————-
`သောက်ကမြင်းမ လာခဲ့စမ်း´
အိမ်ထဲသို့ ခြေတစ်လှမ်းအဝင်သာ ရှိသေးသည်။တစ်ပတ်လျိုထားသော ဆံပင်အစုအား ရစ်သိုင်းဆွဲဆောင့်ခြင်းက ပူထူစပ်ဖြင်းလှ၏။ခြေနှစ်ချောင်းစုံအောင်မရပ်မိသေးသဖြင့် သူဆွဲခေါ်ရာနောက်သို့ ကျမ ပုံပန်းမကျ ဒရွတ်တိုက်စွာပင် လိုက်ပါလာရလေသည်။
သူ ။သူဆိုသည်ကား ကျမလင်။ကျမချစ်လှစွာသော ကျမကိုချစ်ခင်မြတ်နိုးရပါသည်ဟူသော ယောက်ကျားပင်ဖြစ်သည်။ယောက်ကျားတစ်ယောက်၏ နှုတ်ထွက်အာဘော်စကားတို့သည် သူ၏ လုပ်ရပ် နှင့် ဥာဏ်ရည် တို့အပေါ် တိုက်ရိုက်အချိုးကျနိုင်ပါသလား။နှစ်လရက်ရှည် ဘယ်လောက်အကြာအထိ တည်တံ့နိုင်ပါမည်လဲ။ခိုင်မြဲနိုင်ပါမည်လဲ။ကျမ အသေအချာမသိပါ။သို့သော် ကျမလင်သည် ကျမနဲ့ အိမ်ထောင်သက်အနည်းငယ်အတွင်းမာပဲ စတင်ပြောင်းလဲပါသည်။
ကျမ အသက်ငယ်ငယ်နဲ့ စိတ်ကစားပီး တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်မဟုတ်ခဲ့တာကိုတော့ ဦးစွာအသိပေးပါရစေ။ကိလေသာလား တဏှာလား ကွဲပြားသိမြင်နိုင်သော ပညာဥာဏ်လဲ ကျမမှာ ရှိပါသည်။သို့ဆိုလျင် အဘယ်ကြောင့် ကျမ ယခုကဲ့သို့သော အိမ်ထောင်မျိုး ရွေးချယ်ခဲ့မိပါသလဲ။အဖြေသည်ကား တစ်ခုသာ ရှိသည်။
လင်စံရွေးလွန်း၍ လင်ခွေးကို ရွေးမိခဲ့ခြင်းပင်။
ကျမသည် မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်သည့်အတွက် လျှပ်ပေါ်လော်လီ၍မနေပါ။အေးဆေးတည်ငြိမ်ပီး နွေးထွေးတတ်သူဖြစ်သည်မို့ ပုရိသအတော်များများ၏ မျက်စိကျရွေးချယ်ခြင်းကို ခံခဲ့ရသည်မှာ အဆန်းတော့ မဟုတ်ပေ။ကုန်သည် ဆရာဝန် အစိုးရဝန်ထမ်း သာမန်လက်လုပ်လက်စားစသည်ဖြင့် အလွှာမျိုးစုံသောပုရိသတို့၏ လူပျိုလှည့်ပိုးပန်းခြင်းဖြင့် တစ်နည်း မိဘဆွေမျိုးများထံ နားဖောက်တောင်းရမ်းခြင်းဖြင့် တစ်ဖုံ အမျိုးမျိုးကြုံခဲ့ရသည်လေ။
သို့သော် ကျမ၏ နှလုံသားသည် ဦးဏှောက်၏ စေစားရသို့သာ လိုက်မြဲ။တစ်မျိုးမဟုတ် တစ်မျိုးအပစ်ရှာ၍ ငြင်းမြဲ။ယောက်ကျားဆိုသည်ကား ဆေးလိပ် အရက် လောင်းကစား မိန်းမ ဤအချက်များနှင့် လွတ်ကင်းနိုင်သည်က ရှားသည်လေ။တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ငြိစွန်းနေတတ်သည်ကိုး။ထိုထိုသော ယောက်ကျားများအနက်မှ အထူးစီစစ်ရွေးချယ်လက်ခံခဲ့ပါသော ယောက်ကျားသည် ယခုအခါ ကျမအား နှိပ်စက်ကလူပြုနေလေပြီ။
လက်ထဲမှ ခြင်းတောင်းလေးသည်လည်း တွန်းကန်အား ရုန်းကန်အားတို့ကြောင့် ဖရိုဖရဲဖြင့် ပြန့်ကျဲလေသည်။စာအုပ်အချို့နှင့် ထမင်းချိုင့်ကလေးသည်လည်း ကြမ်းပြင်သို့ သက်ဆင်းသဖြင့် ဂလွမ်ဂလုံအသံတို့ ထွက်ပေါ်လာတော့သည်။
ကျမ အလွန်ရှက်သည်။ဆရာမတစ်ယောက်ရဲ့ အိန္ဒြေသိက္ခာတို့သည် ဤယောက်ကျား၏ ဖျက်ဆီးခြင်းဖြင့် အဆုံးသတ်ပေသည်။
`ဘာဖြစ်ရပြန်ပီလဲ ´
ကျမ သူ့ရဲ့ နာမ်စားကို ထုပ်ဖော်မပြောချင်လောက်သည့်အထိ ရွံရှာတာမို့ နမည်တပ်၍ မခေါ်ဝေါခဲ့သည်မာ ကြာပါပီ။
`မင်းကို ငါဘာပြောထားလဲ
ဟိုကောင်နဲ့ ပတ်သတ်တာ မကြိုက်ဘူးလို့´
တောင်စဥ်ရည်မရ ပြောလိုက်သော စကားသည် ကျမအသားနာရတာထက်ကို ပို၍နာပါသည်။သူဘယ်သူနဲ့ယိုးစွပ်နေသလဲ အတိအကျမသိပေမဲ့ လည်း ဆင်ခြင်တုံ့တရားကင်းမဲ့စွာဖြင့် စွပ်စွဲပြောဆိုခဲ့သည်မာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါ။
`ဘယ်သူလဲ ဘာတွေပြောနေပြန်တာလဲ´
ကျမ သည်ယောက်ကျားကို ငြီးငွေ့ပါသည်။စိတ်ကုန်ပါသည်။ချစ်ခင်စုံမက်၍ လက်ထပ်ထိမ်းမြားခဲ့သော သည်ယောက်ကျား၏ အသံ ဟန် တို့ကို မမြင်ချင် မကြားချင်တော့သည်မာ အံ့အောဖို့တော့ ကောင်းသည်။ကျမစိတ်၏ ခံစားမှုတို့သည် အသံ၌ပေါ်လွင်သည်ထင်သည်။သူ ၏ လက်ဝါးကြမ်းကြမ်းသည် ကျမပါးပြင်သို့ အားပြင်းစွာ ရိုက်ခက်လေသည်။
ပူထူကြိမ်းစပ်သော အတွေ့ကြောင့် မျက်လုံးအိမ်မှ အရည်ပူများပင် ခုန်ဆင်းထွက်ကျ၏။ မျက်ရည်မဟုတ်ပါ။ကိုယ်တွင်းအပူရည်တစ်ခုအဖြစ်သာ။သည်ယောက်ကျားအတွက် ပူဆွေးခြင်း ဝမ်းနည်းခြင်း တို့သည် ကုန်လွန်ခဲ့လေပြီ။ယခုအချိန်၌ သူနှင့်ပတ်သတ်၍ကျန်ခဲ့သည့် တစ်ခုထဲသောခံစားချက်သည်ကား နောင်တသာဖြစ်သည်။
