ဖိုးကျော့
လက်မည်းကြီးများနှင့် ရိုးမကျား
“ဟေ့ … ဟေ့ … မြို့ကြီးပြကြီးတွေမှာ မီးသွေးတစ်ပိဿာ ၄ဝဝ၊ ၅ဝဝ ဖြစ်ကုန်ပြီတဲ့။ ဒီနှစ်တော့ တို့လက်မည်းကြီးတွေ ရွှေကိုင်ကြရမည့် နှစ်ပဲဟေး။ ရွှေကိုင်ကြရမည့် နှစ်ပဲ”
ဦးကြီးထွန်း ကြုံးဝါးလိုက်သည်မှာ အမှန်ပင်။
မြို့ကြီးပြကြီးများတွင် မီးသွေးတစ်ပိဿာ ၄ဝဝ၊ ၅ဝဝ ဈေး ရကုန်ပြီ။ ထို့ကြောင့် ရိုးမတောင်ခြေရှိ မီးသွေးဖုတ်သမားများမှာ ဤနှစ်တော့ သူတို့၏ လက်တွင် “ရွှေကိုင်ရပြီ၊ ရွှေဝယ်နိုင်ပြီ”ဟု ဝမ်းသာအားရ ဖြစ်ကုန်ကြ၏။
သူတို့ကြားသော သတင်းမှာ အမှန်ပင်။ မကြာမီကာလ၌ သူတို့၏ မြို့နယ်လေးရှိ မီးသွေးကုန်သည်များ၊ မီးသွေးပွဲရုံများက လူများသည် ရွာစဉ်လျှောက်၍ ဆွေမျိုးသားချင်းတော်စပ်သူများကို ကြိုတင်စရန်ငွေပင် ပေးလာကြသည်။ မီးသွေးကောက်မည့်သူ၊ မီးသွေးဖိုကို ကြိုချုပ်မည့်သူများလည်း ခြေချင်းလိမ်လာကြ၏။
ထို့ကြောင့်လည်း မီးသွေးဖုတ်သမားများ သူ့ထက်ငါဦး သက်ဆိုင်ရာ တောခေါင်း ချောင်းခေါင်းများမှတစ်ဆင့် အပတောများတွင် ခွင့်ပြုချက်ယူကြသည်။
အပတောဆိုသည်မှာ ဒေသခံများအတွက် အိမ်သုံး
ယာသုံး ခွင့်ပြုထားသော တောကိုခေါ်သည်။ ထိုအပတောများကို လိုင်စင်ယူကြသည်။
အထူးသဖြင့် သစ်တောကြီးများနှင့် ဆက်စပ်နေသော အပတောများကို ပို၍ လက်ဦးမှုယူကြ၏။ အကြောင်းမှာ အပတောကို အခြေခံပြီး မီးသွေးကောင်းရနိုင်သော သစ်မာ၊ သစ်ကောင်းများကို ဥပဒေလွတ် ခုတ်ယူပြီး မီးသွေးဖုတ်ကြရန် ဖြစ်၏။ ဤသည်မှာ မီးသွေး ခိုးဖုတ်နည်း တစ်မျိုးပင်။
ထို့ကြောင့် ဖက်သန်းကုန်းရွာက လှည်းသုံးစီးသည် မီးသွေးဖုတ်ရန် တောတက်လာကြ၏။ လှည်းသုံးစီးတွင် ရိက္ခာသမားများ အပါအဝင် လူကိုးယောက်ပါသည်။ သူတို့မှာ တောထဲရောက်က မီးသွေးဖုတ်မည့်သူ ၃ ဆိုင်း ခြောက်ယောက်သာ တောထဲ၌ နေခဲ့ကြရမည်ဖြစ်ပြီး ရိက္ခာပို့ရန် ငှားလာသူများက မိမိတို့ရွာကို ပြန်ကြရမည် ဖြစ်သည်။
မိမိတို့ ရွာက ဝေလီဝေလင်းအချိန်ကပင် တောတက်လာကြသော သူတို့သည် နေမွန်းမတည့်မီပင် သူတို့ စခန်းချ မီးသွေးဖုတ်ရမည့် တောထဲကို ရောက်လာကြ၏။
