်းထားနိုင်၏။)
ကျော်ဝင်းထွဋ်က အသင့်စောင့်နေဟန်ရှိသည်။ လှေဆိုက်သည်နှင့် ကမ်းပေါ်မှ ဆင်းလာသည်။ မိုးကာဦး ထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နှင့် တောစီး ဖိနပ် စသည်တို့ကို ဝတ်ဆင်ထား၏။
သင်ပေါင်းသားများ စီခင်းထားသော တံတားပေါ်က အဆင်းတွင် ရေညှိဖြင့် ချော်နေသောကြောင့် ခြေကုတ်မရပဲ ရှိနေရာ သိန်းဒီက တွဲခေါ်မှ အဆင်ပြေသွား၏။
အတန်ငယ် ဝေးသောနေရာသို့ ရောက်လျှင် ကျော် မင်းထွဋ်က လှေဦးတွင် အသင့်တွေ့ရသော လှော်တက်ကို ကောက်ကိုင်၍ လှော်ရန်ပြင်သည်။
“မလှော်တတ်ယင် ရှေ့ကို အားလွန်သွားမယ်ကွ”
“ရပါတယ်”
အဆင်မပြေစွာ တချက် နှစ်ချက် လှော်ပြီးသည်နှင့် နောက်တချက်တွင် လှော်တက်ရိုး လည်ထွက်သွား၍ ဒေါင်လိုက် လှော်မိသောကြောင့် ရှေ့သို့အားလွန်ကာ လှေနံနှင့် နဖူး ဆောင့်မိ၏။
“ကဲ ငါမပြောဘူးလား။ မလှော်တတ်ယင် မလှော်
ပါနဲကွာ”
“ငါ လှော်တတ်ချင်တယ်ကွာ”ဟု ရှုံ့မဲ့စွာဖြင့် ဆိုသည်။
သိန်းဒီပြောသည့်အတိုင်း လှော်တက်ရိုးကို ခပ်ကျဲကျဲကိုင်၍ အပေါ်က တွန်း၊ အောက်ကဆွဲကြည့်ရာ မကြာမီ အဆင်ပြေပြေ လှော်တတ်သွား၏။
“လှော်တော့ လှော်တတ်သွားပြီ။ ဒါပေမယ့် လက်မောင်းညောင်းတယ်ကွ”
မကြာမီ ရွာခြေလွန်မှ တောစပ်သို့ ရောက်သဖြင့် အဆင်းအတက်ကောင်းမည့် နေရာတွင် ရွေး၍ လှေဆိုက်သည်။ ကမ်းပေါ်တက်ရန် ပြင်သောအခါ
“ချောင်းထဲမှာဖမ်းတာ မဟုတ်ဘူးလား” ဟု မေးလေသည်။
“ရေပြည့်မှ ယင်းကွင်းထောင်နဲ့ ဖမ်းတာကွ။ ခုတော့ တောပေါ်တက်ပြီး တွင်းတွေမှာ ချိတ်နဲ့ချိတ်ယူရမယ်”
ကျော်ဝင်းထွဋ်က သံချိတ်ကို ကိုင်သည်။ သိန်းဒီက
ဓားမတချောင်းကို ကိုင်၍ ရှေ့မှလျှောက်သည်။
“ကဏန်းဆိုတာ အခုလို လမိုက်တဲ့ရက်တွေမှာ ပို ဆူတယ်။ အသားလဲ ပြည့်တယ်ကွ”
“ဒါဖြင့် မြို့ပေါ်မှာ တခါ တခါ လာရောင်းတဲ့ ကဏန်းပြုတ်တွေမှာ အသားတွေချောင်နေတာ လသာနေတဲ့ရက်မှာ ဖမ်းမိတာတွေလား”
“ဒီလိုတော့ ဟုတ်မယ်မထင်ပါဘူး။ ဖမ်းမိတာကြာ ပြီး လှောင်ထားတဲ့ရက်ကြာလို့ ဖြစ်ချင်ဖြစ်မှာ”
“ဪ …”