`မင်းကို ကျော်ဆွေနဲ့ပတ်သတ်တာ မကြိုက်ဘူးလို့ ငါပြောထားတာလေ ဒါကို မင်းက သူ့အိမ် ဘာသွားလုပ်တာတုံး ဟမ် စောက်ကမြင်းမ´
ကျမ၏ ခန္ဓာကိုယ်အား ဆွဲခါလှုပ်ရမ်းပြောဆိုနေသော သူ့အား ကျမအလွန်ရွံရှာမုန်းတီးမိသည်မာ မစင်ပုံအလား ထင်မှတ်မိသည်။သူ ယိုးစွပ်နေသော ယခုကိစ္စသည် သူ၏ ဥာဏ်ရည်အဆင့်အတန်းကို ဖော်ပြနေခြင်းဖြစ်သည်ကို သတိထားမိပုံလည်း မပေါ်ချေ။
ကျော်ဆွေ ဆိုသည်ကား ကျမနှင့် လူကြီးချင်းသဘောတူကြည်ဖြူခဲ့ဖူးပါသော ငယ်သူငယ်ချင်းတစ်ယောက်သာဖြစ်သည်။သူရော ကိုယ်ပါ ဖူးစာမပါခဲ့ကြ၍ ယခုအခါ ကိုယ်စီအိမ်ထောင်ရှင်များပင် ဖြစ်နေချေပြီ။သူ့၌ သားလေးတစ်ယောက်ရှိသည်။ထိုကလေးသည် ကျမ၏ ကျောင်းသားကလေးဖြစ်သည်။ယနေ့ ထိုကလေး နေမကောင်း၍ ကျမ အိမ်လိုက်ပို့ပေးခဲ့ခြင်းသာ။ ငယ်သူငယ်ချင်းရဲ့ ကလေး မိမိအခန်းမှကျောင်းသားကလေးတစ်ဦးကို ဤသို့ စောက်ရှောက်ခြင်းသည် သူ့အတွက် ဂုဏ်သိက္ခာမဲ့သည်ဟု ထင်မြင်ရသည်လား။
သူ ယခုကဲ့သို့ ယိုးစွပ်ခြင်းသည် ကျမအား အချစ်ပိုလွန်း၍ သဝန်တိုခြင်းမဟုတ်သည်မာ သေချာပါသည်။သူ၏ အကြီးမားဆုံးသော အားနည်းချက်သည် ဆင်ခြင်တုံ့ကင်းလွန်းကာ အယုံလွယ်ခြင်းဖြစ်သည်။မှားသည်လော မှန်သည်လော မတွေးတောဘဲ တစ်ဇွတ်ထိုး ပြောဆိုလုပ်ကိုင်တတ်သည်ကို ကျမ အိမ်ထောင်ကျပီးမှ သိခဲ့ရပါသည်။မိဘဆွေမျိုးများနှင့်လည်း မသင့်မမြတ်ဖြစ်ခဲ့ရသည်မာ အကြိမ်ကြိမ်ပင်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အပေါင်းအသင်းများပြောလျှင် အိမ်သူမယားစကားထက် ပို၍ယုံတတ်သည်။ဟိုးငယ်ဘဝအကြောင်းအရာကစလို့ ယခုလက်ရှိအချိန်ခါအထိ တစ်ထစ်ချ တွေးထင်ကာ ထင်ရာစိုင်းတတ်သည်။
ထပ်မံ၍ ဆဲဆိုကျိန်းမောင်းနေသံတို့သည် ကျမ၏ နားထဲတွင် ဝင်တစ်ချက် မဝင်တစ်ချက်သာဖြစ်သည်။ဖြေရှင်းတောင်းပန်ခြင်းသည်လည်း သူ့အတွက်အဖြေမဟုတ်နိုင်တာမို့ ကျမ မည်သည့်စကားမျှ ခွန်းတုံ့ဆိုမနေတော့ပါ။သူရိုက်နိုင်သလောက် ရိုက်လိမ့်မည်။ပီးလျှင် အပြင်ထွက်သွားပေလိမ့်သည်။
ကျမသည်ကား ကျဲ့ပြန့်ပျက်စီးနေသော ပစ္စည်းအပိုင်းအစများကို ရှင်းလင်း၍ အချို့သော ဒဏ်ရာများအား ဆေးထည့်မည်။မနက်ကျောင်းသွားချိန် ဒဏ်ရာတေမပျောက်သေးပါက သနပ်ခါးခပ်ထူထူလိမ်းကာ ဖုံးအုပ်သွားရပေလိမ့်အုံးမည်။
ကျမရွေးချယ်မိခဲ့ပါသော လင်ယောက်ကျားသည် အရက်မသောက်ပါ ဆေးလိမ်မသောက်ပါ မိန်းမကိစ္စလဲ မလိုက်စားပါ အလောင်းကစားကင်းရှင်း၍ အလုပ်ကြိုးစားပါသည်။
သို့သော် *******
စူးရှတောက်ပသော အလင်းတန်းသည် ကျမ၏ မျက်နှာသို့ တိုက်ရိုက်ကျရောက်လျက်ရှိသည်။ပူနွေးသောနေရောင်ခြည်သည် ကျမအတွက်အားသစ်မဖြစ်စေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။နေ့တစ်နေ့၏ အစကိုလည်း ကျမမုန်းသည်။ညတစ်ည၏ အဆုံးကိုလည်း ကျမကြောက်သည်။ပျော်ရွှင်ခြင်းဆိတ်သုဥ်းသောအိမ်ထောင်တစ်ခု၏ အကျဥ်းစံဘဝကို ကျမမုန်းသည်။
`နင်ကိုယ်တိုင် ရွေးခဲ့တဲ့လမ်းမို့ အဖေဘာမှ ဝင်မစွက်ဖက်ချင်ဘူး သမီး ´
`လူဆိုတာ ကိုယ့်ရွေးချယ်မှုအတွက် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရမယ် သမီးကို အသိပညာကော အတတ်ပညာကော အဖေတို့ ပေးနိုင်တာ အကုန်ပေးထားခဲ့ပြီးပီ သမီးဆက်လျှောက်ရမဲ့လမ်းကို သမီးကိုယ်တိုင်ပဲ ပဲ့ကိုင်ရတော့မယ် ´
မင်္ဂလာပွဲမတိုင်မှီ ဆုံးမခဲ့သော ဖေဖေ့၏ စကားသံတို့သည် ကျမနားထဲသို့ ပဲ့တင်ထပ်လျက်ရှိသည်။အငြိမ်းစားကျောင်းဆရာတစ်ဦးမို့ ဖေဖေ့၏နှုတ်ထွက်အာဘော်စကားဟူသည် အဓိပ္ပါယ်ပြည့်ဝလွန်းတတ်သည်။မိဘများမကြည်ဖြူသောသူနှင့် ထိမ်းမြားလက်ထပ်ခဲ့သည့်သူမအား ဆူပူကြိမ်းမောင်းခြင်း အလျဥ်းမရှိခဲ့ပေ။သို့သော် ဒေါသမစွက်သော ထိုစကားသံတို့သည် ကျမအတွက် နာကျင်လွန်းရသည်။
ကျရွေးချယ်ခဲ့သောလမ်းမို့ ကျမဆက်လျှောက်ရပေအုံးမည်။အိပ်ယာထက်မှ အသာထ၍ မှန်ပြတင်းလိုက်ကာစအား လှစ်ဟလိုက်သည်။တိမ်တိုက်ကင်းသောကောင်းကင်ပြာပြာသည် ပကတိကြည်လင်၍ နေရောင်ခြည်သည်လည်း နွေးထွေး၏ ။