ထိုအခါ လှည်းသုံးစီးမှ မီးသွေးဖုတ်ရာတွင် သုံးသော လက်နက်ကိရိယာများနှင့် ရိက္ခာများကို စုပုံထားခဲ့ကြပြီး လှည်းသုံးစီးကို ရွာပြန်လွှတ်လိုက်ကြသည်။ ထိုလှည်းသုံးစီးသည် နေမဝင်မီ မိမိတို့ရွာကို ရောက်သွားကြပေလိမ့်မည်။
မီးသွေးဖုတ်ရန် ကျန်နေခဲ့ကြသော သူများမှာ ဦးဆောင်ကြီး၊ ဦးကြီးထွန်း၊ လှထွန်းအောင်၊ မောင်သိုက်၊ သိမ်းမောင်၊ ရွှေမော်တို့ ဖြစ်ကြ၏။ အလာတုန်းက ကိုးယောက်ဖြစ်သော်လည်း ဆင်အောင်းကျားနေ တောနက်ကြီးဖြစ်၍ ကြည်ဝင်း၊ တင်ဆိုင်၊ စိန်သန်းတို့ကို ကျွဲ၊ နွားများနှင့်အတူ ပြန်လွှတ်လိုက်ကြ၏။
သူတို့ခြောက်ယောက်သည် ထိုနေ့၌ သူတို့နေရန် တဲကို အရင်ဆောက်လုပ်ကြသည်။ နောက်တစ်နေ့မှ မီးသွေးဖုတ်ရန် ထင်းရှာ၊ ဖိုဆောက် အလုပ်ကို လုပ်ကိုင်ကြပြီး မီးသွေးဖုတ်ကြတော့သည်။
သူတို့ကဲ့သို့ အနီးအနား၌ ဦးကျော်ခိုင် ဦးဆောင် သော မီးသွေးဖို တစ်ဖိုလည်း ရှိသေး၏။ သူတို့မှာ လုပ်ကိုင်ဆောင်ရွက်ရင်း တစ်ဖိုနှင့်တစ်ဖို ကူးလူးဆက်ဆံ အသွားအလာလည်း ရှိကြသည်။
တန်ခူးကုန်၍ ကဆုန်လဆန်းကို ရောက်လာပြီ။ ကောင်းကင်တွင် တိမ်များကိုလည်း မကန်းတစ်ကွက် ကဏန်းယှက်၍ မြင်နေရပြီ။ သူတို့မှာလည်း မီးသွေးက လိုသလောက်ရပြီဖြစ်သဖြင့် ရွာကို လှည်း ခြောက်စီးဆင့်၍ပင် တောထဲမှ မီးသွေးတွေကို အခေါက်ခေါက်အခါခါ သယ်နေကြလေပြီ။
သူတို့ သုံး လေးလ နေနေခဲ့ကြသော တဲဝန်းကျင်တွင် အိပ်တန်းလုရင်း ရန်ဖြစ်နေကြသော ငှက်သံများကိုလည်း ကြားနေရ၏။
ရွာကရောက်နေသော လှည်းသုံးစီးပေါ် မီးသွေးအိတ်တွေ တင်နေကြ၏။ နွားနှင့် ကျွဲတွေကိုတော့ အစာကျွေး ရေတိုက်၍ ပတ်ဝန်းကျင်တွင် လွှတ်ထားကြသည်။ ဤကျွဲ၊ နွားများသည် မနက်ဖြန်တွင် ရွာကို မီးသွေးသွားပို့ကြရမည့် လှည်းဆွဲ ကျွဲ နွားများ ဖြစ်သည်။
နွားတွေ နှာမှုတ်သံကြောင့် လှည်းပေါ် မီးသွေးတင်နေသူတွေ အလန့်တကြား ဖြစ်ကုန်ကြ၏။
မောင်သိုက်က “ထွန်းအောင်၊ ဘာလဲကွ” ဟု မေးလိုက်၏။
“မသိဘူး၊ ဟို … ဟိုမှာ ဦးကျော်ခိုင်တို့ဖိုက နွားတွေနဲ့တူတယ်။ ဒီဘက်ကို ပြေးလာနေကြပြီ။ ဘာတွေ့လို့လဲ မသိဘူး”
မောင်သိုက်နှင့် ထွန်းအောင်တို့ စကားကြောင့် စံကျော်နှင့် ရွှေမော် တို့ကလည်း ဦးကျော်ခိုင်တို့ဖိုက နွားတွေ ပြေးလာရာဘက် လှမ်းကြည့်ကြ၏။