သိန်းဒီက ရှေ့မှ ရှင်းပြကာ စောင့်ခေါ်နေယင်းမှ ကျော်ဝင်းထွဋ်မှာ မကြာခဏ လဲကျနေလေရာ သူ့ တကိုယ်လုံး ရွှံ့စက်တွေ ပေကျံနေ၏။
တောပေါ်သို့ အတန်ငယ် တက်မိသောအခါ သစ်တုံးများ၏အောက်နှင့် သစ်ပင်ကြီးများ၏အခြေ၌ ကဏန်းတွင်းသစ်၊ တွင်းဟောင်းများကို တွေ့ရသည်။
“ဒါ ကဏန်းတွင်းတွေပဲကွ “
“အထဲမှာ ရှိပါ့မလား”
“ရှိတာလဲရှိ၊ မရှိတာလဲ မရှိပေါ့ကွာ”
“ဒါကြီးနဲ့ ချိတ်ဆွဲယူမှာလား”
“အေး …”
“အထဲမှာ မြွေတွေ ဘာတွေ ရှိနေယင်ကော”
“သတိထားရတာပေါ့”
“ငါတော့ မြွေကြောက်တယ်”
“မင်းလိုကြောက်နေယင် ကဏန်းဘယ်စားရမှာလဲ”
“အေး… ဟုတ်တယ်နော်”
ကျော်ဝင်းထွဋ် သဘောကျစွာ ရယ်လေသည်။ ပြီးလျှင် အသစ်အဆန်းဖြစ်နေသော တော၏ ရှုခင်း များကို ကြည့်ရှုနေသည်။ ထိုသို့ ရှိနေစဉ် ပိုးလောင်း ကိုက်သည့်ဒဏ်ကို သည်းမခံနိုင်အောင် ရှိနေတော့၏။ ဖြူသောအသားတွင် အနီကွက်များ ပေါ်နေ၏။
“ဒီအကောင် သေးသေးလေးတွေကလဲကွာ၊ ကိုက် လိုက်တာ အရမ်းပဲ။ အကောင်နဲ့ မလိုက်ဘူး”
“ဒါ ပိုးလောင်းလို့ ခေါ်တယ်။ ခြင်ထက် ၁၀ ပုံ လောက် သေးပေမယ့် ကိုက်ယင် ခြင်ထက်ဆိုးတယ်”
“မင်းက အင်္ကျီမဝတ်ပဲနဲ့ မကိုက်ဘူးလား”
“ကိုက်တာပေါ့ကွ”
“မနာဘူးလား”
“တို့က ရိုးနေပြီ။ ပိုးလောင်းကိုက်တိုင်းသာ ကုတ်နေ ရယင် ဘယ် အလုပ်လုပ်လို့ရမှာလဲ”
ပြောပြောဆိုဆိုနှင့် သိန်းဒီက ကဏန်းတွင်းဝတခုကို စိတ်ဝင်စားစွာ ကြည့်နေ၏။ သေချာတော့မှ တွင်းဝ ကို ရှင်းလင်း၍ သံချိတ်ကို ဖြည်းဖြည်းချင်း ထိုးသွင်း၏။ နှစ်တောင်ခန့် ဝင်သွားလျှင် အတွင်းမှ ‘ဒုတ် … ဒုတ်’ ဟူသောအသံ ကြားရသည်။
“အထဲမှာ ကဏန်းရှိတယ်။ သံချိတ်ကို ညှပ်နေတယ်”
ကျော်ဝင်းထွဋ်က တွင်းဝသို့ မျက်ခြည်မပြတ် ကြည့်နေလေသည်။ သိန်းဒီက သံချိတ်ကို တွင်းထဲသို့ တပ်၍ ထိုးသွင်းလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်နှုတ်ယူလိုက်ရာ မကြာမီ ကြီးမားသော ကဏန်းကြီးတကောင် ပါလာလေသည်။
သိန်းဒီက ကဏန်းကြီးကို သံချိတ်ဖြင့် ဖိထားယင်း-