မြင်သူတိုင်း စုံမက်နှစ်သက်ကြသော ဤအမျိုးသမီး၏ အလှအပတို့သည် ဒဏ္ဍာရီမဟုတ်ခဲ့သည်မှာတော့ အမှန်ပင်ဖြစ်၏ ။ဘယ်ဘက်ပါးပြင်သည် အနည်းငယ် ဖူးယောင်၍ နေသည်မို့ ကျမ ဆံနွယ်များအား ဘယ်ဘက်သို့လျှိုသိမ်းကာဖြန်ချထားမည်။မျက်ရိုးတစ်ဝှိုက်မှအညိုမဲရာတို့အားသနပ်ခါး ခပ်ထူထူဖြင့် ဖုံးအုပ်မည်။လက်ထဲသို့ ကပ်ငြိ၍ပါလာသော ဆံပင်အထွေးများသည် အနီးရှိအမှိုက်ပုံးထဲသို့ မျက်ရည်စတို့နှင့်အတူ သက်ဆင်းသည်။
~~~~~~~~~~~~~~~~~~~~~~
`ဆရာမ မင်္ဂလာပါ ´
ချစ်စဖွယ်အသံချိုချိုတို့သည် ကျမဘေးကပ်လျက်မှ ထွက်ပေါ်၍ လာသည်။ကျမအတန်းမှ ကျောင်းသားကလေးများပင်ဖြစ်သည်။မိဘများနှင့်အတူကျောင်းရှေ့ဂိတ်ဝတွင် မုန့်စား၍နေကြသည်။
`မင်္ဂလာပါကွယ် ´
`ဆရာမ ကျမသားလေးကို ဂရုစိုက်ပေးပါအုံးနော် ဆရာမကိုအပ်ပါတယ်ရှင်´
`ဟုတ်ကဲ့ပါရှင့် ဖိုးဝလေးက လိမ်မာပါတယ် ဂရုစိုက်ပေးပါ့မယ်နော်´
အလိုက်သင့်နှုတ်ဆက်ကာ ကျမကျောင်းအတွင်းသို့အလျှင်အမြန်ပင်ဝင်ရောက်သည်။သနပ်ခါးထူထူသည် ပါးပြင်အနှံ့ဖုံးအုပ်ပေးနိုင်သော်လည်း နှုတ်ခမ်းသားပေါ်ရှိ ပွန်းပဲ့ရာကား ထင်လင်းစွာပင်ကျန်ရှိနေသည်မို့လေ။
ကျမတစ်နေ့တာ၏ အပျော်ရွှင်ရဆုံးအချိန်သည် ကလေးများနှင့်အတူရှိနေချိန်သာ ဖြစ်သည်။နားနေဆောင်သို့ဝင်ကာ ဝေယျာဝစ္စပစ္စည်းများထားသိုနေချိန်တွင် ခြေသံပြင်းပြင်းသည် ရုတ်တရက်ထွက်ပေါ်လာသည်။
`ဟဲ့ မခိုင် နင့်ယောက်ကျား နင့်ကို နှိပ်စက်ပြန်ပီလား´
မဆိုင်းမတွပင် ဒေါသတကြီးပြောဆိုလာပါသော သူငယ်ချင်းမ ချိုမာ၏ အသံသည် တုန်ယင်စွာထွက်ပေါ်လာသည်။သူမနှင့် ယနေ့မနက်မတွေ့ဆုံဖြစ်သေးပါဘဲ ကျမ၏အိမ်ထောင်ရေးပြဿနာအား သူမ အဘယ်သို့ သိပါသနည်း။
`ဒီလိုပါပဲ မချိုရယ် မဆန်းတော့ပါဘူး ´
အပြုံးအရယ်မစွက်ပါဘဲ ဖြေဆိုသောကျမအဖြေကြောင့် သူမသည် ပို၍ပင် ဒေါသထွက်လာသယောင်တွေ့မြင်ရ၏ ။
`အေးး နင့်ပြောလိုက်ရင် အမြဲတမ်း ဒီလိုချည်းပဲ နင်ကသာ မဆန်းတော့တာဟဲ့ နင်တို့ရပ်ကွက်ကလူတေအတွက်တော့ အခုထိဆန်းနေတုံးပဲ´
`ငါအခု ကျောင်းရှေ့မှာ ကျောင်းသားမိဘတွေ နင့်အကြောင်း အတင်းပြောနေတာ ကြားခဲ့ရတယ်ဟဲ့ နင်က ကျောင်းမှာသာ ဆရာမ အိမ်မှာဆို ကျွန် မကြီးကျနေတာပဲတဲ့ နင့်လင်က ကျွဲရိုက် နွားရိုက် ရိုက်လွန်းလို့တဲ့ ´
`ကဲ ဘယ်လောက်တောင် စော်ကားလိုက်ကြသလဲ ငါဖြင့်ဒေါသထွက်လွန်းလို့ အဲ့မိန်းမတွေကို ကိုင်ဆောင့်ပစ်လိုက်ချင်တာ´
လက်ဆွဲခြင်းအား ဆောင့်ချကာ စိတ်ဆိုးလွန်းနေသော သူငယ်ချင်းမ၏ ဂရုဏာဒေါသောစကားတို့သည် ကျမရင်ထဲသို့ တစ်ဆစ်ဆစ်ထိုးနှက်၏ ။ထိုစကားတို့သည် မှားယွင်းခြင်းမရှိသော်ငြား မှန်လွန်း၍ နှလုံးအိမ်ထဲမှ သွေးထွက်ရသကဲ့သို့ပင် နာကျင်ခံခက်လွန်းလှသည်။
`မချိုရယ် သူတို့ပြောတာ အမှားမှမပါတာပဲလေ
အတင်းလို့ ပြောလို့ ဘယ်ရပါ့မလဲ ´
`ငါမေးပါအုံးမယ် နင့်ယောက်ကျားက နင့်ကို ချစ်လို့ လက်ထပ်ခဲ့တာကော ဟုတ်ရဲ့လား ဟင်´
ကျမ ပြုံးမိသည်။သို့သော် မည်သည့်အဖြေစကားမျှ ထွက်ပေါ်လာခြင်းအလျဥ်းမရှိခဲ့ပါ။အချစ်ဆိုသောအရာသည် အဘယ်သို့နည်း။သတ်ပုံမှားခဲ့ပြီဖြစ်သော ကျမသည် အချစ်၏ အနက်ဖွင့်ဆိုချက်အား ဖော်ဆောင်ခြင်းငှာ မစွမ်းသာပြီလေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခုပင် ရပ်ကွက်စျေးမှ အဝယ်ပြန်ရောက်သော်ငြား ကျမ အမောမဖြေအားပါ။အကြောင်းကား ကျမယောက်က္ခမကြီး ယနေ့ အိမ်သို့လာမည်ဆိုသောကြောင့်ပင်။တစ်လလျှင်ပျှမ်းမျှ တစ်ကြိမ်ခန့် ဆေးပြသွားခြင်းဖြင့် လာရောက်တတ်သည်မို့ ထိုနေ့များတွင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်ထားရသည်။ကျောင်းဖွင့်ရက်ဖြင့် တိုက်လျှင် အထူးအလုပ်ပိုရသော်လည်း ယနေ့သည် ကျောင်းပိတ်သည်မို့ တော်သေးသည်ဟုဆိုရပေမည်။
ကျမ၏ မိဘများသည် လက်ထပ်ပြီးချိန်မှစလို့ ယနေ့အချိန်ထိ တစ်ကြိမ်တစ်ခါမျှ ကျမအိမ်သို့ ခြေမချခဲ့ကြပါ။ကျမသည်သာ အခါကြီး ရက်ကြီးများတွင် မိဘများဆီသို့ ပြုစုကန်တော့ခြင်းဖြင့် သွားရသည်။ကျမလင်သားသည်လည်း တစ်ကြိမ်သာ လိုက်ပါကန်တော့ခြင်းအမှုကို ပြုဖူးပါသည်။ဖေဖေ့ ၏ ဆုံးမစကားတို့သည် သူ့အား နှိမ်ချဆက်ဆံပါသည်ဟု ဆိုကာ နေရစ်ခဲ့လေ့ရှိသည်။