ထိုအချိန်မှာပင် ဦးကျော်ခိုင်တို့ နွားတွေသာမဟုတ်။ သူတို့ နွားတွေ၊ ကျွဲတွေပါ လန့်ပြီး ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။
“ဟ … ဟ … တို့နွားတွေပါ လန့်ကုန်ပြီ။ လုပ်ကြပါဦး”
မောင်သိုက်၏ စကားပင် မဆုံးလိုက်၊ ကျားဟိန်းသံကြီးက ပေါ် ထွက်လာသည်။
“ကျား… ကျား… ကျားကြီးဗျို့။ ကျား… ကြီး… ကျားကြီး”
သူတို့တဲဘက်က ပြေးလာကြသော နွားနောက်ကို လိုက်လာရင်း ဦးကျော်ခိုင်လည်း မောင်သိုက်တို့ဆီ ရောက်လာ၏။ ဦးကျော်ခိုင်တို့ နွားတွေမှာ ဦးထွန်းကြီးတို့ နွားအုပ်နှင့် ပေါင်းသွားကာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ဝရုန်းသုန်းကား ထွက်ပြေးကြသော နွားတွေကို လိုက်ထိန်းရင်း ဦးကြီးထွန်းတို့ မီးသွေးဖိုနား ရောက်သွားကြ၏။ ဦးကြီးထွန်းကလည်း
“ဘယ်မှာလဲဗျို့ ကျား၊ စောစောက အော်ကြသံ ကြားလိုက်လားလို့”
“ဟို… ဟိုဘက်မှာ။ နွားတွေနောက်ကို လိုက်လာတယ် ထင်တာပဲ။ ရဲလိုက်တဲ့ကျားဗျာ။ ကျုပ်တို့ တဲနားက နွားတွေကို လာချောင်းတာ။ အဲဒါကြောင့် နွားတွေ လန့်ပြေးကုန်တာ”
ဦးကြီးထွန်း၏ အမေးမဆုံးမီ ဦးကျော်ခိုင်၏ အော်ပြောလိုက်သံနှင့်အတူ ထွန်းအောင်၏ညီ ထွန်းမောင် အော်ပြောသံကိုလည်း ကြားလိုက်ကြရ၏။
“ဟုတ်တယ်ဗျို့၊ ဟုတ်တယ် … ဟုတ်တယ်။ ဟိုကုန်းပေါ်ကို ကျားကြီး ရောက်နေပြီ”
ပြောပြောဆိုဆိုနှင့်ပင် ထွန်းမောင်က နီးစပ်ရာ သစ်ပင်ပေါ် ပြေးတက်၏။
ဦးကျော်ခိုင်နှင့် စံကျော်တို့ မီးသွေးဖို လူနေတဲမှာ ရိုးမနှင့် ပိုနီးသဖြင့် ကျားကြီးသည် သူတို့တဲဘက်ကို အရင်ရောက်လာခြင်းပင်။
သူတို့ဆီက နွားများ ဤဘက်ကို ပြေးလာကြခြင်းမှာ ကျားကြီးကို တွေ့သွားကြ၍ ဖြစ်ရမည်။
ယခုအချိန်တွင် မီးသွေးဖုတ်သမားများမှာလည်း ဝေစု မီးသွေးတွေကို လှည်းနှင့်တိုက်ကာ ရွာရောက်သူက ရောက်သွားကြပြီ။ ထို့ကြောင့် ဦးကျော်ခိုင်တို့မှာလည်း သူတို့တဲ၌ လှည်းနှစ်စီးနှင့် လူသုံးယောက်သာ ကျန်တော့သည်။
ကျားကြီးမှာ ထွန်းအောင်တို့နှင့် ပေ ၁ဝဝ ကျော်တွင်ရှိသော ကုန်းပေါ်၌ မားမားကြီးရပ်ပြီး ကျွဲ၊ နွားများကို ဟန်ရေးပြ ခြိမ်းခြောက်၍ အုပ်ခွဲရန် ခြိမ်းခြောက်နေ၏။ အချိန်ကလည်း ဆည်းဆာကွယ်ပျောက် ကာ မှောင်ရိပ်သမ်းနေပြီ။