“ကဏန်းရယင် ရိုက်မသတ်ရဘူးကွ။ ရိုက်သတ်ယင် အခွံကြေသွားပြီး ခဏလေး ပုပ်သွားတယ်။ အရှင် ထားလို့ကတော့ ဘယ်နှစ်ရက် ထားထားပဲ။
နောက်ပြီး အသေဖမ်းတယ်ဆိုတာ မကျွမ်းကျင်တဲ့ သူတွေမှလုပ်တာ။ တွေ့လား လက်ညှပ်နှစ်ဘက်မှာ တဘက်ကကြီးပြီး ဟိုဘက်က သေးနေတယ်။ အဲဒါ သေးတဲ့ဘက်ကို ပိုပြီး ဂရုစိုက်ရတယ်။ သူက ပိုသွက်တယ်။ ကဲ … ငါ လက်ထိတ်ခတ်လိုက်မယ်။ ကြည့်နေ”
သိန်းဒီက လက်ညှပ်နှစ်ဘက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖမ်းယူ၍ ကဏန်း၏ ခြေသည်းစွန်းကလေး များ ချိုးကာ လက်ညှပ်ဆုံထဲသို့ ထိုးသွင်းလိုက်ရာ “တဖျောက်ဖျောက်” ညှပ်နေသော လက်မနှစ်ဘက်မှာ ငြိမ်သွား၏။ ထိုအခါမှ ပလိုင်းထဲသို့ အလွယ်တကူ ကောက်ထည့်လိုက်သည်။
ထိုနေ့က ကဏန်းများစွာရမှ ပြန်လာကြလေသည်။
XXX XXX XXX
“ဦးလေးရာ … ကဏန်းဖမ်းတယ်ဆိုတာ လွယ်ပါ တယ်။ အစက တော်တော်များ ခက်သလားလို့ လိုက်ကြည့်တာ ဒီလောက် ခက်ခက်ခဲခဲ မရှိပါဘူး။ တွင်းထဲက ချိတ်နဲ့ ဆွဲထုတ်တာလောက်ကတော့ လူတိုင်း လုပ်တတ်တာပေါ့။
နောက်ပြီး ယင်းကွင်းထောင်တာကျတော့လဲ ယင်းကွင်းထောင်ကိုင်းမှာ ငါးပိကောင်ကို ကြိုးနဲ့ဆွဲချထားပြီး ရေထဲမြှုပ်ထား၊ ကဏန်းဝင်စားနေမှန်းသိယင် ဆွဲဖော်၊ ဒါပဲ”
“အမယ်လေး မောင်ထွဋ်ရယ်၊ မင်းပြောတာကျတော့ လဲ လွယ်လွန်းလှပါလားကွာ။ အလုပ်တခုကို ဒီလို လွယ်လွယ်နဲ့သာ လုပ်တတ်ယင် လူတိုင်းလုပ်ကုန်မှာ ပေါ့ ငါ့တူရ”
“ဦးလေးက မယုံလို့လား။ ကျွန်တော် မပြန်ခင်မှာ ကဏန်းရအောင် ဖမ်းပြခဲ့မယ်”
“မလုပ်ပါနဲ့ သားရယ်။ တော်ကြာ ကဏန်းညှပ်လို့ လက်ပြတ်နေပါအုံးမယ်ကွယ်”
ကျော်ဝင်းထွဋ်နှင့်အတူ ရွာကိုလိုက်လာသော သူ့အမေကပါ တားနေ၏။
“အမေကပါ ကျွန်တော့်ကို အထင်သေးတာပေါ့။ ကြည့်ပါ… ပြန်ခါနီးမှ သားဖမ်းထားတဲ့ ကဏန်းတွေ များနေလို့ ထားခဲ့ပါအုံးကွယ်လို့ မဆိုနဲ့”
အားလုံး ဝိုင်းရယ်ကြသည်။ သို့အတွက်ကြောင့် ကျော်ဝင်းထွဋ်မှာ ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်သွားဟန် အိမ်ထဲမှ ခပ်ဆောင့်ဆောင့်ထွက်လာခဲ့သည်။