`ဟဲ့ မိခိုင် ကိုစိုး အမေလာတယ်ဟဲ့ ´
အိမ်ရှေ့ရှိ အသံစာစာကြောင့် ကျမ မီးဖိုခန်းမှ အပြေးတပိုင်းဖြင့် ထွက်လာခဲ့ရသည်။ကျမယောက္ခမသည်လည်း ကျမလင်သားကဲ့သို့ပင် စိတ်အကောက်အတေး မြန်တတ်သောကြောင့်ပင်။
`ရောက်ပြီလား အမေ လာ ထိုင်ပါအုံး ကျမ သံပုရာရည်လေးဖျော်ထားတယ် သွားယူပေးမယ်´
ကျမ၏ မျက်နှာအား စေ့စေ့ကြည့်ကာ မျက်စောင်းတစ်ချက်ခဲသည်။
`ညည်းမလဲအေ အခုထိကို အိမ်ထောင်တစ်ခုကို မထိန်းသိမ်းနိုင်သေးပါ့လား ပညာတေလဲ တတ်ပါရဲ့အေ ကျောင်းသားတေကိုစာသင်ပေးတဲ့ ဆရာမတစ်ယောက်လုပ်နေပီးတော့များ ကိုယ့်လင်ကိုယ့်သားတစ်ယောက်တောင် ကောင်းကောင်းမထိန်းချုပ်နိုင်ပါ့လား အေ့ ´
ရောက်ရောက်ချင်း စောက်နှင့်ထွင်း ဆိုသကဲ့သို့ပင် ကျမ၏ မျက်နှာပေါ်မှ ဒဏ်ရာဟောင်းများအား စူးစိုက်ကြည့်၍ပြောသောစကားတို့သည် ကျမရင်ထဲသို့ အောင့်သက်သောခံစားမှုကို ဖြစ်စေသည်။
ကျမ၏ မျက်နှာတွင် အပြုံးစများသည် ပျောက်ဆုံးလွင့်ပျယ်နေသော်ငြား ခွန်းတုံ့၍ ဆိုမနေပါဘဲ အသင့်ဖျော်ထားသော သံပုရာရည်ခွက်အား မီးဖိုအတွင်းမှ ဧည့်ခန်းသို့ ဆောင်ယူလာခဲ့သည်။
`ညည်း ငါမေးစမ်းပါရစေအုံး ယောက်ကျားဆိုတဲ့အမျိုးက အချော့ကြိုက်အေ့ ညည်းဘယ်လိုများ ဆက်ဆံသတုံး ငါ့သားကတော့ အကြောင်းမဲ့ လုပ်ဟန်မတူပါဘူးအေ´
ငဲ့ညှာမှုကင်းမဲ့လွန်းသောနှုတ်ထွက်စကားတို့သည် အတိုင်းအဆမရှိ ထွက်ပေါ်၍လာသည်ကို ကျမ အံ့အောခြင်းများစွာဖြင့် ကြည့်မိသည်။သားသမီးချင်းမစာနာလျှင်တောင် မိန်းမချင်းကိုယ်ချင်းစာစိတ်တော့ရှိသင့်သည်ဟု ကျမထင်သည်လေ။
`သားကိုသခင် လင်ကိုဘုရားတဲ့ အေ့ ပညာဂုဏ်မောက်ပြီး လင်ကို ကျွန်လို့ သဘောထားနေလို့ကတော့ လောကရဲ့ဒဏ်ခတ်ခြင်းကို ညည်းခံရမာပဲ´
ကျမအသားစိုင်တို့သည် တဆတ်ဆတ်တုန်ခါ၍လာသည်။မျက်နှာချင်းဆိုင်အတူထိုင်နေရသော်ငြား ကျမ၏ စိတ်တွင် မသိုးမသန့်ဖြစ်ခြင်းကိုခံစားရသည်။သည်သားကိုမွေးသည့် သည်အမေမို့ ယခုလို မိမိသွေးသားဘက်မှကာကွယ်ပြောဆိုသည်ဆိုအုံးတော့ မှားသည် မှန်သည်အကြောင်းစုံမေးမြန်းခြင်းမရှိ ကျမ၏အမှားဟုသာ အဘယ်ကြောင့် တွေးပါသလဲ ကျမစဥ်းစား၍မရပေ။
`ညည်းမြုံများနေသလား ဟမ် အိမ်ထောင်သက်လဲ တစ်နှစ်ကိုးသီတင်းရှိပါရဲ့ ရင်သွေးခလေးလဲ ခုထိမရသေးပါ့လား မသောက်တတ်မစားတတ်တဲ့ငါ့သားအလိမ္မာလေးက ညည်းကို ခုလောက်ထိ မျက်မုန်းကျိုးနေတာ ရင်သွေးမဖွားပေးနိုင်တဲ့ အမြုံမဖြစ်နေလို့မလား´
ကျမ၏ သည်းခံနိုင်စွမ်းတို့သည် အထွဍ်အထိပ်သို့ ရောက်ရှိကုန်ပြီထင်၏ ။အသွေးအသားတို့သည် ဆူပွက်ကာ မရည်ရွယ်ပါဘဲ လက်သီးကျစ်ကျစ်ဆုပ်၍ မက်တပ်ရပ်မိသားပင်ဖြစ်ခဲ့သည်။
`ကျမ မိန်းမတစ်ယောက်ရဲ့ တာဝန်ဝတ္တရား ချွတ်ယွင်းခဲ့တာ ဒီနေ့ဒီအချိန်ထိ တစ်ခုမှ မရှိခဲ့ဘူး။ အမေ့သားကိုလည်း လင်လိုကော သားလိုကော ဘုရားလိုကော ပြုစုလုပ်ကျွေးခဲ့တာချည်းပဲ´
`ဒါပေမဲ့ သခင်စိတ်ဝင်ပြီး ကျွန်တစ်ယောက်လို ရိုက်နှက်နှိပ်စက်နေခဲ့တာ အမေ့သားပါ။ကျမကို ချွေးမမို့လို့ သားသမီးချင်းကိုယ်ချင်းမစာနိုင်ရင်တောင် မိန်းမချင်းကိုယ်ချင်းစာပေးပါ´
ကျမယောက္ခမပင်ဖြစ်သော်ငြား မိဘရင်းများနှင့်တန်းတူ ရိုသေလေးစားခဲ့သော ထိုအမျိုးသမီးသည် ကျမအား အံ့အောခြင်းကြီးစွာဖြင့် ပြူးကြောင်၍ ကြည့်နေလေသည်။
`ကိုယ်ဝန်ရခြင်း မရခြင်းဟာလဲ ကျမမှာတာဝန်မရှိဘူး အမေသိချင်ရင် အမေ့သားကို ကိုယ်တိုင်မေးကြည့်လိုက်ပါ။အဲ့တာဆို ဘယ်သူကမြုံနေသလဲဆိုတာ အမေ ကောင်းကောင်း သိရပါလိမ့်မယ်´
`ဘာာ ညည်းမိုက်ရိုင်းလှချည့်လား ´
မျက်လုံးအစုံတွင်းသို့ ခါးသက်စပ်ဖျင်းခြင်းသည် တိုးဝင်ရောက်သည်။ကျမမျက်လုံးအစုံအား လက်နှစ်ဖက်ဖြင့် အုပ်မိုးကာ ပုံလျက်သားလဲကျသွားခဲ့ရသည်။မျက်ရည်ပူများ အဆက်မပြတ်စီး၍ ကျဆင်းနေသော်ငြား အမြင်အာရုံတို့သည် မှောင်မိုက်၍ နေသည်။မျက်နာပြင်တစ်လျှောက်မှသည် စီးကျ၍လာသော သံပုရာသီး၏ချဥ်သောအရသာတို့သည် ခါးသက်ဖန်ပြင်းစွာပင်ပါးစပ်အတွင်းသို့ဝင်ရောက်သည်။