ထို့ကြောင့် ကျားရဲကြီး၏ ကြီးမားသော မျက်လုံးအစုံမှာ မီးကျီးမီးခဲပမာ ရဲရဲနီနီ တောက်ပလာသည်။ ကျားရဲကြီးကိုကြည့်၍ လူတွေမှာ ကျောချမ်းနေကြသည်။
သူတို့တစ်တွေမှာ လူများသော်လည်း မစည်။ အစီအစဉ်လည်း မရှိကြ။ သစ်ပင်ပေါ် တက်ပြေးသူ ပြေး၊ တဲခေါင်မိုးပေါ် ရောက်သူက ရောက်၊ လှည်းပေါ်နှင့် တဲထဲ ဝင်ပြေးသူက ပြေး၊ အော်သူက အော်၊ ဟစ်သူက ဟစ်နှင့် တောထဲတွင် တိုင်းပြည်ပျက်သည့်အလား ကျွဲသံ၊ နွားသံ၊ လူသံတွေနှင့် ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။
အများစုမှာ ကျားကို ကြားဖူးကြသော်လည်း ယခုလို နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးကြသူတွေ မဟုတ်ကြ။ လူငယ်တွေမှာ ကြောက်လန့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြ၏။ ယခုအချိန်တွင် သူတို့၏ အားထားရသူ ဦးကြီးထွန်းမှာလည်း ဘယ်ရောက်သွားသည် မသိ။
ညကလည်း မှောင်သထက် မှောင်လာပြီ။ လူတွေအားလုံးမှာ ကစဉ့်ကလျားဖြစ်ပြီး တောင်မင်း မြောက်မင်း မကယ်နိုင်ဆိုသလို မိမိအသက်အတွက်၊ ကျားကိုက်မခံရရေးအတွက်သာ နီးစပ်ရာ သစ်ပင်၊
တဲခေါင်မိုး စသဖြင့် ကျားရန်မှ လွတ်မည့်နေရာတွေကို အသီးသီး ရောက်ကုန်ကြသည်။
ယခုအခါ ကျားကိုလည်း အမှောင်ထဲ၌ မျက်စိနှစ်လုံးသာ မြင်နေရတော့သည်။
ထွန်းမောင်တို့ ကျွဲကြီးနှစ်ကောင်ကမူ နွားများလို ကစဉ့်ကလျား ထွက်မပြေးကြဘဲ တစ်ကောင်နှင့်တစ်ကောင် ဖင်ချင်းကပ်ထားကြ၏။ သူတို့၏ ချွန်မြည့်နေသော ချိုအစုံကို ထောင်ကာ ပတ်ချာလှည့်၍ ခံနေကြသည်။
ကစဉ့်ကလျား ထွက်ပြေးနေကြသော နွားများသည် ကျွဲကြီး နှစ်ကောင်၏ အားကိုးနှင့်လား မသိ။ ကျွဲကြီးနှစ်ကောင် နောက်ပြန်ရောက်လာကြသည်။ ပြီးတော့မှ ကျွဲနှစ်ကောင်လို ဖင်ချင်းပူးပြီး လူများကို အကူအညီတောင်းသလို တဗွတ်အဲအဲ အော်မြည်နေကြ၏။
သူတို့ နှစ်ကောင်နောက်ကို နွားအုပ်ပါ ပြန်ရောက်လာ ကြသောအခါ ကျွဲနှစ်ကောင်ကလည်း အားရှိသွားပုံရ၏။ တညွညွမြည်ကာ ကျားကြီးကို “လာစမ်း” ဟု စိန်ခေါ်နေသလိုပင်။