“ဟဲ့သား … ဘယ်သွားအုံးမှာတုံး။ အဝေးကြီး လျှောက်သွားမနေနဲ့ကွယ်။ ထမင်းစားတော့မှာ…”
ကျော်ဝင်းထွဋ် ထံမှတော့ စကားပြန်မရ။
ကျော်ဝင်းထွဋ် အတော်လှမ်းလှမ်းရောက်သည်အထိ နောက်သို့ လှည့်မကြည့်။ သူ့ဦးတည်ချက်က သိန်းဒီအိမ်သို့။
XXX XXX XXX
အဆင်သင့်ပင် ထမင်းပွဲမှ လက်စသိမ်း၍ ထလာ သော သိန်းဒီကို တွေ့ရလေသည်။
“လာဟေ့ … ထမင်းဝင်စားပါလား”
သိန်းဒီက ထမင်းစားခေါ်သည်ကို ခေါင်းခါပြယင်း
“မင်း ဒီနေ့ ကဏန်းချိတ် သွားအုံးမှာလား”
ဟု မေးသည်။
“အေး သွားမယ်၊ မင်း လိုက်ချင်သေးလို့လား”
“အေး … ဒီတခါ ငါကိုယ်တိုင် ချိတ်ကြည့်မယ်”
သိန်းဒီက ရယ်ကျဲကျဲနှင့် ကြည့်သည်။
“ဘာလဲ မဖြစ်ဘူးထင်လို့လား”
“မထင်ပါဘူး … လုပ်ယင်ဖြစ်မှာပါ”
ကျော်ဝင်းထွဋ်တစ်ယောက် သိန်းဒီစကားကြောင့် ကျေနပ်စွာဖြင့် အားရပါးရ ပြုံးလိုက်သည်။
XXX XXX XXX
တောထဲသို့ ရောက်သောအခါ ကျော်ဝင်းထွဋ်က သံချိတ်တချောင်း အပိုယူ၍ ခွဲထွက်သွားသည်။ သိန်းဒီက စိတ်မချဟန်ဖြင့် “ဝေးဝေးမသွားနဲ့နော်” ဟု မှာလိုက်သေးသည်။
ကျော်ဝင်းထွဋ် ပျော်နေသည်။ မိမိလုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်ရတော့မည်မို့ ကျေနပ်နေမိလေသည်။ လက်ထဲမှကိုင်ထားသော သံချိတ်ကို မကြာခဏ ကြည့်နေသည်။ စစ်ထွက်မည့် သူရဲကောင်းကိုင်သောလှံတံသဖွယ် သဘောကျနေပုံရသည်။
မခံချင်စိတ်၊ ဇွတ်လုပ်ချင်သည့်စိတ်ဖြင့်သာ လာခဲ့ ရသည်။ ဦးစွာ အခက်အခဲကြုံရသည်မှာ ကဏန်းတွင်းသစ် တွင်းဟောင်း မခွဲခြားတတ်ခြင်းပင်။
အတွင်း၌ ကဏန်း ရှိ မရှိ၊ တွင်းထဲသို့ သံချောင်းကို အလိုက်သင့် ဝင် မဝင်၊ တွင်းကောက်နေလျှင် ရအောင် မည်သို့ ထိုးသွင်းရမည်ကိုပါ မသိပေ။
သို့သော် စိတ်ကိုတင်း၍ ဦးစွာ တွေ့ရသော တွင်းတခု ထဲသို့ ထိုးသွင်းကြည့်သည်။ သံချောင်းဆုံးသည်အထိ တွင်းကမဆုံး။ လက်မောင်းတဆုံး နှိုက်သွင်းသော်လည်း မဆုံးသေးပြန်။ မြေကြီးနှင့် ပါး ကပ်အောင် ထိုးနှိုက်ကြည့်သော်လည်း တွင်းက မဆုံး။ စိတ်ပျက်စွာ ပြန်ဆွဲနုတ်သည်။သူ့ပါးတွင် ရွှံ့ရေတို့ ပါးကွက်ကွက်ထားဘိသို့ထင်နေ၏။