`ညည်းဒီလို မိုက်ရိုင်းတတ်မှန်း ငါအခုမှမျက်ဝါးထင်ထင်မြင်ရတော့တယ်အေ ညည်းလိုကောင်မမျိုးနဲ့ အတူနေနေရတဲ့ငါ့သားလေးဘယ်လောက်တောင်များ စိတ်ဆင်းရဲနေရမလဲ ´
`ငါအသက်ရှင်နေသမျှကာလပတ်လုံး ညည်းမျက်နှာငါ့အရှေ့မှာမမြင်ချင်ဘူး ပညာဂုဏ်မောက်ပီး မာန်တတ်နေတဲ့ကောင်မ ဖယ်စမ်း ငါပြန်မယ်´
ပုံလျက်သားလဲ၍ကျနေသော ကျမခန္ဓာကိုယ်အား တွန်းတိုက်ကာ ခြေစောင့်၍ သွားလေသည်ကို ကျမကြားနေရသည်။အမှောင်ထုသည် ကြီးစိုး၍နေမြဲပင်။ စပ်ဖျဥ်းပူလောင်ခြင်းနှင့်အတူ အတိုင်းအဆမရှိကျဆင်းသောမျက်ရည်ပူတို့သည် စို့နှစ်လျက်ရှိသည်။
ဆုပ်ကိုင်ထားသော ဓါးအရိုး၏ စူးရှနာကျင်မှုသည် နာကျည်းမှုအဖြစ်သို့ ကူးပြောင်းရောက်ရှိ၍လာခဲ့ပြီဖြစ်သည်။စို့နင့်တင်းကျပ်သော ရင်အစုံသည် ကွဲအက်ပေါက်ထွက်တော့မည်အလားထင်ရသည်။ သည်ယောက်ကျား၏ ဖြစ်တည်မှုသည် အခိုးအငွေ့အဖြစ်ပျောက်ကွယ်သွားခဲ့လျင် သိပ်ကိုကောင်းလိမ့်မည်။ထစ်ချုန်းမိုးသည် လျှပ်ရောင်တလက်လက်နှင့်အတူ ပို၍ပင် သည်းထန်လာခဲ့သည်။
စီးကျနေသော မျက်ရည်စများအား လက်ခုံဖြင့်ခပ်ကြမ်းကြမ်းဖယ်ထုတ်မိသည်။ကျမရွေးချယ်ပုံဖော်ခဲ့မိသော ချစ်ခြင်းသည် ဤမျှလောက် နာကျင်ရသည်လား။လွယ်လင့်တကူရွေးချယ်ဖန်တီးခဲ့ခြင်း မဟုတ်ခဲ့သည်မို့ တန်ဖိုးထားဆုပ်ကိုင်ထားနေခြင်းသည်အဆိပ်အတောက်တစ်ခုအဖြစ် ပျံ့နှံ့တိုက်စားနေသည်ကို ကျမ လက်ခံရတော့မည်လေ။ထို့အတွက် ကျမဝမ်းနည်းရသည်။နာကျင်ရသည်။ယူကြုံးမရဖြစ်ရသည်။ နင့်သီးလှိုက်ဖိုစွာ ကျဆင်းနေသော မျက်ရည်စစ်စစ်သည် ထိုယောက်ျားအတွက် မဟုတ်ခဲ့သည်ကား သေချာပါသည်။ တန်ဖိုးမဲ့စွာပျောက်ဆုံးရတော့မည့် ကျမကိုယ်တိုင် ရွေးချယ်ဖန်တီး ခဲ့ရသည့် ချစ်ခြင်းတရားတို့အတွက် ယူကြုံးမရဖြစ်မိခြင်းသာဖြစ်သည်။
ကျမသည် ဇနီးမယားကောင်းတစ်ယောက်အဖြစ် ရပ်တည်ရှင်သန်နေထိုင်ခဲ့ပါသော်ငြား သမီးကောင်းတစ်ယောက်အဖြစ်တော့ ချို့ယွင်းခဲ့ရသည်လေ။ဖေဖေ့မေတ္တာ မေမေ့အကြင်နာနှင့် စိုက်ပျိုးပြုစုခဲ့ပါသော ပန်းကလေးသည် ပိုးကိုက်၍ ညိုးနွမ်းရတော့မည်။ကျမ၏ အမှားများစွာအား ဖေဖေ့ထံတွင် ဝန်ချတောင်းပန်ချင်သည်။မေမေ့ထံတွင် ရင်ဖွင့်ငိုကြွေးချင်သည်။တုန်ယင်လာသော လက်အစုံသည် ဆုပ်ကိုင်ထားသော အသီးလှီးဓါးအား ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ပေ။ကြမ်းပြင်သို့ ထိုးစိုက်ကျရောက်သည်။
ကျမ၏ ခြေလှမ်းအစုံသည် အိပ်ခန်းဆီသို့သာ တိုးဝင်ပြေးထွက်လာခဲ့မိသည်။
`ဟယ်လို သမီးလေးး ´
နွေးထွေးအေးချမ်းသော အသံသည် ကျမအတွက် အတိုင်းအဆမရှိသော ဝမ်းနည်းခြင်းအား ဖြစ်ပေါ်လာစေခဲ့သည်။ကြီးစွာသောရှိုက်ငင်သံမှတပါး ကျမ မည်သည့်စကားမျှ မဆိုနိုင်ခဲ့ပါ။
`ဟင် သမီး သမီးလေး ဘာဖြစ်တာလဲ
သမီးဘာဖြစ်လို့လဲ ဟယ်လို ဟယ်လို ´
လက်ကိုင်ဖုန်းအတွင်းမှ အဆက်မပြတ်ထွက်ပေါ်၍ လာနေသော မေမေ၏အသံအား ကျမဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ပေ။လက်ကိုင်ဖုန်းအား အိပ်ယာထက်သို့ ပစ်ချကာ ကုတင်ခြေရင်းစွန်း၌ ဒူးထောက်လျက်သားဖြင့် ငိုကြွေးနေမိခဲ့သည်။ကျမ၏ ရွေးချယ်မှုအတွက် ကျမကိုယ်တိုင်ပင် ပြတ်သားစွာ တာဝန်ယူရတော့မည်။ဖရိုဖရဲပြန့်ကျဲ့နေသော ဆံနွယ်များအား သိမ်းစုစည်း၍ တစ်ပတ်လျိုကာ ထုံးလိုက်သည်။စီးကျတွဲခိုနေသော လက်ကျန်မျက်ရည်စများအား ခပ်ကြမ်းကြမ်းဖယ်ထုတ်သည်။မှန်တင်ခုံပေါ်ရှိ မင်္ဂလာဓါတ်ပုံသည် အကျဥ်းတန်ဆန်လွန်းနေ၏ ။ဘောင်ကွပ်ထားသောဓါတ်ပုံအတွင်းမှ ကျမ၏အပြုံးတို့သည် လှပလွန်းနေသော်ငြား တွယ်တာစရာမရှိတော့ပြီမို့ အနီးရှိအမှိုက်ခြင်းအတွင်းသို့သာ စွန့်ပစ်ခဲ့လိုက်သည်။ကျမ၏ ခြေလှမ်းတို့သည် မီးဖိုချောင်အတွင်းသို့သာ ပြန်လည်ဦးတည်ခဲ့တော့သည်။
ထမင်းဖြူတစ်ပန်းကန်အား ဆီဆားနယ်၍ ကြက်ဥဖြင့် ရောမွှေကြော်ကာပုဇွန်ခြောက်ဖြူးသည်။အသင့်ရှိပြီးသော နဂါးမောက်သီးအား အနေတော် အစိတ်ကလေးများလှီးဖြတ်၍ ဒူးရင်းသီးအမွှာများနှင့်အတူ ပန်းကန်ချပ်တစ်ခုအတွင်းသို့ တည်ခင်းပုံဖော်သည်။မှားယွင်းဆိုးရွားခဲ့သော ရေစက်တစ်ခုအား အပြီးတိုင်ဖြတ်တောက်နိုင်ရန် ကျမအသင့်ဖြစ်နေပြီဖြစ်သည်။