ဤကျွဲနှစ်ကောင်မှာ မီးသွေးတိုက်ရင်း တောထဲ တောင်ထဲ အကြိမ်ကြိမ်ရောက်ဖူးပြီး ကျားနှင့်လည်း အကြိမ်ကြိမ် တွေ့ဖူးထားကြသော ကျွဲကြီးနှစ်ကောင် ဖြစ်သည်။
ထို့ကြောင့်လည်း ကျွဲကြီးနှစ်ကောင်မှာ နွားများလို အကြောက်ကြီး ကြောက်နေကြပုံမရ။ ကျားကြီး လှည့်ပတ်ချောင်းလာရာဘက်ကို နှစ်ကောင်စလုံးက ချိုတယမ်းယမ်းနှင့် ဖင်ချင်းပူးကာ လှည့်ပတ်ခံနေကြ၏။ ကျားက ကျွဲကြီးနှစ်ကောင်နောက်ရှိ နွားများကို ကစဉ့်ကလျားဖြစ်ပြီး ထွက်ပြေးရန် ဟိန်းဟောက်အသံပေးနေသည်။
သို့သော် ဤတစ်ခါ စောစောကလို ကစဉ့်ကလျား ထွက်မပြေးကြတော့ဘဲ ကျွဲကြီးနှစ်ကောင်လိုပင် ဖင်ချင်းပူးပြီး အော်မြည် ချိုခါလျက် ခံနေကြ၏။
ဤကျွဲကြီးနှစ်ကောင်ကား အံ့ဖွယ်ဖြစ်၏။ နွားဘက်ကို ကျား လှည့်သွားသည်နှင့် မိမိကိုယ်ကို ကာကွယ်ရုံမက နွားများရှေ့ကိုပါ လှည့်၍ နွားများကို အကာအကွယ် ပေးနေကြသလိုပင်။
ဤသည်ကို ကျားငပါးကြီးကလည်း ရိပ်မိပြီး ကျွဲကြီးနှစ်ကောင်ကို ဒေါသဖြစ်သွားပုံရ၏။ ထို့ကြောင့် ကျားကြီးက ဟိန်းသံပေးကာ ဤတစ်ခါတော့ ကျွဲကြီးတစ်ကောင်ကောင်ပေါ်ကို ခုန်ကိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ပုံရ၏။
ထိုအခါ သစ်ပင်ပေါ် ရောက်နေသော ထွန်းမောင်တို့ ညီအစ်ကိုက အထိတ်တလန့် အော်လိုက်ကြသည်။
“ကျား … ကျားကြီး၊ ကျုပ်တို့ ကျွဲနှစ်ကောင်ကို ကိုက်တော့မယ်ဗျိုး … ကိုက်တော့မယ် … ခုန်အုပ်တော့မယ်”
သူတို့ ညီအစ်ကိုနှစ်ယောက်မှာ ကျွဲ၊ နွား၊ ကျားတို့နှင့် အနီးဆုံး သစ်ပင်ပေါ် ရောက်နေကြသဖြင့် အတော်ထင်ထင်ရှားရှား မြင်နေကြပုံရ၏။
“ဝေါင်း … ဟောင်း … ဟူး … ဝူး … ဝူး”
“ကျားဘသားကွ၊ ဟေ့ … ကျားဘသား”
ကျားကြီး ခုန်အုပ်လိုက်သံနှင့်အတူ အောင်မြင်ခန့်ညားသော အသံနက်ကြီးတစ်ခုနှင့် မီးတစ်ပွင့်သည် လက်ခနဲ လင်းလက်သွားကာ လေထဲ၌ မီးကွင်းဖြစ်သွားပြီး ကျားကြီး၏ လည်ပင်းတွင် သွားစွပ်နေလေသည်။
ကျွဲ၊ နွား တစ်ကောင်ကောင်ပေါ် မှန်းပြီး တအားခုန်ကိုက်လိုက်သော ကျားကြီးမှာ မမျှော်လင့်ဘဲ သူ့ရှေ့မှ ရုတ်ခနဲ ထွက်ပေါ်လာသော မီးကွင်းက သူ့လည်ပင်း လာစွပ်လေရာ ဟန်ချက်ပျက်ကာ လိုရာမရောက်တော့ဘဲ မြေပြင်ပေါ် ပစ်ကျသွားသည်။