အေးစက်စက်ဖြစ်နေသောကြောင့် ကျန်တဘက်ဖြင့် ဆွဲပွတ်လိုက်ကာမှ မျက်နှာတပြင်လုံးအနှံ့ ပေကျံကုန်၏။
အမှန်တော့ ထိုတွင်းသည် “သင်ပေါ်ဖောက်သတ္တဝါ” ဖောက်ထားသော တွင်းဟောင်းကြီးတခု ဖြစ်သည်ကို ကျော်ဝင်းထွဋ်မသိပေ။
စိတ်မလျှော့ပဲ နောက်တတွင်း ဆက်ရှာထိုးသည်။ တွင်းကောက်နေ၍ ထိုးသွင်းမရ။ တွင်းထဲမှ သစ်မြစ် သစ်ကိုင်းတို့ဖြင့် ချိတ်မိနေသောကြောင့် ဆွဲနုတ်၍မရ။
ယခုအထိ ကဏန်းတကောင်မျှ မရသေး။ စိတ်မော လူမော ဖြစ်လာသည်။ တကိုယ်လုံး ရွှံ့ရေတွေ ပေလူးနေ၏။
ကံအားလျော်စွာ နောက်တတွင်း ချိတ်သည်တွင် ကဏန်းဟု ထင်ရသော ခပ်မာမာအရာဝတ္ထုတခုကို ချိတ်မိသည်။ အားရဝမ်းသာ ဆွဲနုတ်သည်။
စိတ်လောကြီးနေသဖြင့် နုတ်မရ။ တခါနုတ်မရ၊ နှစ်ခါနုတ်သော်လည်း မပါ။ အကြိမ်ကြိမ် ဆွဲနုတ်တော့ သတ္တဝါတကောင် ပါလာ၏။ လက်မကားကဏန်းကြီး။
ဗယ်ညာ လက်မကြီးများက သူ့ကို တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ ကဏန်းကြီးသည် ငြိမ်ငြိမ်မနေ။ တွင်းထဲသို့ပြန်ဆင်းရန် ကြိုးစားနေသည်။
တွင်းဝရောက်သွားခါနီးလိုက် ပြန်ဆွဲယူလိုက်နှင့် ကြာတော့ စိတ်မရှည်စွာ ရိုက်သတ်ချင်စိတ် ပေါ်လာမိသည်။
သို့သော် သိန်းဒီပြောထားသော စကားများကို ပြန်လည်ကြားယောင်မိကာ မရိုက်ဖြစ်ပဲ အရှင်ဖမ်းနိုင်အောင် ကြိုးစားလေသည်။
ဦးစွာ ကဏန်းပေါ်သို့ သံချိတ်ဖြင့်ဖိ၍ ခြေတဘက်ဖြင့် နင်းထားပြီး ဘေးမှ သစ်ကိုင်းတခုကိုယူကာ လက်ညှပ်တချောင်းပေါ်သို့ ဖိယင်း ကျန်ခြေထောက်ဖြင့် နင်းထားပြန်၏။ ကိုယ်အလေးချိန်ကြောင့် ကဏန်းကြီးမှာ ရွှံ့ထဲသို့ မြုပ်လုနီးပါး ဖြစ်နေ၏။
စိတ်ချရတော့မှ ကျန်လက်မတချောင်းကို အမိဖမ်း၏။ ကဏန်းကြီးမှာ ကြီးလွန်းနေ၍ ရုန်းကန်အားသန်လှပေရာ ခက်ခက်ခဲခဲ ဖမ်းယူရလေသည်။လက်နှင့် ဖမ်းမိသောအခါ သူထင်သလိုမဟုတ်ပဲ ကြမ်းတမ်းသောအတွေ့ကြောင့် နုနယ်သောလက်ဝါးပြင်မှာ နာကျင်သွား၏။ သို့သော် မလွှတ်ဝံ့ပေ။