မြတ်နိုးတွယ်တာခဲ့ရသော ထိုမျက်နှာသည် နီမြန်းထူအမ်းကာ ရွံရှာဖွယ်ကောင်းလွန်း၍နေသည်။လဲကျပြန့်ကျဲနေသော ပုလင်းများအကြားတွင် မေးထောက်တင်ကာ မှေးကျဥ်းသောမျက်လုံးအစုံသည် ကျမ၏ လှုပ်ရှားမှုဆီသို့ ဦးတည်နေလျက်ရှိသည်။
ပြင်ဆင်ထားသော ပန်းကန်နှစ်ချပ်အား ထိုယောက်ကျားအရှေ့သို့ ချကာ ပုလင်းခွံအချို့အား ဘေးသို့ကပ်ကာဖယ်ရှားရှင်းလင်းလိုက်သည်။မည်သည့်စကားမျှမဆိုပါဘဲ ထိုယောက်ကျား၏ အရှေ့တွင်ထိုင်ကာ မျက်လုံးအစုံအား စူးစိုက်၍ကြည့်သည်။တွန့်ကွေးသွားသော နှုတ်ခမ်းတစ်စုံသည် ယခုအချိန်ထိအရာရောက်တည်မြဲနေသေးသော သူ၏ နှုတ်ထွက်အာဘော်စကားတို့အတွက် ကျေနပ်နေပုံရသည်။
တစ်ဇွန်းချင်း ခပ်၍ ဝါးမြိုစားသောက်နေသည်ကို ကျမ မျက်တောင်မခပ်စူးစိုက်၍ ကြည့်သည်။ယခင် ကျမချက်ပြုတ်ပြင်ဆင်ပေးသမျှ အားပါးတရစားသောက်နေသည့် မိမိလင်သားအပေါ် ထားရှိသော ကျေနပ်ပီတိများသည် ယခုအခါ ပျောက်ဆုံး၍နေသည်။ထမင်းစားပြီးချိန် အသီးအနှံ အချိုတည်းတတ်သော သူ့အတွက် ကျမ အသီးပန်းကန်အား အရှေ့သို့ တိုးပေးလိုက်သည်။
ဒူးရင်းသီးအမွှာများအား အားပါးတရဖဲ့ယူစားသောက်နေလျက်ရှိသည်။ထို့နောက် နဂါးမောက်သီးအစိတ်များအား ထပ်မံစားသောက်သည်။
`မောင်´
ပျောက်ဆုံး၍ နေခဲ့ပြီဖြစ်သော ထိုနာမ်စားကြောင့် ထူးဆန်းအံ့သြသော မျက်လုံးအစုံဖြင့် ကျမအားကြည့်သည်။မူးရစ်ရီဝေနေဆဲဖြစ်သောထိုယောက်ျား၏ မျက်နှာသွင်ပြင်သည် ကျမ၏ စကားသံတို့အား ငံ့လင့်နေဟန်ရှိသည်။
ကျမ နှုတ်ခမ်းအစုံအား တွန့်ကွေးကာ အလှပဆုံးပြုံးလိုက်မိသည်။
`ထွီ´
` sorry နော် ငါ့ဘဝရဲ့အချိန်တစ်ချို့မာ နင့်လိုကောင်မျိုးကို မောင် လို့မြတ်မြတ်နိုးနိုးခေါ်ခဲ့မိတဲ့ ငါ့ကိုယ်ငါ သိပ်ရွံမိသွားလို့ပါ ´
တွေးထင်မထားဖူးသည့် တုံ့ပြန့်မှုအား ကြောင်လျက်သားဖြင့် ငေးကြည့်နေသောထိုယောက်ျား၏ အသွင်အပြင်တို့သည် လှုပ်ရှားစပြုလာခဲ့သည်။
`ဘာ မင်း ရူးသွားပြီလား ဟမ် ´
`ဟား ဟားဟား ဟား ´
ကျမ၏ နာကျင်ကွဲအက်သော ရယ်သံသည်အဆက်မပြတ်ထွက်ပေါ်၍ လာခဲ့သည်။
`နင့်လိုကောင်စားမျိုးဆီမာ ငရဲခံနေတဲ့ မိန်းမဆိုတော့ ရူးနေတာမှမဟုတ်ရင် အခုလို မပြောရဲလောက်ဘူးလို့ ထင်နေတာပေါ့ ဟုတ်လား ´
`ကျွတ် ကျွတ် ကျွတ်´
`ဥာဏ်နည်းလိုက်တာနော် အဟင်းဟင်းဟင်း´
သူ့၏ မျက်နှာအရှေ့သို့ တိုးကပ်စွာပြောဆိုသော စကားကြောင့် အရှေ့ရှိ ပန်းကန်များအား ဘေးဘီဝဲယာသို့ တွန်းဖယ်ကန်ကျောက်ကာ ကျမ၏ လည်ပင်းအား တင်းကျပ်စွာဆုပ်ကိုင်လာသည်။
ယိမ်းထိုးလှုပ်ခါနေသော သူ၏ခန္ဓာကိုယ်အား တန်ပြန်၍ တွန်းကန်ဖယ်ရှားလိုက်သည်။မျှော်လင့်မထားသော ကျမ၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဆက်တီခုံပေါ်သို့ နောက်ပြန်လဲ၍ ကျသည်။
`နင်နှိပ်စက်သမျှ ခုချိန်ထိ ငြိမ်ခံနေပေးခဲ့တယ်ဆိုတာလေ နင့်ကို ကြောက်လွန်းလို့ အရမ်း အရမ်းကို ချစ်လွန်းလို့ လို့များ နင်ထင်နေသလား ဟမ်´
`နင့်ကိုကောင်စားမျိုးကို ငါ့ဘဝထဲက ဖယ်ထုတ်ပစ်လိုက်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ် အဟင်းဟင်း ဒါပေမဲ့ ငါကိုယ်တိုင် ဖန်တီးပုံဖော်ခဲ့တဲ့ ရွေးချယ်မှုတစ်ခုကို လွယ်လင့်တကူ ဖျက်ဆီးပစ်လိုက်ရမာစိုးလို့ ငါသည်းခံနေပေးခဲ့တာ´
`ရှုးတိုက်တိုင်း ကိုက်တတ်တဲ့ ခွေးလို ကောင်စားမျိုးအတွက် ငါ့ရဲ့သည်းခံနိုင်စွမ်းက ကုန်သွားပြီ´
ကျမရင်ထဲမှ ပွင့်အန်ကျလာသော စကားတို့သည် အဆက်မပြတ်ပင်ထွက်ပေါ်လာနေခဲ့သည်။
`ခွေး ဟုတ်လား သတ်မယ် ဒီည နင့်ကို သေအောင် သတ်ပစ်မယ် ´
အရှိန်ပြင်းစွာဖြင့် ခုန်အုပ်လာသော သူ၏ ခန္ဓာကိုယ်သည် ကျမပေါ်သို့ ပိ၍ကျလာခဲ့သည်။လက်တစ်ဖက်သည် ကျမ၏လည်ပင်းအား ဆွဲကိုင်ညှစ်ယူကာ ကျန်လက်တစ်ဖက်ဖြင့် ကျမအားရိုက်ပုတ်ရန်ကြိုးစားသည်။အုပ်မိုးထားသော သူ၏ မျက်နှာအား လက်သည်းချွန်များဖြင့် တန်ပြန်ကုတ်ခြစ်နေမိသည်။တင်းကြပ်သောခံစားမှုသည် ပို၍အခံရခက်လာသည်။ကျမ၏ မျက်လုံးအစုံသည်လည်း ပြာဝေ၍ လာခဲ့လေသည်။
`အ အားးး အားးး´