တောအတွေ့အကြုံနှင့် ကျားအတွေ့အကြုံ ရင့်သန်နေကြသော ဖိုသူကြီးနှစ်ယောက်သည် မီးကွင်း၊ ဒူးလေးတွေနှင့် ကျွဲနွားအုပ်ထဲ ဘယ်ပုံဘယ်နည်း ရောက်နေကြသည်ကို လူငယ်များမှာ ရိပ်ပင် မရိပ်မိလိုက်ကြ။
ကျွဲ၊ နွားအုပ်ထဲက ဦးကြီးထွန်းနှင့် ဦးကျော်ခိုင်တို့အသံကို ကြားကြရတော့မှ ကျွဲ၊ နွားတွေကလည်း လူအားကိုးနှင့် ထွက်မပြေးကြသည်ကို သိကြရတော့သည်။
မီးကွင်းလည်ပင်းစွပ်နှင့် မြေပြင်ပေါ် ပစ်ကျသွားသော ကျားကြီးမှာ သွေးရူးသွေးတန်းနှင့် ခုန်ထပြီး လည်ပင်းက မီးကွင်းကို လက်နှင့် ကုတ်ဆွဲလိုက်ရာ လည်ပင်းက မီးကွင်းပြုတ်မကျသည့်အပြင် လက် တစ်ဖက်ပါ မီးကွင်းထဲ ဝင်သွားပြန်၏။
“ဦးကျော်ခိုင် ပစ်ဗျ … ပစ်ပစ် … မြန်မြန်ပစ်”
ဦးကြီးထွန်း၏ အော်ပြောလိုက်သံနှင့်အတူ နောက်ထပ် မီးကွင်းတစ်ကွင်းက ကျားကြီးကိုယ်ပေါ် ပစ်ကျလာသလို ဒူးလေးမြားတစ်စင်းကလည်း ကျားလည်ပင်း လာစိုက်နေပြန်၏။
ဒုတိယပစ်လိုက်သော မီးကွင်းမှာ ကျားလည်ပင်း မစွပ်မိ။ ကျားကိုယ်ပေါ်ကိုသာ မီးစွဲလောင်သောအခါ ကျားကြီးမှာ ဟိန်းသံပင် မပြုနိုင်တော့ဘဲ
“ဂရူး … ရူး … ရူး … ဝူး … ဝူး”
ဟု အော်ဟစ်ကာ ဦးတည်ရာမဲ့ ထပြေးရင်း ကျွဲ၊ နွားအုပ်အနီးတွင် လဲကျသွား၏။ ထိုအခါမှ ကျွဲ၊ နွားများမှာ လန့်ပြီး တညွညွ၊ တဗွတ်အဲအဲ အော်မြည်ကာ ဝရုန်းသုန်းကား ထွက်ပြေးကြတော့သည်။
ကျားကြီးက သူ့ကိုယ်ကို ထိန်းမရ ပစ်ကျလာသလို ဦးတည်ရာမဲ့ ထွက်ပြေးသော ကျွဲနှစ်ကောင်မှာ ကျားကြီးကိုပင် တက်နင်းမိသွားကြသည်။
ထိုအခါ လည်ပင်းမီးကွင်းနှင့် မြားစူးခံနေရသော ကျားကြီးမှာ သွေးရူးသွေးတန်းနှင့် ခုန်ထပြေးပြန်၏။ သို့သော် ဝေးဝေးကို ထွက်မပြေးနိုင်ဘဲ ဒေါက်ထောက်ရပ်ထားသော ကျွဲလှည်းထောက်ကို ဝင်တိုက်မိပြန်၏။ ကျွဲလှည်းထောက် ပြုတ်ကျသောအခါ လှည်းထမ်းပိုးရိုက်မိပြီး လဲကျသွားပြန်၏။
“ဟေ့ကောင်တွေ၊ ကျွဲ နွားတွေကို မြန်မြန်ထိန်းကြပါဟ။ ကျားက မင်းတို့ကို မကိုက်နိုင်တော့ဘူး။ ကျွဲ၊ နွားတွေ ဝေးဝေးရောက်ကုန်မယ်။ မြန်မြန်ထိန်းကြ၊မြန်မြန်ပြေးထိန်းကြ။ ဦးကျော်ခိုင် … ကျားကို ထပ်…. ဟာ… ဘယ်သူလဲကွ၊ အတင့်မရဲပါနဲ့။ ကျား… ကျား မသေသေးဘူးဟ”