ထိုသို့ ဖြစ်နေယင်းမှ ကဏန်းလက်ညှပ်၏ အလယ်ဆစ်မှ ဆူးဖြင့် ထိုးညှပ်ခြင်းခံလိုက်ရရာ “အား”ကနဲ အော်၍ လန့်၍ လွှတ်လိုက်သည်နှင့် သူ့လက်ညှိုးကို ဆတ်ကနဲ ညှပ်ထားခြင်း ခံလိုက်ရသည်။
“အမယ်လေး …”
နာလွန်းသဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။ ကဏန်းကြီးကလည်း အငြိုးဖြင့် မလွတ်တမ်း ညှပ်ထားလေရာ တွဲလောင်းကြီး ဖြစ်နေ၏။
“လုပ်ကြပါအုံး၊ သိန်းဒီရေ … သိန်းဒီ”
အသံကုန်အော်လေမှ မလှမ်းမကမ်းရှိ သိန်းဒီရောက် လာပြီး ကဏန်းကြီးကို ရိုက်ခွဲလိုက်သည်။ ကိုယ်လုံးကြီး ပြုတ်ကျသွားသော်လည်း လက်ညှပ်ကြီးက ကျန်ခဲ့ပြီး ပို၍စေ့သွားလေရာ တုံးတတုံးပေါ်တွင် တင်ခွဲလိုက်မှ ပြုတ်ကျသွားလေ၏။
ကျော်ဝင်းထွဋ် လက်ညှိုးလေးမှာ ပြတ်လုနီးပါး ရှိနေ ပြီး သွေးများ စီးထွက်နေသဖြင့် သိန်းဒီက ပုဆိုးအောက်နားစဆွဲဖြဲ၍ ခပ်တင်းတင်း စည်းပေးလိုက်၏။ ကျော်ဝင်းထွဋ်မှာ နာကျင်လွန်းသဖြင့် “တဆတ်ဆတ်”တုန်နေသည်။
“ဘယ်လိုဖြစ်တာလဲ”
“လက်မနှစ်ဘက်ကို ဖမ်းတုန်း အညှပ်ခံရတာပါပဲ။ ငါက အပေါ်ဘက်ကတင် ညှပ်နိုင်တယ်ထင်တာ မှား တာပဲ”
“မဟုတ်ဘူးကွ၊ ကဏန်းလက်ညှပ်ဆိုတာ နှစ်ဆစ်ရှိ တော့ အပေါ်ကလဲညှပ်နိုင်တယ်။ အလယ်ဆစ်ကလဲညှပ်နိုင်တယ်။ ဒါကို မင်းမှ မသိပဲကိုး။ ကဲ … ပြန်ကြမယ်”
အပြန်တွင် လက်နာနေသဖြင့် လှေပင် ဝိုင်းမလှော်နိုင်ပဲ ဝမ်းထဲမှာ ငြိမ်ငြိမ်လေးထိုင်လိုက်ယင်း သူ့အမှား ကို သူ စဉ်းစားနေမိသည်။ ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါမှားသွားပါတယ်ကွာ။ လုပ်ငန်းတခုကို အမြင်
နဲ့ မတတ်ဘူးဆိုတာ ငါ အခု လက်ခံပါပြီ”
“အေးလေ… အခုဆိုယင် မင်း ပိုပြီး နောင်တရလောက်ကရောပေါ့။ ထမင်းစားခါနီးတိုင်း၊ စာရေးခါ နီးတိုင်း၊ လက်ကဒဏ်ရာကိုမြင်ယင် မင်း အမြင်မှန်ရပါစေလို့ ငါ ဆုတောင်းပါတယ်ကွာ….”
ကျော်ဝင်းထွဋ်သည် သိန်းဒီကို လေးစားခင်မင်စွာ ဖြင့် ရွှန်းရွှန်းစားစား ကြည့်လိုက်လေသည်။
ချောင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးကလေးသည် ပို၍ပို၍ အေးမြခြင်း ရှိနေ သယောင်ယောင်။
– ပြီး –
စာရေးသူ – အောင်ခိုင်လင်း (မော်ကျွန်း)