ကျယ်လောင်အားပြင်းသော အော်သံနှင့်အတူ ဆုပ်ကိုင်ထားသောသူ၏လက်တို့သည် ပြေလျော့ကျ၍လာသည်။ဝမ်းဗိုက်ကိုဖိနှိပ်ကာ လူးလိမ့်နာကျင်စွာအော်ဟစ်နေလေသည်။ကျမဖန်တီးခဲ့သော အဆိပ်သည် စတင်လာခဲ့ပြီထင်သည်။မခံမရပ်နိုင်သော နာကျင်မှုဝေဒနာကြောင့် တွန့်လိမ့်ခွေခေါက်လျက် အော်မြည်နေသော သူ့အတွက် သနားချစ်ခင်သောစိတ်သည် ကျမထံတွင် ရှိ၍မနေခဲ့ပါ။
သူ့အနီးနားသို့ တိုးကပ်၍ ရွှန်းရွှန်းစားစားကြည့်၍နေမိသည်။အသွေးအသားမှပေးသောနာကျင်မှုသည် နှလုံးအသည်းအိမ်မှ လှိုက်စားစိမ့်တက်သောနာကျင်မှုထက် ပို၍ နာကျင်နေနိုင်ပါမည်လား။အရက်ဝိုင်းတွင် တည်ခင်းထားသော ကိုလာအချိုရည်ဗူးကြောင့် တမင်ဖယ်ကျဥ်ထားခဲ့သော ဒူးရင်းသီး၏ အဆိပ်တက်မှုသည် ကြက်ဥ နှင့် နဂါးမောက်သီး၏ သေစေနိုင်သောအစွမ်းတို့နှင့်ပေါင်းစပ်ကာ ပါးစပ်အတွင်းမှ သွေးစများပင်အန်ထွက်၍ကျလာခဲ့သည်။
သူ၏ နောက်ဆုံးထွက်သက်အချိန်တွင် ကျမ ရှိမနေချင်တော့ပါ။ဆိုးရွားသောရေစက်ဆိုးသည် ထပ်မံ၍ကပ်တွယ်ငြိစွန်းလာမည်ကို ကျမကြောက်ပါသည်။ကျမ၏ခြေလှမ်းများသည် သူ့အပါးမှ ထကာ အိပ်ခန်းဆီသို့ ဦးတည်လိုက်သည်။
`နင် နင့်ကို နင့်ကို သတ်မယ်´
စက်ဆုပ်ရွံရှာဖွယ်စကားသံတို့သည် ကျမ၏ခြေကျင်းဝတ်အား တင်းကျပ်နာကျင်စွာ ဆုပ်ကိုင်ထားလျက်ဖြင့် ထွက်ပေါ်လာသည်။နောက်ဆုံးထွက်သက်အထိ ကျမ၏ လင်သားသည် ကျမအပေါ် မုန်းတီးနာကျည်း၍နေပေသည်။ဤယောက်ျားသည် ကျမအပေါ်၌ အမှန်တကယ်ပင် မေတ္တာရှိခဲ့ဖူးပါသည်လား ကျမ မသေချာတော့ပါ။ကျမ၏ နာကျည်းရွံမုန်းစိတ်တို့သည် အဆုံးစွန်ထိ ရောက်ရှိသွားခဲ့လေပြီ။အနီးအနားကြမ်းပြင်ပေါ်သို့ ပြန့်ကျဲရောက်ရှိနေသော ပုလင်းအပိုင်းအစတစ်ခုအား ကောက်ယူကာ ကျမချစ်ခင်မြတ်နိုးအကြင်နာပိုခဲ့ရသော ဤယောက်ကျား၏ လည်ချောင်းအတွင်းသို့ ထိုးစိုက်ရန်အားကုန်မြှောက်လိုက်သည်။
` သမီးး ´
`သမီးး´
ပြတ်သားကြည်လင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သော အသံနှစ်ခုကြောင့် ပုလင်းပိုင်းအစအား မြှောက်ကိုင်ထားသော ကျမ၏ လက်အစုံသည် ရပ်တန့်သွားခဲ့သည်။ရွှဲနစ်နေသောမိုးရေစက်များနှင့်အတူ ဖေဖေနှင့် မေမေရယ်လေ။တင်းကျပ်နာကျင်စို့နင့်လွန်းသော အစိုင်အခဲတို့သည် အရှိုန်အဟုန်ဖြင့် ပေါက်ထွက်ပြိုကွဲကျကုန်လေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
`ဟာ ဆရာကတော် ကျတော့်ကိုပေး
ဆရာက ဧည့်သည်နဲ့ စကားပြောနေတုံးမို့ပါခဗျ ကောင်တာမာ ခဏထိုင်ပါအုံးခဗျ´
အသင့်ကိုင်ဆောင်ထားသော ထမင်းချိုင့်အားဆွဲယူကာ ဖေးမကူညီ၍ ကောင်တာအနီးသို့ လိုက်ပါပို့ဆောင်လေသည်။
`ရပါတယ်ကွယ် ကိုယ်ဝန်ကသိပ်အရင့်ကြီးမဟုတ်သေးပါဘူးဟဲ့ ငါ့ဟာငါ လျှောက်ပါ့မယ် ဖိုးလုံးရဲ့´
´အာ ဆရာက ဆရာကတော့်ကို တအားချစ်တာဗျ အာ့ကြောင့် ကျတော်တို့လဲ ပိုဂရုစိုက်ရမာ နို့မို့ဆို ဆရာ ဆူခံထိလိမ့်မယ် ´
`အော် ဒါဖြင့် နင်က နင့်ဆရာအဆူခံရမာကြောက်လို့ ငါ့ကိုဂရုစိုက်ပေးတာပေါ့လေ ဟုတ်သလား´
`အမ် အဲ့လိုလဲဟုတ်ဘူးလေ ဆရာကတော်ရဲ့ ဟို´
ဝန်ထမ်းကလေးအား ကျီစယ်စနောက်ခြင်းသည် ဆွေးနွေးခန်းအတွင်းမှ ထွက်၍လာသော ဧည့်သည့်ကြောင့် တပိုင်းတစဖြင့် ရပ်တန့်သွားခဲ့သည်။
`ဟယ် မခိုင်
နင် မခိုင်မဟုတ်လား ´
ရင်းနှီးသောအသံတစ်ခုသည် ပျံ့လွင့်၍လာခဲ့သည်။ကျမ၏ သူငယ်ချင်းမ ချိုမာ ပင်ဖြစ်သည်။
`ဟယ် ချိုမာ
ဝမ်းသာလိုက်တာဟယ် နင်ဒီကိုဘယ်လိုလုပ်ရောက်တုံး ဟမ်´
ကွဲကွာခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သော သူငယ်ချင်းနှစ်ဦး၏ ဝမ်းသာပီတိစကားသံသည် လှိုက်လှဲစွာထွက်ပေါ်၍လာနေခဲ့သည်။
`အမယ်လေး နင်လဲ ရင်သွေးလောင်းလေးနဲ့ပါ့လား ဟဲ့´
`ဟုတ်တယ်ဟေ့ နင်ကော ပဲ မလား ခစ်ခစ်´
`ငါက ဒီမာတာဝန်ကျတာ ၁နှစ်ကျော်ပြီလေ။ဒီမာငါ့အမျိုးသားလဲ ပါတယ် ´
ဖေးမမှီတွယ်ထားပါသော အမျိုးသားအား မိတ်ဆက်ပေးလေသည်။
`ကိုကို ကားပေါ်ကစောင့်နေလေ ချိုမာ သူငယ်ချင်းနဲ့ စကားခဏလောက် ပြောချင်သေးလို့´