“ကျားက မင်းတို့ကို မကိုက်နိုင်တော့ဘူး”
ဟူသော ဦးကြီးထွန်း၏ အော်ပြောသံကြောင့် စောစောက ကျားကို ကြောက်ကာ တဲထဲဝင်ပြေးပုန်း နေသော မောင်သိုက်က လှံဆွဲထွက်လာပြီး သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလို မီးလောင်နေသော ကျားကြီးကို ဝင်ထိုးသည်။
တဲပတ်ဝန်းကျင်တွင် မီးဖိုနှစ်ဖို၊ ကျားလည်ပင်းတွင် ယခုအထိ တောက်လောင်နေသော မီးကွင်း၊ လွဲချော်သွားသော မီးကွင်းတို့၏ အလင်းနှင့် ယခုတော့ မီးသွေးတဲပတ်ဝန်းကျင်တွင် အခြေအနေကို လင်းလင်းထင်းထင်း မြင်နေကြရပြီ။
ကျားမှာ မီးလောင်ခံရသည့်အပြင် ဦးကျော်ခိုင်၏ မြားချက်၊ မောင်သိုက်၏ လှံချက်နှင့် ငြိမ်သက်သေဆုံးသွားပြီ။
သို့သော် ဦးကြီးထွန်း ပထမပစ်လိုက်သော မီးကွင်းက ကျားလည်ပင်းတွင် တောက်လောင်နေတုန်း။
ထိုအချိန်မှာပင် မီးသွေးကော်သော သံထွန်ခြစ်ကြီးကိုဆွဲကာ ရွှေမောင်က ကျားသေဆီ ပြေးချလာပြန်သည်။
“ဟေ့ကောင် … ပော့ကောင်၊ ကျားက သေနေပြီကွ။ မင်း သံထွန်ခြစ်ကြီးနဲ့ ဘာလုပ်မလို့တုံး။ ကျားသားရေတွေ စုတ်ပြတ်ကုန်ရင် ဈေး…”
သိမ်းမောင်ကြီး၏ စကားပင် မဆုံး …
“အမွေးတွေကို မီးလောင်ကုန်ရင် ကျားသရေက ဈေးရတော့မလားဗျ။ ကျားကိုယ်က မီးကွင်းကို သံထွန်ခြစ်နဲ့ မြန်မြန်ဆွဲချွတ်ရတော့မပေါ့ဗျ”
ဦးကြီးထွန်းနှင့် ဦးကျော်ခိုင်တို့ လူကြီးနှစ်ယောက်မှာမူ စိတ်မောကိုယ်မောနှင့် ပင်ပန်းကာ ယခုထိ လူငယ်များလို ကျားသေကို သွားမကြည့်နိုင်ကြသေးဘဲ တဲထဲ ပြေးဝင်ကာ ရေသွားသောက်နေကြသည်။
ထိုစဉ် ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် သစ်ပင်ပေါ်က ပြန်မဆင်းတတ်၍ အကူအညီ အော်ဟစ်တောင်းခံနေသံကို ကြားလိုက်ကြရပြန်၏။
ထို့ကြောင့် ကိုကျော်စိန်က တဲတွင်ထောင်ထားသော ဝါးလုံးနှစ်လုံးကို ပြေးယူကာ …
“ခွေးကောင်လေးတွေ၊ မင်းတို့ တက်တုန်းက ဘယ်လိုတက်လို့ သစ်ပင်ပေါ် ရောက်သွားတာလဲ”
ဟု အော်သည်။
“ကိုကြီးစိန် … မြန်မြန်လုပ်ပါဗျ၊ ကျားကြည့်ရအောင်။ အဲ… ဟို … ဟို တက်တုန်းကတော့ ကြောက်ကြောက်နဲ့ ပြေးတက်မိကြတာပေါ့ဗျ။ ရင်ဘတ်တွေတောင် ပွန်းပဲ့ကုန်ပြီ”
ထွန်းအောင် သစ်ပင်ပေါ်က အော်ပြောနေ၏။
ဦးကြီးထွန်းနှင့် ဦးကျော်ခိုင်တို့ ရေသောက်ပြီး တဲထဲက ထွက်လာကြချိန်မှာ လူငယ်တွေအားလုံး ကျားသေကို ဝိုင်းကြည့်နေကြ၏။
ဤသည်ကို ဦးကြီးထွန်းက –
“ဟေ့ကောင်တွေ၊ မင်းတို့ ကျားသေကို ဘယ်အချိန်ကြည့်ကြည့်၊ ရွာရောက်မှ ကြည့်လည်း မရဘူးလား။ ကျွဲ နွားတွေကို ထိန်းကြပါပြောနေတာ။ ခု ကျွဲတွေ၊ နွားတွေ ဘယ်ရောက်ကုန်ပလဲ။ တစ်ကောင်မှ မမြင်ပါလား”
ဟု အော်ငေါက်လိုက်၏။
ထိုအခါမှ လူငယ်တွေမှာ ကျွဲ၊ နွားတွေကို လူသံပေး၍ လိုက်ရှာကြ၏။ မီးတုတ်ကိုယ်စီနှင့် သူ့ကျွဲ၊ ကိုယ့်ကျွဲ၊ သူ့နွား၊ ကိုယ့်နွား နာမည်များနှင့် “ယော… ယော… ယော…” ဟု အော်ခေါ်ရှာကြ၏။
လှည်းဆွဲကျွဲ၊ နွားများကား သူတို့ပတ်ဝန်းကျင်တွင် တစ်ကောင်မှ မရှိတော့။ မီးကွင်းလည်ပင်းစွပ်နှင့် သူတို့ရှေ့ ခုန်ကျလာသော ကျားကြီးကို လန့်ကြောက်ကြောက်ကာ အကုန်လုံး ရွာပြန်ပြေးသွားကြပြီ။
ညတွင်းချင်း ဝရုန်းသုန်းကားနှင့် အော်မြည်ပြေးလာကြသော ကျွဲ၊ နွားများမှာ သူတို့၏ မူလချည်တိုင်ဖြစ်သော ကျွဲအုပ်၊ နွားအုပ်တွေကြားထဲ ပြေးဝင်လာကြရာ ချည်တိုင်ရှိ ကျွဲအုပ်၊ နွားအုပ်တွေပါ လန့်အော် ပြီး ဆူညံသွားကြ၏။
ထိုသို့ မီးသွေးသယ်သွားကြသော ကျွဲ၊ နွားများ လန့်ပြေးလာကြသောအခါ မီးသွေးဖုတ်သွားကြသော ဦးကြီးထွန်းနှင့် ဦးကျော်ခိုင်တို့ အဖွဲ့သည် တောထဲ၌ ညကြီးမင်းကြီး ဒုက္ခတစ်စုံတစ်ခုတော့ မုချတွေ့နေကြပြီဟု ရွာကလူတွေ တပ်ချီပြီး လိုက်လာကြ၏။
ဦးကြီးထွန်းနှင့် ဦးကျော်ခိုင်တို့ မီးသွေးဖိုကို ရောက်ကြသောအခါ စိုးရိမ်သောကနှင့် ရွာမှလိုက်လာကြသူများမှာ ကျားကြည့်ရန် လာကြသလို ဖြစ်သွားလေသည်။
ကျားကြီးကလည်း ဧရာမ ရိုးမကျားကြီး နီလာစင်း။ ဤမျှကြီးသော ကိုးတောင်ကျားကြီးသည် ရွာမှလိုက်လာကြသူများအတွက်မူ အံ့ဖွယ်ဘနန်း ဖြစ်သွားလေသည်။
မည်သို့ဆိုစေ ဤနှစ် မီးသွေးဖုတ်သမားတွေမှာ မီးသွေးအပြင် ဧရာမ ကျားကြီးတစ်ကောင်ကိုပါ ရလာကြသဖြင့် သူတို့အတွက် ရွှေတစ်မူး တစ်ပဲတော့ ကိုင်ကို ကိုင်ကြရတော့မည် ဖြစ်လေသည်။
သူရဇ္ဇမဂ္ဂဇင်း၊ မတ်၊ ၂၀၁၅။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