ကြည်နူးဖွယ်ချစ်သူနှစ်ဦးအား ကျမ အပြုံးဖြင့် ငေးကြည့်နေမိသည်။ကောင်တာ အနီးရှိ ဆက်တီခုံပေါ်သို့ နှစ်ဦးသား ထိုင်မိလိုက်ကြသည်။ဟိုဟိုဒီဒီ ပြောသော စကားများသည် တက်ကြွလန်းဆန်းနေလျှက်ရှိသည်။စကားဝိုင်းအနီးသို့ ကိုမျိုးလွင်ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
`ခိုင်ရေ
အော် အသိတွေလား ခိုင်တို့က ´
`ဟုတ်တယ် အကို ဒါ ခိုင် ကျောင်းဆရာမလုပ်တုံးက သိပ်ကို ခင်ခဲ့ရတဲ့သူငယ်ချင်းမပေါ့ ´
ဒီတစ်ခါ အံ့အောသွားရသည်က ချိုမာပင်ဖြစ်သည်။
`ကဲ အာ့ဆို ကိုယ်မနှောက်ယှက်တော့ဘူးနော် အေးဆေးစကားပြောကြအုံး ကိုယ်ရုံးခန်းထဲက စောင့်နေမယ် ´
`ဆရာကိုမျိုးမောင် နဲ့ နင်နဲ့က´
`ဟုတယ် မချို ကိုမျိုးက ဖေဖေ့တပည့်လေ ဖေဖေ့ဆီ လာရင်းနဲ့ ငါနဲ့အကြောင်းပါခဲ့တာပဲ ´
`မခိုင်ရယ် နင့်ဘဝလေး အေးချမ်းသွားပြီပေါ့ဟယ် ငါဝမ်းသာလိုက်တာ ဒါနဲ့ စိုးမင်းတစ်ယောက်တော့ ဆုံးသွားပြီဟဲ့ ´
ရုတ်တရက်ကြားလိုက်ရသည့်စကားသည် ကျမ၏ စိတ်အစဥ်အား အံ့အောလေးပင်သွားစေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်သည်။
`ဟင် ဘယ်လိုဖြစ်တာလဲ ´
မိတ်ဆွေအသိအကျွမ်းတစ်ယောက်၏ နာရေးသတင်းအတွက် စိတ်မကောင်းဖြစ်မိသည့်စိတ်ဖြင့်သာ။
`အသတ်ခံရတာတဲ့ဟယ် စိတ်တော့မကောင်းစရာပါပဲ သူကလဲ အမြဲမူးရူးနေတော့တာလေ
တစ်ရက်သားက ရိုက်လုခံရတယ်ဆိုလား ဘာလားဟယ် ပြောကြတာပဲ အတိအကျတော့မသိရပေမဲ့ ရစရာမရှိအောင်ကို အရိုက်အနှက်ခံထားရတဲ့ပုံပဲ အလောင်းတောင်ပုံပျက်နေလို့ ၂ရက် ၃ရက်လောက်နေမှ သူဖြစ်နေမှန်း သိကြရတာ ´
ကျမ၏ စိတ်အစဥ်သည် အတိတ်နေ့ရက်များဆီသို့ ခေတ္တလွင့်ပါးသွားလေ၏ ။ထို့ညသည် ကျမငရဲ၏ နောက်ဆုံးညသာဖြစ်ခဲ့ပါသည်။မိဘများ၏ အချိန်မှီ လာရောက်ကယ်ထုတ်နိုင်ခဲ့ခြင်းကြောင့်သာ ကျမ၏ဘဝသည် ငရဲတွင်း၌ မနစ်မြုပ်ခဲ့ရခြင်းဖြစ်သည်။ထိုယောက်ျား၏သွေးသည်လည်း ကျမ၏လက်၌မစွန်းထင်းခဲ့ရပါ။အချိန်မှီဆေးရုံသို့ ပို့ဆောင်ကာ ကယ်တင်နိုင်ခဲ့ပါသည်။သို့သော် နောက်တဖန် ငရဲသို့ သက်ဆင်းဖို့ရာ မိဘများသာမက ကျမကိုယ်တိုင်ပင် ခွင့်မပြုခဲ့ပါချေ။မြတ်နိုးတန်ဖိုးထားရသော ဆရာမအလုပ်သည်လည်း အပြီးတိုင်စွန့်လွှတ်ခဲ့သည်။ထိုယောက်ျားနှင့် ရေစက်ဆိုးသည်လည်း အပြီးတိုင်ဖြတ်တောက်ခဲ့သည်။ရံဖန်ရံခါ ကျမအနီးအပါးသို့ ချဥ်းကပ်ရောက်ရှိလာတတ်သော ထိုယောက်ျားနှင့်ဝေးရာသို့ ကျမတို့မိသားစုပြောင်းရွှေ့လာခဲ့သည်။ထိုမှတစ်ဆင့် ဖေဖေ့၏သားတပည့် ကိုမျိုးမင်းနှင့် အကြောင်းပါ၍ ယခုအခါ သားဦးရင်သွေးလေးပင် လွယ်ထားခဲ့ရပြီဖြစ်သည်။
`ဟဲ့ မခိုင် ငါပြောတာကော ကြားရဲ့လား´
လှုပ်ကိုင်လာခဲ့သော လက်တစ်စုံကြောင့် ကျမ၏စိတ်အစဥ်သည် ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိသည်။
`အင်းး ဘာပြောလိုက်တာလဲ သူငယ်ချင်းရဲ့´
`ကဲ နင်ကလေးလေးက သားသားလေးလား မီးမီးလေးလားး သိရပြီလားလို့ဆို ´
သူငယ်ချင်းမ၏ အမေးအား ကျမချက်ချင်းမဖြေဆိုဖြစ်သေးပါ။လေးနက်လှပသော အပြုံးတစ်ပွင့်အား ကျမ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။
`မသိရသေးပါဘူး မချိုရယ်
သားလေးပဲ ဖြစ်စေ သမီးလေးပဲ ဖြစ်စေ
အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်ဖို့သာ အဓိကမလား ´
`သားလေးမွေးလာခဲ့ရင် ယောက်ျားကောင်းတစ်ယောက်ဖြစ်လာအောင်အကောင်းဆုံးပြုစုပျိုးထောင်ပေးမယ် ငါ့လို လင်ဆိုးရခဲ့တဲ့အမျိုးသမီးတွေ နည်းပါးသွားရအောင်လို့ သားကောင်းယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် အကောင်းဆုံးပြုစုဆုံးမပျိုးထောင်မယ်ဟာ´
`သမီးလေးမွေးလာခဲ့ရင်တော့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဘဝသင်ခန်းစာတွေနဲ့ သမီးလေး ဘဝမှာ အမှားကင်းနိုင်သမျှ ကင်းအောင်ပြုစုပျိုးထောင်ပေးမယ်´
အဓိပ္ပါယ်ပြည့်ဝသောမျက်ဝန်းအစုံဖြင့်ငေးကြည့်နေသော သူငယ်ချင်းမအား လေးနက်စွာပင် ပြုံး၍ပြန်လည်ဖြေဆိုလိုက်သည်။
ပြီးပါပြီ🙏🙏🙏
အညတရဝါသနာရှင်တစ်ယောက်၏ ဖန်တီးပုံဖော်မှုနောက်သို့ လိုက်ပါစီးမျောပေးခဲ့ကြသော စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအားအထူးပင်ကျေးဇူးတင်လေးစားချစ်ခင်လျက်ရှိပါသည်။
ကိုဇင်(အညာသား)